ဖန်တီးမှုရဲ့အဓိပ္ပာယ်က ဘာလဲ
Vol. 16 Ch. 222
စုမင် သူ့ရှေ့မှမြေပုံကို အံ့အားသင့်စွာ ငေးကြည့်နေခဲ့သည်။ ထိုမြေပုံသည် အချိန်ကာလရှည်စွာတည်ရှိခဲ့ဟန်ဖြင့် အရောင်တစ်ချို့ပင် စွန်းထင်းနေခဲ့သည်။ အနားစွန်းများသည် တော်တော်ပင်ဟောင်းနွမ်းနေကာ ၎င်းသည် နှစ်ပေါင်းများစွာကြာ တည်ရှိနေခဲ့သည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
တောင်ပိုင်းအရုဏ်ဦးကုန်းမြေနှင့် အနောက်ပိုင်းမဟာမိတ်နယ်မြေကြားရှိ ဖြတ်သန်းသွားလာရန်မဖြစ်နိုင်သော ချောက်နက်ကြီးကို အနက်ရောင်မျဉ်းကြောင်းတစ်ခုဖြင့် အမှတ်အသားပြုထား၏။
ထိုမျဉ်းကြောင်းသည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေနှင့် အနောက်ပိုင်းမဟာမိတ်နယ်မြေ နှစ်ခုကြားတွင်သာ ရှိနေခြင်းမဟုတ်ပေ။ ၎င်းသည် အခြားတိုက်ကြီးများကြားတွင်လည်း တည်ရှိနေခဲ့သည်။
“ဒုတိယမာန်နတ်ဘုရားကို မြှုပ်နှံသဂြိုလ်ပြီးချိန် အမှတ်တရတွေကနေ တစ်ယောက်ယောက်က ဒီမြေပုံကိုဆွဲခဲ့တာ။ ဒါပေမဲ့သူကလည်း အကွာအဝေးကို ခန့်မှန်းပြီးတော့ပဲဆွဲထားခဲ့တာ... ဒုတိယမာန်နတ်ဘုရားမတိုင်ခင်တုန်းက မာန်စွမ်းအားရှင်တွေရဲ့ ကုန်းမြေကြီးတစ်ခုလုံးက အရမ်းကြီးမားတဲ့တိုက်ကြီးတစ်ခုပဲ။ အဲဒါက အရမ်းကြီးလွန်းလို့ လူအနည်းငယ်လောက်ပဲ ကုန်းမြေတစ်ခုလုံးကို လျှောက်သွားနိုင်ခဲ့တယ်”
ထျန်းရှဲ့ကျီ၏အိုမင်းနေသောအသံက စုမင်နောက်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
“ဒုတိယမာန်နတ်ဘုရားသေသွားတဲ့အချိန်မှာ မာန်စွမ်းအားရှင်တွေရဲ့ ကုန်းမြေကြီးက ပိုင်းခြားခံလိုက်ရပြီးတော့ ကြီးမြတ်သောယုပြည်ထောင်ကို ဗဟိုပြုပြီး တိုက်ကြီးငါးခုဖြစ်လာခဲ့တယ်။ အလယ်က ဒယ်စောက်အိုးကြီးပုံစံက ကြီးမြတ်သောယုပြည်ထောင် ရှိတဲ့နေရာပဲ”
“အဲဒါကို အိုးပုံစံနဲ့ဘာလို့မှတ်ထားလဲဆိုတော့ ငါတို့မာန်စွမ်းအားရှင်တွေရဲ့ အဲဒီအိုးကြီးက မျိုးနွယ်စုမာန်အကြောမျှင်မို့လို့ပဲ” ထျန်းရှဲ့ကျီအသံက အနည်းတိုးသွားသည်။ “ကြီးမြတ်သော မဖြစ်မထွန်းဒယ်အိုး...”
ထျန်းရှဲ့ကျီ၏ပါးစပ်မှ ထိုစကားလုံးများထွက်လာချိန်တွင် စုမင်တုန်လှုပ်သွားခဲ့သည်။ သူ့အာရုံသည် သားရဲအရေပြားပေါ်တွင် မရှိတော့ပဲ ထိုစကားလုံးသုံးလုံးသည်သာ သူ့နားထဲ ပဲ့တင်ထပ်နေတော့သည်။
“မဖြစ်မထွန်း ဒယ်အိုး...”
