အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း (၁၀၃) အကျိုးပြုမှတ် တစ်သောင်း
“အဲဒီ ချင်လဲ့ဆိုတဲ့ ကောင်လေးနဲ့ သူနဲ့က ဘယ်လိုပတ်သက်မှုမျိုး ရှိနေတာလဲ။ ကြည့်ရတာ တစ်မျိုးပဲ၊ အဲဒီမိန်းမက သူ့ကို တော်တော်လေး အထင်ကြီးနေသလိုပဲ။ သူတို့ကြားမှာ... တစ်ခုခု ရှိနေတာလား”
ဝတုတ် ခမ်းကျိက သူ၏ မျက်လုံးမှေးကလေးများကို မှိတ်လျက် လူရှုပ်လူပွေ အမူအရာမျိုးဖြင့် တဟဲဟဲ ရယ်မောကာ ဆိုလိုက်၏။ “သူက ချင်လဲ့ကို စိတ်ဝင်စားနေတာများလား။ ဟားဟား... ချင်လဲ့က ငါနဲ့ယှဉ်ရင်တော့ နည်းနည်း လိုအပ်ချက် ရှိနိုင်ပေမဲ့ သူ့ရုပ်ရည်ကလည်း တော်တော်လေး သန့်တာပဲလေ။ အဲဒီမိန်းမရဲ့ အကြိုက်နဲ့ ကွက်တိ ဖြစ်နေတာများလား မသိဘူး”
“နင်နဲ့ယှဉ်ရင် နည်းနည်း လိုအပ်ချက် ရှိတယ် ဟုတ်လား” ကျောက်ချန်းက ရယ်မောလိုက်သည်။ “ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြောတာလား။ အင်း... အဲဒီဘက်မှာတော့ နင်က ပိုတာပေါ့။ တုကျဲ၊ ချူးဖုန်နဲ့ ဟန်ဖုန်းတို့တောင် နင့်ကို မယှဉ်နိုင်ပါဘူး။ ငါတို့ စိတ်ထဲမှာတော့ နငက ‘အလေးသာတဲ့ သူပဲလေ”
“ခမ်းကျိ... မင်းက ဒီနေရာမှာတော့ အသန်ဆုံးပဲ” ချူးဖုန်က ခမ်းကျိ၏ ခါးဘေးမှ အသားပိုများကို ဆွဲလိမ်လျက် ရယ်မောကာ ဆိုလိုက်သည်။ “မင်းက မကြာသေးခင်ကမှ တစ်ဆိုဒ် ထပ်ကြီးလာတာ မဟုတ်လား”
ခမ်းကျိ၏ အပြုံးမှာ ချက်ချင်းပင် အိုးတိုးအမ်းတန်း ဖြစ်သွားတော့၏။
“ဖြစ်နိုင်တာကတော့ ချင်လဲ့က ဝိညာဉ်စုပ်သားရဲကို သတ်တဲ့နေရာမှာ သူ့ကို ကူညီခဲ့လို့ နေမှာပါ” ကျောက်ချန်းက အဝေးသို့ လှမ်းကြည့်လျက် တိုးတိုးကလေး ဆိုလိုက်သည်။ “ပြည်တွင်းရေးရာဌာနက လူတွေဆိုတာ သွေးချောင်းစီးတဲ့ အတွေ့အကြုံတွေကြားမှာ ကျောက်သားလို မာကျောအောင် သွေးထားတဲ့သူတွေလေ။ သူတို့လက်တွေမှာလည်း သွေးညှီနံ့တွေ စွဲနေတတ်တယ်။ အဲဒီဌာနမှာ အဆင့်မြင့်ရာထူးကို ရထားတဲ့ မိန်းမတစ်ယောက်က ပိုပြီး လှပလေလေ သူတို့ဟာ ပိုပြီး အစွမ်းထက်လေလေပဲ”
ဤအကြောင်းကို ပြောရင်း ကျောက်ချန်းက ခေတ္တရပ်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ “သူ့အနေနဲ့ အဲဒီ ပြည်တွင်းရေးရာဌာနက မိန်းမနဲ့ ထပ်ပြီး မပတ်သက်မိဖို့ ငါ မျှော်လင့်ပါတယ်။ ဒီလိုလူမျိုးတွေမှာ အများအားဖြင့် ရှုပ်ထွေးတဲ့ နောက်ခံသမိုင်းကြောင်းတွေ ရှိတတ်ကြသလို တစ်ခုခုဆိုရင်လည်း အစွန်းရောက်သွားတတ်ကြတယ်။ သူတို့နဲ့ ကြာကြာ ပတ်သက်မိရင်... ချင်လဲ့လည်း ထိခိုက်သွားနိုင်တယ်။ ဒါက သူ့အတွက် ဘာမှ အကျိုးမရှိနိုင်ဘူး”
သူမ ထိုသို့ပြောလိုက်သည့်အခါ လူတိုင်းပင် တိတ်ဆိတ်သွားကြပြီး သူမ၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို စဉ်းစားနေမိကြတော့၏။
နက်နဲသားရဲကြီးမှာ တဖြည်းဖြည်းနှင့် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
ကိုယ်ကျပ် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရှဲ့ကျင်ရွှမ်သည် အေးစက်သော အမူအရာဖြင့် သားရဲကြီးပေါ်မှ ဆင်းလာ၏။ သူမသည် နောက်သို့ လှည့်မကြည့်ဘဲ အေးစက်စွာပင် ဆိုလိုက်သည်။ “နင်လည်း ဆင်းခဲ့”
ချင်လဲ့က ခုန်ဆင်းလိုက်၏။
ရှဲ့ကျင်ရွှမ်က မျက်မှောင်ကို ကြုတ်လိုက်ပြီးနောက် ချင်လဲ့အား အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လျက် မေးလိုက်သည်။ “ဝိညာဉ်စုပ်သားရဲက သေသွားပြီလား၊ ဒါမှမဟုတ် အသက်ရှင်နေသေးလား”
ချင်လဲ့က ချက်ချင်း ပြန်မဖြေဘဲ သူ၏ စိတ်အာရုံကို ဝိညာဉ်နှိမ်နင်းခြင်းပုတီးစေ့ အတွင်းသို့ ပို့လွှတ်ကာ စစ်ဆေးကြည့်လိုက်၏။ ထိုပုတီးစေ့အတွင်းဝယ် ဝိညာဉ်စုပ်သားရဲ ရှိနေကြောင်း သူ ခပ်ဝါးဝါး ခံစားနေရသော်လည်း သူက သေသေချာချာ ရှာဖွေကြည့်သည့်အခါတွင်မူ မည်သည့်နေရာတွင်မှ မတွေ့ရပြန်ပေ။ ၎င်းက မည်သည့်နေရာတွင် ပုန်းကွယ်နေသည်ကို သူ အသေအချာ မသိရှိပေ။
သို့သော်လည်း ဝိညာဉ်နှိမ်နင်းခြင်းပုတီးစေ့က ထိုဝိညာဉ်ကို စုပ်ယူလိုက်ပြီး ယာယီ ပိတ်လှောင်ထားသည်မှာတော့ သေချာပေသည်။ သို့မှသာ ၎င်းသည် အပြင်သို့ ထွက်မလာနိုင်ဘဲ ယုတ်မာမှုများကို မပြုလုပ်နိုင်တော့မည် ဖြစ်ပေသည်။
သို့သော်လည်း ထိုပုတီးစေ့က အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသနည်း၊ ၎င်း၏ ရည်ရွယ်ချက်က မည်သို့နည်း ဆိုသည်ကိုမူ သူ မသိရှိပေ။
“မိုးကြိုးဒဏ်ကြောင့် ပျက်စီးသွားပါပြီ” ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက စတင်ရှင်းပြလိုက်သည်။ “အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့ မိုးကြိုးနဲ့ လျှပ်စီးစွမ်းအားတွေက ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီး အဲဒီဝိညာဉ်ကို ခင်ဗျားရဲ့ စိတ်ထဲကနေ မောင်းထုတ်လိုက်တာ။ အဲဒီဝိညာဉ်က ခင်ဗျားရဲ့ မျက်လုံးထဲက ထွက်လာတဲ့ အချိန်မှာပဲ ကျွန်တော်က မိုးကြိုးစွမ်းအား အားလုံးကို စုစည်းပြီး တစ်ခါတည်း သုတ်သင်လိုက်တာပါ။ ဝိညာဉ်စလေး တစ်ခုတောင် မလွတ်သွားပါဘူး”
