အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
အခန်း (၂၆၁) - ကျောဝေစုန်းနှင့် မော့လန်
“မင်းက ရွှီနင်ဆိုတာလား”
အေးစက်စက်နှင့် ရုပ်ရည်ချောမောသော အမျိုးသားက မဏ္ဍပ်ဆီသို့ လျှောက်လာကာ ရွှီနင်အနားသို့ ချဉ်းကပ်လာလေသည်။
သူသည် ရွှီနင်အား မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခုချိတ်ဆွဲကာ ကြည့်လိုက်သည်။
ရွှီနင်က မျက်မှောင်ကြုတ်သွားပြီး မတ်တတ်ရပ်လိုက်သည်။
“ကျွန်တော်က ရွှီနင်ပါ။ ခင်ဗျားက ဘယ်သူလဲ”
သူသည် ယခုမှ ရောက်လာခါစဖြစ်သဖြင့် ယဲ့ဘုရင်ခံအိမ်တော်၏ အခြေအနေများကို သိပ်မသိသေးပေ။
ထို့ကြောင့် သတိထားနေရလေသည်။
ဤလူမှာ ဖော်ရွေမှုမရှိသော်လည်း ယခုအချိန်သည် သူ့အား ပြဿနာရှာရန် အချိန်မဟုတ်ချေ။
‘ဒီလူရဲ့ နယ်ပယ်က ငါ့ထက် မြင့်ရမယ်... သူက တာအိုနယ်ပယ် ပဉ္စမအဆင့် အမြုတေဆေးကြောခြင်းနယ်ပယ်က သိုင်းပညာရှင်တစ်ယောက် ဖြစ်ဖို့များတယ်...’
ရွှီနင်မှာ ထိုသူအား အကဲခတ်ရင်း တွေးတောလိုက်သည်။
“ဧည့်သည်တစ်ယောက်အနေနဲ့ အိမ်တော်ကို ရောက်လာတာတောင် ဒီမဏ္ဍပ်ထဲမှာ တစ်ယောက်တည်း ထိုင်ရဲတယ်ဆိုတော့ စည်းကမ်းဆိုတာ မရှိဘူးလို့ ထင်နေတာလား။ ဒီမဏ္ဍပ်ထဲက နေရာဟာ အရှင်မင်းသားရဲ့ နေရာကွ”
ထိုအမျိုးသားသည် ရာထူးကြီးမားသော စီနီယာတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ ရွှီနင်အား မောက်မာစွာ ဆူပူကြိမ်းမောင်းလိုက်လေသည်။
ရွှီနင်မှာ ထိုအရာကို ကြားသော်လည်း တိုက်ရိုက်ပြန်မဖြေခဲ့ပေ။
သူတို့နှစ်ဦးမှာ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး မည်သို့မည်ပုံ ပဋိပက္ခဖြစ်ခဲ့ရမှန်း မသိသော်လည်း ဤအေးစက်စက်အမျိုးသားမှာမူ သူ့အား တမင်တကာ ပစ်မှတ်ထားနေကြောင်း ရွှီနင် သေချာပေါက် သိလိုက်သည်။
ဤပန်းခြံထဲသို့ ခေါ်ဆောင်လာစဉ် အစေခံဖြစ်သူမှ ရွှီနင်အား အိမ်တော်၏ စည်းကမ်းများကို ပြောပြခဲ့ဖူးလေသည်။
သို့သော် မဏ္ဍပ်ထဲတွင် ထိုင်၍ မစောင့်ရဟူသော စည်းကမ်းချက်တော့ မပါဝင်ခဲ့ချေ။
“ကျွန်တော် ဒီကိုရောက်တာ ပထမဆုံးအကြိမ်မို့ ခွင့်လွှတ်ပေးပါ”
ရွှီနင်၏ နှုတ်မှ ယဉ်ကျေးစွာ ပြောဆိုနေသော်လည်း သူ့မျက်လုံးများက အေးစက်စက်အမျိုးသားနှင့် အကြည့်ချင်း ဆုံနေလေသည်။ သူ၏ အရှိန်အဝါသည်လည်း ရှေ့မှလူထက် လုံးဝ အားနည်းမနေခဲ့ပေ။
အေးစက်စက်အမျိုးသားက နှာခေါင်းရှုံ့လိုက်ပြီး ရွှီနင်အား ဆက်လက်ဆူပူချင်နေသေးဟန် ရှိသည်။
