← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 9 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 9 Ch. 143-144

အခန်း (၁၄၃) အရှင်သခင်... အစေခံတော် ရောက်ရှိလာပါပြီ (၂)

သံမဏိဟန် သံချပ်ကာသည် အမြောက်ဆန်တစ်ခုကဲ့သို့ နောက်သို့ လွင့်စဉ်သွားပြီး အိမ်ခြေ တစ်ဆယ်ကျော်ကို တိုက်မိပြိုလဲစေကာ နံရံတစ်ခုအတွင်းသို့ မြုပ်ဝင်သွားတော့သည်။

သံမဏိဟန် သံချပ်ကာမှာ ပြင်းထန်စွာ ပျက်စီးသွားပြီး နင်းကျော့၏ လက်ဖျံမှာ အပြင်သို့ အတိုင်းသား ပေါ်ထွက်နေချေပြီ။

သံချပ်ကာ၏ ရင်ဘတ်ပိုင်း တစ်ခုလုံး အပိုင်းအစများ ပျောက်ဆုံးနေသလို ဦးခေါင်းဆောင်းတွင်လည်း အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။ နောက်တစ်စက္ကန့်တွင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားလျှင်ပင် အံ့ဩစရာ မရှိတော့ပေ။

“ခေါင်းဆောင်...” နင်းကျော့သည် မိမိကိုယ်တိုင် ရရှိထားသော ဒဏ်ရာများကိုပင် ဂရုမပြုနိုင်ဘဲ စွန်းလင်ထုံကို ချက်ချင်း ရှာဖွေတော့သည်။

စွန်းလင်ထုံမှာ ရှေ့ဘက်ရှိ ပြိုပျက်နေသော အိမ်အပျက်အစီးများကြားတွင် ပြင်းထန်စွာ ရုန်းကန်နေရသော်လည်း ခန္ဓာကိုယ်မှာ အားအင်ချည့်နဲ့နေပြီး အုတ်ခဲများနှင့် တစ်ဝက်ကျိုးနေသော သစ်သားတုံးကြီးအောက်တွင် ပိမိနေသဖြင့် လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေရှာသည်။

နင်းကျော့သည် သံမဏိဟန် သံချပ်ကာကို လှုပ်ရှားစေကာ ထိုနေရာသို့ အပြေးအလွှား သွားလိုက်သည်။

သူသည် အပျက်အစီးများကို ဖယ်ရှားပြီး စွန်းလင်ထုံကို ဆွဲထုတ်ရန် ကိုယ်ကို ကိုင်းညွတ်လိုက်သည့် ခဏမှာပင် စွန်းလင်ထုံ၏ မျက်နှာသည် ရုတ်ခြည်း ဆိုသလိုပင် ဒေါသတကြီးဖြင့် စုန့်ကွေးသွားပြီး ဓားသွားကဲ့သို့ ထက်မြက်သော လက်ချောင်းများသည် သံချပ်ကာ၏ ဟာကွက်များကြားမှတစ်ဆင့် နင်းကျော့၏ ဝမ်းဗိုက်အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားလေသည်။

“ခေါင်း... ခေါင်းဆောင်...” နင်းကျော့မှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရချေပြီ။

စွန်းလင်ထုံ၏ မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး တစ်ခါတစ်ရံတွင် ကြောက်မက်ဖွယ် ကောင်းနေသလို တစ်ခါတစ်ရံတွင်မူ ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေပြန်သည်။

“ငါ... ငါ့ကို သရဲပူးနေပြီ၊ သွား... အမြန်သွားတော့” ဟု သူက အော်ဟစ်လိုက်သည်။

ချီပိုင်သည် နွားခေါင်း သရဲစစ်သည်၏ ပုခုံးပေါ်တွင် ရပ်နေရင်း ထိုနှစ်ယောက်ကို အထက်စီးမှ ငုံ့ကြည့်ကာ “ညီအစ်ကိုချင်း သစ္စာဖောက်ခံရတဲ့ အရသာက ဘယ်လိုနေလဲ” ဟု မေးလိုက်သည်။

“လူငယ်ဧည့်သည်... မင်းက စက်မှုပညာရပ်မှာ ကျွမ်းကျင်ပြီး ငါကတော့ ဝိညာဉ်ထိန်းချုပ်ခြင်း ပညာရပ်မှာ ကျွမ်းကျင်တယ်။ မင်းရဲ့ အစ်ကိုက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။ သူ့ကို အမြန်သတ်လိုက်စမ်း၊ မဟုတ်ရင် မင်းပဲ သူ့လက်ချက်နဲ့ အသတ်ခံရလိမ့်မယ်၊ ဟားဟားဟား”

