← Chapters

အငယ်ဆုံး ဂျူနီယာညီလေး

Vol. 16 Ch. 220

အငယ်ဆုံး ဂျူနီယာညီလေး

Vol. 16 Ch. 220

“ဒုတိယ စီနီယာအစ်ကိုကတော့ ပင်ကိုယ်စရိုက်ကောင်းတယ်။ သူက အပင်စိုက်တဲ့လူတစ်ယောက်ပဲ။ အဲတော့ သူ့အပင်တွေစိုက်ဖို့ သူက တောင်ထဲမှာ နေရာအကျယ်ကြီး ခြံခတ်ထားတယ်။ သူက အရမ်းအလုပ်ကြိုးစားတဲ့လူမဟုတ်လို့ သူကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ ယုံချင်စရာမရှိဘူး။ ဒါပေမဲ့ သူက အပင်တွေကို ဖြည်းဖြည်းချင်းစိုက်လာတာ အခုဆိုရင် တောင်ရဲ့နေရာအများစုက သူ့အပင်တွေနဲ့ ပြည့်နေပြီ။ မင်းသာ ညသန်းခေါင် လမ်းလျှောက်ထွက်ကြည့်မယ်ဆိုရင် သူပစ္စည်းတွေ ရွှေ့နေတာ တွေ့ရလိမ့်မယ်”

“ဒုတိယ စီနီယာအစ်ကိုမှာ နည်းနည်းထူးဆန်းတဲ့ အလေ့အကျင့်ရှိတယ်။ သူက သူ့အပင်တွေကို ညမှပဲ ထွက်ကြည့်တာ။ သူ့ကိုတွေ့တဲ့အချိန်ကျ လန့်မသွားနဲ့။ သူက အမြဲတမ်းသံသယလွန်နေတတ်တယ်။  တစ်ယောက်ယောက်က ခိုးဝင်ပြီး သူ့အပင်တွေကိုခိုးတယ်လို့ပဲ အမြဲတွေးနေတာ”

အမျိုးသားသည် စုမင်နှင့်အတူ နဝမမြောက်တောင်ဆီပျံသန်းသွားပြီး တောင်စောင်းတွင် ခြေချလိုက်မိချိန်အထိ ဆက်ပြောနေခဲ့ချေသည်။

သူ ယခုမည်ကဲ့သို့ခံစားနေရသည်ကိုပင် စုမင်မပြောတတ်တော့ပေ။ သူလှေကားတစ်ထစ်ပေါ်တွင်ရပ်ကာ အောက်သို့ငုံ့ကြည့်လိုက်မိချိန်တွင် အတိတ်ကသန့်ရှင်းသပ်ရပ်နေနိုင်ခဲ့သော်လည်း ယခုတော့ထိုသို့မဟုတ်သော နေရာတစ်ခုကို စုမင်တွေ့လိုက်ရသည်။ ထိုနေရာတစ်ခုလုံးသည် နှင်းထဲတွင်ပင် ရှင်သန်နိုင်သောအပင်များနှင့် ပြည့်နေခဲ့ချေသည်။ သူ့ဘေးမှအမျိုးသားပြောခဲ့သော သူတို့၏ ဒုတိယစီနီယာအစ်ကိုအကြောင်း ပြန်လည်သတိရလိုက်မိချိန်တွင် သူ စိတ်ပျက်စွာသာ ရယ်မောလိုက်မိချေသည်။

လှေကားထစ်များအတိုင်း ဆက်တက်နေရင်းမှပင် အမျိုးသားသည် တီးတိုးပြောဆိုနေဆဲဖြစ်သည်။ သူပြောနေချိန်မှာပင် စုမင်နှလုံးသားက လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။ ခေါင်းကို အလျင်အမြန်မော့ကြည့်လိုက်မိချိန်တွင် သိပ်မဝေးသောနေရာရှိ နှင်းတောထဲတွင်ရပ်နေသည့် ဝတ်ရုံအဖြူနှင့် အမျိုးသားတစ်ဦးကို သူတွေ့လိုက်ရချေသည်။ ထိုလူ ဘယ်အချိန်ကပေါ်လာခဲ့မှန်း စုမင်မသိလိုက်သော်လည်း ၎င်းအမျိုးသားသည် ထိုနေရာတွင်ရပ်လျက် အပြုံးတစ်ခုဖြင့် စုမင်ကို လှမ်းကြည့်နေခဲ့လေသည်။

