ငါက မင်းရဲ့ အဘိုးဟူ ပဲ
Vol. 16 Ch. 218
အတားအဆီး၏အထက်လေထဲတွင် ကြောက်ရွံ့ဖွယ်အရှိန်အဝါတစ်ခုလွှမ်းခြုံထားသော အဖြူရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းလူသည် လီထောင်ပေါင်းများစွာအဝေးရှိ ဧရာမနှုတ်သီးရှည်ငါးကြီးနှင့် ၎င်းကျောပေါ်မှ လူရိုင်းအမျိုးသမီးတို့ကို အေးစက်စွာစိုက်ကြည့်နေခဲ့သည်။
ထိုအချိန်တွင် လေထဲ၌ မြည်ဟည်းသံများ ပျံ့လွင့်ထွက်ပေါ်လာသည်။ တောင်တန်းပေါ်တွင် ရှုပ်ထွေးသောအစီအရင်ကြီးတစ်ခု ထွက်ပေါ်လာပြီး ထုတ်လွှတ်နေသော ဖိအားကိုအဆပေါင်းများစွာ တိုးသွားစေလိုက်သည်။ စုမင်သည်ပင် ထိုဖိအားကိုဆက်လက်၍ ကြာကြာတောင့်မခံနိုင်တော့ကြောင်း သူ့ကိုယ်သူသိလိုက်ချေသည်။
“မင်း ထပ်လာပြန်ပြီလား။ နောက်ဆုံးအကြိမ်တုန်းက ငါမင်းကိုမသတ်ခဲ့ဘူး။ ဒါပေမဲ့ ငါ့ကိုဆက်အနှောင့်အယှက်ပေးနေမယ်ဆိုရင်တော့ ငါမင်းကို သတ်ရလိမ့်မယ်”
လေထဲမှ အမျိုးသား၏မျက်နှာသည် သူ့စကားလုံးများအတိုင်းပဲ အေးစက်နေခဲ့ချေသည်။
သူပြောပြီးချိန်တွင် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေနိုင်သော မိုးခြိမ်းသံများသည် မြည်ဟည်းသွားကြပြီး အဝေးမှ ဧရာမနှုတ်သီးရှည်ငါးကြီးကို တုန်ယင်သွားစေသည်။
“ငါ့မျိုးနွယ်စုက သားရဲရိုင်းကို ငါခေါ်လာလို့ မင်းငါ့ကို သတ်လို့မရဘူး၊ ပိုင်ချုံး။ ငါ့အစ်မရဲ့ အမှတ်တရပစ္စည်းတွေ ငါ့ကိုပြန်ပေး။ မဟုတ်ရင်တော့ ငါ ဒီတစ်ကြိမ်ရှုံးသွားလည်း နောက် ထပ်လာဦးမှာပဲ” အမျိုးသမီး၏အသံက သူတို့ထံရောက်လာခဲ့သည်။
“ထွက်သွားစမ်း”
ပိုင်ချုံး၏မျက်လုံးများထဲတွင် အေးစက်စက်အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူသည် ညာလက်ကိုမြှောက်ကာ လေထဲသို့ဝှေ့ယမ်းလိုက်သည်။ ကမ္ဘာကိုပင်တုန်လှုပ်သွားစေနိုင်သော မြည်ဟည်းသံများ ထွက်ပေါ်လာပြီး စုမင်ရပ်နေသော အတားအဆီးထံမှ သန်မာသောဖိအားကြီးတစ်ခု တိုးထွက်လာခဲ့သည်။
ထိုဖိအားကို စုမင်တောင့်မခံနိုင်ပေ။ သူနောက်သို့အမြန်ဆုတ်လိုက်ပြီး ဖိအားအပြည့်အဝထွက်ပေါ်လာချိန်တွင်တော့ သူလည်းအတားအဆီးပေါ်မှ ထွက်ခွာပြီးသွားပြီဖြစ်သည်။
သူပြန်လှည့်ကြည့်လိုက်မိချိန်တွင် တွန့်လိမ်ပုံပျက်နေသော ကမ္ဘာလောကကြီးကိုသာ မြင်လိုက်ရချေသည်။ တွန့်လိမ်ပုံပျက်နေသောလေဟာနယ်သည် သူ့မြင်ကွင်းကိုကာဆီးထားပြီး အတားအဆီးပေါ်မှ အမျိုးသားကိုသော်လည်းကောင်း၊ နှုတ်သီးရှည်ငါးကြီးနှင့် လူရိုင်းအမျိုးသမီးတို့ကိုသော်လည်းကောင်း မတွေ့ရတော့ပေ။
