အခန်း (၁၄၅-၁၄၆)
Vol. 9 Ch. 145-146
အခန်း (၁၄၅) - တိမ်တိုက်လက်ဝါးဖြင့်
ရတနာရှာဖွေခြင်း
"သူ့ကို မသတ်နဲ့ဦး" ဟု စွန်းလင်ထုံက အော်ဟစ်လိုက်ချေသည်။
မည်သည့်သတိပေးချက်မျှ မလိုအပ်ပါပေ။ နင်းကျော့သည် သစ်သားစစ်သည် တိုက်ပွဲဝင်မျောက် တာရှန့်အား ရပ်တန့်ရန် အမိန့်ပေးထားပြီးသား ဖြစ်သည်။
ယွမ်တာရှန့်သည် တိုက်ခိုက်ရေးပါရဂူတစ်ဦး ဖြစ်သည့်အားလျော်စွာ တိုက်ခိုက်မှုကို ချက်ချင်းပင် ရုတ်သိမ်းကာ ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။
"ကျော့လေး၊ ငါပေးထားတဲ့ အဆောင်လက်ဖွဲ့ကို သုံးလိုက်တော့" ဟု စွန်းလင်ထုံက ဆက်လက်ပြောကြားသည်။
နင်းကျော့က ခေါင်းညိတ်လိုက်ပြီး "စိတ်မပူပါနဲ့ အစ်ကိုစွန်း၊ ကျွန်တော် ဒါတွေကို ကျွမ်းကျင်ပါတယ်" ဟု ဆို၏။
နင်းကျော့သည် အဆောင်လက်ဖွဲ့ အမြောက်အမြားကို ထုတ်ယူကာ ချီပိုင်ရှိရာသို့ အပြေးသွားပြီးနောက် သူ၏ တန်တျန်သုံးခုနှင့် အခြားသော အသက်သွေးကြော နေရာများပေါ်တွင် ကပ်လိုက်လေသည်။
ထိုအဆောင်လက်ဖွဲ့များ အလုပ်လုပ်လာသည်နှင့်အမျှ အလင်းတန်းများ တဆက်တည်း ထွက်ပေါ်လာပြီး ချီပိုင်အား လုံးဝ ပိတ်ဆို့ချုပ်နှောင်လိုက်တော့သည်။
"မြန်မြန် သွားကြစို့" စွန်းလင်ထုံက ထိုသို့ အလောတကြီး တိုက်တွန်းပြီးနောက် မျက်စိရှေ့တွင် မှောင်မိုက်သွားကာ သတိလစ်လဲကျသွားလေတော့သည်။
မီးလျှံတောင်၏ ထိပ်ဖျား၌ ဖြစ်သည်။
ချီပိုင်နှင့် နင်း၊ စွန်း နှစ်ဦးတို့၏ တိုက်ပွဲရလဒ်ကို ကြည့်ရင်း မုန့်ခွေ၏ မျက်နှာသည် အနည်းငယ် လှုပ်ခတ်သွားချေသည်။
ဤတိုက်ပွဲ၏ အဖြေမှာ သူ့အား အတော်ပင် အံ့အားသင့်စေခဲ့သည်။
နင်းကျော့သည် အဆောင်လက်ဖွဲ့များဖြင့် ချုပ်နှောင်ပြီး ချီပိုင်အား ထိုနေရာတွင်တင် အပြတ်မသတ်သည်ကို မြင်သောအခါ သူ၏ မျက်ခုံးများမှာ တင်းခနဲ ဖြစ်သွားရသည်။
ချက်ချင်းပင် သူသည် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ပြီး အသံလွှင့်ကာ ညွှန်ကြားချက်တစ်ခု ပေးလိုက်လေသည်။
အသင့်အနေအထားရှိနေသော ချီတွန်းနှင့် ဖေးစီတို့ ဖြစ်ကြသည်။
ချီတွန်းသည် ချက်ချင်းပင် ဝေဟင်သို့ ပျံတက်သွားပြီး ချီပိုင် ရှုံးနိမ့်သွားသည့် နေရာသို့ အပြေးအလွှား သွားရောက်တော့သည်။
နင်းကျော့၏ ဆုတ်ခွာမှုမှာ အချိန်ကိုက်ပင် ဖြစ်သည်။
ချီတွန်း ထိုနေရာသို့ ဆင်းသက်ချိန်တွင် ပတ်ဝန်းကျင်မှာ ပျက်စီးယိုယွင်းနေပြီး မည်သူမျှ မရှိတော့ချေ။
"ဟူး... နောက်ကျသွားပြီပဲ" ချီတွန်းသည် သဲလွန်စအချို့ကို ရှာဖွေရန် ပညာရပ်တစ်ခုကို အလျင်အမြဲ အသုံးပြုလိုက်သည်။
သို့သော် နင်းကျော့သည် သိသာထင်ရှားသော သဲလွန်စများကို ချန်ထားရိုး ရှိပါမည်လော။
ချီတွန်း၏ လှုပ်ရှားမှုကို မြင်သောအခါ မိုင်ပေါင်းများစွာ အကွာအဝေးမှ ကျူးရွှမ်းကျိသည် တစ်ခုခုကို ရိပ်မိသွားပြီး "မြို့စားမင်းဂေဟာက စပြီး လှုပ်ရှားနေပြီပဲ" ဟု ဆင်ခြင်မိသည်။
"မုန့်ခွေရဲ့ နတ်ဘုရားစွမ်းအား အသုံးချမှုကလည်း ပြီးဆုံးတော့မှာပဲ ဖြစ်ရမယ်"
ကျူးရွှမ်းကျိသည် ဤအချက်ကို ချက်ချင်းပင် သဘောပေါက်လိုက်သည်။
အစီအရင်တစ်ခုလုံးကို အသက်သွေးသွင်းထားစဉ်တွင် မြို့စားမင်းဂေဟာသည် မုန့်ခွေ၏ အမိန့်အရ အစွမ်းအစများကို ရုပ်သိမ်းထားကာ မည်သည့်လှုပ်ရှားမှုမျှ မပြုဘဲ ဘေးမှသာ ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ကျူးရွှမ်းကျိ သိထားသည်မှာ မြို့စားမင်းဂေဟာနှင့် မုန့်ခွေ၏ ကံကြမ္မာမှာ တစ်သားတည်း ဖြစ်နေပြီး အထူးသဖြင့် ဖေးစီနှင့် ချီတွန်းတို့မှာ မြို့စားမင်း မုန့်ခွေ၏ လက်ရုံးများ ဖြစ်သဖြင့် ကံကြမ္မာချင်း ခိုင်ခိုင်မာမာ ဆက်နွှယ်နေခြင်းပင်။
အကယ်၍ ထိုနှစ်ဦးသာ အစီအရင်အတွင်းသို့ ဆွဲသွင်းခံရပါက မုန့်ခွေသည်လည်း ငြိမ်နေ၍ ရတော့မည်မဟုတ်ဘဲ ထိခိုက်မှုများ ရှိလာပေလိမ့်မည်။
"ဒီတစ်ခါ မုန့်ခွေရဲ့ နတ်ဘုရားစွမ်းအား အသုံးချမှုက ငါထင်ထားတာထက် အများကြီး ပိုမြန်နေပါလား"
"အရင် တိုက်ပွဲတွေတုန်းက သူ ဒါကို အကြာကြီး ထိန်းထားနိုင်ခဲ့တာ။ အခုတစ်ခါတော့ မီးလျှံတောင် မသေမျိုးမြို့တော်က မြို့သူမြို့သားတွေအတွက် သူ အတော်လေး ထိန်းချုပ်ထားပုံရတယ်"
"ဒါမှမဟုတ် သူ ချော်ရည်နန်းတော်ကိုလည်း ထည့်တွက်နေတာ ဖြစ်နိုင်တယ်"
