အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း (၁၀၉) သတင်းဆိုး
“လူတွေ ပြန်လာကြပြီဟေ့”
“ဂိုဏ်းက အကြီးအကဲတစ်ယောက် ပြန်ရောက်လာပြီ”
“အကြီးအကဲ ချူယန်ရဲ့ လူတွေပဲ”
မွန်းလွဲပိုင်း အချိန်တွင် ချင်လဲ့နှင့် လျိုရန်တို့ ကျင့်ကြံရာနေရာမှ ထွက်လာစဉ်မှာပင် မြူတိမ်ဆောင်၏ တောင်ဘက်တံခါးဆီမှ အော်ဟစ်သံများကို ကြားလိုက်ရလေသည်။
လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း ကျင့်ကြံသူများနှင့် ဝိညာဉ်သားရဲများအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ မြူတိမ်ဆောင်မှ တိုက်ခိုက်ရေးသမား အများအပြားကို ရှေ့တန်းသို့ စေလွှတ်ခဲ့ရသည်။ အဖွဲ့တစ်ဖွဲ့ ပြန်ရောက်လာတိုင်း တံခါးစောင့်များက အောင်ပွဲရပြန်လာသူများကို နွေးထွေးစွာ ကြိုဆိုသည့်အနေဖြင့် ကျယ်လောင်စွာ အော်ဟစ်လေ့ရှိကြသည်။
“သွားကြည့်ကြရအောင်” လျိုရန်က အသာအယာ ပြုံးလိုက်ရင်း ဆိုလိုက်သည်။ “အာတိတ်တောင်တန်းမှာ ငါတို့ဘက်က အသာစီးရနေပြီလို့ သတင်းကြားတယ်။ အကြီးအကဲ ချူယန်လည်း ဒီတစ်ခေါက်တော့ ဝိညာဉ်သားရဲ အမြုတေတွေ အတော်လေး ရလာမှာပဲ”
ချင်လဲ့သည် နောက်တစ်နေ့တွင် အဖျက်စွမ်းအားပြင်း ဝိညာဉ်ဗုံး၏ နောက်ဆုံးအဆင့် ဝိညာဉ်အစီရင် ရေးထိုးရန်အတွက် နှစ်ရက်ခန့် အနားယူထားသူ ဖြစ်ရာ စိတ်လက်ပေါ့ပါးနေသဖြင့် လျိုရန်နှင့်အတူ လိုက်သွားခဲ့သည်။
သို့သော်လည်း ကြိုဆိုနှုတ်ဆက်သံများသည် ရုတ်ချည်း တိတ်ဆိတ်သွား၏။
ချင်လဲ့နှင့် လျိုရန်တို့ တံခါးဝသို့ ရောက်ရန် လမ်းတစ်ဝက်ခန့်တွင်ပင် မည်သည့်အသံမျှ ထပ်မံ ထွက်ပေါ်မလာတော့ချေ။ လူတိုင်း၏ နှုတ်ဖျားတို့မှာ အပ်ကျမယွင်း တိတ်ဆိတ်သွားကြသည်။
“တစ်ခုခုတော့ မှားနေပြီ” လျိုရန်က မျက်မှောင်ကြုတ်လျက် မျက်နှာပျက်သွား၏။
“ဘာဖြစ်လို့လဲ” ချင်လဲ့က အံ့သြစွာ မေးလိုက်သည်။
“ပုံမှန်ဆိုရင်တော့ အကျအဆုံး အများကြီးရှိတဲ့ အဖွဲ့တွေ ပြန်လာမှပဲ ဒီလို လေးလံတဲ့ အခြေအနေမျိုး ဖြစ်တတ်တာ” လျိုရန်၏ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တို့ စတင် ထွက်ပေါ်လာနေပြီ ဖြစ်သည်။ “အကြီးအကဲ ချူရဲ့ အခြေအနေက သိပ်မကောင်းဘူး ထင်တယ်”
ချင်လဲ့က စကား ပြန်မပြောတော့ပေ။
မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့ မြူတိမ်ဆောင်၏ တောင်ဘက်တံခါးဝသို့ ရောက်ရှိသွားကြသည်။ အဝေးမှ လှမ်းကြည့်လိုက်ရုံနှင့်ပင် ချင်လဲ့၏ မျက်နှာမှာ ပျက်သွားရပြီး တိုးတိုးလေး ပြောလိုက်သည်။ “အစ်ကိုလျို ခန့်မှန်းတာ တကယ် မှန်သွားပြီပဲ”
တံခါးဝတွင် အကြီးအကဲ ချူယန်၏ နောက်လိုက်များမှာ မျက်နှာညိုညိုဖြင့် မည်သည့် အသက်ဝင်မှုမျှ မရှိဘဲ ရပ်နေကြသည်။ အများစုမှာ လက်ပြတ်၊ ခြေပြတ်နှင့် ဒဏ်ရာအပြင်းအထန် ရရှိထားကြသူများ ဖြစ်ပေသည်။
တန်းစီနေသော လူများ၏ အနောက်ဆုံးတွင် ချူဖုန်း၊ တုကျဲနှင့် ကျောက်ချန်းတို့ ရှိနေကြ၏။ သူတို့အားလုံးမှာ ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံစားထားရသည့်အနှယ် ဝမ်းနည်းကြေကွဲနေကြသည်။
အထူးသဖြင့် ချူဖုန်းမှာ လမ်းတစ်လျှောက်လုံး ငိုယိုလာခဲ့ပုံရပြီး သူ၏ မျက်လုံးများမှာ နီရဲကာ ဖူးရောင်နေပေသည်။ သူ၏ အမူအရာမှာ ထုံထိုင်းနေပြီး တုကျဲနှင့် ကျောက်ချန်းတို့ကြားတွင် စက်ရုပ်တစ်ရုပ်ကဲ့သို့ အသက်မဲ့စွာ လျှောက်လှမ်းနေတော့၏။
ထိုအချိန်တွင် တံခါးဝရှိ အစောင့်များနှင့် ကျင့်ကြံသူအားလုံးမှာ ဆွံ့အလျက် ရှိနေကြသည်။ ဤတစ်ခေါက် တိုက်ပွဲတွင် ဆုံးရှုံးမှု မည်မျှ ကြီးမားခဲ့သည်ကို လူတိုင်း ခံစားမိကြသဖြင့် မည်သူမျှ ကြိုဆိုနှုတ်ဆက်စကား မပြောနိုင်ကြတော့ပေ။ တံခါးဝရှိ လေထုမှာ အလွန်ပင် လေးလံလွန်းလှသည်။
“ပြန်လာတဲ့သူက မူလအရေအတွက်ရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိတော့ပါလား။ အကြီးအကဲ ချူရဲ့ ဆုံးရှုံးမှုက တကယ့်ကို ထိတ်လန့်စရာပဲ” လူတစ်ဦးက သက်ပြင်းချလျက် ဆိုလိုက်၏။
“ဒါနဲ့ အကြီးအကဲ ချူယန်ရော ဘယ်မှာလဲ” တစ်စုံတစ်ဦးက သံသယဖြင့် မေးလိုက်သည်။
ထိုစကားကြောင့် လူတိုင်း၏ ရင်ထဲတွင် မကောင်းသော အတွေးတစ်ခု ဝင်လာတော့၏။ ‘သူ... ကွယ်လွန်သွားပြီလား’
မကြာမီတွင် လူအုပ်ကြီးမှာ ပို၍ တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်နှာမှာ ပျက်ယွင်းကုန်ကြသည်။
“အရှင်သခင်၊ အရှင်သခင်!”