အတားအဆီးပေါ်မှ မပီဝိုးတဝါးအသံများကိုသာ သူကြားနေရပြီး ဖိအားသည်တော့ တစ်ဖြည်းဖြည်းပိုမိုသန်မာလာချေသည်။ အတားအဆီး၏အနီးတွင် စုမင်ဆက်မနေနိုင်တော့ပဲ ပြန်လည်ဆုတ်ခွာရုံသာတတ်နိုင်တော့သည်။
သူသည် ပေ၁၀၀၀၀အကွာအဝေးကို ပြန်ဆုတ်လိုက်ပြီး ဟန်ဖေးကျစ်နှင့် ချန်းယုပင်းတို့ဘေးတွင် ရပ်လိုက်ချိန်မှသာလျှင် အပြင်သို့ပျံ့နှံ့လာနေသောဖိအားက ရပ်တန့်သွားခဲ့သည်။
ချန်းယုပင်း၏မျက်နှာသည် ဖြူရော်နေခဲ့ပြီး အထိတ်တလန့်ဖြင့် ချက်ချင်းမေးလာသည်။ “ညီနောင်စု၊ ဘာဖြစ်သွားတာလဲ။ လူရိုင်းတွေ ငါတို့ဆီကျူးကျော်လာတာလား”
သူ့ဘေးမှ ဟန်ဖေးကျစ်သည်လည်း သိလိုသောအမူအယာဖြင့် စုမင်ထံ လှမ်းကြည့်နေခဲ့ချေသည်။
“မဟုတ်ဘူး။ အဲဒါ လူရိုင်းတစ်ယောက်တည်းပါ” စုမင်က ဖြည်းညှင်းစွာပြန်ဖြေရင်း အတားအဆီးအထက်မှ တွန့်လိမ်ပုံပျက်နေမှုများကို လှမ်းကြည့်လိုက်သည်။
“တော်သေးတာပေါ့။ အဲဒါထက် ငါတို့ဒီကိုလာတဲ့အချိန်ကျမှ အခုလိုဖြစ်တာ အရမ်းကိုတိုက်ဆိုင်သွားတာပဲ ဟုတ်တယ်မလား။ ဒါပေမဲ့ ညီနောင်မော့၊ ငါတို့အခုထွက်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က အဆင်သင့်ဖြစ်နေလောက်ပြီ” ချန်းယုပင်းသည် သူ၏စိုးရိမ်ပူပန်မှုများကို မဖုံးကွယ်နိုင်ပဲ မြည်ဟည်းသံများထွက်ပေါ်နေသော အတားအဆီးထံ ဆက်တိုက်ဆိုသလို လှမ်းကြည့်နေခဲ့ချေသည်။
အတားအဆီးထံသို့ စုမင် တစ်ချက်ထပ်ကြည့်လိုက်ပြီး သူ့နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုများကို ဖိနှိပ်လိုက်သည်။ တောင်ပိုင်းအရုဏ်ဦးကုန်းမြေနှင့် မာန်စွမ်းအားရှင်မျိုးနွယ်စုအကြောင်း သူပိုမိုနားလည်လာလေလေ၊ အနောက်ပိုင်းမဟာမိတ်နယ်မြေထံပြန်ရန်ဟူသော သူ့အိပ်မက်နှင့်ပက်သက်၍ မသေချာ၊မရေရာစွာ ခံစားလာရလေလေပင်ဖြစ်သည်။
“ညီနောင်စု၊ သွားရအောင်”
ချန်းယုပင်းသည် အနည်းငယ်စိတ်ရှုပ်ထွေးနေပြီး စုမင်ကိုထပ်မံလောဆော်လိုက်သည်။ တစ်ခြားလူတစ်ဦးသာဆိုလျှင် သူအစောကြီးတည်းက လျစ်လျူရှုထားခဲ့မိလိမ့်မည်ဖြစ်သည်။ သို့သော် ယခုတော့ စုမင်ဖြစ်နေသဖြင့် သူလျစ်လျူမရှုဝံ့ပေ။
စုမင် ခေါင်းညိတ်ပြမိသည်။ အတားအဆီး၏ အပြင်မှတိုက်ပွဲသည် သူ၏ယခုကျင့်ကြံဆင့်နှင့် ဝင်ရောက်တိုက်ခိုက်လို့ရသော အရာတစ်ခုမဟုတ်မှန်း သူသိနေခဲ့သည်။ သူ၏ယခုကျင့်ကြံဆင့်နှင့်ဆိုလျှင် အတားအဆီးထံမှဖိအားကိုပင် ရင်ဆိုင်နိုင်စွမ်းမရှိချေ။ သူအကူအညီပေးနိုင်မည့် နည်းလမ်းမရှိသလို ပိုင်ချုံးသည်လည်း မည်သည့်အကူအညီမှ လိုအပ်လိမ့်မည်မဟုတ်ပေ။