စုမင်နှလုံးသားထဲတွင် ပြင်းထန်သောစိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထျန်းရှဲ့ကျီသည် စုမင်မျက်နှာပေါ်တွင် ထင်ဟပ်နေသော ထိုခံစားချက်များကို မြင်လိုက်သော်လည်း လူငယ်လေးသည် ကြီးမြတ်သောယုပြည်ထောင်အကြောင်း ကြားလိုက်ရ၍သာဖြစ်မည်ဟု ယူဆလိုက်သည်။ စုမင်သည် သူ့လည်ပင်းတွင်ချိတ်ဆွဲထားသော ကျောက်တုံးနက်လေးနှင့် ထိုကျောက်တုံးလေးထဲရှိ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် တွေ့ရသောမြင်ကွင်းများအား စဉ်းစားနေခြင်းဖြစ်ကြောင်းကိုတော့ ထျန်းရှဲ့ကျီတစ်ယောက် မသိခဲ့ပေ။
‘ဆေးဖက်ဝင်အပင်တွေကို ဆေးလုံးအဖြစ်သန့်စင်နိုင်ဖို့ မဖြစ်မထွန်းဒယ်အိုးတစ်ခုလိုအပ်တယ်... အဲဒီ မဖြစ်မထွန်း ဒယ်အိုးနဲ့ ကြီးမြတ်သော မဖြစ်မထွန်းဒယ်အိုးကြီးကြားထဲမှာ... တစ်ခုခုဆက်စပ်မှုရှိနေတာလား...’
စုမင်မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများ ပေါ်လာခဲ့သည်။
“မင်းမြင်နေရတဲ့ တိုက်ကြီးငါးခုကြားထဲက မျဉ်းကြောင်းတွေက သွေးစီးကြောင်းကြီးတွေပဲ။ အဲဒါတွေက ဒုတိယဘုရားသခင်သေဆုံးပြီးနောက်မှ ကြွင်းကျန်ခဲ့တဲ့ အာဃာတတွေကနေ ဖြစ်ပေါ်လာခဲ့တာ။ ပြောကြတာတော့ မသေမျိုးတွေက ဒီအာဃာတတွေကို သုံးပြီး ရှာမန်တွေနဲ့အတူ ဒီအရမ်းရက်စက်ကြမ်းကြုတ်တဲ့ အစီအရင်ကြီးကို နေရာချထားခဲ့တာတဲ့။ အဲဒီအစီအရင်ကပဲ မာန်စွမ်းအားရှင်တွေရဲ့ကုန်းမြေကို တိုက်ကြီးငါးခုအဖြစ်နဲ့ မပြည့်မစုံဖြစ်သွားစေတာ...”
“တိုက်ကြီးတွေအကြား သွားလာဖို့ကြိုးစားတာက အရမ်းပင်ပန်းခက်ခဲတဲ့အလုပ်ပဲ...” ထျန်းရှဲ့ကျီ၏အသံက အခန်းထဲတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်နေခဲ့သည်။
“မင်း ဒီမြေပုံကို ဘာလို့လိုချင်တာလဲဆိုတာ ငါမသိဘူး။ ပြီးတော့ အဲဒီကုန်းမြေတိုက်ကြီး ငါးခုထဲက ဘယ်နေရာကို မင်းသွားချင်တာလဲဆိုတာကလည်း ငါမသိဘူး... ဒါပေမဲ့ မင်းက ငါ့တပည့်ဖြစ်လို့ ငါဒါကိုတော့ သေချာပြောရမယ်... မင်းရဲ့ ကျင့်ကြံဆင့်တိုးတက်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားပါ”
“မင်းရဲ့ ကျင့်ကြံဆင့်က အရာအားလုံးပဲ။ မင်းရဲ့ အခုလက်ရှိ ကျင့်ကြံဆင့်နဲ့ဆိုရင် မင်း တောင်ပိုင်းအရုဏ်ဦးကုန်းမြေက ထွက်သွားချင်ရင်တောင် ကောင်းကင်မြူခိုးအတားအဆီး အပြင်ဘက်ကလောကကို ဖြတ်သွားဖို့ဆိုတာမဖြစ်နိုင်ဘူး။ တစ်ခြားတိုက်ကြီးတွေကို သွားဖို့ဆိုရင် ပိုပြီးတော့မဖြစ်နိုင်ဘူး”
