တတိယ စီနီယာအစ်ကို၏ ထူးခြားမှုများ
Vol. 17 Ch. 223
နဝမမြောက် တောင်ထွတ်တွင် စုမင်တစ်ဦးတည်း ရပ်နေခဲ့သည်။ သူ့အား အခန်းထဲမှ အပြင်ဘက်သို့ ထျန်းရှဲ့ကျီ ထုတ်ခဲ့ပြီးချိန်မှစ၍ သူဤနေရာတွင် တစ်ဦးတည်း ကျန်ခဲ့ခြင်းဖြစ်ပြီး ထျန်းရှဲ့ကျီ ဘယ်ရောက်သွားမှန်း သူမသိပေ။
‘အေးခဲကောင်းကင် ကလန်ရဲ့ နဝမမြောက် တောင်ထွတ် ... ဒါက အခု ငါ့အိမ်လား’
အဝေးထိတိုင် ကျယ်ပြန့်စွာ ရှိနေသော သူ့အရှေ့မှ အဖြူရောင် ကမ္ဘာကြီးအား စုမင်ငေးကြည့်ရင်း ရင်းနှီးနေသော်လည်း စိမ်းသက်သော ခံစားချက်တစ်ခုက သူ့နှလုံးသားအတွင်း မြင့်တက်ဖြစ်ပေါ် လာခဲ့သည်။
ရင်းနှီးနေသော အရာသည် ဆီးနှင်းများဖြစ်ပြီး စိမ်းသက်သော အရာသည် ကုန်းမြေနေရာပင် ဖြစ်သည်။
သူ့ပတ်ဝန်းကျင်မှ ဆီးနှင်းများသည် လေထဲတွင် လွင့်မျော ကခုန်လျက်ရှိ၏။ ၎င်းတို့ကို ငေးကြည့်ပြီးချိန်တွင် စုမင်ခေါင်းငုံ့ကာ အပင်များ ဖုံးလွှမ်းနေသော လှေကားထစ်များ အတိုင်း အောက်သို့ ဆင်းလာလိုက်သည်။
‘ဒီကို ရောက်နေပြီဆိုမှတော့၊ ငါနေဖို့ လိုဏ်ဂူတစ်ခုကို အရင်ရှာရမယ်’
စုမင် အောက်သို့ ဆင်းလာနေရင်းမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိချိန်တွင် သူမြင်နေရသော အရာအားလုံးသည် ဆီးနှင်းများထဲ၌ပင် ရှင်သန်နေသော အပင်များဖြစ်သည်။ ၎င်းတို့သည် သိပ်သည်းစွာ ပေါက်ရောက်နေပြီး တောင်၏အစိတ်အပိုင်း အများစုကို ဖုံးအုပ်ထားခဲ့သည်။
‘အစ်ကိုနှစ်က အရမ်းအလုပ် ကြိုးစားလို့ သူက ပိုကောင်းကောင်း လုပ်နိုင်တယ်ဆိုတာ ယုံကြည်လို့ရတယ်...’
အစ်ကိုသုံး ဟူကျီ၏စကားများက စုမင်နားထဲတွင် ပြန်လည်ပဲ့တင်ထပ် လာခဲ့သည်။ သူအချိန်အတော်ကြာ လျှောက်လှမ်းခဲ့ပြီး ထိုစကားလုံးများ၏ ဆိုလိုရင်းကို တဖြည်းဖြည်း နားလည်လာမိ၏။
ညအချိန်ရောက်လာကာ လောကကြီး တစ်ခုလုံး မှောင်မည်းသွား ချိန်တွင်တော့ နဝမမြောက် တောင်ထွတ်၏ တောင်စောင်း တစ်နေရာတွင် အပင်များ မဖုံးလွှမ်းထားသော နေရာတစ်ခုကို စုမင် တွေ့လိုက်ရသည်။ ထိုနေရာသည် လှေကားထစ်များနှင့် အတန်ငယ် ဝေးသည်။ ထိုနေရာတွင် ကျောက်တုံးကြီး တစ်ခုသည် မြေပြင်မှ တိုးထွက်နေပြီး အလွန်မကြီးမားသော စင်မြင့်တစ်ခုအသွင် ဖြစ်ပေါ်နေခဲ့သည်။
စုမင် စင်မြင့်ပေါ် ရပ်လိုက်မိချိန်တွင် ဆောင်းလေပြင်းက သူ့နားရွက်များကို အေးစက်စွာ ဖြတ်တိုက်သွားခဲ့သည်။ သူညာလက်ကို မြှောက်လိုက်မိချိန်တွင် ချက်ချင်းဆိုသလို သု့မျက်ခုံးများ အလယ်၌ အစိမ်းရောင် အလင်းတစ်ဖြာ တောက်ပသွားသည်။ ကျောက်စိမ်း ဓားမြှောင်ငယ်လေးသည် သူ့မျက်ခုံးများ အလယ်မှ ပျံသန်းထွက်ခွာ လာချိန်တွင် စုမင်ကို အကြိမ်များစွာပတ်ကာ ပျံသန်းလိုက်ပြီးမှ စုမင်ရှေ့ရှိ နဝမမြောက် တောင်ထွတ်၏ ကျောက်နံရံဆီ ဦးတည်ပျံသန်း သွားလေသည်။
