အိမ်...
Vol. 16 Ch. 221
စုမင်ရှေ့သို့ အနည်းငယ်လျှောက်သွားလိုက်ပြီး အပေါက်ငယ်လေးတစ်ခုထဲမှ လက်တစ်ဝါးစာခန့် ဆူးချွန်တစ်ခုကိုထုတ်ယူလိုက်သည်။ အနည်းငယ်ခန့် ညှစ်လိုက်မိရုံနှင့် ထိုဆူးချွန်၏အနားစွန်းက ကျိုးသွားလေသည်။
ထိုတစ်ခု၏ဘေးရှိ အပေါက်ငယ်လေးထဲမှအရာသည် သံချေးတက်နေသော သံဓားတစ်ချောင်းပင်ဖြစ်သည်။ အခြားအပေါက်များထဲတွင်တော့ ဖြူရော်ခြောက်သွေ့နေသော အရိုးမာန်အကြောမျှင်များလည်း ရှိနေခဲ့ချေသည်။
သူ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ချိန်တွင် ပစ္စည်းအများစုသည် အတန်ငယ်ကျိုးပဲ့နေခဲ့ကြသည်ကို မြင်လိုက်ရ၏။ သူတို့ထဲမှအချို့သည် သင့်တော်သောအခြေအနေတွင် ရှိနေဟန်ပေါ်သော်လည်း ၎င်းတို့အနားသို့ သူနီးကပ်သွားပြီးထိလိုက်မိသည်နှင့် အက်ကွဲသွားပေလိမ့်မည်။ အနည်းငယ်အားစိုက်၍ ထိလိုက်မိလျှင်တော့ အပိုင်းပိုင်းအစစ အက်ကွဲပျက်ဆီးသွားလိမ့်မည်ဖြစ်သည်။
“ကောင်းပြီ။ ဟူကျီက ဒါကိုပြောခဲ့တာပဲ။ ကြည့်ရတာတော့ အဲဒါကမှန်နေတဲ့ပုံပဲ”
စုမင် ခါးသီးစွာရယ်မောရင်း ခေါင်းယမ်းမိသည်။ သူ့အကြည့်ကိုပြန်လွှဲလိုက်ပြီး ဤနေရာတွင် သူပထမဆုံးကောက်ကိုင်ခဲ့ပြီး အစောလေးကပင်ကျိုးသွားသည့် ဆူးချွန်ကိုသာ သိုလှောင်အိတ်ထဲထည့်လိုက်ကာ ဤနေရာကိုဆက်အာရုံစိုက်မနေတော့ပေ။ လှိုဏ်ဂူ၏ ဒုတိယအလွှာရှိရာ အတွင်းပိုင်းသို့ ဆက်ဝင်သွားလိုက်မိသည်။
ပထမအလွှာ၏အတွေ့အကြုံအရ ဒုတိယအလွှာထဲဝင်လာချိန်တွင် စုမင်သိပ်မျှော်လင့်မထားတော့ပေ။ သို့သော် ဒုတိယအလွှာအတွင်း ဝင်လာမိချိန်တွင် သူ့နှလုံးသားက ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်သွားရသည်။
သူ့မျက်စိရှေ့လေထဲတွင် မရေမတွက်နိုင်သော ကျောက်စိမ်းများလွင့်မျောနေခဲ့သည်။ အခန်းတစ်ခုလုံးသည် ထိုကျောက်စိမ်းများထံမှ နူးညံ့သိမ်မွေ့သောအလင်းဖြင့် လွှမ်းခြုံခံထားရသည်။ ၎င်းတို့ထဲမှ ကျောက်စိမ်းတစ်ချို့ဆိုလျှင် အရောင်အမျိုးမျိုးပင်တောက်ပနေခဲ့ပြီး ၎င်းတို့ထံ ပထမဆုံးစိုက်ကြည့်သွားမိနိုင်ချေသည်။
“အေးခဲကောင်းကင်ကလန်ရဲ့ ပညာရပ်တွေနဲ့ စွမ်းရည်တွေအကြောင်း ထျန်းရှဲ့ကျီက မလိမ်ခဲ့တာလား”
စုမင် ခဏတာ အံ့အားသင့်မှင်သက်သွားမိသည်။