“မင်းသွားချင်တဲ့ နေရာတွေနဲ့ တစ်ခြားဘာကိုမှမတွေးမိခင်၊ မင်း ပထမဆုံးအနေနဲ့ အတားအဆီးအပြင်ဘက်တစ်ဝိုက်မှာ လုံလုံခြုံခြုံ လှည့်ပတ်သွားလာနိုင်ရမယ်... အဲလိုလုပ်နိုင်ဖို့အတွက်လည်း မင်း အစွမ်းထက်နေမှရမယ်”
“မင်းမှာ လုံလောက်တဲ့စွမ်းအားမရှိရင်၊ တစ်ခြားဘာကိုမှမစဉ်းစားနဲ့။ မင်းတွေးနေရင်တောင် အဲဒါကအသုံးဝင်မှာ မဟုတ်ဘူး။ မင်းကိုပိုပြီး မချင့်မရဲဖြစ်လာစေလိမ့်မယ် အဲလိုဆိုရင် မင်းကိုယ်မင်း တည်ငြိမ်အောင်မထားနိုင်တော့ဘူး။ မင်းနှလုံးသားက မတည်ငြိမ်ရင် မင်းရဲ့စိတ်ကလည်း ကသောင်းကနင်းဖြစ်လိမ့်မယ်။ အဲလိုဆိုရင် မင်းမာန်အမှတ်အသားကို စုဝေးတဲ့အချိန်မှာ အဲဒါက ပြိုကွဲသွားနိုင်ပြီး တိုးတက်ဖို့အရမ်းခက်တယ်ဆိုတာကို မင်းတွေ့ရလိမ့်မယ်”
“မင်းကျင့်ကြံဆင့်က သော့ချက်ပဲ။ မင်းရဲ့ ကျင့်ကြံဆင့်ကိုမြှင့်တင်ရမယ်” ထျန်းရှဲ့ကျီက ညင်သာစွာပြောပြီး စုမင်ပုခုံးကို ညာလက်ဖြင့် ပုတ်ပေးလာသည်။
“စိတ်ညစ်စရာ အတိတ်ရှိတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး... မင်းရဲ့ အကြီးဆုံးအစ်ကိုကြီးမှာလည်း သု့အတိတ်ရှိသလို၊ မင်းရဲ့ အစ်ကိုနှစ်မှာလည်း သူ့အတိတ်ရှိ...”
ထျန်းရှဲ့ကျီသည် တစ်စုံတစ်ရာကို ခံစားလိုက်ရဟန်ဖြင့် သူ့စကားများက ရပ်တန့်သွားခဲ့သည်။
စုမင်သည် သားရဲအရေကိုကြည့်ကာ ခဏတာတိတ်ဆိတ်နေပြီးမှ အသံတိုးတိုးဖြင့်မေးလာခဲ့သည်။ “ကောင်းကင်မြူခိုးအကာအကွယ်ရဲ့ အပြင်ဘက်ကိုသွားပြီး တောင်ပိုင်းအရုဏ်ဦးကုန်းမြေက ထွက်သွားချင်တယ်ဆိုရင် ကျင့်ကြံဆင့် ဘယ်လောက်မှာရောက်နေဖို့လိုလဲ”
ထျန်းရှဲ့ကျီသည် ခဏတာတိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည်။ “ရိုးရေစတေးနယ်ပယ်ကို မရောက်သေးတဲ့သူတွေတော့ ကောင်းကင်မြူခိုး အတားအဆီးကို ဖြတ်သွားဖို့ စဉ်းစားနေစရာတောင်မလိုဘူး။ ရိုးရေစတေးနယ်ပယ်က လူတွေတောင် အတားအဆီး အပြင်မှာ ဆိုရင် သေချာဂရုစိုက်ဖို့လိုတယ်။ နည်းနည်းလေးသတိလစ်လိုက်တာနဲ့တောင် လူတစ်ဦးကိုပျက်စီး သေဆုံးသွားစေနိုင်တယ်”
“ငါတို့နဲ့ ရှာမန်တွေကြားမှာ ရှိနေခဲ့တာက သွေးကြွေးဟောင်းတစ်ခုပဲ”
