ကောင်းကင်မြူခိုး အတားအဆီး
Vol. 16 Ch. 216
တောင်ပိုင်းအရုဏ်ဦးကုန်းမြေသည် အဆုံးမရှိပုံရပြီး အလွန်ကြီးမားလွန်းလှသည်။ လူများသည် ရုပ်နယ်လွန်နယ်ပယ်သို့ ရောက်နေလျှင်ပင် အနည်းငယ်ခန့်သည်သာ ကုန်းမြေတစ်ခုလုံးကို လှည့်လည်ခရီးသွားလာနိုင်ချေသည်။
အချို့လူများဆိုလျှင် ရုပ်နယ်လွန်မာန်စွမ်းအားရှင်တစ်ဦးသည် တောင်ပိုင်းအရုဏ်ဦးကုန်းမြေကို ဖြတ်သန်းသွားလာရန် အချိန်မည်မျှကြာမည်ကိုပင် ခန့်မှန်းတွက်ချက်ခဲ့ကြပြီး ထိုသို့ပြုလုပ်နိုင်ရန် အနည်းဆုံး နှစ်ပေါင်း၁၀၀ခန့် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ထိုသူတို့က ရှင်းလင်းပြောဆိုခဲ့ကြချေသည်။ ၎င်းသည် ထိုသွားလာမည့်လူ၏ လမ်းခရီးတွင်ကြုံတွေ့ရနိုင်သော အန္တရာယ်များကို လျှော့ပေါ့တွက်ချက်ထားခဲ့ခြင်းဖြစ်သည်။ ကုန်းမြေတွင် မရေမတွက်နိုင်သော သားရဲများလည်း များစွာရှိပြီး ထိုသားရဲများသည် မာန်ဝိညာဉ်အဆင့်မှလူများကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိကြလေသည်။
ရိုးရေစတေးနယ်ပယ်မှ လူများသည်ပင် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံးကို ဖြတ်သန်းရန် အချိန်ကြာမြင့်စွာ လိုအပ်လိမ့်မည်ဖြစ်ပြီး ဂရုတစိုက် သွားလာရပေလိမ့်မည်။
“တောင်ပိုင်းအရုဏ်ဦးကုန်းမြေကို နယ်မြေနှစ်ခုအဖြစ် ပိုင်းခြားထားပြီး ကောင်းကင်မြူခိုးမြို့ကိုတော့ ကုန်းမြေတစ်ခုလုံးရဲ့ နယ်စပ်အဖြစ်သတ်မှတ်ထားတယ်။ မြို့ကို အေးခဲကောင်းကင်ကလန်နဲ့ အနောက်ပိုင်းပင်လယ်ကလန်က တည်ထောင်ထားပြီး အဲဒါတည်ရှိနေတာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ။ အဲဒါကို တောင်တန်းတစ်ခုပေါ်မှာ တည်ထောင်ထားပြီး နောက်ဆုံးတော့ တောင်ပိုင်းအရုဏ်ဦးကို ဝိုင်းရံနေတဲ့ အကာအကွယ်တစ်ခုဖြစ်လာခဲ့တာပဲ”
အေးခဲကောင်းကင်ကလန်မှ ချန်းယုပင်းသည် ရွှေရောင်အလင်းတို့ဖြင့် လွှမ်းခြုံထားသော တောင်တစ်လုံးပေါ်တွင်ရပ်ကာ အဝေးကိုကြည့်လိုက်ပြီး မနှေးမမြန်ပြောဆိုလာခဲ့သည်။
“ကောင်းကင်မြူခိုးမြို့ကို မြို့တော်ကြီးနဲ့ အခြားစီရင်စုမြို့တော်ကိုးခုဆိုပြီး ခွဲခြားထားတယ်။ နယ်စပ်မြို့က တောင်ပိုင်းအရုဏ်ဦးရဲ့ အတွင်းပိုင်းတွေကို အပြင်ဘက်အပိုင်းတွေဆီကနေ ပိုင်းခြားပေးထားတဲ့ အတားအဆီးအဖြစ်လုပ်ဆောင်တယ်။ တောင်ပိုင်းအရုဏ်ဦးရဲ့ အပြင်ဘက်အပိုင်းတွေမှာရှိတဲ့ သားရဲရိုင်းတွေနဲ့ လူရိုင်းတွေကို ကုန်းမြေရဲ့အတွင်းပိုင်းတွေထဲ အလွယ်တကူဝင်လာပြီး လူတွေကိုမသတ်နိုင်အောင် တားဆီးပေးထားတဲ့ အတားအဆီးတစ်ခုဆိုလည်း ဟုတ်တယ်”
