အခန်း (၁၃၃-၁၃၄)
Vol. 9 Ch. 133-134
အခန်း (၁၃၃) ဤသို့ဖြင့် ကတိကဝတ်ပြုကြလေပြီ
နောက်ထပ် နံနက်ခင်းတစ်ခုသည် အလင်းဆောင်လျက် ရောက်ရှိလာပြန်ချေပြီ။
“စွန်းအကြီးအကဲဆီက ခုထိ ဘာသတင်းမှ မရသေးဘူးလား”
နင်းကျော့သည် အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း မျက်နှာတစ်ခုလုံး ညိုမှောင်နေ၏။
“ဒီနေ့သာ သူ ထားခဲ့တဲ့ လျှို့ဝှက်အမှတ်အသား မပြောင်းလဲဘူးဆိုရင် ဒါဟာ သုံးရက်မြောက်နေ့ပဲ”
စွန်းလင်ထုံနှင့် နင်းကျော့တို့သည် ဆက်သွယ်ရန် နည်းလမ်းများစွာကို ကြိုတင်သဘောတူညီထားကြသူများ ဖြစ်ကြသည်။
မူလသဘောတရားအရ အခြေအနေများအားလုံး ပုံမှန်ရှိနေသရွေ့ ထိုလျှို့ဝှက်အမှတ်အသားကို တစ်ရက်လျှင် တစ်ကြိမ် ပြောင်းလဲရမည်ပင်။
“စွန်းအကြီးအကဲကို လူအများရှေ့မှာ စစ်ဆေးမေးမြန်းခဲ့တဲ့ နောက်ဆုံးအကြိမ်ကစပြီး ကျူးရွှမ်းကျိလည်း တစ်ခါမှ ထပ်မပေါ်လာတော့ဘူး”
“ စွန်းအကြီးအကဲကို တိတ်တဆိတ် တိုက်ခိုက်လိုက်တာလား”
နင်းကျော့သည် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းခဲ့ရာမှ မှောင်ခိုဈေးကွက်နှင့် ပတ်သက်သည့် သဲလွန်စအချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း စွန်းလင်ထုံသည် ပုံမှန်အတိုင်းပင် လူလုံးပြခဲ့ပြီး မှောင်ခိုဈေးကွက်အတွင်း ဖြစ်ပွားသည့် အသေးအဖွဲ ပဋိပက္ခအချို့ကိုပင် ဖြေရှင်းပေးခဲ့သေးသည်။
“စွန်းအကြီးအကဲတော့ သူ့ရဲ့ ထိန်းချုပ်မှုအပြင်ဘက်က အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်နေရပြီထင်တယ်။ အခု မြင်နေရတဲ့ ပုံမှန်အခြေအနေတွေက ဟန်ပြသက်သက်ပဲ ဖြစ်ရမယ်”
“တကယ်တော့ အဲ့ဒီလူဟာ သူကိုယ်တိုင်တောင် မဟုတ်လောက်ဘူး”
နင်းကျော့သည် အမှန်တရားကို တစ်စစ ချိတ်ဆက်ကြည့်နေမိသည်။
အမှန်စင်စစ်တွင် ဟန်မင်သည် စွန်းလင်ထုံအဖြစ် အယောင်ဆောင်ကာ စွန်းလင်ထုံ၏ လက်အောက်ငယ်သားများကို အမိန့်ပေးစေခိုင်းနေခြင်း ဖြစ်သည်။
သူသည် မှောင်ခိုဈေးကွက် အဖွဲ့အစည်းတစ်ခုလုံးကို မိမိစိတ်ကြိုက် အသုံးချနိုင်ရန်အတွက် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်နေခြင်းလည်း ဖြစ်၏။
ထိုအတောအတွင်း ယွမ်အာနှင့် ပတ်သက်သည့် ကောလာဟလအချို့လည်း ပျံ့နှံ့လာခဲ့သည်။
“တစ်ယောက်ယောက်က လက်စားချေဖို့အတွက် မျောက်ခေါင်းဂိုဏ်းကို ပစ်မှတ်ထားနေပြီ”
“ခေါင်းဆောင်က ပေါင်ချိုးတဲ့။ သူ့မိသားစုတစ်စုလုံးကို ယွမ်ယီက သတ်ခဲ့တာလေ။ သူကတော့ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်လာခဲ့ပြီး နာမည်ပြောင်း၊ မျိုးရိုးမပြောင်းဘဲ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်နေခဲ့တာ။ ပြီးတော့ မျောက်ခေါင်းဂိုဏ်းအပေါ် နာကျည်းချက်ရှိတဲ့သူတွေကိုလည်း လိုက်ပြီး စည်းရုံးနေခဲ့တာပဲ”
