← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

​အခန်း (၁၀၁) ဝိညာဉ်ချင်း ဆက်နွှယ်ခြင်း

ချိုင့်ဝှမ်းအတွင်းဝယ် မီးခိုးလုံးများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားလျက် ရှိ၏။ တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံများက အတွင်းသို့ ဝင်ရောက်ရာ လမ်းကြောင်းဟူသမျှကို ပိတ်ဆို့ထားကြရာ လျန်ကျန့်နှင့် အမှောင်အသူရာခန်းမမှ စစ်သည်များမှာ အပြင်ဘက်မှနေ၍ စိုးရိမ်တကြီး စောင့်ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။

​တုကျဲ၊ ​ကျောက်ချန်းနှင့် အခြားသူများသည်လည်း ချင်လဲ့အတွက် စိတ်မအေးနိုင်ကြပေမည့် မီးပင်လယ်ကြီးကို ဖြတ်ကျော်ဝင်ရောက်နိုင်စွမ်း မရှိကြသဖြင့် ချိုင့်ဝှမ်းရှိရာဘက်သို့သာ မျှော်လင့်ချက်ကင်းမဲ့စွာ စိုက်ကြည့်နေကြရတော့၏။

​ချိုင့်ဝှမ်း၏ အနားသတ်များတွင် မီးလျှံများက အရှိန်အဟုန်ဖြင့် တောက်လောင်နေဆဲ ဖြစ်သော်လည်း အတွင်းဘက်တွင်မူ ဝင်္ကပါ ပျက်စီးသွားခြင်းနှင့် အေးစက်သော စိမ့်စမ်းရေတွင်းမှ အအေးငွေ့များ ထွက်ပေါ်လာခြင်းတို့ကြောင့် မီးရှိန်မှာ အနည်းငယ် လျော့ပါးသွားပြီ ဖြစ်သည်။

​ကောင်းကင်ထက်မှ မိုးကြိုးလျှပ်စီးတို့မှာ ချင်လဲ့၏ အမိန့်ကို နာခံနေသည့်အလား ရေတံခွန်ကြီးတစ်ခုသဖွယ် သူ့အပေါ်သို့ တရစပ် စီးဆင်းကျရောက်နေ၏။

​နဂါးများကဲ့သို့ ရစ်ပတ်နေသော လျှပ်စီးတန်းများက သူ့ခန္ဓာကိုယ်တွင် တွန့်လိမ်နေကြပြီး အရိုးများ တကျွတ်ကျွတ် မြည်သံနှင့်အတူ မိုးခြိမ်းသံများကလည်း အဆက်မပြတ် ဟိန်းဟောက်နေတော့သည်။ သူ၏ သွေးကြောများ၊ ကြွက်သားမျှင်များ၊ အသားစများနှင့် သွေးစက်တိုင်းမှာ အစွန်းကုန်သော နာကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားနေကြရ၏။

​နားစည်အတွင်းဝယ် မိုးခြိမ်းသံများက တအုန်းအုန်း မြည်ဟည်းနေပြီး စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးအထိ တုန်ခါသွားစေတော့သည်။

​ကောင်းကင်မိုးကြိုးနှင့် လျှပ်စီးတို့သည် ဓားတစ်လက်ကို ထုရိုက်နေသည့် တူကဲ့သို့ပင် သူ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် သွေးပေး၊ ပွတ်တိုက်ပေးနေကြ၏။ သူ၏ ကြွက်သား၊ အရိုး၊ သွေး၊ အသားနှင့် ဝိညာဉ်တို့ကို သန့်စင်ပေးရင်း ကောင်းကင်မိုးကြိုး သန့်စင်သောခန္ဓာ အဖြစ်သို့ အမှန်တကယ် ရောက်ရှိစေရန် ကူညီပေးနေခြင်းပင် ဖြစ်ပေသည်။

​အခြားတစ်ဖက်တွင်မူ ရှဲ့ကျင်ရွှမ်သည် နက်နဲသားရဲပေါ်တွင် ထိုင်လျက်ရှိပြီး သူမ၏ ကိုယ်ပေါ်တွင် သေသေချာချာ ထုလုပ်ထားသည့် နက်မှောင်သော အကြေးခွံဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ နုနယ်လှပသော ခန္ဓာကိုယ်ကလေးမှာ တောင့်တင်းသွားရပြီး သူမ၏ ဘယ်ဘက်မျက်ဝန်း အိမ်အတွင်းဝယ် ဝိညာဉ်စုပ်သားရဲ ပင်မဝိညာဉ်၏ တံဆိပ်ပုံရိပ်မှာ ထင်ရှားပေါ်ပေါက်လာတော့သည်...။

​ဘယ်ဘက်မျက်လုံးအတွင်းရှိ ထိုပုံရိပ်နှင့် သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော ကြောက်မက်ဖွယ် မျက်နှာဖုံးကြီးတို့ကြောင့် သူမသည် ဤအချိန်တွင် အင်မတန်မှ ယုတ်မာသော မိစ္ဆာမတစ်ဦးကဲ့သို့ ထင်မှတ်ရပေသည်။

​“ထွက်သွားစမ်း”

​သူမ၏ အေးစက်လှသော အသံအတွင်းဝယ် စိုးရိမ်စိတ်နှင့် ဒေါသတို့ ရောယှက်နေပေသည်။ အနက်ရောင် မီးခိုးမျှင်ကလေးများသည် သူမ၏ ခန္ဓာကိုယ်အတွင်းမှနေ၍ နူးညံသော အပ်ချည်မျှင်များကဲ့သို့ တိတ်တဆိတ် ပျံထွက်လာကြပြီး သူမကို လုံးဝ ထိန်းချုပ်နိုင်ရန်အတွက် ခန္ဓာကိုယ်တစ်ခုလုံးအား ရစ်ပတ်ရန် ကြိုးစားနေကြတော့၏။

​နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပနေသော သူမ၏ ညာဘက် လက်မောင်းအောက်ပိုင်းကို ထိုအနက်ရောင် အမျှင်တန်းကလေးများက ရစ်ပတ်ထားကြရာ ကြည့်ရသည်မှာ သူမ၏ လက်မောင်းပေါ်တွင် မကောင်းဆိုးဝါး ဆေးမင်ကြောင်တစ်ရုပ် ရေးထိုးထားသည့်အလားပင်။

​သူမ၏ ဘယ်ဘက်မျက်ဝန်းရှိ ဝိညာဉ်စုပ်သားရဲ၏ ပုံရိပ်မှာ တဖြည်းဖြည်းနှင့် ဝေဝါးမှု ကင်းစင်လာပြီး သူမ၏ အသိစိတ်ကို တစ်စထက်တစ်စ ပိုမို သိမ်းပိုက်လာတော့၏။

​“ချင်လဲ့” ရှဲ့ကျင်ရွှမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။ သူမ၏ ကြည်လင်လှသော ညာဘက်မျက်ဝန်းအတွင်းဝယ် အေးစက်သော အလင်းတန်းတစ်စ ဖြတ်ပြေးသွားပြီး ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်တွင် စွဲမြဲစွာ ကျရောက်နေပေသည်။ “အခုချက်ချင်း လာခဲ့။ မြန်မြန်... ငါ့နားကို လာခဲ့။ ဝိညာဉ်စုပ်သားရဲရဲ့ ပင်မဝိညာဉ်ဟာ ငါ့ရဲ့ ဝိညာဉ်လက်နက်ကတစ်ဆင့် ငါ့ကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာပြီ။ အခုချက်ချင်းလာပြီး ကောင်းကင်မိုးကြိုးနဲ့ ငါ့ကို တိုက်ခိုက်စမ်း၊ လုံးဝ လက်တွန့်မနေနဲ့”

​ချင်လဲ့သည် ဝိညာဉ်စုပ်သားရဲ၏ ပင်မဝိညာဉ်မှာ အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသည်အား တွေးတောနေဆဲမှာပင် သူမ၏ စကားကို ကြားလိုက်ရသဖြင့် အခြေအနေအား ချက်ချင်း သဘောပေါက်သွားတော့၏။

​ဤအချိန်တွင် ကောင်းကင်ယံမှ လျှပ်စီးတန်းများမှာ ယခင်အတိုင်းပင် အဆက်မပြတ် ဆင်းသက်နေဆဲ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကာ သူ၏ အရိုး၊ ကြွက်သား၊ သွေးကြောနှင့် အသားမျှင်များကို သန့်စင်ရန်အတွက် ရူးသွပ်စွာ လှုပ်ရှားနေကြပေသည်။

​နာကျင်မှုဝေဒနာမှာ သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးအထိ တိုက်ရိုက် ရောက်ရှိနေသော်လည်း သူသည် ထိုဝေဒနာကို အောင့်အည်းသည်းခံကာ အသိတရား မလွတ်သွားအောင် ထိန်းထားနိုင်ဆဲ ဖြစ်ပေသည်...။

​သူသည် သူမ ပြောသည့်အတိုင်း ရှဲ့ကျင်ရွှမ်ရှိရာသို့ လျှောက်လှမ်းသွားတော့၏။

​“မြန်မြန်လုပ်။ ငါ... ငါ ဒါကို ကြာကြာ ထိန်းမထားနိုင်တော့ဘူး” ရှဲ့ကျင်ရွှမ်က အော်ဟစ်လိုက်ရပြန်သည်။ သူမ၏ ညာဘက်မျက်ဝန်းရှိ အလင်းရောင်မှာ မှိန်ဖျော့လာနေပြီး ဘယ်ဘက်မျက်ဝန်းရှိ ဝိညာဉ်စုပ်သားရဲ၏ ပုံရိပ်မှာ ပိုမို ထင်ရှားလာနေခဲ့ပြီ ဖြစ်သည်။