ချန်းဆိုသောအမျိုးသားက ရှေ့ကိုညွှန်ပြလိုက်သည်။
သူညွှန်ပြသောလမ်းကြောင်းရှိ အဝေးတွင် နဂါးတစ်ကောင်၏ကျောရိုးသဖွယ် တောင်တန်းကြီးတစ်ခုကို သူတို့တွေ့လိုက်ရသည်။ ၎င်းသည် မြို့ရိုးတစ်ခုသဖွယ်ပင်ဖြစ်ပြီး အဆုံးမရှိ ဆက်ရှည်လျားသွားလေသည်။
“အဲဒါက ကောင်းကင်မြူခိုးမြို့အတားအဆီးရဲ့ အစိတ်အပိုင်းပဲ။ ဂျူနီယာညီမငယ် ဟန်ဖေးကျစ်၊ မင်း ဒီမြို့အကြောင်းကိုအရင်က မကြာဖူးဘူးမဟုတ်လား။ မင်းကျောင်းတော်ကို ဝင်ရောက်လိုက်တာနဲ့ အာရုံစိုက်ခံရမှာ သေချာပေါက်ပဲ။ ပြီးတော့ အချိန်ကျလာရင် မင်းကို လေ့ကျင့်ရေးအတွက် စေလွှတ်လိမ့်မယ်။ ကောင်းကင်မြူခိုးမြို့ကို စောင့်ရှောက်ဖို့အတွက် မင်းစေလွှတ်ခံရနိုင်တယ်။ အဲဒါက ငါတို့လို တောင်ပိုင်းအရုဏ်ဦးရဲ့လူတွေအတွက် အမြင့်မားဆုံး ဂုဏ်ကျက်သရေပဲ”
“ညီနောင်စု၊ မင်းက စစ်နတ်ဘုရားအရှင်ပဲ။ တောင်ပိုင်းအရုဏ်ဦးရဲ့ လျှို့ဝှက်ချက်အချို့ကို သိထားတာကောင်းတယ်။ မင်းရဲ့ စွမ်းအားနဲ့အဆင့်အတန်းအရဆိုရင်၊ အဲဒါတွေအကုန်လုံးကို မင်း အနှေးနဲ့အမြန်ဆိုသလိုပဲ သင်ရမှာပါ”
ချန်းဆိုသောအမျိုးသားသည် စုမင်ကိုလှမ်းကြည့်ပြီး ကြင်နာစွာပြုံးပြလိုက်သည်။
စုမင်သည် အဝေးရှိတောင်တန်းကိုသာ တည်ငြိမ်စွာငေးကြည့်နေခဲ့ပြီး မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ အရောင်စုံရေကန်တောင်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲတွင် ရှိနေချိန်မှစ၍ အချိန်မည်မျှကြာအောင်ကုန်ဆုံးသွားခဲ့ပြီမှန်း သူမသိတော့ပေ။ သူ့နားထဲမှ တဝီဝီမြည်သံများ ပျောက်ကွယ်သွားချိန်အထိ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ကြောင်းကိုသာ သူသိသည်။ ပြင်ပမှအလင်းသည် ဆက်လက် မတောက်ပတော့သည်အထိ သူ့မျက်လုံးများကို ပိတ်ထားခဲ့ပြီး သူမျက်လုံးများပြန်ဖွင့်လိုက်ချိန်တွင်တော့ အခြားလူလေးဦးနှင့်အတူ ဤတောင်ထိပ်ပေါ်တွင် ရောက်နေသည်ကိုတွေ့လိုက်ရလေသည်။
သူတို့ ပေါ်လာသည်နှင့် အေးခဲကောင်းကင်ကလန်မှ ရှုယုယွဲ့သည် ရွှေရောင်ကျောက်တုံးအချို့ကို ထုတ်ယူလိုက်ပြီး ၎င်းတို့အား ထူးဆန်းသောပုံစံတစ်မျိုးဖြင့် တောင်ပေါ်၌ စတင်နေရာချထားခဲ့သည်။ သူမလက်ထဲရှိ ကျောက်တုံးများကိုချထားလိုက်သည်နှင့် ရွှေရောင်အလင်းသည် ပိုမိုအားကောင်းလာပြီး တောင်တစ်ခုလုံးကိုဖုံးအုပ်သွားလေသည်။