“မီးလျှံတောင်တန်းပွဲတော် ပြီးသွားတဲ့နောက်မှာ မျောက်ခေါင်းဂိုဏ်းက အဆိုးဆုံးအခြေအနေကို ရောက်သွားတယ်။ ပေါင်ချိုးကတော့ အခွင့်အရေးကို လက်မလွှတ်ဘဲ စုဆောင်းထားသမျှ အင်အားတွေနဲ့ သူ့မိသားစုအတွက် လက်စားချေဖို့ ရှေ့ထွက်လာတာပေါ့”
နင်းကျော့သည် ဖြစ်ပျက်လာသည့် အခြေအနေများအပေါ် အံ့သြခြင်း မရှိပေ။ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။
“တကယ်လို့ ပေါင်ချိုးက တကယ်ပဲ လှုပ်ရှားလာမယ်ဆိုရင် ငါ့အတွက် အခွင့်ကောင်းပဲ။ သူတို့ တိုက်ခိုက်တာကို စောင့်ကြည့်ပြီးမှ ယွမ်အာကို ကာကွယ်ဖို့ ယွမ်တာရှန့်ကို စေခိုင်းရမယ်”
“ဒါပေမဲ့ ပေါင်ချိုးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက များလွန်းပြီး ဆူညံလွန်းနေသလိုပဲ”
နင်းကျော့သည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရ၏။
လွန်ခဲ့သည့် နှစ်များစွာကတည်းက သူသည် သတင်းအချက်အလက် စုဆောင်းခြင်းကို မပြတ်မကွက် လုပ်ဆောင်ခဲ့သူဖြစ်သည်။ ထိုအလေ့အကျင့်ကြောင့်ပင် သတင်းအမှားနှင့် အမှန်ကို ခွဲခြားနိုင်သည့် အာရုံခံစားမှုမျိုး ရရှိထားခဲ့ခြင်းပင်။
ပေါင်ချိုးနှင့် ပတ်သက်သည့် သတင်းများသည် သတင်းအမှားဟု မထင်ရသော်လည်း အနည်းငယ် ထူးခြားသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
သေချာစွာ စဉ်းစားကြည့်ပြီးနောက် နင်းကျော့သည် ဖြစ်နိုင်ခြေတစ်ခုကို တွေ့ရှိသွားခဲ့သည်။
“ငါသာ ပေါင်ချိုးဆိုရင် ငါ့ရဲ့ လက်စားချေမယ့် အစီအစဉ်တွေကို ဒီလောက် ဗြောင်ကျကျ ထုတ်ဖော်မှာ မဟုတ်ဘူး”
“ဒါကြောင့် ဒါဟာ မျောက်ခေါင်းဂိုဏ်း အကြီးအကဲတွေရဲ့ လက်ချက်လည်း ဖြစ်နိုင်တယ်။ ပေါင်ချိုးဟာ ဂိုဏ်းထဲက အကြီးအကဲ တစ်ယောက်ယောက်၊ ဒါမှမဟုတ် အကြီးအကဲ အတော်များများနဲ့ သဘောတူညီချက် တစ်ခုခု ရထားပုံရတယ်။ လက်စားချေမှု အောင်မြင်ဖို့ အခွင့်အလမ်း ပိုများလာအောင်နဲ့ ဆုံးရှုံးမှု နည်းအောင်လို့ပေါ့”
“ဒါပေမဲ့ ဂိုဏ်းအကြီးအကဲတွေမှာလည်း ကိုယ်ပိုင် အကြံအစည်တွေ ရှိကြတာပဲ”
“ပေါင်ချိုးက မျောက်ခေါင်းဂိုဏ်းနဲ့ ယွမ်အာကို ပစ်မှတ်ထားနေတယ်ဆိုတာကို လူသိရှင်ကြား ဖြစ်အောင် သူတို့ လုပ်နေကြတာ။ တစ်ခါ ယွမ်အာ လုပ်ကြံခံရပြီဆိုရင် သူတို့က မျောက်ခေါင်းဂိုဏ်း တစ်ခုလုံးကို အေးအေးဆေးဆေး သိမ်းပိုက်လို့ ရပြီလေ။ အဲ့ဒီမတိုင်ခင်ကတည်းက ပေါင်ချိုးဟာ တကယ့်တရားခံဆိုတာကို လူတွေယုံအောင် သူတို့က ဖန်တီးထားပြီးသား ဖြစ်နေမှာကိုး”
ထိုအချက်ကို သိမြင်သွားသောအခါ ပေါင်ချိုးနှင့် သူ၏ အပေါင်းအပါများ မကြာမီ လှုပ်ရှားတော့မည်ကို နင်းကျော့ ပို၍ အတပ်သိသွားချေပြီ။
ကောလာဟလများကို ကြည့်ရသရွေ့ ထိုလှုပ်ရှားမှုသည် ရက်ပိုင်းအတွင်း ဖြစ်ပွားပေတော့မည်။