​သူ၏ ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ တိုက်ခိုက်နေသော ကောင်းကင်မိုးကြိုးများအား အောင့်အည်းခံရင်း ချင်လဲ့သည် အံကို တင်းတင်းကြိတ်ကာ ခြေလှမ်းအား အရှိန်မြှင့်လိုက်ရာ နောက်ဆုံးတွင် ရှဲ့ကျင်ရွှမ်၏ အနားသို့ ရောက်ရှိသွားတော့၏။

​“ခင်ဗျားကို ကောင်းကင်မိုးကြိုးနဲ့ တိုက်ခိုက်ဖို့ တကယ်ပဲ လိုလားတာလား” ချင်လဲ့က ရုတ်တရက် တုံ့ဆိုင်းလျက် မေးလိုက်မိသည်။

​“တကယ်လို့ နင်က ဝိညာဉ်စုပ်သားရဲကို ငါ့ခန္ဓာကိုယ်ကို အသုံးချပြီး ထွက်ပြေးခွင့် ပေးချင်တယ်ဆိုရင် နောက်နောင်အတွက် ဘေးအန္တရာယ်တွေကို ချန်ထားခဲ့ချင်တယ်ဆိုရင်တော့ နင် ဒါကို လုပ်စရာ မလိုဘူး” ရှဲ့ကျင်ရွှမ်၏ လေသံမှာ အားအင်ကုန်ခမ်းနေသည့်အလား ထွက်ပေါ်လာသည်။ “မဟုတ်ရင်တော့ နင့်ရဲ့ စွမ်းအား အားလုံးကို သုံးပြီး သူ့ရဲ့ ဝိညာဉ်ကို သုတ်သင်ရမယ်။ သူ့ကို အပြီးတိုင် ဖျက်ဆီးပစ်ရမယ်”

​“တခြားနည်းလမ်းတွေ အရင်စမ်းကြည့်ရအောင်” ချင်လဲ့က ခေါင်းကို မော့လျက် ပြောလိုက်သည်။ သူသည် သူ၏ စိတ်အာရုံကို စုစည်းကာ မိုးကြိုးများအား ရှဲ့ကျင်ရွှမ်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် မကျရောက်အောင် တားဆီးလိုက်ပြီး ချက်ချင်းပင် ဆိုလိုက်သည်။ “ခင်ဗျားရဲ့ လက် ကျွန်တော့်ကို ပေး။ ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်ထားပါရစေ”

​“ငါ... ငါ မလှုပ်နိုင်တော့ဘူး” ရှဲ့ကျင်ရွှမ်က တစ်စထက်တစ်စ ပိုမို အားနည်းစွာ ဖြေကြားလိုက်၏။

​ချင်လဲ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် မည်သို့မျှ တုံ့ဆိုင်းမနေတော့ပေ။ သူသည် မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းနေသော လက်နှစ်ဖက်ကို တစ်ပြိုင်နက်တည်း ဆန့်ထုတ်လိုက်ကာ ရှဲ့ကျင်ရွှမ်ကို နက်နဲသားရဲပေါ်မှ မ,ယူလိုက်ပြီးနောက် သူမ၏ နုနယ်ဝင်းပသော လက်ကလေးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တော့၏။

​“ဖျစ်... ဖျစ်... ဖြန်း”

​သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော ပြင်းထန်လှသော လျှပ်စစ်စီးကြောင်းများသည် မိုးခြိမ်းသံများနှင့်အတူ သူ၏ လက်နှစ်ဖက်မှတစ်ဆင့် ရှဲ့ကျင်ရွှမ်၏ လက်မောင်းများဆီသို့ ရူးသွပ်စွာ စီးဝင်သွားတော့သည်။

​ချက်ချင်းပင် ရှဲ့ကျင်ရွှမ်၏ လက်နှစ်ဖက်ပေါ်တွင် လျှပ်စီးများ တဖျတ်ဖျတ် တောက်ပလာပြီး ကောင်းကင်မိုးကြိုး၏ စွမ်းအင်များသည် ကမ်းပါးပြိုကျသွားသော မြစ်ရေကဲ့သို့ပင် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် စီးဝင်သွားတော့၏။

​ရှဲ့ကျင်ရွှမ်၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် တစ်ရှိန်ထိုး တုန်ခါသွားရပြီး နက်မှောင်သော အကြေးခွံဝတ်စုံအတွင်းမှနေ၍ လျှပ်စီးကြောင်းလေးများ စိမ့်ထွက်လာတော့သည်။

​“ဖျစ်... ဂျိန်း... ထောက်”

​သူမ၏ တစ်ကိုယ်လုံးကို နွယ်ပင်များကဲ့သို့ ရစ်ပတ်ထားသော အနက်ရောင် ဝိညာဉ်မျှင်တန်းကလေးများသည် မိုးကြိုးလျှပ်စီးများ၏ တိုက်ခိုက်မှုအောက်တွင် ရုတ်တရက်ပင် ပျတ်တောက်ကုန်ကြတော့၏။

​ရှဲ့ကျင်ရွှမ်၏ လက်မောင်းများနှင့် လည်ပင်းပေါ်ရှိ အရေပြားများမှာလည်း ပြန်လည်၍ နှင်းကဲ့သို့ ဖြူစင်လာပြန်သည်။

​အလင်းရောင် ကွယ်ပျောက်တော့မည့် သူမ၏ မျက်ဝန်းမှာလည်း သူမ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနေသော မိုးကြိုးဒဏ်ကို အောင့်အည်းခံရင်း အလင်းတန်းများ ပြန်လည် တောက်ပလာတော့၏။ သူမသည် ကောင်းကင်မိုးကြိုး စွမ်းအင်၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်လိုက်ပြီး သူမ၏ စိတ်အာရုံအတွင်းသို့ တိုက်ရိုက် ဦးတည်စေလိုက်ပေသည်။

​“ဝုန်း...”

​မိုးကြိုးစွမ်းအင်မှာ သူမ၏ စိတ်အာရုံအတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် လေးလံလှသော သံခြေကျင်းကြီးများ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားသည့်အလား သူမသည် ရုတ်တရက် တည်ငြိမ်သွားတော့၏။

​တစ်ဟုန်ထိုး စီးဝင်လာသော မိုးကြိုးစွမ်းအင်၏ အတိုက်ခံရမှုကြောင့် သူမ၏ စိတ်အာရုံ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်နေသော ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်မှာ ဆက်လက်၍ ပုန်းကွယ်မနေနိုင်တော့ဘဲ ယုတ်မာလှသော စိတ်အာရုံများအား ရူးသွပ်စွာ ထုတ်လွှတ်ကာ သူမ၏ ဝိညာဉ်ကို အသည်းအသန် တိုက်ခိုက်လေတော့သည်။

​ရှဲ့ကျင်ရွှမ်၏ မျက်လုံးများအတွင်း၌ မည်သို့မျှ မတတ်နိုင်တော့သည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့၏။

​ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို ခံလိုက်ရသည့်အလား သူမသည် သတိလစ်တစ်ချက်၊ မလစ်တစ်ချက်ဖြင့် ရေရွတ်နေတော့သည်။ “အဖေ... မလုပ်ပါနဲ့၊ သမီးကို ထားမသွားပါနဲ့၊ သမီး ကြောက်တယ်၊ သမီး ကြောက်တယ်...”

​ထိုအချိန်တွင် ချင်လဲ့၏ မျက်ခုံးနှစ်ခုအကြားရှိ ဝိညာဉ်နှိမ်နင်းခြင်းပုတီးစေ့မှာ ရုတ်တရက်ပင် အလင်းတန်းများ တောက်ပလာပြီး ရှဲ့ကျင်ရွှမ်၏ မျက်လုံးများအတွင်းသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားတော့၏။ ထိုပုတီးစေ့အတွင်းမှ ထူးဆန်းလှသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာတော့သည်...။

​မည်းနက်လှသော ဝိညာဉ်မျှင်တန်းတစ်စမှာ ရှဲ့ကျင်ရွှမ်၏ ဘယ်ဘက်မျက်လုံးအတွင်းမှ စုပ်ယူခြင်း ခံလိုက်ရပြီး ထိုအမျှင်တန်းမှာ ချင်လဲ့၏ မျက်ခုံးအကြားရှိ ပုတီးစေ့နှင့် ဆက်သွယ်သွားတော့၏။

​တစ်ခုပြီးတစ်ခု၊ တစ်မျှင်ပြီးတစ်မျှင်၊ ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်မှာ ရှဲ့ကျင်ရွှမ်၏ စိတ်အာရုံအတွင်းမှ တိုက်ရိုက် ဆွဲထုတ်ခြင်းကို ခံလိုက်ရပေသည်။

​ဝိညာဉ်နှိမ်နင်းခြင်းပုတီးစေ့၏ အလင်းရောင်မှာလည်း ရုတ်တရက်ပင် အဆပေါင်းများစွာ ပိုမို တောက်ပလာတော့၏။

​ထိုအချိန်မှာပင် ချင်လဲ့နှင့် ရှဲ့ကျင်ရွှမ်တို့အကြား၌ ဝိညာဉ်ချင်း ဆက်နွှယ်မှု တစ်ခု ဖြစ်ပေါ်သွားဟန် ရှိပေသည်။