လေထဲတွင် ဆူညံသံများ ပျံ့လွင့်နေပြီး ဓားငယ်လေး၏ အဆက်မပြတ် ထိုးဖောက်မှုအောက်တွင် တဖြည်းဖြည်းဖြင့် စုမင်ရှေ့ရှိ ကျောက်နံရံ၌ ရိုးရှင်းသော နေစရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ နံရံပေါ်ရှိ ရေခဲကျောက်တုံးများသည် မယုံနိုင် လောက်အောင်ပင် ခံနိုင်ရည်ရှိသည်။ ရိုးရှင်းသော လိုဏ်ဂူနေရာ တစ်ခုရဖို့သာ ထွင်းဖောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သောကြောင့် စုမင် အနည်းငယ်သာ အားထုတ်ရန် လိုအပ်ခဲ့ချေသည်။
သို့သော် လသည် ကောင်းကင်တွင် မြင့်မားစွာ ချိတ်ဆွဲနေချိန် ရောက်မှသာ လိုဏ်ဂူနေရာ တူးဖော်ခြင်းက ပြီးမြောက်သွားခဲ့သည်။ စုမင် ဓားငယ်လေးကို ပြန်သိမ်းကာ သူ့ရှေ့မှလိုဏ်ဂူထံ ငေးကြည့်လိုက်မိသည်။ ၎င်းသည် အလွန်ရိုးရှင်းပြီး တံခါးတစ်ချပ်တောင် မရှိပေ။ စုမင် ခေါင်းယမ်းကာ အထဲသို့ လျှောက်ဝင်သွား လိုက်သည်။
သူ့နေရာတွင် အခန်းတစ်ခုသာ ရှိသည်။ စုမင် အဆုံးထိ လျှောက်ဝင်သွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်မိသည်။ လိုဏ်ဂူနံရံများသည် အေးစက်စက် လေထုတစ်ခုအား ထုတ်လွှတ်နေသဖြင့် ဂူတစ်ခုလုံးကိုပါ အေးစက်နေခဲ့ စေသည်။
သူ တိတ်ဆိတ်စွာ ထိုင်ချကာ ရင်ဘတ်ထဲမှ သားရဲအရေမြေပုံကို ထုတ်ယူလိုက်သည်။ ထိုအရာကို ခဏတာခန့် ငုံ့ကြည့်လိုက်ပြီးမှ သက်ပြင်း ဖွဖွချမိသည်။
‘စွမ်းအား ... ဆရာပြောတာ မှန်တယ်။ ငါတောင်ပိုင်းအရုဏ်ဦး ကုန်းမြေက ထွက်သွားချင်ရင် အစွမ်းထက်ဖို့လိုတယ်’
‘ပထမဆုံး ဖန်တီးမှုရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို နားလည်ဖို့အတွက် ငါ့စိတ်ကို ရှင်းလင်းပေးနိုင်မယ့် နည်းလမ်းတစ်ခု ရှာရမယ်’
သားရဲအရေမြေပုံကို စုမင် ပြန်လည် သိမ်းဆည်းလိုက်ပြီး တွေးတောနေသော အမူအရာဖြင့် မြေပြင်တွင် ထိုင်နေခဲ့သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ အေးခဲကောင်းကင် ကလန် နဝမမြောက် တောင်ထွတ်ပေါ်မှ သူ့အတွက် ပထမဆုံးညတွင် ဆောင်းလေကို အဖော်ပြုလျက် ထျန်းရှဲ့ကျီ၏ စကားလုံးများကို စဉ်းစားရင်းဖြင့် ည၏အချိန်အများစုကို ကုန်ဆုံးခဲ့ချေသည်။
လေတိုးသံမှအပ အေးခဲကောင်းကင် ကလန်သည် ညအချိန်၌ တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်။
