နဝမမြောက် တောင်ထွတ်
Vol. 16 Ch. 219
ထိုလူကိုမြင်လိုက်ချိန်တွင် ချန်းယုပင်းတို့အား စောင့်နေသော လူသုံးဦး၏မျက်နှာထက်တွင် အံ့အားသင့်သော အမူအယာများ ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။ ဤစိတ်အနှောင့်အယှက်ဖြစ်ဖွယ်လူသည် စတုတ္ထတောင်ထွတ်သို့ ရောက်လာလိမ့်မည်ကို သူတို့မသိထားသည်မှာ အရှင်းအလင်းပင်...
“ဆရာဦးလေး... ဟူ...”
လူသုံးဦးသည် ခါးသီးစွာပြုံးလိုက်ရင်း လက်သီးလက်ဝါးဆုပ်လျက် ထိုယောကျ်ားကို နှုတ်ဆက်လိုက်ကြသည်။
အေးခဲကောင်းကင်ကလန်အတွင်းမှ အဆင့်သတ်မှတ်ချက်စနစ်သည် အလွန်တင်းကျပ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကိုယ့်ထက် စီနီယာကျသူများကို မနှုတ်ဆက်လျှင် အပြစ်ပေးခံရပေလိမ့်မည်။ စောင့်နေသူသုံးဦးသည် နှုတ်မဆက်ချင်သော်လည်း နှုတ်ဆက်လိုက်ရချေသည်။
ချန်းယုပင်း၏မျက်နှာတွင် ထူးဆန်းသောအမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။ သူသည် အဝေးတွင်ရပ်နေသောစုမင်ကို အလိုလိုလှည့်ကြည့်မိပြီးမှ ထိုယောကျ်ားကို နှုတ်ဆက်လိုက်ချေသည်။ သူ့ဘေးမှ ရှုယုယွဲ့သည်လည်း အလားတူပင်ဖြစ်သည်။
ထိုလူသည် စိတ်မရှည်ဖြစ်လာဟန်တူပြီး လူအုပ်ကိုလှည့်ပတ်ကြည့်ရှုလိုက်ကာ သူ့အကြည့်က ဟန်ဖေးကျစ်အပေါ် ကျရောက်သွားလေသည်။
“ဟေး၊ လုံမလေး” သူသည် ပြောလိုက်ပြီးနောက် ဘူးသီးခြောက်ကိုနှုတ်ခမ်းတွင် တေ့ကာ ပါးစပ်အပြည့်တစ်ငုံသောက်လျက် လည်ချောင်းရှင်းလိုက်ပြီးမှ အရက်မူးမူးဖြင့် ဆက်မေးလာသည်။ “မင်းက စုမင်လား”
ဟန်ဖေးကျစ်၏ မျက်နှာအမူအယာက မည်းမှောင်သွားပြီး ထိုအမျိုးသားကိုအေးစက်စွာ စိုက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။
“အား... တစ်ကယ်ပဲ မင်းတို့ထဲက ဘယ်သူကစုမင်လဲလို့။ ငါ့ကို ဒေါသထွက်အောင် မလုပ်ကြစမ်းပါနဲ့” ထိုသူက အော်ဟစ်လိုက်ရာ သူ့အသံသည် ဧရိယာတစ်ဝိုက်မှနှင်းများကိုပင် လှုပ်ခါသွားစေခဲ့သည်။
“ကျွန်တော်က စု ပါ။ ဆရာက ဘယ်သူများလဲ”