“ငါတို့ လေးလွှာစည်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကိုရခဲ့တာ ကံကောင်းတာပဲ။ အတိတ်တုန်းက၊ ငါတို့ ဟန်တောင်တန်းကနေ အေးခဲကောင်းကင်ကလန်ဆီသွားချင်ရင် ကောင်းကင်မြူခိုးမြို့ထဲက အစီအရင်တွေကို သုံးရတယ်။ သူတို့က အရမ်းနှေးတာပဲ”
“အေးခဲကောင်းကင်ကလန်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေကို စူးစမ်းအသုံးပြုခဲ့ပေမယ့် အကွာအဝေးတိုတိုပဲ ရွှေ့ပြောင်းနိုင်တဲ့အပြင် ပေးဆပ်ရတဲ့တန်ဖိုးကလည်း ကြီးသေးတယ်။ ငါတို့သာ အကြိမ်များစွာ ရွှေ့ပြောင်းမယ်ဆိုရင် အချိန်တွေဖြုန်းတီးရာကျရုံတင်မကဘူး။ ငါတို့ခန္ဓာကိုယ်တွေကလည်း အဲဒါတွေကိုလက်ခံနိုင်မှာ မဟုတ်ဘူး။ ငါတို့က ပြန်မကောင်းခင် အသက်ရှူကြိမ်အနည်းငယ်လောက် အနားယူဖို့လိုတယ်”
“အခုတော့ လေးလွှာစည်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကြောင့် အေးခဲကောင်းကင်ကလန်ကိုပြန်ဖို့ ငါတို့ရှစ်ကြိမ်ပဲ တည်နေရာရွှေ့ပြောင်းရမှာ။ အဲဒါ ပိုပြီးတော့ သက်သောင့်သက်သာရှိတယ်”
ချန်းဆိုသောအမျိုးသားသည် သက်ပြင်းချလိုက်ရင်း အစီအရင်ကို ထုတ်ဖော်နေသည့် ရှုယုယွဲ့ထံ လှမ်းကြည့်လိုက်သည်။ ထို့နောက် စုမင်၊ ဖန်းချန်းလန်နှင့် ဟန်ဖေးကျစ်တို့ကို ပြုံးပြလာသည်။
“ကောင်းကင်မြူခိုး မြို့လား” ဟန်ဖေးကျစ်၏အကြည့်သည် တောင်တန်းကြီးဆီ ကျရောက်သွားပြီး သူမက မျက်မှောင်ကြုတ်လိုက်ချေသည်။
“ကြည့်ရတာ မင်းက ဒီမြို့တော်ရဲ့ တည်ရှိမှုအကြောင်းကို သိပုံမရဘူး။ ဒါပေမဲ့ အဲဒါပုံမှန်ပါပဲ။ ငါတောင် အေးခဲကောင်းကင်ကလန်ထဲကို ဝင်ရောက်ပြီးတဲ့အချိန်မှာ တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ လျှို့ဝှက်ချက်တစ်ချို့ကိုပဲ သင်ခဲ့ရတာ”
“ညီနောင်စု၊ မင်းရော အရင်က ကောင်းကင်မြူခိုးမြို့အကြောင်း ကြားဖူးလား”
ချန်းအမည်ရှိအမျိုးသားသည် ပြုံးပြီး စုမင်ကိုကြည့်လိုက်သည်။
ဤလူသည် ကျောင်းတော်မှ သေချာပေါက်ခေါ်ဆောင်ခံရလိမ့်မည်ဖြစ်ပြီး ကျောင်းတော်အတွင်းမှ သူ့အဆင့်အတန်းသည် ဟန်ဖေးကျစ်ထက်တော့ ဘယ်နည်းနဲ့မှမနိမ့်နိုင်ပေ။ ပိုတောင် မြင့်နိုင်သေး၏။ ထို့ကြောင့်ပင် သူတို့အကြားတင်းမာမှုကို လျော့ချပြီး ရင်းနှီးကျွမ်းဝင်အောင်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ဤနေရာ၌ အပြင်လူများမသိနိုင်သည့်အရာများကို သူပြောပြရန်ဆုံးဖြတ်လိုက်မိခြင်းပင်...