"တကယ်တော့ မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုအောက်မှာ ချော်ရည်နန်းတော်ရဲ့ စွမ်းဆောင်ရည်က မျှော်လင့်ထားတာထက် အများကြီး နိမ့်ကျနေခဲ့တာပဲ။ ငါ ခန့်မှန်းထားတာထက်လည်း အများကြီး အားနည်းနေသေးတယ်"
ကျူးရွှမ်းကျိသည် တိုက်ပွဲကို ဆက်လက်မစောင့်ကြည့်တော့ဘဲ ပြန်လည်လှုပ်ရှားလိုက်သည်။
သူသည် မီးလျှံတောင် မသေမျိုးမြို့တော်သို့ တိုးကပ်ရန် ကြိုးစားသည်။
လေထိန်းခေါင်းလောင်းသံ ထွက်ပေါ်လာတိုင်း သူသည် ရပ်တန့်ကာ အကွာအဝေးတစ်ခုသို့ နောက်ဆုတ်လိုက်ပြီး မိမိ၏ ကံကြမ္မာ မထိခိုက်စေရန် ဂရုပြုနေခဲ့သည်။
ကျူးရွှမ်းကျိ သံသယရှိသည့်အတိုင်းပင် မမြင်ရသော အစီအရင်ကြီးမှာ လျင်မြန်စွာ ကျုံ့ဝင်လာနေသည်။ ထိုသို့ ကျုံ့ဝင်မှုမှာလည်း တဖြည်းဖြည်း ပိုမိုမြန်ဆန်လာချေသည်။
နင်းကျော့သည် သစ်သားစစ်သည် တိုက်ပွဲဝင်မျောက် တာရှန့်အား ပြန်လည်သိမ်းဆည်းလိုက်ပြီး စွန်းလင်ထုံနှင့် ချီပိုင်တို့ကို မြေအောက်စခန်းတစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အတွင်း သူနှင့် စွန်းလင်ထုံတို့သည် မသေမျိုးမြို့တော်ရှိ ဟာကွက်များကို တိုးတိုးတိတ်တိတ် ရှာဖွေခဲ့ကြပြီး မြေအောက်စခန်း ပေါင်းနှစ်ဆယ်ကျော်ကို လျှို့ဝှက်တည်ဆောက်ခဲ့ကြသည်။
ထိုစခန်းများစွာမှာ တည်ဆောက်ပြီးကတည်းက တစ်ကြိမ်မျှပင် အသုံးမပြုရသေးပေ။
ပုံမှန်ရက်များတွင်မူ နင်းကျော့သည် သူ၏မိခင် ချန်ထားရစ်ခဲ့သော၊ ဟန်မင်ကို ဖမ်းဆီးထားခဲ့ဖူးသည့် မြေအောက်စခန်းတစ်ခုကိုသာ အသုံးများလေ့ရှိသည်။
ယခုရောက်ရှိနေသော မြေအောက်စခန်းမှာမူ သေးငယ်လှပြီး တည်ဆောက်ပြီးကတည်းက နင်းကျော့ပင် တစ်ခါမျှ မလာရောက်ဖူးချေ။
ယင်း၏ အဓိက ထူးခြားချက်မှာ အဆင့်မြင့်ပစ္စည်းများဖြင့် အကုန်အကျခံ တည်ဆောက်ထားသော ကုသရေးအစီအရင်ပင် ဖြစ်ပြီး အနာရောဂါများကို အထူးပင် ပျောက်ကင်းစေနိုင်စွမ်း ရှိသည်။
ချီပိုင်နှင့် တိုက်ပွဲစတင်ချိန်တွင် နင်းကျော့သည် ခဏခဏ နေရာပြောင်းရွှေ့ခဲ့သဖြင့် မြေအောက်စခန်း ဆယ်ခုကျော်မှာ လူသိရှင်ကြား ဖြစ်သွားခဲ့ရသည်။ ထိုသို့ပြုလုပ်ခြင်းမှာ အင်အားကြီးသော ရန်သူကို တတ်နိုင်သမျှ အားအင်ကုန်ခမ်းစေရန် ရည်ရွယ်ခြင်းပင်။
ဤကုသရေး မြေအောက်စခန်းအား အလဟဿ အသိမခံနိုင်ပေ။ ထိုသို့ အသိခံလိုက်ခြင်းမှာ ရန်သူ့အား လက်ဆောင်ပေးသလို ဖြစ်သွားမည်ဖြစ်ရာ နင်းကျော့သည် ထိုမျှအထိ မအပါပေ။
ထို့ကြောင့် စွန်းလင်ထုံ ပြန်လည်သတိရလာသောအခါ အားနည်းစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ မိမိကိုယ်မိမိ အစီအရင်တစ်ခုအတွင်း ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
ရေတွက်၍မရနိုင်သော စိမ်းဖန့်ဖန့် အလင်းစက်လေးများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကာ ဒဏ်ရာများကို တက်ကြွစွာ ပြုပြင်ကုသပေးနေကြသည်။
သတိရလာသည်နှင့် စွန်းလင်ထုံက "ကျော့လေး။ ငါ့ကို ထူပေးဦး၊ ချီပိုင်ဆီက ပစ္စည်းတွေ သိမ်းရမယ်" ဟု ဟစ်အော်လိုက်တော့သည်။
နင်းကျော့သည် ကုသရေးအစီအရင်ကို ချက်ချင်းပိတ်လိုက်ပြီး စွန်းလင်ထုံအား တွဲကူကာ ထွက်လာခဲ့သည်။
စွန်းလင်ထုံမှာ အတော်လေး အားနည်းနေချေပြီ။ မကြာသေးမီက တိုက်ပွဲတွင် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ပြင်းထန်သော ဒဏ်ရာများ ရရှိထားခဲ့သည်။ အကယ်၍သာ အသက်ကယ်ဆေးလုံးကို မသောက်ခဲ့ပါက သူသည် အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။
စွန်းလင်ထုံမှာ ကိုယ်တိုင်မလျှောက်နိုင်သဖြင့် နင်းကျော့အား မှီတွယ်ရင်း အသက်ကို ပြင်းပြင်းရှူနေရသည်။ မျက်နှာမှာ ဖြူဖျော့နေပြီး များမကြာမီမှာပင် နဖူးပြင်၌ ချွေးစေးများ ပြည့်နှက်လာရသည်။
"အစ်ကိုစွန်း၊ တကယ်ပဲ အဆင်ပြေရဲ့လား" နင်းကျော့က စိုးရိမ်တကြီး မေးလိုက်သည်။
စွန်းလင်ထုံက သူ၏လက်ငယ်လေးကို ဆန့်ထုတ်လိုက်ပြီး "ငါ့ကို ခွန်အားသစ်လောင်း ဆေးလုံးတစ်လုံး ပေးစမ်းပါ" ဟု ဆို၏။
ဤဆေးလုံးသည် ကျင့်ကြံသူတစ်ဦးအား ခဏတာအတွင်း အားအင်အပြည့် ဖြစ်စေနိုင်ပြီး ဝိညာဉ်စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအင်များကို လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးစေကာ ပင်ပန်းနွမ်းနယ်မှုများကို ပျောက်ကင်းစေနိုင်သည်။
သို့သော် ဆိုးကျိုးမှာ နောက်ပိုင်းတွင် အလွန်အမင်း အားအင်ချည့်နဲ့ကာ အိပ်ငိုက်ခြင်း ဝေဒနာကို အချိန်အတော်ကြာ ခံစားရမည် ဖြစ်သည်။