နင်းကျော့၏ နှလုံးသားမှာ တုန်လှုပ်ချောက်ချားသွားရသည်။

ထိုနောက်တွင် အဆိပ်ရှိသော သရဲမြူခြုံလွှာသည် တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီး နင်းကျော့နှင့် စွန်းလင်ထုံတို့ကို လွှမ်းခြုံသွားတော့သည်။

ပြင်းထန်လှသော နာကျင်မှုဒဏ်ကို ထပ်မံ ခံစားလိုက်ရပြန်သည်။

ချီပိုင်သည် ဝိညာဉ်တုန်ခါစေသော စည်တော်ကို ထုတ်ယူကာ ဆက်တိုက် တီးခတ်လေသည်။

ထိုအခြင်းအရာကြောင့် နင်းကျော့နှင့် စွန်းလင်ထုံတို့မှာ ကိုယ်ခန္ဓာ အပေါက် ခုနစ်ပေါက်မှ သွေးများ ယိုစီးလာကာ အခြေအနေမှာ ပိုမိုဆိုးရွားသွားပြီး ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။

“နွားစစ်သည်တော်... သွားပြီး သူတို့အသက်ကို နှုတ်ယူလိုက်စမ်း” ချီပိုင်က လေသံအေးအေးဖြင့် အမိန့်ပေးလိုက်သည်။

နွားခေါင်း သရဲစစ်သည်မှာ ဟိန်းဟောက်လိုက်ပြီး ကြွေလွင့်လာသော ကြယ်တံခွန်ကဲ့သို့ ပြင်းထန်သော အဟုန်ဖြင့် ရှေ့သို့ ပြေးဝင်သွားသည်။ ကြိတ်ဆုံကျောက်တုံးခန့်ရှိသော လက်သီးကြီးမှာ ပြင်းထန်စွာ ကျဆင်းလာချေပြီ။

ဤတိုက်ခိုက်မှုသည် နင်းကျော့နှင့် စွန်းလင်ထုံ နှစ်ဦးစလုံးကို မျက်တောင်တစ်ခတ်အတွင်း အသက်ပျောက်စေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သန်မာလှပေစွ၊ အလွန်ပင် သန်မာလွန်းလှသည်။

ချီပိုင်သည် ခြေကုပ်မြဲသွားပြီး စိတ်တည်ငြိမ်သွားသည့်အခါ သူ၏ အလွန်ထူးချွန်သော တိုက်ပွဲဗျူဟာကို ထုတ်ဖော်ပြသလာခြင်း ဖြစ်သည်။

နွားခေါင်း သရဲစစ်သည်က ရှေ့တည့်တည့်မှ ဖိအားပေးထားပြီး အဆိပ်ရှိသော သရဲမြူခြုံလွှာက သံမဏိဟန် သံချပ်ကာကို ပစ်မှတ်ထားထားသည်။ ဝှက်ဖဲဖြစ်သော သရဲပူးကပ်ခြင်းက နင်းကျော့ကို ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်ရိုက်စေသည်။

သူ၏ နှုတ်ထွက် ခြိမ်းခြောက်မှုများသည် နှိပ်စက်လိုရုံသက်သက် မဟုတ်ဘဲ သူ၏ အစီအစဉ်ကို ချောမွေ့စွာ အကောင်အထည်ဖော်ရန်နှင့် နွားခေါင်း သရဲစစ်သည် အသေအလဲ တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ဖန်တီးရန် လှည့်စားထားခြင်းသာ ဖြစ်သည်။

နွားခေါင်း သရဲစစ်သည်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက သေမင်း၏ အရိပ်သဖွယ် စွန်းလင်ထုံနှင့် နင်းကျော့တို့ကို လွှမ်းမိုးထားချေပြီ။

သူတို့မှာ မတ်တတ်ပင် မရပ်နိုင်တော့ရာ ခုခံရန် သို့မဟုတ် ရှောင်တိမ်းရန်ဟူသည်မှာ မဖြစ်နိုင်တော့ပေ။

နင်းကျော့၏ အာရုံထဲတွင် အချိန်များမှာ ရုတ်ခြည်း နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤကဲ့သို့ ပြင်းထန်လှသော သေမင်း၏ အရိပ်အယောင်ကို သူ ခံစားရသည်မှာ ယခု ပထမဆုံးအကြိမ် မဟုတ်ပေ။

တစ်ခါက မှောင်ခိုဈေးကွက် လမ်းကြားတစ်ခုအတွင်း တိုက်ပွဲဖြစ်ပွားစဉ်က ဖြစ်သည်။

ထိုစဉ်က သူသည် ငယ်ရွယ်လွန်းသဖြင့် တိုက်ပွဲတွင် ကြီးလေးသောအမှားကို ကျူးလွန်မိကာ ထောင်ချောက်အတွင်း ပိတ်မိခဲ့ပြီး တုံ့ပြန်ရန်ပင် အချိန်မရမီ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ဖူးသည်။