“ငါ အဲအကြောင်းကို တစ်ခါမှမကြားဖူးဘူး” စုမင်တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး အဝေးမှတောင်တန်းကြီးထံ ငေးကြည့်လိုက်မိသည်။
“အဲလိုဆိုရင်တော့ ငါက မင်းနဲ့ ဂျူနီယာညီမငယ် ဟန်ဖေးကျစ်နဲ့ကို ကောင်းကင်မြူခိုးတောင်တန်းရဲ့ မြို့ရိုးတွေပေါ် အလည်လိုက်ပို့ပြီး သူတို့လုပ်ဆောင်ချက်တွေကို အသေးစိတ်ရှင်းပြရမှာပေါ့” ချန်းဆိုသူက ပြုံးလိုက်ပြီး မြေပြင်ပေါ်တွင် အစီအရင်ကို နေရာချထားနေသော ရှုယုယွဲ့ထံ လှမ်းကြည့်လိုက်သည်။
ရှုယုယွဲ့သည် သူမနဖူးမှ ချွေးများကိုသုတ်လိုက်သည်။ ချန်းယုပင်းသည် သူမထံသို့ လှမ်းကြည့်နေသည်ကိုမြင်သောအခါ ပြုံးပြီးပြောဆိုလိုက်သည်။ “အစီအရင် အပြည့်အဝစီစဉ်မပြီးခင် အချိန်၁၀နာရီလောက် ရှိပါသေးတယ်။ ပြီးမှ ဒုတိယပြောင်းရွှေ့မှုကို အသက်သွင်းနိုင်လိမ့်မယ်။ ငါ့ကို ကာကွယ်ပေးဖို့ ဂျူနီယာညီမငယ် ဖန်းချန်းလန်ပဲ ကျန်ခဲ့ရင် အဆင်ပြေပါတယ်”
သူမသည် အစီအရင်ထုတ်ဖော်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို တွက်ချက်ကာ ရွှေရောင်ကျောက်တုံးများကို ၎င်းတို့၏ နေရာမှန်များတွင် ချထားရမည်ဖြစ်သည်။ ရှုယုယွဲ့သည် ဤအရာနှင့် အကျွမ်းတဝင်မရှိသောကြောင့် သတိရှိရန်လိုအပ်ပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်သွားနိုင်လေသည်။
“ဒါဆို ကောင်းပြီလေ။ ငါ ဒါကို မင်းနဲ့ထားခဲ့တော့မယ်နော် စီနီယာအမ ရှု။ ငါတို့ အရမ်းအဝေးကြီး မသွားပါဘူး။ ဘာအမှားအယွင်းမှ မရှိဘူးဆိူရင်၊ ငါတို့အတတ်နိုင်ဆုံး မြန်မြန်ပြန်လာခဲ့ပါ့မယ်” ချန်းယုပင်းသည် သူမကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ဖန်းချန်းလန်ကို လှမ်းကြည့်လိုက်၏။ “ဂျူနီယာညီမငယ် ဖန်း၊ ငါ ဒါကို မင်းနဲ့ထားခဲ့မယ်နော်”
ဖန်းချန်းလန်၏ မျက်နှာအမူအယာသည် လေးနက်နေခဲ့ပြီး စုမင်ထံ လှမ်းကြည့်လိုက်ပြီးမှ ခေါင်းငြိမ့်လိုက်ချေသည်။
“ညီနောင်စု၊ ဂျူနီယာညီမငယ် ဟန်၊ ဒီလမ်းပဲ”
ချန်းယုပင်းသည် လမ်းကြောင်းတစ်ခုကိုညွှန်ပြကာ အလင်းတန်းတစ်ခုအသွင်ဖြင့် အဝေးသို့ဦးတည်ရွေ့လျားသွားလေသည်။ ဟန်ဖေးကျစ်၏မျက်နှာသည် အေးစက်စက်ဖြင့် သီးခြားဆန်နေဆဲပင်ဖြစ်သည်။ သူမခြေထောက်အောက်တွင် အဖြူရောင်တိမ်စိုင်များ ဖြစ်ပေါ်လာကာ သူမကိုပင့်တင်ပြီး ချန်းယုပင်းနောက်လိုက်ပါသွားချေ၏။
စုမင်သည် လေထဲသို့ အေးအေးဆေးဆေးသာ ပျံတက်လိုက်သည်။ သူတို့သည် အလင်းတန်းသုံးခုအသွင် ပြောင်းလဲသွားပြီး အဝေးရှိတောင်တန်းပေါ်တွင် တည်ဆောက်ထားသော မြို့ရိုးများထံ ရွေ့လျားသွားခဲ့ကြသည်။