သို့သော် ဤအချိန်တွင် အခြားလူတစ်ယောက် ရောက်ရှိလာလေသည်။
“ကျောဝေစုန်း၊ မင်း ဘာလုပ်နေတာလဲ”
ရွှီနင် မော့ကြည့်လိုက်ရာ ရောက်လာသူမှာ သွမ့်ချောင်ဖုန်း၏ဘေးတွင် အမြဲရှိနေတတ်သော ကျန်းဟယ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကျန်းဟယ်က လက်စကျယ်ဝန်းသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ကျောဝေစုန်းဟုခေါ်သော အေးစက်စက်အမျိုးသားအား မကျေနပ်သော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
ကျန်းဟယ်ကို မြင်သောအခါ ကျောဝေစုန်း မျက်မှောင်ကြုတ်သွားသည်။ သူသည် ရွှီနင်အပေါ် ပြသတော့မည့် မောက်မာသောအမူအရာကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်လေသည်။
“သခင်ကျန်း”
ကျောဝေစုန်းမှာ လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သော်လည်း အပေါ်ယံ ဟန်ပြရုံသက်သက်သာ။
“ရွှီနင်က အိမ်တော်ကို ခုမှ ရောက်လာတာဆိုတော့ အိမ်တော်ရဲ့ စည်းကမ်းတွေကို သင်ပေးဖို့ ကျွန်တော် ဒီကို လာခဲ့တာပါ”
ကျောဝေစုန်းက ရွှီနင်အား ရန်စလိုသော အရိပ်အယောင်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
“မင်း သူ့ကို သင်ပေးစရာ မလိုဘူး”
ကျန်းဟယ်မှာ ကျောဝေစုန်း၏ အမူအရာကို မကျေနပ်ပေ။
“အိမ်တော်ရဲ့ စည်းကမ်းတွေကို ငါပဲ သင်ပေးလိုက်မယ်၊ မင်း အလုပ်ရှုပ်ခံဖို့ မလိုဘူး”
“ဒါဆိုရင်လည်း ကျွန်တော်ကပဲ ဝင်ပါမိတာပေါ့...”
ကျောဝေစုန်းက သူ့ကိုယ်သူ သရော်နေပုံရသည်။
“ဒီလိုဆိုမှတော့ ကျွန်တော် သွားလိုက်ပါဦးမယ်”
ထို့နောက် သူသည် ရွှီနင်ကို တစ်ချက်ကြည့်ကာ ကျန်းဟယ်အား လျစ်လျူရှုလျက် ထွက်ခွာသွားလေတော့သည်။
ကျန်းဟယ်က ကျောဝေစုန်း ထွက်သွားသည်ကို ကြည့်နေလိုက်သည်။
အတန်ကြာပြီးနောက် သူက နှာခေါင်းရှုံ့လိုက်သည်။
“မောက်မာလိုက်တာ”
“ရွှီနင်”
ကျန်းဟယ်က ခေါင်းလှည့်ကာ ရွှီနင်၏ဘေးသို့ လျှောက်လာသည်။ သူ၏ အမူအရာမှာ ပြောင်းလဲသွားပြီး ပြုံးလိုက်လေသည်။
“စောင့်ခိုင်းထားမိလို့ အားနာပါတယ်ကွာ”
ကျန်းဟယ်သည် သွမ့်ချောင်ဖုန်းက ရွှီနင်အပေါ် မည်သို့ ဆက်ဆံသည်ကို ကောင်းစွာ သိထားသဖြင့် ရွှီနင်အပေါ် အမြဲတမ်း ဖော်ရွေလေသည်။
“စီနီယာကျန်းဟယ်၊ ကျွန်တော် သိပ်အကြာကြီး မစောင့်လိုက်ရပါဘူး”
ရွှီနင် အရိုအသေပေးလိုက်သည်။
သူသည် ကျန်းဟယ်အပေါ် အမြင်ကောင်း ရှိပေသည်။
“မင်းရဲ့ မိစ္ဆာသားရဲနှစ်ကောင်ကို မခေါ်လာဘူးလား”
ကျန်းဟယ်က မေးလိုက်သည်။
“ဟုတ်ကဲ့၊ သူတို့က သီးခြားနေရာလွတ်တစ်ခုထဲမှာပါ”