“မင်း ရိုးရေစတေးနယ်ပယ်ကို ရောက်သွားရင်တော့ အတားအဆီးကို ကြိုက်သလိုဖြတ်သွားနိုင်ပြီ။ ဒါပေမဲ့ မင်းဂရုတော့စိုက်ရဦးမယ်။ ရှာမန်မျိုးနွယ်စုထဲက အစွမ်းထက်ရှာမန်တွေဆီ မင်းပြေးဝင်မသွားသရွေ့၊ အန္တရာယ်များတဲ့နေရာတွေ မသွားသရွေ့တော့ မင်းသေမှာမဟုတ်ဘူး”
“ဒါဆို ကျွန်တော်မာန်ဝိညာဉ်နယ်ပယ်ကို ရောက်သွားရင်၊ တောင်ပိုင်းအရုဏ်ဦးကုန်းမြေက ထွက်သွားခွင့်ရှိပြီလို့ပြောတာလား” စုမင် ခပ်တိုးတိုးပြန်မေးသည်။
“အဲဒါက သွားခွင့်ရရုံပါပဲ။ မာန်ဝိညာဉ်နယ်ပယ်ဆိုတာ ငါတို့လိုမာန်ပညာရပ်တွေကို လေ့ကျင့်သူတွေအတွက် ပထမဆုံးမဟာနယ်ပယ်တစ်ခုသက်သက်ပဲ... မာန်ဝိညာဉ်နယ်ပယ်နောက်မှာ တစ်ခြားနယ်ပယ်တွေ ဆက်ရှိနေသေးတယ်”
“ဒါပေမဲ့ စိတ်မကောင်းစရာပဲ။ မာန်ဝိညာဉ်နယ်ပယ်နောက်မှာ ရှိတဲ့တစ်ခြားနယ်ပယ်တွေကို ဘယ်သူမှမရှိလို့ ငါတို့က အဲဒါတွေကိုရောက်အောင် ဘယ်လိုလေ့ကျင့်နိုင်မှာလဲ...”
ထျန်းရှဲ့ကျီက သက်ပြင်းဖွဖွချသည်။
“ဘာလို့လဲ”
စုမင် ထျန်းရှဲ့ကျီအား မော့ကြည့်လိုက်မိသည်။
“ဘာလို့လဲဆိုတော့ စတုတ္ထမြောက်မာန်နတ်ဘုရားက ပြန်ပေါ်မလာခဲ့တာ အချိန်တွေအရမ်းကြာနေပြီမို့လို့ပဲ။ တတိယမာန်နတ်ဘုရားရဲ့ အရှိန်အဝါကို ခံစားသိရှိနိုင်တဲ့ စတုတ္ထမြောက်မာန်နတ်ဘုရားကပဲ ကြားခံအခြေအနေကိုဖြတ်ပြီး မာန်နတ်ဘုရားတွေရဲ့ အမွေအနှစ်ကိုရမှာ။ ပြီးရင် ဆက်ပြီးတော့ မြင့်မားတဲ့နယ်ပယ်တွေကို အာရုံခံပြီး မာန်ဝိညာဉ်နယ်ပယ်နောက်က နယ်ပယ်တွေအတွက် မာန်နတ်ဘုရားရုပ်တုကို ဖန်တီးလိမ့်မယ်။ အဲဒါပြီးမှသာ မာန်ဝိညာဉ်နယ်ပယ်ကို ရောက်နေတဲ့လူတွေက သူတို့ခေါ်သံကို ခံစားမိမှာ”
အချိန်အတော်ကြာပြီးနောက်မှ စုမင်ထျန်းရှဲ့ကျီကိုကြည့်ကာ ထပ်ပြောလိုက်သည်။ “ကျွန်တော် ဒီကိုလာတုန်းက ကောင်းကင်မြူခိုးအကာအကွယ်ရဲ့ အပိုင်းတွေထဲက တစ်ခုမှာ ပိုင်လို့ခေါ်တဲ့လူတစ်ဦးကိုတွေ့ခဲ့တယ်။ သူက ရိုးရေစတေးနယ်ပယ်ရဲ့ စစ်နတ်ဘုရားတစ်ဦးပဲ။ ပြီးတော့ ခင်ဗျားအကြောင်းပြောခဲ့တယ်။ သင်က တောင်ပိုင်းအရုဏ်ဦး ကုန်းမြေကနေ စူးစမ်းရှာဖွေဖို့ တစ်ခါထွက်သွားခဲ့ပြီး ကြီးမြတ်သောယုပြည်ထောင်ကို သွားခဲ့တယ်တဲ့။ အဲဒါဟုတ်လား”
ထျန်းရှဲ့ကျီ တိတ်ဆိတ်သွားခဲ့ပြီး သူ့မျက်နှာထက်တွင် ရှုပ်ထွေးနေသောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် အခန်းထဲရှိ အခြားအရပ်မျက်နှာတစ်ခုသို့ မော့ကြည့်လိုက်သည်။ အခန်း၏ထိုအပိုင်းသည် ဘာမှရှိမနေခဲ့သဖြင့် သူဘာကိုကြည့်နေခြင်းမှန်း စုမင်မသိပေ။