ထွက်ခွာရန် စုမင်လက်ခံလိုက်သည်ကိုမြင်လျှင် ချန်းယုပင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူတို့သုံးဦးသည် အလင်းတန်းများအသွင်ပြောင်းလျက် ထိုနေရာမှ ထွက်ခွာသွားလေသည်။ သိပ်မကြာခင်မှာပင် သူတို့သည် ရွှေရောင်အလင်းများလွှမ်းခြုံနေသောတောင်ထံ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
ထိုတောင်ပေါ်သို့ ပြန်ရောက်လာသော်လည်း စုမင်က အတားအဆီးထံဆက်ကြည့်နေဆဲ ဖြစ်သည်။ ရှုယုယွဲ့သည်ပင် တစ်စုံတစ်ရာဖြစ်ပျက်လာကြောင်း ခံစားလိုက်မိချေသည်။ သူမ၏ တုန်ယင်နေသောလက်များနှင့် အစီအရင်ကိုအပြည့်အဝအသက်သွင်းလိုက်ပြီး သူတို့အား တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏အလင်းများ လွှမ်းခြုံသွားချိန်ရောက်မှသာ စုမင်က အတားအဆီးထံမှ အကြည့်ပြန်လွှဲလိုက်မိသည်။ သူတို့သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ အလင်းနှင့်အတူ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကြချေသည်။
မိုးခြိမ်းသံသဖွယ် မြည်ဟည်းသံကြီးတစ်ခုနှင့်အတူ ကျောက်တောင်ကြီးသည် ပြန်လည်တိတ်ဆိတ်သွားပြီး သေးငယ်သောရွှေရောင်အလင်းလုံးလေးများက လေထဲသို့ ပျံ့နှံ့သွားခဲ့သည်။
အကြိမ်ရေအတော်များများ တည်နေရာရွှေ့ပြောင်းခြင်းများနှင့် အနားယူမှုအနည်းငယ် ပြီးသွားပြီး ခုနစ်ရက်ခန့်ကြာပြီးနောက်တွင် စုမင်နှင့်အခြားသူများသည် နောက်ဆုံး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ခြေချလိုက်မိကြပြီဖြစ်သည်။ သူတို့နောက်တစ်ကြိမ်ပြန်ပေါ်လာလျှင် အေးခဲကောင်းကင်ကလန်သို့ ရောက်နေပေလိမ့်မည်။
တောင်ပိုင်းအရုဏ်ဦးကုန်းမြေအတွင်းပိုင်း၏ မြောက်ဘက်ခြမ်းတွင် ကုန်းမြေတစ်ခုလုံးကိုပင် ထိတ်လန့်တုန်လှုပ်စေနိုင်သော မျိုးနွယ်စုတစ်ခုရှိသည်။ ထိုမျိုးနွယ်စု၏အမည်မှာ အေးခဲကောင်းကင်ပင်ဖြစ်သည်။
အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီးသည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေ၏ မဟာမျိုးနွယ်စုကြီးနှစ်ခုထဲမှ တစ်ခုဖြစ်သည်။
အဓိကမျိုးနွယ်စုသည် တောင်ပိုင်းအရုဏ်ဦး၏ မြောက်ဘက်တွင် တည်ရှိသည်။ ၎င်းသည် မကြီးမားသော်လည်း တောင်ပိုင်းအရုဏ်ဦးအတွင်းမှ အရွယ်အစားအမျိုးမျိုးရှိသော မရေမတွက်နိုင်သည့်မျိုးနွယ်စုများကိုတော့ အေးခဲကောင်းကင်က ပိုင်ဆိုင်ထားချေသည်။