အမှန်စင်စစ် နင်းကျော့သည် ချီပိုင်နှင့် တိုက်ခိုက်စဉ်ကပင် ဤဆေးလုံးကို တစ်လုံး သုံးစွဲခဲ့ပြီး ဖြစ်သည်။
ထိုစဉ်က သူသည် သံမဏိဟန် သံချပ်ကာကို ထိန်းချုပ်ရင်း အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ချီပိုင်၏ အသက်သွေးကြောကို မထိဘဲ ရင်ဘတ်ကိုသာ ထိမှန်ခဲ့သည်။
ထို့နောက် စွန်းလင်ထုံ၏ သတိပေးချက်ကြောင့် သူသည် တိုက်ပွဲဝင်စိတ်ဓာတ်များ ပြန်လည်နိုးကြားလာကာ ပျက်စီးနေသော အိမ်အတွင်း၌ ချီပိုင်အား ဆက်လက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်အတွင်း နင်းကျော့သည် သံမဏိဟန် သံချပ်ကာအတွင်း၌ ခွန်အားသစ်လောင်း ဆေးလုံးကို တိုးတိုးတိတ်တိတ် သောက်ခဲ့ခြင်းပင်။
ဤဆေးလုံးကို တစ်ရက်လျှင် တစ်လုံးသာ သောက်သုံးနိုင်သည်။း
ထိုထက်ပိုသောက်ပါက မည်သည့်ထူးခြားမှုမျှ ရှိတော့မည်မဟုတ်ပေ။
အားနည်းသောသူများအတွက်မူ ဤဆေးလုံးကို မဆင်မခြင် သောက်သုံးပါက ရုတ်တရက် အသက်ပျောက်သွားနိုင်သည့် အန္တရာယ် ရှိသည်။
သို့သော် စွန်းလင်ထုံမှာမူ ဤဆေးလုံးမျိုးကို အကြိမ်ကြိမ် သောက်သုံးခဲ့ဖူးသူ ဖြစ်သည်။
သူသည် သူ၏ဆရာနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီး နင်းကျော့၏ ကယ်တင်ခြင်းကို ခံခဲ့ရစဉ်က ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသည်။
ကျယ်ပြောလှသော မီးလျှံတောင် မသေမျိုးမြို့တော်တွင် အသက်မွေးရန် ခက်ခဲလှသဖြင့် ဘေးဒုက္ခများနှင့် ကြုံတွေ့ရတိုင်း ဤဆေးလုံးကိုသာ အားကိုးပြီး အကျပ်အတည်းများကို ကျော်လွှားခဲ့ရခြင်းပင်။
အကြိမ်ကြိမ် သောက်သုံးဖူးသဖြင့် စွန်းလင်ထုံမှာ အတွေ့အကြုံ အတော်ပင် ကြွယ်ဝနေပြီ ဖြစ်သည်။
ယခု ဆေးလုံးသောက်ပြီးနောက် သူ၏နှာခေါင်းဝမှာ ကားသွားပြီး ဖြူဖျော့နေသော ပါးပြင်များမှာ ပြန်လည်နီမြန်းလာကာ အားအင်များ စီးဆင်းလာပြီး မျက်လုံးများမှာလည်း ပြန်လည်တောက်ပလာတော့သည်။
သူ၏ ဆံပင်များမှာ လျှပ်စီးအန္တရာယ် ကြုံနေရသကဲ့သို့ ထောင်ထလာချေသည်။
သူသည် မိမိ၏ ဘောင်းဘီအတွင်းသို့ ငုံ့ကြည့်လိုက်ပြီး ကျေနပ်စွာဖြင့် "ဒီဆေးလုံးက အထက်တန်းစားပဲ" ဟု ရေရွတ်လိုက်သည်။
အထက်တန်းစား ခွန်အားသစ်လောင်း ဆေးလုံးသည် စွန်းလင်ထုံ၏ ခန္ဓာကိုယ်တစ်ခုလုံးအား အားအင်အပြည့် ဖြစ်စေသည်။
အလယ်တန်းစား ဆေးလုံးမှာမူ ဤမျှ စွမ်းဆောင်ရည် မရှိပေ။
ယခုအချိန်အထိ စွန်းလင်ထုံသည် အထူးအဆင့် ခွန်အားသစ်လောင်း ဆေးလုံးကို မစမ်းသပ်ဖူးသေးပေ။
အထူးအဆင့် ဆေးလုံးများမှာ အလွန်ပင် ရှားပါးလှပြီး အံ့ဖွယ်စွမ်းပကားများ ရှိတတ်ကြသည်။
စွန်းလင်ထုံသည် ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချီပိုင်ရှိရာသို့ အားမာန်အပြည့်ဖြင့် လျှောက်သွားတော့သည်။
ချီပိုင်သည် အဆောင်လက်ဖွဲ့များဖြင့် ချုပ်နှောင်ခံထားရပြီး အစီအရင်အတွင်း၌ သတိလစ်နေဆဲ ဖြစ်သည်။
သူ၏ အနှစ်သာရ၊ ချီစွမ်းအားနှင့် ဝိညာဉ်အသိပင်လယ်တို့မှာ အဆောင်လက်ဖွဲ့များ၏ ဖိနှိပ်မှုကို ခံထားရချေပြီ။
စွန်းလင်ထုံသည် သူ၏ လက်ငယ်လေးကို ဆန့်ထုတ်ကာ ချီပိုင်၏ မျက်နှာကို ခပ်ဖွဖွ ရိုက်လိုက်သည်။
ချီပိုင်မှာ လှုပ်ရှားမှု မရှိသော်လည်း ရိုက်ခံလိုက်ရသော ပါးပြင်မှာမူ သိသိသာသာ နီမြန်းရောင်ရမ်းလာသည်။
စွန်းလင်ထုံက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ လက်နှစ်ဖက်ကို စုစည်းလျက် ခေါင်းငုံ့ကာ နက်နဲသော ဂါထာမန္တရားတစ်ခုကို တိုးတိုးလေး ရွတ်ဆိုနေတော့သည်။
ခဏအကြာတွင် သူသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ၏ မျက်လုံးများနှင့် သူငယ်အိမ်တို့မှာ ဝိညာဉ်အလင်းတန်းများ ဖုံးလွှမ်းနေချေပြီ။
သူ၏လက်များမှ မီးခိုးများ ထွက်ပေါ်လာပြီး ဖြူလွလွ တိမ်တိုက်သဏ္ဌာန် အမျှင်တန်းလေးများ ဖြစ်ပေါ်လာသည်။ ထိုမီးခိုးများအတွင်း၌ စိန်ပွင့်လေးများကဲ့သို့ သေးငယ်သော ငွေရောင်အလင်းတန်းလေးများမှာလည်း တဖျတ်ဖျတ် တောက်ပနေကြသည်။
စွန်းလင်ထုံသည် ဂါထာကို ဆက်လက်ရွတ်ဆိုနေပြီး သူ၏အသံမှာ တဖြည်းဖြည်း တိုးသထက် တိုးလာကာ နောက်ဆုံးတွင် တိတ်ဆိတ်သွားတော့သည်။
အသက်ရှူသံ အနည်းငယ်အကြာတွင် သူ၏လက်ဝါးများမှာ ပျောက်ကွယ်သွားပြီး လက်ကောက်ဝတ်နှင့် ဆက်နေသော တိမ်တိုက်များက အစားထိုး ဝင်ရောက်လာသည်။
ဗုဒ္ဓနှလုံးသားဂိုဏ်း၏ ပညာရပ်ဖြစ်သော ပင်လယ်ကြည့် တိမ်တိုက်ဖမ်းလက်ဝါး ပင် ဖြစ်သည်။
