← Chapters

အခန်း (၈၁၇-၈၁၉)

Vol. 55 Ch. 817-819

အခန်း (၈၁၇-၈၁၉)

Vol. 55 Ch. 817-819

အပိုင်း ( ၈၁၇ ) ကပ္ပတိန် ဆန်းလပ်စ်

အခြေအနေ ရှင်းလင်းတင်ပြချက်တွေဟာ အတော်လေး ကြာသွားခဲ့တယ်..။ ပထမ အထူးတပ်ခွဲ ရဲ့ တက်ရောက်သူ ခုနစ်ယောက် မှာတော့ ဆွေးနွေးစရာတွေ အများကြီး ရှိနေခဲ့ပါတယ်..။ အသေးစိတ် အချက်အလက် တချို့က ဆန်နီ ရဲ့ ခေါင်းထဲမှာ ရှုပ်ထွေးနေပေမဲ့လည်း.. မကြာခင် ရင်ဆိုင်ရတော့မယ့် အခက်အခဲတွေအကြောင်းကို သူ ဖြည်းဖြည်းချင်း ပိုပြီး နားလည်လာခဲ့တယ်..။

ဒါတောင်မှ.. တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေ ဆီကို ရေကြောင်း စစ်တပ်ကြီး မထွက်ခွာခင်.. သူတို့ တစ်ယောက်ချင်းစီမှာ လုပ်စရာတွေ အများကြီး ရှိနေခဲ့ကြတယ်။ဒါကြောင့်.. အချိန်အကြာကြီး စကားပြောပြီး အဖိုးတန်တဲ့ အချိန်တွေကို ဖြုန်းတီးပစ်ဖို့ဆိုတာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး..။ နောက်ဆုံးမှာတော့ မာစတာ ငါးယောက် ထွက်သွားကြပြီး.. အစည်းအဝေးခန်းထဲမှာ ဆန်နီ နဲ့ ဂျက် နှစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်..။

သူ့မျက်နှာပေါ်မှာတော့ သုန်မုန်တဲ့ အမူအရာတစ်ခု ရှိနေခဲ့တယ်..။

ဆန်နီ က သက်ပြင်းချလိုက်ပြီး သူ့ရဲ့ အထက်လူကြီးကို တစ်ချက် ကြည့်လိုက်ပါတယ်..။

“ကျွန်တော် လိမ်မပြောတော့ပါဘူး..။ဒီအရာတွေ အားလုံးက နည်းနည်းတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်လွန်းသလိုပဲ..”

ဝိဥာဥ် ရိတ်သိမ်းသူ က ပြုံးပြီး သူမရဲ့ ခေါင်းကို ခါယမ်းပြလိုက်တယ်..။

“သိပ်ပြီး စိတ်မပူပါနဲ့..။ နင့်မှာ ဒီအရာတွေကို အဆင်ပြေအောင် လုပ်ဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေ ရှိပြီးသားပဲလေ..။ တခြားလူတွေကလည်း ဒီလောက်အတိုင်းအတာအထိ ရှိတဲ့ ကိစ္စမျိုးကို ကိုင်တွယ်ဖို့ ပိုပြီး ပြင်ဆင်ထားနိုင်တာမျိုး မဟုတ်ပါဘူး..။ အဓိကကတော့ ငါတို့တွေက အလျင်အမြန်သင်ယူပြီး လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ဖို့ပဲ လိုတာ..။ အဲဒါကပဲ တစ်ခါမှ မကြုံဖူးတဲ့ ကပ်ဘေးဆိုးကြီးထဲကနေ ငါတို့ လွတ်မြောက်နိုင်မယ့် နည်းလမ်းပဲ..”

သူက စဥ်းစားနေတဲ့ အမူအရာနဲ့ မျက်နှာကျတ်ကို မော့ကြည့်လိုက်တယ်..။ မာစတာ ဂျက် ဒီလို ပြောလိုက်တော့လည်း.. သူက အိပ်မက်ဆိုး ကွင်းဆက် ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ပြောတာက ကျိုးကြောင်းဆီလျော်မူရှိပါတယ်..။ တခြား အထူးတပ်ဖွဲ့ဝင်တွေက အသက်ပိုကြီးကာ အတွေ့အကြုံ ပိုရှိကောင်း ရှိနိုင်ပေမဲ့လည်း.. ဘယ်သူမှ ဒီလို အခြေအနေမျိုးကို မကြုံဖူးကြပါဘူး..။ သက်ဆိုင်ရာ အတွေ့အကြုံတွေ မရှိတဲ့ အခြေအနေမှာတော့ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်းက ပိုပြီး အရေးကြီးတယ်လို့ ပြောလို့ရပါတယ်..။

ဒီအချက်မှာတော့.. သူ့ရဲ့ ငယ်ရွယ်တဲ့ အသက်နဲ့ ပြောင်းလွယ်ပြင်လွယ် ရှိတဲ့ စိတ်ဓာတ်က အားသာချက်တစ်ခုတောင် ဖြစ်နေခဲ့တယ်..။ထပ်ပြောရရင် ဆန်နီ က ဘယ်လို အခြေအနေမျိုးနဲ့မဆို လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်တဲ့နေရာမှာ အမြဲတမ်း ထူးချွန်ခဲ့တာပါ..။

ဝိဥာဥ် ရိတ်သိမ်းသူ က ထရပ်လိုက်ပြီး ထွက်ပေါက်ဆီကို ဦးတည်ရင်း လက်ဝေ့ယမ်းပြလိုက်တယ်..။

“လာ.. နင့်ကို နေရာချပေးရအောင်..”

သူတို့တွေဟာ ဗုံးခိုကျင်းရဲ့ တခြား အဆင့်တစ်ခုဆီကို ရွှေ့သွားခဲ့ကြတယ်..။ ဒီနေရာမှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက အလျင်အစလို တည်ဆောက်ထားတဲ့ အုပ်ချုပ်ရေး ဗဟိုဌာန တစ်ခု ရှိနေခဲ့ပါတယ်..။ စစ်တပ်က အုပ်ချုပ်ရေးပိုင်း လူတွေဟာ အပေါ်ထပ်က စစ်သားတွေထက်တောင် ပိုပြီး အလုပ်ရှုပ်နေကြတဲ့ပုံပါပဲ..။ အရာရှိ ရာပေါင်းများစွာဟာ စစ်တပ်ကြီး ထွက်ခွာဖို့ ပြင်ဆင်နေကြရင်းနဲ့ သောင်းနဲ့ချီတဲ့ ကိစ္စရပ်တွေကို တစ်ပြိုင်နက် ကိုင်တွယ်နေရတာကြောင့်. လေထုက ပရမ်းပတာ ဖြစ်လုနီးပါး ဖြစ်နေခဲ့တယ်..။

ဒီလို အလျင်စလို ဖြစ်နေတာကြောင့်လား ဒါမှမဟုတ် မာစတာ ဂျက် ရှိနေလို့လားတော့ မသိပါဘူး.. စာရွက်စာတမ်း ကိစ္စတွေက သိပ်ပြီး မကြာခဲ့ပေ..။ ဆန်နီ အံ့ဩသွားတာကတော့ သူက မိနစ် သုံးဆယ် မပြည့်ခင်မှာတင် အစိုးရရဲ့ ကိုယ်စားလှယ် တစ်ဦးနဲ့ ပထမဆုံး ကယ်ဆယ်ရေး စစ်တပ် ရဲ့ အရာရှိ တစ်ယောက်အဖြစ် တရားဝင် ဖြစ်သွားခဲ့တာပါပဲ..။ သူ့ကို ဗိုလ်ကြီး အဆင့် ပေးအပ်လိုက်သလို.. အဲ့ဒီ အဆင့်နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေနဲ့ ရပိုင်ခွင့်တွေ အားလုံးကိုလည်း ရရှိခဲ့ပါတယ်..။

ဆန်နီ တစ်ယောက် အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်မိတယ်..။

‘ဗိုလ်ကြီး ဆန်းလပ်စ် တဲ့.. အင်း.. နာမည်က နားထောင်လို့ ကောင်းသားပဲ..’