စုမင်သည် စင်မြင့်အစွန်းမှနေ၍ ထိုသူကို လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာမေးလာခဲ့သည်။
ထိုသူသည် ခေါင်းကိုကုတ်လိုက်ကာ စုမင်ကိုသေချာစိုက်ကြည့်လာသည်။ ထို့နောက် သဘောမကျသော အမူအယာဖြင့် အော်ဟစ်လိုက်ပြန်သည်။ “ဖယ်စမ်း။ ငါက စုမင်ကိုရှာနေတာ စုကို ရှာနေတာမဟုတ်ဘူး။ မင်းနာမည်က စုဆိုတော့ ငါရှာနေတဲ့လူမဟုတ်ဘူး”
သူပြောပြီးချိန်တွင် စင်မြင့်ပေါ်မှလူများသည် ရယ်မောလိုစိတ်ကို ထိန်းချုပ်လိုက်ကြရ၏။ သူတို့ ဤလူ၏စွမ်းအားကို ကြောက်နေခြင်းကြောင့်သာ မဟုတ်လျှင် ရယ်မိသည်မှာ အချိန်အတော်ကြာနေလောက်ပြီ ဖြစ်သည်။
စုမင်လည်း အံ့အားသင့်သွားရသည်။ ဤလူကဲ့သို့ အကျိုးအကြောင်းမသင့်သော လူများကို သူမဆုံခဲ့ဖူးပေ။ ထို့ကြောင့် ခါးသီးစွာပြုံးလိုက်မိပြီး ခေါင်းငြိမ့်ပြကာ ထပ်ပြောလိုက်ရချေသည်။ “ကျွန်တော်က စုမင်ပါ”
“အဓိပ္ပာယ်မရှိတာ။ မင်းကိုယ်မင်း စုလို့ ပြောခဲ့တာမဟုတ်ဘူးလား။ ငါက စုမင်ကို ရှာနေတာလဲဆိုရော မင်းကစုမင်ပါဆိုပြီး ချက်ချင်းပြောပြန်ရော ဘယ်လိုတောင်လဲ။ ဟေး၊ ငါမင်းကိုပြောပြမယ်။ မင်းရဲ့ အဘိုးဟူက အရမ်းကိုထက်မြက်တာ။ ငါ့ကို လိမ်ဖို့မတွေးနဲ့။ ငါ့ကိုလိမ်တဲ့လူတွေကို ငါအမုန်းဆုံးပဲ”
ထိုလူက စုမင်ကိုဒေါသတကြီးစိုက်ကြည့်လိုက်ပြီး စုမင်ရှေ့သို့ မုန်တိုင်းတစ်ခုသဖွယ် ရောက်လာခဲ့သည်။ သူ့မျက်နှာပေါ်မှ အန္တရာယ်ပြုလိုသောအမူအယာနှင့် သူ၏ ကြီးထွားကြံ့ခိုင်သော ခန္ဓာကိုယ်ကြီးပေါင်းစပ်လိုက်ချိန်တွင် သူသည် မယုံလောက်နိုင်လောက်အောင် ထိတ်လန့်ဖွယ်ကောင်းသွားလေသည်။
သူ့ထံမှ ခြိမ်းခြောက်နိုင်သောအရှိန်အဝါကြောင့် စင်မြင့်ပေါ်မှလူများသည် နောက်သို့အဆက်မပြတ်ဆုတ်လိုက်ကြရသည်။ စုမင်ဘေးတွင် ရပ်နေသော ဟန်ဖေးကျစ်သည်ပင် နောက်သို့ခြေလှမ်းအနည်းငယ်ခန့် အလိုလိုဆုတ်လိုက်မိချေသည်။
“ငါ့ကိုလိမ်တဲ့သူတွေကို အမုန်းဆုံးပဲ။ အဲဒီအဘိုးကြီး ထျန်းရှဲ့ဆို ငါ့ကို ခဏခဏလိမ်တယ်။ ငါ့ကို ထပ်မလိမ်တော့ပါဘူးဆိုပြီး ကျိန်ထားခဲ့တာ။ သူက ငါ့ကို စုမင်ဆိုတာ သွားရှာပေးခိုင်းတယ်။ စုမင်ဆိုတာသာ ဒီနေရာမှာမရှိရင် သူငါ့ကိုထပ်လိမ်လိုက်တာပဲ” ထိုယောကျ်ားသည် ဒေါသထွက်နေသောအမူအယာဖြင့် စုမင်ရှေ့တွင်ရပ်ကာ စုမင်အားစိုက်ကြည့်လာသည်။ “ငါ့ကိုပြောစမ်း။ ဘယ်သူက စုမင်လဲ”
စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလူသည် ဘာကြောင့်သူ့ကိုလာရှာခြင်းနှင့် သူ့နာမည်ကို မည်ကဲ့သို့ သိနေရသည်ကို စုမင်တွေးနေခဲ့ပြီး ချန်းယုပင်း၏ထူးဆန်းသောအကြည့်ကို တွေ့လိုက်ရချိန်တည်းက သူ့နှလုံးသားထဲ၌ အဖြေတစ်ခုကိုရနေခဲ့ပြီးဖြစ်သည်။
ဤလူသည် ထျန်းရှဲ့ကျီ၏ မိသားစုနာမည်အား ခေါ်လိုက်သည်ကို စုမင်ကြားလိုက်ချိန်တွင် စကားတစ်ခွန်းမှထပ်မဆိုတော့ပဲ သူ့ကို ထျန်းရှဲ့ကျီပေးခဲ့သည့် ဝိုင်အိုးကိုသာ ရင်ဘတ်ထဲမှ ထုတ်ယူလိုက်သည်။
ထိုအရာကို ထုတ်ယူလိုက်ချိန်တွင် ထိုလူ၏အာရုံက စုမင်အပေါ် ချက်ချင်းရောက်လာခဲ့သည်။ သူသည် ဝိုင်အိုးကိုတစ်ချက်ကြည့်လိုက်ပြီးသည်နှင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် စုမင်ကိုနောက်တစ်ကြိမ်ထပ်ကြည့်လာခဲ့သည်။ သို့သော် ထိုအကြည့်ထဲတွင် ကြမ်းကြုတ်ရက်စက်မှုများ ဆက်ရှိမနေတော့ပဲ ထိုအစားသနားမှုများသာ ရှိနေတော့သည်။
“မင်းက စုမင်လား။ ဘာလို့စောစောမပြောတာလဲ။ အခုတော့ ငါ့ အသက်ရှူကြိမ်တွေ အများကြီးဖြုန်းတီးလိုက်ရပြီ။ သွားစို့။ အဲဒီ လူအိုကြီးလှိုဏ်ဂူဆီ မင်းကိုခေါ်သွားပေးမယ်” သူသည် သက်ပြင်းချကာပြောဆိုရင်း ခြေတစ်လှမ်းတည်းဖြင့် စင်မြင့်ပေါ်မှ ထွက်ခွာသွားလေသည်။
ဆိုးရွားသောတစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု ခံစားနေရသော စုမင်နှလုံးသားအတွင်းမှ ခံစားချက်ကြီးက ပိုမိုခိုင်မာလာခဲ့သည်။ ခဏတာ တွန့်ဆုတ်နေပြီးနောက်တွင်တော့ ဖန်းချန်းလန်၊ ဟန်ဖေးကျစ်၊ ချန်းယုပင်း၊ ရှုယုယွဲ့နှင့်အခြားသူများအား လက်သီးလက်ဝါးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
“ငါအရင်ဆုံး သွားတော့မယ်။ အခွင့်ရှိရင် ပြန်ဆုံကြတာပေါ့”
“ညီနောင်စု... ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုပါတယ်...”