“ငါတော့ ယွမ်အာကို သေချာလေး စောင့်ကြည့်ရတော့မယ်”
ယွမ်အာသည် ယခုအချိန်တွင် သေဆုံးသွား၍ မဖြစ်သေးပေ။
နင်းကျော့သည် ယွမ်တာရှန့်အပေါ် သူ၏ ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေရန်နှင့် ဝိညာဉ်ရွေ့လျားမှု အဆင့်အတွင်းက ဖုံးကွယ်နေသည့် အန္တရာယ်များကို ဖယ်ရှားရန်အတွက် ယွမ်အာကို အသုံးချရန် အစီအစဉ် ရှိနေသေးသည်။
“စွန်းအကြီးအကဲ အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”
“အခုလို အချိန်မျိုးမှာ စိတ်ရှည်ဖို့နဲ့ တည်ငြိမ်ဖို့က အလိုအပ်ဆုံးပဲ”
နင်းကျော့၏ အမှတ်ရမှုများအရ စွန်းလင်ထုံသည် သူ ရှစ်နှစ်သားအရွယ်တွင် ပထမဆုံးအကြိမ် ဖမ်းဆီးခြင်း ခံခဲ့ရဖူးသည်။ ကမ်းနားမှာ ခဏခဏ လမ်းလျှောက်နေလျှင် ဖိနပ်ကတော့ ရေစိုမှာပင် မဟုတ်လော။
စွန်းလင်ထုံသည် သူ၏ ကျင့်ကြံမှုအတွက် လိုအပ်သော အရင်းအမြစ်များကို ခိုးယူမှုဖြင့် ရှာဖွေလေ့ရှိရာ အနှေးနှင့်အမြန် ပြဿနာတက်ရန်မှာ အမှန်ပင် ဖြစ်ချေသည်။
ထိုစဉ်က သူသည် ဒေသခံဂိုဏ်းတစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျဉ်းထောင်အတွင်းသို့ ထည့်သွင်းခြင်း ခံခဲ့ရသည်။
ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးစွန်းလျက် ဒဏ်ရာအနာတရများဖြင့် စွန်းလင်ထုံသည် အကျဉ်းခန်းထောင့်တွင် လှုပ်ရှားမှုမရှိဘဲ ကွေကုန်းလျက် ရှိနေခဲ့၏။
“ဘုန်း”
ရုတ်တရက် အစောင့်နှစ်ဦးသည် လှုပ်ရှားမှုမရှိဘဲ ကြမ်းပြင်ပေါ်သို့ သေဆုံးလျက် လဲကျသွားသည်။
ထိုအသံကြောင့် စွန်းလင်ထုံသည် လန့်နိုးသွားကာ အကျဉ်းခန်းတံခါးဝသို့ စိုးရိမ်တကြီးဖြင့် တိုးကပ်သွားလေသည်။
ထိုအခါ သူ၏ ရှေ့မှောက်တွင် နင်းကျော့ တစ်ဖြည်းဖြည်း ပေါ်လာသည်ကို မြင်လိုက်ရ၏။
“အစ်ကိုကြီးစွန်း၊ ကျွန်တော် အစ်ကိုကြီးကို ကယ်ဖို့ လာပြီ” ဟု နင်းကျော့က စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။ စွန်းလင်ထုံကို မြင်လိုက်ရသောအခါ သူသည် အလွန်ပင် စိတ်လှုပ်ရှားသွားချေပြီ။
“ကျော့လေး၊ မင်း ဘာလို့ တစ်ယောက်တည်း လာတာလဲ” စွန်းလင်ထုံသည် ထိတ်လန့်သွားကာ မျက်နှာမှာလည်း အေးစက်သွား၏။ “ငါ မင်းကို သင်ပေးထားတာတွေ မေ့သွားပြီလား။ ငါ အဖမ်းခံရရင် မင်းက အာဏာပိုင်တွေကို သွားတိုင်ရမှာလေ။ မြို့စောင့်တပ်ကို ဒီနေရာကို လာရှာခိုင်းပြီးတော့ ရှုပ်ယှက်ခတ်နေအောင် လုပ်ပေးမှ ငါက လွတ်အောင် ပြေးလို့ရမှာပေါ့”
“ကျွန်တော် တိုင်ခဲ့ပါတယ်၊ အာဏာပိုင်တွေကို သွားတိုင်ခဲ့ပါတယ်” ဟု နင်းကျော့က အလျင်အမြန် ပြန်ပြောသည်။ “ဒါပေမဲ့ သူတို့က သိပ်နှေးလွန်းနေတယ်၊ ပြီးတော့ ကျွန်တော်က အစ်ကိုကြီးကို စိတ်ပူနေတာ။ အစ်ကိုကြီး ပျောက်နေတာ သုံးရက်တောင် ရှိပြီလေ။ ကျွန်တော် စိတ်ပူနေတာ... အစ်ကိုကြီးကို အရမ်းစိတ်ပူနေတာ...”
