အခန်း (၈၁၁-၈၁၃)
Vol. 55 Ch. 811-813
အပိုင်း ( ၈၁၁ ) ရထားစီးခြင်း
ဆန်နီ ဟာ တစ်နေ့မှာ သူ ဒီမြို့ကနေ ထွက်ခွာသွားရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး..။ အမှန်တော့ မြို့ရဲ့ အပြင်ဘက်မှာ တစ်ခုခု ရှိနေလိမ့်မယ်လို့တောင် သူ မစဉ်းစားခဲ့ဖူးပေ..။ ဒီထက် ပိုဆိုးတာက သူ့အတွက်တော့ မြို့ထဲက နယ်မြေတွေဟာ သူမသိတဲ့ နေရာတွေလိုပဲ အမြဲ ခံစားခဲ့ရပါတယ်..။ သူ့ရဲ့ ဘဝတစ်ခုလုံးက မြို့စွန်ကရပ်ကွက်လေးကနေ စတင်ပြီး အဲဒီမှာတင်ပဲ အဆုံးသတ်ခဲ့တာပါ..။
မြို့ပြင်မှာ နေထိုင်ကြတဲ့ သန်းပေါင်းများစွာသော လူတွေဟာ တောရိုင်းမြေတွေနဲ့ ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိကြပါတယ်..။ သူတို့ဟာ မြို့သားတွေထက်စာရင် တောရိုင်းနယ်မြေတွေနဲ့ ပိုပြီး နီးကပ်စွာ နေထိုင်ကြရသူတွေဖြစ်ပြီး.. ဒီနေရာတွေက လေသန့်စင်ရေး စနစ်တွေ တပ်ဆင်ထားတဲ့ တံတိုင်းကြီးတွေနဲ့ ကာခြားထားခြင်းလည်း မရှိပါဘူး..။ တစ်ဖက်က ကြည့်ရင်တော့ ဒါက သူတို့ကို ပြင်ပလောက တည်ရှိမှုနဲ့ ပိုပြီး အသားကျစေပါတယ်..။
သို့ပေမဲ့ အခြားတစ်ဖက်မှာတော့ သူတို့က ပြင်ပလောကကို သေခြင်းတရား၊ ရောဂါဘယနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေအဖြစ်ပဲ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်နေကြတာပါ..။ သူတို့အတွက်တော့ တောရိုင်းမြေ ဆိုတာက အဝေးက သီအိုရီတစ်ခု မဟုတ်ဘဲ လက်တွေ့ကျတဲ့ သေခြင်းတရား ကို ဆိုလိုတာပါပဲ..။
ဒါကြောင့်လည်း မာစတာ ဂျက် နဲ့ ချိန်းဆိုထားတဲ့ နေရာကို ပို့ဆောင်ပေးမယ့် ရထားကြီးကို စိုက်ကြည့်ရင်း ဆန်နီ တစ်ယောက် ထူးဆန်းတဲ့ ခံစားချက်တွေ ဖြစ်နေခဲ့တာပါ..။
ဒီလို တိုက်ကြီးတွေကို ဖြတ်သန်းမယ့် ခရီးဝေး ရထားကြီးဟာ ဆန်နီ အကျွမ်းတဝင်ရှိတဲ့ မြို့တွင်းက ရထားငယ်လေးတွေနဲ့ လုံးဝ မတူပါဘူး..။ ဒီရထားက မီတာ ရာနဲ့ချီပြီး ရှည်လျားကာ သံချပ်ကာတွေ အထပ်ထပ် ဖုံးအုပ်ထားတဲ့ ဧရာမ သံမဏိ သားရဲကြီး တစ်ကောင်နဲ့ တူနေခဲ့တယ်။.. သူ့ရဲ့ ခန္ဓာကိုယ်ကလည်းဘတောင့်တင်းခိုင်မာတဲ့ သံမဏိ အပိုင်းအစပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့အတိုင်းပါပဲ..။
ခရီးသည်တင် တွဲတွေ၊ ကြီးမားတဲ့ ကုန်တင်တွဲတွေ၊ အထွေထွေသုံး တွဲတွေအပြင်.. ရထားလမ်းမှာ တစ်ခုခု အနှောင့်အယှက်ဖြစ်လို့ ပျက်စီးသွားရင်တောင် ပြန်လည် ပြုပြင်နိုင်စွမ်းရှိတဲ့ ရွေ့လျား ပြုပြင်ရေးနဲ့ ထုတ်လုပ်ရေး တွဲတစ်ခုတောင် ပါဝင်ပါသေးတယ်..။ ရထားရဲ့ အမိုးပေါ်မှာတော့ နည်းပညာရှင်တွေနဲ့ လုံခြုံရေး အရာရှိတွေ ကိုင်တွယ်မယ့် အလိုအလျောက် အမြောက်တွေနဲ့ သေနတ်စင်တွေက အစီအရီ ရှိနေခဲ့တယ်..။
ဒါက ကြောက်မက်ဖွယ်ကောင်းတဲ့ ရွေ့လျား ခံတပ်ကြီး တစ်ခုလိုပါပဲ..။ လူနေထူထပ်တဲ့ နေရာတွေနဲ့ ဝေးတဲ့နေရာမှာ ပွင့်တတ်တဲ့ အိပ်မက်ဆိုး တံခါးပေါက် တွေကို အစိုးရက သိပ်ပြီး ဂရုမစိုက်တာကြောင့်.. ဒီလောက်အထိ မပြင်ဆင်ထားရင် ခရီးစဉ်က စိတ်မချရနိုင်ပါဘူး..။
ဆန်နီ က ရထားကြီးကို စိတ်ဝင်တစား လေ့လာပြီးနောက်မှာတော့ သူ သတ်မှတ်ခံထားရတဲ့ တွဲကို ရှာဖွေတွေ့ရှိသွားခဲ့တယ်..။
မာစတာ တစ်ယောက်အနေနဲ့ သူက အဆင့်မြင့် နိုင်ငံသားတွေ၊ အစိုးရ အရာရှိတွေနဲ့ အထက်တန်းလွှာ ကလန်ဝင်တွေ အတွက် ပြင်ဆင်ထားတဲ့ ခမ်းနားတဲ့ အတွင်းခန်းထဲမှာ လိုက်ပါခွင့် ရရှိထားတာပါ..။ ပြီးတော့ သူ့အတွက် သီးသန့် အခန်းတစ်ခန်းကိုလည်း ရထားပါသေးတယ်..။ ဒီ အခန်းက အကယ်ဒမီမှာရှိတဲ့ သူ့အခန်းနဲ့ အကျယ်အဝန်း တူပေမဲ့ ပိုမိုပြည့်စုံကာ ပစ္စည်းကိရိယာတွေလည်း ပိုကောင်းပါတယ်..။
ဆန်နီ သူ့ကျောပိုးအိတ်ကို စင်ပေါ် ပစ်တင်လိုက်ပြီး ပြတင်းပေါက်နားက ဈေးကြီးပုံရတဲ့ လက်တင်ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်တယ်..။ သူ့မျက်နှာမှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်။
‘ကောင်းပြီလေ... စစ်ပွဲတွေ ဘာတွေ ခနထားဦး.. အခုထိတော့ ဒီခရီးက တော်တော်လေးကို ဇိမ်ကျနေတုန်းပဲ..’
