ရိုးရေးစတေးနယ်ပယ်၏ စစ်နတ်ဘုရား
Vol. 16 Ch. 217
“သင်...သင်က” ချန်းယုပင်းသည် ခေါင်းလှည့်ကြည့်ရင်း လေးစားစွာနှုတ်ဆက်ရန် ပြင်လိုက်ချိန်တွင် လူလတ်ပိုင်းယောကျ်ားကို တွေ့လိုက်ရလေသည်။ သူသည် အံ့အားသင့်မှင်သက်သွားခဲ့သည်။ “ဦးလေး... ဆရာဦးလေး ပိုင် လား”
ချန်းယုပင်းသည် သူ့နှလုံးသားကို မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့အမူအယာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။ နံရံ၏ အေးခဲကောင်းကင်ကလန်အတွက် အပိုင်းကို ကာကွယ်စောင့်ရှောက်နေသူများသည် ကျောင်းမှလူများပင်ဖြစ်ကြောင်း သူသိနေခဲ့သော်လည်း ဤနေရာရှိအပိုင်းကိုကာကွယ်နေသူသည် သူ့ရှေ့မှအမျိုးသားဖြစ်နေမည်ဟုတော့ မျှော်လင့်မထားခဲ့မိပေ။
ဤလူကို သူတစ်ကြိမ်သာတွေ့ခဲ့ဖူးသော်လည်း တွေ့ဆုံခဲ့ရသော အမှတ်တရများသည်တော့ သူ့မှတ်ဉာဏ်ထဲ၌ စွဲမြဲနေခဲ့ချေသည်။ သူတစ်ဦးတည်းသာ ထိုလူကိုသိခြင်းမဟုတ်ပေ။ အေးခဲကောင်းကင်ကလန်ထဲမှ လူအများစုသည် ထိုပုဂ္ဂိုလ်၏ တည်ရှိမှုကို သိကြပေသည်။
'သူ ငါတို့ကို မြို့ရိုးပေါ်မှာရပ်ခွင့်ပေးခဲ့တာ မအံ့သြမိတော့ဘူး...'
ချန်းယုပင်းသည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး သူ့ရှေ့မှလူကို လေးစားစွာဦးညွှတ်လိုက်သည်။
“ကျွန်တော်က အေးခဲကောင်းကင်ကလန်ရဲ့တပည့် ချန်းယုပင်းပါ။ ဆရာဦးလေး ပိုင်ကို နှုတ်ဆက်ပါတယ်”
သက်လတ်ပိုင်းအရွယ်လူသည် သူ့ကိုအနည်းငယ်သာ ခေါင်းငြိမ့်ပြလိုက်ပြီး ချန်းယုပင်းကို ဆက်ဂရုမစိုက်တော့ပေ။ ထိုအစား စုမင်ကိုသေချာစူးစိုက်ကြည့်လိုက်ပြီး အေးအေးဆေးဆေးမေးလာသည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ”
ထိုအမျိုးသားသည် သူ့ကိုသေချာစိုက်ကြည့်လိုက်ချိန်တွင် သူ့အပေါ်ကျရောက်လာသော ဖိအားလှိုင်းတစ်ခုကို စုမင်ခံစားလိုက်ရသည်။ သို့သော် ထူးဆန်းသည်မှာ ထိုဖိအားသည် ကြောက်ရွံ့ဖွယ်ကောင်းမနေပဲ သူ့အား ရင်းနှီးဖော်ရွေသောခံစားမှုမျိုး ပေးစွမ်းနေခဲ့၏။
စုမင် လက်သီးလက်ဝါးဆုပ်ကာ နှုတ်ဆက်ရင်း တည်ငြိမ်စွာပြန်ဖြေလိုက်မိသည်။ “ကျွန်တော်က စုမင်ပါ။ ဆရာဦးလေးပိုင်ကို နှုတ်ဆက်ပါတယ်”
“မင်း မကြာသေးခင်ကမှ ရုပ်နယ်လွန်ခဲ့တာမဟုတ်လား” သက်လတ်ပိုင်းအမျိုးသားက ဖြေးဖြေးချင်း မေးသည်။
“ဟုတ်ပါတယ်”
စုမင် ခေါင်းငြိမ့်ပြလိုက်သည်။
“မင်းက အေးခဲကောင်းကင်ကလန်က ရွေးချယ်ခဲ့တာလို့ ငါမထင်ဘူး။ မဟုတ်ရင် မင်းရဲ့ စစ်နတ်ဘုရားဆိုတဲ့အဆင့်အတန်းကြောင့် အဲဒီလူအိုကြီးတွေက မင်းကိုလက်ခံဖို့ အခုလို အပြင်စည်းတပည့်လေးတွေကိုပဲ စေလွှတ်မှာမဟုတ်ဘူး”
သက်လတ်ပိုင်းအမျိုးသားက ဆက်ပြောသည်။ သူ့အသံသည် အေးစက်နေဆဲပင်ဖြစ်သည်။
“ဟုတ်ပါတယ်...”