အထူးသဖြင့် နဝမမြောက် တောင်ထွတ်သည် လူအနည်းငယ်သာ နေထိုင်သောကြောင့် ပိုမိုဆိတ်ငြိမ် နေချေသည်။
လရောင်သည် အပြင်ဘက်ရှိ မြေပြင်တွင် နူးညံ့စွာ ဖြာကျနေသည်။ သို့သော် မြေပြင်ပေါ်ရှိ နှင်းများကြောင့် ထိုအလင်းရောင်သည်ပင် အတန်ငယ် အေးစက်နေလေသည်။
နံနက်မိုးလင်းခါနီး အချိန်တွင် စုမင် တရားထိုင်နေရာမှာ ပြန်လည် နိုးထလာသည်။ ထို့နောက် သုမျက်မှောင်ကြုတ် လိုက်မိသည်။ သူ့စိတ်ကို ရှင်းလင်းခြင်း၏ ဆိုလိုရင်း အတိအကျကို သူအနည်းငယ် မရှင်းမလင်း ဖြစ်နေမိသည်။
‘ငါ့စိတ်ကို ရှင်းလင်းတာ။ ငါအဲဒါကို လုပ်ခဲ့ပြီးပြီ။ ငါ့စိတ်က တည်ငြိမ်ရှင်းလင်း နေပြီ။ ဒါပေမဲ့ အဲဒါက ငါ့လေ့ကျင့်မှုအတွက် ဘာများအသုံးဝင်လို့လဲ...။ အဲဒါကို နားလည်ခြင်း ဆိုတာက ဆရာ ဘာကိုဆိုလိုတာလဲ’
စုမင် ထိုအကြောင်းကို အချိန်အတော်ကြာ စဉ်းစားခဲ့သော်လည်း အနည်းငယ် မရှင်းမလင်း ဖြစ်နေဆဲပင်။ သူ့လိုဏ်ဂူ အပြင်ဘက်ရှိ မှိန်ဖျော့ဖျော့ လင်းလက်နေပြီ ဖြစ်သော ကောင်းကင်ကို မော့ကြည့်လိုက် ပြီးနောက် အပြင်ထွက်လာခဲ့သည်။
မရင်းနှီးသော နေရာနှင့် မရင်းနှီးသော တောင် ... စုမင် အပြင်ထွက်လာချိန်တွင် ဆီးနှင်းပွင့်များကို သယ်ဆောင်လာသော လေအေးတို့က သူ့မျက်နှာကို ဖြတ်သန်းတိုက်ခတ် သွားသော်လည်း ဆီးနှင်းများကြောင့် ဖြစ်ပေါ်လာသော အေးစက်မှုများကို သူသတိမပြုမိပေ။
မိုးကောင်းကင်သည် မှိန်ဖျော့ဖျော့ လင်းလက်လျက် ရှိသည်။ ပတ်ဝန်းကျင် ဧရိယာတစ်ဝိုက်မှ အမှောင်ထု အများစုသည် ပျောက်ကွယ်နေခဲ့ပြီး ဖြစ်ကာ ဤနေရာဒေသ၏ ပုံစံကို သူမြင်တွေ့နေရသည်။ စုမင် ဦးတည်ရာမရှိပဲ ရှေ့သို့ ဆက်လျှောက်လာ ခဲ့ချိန်တွင် သူနင်းလျှောက်လာသော သူ့ခြေထောက်အောက်ရှိ ဆီးနှင်းများထံမှ အသံများ ထွက်ပေါ်နေခဲ့သည်။ ထိုအသံများသည် စည်းချက်တကျ ထွက်ပေါ်နေခဲ့ကြပြီး သူ့ဆရာ၏ စကားတို့ကို နားမလည်နိုင်သဖြင့် ရှုပ်ထွေးနေသော စုမင်စိတ်ကို တဖြည်းဖြည်း ငြိမ်းချမ်းလာစေသည်။
‘စိတ်ကို ရှင်းလင်းအောင် ပြုလုပ်ခြင်း ... သူဆိုလိုတာက စိတ်ကို လေ့ကျင့်တာလား’
သူတစ်စုံတစ်ရာကို နားလည်သွားခဲ့သည်ဟု စုမင် ခံစားလိုက်ရသည်။
အချိန်တို့မည်မျှ ကုန်ဆုံးသွားမှန်း သူမသိခဲ့ပေ။ သို့သော် သူလမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်တန့်သွားမိပြီး သူ့မျက်လုံးများက စူးရှတောက်ပ သွားခဲ့သည်။ သို့သော် မကြာခင်မှာပင် သူပြန်လည် တည်ငြိမ်သွားခဲ့ပြီး ထူးဆန်းသော အမူအရာဖြင့် ရှေ့သို့လှမ်းကြည့် လိုက်မိ၏။