စွန်းလင်ထုံက လက်ကို ဝေ့ယမ်းလိုက်ရင်း “ကဲပါ၊ ကဲပါ၊ အခုတော့ ဘာမှ ထပ်မပြောနဲ့တော့။ မြန်မြန် တံခါးဖွင့်စမ်း”
“အခြေအနေက အန္တရာယ်များတယ်၊ အချိန်မဖြုန်းနဲ့”
“မင်း ပြောချင်တာရှိရင် အပြင်ရောက်မှ ပြောကြရအောင်”
“သော့က ဟို အစောင့်ကြီးဆီမှာ ရှိတယ်။ ရှာတဲ့အခါ သတိထားဦးနော်”
“သိပါပြီ” နင်းကျော့သည် ထိုအစောင့်ကြီးဆီသို့ ပြေးသွားကာ စွန်းလင်ထုံ သင်ပေးထားသည့် ပညာများကို ကျွမ်းကျင်စွာ အသုံးချလျက် အကျဉ်းခန်းသော့ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
သော့သည် သော့ခလောက်အတွင်းသို့ ဝင်သွား၏။
နင်းကျော့သည် သူ၏ ဝိညာဉ်စွမ်းအားကို သုံးကာ သော့ကို လှည့်ရန် ကြိုးစားနေသည်။
သော့ပေါက်မှ အလင်းတန်းတစ်ခုသည် လျင်မြန်စွာ ဖြာထွက်လာပြီး သော့ခလောက်၊ သံကြိုးနှင့် အကျဉ်းခန်း သံတိုင်အများစုပေါ်တွင် ပျံ့နှံ့သွားကာ အစီအရင် အင်းကွက်များစွာကို ဖော်ပြလိုက်လေသည်။
နင်းကျော့သည် တံခါးကို ဖွင့်လှစ်ကာ စွန်းလင်ထုံကို တွဲကူလျက် အပြင်သို့ ထွက်လာခဲ့သည်။ အကျဉ်းခန်းအပြင်ဘက်တွင် ကျင့်ကြံသူအချို့ ကင်းလှည့်နေကြသေးသည်။
သူတို့သည် အဆောင်လက်ဖွဲ့များနှင့် မှော်လက်နက်များကို အသုံးပြုကာ အရိပ်များနှင့် ကွယ်ရာနေရာများကို အခွင့်ကောင်းယူလျက် ရန်သူ့ဂိုဏ်း၏ အခြေစိုက်စခန်းမှ အတော်ကြာမှ လွတ်မြောက်လာခဲ့ကြချေသည်။
သူတို့ လွတ်မြောက်လာပြီး မကြာမီမှာပင် ထိုဂိုဏ်း၏ အခြေစိုက်စခန်းအတွင်း၌ ဆူညံပွက်လောရိုက်သွားတော့သည်။
“တစ်ယောက်ယောက် လွတ်သွားပြီဟေ့”
“ဟို သူခိုးလေး မရှိတော့ဘူး”
“မြန်မြန်... သူတို့နောက်ကို လိုက်ကြ၊ သိပ်ဝေးဝေး မရောက်သေးဘူး”
အော်ဟစ်သံများထဲတွင် သူ့ကို စောင့်ကြည့်နေခဲ့သည့် အစောင့်နှစ်ဦး၏ အသံကို စွန်းလင်ထုံ မှတ်မိနေခဲ့လေတော့သည်။
အခန်း (၁၃၄) ဤသို့ဖြင့် ကတိကဝတ် ပြုခဲ့ကြလေသည် (၂)
ထိုသူသည် နင်းကျော့အား စူးစိုက်ကြည့်ကာ အော်ဟစ်လေတော့သည်။ “ငါပေးတဲ့ အမွှေးနံ့သာမှုန့်ကို မင်းသုံးခဲ့တာပဲ၊ ဘာလို့ သူတို့ မသေကြတာလဲ”
နင်းကျော့သည် စွန်းလင်ထုံ၏ မျက်နှာကို တည့်တည့်မကြည့်ဝံ့ဘဲ လေသံတိုးတိုးဖြင့်သာ “အဲဒါ သူတို့ကို သေစေလိမ့်မယ်လို့ ကျွန်တော် ကြောက်မိလို့ပါ၊ အဲဒါကြောင့် အမွှေးတိုင် မထွန်းခင်မှာ ဆေးမြေစေးလေးနဲ့ အုပ်ပြီးမှ သုံးလိုက်မိတာ” ဟု အားငယ်စွာ ဆိုလေသည်။
စွန်းလင်ထုံ၏ မျက်ဝန်းအစုံတွင် ချက်ချင်းဆိုသလို ဒေါသမီးများ တောက်လောင်သွားပြီး “အခုတော့ ဒါတွေကို ထပ်မပြောနဲ့တော့၊ အိမ်ပြန်ရောက်မှ မင်းကို ငါ အပြစ်ပေးမယ်” ဟု ဆို၏။
သည်းထိတ်ရင်ဖိုဖွယ်ရာ နောက်ယောင်ခံလိုက်ခြင်း ခံခဲ့ရပြီးနောက် စွန်းလင်ထုံ၏ ကိုယ်ပေါ်တွင် ဒဏ်ရာသစ်များစွာ ရရှိခဲ့ပြီး တစ်ကိုယ်လုံးလည်း သွေးများဖြင့် ရွှဲနစ်နေခဲ့ပြီ ဖြစ်သည်။
ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ပြီးနောက်တွင်မှ သူသည် နင်းကျော့ကို ဘေးကင်းရာ အရပ်သို့ ခေါ်ဆောင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
“မင်း ဘယ်လိုနေသေးလဲ။ ဒဏ်ရာရသွားသေးလား။ မင်းရဲ့ တစ်ကိုယ်လုံးကို မြန်မြန် စစ်ဆေးကြည့်ဦး” စွန်းလင်ထုံသည် သူ၏ စိတ်ဝိညာဉ်အာရုံမှာ အားနည်းလွန်းသဖြင့် အပြင်သို့ မထုတ်လွှတ်နိုင်ရှာပေ။