ဖြူလွလွ တိမ်တိုက်သည် ချီပိုင်၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်ပြီး အထက်ပိုင်းတန်တျန် စိတ်ဝိညာဉ်အာရုံအတွင်းသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။
တိမ်တိုက်သည် လည်ပတ်နေပြီး အဆက်မပြတ် လှုပ်ခတ်နေချေသည်။
များမကြာမီမှာပင် တိမ်တိုက်သည် ပြန်လည်ဆုတ်ခွာလာသည်။ ယခင်နှင့်မတူဘဲ ယခုတွင် တိမ်တိုက်မှာ ဖောင်းကားနေပြီး တစ်စုံတစ်ခုကို ပတ်ထားသည်မှာ ထင်ရှားလှသည်။
စွန်းလင်ထုံသည် ထိုတိမ်တိုက်ကို ဘေးနားရှိ မြေလွတ်ပေါ်သို့ ပို့ဆောင်လိုက်ရာ တိမ်တိုက်မှာ ဖြည်းဖြည်းချင်း ပျံ့လွင့်ပျောက်ကွယ်သွားသည်။
ထိုအခါ တံဆိပ်တော်တစ်ခု ပေါ်ထွက်လာတော့သည်။
ယင်းမှာ စတုဂံပုံစံ ကျောက်စိမ်းတံဆိပ်တော် တစ်ခုဖြစ်ပြီး အမည်းရောင် ကျောက်စိမ်းကဲ့သို့ အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။
တံဆိပ်တော်၏ မျက်နှာပြင်ပေါ်တွင် လူသားဦးခေါင်းခွံပုံ ပါရှိပြီး ရေကဲ့သို့ ကြည်လင်နေကာ ယင်း၏သွားများကြားတွင် ဝိညာဉ်ဆက်သွယ်ခြင်းပုတီးကို မြှုပ်နှံထားသည်။ ထိုပုတီးအတွင်း၌ အပြာရောင် ငရဲမီးတောက်များ အဆက်မပြတ် လောင်မြိုက်နေသည်။
တံဆိပ်တော်၏ အောက်ခြေတွင် "ငရဲဘုံ သရဲနတ်ဘုရား" ဟူသော စာလုံးလေးလုံးကို ထွင်းထုထားသည်။
ငရဲဘုံ သရဲနတ်ဘုရား တံဆိပ်တော် ပင် ဖြစ်သည်။
ယင်းမှာ သာမန် မှော်လက်နက် မဟုတ်ဘဲ ရတနာလက်နက် တစ်ခု ဖြစ်သည်။
ဤပစ္စည်းဖြင့် ချီပိုင်သည် စစ်ဆေးရေးမှူးချုပ်နှင့် နွားခေါင်း သရဲစစ်သည် ဟူသော သရဲနတ်ဘုရား နှစ်ပါး၏ ပုံရိပ်ပွားများကို ဆင့်ခေါ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ချီပိုင်၏ တန်ဖိုးအရှိဆုံး ရတနာဖြစ်ပြီး သူ၏ အစွမ်းသတ္တိအားလုံး၏ အမြုတေပင် ဖြစ်ရာ စွန်းလင်ထုံက ပထမဆုံး နှိုက်ယူလိုက်ခြင်း ဖြစ်သည်။
"ဒီကျောက်စိမ်းတံဆိပ်ကို ယင်းဓာတ်ပါတဲ့ ဝိညာဉ်စွမ်းအားကို သုံးပြီး သန့်စင်လိုက်မယ်ဆိုရင် အသုံးပြုလို့ ရနိုင်တယ်။"
"ငါတို့က သရဲကျင့်ကြံသူတွေ မဟုတ်ပေမဲ့လည်း နောက်ပိုင်းမှာ ငရဲဘုံကို သွားစရာရှိခဲ့ရင် ဒါက အသုံးဝင်တဲ့ လက်နက်တစ်ခု ဖြစ်လာမှာပဲ။"
"အရင်ဆုံး ဒါကို ပိတ်ဆို့ထားလိုက်ဦး။"
စွန်းလင်ထုံသည် အဆောင်လက်ဖွဲ့များကို ထုတ်ယူကာ ထိုရတနာလက်နက်၏ ရှေ့နှင့်နောက်တွင် ကပ်လိုက်သည်။
သူသည် ဖြူလွလွ မီးခိုးကို နောက်တစ်ကြိမ် အသုံးပြုကာ ချီပိုင်၏ စိတ်ဝိညာဉ်အာရုံအတွင်းသို့ ထပ်မံထိုးဖောက်စေပြန်သည်။
များမကြာမီမှာပင် မီးခိုးသည် ပြန်လည်ထွက်ပေါ်လာပြီး စည်တော်တစ်ခုကို ဆွဲထုတ်လာခဲ့သည်။
ယင်းမှာ တိုက်ပွဲအတွင်း နင်းနှင့် စွန်း နှစ်ဦးသားအား အခက်တွေ့စေခဲ့သော ဝိညာဉ်တုန်ခါစေသော စည်တော် ပင် ဖြစ်သည်။
ငရဲဘုံ သရဲနတ်ဘုရား တံဆိပ်တော် ကဲ့သို့ပင် ယင်းမှာလည်း ရတနာလက်နက် တစ်ခု ဖြစ်သည်။
စွန်းလင်ထုံသည် အဆောင်လက်ဖွဲ့များကို အသုံးပြုကာ လွယ်လွယ်ကူကူပင် ပိတ်ဆို့လိုက်သည်။
တကယ်တော့ ယင်းမှာ ဝိညာဉ်ရတနာ မဟုတ်သဖြင့် ဝိညာဉ်အနှစ်သာရ ကင်းမဲ့နေခြင်းကြောင့်ပင်။
အထက်ပိုင်းတန်တျန် စိတ်ဝိညာဉ်အာရုံအတွင်း၌ အခြားရတနာများ မရှိတော့ပေ။
သို့သော် စွန်းလင်ထုံသည် များပြားလှသော စိတ်ဝိညာဉ်အာရုံ အပိုင်းအစများကို ထုတ်ယူကာ ကျောက်စိမ်းပြားတစ်ခုအတွင်းသို့ အကုန်သိမ်းဆည်းလိုက်သည်။
ထို့နောက် သူသည် ပင်လယ်ကြည့် တိမ်တိုက်ဖမ်းလက်ဝါး ကို အသုံးပြုကာ ချီပိုင်၏ ချီစွမ်းအားပင်လယ်အတွင်းသို့ စမ်းသပ်ကြည့်သည်။
ချီစွမ်းအားပင်လယ်အတွင်း၌ ထူးခြားသော ရတနာများ မရှိသော်လည်း ပညာရပ် အဆောင်လက်ဖွဲ့မျိုးစေ့ အမြောက်အမြား ရှိနေသည်ကို တွေ့ရသည်။
ကျင့်ကြံသူတစ်ဦးသည် ပညာရပ်တစ်ခုကို အဆင့်တစ်ခုအထိ ကျွမ်းကျင်အောင် ကျင့်ကြံပြီးပါက ပညာရပ် အဆောင်လက်ဖွဲ့မျိုးစေ့များ ဖြစ်ပေါ်လာတတ်သည်။
ဤလမ်းစဉ်ကို ဆက်လက်ကျင့်ကြံပါက နတ်ဘုရားစွမ်းအားများအထိ ရရှိနိုင်သည်။
သို့သော် ထိုသို့ပြုလုပ်ရန်မှာ ပါရမီထူးကို အသုံးပြုသည်ထက် များစွာ ပိုမိုခက်ခဲပြီး ကုန်ကျစရိတ်လည်း မြင့်မားလှသည်။
ထို့ပြင် ရရှိလာသော နတ်ဘုရားစွမ်းအားများမှာလည်း သာမန်ကာလျှံကာသာ ဖြစ်တတ်သည်။
ပါရမီထူးသည်သာ နတ်ဘုရားစွမ်းအားများ ဖြစ်ထွန်းရန် မြေသြဇာကောင်းသော မြေဆီလွှာအဖြစ် အသိအမှတ်ပြုခံရပြီး ယင်းမှရရှိသော နတ်ဘုရားစွမ်းအားများမှာ အလွန်ပင် အစွမ်းထက်ကာ ထူးခြားလှသည်။