အချိန်မဆိုင်းဘဲ သူတို့ နောက်ထပ် အဆင့်တစ်ခုဆီကို ရွှေ့သွားလိုက်ကြတယ်..။ဒီနေရာမှာတော့ ဆန်နီ က သူ့ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ အခြေခံ စက်ကိရိယာ အစုံအလင်ကို ထုတ်ယူခဲ့ပါတယ်..။ဒီထဲမှာ အမြဲတွေ့နေကျ ဖြစ်တဲ့ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံလည်း ပါဝင်နေခဲ့တယ်..။ သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာကတော့ အစိုးရထုတ် အဆင့်မြင့် မော်ဒယ် ဖြစ်နေပြီးသားမို့.. ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်မှု အကြီးစား တစ်ခုကိုပဲ လုပ်ဆောင်လိုက်ရပါတယ်..။

လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တွေ ပြီးဆုံးဖို့ စောင့်ဆိုင်းနေတုန်းမှာ ဆန်နီ နဲ့ မာစတာ ဂျက် တို့ဟာ အလုပ်ကိစ္စတွေကို တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့ကြပါတယ်..။

“ဒါဆို.. အခုကစပြီး ဘာတွေ ဆက်ဖြစ်မှာလဲ..”

သူမက သူ့ကို ခဏလောက် ကြည့်လိုက်တယ်..။

“အင်း.. နင် အန္တာတိက အတွက် ပြင်ဆင်ဖို့ လုပ်စရာတွေ အများကြီး ရှိလိမ့်မယ်..။ သိပ်ပြီး စိတ်မပူဘဲ တစ်ဆင့်ချင်းစီပဲ လုပ်သွားပါ..”

ဝိဥာဥ် ရိတ်သိမ်းသူ က ခန ရပ်လိုက်တယ်..။

“ပထမဆုံး အနေနဲ့.. နောက်ရက်အနည်းငယ်အတွင်းမှာ နင်က အရေးကြီးတဲ့ ဆုံးဖြတ်ချက် တချို့ကို ချရလိမ့်မယ်..။ အလောမကြီးပဲ.. တစ်ခုခုကို မရွေးချယ်ခင်မှာ သေချာ စဉ်းစားပါ..။ ဒါပေမဲ့လည်း အချိန်အကြာကြီးတော့ မစောင့်နဲ့နော်.. နင် အချိန်တွေ အများကြီး ယူလေ.. တခြား အလုပ်တွေကို လုပ်ဖို့ အချိန် နည်းသွားလေပဲ ဖြစ်လိမ့်မယ်.”

သူမက သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာကို ညွှန်ပြလိုက်တယ်..။

“လိုအပ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ခွင့်ပြုချက်တွေ အကုန်လုံးကို နင့်ရဲ့ ကိရိယာထဲမှာ ထည့်ပေးထားပြီးပြီ..။ နင့်ရဲ့ အထောက်အထားတွေကိုလည်း စနစ်ထဲမှာ ထည့်ထားပြီးပြီဆိုတော့.. အဲဒီကနေတစ်ဆင့် အချက်အလက်တွေကို ကြည့်လို့ရပြီ..”

ဆန်နီ က သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာ စနစ်ထဲကို အသစ်ရောက်လာတဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးကြည့်ပြီး ခေါင်းညိတ်လိုက်ပါတယ်..။

“အဲဒီ..ဆုံးဖြတ်ချက်တွေက အတိအကျ ဘာတွေများလဲ..”

မာစတာ ဂျက် က ပြုံးလိုက်တယ်..။

“ပထမဆုံး အနေနဲ့.. နင်က အခု အထူး တိုက်ခိုက်ရေး တပ်ဖွဲ့ရဲ့ အရာရှိ တစ်ယောက် ဖြစ်သွားပြီလေ..။ ပထမ အထူးတပ်ခွဲ ရဲ့ အဖွဲ့ဝင်တွေက အစိုးရဆီကရနိုင်တဲ့ ရှားပါး ပစ္စည်းတွေနဲ့ အဖိုးတန် အရင်းအမြစ်တွေကို ရပိုင်ခွင့် ရှိကြတယ်..။ ဒါပေမဲ့ အဖွဲ့ တစ်ဖွဲ့ချင်းစီက ထူးခြားပြီး သီးခြား လိုအပ်ချက်တွေ ရှိကြတာလေ..။ နင်နဲ့ နင့်ရဲ့ စစ်သားတွေက ကောင်းမွန်တဲ့ ကိရိယာတွေတင်မကဘဲ.. သူတို့နဲ့ အကိုက်ညီဆုံး အရာတွေကို ရရှိစေဖို့အတွက် နင့်ရဲ့ ကိုယ်ပိုင် အကောင့်ထဲမှာ လုပ်ဆောင်ချက် ရမှတ် တွေ အများကြီးကို ထည့်ပေးထားတယ်..”

သူမက ဆန်နီ့ ဆက်သွယ်ရေး ကိရိယာ မျက်နှာပြင်ပေါ်က သင်္ကေတ တစ်ခုကို ညွှန်ပြလိုက်ပါတယ်..။

“နင့်ရဲ့ အဖွဲ့ကို အခြေခံ ပစ္စည်းတွေ ပေးထားမှာ မှန်ပေမဲ့.. အဲဒီအပေါ်မှာ နင်က ထပ်ပြီးတော့ စိတ်ကြိုက် ပြင်ဆင်တာ ဒါမှမဟုတ် နောက်ထပ် လိုအပ်တဲ့ ပစ္စည်းတွေကို နင်ကိုယ်တိုင် ဝယ်ယူပေးတာမျိုး လုပ်လို့ရတယ်..။ ထောက်ပံ့ရေးနဲ့ ပစ္စည်းလက်ခံရေး ဌာနမှာ ဘာတွေ ရှိလဲဆိုတာကို အဲဒီ ကိရိယာကနေတစ်ဆင့် ကြည့်နိုင်သလို.. နင် ရွေးချယ်တဲ့ အရာတွေကိုလည်း တောင်းဆိုလို့ ရတယ်..။ သေချာတာကတော့ ပထမ အထူးတပ်ခွဲ အတွက် ရရှိနိုင်တဲ့ ပစ္စည်းစာရင်းက သာမန် တပ်ဖွဲ့တွေ ရနိုင်တာထက်စာရင် အများကြီး ပိုပြီး ခိုင်မာသလို ပိုလည်း သီးသန့်ဖြစ်တာပေါ့..”