“အကြီးအကဲ ဟန်”
လူအုပ်ကြီးအတွင်းမှ မြူတိမ်ဆောင်၏ ဆောင်သခင် တုမိုနှင့် ဟန်ချင်းယွီတို့ ထွက်ပေါ်လာကြသည်။ သူတို့သည် လေးလံသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာပြီး ကျန်ရစ်သော နောက်လိုက်များကို ကြည့်ကာ တုမိုက မေးလိုက်သည်။ “အကြီးအကဲ ချူယန် ဘယ်မှာလဲ”
“သူ တိုက်ပွဲမှာ ကျဆုံးသွားပါပြီ” ချူယန်၏ နောက်လိုက် ဝူချုံက သွေးတက်နေသော မျက်လုံးများဖြင့် ခေါင်းမော့ကာ ဆို၏။ “အရှင်သခင်... အကြီးအကဲ ချူအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ”
“အရှင်သခင်... ကျွန်တော့်အဖေအတွက် တရားမျှတမှု ဖော်ဆောင်ပေးပါ” ချူဖုန်းသည် တုမို၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်ကာ ဦးတိုက်လိုက်တော့သည်။ သူ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီး အော်ဟစ်လိုက်သည်။ “လျိုယွန်ထောင်နဲ့ တုဟိုင်ထျန်တို့က ကျွန်တော့်အဖေကို လုပ်ကြံခဲ့တာပါ။ အရှင်သခင်... ကျွန်တော့်အဖေအတွက် ကလဲ့စားချေပေးပါ”
“နင် ဘာတွေ လျှောက်ပြောနေတာလဲ။ နင့်အဖေသေတာနဲ့ ငါ့အဖေနဲ့ ဘာဆိုင်လို့လဲ” လူအုပ်ထဲတွင် ရှိနေသော လျိုတင်က ချူဖုန်းကို လက်ညှိုးထိုးကာ ပြန်လည် အော်ဟစ်လိုက်သည်။ “ငါ့အဖေနဲ့ အကြီးအကဲ တုတို့က ဂိုဏ်းအတွက် အစွမ်းကုန် ကြိုးစားပြီး ဝိညာဉ်သားရဲတွေကို တိုက်ထုတ်ခဲ့တာလေ။ ဘာအထောက်အထားနဲ့ ငါ့အဖေကို လာစွပ်စွဲနေတာလဲ”
“မင်းအဖေ ယုတ်မာတဲ့ကောင်နဲ့ တုဟိုင်ထျန်တို့သာ ယုတ်မာတဲ့ အကြံအစည်တွေ မထုတ်ခဲ့ရင် ငါ့အဖေ သေမှာ မဟုတ်ဘူး” ချူဖုန်းသည် မြေပြင်မှ ထခုန်ကာ ရူးသွပ်နေသော အမူအရာဖြင့် လျိုတင်းဆီသို့ ပြေးသွားတော့၏။
“ချူးဖုန်း... တော်တော့” တုကျဲနှင့် ကျောက်ချန်းတို့က သူ့ကို အတင်းဆွဲထားလိုက်ရသည်။
“တော်ကြစမ်း” တုမိုက ဒေါသတကြီး ဟောက်လိုက်ပြီးမှ မေးလိုက်သည်။ “ဝူချုံ၊ တကယ် ဘာဖြစ်ခဲ့တာလဲ ရှင်းပြစမ်း”
“ဝိညာဉ်သားရဲတွေကို နှိမ်နင်းဖို့အတွက် လျိုယွန်ထောင်နဲ့ တုဟိုင်ထျန်တို့က ကျွန်တော်တို့ကို ဘာမှ ကြိုတင် အသိမပေးဘဲ သားကောင်အဖြစ် သုံးခဲ့ကြတာပါ။ ကျွန်တော်တို့ကို ချိုင့်ဝှမ်းတစ်ခုထဲကို သားရဲတွေ ဆွဲဆောင်ဖို့ ခိုင်းခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ဟာ အဆင့် ၁ သားရဲ ၃၀၀၊ အဆင့် ၂ သားရဲ ၆၀ နဲ့ အဆင့် ၃ သားရဲ ၅ ကောင်ရဲ့ ဝိုင်းရံမှုကို ခံခဲ့ရတာပါ...”
ဝူချုံက ခေါင်းငုံ့လျက် ခါးသီးစွာ ဆက်ပြော၏။ “အကျိုးဆက်ကတော့ အကြီးအကဲ ချူယန် ချက်ချင်း ကျဆုံးသွားပြီး ကျွန်တော်တို့ နောက်လိုက်အားလုံးလည်း သေလုနီးပါး ဖြစ်ခဲ့ရတယ်။ သူတို့ကတော့ အမှောင်အသူရာခန်းမက လူတွေနဲ့ပေါင်းပြီး ချိုင့်ဝှမ်းရဲ့ အပေါ်ကနေ ကျောက်တုံးတွေ၊ မီးတွေ၊ ရေခဲတွေနဲ့ သားရဲတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာ။ သားရဲတွေ အကုန်သေကုန်ပေမယ့် ချိုင့်ဝှမ်းထဲမှာ သားကောင်အဖြစ် ရောက်နေတဲ့ ကျွန်တော်တို့လူတွေလည်း အကုန်လုံးနီးပါး အသတ်ခံခဲ့ရတာပဲ”
သူသည် ရုတ်တရက် ခေါင်းမော့ကာ လျိုတင်ကို စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။ “နင့်အဖေနဲ့ တုဟိုင်ထျန်တို့ ဘာဖြစ်လို့ အဲဒီ ချိုင့်ဝှမ်းထဲမှာ သားကောင်အဖြစ် မနေခဲ့ကြတာလဲ။ အနည်းဆုံး သူတို့သာ ကြိုပြောခဲ့ရင် ငါတို့ စိတ်ဓာတ်ပြင်ဆင်ထားနိုင်သလို ဒီလောက်အထိလည်း အကျအဆုံး များမှာ မဟုတ်ဘူး”
လျိုတင်မှာ ဝူချုံ၏ အရှိန်အဝါကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိပြီး ထစ်ထစ်အအဖြင့် ပြန်ပြော၏။ “တိုက်ပွဲဆိုတာ အနစ်နာခံမှု ရှိမှာပဲလေ။ အနည်းဆုံး... အနည်းဆုံးတော့ ငါ့အဖေတို့က သားရဲတွေကို အောင်မြင်အောင် သတ်နိုင်ခဲ့တာပဲ။ ဒါဟာ သူတို့ရဲ့ အောင်ပွဲပဲ၊ ကြီးကျယ်တဲ့ အောင်ပွဲ”
“ဟုတ်တယ်... တကယ့်ကို ကြီးကျယ်တဲ့ အောင်ပွဲပဲ။ နင့်အဖေနဲ့ တုဟိုင်ထျန်ကလည်း ဒါကိုပဲ ပြောတယ်၊ အမှောင်အသူရာခန်းမက လူတွေကလည်း ဒါကိုပဲ ပြောကြတယ်” ဝူချုံက ကြေကွဲစွာ ပြုံးလိုက်သည်။ “ကိုယ့်လူတွေကို အစာအဖြစ် ကျွေးပြီး အောင်ပွဲယူတတ်တာ တကယ်ကို ချီးကျူးစရာ ကောင်းတဲ့ အကြံပဲ။ အမှောင်အသူရာခန်းမကတင် မကဘူး၊ သုသာန်ခုနစ်ပါးတောင်ကြားက လူတွေကတောင် အကျအဆုံး နည်းနည်းနဲ့ သားရဲတွေကို နိုင်ခဲ့တယ်ဆိုပြီး သူ့ကို ချီးကျူးနေကြတာလေ။ ဒါပေမဲ့ ငါတို့ကရော။ ငါတို့လူတွေ အကုန်သေကုန်ပြီ။ အကြီးအကဲ ချူယန်ဆိုရင် ငါတို့ မျက်စိရှေ့မှာတင် မျက်လုံးပြာဖားရဲ့ ကိုက်ဖြတ်စားသောက်တာကို ခံခဲ့ရတာ”