နင်းကျော့သည် မိမိကိုယ်ကိုယ် အနှံ့အပြား စစ်ဆေးကြည့်ရာ အရေပြား ပွန်းပဲ့ရုံမျှသာ ရှိသည်ကို တွေ့ရလေသည်။
“ဒါဆိုရင်တော့ တော်သေးတာပေါ့” စွန်းလင်ထုံသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီးမှ နင်းကျော့ကို စိုက်ကြည့်ကာ နဖူးကို လက်ညှိုးဖြင့် တောက်လိုက်လေသည်။
“မင်းကတော့ လူအပဲ” ဟု သူက ဆူပူလိုက်သည်။
“အစ်ကိုစွန်း၊ ကျွန်တော် အစ်ကို့ကို ကယ်ခဲ့တာလေ၊ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ”
နင်းကျော့သည် နာကျင်သွားသောကြောင့် သူ၏ နဖူးကို အုပ်ကာ မခံမရပ်နိုင်ဖြစ်လျက် အပြစ်မရှိဘဲ ခံရသည်ဟု ခံစားနေရရှာသည်။
“ဘာဖြစ်လို့ အဲဒီလူနှစ်ယောက်ကို မသတ်ခဲ့တာလဲ”
“မင်းသာ သူတို့ကို သတ်ခဲ့ရင် ငါတို့ အေးအေးဆေးဆေး ဆုတ်ခွာဖို့ အချိန်ပိုရမှာပေါ့”
“အခုတော့ အလိုက်ခံရပြီး သေလုမတတ် ဖြစ်ခဲ့ရပြီ မဟုတ်လား”
နင်းကျော့မှာ အပြစ်တင်စကားများကြောင့် တစ်ခွန်းမျှ ပြန်မပြောနိုင်တော့ပေ။
“ဟုတ်ပါတယ်၊ ဒါ ကျွန်တော့်အမှားပါ” နင်းကျော့သည် သူ၏ ဝိညာဉ်သိုလှောင်အိတ်ထဲမှ ဆေးလုံးများနှင့် ပတ်တီးများကို ထုတ်ယူလိုက်ကာ “အစ်ကိုစွန်း၊ စိတ်လျှော့ပါဦး၊
အစ်ကို့ဒဏ်ရာတွေက သွေးထွက်နေတုန်းပဲ” ဟု ပြောလိုက်သည်။
ခေတ္တမျှ ကြာသောအခါ။
စွန်းလင်ထုံက ထိုင်နေပြီး နင်းကျော့ကမူ သူ့ကို ပတ်တီးဖြူများဖြင့် ပိုးအိမ်တစ်ခုကဲ့သို့ ဖြစ်သွားအောင် ပတ်ပေးနေလေသည်။
“အစ်ကိုစွန်း၊ ဒီအတောအတွင်းမှာ အစ်ကို ပုန်းနေပြီး ဒဏ်ရာကို သေချာ ဂရုစိုက်သင့်တယ်”
“ဒါတွေအားလုံးက ကျွန်တော့်အမှားပါ”
“တကယ်တော့ ကျွန်တော်တို့ရဲ့ မူလစီစဉ်ထားတဲ့အတိုင်း မြို့စောင့်တပ်မတော်က ဆူပူအောင် လုပ်တာကို စောင့်ခဲ့မယ်ဆိုရင် အစ်ကို့ရဲ့ အရည်အချင်းနဲ့ဆိုရင် အစ်ကိုဘာသာ အေးဆေးလွတ်အောင် ပြေးနိုင်မှာ သေချာပါတယ်”
“ကျွန်တော် အစ်ကို့ကို လာကယ်မိလို့ တကယ်တော့ အစ်ကို့အတွက် ဒုက္ခတွေ ပိုပေးသလို ဖြစ်သွားတာ”
စွန်းလင်ထုံသည် သက်ပြင်းပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ ဒေါသများ အနည်းငယ် ပြေလျော့သွားပြီး “မင်းရဲ့ အကြီးမားဆုံး အမှားကတော့ သတ်သင့်တဲ့အချိန်မှာ သနားညှာတာမိတာပဲ”
“တကယ်လို့ အစကနေ ပြန်စလို့ရမယ်ဆိုရင် မင်း ဒီအမှားမျိုးကိုပဲ ထပ်လုပ်ဦးမှာလား”
နင်းကျော့သည် တွန့်ဆုတ်နေသော မျက်နှာပေးဖြင့် “ဒါကတော့...”
စွန်းလင်ထုံသည် ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး ဘာမျှ ထပ်မပြောတော့ပေ။
မြေအောက်လိုဏ်ခေါင်းအတွင်း၌ မီးတုတ်မှ အလင်းရောင်သည် သူတို့၏ အရိပ်များကို မြေပြင်ပေါ်သို့ ဖြတ်သန်းထင်ဟပ်နေစေသည်။
စွန်းလင်ထုံသည် မြေပြင်ပေါ်ရှိ အရိပ်ကို ကြည့်ရင်း သူ၏ မျက်ဝန်းများမှာ အေးစက်သော အလင်းတန်းများဖြင့် တောက်ပလာသည်။
သူသည် ရုတ်တရက် သဘောပေါက်သွားသည်မှာ “ငါ ကျော့လေးကို အရမ်းကာကွယ်ပေးခဲ့မိပြီ” ဟူ၍ ဖြစ်သည်။
“ပြန်စဉ်းစားကြည့်ရင် ငါ ခြောက်နှစ် ခုနစ်နှစ်သားအရွယ်မှာပဲ ငါ့ဆရာက ငါ့ကို လူသတ်ဖို့ ခေါ်သွားခဲ့ပြီးပြီ”
“တကယ်တော့ ငါ မှားသွားတာပဲ...”