ဒါပေါ့.. ဒီလို ဇိမ်ကျတဲ့ အခြေအနေက ကြာရှည်ခံမှာ မဟုတ်ဘူးဆိုတာကို သူ သိထားပြီးသားပါ..။
ရထားကြီး စတင် ထွက်ခွာတဲ့အချိန်အထိ သူ့ကို ဘယ်သူမှ လာမနှောင့်ယှက်ခဲ့ကြပေ..။ ရထားက အစပိုင်းမှာ ဖြည်းဖြည်းချင်း သွားနေပေမဲ့ နောက်တော့ ပိုပြီး မြန်လာခဲ့တယ်..။ မကြာခင်မှာပဲ သူ သိနေကျ မြို့ပြ မြင်ကွင်းတွေနဲ့ မြို့စွန် ရပ်ကွက်တွေက နောက်မှာ ကျန်ရစ်ခဲ့ပြီး.. ဧရာမ သံမဏိ သားရဲကြီးဟာ တောရိုင်းမြေထဲကို ဝင်ရောက်သွားခဲ့ပါပြီ..။
ဆန်နီ့ ဆီမှာ လေးနက်တဲ့ ခံစားချက်ကြီးတစ်ခု က လွှမ်းမိုးလာခဲ့တယ်..။ အိပ်မက်ကမ္ဘာရဲ့ နက်ရှိုင်းပြီး လူသူမရှိတဲ့ နေရာတွေမှာ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ပေမဲ့လည်း..သူက အခုမှ လူ့ယဉ်ကျေးမှုရဲ့ အပြင်ဘက်ကို ပထမဆုံးအကြိမ် ခြေချလိုက်ရသလို ခံစားနေခဲ့ရပါတယ်..။ လူတွေ တည်ဆောက်ထားတဲ့ အဆောက်အဦးတွေ ပျောက်ကွယ်သွားတဲ့အချိန်မှာတော့ သူ အသက်ကို ဝအောင် ရှူလိုက်မိတယ်..။
ဒါပေမဲ့ ဒီကမ္ဘာရဲ့ မြင်ကွင်းအစစ်အမှန်ကတော့ သူ့ကို ရင်ခုန်အောင် မလုပ်နိုင်ခဲ့ပါဘူး..။ ဒါက တစ်မျိုးကြီး နဲ့.. ပျင်းစရာကောင်းနေခဲ့တယ်.။
မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေ ရဲ့ တောရိုင်းတွေဟာ အများအားဖြင့်တော့ ခြောက်ကပ်ပြီး ဘာမှမရှိတဲ့ နေရာကြီးတစ်ခုလိုပါပဲ..။ နေရာအနှံ့မှာ ရွှံ့တွေနဲ့ နှင်းတွေပဲ ရှိနေခဲ့တယ်..။ မြေဆီလွှာမှာ အသက်ဆက်ဖို့ ကြိုးစားနေတဲ့ အပင်တွေဆိုတာကလည်း ရောဂါရနေသလိုမျိုး အရောင်အဆင်း မရှိလှပါဘူး..။ ကောင်းကင်ကြီးကတော့ မှိုင်းညို့ပြီး လေးလံနေကာ လေထုကလည်း အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေခဲ့ပါတယ်..။
သေဆုံးနေတဲ့ အိပ်မက်ဆိုး သတ္တဝါတွေ ရဲ့ အရိုးစုတွေ ဒါမှမဟုတ် လူသားတွေ စစ်ဖြစ်ခဲ့စဉ်က ကျန်ရစ်ခဲ့တဲ့ သံချေးတက်နေတဲ့ အပျက်အစီးတွေကလွဲရင်.. ကြည့်စရာ ဘာမှ သိပ်မရှိပါဘူး..။
ဆန်နီ သက်ပြင်းချလိုက်တယ်။
‘တကယ် နှမြောစရာပဲ..’
နိုးထခြင်းကမ္ဘာ က လုံးဝ နေထိုင်လို့ မရတာမျိုး မဟုတ်ပေမဲ့.. တစ်ချိန်က နေရာအနှံ့မှာ ပြည့်နှက်နေခဲ့ကြတဲ့ လူသားတွေအတွက်တော့ ဧည့်ဝတ်မကျေတဲ့ နေရာကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ..။
မေ့ပျောက်ကုန်းမြေ ရဲ့ ပျက်စီးနေတဲ့ ဘုရားကျောင်းထဲမှာ အယ်ဖီ ပြောခဲ့တဲ့ စကားက မှန်နေတာ ဖြစ်နိုင်ပါတယ်..။
သူ ပြတင်းပေါက်ကနေ ခနလောက် စိုက်ကြည့်နေပြီးမှ ထရပ်လိုက်ကာ ကျဉ်းမြောင်းတဲ့ ကုတင်ဆီ လျှောက်သွားပြီး စောစော အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်..။ ဒါက ရှည်လျားလှတဲ့ အချိန်အတောအတွင်းမှာ ကောင်းကောင်း အနားယူနိုင်မယ့် နောက်ဆုံး အခွင့်အရေး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..။ ဒီအခွင့်အရေးကို အလဟဿ အဖြစ်ခံလိုက်ရင် နှမြောစရာကြီး ဖြစ်နေမှာပါ..။
ဆန်နီဟာ နူးညံ့တဲ့ ခေါင်းအုံးထဲ မျက်နှာတင်လိုက်ပြီး မျက်လုံးတွေ မှိတ်ကာ မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့တယ်..။
…ညဘက် တစ်ချိန်မှာတော့ ရထားရဲ့ ကိုယ်ထည်ကနေ ပြန့်နှံ့လာတဲ့ ထူးဆန်းတဲ့ တုန်ခါမှုတွေကြောင့် သူ နိုးလာခဲ့တယ်..။ အပေါ်ကို မော့ကြည့်လိုက်တော့ ပြတင်းပေါက် အပြင်ဘက်မှာ ဖျော့တော့တဲ့ အလင်းတန်းတွေ ဖြတ်ပြေးနေတာကို တွေ့လိုက်ရပြီး အဝေးကနေ အသံတွေကိုလည်း ကြားနေရပါတယ်..။
ရထားဦးခေါင်းပိုင်းနဲ့ ရှေ့ဘက်တွဲတွေ ရဲ့ အမြောက်တွေက ဆက်တိုက် ပစ်ခတ်နေကြတာပါ..။
ကင်းစောင့်နေတဲ့ သူ့ရဲ့ အရိပ်တွေဆီက ဘာသတိပေးချက်မှ မရှိတာကြောင့် ဆန်နီ သက်ပြင်းချလိုက်ပြီး နောက်တစ်ဖက်ကို စောင်းကာ မျက်လုံးပြန်မှိတ်လိုက်တယ်..။ မကြာခင်မှာပဲ သူ ပြန်ပြီး အိပ်ပျော်သွားခဲ့ပါပြီ..။
…သူက ရေခဲတွေနဲ့ မှောင်မိုက်မှုတွေအကြောင်းကိုတောင် အိပ်မက်မက်နေပါသေးတယ်..။