သူ့ရှေ့ရှိ ကျောက်တုံးကြီး တစ်တုံး၏ နောက်တွင် ငုတ်တုတ်ထိုင်နေသူ တစ်ဦးကို စုမင်တွေ့လိုက်ရသည်။ ထိုသူသည် လက်ထဲတွင် ဝိုင်အိုးတစ်အိုးကိုလည်း ကိုင်ထားသေးသည်။ သူသည် အရက်သောက်နေရင်းဖြင့် ကျောက်တုံးကြီး၏နောက်မှ ခေါင်းကို ဂရုတစိုက်ဆန့်ကာ အပြင်ဘက်သို့ ချောင်းကြည့်လျက် ရှိသည်။
စုမင်ရပ်နေသည့် နေရာမှဆိုလျှင် ထိုလူ၏နောက်ကျောကိုသာ မြင်နိုင်ချေသည်။ ထိုလူသည် ကျောက်တုံးနောက်မှနေ၍ မည်သည့်အရာကို ဂရုတစိုက် ချောင်းကြည့်နေခြင်း ဖြစ်သည်ကိုတော့ စုမင် သေချာမမြင်ရပေ။
“အစ်ကိုသုံး...”
စုမင်အမူအရာက ပို၍ပင် ထူးဆန်းသွားသည်။ သူ့ကိုယ်သူ အဘိုးဟူ ဟုပြောလေ့ရှိသော ဤအမျိုးသားသည် ထိုနေရာတွင် ငုတ်တုတ်ထိုင်၍ ဘာလုပ်နေမှန်း သူအမှန်တကယ်ကို နားမလည်နိုင်ချေ။
အစ်ကိုသုံးသည် စုမင်ကို ကောင်းစွာသတိပြုမိခဲ့ပြီး ဖြစ်သည်မှာ အသေအချာပင်။ သူသည် နောက်လှည့်ကာ လက်ညှိုးကို ပါးစပ်ပေါ်တင်လျက် မျက်နှာ အမူအရာတစ်ခု လုပ်ပြလာသည်။ စုမင်ကို အသံမထွက်ရန် အချက်ပြပြီးသည်နှင့် စုမင်အား လက်ယပ်ကာ ခေါ်လိုက်သည်။
စုမင် ခဏတာ တွန့်ဆုတ်နေပြီးမှ သူ့ထံသို့ ဂရုတစိုက် လျှောက်သွားလိုက်သည်။ သူ၏ အစ်ကိုသုံးသည် အလွန်သတိကြီးစွာ ထားနေပြီး မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှု အရိပ်အယောင် ရှိနေသည်ကို မြင်လိုက်ရချိန်တွင် သူပါ သေချာဂရုစိုက် လိုက်မိသည်။ စုမင် ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး ဖြည်းဖြည်းချင်း တိုးကပ်သွားမိသည်။
စုမင်၏ကိုယ်ဟန် အနေအထားကို မြင်လိုက်ချိန်တွင် အစ်ကိုသုံး၏ မျက်နှာထက်၌ သဘောကျသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။ စုမင်အနား ရောက်လာသည်နှင့် သူသည် စုမင်လက်မောင်းကို ဆုပ်ကိုင်ဆွဲယူကာ ခပ်တိုးတိုး ပြောလာ၏၊
“ဘာစကားမှ မပြောနဲ့။ ခနကြာလို့ မင်းဘာပဲမြင်မြင် ရန်ပွဲတော့မဖြစ်စေနဲ့ မဟုတ်ရင် ကိစ္စတွေက ပြဿနာ များသွားလိမ့်မယ်”
စုမင် နဝမမြောက် တောင်ထွတ်ဆီ လာခဲ့စဉ်အချိန်က အစ်ကိုသုံးသည် သူ့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ထုံထိုင်းထိုင်း တုံးအအနှင့် လူထံတွင် ယခုလိုမျက်နှာ အမူအရာမျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
အစ်ကိုသုံး၏ ထိုအမူအရာကို စုမင်မြင်လိုက်ချိန်၌ အံ့သြသွားရသော်လည်း အစ်ကိုသုံး၏ စကားများကြောင့် အလေးအနက်ထားကာ ခေါင်းညိတ်ပြ လိုက်မိသည်။
“အင်း၊ အဲဒါဆို ဒါပဲ။ ငါ နောက်တစ်ခါ ကြည့်တဲ့အချိန်ကျရင် မင်းလည်း ငါနဲ့ လိုက်ချောင်းကြည့်လို့ ရတယ်။ ငါပြောတာကို သတိရနော်၊ ပြဿနာ မတက်စေနဲ့...”