စွန်းလင်ထုံသည် ဖြူလွလွ မီးခိုးကို အသုံးပြုကာ ထိုအဆောင်လက်ဖွဲ့မျိုးစေ့များ၏ ပုံရိပ်များကို ထုတ်ယူလိုက်သည်။
သူသည် အဆောင်လက်ဖွဲ့ စက္ကူများကို ထုတ်လိုက်ရာ ဖြူလွလွ မီးခိုးက ထိုပုံရိပ်များကို စက္ကူပေါ်သို့ တင်ပေးလိုက်သည်နှင့် ချက်ချင်းပင် အဆောင်လက်ဖွဲ့ တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
"အားလုံးက အထက်တန်းစားတွေချည်းပဲ၊ ပိုက်ဆံအများကြီး ရမှာပဲ" ဟု စွန်းလုံထုံက ကျေနပ်အားရစွာ ခေါင်းညိတ်သည်။
နင်းကျော့ကလည်း "ကျွန်တော်တို့အတွက်လည်း အချို့ကို ချန်ထားသင့်တယ်" ဟု ထပ်လောင်းပြောကြားလိုက်သည်။
မကြာသေးမီက တိုက်ပွဲတွင် သူသည် ဆယ်စုနှစ်တစ်ခုစာ စုဆောင်းထားခဲ့သော စက်မှုပစ္စည်းများကို အကုန်နီးပါး သုံးစွဲခဲ့ရသဖြင့် အတော်ပင် စိတ်မသက်မသာ ဖြစ်နေရရှာသည်။
နောက်ဆုံးတွင် စွန်းလင်ထုံသည် ဖြူလွလွ မီးခိုးကို သုံးကာ ချီပိုင်ထံမှ များပြားလှသော ဝိညာဉ်စွမ်းအားများကို ထုတ်ယူပြီး ဝိညာဉ်သိုလှောင်လုံးအတွင်း သိမ်းဆည်းလိုက်သည်။
ထို့နောက် ဖြူလွလွ မီးခိုးသည် အောက်ပိုင်းတန်တျန် အနှစ်သာရပင်လယ် အတွင်းသို့ တရားဝင် ဝင်ရောက်သွားတော့သည်။
စွန်းလင်ထုံသည် ခဏမျှ ရှာဖွေပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်သွားကာ ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။
"ဒါ... ဒါက တကယ့်ကို ဒီပစ္စည်းပါလား။ ရတနာပဲ၊ တကယ့် ရတနာအစစ်ပဲဟေ့"
အခန်း ၁၄၆ - သရဲတံခါးမှ လွတ်မြောက်ခြင်း
နင်းကျော့သည် ချက်ချင်းပင် စိတ်ဝင်စားသွားချေသည်။
စွန်းလင်ထုံသည် ယခင်က ငရဲဘုံ ဝိညာဉ်တံဆိပ်နှင့် ဝိညာဉ်တုန်ခါစေသော စည်တော်တို့ကို ထုတ်ယူစဉ်ကပင် ယခုကဲ့သို့ အံ့ဩတုန်လှုပ်သော အမူအရာမျိုး မပြခဲ့ပေ။
ချီပိုင်၏ အနှစ်သာရပင်လယ်အတွင်းရှိ ရတနာမှာ ရှေးဦးက မှော်လက်နက်နှစ်ခုထက်ပင် ပိုမိုတန်ဖိုးကြီးနေသလောဟု တွေးတောမိသည်။
နင်းကျော့၏ စူးစိုက်ကြည့်ရှုနေမှုအောက်တွင် စွန်းလင်ထုံသည် မီးခိုးတိမ်တိုက်များကို ရုပ်သိမ်းလိုက်ပြီးနောက် အဖိုးတန်အပင်တစ်ပင်ကို ထုတ်ဖော်ပြသလိုက်လေသည်။
၎င်းမှာ မြက်ပင်ငယ်တစ်အုပ်ပင် ဖြစ်တော့သည်။
ထိုမြက်ပင်မှာ သုံးပေခန့် မြင့်မားပြီး ပင်စည်မှာ ကြံ့ခိုင်ကာ သစ်ခေါက်ကဲ့သို့ အင်းကွက်များဖြင့် ဖုံးလွှမ်းနေချေသည်။ အောက်ခြေရှိ အမြစ်များ၏ အရောင်မှာ ဖြူဖွေးနေသော်လည်း အရွက်များဆီသို့ ရောက်ရှိသွားသောအခါ တဖြည်းဖြည်း မည်းနက်သွားသည်ကို တွေ့ရပေသည်။
အရွက်များကို အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်၏။
အောက်ပိုင်းမှာ ရာသီဥတုဒဏ်ကြောင့် ဟောင်းနွမ်းညှိုးခြောက်နေသော ဝါကြင်ကြင် ပုရပိုက်စာလိပ်ဟောင်းများကဲ့သို့ လိပ်ခဲနေပြီး အပေါ်ပိုင်းမှာမူ အားမာန်အပြည့်ဖြင့် ဝေဆာလျက်ရှိကာ အရွက်ကြောများမှာ ထင်ရှားပြီး အနားသတ်များမှာ မှောင်မိုက်သောအရပ်မှ မျှော်လင့်ချက်အလင်းရောင်လေးကဲ့သို့ မှိန်ပျပျ တောက်ပနေလေသည်။
စွန်းလင်ထုံက တစ်စုံတစ်ရာ ပြောကြားရန်ပင် မလိုဘဲ နင်းကျော့က မှတ်မိသွားကာ ရေရွတ်လိုက်မိသည်မှာ - "သရဲတံခါး ရှောင်တိမ်းမြက်လား"
ဤလောကကြီးကို လူ့ပြည်လောကနှင့် ငရဲဘုံဟူ၍ နှစ်ပိုင်းခွဲခြားထားပေရာ
လူ့ပြည်လောကမှာ နင်းကျော့ နေထိုင်ရာ အရပ်ဖြစ်ပြီး နေထွက်နေဝင် ရှိကာ သက်ရှိအနှစ်သာရများဖြင့် ပြည့်နှက်နေချေသည်။
ငရဲဘုံမှာမူ သရဲများဖြင့် ပြည့်နှက်နေပြီး အစဉ်အမြဲ မှောင်မိုက်အေးစက်ကာ သေခြင်းတရားများ လွှမ်းမိုးထားသော နေရာဖြစ်၏။
ငရဲဘုံနှင့် လူ့ပြည်လောကအကြား ထွက်ပေါက်နှင့် ဝင်ပေါက်ကို သရဲတံခါးဝဟု ခေါ်ဆိုကြသည်။
သရဲတံခါးဝများမှာ တစ်ဖက်သတ် လမ်းကြောင်းများသာ ဖြစ်ကြကုန်၏။
လူ့ပြည်လောကမှ ငရဲဘုံသို့သာ ဝင်ရောက်နိုင်ပြီး သို့မဟုတ်ပါက အပြန်အလှန်အားဖြင့်သာ သွားလာနိုင်ပေသည်။
ငရဲဘုံမှ လူ့ပြည်လောကသို့ ဦးတည်သော သရဲတံခါးဝများ အနီးတွင်သာ သရဲတံခါး ရှောင်တိမ်းမြက်များ ပေါက်ရောက်နိုင်သည် ဖြစ်တန်ရာသည်။
ဤမြက်ပင်၏ အမြစ်များသည် ငရဲဘုံ၏ မြေဆီလွှာထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး သေခြင်းတရား အရှိန်အဝါများကို စုပ်ယူထားကာ အရွက်များမှာမူ လူ့ပြည်လောကဘက်သို့ ဆန့်ထွက်နေပြီး သက်ရှိစွမ်းအားများ ကိန်းအောင်းနေချေသည်။
၎င်းသည် သေခြင်းတရားမှ မွေးဖွားလာခြင်းဖြစ်ရာ အလွန်တရာ အားကောင်းသော ပြန်လည်ကုသနိုင်စွမ်း ရှိပေသည်။