​ချင်လဲ့သည် ရှဲ့ကျင်ရွှမ်၏ စိတ်အာရုံအတွင်းသို့ ရောက်ရှိသွားသည့်အလား သူမ၏ မှတ်ဉာဏ် အနက်ရှိုင်းဆုံးတွင် ဝှက်ကွယ်ထားသော အဖြစ်အပျက်တစ်ခုကို မြင်တွေ့လိုက်ရ၏။ ၎င်းမှာ အလွန်ပင် လေးနက်လှသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်...။

​၎င်းမှာ နေ၊ လ နှင့် ကြယ်များ ကင်းစင်နေသော နက်မှောင်နီရဲလှသည့် ကောင်းကင်ကြီးတစ်ခုပင်။ လေးလံထိုင်းမှိုင်းပြီး တိတ်ဆိတ်လှသော ထိုလေထုမှာ မည်သူ့ကိုမဆို ရူးသွပ်သွားစေနိုင်လောက်ပေသည်။

​နီရဲနေသော မြေပြင်ပေါ်တွင် မြက်တစ်ပင် ပင် မတွေ့ရပေ။ အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ တောင်ကတုံးများကိုသာ မြင်တွေ့ရပြီး တောင်တန်းများအကြားတွင် ကြီးမားလှသော လူရိုးစုများနှင့် သားရဲရိုးစုများမှာ ပြန့်ကျဲနေကြ၏။ အရိုးအတော်များများမှာ ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး ဆွေးမြည့်နေကြပြီ ဖြစ်ရာ ထိုတောင်တန်းများမှာ နှစ်ပေါင်းသောင်းချီ၍ လူသူကင်းမဲ့နေခဲ့သည့်အလားပင်။

​ထူးဆန်းလှသော တစ္ဆေငှက် သဏ္ဌာန် ဝိညာဉ်သားရဲများမှာ ခြောက်ကပ်လှသော ကောင်းကင်ယံတွင် ပျံဝဲနေကြပြီး သူတို့၏ အော်မြည်သံများမှာ ကမ္ဘာပျက်တော့မည့် ခေါင်းလောင်းသံကြီးများကဲ့သို့ ဟိန်းထွက်နေပေသည်။

​ဖြူဖွေးနေသော ဝိညာဉ်သားရဲရိုးစုများ၏ အလယ်တွင်မူ စစ်ဝတ်စုံအား ဝတ်ဆင်ထားပြီး ဓားတိုတစ်လက်ကို ကိုင်ဆောင်ထားသော လှပလှသည့် မိန်းကလေးငယ်တစ်ဦး ရှိနေပေသည်။ သူမ၏ သေးငယ်လှသော ခန္ဓာကိုယ်ကလေးမှာ အနည်းငယ် တုန်ခါနေပြီး သူမ၏ ကြည်လင်လှသော မျက်ဝန်းများအတွင်းမှ မျက်ရည်များ စီးကျနေ၏။ သူမသည် ငိုရှိုက်သံများကို မထိန်းနိုင်တော့ဘဲ တောင်းပန်နေတော့သည်။ “အဖေ... မလုပ်ပါနဲ့၊ သမီးကို ထားမသွားပါနဲ့။ သမီး ကြောက်တယ်၊ သမီး ကြောက်တယ်...”

​“ကျင်ရွှမ်... ဘယ်သူမှ နင့်ကို မကူညီနိုင်ဘူး၊ နင် ကိုယ့်ဘာသာကိုယ်ပဲ အသက်ရှင်အောင် ကြိုးစားရမယ်” သန်မာထွားကြိုင်းပြီး စွမ်းအားကြီးမားပုံရသော ယောက်ျားကြီးတစ်ဦးသည် မိန်းကလေးငယ်ကို ကျောခိုင်းလျက် တဖြည်းဖြန်း လျှောက်လှမ်းသွားပေသည်။ ထိုယောက်ျားကြီးသည် နောက်သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ အေးစက်စွာပင် ဆိုလိုက်သည်။ “တကယ်လို့ နင်က အနောက်ပိုင်း စစ်မြေပြင်ရဲ့ ပထမ အဆင့်ကိုတောင် မကျော်လွှားနိုင်ဘူးဆိုရင် ဒီမှာတင် သေလိုက်တော့၊ ဘယ်တော့မှ ပြန်မလာနဲ့တော့”

​မိန်းကလေးငယ်၏ ခါးသီးလှသော အသနားခံမှုများကို လျစ်လျူရှုကာ ထိုယောက်ျားကြီးသည် ပျောက်ကွယ်သွားသည်အထိ တရွေ့ရွေ့ လျှောက်လှမ်းသွားလေတော့သတည်း။

​ထိုယောက်ျားကြီး ပျောက်ကွယ်သွားပြီးနောက် ဓားတိုတစ်လက်ကို ကိုင်ထားသော မိန်းကလေးငယ်မှာ အားကိုးရာမဲ့စွာဖြင့် ထိုနေရာတွင် ထိုင်ချလျက် ရှိုက်ကြီးတငင် ငိုနေတော့၏။

​ထိုငိုရှိုက်သံများကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဆူးများ ဖုံးလွှမ်းနေသော ကြောက်မက်ဖွယ်ကောင်းလှသည့် ဝိညာဉ်သားရဲတစ်ကောင် ရောက်ရှိလာတော့သည်။ ထိုသားရဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းသည် သွေးအလိမ်းလိမ်း ပေနေသော ပါးစပ်ကြီးကို ဖြဲလိုက်ပြီး သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကို ဝါးမြိုရန် အသင့်ပြင်လိုက်တော့၏။

​သူမ၏ မျက်လုံးများမှာ နီရဲနေဆဲ ဖြစ်ပြီး ငိုနေဆဲ ဖြစ်သော်လည်း ထိုမိန်းကလေးငယ်သည် သူမ၏ ဓားတိုကို ကိုင်စွဲကာ ထိုဝိညာဉ်သားရဲအား အပြင်းအထန် တိုက်ခိုက်လေတော့သည်။

​နောက်ဆုံးတွင်တော့ သူမ အနိုင်ရရှိခဲ့ပေသည်။

​သူမ၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် ရွှဲရွှဲစိုနေပေသည်။ အချို့မှာ ဝိညာဉ်သားရဲ၏ သွေးများ ဖြစ်ပြီး အချို့မှာ သူမကိုယ်တိုင်၏ သွေးများပင်။ သူမသည် ထိုဝိညာဉ်သားရဲ၏ အလောင်းဘေးတွင် အကြာကြီး ထိုင်နေမိတော့၏။

​သူမသည် အလွန်ပင် ဆာလောင်နေပေသည်။ မူးဝေလာသည်အထိ ဆာလောင်နေသော်လည်း သူမ၏ အဖေမှာ သူမအတွက် စားစရာ တစ်ခုမျှပင် ချန်မထားခဲ့သလို မီးမွှေးရန် ကျောက်တုံးများပင် ချန်မထားခဲ့ပေ။

​သူမသည် သူမ ဘေးရှိ ဝိညာဉ်သားရဲ၏ အလောင်းကို ကြည့်လိုက်၏။ ထို့နောက် သူမသည် ငိုယိုရင်းပင် ဓားတိုကို အသုံးပြုကာ ထိုသားရဲ၏ ခန္ဓာကိုယ်မှ အသားတစ်စကို လှီးဖြတ်လိုက်တော့သည်။ သူမသည် အံကို တင်းတင်းကြိတ်ကာ ထိုအသားစိမ်းများကို အတင်းအကြပ် ဝါးစားနေတော့သည်...။

​ဤနေရာတွင်ပင် မြင်ကွင်းမှာ ရုတ်တရက် အဆုံးသတ်သွားတော့၏။

​ချင်လဲ့သည် သတိပြန်ဝင်လာခဲ့ပြီးနောက် ရှဲ့ကျင်ရွှမ်၏ မျက်လုံးများအတွင်းမှ အနက်ရောင် ဝိညာဉ်မျှင်တန်းများ ပျံထွက်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသော်လည်း ဝိညာဉ်နှိမ်နင်းခြင်းပုတီးစေ့မှာမူ ပြန်လည် ပုန်းကွယ်သွားခဲ့ပြီ ဖြစ်သည်။

​ရှဲ့ကျင်ရွှမ်၏ မျက်လုံးများမှာ မှိတ်ထားဆဲ ဖြစ်ပြီး သူမ၏ လက်များမှာလည်း ချင်လဲ့၏ လက်ထဲတွင် ရှိနေဆဲပင်။ သူမမှာ သတိမေ့မြောနေဟန် ရှိပေသည်။

​ချိုင့်ဝှမ်းကို ဝန်းရံထားသော ပြင်းထန်လှသည့် မီးလျှံများမှာ ယခင်အတိုင်းပင် တောက်လောင်နေဆဲ ဖြစ်ပြီး ကောင်းကင်ယံမှ မိုးကြိုးလျှပ်စီးများမှာလည်း ချင်လဲ့အပေါ်သို့ ဆင်းသက်နေဆဲ ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစွမ်းအင်များမှာလည်း သူ၏ အသားစများနှင့် အရိုးများကို သန့်စင်ရန် ဆက်လက် လုပ်ဆောင်နေကြဆဲပင်။

​သူသည် ထိုအကြောင်းအရာများကို ခေတ္တမျှ မတွေးတောတော့ဘဲ ရှဲ့ကျင်ရွှမ်နှင့် အနည်းငယ် ခွာလိုက်ပြီးနောက် ထိုင်ချလိုက်တော့၏။