ထျန်းရှဲ့ကျီ၏မျက်လုံးများထဲတွင် လွမ်းဆွတ်မှုများက တစ်ဖြည်းဖြည်းထင်ရှားလာခဲ့သည်။
“ငါတွေ့ခဲ့တာက ကြီးမြတ်သော ယုပြည်ထောင်လားဆိုတာ ငါမသိဘူး... မင်းမာန်ဝိညာဉ်အဆင့်ကိုရောက်ပြီး ထွက်သွားချင်တဲ့ အချိန်ကျရင် ငါမင်းကိုအဲဒီအကြောင်း ပြောပြမယ်”
ထျန်းရှဲ့ကျီက မျက်လုံးများကိုမှိတ်ချလိုက်သည်။ ထိုအချိန်တွင် သူ့အသံသည် ပိုမိုအိုမင်းသွားဟန်တူသည်။
“သူ့ကျင့်ကြံဆင့်က ရုပ်နယ်လွန်နယ်ပယ်တောင် မရောက်သေးတဲ့လူ၊ ကြီးမြတ်သော ယုပြည်ထောင်မှာ နေတာမဟုတ်တဲ့လူတစ်ယောက်ကို ကျွန်တော်သိတယ်။ သူက အခြားကုန်းမြေတိုက်ကြီး တစ်ခုမှာနေပေမယ့် သူ့ဇာတိမြို့ကနေ အကြိမ်ကြိမ်ထွက်သွားခဲ့ဖူးတယ်။ တစ်ကြိမ်တစ်ခါလောက်တော့... သူ ကြီးမြတ်သောယုပြည်ထောင်ကို သွားခဲ့မှာပဲ...” စုမင် ခေါင်းကိုငုံ့ချရင်း ပြောလိုက်မိသည်။
ထျန်းရှဲ့ကျီသည် စုမင်စကားများကိုကြားလိုက်ချိန်တွင် သူ့မျက်လုံးများကို ချက်ချင်းပြန်ဖွင့်လိုက်သည်။ တောက်ပသောအကြည့်တစ်ခုသည် သူ့မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့သော်လည်း ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားချေသည်။
သူ့မျက်လုံးများအတွင်းမှ အလင်းရောင်တို့ တောက်ပလာချိန်တွင် ထိုနေရာပေါ်သို့ မယုံနိုင်ဖွယ်ဖိအားကြီးတစ်ခု ရုတ်ခြည်းကျဆင်းလာခဲ့သည်။ သို့သော် ထိုဖိအားသည် လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသဖြင့် အခြားသူများအနေဖြင့် သူတို့စိတ်ကူးယဉ်နေသည်ဟုသာ ခံစားလိုက်မိမည်ဖြစ်သည်။
သို့သော် စုမင်သည်တော့ ထိတ်လန့်တုန်လှုပ်သွားရလေသည်။ ထိုအခိုက်အတန့်တွင် သူ့ချီများသည် ငြိမ်သက်သွားပြီး နဝမမြောက်တောင်ထွတ်သည်ပင် တုန်ခါသွားသည်ဟု သူရှင်းရှင်းလင်းလင်း ခံစားလိုက်မိသည်။
“ရုပ်နယ်မလွန်သေးပဲနဲ့ အခြားတိုက်ကြီးတစ်ခုကနေ ကြီးမြတ်သောယုပြည်ထောင်ကို သွားတာလား... အဲဒါ မဖြစ်နိုင်ဘူး” ထျန်းရှဲ့ကျီက ပြန်လည်ပြောဆိုလာသည်။
“မဖြစ်နိုင်ဘူးလား... အဲဒါ ဖြစ်တော့ဖြစ်နိုင်တယ်”
သူ့မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးမှုများကိုဖုံးကွယ်ရန် စုမင်မျက်လုံးများကို မှိတ်လိုက်မိသည်။