စုမင် နောက်တစ်ကြိမ် ခေါင်းငြိမ့်ပြမိသည်။
“မင်း အေးခဲကောင်းကင်ကလန်ကို သွားစရာမလိုပါဘူး။ ဒီမှာကျန်ခဲ့ပြီး ငါနဲ့အတူ ဒီနေရာကိုကာကွယ်ရင်း ငါ့တပည့်လုပ်ပေါ့။ ငါကလွဲလို့ အေးခဲကောင်းကင်ကလန်ထဲက ဘယ်သူမှ မင်းနဲ့သင့်တော်တဲ့ပညာရပ်တွေ သင်ပေးနိုင်မှာမဟုတ်ဘူး”
သက်လတ်ပိုင်းလူ၏ အသံထဲတွင် ငြင်းဆန်ခွင့်ပြုမည်မဟုတ်သော အသံမျိုး ပါဝင်နေခဲ့သည်။
စုမင် အံ့အားသင့်မှင်သက်သွားမိသည်။
ချန်းယုပင်းသည်လည်း အံ့အားသင့်သွားခဲ့ပြီး သူ့မျက်လုံးထဲတွင် မနာလိုမှုအရိပ်အယောင်မျိုး ဖြစ်ပေါ်လာခဲ့သည်။ ဟန်ဖေးကျစ်သည်တော့ နံဘေးတွင်သာ ခေါင်းငုံ့လျက်ရပ်နေပြီး စကားတစ်ခွန်းမှဝင်မပြောခဲ့ပေ။
စုမင် ခဏတာ တွန့်ဆုတ်နေမိသည်။ သူစကား ပြန်ပြောလိုက်ချိန်တွင် ထိုအမျိုးသားနှင့်ပက်သက်၍ သူခံစားနေရသည့်ရင်းနှီးသော ခံစားချက်သည် ပိုမိုသန်မာလာခဲ့ချေသည်။ “ကျွန်တော်... ကျွန်တော့်မှာ ဆရာတစ်ယောက် ရှိနေပြီးပါပြီ”
“အိုး... အဲဒါ ဘယ်သူများလဲ။ မင်းကို လက်လျော့ဖို့ ငါသူ့ကိုပြောလိုက်မယ်”
သက်လတ်ပိုင်းအမျိုးသား၏အသံသည် တည်ငြိမ်နေခဲ့သော်လည်း သူ့စကားလုံးများထဲတွင်တော့ ထိတ်လန့်ဖွယ်မာနထောင်လွှားမှုမျိုး ပါဝင်နေခဲ့သည်။
ရုတ်ခြည်းဆိုသလို သူ့အားတပည့်အဖြစ်ခေါ်ချင်သူ နှစ်ယောက်တောင်ရှိလာခြင်းသည် စုမင်အတွက်တော့ ပထမဆုံးပင်ဖြစ်သည်။
“ဟုတ်ကဲ့... ထျန်းရှဲ့ကျီပါ”
စုမင် ထိုနာမည်အား ပြောလိုက်ချိန်တွင် အမျိုးသား၏အမူအယာက ထူးဆန်းသွားလေသည်။ သူသည် ဤအရာနှင့်ပက်သက်၍ ဘာမှမတတ်နိုင်တော့သလိုမျိုး၊ ရီရခက်ငိုရခက် ပုံလိုမျိုး၊ ဒေါသထွက်သလိုမျိုး စသည်ဖြင့် သူ့အမူအယာက စိတ်ခံစားချက်များရောထွေးနေသည့်ပုံစံမျိုး ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် အမျိုးသားသည် ပြန်လည်တည်ငြိမ်သွားပြီး အေးစက်စက်ပြန်ဖြစ်သွားလေသည်။
“မင်း သူ့ကို ဆရာအဖြစ်အသိအမှတ်ပြုရတာ နောင်တရသွားတဲ့အချိန်ကျရင် ငါ့ဆီလာခဲ့”