ဝိဥာဥ် ရိတ်သိမ်းသူ က အားကျသလိုမျိုး သက်ပြင်းချလိုက်တယ်..။

“နင် ဘာကို ရွေးမလဲဆိုတာကတော့ နင့်အပေါ်မှာပဲ မူတည်တယ်..။ နင့်ရဲ့ ကိုယ်ပိုင် ပစ္စည်းတွေကို အစွမ်းထက်တဲ့ ကိရိယာတွေ၊ မှတ်သားမူ တွေ ဒါမှမဟုတ် ထပ်တူညီမူ တွေနဲ့ အဆင့်မြှင့်ဖို့ ဆုံးဖြတ်လို့ ရတယ်..။ အဲဒီအစား နင့်ရဲ့ စစ်သားတွေကို ပိုကောင်းတဲ့ ပစ္စည်းတွေ ပေးဖို့လည်း ရွေးချယ်နိုင်တယ်..။ ဒါမှမဟုတ် ရမှတ် အများစုကို နင့်အဖွဲ့အတွက် ပေးထားတဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေကို အဆင့်မြှင့်ဖို့အတွက် သုံးလို့လည်း ရတာပဲ..။ တကယ်လို့ နင်သာ ဆန္ဒရှိတယ်ဆိုရင်တောင်..အဲဒီ ရမှတ်တွေကို ငွေကြေးအဖြစ် ပြောင်းပြီး နင့်ရဲ့ ကိုယ်ပိုင် အကောင့်ထဲကို လွှဲထည့်လိုက်လို့တောင် ရသေးတယ်..။ ဒါပေမဲ့ ငါကတော့ အဲဒီလို မလုပ်ဖို့ အကြံပေးချင်တယ်..”

ဆန်နီ ရဲ့ မျက်လုံးတွေကတော့ အရောင်တောက်ပ သွားခဲ့တယ်..။

သူ အကြိုက်ဆုံး အရာတစ်ခု ရှိတယ်ဆိုရင်.. အဲ့ဒါက အလကား ရတဲ့ ပစ္စည်းတွေပါပဲ..။ရမှတ် အများစုက သူ့အဖွဲ့ကို အင်အားတောင့်တင်းအောင် လုပ်ဖို့အတွက် သုံးရမှာ ဖြစ်ပေမဲ့လည်း.. ဒါက သူ့ရဲ့ လောဘကို ဖြေဖျောက်ဖို့အတွက် အခွင့်အရေးကောင်း တစ်ခုပါပဲ..။ အစိုးရရဲ့ ဘဏ္ဍာတိုက်ထဲမှာ အံ့ဩစရာကောင်းတဲ့ အရာတွေ အများကြီး ရှိနေမှာ သူ သေချာပေါက် ယုံကြည်ပါတယ်..။

စစ်တပ်ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာက အခုဆိုရင် အတော်လေးကို ပိုပြီး စွဲမက်စရာ ကောင်းလာသလိုပါပဲ..။

…ဒါပေမဲ့ ပြဿနာ တစ်ခုတော့ ရှိနေခဲ့တယ်..။

သူက မာစတာ ဂျက် ကို သိချင်စိတ်နဲ့ ကြည့်လိုက်ပါတယ်..။

“ကျွန်တော့်မှာ အဖွဲ့မှ မရှိတာ.. အဖွဲ့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပစ္စည်းတွေကို ဘယ်လို လုပ်ပြီး စိတ်ကြိုက် ရွေးချယ်လို့ ရမှာလဲ..။ ဟုတ်တယ်မလား..”

သူမက ခေါင်းညိတ်ပြလိုက်တယ်..။

“ဟုတ်တာပေါ့..။အမှန်တော့.. အဲ့ဒါက ဒုတိယမြောက် ချရမယ့် ဆုံးဖြတ်ချက်ပဲ..”

အပိုင်း ( ၈၁၇ ) ပြီး၏။

အပိုင်း ( ၈၁၈ ) အထူးတပ်ဖွဲ့ဝင်များ.. စုစည်းခြင်း

မာစတာ ဂျက် က သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာ မျက်နှာပြင်ပေါ်က နောက်ထပ် သင်္ကေတ အသစ်တစ်ခုကို ညွှန်ပြလိုက်ပါတယ်..။

“လုပ်ငန်းစဉ်ကတော့ အတူတူပဲ..။ နင့်ရဲ့ ကိရိယာကနေတစ်ဆင့် အဖွဲ့ဝင်တွေကို ရွေးချယ်လို့ ရတယ်..။ အင်း..ဒါကတော့ တစ်ခုခုဘဝယ်ယူတာမျိုး မဟုတ်ဘူးလေ..။ ရွေးချယ်မှုအပိုင်းမှာ လုပ်ဆောင်ချက် ရမှတ် တွေနဲ့သက်ဆိုင်ခြင်း မရှိဘူး..။ အခု ဒီဆိပ်ကမ်းကို ပြောင်းရွှေ့လာတဲ့ ထိပ်သီး နိုးထသူ စစ်သည်တော် အစုအဖွဲ့ တစ်ခု ရှိတယ်..။ ပထမ အထူးတပ်ခွဲ က သူတို့ထဲက ၄၂ ယောက်ကို အရင်ဆုံး စုဆောင်းပိုင်ခွင့် ရှိပြီး အဖွဲ့တစ်ဖွဲ့ကို ခြောက်ယောက်စီ ခွဲပေးရမှာ..။ နင်က အသက်အငယ်ဆုံး ဗိုလ်ကြီး ဖြစ်တာကြောင့် အရင်ဆုံး ရွေးချယ်ခွင့် ရမှာပါ..”

ဆန်နီ က မျက်နှာပြင်ကို စိုက်ကြည့်ရင်း အတွေးနက်နေခဲ့တယ်..။

ပထမဆုံး သူ လုပ်ရမယ့် အလုပ်ကတော့ အန္တာတိက စစ်ဆင်ရေးအတွင်းမှာ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်လာမယ့် နိုးထသူ ခြောက်ယောက်ကို ရွေးချယ်ဖို့ပဲ ဖြစ်ပါတယ်..။ သူတို့ တစ်ယောက်ချင်းစီက အစိုးရ တပ်ဖွဲ့ဝင်တွေထဲက ထိပ်သီး စစ်သည်တော်တွေ ဖြစ်မှာကိုတော့ သူ သံသယ မရှိပေ..။ ဒါပေမဲ့ တိုက်ခိုက်ရေးသမားကောင်း တစ်ယောက် ဖြစ်နေရုံနဲ့တော့ မလုံလောက်သေးပါဘူး..။

တောင့်တင်းတဲ့ အဖွဲ့တစ်ခုကို တည်ဆောက်ဖို့ဆိုတာက မလွယ်ကူတဲ့ အလုပ်တစ်ခုပါပဲ..။ အဖွဲ့ဝင်တွေဟာ သူတို့ တာဝန် သူတို့ ကျေပွန်ရုံတင်မကဘဲ တိုက်ခိုက်ရေး တပ်ဖွဲ့တစ်ခုမှာ လိုအပ်တဲ့ အချက်အလက် အများကြီးကိုလည်း ပြည့်မီနေဖို့ လိုပါတယ်..။ ဒါက ပထမ အထူးတပ်ခွဲ ကို ဖွဲ့စည်းမယ့် အဖွဲ့ ခုနစ်ဖွဲ့လုံးအတွက် အဓိက တူညီတဲ့အချက်ပါ။.. ဘာလို့လဲဆိုတော့ အဖွဲ့တစ်ဖွဲ့ချင်းစီက သီးခြား လှုပ်ရှားကြရမှာ ဖြစ်လို့ပါပဲ..။

တစ်နည်းအားဖြင့် ပြောရရင်တော့ ဒီလို ချဉ်းကပ်ပုံက သူ့အတွက် ပိုပြီး ရင်းနှီးပါတယ်..။ တပ်မကြီးတွေအောက်မှာ တာဝန်ထမ်းဆောင်တဲ့ နိုးထသူ တွေကတော့ သူတို့ အဖွဲ့အလိုက် သီးသန့် နယ်ပယ်တွေမှာပဲ ကျွမ်းကျင်အောင် လုပ်နိုင်ကြတာပါ..။ အဖွဲ့တစ်ဖွဲ့က လက်နက်ချင်း ယှဉ်တိုက်တဲ့ နေရာမှာ အရမ်းတော်ပေမယ့်..အဝေးကနေ တိုက်ခိုက်ဖို့ နည်းလမ်း မရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်..။ နောက် အဖွဲ့တစ်ခုကတော့ အဝေးကနေ တိုက်ခိုက်တဲ့ နေရာမှာပဲ သီးသန့် ကျွမ်းကျင်တာမျိုး ဖြစ်နိုင်တာပါပဲ.။ ဒီလို မတူညီတဲ့ အဖွဲ့တွေ စုပေါင်း လုပ်ဆောင်ခြင်းအားဖြင့် တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ကာကွယ်ပေးပြီး စစ်သားတွေရဲ့ အကြီးမားဆုံးသော စွမ်းအားတွေကို ထုတ်ဖော်နိုင်ကြတာပါ..။