“ဟူကျီ၊ အဲဒါ ငါတို့ရဲ့ အငယ်ဆုံးဂျူနီယာညီလေး ဖြစ်မယ်ထင်တယ် ဟုတ်လား”

အသက်သုံးဆယ်ခန့်ရှိမည်ထင်ရသော ထိုလူ၏အသွင်အပြင်က ကြင်နာသန့်ရှင်းဟန်ရသည်။  အဖြူရောင်ဝတ်ရုံသည် သူ့ကို နွေးထွေးကြင်နာဟန်ပေါက်စေပြီး အေးစက်၍ ချဉ်းကပ်မရနိုင်ပုံမျိုး ဖြစ်မနေစေပေ။

“မင်္ဂလာ နံနက်ခင်းပါ ဒုတိယစီနီယာအစ်ကို” စုမင်ဘေးမှအမျိုးသားက အေးအေးဆေးဆေးပင် နှုတ်ဆက်လိုက်ပြီး စုမင်အားညွှန်ပြကာ ဆက်ပြောလိုက်သည်။ “သူက ကျွန်တော်တို့ရဲ့ အငယ်ဆုံးဂျူနီယာညီလေးပါ။ ဟိုလူအိုကြီးက ပြန်တော့ သူ့ကိုခေါ်လာတာလေ။ နေပါဦး သူ့နာမည်က ဘာပါလိမ့်။ စု လား...။  ဟုတ်တယ် သူ့နာမည်က စု ပါ”

စုမင် ကောင်းကင်ကိုမော့ကြည့်မိသည်။ ထိုအချိန်တွင် ကောင်းကင်သည် မှောင်စပျိုးရုံပင်ရှိချေသေးသည်။ မကြာမီမှာပင် နေဝင်ရီတရောအချိန် ရောက်တော့မည့်ပုံပင်။ သို့သော် ဤမြောက်ပိုင်းလွင်ပြင်များရှိ နှင်းများပေါ်တွင်အလင်းများ ရောင်ပြန်ဟပ်နေခဲ့သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းနေဆဲပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ဤအချိန်သည် တစ်ဦးနှင့်တစ်ဦး ‘နံနက်ခင်း’ ဟု နှုတ်ဆက်သင့်သော အချိန်ဖြစ်သည်ဟုတော့ သူမထင်ချေ။

“အင်း... ငါ ဒီနေ့ နည်းနည်းစောနိုးလာတာ” သိမ်မွေ့သောအမျိုးသားက သန်းဝေလိုက်ပြီးမှ စုမင်ကိုပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ “ငါသိပြီ။ ဒီတော့ မင်းနာမည်က စု ပေါ့။ အဲဒါက... မကောင်းတဲ့နာမည်တစ်ခု မဟုတ်ပါဘူး။ မဆိုးပါဘူး အငယ်ဆုံး ဂျူနီယာညီလေးရေ။ မင်းကိုယ်မင်း ယုံဖို့လိုတယ်။ မင်းလုပ်ချင်တဲ့ ဘယ်အရာမဆိုလုပ်နိုင်တယ်လို့ ယုံရမယ်နော်”

ဝတ်ရုံအဖြူနှင့်အမျိုးသားသည် စကားပြောနေရင်းမှ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။

“ငါ မင်းတို့နဲ့ ဆက်မပြောတော့ဘူး။ ဒီနေ့ အရမ်းအစောကြီးနိုးလာလို့ ပြန်အိပ်လိုက်ဦးမယ်။ ညကျ သေချာစောင့်ကြည့်ရဦးမယ်။ မနေ့က ငါ့အပင်တစ်ချို့ အခိုးခံလိုက်ရသေးတယ်”