ရွှီနင်က ပြန်ဖြေလိုက်သည်။
ယခုလက်ရှိ ရွှီနင်၌ ဟင်းလင်းပြင် လျှို့ဝှက်ရတနာ နှစ်ခု ရှိနေသည်။ တစ်ခုမှာ မိစ္ဆာသားရဲပန်းချီကားလိပ်၏ ပုတီးစေ့ဖြစ်ပြီး နောက်တစ်ခုမှာ လကွယ်ပုတီးစေ့ ဖြစ်လေသည်။
“စီနီယာကျန်းဟယ်...”
ခေတ္တမျှ စကားပြောပြီးနောက် ရွှီနင်က မေးလိုက်သည်။
“ခုနကလူက...”
“အဲဒီလူရဲ့ နာမည်က ကျောဝေစုန်းလို့ ခေါ်တယ်။ သူက အရှင်မင်းသားအတွက် အလုပ်လုပ်ပေးနေတာ”
ကျောဝေစုန်းအကြောင်း ပြောလိုက်သည်နှင့် ကျန်းဟယ်၏ အမူအရာက ပြန်လည် လေးနက်သွားသည်။
“သူ့အဖေက ဘုရင်ခံရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတစ်ယောက်ပဲ။ နာမည်က ကျောချန်ယွင်တဲ့၊ တာအိုနယ်ပယ် သတ္တမအဆင့်က ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ပေါ့။ သူ့အဖေရဲ့ ဂုဏ်ဒြပ်ကြောင့် ကျောဝေစုန်းက မင်းသားနဲ့ အလုပ်လုပ်ရတဲ့အခါတိုင်း တခြားလူတွေထက် သာလွန်တယ်လို့ ထင်ပြီး မောက်မာနေတတ်တယ်”
“ဪ... ဒီလိုကိုး”
ရွှီနင် ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော် ဒီလူကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး၊ ဘာလို့ ကျွန်တော့်အပေါ် ဒီလောက်တောင် ရန်လိုနေရတာလဲ”
ရွှီနင်က စကားလမ်းကြောင်း မလွှဲဘဲ တိုက်ရိုက်ပင် မေးလိုက်လေသည်။
ကျန်းဟယ် ပြုံးလိုက်သည်။
“မင်း သူ့ကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ဆိုပေမဲ့ သူ မင်းနာမည်ကို ကြားဖူးတာ ပထမဆုံးအကြိမ် မဟုတ်ဘူးလေ”
“ဟင်”
ရွှီနင် နားမလည်နိုင် ဖြစ်သွားသည်။
“အရှင်မင်းသားက မကြာသေးခင်ကမှ အိမ်တော်ထဲမှာ မင်းအကြောင်း ခဏခဏပြောနေတာ။ ပြီးတော့ မင်းရဲ့ စိတ်နေသဘောထားကိုလည်း သူက သဘောကျတယ်။ မင်း အိမ်တော်ကို မရောက်လာသေးပေမဲ့ အရှင်မင်းသားဘေးက ယုံကြည်ရတဲ့ လက်အောက်ငယ်သားတိုင်း မင်းနာမည်ကို သိနေကြပြီ”
ကျန်းဟယ်လိုက်သည်။
“မင်း ပြသခဲ့တဲ့ သိုင်းပညာပါရမီရယ်၊ မင်းရဲ့ စွမ်းဆောင်ရည်နဲ့ ထက်မြက်မှုတွေက အရှင်မင်းသားကို ကျေနပ်စေခဲ့တာလေ”
“ဒါကြောင့် ကျောဝေစုန်းက ကျွန်တော့်ကို မုန်းနေတာပေါ့”
ရွှီနင် ရယ်ချင်သွားမိသည်။
“ဟုတ်တယ်”
ကျန်းဟယ်က ပြောလေသည်။
“ဒီနှစ်တွေအတွင်း အရှင်မင်းသားက သူ့ဘေးနားက လူတွေအပေါ် ဒီလိုသဘောထားမျိုး တစ်ခါမှ မပြဖူးဘူး။ မင်း အိမ်တော်ကို မရောက်လာခင်ကတည်းက မင်းနဲ့ ရင်းနှီးအောင် တိတ်တဆိတ် ကြိုးစားနေတဲ့သူတွေတောင် ရှိနေပြီ”
“သဘောပေါက်ပါပြီ...”