သူပိုသိလာလေလေ၊ သူပိုသိလာသောအရာများသည် သူ့မှတ်ဉာဏ်များထဲရှိ နက်မှောင်တောင်နှင့်ပက်သက်သော အကြောင်းအရာများနှင့် ကွဲပြားလေလေပင်ဖြစ်သည်။ အထူးသဖြင့်တော့ ဟန်တောင်တန်း၏သံကြိုးများပေါ်တွင် အစစ်အမှန်လား၊ အတုအယောင်လား မခွဲခြားနိုင်သည့် လေ့ချန်နှင့် ပေလင်းတို့ပုံရိပ်များပင်ဖြစ်သည်။ ထို့အပြင် အကြီးအကဲသည်လည်း သူပေါ်လာချိန်တွင် စုမင်ကို တစ်စုံတစ်ရာပြောချင်ခဲ့ဟန်ပေါ်နေခဲ့၏။ ထိုအရာများအားလုံးကြောင့် သူတွေ့ခဲ့ရသော အရာများနှင့် ပက်သက်၍ မသေချာတော့ပဲ ရှုပ်ထွေးနေမိစေသည်။
‘နက်မှောင်တောင်ကို ဖုံးကာထားတဲ့ အရာတစ်ခုရှိတယ်။ ပြီးတော့ အက်ကြောင်းထဲက ဟင်းလင်းပြင်ထဲမှာ ငါတွေ့ခဲ့ရတဲ့အရာတွေ... ငါ အဲဒီဖုံးကွယ်ထားတဲ့အရာကို ဖယ်ရှားနိုင်ပြီး... ငါ့ကိုဝိုင်းရံနေတဲ့ လျှို့ဝှက်ချက်တွေကို ငါဖော်ထုတ်နိုင်လောက်မှာပါ’
စုမင် ငြိမ်သက်စွာ တွေးတောမိသည်။ ထိုအတွေးကသာလျှင် သူ၏စိတ်ရှုပ်ထွေးမှုများကြားတွင် သူ့ကိုယ်သူ ပျောက်ဆုံးမသွားအောင်၊ ကြောက်ရွံ့မှုများ၊ အတိတ်၊အနာဂါတ်များနှင့် ပက်သက်သော သံသယများထဲတွင် နစ်မြုပ်မသွားအောင် တားဆီးပေးထားနိုင်ခြင်းဖြစ်သည်။
“ကျွန်တော့စွမ်းအားကို အမြန်တိုးလာအောင် ဘယ်လိုလုပ်ရမလဲ”
စုမင် မျက်လုံးများကိုပြန်ဖွင့်ကာ သူ့ဘေးတွင်ထိုင်နေသော ထျန်းရှဲ့ကျီအား လှမ်းကြည့်လိုက်သည်။
“မင်းအစ်ကိုအကြီးဆုံးကလည်း အတိတ်တုန်းက ငါ့ကိုအဲလိုမေးခွန်းမျိုး မေးခဲ့ဖူးတယ်။ ပြီးတော့ သူ့စိတ်ကိုရှင်းအောင်ထားဖို့လိုတယ်လို့ ငါသူ့ကိုပြောခဲ့တယ်။ သူ အဲဒါကို အချိန်အကြာကြီးတွေးတောပြီး အဆုံးသတ်မှာ သူ့ကိုယ်သူ အခြားအကြာကြီး သီးခြားခွဲနေဖို့ ရွေးချယ်ခဲ့တယ်”
ထျန်းရှဲ့ကျီက စုမင်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ သူ့စကားကိုဆက်သည်။ “မင်းအစ်ကိုနှစ်ကလည်း ငါ့ကိုအဲဒီမေးခွန်းပဲ မေးခဲ့တယ်။ ပြီးတော့ သူ့စိတ်ကို ရှင်းအောင်ထားပါလို့ပဲ ငါသူ့ကိုလည်းပြောခဲ့တယ်။ သူ့ဆုံးဖြတ်ချက်ကတော့ မင်းတို့အစ်ကိုကြီးနဲ့ မတူဘူး။ သူက ပန်းပင်တွေ သစ်ပင်တွေကို စိုက်ဖို့ ရွေးချယ်ခဲ့တယ်”
“မင်း အစ်ကိုသုံးကတော့... ကောင်းပြီ၊ သူကတော့ မိုက်မဲတဲ့အဖွဲ့ဝင်ပဲ။ သူငါ့ကို အဲမေးခွန်းမမေးခဲ့ဘူး။ သူ့နေ့ရက်တိုင်းကို သောက်ရင်းနဲ့ကုန်ဆုံးပြီးတော့ ဘဝကို အဲလိုနည်းလမ်းနဲ့ ဖြုန်းတီးရင်း သူ့နှလုံးသားကို ရှာဖွေနေလေရဲ့”
“ငါမင်းကိုလည်း တူညီတဲ့အဖြေမျိုးပဲ ပေးရလိမ့်မယ်။ မင်းစိတ်ကို ရှင်းအောင်ထားပါ”