မနက်ခင်းမှာတော့ ရထားကြီးက ဘာမှ မဖြစ်ခဲ့သလိုမျိုးပဲ ရှေ့ကို ဆက်ပြီး ခရီးနှင်နေခဲ့တယ်..။ ဆန်နီ က ဒါကို ကြိုသိနေတာကြောင့် ဘာမှတော့ မအံ့သြပါဘူး..။ အခန်းထဲက ရေချိုးခန်းလေးမှာ ကိုယ်လက်သန့်စင်ပြီးနောက် စားသောက်တွဲဆီကို လျှောက်သွားပြီး ကောင်းမွန်တဲ့ မနက်စာကို စားသုံးလိုက်တယ်..။ အကယ်ဒမီက ဆရာတွေရဲ့ စားသောက်ခန်းလောက်တော့ ဟင်းချက်လက်ရာက မမှီပေမဲ့ တော်တော်လေးတော့ စားလို့ ကောင်းပါသေးတယ်..။
သူ စားသောက်နေရင်းနဲ့ ရထားတွဲထဲမှာ ရှိနေတဲ့ တခြားလူတွေကို လေ့လာကြည့်လိုက်တယ်..။ ဒီလူတွေ အများစုက အစိုးရ အရာရှိတွေဖြစ်ပြီး စစ်သားတစ်ယောက်ရဲ့ အမူအရာတွေ ရှိနေကြတယ်..။ သူတို့ထဲက အနည်းငယ်ကတော့ နိုးထသူတွေဖြစ်ပြီး သူ့ကို လေးလေးစားစား ခေါင်းညိတ် နှုတ်ဆက်ကြပါတယ်..။ ဆန်နီ က မာစတာ တစ်ယောက် ဖြစ်တယ်ဆိုတာကို ပြသနေတဲ့ အရာ ဘာမှမရှိပေမဲ့ သူတို့ကတော့ အလိုလို သိနေခဲ့ကြပါတယ်။
ဒီလူတွေ အတော်များများကလည်း သူသွားမယ့် အကြောင်းပြချက်နဲ့ပဲ တောင်ဘက်ကို ခရီးနှင်နေကြတာ ဖြစ်နိုင်ပါတယ်..။ သူတို့အားလုံး အန္တာတိက ကို သွားနေကြတာမို့ စားသောက်တွဲထဲက အခြေအနေက တည်ငြိမ် လေးနက်နေခဲ့တယ်..။ ဘယ်သူမှ စကား သိပ်မပြောကြသလို ပြောတဲ့သူတွေကလည်း အသံကို နှိမ့်ထားကြပါတယ်..။
ဒီ ဧရာမ စစ်ဆင်ရေးကြီးမှာ ပါဝင်နေတဲ့သူ အားလုံးဟာ တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေ ဆီကို ရောက်လာတော့မယ့် ဘေးအန္တရာယ်ရဲ့ အတိမ်အနက်ကို အပြည့်အဝ သိကြပါ့မလားလို့ ဆန်နီ သံသယ ဖြစ်မိတယ်..။ အမှန်တော့ သူ သိထားသလောက် အချက်အလက် စုံစုံလင်လင် သိထားတဲ့သူ မရှိဘူးဆိုတာကိုတော့ သူ လောင်းကြေးထပ်ရဲပါတယ်..။ ဒီထက် ပိုတာက သူတို့ထဲက ဘယ်သူမှ သူ့လောက် တိုက်ပွဲ အတွေ့အကြုံ များမှာ မဟုတ်ကြပါဘူး..။
တကယ်လို့သာ သူတို့သာ ရောက်လာတော့မယ့် ထိတ်လန့်စရာ အစစ်အမှန်ကို သိခဲ့ရင်.. အခုလို တည်ငြိမ်နေနိုင်ကြမှာ မဟုတ်ပေ..။
ဒါနဲ့ ပတ်သက်ပြီး သူ ဘယ်လို ခံစားရမလဲဆိုတာကိုတောင် မသိတော့ပါဘူး..။
နောက်တစ်နေ့ မနက်မှာတော့ သံချပ်ကာ ရထားကြီးဟာ သူ့ရဲ့ ခရီးဆုံးကို နောက်ဆုံးမှာ ရောက်ရှိသွားခဲ့ပါပြီ..။
ဆန်နီဟာ ခမ်းနားတဲ့ ရထားတွဲပေါ်ကနေ ဆင်းလိုက်ပြီး ခနလောက် ငြိမ်ကျသွားခဲ့တယ်..။ သူက အဆုံးမရှိတဲ့ မီးခိုးရောင် လှိုင်းလုံးကြီးတွေ ရဲ့ လှုပ်ရှားမှုကို စိုက်ကြည့်နေခဲ့မိတာပါ..။
သူ့ရဲ့ ရှေ့မှာတော့...
ပင်လယ်ကြီး တစ်ခု ရှိနေခဲ့ပါတယ်..။
အပိုင်း ( ၈၁၁ ) ပြီး၏။
အပိုင်း ( ၈၁၂ ) ရေတပ် အစောင့်အရှောက်
ရေလမ်း က ကုန်ပစ္စည်းတွေနဲ့ လူတွေကို အဝေးကြီးဆီ ပို့ဆောင်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်ဆိုတာကို ဆန်နီ က အရင်ကတည်းက သိထားပြီးသားပါ..။ လူ့ယဉ်ကျေးမှုဟာ ဒီအချက်ကို အမြဲတမ်း အကျိုးရှိရှိ အသုံးချခဲ့ကြပါတယ်..။
အစောဆုံး ကုန်သွယ်ရေး လမ်းကြောင်းတွေ၊ ယဉ်ကျေးမှု ဖလှယ်တာတွေနဲ့ တိုးတက်မှုတွေအားလုံးက မြစ်ကြီးတွေရဲ့ ဘေးမှာ အခြေတည်ခဲ့တာဖြစ်ပြီး.. နောက်ပိုင်းမှာတော့ ပင်လယ်နဲ့ သမုဒ္ဒရာတွေဆီကို ပြောင်းလဲသွားခဲ့ပါတယ်..။ ဒါကြောင့်လည်း ထင်ရှားတဲ့ ယဉ်ကျေးမှု အများအပြားက ကမ်းရိုးတန်း တစ်လျှောက်မှာ တည်ရှိနေကြတာပါပဲ..။
ဒါပေမဲ့ ရေတွေ တစ်ဖြည်းဖြည်းချင်း တိုးဝင်လာကာ လှပပြီး အရေးပါတဲ့ မြို့ကြီးတွေကို ဝါးမြိုလိုက်တဲ့ အချိန်မှာတော့ လူသားတွေက ဒီအချက်အတွက် နောင်တကြီးစွာ ရခဲ့ကြရပါတယ်..။ ပိုဆိုးတာက အိပ်မက်ဆိုး အခိုက်အတန့် ပေါ်လာပြီးတဲ့နောက်မှာ ပင်လယ်နဲ့ သမုဒ္ဒရာတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုး သတ္တဝါတွေ နဲ့ ပြည့်နှက်သွားခဲ့တာပါပဲ..။