ဝူချုံ၏ အမူအရာမှာ ဒေါသနှင့် ဝမ်းနည်းမှုတို့ ရောထွေးနေ၏။ “အားလုံး သေကုန်ကြပြီ။ ငါ့မျက်စိရှေ့မှာတင် တစ်ယောက်ပြီး တစ်ယောက် သေကုန်တာ။ သားရဲတွေက ကိုက်ဖြတ်စားသောက်လိုက်ကြလို့ အလောင်းတောင် မပြည့်စုံကြတော့ဘူး။ အကြီးအကဲ ချူယန်ဆိုရင် အလောင်းတောင် ရှာမရတော့ဘူး”
“ငါ့ကို လွှတ်၊ ငါ့ကို လွှတ်ကြစမ်း” ချူဖုန်းက ရူးသွပ်စွာ အော်ဟစ်နေပြီး လျိုတင်ကို အသေသတ်တော့မည့် အကြည့်ဖြင့် စိုက်ကြည့်နေတော့သည်။
တုကျဲနှင့် ကျောက်ချန်းတို့က သူ့ကို အတင်းချုပ်ထားလိုက်ရ၏။ မြူတိမ်ဆောင်မှ ကျင့်ကြံသူအားလုံးသည်လည်း မျက်နှာညိုညိုဖြင့် တိတ်ဆိတ်စွာ နားထောင်နေကြသည်။
လျိုတင်၊ ဝေလီနှင့် တုဟန်တို့မှာ ပတ်ဝန်းကျင်မှ လူများ၏ ရန်လိုသော အကြည့်များကို သတိပြုမိသွားသဖြင့် အခြေအနေအား ကြည့်ကာ တိတ်တဆိတ် ထွက်ခွာသွားကြတော့သည်။
“တုကျဲ... ချူဖုန်းကို သေချာ ကြည့်ထားပေးပါ။ ကျန်တဲ့သူတွေလည်း ဒဏ်ရာတွေကို ချက်ချင်း သွားကုကြ” တုမိုက မျက်မှောင်ကြုတ်လျက် အမိန့်ပေးလိုက်သည်။ “ဝူချုံ... မင်း ငါ့နောက်ကို လိုက်ခဲ့။ ငါ အသေးစိတ် သိချင်တယ်”
တုမိုသည် ဟန်ချင်းယွီကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် သူတို့သုံးဦးသည် တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်အတွင်းသို့ ဝင်သွားကြတော့၏။
အဆောင် အရှင်သခင်နှင့် အကြီးအကဲဟန်တို့ ထွက်သွားသည့်အခါ လူအုပ်ကြီးသည်လည်း တဖြည်းဖြည်း လူစုခွဲသွားကြသည်။ သို့သော် လူတိုင်း၏ စိတ်ထဲတွင်မူ ဤဖြစ်ရပ်က အမာရွတ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပေပြီ။
“ချူဖုန်း... စိတ်မကောင်းပါဘူးကွာ” ချင်လဲ့က ရှေ့သို့ တိုးလာကာ သက်ပြင်းချလျက် နှစ်သိမ့်စကား ဆိုလိုက်သည်။
ချူဖုန်းမှာ ခေါင်းငုံ့ထားဆဲ ဖြစ်ပြီး သူ၏ စိတ်အခြေအနေမှာ အလွန်ပင် မတည်မငြိမ် ဖြစ်နေပေသည်။ တုကျဲနှင့် ကျောက်ချန်းတို့က ချင်လဲ့ကို ကြည့်လိုက်ကြ၏။ သူတို့၏ အကြည့်များမှာ တစ်စုံတစ်ခုကို ပြောချင်သော်လည်း တွေဝေနေပုံ ရပေသည်။
“ကျွန်တော့်ကို မပြောနိုင်တာမျိုး ရှိလို့လား” ချင်လဲ့က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် တုကျဲက အံကြိတ်ကာ ဆို၏။ “ညီလေး... မင်း လင်မိသားစုအပေါ်မှာ အမြင်ကောင်းတာမျိုး မရှိဘူး မဟုတ်လား”
“ဘာကို ဆိုလိုတာလဲ” ချင်လဲ့က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မကြာခင် မင်းလည်း သိမှာမို့ ငါ မဖုံးကွယ်တော့ဘူး။ လင်မိသားစုက လူတွေလည်း အကြီးအကဲ ချူယန်နဲ့အတူ သားကောင်အဖြစ် ချိုင့်ဝှမ်းထဲကို ပါသွားခဲ့တာပဲ” တုကျီက မျက်နှာညိုညိုဖြင့် ဆက်ပြော၏။ “အားလုံးနီးပါး သေကုန်ကြပြီ”
ချင်လဲ့၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။
“ငါတို့ မကူညီနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်ကွာ။ ငါတို့က အကြီးအကဲ ကန်ဟွေးတို့နဲ့အတူ ရှိနေခဲ့တာမို့ ဒီကိစ္စကို ဘာမှ မသိခဲ့ရဘူး” တုကျဲက ဆိုရှာသည်။
“လျိုယွန်ထောင်၊ တုဟိုင်ထျန်နဲ့ ဝေရှင်းတို့က တကယ့်ကို ယုတ်မာတဲ့သူတွေပဲ။ သူတို့ ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ ငါတို့ သတင်းရတဲ့ အချိန်မှာတော့ အားလုံးက နှောင်းသွားခဲ့ပြီ” ကျောက်ချန်းက သက်ပြင်းချကာ ချင်လဲ့၏ ပခုံးကို ပုတ်လျက် သတိပေးလိုက်သည်။ “နင်လည်း... သတိထားနော်”
“လင်မိသားစုက ဒီသတင်းကို သိသွားပြီလား” ချင်လဲ့၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာ၏။ “သွားတဲ့သူတွေ အကုန်လုံး တကယ်ပဲ သေကုန်ကြပြီလား”
“လင်မိသားစုလည်း အခုလောက်ဆို သိလောက်ပါပြီ” ကျောက်ချန်းက ပြန်ဖြေလိုက်၏။
ချင်လဲ့သည် ခေါင်းညိတ်လိုက်ပြီးနောက် ပြင်းထန်သော အာဃာတတို့ဖြင့် မြူတိမ်ဆောင်အတွင်းမှ ချက်ချင်း ထွက်ခွာလာခဲ့တော့သည်။
“လင်ယင်း၊ လင်ရှင်း၊ လင်ရှောင်...”