အရောင်စုံကျောက်စိမ်းများက အတုမဖြစ်နိုင်ပေ။ အရောင်များသည် အတုအယောင်ဖြစ်လျှင်ပင် ၎င်းတို့ထံမှ ထွက်ပေါ်နေသော အစွမ်းထက်သည့်ဖိအားနှင့် ဝိညာဉ်စွမ်းအားအရှိန်အဝါတို့ကို စုမင်ခံစားနေမိချေသည်။
သူ့အသက်ရှူသံများ လျင်မြန်လာခဲ့ရပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်လျှောက်သွားလိုက်ကာ သေချာအနီးကပ်ကြည့်ရန် ကျောက်စိမ်းတစ်ခုကို ညာလက်ဖြင့် ဆွဲယူလိုက်သည်။ ၎င်းကို သူ့လက်ဝါးပေါ်တင်ကာ အာရုံစိုက်ကြည့်လိုက်မိသည်။ သူထိုသို့ လုပ်လိုက်မိသည်နှင့် သူ့စိတ်သည် ကျောက်စိမ်းထဲသို့ စုပ်ယူခံလိုက်ရပြီး သူ့ခေါင်းထဲ၌ စာလုံးများနှင့် ပုံရိပ်ယောင်များ အလိုအလျောက် ဖြစ်ပေါ်လာခဲ့သည်။
သို့သော် ၎င်းတို့ကို သူသေချာအာရုံမစိုက်နိုင်ခင်မှာပင် ထိုစကားလုံးများနှင့် ပုံရိပ်ယောင်များသည် လျင်မြန်စွာမှိန်ဖျော့ပျောက်ကွယ်သွားခဲ့ကြသည်။
စုမင် မျက်မှောင်ကြုတ်သွားမိပြီး အကြိမ်အနည်းငယ်ခန့် ထပ်စမ်းကြည့်လိုက်မိသည်။ သို့သော် သူကြိုးစားလိုက်တိုင်း ထိုကဲ့သို့ပင်ဖြစ်သည်။ စုမင်မျက်လုံးများသည် စူးရှသွားပြီး ထိုကျောက်စိမ်းကို လက်လွှတ်လိုက်ကာ အခြားတစ်ခုကို ထပ်စမ်းကြည့်လိုက်သည်။ သို့သော် ရလဒ်သည်တော့ အတူတူပင်ဖြစ်သည်။
“ငါ့ကျင့်ကြံဆင့်က လုံလောက်အောင်မမြင့်လို့လား” သူ တီးတိုးရေရွတ်လိုက်မိသည်။
အရှုံးမပေးလိုသဖြင့် နောက်ထပ်ကျောက်စိမ်းအနည်းငယ်ကိုယူကာ တစ်ခုပြီးတစ်ခု အာရုံစိုက်ကြည့်လိုက်သော်လည်း အလားတူပင်ဖြစ်သည်။ သူ့ခေါင်းထဲတွင် ပုံရိပ်များသာ ခဏတာထင်ရှားလာပြီး ပျောက်ကွယ်သွားခဲ့ကြချေသည်။
အရှိန်အဝါအနည်းငယ်သာ ထုတ်လွှတ်နေသော ရိုးရိုးရှင်းရှင်း ကျောက်စိမ်းလေးအား ကြည့်မိသော်လည်း အလားတူပင်ဖြစ်သည်။ တစ်ဖြည်းဖြည်းနှင့် စုမင်မျက်နှာက မည်းမှောင်လာခဲ့ရသည်။
စုမင် ခဏတာ တိတ်ဆိတ်နေပြီးမှ အသက်ပြင်းပြင်းရှူကာ သူ့နှလုံးသားအတွင်းရှိ စိတ်ပျက်မှုများကို ချိုးနှိမ်လိုက်သည်။ အခန်းထဲရှိ ကျောက်စိမ်းများကိုတစ်ချက်ခန့်လှည့်ကြည့်ပြီးချိန်တွင် ၎င်းတို့အားလုံးသည် အတုများဖြစ်ကြောင်း သူသေချာသိလိုက်မိ၏။ ထို့နောက် ခါးသီးစွာရယ်မောလိုက်ပြီး ခေါင်းယမ်းကာ တတိယအလွှာရှိရာ အတွင်းပိုင်းဆီ ဦးတည်လိုက်သည်။
‘တတိယအလွှာက မြေပုံကလည်း အတုဖြစ်နေခဲ့ရင်...’