ချန်းယုပင်းသည် ထူးဆန်းသောမျက်နှာအမူအယာဖြင့် စုမင်အား နှုတ်ဆက်လာသည်။
“ကျွန်မ အခြေကျတာနဲ့ ရှင့်ကိုလာရှာမယ်” ဟန်ဖေးကျစ်အသံက အေးစက်စွာထွက်ပေါ်လာသည်။
“ကျွန်မက တတိယမြောက်တောင်ထွတ်မှာနေတာ။ အစ်ကို စု၊ ရှင်အားရင် လာခဲ့ပါ။ ကျွန်မတို့ လက်ဖက်ရည်သောက်ကြတာပေါ့”
ဖန်းချန်းလန်က နူးညံ့စွာပြုံးပြလာသည်။
စုမင် ပြန်မပြောနိုင်ခင်မှာပင် လေထဲတွင်ရပ်နေသောအမျိုးသားက မပျော်ရွှင်ဟန်ဖြင့် အော်ဟစ်လာခဲ့သည်။ “ကောင်လေး၊ ဘာလို့အခုထိ မလာသေးတာလဲ။ ငါ့ကို ဘယ်လောက်ကြာကြာစောင့်ရအောင် လုပ်နေတာလဲ”
စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် လူအုပ်ထံ ခေါင်းတစ်ချက်ငြိမ့်ပြပြီး လေထံသို့ပျံတက်လိုက်သည်။ သူလေထဲ၌ရပ်လိုက်ချိန်တွင် သူ၏ ပျံ့လွင့်နေသော ဆံပင်ရှည်များနှင့် အစိမ်းရောင်ဝတ်ရုံများကြောင့် သူ့ပုံစံအသွင်အပြင်က ကြော့ရှင်းရည်မွန်နေခဲ့သည်။
သူ့နောက်မှစုမင်ပါလာသည်ကိုမြင်သောအခါ ထိုလူသည် အမြန်နှုန်းအပြည့်ဖြင့် ရှေ့သို့ချက်ချင်းဦးတည်လိုက်သည်။ ထိုသူနောက်မှ စုမင်လိုက်ပါနေရင်းဖြင့် သူ့မျက်စိရှေ့တွင် အဖြူရောင်ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသော လောကကြီးအား တွေ့လိုက်ရချေသည်။ သူ့အနီးမှလေကို စုမင် ခပ်ပြင်းပြင်းရှူရှိုက်လိုက်မိ၏။ ဤအေးစက်မှုသည် နက်မှောင်တောင်မှ ဆောင်းရာသီကို ပြန်လည် သတိရမိစေပြီး သူ့ရှေ့မှလူနောက်သို့ တိတ်ဆိတ်စွာလိုက်ပါသွားမိသည်။ သူတို့နှစ်ဦးသည် အလင်းတန်းများအဖြစ်ဖြင့် စတုတ္ထတောင်ထွတ်မှ ပျံသန်းထွက်ခွာလာခဲ့ကြသည်။
မည်သူကမှ သူတို့ကိုရပ်တန့်ရန် မကြိုးစားခဲ့ပေ။ တစ်စုံတစ်ဦးက သူတို့ကိုမြင်၍ ရပ်တန့်ရန်စဉ်းစားမိလျှင်လည်း စုမင်ရှေ့မှအမျိုးသားကို မြင်လိုက်ချိန်တွင် မျက်မှောင်ကြုတ်ရုံသာကြုတ်ပြီး ရှောင်ဖယ်သွားကြလေသည်။
“အဲဒီ အဘိုးကြီးက အပြင်ကိုနည်းနည်းလောက် ထွက်လိုက်တာနဲ့ ငါ့အတွက် ဂျူနီယာညီလေးတစ်ယောက် ခေါ်လာပေးတယ်ဆိုတာ ငါ ယုံတောင်မယုံနိုင်ဘူး။ ငါဘယ်လောက်ကံဆိုးလိုက်လဲဆိုတာ မင်းပြောကြည့်။ ငါ့ဘာငါ ပျော်ပျော်ရွှင်ရွှင်နဲ့ ဝိုင်လေးသောက်နေရုံရှိသေး မင်းကိုသွားကြိုပေးပါတဲ့”
“နေဦး မဟုတ်သေးဘူး။ ငါတစ်ယောက်တည်း ကံဆိုးတဲ့လူမဟုတ်ဘူး မင်းလည်း ကံဆိုးတဲ့သူပဲ။ မင်းက တစ်ကယ်ကို ကံမကောင်းတဲ့လူပဲ။ မင်းက အရမ်း အရမ်းကို ကံဆိုးတာ။ မင်းတော့ တစ်ကယ် အရမ်း အရမ်းကို ကံဆိုးသွားပြီ....”