​သူသည် တရားမှတ်သကဲ့သို့ ငြိမ်သက်စွာ ထိုင်လိုက်ပြီးနောက် ကောင်းကင်မိုးကြိုး နှိမ်နင်းခြင်း ကျင့်စဉ်ကို စတင် အသက်သွင်းလိုက်ရာ ကောင်းကင်ယံမှ မိုးကြိုးစွမ်းအင်များကို ဆွဲဆောင်လိုက်ပြီး သူ၏ ကြွက်သားနှင့် သွေးကြောများအတွင်း၌ ရူးသွပ်စွာ စီးဆင်းစေတော့သည်။ ထိုသို့ဖြင့် ကောင်းကင်ယံ ကိုးထပ်မှ မိုးကြိုးလျှပ်စီး စွမ်းအင်များကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို ကောင်းကင်မိုးကြိုး သန့်စင်သောခန္ဓာ အဖြစ်သို့ ပြောင်းလဲရန် အစွမ်းကုန် ကြိုးစားနေတော့၏။

​သူသည် စိတ်အာရုံ အားလုံးကို ထိုနေရာတွင်သာ စုစည်းထားပေသည်။

​အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​မည်မျှ ကြာသွားသည်မသိ... ကောင်းကင်ယံမှ မိုးကြိုးလျှပ်စီးများမှာ ပျောက်ကွယ်သွားခဲ့ပြီး နက်မှောင်သော တိမ်တိုက်များလည်း လွင့်စင်သွားကာ ကြည်လင်လှသော လမင်းကြီးမှာ ကောင်းကင်တွင် ပြန်လည် ပေါ်ထွန်းလာတော့၏။

​ချိုင့်ဝှမ်းအတွင်းရှိ မီးလျှံများမှာလည်း ငြိမ်းသတ်သွားခဲ့ပြီ ဖြစ်သည်။ အပြင်ဘက်တွင်မူ ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားများ ထည့်သွင်းထားသော ကြက်သွေးရောင် ကျောက်တိုင်များကြောင့် မီးများမှာ ဆက်လက် တောက်လောင်နေဆဲပင်။

​ချိုင့်ဝှမ်းအပြင်ဘက်တွင်မူ လျန်ကျန့်နှင့် အမှောင်အသူရာခန်းမမှ စစ်သည်များမှာ ချိုင့်ဝှမ်းအတွင်းမှ အခြေအနေများကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေကြ၏။

​တုကျဲ၊ ကျောက်ချန်းနှင့် အခြားလူများသည်လည်း ချင်လဲ့၏ အခြေအနေကို သိရှိလိုသဖြင့် အသည်းအသန် စောင့်ဆိုင်းနေကြပေသည်။ သို့သော်လည်း မီးများမှာ လုံးဝ မငြိမ်းသေးသဖြင့် သူတို့မှာ အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိကြပေ။

​သူတို့မှာ မတတ်နိုင်ဘဲ စောင့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။

​အချိန်အတန်ကြာ ထပ်မံ ကုန်ဆုံးသွားပြန်၏။ အေးစက်သော စိမ့်စမ်းရေတွင်းမှ အအေးငွေ့များကြောင့် ချင်လဲ့နှင့် ရှဲ့ကျင်ရွှမ်တို့၏ ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ပိုမို၍ ကျဆင်းလာတော့သည်။

​ထိုအအေးဒဏ်ကြောင့်ပင် ဖြစ်နိုင်သည်။ ရှဲ့ကျင်ရွှမ်သည် ပထမဆုံး နိုးလာခဲ့၏။ သူမသည် ကြည်လင်လှသော ရေကန်တစ်ကန်ကဲ့သို့ လှပလှသော မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် သူမ ရှေ့တွင် ထိုင်နေသော ချင်လဲ့အား လှမ်းကြည့်လိုက်တော့၏။

​ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးတန်းများမှာ စုစည်းနေကြပြီး မိုးခြိမ်းသံများမှာလည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည်။ ကြည့်ရသည်မှာ သူသည် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အပြင်းအထန် ကျင့်ကြံနေသည့်အလားပင်။

​ဝိညာဉ်စုပ်သားရဲမှာလည်း အသက်ပျောက်သွားသည်မှာ ကြာပြီ ဖြစ်ပြီး ချိုင့်ဝှမ်းအတွင်းရှိ မီးလျှံများမှာလည်း လုံးဝ ငြိမ်းသွားခဲ့ပြီ ဖြစ်ပေသည်။ အပြင်ဘက် မီးဝင်္ကပါရှိ မီးများသာ ဆက်လက် တောက်လောင်နေကြခြင်း ဖြစ်ပေသည်။

​သူမသည် ချင်လဲ့ကို စိုက်ကြည့်ရင်း စဉ်းစားနေမိရာ သူမ၏ မှတ်ဉာဏ်များမှာ တဖြည်းဖြည်း ပြန်လည် ပေါ်ပေါက်လာပြီး သူမ၏ အမူအရာမှာလည်း တစ်စထက်တစ်စ ပိုမို ရှုပ်ထွေးလာတော့၏။

​ခေတ္တမျှ ကြာပြီးနောက် သူမသည် သေးငယ်သွားသော သူမ၏ တံစဉ်ကြီးကို ပွတ်သပ်ကြည့်လိုက်ရာ အရာအားလုံး ပုံမှန်ဖြစ်နေကြောင်း သိလိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိတော့၏။

​ထို့နောက်တွင် သူမသည် သူမ၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ သူမသည် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး သူမ၏ ကြွက်သားနှင့် သွေးကြောတိုင်းမှာလည်း ရောင်ရမ်းနေခဲ့ရာ ကြည့်ရသည်မှာ ထိုအရာများမှာ ဆွဲဆန့်ခံထားရသည့်အလားပင်။

​သူမသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီးနောက် ချင်လဲ့ကဲ့သို့ပင် ငြိမ်သက်စွာ ထိုင်လိုက်၏။ ထို့နောက် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဝါးစားလိုက်ပြီးနောက် သူမ၏ ခွန်အားများကို အမြန်ဆုံး ပြန်လည် ရရှိစေရန်အတွက် ခန္ဓာကိုယ်အား ပြန်လည် ပြုပြင်နေတော့၏။

​လမင်းကြီးမှာ ပုန်းကွယ်သွားပြီး နေမင်းကြီး ထွက်ပေါ်လာသည့်အခါ ချိုင့်ဝှမ်းအပြင်ဘက်ရှိ မီးလျှံများမှာလည်း လုံးဝ ငြိမ်းသတ်သွားခဲ့ပြီ ဖြစ်ပေသည်။

​လျန်ကျန့်၊ တုကျဲ၊ နာနော့၊ ရှုံ့ပါးနှင့် အခြားလူများမှာ မီးလောင်ကျွမ်းထားသော ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လာကြပြီး အေးစက်သော စိမ့်စမ်းရေတွင်းရှိရာ ဗဟိုချက်သို့ ရောက်ရှိလာကြတော့၏။ ချက်ချင်းပင် သူတို့သည် ရှဲ့ကျင်ရွှမ်နှင့် ချင်လဲ့ကို မြင်တွေ့လိုက်ရပေသည်။

​သူတို့ နှစ်ယောက်လုံးမှာ မျက်လုံးများကို ပိတ်ထားကြပြီး ဆယ်မီတာခန့် အကွာအဝေးတွင် မျက်နှာချင်းဆိုင် ထိုင်နေကြလျက် မိမိတို့၏ စိတ်အာရုံကို တည်ငြိမ်အောင် ပြုလုပ်နေကြဟန် ရှိပေသည်။

​ဝိညာဉ်စုပ်သားရဲ၏ အလောင်းကြီးမှာမူ အေးစက်သော စိမ့်စမ်းရေတွင်း ဘေးတွင် အသက်မဲ့စွာ လဲလျောင်းနေပေသည်။ ၎င်းသည် သေဆုံးသွားသည်မှာ ကြာပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။ အကြောင်းမှာ ၎င်း၏ ဝိညာဉ်အပိုင်းအစများမှာ ချိုင့်ဝှမ်းအတွင်းဝယ် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ခြင်းကြောင့်ပင် ဖြစ်လေတော့သည်။

အခန်း (၁၀၂) ပထမဆုံး ဝိညာဉ်နန်းတော်

ချိုင့်ဝှမ်းအတွင်းဝယ် မီးတောက်မီးလျှံဟူ၍ အစအနမျှပင် မကျန်တော့ပေ။

​လျန်ကျန့်၊ တုကျဲ၊ နာနော့၊ ရှုံ့ပါးနှင့် အခြားလူအားလုံးမှာ ရှဲ့ကျင်ရွှမ်နှင့် ချင်လဲ့ကို ဝိုင်းရံထားကြပြီး သူတို့နှစ်ဦးကို ဝေခွဲမရသော အမူအရာများဖြင့် စိုက်ကြည့်နေကြ၏။

​မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို သူတို့ လုံးဝ မသိရှိကြသဖြင့် ဝိညာဉ်စုပ်သားရဲမှာ အမှန်တကယ် သေဆုံးသွားပြီလား သို့မဟုတ် လုံးဝ ကွယ်ပျောက်သွားပြီလား ဆိုသည်ကို မည်သူမျှ အတည်မပြုဝံ့ကြပေ။ ထို့ကြောင့် လူတိုင်း၏ မျက်နှာတွင် လေးလံထိုင်းမှိုင်းမှုများ အထင်အသား ပေါ်နေတော့သည်။