ချန်းယုပင်းသည် ထိုစကားလုံးများကို ကြားလိုက်ချိန်တွင် နောက်တစ်ကြိမ် အလွန်အမင်း အံ့အားသင့်သွားပြီး စုမင်အားလှည့်ကြည့်လိုက်မိချေသည်။ သူသည် တစ်စုံတစ်ရာပြောရန်ပြင်လိုက်သော်လည်း အဆုံးတွင်တော့ ဘာမှမပြောလိုက်မိပေ။ သို့သော် သူသည် နောက်သို့ခြေတစ်လှမ်းခန့် အလိုအလျောက် ဆုတ်လိုက်မိပြီး သူနှင့်စုမင်ကြား အကွာအဝေးကို ပိုဝေးအောင်ပြုလုပ်လိုက်သည်။
စုမင် အနည်းငယ် ထိတ်လန့်သွားရသည်။ သက်လတ်ပိုင်းလူ၏ စကားပင်ဖြစ်စေ၊ ချန်းယုပင်း၏အလိုလို တုန့်ပြန့်လိုက်မှုပင်ဖြစ်စေ အရေးမကြီးပေ။ သူ ထျန်းရှဲ့ကျီကို ဆရာအဖြစ်အသိအမှတ်ပြုလိုက်မိခြင်းနှင့် ပက်သက်၍ သူတို့က အနည်းငယ်ဆိုးဝါးသောအနက်အဓိပ္ပာယ်မျိုး ဖော်ပြနေခဲ့ချေသည်...။
“အဲဒါကို အရင်ဆုံး ဘေးဖယ်ထားလိုက်ရအောင်။ အခုတော့ မင်းတို့သုံးယောက်က ဒီမှာရပ်ပြီး ဘာမြင်လဲဆိုတာ ငါ့ကိုပြောပြကြ”
သက်လတ်ပိုင်းအမျိုးသား၏အသံသည် အေးစက်နေဆဲပင်ဖြစ်သည်။ သူသည် စုမင်ကိုဆက်မကြည့်တော့ပဲ ထိုအစား နံရံအပြင်ဘက်ရှိ သီးခြားလောကကြီးကို လှမ်းကြည့်လိုက်ချေသည်။
သူ့ရှေ့မှကုန်းမြေကို ကြည့်လိုက်မိချိန်တွက် စုမင် တိတ်ဆိတ်သွားခဲ့ရသည်။ မပီဝိုးတဝါးဟိန်းဟောက်သံများကိုပင် သူ့နားထဲ၌ ကြားနေရဆဲဖြစ်သည်။ အတားအဆီးပြင်ပမှ လောကသည် ပျက်စီးယိုယွင်းကာ သွေးဆာရက်စက်သောလေထုမျိုးဖြင့် ပြည့်နှက်နေခဲ့လေသည်။ ၎င်းသည် တိတ်ဆိတ်သောနေရာတစ်ခု ဖြစ်သော်လည်း စုမင်အတွက်တော့ နေရထိုင်ရခက်ခဲသော ခံစားချက်ကြီးတစ်မျိုးအား ပေးစွမ်းနေခဲ့သည်။ ထိုခံစားချက်သည် တိတ်ဆိတ်မှု၊ ကျတ်တီးကုန်းမြေ၊ အနက်ရောင်အမှိုက်သရိုက်များနှင့် သူရပ်နေသောအဆုံးမရှိသည့်နံရံများထံမှ ထွက်ပေါ်လာနေခြင်းပင် ဖြစ်သည်။
“အမုန်းတရား၊ ကျွန်တော် အမုန်းတရားကိုမြင်တယ်” ချန်းယုပင်က ပထမဆုံးအဖြေပေးလိုက်သူဖြစ်သည်။
ကုန်းမြေအပိုင်းအစကိုကြည့်နေသော သူ့မျက်လုံးများက စူးလဲ့တောက်ပနေခဲ့သည်။ “လူရိုင်းတွေက ကျွန်တော်တို့ကိုမုန်းတီးသလို၊ ကျွန်တော်တို့ကလည်း သူတို့ကိုမုန်းတယ်”