ဒါကြောင့်လည်း လူနေထူထပ်တဲ့ အခြေချ နေရာတွေဟာ ရေနဲ့ နီးတဲ့နေရာမှာ အခြေမစိုက်ကြတော့ပါဘူး..။ဒါက ကုန်းတွင်းပိုင်းထဲကို ပိုရောက်လေ ပိုကောင်းလေပါပဲ..။ ဒါပေမဲ့လည်း လူသားတွေဟာ သမုဒ္ဒရာကနေ ပေးစွမ်းနိုင်တဲ့ အဆင်ပြေမှုတွေကိုတော့ ဆက်ပြီး အသုံးချဖို့ လိုအပ်နေပါသေးတယ်..။ဒီ အကြောင်းပြချက်ကြောင့်ပဲ နယ်မြေတိုင်းမှာ ခိုင်ခံ့အောင် တည်ဆောက်ထားတဲ့ ဆိပ်ကမ်းတွေ ရှိနေခဲ့တာပါ..။
ဆန်နီ က အခု ဒီလို ဆိပ်ကမ်းတစ်ခုကို ရောက်နေခဲ့တယ်။
မေ့ပျောက်ကုန်းမြေ ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ခန့်ညားမှုတွေနဲ့ ချိန်းကျွန်းစု တွေကို ကြုံတွေ့ခဲ့ဖူးပေမဲ့လည်း.. သူ အကူညီမဲ့စွာပဲ အနည်းငယ် အံ့ဩသွားခဲ့တယ်..။ ဆိပ်ကမ်းကိုယ်တိုင်က ရေထဲကနေ ထွက်ပေါ်နေတဲ့ မြင့်မားတဲ့ တံတိုင်းကြီးတွေနဲ့ လှိုင်းလုံးတွေကြားထဲအထိ ထိုးထွက်နေတဲ့ အစွန်နေရာတွေကြောင့် ထိုးဖောက်လို့မရတဲ့ ခံတပ်ကြီးတစ်ခုလို ဖြစ်နေခဲ့တယ်..။
မိုးကုပ်စက်ဝိုင်းဆီကို ဦးတည်ထားတဲ့ ဧရာမ အမြောက်ကြီးတွေကတော့ ဒီဆိပ်ကမ်းနားကို ချဉ်းကပ်လာရဲတဲ့ ဘယ်အရာကိုမဆို ငရဲရောက်သွားအောင် လုပ်ပေးဖို့ အဆင်သင့်ပါပဲ..။ စွမ်းအင်တွေ ပြည့်နှက်နေတဲ့ စပဲလ် နည်းပညာသုံး ကာကွယ်ရေး စနစ်တွေကလည်း အပြည့်ပါပဲ..။ ရေအောက်မှာလည်း ဒီထက် ပိုများတာတွေ ပုန်းကွယ်နေလိမ့်မယ်ဆိုတာ သူ လုံးဝ သံသယ မရှိပါဘူး..။
…ဒါပေမဲ့ ဆိပ်ကမ်းထက် ပိုပြီး အထင်ကြီးစရာ ကောင်းတာကတော့ သင်္ဘောတွေပါပဲ..။
ဆန်နီ ဒီသင်္ဘောတွေကို မြင်လိုက်ရတဲ့ အချိန်မှာ အေးခဲ သွားခဲ့တယ်..။
သံမဏိ သားရဲကြီး အစင်း ၄၀ လောက်ဟာ ကမ်းခြေတစ်လျှောက်မှာ ကျောက်ချထားပြီး.. တစ်စီးချင်းစီဟာ တစ်ကီလိုမီတာထက် ပိုရှည်သလို အမြင့်ကလည်း ရဲတိုက်တစ်ခုစာလောက်
မြင့်ကြပါတယ်..။ သူတို့ရဲ့ ကိုယ်ထည်တွေမှာ တပ်ဆင်ထားတဲ့ သံချပ်ကာတွေရဲ့ လေးလံမူကို စဥ်းစားကြည့်ရင်.. ဒီ သဘော်ကြီးတွေ ဘယ်လိုလုပ် ရေပေါ်မှာ ပေါ်နေသလဲ ဆိုတာကတောင် ထူးဆန်းနေခဲ့တယ်..။ အချို့ကတော့ တလက်လက်နဲ့ အသစ်အတိုင်း ဖြစ်နေပေမဲ့ အများစုကတော့ နက်ရှိုင်းပြီး ရုပ်ဆိုးလှတဲ့ ဒဏ်ရာကြီးတွေကိုယ်စီနဲ့ ရှိနေခဲ့ကြတယ်..။ သံချပ်ကာပြား အများအပြားက ကွေးညွတ်ပြီး သံချေးတက်နေသလို.. အချို့ကလည်း ဘယ်လို ဧရာမ ရိုက်ချက်တွေကြောင့်မှန်းမသိ ပုံပျက်နေခဲ့ပါတယ်..။
သင်္ဘောတိုင်းမှာ လေးလံတဲ့ အမြောက်ကြီးတွေကနေ အမြန်ပစ် လေကြောင်းရန်ကာကွယ်ရေး သေနတ်တွေနဲ့ ပြောင်းတို မော်တာတွေအထိ လက်နက်မျိုးစုံ တပ်ဆင်ထားပါတယ်..။ ဖုံးကွယ်ထားတဲ့ နေရာတွေမှာလည်း ဒုံးကျည်တွေ၊ မစ်ဆိုင်းတွေနဲ့ တော်ပီဒိုတွေ စီတန်းနေတာကို မြင်နိုင်တယ်..။ အဓိက အမြောက်ကြီးတွေကတော့ အထူးသဖြင့် ကြောက်စရာကောင်းလှပြီး သင်္ဘောရဲ့ အလျားတစ်ခုလုံးနီးပါး ရှိတဲ့ ဧရာမ ရေးလ်ဂန်း တွေနဲ့ တူနေခဲ့တယ်..။
ဒီ ရေးလ်ဂန်း တစ်ခုချင်းစီက လေးလံတဲ့ ကျည်ဆန်တွေကို ပြင်းထန်တဲ့ အရှိန်နဲ့ ပစ်လွှတ်လိုက်မယ်ဆိုရင်.. လူသားတွေ တည်ဆောက်ထားတဲ့ ဘယ်အဆောက်အဦးမှ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး..။ဒါက မြို့နယ်တစ်ခုလုံးတောင် ပျက်စီးသွားနိုင်ပါတယ်..။
သင်္ဘောတွေက ရေပေါ်မှာ အိပ်ပျော်နေတဲ့ ဧရာမ ဘီလူးကြီးတွေလို ငြိမ်သက်နေခဲ့ကြတယ်..။ ဒီသဘော်တွေကို ကြည့်ရင်း ဆန်နီ တုန်လှုပ်သလိုတောင် ခံစားလိုက်ရပါတယ်။
လူသားတွေဟာ နိုးထသူတွေ ကိုပဲ သူတို့ရဲ့ အဓိက လက်နက်တွေလို့ မှတ်ယူလေ့ရှိကြတာကြောင့်.. သာမန်လူတွေက မှန်ကန်တဲ့ နည်းပညာရဲ့ အကူအညီနဲ့ ဘယ်လောက်တောင် အားကောင်းပြီး ဖျက်ဆီးနိုင်စွမ်း ရှိသလဲဆိုတာကို မေ့နေတတ်ကြပါတယ်။
…ဝမ်းနည်းစရာ ကောင်းတာကတော့.. ဒီနည်းပညာတွေဟာ အဆင့်မြင့်တဲ့ အိပ်မက်ဆိုး သတ္တဝါတွေနဲ့ ယှဉ်ရင်တော့ .. စိတ်မချရနိုင်တော့တာပါပဲ..။
ကျဆုံးခြင်းအဆင့် မိစ္ဆာတွေဟာ အပြင်းထန်ဆုံး ဗုံးကြဲမှုတွေကိုတောင် ဂရုမစိုက်ဘဲ နေနိုင်ကြသလို.. ပျက်ပြားခြင်းအဆင့် သတ္တဝါတွေဆိုရင် နျူကလီးယား ပေါက်ကွဲမှုကိုတောင် ခံနိုင်ရည် ရှိကြပါတယ်..။ဒီလို ကိစ္စရပ်တွေက ဘယ်လို ဖြစ်တာလဲဆိုတာကို သိပ္ပံပညာက မရှင်းပြနိုင်ပေမဲ့.. အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ အစောပိုင်း ကာလတွေမှာတော့ ဆိုးရွားလှတဲ့ လက်တွေ့ အထောက်အထားတွေကို အများကြီး ရရှိခဲ့ဖူးပါတယ်..။