သူတို့၏ ငယ်ရွယ်သော မျက်နှာများမှာ ချင်လဲ့၏ အာရုံထဲတွင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာနေသည်။ သူတို့နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြပုံများ၊ လင်ရွာမှ သူ မထွက်ခွာမီ နောက်ဆုံးညက သူနှင့်အတူ သေရည်သောက်ကာ စကားပြောခဲ့ကြပုံများမှာ သူ၏ မှတ်ဉာဏ်ထဲ၌ တရိပ်ရိပ် ထင်ဟပ်လာ၏။
“မင်းတို့က ဒီလိုပဲ ထွက်သွားကြပြီပေါ့...”
သူသည် လမ်းတစ်လျှောက် တိုးတိုးလေး ရေရွတ်နေမိသည်။ သူ၏ အမူအရာမှာ အေးစက်လှပြီး ချူဖုန်းကဲ့သို့ပင် စိတ်ထိန်းနိုင်စွမ်း ကုန်ဆုံးတော့မည့် အခြေအနေတွင် ရှိနေပေသည်။
သူသည် လင်မိသားစု နေထိုင်ရာ ခြံဝင်းသို့ ရောက်ရှိသွားသောအခါ ခြံအတွင်းမှ ငိုကြွေးသံများကို အတိုင်းသား ကြားလိုက်ရ၏။
လင်ရှင်း၊ လင်ရှောင်နှင့် အခြားသူများ၏ မိသားစုဝင်များမှာ ခြံဝင်းအတွင်း၌ ရှိုက်ကြီးတငင် ငိုကြွေးနေကြသည်။ လင်ချန်းကျိသည်ပင် သစ်သားတိုင်တစ်တိုင်အောက်တွင် အသက်မဲ့စွာ ထိုင်နေပြီး တတွတ်တွတ် ရေရွတ်နေတော့သည်။ “အစ်ကိုကြီး... အစ်ကိုကြီးရာ...”
မြို့ထဲတွင် ကျန်ရစ်ခဲ့သော လင်ဖုန်းမှာတော့ မျက်လုံးများ နီရဲလျက် ကျန်ရစ်သူ မိဘများကို နှစ်သိမ့်ပေးနေရှာသည်။ “ဦးလေး၊ ဒေါ်ဒေါ်... ဒီနေ့ကစပြီး ကျွန်တော် လင်ဖုန်းဟာ ဦးလေးတို့ရဲ့ သားပါပဲ။ ကျွန်တော့်မှာ အသက်တစ်ချောင်း ကျန်နေသရွေ့ သူတို့အတွက် ကလဲ့စား ပြန်ချေပေးမယ်လို့ ကတိပေးပါတယ်”
ခြံဝင်းတစ်ခုလုံးမှာ ဝမ်းနည်းကြေကွဲမှုတို့ဖြင့် လွှမ်းမိုးထားပေသည်။
ချင်လဲ့သည် တံခါးဝတွင် ရပ်လျက် ငိုကြွေးနေသော လင်မိသားစုဝင်များကို ကြည့်ကာ လင်ယွီရှီးနှင့် လင်ရွှမ်းရွှမ်း ညီအစ်မနှစ်ဦးကို သတိရသွားမိ၏။ အကယ်၍သာ သူတို့ညီအစ်မနှစ်ဦးက သူတို့အဖေ သေဆုံးသွားခြင်းနှင့် သူငယ်ချင်းများ အသတ်ခံရသည်ကို သိသွားလျှင် မည်သို့ ခံစားရမည်နည်း
“ချင်လဲ့!” လင်ချန်းကျိက သူ့ကို မြင်သွား၏။ သူသည် ချင်လဲ့ဆီသို့ အပြေးလာကာ ချင်လဲ့၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လျက် စိတ်မနှံ့သူ တစ်ဦးကဲ့သို့ အော်ဟစ်လိုက်သည်။ “မင်း မြူတိမ်ဆောင်ကနေတစ်ဆင့် သုသာန်ခုနစ်ပါးတောင်ကြားကို သတင်းပို့ပေးလို့ ရမလား။ ငါ့အစ်ကို သေဆုံးရတဲ့ အကြောင်းရင်း အမှန်ကို သူတို့ကို ပြောပြပေးစမ်းပါ”
ချင်လဲ့သည် လင်ချန်းကျိ၏ ပခုံးပေါ်မှ လက်များ၏ အားကို ခံစားမိသလို သူ၏ ရင်ထဲမှ ပြင်းထန်သော ဝမ်းနည်းမှုကိုလည်း မြင်နေရပေသည်။ သို့သော် သူက ခေါင်းကိုသာ အသာအယာ ခါယမ်းလိုက်ပြီး ဆိုသည်။
“ကျွန်တော် သုသာန်ခုနစ်ပါးတောင်ကြားကို သတင်းပို့ဖို့ နည်းလမ်းမရှိပါဘူး။ အထက်အဖွဲ့အစည်းတွေက သူတို့ရဲ့ လက်အောက်ခံတွေဆီ သတင်းပို့တာက လွယ်ပေမယ့်၊ ပြောင်းပြန်ကတော့ အနှောင့်အယှက်တွေ အများကြီး ရှိပါတယ်။ မြူတိမ်ဆောင်ကလည်း သုသာန်ခုနစ်ပါးတောင်ကြားရဲ့ လက်အောက်ခံ မဟုတ်ဘူးလေ။ ကျွန်တော်လည်း သူတို့ကို ဆက်သွယ်လို့ မရပါဘူး”
သူက ခေတ္တမျှ ရပ်နားလိုက်ပြီးမှ ဆက်ပြော၏။ “နောက်ပြီး သူတို့ သိသွားရင်ရော ဘာထူးမှာလဲ။ လျိုယွန်ထောင်နဲ့ တုဟိုင်ထျန်တို့က သားရဲတွေကို အများကြီး သတ်နိုင်ခဲ့တာလေ။ လူအများကြီး အနစ်နာခံခဲ့ရပေမယ့် ဂိုဏ်းကြီးတွေကတော့ သူတို့ကို ချီးကျူးနေကြတာ။ အဘွားကျိုတောင်မှ ဒီကိစ္စမှာ ဘာမှ ဝင်ပြောလို့ မရဘူး။ ကျွန်တော်တို့ သွားပြောရင်တောင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးဗျ”
ချင်လဲ့၏ စကားကြောင့် လင်ချန်းကျိ၊ လင်ဖုန်းနှင့် လင်မိသားစုဝင် အားလုံး၏ မျက်နှာမှာ ဖြူလျော့သွားကြသည်။ သူတို့၏ ကလဲ့စားချေလိုသော မျှော်လင့်ချက်ကလေးမှာ ချက်ချင်းပင် ငြိမ်းသတ်ခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။