ချန်းယုပင်းသည် သူ့အဖြေကိုယုံကြည်မှုရှိဟန်ဖြင့် ခိုင်မာစွာပြောဆိုလိုက်သည်။
“မဆိုးပါဘူး။ အဲဒါက အေးခဲကောင်းကင်ကလန်ရဲ့ လူအိုကြီးတွေဆီကနေ မင်းတို့ဆီကိုဆင်းသက်လာတဲ့ အတွေးရထားပဲ။ ဒါပေမဲ့ အဲဒါက ငါလိုချင်တဲ့ဟာမဟုတ်ဘူး” သက်လတ်ပိုင်းအမျိုးသားက အေးစက်စွာပြောသည်။
ချန်းယုပင်းသည် ခါးသီးစွာပြုံးလိုက်ရင်း အပြစ်တင်ခံရမှုကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းငုံ့ချလိုက်သည်။ အမှန်တစ်ကယ်လည်း သူ့အဖြေသည် အတားအဆီး၏ပြင်ပလောကနှင့် ပက်သက်၍ အေးခဲကောင်းကင်လန်အတွင်းမှ လူအများစုပြောလေ့ရှိသော အကြောင်းအရာများပေါ်တွင် အခြေခံကာ ဖြစ်ပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။
“မင်းကရော လုံမလေး။ မင်း ဘာမြင်လဲ ငါ့ကိုပြောပြ”
သက်လတ်ပိုင်းအမျိုးသားသည် ဟန်ဖေးကျစ်ကိုလှည့်မကြည့်ပဲ မေးလိုက်ပြီး သူ့ရှေ့မှ ကျတ်တီးကုန်းမြေများကိုသာ ဆက်လက်ငေးမောနေခဲ့ချေသည်။
ဟန်ဖေးကျစ်၏မျက်နှာသည် အနည်းငယ်ဖြူရော်နေဆဲပင်ဖြစ်သည်။ သူမသည် ခဏတာတိတ်ဆိတ်နေခဲ့ပြီးနောက်မှ အသံတိုးတိုးဖြင့် ပြန်ဖြေလာသည်။
“ကျွန်မ ဘာမှမမြင်ပါဘူး”
သူမပြန်ဖြေပြီးသောအခါ သက်လတ်ပိုင်းအမျိုးသားသည် သူမကို လေးနက်စွာ လှည့်ကြည့်လာခဲ့သည်။
“မင်း နာမည် ဘယ်လိုခေါ်လဲ”
ဟန်ဖေးကျစ်က သူမခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းလိုက်ရင်း လေးစားစွာပြန်ဖြေသည်။ “ကျွန်မက ယန်ဖေးပါ”
သက်လတ်ပိုင်းအမျိုးသားသည် ခဏတာတိတ်ဆိတ်နေပြီးမှ စုမင်အား လှမ်းမေးသည်။ “စုမင်၊ မင်းရော ဘာမြင်လဲ”
အချိန်အတော်ကြာပြီးနောက်မှ စုမင်အသံက ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့သည်။ “ကျွန်တော် လိုအင်ဆန္ဒတွေကိုမြင်တယ်”
“လက်ဝဲတော်ရံက သူ့အတွက် တပည့်ကောင်းတစ်ယောက်ကို ရထားတာပဲ။ ထျန်းရှဲ့ကျီလည်း အတူတူပဲ”