ထျန်းရှဲ့ကျီက ခပ်ရေးရေးပြုံးကာ ဝင်ပေါက်ထံ ညာလက်ဖြင့်ညွှန်ပြလိုက်သည်။
“အခန်းရဲ့ ပထမအလွှာက မာန်အကြောမျှင်တွေကြောင့် မင်းစိတ်ပျက်ခဲ့ရလိမ့်မယ်။ မင်းက အဲဒါတွေကို ကျိုးပဲ့ပြီး အသုံးမဝင်တဲ့ အရာတွေလို့မြင်တယ်။ အဲဒါက ဘူးသီးခြောက်ထဲက မင်းသောက်ခဲ့တဲ့ ဝိုင်နဲ့အတူတူပဲ။ မင်းက အဲဒါကို ရေလို့ထင်ရင်ထင်လိမ့်မယ်။ ဒါပေမဲ့ ငါ့အတွက်တော့ အဲဒါဝိုင်ပဲ”
“သဘောတရားက အတူတူပါပဲ။ ငါ့အတွက်တော့ အခန်းရဲ့ပထမအလွှာက ပစ္စည်းတွေက ငါ့တစ်ဘဝလုံး စုဆောင်းထားခဲ့တာတွေပဲ။ ငါ့နှလုံးသားထဲမှာတော့ သူတို့က ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး မာန်အကြောမျှင်တွေပဲ”
“ဒုတိယအလွှာမှာ သိုလှောင်ထားတဲ့ အေးခဲကောင်းကင်ကလန်က ပညာရပ်တွေကိုလည်း မင်းစိတ်ပျက်ခဲ့ရလိမ့်မယ်။ ဘာလို့ဆို အဲဒါတွေထဲမှာဘာရှိမှန်း မင်းမပြောနိုင်လို့ပဲ”
စုမင်ကိုကြည့်နေရင်းဖြင့် ထျန်းရှဲ့ကျီ၏ နှုတ်ခမ်းများထက်တွင် တစ္ဆေသရဲဆန်ဆန်အပြုံးမျိုး ဖြစ်ပေါ်လာခဲ့သည်။
စုမင် တိတ်ဆိတ်နေကာ ဘာမှပြန်မပြောမိပေ။
“မင်းတစ်ကယ် နားမလည်သေးတာပဲ။ မာန်စွမ်းအားရှင်တွေက ဘာကိုလေ့ကျင့်လဲ။ ငါတို့က ဖန်တီးမှုကိုလေ့ကျင့်တယ်။ ငါတို့ကို ဘယ်အရာကမှ ကန့်သတ်မထားနိုင်ဘူးလို့ ဆိုလိုတာပဲ။ ငါတို့လိုချင်တဲ့ ဘယ်အရာကိုမဆို ဖန်တီးဖို့အတွက် ငါတို့ကိုငါတို့ပဲ မှီခိုရမှာ”
“အဲဒီ ပညာရပ်တွေ စွမ်းရည်တွေဆိုတာကလည်း ငါတို့ဘိုးဘေးတွေချန်ထားရစ်ခဲ့တဲ့ ဖန်တီးမှုတွေပါပဲ။
အေးခဲကောင်းကင်ကလန်ထဲမှာ သိန်းချီတဲ့လူတွေရှိပြီးတော့ အစွမ်းထက်တဲ့သူတွေဆိုတာလည်း တိမ်တွေလိုအများအပြားပဲ။ ဒါပေမဲ့ အဲဒီလူတွေက ဖန်တီးမှုဆိုတာကို ကျင့်ကြံကြလား”
“သူတို့က ဖန်တီးမှုရဲ့ အဓိပ္ပာယ်ကို သိကြလား”
“ငါ့တပည့်တွေက ဘာပညာရပ်၊ ဘာစွမ်းရည်မှမလိုဘူး။ သူတို့စိတ်ကို ရှင်းအောင်ထားနိုင်မယ့် နည်းလမ်းကိုရှာတွေ့ပြီးရင် ဒီကမ္ဘာပေါ်မှာ တည်ရှိနေတဲ့ ဖန်တီးမှုရဲ့စည်းမျဉ်းတွေကိုပဲ သူတို့နားလည်ဖို့လိုတာ”
ထျန်းရှဲ့ကျီ၏ မျက်နှာသည် ထူးဆန်းသောအလင်းတစ်ဖြာဖြင့် တောက်ပနေခဲ့ဟန်တူသည်။ သူ့မျက်နှာပေါ်တွင် တောက်ပမှုနှင့်အတူ ခေါင်းမာမှုတစ်ခုလည်း ရှိနေခဲ့သည်။
သို့သော် ထျန်းရှဲ့ကျီ၏ ခေါင်းမာမှုသည် စုမင်၏ရူးသွပ်မှုနှင့် တူညီနေသလိုပင်....