ထိုဘေးဒုက္ခ ကျရောက်နေသည့် အချိန်တွင် စွန်းလင်ထုံမှာ လျှပ်တစ်ပြက် ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ဖြင့် နင်းကျော့အတွက် ဓားချက်ကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

“ခေါင်းဆောင်...” နင်းကျော့မှာ ထိတ်လန့်တကြား အော်ဟစ်မိပြီး မျက်နှာတစ်ခုလုံးမှာလည်း ပျာယာခတ်သွားရသည်။

စွန်းလင်ထုံက လက်ကို ဝေ့ယမ်းလိုက်ပြီး သူ၏ ရင်ဘတ်တွင် စိုက်ဝင်နေသော ဓားမြှောင်ကို ဆွဲထုတ်လိုက်ရာ သွေးများမှာ သူ၏ အဝတ်အစားများပေါ်သို့ ချက်ချင်းပင် စိုရွှဲသွားတော့သည်။

“ဘာမှမဖြစ်ဘူး”

“ခေါင်းဆောင်...” နင်းကျော့သည် အလွန်တရာ အပြစ်မကင်းသလို ခံစားရပြီး မိမိကိုယ်ကိုယ် အပြစ်တင်မိသည်။ သူ၏ ပေါ့ဆမှုသာ မရှိခဲ့လျှင် စွန်းလင်ထုံမှာ ဤမျှ ပြင်းထန်သော ဒဏ်ရာကို ရရှိလိမ့်မည် မဟုတ်ပေ။

စွန်းလင်ထုံက သွေးတိတ်စေရန် သူ၏ လက်ချောင်းများဖြင့် ဖိနှိပ်လိုက်ပြီး “ဟားဟား... ကျော့လေး၊ ဝမ်းမနည်းပါနဲ့။ မင်းက ငါ့ကို ခေါင်းဆောင်လို့ ခေါ်တာပဲ၊ ညီအစ်ကိုအတွက် ဓားတစ်ချက် အကာအကွယ်ပေးတာ ဘာအရေးလဲ”

ယခုမူ...။

စွန်းလင်ထုံ၏ ဓားသဖွယ် လက်ချောင်းများသည် နင်းကျော့၏ ဝမ်းဗိုက်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဝင်နေချေပြီ။

စွန်းလင်ထုံ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်နေပြီး သွေးစို့နေသော မျက်ဝန်းများမှာလည်း မိမိကိုယ်ကိုယ် ချက်ချင်း သတ်ပစ်ချင်လောက်အောင်ပင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

ကြီးမားသော လက်သီးကြီးမှာ လေချွန်သံနှင့်အတူ ကျဆင်းလာပြီး ထိတ်လန့်ဖွယ် ကောင်းလှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက အသက်ရှူပင် ကျပ်စေသည်။

နင်းကျော့သည် ခေါင်းကို မော့လိုက်ပြီး နွားခေါင်း သရဲစစ်သည်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဘုန်း...။

နွားခေါင်း သရဲစစ်သည်၏ တိုက်ခိုက်မှုမှာ တားဆီးခြင်း ခံလိုက်ရသည်။

ရုတ်တရက်ဆိုသလိုပင် လူရိပ်တစ်ခုသည် နင်းကျော့၏ ရှေ့တွင် တောင်ကြီးတစ်လုံးကဲ့သို့ မတ်တတ်ရပ်လိုက်သည်။

နင်းကျော့၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်သွားပြီး ရှေ့ရှိ လူရိပ်ကို ကြည့်ကာ နှလုံးသားထဲမှ အော်ဟစ်လိုက်မိသည်မှာ “ယွမ်တာရှန့်လား”

နွားခေါင်း သရဲစစ်သည်ကို ကြားဖြတ် တားဆီးလိုက်သော စက်မှုမျောက်မှာ အရပ်ရှည်ရှည်နှင့် မတ်မတ်ရပ်နေပြီး မျက်လုံးများမှ စိမ်းဖန့်ဖန့် အလင်းတန်းများ အရပ်မျက်နှာ အနှံ့သို့ ဖြာထွက်နေသည်။

၎င်းထံမှ အစွမ်းထက်သော ဝိညာဉ်အနှစ်သာရများ ထွက်ပေါ်နေပြီး ကျူးကျော်ဖျက်ဆီး၍ မရနိုင်သော ဂုဏ်သရေများ လွှမ်းခြုံနေလေသည်။