သီးခြား အဖွဲ့တစ်ခုကတော့ ဒီလို မဟုတ်ပါဘူး..။ သူတို့မှာ သီးသန့် ကျွမ်းကျင်တဲ့ နယ်ပယ် ရှိနိုင်ပေမဲ့လည်း မဖြစ်မနေကို ဘက်စုံတော်နေရမှာ ဖြစ်သလို ကဏ္ဍပေါင်းစုံမှာလည်း ထူးချွန်နေဖို့ လိုအပ်ပါတယ်..။ဒီနည်းလမ်းက အိပ်မက် ကမ္ဘာ ထဲက အဖွဲ့အများစု အလုပ်လုပ်ပုံဖြစ်ပြီး ဆန်နီ ရင်းနှီးတဲ့ ပုံစံဆိုရင်လည်း မမှားပါဘူး။

ဘာပဲဖြစ်ဖြစ်.. တစ်ယောက်နဲ့တစ်ယောက် အပေးအယူ တည့်တည့်နဲ့ ကဏ္ဍပေါင်းစုံကို ဖြည့်ဆည်းပေးနိုင်မယ့် နိုးထသူ ခြောက်ယောက်ကို ရွေးချယ်ဖို့ဆိုတာက တကယ့်ကို ခက်ခဲတဲ့ အလုပ်ပါ.။ သူ ထည့်သွင်း စဉ်းစားရမယ့် အချက်တွေ အများကြီး ရှိနေခဲ့တယ်..။

ယင်းနောက်မှာတော့.. သူက ဒီ သူစိမ်းတွေကို အမိန့်ပေးပြီး တိုက်ပွဲတစ်ခုပြီးတစ်ခုဆီကို ဦးဆောင်သွားရမှာပါ..။ သူတို့ရဲ့ အသက်ရှင်သန်မှုက သူ့ရဲ့ တာဝန်ပါပဲ..။ တကယ်လို့သာအဖွဲ့ဝင် စစ်သား တစ်ယောက်ယောက် ကျဆုံးခဲ့မယ်ဆိုရင် ဒီ သေဆုံးမှုက သူ့အတွက် စိတ်မကောင်းစရာ ဖြစ်လာပါလိမ့်မယ်..။

ဆန်နီ က သက်ပြင်းအရှည်ကြီး တစ်ခု ချလိုက်ပြီး မာစတာ ဂျက် ကို ကြည့်လိုက်တယ်..။

“အကြံပေးစရာ ရှိလား..”

သူမက ခနလောက် ငြိမ်နေပြီးမှ ခေါင်းညိတ်ပြလိုက်တယ်..။

“ဒီ ထိပ်သီး စစ်သည်တွေက ဘယ်လောက်ပဲ တော်နေပါစေ.. နင်ကပဲ အဖွဲ့ရဲ့ ဗဟိုချက်နဲ့ အန္တရာယ်အရှိဆုံး လက်နက် ဖြစ်နေဦးမှာပဲ..။ ဘက်စုံတော်နေဖို့ကို မမေ့ပါနဲ့..ပြီးတော့ နင့်ရဲ့ စွမ်းရည်တွေနဲ့ လိုက်ဖက်မယ့် အစွမ်း ရှိသူတွေကို ရွေးပါ..”

ဆန်နီ ပြုံးလိုက်တယ်..။

“အင်း.. ဒါကတော့ ပြဿနာ မရှိပါဘူး..။ ကျွန်တော်က တစ်ခုခုမှာ ထိပ်ဆုံး မရောက်ပေမဲ့လည်း..တစ်ဖက်မှာတော့ ဘာမဆို လုပ်နိုင်တဲ့ လူစားမျိုးလေ..။ ကျွန်တော့်ရဲ့ အစွမ်းက အသုံးချမှုပိုင်းကို ပိုအားသာပေမဲ့ ဘယ်အရာကိုမဆို နည်းနည်းစီတော့ လုပ်တတ်ပါတယ်..။ဒါက တစ်ချို့ အခြေအနေတွေမှာ အားနည်းချက် ဖြစ်နိုင်ပေမဲ့.. တစ်ဖက်မှာတော့ နိုးထသူ အမျိုးအစားတိုင်း နဲ့ အပေးအယူတည့်အောင် လုပ်နိုင်တယ်လို့ ဆိုလိုတာပဲ..။ ဘယ်သူပဲဖြစ်ဖြစ်...ကျွန်တော်သာ သူတို့ ဘေးမှာ ရှိနေရင် အကျိုးရှိနိုင်သလို ကျွန်တော်ကလည်း သူတို့ဆီကနေ အကျိုးရှိနိုင်တယ်လေ..”

မာစတာ ဂျက် က ခနလောက် စဉ်းစားလိုက်ပြီးမှ

“ဘက်စုံတော်တာကလည်း ခွန်အားတစ်ခုပဲလေ..။ နင်က ကန့်သတ်ချက် တစ်ခုတည်းမှာ ပိတ်မိမနေတဲ့သူဆိုတော့.. အကောင်းဆုံး လုပ်ဆောင်ရမှာက ဘယ်လို အခြေအနေမျိုးကိုမဆို ထိရောက်မှု အမြင့်ဆုံးနဲ့ တုံ့ပြန်နိုင်မယ့် အဖွဲ့ဝင်တွေကို စုစည်းဖို့ပဲ..။ ဒါက ငါ့ရဲ့ အလုပ်ကိုတောင် နည်းနည်း ပိုလွယ်သွားစေလိမ့်မယ်..။ ဘာလို့လဲဆိုတော့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နင်တို့အဖွဲ့ကို ငါ ပိုပြီး စေလွှတ်နိုင်မှာ မို့လို့ပဲ..”

သူမက ခန ရပ်လိုက်ပြီးမှ ထပ်ပြောလိုက်ပါတယ်..။

“ငါ ပေးနိုင်တဲ့ အကြံပေးချက် တစ်ခု ရှိမယ်ဆိုရင်တော့ တိုက်ရိုက် တိုက်ခိုက်ရေး စွမ်းအား နဲ့ အသုံးချမှုပိုင်းကို လျစ်လျူမရှုဖို့ပဲ..။ အန္တာတိမှာက.. ငါတို့ ဘယ်လောက်ပဲ ပြင်ဆင်ထားတယ်လို့ ထင်နေပါစေ.. ဘယ်သူမှ မျှော်လင့်မထားတဲ့ နည်းလမ်းတွေနဲ့ ငါတို့ကို စမ်းသပ်လိမ့်မယ်..။ အရာရာက မှားယွင်းသွားမယ်.. ပြီးရင် အခြေအနေတွေက ဆိုးဝါးနေတာကနေ ပိုဆိုးလာလိမ့်မယ်..။ လှုပ်ရှားသွားလာနိုင်မှု၊ ရှင်သန်နိုင်စွမ်း၊ စိတ်ဓာတ် ကြံ့ခိုင်မှု.. ဒီအရာတွေနဲ့ တခြား အရာတွေက ငါတို့ ထင်ထားတာထက် အများကြီး ပိုပြီး အရေးကြီးလာနိုင်တယ်..။ ဒါက ရှည်လျား ရက်စက်ပြီး ပင်ပန်းဆင်းရဲမယ့် စစ်ဆင်ရေးတစ်ခု ဖြစ်လာမှာ..။ အဲဒါကို စိတ်ထဲမှာ မှတ်ထားပါ..”