“ကောင်းကင်မြူခိုး မြို့အကြောင်းကို ပြောရမယ်ဆိုရင်၊ တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်းကို ပိုင်းခြားထားတဲ့ အတားအဆီးကိုလည်း ပြောရလိမ့်မယ်။ ငါတို့က တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရဲ့ အတွင်းပိုင်းတွေထဲမှာနေကြတာ။ ပြီးတော့ အခုလည်း ငါတို့က အတွင်းပိုင်းထဲမှာပဲ”
“အတွင်းပိုင်းတွေက အရမ်းကြီးမားကျယ်ပြန့်တယ်။ အတွင်းပိုင်းတွေရဲ့ အနောက်ဘက်ခြမ်းအများစုကိုတော့ အနောက်ပိုင်းပင်လယ်ကလန်က ပိုင်ပြီးတော့ မြောက်ပိုင်းကိုတော့ အေးခဲကောင်းကင်ကလန်က ပိုင်တယ်”
“ဒါပေမဲ့ အတားအဆီးရဲ့အပြင်ဘက်က ကမ္ဘာနဲ့ယှဉ်မယ်ဆိုရင်တော့ ငါတို့နေတဲ့နယ်မြေက တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ အစိတ်အပိုင်းသေးသေးလေး တစ်ခုပဲ”
သူတို့နားထဲသို့ ချန်းယုပင်း၏အသံရောက်လာချိန်မှာပင် သူတို့သုံးဦးသည် အရှိန်နှုန်းအပြည့်ဖြင့် ကောင်းကင်မြူခိုးမြို့၏ အတားအဆီးနံရံထံ တစ်ဖြည်းဖြည်းနီးကပ်လာခဲ့ပြီ ဖြစ်သည်။
သူတို့သည် မြို့ရိုးနှင့် ပေ၁၀၀၀၀ခန့်သာ ကွာဝေးတော့ချိန်တွင် သန်မာသောဖိအားကြီးတစ်ခုသည် ပေါက်ကွဲသံတစ်ချက်နှင့်အတူ မြို့ရိုးထံမှထွက်ပေါ်လာခဲ့ပြီး သူတို့ထံ တိုးဝင်လာချေသည်။
“ဒါက ကောင်းကင်မြူခိုးရဲ့ တားမြစ်နေရာတွေပဲ။ ကျူးကျော်ခွင့်မရှိဘူး” အေးစက်စက်အသံကြီးတစ်ခုက သူတို့ကိုအော်ဟစ်လိုက်သည်။ ထိုအသံသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် မိုးခြိမ်းသံသဖွယ်
ပျံ့လွင့်သွားပြီး သူတို့နားထဲတွင် တဝီဝီမြည်သံများ ပဲ့တင်ထပ်သွားခဲ့ရချေသည်။
ဟန်ဖေးကျစ်၏အမူအယာသည် ပြောင်းလဲသွားပြီး ရပ်နေနိုင်ရန်ပင် ခဲယဉ်းစွာကြိုးစားလိုက်ရ၏။ သူမခြေထောက်အောက်မှ အဖြူရောင်တိမ်စိုင်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။ သုံးဦးထဲတွင် သူမ၏ကျင့်ကြံဆင့်သည် အားအနည်းဆုံးဖြစ်၍ အလွန်အမင်းတုန်လှုပ်ချောက်ခြားသွားသည်ဟု ခံစားလိုက်ရချေသည်။ ထိုအချိန်မှာပင် နူးညံ့သိမ်မွေ့သောစွမ်းအင်လှိုင်းတစ်ခုသည် သူမကိုယ်ထဲသို့ နောက်ကျောဘက်မှတစ်ဆင့် စီးဝင်လာကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး သူမ၏တည်ငြိမ်မှုကို ပြန်လည်ရရှိစေလိုက်သည်။
စုမင်သည် ဟန်ဖေးကျစ်ဘေးတွင်ရပ်လိုက်ပြီး သူမခါးကို ညာလက်ဖြင့် ထိန်းကိုင်ထားပေးလိုက်သည်။
ဟန်ဖေးကျစ်၏ ပါးသည် ရှက်ရွံ့မှုကြောင့် နီရဲသွားသော်လည်း သူ၏ကြင်နာမှုကိုတော့ မငြင်းဆန်ခဲ့ပေ။ ထိုအစား စုမင်ဘေးတွင်ရပ်ကာ အသံထွက်ပေါ်လာသော မြို့ရိုးနံရံဆီ လှမ်းကြည့်လိုက်လေသည်။