အခန်း (၁၁၀) အာဏာ လျောကျခြင်း
မြူတိမ်ဆောင်၊ အဆောင်အရှင်သခင် တုမို၏ စာကြည့်ခန်းအတွင်း။
“အစ်ကိုကြီး... ကျွန်တော့်ကိုရော ကျောက်ချန်းကိုရော ဘာလို့ ခေါ်တာလဲ” တုကျဲ ဝင်လာသည့်အခါ ကုလားထိုင်ပေါ်တွင် စာတစ်စောင်ကို ကိုင်လျက် မျက်နှာပျက်နေသော တုမိုအား တွေ့လိုက်ရသည်။
ဘေးတွင် ရပ်နေသော အကြီးအကဲ ဟန်ချင်းယွီသည်လည်း မျက်မှောင်ကြုတ်လျက် စိတ်မကောင်းဖြစ်နေပုံ ရပေသည်။
“ညီလေး... မင်းနဲ့ ကျောက်ချန်းတို့ မြူတိမ်ဆောင်မှာ ဆက်နေလို့ မဖြစ်တော့ဘူး” တုမိုက လက်ထဲမှ စာကို ချလိုက်ပြီး ခေါင်းမော့ကာ ဆို၏။ “အဖေက ငါတို့နှစ်ယောက်လုံးကို အမှောင်အသူရာခန်းမကို လာခဲ့ဖို့ အမိန့်ပေးလိုက်ပြီ”
“ဘာဖြစ်လို့လဲ” တုကျဲက လက်မခံနိုင်သော လေသံဖြင့် ပြန်မေးလိုက်သည်။ “အစ်ကိုကြီးက မြူတိမ်ဆောင်မှာ တစ်ဆင့်ချင်း ကြိုးစားလာပြီး ဝိညာဉ်လမ်းကြောင်း အဆင့် ရောက်မှ အသူရာခန်းမကို တရားဝင် ဝင်ခွင့်ရတာလေ။ ကျွန်တော်က အခုမှ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ပဲ ရှိသေးတာ။ အခု အသူရာခန်းမကို လိုက်သွားရင် ဘာထူးမှာလဲ”
“ဟုတ်ပါတယ် အရှင်သခင်” ကျောက်ချန်းကလည်း ထောက်ခံ၏။ “ကျွန်မအဖေကလည်း ကျွန်မကို ဝိညာဉ်လမ်းကြောင်း အဆင့် ရောက်မှ အသူရာခန်းမကို ပြန်လာဖို့ မှာထားတာပါ”
တုမိုက သက်ပြင်းချလိုက်ရင်း ဆိုလိုက်သည်။ “ဦးလေးဟန်... သူတို့ကို ရှင်းပြပေးပါဦး”
ဟန်ချင်းယွီက ခေါင်းညိတ်လိုက်ပြီး ရှင်းပြသည်။ “သခင်ကြီးက အရင်က ကတိပေးခဲ့ဖူးတယ်။ ဒု-ဆောင်သခင် ခမ်းဟွေနဲ့ လျိုယွန်ထောင်တို့ထဲက တိုက်ပွဲမှာ အစွမ်းပြနိုင်တဲ့သူဟာ နောက်ထပ် ဆောင်သခင် ဖြစ်လာမယ်လို့ပေါ့။ အခု လျိုယွန်ထောင်နဲ့ တုဟိုင်ထျန်တို့က အာတိတ်တောင်တန်းမှာ သားရဲတွေကို အများကြီး သတ်နိုင်ခဲ့တာကြောင့် ဒါဟာ ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်သွားပြီး အသူရာခန်းမရဲ့ ပထမ နန်းတော်သခင်ကလည်း သူတို့ကို သဘောကျသွားတယ်။ သုသာန်ခုနစ်ပါးတောင်ကြားနဲ့ အမှောင်ရိပ်မျှော်စင်တို့ကလည်း သူတို့ကို အရမ်းချီးကျူးနေကြတာလေ...”
ထိုစကားကို ကြားသည်နှင့် တုကျဲနှင့် ကျောက်ချန်းတို့၏ မျက်လုံးများ နီမြန်းလာပြီး ဟိန်းဟောက်လိုက်ကြသည်။ “ဒါကို ကြီးကျယ်တဲ့ အောင်မြင်မှုလို့ ခေါ်လား”
“အကြီးအကဲ ချူယန်နဲ့ သူ့နောက်လိုက်တွေကို သားကောင်အဖြစ် အသုံးချခဲ့ပေမယ့် ဒါဟာ အကြီးအကျယ် အောင်ပွဲရဖို့အတွက် အနိမ့်ဆုံး ရင်းနှီးမှုလို့ အထက်လူကြီးတွေက မြင်နေကြတာ။ လျိုယွန်ထောင်က ရက်စက်တယ်၊ ပြတ်သားတယ်၊ ဒါကြောင့် မြူတိမ်ဆောင်ရဲ့ ခေါင်းဆောင်သစ်အဖြစ် သူက ပိုပြီး သင့်တော်တယ်လို့ သူတို့က ယူဆနေကြတယ်” ဟန်ချင်းယွီက ဆက်ပြောသည်။
“ဘယ်လိုဖြစ်လို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ” ကျောက်ချန်း၏ လေသံမှာ အားနည်းသွားတော့၏။
“အစ်ကိုကြီး... ကျွန်တော်တို့အဖေက ဒုတိယနန်းတော်သခင်ရဲ့ လက်အောက်မှာ လုပ်နေတာလေ။ ဒုတိယ နန်းတော်သခင်နဲ့ ပထမ နန်းတော်သခင်က ဘယ်တုန်းကမှ မတည့်ကြဘူးဆိုတော့၊ လျိုယွန်ထောင်က ပထမခန်းမသခင်ဆီ ကပ်သွားတာလား” တုကျဲက မေးလိုက်သည်။
“ဟုတ်တယ်” တုမိုက ခေါင်းညိတ်၏။ “မြူတိမ်ဆောင်ဟာ ငါတို့တုမိသားစုရဲ့ လက်အောက်မှာ ရှိနေတာ ကြာပြီ။ အဖေက ဒုတိယ နန်းတော်သခင်ရဲ့ လူဆိုတော့ မြူတိမ်ဆောင်ဟာ ဒုတိယ နန်းတော်သခင်ရဲ့ အင်အားစုပဲ။ လျိုယွန်ထောင်နဲ့ ခမ်းဟွေ ဘယ်သူပဲ အဆောင် အရှင်သခင်ဖြစ်ဖြစ် ဒုတိယ နန်းတော်သခင်ရဲ့ လူတွေပဲ ဖြစ်နေမှာ...”