ချင်လဲ့၏ အဖိုးက ဝိညာဉ်နှိမ်နင်းခြင်းပုတီးစေ့၏ လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ မပြောရန် တင်းတင်းကြပ်ကြပ် မှာကြားထားခဲ့သဖြင့် သူသည် အခြေအနေအရ ဖုံးကွယ်ထားရခြင်းပင် ဖြစ်ပေသည်။
ရှဲ့ကျင်ရွှမ်၏ မျက်ခုံးများမှာ တွန့်သွားပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်လျက် ဆိုလိုက်သည်။ “တကယ်ပဲလား”
“ဟုတ်ကဲ့” ချင်လဲ့၏ မျက်နှာမှာ ရိုးသားဖြောင့်မတ်ဟန် ပေါ်နေပေသည်။
ရှဲ့ကျင်ရွှမ်သည် တိတ်ဆိတ်သွားပြီး အတန်ကြာမှ ရုတ်တရက် ဆိုလိုက်သည်။ “ငါ့အမြင်မှာတော့ ဝိညာဉ်စုပ်သားရဲဟာ မိုးကြိုးစွမ်းအားကြောင့် ငါ့စိတ်ထဲကနေ ထွက်သွားတာ မဟုတ်ဘူး၊ ထူးဆန်းတဲ့ စုပ်ယူအားတစ်ခုကြောင့်... အစုပ်ခံလိုက်ရတာ။ အဲဒီအချိန်တုန်းက ငါ့ရဲ့ အသိစိတ်က သိပ်ပြီး မရှင်းလင်းပေမဲ့ အနည်းဆုံးတော့ အဲဒီစုပ်ယူအားဟာ နင့်ဆီကနေ ဒါမှမဟုတ် နင့်ရဲ့ ကိုယ်ပေါ်မှာ ရှိတဲ့ ပစ္စည်းတစ်ခုခုဆီကနေ လာတယ်ဆိုတာကိုတော့ ငါ သိနေတယ်”
သူမ၏ အမူအရာမှာ ရုတ်တရက် အေးစက်သွားသည်။ “ငါ ပြောတာ မှန်တယ် မဟုတ်လား”
ပြင်းထန်လှသော ဖိအားလှိုင်းတစ်ခုမှာ ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ လှောင်အိမ်တစ်အိမ် သို့မဟုတ် ကြိုးကွင်းတစ်ကွင်းကဲ့သို့ ရုတ်တရက် ကျရောက်လာတော့၏။
ဤစွမ်းအားကို သာမန်မျက်စိဖြင့် မြင်နိုင်ရန် ခဲယဉ်းသော်လည်း ချင်လဲ့၏ ခန္ဓာကိုယ်မှာ တောင်ကြီးတစ်လုံးကို ထမ်းထားရသည့်အလား ရုတ်တရက် လေးလံသွားသဖြင့် သူသည် လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ပေ။
ရှဲ့ကျင်ရွှမ်၏ မျက်ဝန်းများမှာ ရေခဲကဲ့သို့ အေးစက်နေပြီး သူမ၏ လှပသော မျက်နှာတွင် ခါးသီးတင်းမာမှုများ ပြည့်နှက်နေပေသည်။ ကြောက်မက်ဖွယ်ကောင်းလှသော တံစဉ်ကြီးမှာလည်း သူမ၏ လက်အတွင်း၌ ပေါ်ပေါက်လာတော့၏။
ဤအချိန်တွင် သူမ၏ အရှိန်အဝါမှာ အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ချင်လဲ့မှာ အတော်လေး တုန်လှုပ်သွားရပေသည်။
“ခင်ဗျား မှားနေပြီ” ချင်လဲ့၏ နဖူးတွင် ချွေးစက်များ ပေါ်လာတော့၏။ သူ၏ ကျောပြင်မှာ အနည်းငယ် တုန်ခါနေသော်လည်း သူ၏ အမူအရာမှာ ခိုင်မာနေဆဲ ဖြစ်ပြီး အော်ဟစ်လိုက်သည်။ “ဒါက ခင်ဗျားရဲ့ စိတ်ကူးယဉ် သက်သက်ပဲလေ”
စွမ်းအားစစ်စစ်များဖြင့် ဖွဲ့စည်းထားသော မှိန်ဖျော့လှသော ခရမ်းရောင်ပန်းပွင့်လေးများမှာ ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် ပွင့်ပေါ်လာတော့၏။
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် ထူးဆန်းလှသော ခရမ်းရောင်ပန်းများမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပွင့်နေသည့်အလား ဖြစ်နေပြီး ချင်လဲ့မှာ အင်မတန်မှ ထူးဆန်းသော ပုံစံမျိုး ဖြစ်နေတော့သည်။
ထိုခရမ်းရောင် မိစ္ဆာပန်းများမှာ ချင်လဲ့၏ ခန္ဓာကိုယ်အား ပိတ်လှောင်ထားပြီး သူ၏ ခွန်အားများကို ချုပ်တည်းထားသော ကြောက်မက်ဖွယ်ရာ သံခြေကျင်းများကဲ့သို့ပင် ဖြစ်ရာ သူ လှုပ်ရှားနိုင်ရန် ခက်ခဲလှပေသည်။
“ဒါက ငါ့ရဲ့ စိတ်ကူးယဉ်မှု သက်သက်ပဲလို့ ငါ မယုံဘူး” ရှဲ့ကျင်ရွှမ်က အေးစက်သောအမူအရာဖြင့် ဆိုလိုက်သည်။ “နောက်ပြီးတော့၊ နင် ငါ့ရဲ့ မှတ်ဉာဏ်တွေကို ချောင်းကြည့်နေတာကိုလည်း ငါ ခံစားလိုက်ရတယ်။ နင် ငါ့ရဲ့ မှတ်ဉာဏ် အနက်ရှိုင်းဆုံး အဆင့်တွေအထိ ဝင်ရောက်သွားခဲ့တာ”
“အဲဒါက ဝိညာဉ်စုပ်သားရဲရဲ့ ဝိညာဉ်ကြောင့် ဖြစ်တာပါ” ချင်လဲ့က အံကို တင်းတင်းကြိတ်ကာ ဝမ်းနည်းသော အမူအရာဖြင့် ဆိုလိုက်၏။ သူ၏ ဒူးများမှာ တဖြည်းဖြည်းနှင့် ကွေးညွှတ်လာပြီး သူ တောင့်ခံနိုင်သည့် အစွမ်းကုန် အခြေအနေသို့ ရောက်ရှိလာတော့သည်။
ခရမ်းရောင်ပန်းများ ပွင့်လာပြီးနောက် ၎င်းတို့မှာ တဖြည်းဖြည်းနှင့် တင်းကျပ်လာကာ သူ့ကို ရစ်ပတ်ထားကြရာ သူသည် အသက်ရှုပင် ကျပ်လာတော့၏။
“ဒါဆို နင် ငါ့ရဲ့ မှတ်ဉာဏ် အနက်ရှိုင်းဆုံး အဆင့်တွေကို တကယ်ပဲ ဝင်ရောက်သွားခဲ့တာပေါ့။ နင် ဘာတွေ မြင်ခဲ့လဲ” ရှဲ့ကျင်ရွှမ်၏ မျက်ဝန်းများမှာ ပိုမို၍ပင် အေးစက်သွားတော့သည်။
“အကူအညီမဲ့နေတဲ့ မိန်းကလေးငယ်တစ်ဦးကို ကျွန်တော် မြင်ခဲ့တယ်၊ သူ့ရဲ့ အဖေက အနောက်ပိုင်း စစ်မြေပြင်မှာ အတင်းအကြပ် ထားပစ်ခဲ့တာကို မြင်ခဲ့တယ်၊ သူ တစ်ယောက်တည်း အနောက်ပိုင်း နယ်မြေက ဝိညာဉ်သားရဲတွေကို တိုက်ခိုက်နေရတာကိုလည်း မြင်ခဲ့တယ်...” ချင်လဲ့၏ မျက်နှာမှာ ဖိအားကြောင့် ရှုံ့မဲ့နေသော်လည်း သူ မြင်တွေ့ခဲ့ရသည်များကို ပြန်လည် ပြောကြားသည့်အခါတွင်မူ သူ၏ လေသံမှာ ထူးဆန်းစွာ တည်ငြိမ်သွားပြီး တိုးတိုးကလေး ဆိုလိုက်သည်။ “အဲဒီတုန်းက သူ ခံစားခဲ့ရတဲ့ ကြောက်ရွံ့မှုတွေကို ကျွန်တော် ခံစားလိုက်ရတယ်၊ သူ့ရဲ့ အဖေက ထားပစ်ခဲ့တဲ့ အချိန်က ထိတ်လန့်မှုနဲ့ အကူအညီမဲ့မှုတွေကို ခံစားလိုက်ရတယ်။ အဲဒီတုန်းက သူ ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းမှုတွေကိုလည်း ကျွန်တော် ခံစားခဲ့ရပါတယ်...”