​“ပန်းဟုန်... ဝိညာဉ်စုပ်သားရဲရဲ့ အလောင်းကို သွားစစ်ဆေးကြည့်စမ်း။ ထူးခြားတာရှိရင် ချက်ချင်းပြော” လျန်ကျန့်က အမိန့်ပေးလိုက်၏။

​ပန်းဟုန်နှင့် အမှောင်အသူရာခန်းမမှ စစ်သည် သုံးဦးမှာ မိမိတို့၏ ဝိညာဉ်လက်နက်များအား ထုတ်ယူကာ စိတ်စွမ်းအားများကို ပြန်လည် စုစည်းလိုက်ကြပြီးနောက် ဝိညာဉ်စုပ်သားရဲ၏ ဘေးသို့ သွားကာ ၎င်း၏ ဦးခေါင်းအား ခွဲထုတ်ပြီး အသေအချာ စစ်ဆေးကြတော့သည်။

​“ဆရာကြီးလျန်... ဝိညာဉ်စုပ်သားရဲက သေသွားပါပြီ” အတော်ကြာပြီးနောက် ပန်းဟုန်က ကျယ်လောင်စွာ အစီရင်ခံလိုက်သည်။ “မိုးကြိုးဒဏ်ကြောင့် ကြေမွနေတဲ့ သူ့ရဲ့ ဦးခေါင်းထဲမှာ အသက်ရှင်တဲ့ အရိပ်အယောင် လုံးဝ မရှိတော့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ပင်မဝိညာဉ်ကတော့ မရှိတော့ဘူးဗျ၊ ဒီကောင်က ထွက်ပြေးသွားနိုင်တာလား ဆိုတာတော့ ကျွန်တော် မသိဘူး”

​လျန်ကျန့်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဆိုလိုက်သည်။ “မနေ့က သခင်မလေး ပြောခဲ့တာတော့ ဝိညာဉ်စုပ်သားရဲက အဆင့်တက်လှမ်းဖို့ကို လက်လွှတ်လိုက်ပြီတဲ့။ ဒါကြောင့် သူက လွတ်မြောက်သွားခဲ့ရင်တောင်မှ ကြီးမားတဲ့ ဘေးအန္တရာယ်တွေကိုတော့ ဆက်ပြီး မဖန်တီးနိုင်တော့ပါဘူး”

​လူတိုင်းပင် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကြတော့၏။

​“ဒီလိုဆိုရင်တော့ တော်သေးတာပေါ့၊ တော်သေးတာပေါ့...” နာနော့၏ တင်းမာနေသော အာရုံကြောများလည်း ပြေလျော့သွားပြီး ဝိညာဉ်စုပ်သားရဲ၏ အလောင်းကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူမသည် ရှဲ့ကျင်ရွှမ်နှင့် ချင်လဲ့ကို ကြည့်လျက် မေးလိုက်သည်။ “သူတို့နှစ်ယောက်ရော ဘာမှမဖြစ်ဘူး မဟုတ်လား”

​“ငါ အဆင်ပြေပါတယ်။” ရှဲ့ကျင်ရွှမ်က ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ ဆိုလိုက်၏။

​သူမ၏ နက်မှောင်သော အကြေးခွံဝတ်စုံမှနေ၍ အနက်ရောင် အလင်းလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာတော့သည်။ သူမ၏ ပခုံး၊ ခါးနှင့် ခြေထောက်များကို ဖုံးလွှမ်းထားသော အကြေးခွံဝတ်စုံ အစိတ်အပိုင်းများမှာ တစ်ချပ်ချင်းစီ ကွာကျလာပြီး သူမ၏ လက်စွပ်အတွင်းသို့ ပျံဝင်သွားကြ၏။

​ဝတ်စုံကြီး ကွယ်ပျောက်သွားသည့်အခါ ကိုယ်ကျပ် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သူမ၏ ခန္ဓာကိုယ်မှာ အင်မတန်မှ ကြော့ရှင်းလှပနေတော့သည်။

​သူမသည် ကြောက်မက်ဖွယ်ကောင်းလှသော မျက်နှာဖုံးကြီးကို ချွတ်လိုက်ရာ နုနယ်ပြီး အနည်းငယ် ဖြူဖျော့နေသော သူမ၏ မျက်နှာကလေးမှာ ပိုမို၍ ဆွဲဆောင်မှုရှိကာ မြင်ရသူအပေါင်းကို ကြင်နာသနားစိတ် ဖြစ်ပေါ်စေတော့၏။

​“ဝိညာဉ်စုပ်သားရဲရဲ့ ပင်မဝိညာဉ်ကိုတော့ သုတ်သင်နိုင်ခဲ့ပြီလို့ ယူဆရတယ်” သူမသည် ချင်လဲ့ကို ကြည့်လိုက်ပြီးနောက် မရေမရာ အမူအရာဖြင့် ဆိုလိုက်သည်။ “ချင်လဲ့ကတော့ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ထဲကို ဝင်ရောက်တော့မယ့်ပုံပဲ။ သူက အခု ပထမဆုံး ဝိညာဉ်နန်းတော်ကို တည်ဆောက်နေတဲ့ အရေးကြီးဆုံး အချိန်ကို ရောက်နေတာ။ သူသာ သူ့ရဲ့ ဝိညာဉ်ပင်လယ်ထဲမှာ ဝိညာဉ်နန်းတော်ကို တည်ဆောက်ပြီးသွားရင် နိုးလာပါလိမ့်မယ်”

​“ဝိညာဉ်ပေါက်ဖွားခြင်း အဆင့် ဟုတ်လား”

​လူတိုင်း၏ မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်သွားပြီး သူတို့၏ အကြည့်များမှာ ချင်လဲ့ဆီသို့ ရောက်သွားကြတော့၏။ လူတိုင်းမှာလည်း စိတ်ထဲမှ အံ့သြတုန်လှုပ်နေကြရသည်။

​“တုကျဲ၊ ကျောက်ချန်း... မင်းတို့နှစ်ယောက် သူ့ကို စောင့်ကြည့်ပေးလိုက်ပါ။ ဒီအချိန်မှာ ဘယ်သူ့ကိုမှ သူ့ကို လာပြီး အနှောင့်အယှက် မပေးခိုင်းနဲ့၊ ပြီးတော့ မင်းတို့နှစ်ယောက်လည်း စကားကို အကျယ်ကြီး မပြောကြနဲ့” ရှဲ့ကျင်ရွှမ်က ထိုသို့ပြောပြီးနောက် ရုတ်တရက် ထရပ်လိုက်သည်။ “ပန်းဟုန်... ဝိညာဉ်စုပ်သားရဲရဲ့ ခန္ဓာကိုယ်ကနေ ဝိညာဉ်ပစ္စည်းတွေကို ထုတ်ယူလိုက်ပါ။ သူ့ရဲ့ မျက်လုံးသုံးလုံးနဲ့ သားရဲအမြူတေကို ထုတ်ယူတဲ့အခါ ပိုပြီး ဂရုစိုက်ပါ။ ဘာမှ မထိခိုက်စေနဲ့”

​“စိတ်ချပါ သခင်မလေး” ပန်းဟုန်၏ မျက်နှာတွင် ဝမ်းသာမှုများ ပြည့်နှက်နေပြီး အမှောင်အသူရာခန်းမမှ အခြားစစ်သည်များကို အမြန်ဆုံး စုစည်းလိုက်တော့၏။ သူတို့သည် လက်နက်များကို အသုံးပြုကာ ဝိညာဉ်စုပ်သားရဲကို စတင် ခွဲစိတ်ကြတော့သည်။

​“သခင်မလေး... ဝိညာဉ်စုပ်သားရဲရဲ့ ပင်မဝိညာဉ်က တကယ်ပဲ သေသွားတာလား။ သူ့ရဲ့ အဆင့်တက်လှမ်းမှုက တကယ်ပဲ မအောင်မြင်ခဲ့ဘူးပေါ့နော်” လျန်ကျန့်က တိုးတိုးကလေး မေးလိုက်သည်။

​ထိုအချိန်တွင် လျန်ကျန့်နှင့် ရှဲ့ကျင်ရွှမ်တို့မှာ လူအုပ်ကြီးနှင့် အတော်လေး ဝေးရာသို့ ရောက်ရှိနေကြပြီဖြစ်ရာ တုကျဲ၊ နာနော့နှင့် အခြားလူများမှာ သူတို့၏ စကားကို မကြားနိုင်ကြပေ။

​“ကျွန်မလည်း သေချာ မသိဘူး” ရှဲ့ကျင်ရွှမ်၏ မျက်ဝန်းအတွင်း၌ မရေရာသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ “သူ နိုးလာရင်တော့ ကျွန်မ သူ့ကို အသေအချာ မေးကြည့်ရမယ်။ ဝိညာဉ်စုပ်သားရဲကို အမှန်တကယ် သုတ်သင်နိုင်ခဲ့လား ဆိုတာကိုတော့ သူတစ်ယောက်ပဲ သိလိမ့်မယ်” သူမသည် ချင်လဲ့ရှိရာဘက်သို့ လှမ်းကြည့်လျက် ဆိုလိုက်၏။

​“ဘာတွေ ဖြစ်ခဲ့လို့လဲ” လျန်ကျန့်က ထပ်မံ မေးလိုက်ပြန်သည်။

​“ဘာမှ မဟုတ်ပါဘူး” ရှဲ့ကျင်ရွှမ်က မျက်မှောင်ကို ကြုတ်လိုက်ပြီးနောက် သူမ၏ မျက်နှာတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသော အမူအရာ ပေါ်ပေါက်လာတော့၏။

​ထို့ကြောင့် လျန်ကျန့်သည်လည်း ထိုအကြောင်းကို ဆက်လက် မမေးရဲတော့ပေ။

​ချင်လဲ့၏ အတွင်းကမ္ဘာတွင်မူ...