ထိုအရာမှာ အတိအကျပင် ဖြစ်သည်။

သစ္စာဖောက်ခြင်း ခံရသော်လည်း စိတ်ဆန္ဒမှာ မကွေးညွတ်၊ မဟာရွှေစစ် တည်မြဲခြင်းမှာ မလျှော့ပါး၊ ဝိညာဉ်မှာ မကြေမွ။

ရှင်ခြင်းနှင့် သေခြင်းကို ရင်ဆိုင်ပြီးနောက် ဝိညာဉ်အနှစ်သာရမှာ တည်မြဲနေဆဲဖြစ်ကာ တရားမျှတမှုအတွက်သာ ပြန်လည် နိုးထလာခြင်း ဖြစ်ပေသည်။

ယွမ်တာရှန့်သည် ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး ရုတ်တရက်ဆိုသလိုပင် နက်ရှိုင်းပြီး အားမာန်ပါသော အသံဖြင့် ပြောလိုက်သည်မှာ “အရှင်သခင်...”

“ကျွန်ုပ် ရောက်ရှိလာပါပြီ”

ဘဝတစ်ခုကို ဖြတ်သန်းလာရသကဲ့သို့၊ သေခြင်းနှင့် ရှင်ခြင်းကို ကျော်ဖြတ်လာရသကဲ့သို့ အရေးကြီးသော အချိန်တွင် ယွမ်တာရှန့်သည် တစ်ကျော့ပြန် မွေးဖွားလာခဲ့ပြီး သူ၏ ဝိညာဉ်အနှစ်သာရကို အပြည့်အဝ ပြန်လည် ရရှိကာ အကူအညီ ပေးလာခြင်း ဖြစ်သည်။

“ယွမ်တာရှန့်က စကားပြောနိုင်တာလား” နင်းကျော့မှာ မှင်တက်သွားရသည်။

ဤခဏတွင် သူနှင့် ယွမ်တာရှန့်ကြားတွင် မည်သည့် အတားအဆီးမှ မရှိတော့ကြောင်း ခံစားလိုက်ရသည်။

သူသည် ယခင်ကထက် ပိုမို ရှင်းလင်းပြီး အသေးစိတ်ကျစွာ ထိန်းချုပ်နိုင်လာချေပြီ။

သံသယဖြစ်ဖွယ်မရှိဘဲ ဤသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုပင် ဖြစ်သည်။

နင်းကျော့ ရုတ်တရက် နားလည်သွားသည်မှာ သူသည် မည်သည့် အဖိုးအခကိုမဆို ပေးပြီး စွန်းလင်ထုံကို ကယ်တင်ရန် ကြိုးစားအားထုတ်ခဲ့ခြင်းက ယွမ်တာရှန့်၏ ဝိညာဉ်အနှစ်သာရနှင့် အလွန်အမင်း ကိုက်ညီသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ဒါပေမဲ့ သူက ဘယ်လိုလုပ် ရုတ်တရက် စကားပြောနိုင်တာလဲ”

ယွမ်တာရှန့်က ထပ်မံ ပြောကြားလိုက်သည်မှာ “အရှင်သခင်... ကျွန်ုပ်ကို ဘာများ အမိန့်ပေးလိုပါသလဲ”

နင်းကျော့သည် သူ၏ သံသယများကို မျိုသိပ်လိုက်ပြီး ချီပိုင်ကို လက်ညှိုးထိုးပြကာ “သူ့ကို သတ်ပစ်စမ်း” ဟု အမိန့်ပေးလိုက်သည်။

“အမိန့်အတိုင်းပါ” ယွမ်တာရှန့်မှာ ရှေ့သို့ ပြေးဝင်သွားတော့သည်။

နွားခေါင်း သရဲစစ်သည်မှာ ဟိန်းဟောက်ကာ လမ်းကို ပိတ်ဆို့ထားလေသည်။

ဝုန်း...။

ယွမ်တာရှန့်သည် နွားခေါင်း သရဲစစ်သည်ကို တိုက်ရိုက်ပင် မှောက်လှန်ပစ်လိုက်ရာ သူ၏ အဟုန်မှာ အတိုင်းအဆမရှိ ပြင်းထန်လှပေသည်။

“ဒီစက်မှုရုပ်သေးက ဘာလဲဟ” ချီပိုင်သည် အခြေအနေ မဟန်တော့ကြောင်း ခံစားမိသဖြင့် အမြန် ဆုတ်ခွာတော့သည်။

အဆိပ်ရှိသော သရဲမြူခြုံလွှာ အစင်းကြောင်းများက ယွမ်တာရှန့်ကို နှောင့်ယှက်ရန် ပက်ဖြန်းလာသည်။