ထိုမျိုးနွယ်စုများကြောင့် အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီး၏ စွမ်းအားသည် အနောက်ပိုင်းပင်လယ် မဟာမျိုးနွယ်စုကြီးနှင့် တူညီနေပြီး တောင်ပိုင်းအရုဏ်ဦးကုန်းမြေတစ်ခုလုံးကို ထိတ်လန့်စေရုံသာမက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်းတွင် အတားအဆီးအပြင်ဘက်မှ လူရိုင်းများအတွက်လည်း အခက်အခဲများဖြစ်စေနိုင်ခဲ့လေသည်။
အေးခဲကောင်းကင်ကလန်ကို အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီး၏ အစောပိုင်းနေ့ရက်များအတွင်း အချိန်ကြာမြင့်စွာကပင် တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။ သူတို့သည် မျိုးနွယ်စုကိုအသုံးပြု၍ ကျောင်းတော်ကို အလယ်အလတ်တန်းစားမျိုးနွယ်စုတစ်ခု၏ အရွယ်အစားမှ မျိုးနွယ်စုကြီးတစ်ခု၏အရွယ်အစားအထိ ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နိုင်ခဲ့ကြသည်။ အေးခဲကောင်းကင်ကလန်သည် တောင်ပိုင်းအရုဏ်ဦး နယ်မြေ၏မြောက်ဘက် ဆီးနှင်းများဖုံးအုပ်နေသော တောင်တန်းဧရိယာကြီးတစ်ခုတွင် တည်ရှိသည်။
ဤဒေသသည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေ၏ အတားအဆီးအတွင်းပိုင်းထဲတွင် တစ်နှစ်ပတ်လုံးဆီးနှင်းများ ဖုံးလွှမ်းနေသည့် တစ်ခုတည်းသော ဒေသလည်းဖြစ်သည်။ ကျောင်းတော်သည် မြောက်ပိုင်းဒေသ၏တစ်ဝက်ခန့်ကို နေရာယူထားပြီး အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးနှင့် အတူတူပင်ဖြစ်သည်။ သူတို့သည် မြောက်ပိုင်းတွင် အသန်မာဆုံးသော အင်အားစုများလည်း ဖြစ်သည်။
အေးခဲကောင်းကင်ကလန်သည် အလွန်ကြီးမားပြီး တပည့်ပေါင်းများစွာ ရှိသည်။ သူတို့အားလုံးသည် အေးခဲကောင်းကင်ကလန်အုပ်စိုးသော ဧရိယာထဲရှိ မရေမတွက်နိုင်သော မျိုးနွယ်စုများမှလာခြင်းဖြစ်သည်။
ကြီးမားသော ဆီးနှင်းဖုံးလွင်ပြင်ထဲတွင် အဓိက တောင်ကြီးကိုးလုံးရှိသည်။ ဆီးနှင်းများဖုံးလွှမ်းနေသော ထိုတောင်ကိုးလုံးသည် ဒေသတစ်ခုလုံးကို ဝိုင်းရံထားခဲ့သည်။ တောင်တစ်လုံးစီတိုင်းကို အေးခဲကောင်းကင်ကလန်၏ အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ခေါ်ဆိုနိုင်ပေသည်။
တောင်ကိုးလုံး၏နောက်တွင် မြေပြင်ပေါ်သို့ အစီအစဉ်တစ်ကျမဟုတ်ပဲ ထွက်ပေါ်နေဟန်ရသည့် တစ်ခုနှင့်တစ်ခုဆက်စပ်နေသော ရေခဲတောင်ပုလေးများ ရှိနေခဲ့သည်။ တစ်စုံတစ်ဦးသည်သာ ကောင်းကင်အမြင့်မှကြည့်မည်ဆိုလျှင်တော့ ထိုတောင်များသည် အစီအရင်တစ်ခုပုံစံတည်ရှိနေကြခြင်း ဖြစ်ပြီး သန်မာ၍အစွမ်းထက်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေကြချေသည်။