သူ ပြောနေသည့် အချိန်တွင် ငိုရှိုက်နေသော မိန်းကလေးငယ်၏ ပုံရိပ်မှာ သူ၏ စိတ်ထဲတွင် ပေါ်လာတော့၏။ သူ၏ နှလုံးသားမှာ နာကျင်သွားရပြီး ခေတ္တမျှပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်လှသော ဖိအားများကို မေ့လျော့သွားတော့သည်။
ရှဲ့ကျင်ရွှမ်မှာ ရုတ်တရက် တိတ်ဆိတ်သွားတော့၏။
သူမ၏ မျက်လုံးများအတွင်းရှိ အေးစက်မှုများမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး အလွန်ပင် ရှုပ်ထွေးလှသော အမူအရာများအဖြစ် ပြောင်းလဲသွားတော့သည်။
မျက်မှောင်ကြုတ်လျက်ပင် သူမသည် ချင်လဲ့၏ မျက်နှာကို ကြည့်လိုက်၏။ ခရမ်းရောင် မိစ္ဆာပန်းများ၏ ရစ်ပတ်မှုကြောင့် သူ၏ မျက်နှာမှာ ရှုံ့မဲ့နေသော်လည်း ချင်လဲ့၏ လေသံမှာ တည်ငြိမ်နေပြီး သူ၏ မျက်ဝန်းများမှာမူ နာကျင်မှုနှင့် ကိုယ်ချင်းစာမှုများ အထင်အရှား ပေါ်နေသည်ကို သူမ တွေ့လိုက်ရသည့်အခါ...
သူမ၏ နှလုံးသားအတွင်းရှိ နူးညံသော နေရာလေးတစ်ခုကို ဆွဲလှုပ်ခံလိုက်ရသည့်အလား သူမသည် မျက်လုံးများကို မှိတ်လိုက်တော့၏။
ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများမှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။ ခရမ်းရောင် မိစ္ဆာပန်းများလည်း ကွယ်ပျောက်သွား၏။ လေးလံလှသော ဝန်ထုပ်ဝန်ပိုးကြီး လွတ်ထွက်သွားသဖြင့် ချင်လဲ့မှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားရတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် စိုရွှဲနေပြီး အသက်ကို ပြင်းပြင်းရှုကာ အမောဖြေနေရတော့၏။
“နင်က ငါ့ရဲ့ စွမ်းအားအောက်မှာ လုံးဝ ပြိုလဲမသွားဘဲ မတ်မတ်ရပ်နိုင်ခဲ့တယ်။ နင့်ရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံရတာပဲ။ နင့်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ငါတွေ့ဖူးသမျှ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်က ကျင့်ကြံသူ အများစုထက်တောင် ပိုပြီး သန်မာနေသေးတယ်။ နင် ကျင့်ကြံနေတဲ့ ဝိညာဉ်ကျင့်စဉ်က ခန္ဓာကိုယ် သန့်စင်တဲ့နေရာမှာ အင်မတန် ထူးခြားပုံရတယ်”
ရှဲ့ကျင်ရွှမ်က မျက်လုံးများကို ပြန်မှိတ်လိုက်ပြန်သည်။ သူမ၏ အမူအရာမှာ အေးစက်နေဆဲ ဖြစ်သော်လည်း ခါးသီးတင်းမာမှုများတော့ မရှိတော့ပေ။
“နင် ငါ့ကို ဘာတွေပဲ ဖုံးကွယ်ထားထား၊ နင် အဲဒီ ဝိညာဉ်စုပ်သားရဲကို တကယ်ပဲ သုတ်သင်နိုင်ခဲ့တာ ပိုကောင်းလိမ့်မယ်။ တကယ်လို့ အဲဒီ ဝိညာဉ်စုပ်သားရဲက နောက်တစ်ခါ ပြန်ပေါ်လာပြီး ယုတ်မာတာတွေ လုပ်မယ်ဆိုရင်တော့...” သူမက ချင်လဲ့ကို တစ်ချက် ကြည့်လိုက်သည်။ “အဲဒီအခါကျရင်တော့ ငါ နင့်ကို ဘာမှ မမေးတော့ဘဲ နောက်နောင် ပြဿနာ မတက်အောင် နင့်ကိုပါ တစ်ခါတည်း သတ်ပစ်မယ်”
သူမ ထိုသို့ပြောပြီးနောက် နက်နဲသားရဲပေါ်သို့ တက်ကာ ထွက်ခွာသွားတော့၏။ သူမသည် ချင်လဲ့ကို ကျောခိုင်းလျက်ပင် ဆိုသွားသည်။ “နင့်ရဲ့ ဒီတစ်ခေါက် တာဝန်ကတော့ ပြီးဆုံးသွားပါပြီ။ ငါ မြူတိမ်ဆောင်နဲ့ ဆက်သွယ်လိုက်မယ်၊ သူတို့က နင့်ကို အကျိုးပြုမှတ် တစ်သောင်း ချီးမြှင့်ပါလိမ့်မယ်”
“အကျိုးပြုမှတ် တစ်သောင်း” ချင်လဲ့၏ မျက်လုံးများမှာ ဝင်းလက်သွားတော့၏။
......
“ဆရာကြီးလျန်... ဘာလို့ ဝိညာဉ်သလင်းကျောက် တစ်တုံးမှ မတွေ့ရတာလဲ။ အဲဒီပစ္စည်းက အင်မတန် ရှားပါးတာ။ ဝိညာဉ်စုပ်သားရဲလို ဝိညာဉ်အမျိုးအစား သားရဲတွေဆီကပဲ ရနိုင်တာလေ။ ဝိညာဉ်သလင်းကျောက်သာ မရှိရင် ဒီဝိညာဉ်စုပ်သားရဲရဲ့ တန်ဖိုးက အများကြီး လျော့နည်းသွားမှာပေါ့”
ပန်းဟုန်နှင့် အမှောင်အသူရာခန်းမမှ အခြားစစ်သည်များသည် ဝိညာဉ်စုပ်သားရဲ၏ ကြီးမားလှသော ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်နေကြပေသည်။ သူတို့သည် ၎င်း၏ အရိုးများ၊ ကြွက်သားများ၊ သွေးကြောများ၊ မျက်လုံးများနှင့် သွားများကို သေသေချာချာ ခွဲထုတ် သိမ်းဆည်းနေကြသော်လည်း ဝိညာဉ်သလင်းကျောက်ကို မတွေ့ရှိသဖြင့် နှမြောတသ ဖြစ်နေကြရ၏။
“တကယ်လို့ ဝိညာဉ်စုပ်သားရဲကို အစွန်းရောက် ရှစ်ပါး မီးဝင်္ကပါနဲ့ အပြီးတိုင် သုတ်သင်နိုင်ခဲ့မယ်ဆိုရင်တော့ ဝိညာဉ်အတွင်းမှာ ရှိတဲ့ မှတ်ဉာဏ်တွေနဲ့ အညစ်အကြေးတွေ လောင်ကျွမ်းသွားပြီး သန့်စင်တဲ့ ဝိညာဉ်သလင်းကျောက် တစ်တုံး ဖြစ်ပေါ်လာမှာပေါ့။ ဝိညာဉ်သလင်းကျောက်က ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ လူတိုင်း သိကြတာပဲ။ အဲဒီတော့ အဲဒါရဲ့ တန်ဖိုးကလည်း ဘယ်လောက် ကြီးမားသလဲဆိုတာ သိမှာပါ။ ဒါကြောင့်လည်း ငါတို့က ဝိညာဉ်စုပ်သားရဲတွေကို သတ်တဲ့အခါမှာ အဲဒီမီးဝင်္ကပါကို အသုံးချကြတာပေါ့”
လျန်ကျန့်မှာလည်း ဝိညာဉ်စုပ်သားရဲ၏ အလောင်းဘေးတွင် ရပ်လျက် မတတ်သာသော အမူအရာ ဖြစ်နေပေသည်။ “ဒါပေမဲ့ အဖြစ်အပျက်တွေက ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာခဲ့ဘူးလေ။ ဒီဝိညာဉ်စုပ်သားရဲက မိုးကြိုးဒဏ်ကြောင့် သေသွားတာ။ မိုးကြိုးဆိုတာ ယုတ်မာတဲ့ ဝိညာဉ်တွေနဲ့ မကျေမချမ်း ဝိညာဉ်တွေအတွက်တော့ ဘေးဆိုးတစ်ခုပဲလေ။ ဝိညာဉ်ဟာ မိုးကြိုးနဲ့ လျှပ်စီးကြောင့် တစ်ခါတည်း သေဆုံးသွားခဲ့တာ ဖြစ်သလို ဘာအစအနမျှလည်း မကျန်ခဲ့ဘူး။ ဒါကြောင့် ဝိညာဉ်သလင်းကျောက် ဖြစ်ပေါ်ဖို့ ဆိုတာကလည်း ခက်ခဲသွားပြီပေါ့”