ဝတ်ရုံအဖြူနှင့်အမျိုးသားက နောက်ပြန်လှည့်သွားသည်။ သူသည် ထွက်သွားရန်ပြင်လိုက်ပြီးမှ  ရုတ်တရက်ဆိုသလို ရပ်တန့်သွားပြီး စုမင်အား ကြင်နာစွာပြန်လှည့်ကြည့်လာ၏။

“အငယ်ဆုံး ဂျူနီယာညီလေး၊ တောင်က ဆရာမင်းကိုပြောခဲ့တာနဲ့ တူချင်မှတူလိမ့်မယ်။ ဒါပေမဲ့ ပြောင်းလဲသွားမှာမဟုတ်တဲ့ အရာတစ်ခုတော့ရှိတယ်။ အေးခဲကောင်းကင်ကလန်ရဲ့ နဝမမြောက်တောင်ထွတ်က မင်းအိမ်ပဲ”

“မင်းဒီမှာ ရှိနေရင် ဘယ်သူကမှ မင်းကို နှောင့်ယှက်ရဲမှာ မဟုတ်ဘူး”

အဖြူရောင်ဝတ်ရုံနှင့်အမျိုးသားက ပြုံးပြကာ ထွက်ခွာသွားခဲ့ချေသည်။

စုမင် တိတ်ဆိတ်နေခဲ့မိသည်။ ထိုလူ၏ ကျင့်ကြံဆင့်ကို သူမပြောနိုင်ပေ။ စုမင်အမြင်တွင် ထိုယောကျ်ားသည် သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်သည်။ သူ့ထံမှ မည်သည့်ဖိအားနှင့် ချီကိုမှ စုမင်မခံစားမိပေ။

သို့သော် သူ့စကားလုံးများသည်တော့ စုမင်စိတ်ထဲ၌ ကြာရှည်စွာ ကျန်ရှိနေခဲ့ချေသည်။

သို့သော် စိတ်မကောင်းစရာမှာ အခြားအသံတစ်ခုသည် ဘေးမှထွက်ပေါ်လာပြီး ထိုခံစားချက်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။ ဟူကျီ၏မျက်နှာထက်တွင် မည်းမှောင်သောအမူအယာတစ်ခုရှိနေခဲ့သည်။

“သူ့ကို မယုံနဲ့”

“ငါ ဒီကို ပထမဆုံးရောက်လာတုန်းကလည်း ဒုတိယအစ်ကိုက ငါ့ကိုအဲလိုမျိုးပဲ ပြောခဲ့တယ်။ အဲဒါက တစ်ကယ်ကို ရင်ထဲထိသွားတာပဲ၊ မင်းသိပါတယ်။ ဒါပေမဲ့ ငါ အေးခဲကောင်းကင်ကလန်ရဲ့လူတွေဆီက အရိုက်ခံရပြီး တောင်ကိုပြန်ပြေးလာတဲ့အချိန်တိုင်း ဒုတိယစီနီယာအစ်ကိုက ဘယ်တုန်းကမှ ကူညီမပေးခဲ့ဖူးဘူး။ ငါ သူ့ဆီသွားတဲ့အချိန်တိုင်း သူက ဒေါသတွေထွက်ပြီး ငါနဲ့အတူလက်စားချေမယ်ပြောတယ်။ ဒါပေမဲ့ သူပြန်တည်ငြိမ်သွားတာနဲ့ ပြန်အိပ်သွားတော့တာပဲ...”

“ငါ တစ်ခါတုန်းက သူ့နေရာမှာ သုံးလလောက်ထွက်မသွားပဲ စောင့်ခဲ့ဖူးတယ်။ သူကလည်း အဲဒီ သုံးလလုံးလုံးပဲ အိပ်နေနိုင်ခဲ့တယ်လေ”

သူ့အတိတ်အကြောင်း ပြန်ပြောနေချိန်တွင် အမျိုးသား၏မျက်နှာသည် နာကျင်မှုများဖြင့် ပြည့်နေခဲ့လေသည်။

“မင်းကိုယ်မင်း ယုံကြည်ဖို့ သူပြောခဲ့တယ်မလား...။ အဲဒါတော့ အတိအကျပဲ။ သူကောင်းကောင်းလုပ်နိုင်တယ်လို့ ယုံကြည်လို့ အခုဆို နဝမမြောက်တောင်ထွတ်တစ်ခုလုံး သူ့လယ်ကွင်းဖြစ်တော့မယ်”