“ဖန်တီးမှု... အဲဒီစကားလုံးတစ်လုံးတည်းကပဲ လူတွေဘာကိုလိုချင်တယ်၊ ဘာကိုရှာဖွေနေတယ်ဆိုတာပဲ။ ဒါပေမဲ့ ဖန်တီးမှုရဲ့ တစ်ကယ့်အစစ်အမှန်အဓိပ္ပာယ်က ဘာလဲ။ အဲဒါ မင်းအတွက် ငါ့မေးခွန်းပဲ။ သွားစဉ်းစားချေ။ နားလည်ပြီး အဖြေရရင် ငါ့ကိုလာပြောလှည့်”
ထိုထူးဆန်းသော အမူအယာသည် ထျန်းရှဲ့ကျီ၏ မျက်နှာပေါ်တွင် ပြန်လည်ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။ သူသည် ပညာရှိတစ်ဦး၏အသွင်အပြင်နှင့် ညင်သာစွာပြောလိုက်သည်။
“ဒီမြေပုံကို ကျွန်တော်ယူသွားလို့ရလား”
စုမင် ဖြည်းဖြည်းချင်းထရပ်ကာ သူ့ရှေ့မှ သားရဲအရေစာလိပ်ကို ဂရုတစိုက် ကိုင်ထားမိသည်။
“မင်းက ငါ့တပည့်မို့လို့ အလွှာတစ်ခုစီတိုင်းကနေ ပစ္စည်းတစ်ခုစီ ယူလို့ရတယ်” ထျန်းရှဲ့ကျီက နွေးထွေးစွာပြုံးလိုက်ရင်း အေးအေးဆေးဆေး ပြောသည်။
စုမင် သားရဲအရေပြားကို ရင်ဘတ်ထဲတွင် သိမ်းဆည်းလိုက်သည်။ ထျန်းရှဲ့ကျီအား ကြည့်ကာ အသက်ပြင်းပြင်းရှူရှိုက်လိုက်မိသည်။ ထို့နောက် လက်သီးလက်ဝါးဆုပ်ကာ လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုမိ၏။
“တပည့် စုမင်၊ နှုတ်ဆက်တာကို လက်ခံပေးပါ။ ဆရာ”
ထျန်းရှဲ့ကျီသည် ကျယ်လောင်စွာရယ်မောရင်း လက်ကိုဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို စူးရှသံတစ်ခုနှင့်အတူ လေတို့တိုက်ခတ်လာပြီး စုမင်ကိုလှိုဏ်ဂူအပြင်သယ်ဆောင်သွားချေသည်။
“မင်းစီနီယာအစ်ကိုတွေက နည်းနည်းထူးဆန်းပေမယ့် မင်းသူတို့နဲ့ အဆက်အသွယ်လုပ်သင့်တယ်။ မင်းစိတ်ကိုရှင်းအောင်လုပ်နိုင်မယ့် နည်းလမ်းကိုသွားရှာချေ။ ငါ့ကို ယုံပါ။ မင်း ရှာတွေ့ပါလိမ့်မယ်”
***