“ကျွန်တော်က အေးခဲကောင်းကင်ကလန်ရဲ့တပည့် ချန်းယုပင်းပါ။ မြို့ကို ကာကွယ်စောင့်ရှောက်နေတဲ့ ဆရာဦးလေးကို နှုတ်ခွန်းဆက်ပါတယ်”
ချန်းယုပင်းသည်လည်း တုန်လှုပ်သွားသော်ငြား ထိန်းမရအောင်တော့ ထိတ်လန့်မသွားခဲ့ပေ။ ထိုအသံထွက်ပေါ်လာမည်ကို သူသိထားပြီးဖြစ်သကဲ့သို့ပင်။ သူသည် ပေ၁၀၀၀၀ခန့်အဝေးရှိ မြို့ရိုးထံသို့ လေထဲမှနေ၍ လက်သီးနှင့်လက်ဝါးထပ်ကာ လေးလေးစားစားဦးညွှတ်အရိုအသေ ပြုလိုက်၏။
“မင်းတို့ကို တည်နေရာရွှေ့ပြောင်းတဲ့နေရာမှာတည်းက ငါမြင်နေတာ တော်တော်ကြာပြီ။ အဲဒီမှာနေမယ့်အစား ဘာလို့ဒီကိုရောက်လာရတာလဲ” အေးစက်စက်သီးသန့်ဆန်သော အသံက သူတို့ကို အေးအေးဆေးဆေး မေးလာသည်။
“ဆရာဦးလေး၊ ကျွန်တော်က လက်ဝဲတော်ရံရဲ့ အမိန့်အရ တပည့်အသစ်ရွေးချယ်ဖို့ ဟန်တောင်တန်းမြို့တော်ကို သွားခဲ့ပြီး ကျွန်တော်တို့က အခုပြန်လာခဲ့ကြတာပါ။ ဒီနေရာကို ဖြတ်သွားတဲ့အချိန်မှာ တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ အတားအဆီးကိုနီးနီးကပ်ကပ်မြင်တွေ့လိုတာကြောင့် ဒီကိုရောက်လာခဲ့တာပါ။ ကျွန်တော်တို့ ရှေ့ဆက်မတိုးတော့ပါဘူး။ ဒီနေရာကနေပဲ ကြည့်ရှုပါ့မယ်။ ဒါပေမဲ့ ဆရာဦးလေးက ကျွန်တော်တို့အတွက် ခြွင်းချက်ထားပေးရင်တော့ အရမ်းပျော်မိမှာပါ” ချန်းယုပင်းက လျင်မြန်စွာ ပြန်ဖြေသည်။
သူပြောပြီးချိန်မှာပင် သူတို့အပေါ် ကျရောက်နေသော ဖိအားသည် သူနှင့်ဟန်ဖေးကျစ်တို့အပေါ်မှ ပြန်လည်ရုပ်သိမ်းသွားကြောင်း စုမင်ချက်ချင်းခံစားလိုက်မိ၏။ တစ်ချိန်တည်းမှာပင် အနည်းငယ်အံ့အားသင့်နေဟန် အသံတစ်သံက လေထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
“အဲလိုဆိုရင်တော့ ဒီကိုလာခဲ့ပါ။ မင်းတို့ တစ်ချက်လောက်ကြည့်ချင်တယ်ဆိုရင်၊ မြို့ရိုးနံရံပေါ်မှာရပ်ပြီး တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရဲ့ အပြင်ဘက်အပိုင်းတွေကို ကြည့် ကြည့်ကြပေါ့”
ထိုအချိန်မှာပင် အေးစက်စက်သီးခြားဆန်သောအသံသည် နောက်တစ်ကြိမ်ထပ်မံ ထွက်ပေါ်လာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် နွေးထွေးမှုတစ်ခုပါဝင်နေလေသည်။
“ကျေးဇူးတင်ပါတယ်၊ ဆရာဦးလေး”
ချန်းဆိုသူသည် ခဏတာအံ့အားသင့်သွားပြီးမှ လျင်မြန်စွာဖြင့် လက်သီးနှင့်လက်ဝါးထပ်ကာ ကျေးဇူးတင်ကြောင်းပြသလိုက်သည်။ သူသည် စုမင်ထံသို့လည်း တစ်ချက်လှမ်းကြည့်လိုက်လေသည်။