သူက ခေတ္တ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောသည်။ “လျိုယွန်ထောင်က တုမိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ မနေချင်ဘူး။ ဒါကြောင့် သူက အာတိတ်တောင်တန်းမှာ ပထမ နန်းတော်သခင်နဲ့ သွားပေါင်းလိုက်တာပဲ။ အခု ပထမ နန်းတော်သခင်က အောင်ပွဲတွေရပြီး နာမည်ကြီးနေတော့ ဒုတိယ နန်းတော်သခင်တောင် သူ့ကို ခဏ ရှောင်နေရတဲ့ အခြေအနေပဲ”
“ရေခဲပြင်နန်းတော်ကလည်း ပထမခန်းမသခင်ဘက်မှာ ဆိုတော့ မြူတိမ်ဆောင်နဲ့ ရေခဲပြင်နန်းတော်တို့ကြားက ရန်ပွဲတွေကို ရပ်တန့်ဖို့အတွက် လျိုယွန်ထောင်ကို အဆောင် အရှင်သခင်အဖြစ် လက်ခံလိုက်ကြတာပဲ။ အထက်လူကြီးတွေက နှစ်ဖက်လုံး ပထမနန်းတော်သခင်ရဲ့ လူတွေဖြစ်သွားရင် အချင်းချင်း သတ်မနေတော့ဘူးလို့ ယူဆနေကြတာလေ”
သူက တုကျဲကို ကြည့်လိုက်ပြီး ဆိုလိုက်သည်။ “အမှန်အတိုင်း ပြောရရင် ရေခဲပြင်နန်းတော်က မုန်းနေတာ ငါတို့တုမိသားစုကိုပဲ။ တကယ်လို့ မြူတိမ်ဆောင်ဟာ တုမိသားစုရဲ့ လက်အောက်မှာ မရှိတော့ဘူးဆိုရင် သူတို့လည်း ဒီလောက်အထိ ရန်လိုနေမှာ မဟုတ်တော့ဘူး”
ထိုအခါမှ တုကျဲနှင့် ကျောက်ချန်းတို့သည် အခြေအနေကို နားလည်သွားကြပြီး ရင်ထဲတွင် အေးစက်သွားကြတော့သည်။
“ဒုတိယ နန်းတော်သခင်ကရော... သူက ဘာမှ မလုပ်ပေးဘူးလား” ကျောက်ချန်းက တိုးတိုးလေး မေးလိုက်သည်။
“သူလည်း ဘာမှ မလုပ်နိုင်ဘူး။ အခုချိန်မှာ ပထမ နန်းတော်သခင်က အရမ်း သြဇာကြီးနေတာ။ နောက်ပြီး သားရဲဘုရင်နဲ့ စာချုပ်သစ် ချုပ်တော့မယ့် အချိန်ဆိုတော့ အထက်လူကြီးတွေကလည်း ပြဿနာ မတက်စေချင်ဘူး။ ဒါကြောင့် အဖေက မြူတိမ်ဆောင်ဟာ မကြာခင် တုမိသားစုလက်ထဲက ထွက်သွားတော့မယ်ဆိုတာ သိလို့...”
တုမိုက စာကို တုကျဲဆီ ကမ်းပေးလိုက်၏။ “မင်းဘာသာ ဖတ်ကြည့်လိုက်ပါတော့”
တုကျဲသည် မျက်နှာပျက်ပျက်ဖြင့် စာကို အစအဆုံး ဖတ်လိုက်သော်လည်း မည်သည့်စကားမျှ ပြန်မပြောနိုင်ဘဲ တိတ်ဆိတ်နေတော့သည်။
“ဒါကြောင့် အစီအစဉ်ကတော့ လျိုယွန်ထောင် ပြန်လာတာနဲ့ ငါ ရာထူးက ဆင်းပေးမယ်။ ပြီးရင် ငါတို့ အသူရာခန်းမကို အတူတူ သွားကြမယ်။ မင်းတို့လည်း ပြင်ဆင်ထားကြတော့” တုမိုက လက်ကာပြလိုက်၏။
လျိုယွန်ထောင်သာ အာဏာရသွားပါက တုမိသားစုမှာ မြူတိမ်ဆောင်၌ မည်သည့် သြဇာညောင်းမှုမျှ ရှိတော့မည် မဟုတ်ပေ။ တုကျဲနှင့် ကျောက်ချန်းတို့ ဆက်နေပါကလည်း ဖိနှိပ်ခံရမည်ဖြစ်သလို လျိုယွန်ထောင်က နောက်ကွယ်မှ တစ်မျိုးမျိုး ဒုက္ခပေးလာနိုင်ပေသည်။ ထို့ကြောင့် စောစောစီးစီး ထွက်ခွာသွားခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။
“ကျွန်မတို့ ထွက်သွားရင် ဦးလေးဟန်နဲ့ ဦးလေးခမ်းတို့က ဘယ်လိုလုပ်မလဲ။ အကြီးအကဲ ချူယန်အတွက် ကလဲ့စားချေဖို့ ကိစ္စကရော ဘယ်လိုဖြစ်သွားမှာလဲ” ကျောက်ချန်းက မေးလိုက်သည်။
ဟန်ချင်းယွီက ခါးသီးစွာ ပြုံးလျက် ခေါင်းခါပြ၏။ “သမီးကျောက်... စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်။ ဦးလေးအတွက်ကတော့ သခင်ကြီးက အစီအစဉ် တစ်ခုခု လုပ်ပေးပါလိမ့်မယ်။ ချူယန်အတွက်ကတော့... ဟင်း။ ချူဖုန်းကိုပဲ သေချာ ထိန်းထားကြပါ။ သူ ပြဿနာ မရှာအောင် သတိထားပေးကြပါဦး”
“အခုချိန်မှာ ပထမ နန်းတော်သခင်က ထိပ်ဆုံးမှာ ရောက်နေတော့ သူ့လူတွေဖြစ်တဲ့ လျိုယွန်ထောင်တို့ကလည်း အာဏာရှိနေတာပဲ။ ငါတို့ သူတို့ကို တိုက်ရိုက် ရင်ဆိုင်ဖို့ အင်အား မရှိသေးဘူး။ ဒါကြောင့် ရှောင်ပေးတာ အကောင်းဆုံးပဲ” တုမိုက ဆိုလိုက်သည်။
……
“ကြားပြီးပြီလား။ ဒု-ဆောင်သခင် လျိုက အာတိတ်တောင်တန်းမှာ အကြီးအကျယ် အောင်ပွဲရခဲ့လို့ မြူတိမ်ဆောင်ရဲ့ အရှင်သခင်သစ် ဖြစ်တော့မယ်တဲ့”
“အကြီးအကဲ ချူယန်နဲ့ သူ့လူတွေကို သားကောင်လုပ်ပြီးမှ အောင်ပွဲယူတာ... တကယ့်ကို ယုတ်မာလွန်းပါတယ်။ သူ ဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ထားဘူး”
“ဒါပေမဲ့ သူ အောင်မြင်သွားတာပဲလေ။ အသူရာခန်းမရဲ့ ပထမ နန်းတော်သခင်တောင် သူ့ကို အရမ်း အားကိုးနေတာ။ သားရဲဘုရင်နဲ့ စာချုပ်ချုပ်ပြီးရင် နန်းတော်သခင်ကိုယ်တိုင် မြူတိမ်ဆောင်ကို လိုက်လာလိမ့်မယ်တဲ့”
“လျိုယွန်ထောင်က တုမိုထက် ပိုပြီး အရည်အချင်းရှိတယ်လို့ ပြောရမှာပဲ။ သူ့ရဲ့ အကြံအစည်တွေက ပိုပြီး ထိရောက်တယ်လေ”
“တုမိုကမှ တကယ့် လူကောင်းဗျ။ သူက တရားမျှတတယ်။ လျိုယွန်ထောင်သာ အရှင်သခင် ဖြစ်လာရင် ဘာတွေ ဆက်ဖြစ်မလဲ မသိဘူး”