အမျိုးသားသည် ရှေ့ဆက်သွားနေရင်းမှ စုမင်ကိုလှည့်ကြည့်လာပြီး တီးတိုးရေရွတ်လိုက်သည်။
သို့သော် သူ၏တီးတိုးရေရွတ်သံများသည် ခပ်တိုးတိုးဟိန်းဟောက်သံများအသွင်ဖြင့် စုမင်နားထဲသို့ ရောက်လာဆဲပင်ဖြစ်သည်။ သို့သော် ယခုလိုနီးကပ်စွာရှိနေချိန်တွင်တော့ ထိုအသံသည် သူ့နားများကို အူသွားစေရန်ပင် လုံလောက်ချေသည်။
စုမင်အမူအယာသည် အေးခဲသွားပြီး အေးစက်စွာအော်ဟစ်လိုက်သည်။ “တော်လောက်ပြီ”
အမျိုးသားက စုမင်ကိုချက်ချင်းလှည့်ကြည့်ကာ ပြန်အော်သည်။ “ဟမ်၊ ငါ့ဘာငါ ပြောနေတာကို မင်းက ဘာလို့ရပ်ဖို့ ပြောရဲတာလဲ”
စုမင် ခေါင်းစကိုက်လာခဲ့သည်။ အထူးသဖြင့် စုမင်အော်ဟစ်လိုက်ချိန်တွင် ထိုလူသည် အနည်းငယ်နာကျင်သွားသည့် အမူအယာမျိုးဖြစ်သွားခဲ့ချေသည်။ ထိုလူသည် သူ့ကိုလာခေါ်ခြင်းဖြစ်ကြောင်းနှင့် သူပြောနေသော စကားလုံးများကို နားထောင်ခြင်းဖြင့် ထျန်းရှဲ့ကျီ၏တပည့် ဖြစ်နိုင်ကြောင်းတို့ကို တွေးလိုက်မိချိန်တွင် စုမင် သက်ပြင်းချလိုက်မိသည်။
‘ငါက သူ့ရဲ့တစ်ဦးတည်းသော တပည့်လို့ ထျန်းရှဲ့ကျီ ပြောခဲ့တာပါ...’
စုမင်စိတ်ထဲမှ မကောင်းသောခံစားချက်ကြီးသည် ပိုမိုပြင်းထန်လာခဲ့သည်။
“ငါမင်းကို ဘယ်လိုခေါ်သင့်လဲ” စုမင် ခါးသီးစွာရယ်မောရင်း မေးလိုက်မိသည်။
“ဟမ့်”
အမျိုးသားသည် ဆက်၍ စိတ်ဆိုးနေသေးဟန်ပင်။ သူသည် ပြန်လှည့်သွားပြီး စုမင်ကိုလျစ်လျူရှုကာ ထိုအစား အရှေ့သို့ဆက်ပျံသန်းသွားရန်သာ ရွေးချယ်လိုက်ချေသည်။
သူတို့နှစ်ဦးသည် မရေမတွက်နိုင်သော တောင်များကို ဖြတ်သန်းလာခဲ့ပြီးနောက်တွင် စုမင်ကသူ့အား စကားထပ်မပြောတော့သည်ကို တွေ့လိုက်ချိန်တွင် အမျိုးသားကသာ စကားပြန်စလိုက်ရလေသည်။
“ငါမင်းကို သတိပေးမယ်။ ငါ့ကို ဘာမှထပ်မပြောနဲ့။ ငါ့နာမည်ကိုလည်း မမေးနဲ့။ မင်းထပ်မေးရင်တောင် မင်းအဘိုးဟူက မင်းကိုပြောပြမှာမဟုတ်ဘူး။ ဘာလို့ဆိုတော့ ငါမင်းကို စိတ်ဆိုးနေတာကြောင့်ပဲ”
“ကောင်းပြီ။ ဒါဆို ငါမင်းကို ဘယ်လိုခေါ်ရမလဲ” စုမင်က ခေါင်းတစ်ချက်ငြိမ့်ပြပြီး မေးသည်။