သူသည် ရူးသွပ်နေသောလူတစ်ဦးမဟုတ်ပေ။ အေးခဲကောင်းကင်ကလန်မှ ခေါင်းဆောင်တစ်ဦးသည် ဤနေရာတွင် စောင့်ရှောက်နေကြောင်း သူသိထားသဖြင့် မြို့ရိုးနံရံဆီသို့ ဤခရီးစဉ်ကိုခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် သူတို့ပြန်လှည့်ရန်ပင်မလိုတော့ပေ။ ထိုကြောင့်ပင် သူသည် စုမင်နှင့်သူ့အကြား ဆက်ဆံရေးကို နွေးထွေးစေရန် ဤအရာကိုသုံးလိုက်ခြင်းဖြစ်သည်။
သို့သော် ဤအမည်မသိသောဆရာဦးလေးသည် သူတို့အား မြို့ရိုးပေါ်တွင် ရပ်ကြည့်ခွင့်ပြုလိမ့်မည်ဟုတော့ ထင်မထားမိခဲ့ပေ။
“ဒီဧရိယာကို အေးခဲကောင်းကင်ကလန်က ပိုင်တယ်။ ကောင်းကင်မြူခိုးမြို့ရဲ့ အပြင်ဘက်နံရံတွေကို ကာကွယ်နေသူတွေက အေးခဲကောင်းကင်ကလန်က ခေါင်းဆောင်တွေပဲ။ ဒါကြောင့် ငါတို့က အနားကပ်လာလို့ရတာ။ အနောက်ပိုင်းပင်လယ်ကလန်ရဲ့ ပိုင်နက်နားကိုရောက်သွားရင်တော့ ငါတို့ကို အစောကြီးတည်းက မောင်းထုတ်ကြလိမ့်မယ်။ မထီမဲ့မြင်ပြုတဲ့ လက္ခဏာမျိုးသာ ပြမိမယ်ဆိုရင်တော့ ငါတို့အသတ်တောင်ခံရနိုင်တယ်”
စုမင် ချန်းယုပင်းထံတစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့အကြည့်အောက်တွင် ချန်းယုပင်းသည် ခေါင်းကိုငုံ့လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဟန်ဖြင့် ရယ်မောရင်း တီးတိုးပြောလာခဲ့သည်။
“ရိုးရိုးသားသားပြောရရင်၊ ငါတစ်ခါမှ မြို့ရိုးပေါ်မှာရပ်ပြီး တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရဲ့အပြင်ဘက်အပိုင်းတွေကို မကြည့်ခဲ့ဖူးဘူး”
စုမင်သည် အကြည့်ပြန်လွှဲလိုက်ပြီး ပြုံးကာပြောဆိုလိုက်သည်။ “သွားရအောင်၊ ငါ ဒီနေရာအကြောင်း အရမ်းသိချင်နေပြီ”
သူတို့သုံးဦးသည် နီးကပ်လာသည်နှင့် စုမင်နှလုံးသားထဲမှ ဖိနှိပ်ခံနေရသောခံစားချက်ကြီးက ပိုမိုပြင်းထန်လာခဲ့သည်။ အဝေးမှကြည့်ခဲ့ချိန်က မြို့ရိုးနံရံသည် အလွန်ခမ်းနားထည်ဝါလှပြီး ယခု သူနီးကပ်လာချိန်တွင် ၎င်းသည် ပိုမို၍ပင် ခမ်းနားထည်ဝါနေခဲ့လေသည်။
မြို့ရိုးရှေ့တွင် မိမိကိုယ်ကိုသေးငယ်သည်ဟု မခံစားပဲမနေနိုင်ပေ။ သူတောင်ခြေမှ ရပ်ကြည့်လိုက်ချိန်တွင် ၎င်းသည် အလွန်အမင်းမြင့်မားနေခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် ဆက်စပ်နေသကဲ့သို့ သူခံစားလိုက်ရ၏။
ဟန်ဖေးကျစ်၏အသက်ရှူသံများက လျင်မြန်လာခဲ့ရသည်။ သူမရှေ့ရှိ တောင်တန်းပေါ်မှ နံရံကြီးကိုကြည့်နေရင်းဖြင့်
ယခုလို တောင်တန်းကြီးများသည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံးကို ဝိုင်းရံထားပြီး အတားအဆီးတစ်ခုအဖြစ်လုပ်ဆောင်နေကြောင်းကို သူမစိတ်ကူးကြည့်၍ပင်မရကြောင်း သိလိုက်မိ၏။