ဆန်နီ က သက်ပြင်းချလိုက်တယ်..။ ရှည်လျား.. ရက်စက်ပြီး.. ပင်ပန်းဆင်းရဲမယ်.. ဆိုတာကတော့ သူ့ရဲ့ အိပ်မက်ဆိုး အခိုက်အတန့် အတွေ့အကြုံ အများစုကို ဖော်ပြနေသလိုပါပဲ..။ ဒါက သူ့အတွက် အသစ်အဆန်း မဟုတ်တော့ပေ..။

သူက ဆက်သွယ်ရေး ကိရိယာကို ခနလောက် စိုက်ကြည့်နေပြီးမှ မေးလိုက်တယ်..။

“အဖွဲ့ကို စုစည်းပြီးရင်ကော ဘာဖြစ်လာမှာလဲ..။ ဒီစစ်သား အများစုက ကျွန်တော့်ထက် အသက်ကြီးကြလိမ့်မယ်..။ သူတို့က အစိုးရရဲ့ သစ္စာရှိ ဝန်ထမ်းတွေ ဖြစ်ပြီး ကျွန်တော်ကတော့ တစ်မျိုး ပြောရရင် ငှားရမ်းထားတဲ့ စစ်သည်တော် တစ်ယောက်လို ဖြစ်နေတာလေ..။ သူတို့တွေက တခြား နာမည်ကျော် မာစတာ တွေအောက်မှာ မနေရဘဲ ကျွန်တော့်လို လူငယ် တစ်ယောက်ရဲ့ အမိန့်အောက်မှာ နေရတာကို ပျော်ကြပါ့မလားလို့ သံသယ ဖြစ်မိတယ်..”

ဝိဥာဥ် ရိတ်သိမ်းသူ က ခေါင်းခါလိုက်ပါတယ်..။

“နင် ထင်တာက သိပ်တော့ မမှန်ဘူး..။ သေချာတာပေါ့.. နင်က ငါတို့ တပ်ခွဲရဲ့ တခြား ဗိုလ်ကြီးတွေထက် ငယ်တာတော့ မှန်တယ်..။ တချို့က ဒါကို အားနည်းချက်လို့ မြင်ကောင်း မြင်နိုင်ပေမဲ့.. တစ်ဖက်မှာတော့ ​ဒီအချက်က ထူးချွန်မှုနဲ့ ပိုကြီးမားတဲ့ အလားအလာတွေရဲ့ ပြယုဂ်ပဲလေ..။ ဘာပဲဖြစ်ဖြစ် ငါတို့ထဲက ဘယ်သူမှ အသက် နှစ်ဆယ် မတိုင်ခင် တက်ရောက်သူ အဆင့်ကို မရောက်နိုင်ခဲ့ကြဘူး..။ ငါကိုယ်တိုင်တောင် ပါရမီရှင်လို့ အသတ်မှတ်ခံထားရတာ.. နင်က ငါ့ရဲ့ စံချိန်ကို ငါးနှစ်လောက်နဲ့ ချိုးလိုက်တာလေ..။ ဒါကြောင့် ဒီစစ်သားတွေက နင့်ရဲ့ အမိန့်ကို လေးစားဖို့ ဝန်လေးနေလိမ့်မယ်လို့ ငါ မထင်ပါဘူး..”

သူမက ခန ရပ်လိုက်ပြီးမှ လေးနက်တဲ့ လေသံနဲ့ ထပ်ပြောလိုက်တယ်..။

“ဒါပေမဲ့ အမိန့်ပေးနိုင်တာနဲ့ ယုံကြည်မှု ပေးနိုင်တာကြားမှာတော့ ကြီးမားတဲ့ ကွာခြားချက် ရှိတယ်..။ နင့်ရဲ့ စစ်သားတွေက နင့်ကို နာခံရုံတင် မဟုတ်ဘဲ နင့်နောက်ကို ယုံယုံကြည်ကြ​ည် လိုက်လာအောင် လုပ်ဖို့က လွယ်ကူတဲ့ နည်းလမ်း မရှိဘူး..။ နင်ကိုယ်တိုင်ပဲ သူတို့ရဲ့ သစ္စာရှိမှုကို ရအောင် ယူရလိမ့်မယ် ဆန်နီ..”

မာစတာ ဂျက် က ပြုံးလိုက်တယ်..။

“ဒါပေမဲ့ အဲဒါက သိပ်ပြီး ခက်ခဲလိမ့်မယ်လို့ ငါ မထင်ဘူး..။ အန္တာတိက ကို ရောက်ပြီဆိုတာနဲ့ အရာရာက အဆင်ပြေသွားလိမ့်မယ်..။ သူတို့ကို အောင်ပွဲဆီ ဦးဆောင်သွားပါ..သူတို့ အသက်ရှင်အောင် လုပ်ပေးပါ..။ဒါဆိုရင် သူတို့က နင့်ကို ယုံကြည်လာကြလိမ့်မယ်..”

ဆန်နီ က ခနလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ်..။

စကားလုံးတွေထက် လုပ်ရပ်တွေက ပိုပြီး အားရှိစေတာ အမှန်ပါပဲ..။ အစပိုင်းမှာ ကန့်ကွက်မှုတွေ ရှိနိုင်ပေမဲ့ တိုက်ပွဲကတော့ အရာအားလုံးကို မြန်မြန်ဆန်ဆန်ပဲ ဖြေရှင်းပေးသွားမှာပါ..။ဒီနေရာမှာ သူက အဖွဲ့ဝင်တွေကို သိမ်းသွင်းနိုင်တာ ဒါမှမဟုတ် သူတို့ ခုနစ်ယောက်လုံး သေသွားကြတာပဲ ရှိပါလိမ့်မယ်..။ ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် ပြဿနာကတော့ ပျောက်ကွယ်သွားမှာ အသေအချာပါပဲ..။

ဝိဥာဥ် ရိတ်သိမ်းသူ က သူ့ရဲ့ ပုခုံးကို ခနလောက် ဆုပ်ကိုင်လိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။

“ဘာပဲဖြစ်ဖြစ်.. လတ်တလောတော့ နင် ဒီကိစ္စတွေကို စိတ်ပူနေစရာ မလိုသေးဘူးလို့ ငါ ထင်တယ်..။ နင့်မှာ ဖြေရှင်းစရာ တခြား ပြဿနာတွေ အများကြီး ရှိသေးတယ်လေ..။ ဒီလူတွေက ဘယ်လောက်ပဲ ကျွမ်းကျင်ပြီး ပြင်ဆင်ထားပါစေ.. အားကောင်းတဲ့ အဖွဲ့တစ်ခု ဖြစ်လာဖို့ဆိုတာ က..အဖွဲ့ဝင်တွေကို စုစည်းရုံနဲ့တင် မပြီးသေးဘူး..။ နင်တို့ အားလုံးက ဘေးချင်းယှဉ် တိုက်ခိုက်တတ်အောင် သင်ယူရမယ်.. ။ပြီးတော့ အပေးအယူတည့်တည့်နဲ့ ပိုပြီး အားကောင်းလာဖို့အတွက် ..ထူးခြားတဲ့ စွမ်းအားတွေကို ဘယ်လို သုံးရမလဲဆိုတာ သိရမယ်..။ အင်း.. ငါ ဒါတွေ ပြောနေဖို့ မလိုပါဘူး.. နင်က အခုမှ စလုပ်တဲ့ လူသစ်မှ မဟုတ်တာ..”