“မင်း လျိုတင်ရဲ့ မျက်နှာကို မမြင်ဖူးလို့ပါ။ သူကတော့ ကောင်းကင်ပေါ် ရောက်တော့မတတ် ပျော်နေတာ။ ဘယ်သူ့ကိုမှ မျက်လုံးထဲ ထည့်တာ မဟုတ်ဘူး”
“ဝေလီနဲ့ ဟိုလူသစ် တုဟန်လည်း အတူတူပါပဲ။ သူတို့ကတော့ အခုချိန်မှာ အရှိန်အဝါတွေ ပြနေကြတာလေ”
“ဘာလုပ်လို့ ရမှာလဲ။ သူတို့အဖေတွေက အခု အာဏာရနေတာပဲကို”
ကျမ်းစာဆောင်၊ လက်နက်ဆောင်နှင့် ကျင့်ကြံရာ နေရာတိုင်းတွင် ဤကဲ့သို့သော ပြောဆိုသံများဖြင့် ပြည့်နှက်နေပေသည်။ လျိုယွန်ထောင် ပြန်လာသည်နှင့် တုမို ထွက်ခွာသွားရမည်ကို လူတိုင်း သိရှိထားကြပြီ ဖြစ်သည်။ လျိုယွန်ထောင်၏ နောက်လိုက်များမှာလည်း မြူတိမ်ဆောင်အတွင်း၌ ဝင့်ကြွားစွာ သွားလာနေကြတော့၏။ လျိုတင်တို့ အဖွဲ့မှာမူ လမ်းမပေါ်တွင်ပင် လူတိုင်းကြားအောင် တဟားဟား ရယ်မောလျက် သူတို့ မည်မျှ ပျော်ရွှင်နေကြောင်း ပြသနေကြသည်။
……
ချင်လဲ့သည် လင်မိသားစု ခြံဝင်း၌ လင်ဖုန်းနှင့် လင်ချန်းကျိတို့ကို နှစ်ရက်ခန့် အဖော်ပြုပေးပြီး သူတို့ စိတ်သက်သာရာ ရသည့်အခါမှ မြူတိမ်ဆောင်သို့ ပြန်လာခဲ့သည်။
သူ ပြန်ရောက်သည်နှင့် လျိုယွန်ထောင် အရှင်သခင် ဖြစ်လာတော့မည့် သတင်းကို ကြားလိုက်ရ၏။ သူ၏ မျက်နှာမှာ အေးစက်လှပြီး လက်နက်ဆောင်သို့ လျှောက်လှမ်းလာခဲ့ရာ လမ်း၌ လက်နက်ဆောင်အတွင်းမှ ထွက်လာသော လျိုတင်း၊ ဝေ့လီနှင့် တုဟန်တို့နှင့် တိုးတော့သည်။
ချင်လဲ့ကို မြင်သည်နှင့် လျိုတင်းက နှာခေါင်းရှုံ့လိုက်ပြီး ဆိုလေသည်။ “မြူတိမ်ဆောင်မှာ အသုံးမကျတဲ့သူတွေကို အလကား မကျွေးနိုင်ဘူး။ ဒီနေရာကိုလည်း ပိတ်ပစ်တော့မယ်။ လက်နက်ဆောင်ဆိုတာ ရှိနေဖို့ မလိုတော့ဘူး”
“ချင်လဲ့... မင်းရဲ့ ကောင်းစားတဲ့နေ့တွေ ကုန်ပြီ” တုဟန်က ရန်လိုသော အကြည့်ဖြင့် ခြိမ်းခြောက်လိုက်သည်။ “အရင်ကတော့ တုမိသားစုက မင်းကို ကာကွယ်ပေးထားလို့ မင်း သက်သက်သာသာ နေနိုင်ခဲ့တာ။ နောက်ဆိုရင်တော့ မင်း ကျောကို မင်း သတိထားနေတော့”
“သွားကြမယ်” လျိုတင်က ဝင့်ကြွားစွာဖြင့် ထွက်သွားရာ ကျန်သူများကလည်း နောက်မှ လိုက်သွားကြ၏။
ချင်လဲ့ လက်နက်ဆောင်အတွင်းသို့ ဝင်သွားလိုက်သည်။ ဝိညာဉ်ပစ္စည်းများ ထည့်ထားသော စင်များအားလုံးကို ချိပ်ပိတ်ထားပြီး ပစ္စည်းများအားလုံးကိုလည်း ဖယ်ရှားထားပြီး ဖြစ်သည်။ မီးဖိုကြီး တစ်ဖိုသာလျှင် ကြီးမားလွန်းသဖြင့် ကျန်ရှိနေတော့၏။
ယောင်ထိုက်သည် မီးဖိုကြီးဘေးတွင် အားကိုးရာမဲ့စွာ ထိုင်နေရှာသည်။
“ဆရာကြီး ယောင်...” ချင်လဲ့က တိုးတိုးလေး ခေါ်လိုက်၏။
“ဘယ်က ဆရာကြီးလဲ...” ယောင်ထိုက်က ခါးသက်စွာ ပြုံးလျက် ခေါင်းခါပြသည်။ “နောက်ရက်ပိုင်းအတွင်း ငါလည်း မြူတိမ်ဆောင်ကနေ အနှင်ခံရတော့မှာပါ။ လျိုယွန်ထောင် အာဏာရလာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး”
“ဒီက ပစ္စည်းတွေရော...” ချင်လဲ့က မေးလိုက်သည်။
“အကုန် သယ်သွားကြပြီ။ ငါ ပစ္စည်းတွေကို ဝှက်ထားမှာ ကြောက်လို့တဲ့လေ။ ဒါတွေက ဂိုဏ်းပိုင်ပစ္စည်းတွေဆိုပြီး သယ်သွားကြတာပဲ” ယောင်ထိုက်က ရှင်းပြရှာသည်။
“အဆောင် အရှင်သခင်က ဘာမှ မပြောဘူးလား” ချင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။
“ဒီအခြေအနေအထိ ရောက်နေပြီဆိုတော့ အဆောင် အရှင်သခင်လည်း လျိုယွန်ထောင်နဲ့ ပြဿနာ မတက်ချင်တော့တာကြောင့် လျိုတင်တို့ကို သဘောရှိ လုပ်ခွင့်ပေးလိုက်တာပဲ။ ဟင်း... အရင်ကတည်းကသာ သိရင် ဟို မင်းသမီးလေးအတွက် ကြေးမုံကို အသစ်လုပ်ပေးလိုက်ပါတယ်။ ပန်းပဲပညာရှင် တစ်ယောက်ရဲ့ မာန်မာနဆိုတာ တစ်ခါတလေတော့ တကယ့်ကို ဆိုးဝါးတဲ့အရာပဲ”
ချင်လဲ့ စကား ပြန်မပြောနိုင်ခဲ့ပေ။
“ငါ သန်ဘက်ခါ ထွက်သွားတော့မယ်။ နောက်ဆို မင်းကို ဘာမှ သင်ပေးနိုင်တော့မှာ မဟုတ်ဘူး။ ဒီစာအုပ်ကို ယူထားလိုက်ပါ။ ဒါကတော့ အနိမ့်စား ဝိညာဉ်ပစ္စည်းတွေအပေါ် ငါ့ရဲ့ အမြင်တွေကို ရေးထားတာပါ။ သိပ်ပြီး တန်ဖိုးမကြီးပေမယ့် ငါ့ရဲ့ ဆယ်စုနှစ်ပေါင်းများစွာက အတွေ့အကြုံတွေပဲ” သူသည် ချင်လဲ့ကို စာအုပ်အထူကြီး တစ်အုပ် ကမ်းပေးလိုက်ရင်း ဆိုလိုက်သည်။ “ငါတတ်တဲ့ ဝိညာဉ်အစီရင်တွေက အရမ်းကြမ်းတမ်းလွန်းလို့ မင်းကို မသင်ပေးတော့ပါဘူး။ နောက်ဆိုရင် တကယ့် ဆရာကောင်းတစ်ယောက်ကို မင်း ရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငါကတော့ မင်းရဲ့ ဆရာဖြစ်ဖို့ မထိုက်တန်ပါဘူး...”