စုမင်တောင်ကို ကြည့်လိုက်ပြီး ဟူကျီကိုပြန်ကြည့်လိုက်သည်။ ထို့နောက် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသား ထွက်ခွာသွားရာဘက်သို့ လှမ်းကြည့်လိုက်ပြီးချိန်တွင် သူပြောစရာစကားမရှိတော့သလို ခံစားလိုက်ရလေသည်။

“ဟေး၊ ဒါကတော့ ငါ့နေရာပဲ။မင်းရဲ့ အဘိုးဟူကတော့ လိပ်မဟုတ်သလို အပင်စိုက်ရတာလည်း မကြိုက်ဘူး။ ငါက သောက်ရတာပဲကြိုက်တာ။ အဲဒါက ငါနေတဲ့ဂူပေါ့။ ငါက များသောအားဖြင့် အပြင်ထွက်လေ့မရှိဘူး။  ငါနိုးလာရင် သောက်တယ်။ သောက်ပြီးရင် ပြန်အိပ်တယ်။ နောက်တစ်ခေါက်နိုးလာရင် ပြန်သောက်တယ်။ သောက်ပြီးရင် ထပ်အိပ်တယ်...”

အမျိုးသားသည် အဝေးမှနေရာတစ်ခုသို့ ညွှန်ပြပြီးနောက် ဘူးသီးခြောက်ကိုမလျက် နောက်တစ်ငုံထပ်သောက်လိုက်သည်။

“လူအိုကြီးကတော့ တောင်ထိပ်မှာနေတယ်။ သူ့ကိုသွားတွေ့ချည်။ ငါကတော့ သူ့ကိုမတွေ့ချင်ဘူး။ သူ့ကိုတွေ့တိုင်း၊ ငါ့ဒေါသကိုထိန်းမရတော့လို့” အမျိုးသားက ခပ်တိုးတိုးပြောရင်း စုမင်ပုခုံးကိုပုတ်လိုက်သည်။

“ကံကောင်းပါစေ။ အငယ်ဆုံး ဂျူနီယာညီလေး”

သူသည် ထိုသို့ပြောလိုက်ပြီးနောက် ဝိုင်အိုးကိုဆက်သောက်ရင်း သူ့လှိုဏ်ဂူရှိရာသို့ လှည့်ထွက်သွားလေသည်။

တောင်ပေါ်တွင် စုမင်တစ်ဦးတည်းသာ ရပ်ကျန်နေခဲ့ပြီး သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်မိသည်။ ထိုအချိန်တွင် လေတိုက်ခတ်သွားသဖြင့် သူ့ရှေ့မှဆီးနှင်းပွင့်များသည် လေထဲတွင် ကခုန်သွားကြချေသည်။ စုမင်ခေါင်းယမ်းလိုက်မိသည်။ သူ့မျက်စိရှေ့မှ အေးခဲကောင်းကင်ကလန်နှင့်

သူ့စိတ်ထဲမှ အေးခဲကောင်းကင်ကလန်သည် တူညီမှုများရှိနေသော်လည်း ကွဲပြားမှုများလည်း ရှိနေခဲ့သည်။

တူညီမှုသည် အေးခဲကောင်းကင်ကလန်ဖြစ်ပြီး ကွဲပြားမှုသည် နဝမမြောက်တောင်ထွတ်ပင်ဖြစ်သည်။

သူနေရာတွင်သာရပ်လျက် ခဏတာစဉ်းစားနေပြီးနောက်မှ တောင်ထိပ်ကိုမော့ကြည့်လိုက်သည်။ ဤနေရာမှရပ်ကြည့်လျှင် အဝေးမှ အံ့သြအထင်ကြီးဖွယ် အဆောက်အဦးတစ်ခုကို သူမြင်နေရ၏။