တောင်ပိုင်းအရုဏ်ဦး၏ မြောက်ဘက်ပိုင်းသည် သမုဒ္ဒရာကြီးတစ်ခု ဖြစ်ခဲ့သည်ဟု ကောလဟာလများရှိသည်။ သို့သော် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာခန့်က အေးခဲကောင်းကင်ကလန် ဖြစ်ပေါ်လာချိန်တွင် ထို သမုဒ္ဒရာကြီးသည် ပညာရပ်တစ်ခုဖြင့် အေးခဲခံလိုက်ရပြီး သမုဒ္ဒရာကြီးသည် မြေမျက်နှာပြင်ပေါ်ရှိ ရေခဲလွှာကြီးဖြစ်လာကာ ထိုနေရာတွင် အေးခဲကောင်းကင်ကလန်က အခြေတည်ထားသည်ဟု ဆိုကြ၏။
အေးခဲကောင်းကင်ကလန်အောက် အဆုံးမရှိသည့်ရေခဲလွှာကြီးများ၏ အောက်ခြေတွင် ယခုထိတိုင်ပင်လယ်ရေများ ရှိနေသေးသည်ဟူသော ဝေါဟာရများလည်း ရှိချေသည်။ သို့သော် သမုဒ္ဒရာကြီးကို အေးခဲကာ ကုန်းမြေ၏အစိတ်အပိုင်းတစ်ခု ဖြစ်လာစေခဲ့ခြင်းနှင့် အဘယ်ကြောင့် အေးခဲကောင်းကင်ကလန်သည် ကျောင်းတော်ကို ထိုနေရာတွင် တည်ထောင်ခဲ့ရကြောင်းကိုတော့ မည်သူမှမသိရှိပေ။
အဆုံးအစမရှိသည့် ရေခဲပြင်ကြီးများပေါ်တွင် အဓိကတောင်ကြီးကိုးလုံးနှင့် လက်အောက်ခံတောင်တန်းများ များစွာဖြင့် ဖွဲ့စည်းထားသော အေးခဲကောင်းကင်ကလန်သည် ကြီးမားသော ခံတပ်ကြီးတစ်ခုသဖွယ်ပင်ဖြစ်သည်။
တောင်ကိုးလုံးအထက် လေထုထဲတွင်တည်ရှိနေသော အဆောက်အဦးတစ်ခုသည် အေးခဲကောင်းကင်ကလန်၏ အမှတ်အသားတစ်ခုပင်ဖြစ်သည်။ ထိုအဆောက်အဦးကို ကောင်းကင်ဘုံတံခါးဝဟု သိရှိကြသည်။
ထို့ကြောင့်ပင် အေးခဲကောင်းကင်ဟူသော အမည်ကိုရရှိလာခဲ့ခြင်းဖြစ်သည်။
ထိုအဆောက်အဦးကို တံခါးဝဟုခေါ်ဆိုကြသော်လည်း အမှန်တစ်ကယ်တွင် ၎င်းသည် လွင့်မျောနေသော ကုန်းမြေအပိုင်းအစကိုးခုသာ ဖြစ်သည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခုထပ်နေပြီး မျှော်စင်တစ်ခုသဖွယ် ဖြစ်ပေါ်နေခဲ့ကြသည်။ တစ်ခုချင်းစီသည် ပေ၁၀၀၀၀ခန့် အရွယ်အစားရှိကြပြီး တောင်ကိုးလုံးကို ဗဟိုပြုလျက် လေထဲ၌ လွင့်မျောနေကြချေသည်။
ကုန်းမြေတစ်ခုစီတိုင်းပေါ်တွင် လှပသောမျှော်စင်အချို့ ရှိလေသည်။ ကောင်းကင်ဘုံတံခါးဝအတွင်း နေနိုင်သောတပည့်များသည် သေချာပေါက်ပင် သာမန်ညောင်ညအဆင့်အတန်းရှိသူများ မဟုတ်ပေ။
တစ်စုံတစ်ဦးသည် ခေါင်းကိုမော့ကြည့်မည်ဆိုလျှင် ငါးခုမြောက်ကုန်းမြေအထိသာ မြင်ရလိမ့်မည်ဖြစ်သည်။ အပေါ်ဘက်ရှိ အခြားကုန်းမြေများသည်တော့ တိမ်စိုင်များဖြင့် ဖုံးကွယ်ခံထားရသောကြောင့် မမြင်ရနိုင်ပေ။ ထိုနေရာတွင် ထူးဆန်းသောအားတစ်ခုလည်း ရှိနေသေးသည်။ တစ်စုံတစ်ဦးသည် အပေါ်သို့ပျံတက်ခဲ့လျှင်တောင် ခွင့်ပြုချက်မရလျှင် အနီးသို့ပင်ကပ်နိုင်လိမ့်မည်မဟုတ်ပေ။