သေအံဆဲဆဲ ဖြစ်နေသော လူသာမန်များပင်လျှင် ထိုမြက်ပင်၏ ရနံ့ကို ရှူရှိုက်မိရုံဖြင့် လျင်မြန်စွာ ပြန်လည်ကျန်းမာလာနိုင်ပေ၏။
နင်းကျော့သည် ရှေးဦးက တိုက်ပွဲအခြေအနေကို ပြန်လည်အမှတ်ရမိသွားသည်။
ချီပိုင်သည် ခဏတာမျှ အသက်ရှူလိုက်ရုံဖြင့် ပြင်းထန်သော ဒဏ်ရာများမှာ ဒဏ်ရာအနည်းငယ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး နာလန်ထူလာနိုင်ခဲ့သည်မှာ ဤအဖိုးတန်အပင်ကို အသုံးပြုခဲ့ခြင်းကြောင့်ပင် ဖြစ်တန်ရာသည်။
စွန်းလင်ထုံက သက်ပြင်းချရင်း ဆိုလာသည်မှာ - "သရဲတံခါး ရှောင်တိမ်းမြက် တစ်ပင်စီတိုင်းဟာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ရတနာတွေပဲ။ ဒီအပင်ကို ရရှိဖို့ ချီပိုင်ရဲ့ ကံကြမ္မာက တော်တော်လေး ကောင်းခဲ့ပုံရတယ်"
"သူ့ရဲ့ ကျင့်စဉ်က ယင်းဓာတ်ဖြစ်နေတော့ ဒီသရဲတံခါး ရှောင်တိမ်းမြက်က သူနဲ့ တကယ်ကို ကိုက်ညီတာပေါ့"
နင်းကျော့က ရေတွက်ကြည့်လိုက်ရာ ထိုသရဲတံခါး ရှောင်တိမ်းမြက် အုပ်စုတွင် မြက်ရွက် ခုနစ်ရွက် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
"တို့တွေတော့ သူဌေးဖြစ်ပြီ" ဟု နင်းကျော့က လိုရင်းတိုရှင်း ပြောလိုက်လေသည်။
မြက်ရွက်တစ်ရွက်စီ၏ ဈေးကွက်တန်ဖိုးမှာ သူတိုက်ပွဲတွင် အသုံးပြုခဲ့သော စက်မှုပစ္စည်းအားလုံး၏ တန်ဖိုးထက်ပင် ကျော်လွန်နေချေပြီ။
ထို့ပြင် ထိုမြက်ရွက်များကို ဝယ်ယူရန်မှာလည်း အလွန်ပင် ခဲယဉ်းလှပေသည်။
ကျင့်ကြံသူများအကြား ကွာဟချက်မှာ အလွန်ကြီးမားလှပြီး အဆင့်မြင့်လာလေလေ ပိုမိုဝေးကွာသွားလေလေ ဖြစ်သကဲ့သို့ အဖိုးတန်အပင်များ၏ အခြေအနေမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။
နင်းကျော့ တိုက်ပွဲတွင် ဆုံးရှုံးခဲ့သော စက်မှုပစ္စည်းများမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ပစ္စည်းများသာ ပါဝင်သော်လည်း ဤသရဲတံခါး ရှောင်တိမ်းမြက်မှာမူ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ရတနာဖြစ်ပြီး အသက်ဘေးမှ ကယ်တင်ခြင်းနှင့် ကုသခြင်းတို့အတွက် အလွန်အရေးပါလှသဖြင့် ဈေးကွက်တန်ဖိုးမှာ ကောင်းကင်အထိ မြင့်တက်နေခြင်းပင်။
"ဒါဟာ သတင်းကောင်းပဲ။ အကိုစွန်းရဲ့ကိုယ်ခန္ဓာက ဒဏ်ရာတွေအတွက် စိုးရိမ်စရာ မလိုတော့ဘူးပေါ့" ဟု နင်းကျော့က ပြုံး၍ ဆိုလိုက်သည်။
စွန်းလင်ထုံက အနည်းငယ် ခေါင်းညိတ်ပြရင်း - "နှမြောစရာကောင်းတာက ငါ့ရဲ့ ဝိညာဉ်စွမ်းအားက ယင်းဓာတ် မဟုတ်နေတာပဲ။ အဲဒါကို ကောင်းကောင်း အသုံးချနိုင်ဖို့ဆိုရင် အစီအရင်တစ်ခု ပြင်ဆင်တာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်"
ကျင့်ကြံခြင်း အထောက်အကူပြု ပစ္စည်းတိုင်းမှာ ကျင့်ကြံသူတစ်ဦးနှင့်တစ်ဦးအပေါ် မူတည်၍ အသုံးပြုပုံနှင့် ထိရောက်မှုမှာ ကွဲပြားခြားနားကြပေသည်။
ရှောင်တိမ်းမြက်ကို ဂရုတစိုက် သိမ်းဆည်းပြီးနောက် စွန်းလင်ထုံသည် ကျန်ရှိသော ရတနာများကို ဆက်လက် ရှာဖွေလေသည်။
မကြာမီပင် စွန်းလင်ထုံသည် ချီပိုင်၏ ဝိညာဉ်စွမ်းအားပင်လယ်အတွင်းမှ သေးငယ်သော အဝတ်အစားတစ်စုံကို ထုတ်ယူလိုက်နိုင်သည်။
ထိုအဝတ်အစားများမှာ လူကြီးတစ်ဦး၏ လက်ဖဝါးခန့်သာ ရှိပြီး ရွှေမျှင်များဖြင့် ရက်လုပ်ထားချေသည်။
လက်ရာမှာ အလွန်ပင် လက်ရာမြောက်လှသဖြင့် အနည်းဆုံး ပါရဂူအဆင့် အပ်ချုပ်ဆရာတစ်ဦးက ပြုလုပ်ထားခြင်း ဖြစ်တန်ရာသည်။
ဤရွှေမျှင်ဝတ်ရုံကြောင့်ပင် နင်းကျော့၏ လူငယ်ဧည့်သည် သေမင်းခေါ်သံ ကြာပွတ်မှာ အရာမထင်ဘဲ ကာကွယ်ရေး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
ယခုအခါတွင်မူ ထိုရွှေမျှင်ဝတ်ရုံမှာ ပျက်စီးသွားပြီဖြစ်၍ အသုံးပြု၍ မရနိုင်တော့ပေ။ ၎င်းကို ပြန်လည်ပြုပြင်ရန်မှာလည်း ကျင့်စဉ်တစ်ခုကဲ့သို့ အပ်ချုပ်ပညာတွင် မြင့်မားသော ကျွမ်းကျင်မှု လိုအပ်မည်ဖြစ်သဖြင့် အတော်ပင် ခက်ခဲပေလိမ့်မည်။
စွန်းလင်ထုံသည် မီးခိုးတိမ်တိုက်ဖြင့် အခြားရတနာများကို ရှာမတွေ့တော့သောအခါ ချီပိုင်၏ အနှစ်သာရသွေး အမြောက်အမြားကို မညှာမတာ ထုတ်ယူကာ သူ၏ သွေးဆီဗူးထဲသို့ ထည့်သွင်းလိုက်လေသည်။
ထို့ကြောင့် ချီပိုင်၏ အနှစ်သာရ၊ စွမ်းအင်နှင့် ဝိညာဉ်များမှာ သိသိသာသာ လျော့ပါးသွားပြီး သူ၏ အန္တရာယ်ရှိမှုမှာလည်း များစွာ လျော့ကျသွားတော့သည်။