နှင်းများကြားထဲမှာပင် ရှင်သန်နိုင်သော အပင်များဖုံးလွှမ်းနေသည့် လှေကားထစ်များနှင့် ဆီးနှင်းများကို နင်းဖြတ်ကာ စုမင်တောင်ထိပ်ဆီလျှောက်သွားလိုက်သည်။ သူ ဤနေရာသို့ပင် ရောက်နေခဲ့ပြီဖြစ်၍ နောက်ပြန်လှည့်တော့မည်မဟုတ်ပေ။ ထျန်းရှဲ့ကျီကို သူ၏ဆရာအဖြစ် ရွေးချယ်ခဲ့ပြီးပြီဖြစ်၍ မလိုအပ်ပဲနှင့် အခြားဆရာတစ်ဦးကို ထပ်မံရွေးချယ်တော့မည် မဟုတ်ပေ။

သူ အပေါ်သို့ဆက်တက်လာသည်နှင့်အမျှ တောင်ပေါ်မှ လေပြင်းကလည်း ပိုမိုပြင်းထန်လာခဲ့သည်။ လေပြင်းများ၏ ညည်းတွားသံများနှင့် ကျဆင်းနေသော နှင်းများသည် တောင်၏တိတ်ဆိတ်ငြိမ်သက်မှုနှင့် ပေါင်းစပ်သွားချိန်တွင် ဖြစ်ပေါ်လာသောခံစားချက်သည် စုမင်စိတ်နှလုံးကို အေးဆေးတည်ငြိမ်သွားစေသည်။

‘ဒါက တောင်မြင့်ကြီးတစ်လုံးပဲ... ပြီးတော့ အေးခဲကောင်းကင်ကလန်ရဲ့ တောင်ထွတ်ကိုးခုထဲက တစ်ခုဆိုလည်း ဟုတ်တယ်... ဒီနေရာက တစ်ခြားတောင်တွေနဲ့ ယှဉ်ရင် အတိတ်ဆိတ်ဆုံးတောင်ဖြစ်လိမ့်မယ်’

စုမင် အလျင်အမြန်မသွားခဲ့ပေ။ ကောင်းကင်သည် တစ်ဖြည်းဖြည်း မှောင်မည်းသွားပြီး နေဝင်ရီတရောအချိန်ရောက်မှသာ သူနောက်ဆုံး၌ တောင်ထိပ်သို့ရောက်သွားခဲ့သည်။ သူ လှေကားထစ်များအားလုံးကို တက်ခဲ့ပြီးချိန်တွင်တော့ အဝေးမှမြင်ခဲ့ရသည့် ခမ်းနားသောအဆောက်အဦးကြီးသည် သူ့ရှေ့တွင်ရှိနေပြီဖြစ်သည်။

သို့သော် ယခုသူနီးကပ်လာချိန်တွင် ခန်းမပုံစံထိုအဆောက်အဦးကြီးသည် အမှန်တစ်ကယ်တွင်လည်း ခမ်းနားကြီးကျယ်သောအရှိန်အဝါကို ထုတ်လွှတ်နေခဲ့သော်ငြား ၎င်းသည် ပြုပြင်ရန်လိုအပ်သော အခြေအနေတစ်ခုတွင် ကျရောက်နေပြီး သူ့ပတ်လည်တွင် ထိုင်းမှိုင်းသောလေထုတစ်ခု ရှိနေဟန်တူ၏။

ထိုခန်းမကျယ်ကြီးပတ်လည်တွင် ကျောက်တိုင်ကြီးကိုးခုရှိနေသည်။ ၎င်းတို့သည် ခန်းမကြီးကိုဝန်းရံကာ အလင်းလွှာပါးလေးတစ်ခုဖြင့် ဖုံးအုပ်ထားချေသည်။ အခြားသူများအနေဖြင့် ကြည့်ရုံသာကြည့်နိုင်ပြီး ဝင်မရနိုင်သည့်ပုံမျိုးပင်...