လေ့ကျင့်ရန်ထွက်သွားသော တပည့်များနှင့် ကောင်းကင်မြူခိုးအကာအကွယ်ကို ကာကွယ်ရန် စေလွှတ်ခံရသော တပည့်များကိုပါ ထည့်သွင်းရေတွက်လျှင် အေးခဲကောင်းကင်ကလန်မှတပည့်များက သိန်းချီလျက်ရှိသည်။ အေးခဲကောင်းကင်ကလန်ကို ဖော်ပြချိန်တွင် မာန်စွမ်းအားရှင်သိန်းပေါင်းများစွာရှိသော နေရာဟူသည့် စကားများသည် အခြေအမြစ်မရှိသည့်စကားလုံးများ မဟုတ်ပေ။
ယနေ့တွင် စတုတ္ထမြောက် အဓိကတောင်ထွတ်သည် ရာချီသော စင်မြင့်များဖြင့် ဝိုင်းရံခံထားရသည်။ ထိုစင်မြင့်များသည် ပြန့်ကျဲစွာတည်ရှိနေပြီး ၎င်းတို့တစ်ခုစီတိုင်းတွင် အစီအရင်တစ်ခုစီ ဆွဲသားခံထားရလေသည်။
ထိုအချိန်တွင် စင်မြင့်များထဲမှတစ်ခု၌ စူးရှသော ရွှေရောင်အလင်းများ တောက်ပလာခဲ့သည်။ တစ်ဖြည်းဖြည်းဖြင့် လေအေးများသည် လေထဲသို့ ပျံ့လွင့်သွားပြီး စင်မြင့်အထက်ရှိစည်းထဲတွင် လူငါးယောက် ပေါ်လာခဲ့သည်။
“အေးခဲကောင်းကင်ကလန်...”
လေအေးများသည် စုမင်မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားပြီး ထိုလေတို့နှင့်အတူပါလာသော နှင်းစက်အချို့ကပါ မျက်နှာပေါ်သို့ကျရောက်လာသဖြင့် သူ့မျက်နှာသည် အေးစက်မှုအား ခံစားလိုက်ရချေသည်။ ဤအရာသည် တောင်ပိုင်းအရုဏ်ဦး နယ်မြေတွင် သူ ပထမဆုံးအကြိမ်အဖြစ် အစစ်အမှန်နှင်းများကို ခံစားရခြင်းပင်ဖြစ်သည်။ ဤနှင်းများသည် မည်သည့်စွမ်းအားမျိုး၊ ပညာရပ်မျိုးနှင့်မှ ဖန်တီးထားခဲ့ခြင်းမဟုတ်ပေ။
စင်မြင့်ပေါ်တွင် ထိုင်နေသူသုံးဦးရှိသည်။ အစီအရင်ထံမှ ရွှေရောင်အလင်းတို့ တောက်ပလာချိန်တွင် ထိုလူသုံးဦး၏မျက်လုံးများက ပွင့်လာခဲ့သည်။
“အဲဒါ ဂျူနီယာညီလေး ချန်းနဲ့ ဂျူနီယာညီမ ရှုတို့ ဖြစ်ရမယ်” သူတို့ထဲမှတစ်ဦးက တည်ငြိမ်စွာပြောဆိုလိုက်ပြီး အစီအရင်အတွင်း၌ပေါ်လာသော လူငါးဦးကို ငေးစိုက်ကြည့်လိုက်သည်။
စင်မြင့်ပေါ်ရှိ အစီအရင်မှ ရွှေရောင်အလင်းများ ပျောက်ကွယ်သွားချိန်တွင် ထိုနေရာ၌ရပ်နေသော စုမင်နှင့်အခြားလူလေးဦးတို့ ထွက်ပေါ်လာချေသည်။
စင်မြင့်ပေါ်တွင် ထိုင်နေသောလူသုံးဦးသည် မတ်တပ်ထရပ်လိုက်ပြီးမတ်တပ်ထရပ်လိုက်ပြီး ထိုအထဲမှ လူတစ်ဦးက ရယ်ရယ်မောမောနှင့် ပြောလာ၏။ “ဂျူနီယာညီမငယ် ဖန်းလည်း ပြန်လိုက်လာတာလား။ ဂျူနီယာညီငယ်ချန်း ဒီတစ်ကြိမ်အပြင်ထွက်ရတဲ့ အတွေ့အကြုံက ဘယ်လိုနေလဲ”
“စီနီယာအစ်ကို ကျိုး၊ ကျွန်တော့ကို မစပါနဲ့တော့။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်မပြောရတာကမှ ကောင်းဦးမယ်...”