​ထူထပ်လှသော အဖြူရောင် တိမ်တိုက်များကဲ့သို့ ဝိညာဉ်စွမ်းအားများမှာ သူ၏ ဝိညာဉ်ပင်လယ်အတွင်း အရပ်ရပ်၌ ရစ်ပတ်နေကြ၏။

​ကျယ်ပြောလှသော ဝိညာဉ်ပင်လယ်၏ အလယ်ဗဟိုတွင်တော့ အပြာရောင် လျှပ်စီးတန်းများမှာ တစ်ကြောင်းနှင့်တစ်ကြောင်း စုစည်းကာ ရစ်ပတ်နေကြတော့သည်။ မိုးခြိမ်းသံများနှင့်အတူ ထိုလျှပ်စီးတန်းများသည် ဝိညာဉ်ပင်လယ်ကို အခြေခံထားသော တည်ရှိမှုတစ်ခုကို တည်ဆောက်နေကြ၏။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းမှာ သီးခြားလွတ်လပ်သော ကမ္ဘာငယ်လေးတစ်ခုနှင့်လည်း တူလှပေသည်။ ၎င်းမှာ ဝိညာဉ်နန်းတော်ပင် ဖြစ်ပေသည်။

​လျှပ်စီးတန်းများမှာ အသိဥာဏ်ရှိသော မြွေများ သို့မဟုတ် တွန့်လိမ်နေသော တီကောင်များကဲ့သို့ပင် အပြင်ဘက်မှနေ၍ သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ စီးဝင်လာကြပြီး တဖြည်းဖြည်း တည်ဆောက်နေသော ဝိညာဉ်နန်းတော်၏ အလယ်ဗဟိုသို့ အဆက်မပြတ် ဦးတည်သွားကြတော့သည်။ ထိုနေရာတွင် ၎င်းတို့မှာ ခိုင်ခံ့လှသော နံရံများအဖြစ် ပြောင်းလဲသွားပြီး သီးခြား နယ်ပယ်ငယ်လေးတစ်ခုကို အမှန်တကယ် ဖန်တီးပေးလိုက်တော့၏။

​ဝိညာဉ်စွမ်းအားကို အခြေခံထားပြီး မိုးကြိုးနှင့် လျှပ်စီးစွမ်းအားကို အမြူတေအဖြစ် အသုံးပြုထားသော နယ်ပယ်ငယ်လေးတစ်ခုအား တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။

​တဖြည်းဖြည်းနှင့် မတည်ငြိမ်လှသော ထိုနယ်ပယ်ငယ်လေးမှာ တစ်စထက်တစ်စ ပိုမို ခိုင်ခံ့လာပြီး ဝိညာဉ်ပင်လယ်အတွင်းဝယ် ပုံသဏ္ဌာန် ပေါ်လာတော့၏။

​ချင်လဲ့၏ စိတ်အာရုံမှာလည်း အစကတည်းက သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ရောက်ရှိနေခဲ့ပြီး သူ၏ ဝိညာဉ်နန်းတော်မှာ တဖြည်းဖြည်း စုစည်းကာ ပုံဖော်လာသည်ကို စောင့်ကြည့်နေခဲ့ပေသည်။

​သူသည် ဝိညာဉ်သန့်စင်ခြင်း အဆင့်နှင့် ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်တို့၏ အခြေခံကျသော ကွဲပြားခြားနားမှုများကို သိရှိထားပေသည်။

​ဝိညာဉ်သန့်စင်ခြင်း အဆင့်မှ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ကျင့်ကြံသူသည် မိမိ၏ ဝိညာဉ်ပင်လယ်အတွင်း၌ ဝိညာဉ်နန်းတော်ဟု ခေါ်ဆိုသော နယ်ပယ်ငယ်လေးတစ်ခုကို တည်ဆောက်ရပေသည်။

​ပထမဦးဆုံးသော ဝိညာဉ်နန်းတော်ကို တည်ဆောက်နိုင်ခြင်းသည် ထိုကျင့်ကြံသူမှာ ဝိညာဉ်နန်းတော်အား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ရပေသည်။

​ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်၏ အဆင့်ဆင့်ကို တက်လှမ်းခြင်းမှာ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးအတွင်း၌ ကျွန်းကလေးတစ်ကျွန်း ထို့နောက် တိုက်ငယ်လေးတစ်လုံး... စသည်ဖြင့် တည်ဆောက်နေခြင်းနှင့် တူလှပေသည်...။

​ပင်လယ်ပြင်ထက်တွင် တည်ရှိနေသော သီးခြားလွတ်လပ်သည့် ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းပင်။

​ဝိညာဉ်နန်းတော်ဆိုသည်မှာလည်း ထိုသို့ပင်။ ဝိညာဉ်ပင်လယ်အတွင်းရှိ နယ်ပယ်ငယ်လေးတစ်ခု ဖြစ်ပေသည်။ ဤဝိညာဉ်နန်းတော်များအတွင်း၌ ဝိညာဉ်စွမ်းအားနှင့် မတူညီသည့် အခြားသော စွမ်းအားများကို သိုလှောင်ထားနိုင်ပေသည်။

​ဝိညာဉ်စွမ်းအားမှာ သဘာဝတရား၏ စွမ်းအားများကို စုစည်းသန့်စင်ထားခြင်း ဖြစ်ရာ လောကကြီး၏ အခြေခံအကျဆုံး စွမ်းအားဖြစ်သော်လည်း ပင်ကိုစွမ်းအားမှာမူ အထူးသီးသန့် ဝိညာဉ်ကျင့်စဉ်များကို အသုံးပြုခြင်းဖြင့် မတူညီသော စွမ်းအားပုံစံ အမျိုးမျိုးအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။

​ဥပမာအားဖြင့် ၎င်းကို တောက်လောင်သော မီးစွမ်းအား၊ အေးစက်သော ရေခဲစွမ်းအား၊ ထက်မြက်သော သတ္တုစွမ်းအား နှင့် ထူထပ်သော မြေစွမ်းအား စသည်ဖြင့် ပြောင်းလဲနိုင်ပေသည်။

​ဤစွမ်းအားပုံစံများမှာ ဝိညာဉ်စွမ်းအားနှင့် ကွဲပြားသော်လည်း ကျင့်ကြံသူများအနေဖြင့် ထိုအထူးကျင့်စဉ်များကို အသုံးပြုကာ ကျင့်ကြံနိုင်ကြပေသည်။ ဝိညာဉ်စွမ်းအားကို ဤစွမ်းအားများအဖြစ် ပြောင်းလဲနိုင်မှသာ ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်ကျင့်စဉ်များ၏ စွမ်းပကားကို အမှန်တကယ် ထုတ်ဖော်ပြသနိုင်မည် ဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကိုလည်း အဆပေါင်းများစွာ မြှင့်တင်နိုင်မည် ဖြစ်ပေသည်။

​ဝိညာဉ်စွမ်းအား၏ ဤထူးခြားသော ဂုဏ်သတ္တိကြောင့် ကျင့်ကြံသူများ၏ ဝိညာဉ်ကျင့်စဉ်များမှာ အင်မတန်မှ ထူးဆန်းလှပြီး သူတို့၏ တိုက်ခိုက်ရေးဟန်များမှာလည်း ခမ်းနားထည်ဝါလှကာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေတော့ရာ ထူးခြားဆန်းပြားလှသော ဂိုဏ်းပေါင်းများစွာ ပေါ်ပေါက်လာရခြင်းပင် ဖြစ်ပေသည်...။

​ရှုံ့ပါးသည် တောက်လောင်သော မီးစွမ်းအားကို ကျင့်ကြံပြီး ရန်ကျိချန်းသည် အေးစက်သော ရေခဲစွမ်းအားကို ကျင့်ကြံကာ တုကျဲမှာမူ မြူတိမ် စွမ်းအားကို ကျင့်ကြံပေသည်။ ဤအရာများမှာ ဝိညာဉ်စွမ်းအားကို ပြောင်းလဲပေးသည့် အထူးဝိညာဉ်ကျင့်စဉ်များမှတစ်ဆင့် ကျင့်ကြံထားခြင်း ဖြစ်ပေသည်။ ကျင့်စဉ်တစ်ခုချင်းစီတွင် မတူညီသော ထူးခြားချက်များ ရှိကြရာ ရလဒ်အဖြစ် ထွက်ပေါ်လာသော စွမ်းအားနှင့် သက်ရောက်မှုများမှာလည်း တစ်ခုနှင့်တစ်ခု ကွဲပြားကြတော့၏။

​ယေဘုယျအားဖြင့် ဝိညာဉ်သန့်စင်ခြင်း အဆင့်မှ ကျင့်ကြံသူများ တိုက်ခိုက်ကြသည့်အခါ သူတို့သည် သူတို့၏ ဝိညာဉ်ကျင့်စဉ်များ၏ ဂုဏ်သတ္တိများကို အသုံးပြုကာ ဝိညာဉ်စွမ်းအားကို မီးစွမ်းအား၊ ရေခဲစွမ်းအား သို့မဟုတ် မြူတိမ် စွမ်းအားများအဖြစ် ပြောင်းလဲကြရပေသည်။