ချင်လဲ့သည် လေးလံသော စိတ်ဖြင့် စာအုပ်ကို လက်ခံလိုက်ပြီး စိတ်ရင်းဖြင့် ဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာကြီးယောင်”
ယောင်ထိုက်က လက်ကာပြလိုက်ပြီး မီးဖိုကြီးကို လွမ်းဆွတ်တမ်းတသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ “ငါ ဒီမီးဖိုကြီးကို နောက်ထပ် ရက်နည်းနည်းလောက်ပဲ ကြည့်ခွင့်ရတော့မယ်။ နောက်ဆို ဒါကြီးက ဘယ်သူ့လက်ထဲ ရောက်သွားမလဲ မသိဘူး။ အရင်က ငါ မြူတိမ်ဆောင်ကို လာခဲ့တာ ဒီမီးဖိုကြီးကြောင့်ပဲ။ ဆယ်စုနှစ်တွေ ကုန်သွားပေမယ့် ငါကတော့ အောင်မြင်တဲ့ ပန်းပဲပညာရှင် ဖြစ်မလာခဲ့ပါဘူး။ အဆုံးမှာတော့ အနှင်ခံရတာပဲ အဖတ်တင်တယ်...”
“စိတ်ကို လျှော့ပါ ဆရာကြီး” ချင်လဲ့က နှစ်သိမ့်လိုက်သည်။
“ငါ ထွက်သွားရင် ဒီမီးဖိုကြီးကို ဘယ်လို စီမံကြမလဲ မသိဘူး။ ငါ နှစ်ပေါင်းများစွာ သုံးခဲ့တဲ့ အရာကို တခြားသူတွေလက်ထဲ မရောက်စေချင်ဘူး။ ဖျက်ဆီးပစ်ချင်ပေမယ့်... လျိုတင်တို့ သိသွားရင် ဒုက္ခရောက်ဦးမယ်။ ထားလိုက်ပါတော့လေ...”
ယောင်ထိုက်သည် မီးဖိုကြီးကို ဖျက်ဆီးပစ်ချင်သော်လည်း လျိုတင်အား ကြောက်သဖြင့် တွေဝေနေပုံ ရပေသည်။
“အခွင့်အရေး ရရင်တော့ ကျွန်တော် ဆရာကြီးအစား ဖျက်ဆီးပေးပါ့မယ်” ချင်လဲ့က တိုးတိုးလေး ဆိုလိုက်ပြီးနောက် ယောင်ထိုက်ကို အရိုအသေပေးကာ ထွက်လာခဲ့တော့သည်။
သူသည် ဟန်ချင်းယွီ၏ အနားသို့ ရောက်ရှိသွား၏။
“ဦးလေးဟန်...”
ဟန်ချင်းယွီမှာ ငေးငိုင်နေပြီး ချင်လဲ့ ခေါ်မှ သတိပြန်ဝင်လာကာ သတိပေးရှာသည်။ “ဪ... ချင်လဲ့။ မင်းမှာ ရှိတဲ့ ဆုကြေးမှတ်တွေကို ဒီရက်ပိုင်းအတွင်းမှာပဲ အကုန်လဲထားလိုက်တော့။ မဟုတ်ရင် လျိုယွန်ထောင်တို့ ပြန်လာရင် မင်းကို ဒုက္ခပေးလိမ့်မယ်”
“ဦးလေးဟန်ရော... ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
“ငါလား...” ဟန်ချင်းယွီက ခါးသက်စွာ ပြုံးသည်။ “ခဏလောက်တော့ ကြည့်ဦးမှာပေါ့။ တကယ်လို့ နေလို့ မရတော့ဘူးဆိုရင်တော့ ထွက်သွားရမှာပဲ။ ငါ့အတွက်တော့ အသက်မွေးဖို့ မခက်ပါဘူး”
“ဦးလေးဟန်... လျိုယွန်ထောင်နဲ့ တုဟိုင်ထျန်တို့က အကြီးအကဲ ချူယန်နဲ့ လင်မိသားစုကို သေအောင် လုပ်ခဲ့တာဟာ ဂိုဏ်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်တာ မဟုတ်ဘူးလား” ချင်လဲ့၏ မျက်ဝန်းထဲတွင် ပြင်းထန်သော အလင်းရောင်များ ထွက်ပေါ်လာ၏။
“တကယ်လို့ သူတို့ ရှုံးနိမ့်ခဲ့ပြီး သားရဲတွေကိုလည်း မသတ်နိုင်ခဲ့ဘူးဆိုရင်တော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သေချာပေါက် အရေးယူမှာပေါ့” ဟန်ချင်ရွေ့က သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ အခုက သူတို့က အကြီးအကျယ် အောင်ပွဲရခဲ့တာလေ။ ချူယန်တို့ရဲ့ အနစ်နာခံမှုကြောင့် သားရဲဘုရင်ကို စာချုပ်ချုပ်နိုင်ခဲ့တာဆိုတော့ သူတို့မှာ အပြစ်မရှိတဲ့အပြင် အောင်မြင်မှုရသူတွေအဖြစ် ချီးကျူးခံနေရတာ။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း ဘာမှ လုပ်လို့ မရဘူးလေ”
“ဒါဆိုရင် အကြီးအကဲ ချူယန်နဲ့ လင်မိသားစုက အလကား သေသွားကြတာပေါ့ ဟုတ်လား” ချင်လဲ့သည် အံကြိတ်လျက် မေးလိုက်၏။ သူ၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပေပြီ။
“ငါတို့ ဘာမှ မလုပ်နိုင်ဘူး ချင်လဲ့။ မင်းလည်း ငါတို့လိုပဲ အမှန်တရားကို လက်ခံလိုက်ပါတော့”
“ကျွန်တော် လက်မခံနိုင်ဘူး” ချင်လဲ့က နက်ရှိုင်းသော အသံဖြင့် ဟိန်းဟောက်လိုက်တော့သည်။