ပေ၁၀၀၀၀အကွာအဝေးသည် လျင်မြန်စွာတိုတောင်းသွားခဲ့ပြီး သူတို့နံရံပေါ် ခြေချလိုက်မိချိန်တွင် သူတို့အပေါ်သို့ဖိအားကြီးတစ်ခု ကျရောက်လာခဲ့လေသည်။ ထိုဖိအားအောက်တွင် ဟန်ဖေးကျစ်၏မျက်နှာသည် ဖြူရော်သွားပြီး သူမက ပြိုလဲလုနီးပါးဖြစ်သွားခဲ့သည်။ သူမသည် စုမင်ဘေးတွင်ရပ်နေခြင်းမဟုတ်သလို ဖိအားအများစုကိုလည်း စုမင်ကသာ ချေဖျက်ပေးထားခြင်းမဟုတ်ခဲ့လျှင် သူမသည်မတ်မတ်ပင်ရပ်နိုင်လိမ့်မည် မဟုတ်ချေ။
တောင်တန်း၏ထိပ်တွင် ရပ်လိုက်ချိန်တွင် စုမင်တုန်လှုပ်သွားသလိုခံစားလိုက်ရပြီးနောက် သူ့ရှေ့သို့ လှမ်းကြည့်လိုက်မိ၏။ အဝေးတွင် များစွာသောကျတ်တီးကုန်းမြေများ ပြန့်ကျဲတည်ရှိနေသည်ကို သူမြင်လိုက်ရချေသည်။
ထိုကုန်းမြေသည်လည်း တောင်ပိုင်းအရုဏ်ဦး၏ အစိတ်အပိုင်းပင်ဖြစ်သော်ငြား ၎င်းသည် အတားအဆီး၏အပြင်ဘက်ပင်ဖြစ်သည်။ မြေပြင်သည် နက်မှောင်နေပြီး တောင်လေပြင်းထဲတွင် ထူထဲသောသွေးနံ့များ ပါဝင်နေခဲ့သည်။
လေထုထဲတွင် ပျက်စီးယိုယွင်းနေသော ခံစားချက်တစ်မျိုးဖြင့် ပြည့်နှက်နေလေသည်။
ကျတ်တီးကုန်းမြေများ၊ အကန့်အသတ်မဲ့သော ကောင်းကင်၊ အဆုံးမရှိသော သစ်တောကြီးများနှင့် မြင့်မားသောတောင်များ၏ မှုန်ဝါးဝါးအရိပ်များနှင့် အဝေးမှလာနေသော မပီဝိုးတဝါးဟိန်းဟောက်သံများ ပေါင်းစပ်၍ ထိုခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် မြေပြင်ပေါ်တွင် ဟိုနေရာ၊ သည်နေရာ ပြန့်ကျဲနေသော အရိုးစုများကြောင့်ပင်ဖြစ်သည်။ အရိုးများသည် ထူထဲကြီးမားလွန်းသဖြင့် သားရဲအရိုးများဖြစ်သည်မှာ ထင်ရှားနေလေသည်။
အတားအဆီး၏ အတွင်းဘက်နှင့် အပြင်ဘက်နယ်မြေများသည် လုံးဝပင်မတူကွဲပြားသော ကမ္ဘာနှစ်ခု သဖွယ်ပင်။
စုမင်ဘေးမှ ချန်းယုပင်းသည်လည်း တုန်လှုပ်ချောက်ခြားနေချေသည်။ ဤအရာသည် သူ့အတွက်လည်း နံရံပေါ်တွင်ရပ်ကာ အပြင်ဘက်မှ လောကကို ပထမဆုံးအကြိမ် ကြည့်ဖူးခြင်းဖြစ်သည်။
“ဒီတစ်ကြိမ် လက်ဝဲတော်ရံခေါ်တဲ့ တပည့်တွေထဲမှာ စစ်နတ်ဘုရားတစ်ယောက်တောင် ပါနေလိမ့်မယ်လို့ ငါမထင်ထားမိဘူး” အေးစက်စက်အသံတစ်သံသည် သူတို့နောက်မှထွက်ပေါ်လာကာ ထိုနေရာမှလေဟာနယ်သည် ဆုတ်ဖြဲခံလိုက်ရပြီး ထိုအထဲမှ သက်လတ်ပိုင်းအမျိုးသားတစ်ဦး လျှောက်လှမ်းထွက်ပေါ်လာခဲ့လေသည်။
သက်လတ်ပိုင်းအမျိုးသားသည် အထည်ကြမ်းတစ်ခုကို ဝတ်ဆင်ထားပြီး သူ့ဆံပင်ကို သေးငယ်သောဖွတ်မြီးလေးများစွာအဖြစ် ဖွတ်မြီးထိုးထားချေသည်။ သူသည် မကြီးမားမထွားကြိုင်းသလို ပိန်ပါးသောဘက်လည်း မရောက်ပေ။ အတော်လေး သာမန်လူတစ်ယောက်သဖွယ်ပုံမျိုး ပေါက်နေခဲ့သော်လည်း သူ့မျက်လုံးများသည်တော့ မယုံနိုင်လောက်အောင်ပင် စူးရှတောက်ပနေခဲ့ချေသည်။
***