ဒါကြောင့် ဒီ သံမဏိ သားရဲကြီး အစင်း ၄၀ ဟာ ဘယ်လောက်ပဲ အထင်ကြီးစရာ ကောင်းနေပါစေ.. သင်္ဘောတွေချည်းပဲနဲ့တော့ သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ မလုံလောက်ဘူးဆိုတာ ဆန်နီ သိထားပြီးသားပါ..။ နိုးထသူ တိုက်ခိုက်ရေးသမားတွေရဲ့ အားဖြည့်မှု နဲ့ ညအိမ်တော် က လမ်းပြတွေရဲ့ လမ်းညွှန်မှု မပါရင်.. ဒီ ရွေ့လျား နေတဲ့ ခံတပ်ကြီးတွေတောင်မှ တခြား နယ်မြေတစ်ခုဆီကို သွားမယ့် ခရီးစဉ်မှာ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး..။
ဒါပေမဲ့လည်း ဆန်နီ ကတော့ သူတို့ရဲ့ တိတ်ဆိတ်တဲ့ ခန့်ညားမှုကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ..။
‘သေချာတာ တစ်ခုကတော့... ဒါတွေနဲ့ ယှဉ်ရင် ငါ စီးလာတဲ့ ရထားက ဘာမှမဟုတ်တော့ဘူး..’
သူ ဒီ ရေတပ်စုကြီးကို စိုက်ကြည့်နေတုန်းမှာပဲ ရင်းနှီးတဲ့ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရတယ်..။
“ဟေး၊ ဆန်နီ.. ငါတို့ရဲ့ ဆိပ်ကမ်းလေးကနေ ကြိုဆိုပါတယ်..”
သူ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်တယ်..။
မာစတာ ဂျက် ကတော့ သိပ်ပြီး ပြောင်းလဲမသွားပါဘူး..။ သူမက အရင်အတိုင်းပဲ.. ယုံကြည်မှု အပြည့်နဲ့ လှပနေပြီး နက်မှောင်တဲ့ ဆံပင်တွေရယ်.. အေးစက်တဲ့ ရေခဲပြာရောင် မျက်လုံးတွေရယ်နဲ့ ကြည့်ကောင်းနေခဲ့တယ်..။ သူမ ဝတ်နေကျ ယူနီဖောင်းတော့ မရှိတော့ပါဘူး..။အဲ့ဒီအစား အပြာရင့်ရောင် စစ်သုံး ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားခဲ့တယ်..။
သူမရဲ့ နှုတ်ခမ်းထောင့်မှာတော့ ကျေနပ်တဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်..။
သူမ အနားကို လျှောက်လာတဲ့အချိန်မှာ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြတယ်..။ သူမက ကျောက်ချထားတဲ့ သင်္ဘောတွေကို လှမ်းကြည့်လိုက်ပြီး..
“အထင်ကြီးစရာ ကောင်းတယ် မဟုတ်လား..”
ဆန်နီ ခနလောက် တိတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်ပါတယ်..။
“အင်း.. အခု ဒါတွေကို မြင်ရတော့မှပဲ အန္တာတိက က လူ ရှစ်သန်းကို ဘယ်လို ကယ်ထုတ်မလဲဆိုတာ စပြီး နားလည်လာတော့တယ်..”
ဝိဥာဥ် ရိတ်သိမ်းသူ က ခေါင်းခါလိုက်ပြီး..
“သိပ်ပြီးတော့ စိတ်မချလိုက်နဲ့ဦး..။ ဒါက တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေ ဆီကို သွားမယ့် အစောင့်အရှောက် တပ်စု အများကြီးထဲက တစ်ခုပဲ ရှိသေးတာ..။ သူတို့က ပထမဆုံး ကယ်ဆယ်ရေး စစ်တပ် ကို အန္တာတိက ဆီကို ပို့ဆောင်ပေးမယ်..ပြီးရင် ဒုက္ခသည် သန်းပေါင်းများစွာကို တင်ဆောင်ပြီး ပြန်လှည့်လာကြလိမ့်မယ်..။ အားလုံး အဆင်ပြေသွားရင်တော့ သင်္ဘောတွေ ပြန်ရောက်တဲ့အချိန်မှာ စစ်အင်အား စုဆောင်းမှုတွေလည်း စတင်နေလောက်ပြီ..။ ဒီ ရေတပ်စုတွေက ငါတို့အတွက် စစ်ကူတွေ ထပ်သယ်လာပေးလိမ့်မယ်၊ ပြီးရင် အရပ်သားတွေကို ထပ်တင်သွားမယ်... ဒီဖြစ်စဉ်ကို လိုအပ်သလောက် အကြိမ်ကြိမ် ပြန်လုပ်နေရမှာပဲ..”
သူမ သက်ပြင်းချလိုက်တယ်..။
“ဒါပေမဲ့ အရာအားလုံး အဆင်ပြေချောမွေ့သွားဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်သလောက်ပဲလေ..။ အဆင်ပြေတယ် ဆိုရင်တောင် လူတိုင်းကို စုစည်းဖို့က အနည်းဆုံး တစ်နှစ်လောက် ကြာလိမ့်မယ်... အဲဒီအချိန်အထိ ငါတို့ အသက်ရှင်နေဦးမယ် ဆိုရင်ပေါ့..။ ဘယ်သူ သိမှာလဲ.. ပထမ လအနည်းငယ်မှာတင် ငါတို့အားလုံး မိစ္ဆာတွေရဲ့ ဝါးမြိုတာ ခံရပြီး ပျောက်ကွယ်သွားနိုင်တယ်လေ..”
ဆန်နီ က သူမကို ဘေးကနေ ကြည့်လိုက်ပြီး သုန်မုန်တဲ့ အမူအရာနဲ့...
“...အစ်မက ဘယ်လို စိတ်ဓာတ် မြှင့်တင်ပေးရမလဲ ဆိုတာ တကယ်သိတာပဲနော်..”