သက်လက်ပိုင်းအမျိုးသားသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး ညာလက်ဖြင့် နံရံအပြင်မှကုန်းမြေထံ ညွှန်ပြသည်။
“မင်းတို့ တောင်ပိုင်းအရုဏ်ဦးကုန်းမြေကို စက်ဝိုင်းတစ်ခုအဖြစ် ရှုမြင်ကြည့်” သူသည် ပြောလိုက်ရင်းမှ ညာလက်ဖြင့်ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အလင်းတစ်ဖြာသည် ရုတ်ခြည်း ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး သူတို့မျက်စိရှေ့မှာပင် အနက်ရောင်စက်ဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
“ဒါက အတားအဆီးပေါ့” သူက အနက်ရောင်စက်ဝိုင်းထဲတွင် စက်ဝိုင်းသေးလေးတစ်ခုကို ထပ်ဆွဲပြသည်။ “ဒါက ကုန်းမြေရဲ့ အတွင်းဘက်အပိုင်းပဲ။ အပြင်ပိုင်းကတော့ အခုမင်းတို့မြင်နေရတဲ့ ဟာပေါ့။ အတားအဆီးက သားရဲရိုင်းတွေနဲ့ ရှာမန်တွေ အတွင်းပိုင်းထဲကျူးကျော်ဝင်ရောက်လာမှာကို တားဆီးပေးထားတာ”
“ရှာမန်တွေက ငါတို့နဲ့ တူညီတဲ့ စနစ်မျိုးတော့ ရှိပေမယ့် ငါတို့နဲ့ လုံးဝကို မတူကွဲပြားတဲ့ လူအုပ်စုတစ်ခုပဲ။ သူတို့မှာလည်း အကြီးအကဲတွေရှိတယ်။ ဒါပေမဲ့ အဲဒီအကြီးအကဲတွေကို ဂိုဏ်းအုပ်လို့ ခေါ်ကြတယ်...မင်းတို့ဒါတွေကို အနာဂါတ်မှာ ပိုပြီးသင်ရလိမ့်မယ်”
သက်လတ်ပိုင်းအမျိုးသား၏စကားများကို စုမင်ကြားလိုက်ချိန်တွင် သူ့ထံ၌ တစ်စုံတစ်ရာကိုမေးမြန်းလိုသော ဆန္ဒတစ်ခု ရုတ်ခြည်းဖြစ်ပေါ်လာခဲ့သည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက်မှ သူမသေချာ၊မရေရာစွာ မေးလိုက်မိ၏။ “စီနီယာ၊ တောင်ပိုင်းအရုဏ်ဦးကုန်းမြေပေါ်မှာလည်း အတားအဆီးတစ်ခုရှိတယ်ဆို အဲဒီအတားအဆီးရဲ့ ပြင်ပကရော ဘာနဲ့တူလဲ။ ကျွန်တော်တို့ မာန်စွမ်းအားရှင်တွေရဲ့ကုန်းမြေမှာ တစ်ခြားတိုက်ကြီးတွေလည်း အများကြီးရှိသေးတယ်လေ။ သူတို့ကရော ဘယ်လိုပုံမျိုး ဖြစ်နေလောက်လဲ”
“ငါ မသိဘူး” သက်လတ်ပိုင်းအမျိုးသားက တည်ငြိမ်စွာပြန်ဖြေသည်။ “ငါသိတာတစ်ခုက ကြီးမြတ်သော ယုပြည်ထောင်ဆိုတာ တစ်ကယ်ရှိတယ်ဆိုတာပဲ... ပြီးတော့ နတ်ဘုရားရုပ်တုကြီးတွေက အခုထိရှိနေဆဲဖြစ်ပြီး စစ်နတ်ဘုရားဘွဲ့ ချီးမြှင့်ခံရတဲ့လူတွေလည်း ရှိနေဆဲဖြစ်တာမို့လို့သာ ငါအဲဒီအကြောင်းကိုသိထားခဲ့တာ”
