← Chapters

အခန်း (၈၂၀-၈၂၂)

Vol. 55 Ch. 820-822

အခန်း (၈၂၀-၈၂၂)

Vol. 55 Ch. 820-822

အပိုင်း ( ၈၂၀ ) ဘက်စုံအသုံးဝင်ခြင်း ၏ အရေးပါမှု

ဆန်နီ က သူ ဘာတွေ လိုအပ်လဲဆိုတာကို အနည်းနဲ့အများတော့ သိထားပြီးသားပါ..။

ရှေ့တန်း တိုက်ခိုက်ရေးသမား နှစ်ယောက်၊ အကွာအဝေး တိုက်ခိုက်မူ ကျွမ်းကျင်သူ နှစ်ယောက် နဲ့အရာအားလုံး​ကို အထောက်အကူပြုပေးနိုင်မယ့်သူ တစ်ယောက်ပါ..။ ဖြစ်နိုင်ရင်တော့ ကုသပေးနိုင်တဲ့သူ တစ်ယောက်ပေါ့..။ သို့ပေမဲ့ ထိပ်သီးတွေထဲမှာတောင် ဒီလိုလူမျိုးက ရှားပါးလွန်းလှပါတယ်..။

ကံကောင်းတာကတော့ ဆန်နီ ကိုယ်တိုင်က အဖွဲ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘက်စုံသုံး စွမ်းရည်တွေ အများကြီး ပိုင်ဆိုင်ထားတာပါပဲ..။ သူက အနီးကပ်ရော အဝေးကနေပါ တိုက်ခိုက်နိုင်ပါတယ်..။ အရိပ်ခြေလှမ်း ကို သုံးပြီး ကင်းထောက်တာ ဒါမှမဟုတ် ရန်သူကို ခြုံခို တိုက်ခိုက်တာမျိုးလည်း လုပ်နိုင်ပါတယ်..။သူက အရိပ်ရုပ်သွင်ဖော်ခြင်း ကို သုံးပြီးတော့လည်း တာဝန်ပေါင်းစုံကို ထမ်းဆောင်နိုင်ပါသေးတယ်..။

ဒါပေမဲ့ အခြေခံ အချက်တွေကို ဖြည့်ဆည်းရုံနဲ့တော့ မလုံလောက်သေးပါဘူး..။ အန္တာတိက စစ်ဆင်ရေးက ရှည်လျား ရက်စက်ကြမ်းပြီး..၊ ခက်ခဲကြမ်းတမ်မယ်ဆိုတာကတော့ သေချာနေခဲ့တယ်..။ ကုန်းကြောင်း၊ ရေကြောင်းနဲ့ ကောင်းကင်ပေါ်က အိပ်မက်ဆိုး သတ္တဝါ မျိုးစုံကို ရင်ဆိုင်ရမှာကိုလည်း သူ သံယယ မရှိပါဘူး..။ သူတို့ထဲက တချို့က ကြမ်းတမ်းတဲ့ ခွန်အားနဲ့ သတ်ဖို့ ကြိုးစားကြမှာ ဖြစ်သလို.. တချို့ကတော့ ပိုပြီး ကောက်ကျစ်တဲ့ နည်းလမ်းတွေကို အသုံးပြုကြမှာပါ..။

အကောင်းဆုံး ရှင်သန်နိုင်ဖို့ဆိုရင် အဖွဲ့က သန်မာရမယ်၊ မျှတရမယ်..၊ ပြီးတော့ တစ်ယောက်ချင်းစီရဲ့ စွမ်းအားတွေ ပေါင်းစပ်လိုက်တာထက် ပိုတဲ့ ရလဒ်မျိုးကို ထွက်ပေါ်လာရပါမယ်..။ သူတို့တွေက အတူတူ ပူးပေါင်း လုပ်ဆောင်နိုင်ရမှာ ဖြစ်သလို အန္တရာယ်မျိုးစုံကိုလည်း တုံ့ပြန်နိုင်ရမှာပါ..။

ရွေးချယ်နိုင်တဲ့ အရေအတွက်က ရာနဲ့ချီ ရှိနေပေမဲ့.. မေ့ပျောက်ကုန်းမြေ နဲ့ ချိန်းကျွန်းစု တုန်းက သူ့ရဲ့ အဖွဲ့ လိုမျိုး တောင့်တင်းတဲ့ အဖွဲ့တစ်ခုကို တည်ဆောက်နိုင်ပါ့မလားဆိုတာတော့ သူ

မသေချာသေးပါဘူး..။

'အရေးကြီးတာကို ဦးစားပေးရမယ်...'

တချို့လူတွေက တိုက်ခိုက်ရေး စွမ်းအားကို

အရင် ရှာဖွေဖို့ စိတ်အားထက်သန်နေကြမှာ ဖြစ်ပေမဲ့ ဆန်နီ ကတော့ မတူညီတဲ့ အမြင်တစ်ခုမှာ ရှိနေခဲ့တယ်..။ သူက ကိုယ်ရေးဖိုင်တွေကို စစ်ထုတ်လိုက်ပြီး ဘက်စုံ အသုံးဝင်မူပိုင်းမှာ အားသာတဲ့ နိုးထသူ တွေရဲ့ ဖိုင်တွေကိုပဲ ချန်ထားလိုက်ပါတယ်..။

မာစတာ ဂျက် ပြောတာ အမှန်ပါပဲ..။ တိုက်ခိုက်ရေး စွမ်းအားက အလွန် အရေးကြီးပေမဲ့ စစ်ပွဲတစ်ခုရဲ့ ရှုံးနိမ့်မှု ဒါမှမဟုတ် အောင်နိုင်မှုက တိုက်ပွဲပြင်ပမှာ ဆုံးဖြတ်သွားတတ်တာမျိုးပါ..။ ဆန်နီ့ အမြင်အရတော့ ဘက်စုံ အသုံးဝင်နိုင်စွမ်းကလည်း အတော် အရေးကြီးပါတယ်..။

သူ့ရဲ့ အတွေ့အကြုံတွေကလည်း ဒါကို သက်သေပြနေခဲ့တာပဲ မဟုတ်ဘူးလား..။ မေ့ပျောက်ကုန်းမြေ မှာဆိုရင် နစ်ဖီ နဲ့ ကတ်စတာ လို တိုက်ခိုက်ရေးသမားတွေက အလွန် တောက်ပလွန်းတာကြောင့် လူတိုင်းက သူတို့ကိုပဲ အာရုံစိုက်ခဲ့ကြတာပါ..။ ဆန်နီ နဲ့ ကတ်စီ လို လူမျိုးတွေကတော့ လူမသိ သူမသိ နေခဲ့ကြရပါတယ်..။

ဒါပေမဲ့ အဖွဲ့ရဲ့ ရှင်သန်မှုအတွက်ဆိုရင် သူတို့တွေက..တခြားလူတွေထက် မလျော့တဲ့..ဒါမှမဟုတ် ပိုများတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာပါ..။ ဒါပေါ့.. တိုက်ခိုက်ရေး စွမ်းရည် သီးသန့် ရှိသူတွေက အိပ်မက်ဆိုး သတ္တဝါ တွေနဲ့ တိုက်ရိုက် ရင်ဆိုင်ရတဲ့အခါ ပိုပြီး အရေးပါတာတော့ အမှန်ပါပဲ..။ ဒါပေမဲ့ ဆန်နီ က ကြိုတင်ပြီး ကင်းထောက်ပေးထားလို့သာ သူတို့ကို တစ်ခနအတွင်း အနိုင်ယူသွားနိုင်တဲ့ သတ္တဝါ အုပ်စုကြီးတွေနဲ့ မတိုးအောင် ရှောင်ရှားနိုင်ခဲ့တာပါ..။