ယွမ်တာရှန့်ကမူ သရဲမြူများကို ဂရုမစိုက်ဘဲ ရှေ့သို့သာ တိုးဝင်လာသည်။

ဆက်လက် ချီတက်နေဆဲပင်။

ချီပိုင်သည် ဝိညာဉ်တုန်ခါစေသော စည်တော်ကို ပျာယာခတ်ကာ တီးခတ်လေသည်။

ယွမ်တာရှန့်မှာမူ မည်သည့် တုံ့ပြန်မှုမှ မပြပေ။

ချီပိုင်မှာ ရင်တုန်လာပြီး အာခေါင်များ ခြောက်ကပ်လာကာ သူ၏ ငရဲဘုံသို့ ထိုးဖောက်အမြင် ပါရမီထူးကို အသုံးပြုလိုက်သည်။

ထိုအခါမှ ယွမ်တာရှန့်တွင် ဝိညာဉ် မရှိသည်ကို သူ သိရှိလိုက်ရတော့သည်။

“ဝိညာဉ် မရှိဘဲနဲ့ ဒီလို ဉာဏ်ပညာမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ” ချီပိုင်မှာ နားမလည်နိုင်အောင် ဖြစ်နေရသည်။

ယွမ်တာရှန့်က အနီးသို့ ကပ်လာချေပြီ။ ချီပိုင်သည် များစွာသော မှော်လက်နက်များနှင့် ရတနာများကို ပျာယာခတ်ကာ အသုံးပြုပြီး ယွမ်တာရှန့်ကို တိုက်ခိုက်လေသည်။

ယွမ်တာရှန့်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ကြီးမားလှသော သွေးစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းမှာ နင်းကျော့က ယခင်က တပ်ဆင်ထားခဲ့သော သွေးဆီဗူးပင် ဖြစ်ချေတော့သည်။

အခန်း (၁၄၄) အရှင်သခင်... အစေခံတော် ရောက်ရှိလာပါပြီ (၃)

ထိုစက်မှုမျောက်သည် ခံစစ်နှင့် တိုက်စစ် ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ထုတ်ဖော်ပြသနေချေသည်။

၎င်းသည် မှော်လက်နက်များနှင့် ရတနာမျိုးစုံ၏ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံခုခံရင်း သို့မဟုတ် လွှဲဖယ်ပစ်ရင်း ချီပိုင်ရှိရာဆီသို့ အရောက် တိုးဝင်သွားလေသည်။

၎င်းသည် မိမိကိုယ်ကိုယ် ထိခိုက်ပျက်စီးမည်ကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ အဆက်မပြတ် တရစပ် တိုက်ခိုက်တော့သည်။

"ပြဿနာက သူက စက်မှုရုပ်သေးတစ်ရုပ်ပဲလေ၊ ဂရုစိုက်စရာ အသက်မှမရှိတာ" ဟု ချီပိုင်မှာ ထပ်မံ၍ အရှုံးပေး တိုက်ခိုက်ခံနေရစဉ် ရေရွတ်လိုက်မိသည်။

သို့သော် ယခုတစ်ကြိမ် တိုက်ပွဲမှာ ယခင်ကနှင့် မတူတော့ချေ။

သူသည် သတိတရား အပြည့်အဝရှိနေပြီး တိုက်ပွဲစွမ်းရည်မှာ ဖိနှိပ်ခံထားရသော်လည်း သူ၏ လက်ရှိ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ထုတ်သုံးနိုင်စွမ်း ရှိသေးသည်။

သို့သော်လည်း ယွမ်တာရှန့်သည် လူအဖြစ် အသက်ရှင်စဉ်ကပင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် တစ်ဝက်တစ်ပျက် နီးကပ်နေသည့် မီးလျှံမြွေကို လက်ဗလာဖြင့် ဆွဲဖြဲနိုင်ခဲ့သူ ဖြစ်သည်။

ယခုအခါတွင်မူ သူ၏ စက်မှုခန္ဓာကိုယ်မှာ အသက်ရှင်စဉ်ကထက်ပင် ပိုမိုတောင့်တင်းခိုင်မာလာပြီး မိစ္ဆာသွေးကြောကျင့်စဉ်ကို အပြည့်အဝ ထုတ်ဖော်နိုင်ရန် သွေးချီစွမ်းအားများလည်း ပေါများလှပေသည်။

ယွမ်တာရှန့်သည် ရွှေအမြုတေအဆင့်၏ တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့ပြင် သူသည် ချီပိုင်ထက်စာလျှင် အစီအရင်၏ ဖိနှိပ်မှုကို ခံရခြင်း နည်းပါးလှချေသည်။