“ဒါပေမဲ့ ကြီးမြတ်သော ယုပြည်ထောင် ကုန်းမြေကို ငါတစ်ခါမှမရောက်ဖူးဘူး။ အမှန်တော့၊ တောင်ပိုင်းအရုဏ်ဦးကုန်းမြေက လူနည်းနည်းလောက်ပဲ လူရိုင်းမျိုးနွယ်စုတွေကိုဖြတ်ပြီး တောင်ပိုင်းအရုဏ်ဦးထဲကနေ ထွက်သွားနိုင်ကြတာ”
“စကားမစပ်၊ မင်းဆရာ ထျန်းရှဲ့ကျီ... သူပြောတာတော့ သူအရင်က တောင်ပိုင်းအရုဏ်ဦးကနေ ထွက်သွားဖူးတယ်တဲ့။ သူ့စကားတွေအရဆိုရင်၊ သူ ကြီးမြတ်သော ယုပြည်ထောင်ကိုသွားခဲ့ပြီး ရင်းနှီးတဲ့သူငယ်ချင်းတစ်ချို့တောင် ရခဲ့တယ်ဆိုပဲ။ တစ်ခြားသူတွေ ယုံလားဆိုတာ ငါမသိပေမယ့် ငါတော့ မယုံဘူး”
“တောင်ပိုင်းအရုဏ်ဦးနဲ့ ကြီးမြတ်သော ယုပြည်ထောင်အပြင် တစ်ခြားကုန်းမြေတိုက်ကြီးတွေပေါ်မှာ မာန်စွမ်းအားရှင်တွေရှိသေးလားဆိုတာတော့ ငါမသိဘူး”
“မာန်စွမ်းအားရှင်တွေက ယိုယွင်းပျက်စီးလာကြတယ်... ပထမဆုံးမာန်နတ်ဘုရားရဲ့ ဘုန်းကျက်သရေထင်ရှားတဲ့နေ့တွေဆိုတာ အရမ်းဝေးကွာတဲ့ အတိတ်ကာလမှာကျန်နေခဲ့ပြီ”
သက်လတ်ပိုင်းအမျိုးသားသည် အနည်းငယ်စိတ်ပျက်နေဟန်ဖြင့် သက်ပြင်းဖွဖွချလိုက်သည်။
စုမင် အသက်ပြင်းပြင်းရှူလိုက်မိသည်။ ယခုလိုမျိုး လျှို့ဝှက်ချက်များကို သူတစ်ခါမှ မကြားဖူးခဲ့ပေ။ ထိုလူ၏စကားများက သူ့ကိုလှုပ်ခတ်သွားစေခဲ့ပြီး အတားအဆီးအပြင်ဘက်မှ ကျယ်ပြောသောကုန်းမြေကြီးထံ လှမ်းကြည့်လိုက်မိရာ အဝေးမှ ထွက်ပေါ်လာနေသော စွမ်းအားမဲ့သည့်ခံစားချက်ကြီးကို ခံစားလိုက်ရလေသည်။
‘အနောက်ပိုင်းနယ်မြေ တိုက်ကြီးတွေရဲ့ မဟာမိတ်တွေရှိတယ်ဆိုတာ ငါသိတယ်။ ဘာလို့ဆို ငါက အနောက်ပိုင်းမဟာမိတ်နယ်မြေရဲ့ နေရာတစ်ခုက လာတာကြောင့်ပဲ...’
သူ့နှလုံးသားထဲမှ တီးတိုးရေရွတ်လိုက်မိသည်။
“ဒီလောက်ဆို လုံလောက်ပြီ။ အတားအဆီးရဲ့ အစောင့်အရှောက်မဟုတ်တဲ့လူတွေကို ဒီနေရာမှာ ကြာကြာနေခွင့်ပြုမထားဘူး။ မင်းတို့အားလုံး...”