ကတ်စီ ရဲ့ ထူးဆန်းတဲ့ အလိုလို သိမြင်မှုနဲ့ ဟောကိန်း တွေကလည်း သူတို့ကို မရေမတွက်နိုင်အောင် ကယ်တင်ပေးခဲ့ပါတယ်..။သူမက ဓားနဲ့ ခုတ်လို့မရတဲ့၊ ဒါမှမဟုတ် မမြင်နိုင်တဲ့ သေစေနိုင်တဲ့ အန္တရာယ်တွေကနေ ရှောင်လွှဲဖို့အတွက် အဖွဲ့ကို ကူညီပေးခဲ့တာပါ..။

အသုံးဝင်နိုင်မူ စွမ်းရည် ကို ဂရုမစိုက်မိတာက ကြီးမားတဲ့ အမှားတစ်ခု ဖြစ်သွားပါလိမ့်မယ်..။ ထပ်ပြောရရင် ဒီရွေးချယ်မှုက နောက်ထပ် အဖွဲ့ဝင်တွေကို ရွေးချယ်တဲ့အခါမှာလည်း လက်ရှိ အခြေအနေနဲ့ လိုက်ဖက်အောင် ကူညီပေးနိုင်မှာပါ..။ ပထမဆုံး ဆုံးဖြတ်ချက်က အဖွဲ့ရဲ့ အခြေခံ အုတ်မြစ်ကို ကျယ်ပြန့်စေပြီး ပိုပြီး ပေါ်လွင်စေမှာ ဖြစ်တာကြောင့် ကျန်တာတွေကို ရွေးချယ်ဖို့ ပိုလွယ်သွားစေပါလိမ့်မယ်..။

သူက ကိုယ်ရေးဖိုင် အများကြီးကို ဖတ်ရင်း အတော်ကြာအောင် အချိန်ပေးလိုက်ရတယ်..။ ဒီထဲမှာ အံ့ဩစရာကောင်းတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ ပါရမီရှင် နိုးထသူ တွေ အများကြီး ရှိနေခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ ဆန်နီ က စိတ်ဝင်စားစရာ အကောင်းဆုံး ရွေးချယ်ခံ သုံးယောက်အထိပဲ ကန့်သတ်ထားလိုက်တယ်..။

ရင့်ကျက်ပြီး အတွေ့အကြုံရှိတဲ့ နိုးထသူ တစ်ယောက်က သူ့ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်..။ သူက မြေကြီးကို အရည်တစ်ခုလိုမျိုး ရွှေ့လျား ပုံဖော်နိုင်ပြီး ..ယင်းနောက်မှာ ချက်ချင်း ပြန်ပြီး ခိုင်မာအောင် လုပ်နိုင်တဲ့ စွမ်းရည် ရှိပါတယ်..။ သူ့ရဲ့ အကူအညီနဲ့ဆိုရင် အဖွဲ့က တိုက်ပွဲကွင်းပြင်ကို သူတို့ စိတ်ကြိုက် ပုံဖော်ပြီး အားသာချက် ရအောင် ယူနိုင်ပါလိမ့်မယ်..။

ဒီ စွမ်းရည်က တိုက်ရိုက် ထိခိုက်ပေးဖို့အတွက် အရမ်းနှေးကွေးပြီး အားနည်းတယ် ဆိုပေမဲ့ ဆန်နီ ကတော့ ဒီလူရဲ့ အကူအညီနဲ့ ခံစစ်နံရံတွေ၊ ကျုံးတွေ နဲ့ အကာအကွယ် တည်ဆောက်တာတွေကို မြင်ယောင်ကြည့်လို့ ရပါတယ်..။ တချို့ အခြေအနေတွေမှာဆိုရင် မြေပြင်ကို ရွှံ့ညွန်တွေအဖြစ် ပြောင်းလဲလိုက်ပြီး သတ္တဝါ အများကြီးကို ထောင်ချောက်ဆင်တာ ဒါမှမဟုတ် အနည်းဆုံးတော့ ရန်သူ့ရဲ့ ရွေ့လျားမှုကို လျှော့ချပစ်တာမျိုး လုပ်နိုင်မှာပါ..။

သူတို့ရဲ့ ရွေ့လျားနိုင်စွမ်းကလည်း ပြဿနာတစ်ခုပါပဲ..။ ရိုင်နို က ဘယ်လောက်ပဲ ဘက်စုံသုံးနိုင်ပါစေ.. သူ့ရဲ့ အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ အလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးကတော့ သေချာပေါက် ရှိလာမှာပါ..။ အဲ့ဒီအချိန်မျိုးမှာ လမ်းတစ်ခု ဖန်တီးနိုင်တဲ့ စွမ်းရည်က အတော်လေးကို အသုံးဝင်လာပါလိမ့်မယ်..။

အစိုးရရဲ့ တစ်ခြား ရွေးချယ်ခံ တစ်ယောက်ကတော့ ပိုတောင် အသုံးဝင်ပုံ ရပါသေးတယ်..။ ဒီအရပ်ရှည်ပြီး ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသားက တည်ငြိမ်တဲ့ အကွာအဝေးတို လေဟာနယ် အက်ကွဲကြောင်းတွေကို ဖန်တီးနိုင်စွမ်း ရှိနေခဲ့တယ်..။ အခြေခံအားဖြင့်တော့ သူက အဖွဲ့ထဲက တိုက်ခိုက်ရေးသမားတွေကို တိုက်ပွဲကွင်းပြင်ထဲမှာ စိတ်ကြိုက် နေရာရွှေ့ပြောင်း ပေးနိုင်ပါတယ်..။

ဒီစွမ်းရည်က ဘယ်လောက်အထိ အံ့ဩဖို့ကောင်းလဲဆိုတာ ဆန်နီ အကြာကြီး စဉ်းစားနေဖို့ မလိုပါဘူး..။ သူကိုယ်တိုင်လည်း ရန်သူတွေကို အနိုင်ယူဖို့ အရိပ်ခြေလှမ်း ကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့တာကြောင့်.. ဒီလို အားသာချက်မျိုးကို အဖွဲ့တစ်ခုလုံး ရရှိအောင် လုပ်ပေးနိုင်တာကတော့ ဖော်ပြလို့မရနိုင်တဲ့ စွမ်းရည်မျိုးပါပဲ..။

သောက်ကျိုးနဲ.. သူက လူတွေကိုပဲ ဒီအက်ကွဲကြောင်းထဲ ပို့လို့ရတာ မဟုတ်ပါဘူး..။ စပဲလ် နည်းပညာသုံး လက်ပစ်ဗုံးတစ်လုံး ဒါမှမဟုတ် မှော်ဆန်တဲ့ စွမ်းရည်တစ်ခုခုကို ပစ်ထည့်လိုက်တာကလည်း ရန်သူတွေကြားမှာ ပျက်စီးမှုတွေ အများကြီး ဖြစ်စေပါလိမ့်မယ်..။

တတိယမြောက် ရွေးချယ်ခံကတော့ အညိုရောင် ဆံပင်နဲ့ သာမန်မျက်နှာမျိုး ရှိတဲ့ အမျိုးသမီးငယ် တစ်ယောက်ပါ..။ သူမရဲ့ စွမ်းရည်က ရှေ့က အမျိုးသား နှစ်ယောက်လောက် အစွမ်းမထက်ဘူးလို့ ထင်ရပေမဲ့ သင့်တော်တဲ့ အခြေအနေမျိုးမှာတော့ အတော်လေး အသုံးဝင်နိုင်ပါတယ်..။

ကတ်စီ လိုပဲ.. ဒီအမျိုးသမီးငယ်မှာလည်း ဟောကိန်း တွေနဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုတွေ ရှိနေခဲ့တယ်..။ ကျဆုံးမူ သံစဥ် လောက် ဘက်စုံ အသုံးမဝင်နိုင်ပေမဲ့ သူမရဲ့ စွမ်းရည်က ပိုပြီး တိကျတဲ့ ရလဒ်တွေကို ထုတ်ပေးနိုင်စွမ်း ရှိပါတယ်..။

ဒီအမျိုးသမီးငယ်က သက်ရှိ သတ္တဝါတွေရဲ့ အားနည်းချက်တွေ နဲ့ ထိခိုက်လွယ်တဲ့ နေရာတွေကို မြင်နိုင်စွမ်း ရှိသလို.. လူတွေကိုလည်း ဒီ အမြင်အာရုံကို မျှဝေပေးနိုင်စွမ်း ရှိပါတယ်..။ သူမက.. အဖွဲ့ရဲ့ တိုက်ပွဲ စွမ်းဆောင်ရည်ကို တိုက်ရိုက်မဟုတ်တဲ့ နည်းလမ်းနဲ့ အပြည့်အဝ မြှင့်တင်ပေးနိုင်မှာပါ..။

'အင်း...'