“ဟမ့်၊ လူတိုင်းက ငါ့ကို အဘိုးဟူလို့ခေါ်တယ်။ ဒါပေမဲ့ ငါတို့က ဂိုဏ်းတူတဲ့အဖွဲ့ဝင်တပည့်တွေမို့လို့ မင်းကိုတော့ အဘိုး ဟူကျီလို့ခေါ်ခွင့်ပြုမယ်” အမျိုးသားသည် သူယခုလေးတင်ပြောလိုက်သော စကားလုံးများကို မေ့သွားဟန်ဖြင့် လျင်မြန်စွာပြန်ဖြေလာသည်။ သူ့နာမည်ကို အလွန်သဘောကျဟန်ဖြင့် အမျိုးသား၏မျက်နှာပေါ်တွင် ဂုဏ်ယူသောအမူအယာတစ်ခုလည်း ရှိနေခဲ့သည်။
စုမင်အမူအယာသည် တည်ငြိမ်နေဆဲပင်ဖြစ်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် ဆက်မေးလိုက်သည်။ “ဟမ်း... ဟူကျီ၊ ဆရာထျန်းရှဲ့ကျီ ဘယ်တော့ပြန်လာမှာလဲ”
“မင်းသူ့ကို မတွေ့ရသေးဘူးလား။ အဲဒီလူအိုကြီး စောစောလေးကတင်ပြန်ရောက်လာတာ။ ဟမ့် ငါဝိုင်သောက်နေတာကို သူက ငါ့ကိုအပြင်ထွက်ပြီး မင်းကိုလာခေါ်ခိုင်းလိုက်တာလေ” အမျိုးသားသည် ထိုအကြောင်းကို ဒေါသထွက်စွာ ပြောလာသည်။
“အိုး ဟုတ်လား။ ငါ သူ့ကို တစ်ကယ်မတွေ့ရသေးဘူး” စုမင်မျက်လုံးများထဲတွင် သတိပြုမိနိုင်ရန်ခက်ခဲသော စူးရှသည့်အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“အဲလူအိုကြီးက ပညာရှိတစ်ယောက်ပဲ။ ပညာရှိ နားလည်လား။ ပညာရှိဆိုတာ ပညာရှိလိုပဲပြုမူတယ်။ သူက ငါတို့ကို ထူးထူးဆန်းဆန်းတွေပြောပြီး အဓိပ္ပာယ်မရှိတာတွေလုပ်ခိုင်းတဲ့နေရာမှာ အတော်ဆုံးပဲ”
အမျိုးသားသည် တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားဟန်ဖြင့် ဝိုင်အိုးထဲမှ ဝိုင်များကိုထပ်သောက်လိုက်သည်။
စုမင် လက်သီးတင်းတင်းဆုပ်လိုက်မိပြီး သူ့မျက်လုံးများထဲ၌ အေးစက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ခေါင်းငြိမ့်ပြလိုက်ချိန်တွင် သူ့မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်ဖြစ်သည်။
“သူပြောခဲ့တာတော့ ငါက သူ့ရဲ့တစ်ဦးတည်းသော တပည့်...”
စုမင် ပြောမပြီးသေးခင်မှာပင် အမျိုးသားသည် ဒေါသထွက်စွာနောက်လှည့်လာပြီး စုမင်အား အော်ဟစ်လိုက်သည်။
“ငါ့ကိုလည်း သူအဲလိုပြောခဲ့တာပဲ။ ဒါပေမဲ့ ငါလည်းရောက်လာရော ငါ့အထက်မှာ စီနီယာအစ်ကိုတစ်ယောက်ရှိသေးတယ်ဆိုတာ သိလိုက်ရတော့တာပဲ။ ပြီးတော့ ငါ့စီနီယာအစ်ကိုကလည်း သူ့အထက်မှာ စီနီယာအစ်ကိုတစ်ယောက် ရှိသေးတယ်တဲ့...”