သက်လတ်ပိုင်းအမျိုးသားသည် စုမင်နှင့်ကျန်သူများကို ပြန်လွှတ်ရန်ရည်ရွယ်ချက်ဖြင့် သူ့လက်ကိုရှေ့သို့ ဝှေ့ယမ်းပြလိုက်သည်။ သို့သော် ထိုအချိန်မှာပင်၊ အတားအဆီး၏အပြင်ဘက်လောကထံမှ မပီဝိုးတဝါးဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့ပြီး ထိုအသံများသည် တစ်ဖြည်းဖြည်း ပိုမိုအားကောင်းလာခဲ့ချေသည်။
ဟိန်းဟောက်သံများ စတင်ထွက်ပေါ်လာချိန်တွင် စုမင်ခြေထောက်အောက်မှ အတားအဆီးသည် ချက်ချင်းတုန်ခါသွားပြီး သန်မာသောဖိအားကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုဖိအားသည် အလွန်သန်မာလွန်းလှပြီး ခဏအတွင်းမှာပင် ၎င်း၏အမြင့်ဆုံးအခြေအနေကို ရောက်ရှိသွားခဲ့သဖြင့် ဟန်ဖေးကျစ်နှင့် ချန်းယုပင်းတို့ကို ရုတ်ခြည်းဆိုသလို ဖြူရော်သွားစေပြီး ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်ကြရစေသည်။
သက်လတ်ပိုင်းအမျိုးသားသည်သာ ညာလက်ကိုဝှေ့ယမ်းလိုက်ပြီး လေမုန်တိုင်းတစ်ခုဖြင့် ဟန်ဖေးကျစ်နှင့် ချန်းယုပင်းတို့ကို အနောက်သို့ဆွဲယူကာ တောင်တန်းအတားအဆီး၏အပြင်ဘက်ကို ပို့မပေးခဲ့လျှင် ယခုအချိန်ဆိုလျှင် သူတို့နှစ်ဦးသည် ဒဏ်ရာပြင်းထန်စွာရနေမည်မှာ အသေအချာပင်ဖြစ်သည်။
စုမင်ကမူ နောက်ပြန်မဆုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဟိန်းဟောက်သံများကို သူကြားလိုက်သောအချိန်မှာပင် သူ့ကိုယ်တွင်းမှ ရုပ်နယ်လွန်အရှိန်အဝါ ထွက်ပေါ်လာကာ အပြင်သို့ပျံ့နှံ့သွားပြီး အနက်ရောင်အခိုးအငွေ့အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေသည်။ ထိုအနက်ရောင်အခိုးအငွေ့များသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းရံသွားပြီး အနက်ရောင်ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
စစ်နတ်ဘုရား၏ ချပ်ဝတ်...
ချပ်ဝတ်အင်္ကျီပေါ်လာချိန်တွင် ၎င်းကြောင့် စုမင် ဖိအားကိုခံနိုင်ရည်ရှိသွားလေသည်။ စုမင်မျက်လုံးများသည် တောက်ပသွားပြီး သု့ရှေ့တွင်တည်ရှိနေသည့် ကျယ်ပြန့်သောနယ်မြေကြီးထံ လှမ်းကြည့်လိုက်မိသည်။ သူမြင်တွေ့လိုက်ရသောအရာသည် သူ့ကိုထိတ်လန့်သွားစေပြီး အသက်ရှူမြန်သွားစေခဲ့လေသည်။
ဟန်ဖေးကျစ်နှင့် ချန်းယုပင်းတို့သည် အတားအဆီးပေါ်တွင် မနေနိုင်သဖြင့် စုမင်တွေ့လိုက်ရသော အရာကို သူတို့မမြင်ခဲ့ရပေ။ ထိုအချိန်တွင် သူ့မြင်ကွင်းတစ်ခုလုံးသည် တွန့်လိမ်ပုံပျက်နေသော လေထုများဖြင့်သာ ဖုံးလွှမ်းခံထားရခြင်းဖြစ်သည်။
စုမင်နှင့် ယခုအချိန်တွင် အလွန်အမင်းလေးနက်သော အမူအယာရှိနေသည့် သက်လတ်ပိုင်းအမျိုးသားတို့သာ ထိုမြင်ကွင်းကို မြင်လိုက်ရချေသည်။