ဆန်နီ က ဒီ ကိုယ်ရေးဖိုင် သုံးခုကို အကြာကြီး စိုက်ကြည့်နေခဲ့တယ်..။

ဘယ်သူ့ကို ရွေးရမလဲ..။ တစ်ယောက်ချင်းစီက တော့ သူ့မျက်လုံးထဲမှာ တန်ဖိုးရှိလွန်းနေခဲ့ပါတယ်..။ သူက သုံးယောက်လုံးကိုတောင် ယူချင်နေခဲ့တာပါ..။

ဒါပေမဲ့ မဖြစ်ပါဘူး..။ ဆန်နီ က ဘက်စုံ အသုံးချနိုင်စွမ်းရဲ့ အရေးပါမှုကို သိပေမဲ့ ဒါကို အသုံးချဖို့အတွက် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားတွေလည်း လိုအပ်ပါသေးတယ်..။ တိုက်ခိုက်ရေး စွမ်းအား မရှိရင် သူတို့အဖွဲ့က ရရှိလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်မှာ မဟုတ်ပါဘူး..။ ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် စွမ်းရည် ကလည်း ဘက်စုံ အသုံးဝင်မှုဘက်ကို ယိမ်းနေတာကြောင့်လည်း ပါဝင်ပါတယ်။

...နောက်ဆုံးမှာတော့ သူက အမျိုးသား နှစ်ယောက်ရဲ့ ကိုယ်ရေးဖိုင်တွေကို ဖယ်ရှာလိုက်ပြီး အညိုရောင် ဆံပင်နဲ့ အေးဆေးတဲ့ အမျိုးသမီးငယ်ကိုပဲ နံရံပေါ်မှာ ချန်ထားလိုက်ပါတယ်..။

'နိုးထသူ ကင်မ်...'

ဆန်နီ က သူမရဲ့ ပုံရိပ်ကို စိုက်ကြည့်လေလေ.. သူ့ရဲ့ ရွေးချယ်မှုအပေါ် ပိုပြီး ယုံကြည်ချက် ရှိလာလေလေပါပဲ...။

ဟုတ်ပါတယ်.. ပထမဆုံး ရွေးချယ်ခံက တိုက်ပွဲကွင်းပြင်ထဲမှာ သူတို့အတွက် အားသာချက် ရအောင် ပုံဖော်ပေးနိုင်ပါလိမ့်မယ်..။ ဒါပေမဲ့ ဆန်နီ ကိုယ်တိုင်လည်း အရိပ်ရုပ်သွင်ဖော်ခြင်း ရဲ့ အကူအညီနဲ့ ဒီလိုမျိုး အတိုင်းအတာ တစ်ခုအထိ လုပ်ပေးနိုင်ဦမှာပါ..။

ဒါပေါ့.. ဒုတိယ​မြောက် ရွေးချယ်ခံကတော့ အဖွဲ့ကို ဖော်ပြလို့မရတဲ့ နည်းဗျူဟာပိုင်းနဲ့ လိုက်လျောညီထွေမှုကို ပေးနိုင်မှာပါ..။ ဒါပေမဲ့ အကွာအဝေး တိုတဲ့ လေဟာနယ် အက်ကွဲကြောင်းတွေရဲ့ တည်ရှိနေမှုက ရှုပ်ထွေးပြီး ခန့်မှန်းလို့မရတဲ့ တိုက်ပွဲတွေကြားမှာ အသုံးချဖို့ မလွယ်ကူပါဘူး..။

တစ်ဖက်မှာတော့ နိုးထသူ ကင်မ် က တိုက်ခိုက်ရေး ဆောင်ရွက်ချက် တိုင်းကို အားကောင်းတဲ့ အထောက်အပံ့ ပေးနိုင်ပါလိမ့်မယ်..။ သူမရဲ့ စွမ်းရည်က ဆန်နီရဲ့ ကိုယ်ပိုင် စွမ်းရည် အပါအဝင် မတူညီတဲ့ စွမ်းရည် အမျိုးမျိုးနဲ့ ပေါင်းစပ်နိုင်စွမ်း ရှိပါတယ်..။ ထပ်ပြောရရင် စစ်သား နှစ်ယောက်နဲ့ မတူတာက သူမရဲ့ စွမ်းအားတွေက ရန်သူရဲ့ အန္တရာယ်အဆင့်နဲ့အညီ လိုက်ပြီး တိုးလာနိုင်တာပါပဲ..။

ရန်သူက ကျောက်တုံးကို ဖုန်မှုန့်အဖြစ် ပြောင်းလဲနိုင်တဲ့သူ ဖြစ်နေရင် ကျောက်တုံးနံရံ တည်ဆောက်နိုင်တာက အသုံးမဝင်တော့ပါဘူး..။ ရန်သူက နိုးထသူ တွေရဲ့ လက်နက်တွေကို ခုခံနိုင်တဲ့အထိ အဆင့်မြင့်နေရင် ရန်သူ့ရဲ့ ဘေးကနေ ခြုံခို တိုက်နိုင်တာကလည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး..။

ရန်သူ့ရဲ့ အားနည်းချက်ကို မြင်နိုင်စွမ်း ရှိတာကတော့ ဘယ်လောက်ပဲ အားကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ရပါစေ အဖွဲ့အတွက် ကောင်းချီးတစ်ခု ဖြစ်လာမှာပါ..။အမှန်​တော့ ရန်သူက ပိုပြီး ကြောက်စရာကောင်းလေလေ နိုးထသူ ကင်မ် ရဲ့ စွမ်းရည်က ပိုပြီး အရေးပါ လေလေ ပါပဲ..။

ဆန်နီ ဆီမှာ တတိယမြောက် သင့်တော်သူ ကို ရွေးချယ်ခဲ့တဲ့ နောက်ထပ် ရိုးရှင်းတဲ့ အကြောင်းရင်း တစ်ခုလည်း ရှိပါသေးတယ်..။

ဒီအမျိုးသမီးငယ်က လူအများအပြားကို အမြင်အာရုံ မျှဝေပေးနိုင်ပါတယ်..။ အန္တာတိက မှာက လပေါင်းများစွာ ကြာအောင် အမြဲတမ်းတမ်း မှောင်မိုက်နေတဲ့ ညတွေကို ဖြတ်ကျော်နေရတာပါ..။

ဒါက ဘာကို ဆိုလိုတာလဲဆိုရင် ပထမ အထူးတပ်ခွဲ က တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း ဒေသကို ရောက်ပြီးတဲ့နောက်မှာ အနည်းဆုံး လေးလလောက်အထိ အမှောင်ထုထဲမှာ တိုက်ခိုက်ရမှာ လို့ ဆိုလိုတာပါပဲ..။ ဒီပြဿနာကို နည်းပညာနဲ့ အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းနိုင်ပေမဲ့ ပိုကောင်းပြီး စိတ်ချရတဲ့ နည်းလမ်းတစ်ခု ရှိနေခဲ့တယ်..။

ဆန်နီ က အမှောင်ထဲမှာ မြင်နိုင်ပါတယ်..။ နိုးထသူ ကင်မ် ရဲ့ အကူအညီနဲ့ဆိုရင် သူ့ရဲ့ စစ်သားတွေကလည်း ဒီစွမ်းရည်ကို မျှဝေ ခံစားနိုင်ကြတော့မှာပါ..။

သူက ကိုယ်ရေးဖိုင်ကို နောက်ဆုံး တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်..။

'ကောင်းပြီ...'