ဆန်နီ နောက်စေ့ကို ကုတ်လိုက်ပြီး..

“အင်း.. ကျွန်တော့်မှာ ဒီလို အတွေ့အကြုံမျိုး ရှိပါတယ်..”

သူမက သက်ပြင်းချလိုက်တယ်..။

“ပြင်ဆင်ဖို့အတွက် နောက်ထပ် သုံးပတ် ဒါမှမဟုတ် လေးပတ်လောက်ပဲ ကျန်တော့တယ်ဆိုတာကို မှတ်ထားပါ..။ဒီပမာဏက အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် လုံလောက်တဲ့ အချိန် မဟုတ်ပေမဲ့ နင် တတ်နိုင်သလောက်တော့ လုပ်ရလိမ့်မယ်..။ သင်္ဘောတွေပေါ်မှာ သင့်တော်တဲ့ လေ့ကျင့်ရေး နေရာတွေ ပါလာမှာဆိုတော့ ငါတို့ ကုန်းပေါ်မရောက်မချင်း ဆက်ပြီး ကြိုးစားနေဖို့ မမေ့နဲ့ဦး..”

ဆန်နီ က သူမကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။

“ကျွန်တော် မမေ့ပါဘူး..”

မာစတာ ဂျက် က ခေါင်းညိတ်လိုက်ပြီး လက်ပြလိုက်ပါတယ်..။

“အင်း.. နင့်မှာ စဉ်းစားစရာတွေ အများကြီး ရှိနေမှာ သေချာတယ်..။ ငါ နင့်ကို ဒီမှာပဲ ထားခဲ့တော့မယ်..။ ဘယ်သူတွေကို စုဆောင်းမလဲဆိုတာ ဆုံးဖြတ်ဖို့ အချိန်အများကြီး မယူနဲ့ဦး..။ နင် မြန်မြန် ဆုံးဖြတ်နိုင်လေ.. နင့်အဖွဲ့ကို မြန်မြန် ပုံဖော်ပြီး လုပ်ဆောင်ချက် ရမှတ် တွေကို မြန်မြန် သုံးနိုင်လေ ဖြစ်မှာမို့လို့ပဲ..”

သူမက တစ်ဖက်ကို လှည့်ထွက်သွားပြီး မြေအောက် ဗုံးခိုကျင်းရဲ့ စင်္ကြံလမ်းတွေထဲမှာ ပျောက်ကွယ်သွားတာကို သူ ပြုံးပြီး ကြည့်နေခဲ့ပါတယ်..။

ယင်းနောက်မှာတော့ ဆန်နီ က အောက်ကို ငုံ့လိုက်ပြီး ဆက်သွယ်ရေး ကိရိယာ မျက်နှာပြင်ကို သေချာ လေ့လာလိုက်တယ်..။

သူ့မှာ စဉ်းစားစရာတွေ အများကြီး ရှိနေခဲ့ပါတယ်..။

အပိုင်း ( ၈၁၈ ) ပြီး၏။

အပိုင်း ( ၈၁၉ ) သတ္တုစပ်သားရဲ

ဆန်နီ ရရှိထားတဲ့ အခန်းက ရထားပေါ်မှာ သူ အသုံးပြုခဲ့တဲ့ ဇိမ်ခံအခန်းနဲ့ အတော်လေး ကွာခြားလှပါတယ်..။ဒီအခန်းက သေးငယ်

ရိုးရှင်းပြီး မြေအောက်အနက်ပိုင်းမှာ တည်ရှိနေတာကြောင့် ပြတင်းပေါက်တွေလည်း မရှိပါဘူး..။ စစ်ဘက်ဆိုင်ရာ ဗုံးခိုကျင်းရဲ့ ဒီဇိုင်းပညာရှင်တွေက ပြတင်းပေါက် အတုတစ်ခုတောင် တပ်ဆင်မထားတာကြောင့် နံရံတွေပေါ်မှာ ပြင်ပကမ္ဘာရဲ့ လက်တွေ့ဆန်တဲ့ ပုံရိပ်ယောင် ပြသမှုတွေလည်း ကင်းမဲ့နေခဲ့တယ်..။

ဆန်နီ ကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး..။ အမှန်အတိုင်းပြောရရင် သူက ဒီလို ခိုင်ခံ့တဲ့ ယာယီနေထိုင်ရာ နေရာမျိုးကို ပိုပြီးတောင် သဘောကျပါသေးတယ်..။ တကယ်လို့ သူ့မှာ သာ အရိပ်ခြေလှမ်း ရဲ့ အကူအညီနဲ့ မြေပြင်ပေါ်ကို လွတ်မြောက်နိုင်တဲ့ စွမ်းရည် မရှိခဲ့ရင် အခြေအနေတွေက ကွဲပြားသွားနိုင်ပေမဲ့.. အခုတော့ တန်ပေါင်းများစွာ လေးလံတဲ့ ကျောက်တုံးတွေနဲ့ မြေကြီးတွေအောက်မှာ မြှုပ်နှံခံရမှာကို သူ သိပ်ပြီး စိတ်ပူမနေတော့ပါဘူး..။

ဒီအခန်းက မေ့ပျောက်ကုန်းမြေ ရဲ့ ပျက်စီးနေတဲ့ ဘုရားရှိခိုးကျောင်းထဲက သူပုန်းအောင်းခဲ့တဲ့ နေရာလေးကိုတောင် ပြန်ပြီး သတိရစေပါတယ်။ဒါကတော့ အပိုဆု တစ်ခုပါပဲ..။

ကျဉ်းမြောင်းတဲ့ ကုတင်ပေါ်မှာ ထိုင်ရင်း ဆန်နီ က သက်ပြင်းချလိုက်တယ်။ပြီးတာနဲ့ သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာ မျက်နှာပြင်ကို နံရံပေါ်မှာ ပုံရိပ်ယောင်အဖြစ် လွှင့်တင်လိုက်ပါတယ်..။ ယင်းနောက် နောက်ကို မှီလိုက်ရင်း မိနစ်အနည်းငယ်လောက် အတွေးထဲမှာ နစ်မျောနေခဲ့တယ်..။

မနက်ဖြန်ဆိုရင် သူ့အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချရပါလိမ့်မယ်..။ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေလည်း အများကြီး ရှိနေခဲ့တယ်..။ ဒီအလုပ်က ခက်ခဲတယ်လို့ ထင်ရပေမဲ့ သူကတော့ စတင်ဖို့အတွက် အတော်လေး စိတ်လှုပ်ရှားနေခဲ့ပါပြီ..။

'ဂိမ်းတစ်ခု ကစားနေရသလိုပဲ..။ဒါပေမဲ့ ပြန်စလို့ရတဲ့ နေရာတွေ မရှိသလို..လူသားတွေရဲ့ အသက်တွေကိုလည်း အမှန်တကယ်လောင်းကြေး ထပ်ထားရတာလေးတစ်ခုပဲ.။ ငါ့ရဲ့ အသက်လည်း အပါအဝင်ပေါ့..။ အင်း.. ဒီတော့..ဂိမ်းနဲ့လည်း သိပ်မတူပါဘူး..'