အစ်ကိုသုံးက သူ့နှုတ်ခမ်းများသူ လျှာနှင့်သပ်လိုက် သေးသည်။ သူသည် စုမင်ကို သတိပေးပြီးသည်နှင့် ဝိုင်အချို့ကို ထပ်သောက်သည်။ ထို့နောက် ခေါင်းမော့ကာ ကျောက်တုံး အစွန်းမှနေ၍ အပြင်ဘက်သို့ ပြန်ချောင်းကြည့် လိုက်သည်။
စုမင်လည်း ခေါင်းမော့ကာ ကျောက်တုံး အစွန်းမှနေ၍ အပြင်ဘက်သို့ တစ်ချက် ခိုးကြည့်လိုက်မိသည်။
ထိုအကြည့် တစ်ချက်ကပင် စုမင်မျက်နှာပေါ်မှအမူအရာကို ပိုမိုထူးဆန်း သွားစေသည်။
ကျောက်တုံး အနောက်ဘက်တွင် မည်သည့်အရာမှ မရှိပေ။ နေရာတစ်ခုလုံးသည် အပင်များနှင့် ပြည့်နေပြီး တစ်စုံတစ်ဦး ရှိသည်ဟူသော အရိပ်အယောင်ပင် မတွေ့ရချေ။ ထိုနေရာသည် တိတ်ဆိတ်နေခဲ့သည်။
ထိုအချိန်မှာပင် အစ်ကိုသုံးသည် စိတ်အားတက်သွားကာ ခပ်တိုးတိုးဖြင့် အလျင်အမြန် ပြောလာသည်။
“သူ လာပြီ”
ထိုစကားများ ထွက်ပေါ်လာချိန်မှာပင် အဖြူရောင်ဝတ်ရုံနှင့် လူတစ်ဦးသည် သူတို့ထံသို့ တစ္ဆေသရဲ တစ်ကောင်သဖွယ် အဝေးမှ ပျံသန်းလာသည်ကို စုမင် ရုတ်တရက် တွေ့လိုက်ရသည်။
သို့သော် ထိုသူသည် အမှန်တကယ်တွင် အလွန်လျင်မြန်စွာ လာနေခြင်း မဟုတ်ပေ။ သူသည် စုမင်တို့ရှေ့ရှိ အပင်များဖြင့် ပြည့်နေသောနေရာသို့ ရွေ့လျားလာ ခဲ့ပြီးသည်နှင့် ရပ်တန့်သွားခဲ့သည်။ သေချာကြည့်မည်ဆိုလျှင် ထိုသူသည် စုမင်၏ အစ်ကိုနှစ်ပင် ဖြစ်သည်။
အစ်ကိုနှစ်၏ မျက်နှာသည် သတိထားနေသော အမူအရာမျိုး ဖြစ်နေသည်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးပြီးမှ သူ့ခြေထောက်အောက်ရှိ အပင်တို့ကို ငုံ့ကြည့်လိုက်သည်။
ထို့နောက် ငုတ်တုတ်ထိုင်ချကာ အပင်များထဲမှအချို့ကို ကောက်ယူလိုက်သည်။ ပြီးသွားချိန်တွင် ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ပြန်စစ်ဆေး ကြည့်လိုက်ပြီး အဝေးသို့ ဖြည်းဖြည်းချင်း ပြန်လည် ရွေ့လျားသွားခဲ့သည်။
စုမင် ကြောင်အသွားရသည်။
သူ ဤလူကို ဘာကြောင့်ကြည့်ရှုရန် လိုအပ်သည်ကို နားမလည်နိုင် ဖြစ်သွားရ၏။ ဟူကျီ၏ သတိထားကာ သေချာ စောင့်ကြည့်နေသော အမူအရာကြောင့်လည်း ဤအရာသည် လုံးဝပင်အဓိပ္ပာယ် ရှိမနေဟု စုမင်ခံစားလိုက်ရသည်။