သူသည် ကောင်းယွီ ထွက်ခွာသွားရာ အရပ်သို့ လှမ်းကြည့်လိုက်သည်။ “အဲဒီကောင်လေး အဲဒီအချိန်တုန်းက ဆုတ်ခွာသွားတာကို ငါလည်း အံ့သြနေခဲ့တာ။ အခုမှပဲ ငါ သဘောပေါက်တော့တယ်။ အဲဒီကောင်လေး... သူက ချင်လဲ့ ဘာလုပ်မယ်ဆိုတာကို သိနေခဲ့တာပဲ။ မိုးကြိုးဒဏ်ကြောင့် မိစ္ဆာနတ်ဘုရားရဲ့ အရိပ် ပျက်စီးသွားမှာကို သူ ကြောက်နေခဲ့တာ။ ဒါကြောင့်လည်း ငါတို့ အော်ခေါ်တာကို ဂရုမစိုက်ဘဲ စောစောစီးစီး ထွက်သွားတာပေါ့”
“အား... ဝိညာဉ်သလင်းကျောက်ကို မရလိုက်တာ တကယ့်ကို နှမြောဖို့ ကောင်းလိုက်တာ” ပန်းဟုန်မှာ အင်မတန်မှ နာကျင်နေပုံရ၏။ သူ၏ စိတ်ထဲတွင် ဝိညာဉ်သလင်းကျောက် အကြောင်းသာ ရှိနေပြီး လျန်ကျန့်၏ စကားများကိုလည်း လက်မခံနိုင်သေးပေ။
“ဝိညာဉ်စုပ်သားရဲကို သတ်နိုင်ခဲ့တာတင်ပဲ တော်တော်လေး ကံကောင်းလှပါပြီ။ ဝိညာဉ်သလင်းကျောက် မရတာကတော့ ငါတို့ရဲ့ ကံတရားက အဲဒီလောက်အထိ အထွတ်အထိပ် မရောက်သေးလို့ ဖြစ်မယ်” ရှဲ့ကျင်ရွှမ်သည် နက်နဲသားရဲကို စီးကာ ပြန်လည် ရောက်ရှိလာ၏။ သူမသည် သူမ၏ ပုံမှန် အေးစက်သော အမူအရာကို ပြန်လည် ရရှိနေပြီဖြစ်ကာ ဆိုလိုက်သည်။ “ဝိညာဉ်စုပ်သားရဲ သေသွားပြီဆိုတော့ ငါတို့ရဲ့ တာဝန် ပြီးဆုံးသွားပါပြီ။ ဒီမှာ ဆက်နေနေဖို့ မလိုတော့ဘူး”
“မင်းတို့လည်း အဆင်သင့် ပြင်ထားကြ၊ ခဏနေရင် ငါတို့နဲ့အတူတူ ဒီချိုင့်ဝှမ်းကနေ ထွက်ကြမယ်” လျန်ကျန့်က သူမ၏ ဆိုလိုရင်းကို နားလည်သဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် တုကျဲ၊ ရှုံ့ပါးနှင့် အခြားလူများကို ပြောလိုက်သည်။ “ငါတို့က အရှေ့ကနေ လမ်းဖောက်ပေးမယ်၊ မင်းတို့က နောက်ကနေ လိုက်ခဲ့ရုံပဲ။ ဝိညာဉ်သားရဲတွေ ဝိုင်းနေတဲ့ ဒီချိုင့်ဝှမ်းကနေ မင်းတို့ ဘေးကင်းကင်း ထွက်သွားနိုင်အောင် ငါတို့ ကာကွယ်ပေးပါ့မယ်”
“နားလည်ပါပြီ” နာနော့၊ ရှုံ့ပါးနှင့် တုကျဲတို့က တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကြ၏။
“ဒီချိုင့်ဝှမ်းထဲက အေးစက်တဲ့ စိမ့်စမ်းရေတွင်း အောက်မှာ ဆန်းကြယ် အအေးဓာတ် ကျောက်စိမ်း ကြောကြီး တစ်ကြော ရှိတယ်။ အောက်ဘက်မှာ နက်နဲ အအေးဓာတ် ကျောက်စိမ်းတွေလည်း အများကြီး ရှိနိုင်တယ်” ရှဲ့ကျင်ရွှမ်က တုကျဲကို ကြည့်လျက် ဆိုလိုက်သည်။ “ငါတို့က ဒီကြောကို တွေ့ခဲ့တာ ဆိုပေမဲ့ ဒါဟာ အခု မင်းတို့ရဲ့ မြူတိမ်ဆောင် ပိုင်ဆိုင်မှု ဖြစ်သွားပါပြီ၊ မင်းတို့ စိတ်ကြိုက် တူးဖော်နိုင်တယ်။ ဒီအောင်မြင်မှုအတွက် ဂုဏ်ပြုမှုကိုတော့ ချင်လဲ့ရဲ့ နာမည်နဲ့ ပေးလိုက်မယ်။ မင်းရဲ့ အစ်ကိုကို ပြောလိုက်ပါ၊ သူ့ကို မြူတိမ်ဆောင်ရဲ့ အကျိုးပြုမှတ် တစ်သောင်း ချီးမြှင့်ခိုင်းလိုက်ပါ”
“အကျိုးပြုမှတ် တစ်သောင်း”
တုကျဲ၊ ကျောက်ချန်း၊ ခမ်းကျိ နှင့် ကြက်သွေးရောင်မီးလျှံအသင်း၊ ရေလဂိုဏ်းမှ လူအားလုံးမှာ အံ့သြတုန်လှုပ်သော အကြည့်များဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြတော့၏။
အကျိုးပြုမှတ် တစ်သောင်းဆိုသည်မှာ မြူတိမ်ဆောင် အတွင်း၌ အင်မတန်မှ ကြီးမားလှသော ဓနဥစ္စာတစ်ခုပင် ဖြစ်ပေသည်။ ဤအမှတ်ပမာဏနှင့်ဆိုလျှင် ချင်လဲ့အနေဖြင့် မြူတိမ်ဆောင်၏ ကျင့်ကြံရေးအခန်း အားလုံးကို အသုံးပြုနိုင်မည်ဖြစ်ပြီး ကျမ်းစာမျှော်စင်မှ အဆင့်မြင့် ကျမ်းစာအမျိုးမျိုးကိုလည်း ငှားရမ်းနိုင်မည် ဖြစ်ကာ အဆင့်မြင့်လှသော ဝိညာဉ်လက်နက် အချို့ကိုပင် ဝယ်ယူနိုင်မည် ဖြစ်ပေသည်...။
ပြီးခဲ့သည့်နှစ်က အာတိတ်တောင်တန်းတွင် သူသည် ဝံပုလွေဘုရင်၏ အကူအညီဖြင့် နှင်းခဲပြင်နန်းတော်မှ အကြီးအကဲ ရန်တယ်ဝူကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး နှင်းခဲပြင်နန်းတော်ကို အထိနာစေခဲ့ဖူး၏။ ထို့အပြင် တုကျဲနှင့် အခြားသူများကို ကယ်တင်ခဲ့ကာ နှင်းခဲပြင်နန်းတော်မှ ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ရာတွင်လည်း ကူညီခဲ့ဖူးပေသည်...။
ထိုစဉ်က ရရှိခဲ့သော အကျိုးပြုမှတ်များ အားလုံးကို စုပေါင်းလိုက်လျှင်ပင် အမှတ် သုံးထောင်ခန့်သာ ရှိပေသည်။
လျိုရန်သည် သာမန်အဆင့် ၅ ရှိသော ခြောက်မြှောင့်ဒိုင်းအား ပံ့ပိုးမှုအမှတ် နှစ်ထောင်ဖြင့် ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ထိုအမှတ် နှစ်ထောင်ကိုပင် နှစ်ပေါင်းများစွာ စုဆောင်းခဲ့ရခြင်း ဖြစ်ပေသည်...။
မြူတိမ်ဆောင်၏ ခန်းမသခင်များနှင့် အကြီးအကဲများပင်လျှင် အကျိုးပြုမှတ် တစ်သောင်းကို အလွယ်တကူ မရရှိနိုင်ကြပေ။ သူတို့အနေဖြင့် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ကြိုးစားကြရပေသည်။
ချင်လဲ့၏ ယခုတစ်ခေါက် ခရီးစဉ်မှာ လမ်းခရီး အသွားအပြန်ပါ ပေါင်းလျှင်ပင် တစ်လကျော်ကျော်မျှသာ ရှိသေးသော်လည်း သူသည် အကျိုးပြုမှတ် တစ်သောင်းကို ရရှိခဲ့ပြီ ဖြစ်သည်။ ဤအချက်ကို လူအုပ်ကြီးက မည်သို့လျှင် အလွယ်တကူ လက်ခံနိုင်ပါမည်နည်း။