စုမင်မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ သို့သော်ထိုအပြုံးသည် အလွန်တွန်းအားပေးပြုလုပ်ထားရဟန်တူပြီး အပြုံးထဲတွင် အေးစက်မှုအရိပ်အယောင်တစ်ခုပင် ပါရှိနေခဲ့သည်။
“သူ ငါ့ကို ပြောခဲ့သေး...”
ဤတစ်ကြိမ်တွင်မူ စုမင်စကားမပြောခင်မှာပင် ထိုသူက ချက်ချင်းဖြတ်ပြောလိုက်သည်။
“ငါသိတယ်။ သူ့မှာ မာန်အကြောမျှင်တွေ အများကြီးရှိတယ်။ အဲအထဲက မင်းကြိုက်သလို ရွေးယူလို့ရတယ်ဆိုပြီး သူပြောခဲ့တယ်မလား”
စုမင် လက်သီးကိုပိုတင်းတင်းဆုပ်လိုက်မိသည်။
“သူ့မှာ အေးခဲကောင်းကင်ကလန်ရဲ့ မာန်ပညာရပ်တွေလည်း အကုန်လုံးရှိတယ်။ မင်းသာ သူ့ကိုဆရာအဖြစ် အသိအမှတ်ပြုရင်၊ အဲဒါတွေကို သင်လို့ရတယ်လို့လည်း ပြောခဲ့သေးတယ်မလား”
စုမင်အပြုံးက ပိုမိုအေးစက်လာခဲ့၏။
“မင်းသာ သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုရင်၊ အနာဂါတ်မှာ အေးခဲကောင်းကင်ကလန်ဆိုတာ ဘာမှမဟုတ်မှန်း သိလာလိမ့်မယ်လို့လည်း ပြောခဲ့လိမ့်မယ်။ ဟုတ်တယ်မလား။ အဲအဘိုးကြီးကတော့... အတိတ်မှာတုန်းက ငါ့ကိုလည်း သူအဲဒါတွေပဲ ပြောခဲ့တာ။ ဂျူနီယာညီလေး မင်းတော့ ကံဆိုးသွားပြီ။ မင်းက အရမ်းကံဆိုးတာပဲ။ မင်းတော့ အရမ်း အရမ်း အရမ်းကို ကံဆိုးသွားပြီ...”
“ငါမင်းကို ပြောပြမယ်။ ငါတို့ကပဲ အဲလိုကြုံခဲ့ရတာမဟုတ်ဘူး။ စီနီယာအစ်ကိုကလည်း ငါ့ကိုအဲလိုပဲ ပြောခဲ့ဖူးတယ်။ သူ့အတွေ့အကြုံကလည်း ငါတို့နဲ့အတူတူပဲ။ စီနီယာအစ်ကိုရဲ့ စီနီယာအစ်ကိုကလည်း သူ့ကိုအဲလိုမျိုး ပြောခဲ့တဲ့ပုံပဲ...”
ထိုအမျိုးသားသည် စာနာစွာပြောဆိုနေခဲ့ပြီး သူတို့နှစ်ဦးသည် တောင်တန်းအများအပြားကို တစ်ဖြည်းဖြည်း ဖြတ်ကျော်လာခဲ့ပြီး နဝမမြောက်တောင်ထွတ်ဆီ ရောက်ရှိလာခဲ့ကြသည်။
ကျယ်ပြန့်သောကုန်းမြေကြီးပေါ်တွင် ဖြစ်ပေါ်နေသော အဓိကတောင်ကြီးကိုးလုံးနှင့် မရေမတွက်နိုင်သော လက်အောက်ခံတောင်ငယ်လေးများစွာကို အေးခဲကောင်းကင်ကလန်ကပိုင်ဆိုင်ချေသည်။ ကောင်းကင်ဘုံတံခါးနှင့် တောင်များသည် အေးခဲကောင်းကင်ကလန်၏ အစွမ်းထက်သည့်တည်ရှိမှုကို ဖန်တီးပေးထားခြင်းဖြစ်သည်။