“အဲဒါက ချိပ်ပိတ်ထားတာလား...” စုမင် အံ့အားသင့်သွားမိသည်။

“အေးခဲကောင်းကင်ကလန်ရဲ့ နဝမမြောက်တောင်ထွတ်ကို အဓိကတောင်ကြီးတစ်လုံး၊ လက်အောက်ခံ တောင်ငယ်ခြောက်လုံး၊ ခန်းမကျယ်ကြီးခုနစ်ခုနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာ” စုမင်နှင့် ရင်းနှီးနေသော အိုမင်းသည့်အသံတစ်သံက သူ့နောက်မှထွက်ပေါ်လာခဲ့သည်။ သူလှည့်ကြည့်လိုက်ချိန်တွင် ခန်းမကျယ်ကြီးနောက်မှ လျှောက်ထွက်လာသောအဘိုးအိုတစ်ဦးကို မြင်လိုက်ရချေသည်။

အဘိုးအိုသည် အဖြူရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး နှုတ်ခမ်းများပေါ်တွင် လျှို့ဝှက်သောအပြုံးတစ်ခု ရှိနေသောကြောင့် သူ့ထံမှ နားလည်ရခက်ခဲသော ပညာရှိတစ်ဦး၏အရှိန်အဝါမျိုးထွက်ပေါ်နေခဲ့ချေသည်။

“ခန်းမကျယ်ကြီးခုနစ်ခုမှာ သူတို့ကိုယ်ပိုင်လုပ်ဆောင်ချက်တွေ ရှိတယ်။ တစ်စုံတစ်ယောက်က သူတို့အထဲကိုဝင်ရောက်နိုင်တာနဲ့ သူတို့ကတောင်ရဲ့စွမ်းအားကို အသက်သွင်းနိုင်လိမ့်မယ်။ ခန်းမတစ်ခုစီကို သိမ်းပိုက်နိုင်တဲ့သူကတော့ အေးခဲကောင်းကင်ကလန် ဆီးနှင်းဖုံးမြေပြင်တွေရဲ့ အရှင်သခင်ကိုးဦးထဲက တစ်ဦးဖြစ်လာလိမ့်မယ်”

“အေးခဲကောင်းကင်ကလန်ထဲမှာ ကျောင်းတော်ရဲ့ တာဝန်က ဒုတိယပဲ။ လက်ဝဲတော်ရံ၊ လက်ယာတော်ရံ၊ အကြီးအကဲချုပ်၊ ဂိုဏ်းကာကွယ်သူတွေနဲ့ ကလန်အကြီးအကဲတွေဆိုတာ အမည်နာမသက်သက်ပါပဲ”

“အဲနေရာတွေကို ယူထားတဲ့လူအကုန်လုံးက ပြောင်းလဲနိုင်တယ်။ အဲခေါင်းစဉ်နာမည်ရထားတဲ့လူတွေ အကုန်လုံး သေသွားပြီး နေရာတွေက လူတွေပြောင်းသွားရင်တောင် မပြောင်းလဲသွားမယ့်အရာက အေးခဲကောင်းကင်ကလန် ကြီးမြတ်သောဆီးနှင်းဖုံးလွင်ပြင်တွေရဲ့ အရှင်သခင်ကိုးဦးပဲ။ အဲဒီကိုးဦးက ဒီဆီးနှင်းဖုံးလွင်ပြင်တွေပေါ်က တောင်ကြီးကိုးလုံးရဲ့ အရှင်သခင်တွေပဲ”

“ကြီးမြတ်သောလွင်ပြင်တွေရဲ့ အရှင်သခင်ကိုးဦးနဲ့ ကောင်းကင်ဘုံတံခါးရဲ့ အရှင်သခင်ကိုးဦး... အဲဒီလူဆယ့်ရှစ်ဦးက အေးခဲကောင်းကင်ကလန်က လူတွေထဲမှာ အကြီးအကဲအိုကြီးတွေကလွဲလို့ အသန်မာဆုံးလူတွေပဲ”

“ကောင်းကင်ဘုံတံခါးဝမှာ အရှင်သခင်ရှစ်ဦးနဲ့ ကြီးမြတ်သော ဆီးနှင်းလွင်ပြင်တွေမှာ အရှင်သခင်ခုနစ်ဦးပဲရှိတာတော့ စိတ်မကောင်းစရာပဲ။ ပထမမြောက်နဲ့ နဝမမြောက်တောင်ထွတ်တွေရဲ့ခန်းမကျယ်ကြီးတွေကို ဘယ်သူမှမသိမ်းပိုက်နိုင်သေးဘူး”