ဒီအမျိုးသမီးငယ်က သူ့အဖွဲ့ရဲ့ ပထမဆုံး အခြေခံ အုတ်မြစ် ဖြစ်လာတော့မှာပါ..။

အပိုင်း ( ၈၂၀ ) ပြီး၏။

အပိုင်း ( ၈၂၁ ) တိုက်ခိုက်ရေး ထောက်တိုင်များ

အခုချိန်မှာတော့ သူ့အဖွဲ့အတွက် ရရှိနိုင်မယ့် ထောက်ပံ့ပို့ဆောင်ရေးနဲ့ တိုက်ပွဲ အထောက်အပံ့တွေအကြောင်း ဆန်နီ သိသွားခဲ့​ပါပြီ..။သူကိုယ်တိုင်...ကင်မ် နဲ့ သံချပ်ကာ ရိုင်နို တို့ကြောင့် ဘယ်လမ်းကြောင်းကို ဆက်သွားရမလဲဆိုတာကိုပါ သေချာ သဘောပေါက်သွားခဲ့တယ်..။

နောက်ထပ် နာရီအနည်းငယ်အတွင်းမှာတော့ သူက ရာနဲ့ချီတဲ့ ကိုယ်ရေးဖိုင် တွေကို သေချာ လေ့လာခဲ့ပြီး ရွေးချယ်ခံ စာရင်းကို တဖြည်းဖြည်း ကျဉ်းမြောင်းစေခဲ့ပါတယ်..။ ညဉ့်နက်ပိုင်း အချိန်တွေ ကုန်ဆုံးသွားတဲ့အခါမှာတော့ သူက နောက်ဆုံး ရွေးချယ်မှုတွေ ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ..။

ဒါပေါ့..အမှန်တကယ်ဆိုရင် ဆန်နီ က လူသစ်စုဆောင်းခံရသူတွေကို ကိုယ်တိုင် တွေ့ဆုံပြီး သူတို့ရဲ့ အကျင့်စရိုက်၊ စတိုင် နဲ့ အကန့်အသတ်တွေကို ပိုမို သိရအောင် စာမေးပွဲတွေ စစ်မေးချင်ခဲ့တာပါ..။ ဒါပေမဲ့ အခုလို သူတို့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေကို လေ့လာခွင့်ရတာကတင် အတော်လေးကို အဆင်ပြေနေခဲ့တယ်..။

သူက ရွေးချယ်ခံ တွေမှာ ရှိရမယ့် အရေးကြီးတဲ့ လက္ခဏာ အချို့ကို ရွေးချယ်ထားခဲ့ပါတယ်..။ဒီအချက်တွေကတော့ အဖွဲ့ဝင်တိုင်းမှာ ရှိနေရင် အကောင်းဆုံးပါပဲ..။ ပထမဆုံးအနေနဲ့ ဆန်နီ က ခွန်အားထက် တိုက်ပွဲမှာ ကြာရှည် ခံနိုင်ဖို့ကိုသာ ပိုပြီး ဦးစားပေးဖို့ ဆုံးဖြတ်လိုက်တယ်..။

အစိုးရရဲ့ ထိပ်တန်း စစ်သား အများစုက အချိန်တိုအတွင်းမှာတင် ကြောက်မက်ဖွယ်ကောင်းတဲ့ ရလဒ်တွေ ပေးနိုင်တဲ့ အံ့ဩစရာ စွမ်းရည်တွေ ရှိကြတာ အမှန်ပါပဲ..။ ဒါပေမဲ့ ဒီ နိုးထသူ တွေက သူတို့ရဲ့ အဆီအနှစ်တွေကို ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ လောင်ကျွမ်းပစ်တတ်ကြပါတယ်..။ အန္တာတိက စစ်ဆင်ရေးက မာရသွန်ပြိုင်ပွဲ တစ်ခုလို ဖြစ်လာမှာ အသေအချာပါပဲ..။ မဟုတ်ဘူး.. မာရသွန်တွေ တစ်ခုပြီးတစ်ခု ထပ်နေတဲ့ ပြိုင်ပွဲမျိုးဖြစ်လာလိမ့်မယ်..။ ဒါကြောင့် တိုက်ပွဲမှာ ကြာရှည် ခံနိုင်ရည်ရှိနိုင်ဖို့ ကသာ အဓိကပါ..။

သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က သိပ်ပြီး အထင်ကြီးစရာ မကောင်းရင်တောင်.. တိုက်ပွဲမှာ အကောင်းဆုံး အခြေအနေအတိုင်း အချိန်အကြာကြီးထိန်းထားနိုင်တဲ့ လူမျိုးတွေနဲ့ အတူတူ တိုက်ခိုက်ရတာကို ပိုပြီး သဘောကျမိပါတယ်..။

ဒုတိယ အချက်အနေနဲ့.. သူက တိုက်ခိုက်တဲ့နေရာမှာ ပရိယာယ်ကြွယ်ဝမှု၊ တွက်ချက်မှုနဲ့ ကောက်ကျစ်မှုတွေကို ပိုမို အသုံးချတတ်တဲ့ တိုက်ခိုက်ရေးသမားတွေကို အလေးထားပြီး ကြည့်ခဲ့တယ်..။ ဒီလိုလူမျိုးတွေက စွမ်းအင် ချွေတာတဲ့ နေရာမှာ ပိုတော်ရုံတင်မကဘဲ ဆန်နီ့ရဲ့ ကိုယ်ပိုင် စရိုက်နဲ့လည်း အတော်လေး အပေးအယူတည့်လှပါတယ်..။

ထပ်ပြောရရင် ဒီလို တိုက်ခိုက်ရေးသမားတွေက ရန်သူ့ရဲ့ အားနည်းချက်တွေကို ရှာဖွေပေးမယ့် နိုးထသူ ကင်မ် ရဲ့ စွမ်းရည်ကိုလည်း ပိုပြီး ထိရောက်အောင် အသုံးချနိုင်ကြမှာပါ..။

တတိယနဲ့ နောက်ဆုံး သတ်မှတ်ချက်ကတော့ စိတ်ဓာတ် ကြံ့ခိုင်မှုပါပဲ..။ အစိုးရရဲ့ ထိပ်တန်း စစ်သည် တွေထဲမှာ ဇွဲ နဲ့ ခံနိုင်ရည် မရှိတဲ့လူဆိုတာ မရှိသလောက်ကို ရှားပါတယ်..။သို့ပေမဲ့ တချို့ကတော့ တခြားလူတွေထက် ပိုပြီး ထူးခြားနေခဲ့တယ်..။ ဒီလူတွေထဲက အများစုက ကြီးမားတဲ့ ရှုံးနိမ့်မှုတွေကနေ ပြန်လည် ရုန်းထလာနိုင်ပြီး ပိုမို သန်မာလာတဲ့ နိုးထသူ တွေဖြစလာကြတာပါ.။