“ကျော့လေးက ဘာကို နားလည်ဦးမှာလဲ”
“သူ အခု ကိုးနှစ် ရှိနေပြီ။ တကယ်လို့ ဒီနေ့ကိစ္စသာ ငါ့ကို သတိမပေးခဲ့ရင် ငါ ဒီအမှားမျိုးကို ဆက်လုပ်နေမိမှာပဲ”
စွန်းလင်ထုံသည် မိမိကိုယ်ကိုယ် ဘာကြောင့် ထိုကဲ့သို့သော အမှားမျိုး လုပ်မိသနည်းဟု ပြန်မေးကြည့်သည်။
သူသည် သူ၏ ဆရာကို သတိရသွားမိသည်။
သူ ခြောက်နှစ် ခုနစ်နှစ်သားအရွယ်က သူ၏ဆရာသည် သူ၏ခေါင်းကို ပွတ်သပ်ရင်း ရှားရှားပါးပါး တွန့်ဆုတ်နေသော မျက်နှာပေးဖြင့် “အင်း... လင်ထုံ၊ ဆရာကတော့ မင်းကို ဒီလိုမျိုးတွေ မဖြတ်သန်းစေချင်ဘူး”
“ဒါပေမဲ့ ဆရာသိတာကတော့ မင်း ဒါကို ဖြတ်သန်းကို ဖြတ်သန်းရမယ်ဆိုတာပဲ”
“မင်း ခဏတဖြုတ်တော့ နာကျင်ပြီး စိတ်မချမ်းမသာ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ မင်း အရွယ်ရောက်လာတဲ့အခါ မင်း နားလည်လာမှာပါ”
စွန်းလင်ထုံသည် အတွေးများကို စုစည်းလိုက်ကာ နင်းကျော့၏ အရိပ်ကို စိုက်ကြည့်ရင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်နေမိသည်။
“ဆရာ၊ ကျွန်တော် အခု နားလည်ပါပြီ”
စွန်းလင်ထုံသည် အစီအစဉ်တစ်ခုကို ကြံစည်လေသည်။
သူသည် ကြီးမားသော နာကြည်းချက်တစ်ခုအတွက် ကလဲ့စားချေလိုသည်ဟု မုသာဝါဒပြုကာ ရန်ဘက်ဂိုဏ်းမှ အဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ရန် နင်းကျော့နှင့် ပူးပေါင်းခဲ့သည်။
ထိုလုပ်ဆောင်မှုအတွင်း၌ သူသည် အင်အားချင်းမမျှဘဲ အဖမ်းခံလိုက်ရသလို ဟန်ဆောင်ကာ အသတ်ခံရတော့မည့် ပုံစံမျိုးကို ဖန်တီးလိုက်သည်။
နင်းကျော့သည် ထိုထောင်ချောက်အတွင်းသို့ သက်ဆင်းသွားခဲ့သည်။
အသည်းအသန်ဖြစ်နေသော အချိန်၌ သူသည် အင်အားကြီးမားသော ထိုရန်သူကို သတ်ဖြတ်လိုက်လေတော့သည်။
ခေတ္တမျှ ကြောင်အသွားပြီးနောက် နင်းကျော့သည် မြေပြင်ပေါ်တွင် လဲကျသေဆုံးနေသော ရန်သူကို ကြည့်ကာ မျက်နှာမှာ ဖြူလျော့သွားပြီး ရုတ်တရက် ခါးကိုကိုင်းကာ အန်လေတော့သည်။
စွန်းလင်ထုံသည် သူ၏ဘေးတွင် ရှိနေခဲ့သည်။
နင်းကျော့သည် ဝမ်းဗိုက်အတွင်းမှ အစာခြေရည်များ ထွက်လာသည်အထိ အန်နေသည်ကို သူက ကြည့်နေခဲ့သည်။
စွန်းလင်ထုံသည် ဘေးမှနေ၍ “ကျော့လေး၊ မင်းက အဲဒီတုန်းက ငါ့ထက် အများကြီး အဆင့်နိမ့်သေးတာပဲ။ ဟားဟားဟား” ဟု ကျီစယ်လိုက်လေသည်။
နင်းကျော့သည် အန်လွန်း၍ မောပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သွေးများစွန်းပေနေသော သူ၏လက်များကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။
စွန်းလင်ထုံသည် တိုက်ပွဲမြေပြင်ကို ရှင်းလင်းလိုက်ပြီး သူ့ကို မြစ်ငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
“လာပါ၊ မင်းရဲ့ လက်တွေကို ငါ ဆေးပေးမယ်”
နင်းကျော့သည် ယခုအခါ ရုပ်သေးရုပ်လေးတစ်ရုပ်ကဲ့သို့ ဖြစ်နေပြီး မည်သို့မျှ မခုခံဘဲ အဆေးခံနေရှာသည်။