အခန်း (၁၀၄) ချပ်ဝတ်တန်ဆာ
ရှဲ့ကျင်ရွှမ်နှင့် လျန်ကျန့်တို့က ရှေ့မှနေ၍ လမ်းဖောက်ပေးနေသဖြင့် ချိုင့်ဝှမ်းပြင်ပရှိ ဝိညာဉ်သားရဲအုပ်ကြီးမှာ စိုးရိမ်စရာ မရှိတော့ပေ။
တံစဉ်ကြီးနှင့် လမင်းပြာ ဝိညာဉ်လက်နက်တို့ ပျံဝဲသွားသည့်နေရာတိုင်းတွင် အသားစများနှင့် သွေးညှီနံ့များ ဖုံးလွှမ်းသွားပြီး ဝိညာဉ်သားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် သုတ်သင်ခြင်း ခံလိုက်ရတော့သည်။
ချင်လဲ့၊ တုကျဲ နှင့် ရေလဂိုဏ်း၊ ကြက်သွေးရောင်မီးလျှံအသင်းတို့မှ လူများမှာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြရာ ခက်ခဲမှုမရှိဘဲ ပြင်ပရှိ ကျောက်တုံးတောအုပ်သို့ ရောက်ရှိလာကြ၏။
ဝိညာဉ်သားရဲများမှာ အစွန်းရောက် ရှစ်မျက်နှာ မီး ဝင်္ကပါ အတွင်းရှိ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအားကြောင့်သာ စုဝေးနေကြခြင်း ဖြစ်ပေသည်။ ယခုအခါ ထိုမီးဝင်္ကပါ ပေါက်ကွဲပျက်စီးသွားပြီး ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားများလည်း မရှိတော့သဖြင့် ချိုင့်ဝှမ်းအတွင်းရှိ စွမ်းအားများမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်ရာ ဝိညာဉ်သားရဲများမှာလည်း ကျောက်တုံးတောအုပ်အနီးတွင် ကြာရှည်စွာ မနေကြတော့ပေ။
၎င်းတို့မှာ ကျောက်တုံးတောအုပ်၏ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး ပြင်ပလောကတွင် ဆက်လက်၍ သောင်းကျန်းရန် ပြင်ဆင်နေကြတော့သည်။
ကျောက်တုံးတောအုပ်၏ အစွန်အဖျားသို့ ရောက်သည့်အခါ ချင်လဲ့သည် စည်းကမ်းထိန်းသိမ်းရေးဌာနမှ အကြီးအကဲ ရဲ့ရန်ချူးကို တွေ့လိုက်ရ၏။ သူသည် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ကျင့်ကြံသူများနှင့်အတူ ဖြူဖျော့နေသော ကောင်းယွီကို ခေါ်ဆောင်လာခြင်း ဖြစ်ပေသည်။
ထို့အပြင် ကြက်သွေးရောင်မီးလျှံအသင်းနှင့် ရေလဂိုဏ်းတို့မှ အကြီးအကဲနှစ်ဦးလည်း ပါဝင်လာကြ၏။ သူတို့သည် သတင်းကြားကြားချင်းပင် ကျောက်တုံးတောအုပ်အတွင်းသို့ ဝင်ရောက်ကာ ဝိညာဉ်သားရဲများကို သုတ်သင်ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
“နှုတ်ဆက်ပါတယ် သခင်မလေးရှဲ့” ရဲ့ရန်ချူးနှင့် အကြီးအကဲနှစ်ဦးမှာ နက်နဲ့သားရဲကို စီးနင်းလာသည့် ရှဲ့ကျင်ရွှမ်အား မြင်သည့်အခါ အသာအယာ ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
ရှဲ့ကျင်ရွှမ်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်သော အမူအရာဖြင့် ရှိနေပေသည်။ “ရှင်တို့ နောက်ကျသွားပြီ၊ ကျွန်မကို ဘာမှ မကူညီနိုင်တော့ဘူး။ ကံကောင်းလို့ ဝိညာဉ်စုပ်သားရဲကို သတ်နိုင်ခဲ့ပြီ။ ရှင်တို့ကတော့ ကျန်နေတဲ့ သားရဲတွေကိုပဲ ရှင်းလင်းလိုက်ပါတော့။ နောက်ပြီးတော့ နှင်းခဲပြင်နန်းတော်က လူတွေ လာမေးရင်တော့ ရန်ကျိချန်းနဲ့ သူ့အပေါင်းအပါတွေဟာ ဝိညာဉ်စုပ်သားရဲရဲ့ ကိုက်ခဲစားသောက်တာကို ခံလိုက်ရတယ်လို့ပဲ ပြောလိုက်ပါ”
စကားဆုံးသည်နှင့် သူမသည် နက်နဲသားရဲကို အကြီးအကဲ သုံးဦး၏ ဘေးမှနေ၍ မောင်းနှင်ထွက်ခွာသွားပြီး ကျောက်တုံးတောအုပ်အတွင်းမှ ပထမဦးဆုံး ထွက်ခွာသွားတော့သည်။
နာနော့၊ ရှုံ့ပါး၊ တုကျဲနှင့် အခြားလူများမှာ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသော်လည်း မည်သူမျှ စကားမဆိုကြဘဲ သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်ကြ၏။
ထို့နောက်တွင် ပန်းဟုန်နှင့် အမှောင်အသူရာခန်းမမှ စစ်သည်များမှာလည်း ချိုသာသော ယူနီကွန်မြင်းများကို စီးကာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။
လျန်ကျန့် တစ်ယောက်သာ ကျန်ရစ်ခဲ့၏။ သူက အခြားလူများကို ဆိုလိုက်သည်။ “ငါတို့က အာတိတ်တောင်တန်းကို ခရီးဆက်ရဦးမှာမို့ ဒီမှာ ကြာကြာ မနေတော့ဘူး။ ဝိညာဉ်စုပ်သားရဲ သေသွားပြီဆိုတော့ ကျန်တဲ့အလုပ်တွေက မင်းတို့အတွက် မခက်ခဲတော့ပါဘူး”
ရဲ့ရန်ချူးက ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်တို့က ကျောက်တုံးတောအုပ်ထဲမှာ စုဝေးနေတဲ့ ဝိညာဉ်သားရဲတွေကို သုတ်သင်ဖို့ ရောက်လာတာပါ”
ဤကာလအတွင်း ရဲ့ရန်ချူးသည် ကြက်သွေးရောင်မီးလျံအသင်းမှ ကော့ဟုန်းနှင့် ရေလဂိုဏ်းမှ လော့ဝေတို့နှင့်အတူ ပတ်ဝန်းကျင်ရှိ မြို့များကို လှည့်လည်စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ရေခဲကျောက်မြို့၊ ကြက်သွေးရောင် မီးလျှံမြို့ နှင့် ရေလမြို့ ပတ်ဝန်းကျင်ရှိ အဆင့် ၂ ရှိသော ဝိညာဉ်သားရဲများကို သုတ်သင်ရန် တာဝန်ယူထားကြရပေသည်။
လွန်ခဲ့သော နှစ်ပတ်အတွင်းမှာပင် အဆင့် ၂ ရှိသော ဝိညာဉ်သားရဲများမှာ ထူးထူးခြားခြား ပျောက်ကွယ်နေသည်ကို သူတို့ တွေ့ရှိခဲ့ကြ၏။