သူတို့၏ အစ်ကိုနှစ် ထွက်သွားသည်နှင့် ဟူကျီသည် စိတ်သက်သာရ သွားဟန်ဖြင့် ကျောက်တုံးကို မှီလိုက်ကာ စုမင်ထံ ပြုံးဖြဲဖြဲ လှမ်းကြည့်လာသည်။
“ဒီတော့ ... အဲဒါ ခံစားလို့ မကောင်းဘူးလား”
စုမင် ဆွံ့အသွားမိသည်။ သူ့အစ်ကိုသုံးကို ကြည့်လိုက်မိကာ မည်သည့်စကားမှ ပြန်မပြောနိုင် ဖြစ်သွားခဲ့ရသည်။
“ငါမင်းကိုပြောပြမယ်၊ အငယ်ဆုံးဂျူနီယာညီလေး။ နဝမမြောက် တောင်ထွတ်မှာ ဘယ်သူက ဉာဏ်အကောင်းဆုံးလဲ မင်းသိလား”
အစ်ကိုသုံးသည် ဂုဏ်ယူနေသော မျက်နှာ အမူအရာဖြင့် ပါးစပ်အပြည့် ဝိုင်တစ်လုတ်ခန့် မော့သောက်လိုက်သည်။ သူသည် သောက်နေရင်းမှ လေချဉ်ပင် တက်လိုက်သေးသည်။
စုမင် တိတ်ဆိတ်စွာ ခေါင်းယမ်းပြမိပြီး သူ ဤနေရာတွင် ရှိမနေသင့်ဟု ခံစားနေရသည်။ အတိအကျဆိုရလျှင် သူ့လိုဏ်ဂူထဲမှပင် ထွက်မလာခဲ့သင့်တာ ဖြစ်သည်။
“မင်းမသိဘူးလား။ ကောင်းပြီ ထင်ထားသလိုပဲ။ မင်းက ဒီတောင်ကိုရောက်တဲ့ ပထမဆုံးနေ့ပဲ ရှိသေးတာကို။ ငါမင်းကို ပြောပြမယ်။ ငါတို့ စွမ်းအားချင်းသာ ယှဉ်မယ်ဆိုရင် ငါက အစ်ကိုနှစ်ကိုရော အစ်ကိုကြီးကိုရော မနိုင်ဘူး။ ဟိုလူအိုကြီးကို နိုင်ဖို့ဆို ပိုဆိုး”
“ဒါပေမဲ့ ဉာဏ်ရည် ဆိုတာကတော့ တခြားဟာတစ်ခု ဖြစ်သွားပြီ။ ဒီတောင်ပေါ်မှာ ငါ့ထက်ပိုပြီး ဉာဏ်ကောင်းတဲ့သူ ရှိတယ်ထင်လား။ မရှိဘူးကွ”
အစ်ကိုသုံး၏ အမူအရာသည် ပို၍ပင် မာနထောင်လွှားဟန် ပေါ်လာခဲ့သည်။
စုမင် ဆက်လက် တိတ်ဆိတ် နေမိသည်။ သူ့ရှေ့မှလူကို ကြည့်လိုက်ပြီး ထိုသူသည် မည်သည့် အတွက်ကြောင့် ယခုလို ကောက်ချက်ချလိုက်မှန်း သူမသိတော့ပေ။
“မင်း လန့်သွားတာ၊ ဟုတ်တယ်မလား ... ငါမင်းကို ပြောပြမယ်။ မင်းအဘိုးဟူက ဉာဏ်အကောင်းဆုံးလူပဲ။ ဘာလို့ဆို ငါက စဉ်းစားရတာကို ကြိုက်လို့ပဲ”
အစ်ကိုသုံးသည် သဘောကျနေသော မျက်နှာ အမူအရာဖြင့် ခပ်တိုးတိုး ပြောလာခဲ့သည်။