လက်ဆေးနေရင်း လမ်းခုလတ်တွင်မှ သူက သတိဝင်လာကာ “အစ်ကိုစွန်း၊ အစ်ကို ဟန်ဆောင်နေတာ မဟုတ်လား။ တကယ်တော့ နောက်ဆုံးအချိန်မှာ ကျွန်တော့်ရဲ့ တိုက်ကွက်မှာ အားနည်းချက်ကြီးတစ်ခု ရှိနေခဲ့တာ။ ရန်သူက အလွယ်တကူ ရှောင်နိုင်ခဲ့မှာပဲ”
“ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ရဲ့ လှုပ်ရှားမှုတွေက ထိန်းချုပ်တံနဲ့ ထိန်းချုပ်ထားသလိုမျိုး တောင့်တင်းနေခဲ့တာ”
စွန်းလင်ထုံသည် သူ၏လှုပ်ရှားမှုများကို ခေတ္တရပ်လိုက်ပြီးမှ ခေါင်းညိတ်ကာ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။ “ဟုတ်တယ်၊ ငါ ထိန်းချုပ်ထားတာ”
“မင်းရဲ့အမေ ချန်ထားခဲ့တဲ့ စက်မှုပညာရပ်ဆိုင်ရာ မှတ်တမ်းကြောင့် ကျေးဇူးတင်ရမှာပေါ့”
“အစ်ကို” နင်းကျော့မှာ ဒေါသထွက်သွားရသည်။
စွန်းလင်ထုံက တဟိဟိရယ်ကာ “မင်း ငါ့ကို ဆူမှာလား ဒါမှမဟုတ် ရိုက်မှာလား” ဟု မေး၏။
နင်းကျော့သည် ဘာမျှမပြောနိုင်ဘဲ အံကြိတ်ကာ သူ၏လက်များကို ပြန်ဆွဲယူလိုက်ပြီး “ကျွန်တော့်ဘာသာပဲ ဆေးတော့မယ်” ဟု စိတ်ကောက်ကာ ဆိုလေသည်။
သို့သော် စွန်းလင်ထုံသည် ရှားရှားပါးပါးပင် တင်းမာသောပုံစံဖြင့် သူ၏လက်များကို ပြန်ဆွဲကာ ဆက်လက်ဆေးကြောပေးနေပြီး “မလှုပ်နဲ့” ဟု ဆိုသည်။
“ပထမဆုံးအကြိမ်အဖြစ် ငါ မင်းကို ဆေးပေးမယ်”
“ငါ့ဆရာလည်း ငါ့အတွက် ဒီလိုပဲ လုပ်ပေးခဲ့တာ”
စွန်းလင်ထုံ၏ ဆရာအကြောင်း ကြားလိုက်ရသဖြင့် နင်းကျော့သည် အနည်းငယ် ငြိမ်ကျသွားကာ ဆက်လက်၍ မရုန်းကန်တော့ပေ။
လရောင်အောက်တွင် လူငယ်နှစ်ဦးသည် မသေမျိုးမြို့တော်အတွင်းရှိ မြစ်ငယ်လေးနံဘေး၌ လက်များကို ဆေးကြောနေကြသည်။
ထူးဆန်းသည်မှာ အသက်ငယ်သူက အသက်ကြီးသူကို ဂရုစိုက်ပေးနေခြင်းပင်။
သွေးစွန်းနေသော ရေများသည် မြစ်ငယ်လေးအတွင်းသို့ လျင်မြန်စွာ စီးဆင်းသွားပြီး မကြာမီမှာပင် အရောင်ဖျော့သွားတော့သည်။
ခြေလှမ်းလေးဆယ်ခန့် အကွာရှိ ကျောက်တံတားဆီသို့ ရောက်သွားသောအခါ ထိုသွေးများကို လုံးဝ သတိမထားမိနိုင်တော့ပေ။
စွန်းလင်ထုံက ရုတ်တရက် စကားစလိုက်သည်။
“ငါတို့က ကျင့်ကြံသူတွေပဲ။ ကျင့်ကြံသူတွေဆိုတာ သူတို့ရဲ့ အသက်အတွက် တိုက်ပွဲဝင်ကြရတာ”
“လူအချင်းချင်း တိုက်ခိုက်ကြသလို၊ လူတွေက ကောင်းကင်ဘုံကိုလည်း တိုက်ခိုက်ကြရတယ်... ဒီလောင်းကစားပွဲမှာ ငါတို့ရဲ့ အခြေခံလောင်းကြေးက ငါတို့ရဲ့ အသက်ပဲ”
“သူက မင်းလက်နဲ့ အသတ်ခံလိုက်ရတယ်၊ သူက လောင်းကစားပွဲမှာ ရှုံးသွားရုံပဲ။ သူ့ရဲ့ ဝိညာဉ်က တခြားပုံစံနဲ့ ဒီလောကထဲမှာ ပြန်ပေါ်လာလိမ့်မယ်”
“ငါတို့ကတော့... ငါတို့ရဲ့ လောင်းကြေးတွေ ဆုံးရှုံးသွားတဲ့အထိ ဆက်ပြီး လောင်းကြေးထပ်နေရဦးမှာပဲ”
စွန်းလင်ထုံသည် နင်းကျော့၏ သန့်စင်သွားသော လက်များကို ကြည့်ကာ သူ၏ မျက်နှာပေးမှာ အလွန်ပင် တည်ကြည်လေးနက်နေသည်။
နင်းကျော့သည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ “အစ်ကိုစွန်း၊ အစ်ကိုက ကျွန်တော့်အကျိုးအတွက် လုပ်ပေးတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါတွေအားလုံးကို ကျွန်တော် မှတ်ထားပါ့မယ်”