ဆန်နီ ကတော့ တစ်ခြား တက်ရောက်သူ ဗိုလ်ကြီးတွေထက် ညှဉ်းပန်းနှိပ်စက်မှုတွေ နဲ့ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေတွေကို ပိုမို ခံစားခဲ့ရတယ်လို့ ယုံကြည်နေမိတယ်..။ ဒါ့ကြောင့် တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း ဒေသရဲ့ စစ်ဆင်ရေးဟာ ဘယ်လောက်အထိ ရက်စက်ပြီး ပင်ပန်းဆင်းရဲမလဲဆိုတာကို သူက ပိုပြီး ကောင်းကောင်း သိမြင်နေခဲ့တာပါ..။

ဒါကြောင့် ခွန်အား ဒါမှမဟုတ် ပါရမီ လျော့နည်းရင်တောင်မှ ဇွဲအကောင်းဆုံး နဲ့ ခံနိုင်ရည် အရှိဆုံး နိုးထသူ တွေကိုပဲ ရွေးချယ်ဖို့ သူ ဆုံးဖြတ်ထားခဲ့တာပါ..။

နောက်ဆုံးမှာတော့ သူ့ အခန်းငယ်လေးရဲ့ နံရံပေါ်မှာ ကိုယ်ရေးဖိုင် ခြောက်ခုသာ ကျန်ပါတော့တယ်..။

နိုးထသူ ကင်မ် ကတော့ သူ့ရဲ့ ပထမဆုံး ရွေးချယ်မှုပါပဲ..။ ဒီအမျိုးသမီး က ရန်သူ့အားနည်းချက်ကို ဖော်ထုတ်ပေးနိုင်ပြီး အမြင်အာရုံတွေကို မျှဝေပေးနိုင်တဲ့ အဖိုးတန် စွမ်းရည်ကြောင့် အဖွဲ့ရဲ့ အဓိက အုတ်မြစ် ဖြစ်လာပါလိမ့်မယ်..။ထပ်ပြောရရင် သူမက အဖွဲ့ရဲ့ သံချပ်ကာ ယာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး လိုအပ်ရင် တိုက်ပွဲပြင်ပမှာပါ ပြုပြင်ပေးနိုင်တဲ့ အသိအမှတ်ပြု လက်မှတ်ရ နည်းပညာရှင် တစ်ယောက်လည်း ဖြစ်နေခဲ့ပါတယ်..။

သူ့ရဲ့ ဒုတိယ ရွေးချယ်မှုကတော့ အသက် နှစ်ဆယ့်ကိုးနှစ်အရွယ် ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ပါ..။ နိုးထသူ ဘယ်လီ က သွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက်၊ အားကစားသမား တည်ဆောက်ပုံနဲ့ ရွှေရောင်ဆံပင်တွေ ရှိနေခဲ့တယ်..။ ကိုယ်ရေးဖိုင်မှာ ထည့်ထားတဲ့ သူ့ရဲ့ ပုံက အေးဆေးပြီး ပေါ့ပေါ့ပါးပါး ရှိတဲ့ ပုံစံမျိုးပါပဲ..။ ဘယ်လီ က တိုက်ခိုက်ရေး နဲ့ လျင်မြန်မှုမှာ ထူးချွန်တဲ့ ပါရမီရှင် ဓားသမား တစ်ယောက်ဖြစ်ပြီး.. သူ့ရဲ့ စွမ်းရည် ကလည်း သေစေနိုင်လောက်တဲ့ အစွမ်းတွေကို ပေးထားခဲ့ပါတယ်..။

ဒီလူငယ် ဓားသမားက သူ့ရဲ့ ခန္ဓာကိုယ်ကို မမြင်နိုင်တဲ့ အခြေအနေမျိုးအဖြစ် ပြောင်းလဲနိုင်ပြီး ခိုင်မာတဲ့ အရာဝတ္ထုတွေကို ဖြတ်သန်းသွားနိုင်စွမ်း ရှိပါတယ်..။ ဒီ အခြေအနေကို အကြာကြီး မထိန်းထားနိုင်ပေမဲ့ မှန်ကန်တဲ့ အချိန်မှာ အသုံးပြုမယ်ဆိုရင် ရန်သူရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့အတွက် တစ်စက္ကန့်ဆိုတာတောင် လုံလောက်နေပါပြီ..။ သူ့ရဲ့ ဒုတိယ စွမ်းရည်ကတော့ လက်နက်ကို ပုံမှန်ထက် ပိုပြီး ထက်ရှအောင် လုပ်နိုင်တာပါပဲ..။ဒါက အတားအဆီး အများစုကို ဖြတ်တောက်ပစ်နိုင်စွမ်းရှိပါတယ်..။

ဒီစွမ်းရည် နှစ်ခုလုံးက ဝိဥာဉ် အဆီအနှစ်တွေကို ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ လောင်ကျွမ်းစေပေမဲ့.. နိုးထသူ ဘယ်လီ ကတော့ ဒီစွမ်းရည်တွေကို အချိန်တိုအတွင်းမှာပဲ တိတိကျကျအသုံးပြုတဲ့နေရာမှာ အလွန် ကျွမ်းကျင်လှပါတယ်..။ သူက တိုက်ခိုက်မှုကို ရှောင်ရှားဖို့ ဒါမှမဟုတ် ရန်သူကို အသေသတ်ဖို့အတွက် စက္ကန့်ပိုင်းလောက်သာ လိုအပ်တာကြောင့် ဒီစွမ်းရည်ကို အကြာကြီး ထိန်းထားဖို့ မလိုပါဘူး..။ ရလဒ်အနေနဲ့ သူက အချက်အလက်မှာ ဖော်ပြထားတာထက် တိုက်ပွဲမှာ ပိုပြီး ကြာရှည် ခံနိုင်ရည် ရှိနေခဲ့တယ်..။

ဘယ်လီ အနေနဲ့ ဆန်နီ့ရဲ့ ရှေ့တန်း တိုက်ခိုက်ရေး တပ်ဖွဲ့ရဲ့ ထောက်တိုင် နှစ်ခုထဲက တစ်ခု ဖြစ်လာမှာပါ..။

ဒုတိယ ထောက်တိုင် ကတော့ ဒွန်း လို့ အမည်ရတဲ့ အမျိုးသား တစ်ယောက်ပါပဲ..။ သူ့ရဲ့

ပုံရိပ်ကို ကြည့်ပြီး အကူညီမဲ့စွာပဲ ဆန်နီ မျက်နှာပျက်သွားခဲ့ရတယ်..။

'မဟုတ်ဘူး.. ဒါက.. ဒါက တကယ့်ကို ရယ်စရာကြီးပဲ..'

နိုးထသူ ဒွန်း က လူသန်ကြီး တစ်ယောက်ပါ..။ သူက အယ်ဖီ ထက်တောင် အရပ်ရှည်ပြီး သန်မာထွားကျိုင်းတဲ့ ကြွက်သားတွေလည်း ရှိပါသေးတယ်..။ သူ့ကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင် လူအများစုက ကိုယ့်ကိုယ်ကိုယ် သေးငယ်ပြီး အားနည်းတယ်လို့ ခံစားသွားရပါလိမ့်မယ်..။ ဆန်နီ အတွက် တစ်ခုတည်းသော စိတ်ချမ်းသာမူ ကတော့ ဒီလို ခွန်အားကြီးတဲ့သူက သူ့ဘက်ကနေ တိုက်ခိုက်ပေးနေတာပါပဲ..။

ဒွန်း အသုံးပြုတဲ့ လက်နက်ကတော့ တူ တစ်လက်ပါ..။ဒါက လူကြိုက်များ​ပြီး မီဒီယာတွေမှာ ဖော်ပြလေ့ရှိတဲ့ စစ်ပွဲသုံးတူမျိုး မဟုတ်ပါဘူး..။