အတားအဆီး၏အပြင်ဘက်နယ်မြေရှိ ကောင်းကင်မှတိမ်စိုင်များသည် နိမ့်ဆင်းကျလာနေကြသည်။ တိမ်စိုင်များသည် နက်မှောင်နေကာ လီထောင်ပေါင်းများစွာ ဧရိယာတစ်ခုလုံးအား အနက်ရောင်မြူခိုးအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည့်အသွင်မျိုး ဖြစ်ပေါ်နေခဲ့လေသည်။ ထိုတိမ်စိုင်များထဲတွင် ဧရာမသားရဲကြီးတစ်ကောင်ကို စုမင်တွေ့လိုက်ရပြီး မယုံကြည်နိုင်ဖြစ်သွားရသည်။
၎င်းမှာ လေထုကိုဖြတ်သန်းလျက် ကောင်းကင်တွင် ကူးခတ်လာနေည့် ဧရာမကြီးမားသော နှုတ်သီးရှည်ငါးကြီးတစ်ကောင်ပင် ဖြစ်သည်။ သူတို့ကြားခဲ့ရသော အသံများသည် ၎င်း၏ပါးစပ်မှထွက်ပေါ်နေခြင်းဖြစ်သည်။
၎င်း၏နောက်ကျောပေါ်တွင် လူတစ်ဦးထိုင်နေကြောင်း စုမင်မြင်လိုက်ရသည်။
ထိုလူသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမမျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကြောင်းကိုတော့ စုမင်တွေ့လိုက်ရသည်။ သူမ၏အနက်ရောင်ဆံပင်များသည် လေထဲတွင်လွင့်မျောနေပြီး သူမတွင် မယုံနိုင်ဖွယ်အလှအပမျိုး ရှိနိုင်ကြောင်း အရိပ်အမြွက်ဖော်ပြနေခဲ့သည်။
“သူမက ရှာမန်တစ်ယောက်ပဲ” အေးစက်စက်အသံတစ်သံက စုမင်ဘေးမှထွက်ပေါ်လာသည်။ သက်လတ်ပိုင်းလူက လေထဲသို့ခုန်တက်လိုက်သည်။
သူ လေထဲတွင် ခြေချလိုက်မိသည်နှင့် များစွာသော အဖြူရောင်မြူများသည် သူ့ကိုယ်ထဲမှ တိုးထွက်လာပြီး သူ့တစ်ကိုယ်လုံးအား ဝန်းရံသွားချေသည်။ ထို့နောက်တွင် ၎င်းအဖြူရောင်မြူများသည် စုမင်ဝတ်ဆင်ထားသော ချပ်ဝတ်နှင့် လုံးဝမတူညီသည့် အဖြူရောင်ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုအရာသည် စုမင်ပိုင်ဆိုင်ထားသည်ထက် ပိုမိုသာလွန်နေခဲ့ချေသည်။
ချပ်ဝတ်ထံမှ အစွမ်းထက်သော အရှိန်အဝါတစ်ခုထွက်ပေါ်နေပြီး သက်လတ်ပိုင်းအမျိုးသားသည် မရှုံးနိမ့်နိုင်ဟူသော အသွင်အပြင်မျိုး ဖြစ်ပေါ်နေခဲ့စေသည်။
“စစ်နတ်ဘုရား တစ်ဦး”
စုမင်နှလုံးသားသည် လှုပ်ရှားသွားခဲ့ရသည်။ အဘယ်ကြောင့် သူသည် သက်လတ်ပိုင်းအမျိုးသားနှင့်ရင်းနှီးစွာ ခံစားနေရကြောင်း၊ ဖန်းယုပင်းသည် ဤလူကိုတွေ့လိုက်ချိန်တွင် အဘယ်ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ရိုသေလေးစားစွာ ဆက်ဆံကြောင်း၊ ဤလူသည် အဘယ်ကြောင့် စုမင်နှင့်အခြားသူများကို နံရံပေါ်တွင် ရပ်ကြည့်ခွင့် ပြုခဲ့ကြောင်းနှင့် အဘယ်ကြောင့် စုမင်အား သူ့တပည့်ဖြစ်စေလိုခဲ့သည်တို့ကို စုမင်နောက်ဆုံးတော့ နားလည်သွားရပြီဖြစ်သည်။ သူနှင့်ထိုအမျိုးသားတို့သည် တူညီနေကြခြင်းကြောင့်ဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် စစ်နတ်ဘုရားများ ဖြစ်နေကြခြင်းကြောင့်ပင်...
ထို့အပြင် ဤလူသည် ရုပ်နယ်လွန်နယ်ပယ်၏ စစ်နတ်ဘုရားတစ်ဦး မဟုတ်ပဲ... ရိုးရေစတေးနယ်ပယ်မှ စစ်နတ်ဘုရားတစ်ဦးပင်ဖြစ်သည်။
(T/N note- ရှာမန်တွေကို ဝူမျိုးနွယ်စုလို့ သိကြပါတယ်။ တရုတ်ပြည်ရဲ့ လူရိုင်းမျိုးနွယ်စုကြီး ငါးခုထဲက တစ်ခုပါတဲ့)
***