ထိုသို့ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် သူတို့ သတင်းရရှိခဲ့ခြင်း ဖြစ်သည်။ အထက်လူကြီးများက မြို့သုံးမြို့၏ အလယ်ဗဟိုရှိ ကျောက်တုံးတောအုပ်အတွင်း၌ ဝိညာဉ်သားရဲများစွာ စုဝေးနေကြောင်းနှင့် အမှောင်အသူရာခန်းမ၏ တာဝန်များ အောင်မြင်စေရန်အတွက် ကျောက်တုံးတောအုပ်အတွင်းသို့ ဝင်ရောက် ကူညီရန် အမိန့်ပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူတို့မှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ရလေပြီ။
“ချင်လဲ့၊ ကောင်းယွီ... မင်းတို့နှစ်ယောက် ဒီဘက်ကို ခဏလာခဲ့ဦး” လျန်ကျန့်သည် နက်နဲသားရဲကို စီးလျက် လူအုပ်ကြီးနှင့် အနည်းငယ် ဝေးရာ ကျောက်တောင်ကြီးတစ်တောင်၏ နောက်ဘက်သို့ ထွက်သွားပြီးနောက် လှမ်းခေါ်လိုက်၏။
ချင်လဲ့မှာ တုကျဲ၏ ဘေးမှ ထွက်လာခဲ့ပြီး ကောင်းယွီသည်လည်း စည်းကမ်းထိန်းသိမ်းရေးဌာန အဖွဲ့ဝင်များကြားမှ ထွက်လာကာ ကျောက်တောင်ကြီး၏ နောက်ဘက်သို့ လိုက်သွားကြတော့သည်။
“ကောင်းယွီ... မင်း အဆင်ပြေရဲ့လား” လျန်ကျန့်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
ကောင်းယွီသည် ယခင်က ချိုင့်ဝှမ်းအတွင်းမှ တစ်ယောက်တည်း ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ဝိညာဉ်သားရဲအုပ်ကြီးကို ဂရုမစိုက်ဘဲ ဖောက်ထွက်သွားခဲ့သဖြင့် လူတိုင်းပင် သူ ဝိညာဉ်သားရဲများ၏ ကိုက်ခဲမှုကို ခံရတော့မည်ဟု စိုးရိမ်နေခဲ့ကြခြင်း ဖြစ်ပေသည်။ ယခုကဲ့သို့ သူ ဘေးမသေ ရန်မခဘဲ ရှိနေသည်မှာ မျှော်လင့်မထားသော အချက်ပင်။
“ကျွန်တော် အဆင်ပြေပါတယ်” ကောင်းယွီ၏ မျက်နှာမှာ ပြာနှမ်းဖြူဖျော့နေဆဲပင်။
သူသည် ဝိညာဉ်သားရဲအုပ်ကြီးကြားမှ မည်သို့ ဖြတ်ကျော်ခဲ့သည်ကို ပြောမပြဘဲ ချင်လဲ့ကို ကြည့်ကာ ခေတ္တမျှ စဉ်းစားပြီးမှ ဆိုလိုက်သည်။ “အဲဒီအချိန်တုန်းက မင်း ဆင့်ခေါ်လိုက်တဲ့ မိုးကြိုးနဲ့ လျှပ်စီးတွေက ငါ့အတွက် အသက်အန္တရာယ် ရှိနိုင်တယ်။ အဲဒါကြောင့် ငါ ထွက်သွားရတာ။ မဟုတ်ရင် ငါ့ရဲ့ ဝိညာဉ်နဲ့ ငါ့လက်စွပ်ထဲက အရိပ်ဟာ... လွင့်စင်သွားနိုင်လို့ပဲ”
“အင်း... ငါ နားလည်ပါတယ်” ချင်လဲ့က ခေါင်းညိတ်လိုက်၏။
“ငါ မင်းတို့ကို တစ်ခုခု ပေးမလို့ ခေါ်လိုက်တာပါ။ အင်း... အရင်က မင်းတို့ကို ကတိပေးထားခဲ့တယ် မဟုတ်လား” လျန်ကျန့်က အသာအယာ ပြုံးလိုက်သည်။ “ကောင်းယွီ ဆင့်ခေါ်လိုက်တဲ့ မိစ္ဆာနတ်ဘုရားရဲ့ အရိပ်ဟာ ဝိညာဉ်စုပ်သားရဲရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားတဲ့နေရာမှာ အများကြီး ကူညီပေးခဲ့တယ်။ ဒါပေမဲ့ မင်းက စောစော ထွက်သွားခဲ့တယ်လေ။ မဟုတ်ရင် ဒီလောက်အထိ အလုပ်မရှုပ်တော့ဘူးပေါ့”
သူသည် ချင်လဲ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြန်သည်။ “ချိုင့်ဝှမ်းထဲမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ အသေအချာ မသိပေမဲ့ မင်းက သခင်မလေးကို အများကြီး ကူညီခဲ့တယ်ဆိုတာတော့ ငါ သိပါတယ်။ မဟုတ်ရင် သခင်မလေးက မြူတိမ်ဆောင်ကို မင်းအတွက် အကျိုးပြုမှတ် တစ်သောင်း ပေးခိုင်းမှာ မဟုတ်ဘူး”
“အကျိုးပြုမှတ် တစ်သောင်း ဟုတ်လား” ကောင်းယွီ၏ မျက်နှာမှာ အံ့သြတုန်လှုပ်သွားရ၏။
ချင်လဲ့က တဟဲဟဲ ရယ်မောလိုက်သည်။ “ကောင်းယွီ... အခုလောလောဆယ်တော့ ငါတို့ အကျိုးပြုမှတ်တွေအတွက် စိတ်ပူစရာ မလိုတော့ဘူး။ အကျိုးပြုမှတ် တစ်သောင်းဆိုရင် ငါတို့ လေ့ကျင့်ရေးခန်းမမှာ လုပ်ချင်တာတွေ အကုန်လုပ်လို့ ရပြီလေ”
ကောင်းယွီ၏ အမူအရာမှာ အေးစက်သွား၏။ “ငါလည်း ဒီတစ်ခေါက် အနည်းဆုံး အမှတ် နှစ်ထောင်တော့ ရမှာပါ။ နောင်ကျရင်တော့ လေ့ကျင့်ရေးခန်းမ သုံးဖို့အတွက် ငါကိုယ်တိုင်ပဲ အမှတ်တွေ ပေးသုံးရလိမ့်မယ်”
“မင်း သဘောပါပဲ” ချင်လဲ့က ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်၏။
“ဒီသားရေ ချပ်ဝတ်တန်ဆာ နှစ်စုံက မင်းတို့အတွက်” လျန်ကျန့်၏ လက်မှ သိုလှောင်လက်စွပ်ကလေး ဝင်းလက်သွားပြီး အမှောင်အသူရာခန်းမ စစ်သည်များ ဝတ်ဆင်သော ဝတ်စုံနှစ်စုံ ထွက်ပေါ်လာတော့၏။ သူသည် ထိုဝတ်စုံများကို သူတို့နှစ်ဦးအား ကမ်းပေးရင်း ဆိုလိုက်သည်။ “အမှောင်အသူရာခန်းမရဲ့ သားရေဝတ်စုံကို အဆင့် ၃ နဲ့ ၄ ရှိတဲ့ ဝိညာဉ်သားရဲတွေရဲ့ အရေခွံတွေနဲ့ လုပ်ထားတာ။ ဒီဝတ်စုံနှစ်စုံကတော့ အဆင့် ၃ သားရဲဖြစ်တဲ့ ရွှေဦးချို တောင်ပံ ပုတ်သင်ညိုရဲ့ အရေခွံနဲ့ လုပ်ထားတာ။ သူ့ရဲ့ အရေခွံက တော်တော်လေး ထူတယ်။ ထက်မြက်တဲ့ လက်နက်တွေကို တားဆီးနိုင်ရုံတင်မကဘဲ ဝိညာဉ်စွမ်းအား အချို့ကိုတောင် ကာကွယ်ပေးနိုင်တယ်...”
သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ဆိုသည်။ “ဪ... ငါ ပြောဖို့ မေ့သွားလို့။ ချပ်ဝတ်တန်ဆာတွေဆိုတာ များသောအားဖြင့် အရမ်း လေးတတ်တယ်။ ဒီဝတ်စုံနှစ်စုံကတော့ ဝိညာဉ်ထင်ရှာခြင်း အဆင့် ကျင့်ကြံသူတွေအတွက်တော့ အတော်လေး ပေါ့ပါးပေမဲ့ မင်းတို့အတွက်တော့ စိန်ခေါ်မှု တစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ အခု ဝတ်ရတာ လေးနေတယ်ဆိုရင်တောင်မှ၊ မင်းတို့ရဲ့ ကျင့်ကြံမှု အဆင့်မြင့်လာတဲ့အထိ စောင့်ပြီးမှ...”