ငရဲဘုံ ဝိညာဉ်တံဆိပ်၊ ဝိညာဉ်တုန်ခါစေသော စည်တော်၊ သရဲတံခါး ရှောင်တိမ်းမြက်နှင့် ရွှေမျှင်ဝတ်ရုံတို့မှာ ချီပိုင်၏ အဖိုးတန်ဆုံးသော ပိုင်ဆိုင်မှုများပင် ဖြစ်ကြကုန်သည်။
ထိုအထဲတွင် သုံးခုမှာ မှော်လက်နက်အဆင့်ဖြစ်ပြီး သရဲတံခါး ရှောင်တိမ်းမြက်မှာမူ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ရတနာပင် ဖြစ်သည်။
မှော်လက်နက်အဆင့် ပစ္စည်းများကို ကျင့်ကြံသူ၏ တန်တျန်အတွင်း ထည့်သွင်းကာ မွေးမြူထားနိုင်ပေသည်။
နင်းကျော့၏ စိတ်ဝိညာဉ်အာရုံအတွင်းရှိ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ကဲ့သို့ပင် ဖြစ်၏။
ချီပိုင်သည် ကြီးကျယ်သော မိစ္ဆာဂိုဏ်းကြီးတစ်ခု၏ မျိုးဆက်ခံတပည့် ဖြစ်သည့်အားလျော်စွာ မှော်လက်နက် သုံးခုနှင့် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ရတနာတစ်ပင်ကို ပိုင်ဆိုင်ထားခြင်းမှာ အတော်ပင် ကြွယ်ဝလှသည်ဟု ဆိုရပေမည်။
သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် များသောအားဖြင့် မှော်လက်နက်များကိုသာ အသုံးပြုနိုင်ကြပြီး မှော်လက်နက် ပိုင်ဆိုင်ထားလျှင်ပင် တစ်ခုသာ ရှိတတ်ကြသည်မှာ သတိပြုဖွယ်ရာပင်။
မျက်မမြင် တရားသူကြီးဟု အမည်ကျော်သော ချီပိုင်မှာ သာမန် ရွှေအမြုတေအဆင့် မဟုတ်သဖြင့် မှော်လက်နက် သုံးခု ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ရတနာမှာမူ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူများပင် မက်မောကြသော အဖိုးမဖြတ်နိုင်သည့် အရာဖြစ်ချေသည်။
"တကယ်လို့ တို့တွေသာ မီးလျှံတောင် မသေမျိုးမြို့တော်မှာ မဟုတ်ခဲ့ရင်၊ ပြီးတော့ မုန့်ခွေရဲ့ တောင်ပေါ်မှ ကြည့်ရှုခြင်း နတ်ဘုရားစွမ်းအားနဲ့ မင်းရဲ့ စက်မှုမျောက်တွေသာ မရှိခဲ့ရင် ချီပိုင်ကို အနိုင်ယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ" ဟု စွန်းလင်ထုံက သက်ပြင်းချရင်း ဆိုလေသည်။
ချီပိုင်နှင့် တိုက်ပွဲမှာ အလွန်ပင် ခက်ခဲပြီး အသက်အန္တရာယ် များလှသော်လည်း ရရှိလာသော အကျိုးအမြတ်များမှာလည်း ထိုနည်းတူပင် များပြားလှပေသည်။
မှော်လက်နက် သုံးခုနှင့် အဖိုးတန်အပင်တို့မှာ အဓိကဖြစ်သော်လည်း ချီပိုင်၏ အဝတ်အစားနှင့် ဝတ်ဆင်ထားသော ပစ္စည်းများဖြစ်သည့် ဝိညာဉ်သိုလှောင်ခါးပတ်နှင့် လက်ကောက်တို့မှာလည်း အဖိုးတန်သော မှော်လက်နက်များပင် ဖြစ်ကြသည်။
ထိုပစ္စည်းအားလုံးကို နင်းကျော့က ကြိုတင်၍ သိမ်းဆည်းထားပြီး ဖြစ်၏။
ပင်လယ်သုံးခုအတွင်းရှိ ဝှက်ထားသော ရတနာများကိုမူ နင်းကျော့အနေဖြင့် ထုတ်ယူနိုင်စွမ်း မရှိသေးပေ။
ဝိညာဉ်သိုလှောင်ခါးပတ်အတွင်း မည်သည့်အရာများ ရှိနေမည်နည်းဆိုသည်ကို နှစ်ဦးသား စိတ်လှုပ်ရှားစွာဖြင့် စူးစမ်းရန် စောင့်ဆိုင်းနေကြသည်။
ပင်လယ်သုံးခုအတွင်းရှိ ရတနာအားလုံးကို ဖယ်ရှားလိုက်ပြီးနောက် စွန်းလင်ထုံသည် ချီပိုင်၏ လက်နက်များကို အောင်မြင်စွာ သိမ်းဆည်းနိုင်ခဲ့ချေပြီ။
စွန်းလင်ထုံသည် အလွန်ပင် မောပန်းနွမ်းနယ်နေပြီး ရှေးဦးက နီမြန်းနေသော သူ၏ မျက်နှာမှာလည်း ပြန်လည် ဖြူဖျော့သွားကာ အတင်းအဓမ္မ ထိန်းထားရသော အနှစ်သာရ၊ စွမ်းအင်နှင့် ဝိညာဉ်များမှာလည်း တစ်ဖန် ထိုးဆင်းသွားတော့သည်။
"ချီပိုင်ကတော့ သေဖို့ သေချာသလောက် ရှိနေပြီ"
"တကယ်လို့ သူ မသေခဲ့ရင် တို့ကို ကလဲ့စားပြန်ချေမှာပဲ"
"ဒါပေမဲ့ သူ့ကို ငါတို့လက်နဲ့ကိုယ်တိုင် မသတ်တာ အကောင်းဆုံးပဲ။ သူက ဝိညာဉ်ဝါးဂိုဏ်းရဲ့ မျိုးဆက်ခံတပည့်ဖြစ်သလို အနာဂတ်မှာ ဂိုဏ်းရဲ့ အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်လာမယ့်သူ။ ငါတို့သာ သူ့ကို သတ်လိုက်ရင် ဝိညာဉ်တံဆိပ်က ငါတို့ဆီ ရောက်လာပြီး ဝိညာဉ်ဝါးဂိုဏ်းရဲ့ မှတ်သားတာကို ခံရလိမ့်မယ်"
"တကယ်လို့ ဝိညာဉ်ဝါးဂိုဏ်းက ကလဲ့စားလာချေရင် ငါတို့တွေ ခုခံနိုင်မှာ မဟုတ်ဘူး"
စွန်းလင်ထုံသည် သက်ပြင်းချရင်း ချီပိုင်ကို မည်သို့ စီမံရမည်ကို ဦးနှောက်ခြောက်အောင် တွေးတောနေလေသည်။
သို့သော် နင်းကျော့ကမူ - "ကျွန်တော့်မှာ အကြံတစ်ခု ရှိကောင်းရှိနိုင်တယ်" ဟု ဆိုလာသည်။
"အို... ဘယ်လိုအကြံလဲ"
"ချော်ရည်နန်းတော်ကို သုံးပြီး ချီပိုင်ကို သတ်ခိုင်းရမှာပေါ့"
စွန်းလင်ထုံက စိတ်ဝင်တစားဖြင့် - "မင်းမှာ ဘယ်လို အစီအစဉ် ရှိလို့လဲ"
နင်းကျော့က ချက်ချင်း ထုတ်မပြောသေးဘဲ - "ဒါက အောင်မြင်မလားဆိုတာ ကျွန်တော်လည်း မသေချာသေးဘူး။ အရင်ဆုံး စမ်းကြည့်ဖို့ လိုတယ်"