တောင်ကိုးလုံးသည် အေးခဲကောင်းကင်ကလန်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တောင်တစ်လုံးစီက အလွန်အမင်းကြီးမားလှချေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ၎င်းတို့သည် ရှေးကျသောတည်ရှိမှုတစ်ခု ထုတ်လွှတ်နေသည့် မျှော်စင်ကြီးများသဖွယ် ရေခဲတောင်ကြီးများဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
ထိုအချိန်၌ စုမင်မျက်စိရှေ့တွင် နဝမမြောက်တောင်ထွတ်ကြီး ရှိနေချေသည်။
“ငါတို့ရောက်ပြီ”
အမျိုးသားသည် စုမင်ဘေးမှ နဝမမြောက်တောင်ထွတ်ကို ညွှန်ပြကာ သက်ပြင်းချလိုက်သည်။
စုမင် အံ့အားသင့်သွားမိသည်။ ဤနေရာသို့ လာရာလမ်းတွင်၊ သူ့မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားခဲ့ရကာ ထျန်းရှဲ့ကျီ၏ စကားလုံးများကို စိတ်ပျက်နေခဲ့ပြီဖြစ်၏။ သို့သော် နဝမမြောက်တောင်ထွတ်ကို မြင်လိုက်ချိန်တွင်တော့ သူအံ့အားသင့်သွားရဆဲပင်ဖြစ်သည်။
စုမင် ခဏတာတုန့်ဆိုင်းနေပြီးမှ ဟူကျီကိုလှမ်းကြည့်ကာ မေးလိုက်မိသည်။ “ဘယ်လောက်... ဒီနေရာမှာ လူဘယ်လောက်လောက်နေတာလဲ”
“သိပ်မများပါဘူး။ မင်းနဲ့ ဟိုလူအိုကြီးကိုထည့်ထွက်ရင်တောင်၊ အဲဒီမှာနေတာ လူငါးယောက်ပါပဲ။ အဲဒီလူအိုကြီး မလိမ်ခဲ့တာ တစ်ခုပဲ ရှိတယ်။ သူက အမှန်တစ်ကယ်ကို အေးခဲကောင်းကင်ကလန်မှာနေပြီး တောင်တစ်လုံးပိုင်တယ်ဆိုတာပဲ။ အဲတောင်က နဝမမြောက်တောင်ပေါ့”
စုမင် သက်ပြင်းချလိုက်မိသည်။ အနည်းဆုံးတော့၊ လိမ်ညာခံလိုက်ရ၍ နာကျင်နေခဲ့ရာမှ ယခုတော့ အနည်းငယ် စိတ်သက်သာရာ ရသွားရချေသည်။
“ငါတို့ အကြီးဆုံးအစ်ကိုကြီးက အမြဲတမ်း သီးခြားတံခါးပိတ်ကျင့်နေတာပဲ။ သူက ထာဝရဖန်တီးမှုနေ့ရက်ရောက်မှပဲ အပြင်ထွက်တာ။ သူထွက်လာတဲ့အချိန်တိုင်း အကြီးအကျယ်ရန်ဖြစ်တယ်။ မင်း အသေကောင်လို သောက်ထားရင်တောင်၊ သူ့ကြောင့် နိုးလာမှာပဲ။ သူပြန်ထွက်သွားတဲ့အချိန်ထိ သူအော်ဟစ်နေတာတွေကို မင်းနားထောင်ရလိမ့်မယ်။ အဲဒါက တစ်ကယ် ခေါင်းကိုက်ချင်စရာကိစ္စပဲ”
“မင်းသူ့ကို လိပ်ကြီးတစ်ကောင်လို သဘောထားလို့ရတယ်။ များသောအားဖြင့် သူကအိပ်တယ်။ နိုးလာတဲ့အချိန်ကျရင် အသံအကျယ်ကြီး သမ်းတယ်။ ပြီးရင် ပြန်အိပ်တယ်” အမျိုးသားက အသံတိုးတိုးဖြင့် ပြောသည်။
သူ့စကားများကို နားထောင်နေရင်းဖြင့် စုမင်ဆွံ့အသွားမိချေသည်။
***