နိုးထသူ ဒွန်း က လက်ကိုင်တူ ရဲ့ မှော်အဆင့်မြှင့်ထားတဲ့ ပုံစံမျိုးနဲ့ တိုက်ခိုက်ရတာကို ပိုသဘောကျပါတယ်..။ ဒီလေးလံတဲ့ နှစ်ဖက်ကိုင် ဖျက်ဆီးရေး ကိရိယာကြီးက အရိုး၊ အသား၊ ကျောက်တုံးနဲ့ သံမဏိတွေကို အလွယ်တကူနဲ့ခြေမွပစ်နိုင်ပါတယ်..။

ဒါကို ကြည့်ရင် ဒီလူက ကြမ်းတမ်းတဲ့ ခွန်အားနဲ့ ပြဿနာတွေကို ဖြေရှင်းတတ်တဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်လို့ ထင်စရာ ရှိပေမဲ့.. အမှန်တကယ်တော့ လုံးဝ မဟုတ်ပါဘူး..။ အဲ့ဒီအစား သူက တည်ငြိမ်တဲ့ စရိုက်ရှိပြီး အလွန် ဉာဏ်ကောင်းတဲ့ မျက်လုံးတွေ ရှိနေခဲ့တယ်..။

သူ့ရဲ့ စွမ်းရည် ကို စကားလုံး သုံးလုံးနဲ့ ဖော်ပြလို့ ရပါတယ်..။ နိုးထသူ ဒွန်း က မြေဆွဲအား ဒါမှမဟုတ် အဲလို အရာမျိုးကို ထိန်းချုပ်နိုင်စွမ်းရှိနေခဲ့တယ်။ သူက တိုက်ခိုက်မှုတွေကို ကြောက်မက်ဖွယ် အလေးချိန်တွေ ဖြည့်ပေးနိုင်သလို ရန်သူတွေကိုလည်း ဟန်ချက်ပျက်အောင် လုပ်နိုင်ပါတယ်..။ ဒီအကျိုးသက်ရောက်မှု နှစ်ခုကို တိကျတဲ့ နည်းလမ်းနဲ့ ပေါင်းစပ်လိုက်ခြင်းအားဖြင့် သူက သူ့ရဲ့ တိုက်ခိုက်မှု စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်နိုင်မှာပါ..။

ဒွန်း ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာပြီး ခံနိုင်ရည် ရှိပါစေ.. ဒီလောက် လေးလံတဲ့ လက်နက်ကြီးကို အကြာကြီး ဝှေ့ယမ်းဖို့ကတော့ ဘယ်သူမှ မဖြစ်နိုင်ပါဘူး..။ ဒါကြောင့် သူက ခွန်အားကို ချွေတာပြီး ရန်သူကို တိကျတဲ့အချိန်ကိုက် တိုက်ခိုက်မူ ၊ ပြင်းထန်လှတဲ့ တိုက်ခိုက်မှု တစ်ချက်တည်းနဲ့တင် အသေသတ်ရတာကို ပိုသဘောကျတဲ့သူပါ..။

အတိုချုပ်ပြောရရင် နိုးထသူ ဒွန်းက ထူးဆန်းတဲ့ အရွယ်အစား ရှိပေမဲ့လည်း ဆန်နီ သဘောကျမယ့် လူစားမျိုးပါပဲ..။

ဘယ်လီ နဲ့ ဒွန်း နှစ်ယောက်ပေါင်းပြီး အဖွဲ့ရဲ့ တိုက်ခိုက်ရေး ဖွဲ့စည်းပုံမှာ အမာခံ အုတ်မြစ်တွေ ဖြစ်လာကြမှာပါ..။

ဒါပေမဲ့ အနီးကပ်တိုက်ရမယ့် တပ်ဦးမှာ ဆန်နီထပ်ထည့်ချင်တဲ့ နောက်ထပ် လူတစ်ယောက်လည်း ရှိနေပါသေးတယ်...။

အပိုင်း ( ၈၂၁ ) ပြီး၏။

အပိုင်း ( ၈၂၂ ) အရိပ်အဖွဲ့

အနီးကပ်တိုက်ခိုက်ရမယ့် တပ်ဦး ရဲ့ တတိယမြောက် အဖွဲ့ဝင်ကတော့.. ဆန်နီ ကိုယ်တိုင်ပြီးရင် အဖွဲ့ထဲမှာ ဒုတိယမြောက် အရေးအပါဆုံးလူတောင် ဖြစ်နိုင်ပါတယ်။

သူ ဒီတစ်ယောက်ကို ရွေးချယ်ဖို့အတွက် အတော်လေးကို စဉ်းစားရကြပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့.. ချီတင် လို့ အမည်ရတဲ့ ချောမောပြီး သူရဲကောင်းဆန်တဲ့ အမျိုးသားတစ်ယောက်ကိုပဲ အတည်ပြုလိုက်တယ်..။

နိုးထသူ ချီတင် က တစ်ကိုယ်လုံးကို သံချပ်ကာဝတ်စုံ အပြည့်ဝတ်ဆင်ပြီး ဓားနဲ့ ဒိုင်းကို အသုံးပြုရတာကို ပိုသဘောကျပါတယ်..။

သူက ဘယ်လီ နဲ့ ဒွန်း တို့လို တိုက်စစ်ပိုင်းမှာ အားသာတဲ့သူ မဟုတ်ပေမဲ့ ..အနီးကပ်တိုက်ပွဲမှာတော့ ခံစစ်တံတိုင်းကြီး ဖြစ်လာပါလိမ့်မယ်..။ ဒါက သူ့ကို တိုက်ခိုက်ရေးစွမ်းရည် မရှိတဲ့သူလို့ ပြောတာတော့ မဟုတ်ပါဘူး..။

ချီတင် ရဲ့ စွမ်းရည် က ပြန်လည်ပြုပြင်ခြင်းနဲ့ တိုက်စားခြင်းအပေါ်မှာ အခြေခံထားခဲ့ပါတယ်..။ တိုက်ပွဲထဲမှာဆိုရင် သူ့ရဲ့ ဒိုင်းနဲ့ သံချပ်ကာတွေက ဘယ်လောက်ပဲ ပျက်စီးသွားပါစေ.. သူက အဆက်မပြတ် ပြန်လည်ပြင်ဆင်နိုင်စွမ်း ရှိပါတယ်..။ ဒါပေါ့.. ဒီစွမ်းရည်မှာလည်း အကန့်အသတ်တော့ ရှိနေပါသေးတယ်။ဒါပေမဲ့ သူ့ရဲ့ မှတ်သားမူ တွေ လုံးဝ မပျက်စီးသွားသရွေ့တော့ မူလပုံစံအတိုင်း ပြန်ဖြစ်လာကြမှာပါ..။

သူက သူ့ရဲ့ လက်နက်တွေမှာလည်း တိုက်စားနိုင်တဲ့ ဂုဏ်သတ္တိတွေကို ထည့်သွင်းနိုင်ပါသေးတယ်..။ဒီ တိုက်စားမှုက သိပ်ပြီး အစွမ်းမထက်ပေမဲ့ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ထိမှန်သွားရင်တော့.. ရန်သူက တဖြည်းဖြည်း စုပုံလာတဲ့ ပျက်စီးယိုယွင်းမှုတွေအောက်မှာ ဒူးထောက်သွားရမှာပါ..။ ဒီအချက်က နှေးကွေးပေမဲ့ အန္တရာယ်များပြီး ထိရောက်တဲ့ စွမ်းရည်မျိုးပါပဲ..။

ဒါပေမဲ့ နိုးထသူ ချီတင် ကို တန်ဖိုးရှိစေတာကတော့ သူ့ရဲ့ ပထမဆုံး စွမ်းရည်ကြောင့်ပါ..။