​သို့သော် ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်မှ ကျင့်ကြံသူများအတွက်မူ ထိုသို့ မဟုတ်တော့ပေ။

​အဘယ်ကြောင့်ဆိုသော် သူတို့၏ ဝိညာဉ်ပင်လယ်အတွင်း၌ ဝိညာဉ်နန်းတော်များကို တည်ဆောက်ထားပြီး ဖြစ်သောကြောင့်ပင်။ ဤဝိညာဉ်နန်းတော်များတွင် ဝိညာဉ်စွမ်းအားအပြင် အခြားသော စွမ်းအားများကိုပါ သိုလှောင်ထားနိုင်စွမ်း ရှိပေသည်။

​ဤအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများသည် သူတို့၏ နေ့စဉ်ကျင့်ကြံမှုများအတွင်း၌ ဝိညာဉ်စွမ်းအားကို ထိုအထူးစွမ်းအားများအဖြစ် ပြောင်းလဲနိုင်ပြီး ဝိညာဉ်နန်းတော်များအတွင်း၌ သိုလှောင်ထားနိုင်ကြပေသည်။

​ရန်သူများနှင့် တိုက်ခိုက်သည့်အခါတွင်လည်း သူတို့သည် ဝိညာဉ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဝိညာဉ်နန်းတော်အတွင်းရှိ အထူးစွမ်းအားမှာ ဝိညာဉ်စွမ်းအားကို ပြောင်းလဲနေရန် မလိုဘဲ ချက်ချင်းပင် တစ်ဟုန်ထိုး စီးထွက်လာတော့သည်။

​ဤအချက်ကြောင့်ပင် ကျင့်ကြံသူများအနေဖြင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်နိုင်ခြင်း ဖြစ်ပေသည်။

​ဝိညာဉ်နန်းတော်များမှာ ဝိညာဉ်ပင်လယ်ကို လုံးဝ အခြေခံကာ တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ၎င်းကို သီးခြားလွတ်လပ်သော နယ်ပယ်ငယ်တစ်ခုအဖြစ် ယူဆနိုင်ပေသည်။ ၎င်းသည် ဝိညာဉ်သန့်စင်ခြင်း အဆင့်နှင့် ဝိညာဉ်ပေါက်ဖွားခြင်း အဆင့် ကျင့်ကြံသူတို့အကြားရှိ အခြေခံကျသော အရည်အသွေးပိုင်းဆိုင်ရာ ကွဲပြားမှုပင် ဖြစ်တော့သတည်း။

​“ဖျစ်... ဖျစ်... ဖျစ်”

​အပြာရောင် လျှပ်စီးတန်းများ စုစည်းသွားကြပြီးနောက် ချင်လဲ့၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်နန်းတော်မှာ တစ်စထက်တစ်စ ပိုမို ခိုင်ခံ့ကာ သိပ်သည်းလာသဖြင့် အလင်းတန်းများ တောက်ပလာတော့၏။ နောက်ဆုံးတွင်တော့ ၎င်းမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

​ချင်လဲ့၏ ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

​တုကျဲနှင့် ကျောက်ချန်းတို့ အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်မိသည့် အချိန်မှာပင် ချင်လဲ့မှာ နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်တော့၏။ လျှပ်စီးတန်းများမှာ သူ၏ မျက်သူငယ်များအတွင်း၌ တွန့်လိမ်နေကြရာ သူ၏ မျက်လုံးများမှာ လူတိုင်း၏ အာရုံကို ဖမ်းစားထားတော့သည်။

​“မင်း တကယ်ပဲ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို ရောက်သွားတာပဲ” သူတို့ လမ်းလျှောက်လာစဉ် သူ၏ မျက်ဝန်းများကို တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သူ အောင်မြင်သွားပြီ ဖြစ်ကြောင်း ထိုသူနှစ်ဦးလုံး သိလိုက်ကြ၏။ သူတို့နှစ်ဦးလုံးမှာ ချင်လဲ့အတွက် အမှန်တကယ် ဝမ်းသာအားရ ပြုံးလိုက်ကြတော့သည်။

​“ဂျိန်း... ဂျိန်း... ဂျိန်း”

​မိုးခြိမ်းသံများမှာ ချင်လဲ့၏ နားထဲတွင် အဆက်မပြတ် မြည်ဟည်းနေသဖြင့် သူ၏ ဦးခေါင်းမှာ မူးဝေနေပေသည်။ အတန်ကြာမှသာ သူသည် ပြန်လည် သတိဝင်လာပြီး အခြားလူများကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတော့၏။

​“အစ်ကိုတု... အစ်မကျောက်... ခမ်းကျိ...” ချင်လဲ့က အသာအယာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

​“ဘယ်လို ခံစားရလဲ” ​ကျောက်ချန်းက စိုးရိမ်တကြီး မေးလိုက်သည်။ “နေလို့ မကောင်းတာ ဘာရှိလဲ။ ချက်ချင်း ပြန်မဖြေနဲ့ဦး၊ သေသေချာချာ ခံစားကြည့်ပြီး အားလုံး အဆင်ပြေရဲ့လားဆိုတာ စစ်ဆေးကြည့်ဦး...”

​ချင်လဲ့က ချက်ချင်းပင် မျက်လုံးများကို ပြန်မှိတ်လိုက်၏။

​သူ၏ ခန္ဓာကိုယ် အခြေအနေကို ခံစားကြည့်လိုက်သည့်အခါ သူ၏ ကြွက်သားနှင့် သွေးကြောများမှာ အလင်းတန်းများ ထွက်ပေါ်နေပြီး လျှပ်စီးကြောင်းလေးများ ရှိနေသည့်အလား သူ ရုတ်တရက် တွေ့ရှိလိုက်ရ၏။ လျှပ်စီးတန်းများမှာ သူ၏ အသားစများနှင့် အရိုးများအကြားဝယ် လှုပ်ရှားနေကြပြီး သူ၏ အတွင်းကလီစာများအတွင်းမှပင် မိုးကြိုးအငွေ့အသက်များ ထွက်ပေါ်နေပေသည်...။

​“ဒါ... ဒါဟာ ကောင်းကင်မိုးကြိုး သန့်စင်သောခန္ဓာရဲ့ ကနဦးအဆင့်ပဲ” ချင်လဲ့သည် သူ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးမှနေ၍ အတိုင်းထက်အလွန် ဝမ်းသာသွားတော့၏။

​သူသည် ကောင်းကင်မိုးကြိုး နှိမ်နင်းခြင်း ကျင့်စဉ်ကို ထပ်မံ၍ အသက်သွင်းလိုက်ပြန်သည်။

​သူ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် စင်ကြယ်ပြီး ကြမ်းတမ်းလှသော မိုးကြိုးနှင့် လျှပ်စီးစွမ်းအား အမျှင်တန်းတစ်စမှာ သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်နန်းတော်မှနေ၍ လျင်မြန်စွာ စီးထွက်လာတော့၏။

​ဤပြင်းထန်လှသော မိုးကြိုးနှင့် လျှပ်စီးစွမ်းအားမှာ ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်ပြီးမှ ကြွက်သားများနှင့် သွေးကြောများဆီသို့ ဆက်သွယ်သွားခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များဆီသို့ တိုက်ရိုက် ဝင်ရောက်သွားခြင်း ဖြစ်ပေသည်။ ထိုမှတစ်ဆင့် ခန္ဓာကိုယ်၏ သွေးကြောမကြီးများအတွင်းသို့ ရောက်ရှိသွားပြီးနောက်မှ တောက်ပနေသော ကြွက်သားများနှင့် သွေးကြောများဆီသို့ တစ်ဟုန်ထိုး စီးဝင်သွားခြင်း ဖြစ်ပေသည်။

​ချင်လဲ့က သူ၏ စွမ်းအားကို ပြန်လည် စုစည်းလိုက်သည့်အခါတွင်လည်း သွေးကြောမကြီးများအတွင်းရှိ မိုးကြိုးစွမ်းအားမှာ သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်နန်းတော်ဆီသို့ပင် ပြန်လည် စီးဝင်သွားတော့၏။

​ဤသို့သော မိုးကြိုးစွမ်းအား လည်ပတ်မှုနှင့် ဝိညာဉ်စွမ်းအား လည်ပတ်မှုတို့မှာ စင်စစ်အားဖြင့် မတူညီသော လမ်းကြောင်းနှစ်ခုကို လျှောက်လှမ်းနေခြင်းပင် ဖြစ်ပေသည်။

​“ငါ့ရဲ့ ဝိညာဉ်နန်းတော်ထဲက မိုးကြိုးစွမ်းအားက အပ်စိုက်မှတ်တွေကို တိုက်ရိုက်ဖြတ်ပြီး စီးဆင်းနေတာ၊ ကြွက်သားတွေဆီ စီးသွားတဲ့အခါမှာလည်း ဝိညာဉ်ပင်လယ်နဲ့ ဆက်သွယ်မနေဘူး။ ဒါက ပြဿနာ တစ်ခုခု ဖြစ်နိုင်မလား” ချင်လဲ့က မျက်လုံးများကို ပြန်ဖွင့်လျက် မေးလိုက်မိသည်။