ရွှီနင် အနည်းငယ် အံ့အားသင့်သွားသည်။ မသိလိုက်မသိဘာသာဖြင့်ပင် သူသည် ကုချင်းစီရင်စု၏ အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့လေပြီ။
“ကဲပါ၊ လမ်းလျှောက်ရင်း ဆက်ပြောကြတာပေါ့”
ကျန်းဟယ်က ပြောလိုက်သည်။
“မင်းကို အရှင်မင်းသားဆီ အရင်ခေါ်သွားပေးမယ်”
“ကောင်းပါပြီ”
ရွှီနင်သည် ကျန်းဟယ်၏နောက်မှ လိုက်ပါသွားလေသည်။
ထို့နောက် ကျန်းဟယ်က ရွှီနင်အား သွမ့်ချောင်ဖုန်း၏ စာကြည့်ဆောင်သို့ ခေါ်ဆောင်သွားသည်။ သွမ့်ချောင်ဖုန်းက ရွှီနင်ကို မြင်သောအခါ အလွန်တက်ကြွစွာ ဆက်ဆံလေသည်။
ခေတ္တမျှ စကားပြောဆိုပြီးနောက် သွမ့်ချောင်ဖုန်းက ကျန်းဟယ်အား ရွှီနင်အတွက် နေထိုင်ရန်နေရာကို ကိုယ်တိုင်စီစဉ်ပေးရန် ညွှန်ကြားလိုက်သည်။
ရွှီနင်သည် မင်းသား၏ အိမ်တော်တွင်းရှိ ဘေးဘက်အခန်းတစ်ခန်းကို ရရှိခဲ့သည်။
ဘေးဘက်အခန်းဖြစ်သော်လည်း အလွန်ခမ်းနားထည်ဝါလှပေသည်။
ဤနေရာသည် မင်းသား၏ အိမ်တော်ဖြစ်သော်လည်း ချန်မိသားစုအိမ်တော်ထက် အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းလေသည်။
ထို့နောက် နောက်ရက်အနည်းငယ်အတွင်း ရွှီနင်သည် သူ၏အခန်းထဲ၌သာ နေထိုင်ကာ ပင်လယ်ပြင်ခရီးစဉ်အတွက် လိုအပ်မည့် ဆေးလုံးအချို့ကို သက်သောင့်သက်သာ ဖော်စပ်နေခဲ့သည်။
“ဟင်”
အဓိကအားဖြင့် ငါးစာအဖြစ် အသုံးပြုမည့် မိစ္ဆာသားရဲဆေးလုံးများကို မီးဖိုတစ်လုံးစာ အပြည့်ဖော်စပ်ပြီးနောက် ရွှီနင် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
ရှိချန်ဟောက်အား ဆေးဖော်စပ်ပေးရန် တောင်းဆိုခဲ့သော ဖောက်သည်သည်လည်း မိစ္ဆာသားရဲများကို မြှူဆွယ်နိုင်သည့် ငါးစာဆေးလုံးများအပါအဝင် မိစ္ဆာသားရဲဆေးလုံး အမြောက်အမြားကို ဖော်စပ်ပေးရန် လိုအပ်ခဲ့ဖူးသည်။
‘အဲဒီလူက သေချာပေါက် သားရဲထိန်းချုပ်သူတစ်ယောက် ဖြစ်ရမယ်... ဒီခရီးစဉ်အတွက် သူ့ကိုများ ခေါ်ယူထားမလား မသိဘူး...’