မာစတာ ဂျက် က ပြုံးလိုက်ပြီး..
“အာ... သိပ်ပြီး အတည်မယူပါနဲ့..။ ဘာပဲဖြစ်ဖြစ် နင် ဒီပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာကို ငါ တကယ် ဝမ်းသာမိတယ် ဆန်နီ..။ ငါ့ရဲ့ ဘေးနားမှာ ယုံကြည်စိတ်ချရတဲ့သူ တစ်စုံတစ်ယောက်ကို တကယ် လိုအပ်နေတာ..။ ငါ့ကို အထင်မလွဲလိုက်နဲ့ဦး၊ ငါ့ရဲ့ တခြား အဖွဲ့ဝင်တွေကလည်း ဂုဏ်သိက္ခာရှိပြီး တကယ်
တော်တဲ့ စစ်သည်တော်တွေပါပဲ...။ဒါပေမဲ့ သူတို့က နင် မဟုတ်ဘူးလေ..”
သူ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်မိတယ်..။
“ကျွန်တော်က ဒီလောက်တောင် ထူးခြားနေလို့လား..”
သူမက သူ့ကို ကြည့်ကာ ပုခုံးတွန့်လိုက်ပြီး ရှေ့ကို လျှောက်သွားတာကြောင့် ဆန်နီ လည်း နောက်ကနေ လိုက်သွားခဲ့ရပါတယ်..။
“အဆိုးဝါးဆုံး မျှော်လင့်ချက်မဲ့ခြင်း မျိုးနဲ့ ရင်ဆိုင်ရရင်တောင်မှ ဆက်ပြီး တိုက်ပွဲဝင်မယ့် လူမျိုးဆိုတာ ရှိတယ်..။ နင်က အဲဒီလို လူမျိုးထဲက တစ်ယောက်ပဲ ဆန်နီ..”
ဝိဥာဥ် ရိတ်သိမ်းသူ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ပြောင်တာမျိုး မဟုတ်ဘဲ လေးနက်တဲ့ အသံနဲ့ ထပ်ပြောလိုက်ပါတယ်..။
“...ပြီးတော့ လာမယ့် လတွေမှာ ငါတို့ အားလုံး မျှော်လင့်ချက်ကင်းမဲ့မူ တွေကို အများကြီး ကြုံတွေ့ရလိမ့်မယ်..။ ငါ အဲဒီလို ခံစားနေရတယ်..”
အပိုင်း ( ၈၁၂ ) ပြီး၏။
အပိုင်း ( ၈၁၃ ) ပထမဆုံး ကယ်ဆယ်ရေး စစ်တပ်
မာစတာ ဂျက် က လူစည်ကားတဲ့ ဘူတာရုံ ပလက်ဖောင်းနဲ့ မီတာ အနည်းငယ်အကွာမှာ ရပ်ထားတဲ့ သံချပ်ကာ စစ်တပ်သုံး PTV ဆီ သူ့ကို ခေါ်သွားခဲ့တယ်..။ ဘူတာရုံရဲ့ ဒီဘက်ခြမ်းမှာကယာဉ်တွေ ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပုံရပေမဲ့ သူမကတော့ ဒါကို အရေးစိုက်ပုံမရပါဘူး..။ သူမရဲ့ ရာထူးနဲ့ အဆင့်အတန်းက စည်းကမ်းအချို့ထက် ပိုပြီး အရေးပါနေတဲ့ ပုံပါပဲ..။
ဒီ PTV ကိုယ်တိုင်ကလည်း ဆန်နီ အကျွမ်းတဝင်ရှိတဲ့ အရပ်သားသုံး မော်ဒယ်တွေ..ဒါမှမဟုတ်သူ တစ်ခါတလေ စီးဖူးတဲ့ လေးလံတဲ့ ရဲကင်းလှည့်ယာဉ်တွေနဲ့ပါ လုံးဝ ကွဲပြားနေခဲ့တယ်..။ ဒီကား က ပိုမို တောင့်တင်းခိုင်မာပြီး ထောင့်မှန်ကျကျ ပုံစံရှိပါတယ်။.. အလွှာပေါင်းများစွာ ပါဝင်တဲ့ သံချပ်ကာပြားတွေကြောင့် ပိုပြီး လေးလံနေသလို.. မြေပြင်ပေါ်မှာပဲ အခိုင်အမာ သွားလာနိုင်တဲ့ ပုံစံမျိုးပါ..။ ဒီယာဉ်မှာ လေပေါ် ပျံသန်းနိုင်တဲ့ စနစ်တွေ ပါရှိနေရင်တောင်မှ..သူ့ရဲ့ သဘာဝအတိုင်း ကြမ်းတမ်းတဲ့ မြေပြင်တွေကို ဖြတ်သန်းသွားလာနိုင်စွမ်း အပြည့်အဝ ရှိပြီးသားပါ..။
သူတို့ ယာဉ်ထဲကို ဝင်လိုက်တဲ့အချိန်မှာပဲ.. အရပ်မြင့်တဲ့ လူသားပုံစံ ကုန်တင် စက်ရုပ်ကြီးတွေက ရထားပေါ်က ကုန်စည်တွေကို ချဖို့အတွက် လှုပ်ရှားလာကြတယ်..။ ဒီ စက်ရုပ်တွေကိုတော့ အမိုးပွင့် မောင်းနှင်ခန်းထဲက စစ်သည်တွေက ထိန်းချုပ်မောင်းနှင်နေကြတာပါ..။ ဒီ ကြမ်းတမ်းတဲ့ အနိမ့်စား စက်ရုပ်တွေမှာ သံချပ်ကာတွေ မပါဝင်သလို..လှုပ်ရှားမှုတွေက တစ်ခြား အရာတွေလောက် ချောမွေ့ခြင်း မရှိတာကြောင့် အဆင့်သိပ်မမြင့်ကြပါဘူး..။သို့ပေမဲ့ ပင်ပန်းတဲ့ အထွေထွေ အလုပ်ကြမ်းတွေကို လုပ်ဆောင်ဖို့အတွက်တော့ လုံလောက်တာထက် ပိုပါတယ်..။
PTV ရဲ့ အင်ဂျင်သံက ဟိန်းထွက်လာတာကြောင့် ဆန်နီ တုန်ခနဲ ဖြစ်သွားခဲ့တယ်..။ အရပ်သားသုံး မော်ဒယ်တွေနဲ့ ကွဲပြားချက်က အပြင်ပန်းတင်မကဘဲ အတွင်းပိုင်းမှာလည်း ပိုပြီး သိသာနေခဲ့ပါတယ်..။ ယာဉ်ကို ရှေ့ကို တွန်းပို့ပေးတဲ့ စနစ်တွေက လုံးဝကို ကွဲပြားခြားနားနေပြီး.. ဆူညံသံနဲ့ တုန်ခါမှုတွေ ပိုများနေပေမဲ့ အင်အားကတော့ စွမ်းအားပြည့်ပါပဲ..။ PTV ကား က ရှေ့ကို ဝုန်းခနဲ ပြေးထွက်သွားပြီး.. ဆိပ်ကမ်းဆီကို ဦးတည်ထားတဲ့ ကွန်ကရစ်လမ်းပေါ် မရောက်ခင် အတားအဆီး အချို့ကို သီသီလေး ရှောင်ကွင်းသွားခဲ့တယ်..။
ရေတပ် ခံတပ်ကြီးဆီကို ပိုမို နီးကပ်လာတာနဲ့အမျှ.. ပတ်ဝန်းကျင် တစ်ခုလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ လှုပ်ရှားမှု အစုအဝေးကြီးကို