“ငါက စဉ်းစားရတာကို ကြိုက်ရုံမကဘူး၊ စူးစမ်းလေ့လာ ရတာကိုလည်း ကြိုက်သေးတယ်။ အဲဒါက နဝမတောင်ထွတ် တစ်ခုတည်းကိုတင် မဟုတ်ဘူး။ တခြားတောင်တွေမှာလည်း ငါ စူးစမ်းလေ့လာနေတဲ့ အရာတွေရှိတယ်”
“ငါတွေးတယ်၊ လေ့လာတယ်။ ဒါကြောင့် ငါ ပိုပိုပြီး ဉာဏ်ကာင်းလာတာ”
“မင်း စောစောက ဘာမြင်လိုက်လဲ။ ငါတို့ အစ်ကိုနှစ်ကို မင်းမြင်လိုက်တာ ဟုတ်တယ်မလား။ ငါ မင်းကိုပြောပြမယ်။ မင်းမြင်လိုက်တာက ငါတို့အစ်ကိုနှစ် ဆိုပေမဲ့ ငါတို့အစ်ကိုနှစ် မဟုတ်ဘူး။ ဟားဟား၊ ငါတို့အစ်ကိုနှစ်က အမြဲတမ်း သူများအပေါ် သံသယ လွန်ကဲနေပြီးတော့ တစ်ယောက်ယောက်က သူ့အပင်တွေ ခိုးပါတယ်ဆိုပြီး ညတိုင်းသူပြောနေတာ။ ငါက သူ့အပင်တွေ ခိုးတယ်လို့တောင် သူထင်နေတာ။ ဒါပေမဲ့ ညတိုင်း သူကိုယ်တိုင် သူ့အပင်တွေ ခိုးနေတာကို ငါမြင်တဲ့အကြောင်း ငါဘယ်တော့မှ သူ့ကိုပြောပြမှာ မဟုတ်ဘူး”
စုမင်အား ပြောပြနေရင်းမှ အစ်ကိုသုံး၏ မျက်နှာ အမူအရာသည် ပိုမို၍ပင် အားရကျေနပ်ဟန် ပေါ်လာခဲ့သည်။
ခေါင်းကိုက်သွားသလို စုမင် ခံစားလိုက်ရသည်။ နဖူးအလယ်ကို လက်ဖြင့် ပွတ်လိုက်မိပြီး မတ်တတ်ရပ်ကာ ထထွက်သွားရန် ပြင်လိုက်သည်။
“ငါတို့အစ်ကိုနှစ်က အပင်စိုက်ရတာကို ရူးသွပ်တယ်။ မင်း ညမှတွေ့ရတဲ့ အစ်ကိုနှစ်နဲ့ နံနက်ပိုင်းမှာ တွေ့ရတဲ့ အစ်ကိုနှစ်က မတူတဲ့လူတွေပဲ။ သူက နံနက်ပိုင်းဆို အပင်တွေစိုက်တယ်။ ညရောက်ရင် သူပဲ ပြန်ခိုးပြီးတော့ သူခိုးကို အမြဲတမ်း ရှာနေတာ။ အဲဒါက သူ့ဆီမှာ အမြဲလိုလိုဖြစ်နေတာ ဆိုပေမဲ့ ငါသူ့ကို သွားပြောမှာ မဟုတ်ဘူး”
အစ်ကိုသုံးသည် ပြုံးဖြဲဖြဲဖြင့် ဝိုင်အိုးကို ထပ်မော့လိုက် ပြန်သည်။
စုမင် သူ့ကိုကြည့်ပြီး ပြုံးလိုက်မိသည်။
နောက်ဆုံးတော့ သူ့အစ်ကိုသုံး၏ ထူးဆန်းသော အလေ့အကျင့်ကို သူနားလည်သွားခဲ့ပြီ ဖြစ်သည်။ အစ်ကိုသုံး၏ ထူးခြားမှုသည် ဝိုင်သောက်ရသည်ကို ကြိုက်ခြင်း မဟုတ်ဘဲ၊ စူးစမ်းလေ့လာကာ တွေးခေါ်ရခြင်းကို ကြိုက်ခြင်း ဖြစ်သည်။
“ဒီဝိုင်အိုးက အခု နည်းနည်းအေးသွားပြီ။ ငါဒီနေရာမှာ ရှိနေတာ တော်တော် ကြာသွားပြီမို့လို့ အခုတော့ ဝိုင်အိုးက သောက်မကောင်းတော့ဘူး”