ချန်းယုပင်းသည် အေးခဲကောင်းကင်ကလန်သို့ ပြန်ရောက်ချိန်တွင် စိတ်အေးသွားသည်မှာ အထင်အရှားပင်။ ထိုလူ၏စကားများကို ကြားချိန်တွင် သူသည် ရယ်မောရင်း ရှေ့မှလူသုံးဦးထံ လျှောက်သွားလိုက်သည်။
“လာပါဦး။ ငါ နည်းနည်း မိတ်ဆက်ပေးမယ်။ ဒါက ဂျူနီယာညီမငယ် ဟန်ဖေးကျစ်ပဲ”
ဟန်ဖေးကျစ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဤကဲ့သို့နည်းဖြင့် လူများနှင့်သိကျွမ်းရခြင်းအား သဘောမကျကြောင်း ရှင်းရှင်းလင်းလင်းပင် ပြုလုပ်လိုက်သည်။ သို့သော် သူမသည် ယခုမှ အေးခဲကောင်းကင်ကလန်ကို စရောက်လာခြင်းဖြစ်၍ သူမ၏အဆင်မပြေဖြစ်နေမှုကို ဖုံးကွယ်လိုက်ပြီး လူသုံးယောက်ကို ခေါင်းငြိမ့်ပြလိုက်ချေသည်။
ဖန်းချန်းလန်သည် လူအုပ်ကို ပြုံးပြနှုတ်ဆက်ပြီးနောက် စုမင်ထံ လျှောက်သွားလိုက်သည်။
တစ်ဦးနှင့်တစ်ဦး ပြောဆိုနေကြသောလူများကို စုမင်ဘေးမှရပ်ကြည့်လိုက်မိသည်။ ချန်းယုပင်းက မိတ်ဆက်ပေးပြီးသည်နှင့် ထိုလူများသည် ပိုမို၍ပင် ရင်းနှိးလာခဲ့ကြလေသည်။ ရှုယုယွဲ့၏မျက်နှာပေါ်တွင်လည်း မာနထောင်လွှားသောအမူအယာမျိုး ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ သူမအမူအယာသည်လည်း သူမပတ်ဝန်းကျင်မှလူများနှင့် အလားတူပင်ဖြစ်သည်။
ထိုအမူအယာသည် အေးခဲကောင်းကင်ကလန်၏ တပည့်အများစုတွင် ရှိနေသကဲ့သို့ပင် ဖြစ်သည်။ သူတို့အားလုံးသည် အခြားသူများ၏အထက်တွင် ရှိနေသကဲ့သို့ ပြုမူနေကြခြင်းဖြစ်သည်။
ထိုသူတို့နှင့် ပက်သက်၍ စုမင်စိတ်ရှုပ်ခံမနေတော့ပဲ စင်မြင့်အစွန်းသို့သာ တစ်ယောက်တည်း လျှောက်သွားလိုက်ပြီး အဝေးထိကျယ်ပြန့်စွာတည်ရှိနေသော နှင်းပြင်ကြီးကို ငေးကြည့်နေမိ၏။
ဆီးနှင်းများသည် သူ့အား အလွန်အမင်း စိတ်လှုပ်ရှားစေသည်။ ဤနေရာတွင်ရပ်ကာ အဝေးသို့ငေးကြည့်မိချိန်တွင် သူသည် နက်မှောက်တောင်ပေါ်မှနှင်းများကို ကြည့်နေရသလို ခံစားလိုက်မိချေသည်။
လေတိုက်၍ သူ့မျက်နှာပေါ်သို့ ဆီးနှင်းများ ကျလာချိန်တွင် ဖြစ်ပေါ်လာသော အေးစက်စက်ခံစားချက်က ရင်းနှီးနေခဲ့၏။
သူ့နားထဲတွင် ဖန်းချန်းလန်၏ ညင်သာသောအသံကို ကြားလိုက်ရသည်။ “အကျွမ်းတဝင်မဖြစ်ဘူးမလား။
ငါ အေးခဲကောင်းကင်ကလန်ကို စရောက်လာတုန်းကလည်း အာ့လိုပဲခံစားခဲ့ရတယ်”
ဖန်းချန်းလန်က စုမင်ကိုကြည့်ကာ နွေးထွေးစွာပြုံးပြလိုက်သည်။