သူ ပထမဆုံး လုပ်လိုက်တဲ့ အရာကတော့ အစိုးရက သူ့ရဲ့ အဖွဲ့အတွက် ပေးထားတဲ့ အခြေခံ ပစ္စည်းစာရင်းကို လေ့လာကြည့်တာပါပဲ..။ ဒီအဆင့်မြင့် ကိရိယာတွေနဲ့ ပစ္စည်းတွေက အတော်လေးကို ကောင်းမွန်ပြီး အန္တာတိကမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း အဖွဲ့ရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အကုန်ပါဝင်ပါတယ်..။ အပူချိန်ထိန်းညှိပေးတဲ့ အပြင်ဝတ်စုံတွေကနေစပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ဆေးဘက်ဆိုင်ရာ စပဲလ် ကုသရေး အမျိုးအစားတွေ အထိ အစုံအလင် ပါဝင်နေခဲ့တယ်..။

ဒီပစ္စည်းတွေထဲမှာ အထင်ရှားဆုံးကတော့ သံသယဖြစ်စရာမလိုအောင်ပဲ သူ့အဖွဲ့ရဲ့ ရွေ့လျားအိမ် ဖြစ်လာမယ့် အဆင့်မြင့် ဘက်စုံသုံး လူတင်ယာဉ် ပါပဲ..။ ဒီထူထဲတဲ့ သံချပ်ကာ တင်ဆောင်ထားတဲ့ ယာဉ်က လိပ်တစ်ကောင်နဲ့ ကြံ့တစ်ကောင်ကို ပေါင်းစပ်ထားတဲ့ အဆင့်မြင့်နည်းပညာ ပုံစံမျိုးနဲ့ ဆင်တူပါတယ်..။

...ဒါပေါ့..ဒီယာဉ်ကို ရိုင်နို လို့ အမည်ပြောင် ပေးထားတယ်ဆိုတာ သိပြီးတဲ့နောက်မှာ ဆန်နီက မျိုးသုဉ်းသွားပြီဖြစ်တဲ့ ဒီသားရဲအကြောင်းကို ရှာဖွေကြည့်ခဲ့တာကြောင့် ကြံ့ ဆိုတာ ဘယ်လိုအရာလဲဆိုတာကို သိသွားခဲ့ပါတယ်..။ ဒီလောက် ကြီးမားတဲ့ အရာကြီးက ထူးဆန်းတဲ့ အိပ်မက်ဆိုး သတ္တဝါ မဟုတ်ဘဲ တကယ့် တိရစ္ဆာန် ဖြစ်ခဲ့တယ်ဆိုတာက ယုံရခက်နေစေခဲ့တယ်..။

ကြီးမားတဲ့ အရွယ်အစားနဲ့ ထူထဲတဲ့ သံချပ်ကာတွေ ရှိနေပေမဲ့လည်း ရိုင်နို သံချပ်ကာ ကားက ကုန်းမြေ အမျိုးမျိုးပေါ်မှာ အရမ်းမြန်တဲ့ အရှိန်နဲ့ သွားနိုင်စွမ်း ရှိပါတယ်..။ တကယ်လို့ ယာဉ်မောင်းကသာ ကျွမ်းကျင်မယ်ဆိုရင် တောင်တက်တဲ့ နေရာမှာတောင် သိပ်ပြီး ပြဿနာ မရှိပါဘူး..။

ပထမ အထူးတပ်ခွဲ ရဲ့ အဖွဲ့တွေအတွက် ပေးထားတဲ့ အဆင့်မြင့် အမျိုးအစားမှာတော့ ပိုပြီး ခိုင်ခံ့တဲ့ သံချပ်ကာတွေ၊ အလွန်အားကောင်းတဲ့ အင်ဂျင်တွေနဲ့ ခေတ်မီတဲ့ အမိန့်ပေး ဆက်သွယ်ရေး စနစ်တွေ ထပ်ပြီး ဖြည့်စွက်ထားပါသေးတယ်..။

ဒါပေမဲ့ အမြဲတမ်းလိုလိုပဲ အဆင့်မြှင့်ဖို့ နေရာကတော့ ကျန်နေပါသေးတယ်..။အမှန်တော့ ဆန်နီကို ပေးထားတဲ့ မျက်နှာပြင်မှာ ဒီယာဉ်ကို ထပ်ပြီး အဆင့်မြှင့်ဖို့ အခွင့်အရေးတွေ အများကြီး ပေးထားခဲ့တာပါ..။သို့ပေမဲ့ ဒီလို ထပ်တိုး အဆင့်မြှင့်တင်မှုတွေက သူ့ရဲ့ လုပ်ဆောင်ချက် ရမှတ် တွေကို အများကြီး ကုန်ကျစေမှာ အသေအချာပါပဲ..။

ဒါတောင်မှ.. ဒီလို လုပ်တာက ထိုက်တန်လိမ့်မယ်လို့ သူ ယုံကြည်နေခဲ့တယ်..။ သံချပ်ကာ ယာဉ်က သူ့အဖွဲ့ကို လျင်မြန်စွာ လှုပ်ရှားနိုင်စေရုံတင်မကဘဲ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်လည်း ဖြစ်လာတော့မှာပါ..။ အစိုးရက ပေးထားတဲ့ အခြေခံ ပစ္စည်းတွေက ဒီယာဉ်ရဲ့ သယ်ဆောင်နိုင်စွမ်းအပေါ်မှာ မူတည်ပြီး ပြင်ဆင်ထားတာကတည်းက ဒီယာဉ်ရဲ့ အရေးပါမှုကို သိရှိနိုင်ပါတယ်..။

ဒီပစ္စည်းတွေကို စုစည်းပေးထားတဲ့ ထောက်ပံ့ရေး အရာရှိတွေကတော့ တပ်မက်ခြင်း သေတ္တာ အကြောင်းကို မသိကြပါဘူး..။ သူ့ရဲ့ သစ္စာရှိလှတဲ့ သေတ္တာလေးကြောင့် ဆန်နီ က သူ့အဖွဲ့ရဲ့ သိုလှောင်နိုင်စွမ်းကို နှစ်ဆနီးပါးလောက် မြှင့်တင်နိုင်မှာပါ..။ ဒီအချက် တစ်ခုတည်းနဲ့တင် ထပ်တိုး ကိရိယာတွေအတွက် လုပ်ဆောင်ချက် ရမှတ် တွေကို သုံးစွဲတဲ့ နေရာမှာ သူ့အတွက် အများကြီး ပိုပြီး အဆင်ပြေသွားစေပါတယ်..။

'နည်းပညာက အရေးကြီးတယ်..ဆိုပေမဲ့ စိတ်ချလို့တော့ မရဘူး..'

ဂိတ်ပေါက် တွေက နည်းပညာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ နှောင့်ယှက်တတ်တယ်ဆိုတာ နာမည်ကြီးပါတယ်..။ စစ်ဘက်ဆိုင်ရာ ယာဉ်မှာတော့ ဒီသက်ရောက်မှုတွေကို လျှော့ချဖို့ နည်းလမ်းတချို့ ပါဝင်နေမှာ မှန်ပေမဲ့ ဒီအခန်းကဏ္ဍကို ပိုပြီး ခိုင်မာအောင် လုပ်ထားတာက ပိုပြီး စိတ်ချရပါလိမ့်မယ်..။ ဘာပဲဖြစ်ဖြစ်.. ယာဉ်ရဲ့ ပတ်ဝန်းကျင်မှာ တစ်ပြိုင်နက်တည်း ဂိတ်ပေါက်တွေ အများကြီး ပေါ်လာမယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ..။

ဒါကတော့ ဆန်နီ နောက်မှ စဉ်းစားရမယ့် ကိစ္စပါ..။

အခု သူ ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို သိသွားပြီဆိုတော့.. ဘယ်လိုမျိုး နိုးထသူ တွေကို စုဆောင်းသင့်လဲဆိုတာ ပိုပြီး ပေါ်လွင်လာခဲ့တယ်..။

မျက်နှာပြင် တစ်ခုကို ပိတ်ပြီး နောက်တစ်ခုကို ဖွင့်လိုက်ရင်း သူက နားထင်ကို ပွတ်ကာ သက်ပြင်းချလိုက်ပါတယ်..။

'ဒါက လွယ်မှာတော့ မဟုတ်ဘူး..'