သူ တွေးတောနေစဉ်မှာပင် အစေခံတစ်ဦးက ရွှီနင်ကို လာခေါ်လေသည်။
“သခင်လေးရွှီ... နောက်ထပ် လေးနာရီကြာရင် အရှင်မင်းသားက ညစာစားပွဲခန်းမမှာ ညစာစားပွဲတစ်ခု ကျင်းပပါလိမ့်မယ်။ အချိန်မီ တက်ရောက်ဖို့ မမေ့ပါနဲ့”
အစေခံက ရွှီနင်အား ရိုသေစွာ ပြောကြားလိုက်သည်။
“ညစာစားပွဲလား...”
ရွှီနင် ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ”
‘နောက်ရက်အနည်းငယ်နေရင် ပင်လယ်ထဲ ထွက်ရတော့မယ့်ပုံပဲ’
ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။
ဤညစာစားပွဲသည် ပင်လယ်ပြင်သို့ မထွက်ခွာမီ နောက်ဆုံးကျင်းပသည့် ပွဲပင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင်…
လုကျီးပြည်နယ်၊ နော့ဘုရင်ခံအိမ်တော်…
စာကြည့်ဆောင်တစ်ခုအတွင်း အမျိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို မြင့်မြင့်စည်းနှောင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးသည် အမြင့်ဆုံးနေရာတွင် ထိုင်နေလေသည်။
သူမထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး စူးရှသောမျက်လုံးများ ရှိပေသည်။ သူမသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သိသာလှပေသည်။
သူမ၏ နေရာအောက်တွင် လူဆယ်ဦးခန့်သည် အတန်းနှစ်တန်းခွဲ၍ ထိုင်နေကြသည်။
အောက်ဆုံးနေရာများတွင် ဖုန်းဝူအိမ်တော်၏ ဂိုဏ်းချုပ် ချန်ယွီမော်နှင့် ချင်းဖုန်းဂိုဏ်း၏ ဂိုဏ်းချုပ် လျန်ထင်အန်တို့ ရှိနေကြသည်။
သူတို့နှစ်ဦးသည် စာကြည့်ဆောင်ထဲတွင် အဆင့်အတန်း အနိမ့်ဆုံးဖြစ်လေသည်။
“ညသားရဲကို ဖမ်းဖို့ ပြင်ဆင်မှုတွေ ပြီးသွားပြီ။ သုံးရက်နေရင် ငါတို့ ပင်လယ်ထဲ ထွက်ကြမယ်”
အမျိုးသားဝတ်စုံနှင့် အမျိုးသမီးက ပြောလိုက်သည်။
ထိုသူမှာ နော့ဘုရင်ခံ၏သမီးတော်၊ မင်းသမီးမော့လန်ပင် ဖြစ်သည်။
“ဟုတ်ကဲ့ပါ အရှင်မင်းသမီး”
အောက်မှလူများက တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
“ညသားရဲကို ဖမ်းမိပြီးရင် မိဖုရားကြီးဆီကို ငါကိုယ်တိုင် သွားဆက်သမယ်။ အားလုံးပဲ အမှားအယွင်းမရှိအောင် အစွမ်းကုန် ကြိုးစားပေးကြဖို့ မျှော်လင့်ပါတယ်။ ကိစ္စအားလုံး ပြီးသွားရင် အားလုံးကို ရက်ရက်ရောရော ဆုချပါ့မယ်”
သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း မင်းသမီးမော့လန်၏ အမူအရာတိုင်းသည် အမျိုးသားတစ်ဦးထက်ပင် ပို၍ ရဲရင့်သော အရှိန်အဝါ ရှိနေလေသည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းသမီး”
အောက်မှလူများက တုံ့ပြန်လိုက်ကြသည်။
“ဒါနဲ့.. ဘာအနှောင့်အယှက်မှ မရှိဘူးဆိုရင်တောင် ညသားရဲကိုဖမ်းမယ့် ငါတို့ရဲ့ အစီအစဉ်က ပေါက်ကြားသွားလောက်ပြီ”
မော့လန်က လူတိုင်းကို တစ်ချက်ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိမ်တော်ထဲက သူလျှိုတချို့ကို ငါ ရှင်းလင်းခဲ့တယ်။ သူတို့က ဘယ်သူဘယ်ဝါဆိုတာကို ဝန်မခံခဲ့ကြပေမဲ့ ညသားရဲပေါ်လာတဲ့ သတင်းကတော့ ပျံ့သွားပြီဆိုတာ ငါသေချာတယ်”
မော့လန်က ဆက်ပြောသည်။
“ဒါကြောင့် ပင်လယ်ထဲက အန္တရာယ်တွေကို ရင်ဆိုင်ရမယ့်အပြင် တခြားရန်သူတွေကိုပါ ငါတို့ ရင်ဆိုင်ရနိုင်တယ်”
“ဒါပေမဲ့ ဒီကိစ္စအတွက် အရမ်းကြီး စိတ်မပူကြနဲ့။ ငါတို့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီ၊ အရည်အချင်းမြင့်မားတဲ့ သားရဲထိန်းချုပ်သူ တစ်စုကိုလည်း ခေါ်ယူထားတယ်။ သူတို့ရှိနေရင် ငါတို့ခရီးစဉ်က အများကြီး ပိုချောမွေ့သွားမှာပါ။ အားလုံးရဲ့ ပံ့ပိုးမှုနဲ့ဆိုရင် ငါတို့ရဲ့ အင်အားက အောင်မြင်မှုကို အာမခံဖို့ လုံလောက်ပါတယ်”
မော့လန်က ပြောလေသည်။
“ပြီးတော့ ဒီခရီးစဉ်အတွက် အဖွဲ့ဝင်တွေအားလုံးက ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းက တပည့်တွေချည်းပဲ။ ဂိုဏ်းချုပ်နှစ်ယောက်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ငါ ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်က အတော်လေး အန္တရာယ်များတယ်လေ”
“အရှင်မင်းသမီးက သဘောထားကြီးလွန်းပါတယ်”
အောက်ခြေတွင် ထိုင်နေသော ချန်ယွီမော်နှင့် လျန်ထင်အန်တို့က ဤစကားကို ကြားသောအခါ အမြန်မတ်တတ်ရပ်လိုက်ကြသည်။
“အရှင်မင်းသမီးရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ”
သူတို့နှစ်ဦးလုံးမှာ အလွန် နှိမ့်ချနေကြသည်။
အထူးသဖြင့် ချန်ယွီမော်မှာ လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ ဂိုဏ်းစခန်းတစ်ခုကို ယန့်လုဂိုဏ်းမှ သိမ်းပိုက်သွားခဲ့ပြီးနောက် မင်းသမီးမော့လန်က ဤသတင်းကိုကြားပြီး သူ့အား ဆူပူကြိမ်းမောင်းမည်ကို ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