တတိယအလွှာထံလျှောက်သွားနေရင်းမှ စုမင်ငြိမ်သက်သွားမိသည်။
တတိယအလွှာသည် အရွယ်အစားသိပ်မကြီးပဲ ရိုးရိုးရှင်းရှင်းတည်ဆောက်ထားပြီး အခန်းပတ်လည်တွင် ကျောက်တုံးစင်များကို နေရာချထားခဲ့သည်။ စင်များပေါ်တွင် ဝါးစာရွက်များနှင့် သားရဲအရေအချို့ အတူတကွ ရှိနေခဲ့ကြသည်။
စုမင် တတိယအလွှာထဲ၌ ရပ်လိုက်မိချိန်တွင် ရုတ်ခြည်းဆိုသလိုပင် စိတ်လှုပ်ရှားလာခဲ့ရသည်။ ဤနေရာတွင် တောင်ပိုင်းအရုဏ်ဦးကုန်းမြေ၏ မြေပုံ အမှန်တစ်ကယ်ရှိနေရဲ့လားဆိုသည်နှင့် သူမြေပုံကိုရှာတွေ့လျှင်ရော အနောက်ပိုင်းမဟာမိတ်နယ်မြေကို ရှာတွေ့နိုင်ပါ့မလားဆိုသည်တို့ကို စိတ်ပူနေမိ၏။
ဤအရာသည် သူယခုလို စိတ်လွန်ဆွဲနေမိသော ပထမဆုံးအကြိမ်မဟုတ်ပေ။ အတိတ်က ငြိမ်းအေးရာအရှေ့အရပ်တောင်ခြေတွင် ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုထံမှ ငှါးရမ်းထားသော မြေပုံကိုကိုင်ထားခဲ့ချိန်တုန်းကလည်း ယခုလိုစိတ်လှုပ်ရှားနေခဲ့ရပေသည်။
ခဏတာ ငြိမ်သက်နေပြီးနောက်တွင် စုမင်အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဝါးစာရွက်များကို ကြည့်ပင်မကြည့်ပဲ သားရဲအရေပြားများစွာထဲမှ တစ်ခုကိုကောက်ကိုင်ကာ ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။
“မဟုတ်ဘူး...”
သားရဲအရေပြားပေါ်တွင် စုမင်တစ်ခါမှမမြင်ဖူးခဲ့သည့် အစီအရင်သင်္ကေတများ ထွင်းထုထားချေသည်။ တစ်ချက်ကြည့်လိုက်ပြီးသည်နှင့် ထိုသားရဲအရေကို ၎င်း၏မူလနေရာသို့ ပြန်ထားကာ အခြားတစ်ခုကို ကောက်ကိုင်လိုက်သည်။
“မဟုတ်ဘူး...”
“မဟုတ်ဘူး...”