"ကျွန်တော့်ကို ခွင့်လွှတ်ပါဦး"
"ဟင်" စွန်းလင်ထုံသည် နင်းကျော့ ဘာကို ဆိုလိုသည်ကို နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေတော့သည်။
ထိုအချိန်တွင်ပင်။
မီးလျှံတောင် မသေမျိုးမြို့တော်မှာ ပိတ်ဆို့ထားခြင်း ခံနေရချေပြီ။
ချီတွန်းသည် မြို့စားမင်းဂေဟာအတွင်းမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာလာခဲ့သည်။
သူနှင့် ဖေးစီတို့သည် အစီအရင်၏ မှတ်တမ်းအမျိုးမျိုးကို စစ်ဆေးခဲ့ကြသော်လည်း သူတို့ ရှာဖွေနေသည်ကို မတွေ့ရှိခဲ့ကြပေ။
ဖေးစီက - "တိုက်ပွဲဖြစ်ပွားရာက အစီအရင်ကို စွန်းလင်ထုံက ဗုဒ္ဓနှလုံးသားဂိုဏ်းရဲ့ နည်းလမ်းတွေသုံးပြီး အရင်ဆုံး နှောင့်ယှက်ခဲ့တာ"
"အဲဒီနောက်မှာ ချီပိုင်က အစီအရင် အင်းကွက်တွေကို လုံးဝ ဖျက်ဆီးပစ်လိုက်တယ်။ ဒါကြောင့် တိုက်ပွဲရဲ့ အသေးစိတ်မှတ်တမ်းတွေ မရှိတာ မထူးဆန်းပါဘူး" ဟု ဆိုသည်။
ချီတွန်းက ခေါင်းညိတ်လိုက်သည်။
၎င်းတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မနှစ်သက်ကြသော်လည်း မြို့စားမင်းက အမိန့်ပေးလာသောအခါတွင်မူ အနီးကပ် ပူးပေါင်းဆောင်ရွက်နိုင်ကြပေသည်။
နှာခေါင်းကောက်ကောက်နှင့် မျက်လုံးတြိဂံပုံရှိသော ဝိညာဉ်ဝါးဂိုဏ်းမှ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ နှစ်ဦးကို မြို့စားမင်းဂေဟာမှ ဖမ်းဆီးထားပြီး ဖြစ်သည်။
စွန်းလင်ထုံ၊ ဟန်မင်နှင့် လူငယ်ဧည့်သည်တို့ကိုမူ အရေးတကြီး အလိုရှိနေချေပြီ။
စွန်းလင်ထုံ၏ မှောင်ခိုဈေးကွက်မှာလည်း ပျက်စီးသွားပြီဖြစ်သကဲ့သို့ ဟန်မင်မှာလည်း မည်သည့်အရပ်သို့ ရောက်နေသည်ကို မည်သူမျှ မသိရှိကြပေ။
"စွန်းလင်ထုံ..." ဟု ဖေးစီက စိတ်မကောင်းစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စွန်းလင်ထုံသည် သူ့ထံသို့ အကျိုးအမြတ်များစွာကို တိတ်တဆိတ် ပေးပို့ခဲ့ဖူးသည်။
ဖေးစီသည် စွန်းလင်ထုံကဲ့သို့သော လူမျိုးကို အထူးပင် နှစ်သက်ပေသည်။ ၎င်းမှာ အကျိုးအမြတ်များကြောင့်သာမကဘဲ စွန်းလင်ထုံသည် မှောင်ခိုဈေးကွက်ကို အမှန်တကယ်ပင် စနစ်တကျ ရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သဖြင့် ဖေးစီအတွက် အတော်ပင် အလုပ်ရှုပ်သက်သာစေခဲ့ခြင်းကြောင့် ဖြစ်၏။
ချီတွန်းက - "အရင်က ဟန်မင် ပျောက်ကွယ်သွားတာဟာ မြေအောက်စခန်း တစ်ခုခုမှာ ပုန်းနေတာ ဖြစ်နိုင်တယ်"
"ဒီနေ့ စစ်ဆေးချက်တွေအရ မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ အစီအရင်ကြီးမှာ ဟာကွက်တွေ ဒီလောက်တောင် များနေတာကို ငါ သတိပြုမိလိုက်တယ်" ဟု ဆိုလေသည်။
ဖေးစီက စဉ်းစားရင်း - "မြို့တစ်ခုလုံးကို ရှာဖွေနေတာကတော့ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ အဲဒီလို မြေအောက်စခန်းတွေ အများကြီး ရှိနေနိုင်တယ်လို့ ငါ သံသယရှိမိတယ်"
"တို့တွေ မြို့စားမင်းဆီကို အစီရင်ခံပြီး မသေမျိုးမြို့တော်ရဲ့ အစီအရင်ကြီးကို ပြန်လည် တည်ဆောက်ဖို့ ခွင့်တောင်းရမယ်။ ဒါမှ အစီအရင်ရဲ့ ဟာကွက်တွေကို အနည်းဆုံးဖြစ်အောင် လုပ်နိုင်မှာ"
ချီတွန်းက ခဏတာ စဉ်းစားပြီးနောက် သဘောတူလိုက်လေသည်။
၎င်းတို့နှစ်ဦးစလုံးသည် မြို့စားမင်းကို တွေ့ဆုံရန် တောင်ထိပ်သို့ ရောက်ရှိလာကြသည်။
မြို့စားမင်းသည် ကျူးရွှမ်းကျိနှင့် မသေမျိုးမြို့တော် အစီအရင်ကြီးအကြောင်း ဆွေးနွေးနေချေသည်။
ကျူးရွှမ်းကျိက - "ကျွန်တော်တို့ တော်ဝင်မိသားစုက ဒီနေရာမှာ မသေမျိုးမြို့တော် အစီအရင်ကြီးကို စတင်တည်ဆောက်တုန်းက ချော်ရည်နန်းတော်ကို ငဲ့ကွက်တဲ့အနေနဲ့ နေရာအတော်များများ ချန်လှပ်ထားခဲ့တာပါ။ အစီအရင် လည်ပတ်မှုက နန်းတော်ကို နှောင့်ယှက်မှာ စိုးလို့လေ"
မုန့်ခွေက - "အခုတော့ ချော်ရည်နန်းတော်က ပေါ်ထွက်လာပြီပဲ။ တကယ်လို့ တော်ဝင်မိသားစုက မသေမျိုးမြို့တော် အစီအရင်ကို ပြန်လည်တည်ဆောက်မယ်ဆိုရင်..."
ကျူးရွှမ်းကျိက ခေါင်းယမ်းလိုက်ပြီး - "ကျွန်တော် ခင်ဗျားနဲ့ ဒီအကြောင်း ဆွေးနွေးဖို့ လာတာ မဟုတ်ဘူး"
"မြို့စားမင်း မုန့်ခွေ၊ ခင်ဗျားမှာ ထင်မြင်ချက် ရှိရင်လည်း အစီရင်ခံစာ တင်နိုင်ပါတယ်။"
"ကျွန်တော် ဒီကို လာရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ အသိပေးတာပါ။ နောက်ဆိုရင် အဲဒီ မသေမျိုးနန်းတော်ထဲကို ကျွန်တော်ကိုယ်တိုင် ဝင်ရောက်မှာမို့လို့ပဲ"