စွန်းလင်ထုံက ခေါင်းခါလိုက်ပြီး “မှတ်ထားရုံနဲ့လား”
“မလုံလောက်ဘူး”
“ငါ အပြင်ကို ထွက်ပြီး ခိုးယူတိုင်းမှာ ငါ့ကိုယ်ငါ အမြဲ ပြန်ပြောလေ့ရှိတယ်၊ ဒီတစ်ခေါက် ငါ ပြန်မလာနိုင်တော့တာမျိုး ဒါမှမဟုတ် သေသွားတာမျိုး ဖြစ်နိုင်တယ်လို့ပေါ့”
“ဒါဟာ ငါ့ဘဝရဲ့ လောင်းကစားရလဒ်ဆိုရင် ငါ ဒါကို လက်ခံတယ်”
“ငါဟာ ငါ့ရဲ့ သေဆုံးခြင်းကို လက်ခံဖို့ အမြဲတမ်း အသင့်ပြင်ထားတယ်၊ နောက်တစ်စက္ကန့်မှာ ဖြစ်လာရင်တောင်မှပေါ့”
“အဲဒါဟာ ငါ့ရဲ့ စိတ်ပိုင်းဖြတ်မှုပဲ”
“မင်းရဲ့ စိတ်ပိုင်းဖြတ်မှုကကော ဘာလဲ”
နင်းကျော့သည် အလွန်အမင်း တုန်လှုပ်သွားရပြီး စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ရပ်နေမိသည်။
စွန်းလင်ထုံ၏ သေးငယ်သော ခန္ဓာကိုယ်မှ ထိုမျှလောက်ကြီးမားသော ခန့်ညားထည်ဝါမှုမျိုး ထွက်ပေါ်လာသည်ကို သူ တစ်ခါမျှ မခံစားခဲ့ရဖူးပေ။
စွန်းလင်ထုံက ဆက်ပြောလေသည်။ “တကယ်လို့ တစ်နေ့နေ့မှာ ငါ သေသွားခဲ့ရင် ငါ့အတွက် ဝမ်းမနည်းပါနဲ့ ကျော့လေး”
“တကယ်လို့ တစ်နေ့နေ့မှာ ငါဟာ ထွက်ပေါက်မရှိတဲ့ အသည်းအသန် အခြေအနေမျိုးနဲ့ ကြုံလာရရင် ငါ့ကို မကယ်ပါနဲ့ ကျော့လေး”
“ဒုတိယအသက်တစ်ခုကိုပါ စတေးခံဖို့ မထိုက်တန်ဘူး၊ မင်း နားလည်ရဲ့လား”
နင်းကျော့သည် စကားပြောရန် ပါးစပ်ဟလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် စွန်းလင်ထုံက သူ့စကားကို ဖြတ်ပြောလိုက်သည်မှာ “တကယ်လို့ မင်း အသည်းအသန် အခြေအနေနဲ့ ကြုံရရင်လည်း ငါ မင်းကို ကယ်မှာမဟုတ်ဘူး”
“ဘာဖြစ်လို့လဲဆိုတော့ ငါက လောင်းကစားပွဲကို ဆက်ဆော့ဖို့ အသက်ရှင်နေဖို့ လိုအပ်လို့ပဲ”
“ဒါပေမဲ့ အခွင့်အရေးရရင်တော့ မင်းအတွက် ငါ ကလဲ့စားချေပေးမှာပေါ့”
“အခုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ ကတိတစ်ခု ပြုကြစို့”
စွန်းလင်ထုံသည် သူ၏လက်ဝါးကို မြှောက်လိုက်သည်။
သူ၏ ပြင်းထန်သော စိုက်ကြည့်မှုအောက်တွင် နင်းကျော့သည်လည်း သူ၏လက်ဝါးကို မြှောက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ငွေရောင်လရောင်သည် မြစ်ရေပြင်ပေါ်သို့ ထိန်ထိန်သာနေပြီး ရေမျက်နှာပြင်ပေါ်တွင် စိန်ပွင့်ကလေးပေါင်းများစွာ ကခုန်နေသကဲ့သို့ လှိုင်းကြက်ခွပ်ကလေးများ ဖြစ်ပေါ်နေစေသည်။
မြစ်ကမ်းပါးနှစ်ဖက်ရှိ သစ်ရွက်ကလေးများသည် ညလေညင်းတွင် အသာအယာ ယိမ်းနွဲ့နေကြသည်။
“ဖျတ်”
မြစ်ငယ်လေးနံဘေးတွင် ရပ်နေကြသော ကလေးငယ်နှစ်ဦး၏ လက်ဝါးချင်းမှာ အသာအယာ ရိုက်ခတ်မိသွားကြသည်။
နင်းကျော့သည် ခေါင်းကို ငုံ့ထားကာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလေသည်။
စွန်းလင်ထုံ၏ အပေါ်သို့ မော့ထားသော မျက်နှာတွင်မူ လသာည၏ ကြည်လင်သော အရောင်အဝါများ ထင်ဟပ်နေသည်။
ထိုအခါမှသာ သူသည် သူ၏သွားဖြူဖြူလေးများကို ဖော်ထုတ်ကာ ပြုံးလိုက်လေတော့သည်။
သူ၏ လေသံမှာ ပေါ့ပါးသော်လည်း ခိုင်မာလှပေသည်။ “ဤသို့ဖြင့် ကတိကဝတ် ပြုခဲ့ကြလေပြီ”