“အရမ်းတော့ မဆိုးပါဘူး” စုမင်အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
အမှန်တွင်၊ စုမင်၏အသွင်အပြင်သည် လူသုံးဦး၏အာရုံစိုက်မှုကို ဆွဲဆောင်ထားသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူတို့အား စင်မြင့်ပေါ်တွင် စောင့်ဆိုင်းနေရန် အမိန့်ပေးခံထားရခြင်းဖြစ်သည်။ ဖန်းချန်းလန်ကိုမြင်လိုက်ချိန်တွင် မအံ့သြခဲ့သော်လည်း စုမင်ကိုမြင်လိုက်ချိန်မှာတော့ အံ့အားသင့်သွားခဲ့ကြရ၏။
သို့သော် ချန်းယုပင်းက မိတ်ဆက်မပေးသေးသဖြင့် သူတို့မမေးခဲ့ပေ။ သို့သော် စုမင်သည် အုပ်စုထဲမှ တစ်ယောက်တည်းထွက်ခွာသွားချိန်တွင်တော့ သူတို့ကိုယ်တိုင်သာ ထုတ်မေးလိုက်မိတော့သည်။
“ဂျူနီယာညီငယ် ချန်း၊ အဲဒီလူက ဘယ်သူလဲ။ သူက ဘာလို့မင်းတို့နဲ့လိုက်လာရတာလဲ”
“သူက...”
ချန်းယုပင်းသည် ခဏတာတုန့်ဆိုင်းနေပြီးမှ ပြောလာသည်။ သို့သော် သူပြောမပြီးသေးခင်မျာပင် ကောင်းကင်မှ အလင်းတန်းတစ်ခုက သူတို့ထံဦးတည်လာချေသည်။ ထိုအလင်းတန်းသည် လျင်မြန်စွာသွားနေသဖြင့် ၎င်းလာရာ လမ်းတစ်လျှောက်လေထဲတွင်ရှိသော တပည့်လေးများသည် ၎င်းနှင့်မတိုက်မိစေရန် အလျင်အမြန်ထွက်ပြေးတိမ်းရှောင်လိုက်ကြရလေသည်။
လမ်းမှရှောင်ပေးလိုက်ရသောတပည့်လေးများသည် ဒေါသထွက်သွားကြသော်လည်း ထိုအလင်းတန်းထဲမှလူအား မြင်လိုက်ချိန်တွင် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ဤအဖြစ်အပျက်အား မသိချင်ယောင်ဆောင်နေရန်သာ ဆုံးဖြတ်ခဲ့ကြချေသည်။
“ဟေး... မင်းတို့ထဲက စုမင်ဆိုတာ ဘယ်သူလဲ”
ကျယ်လောင်သောအော်ဟစ်သံကြီးတစ်ခုသည် ထိုအလင်းတန်းထံမှထွက်ပေါ်လာခဲ့သည်။ အော်သံသည် ကျယ်လောင်လွန်းသဖြင့် နားပင်းသွားတော့မည်ကဲ့သို့ပင်...
အလင်းတန်းသည် သူတို့ထံရောက်ရှိလာချိန်တွင် ၎င်းသည် စင်မြင့်နှင့် နည်းနည်းဝေးဝေးရှိလေထဲတွင်ရပ်လိုက်ရာ တောင်တစ်လုံးသဖွယ် ခန္ဓာကိုယ်အချိုးအစားရှိသော ထွားကြိုင်းသည့်ယောကျ်ားတစ်ဦး ထွက်ပေါ်လာခဲ့ချေသည်။ ထိုလူ၏ဆံပင်များသည် ရှုပ်ပွနေခဲ့ချေသည်။ သူ့လက်ထဲတွင် ဘူးသီးခြောက်ကြီးတစ်ခုကို ကိုင်ထားပြီး စကားပြောပြီးသည်နှင့် တစ်ငုံမော့သောက်ကာ စင်မြင့်ပေါ်မှလူအုပ်ကို စိုက်ကြည့်လိုက်သည်။
“ဟေး၊ မင်းတို့ကို ငါမေးနေတယ်လေ။ စုမင်က ဘယ်သူလဲဆိုတာ မင်းတို့ရဲ့ ဒီအဘိုး ဟူ ကို ပြောပြကြစမ်းပါဆို”
***