ချီပိုင်မှာ တဖြည်းဖြည်း နောက်ဆုတ်နေရပြီး လုံးဝ ရှုံးနိမ့်နေရပြီ ဖြစ်သည်။

"တောက်... ငါ့ရဲ့ ရွှေရောင်ဝတ်ရုံက ပျက်စီးသွားပြီဆိုတော့ ငါ့ကို ဘာကာကွယ်မှုမှ မပေးနိုင်တော့ဘူး။ ဒီစက်မှုရုပ်သေးက ရွှေအမြုတေအဆင့် ခန္ဓာကိုယ်ကျင့်ကြံသူတွေထက်တောင် ဘာလို့ ပိုပြီး ကြမ်းတမ်းနေရတာလဲ"

တိုက်ပွဲ၏ အရှိန်အဟုန်ကို ယွမ်တာရှန့်က အခိုင်အမာ ထိန်းချုပ်ထားသည်။

အသာစီးရမှုမှသည် တဖြည်းဖြည်း အနိုင်ရမည့် အနေအထားသို့ ကူးပြောင်းလာချေပြီ။

ချီပိုင်သည် သွေးများအန်ထုတ်လိုက်ရပြီး ပြင်းထန်သော ဒဏ်ရာများကို ထပ်မံ ရရှိသွားပြန်သည်။

သူသည် ယွမ်တာရှန့်၏ လက်မှ အသည်းအသန် ရုန်းထွက်လိုသော်လည်း မတတ်နိုင်ခဲ့ပေ။

မသေမျိုးမြို့တော်၏ အစီအရင်ကြီးမှာ နိုးထနေပြီဖြစ်ရာ ဟင်းလင်းပြင်ရှောင်တိမ်းခြင်း အဆောင်လက်ဖွဲ့များကို အသုံးပြု၍ မရနိုင်တော့ချေ။

ချီပိုင်၏ မှော်လက်နက်များ၊ ရတနာများနှင့် ပညာရပ်မျိုးစုံမှာ ဝိညာဉ်များကိုသာ အဓိက ဦးတည်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ယွမ်တာရှန့်ကဲ့သို့သော ရုပ်သေးနှင့် ရင်ဆိုင်ရချိန်တွင် အလွန်ပင် ခက်ခဲနေတော့သည်။

"ညီလေး... ဒါ မင်းလုပ်ထားတဲ့ စက်မှုမျောက်လား" ဟု စွန်းလင်ထုံက ကြောင်တောင်တောင်ဖြင့် ကြည့်ကာ မေးလိုက်သည်။

နင်းကျော့ကိုယ်တိုင်လည်း မယုံကြည်နိုင်ဖြစ်နေပြီး "ဖြစ်နိုင်တာပေါ့... ဟုတ်တယ်" ဟု ဆိုလိုက်မိသည်။

ယွမ်တာရှန့်၏ တကယ့်တိုက်ပွဲစွမ်းရည်မှာ ဤမျှအထိ မြင့်မားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

နင်းကျော့က စိတ်ထဲမှ ရေရွတ်လိုက်သည်မှာ "ယခုတစ်ကြိမ်တွင် ဝိညာဉ်အနှစ်သာရကို နိုးထစေရုံတင်မကဘဲ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကိုပါ ရောက်ရှိသွားတာပဲ ဖြစ်ရမယ်။ ယွမ်တာရှန့်ရဲ့ တိုက်ခိုက်ရေး ပညာရပ်တွေက တစ်ခါမှ မသေဆုံးခဲ့ဖူးတဲ့အတိုင်း ပိုပြီး ဖျတ်လတ် သဘာဝကျနေတာပဲ"

ယွမ်တာရှန့်သည် သူ၏လက်သီးကို ဝှေ့ယမ်းလိုက်ပြီး ချီပိုင်၏ နဖူးကို ထိုးနှက်လိုက်သည်။

ထို့နောက် ချီပိုင်၏ ခန္ဓာကိုယ်ကို ဖမ်းကိုင်ကာ ဆွဲလိမ်ပစ်လိုက်ရာ ချီပိုင်၏ ဘယ်ဘက်လက်မောင်းမှာ နောက်ပြန်ကျိုးသွားတော့သည်။

ယွမ်တာရှန့်၏ မျောက်အမြီးက ချီပိုင်အား ရစ်ပတ်ထားသဖြင့် ချီပိုင်မှာ ဟန်ချက်ပျက်သွားရပြီး ထိုအချိန်တွင် ယွမ်တာရှန့်က ခြေထောက်ဖြင့် ကန်ကျောက်လိုက်ရာ ချီပိုင်၏ ဒူးခေါင်းမှာ ကြေမွသွားရချေသည်။