စုမင် တိတ်ဆိတ်နေဆဲပင်ဖြစ်ပြီး ဘာစကားမှပြန်မပြောခဲ့ပေ။

ထျန်းရှဲ့ကျီသည် ချပ်ပိတ်ထားသော ခန်းမကိုကျောခိုင်းလျက် သူ့ထံသို့ ဖြည်းညှင်းစွာလျှောက်လာပြီး စုမင်နှင့် ပေဒါဇင်အနည်းငယ်ခန့်အကွာ၌ ရပ်တန့်လိုက်ချေသည်။

“ငါ့တပည့်၊ မင်း ဒီနေရာကို ရောက်လာတော့ ဘယ်လိုခံစားရလဲ” ထျန်းရှဲ့ကျီကပြုံးရင်း မေးလာသည်။

“အလိမ်ခံလိုက်ရသလိုပဲ” စုမင် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ထျန်းရှဲ့ကျီ၏မျက်နှာထက်တွင် စိတ်မသက်မသာဖြစ်မှု အရိပ်အမြွက်ပင် ဖြစ်မလာခဲ့ပေ။ သူက စုမင်ကိုဘာမှပြန်မပြောပဲ ပြုံးပင်ပြုံးပြလိုက်သေး၏။

စုမင်ရင်ထဲမှဒေါသကို ချိုးနှိမ်ပြီး တည်ငြိမ်စွာမေးလိုက်သည်။ “မင်းရဲ့ တပည့်ဖြစ်လာဖို့ အဲနေ့ကလိမ်ခဲ့တာတွေနဲ့ပက်သက်ပြီး ငါစိတ်မဆိုးပါဘူး။ ဒါပေမဲ့ မာန်အကြောမျှင်တွေ၊ စွမ်းရည်တွေ၊ ရှေးဟောင်းစာလိပ်တွေနဲ့ အခြားဟာတွေကရော အမှန်တစ်ကယ်ဟုတ်ရဲ့လား”

“ဒါပေါ့။ သူတို့ကအမှန်ပဲ။ ကြည့်လေ၊ ငါက တောင်တစ်လုံးပေါ်မှာနေတယ်လို့ မင်းကိုအဲနေ့ကပြောခဲ့တယ်လေ။ ငါ အဲဒီအကြောင်းမင်းကို အခုလိမ်လို့လား၊ မလိမ်ဘူးမလား။ မင်းအဲဒါတွေကိုတွေ့ချင်ရင် အချိန်မရွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့ မင်းက အခုနေ့မှရောက်လာတာဆိုတော့ ငါ မင်းရဲ့ အစ်ကိုနှစ်နဲ့ အစ်ကိုသုံးကို သောက်ဖို့ခေါ်လိုက်ရင်ရော ဘယ်လိုလဲ”

စုမင် ထျန်းရှဲ့ကျီကိုကြည့်ကာ ရှူးရှူးရှဲရှဲပြောလိုက်သည်။ “မလိုပါဘူး။ ခွင့်ပြုတယ်ဆိုမှတော့ ကျွန်တော် အဲဒါတွေကို အခုပဲကြည့်ချင်တယ်”

“အာ... ကောင်းပြီလေ”

ထျန်းရှဲ့ကျီသည် ခဏတာ တုန့်ဆိုင်းနေပြီးနောက်မှ လေထဲကိုညာလက်ဖြင့် ဝှေ့ယမ်းလိုက်သည်။ တောင်ကြီးသည် ချက်ချင်းတုန်ခါသွားပြီး ကျောက်တုံးတံခါးတစ်ခုသည် သူ့ဘေးရှိမြေပြင်မှ မြင့်တက်ထွက်ပေါ်လာခဲ့သည်။