လျန်ကျန့်၏ စကားများမှာ ရုတ်တရက် ရပ်တန့်သွား၏။ သူသည် ထိုသူနှစ်ဦးကို အံ့သြတုန်လှုပ်သော အကြည့်များဖြင့် ကြည့်နေမိတော့သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းယွီနှင့် ချင်လဲ့တို့သည် သူ ရှင်းပြနေစဉ်မှာပင် သားရေဝတ်စုံများကို ယူကာ ဝတ်ဆင်လိုက်ကြသောကြောင့် ဖြစ်ပေသည်။ ယခုအချိန်တွင် သူတို့နှစ်ဦးမှာ ကျောက်တုံးတောအုပ်အတွင်းဝယ် စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။
ကောင်းယွီ၏ လှုပ်ရှားမှုမှာ အနည်းငယ် နှေးကွေးနေသော်လည်း ချင်လဲ့မှာမူ မည်သည့် သက်ရောက်မှုမျှ မရှိသကဲ့သို့ပင်။ သူသည် သာမန်အဝတ်အစားကို ဝတ်ဆင်ထားသည့်အလား ဖြစ်နေပေသည်။
“အရမ်း ပေါ့တာပဲ၊ ခင်ဗျား ပြောသလို မလေးပါဘူး။ မဆိုးဘူး၊ တော်တော်လေး သက်သောင့်သက်သာ ရှိတယ်” ချင်လဲ့သည် ခဏမျှ ခုန်ပေါက်ကြည့်ပြီးနောက် ပြန်ရပ်ကာ အေးအေးဆေးဆေးပင် မှတ်ချက်ပေးလိုက်၏။
“နည်းနည်းလေးတော့ လေးတယ်၊ ဒါပေမဲ့ လက်ခံနိုင်တဲ့ အဆင့်မှာပါ။ ဒါကို ဝတ်ထားဖို့ ပြဿနာ မရှိပါဘူး” ကောင်းယွီကလည်း ဆိုလိုက်သည်။
လျန်ကျန့်မှာ အံ့သြသွားပြီးနောက် မျက်နှာရှုံ့မဲ့လိုက်မိသည်။ “မင်းတို့နှစ်ယောက်က သာမန်လူတွေ မဟုတ်ဘူးဆိုတာ ငါ မေ့သွားလို့ပဲ။ ငါ မင်းတို့ရဲ့ ခွန်အားကို အထင်သေးမိသွားတာပဲ။ အင်း... ကောင်းပါပြီ၊ မင်းတို့ ဝတ်နိုင်တယ်ဆိုရင်တော့ တော်တာပေါ့”
သူသည် ခေတ္တမျှ ရပ်နားလိုက်ပြီးမှ ဆိုသည်။ “ငါ အစကတော့ ဝိညာဉ်စုပ်သားရဲကို မီးဝင်္ကပါနဲ့ သုတ်သင်ပြီးရင် မင်းတို့ တစ်ယောက်ကို ဝိညာဉ်သလင်းကျောက် တစ်တုံးစီ ပေးမလို့ စဉ်းစားထားတာ။ မိုးကြိုးဒဏ်ကြောင့် ဒီကောင် သေသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။ အဲဒါကြောင့် ဝိညာဉ်သလင်းကျောက် မထွက်လာခဲ့တာ” သူသည် နှမြောတသစွာ သက်ပြင်းချလိုက်သည်။ “ဝိညာဉ်သလင်းကျောက်ဆိုတာ တကယ့် ပစ္စည်းကောင်းပဲ၊ ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးနိုင်ပြီး ဝိညာဉ်စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တာ။ ဒါက တော်တော်လေး ရှားပါးတယ်၊ အား... နှမြောစရာပဲ...”
“ဝိညာဉ်သလင်းကျောက် ဆိုတာက ဘာလဲ” ချင်လဲ့က ဝေခွဲမရစွာ မေးလိုက်၏။
“ဟုတ်တယ်၊ ဝိညာဉ်သလင်းကျောက်တွေဟာ ဝိညာဉ်ကျောက်တုံးတွေလိုပဲ စွမ်းအားတွေကို သိုလှောင်ထားနိုင်တာ။ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေမှာ ဝိညာဉ်စွမ်းအား ပါဝင်ပေမဲ့၊ ဝိညာဉ်သလင်းကျောက်တွေမှာတော့ စိတ်ဝိညာဉ်စွမ်းအား ပါဝင်တာပေါ့။ ဝိညာဉ်သလင်းကျောက်တွေက အင်မတန် တန်ဖိုးကြီးတယ်။ အချို့ ဝိညာဉ်အမျိုးအစား သားရဲတွေနဲ့ အန္တရာယ်ရှိတဲ့ အရာတွေကို ပြင်းထန်တဲ့ မီးနဲ့ သန့်စင်ပြီးမှသာ သန့်ရှင်းတဲ့ ဝိညာဉ်သလင်းကျောက်တွေ ရရှိနိုင်တာ။ ဒီပစ္စည်းက ဘယ်နေရာမှာမဆို ဈေးကြီးသလို ရှာဖို့လည်း ခက်ခဲတယ်”
လျန်ကျန့်၏ အမူအရာမှာ တည်ကြည်လေးနက်နေပေသည်။ “ကျင့်ကြံသူက ပိုပြီး သန်မာလေလေ ဝိညာဉ်သလင်းကျောက်ရဲ့ ဆွဲဆောင်မှုက ပိုပြီး ကြီးမားလေလေပဲ။ ဝိညာဉ်သလင်းကျောက်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေကို စုပ်ယူပြီးတော့ အဆင့်မြင့် ကျင့်ကြံသူတွေဟာ သူတို့ရဲ့ ဝိညာဉ်စွမ်းအား ဒါမှမဟုတ် သူတို့ရဲ့ စိတ်အာရုံကို တိုက်ရိုက် မြှင့်တင်နိုင်ကြတာ။ စိတ်စွမ်းအား မြင့်တက်လာတယ်ဆိုတာ ဝိညာဉ် ကြီးထွားလာတယ်လို့ ဆိုလိုတာပဲ။ ဒါဟာ နောင်တစ်ချိန် ကျင့်ကြံမှုတွေမှာ ကျင့်ကြံသူရဲ့ စွမ်းအားကို နယ်ပယ်စုံမှာ မြှင့်တင်ပေးနိုင်မှာပါ”
“ဝိညာဉ်လမ်းကြောင်း အဆင့်ကနေ စပြီးတော့ ကျင့်ကြံသူတွေဟာ ဝိညာဉ်စွမ်းအားကို ကျင့်ကြံကြရတော့မယ်။ ဝိညာဉ်စွမ်းအား မြင့်တက်လာခြင်းဟာ နောင်ကျင့်ကြံမှု အဆင့်ဆင့် တက်လှမ်းဖို့အတွက် အရေးကြီးဆုံးပဲ။ ယေဘုယျအားဖြင့်တော့ ကျင့်ကြံသူရဲ့ ဝိညာဉ်က ပိုပြီး သန်မာလေလေ တိုးတက်ဖို့ လမ်းစက ပိုပြီး များလေလေပဲ။ ဝိညာဉ်လမ်းကြောင်း အဆင့်ကို ကျော်လွန်သွားရင်တော့ ဝိညာဉ်ရဲ့ ကြီးထွားမှုဟာ ကျင့်ကြံသူရဲ့ ခွန်အားကို ဆုံးဖြတ်ပေးတဲ့ အရေးကြီးဆုံး အချက် ဖြစ်လာတော့တာပဲ”
“ဝိညာဉ်... စိတ်အာရုံ...”
ချင်လဲ့က တိုးတိုးကလေး ရေရွတ်လိုက်မိ၏။ သူသည် ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားပြီးနောက် ရုတ်တရက် ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်တော့သည်။
“ချင်လဲ့... လီဈေးဆိုင်က လီမူကို ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားတွေ ပိုလုပ်ခိုင်းထားလိုက်ဦး။ အင်း... ငါ့အတွက် အသေအချာ ဂရုစိုက်ပေးဖို့လည်း မှတ်ထားဦးနော်။ အာတိတ်တောင်တန်းကနေ ပြန်လာရင် ငါ လီဈေးဆိုင်ကို လာခဲ့မယ်” လျန်ကျန့်၏ အပြုံးမှာ အနည်းငယ် ဖားယားလိုသော ပုံစံမျိုး ဖြစ်သွားသည်။ “ငါတို့ ဝယ်ခဲ့တဲ့ ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားတွေအားလုံးက အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါထဲမှာ ပျက်စီးသွားပြီလေ။ ငါ အမှောင်အသူရာခန်းမကို ပြန်ရောက်ရင် ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားတွေကို သုံးပြီး လေ့ကျင့်ရေးအခန်း တစ်ခန်း လုပ်ချင်လို့၊ အဲဒါကြောင့်...”