သို့သော် မျှော်လင့်မထားဘဲ မော့လန်က သူ့ကို အပြစ်မတင်ခဲ့ပေ။
သူတို့နှစ်ဦး၏ နှိမ့်ချနေသော အမူအရာကို မြင်သောအခါ အခန်းထဲရှိ အခြားသူများမှာလည်း ၎င်းတို့၏ အထင်သေးသော အကြည့်များကို ဖုံးကွယ်မထားနိုင်ခဲ့ကြချေ။
ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့သည် မူလက ကုချင်းစီရင်စု၏ အင်အားစုများဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။
မင်းသမီးမော့လန်အတွက် မည်သည့်အရာမဆို လုပ်ဆောင်ပေးလိုသော သူတို့၏ နှိမ့်ချမှုမှာ ကုချင်းစီရင်စုမှ လုကျီးပြည်နယ်သို့ သူတို့၏ဂိုဏ်းများကို ပြောင်းရွှေ့ရန် မော့လန်၏ သဘောတူညီချက်ကို ရယူလိုသောကြောင့်ပင် ဖြစ်သည်။
“ဒါဆိုရင်လည်း ပြန်ပြီး ပြင်ဆင်ကြတော့”
မော့လန်က လက်ဝှေ့ယမ်းပြလိုက်သည်။
အခန်းထဲရှိ လူတိုင်း မတ်တတ်ရပ်ကာ မော့လန်ကို အရိုအသေပေးပြီးနောက် အခန်းထဲမှ ထွက်ခွာသွားကြသည်။
“အရှင်မင်းသမီး”
အဘွားအိုတစ်ဦးသည် အခန်းကန့်လန့်ကာနောက်ကွယ်မှ ထွက်လာလေသည်။
ဤအဘွားအို၌ ထူးခြားသော အရှိန်အဝါတစ်ခု ရှိနေသည်။ သူမသည် တာအိုနယ်ပယ် သတ္တမအဆင့်မှ ထိပ်တန်းသိုင်းပညာရှင်တစ်ဦး ဖြစ်လေသည်။
ယေဘုယျအားဖြင့် တာအိုနယ်ပယ်သို့ ရောက်ရှိပြီးနောက် သိုင်းပညာရှင်များသည် သူတို့၏ ငယ်ရွယ်သော ရုပ်သွင်ကိုသာ ထိန်းသိမ်းထားတတ်ကြသည်။ လူနည်းစုကသာ သူတို့၏ အိုမင်းနေသော ရုပ်သွင်ကို ပြသလေ့ရှိကြသည်။
“ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းက နာခံမှုရှိပြီး အသုံးဝင်တယ်ဆိုပေမဲ့ သူတို့ကို အရမ်းကြီး အားကိုးလို့ မရဘူးနော်”
အဘွားအိုက နားချလေသည်။
“ဘာပဲဖြစ်ဖြစ် သူတို့က ကုချင်းစီရင်စုရဲ့ အင်အားစုတွေလေ။ သူတို့ကို အရေးကြီးတဲ့ တာဝန်တွေချည်း ပေးနေမယ်ဆိုရင် မင်းသမီးဘေးက လုကျီးပြည်နယ်က လူတွေ မကျေမနပ် ဖြစ်ကုန်ကြလိမ့်မယ်”
“ကျွန်မ ဘာလုပ်ရမလဲ သိပါတယ်”
မင်းသမီးမော့လန်က ပြောလိုက်သည်။
“ဒီခရီးစဉ်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ။ သူတို့အတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်တယ်။ သူတို့သာ သေသေချာချာ စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် လုကျီးပြည်နယ်ကို ပြောင်းရွှေ့ခွင့်ပြုလိုက်မယ်။ နောက်ဆုံးတော့ လုကျီးပြည်နယ်က လူတွေထဲမှာ ကျွန်မနောက်ကို လိုက်ချင်တဲ့သူ သိပ်မှမရှိတာ။ သူတို့အားလုံးက ကျွန်မအစ်ကိုရဲ့ လူတွေချည်းပဲ”