သားရဲအရေပြားများကို စုမင်တစ်ခုပြီးတစ်ခု ထုတ်ယူကြည့်လိုက်သော်လည်း ဘယ်တစ်ခုကမှ သူလိုချင်သောမြေပုံမဟုတ်ခဲ့ပေ။ နောက်ဆုံး၌ သူ့ရှေ့တွင် သားရဲရေသုံးခုသာကျန်တော့ရာ စုမင်အသက်ရှူသံက လျင်မြန်လာခဲ့သည်။
ကျန်ရှိနေသာသားရဲအရေသုံးခုထဲမှ ဒုတိယအပိုင်းအစ၏ ထောင့်စွန်းလေးသည် အနည်းငယ်ပွင့်နေခဲ့ပြီး နေရာတစ်ခု၏ မြေမျက်နှာသွင်ပြင်ကဲ့သို့ မှိန်ဖျော့ဖျော့ မျဉ်းအချို့ကို မြင်နေရလေသည်။ စုမင် ခဏတာတွန့်ဆုတ်နေပြီးမှ အံကြိတ်ကာ ထိုသားရဲအရေပြားကို ဆွဲယူလိုက်သည်။ သူ့လက်ထဲမှ သားရဲအရေသည်... သူတွေ့လိုသောမြေပုံ ဖြစ်သည်ဟု ခိုင်မာစွာခံစားနေရလေသည်။
သူ့အတွက်တော့ အေးခဲကောင်းကင်ကလန်သို့ ဝင်ရောက်ခြင်းဖြစ်စေ၊ ထျန်းရှဲ့ကျီကို ဆရာအဖြစ်အသိအမှတ်ပြုရခြင်းဖြစ်စေ အရေးမကြီးပေ။ အေးခဲကောင်းကင်ကလန်သို့ ဝင်ရောက်လိုသော သူ့ရည်ရွယ်ချက်၏ အရေးကြီးဆုံးအရာမှာ အနောက်ပိုင်းမဟာမိတ်နယ်မြေဆီပြန်နိုင်ရန် လိုအပ်သောမြေပုံပင်ဖြစ်သည်။
ထို့ကြောင့်ပင် ထျန်းရှဲ့ကျီသည် စုမင်ကို သူ့တပည့်အဖြစ်လက်ခံလိုကြောင်း ပြောဆိုချိန်တွင် သူကမ်းလှမ်းခဲ့သောအချက်များအနက် သူပိုင့ဆိုင်သောမြေပုံသည် အေးခဲကောင်းကင်ကလန်မှ ပိုမိုပြည့်စုံသည်ဆိုသောအချက်က စုမင်၏ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။
သူသည် အေးခဲကောင်းကင်ကလန်ထဲသို့ ဝင်ရောက်ရန်စိတ်မဝင်စားခဲ့ပေ။ သူစိတ်ဝင်စားသည့် တစ်ခုတည်းသောအရာမှာ မြေပုံသာဖြစ်သည်။
ထို့ကြောင့်ပင် စုမင်သည် ထျန်းရှဲ့ကျီကို ဆရာအဖြစ်အသိအမှတ်ပြုရန် လက်ခံခဲ့မိခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူသည် ပထမနှင့်ဒုတိယအလွှာများတွင် ဆက်တိုက်ဆိုသလို စိတ်ပျက်လာခဲ့ရသဖြင့် သားရဲအရေပြားကို လက်ထဲကိုင်ထားမိချိန်တွင် သူ၏စိုးရိမ်မှုက အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူ့ရှေ့မှ သားရဲအရေပြားကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ချိန်တွင် စုမင်ညာဘက်လက်က တုန်ယင်နေခဲ့သည်။ သားရဲအရေပြားသည် ပွင့်ဟသွားပြီး ထိုအရာပေါ်သို့ စုမင်ကြည့်လိုက်မိချိန်တွင် သူ တုန်ရီသွားရလေသည်။ သူ့ခေါင်းထဲတွင် မိူးကြိုးအစင်းပေါင်းများစွာ အပစ်ခံလိုက်ရပြီး သူ့နားထဲ၌ တဝီဝီမြည်သံများ ထွက်ပေါ်လာခဲ့ရသည်ဟုပင် စုမင်ခံစားလိုက်ရ၏။
ထိုအချိန်တွင် သူအရာအားလုံးကို မေ့လျော့သွားခဲ့ရသည်။ သူသည် အခန်းအတွင်းတွင် ရှိနေခြင်းကိုလည်းကောင်း၊ အေးခဲကောင်းကင်ကလန်၏ နဝမမြောက်တောင်ထွတ်တွင် ရှိနေခြင်းကိုလည်းကောင်း၊ တောင်ပိုင်းအရုဏ်ဦးကုန်းမြေတွင် ရှိနေခြင်းကိုလည်းကောင်း မေ့လျော့သွားခဲ့ရလေသည်။ သူ့အာရုံများအားလုံးသည် သူ့လက်ထဲမှသားရဲအရေပေါ်တွင်သာ စူးစိုက်နေခဲ့မိတော့သည်။
ဤအရာသည် အနည်းငယ် စုတ်ပြဲပျက်စီးနေသော်လည်း ၎င်းအပေါ်တွင် ဆွဲသားထားသော မြေပုံသည်တော့ အတော်အတန်ပင် ပြည့်စုံလေသည်။ မြေပုံထံမှ အိုဟောင်းရှေးကျသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့ပြီး ဤမြေပုံသည် မည်မျှအိုဟောင်းနေပြီဆိုသည်ကို ထိလိုက်မိသူတိုင်း ခံစားရပေလိမ့်မည်။
ဤမြေပုံသည် ထျန်းရှဲ့ကျီပြုလုပ်ထားခြင်း မဖြစ်နိုင်ပဲ ရှိနေတာကြာပြီဖြစ်သော အရာတစ်ခုဖြစ်နိုင်၏။
မြေပုံပေါ်တွင် ကုန်းမြေတိုက်ကြီးငါးခု ရှိနေခဲ့သည်...