မကြာခင်မှာပဲ ကိုယ်ရေး အကျဉ်းချုပ်အချက်အလက် ပေါင်း ရာနဲ့ချီက သူ့ရှေ့မှာ ပေါ်လာခဲ့တယ်..။ တစ်ခုချင်းစီမှာ ဒီဆိပ်ကမ်းမှာ အခြေစိုက်ထားတဲ့ အကောင်းဆုံး နိုးထသူ စစ်သားတွေရဲ့ ကိုယ်ရေးဖိုင်တွေ ပါဝင်နေခဲ့ပါတယ်..။ သူတို့ထဲက အများစုက တခြား တပ်ဖွဲ့တွေဆီကို ရောက်သွားကြမှာ ဖြစ်ပြီး ၄၂ ယောက်ကတော့ ပထမ အထူးတပ်ခွဲ ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာကြတော့မှာပါ..။

ဒီထဲက ခြောက်ယောက်ကတော့ သူ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်လာပါလိမ့်မယ်..။

ရွေးချယ်စရာတွေ အများကြီး ရှိနေတာကြောင့် ဆန်နီ ခနလောက် ဘာလုပ်ရမှန်း မသိ ဖြစ်နေခဲ့တယ်..။

ကိုယ်ရေးဖိုင် တစ်ခုချင်းစီမှာ နိုးထသူ တွေရဲ့ စွမ်းရည် နဲ့ စွမ်းအား တွေ၊ သူတို့ရဲ့ တာဝန်ထမ်းဆောင်မှု မှတ်တမ်း၊ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်နဲ့ တခြား အချက်အလက်တွေ ပါဝင်နေခဲ့ပါတယ်..။

သူ့ရဲ့ တာဝန်က ဘက်စုံတော်တဲ့ အဖွဲ့တစ်ခု ဖြစ်လာစေဖို့နဲ့ သူ့ရဲ့ စွမ်းအားတွေကို ပိုပြီး အားကောင်းလာစေမယ့် စစ်သည်တော် ခြောက်ယောက်ကို ရွေးချယ်ဖို့ပါပဲ..။ ဒါတင်မကဘဲ သူတို့က တိုက်ခိုက်ရေး စွမ်းရည်မှာရော တစ်ဦးချင်း အပေးအယူ မှာပါ အဆင်ပြေပြေ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်..။ ရှေ့က အချက်က ခက်ခဲတယ်ဆိုရင် နောက်ဆုံး အချက်ကတော့ သူ့ကို ခေါင်းကိုက်နေစေခဲ့တယ်..။

ကံကောင်းတဲ့အချက်​က အစိုးရအတွက် အလုပ်လုပ်နေတဲ့ လူတွေထဲမှာ ဆန့်ကျင်ဘက် စိတ်ဓာတ်ရှိသူနဲ့ လူမှုဆက်ဆံရေး မပြေပြစ်သူ အလွန် နည်းပါးတာပါပဲ..။ ဒီလို တာဝန်ထမ်းဆောင်တဲ့ ဘဝကို ရွေးချယ်တဲ့ လူတွေက အတိုင်းအတာ တစ်ခုအထိ သဘောထားကြီး

ကြတာက သဘာဝပါ..။

...ဆန်နီ နဲ့တော့ မတူပါဘူး..။ သူက ဒီလူတွေရဲ့ သဘောထားကြီးမှုတွေကို တစ်ယောက်တည်းနဲ့တင် ပြန်ပြီး မျှတသွားစေနိုင်လောက်အောင် ဆန့်ကျင်ဘက် စိတ်ဓာတ်ရှိပြီး လူမှုဆက်ဆံရေး မပြေပြစ်သူ တစ်ယောက်လို့ ပြောလို့ရပါတယ်။

ဝမ်းနည်းစရာကောင်းတာက ဒီကိုယ်ရေးဖိုင်တွေထဲမှာ စစ်သားတွေရဲ့ အားနည်းချက် တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ မပါဝင်တာပါပဲ..။ အစိုးရ ဝန်ထမ်းတွေတောင်မှ ဒီလို အရာမျိုးကို မျှဝေဖို့ အဆင်မပြေကြပါဘူး..။ ကိုယ်ရေးဖိုင် တစ်ခုချင်းစီမှာ အားနည်းချက်က ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာကို အကဲခတ်ချက်အရပဲ ဖော်ပြထားပါတယ်..။

ဒါက တကယ့်ကို နှမြောစရာပါပဲ..။ ပြင်းထန်တဲ့ အားနည်းချက် တစ်ခုက ဘယ်လို တိုက်ပွဲ စီမံချက်ကိုမဆို ပျက်စီးသွားစေနိုင်တာပါ..။

ဆန်နီ သိချင်သွားခဲ့တာကြောင့် တခြား တက်ရောက်သူ ဗိုလ်ကြီးတွေ ဖြစ်တဲ့.. လူရမ်းကား၊ မြင်းရိုင်း၊ ဘုရင်မ၊ သူရဲကောင်း နဲ့ ခြင်္သေ့ တို့ရဲ့ ကိုယ်ရေးဖိုင်တွေကို..ရှာကြည့်လိုက်ပါသေးတယ်..။ဒီနေရာမှာ သူတို့ရဲ့ ဖိုင်တွေလည်း ရှိနေပေမဲ့ အများကြီး ပြင်ဆင် ဖုံးကွယ်ထားတဲ့ ပုံစံမျိုးပါ..။

ချန်လှပ်ထားပြီးသားဖြစ်တဲ့ အနည်းငယ်သော အချက်အလက်တွေကို ဖတ်ကြည့်ပြီး သူက လေချွန်လိုက်မိတယ်..။

'...အထင်ကြီးစရာပဲ..'

မာစတာ ဂျက် ရဲ့ ကိုယ်ရေးဖိုင်ကတော့ ပိုပြီးတော့တောင် လျှို့ဝှက်ချက်တွေ များနေပါသေးတယ်..။ သူမရဲ့ နာမည်နဲ့ အဆင့်ကလွဲရင် ကျန်တာ အားလုံးကို အနက်ရောင်နဲ့ ဖုံးအုပ်ထားခဲ့ပါတယ်..။

သူ့ရဲ့ ကိုယ်ရေးဖိုင်ကတော့ အတော်လေး တိုတောင်းပြီး အများစုက မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နေခဲ့တယ်..။ အစိုးရက အမှန်တကယ်ပဲ သူ့အကြောင်းကို သိပ်မသိတာလား ဒါမှမဟုတ် သူတို့ ဘယ်လောက်အထိ သိထားလဲဆိုတာကို မပြချင်တာလားတော့ မသိပါဘူး..။

'ကောင်းပြီလေ.. အနည်းဆုံးတော့ ငါ့ အရပ် ကို မှန်အောင် ရေးထားတာပဲ..'

ဆန်နီ ဖိုင်ကို ပိတ်လိုက်ပြီး ခေါင်းခါလိုက်တယ်..။

သူ ဒီအလုပ်ကို ထပ်ပြီး အချိန်ဆွဲနေလို့ မဖြစ်တော့ပါဘူး..။

သူ့အတွက်တော့ ရှည်လျားပြီး အိပ်ရေးပျက်မယ့် ညတစ်ညက စောင့်ကြိုနေခဲ့ပါပြီ..။

အပိုင်း ( ၈၁၉ ) ပြီး၏။

All Chapters