အစ်ကိုသုံးသည် ခပ်တိုးတိုး ရေရွတ်ကာ မတ်တတ် ထရပ်လိုက်ပြီး စုမင်အား လှမ်းကြည့်လာသည်။
“အငယ်ဆုံး ဂျူနီယာညီလေး၊ မင်း စီနီယာအစ်ကိုဟူက ဒီနေ့အရမ်း ပျော်နေတယ်။ ဒီတော့ ငါတို့အစ်ကို အကြီးဆုံးဆီ မင်းကို ခေါ်သွားမယ်ဆိုရင် မင်းဘာပြောမလဲ ... ငါတို့ စီနီယာအစ်ကိုက လူထူးဆန်း တစ်ယောက်ဆိုပဲ ... သူက ရူးနေတာထင်တာပဲ ... သူက လိပ်ကြီး တစ်ကောင်လိုပဲ သီးသန့်နေရာမှာ အမြဲနေတယ်။ အဲဒါ မပင်ပန်းဘူးလား ... သူ့ဘဝကို ငါ့လိုနေသင့်တယ်။ သူ များများတွေး၊ များများ လေ့လာ၊ များများသောက်ပြီး များများအိပ်မက် မက်ပေးဖို့ လိုတယ်...”
“ဒါပေမဲ့ လူအိုကြီးငါ့ဆီ ဝိုင်လာချေးတုန်းက ကြားခဲ့တာ အစ်ကိုကြီးက ငါတို့နဲ့မတူဘူးတဲ့။ သူက တကယ် ကံကောင်းတယ်။ မင်းသိပါတယ်။ သူက လူအိုကြီးနောက်ကို ပထမဆုံး လိုက်ခဲ့တဲ့လူတဲ့။ ပြီးတော့ အစစ်အမှန်ပညာရပ် အချို့လည်း ရခဲ့သေးတယ်တဲ့။ အဲဒါတွေက အေးခဲကောင်းကင် ကလန်ရဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံး ပညာရပ်ဆိုပဲ”
အစ်ကိုသုံးသည် မူးယစ်စွာ ပြောနေခဲ့သည်။
စုမင် ထွက်ခွာသွားတော့မည့် အချိန်မှာပင် အစ်ကိုသုံး၏စကားများကို ကြားလိုက်ရခြင်း ဖြစ်သည်။ သူ့နှလုံးသည် ရုတ်ခြည်းဆိုသလို ခုန်လှုပ်သွားပြီး မျက်လုံးများအတွင်း စူးရှသော အလင်းတစ်ဖြာ ဖြစ်ပေါ်လာခဲ့သည်။ အစ်ကိုသုံး၏ စကားများထဲမှ သူတစ်စုံတစ်ရာကို ဖမ်းဆုပ်မိသည်ဟု ခံစားလိုက်ရပြီး ထွက်သွားရန် ပြင်နေသော ခြေလှမ်းများ ရပ်တန့်သွားရသည်။
ရူးပေါပေါ အပြုံးတစ်ခုနှင့် သူ့အားမူးယစ်စွာ ကြည့်နေသော အစ်ကိုသုံးကို သူငုံ့ကြည့်လိုက်မိသည်။ တဖြည်းဖြည်းနှင့် ဤလူသည် အမှန်တကယ် မူးနေခြင်းလား၊ ရည်ရွယ်ချက် တစ်ခုဖြင့် သူ့အားထိုအရာများ အားလုံးကို ပြောပြနေခြင်းလား ဆိုသည်ကို စုမင် သေချာ မပြောနိုင်တော့ပေ။
“မင်း လာမှာလား။ မလာရင် ငါ့ဘာသာငါ သွားတော့မယ်”
အစ်ကိုသုံးသည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သမ်းဝေနေခဲ့သည်။
***