ဆန်နီ လေ့လာခွင့် ရခဲ့ပါတယ်..။
လက်ရှိမှာတော့ ဒီဆိပ်ကမ်းက သူ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမိုကြီးမားတဲ့ အင်အားစုကြီးအတွက် စုရပ်တစ်ခုလို ဖြစ်နေခဲ့ပါပြီ..။ ထောင်ပေါင်းများစွာသော အစိုးရ ဝန်ထမ်းတွေနဲ့ စစ်သားတွေဟာ မကြာခင် စတင်တော့မယ့် စစ်ဆင်ရေးအတွက် အသည်းအသန် ပြင်ဆင်နေခဲ့ကြတာပါ..။
မကြာခင်ကပဲ အလျင်အမြန် ဆောက်လုပ်ထားတဲ့ အဆောက်အဦး များစွာဟာ စနစ်တကျ တည်ရှိနေကြတယ်..။အဆောက်အဦး အချို့က ပထမဆုံး ကယ်ဆယ်ရေး တပ်မတော် ရဲ့ ဝန်ထမ်းတွေအတွက် ယာယီ နေထိုင်စရာ နေရာတွေ ဖြစ်သလို.. အချို့ကတော့ ကုန်လှောင်ရုံတွေ၊ ထုတ်လုပ်မှု ဗဟိုချက်တွေ၊ လေ့ကျင့်ရေး ကွင်းတွေ၊ ကွင်းဆင်း ဆေးရုံတွေ အဖြစ် အသုံးပြုနေကြပါတယ်.။
လေးလံတဲ့ စက်ယန္တရားကြီး တွေဟာ အမြဲမပြတ် လှုပ်ရှားနေကြပြီး.. ကုန်စည်တွေကို သယ်ယူပို့ဆောင်တာ ဒါမှမဟုတ် အဆောက်အဦး အချို့ကို ပြန်လည် ဖြုတ်သိမ်းတာတွေကို လုပ်ဆောင်နေခဲ့ကြတယ်..။
စစ်စခန်းကြီးက အတော်လေး ခန့်ညားနေပေမဲ့လည်း.. ဒါတွေ အားလုံးက ယာယီ သဘောမျိုးအတွက်ပဲ ဆိုတာကို သာမန်မျက်စိနဲ့တင် သိနိုင်ပါတယ်..။ စစ်တပ်က သင်္ဘော အစင်း ၄၀ ရဲ့ ကုန်လှောင်ခန်းတွေထဲကို ထည့်သွင်း သယ်ဆောင်သွားဖို့အတွက် အဆောက်အဦး အများအပြားကို ပြန်လည် ဖြုတ်သိမ်းနေခဲ့ပါပြီ..။
လူသား ထောင်ပေါင်းများစွာဟာ ပုရွက်ဆိတ်အုပ်ကြီးလို စခန်းထဲမှာ သွားလာနေကြတယ်..။ ဆန်နီ ဟာ တာဝန်တွေကို အပြီးသတ်နိုင်ဖို့ အလျင်အမြန် လုပ်ဆောင်နေကြတဲ့ သာမန်ဝန်ထမ်းတွေ အများကြီးကိုရော.. လေ့ကျင့်ခန်းတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ အလုပ်ရှုပ်နေကြတဲ့ စစ်သားတွေ အများကြီးကိုပါ မြင်တွေ့နေရပါတယ်..။ သူတို့ထဲက အချို့က နိုးထသူ တွေ ဖြစ်ကြပေမဲ့ အများစုကတော့ သာမန် လူသားတွေပါပဲ..။
အင်ဂျင်နီယာ တပ်ဖွဲ့တွေ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ သံချပ်ကာ စက်ရုပ်ဝတ်စုံတွေနဲ့ လှုပ်ရှားနေတဲ့ စက်မှု တပ်သားတွေ၊ အမြောက်တင် ယာဉ်မောင်းတွေနဲ့ ဆန်နီတောင် နာမည် မခေါ်တတ်တဲ့ အထူးတပ်ဖွဲ့ မျိုးစုံကို မြင်တွေ့နေရတာပါ..။ အမြင့် ၆ မီတာကနေ ၁၀ မီတာအထိ ရှိပြီး.. သံမဏိနဲ့ ပြုလုပ်ထားတဲ့ ဧရာမ ဘီလူးမျက်နှာကြီးတွေနဲ့ တူတဲ့ ရွေ့လျား စစ်ပွဲ စင်မြင့် တစ်ချို့ကိုတောင် သူ မြင်လိုက်ရပါသေးတယ်..။ ဒီ လူသားပုံစံ စက်ရုပ်ကြီးတွေနဲ့ သူတို့ရဲ့ မောင်းနှင်သူတွေက သူ့ကို တကယ်ပဲ အထင်ကြီးသွားစေခဲ့တယ်..။
သူတို့တွေက လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က သူ မြင်ခဲ့တဲ့ အနိမ့်စား ကုန်တင် စက်ရုပ်တွေနဲ့ လုံးဝ မတူပါဘူး..။ ဒီစက်ယန္တရားတွေကို လူသားတွေက တည်ဆောက်ပြီး မောင်းနှင်နေတာမှန်း သိနေတာတောင်မှ..သူက ဧရာမ အိပ်မက်ဆိုး သတ္တဝါ ကြီးတွေကို ကြည့်နေရသလို ခံစားချက်မျိုး ရနေခဲ့ပါသေးတယ်။
ဖြည်းဖြည်းချင်းဆိုသလိုပဲ.. မကြာခင် လုပ်ဆောင်တော့မယ့် စစ်ဆင်ရေးရဲ့ အတိုင်းအတာနဲ့ အကျယ်အဝန်းကို သူ စတင် သဘောပေါက်လာခဲ့တယ်..။ဒါပေါ့.. သူက ခန့်မှန်းခြေ ကိန်းဂဏန်းတွေကို အရင်ကတည်းက သိထားခဲ့တာပါ..။ ဒါပေမဲ့ သိနေတာနဲ့ မြင်လိုက်ရတာကတော့ လုံးဝကို ကွဲပြားခြားနားတဲ့ အရာပါပဲ..။
ဆန်နီ ခနလောက် ငြိမ်သက်နေပြီးမှ အသံအနည်းငယ် တုန်ယင်စွာနဲ့ မေးလိုက်တယ်..။
“...ဒီလိုမျိုး ရေတပ်စုတွေ အများကြီး ရှိနေသေးတယ်လို့ ပြောခဲ့တယ်မလား”
မာစတာ ဂျက် က PTV ကို လွယ်ကူစွာ ထိန်းချုပ်မောင်းနှင်ရင်း ခေါင်းညိတ်ပြလိုက်တယ်..။
“ဟုတ်တယ်.. လောလောဆယ်တော့ လေးခုပေါ့..။ မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေ ကနေ နှစ်ခု ထွက်ခွာမယ်.. အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကနေ တစ်ခုစီ ထွက်ခွာမယ်..။ တစ်ခုချင်းစီက လာမယ့် လထဲမှာ စစ်သား တစ်သိန်းလောက်ကို အန္တာတိက ဆီကို ပို့ဆောင်ပေးလိမ့်မယ်..။ အဲဒီထဲမှာ နိုးထသူ နှစ်သောင်းလောက်နဲ့ မာစတာ ငါးဆယ်လောက်လည်း ပါဝင်လာကြလိမ့်မယ်..”