ဘာလို့လဲဆိုတော့ သူက မှတ်သားမူ တွေတင်ပြန်လည်ပြုပြင်ပေးနိုင်တာ မဟုတ်လို့ပါပဲ..။

ချီတင် ရဲ့ ပြန်လည်ပြုပြင်ခြင်းက အရာအားလုံးနီးပါးအတွက် အကျုံးဝင်ပြီး.. လူသားတွေရဲ့ အသွေးအသားတွေကိုပါ ကုသပေးနိုင်စွမ်းရှိပါတယ်..။

သူက ကုသသူ တစ်ယောက်ပါ..။

ဒါပေါ့.. ဒီလို ရှားပါးလွန်းတဲ့ ကုသသူတွေထဲမှာတော့ သူက အစွမ်းအထက်ဆုံး မဟုတ်ပါဘူး..။ သူ့ရဲ့ စွမ်းရည်က တခြားလူတွေနဲ့ နှိုင်းယှဉ်ရင် နှေးကွေးပြီး အကန့်အသတ် ရှိနေခဲ့ပါတယ်..။ မြန်ဆန်မှုနဲ့ ထိရောက်မှုပိုင်းမှာတော့ နစ်ဖီ ဒါမှမဟုတ် အယ်ယက် တို့နဲ့ ယှဉ်ဖို့တောင် မဖြစ်နိုင်ပါဘူး..။ ဆန်နီ ကြည့်ခွင့်ရခဲ့တဲ့ တစ်ခြား

ကုသသူတွေရဲ့ ဖိုင်တွေထဲမှာတောင် သူ့ရဲ့ ပြန်လည်ကုသနိုင်စွမ်းက သိပ်ပြီး ထင်ပေါ်မနေခဲ့ပေ..။

ဒါပေမဲ့ အချိန်အကြာကြီး စဉ်းစားပြီးတဲ့နောက်မှာ ဆန်နီ က ချီတင် ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ကုသသူ တစ်ယောက်က ပြင်းထန်တဲ့ တိုက်ပွဲတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ဘူးဆိုရင်...ဒီလို အစွမ်းထက်တဲ့ ကုသသူမျိုးကို သူ မလိုချင်ပါဘူး..။ သူ့ရဲ့ နောက်ဆုံး ရွေးချယ်မှုက ဒဏ်ရာကုသတဲ့နေရာမှာ အသင့်အတင့်ပဲ ရှိနေမယ်ဆိုရင်တောင်.. ဒီသူရဲကောင်းဆန်တဲ့ အမျိုးသားက ဘက်စုံတော်ပြီး လိုက်လျောညီထွေရှိတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်နေခဲ့ပါတယ်။

ဆန်နီ က ကတ်စီ ရဲ့ ကိုယ်ပိုင်အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ကုသသူ ရှန် ကို သတိရသွားတာကြောင့် ဒီဆုံးဖြတ်ချက်ကို ချလိုက်တာပါ..။ ရှန် က တိုက်ခိုက်ရေး စွမ်းရည် မရှိပေမဲ့ ရှေ့တန်းကနေ အမြဲတမ်းတိုက်ခိုက်ပြီး..သူ့ရဲ့ ဓား၊ ဒိုင်းတွေနဲ့ အဖော်တွေကို အမြဲကူညီပေးနိုင်ခဲ့ပါတယ်..။

ထပ်ပြောရရင် ချီတင် က ခေတ်မီဆေးပညာကို ကောင်းကောင်းနားလည်တဲ့ သင်တန်းဆင်း တိုက်ပွဲဝင် ဆေးတပ်သား တစ်ယောက်လည်း ဖြစ်နေခဲ့တယ်..။ တကယ်လို့ ကင်မ် သာ သာမန်နည်းလမ်းတွေနဲ့ ရိုင်နို ကို မပြင်နိုင်ခဲ့ရင် သူ့ရဲ့ စွမ်းရည်ကို သုံးပြီး ကူညီပေးနိုင်ဦးမှာပါ..။

ခြုံပြောရရင်တော့ ဆန်နီ က သူ့ရဲ့ ဆုံးဖြတ်ချက်ကို သဘောကျနေခဲ့တယ်..။

အဖွဲ့ဝင် လေးယောက်ကို ရွေးပြီးပြီဆိုတော့ နေရာ လွတ် နှစ်နေရာပဲ ကျန်ပါတော့တယ်..။

ရန်သူတွေကို အဝေးကနေ တိုက်ခိုက်နိုင်စွမ်းနဲ့ ပျံသန်းနိုင်တဲ့ သတ္တဝါတွေကို ရင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ဖို့ လိုအပ်တယ် ဆိုတာ သိနေတာကြောင့် ဆန်နီ က သင့်တော်တဲ့ အဝေးပစ် ကျွမ်းကျင်သူကို ရှာဖွေဖို့ အချိန်အတော်ပေးလိုက်ရပါတယ်..။ နောက်ဆုံးမှာတော့

ဆမ်မာရာ လို့ အမည်ရတဲ့ အမျိုးသမီးရဲ့ ကိုယ်ရေးဖိုင်က သူ့ရဲ့ အာရုံကို ဖမ်းစားသွားနိုင်ခဲ့တယ်..။

နိုးထသူ ဆမ်မာရာ က အရပ်ရှည်ပြီး လှပသလို အေးစက်စက်နိုင်တဲ့သူပါ..။သို့ပေမဲ့ သူမမှာ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ စွမ်းရည် ရှိ နေခဲ့တယ်..။ ဆမ်မာရာ က ရုပ်ဝတ္ထုပစ္စည်းတွေထဲကို ဝိဥာဉ် အဆီအနှစ်တွေ ထည့်သွင်းနိုင်စွမ်း ရှိသလို.. ဝိဥာဉ်စွမ်းအင်ကို အလျင်စွမ်းအင် ဒါမှမဟုတ် အပူစွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်းလည်း ရှိပါတယ်..။

ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ သူမက ဝိဥာဉ် အဆီအနှစ်တွေကို စွမ်းအားမြင့် ဖောက်ခွဲရေးပစ္စည်းတွေအဖြစ် ပြောင်းလဲနိုင်တယ်လို့ဆိုလိုတာပါပဲ..။ တစ်နည်းအားဖြင့် ပြောရရင် နိုးထသူ ဆမ်မာရာ က မာစတာ ဂျက် ရဲ့ ဆန့်ကျင်ဘက်ပါ..။ မာစတာ ဂျက် က ရုပ်ပိုင်းဆိုင်ရာ လက်နက်တွေနဲ့ ဝိဥာဉ်ကို ထိခိုက်စေနိုင်ပေမဲ့.. သူမကတော့ ဝိဥာဉ် အဆီအနှစ်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုကို ပေးနိုင်တာပါ..။

သူမက ဒီ စွမ်းရည်ကို အသုံးချတဲ့နေရာမှာလည်း အတော်လေး ဉာဏ်ကောင်း ပါသေးတယ်..။ဆန်နီ သိတဲ့လူတွေထဲမှာ ဆမ်မာရာ က ခေတ်မီ သေနတ်တွေကို တက်တက်ကြွကြွ အသုံးပြုတဲ့ တစ်ဦးတည်းသော နိုးထသူ တောင် ဖြစ်နိုင်ပါတယ်..။ ကျည်ဆန်တွေထဲကို စွမ်းအားမြင့် အဆီအနှစ်တွေ ထည့်သွင်းလိုက်ခြင်းအားဖြင့် သူမက ဒီအရာတွေကို မှော်လက်နက်တွေနဲ့ တူညီသွားအောင် လုပ်နိုင်တာပါပဲ..။

အဆင့်မြင့် အိပ်မက်ဆိုး သတ္တဝါ တွေက သာမန်လက်နက်တွေကို ခုခံနိုင်စွမ်း ရှိကြပေမဲ့ မှတ်သားမူ တွေနဲ့ နိုးထသူ တွေရဲ့ လက်ဗလာ တိုက်ခိုက်မှုတွေကိုတော့ မခံနိုင်ကြပါဘူး..။

ဆမ်မာရာ ရဲ့ လက်ထဲမှာတော့ ဘယ်လက်နက်မဆို နိုးထမူအဆင့် လက်နက်အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်..။

'တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ စွမ်းရည်ပဲ..'