“ဒါက ငါ့ရတနာတွေ သိမ်းထားတဲ့နေရာပဲ။ ပထမအလွှာမှာ မာန်အကြောမျှင်တွေ သိမ်းထားတယ်။ ဒုတိယအလွှာက စွမ်းရည်ပညာရပ်တွေဖြစ်ပြီးတော့၊ တတိယအလွှာက ရှေးဟောင်းစာလိပ်တွေပဲ။ မင်းအဲဒါတွေကို တွေ့ချင်တယ်ဆိုမှတော့ ငါမင်းကိုဒီမှာ စောင့်နေပါ့မယ်”

ထျန်းရှဲ့ကျီသည် ဟန်လုပ်ကာချောင်းဟန့်လိုက်မိသည်။

“အာ...ကောင်းပြီ။ အဲဒီထဲမှာရှိတဲ့ အလွှာတစ်ခုဆီကနေ မင်းသဘောကျတဲ့ပစ္စည်းတစ်ခုစီယူလို့ရတယ်။ မင်းငါ့တပည့်ဖြစ်လာတာအတွက် လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်”

ထျန်းရှဲ့ကျီသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်တုံးတံခါးသည် ကျယ်လောင်သောမြည်ဟည်းသံများနှင့်အတူ စတင်ပွင့်ဟလာခဲ့သည်။

ခရမ်းရောင်အလင်းသည် တံခါးကိုဖြတ်လျက် တောက်ပလာခဲ့ပြီး ထိုအထဲတွင် အမှန်တစ်ကယ်အဖိုးတန်သော ရတနာမျိုးရှိနေဟန် ပေါ်နေစေသည်။

“လောဘမကြီးနဲ့။ မင်း အလွှာတစ်ခုကနေ ပစ္စည်းတစ်မျိုးပဲ ယူလို့ရတယ်”

ထျန်းရှဲ့ကျီသည် စုမင်ကိုပြုံးပြကာပြောဆိုနေချိန်တွင် ပညာရှိအဘိုးအိုတစ်ဦးသဖွယ် သူ၏အသွင်အပြင်ကို ထိန်းသိမ်းထားဆဲပင်ဖြစ်သည်။ သူ၏ရတနာများနှင့်ပက်သက်၍ အလွန်အမင်းယုံကြည်မှုရှိနေသကဲ့သို့ပင်...

ထျန်းရှဲ့ကျီ၏ ထိုကဲ့သို့အပြုအမူကိုမြင်ချိန်တွင် စုမင် အတော်အတန်ယုံကြည်လာခဲ့သော်လည်း သံသယတော့ရှိနေဆဲပင်ဖြစ်သည်။ သူသည်ကျောက်တုံးတံခါးအနီးသို့လျှောက်သွားကာ အတွင်းသို့ ဝင်ရောက်လိုက်သည်။

တည်နေရာရွှေ့ပြောင်းစဉ်အချိန်ကလိုပင် သူ့အမြင်အာရုံသည် ဝေဝါးသွားသည်ဟု ခံစားလိုက်ရသည်။ သူ့နားထဲတွင်လည်း မြည်ဟည်းသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။ ခဏအကြာတွင် ထိုအသံသည် ပျောက်ကွယ်သွားပြီး သူ့အမြင်အာရုံတို့ ရှင်းလင်းသွားသောအခါ သူ့ရှေ့တွင် ဧရာမလှိုဏ်ဂူကြီးတစ်လုံးကို မြင်လိုက်ရတော့သည်။

လှိူဏ်ဂူပတ်လည်တွင် မရေမတွက်နိုင်သော အပေါက်ငယ်လေးများစွာရှိသည်။ ထိုအပေါက်ငယ်လေးများထဲတွင် ထူးဆန်းသောမာန်အကြောမျှင်များ ရှိနေခဲ့သည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု မတူကွဲပြားဟန်ရပြီး ရာနှင့်ချီ၍ ရှိနေခဲ့လေသည်။

သို့သော် စုမင်အနီးကပ်ကြည့်လိုက်မိချိန်တွင် သူ့မျက်နှာအမူအယာသည် တစ်ဖြည်းဖြည်း ထူးဆန်းလာခဲ့ချေသည်။

“ဒါတွေက သူ့မာန်အကြောမျှင်တွေလား...”

***

All Chapters