သူမ ခန ရပ်လိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။
“တကယ်လို့ စစ်အင်အား စုဆောင်းမှုကသာ အဆင်ပြေခဲ့ရင်.. နောက်ဆုံးမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်မယ့် အရေအတွက်က အနည်းဆုံး နိုးထသူ ခြောက်သောင်းနဲ့.. မာစတာ အယောက် တစ်ရာကနေ သုံးရာအကြား ရှိလာလိမ့်မယ်.."
ဆန်နီ အသက်ကို ဝအောင် ရူသွင်းလိုက်တယ်..။
ဒီ ကိန်းဂဏန်းတွေထဲမှာ.. အန္တာတိက ဆီကို ပို့ဆောင်မယ့် သာမန်လူသား အရေအတွက်က အဆမတန် ပိုများပြားနေပေမဲ့လည်း.. သူ့ကို အံ့ဩ သွားစေတာကတော့ နောက်ဆုံး ကိန်းဂဏန်း နှစ်ခုပါပဲ..။ ခြောက်သောင်း ဆိုတာက သိပ်မများဘူးလို့ ထင်ရပေမဲ့.. ဒါက ကမ္ဘာပေါ်မှာရှိတဲ့ နိုးထသူ အားလုံးရဲ့ လေးပုံတစ်ပုံက တိုက်ကြီး တစ်ခုတည်းမှာ စုစည်းနေလိမ့်မယ်လို့ ဆိုလိုတာပါ..။ဒါတောင် တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေ မှာ ရှိနှင့်နေပြီးသား အရေအတွက်ကို ထည့်မတွက်ရသေးပါဘူး။
မာစတာ အရေအတွက်ကတော့ ပိုတောင် မယုံနိုင်စရာ ကောင်းနေပါသေးတယ်..။ သုံးရာ ဆိုတာက ဒီနေ့ခေတ်မှာ အသက်ရှင်နေတဲ့ တက်ရောက်သူ အားလုံးရဲ့ ထက်ဝက်ကျော်လောက်ကို ရှိနေတာပါ..။အစိုးရကတော့ တကယ်ပဲ ရှိသမျှ အင်အား အကုန်ထုတ်သုံးနေတာပါပဲ..။
ဒီလောက်အထိ ကြီးမားတဲ့ အင်အား..။
…ဒါပေမဲ့ အဲ့ဒါကရော လုံလောက်ပါ့မလား..
ဒီလောက်များပြားတဲ့ နိုးထသူ တွေကို စစ်ပွဲထဲ ပို့လိုက်တာဟာ.. ကျန်တဲ့ နယ်မြေ သုံးခုမှာ ကာကွယ်ရေး အားနည်းသွားစေမှာ အမှန်ပါပဲ..။ ဒီမှာ ရှိနေတဲ့ လူတွေကလည်း အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ အလိုကျ ပိုပြီး ထိရှလွယ်လာကြပါလိမ့်မယ်..။ ဒုက္ခသည် အစုအဝေးကြီးက လူသားတွေရဲ့ ခံတပ်တွေဆီကို ရောက်လာပြီးတဲ့နောက်မှာ လက်ရှိ အခြေခံ အဆောက်အဦးတွေအပေါ် ကျရောက်လာမယ့် ဖိအားတွေကလည်း အဆမတန် မြင့်တက်လာတော့မှာပါ..။
‘ဒါက.. တကယ့်ကို ရှုပ်ထွေးနေတဲ့ အရှုပ်ထုတ်ကြီးပဲ..’
ယာယီ စခန်းထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ ထောင်ပေါင်းများစွာသော လူတွေကို ကြည့်ရင်း.. သူတို့ထဲက ဘယ်နှစ်ယောက်ကများ ပြန်လာနိုင်ကြမှာလဲ ဆိုတာကို ဆန်နီ မတွေးဘဲ မနေနိုင်ခဲ့ပါဘူး..။
…သူ့ကိုယ်တိုင်ရော အသက်ရှင်နိုင်ပါ့မလား...
ပထမဆုံး ကယ်ဆယ်ရေး စစ်တပ် ရဲ့ အဖွဲ့ဝင်တွေဟာ လေ့ကျင့်သား ပြည့်ဝပြီး စည်းကမ်းရှိပုံရပေမဲ့.. သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ ကြောက်ရွံ့မှုနဲ့ မရေရာမှု အရိပ်အယောင်လေးတွေကို သူ မြင်နေရပါတယ်..။ ဒီလူတွေက စိတ်အားထက်သန်တဲ့ ပညာရှင် စစ်သားတွေ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့..သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့ ဒီလို ခြိမ်းခြောက်မှုမျိုးကိုတော့ တစ်ခါမှ မရင်ဆိုင်ဖူးကြပါဘူး..။
ရယ်စရာ ကောင်းတဲ့အချက်က.. ဆန်နီ ဟာ အသက်ငယ်ရွယ်ပြီး စစ်မှုထမ်း အတွေ့အကြုံ တွေ မရှိပေမဲ့လည်း.. ဒီလို စစ်ပွဲမျိုးနဲ့ အရင်းနှီးဆုံးဖြစ်နေခဲ့တယ်။..အလျင်အမြန် စုစည်းထားတဲ့ အဖွဲ့ဝင် အများစုထက်စာရင် သူက ဒီ ထိတ်လန့်စရာတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်နေခဲ့ပါတယ်..။
နောက်ဆုံးမှာတော့.. ဒီဘေးအန္တရာယ်ရောက်လာတော့မယ်ဆိုတာကို သိခဲ့ရပြီးကတည်းက တစ်ခါမှ မခံစားခဲ့ဖူးတဲ့ ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရတယ်..။
တာဝန်ယူမှု ဆိုတဲ့ အလေးချိန်ကြီးက သူ့ရဲ့ ပုခုံးပေါ်ကို ဖြည်းဖြည်းချင်း သက်ဆင်းလာခဲ့ပါပြီ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး.. စိတ်ခံစားချက်တွေကို ဖယ်ရှားလိုက်တယ်။
‘ဘာတွေ လျှောက်တွေးနေတာလဲ..'
သူ မာစတာ ဂျက် ကို ကြည့်လိုက်ပြီး.. ခနလောက် တွေဝေနေပြီးမှ မေးလိုက်တယ်..။
“ဒီတော့.. ကျွန်တော်ကရော..ဒီလို ခပ်မိုက်မိုက်ယူနီဖောင်းမျိုး ဘယ်တော့ ဝတ်ရမှာလဲ.."
အပိုင်း ( ၈၁၃ ) ပြီး၏။