ချီပိုင်၏ မှော်လက်နက်များနှင့် ရတနာများသည် ယွမ်တာရှန့်အား ထိမှန်ပြီး ဒဏ်ရာအမြောက်အမြား ရစေသော်လည်း နှစ်ဖက်စလုံးမှာ အပြင်းအထန် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

သို့သော် ပြဿနာမှာ ချီပိုင်သည် အသားနှင့် သွေးဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ရှိပြီး ယွမ်တာရှန့်မှာမူ စက်မှုကိုယ်ထည်သာ ဖြစ်နေခြင်းပင်။

ထိုသို့ အပြန်အလှန် တိုက်ခိုက်ရာတွင် ချီပိုင်က သိသိသာသာ အရှုံးပေါ်နေတော့သည်။

သူသည် ခပ်ဝေးဝေးသို့ ဆုတ်ခွာရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားသော်လည်း အားထုတ်မှုအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ချီပိုင်သည် သရဲစစ်သူကြီးများကို ထိန်းချုပ်ခြင်းတွင် ကျွမ်းကျင်သူဖြစ်ပြီး မိမိကိုယ်တိုင်မူ ပညာရပ်များ၊ မှော်လက်နက်များနှင့် အခြားနည်းလမ်းများကို အသုံးပြု၍ အဝေးမှ တိုက်ခိုက်ခြင်းကိုသာ အဓိက ပြုလုပ်သူ ဖြစ်သည်။

သူသည် ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်ဘဲ သူ၏ အဓိက ကာကွယ်ရေးမှာ ရွှေရောင်ဝတ်ရုံပေါ်တွင်သာ မူတည်သည်။ သို့သော် နင်းကျော့၏ အကြိမ်ကြိမ် တိုက်ခိုက်မှုများကြောင့် ထိုဝတ်ရုံမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ယခင်က တိုက်ပွဲတွင် ချီပိုင်၌ အားနည်းချက် မရှိခဲ့သော်လည်း ယခု ယွမ်တာရှန့်နှင့် ရင်ဆိုင်ရချိန်တွင်မူ သူ၏ အားနည်းချက်များမှာ ချက်ချင်းပင် ပေါ်လွင်လာတော့သည်။

"ဒီအတိုင်းသာ ဆက်သွားရင် ငါ သေရလိမ့်မယ်"

အခြေအနေများမှာ ဤမျှအထိ ဆိုးရွားသွားလိမ့်မည်ဟု ချီပိုင် တစ်ခါမှ မတွေးခဲ့ဖူးပေ။

ဤအချိန်တွင် သူသည် ချောက်ကမ်းပါး အစွန်းသို့ ရောက်ရှိသွားပြီဖြစ်ရာ အသေခံ၍ တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

သူ၏ ခန္ဓာကိုယ်ကို ငရဲမီးတောက်များက ဝါးမြိုသွားတော့သည်။

သူ၏ တစ်ကိုယ်လုံးတွင် အေးစက်လှသော၊ အရာခပ်သိမ်းကို ပြာအဖြစ် လောင်ကျွမ်းစေနိုင်သော အပြာနုရောင် ငရဲမီးတောက်များ တောက်လောင်နေချေသည်။

ချီပိုင်သည် သူ၏ ငရဲဘုံသို့ ထိုးဖောက်အမြင် ပါရမီထူးကို အသည်းအသန် အသုံးချလိုက်ပြီး မိမိကိုယ်ကိုယ် ကာကွယ်ရန် မြစ်ဝါပညာရပ်ကို ထုတ်ဖော်လိုက်သည်။

ငရဲမီးတောက်များအောက်တွင် မြစ်ဝါရေပြင်မှာ တရှဲရှဲ မြည်ဟီးလျက် ရေငွေ့အမြောက်အမြား ထွက်ပေါ်လာပြီး ချီပိုင်ကို ခဏတာ ကာကွယ်ပေးထားလေသည်။

သို့သော် ယွမ်တာရှန့်မှာမူ ထိုမျှ ကံမကောင်းလှပေ။ ငရဲမီးတောက်များအောက်တွင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ လျင်မြန်စွာ ပျက်စီးယိုယွင်းလာတော့သည်။

"မကောင်းတော့ဘူး" ဟု စွန်းလင်ထုံက အလွန် စိုးရိမ်တကြီး အော်ဟစ်လိုက်မိသည်။

ယွမ်တာရှန့်၏ တိုက်ပွဲစွမ်းရည်မှာ သိသိသာသာ ထိခိုက်သွားပြီး လျင်မြန်စွာ ကျဆင်းလာချေပြီ။

အကယ်၍ ချီပိုင်သာ အသက်ရှူပေါက် ရသွားပါက ယခင်က အခြေအနေမျိုး ထပ်မံ ဖြစ်ပေါ်လာမည်မှာ အမှန်ပင်။