မြေပုံပေါ်တွင် မျက်စိကစားပြီးနောက်၌ စုမင် ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းချင်းထိုင်ချလိုက်မိသည်။
သူ့မျက်လုံးများထဲတွင် လွမ်းဆွတ်တမ်းတဟန်အကြည့်တစ်ခု ရှိနေခဲ့သည်။ သူသည် ဝမ်းနည်းပူဆွေးနေသော မျက်နှာအမူအယာတစ်ခုနှင့်အတူ မြေပုံကိုညင်သာစွာကိုင်ထားမိချေသည်။
မြေပုံပေါ်တွင် တောင်ပိုင်းအရုဏ်ဦးကုန်းမြေအား သူတွေ့လိုက်ရသလို... ၎င်း၏ အပေါ်ဘက်ကပ်လျက်တွင် အနောက်ပိုင်းမဟာမိတ်နယ်မြေကိုလည်း သူတွေ့ခဲ့ရပေသည်...
“ငါ့အိမ်...” စုမင် တီးတိုးရေရွတ်မိသည်။
စုမင်မျက်လုံးမှ မျက်ရည်များစီးကျနေသည်မှာ အချိန်အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ မျက်ရည်များသည် မျက်လုံးထောင့်မှတစ်ဆင့် အကျီၤပေါ်သို့ စီးကျနေခဲ့ချေသည်။
တိုက်ကြီးငါးခုထဲမှ လေးခုသည် မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် တည်ရှိကြပြီး ငါးခုမြောက်တိုက်ကြီးသည်တော့ အလယ်ဗဟို၌ တည်ရှိနေသည်။
တောင်ပိုင်းအရုဏ်ဦးကုန်းမြေသည် တောင်ဘက်တွင် တည်ရှိပြီး အနောက်ပိုင်းမဟာမိတ်နယ်မြေသည်တော့ အနောက်ပိုင်းတွင်တည်ရှိ၏။ သို့သော် ၎င်းတိုက်ကြီးနှစ်ခုကြားတွင် လျှိူမြောင်ကြီးတစ်ခုရှိကာ ဖြတ်သန်းမရနိုင်ပုံပေါ်နေချေသည်...
စုမင်မျက်ရည်များသည် သူ့အဝတ်အစားများပေါ်သို့ စီးကျနေခဲ့ပြီး အချို့ဆိုလျှင် မြေပုံအပေါ်သို့ ကျဆင်းသွားကြချေသည်။ သူသည် ခေါင်းကိုငုံ့ထားခဲ့ပြီး သူ့နောက်ဘက်မှထွက်ပေါ်လာသော သက်ပြင်ချသံဖွဖွကို မကြားခဲ့ပေ။
‘ဒီတော့ သူငါ့ကို ဆရာအဖြစ်အသိအမှတ်ပြုခဲ့တာ ဒါကြောင့်ပေါ့...’
***