“စိတ်ချပါ၊ ကျွန်တော် သေသေချာချာ စောင့်ကြည့်ပေးထားပါ့မယ်” ချင်လဲ့က စိတ်ချရန် သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်၏။
“အင်း... ဒါဆိုရင်တော့ ဒါပါပဲ။ ငါ အရင် သွားနှင့်တော့မယ်” ချင်လဲ့၏ ပုခုံးကို ပုတ်လျက် လျန်ကျန့်က ပြုံးကာ ဆိုလိုက်သည်။ “ကောင်လေး... လီမူဆီကနေ အများကြီး သင်ယူထားလိုက်ဦး။ အဲဒီလူက... သာမန်လူ မဟုတ်ဘူး” စကားဆုံးသည်နှင့် လျန်ကျန့်သည် နက်နဲသားရဲပေါ်သို့ တက်ကာ ကျောက်တုံးတောအုပ်အတွင်းမှ ထွက်ခွာသွားတော့သည်။
“ငါကတော့ ကျောက်တုံးတောအုပ်ထဲမှာ ဆက်နေပြီး စည်းကမ်းထိန်းသိမ်းရေးဌာနနဲ့အတူ ကျန်နေတဲ့ ဝိညာဉ်သားရဲတွေကို သတ်ဦးမယ်။ မင်းရော” ကောင်းယွီက မေးလိုက်၏။
“ငါကတော့ ရေခဲကျောက်မြို့ကို အရင် ပြန်တော့မယ်။” ချင်လဲ့က ပြုံးလိုက်သည်။ “ငါက ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို အခုမှ ရောက်ကာစဆိုတော့ အဆောင်ကို ပြန်ပြီး ငါ့ရဲ့ ကျင့်ကြံခြင်း အခြေအနေကို တည်ငြိမ်အောင် လုပ်ဖို့ လိုသေးတယ်။ အခုလောလောဆယ်တော့ ဝိညာဉ်သားရဲတွေကို သတ်ပြီး အတွေ့အကြုံ ယူဖို့ မလိုသေးပါဘူး”
ကောင်းယွီမှာ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ဂုဏ်ယူပါတယ်၊ ငါလည်း မကြာခင် အဲဒီအဆင့်ကို ရောက်တော့မှာပါ။ ငါ ခံစားနေရတယ်... မြို့ကို ပြန်ရောက်တဲ့ အခါကျရင်တော့ ငါလည်း ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို ရောက်နေလောက်ပြီ” သူ၏ လေသံမှာ ယုံကြည်မှု အပြည့် ရှိနေပေသည်။
ထို့နောက်တွင် သူတို့နှစ်ဦးမှာ လမ်းခွဲလိုက်ကြတော့၏။
“အစ်ကိုတု... အစ်ကိုတို့က ဒီမှာ ဆက်နေမှာလား၊ ဒါမှမဟုတ် မြူတိမ်ဆောင်ကို ပြန်ကြမှာလား” ချင်လဲ့က တုကျဲနှင့် အခြားလူများရှိရာသို့ ပြန်ရောက်သည့်အခါ မေးလိုက်၏။
“ငါတို့က အကြီးအကဲရဲ့ကို ကူညီပြီး ဝိညာဉ်သားရဲတွေကို သတ်ဦးမလို့လေ၊ ဘာလဲ... မင်းက ပြန်တော့မလို့လား” တုကျဲက အံ့သြစွာ မေးလိုက်၏။
“ကျွန်တော် အခုမှ အဆင့်တက်ထားတာဆိုတော့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ဖို့ လိုလို့ပါ။ နောက်ပြီး အကျိုးပြုမှတ်တွေလည်း အများကြီး ရထားတာဆိုတော့...” ချင်လဲ့က ရှင်းပြလိုက်၏။
“ဪ... မင်းကတော့ ကံကောင်းလိုက်တာကွာ။ အဲဒီမိန်းမက မင်းကို တကယ်ပဲ သဘောကျနေတာပဲ၊ မင်းကို ဆန်းကြယ် အအေးဓာတ် ကျောက်စိမ်းကြောကြီးကိုတောင် ပေးခဲ့သေးတာပဲ။ မင်း မအောင်မြင်ဘဲ နေပါ့မလား။ အဲဒီ အကျိုးပြုမှတ် တစ်သောင်းဆိုတာလည်း အလကား ရလိုက်သလိုပဲ” ခမ်းကျိက သူ၏ ဖောင်းကားနေသော ပါးပြင်ကို ကိုင်လျက် ညည်းတွားလိုက်သည်။ “နှမြောစရာပဲ၊ ငါ့မှာ ဒီလောက် ချောမောတဲ့ မျက်နှာ ရှိနေပါလျက်နဲ့ ဘယ်သူမှ လာပြီး မချီးကျူးကြပါလား။ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ...”
“တော်စမ်း” ကျောက်ချန်းက ဆက်ကြည့်မနေနိုင်တော့ပေ။ သူမသည် ခမ်းကျိကို တစ်ချက် ကန်လိုက်ရာ ခမ်းကျိမှာ လန့်ဖျန့်သွားပြီး ရှောင်လိုက်ရတော့၏။
“ချင်လဲ့... မင်းနဲ့ အဲဒီ အမှောင်အသူရာခန်းမက မိန်းမနဲ့က... တကယ်ပဲ တစ်ခုခု ရှိနေတာလား” ဟန်ဖုန်းက မျက်ခုံးပင့်လျက် မေးလိုက်သည်။ “ဟားဟား... အဲဒီမိန်းမက တော်တော်လေး လှတာပဲ။ မင်းသာ သူ့ကို ရလိုက်ရင်တော့ အမှောင်အသူရာခန်းမကို ဝင်ဖို့အတွက် လမ်းကြောင်းက ဖြောင့်ဖြောင့်တန်းတန်း ဖြစ်သွားမှာပဲ”
“နင်လည်း တော်” ကျောက်ချန်းက သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။ “ချင်လဲ့... အစ်မ နင့်ကို သတိပေးပါရစေ။ ရှဲ့ကျင်ရွှမ်လို မိန်းမမျိုးကိုတော့ သွားပြီး မဆွမိပါစေနဲ့။ ပြည်တွင်းရေးရာဌာနကနေ ထွက်လာတဲ့ မိန်းမတွေထဲမှာ သာမန်မိန်းမ တစ်ယောက်မှ မရှိဘူး။ အဲဒီ ပန်းဟုန်ဆိုတဲ့ လူက အတော်လေး အစွမ်းထက်တဲ့သူ၊ သူတောင် ရှဲ့ကျင်ရွှမ်ကို သခင်မလေးလို့ ခေါ်နေတာဆိုတော့ ဒီမိန်းမဟာ အနည်းဆုံးတော့ တပ်မှူးအဆင့်လောက် ရှိလိမ့်မယ်”
ကျောက်ချန်းက အသက်ကို ပြင်းပြင်းရှုလိုက်ပြီးနောက် ဆက်ပြောသည်။ “ပြည်တွင်းရေးရာဌာနက တပ်မှူးတွေရဲ့ လက်တွေဟာ သွေးတွေ စိုရွှဲနေတာ။ သူတို့ သတ်ခဲ့တဲ့ လူတွေနဲ့ ဝိညာဉ်သားရဲတွေ ဘယ်လောက်တောင် များမလဲဆိုတာ မသိနိုင်ဘူး။ ဒီလိုလူမျိုးတွေဟာ... များသောအားဖြင့်တော့ ပုံမှန် မဟုတ်ကြဘူး။ နင် ဂရုစိုက်ရမယ်။ မလိုအပ်တဲ့ ပြဿနာတွေ မတက်အောင် သူနဲ့ သိပ်ပြီး မပတ်သက်မိဖို့ အရေးကြီးတယ်”
“ကျွန်တော် မှတ်ထားပါ့မယ်” ချင်လဲ့က တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
သူသည်လည်း ရှဲ့ကျင်ရွှမ်နှင့် ခပ်ခွာခွာ နေရန် ဆုံးဖြတ်လိုက်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူမ စစ်ဆေးမေးမြန်းနေစဉ်အတွင်း ရှဲ့ကျင်ရွှမ်သည် သူ့ကို သတ်ရန် ကြံရွယ်ခဲ့ပြီး သတ်ရန်လည်း အင်မတန် နီးစပ်ခဲ့သည်အား သူ သိရှိထားသောကြောင့် ဖြစ်ပေသည်။
ထိုမိန်းမသည် သူ့ကို အဘယ်ကြောင့် ပြန်လွှတ်ပေးခဲ့သည်ကို သူ မသိသော်လည်း ထိုသို့သော အတွေ့အကြုံမျိုးအား ဒုတိယအကြိမ် မခံစားလိုတော့ပေ။ ထို့ကြောင့် သူမနှင့် မပတ်သက်မိအောင် တတ်နိုင်သမျှ ရှောင်ရှားရန်သာ သူ ဆုံးဖြတ်လိုက်လေတော့သည်။