နောက်ထပ် အားသာချက်တစ်ခုကတော့ သူမက စပဲလ် နည်းပညာ အင်ဂျင်နီယာ နဲ့ နည်းပညာရှင် တစ်ယောက်လည်း ဖြစ်နေခဲ့ပါသေးတယ်..။ သူတို့ အဖွဲ့ အသုံးပြုမယ့် သံချပ်ကာ ကားက အဆင့်မြင့် စပဲလ် နည်းပညာတွေနဲ့ ပြည့်နှက်နေတာကြောင့် ဒါက အတော်လေးကို အသုံးဝင်လာမှာပါ..။

ဆန်နီ ရွေးချယ်လိုက်တဲ့ နောက်ဆုံး အဖွဲ့ဝင်ကတော့ နိုးထသူ လူစတာ လို့ အမည်ရပါတယ်..။

ဒီလူရဲ့ ကိုယ်ရေးဖိုင်ကို ကြည့်ရင်း ဆန်နီ က မျက်မှောင်ကြုတ်လိုက်မိတယ်..။

'ဘယ်လို ထူးဆန်းတဲ့ နာမည်မျိုးလဲ..'

သူ ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်ပါတယ်..။

'ကောင်းပြီလေ.. သူ့အမေက ကဗျာဆန်တဲ့ ဝိဥာဥ် ရှိနေလို့ ဖြစ်နိုင်တာပဲ..'

ဒီလူငယ်က တစ်ခြား ထိပ်တန်း စစ်သားတွေနဲ့ နှိုင်းယှဉ်ရင်တော့ ..ထင်ရှားတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက် မဟုတ်ပါဘူး..။သို့ပေမဲ့ သူ့ရဲ့ ပါရမီနဲ့ အသုံးဝင်မှုက သူ့ရဲ့ ထူးခြားတဲ့ စွမ်းရည်မှာ ရှိနေခဲ့တယ်..။

ဆန်နီ က ဘက်စုံသုံး ကျွမ်းကျင်သူတွေကို ထပ်ပြီး မစုဆောင်းချင်တော့ပေမဲ့ လူစတာ ဘာတွေ လုပ်နိုင်လဲဆိုတာကို ဖတ်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အမြင်ကို ပြောင်းလဲလိုက်ရတယ်..။ ဒီငနဲက ဝိဥာဉ်ကုသသူ တစ်ယောက် ဒါမှမဟုတ် ပိုပြီး ကြမ်းတမ်းတဲ့ ပုံစံနဲ့ ပြောရရင်တော့ 'အဆီအနှစ် ဘက်ထရီ' တစ်လုံးပါပဲ..။

သူ့ရဲ့ ပထမဆုံး စွမ်းရည်က သူ့ကိုယ်တိုင် နဲ့ အဖော်တွေရဲ့ အဆီအနှစ် ပြန်လည်ပြည့်ဖြိုးနှုန်းကိုပါ မြှင့်တင်ပေးနိုင်ပါတယ်..။ ဒုတိယ စွမ်းရည်ကတော့ သူ့ရဲ့ အဆီအနှစ်တွေကို တခြားလူတွေဆီ လွှဲပြောင်းပေးနိုင်တာပါပဲ..။

လာမယ့် လတွေမှာ ဒီလို စွမ်းရည်မျိုးက ဘယ်လောက်အထိ အရေးပါမလဲဆိုတာ ဆန်နီ စဉ်းစားနေစရာတောင် မလိုပါဘူး..။ သေချာတာပေါ့.. လူစတာ ကို ရွေးလိုက်တာကြောင့် တိုက်ခိုက်ရေး စွမ်းရည်ရှိတဲ့ နောက်တစ်ယောက်ကို လက်လွှတ်လိုက်ရတယ် ဆိုပေမဲ့.. ဒီအပေးအယူက ထိုက်တန်တယ်လို့ သူ ယုံကြည်နေခဲ့တယ်..။

တစ်ခြား အခြေအနေတွေမှာဆိုရင်တော့ ဆန်နီ အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ချဖို့ ဝန်လေးနေမှာ ဖြစ်ပေမဲ့.. လူစတာ ရဲ့ စွမ်းရည်တွေက နိုးထသူ ဆမ်မာရာ နဲ့ အတော်လေး အပေးအယူတည့်

နေသလို..တခြား အဖွဲ့ဝင်တွေရဲ့ စွမ်းအားကိုလည်း အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်နေခဲ့ပါတယ်..။

ထပ်ပြောရရင် ဒီလူငယ်က အတော် ကျွမ်းကျင်တဲ့ ယာဉ်မောင်းတစ်ယောက်လည်း ဖြစ်နေပြန်ပါသေးတယ်..။ သူသာ ရိုင်နို ကို မောင်းနှင်မယ်ဆိုရင် သံချပ်ကာ ကားက ချောက်ထဲကျမှာ ဒါမှမဟုတ် ရွှံ့ထဲမှာ နစ်မှာကို စိတ်ပူနေစရာ မလိုတော့ပါဘူး..။

ဒါမှမဟုတ် လမ်းလျှောက်လာတဲ့ တိုက်တန် တစ်ကောင်ရဲ့ နင်းခြေမှုကို ခံရပြီး သတ္တုပြား ဖြစ်သွားမှာမျိုးကိုလည်း စိတ်ပူစရာ မလိုတော့ပေ..။

ဒါ့ကြောင့် ရွေးချယ်မှုက ရှင်းလင်းသွားခဲ့ပါပြီ..။

နိုးထသူ လူစတာ က သူ့အဖွဲ့ရဲ့ နောက်ဆုံး အဖွဲ့ဝင် ဖြစ်လာပါလိမ့်မယ်..။

ဆန်နီ က အနည်းငယ် လှုပ်ရှားလိုက်ပြီး နံရံပေါ်က ကိုယ်ရေးဖိုင် ခြောက်ခုကို နောက်ဆုံးတစ်ခေါက် ထပ်ကြည့်လိုက်တယ်..။

ကင်မ်၊ ဘယ်လီ ၊ ဒွန်း၊ ချီတင်၊ ဆမ်မာရာ နဲ့

လူစတာ..။

ဒီ ခြောက်ယောက်က သူ့ရဲ့ အဖွဲ့သားတွေ ဖြစ်လာကြတော့မှာပါ..။

သူ ခနလောက် တွေဝေနေပြီးမှ သက်ပြင်းချကာ ဒီ ကိုယ်ရေးဖိုင်တွေကို သူ့ရဲ့ ကိုယ်ပိုင် ကုဒ်နံပါတ်နဲ့ အတည်ပြုလိုက်ပါတယ်..။

မကြာခင်မှာ.. ပထမ ကယ်ဆယ်ရွှေ့ပြောင်းရေး တပ်မတော် ရဲ့ စီမံခန့်ခွဲရေးဌာနက ဒီလူသစ်စုဆောင်းမှု တောင်းဆိုချက်ကို အတည်ပြုပေးတော့မှာပါ..။

ယင်းနောက်မှာတော့ သူက နောက်ဆုံးမှာလက်အောက်ငယ်သား အသစ်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ရပါတော့မယ်..။

အပိုင်း ( ၈၂၂ ) ပြီး၏။

All Chapters