​သူ၏ မေးခွန်းကြောင့် တုကျဲနှင့် ကျောက်ချန်းတို့မှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်လျက် စဉ်းစားနေကြတော့၏။

​“ငါလည်း ဒီအကြောင်းကို သိပ်ပြီး မသိဘူး။ ငါ့ရဲ့ ဝိညာဉ်နန်းတော်ထဲက မြူတိမ် စွမ်းအားကတော့ ဝိညာဉ်စွမ်းအားနဲ့ လမ်းကြောင်းအတူတူပဲ စီးဆင်းတာ။ ဝိညာဉ်ပင်လယ်ကို ဖြတ်ပြီးမှ ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတာ။ မင်းရဲ့ အခြေအနေကတော့... ငါနဲ့ မတူဘူးထင်တယ်” တုကျဲက ခေတ္တမျှ စဉ်းစားပြီးနောက် ဖြေကြားလိုက်၏။

​“ငါလည်း တုကျဲနဲ့ အတူတူပဲ” ကျောက်ချန်းကလည်း ထပ်တူညီသော အမူအရာဖြင့် ဆိုလိုက်သည်။

​“ငါ့ရဲ့ ကျင့်ကြံမှုမှာ တစ်ခုခု အနှောင့်အယှက် ဖြစ်နိုင်မလား” ချင်လဲ့က စိုးရိမ်တကြီး မေးလိုက်၏။

​“ဝိညာဉ်ကျင့်စဉ် တစ်ခုနဲ့တစ်ခုက ဂုဏ်သတ္တိချင်း မတူကြဘူး။ ဝိညာဉ်နန်းတော်အတွင်းက စွမ်းအား လည်ပတ်ပုံခြင်းက လူတိုင်း အတူတူပဲလို့ ပြောလို့ မရဘူး” ထိုအချိန်တွင် ရှဲ့ကျင်ရွှမ်၏ ကြည်လင်သော်လည်း အေးစက်လှသော အသံမှာ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ သူမက ဆက်လက်၍ ဆိုသည်။ “ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ရဲ့ အစောပိုင်းမှာ ဝိညာဉ်နန်းတော် သုံးဆောင် တည်ဆောက်ဖို့ လိုတယ်။ အလယ်အဆင့်မှာတော့ ခြောက်ဆောင်၊ နောက်ဆုံးအဆင့်မှာတော့ ကိုးဆောင် လိုအပ်တာပေါ့”

​“ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်မှာတော့ ဝိညာဉ်ပင်လယ်အတွင်းမှာ ဝိညာဉ်နန်းတော် စုစုပေါင်း ကိုးဆောင် ရှိလိမ့်မယ်။ ဝိညာဉ်နန်းတော် ကိုးဆောင်သာ ရှိနေမယ်ဆိုရင်တော့ ကျင့်ကြံသူက ဝိညာဉ်ကျင့်စဉ်ကတစ်ဆင့် ကျင့်ကြံထားတဲ့ အထူးစွမ်းအားတွေဟာ အင်မတန် အားကောင်းလာမှာဖြစ်ပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကိုလည်း စိတ်ကြိုက် ပြုလုပ်နိုင်လာမှာ”

​“ဝိညာဉ်နန်းတော် တစ်ဆောင်စီမှာ ဝိညာဉ်စွမ်းအားအပြင် အခြား စွမ်းအားတစ်မျိုးကို သိုလှောင်ထားနိုင်တယ်။ တကယ်လို့ ကျင့်ကြံသူက ထူးခြားတဲ့ ဝိညာဉ်ကျင့်စဉ် တစ်ခုတည်းကိုပဲ ကျင့်ကြံထားတယ်ဆိုရင် သူ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်လို့ ဝိညာဉ်နန်းတော် ကိုးဆောင် ရရှိလာတဲ့အခါမှာလည်း အဲဒီထဲမှာ သိုလှောင်ထားတဲ့ စွမ်းအားတွေက အတူတူပဲ ဖြစ်နေလိမ့်မယ်”

​“တကယ်လို့ ကျင့်ကြံသူက ဝိညာဉ်ကျင့်စဉ် နှစ်ခု၊ သုံးခု သို့မဟုတ် လေးခုလောက် ကျင့်ကြံထားတယ်ဆိုရင်တော့ သူရဲ့ ဝိညာဉ်နန်းတော်တွေထဲမှာ မတူညီတဲ့ စွမ်းအား နှစ်မျိုး၊ သုံးမျိုး ဒါမှမဟုတ် လေးမျိုးလောက် ရှိနေနိုင်တာပေါ့။ ဒါပေမဲ့ ဝိညာဉ်နန်းတော် တစ်ဆောင်တည်းမှာတော့ စွမ်းအားတစ်မျိုးတည်းကိုပဲ သိုလှောင်ထားလို့ ရမယ်။ မဟုတ်ရင်တော့ သူတို့ဟာ တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်ပြီး ကျင့်ကြံသူကို ပြင်းထန်တဲ့ ဒဏ်ရာတွေ ချက်ချင်း ရရှိစေလိမ့်မယ်။ ကိုယ့်ဘာသာကိုယ် ပေါက်ကွဲပြီး သေဆုံးသွားတာမျိုးတောင် ဖြစ်နိုင်တယ်”

​ရှဲ့ကျင်ရွှမ်သည် နက်နဲသားရဲပေါ်တွင် ထိုင်လျက်ပင် ရှင်းပြနေခြင်း ဖြစ်ပေသည်။

​“ယုတ္တိဗေဒအရ ပြောရရင်တော့၊ ကျင့်ကြံသူတစ်ယောက်ဟာ မတူညီတဲ့ ဝိညာဉ်ကျင့်စဉ် ကိုးခုအထိ ကျင့်ကြံနိုင်ပြီး ဝိညာဉ်နန်းတော် တစ်ဆောင်စီမှာ မတူညီတဲ့ စွမ်းအားတွေကို သိုလှောင်ထားနိုင်တာပေါ့။ ဝိညာဉ်ကျင့်စဉ်တွေရဲ့ ဂုဏ်သတ္တိတွေအပေါ် မူတည်ပြီးတော့လည်း ဝိညာဉ်နန်းတော်ကနေ စွမ်းအားတွေ စီးဝင် စီးထွက်တဲ့ လမ်းကြောင်းတွေက အမျိုးမျိုး ကွဲပြားနိုင်သလို ရှားပါးတဲ့ နည်းလမ်းတွေလည်း အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် ပြောရရင်တော့ အချို့လူတွေရဲ့ မျက်လုံးတွေက ဝိညာဉ်နန်းတော်တွေနဲ့ တိုက်ရိုက် ဆက်သွယ်နေတာမျိုး၊ အချို့လူတွေရဲ့ နှလုံးသားက ဝိညာဉ်နန်းတော်တွေနဲ့ တိုက်ရိုက် ဆက်သွယ်နေတာမျိုး၊ ဝိညာဉ်ကိုယ်တိုင်က တိုက်ရိုက် ဆက်သွယ်နေတာမျိုးတွေတောင် ရှိပါတယ်”

​သူမသည် ချင်လဲ့၏ အရှေ့တွင် ရပ်လိုက်၏။ နက်နဲသားရဲပေါ်တွင် ထိုင်လျက်ပင် သူမသည် ခေါင်းကို ငုံ့ကာ ချင်လဲ့ကို ကြည့်လျက် ဆိုလိုက်သည်။ “နင့်အနေနဲ့ နင့်ရဲ့ ဝိညာဉ်နန်းတော်ထဲက စွမ်းအားတွေကို သွေးကြောမကြီးတွေကတစ်ဆင့် စီးဆင်းစေတာဟာ လုံးဝ ပုံမှန်ပါပဲ”

​သူမ ရှင်းပြနေသည့် အချိန်တွင် နာနော့၊ ရှုံ့ပါး၊ တုကျဲ၊ ​ကျောက်ချန်းနှင့် အခြားသော ဝိညာဉ်ပေါက်ဖွားခြင်း အဆင့် ကျင့်ကြံသူအားလုံးမှာ အသေအချာ နားထောင်နေကြပေသည်။ ထို့နောက်တွင် သူတို့အားလုံး၏ မျက်နှာတွင် သဘောပေါက် နားလည်သွားသော အမူအရာများ ပေါ်ပေါက်လာတော့၏။

​“ကျေးဇူးတင်ပါတယ်ခင်ဗျ” သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချင်လဲ့က ပြုံးလျက် ဆိုလိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း အတော်လေး ပေါ့ပါးသွားတော့၏။

​“ငါ့နောက်ကို လိုက်ခဲ့၊ နင့်ကို ငါ သီးသန့် ပြောစရာရှိတယ်” ရှဲ့ကျင်ရွှမ်သည် နက်နဲသားရဲ၏ ဦးခေါင်းပိုင်းသို့ အနည်းငယ် တိုးလိုက်ပြီးနောက် ချင်လဲ့ကို အပေါ်သို့ တက်လာရန် အချက်ပြလိုက်တော့၏။

​လူတိုင်း၏ အံ့သြတုန်လှုပ်နေသော အကြည့်များအကြားတွင် ချင်လဲ့၏ မျက်နှာတွင်လည်း အံ့သြမှုများ ပေါ်ပေါက်လာတော့သည်။ ထို့နောက်တွင် သူသည် အသာအယာ ရယ်မောလိုက်ပြီး နက်နဲသားရဲ၏ ကျောပေါ်သို့ လိမ္မာပါးနပ်စွာဖြင့် ခုန်တက်လိုက်လေတော့သည်။

All Chapters