ယွမ်တာရှန့်သည် သူ၏ ခေါင်းကို နောက်သို့ မော့လိုက်ပြီး ရှည်လျားသော ဟိန်းဟောက်သံကြီးကို လွှတ်လိုက်တော့သည်။

သူ၏ အရိုးစု တစ်ခုလုံးမှာ ရုတ်တရက် ဝင်းလက်လာပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာချေသည်။

ရွှေရောင်အလင်း၏ ကာကွယ်မှုကြောင့် ငရဲမီးတောက်များအောက်တွင် အရိုးစုအဖြစ်သို့ လောင်ကျွမ်းလုနီးပါး ဖြစ်နေသော်လည်း ယွမ်တာရှန့်မှာ လွတ်လပ်စွာ လှုပ်ရှားနိုင်ဆဲပင်။

မသေမျိုး ပါရမီထူး - မဟာရွှေစစ် တည်မြဲခြင်း။

ဤသည်မှာ ယွမ်တာရှန့် သူ၏ မသေမျိုး ပါရမီထူးကို ထုတ်သုံးသည်ကို နင်းကျော့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

"ဘာလို့ ယွမ်တာရှန့်က ဒီစက်မှုခန္ဓာကိုယ်သစ်ထဲမှာ မသေမျိုး ပါရမီထူးကို သုံးနိုင်နေသေးတာလဲ" ဟု နင်းကျော့၏ သံသယများမှာ ပိုမို ကြီးထွားလာတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ငရဲမီးတောက်များသည် ယွမ်တာရှန့်ကို လောင်ကျွမ်းနိုင်စွမ်း မရှိတော့ချေ။

သူသည် ချီပိုင်ရှိရာဆီသို့ ထပ်မံ တိုးဝင်သွားပြန်ရာ သူတို့နှစ်ဦး၏ မျက်နှာချင်းမှာ ထိလုနီးပါး ဖြစ်နေတော့သည်။

ယွမ်တာရှန့်သည် သူ၏ တိုက်ခိုက်ရေး ပညာရပ်မှ အဆုံးသတ် လှည့်ကွက်ကို ရဲရဲဝံ့ဝံ့ အသုံးပြုလိုက်ချေသည်။

သူသည် ပြင်းထန်သော အဟုန်ဖြင့် ရှေ့သို့ တိုးဝင်ကာ ထိုးနှက်လိုက်သည်။

အရေးကြီးသော အချက်ကို ထိုးနှက်ခံလိုက်ရသဖြင့် ချီပိုင်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏ နှလုံးသားထဲတွင် အေးစက်သော ကြောက်ရွံ့မှုများ ပြည့်နှက်သွားတော့သည်။

"နေဦး..."

နေမင်းဖြိုခွင်းလက်ဝါး။

ယွမ်တာရှန့်သည် သူ အသက်ရှင်စဉ်က သစ်သားလုံးများ၊ ကျောက်လုံးများနှင့် သံလုံးများကို ကြေမွအောင် မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသူ ဖြစ်သည်။

ယခုအခါတွင်မူ လူသားလုံးပင်။

ရွှေအမြုတေအဆင့် ဆိုသည်မှာ ဘာများလဲ။ မသေမျိုးတစ်ဦးပင် ဖြစ်လင့်ကစား ထိုဒဏ်ရာကြောင့် နဖူးကို လက်ဖြင့်အုပ်ကာ နာကျင်စွာ အော်ဟစ်ရပေလိမ့်မည်။

ထို့ပြင် ချီပိုင်မှာ ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်ချေ။

ချီပိုင်၏ မျက်လုံးများမှာ မျက်တွင်းမှ ထွက်လာမတတ် ပြူးကျယ်သွားပြီး မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်သွားကာ ရှည်လျားသော နာကျင်သံကြီးကို ဟစ်ကြွေးလိုက်တော့သည်။

"အား..."

အကယ်၍ သူသည် ဟန်မင်ကဲ့သို့ မသေမျိုးအလောင်းကောင် အသွင်ပြောင်းခြင်း အထူးကျင့်စဉ်မျိုးကို ကျင့်ကြံထားသူ ဖြစ်ပါက တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ပေလိမ့်မည်။

သို့သော် ယခုမူ...

နာကျင်မှု၊ ပြင်းထန်သော နာကျင်မှု၊ သည်းမခံနိုင်သော နာကျင်မှုကြီးသာ ဖြစ်တော့သည်။

သူသည် ထိုပြင်းထန်လှသော နာကျင်မှုကြောင့် သတိလစ် မေ့မြောသွားလေတော့သတည်း။

All Chapters