“ယှဉ်ကြည့်မယ်ဆိုရင်တော့ ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းကသာ တကယ့်ကို နာခံမှုရှိတဲ့ ဓားတွေပါပဲ”
အခန်း (၂၆၂) - ရေကြောင်းခရီးနှင့် အင်အားစုသုံးရပ်
ရက်အနည်းငယ် ကြာပြီးနောက်…
အဆုံးမဲ့ပင်လယ်ပြင်ထက်၌ ဧရာမသင်္ဘောအုပ်စုကြီးတစ်ခုသည် တရွေ့ရွေ့ ချီတက်နေလေသည်။
သင်္ဘောအုပ်စု၏ အလယ်ဗဟို၌ အလွန်တရာ ခမ်းနားထည်ဝါလှသော ဧရာမသင်္ဘောကြီးတစ်စင်း ရှိနေပြီး လှိုင်းတံပိုးများကို ခွဲထွက်ကာ ရှေ့သို့ ဆက်လက်ခုတ်မောင်းနေပေသည်။
ဤသင်္ဘောအုပ်စုမှာ ယဲ့မင်းသား သွမ့်ချောင်ဖုန်း၏အဖွဲ့ပင်။
ယခုအခါတွင် သူတို့သည် ဝမ်ရှန့်ပြည်နယ်မှ ထွက်ခွာလာခဲ့ပြီး ညသားရဲ ကျက်စားရာ ပင်လယ်ရပ်ခြား ကျွန်းစုများဆီသို့ လေနှင့်လှိုင်းကိုဆန်ကာ ခရီးဆက်နေကြချေပြီ။
ထိုဧရာမသင်္ဘောကြီးပေါ်တွင် သွမ့်ချောင်ဖုန်းနှင့်အတူ ရွှီနင်လည်း ပါဝင်လာခဲ့လေသည်။ အဝေးဆီမှ ကောင်းကင်ယံတွင် မှောင်မိုက်နေကာ မိုးချုန်းသံ၊ လျှပ်စီးလက်သံများ ဆူညံနေပြီး မုန်တိုင်းတစ်ခု တိုက်ခတ်လာမည့် အရိပ်အယောင်များ မြင်နေရသည်။
သို့သော်လည်း မိုးပေါက်များသည် သင်္ဘောကြီးပေါ်သို့ ကျဆင်းလာသောအခါ မျက်စိဖြင့်မမြင်နိုင်သော အလွှာပါးတစ်ခု၏ တွန်းကန်ဖယ်ရှားခြင်းကို ခံလိုက်ရလေသည်။
ထိုအလွှာပါးကြောင့်ပင် ဧရာမသင်္ဘောကြီး၏ ကိုယ်ထည်နှင့် ကုန်းပတ်တို့မှာ လုံးဝ စိုစွတ်ခြင်း မရှိခဲ့ပေ။
ကုန်းပတ်ပေါ်တွင် ဟင်းလင်းပြင်နယ်ပယ်မှ တပည့်များစွာ ရှိနေကြပြီး အချို့က ကင်းလှည့်နေကာ အချို့ကမူ အဝေးသို့ လှမ်းကြည့်ရင်း အခြေအနေကို အကဲခတ်နေကြသည်။
သူတို့သည် မော့လန်၏ သင်္ဘောအုပ်စုနှင့် တစ်ချိန်တည်းလိုလို ထွက်ခွာလာခဲ့ကြသော်လည်း လမ်းကြောင်းမတူညီကြသဖြင့် လမ်းခရီးတစ်လျှောက်တွင် အချင်းချင်း ဆုံတွေ့ခြင်း မရှိခဲ့ကြချေ။
“ရွှီနင်... မင်းက ဝမ်ရှန့်ပြည်နယ်သား မဟုတ်ဘူးလို့ မှတ်မိနေတယ်”
ထိုစဉ် သွမ့်ချောင်ဖုန်းသည် အခန်းထဲမှထွက်လာပြီး ကုန်းပတ်ပေါ်သို့ ရောက်ရှိလာလေသည်။
သူတို့သည် သင်္ဘောဦးပိုင်း၌ ရပ်ကာ အဝေးမှ လှိုင်းလုံးများကို လှမ်းမျှော်ကြည့်နေကြ၏။
“ဟုတ်ပါတယ်... ကျွန်တော်က ပြည်ပက လာတာပါ”
ရွှီနင်က သွမ့်ချောင်ဖုန်း၏ အနောက်တွင် ရပ်နေသည်။
သူ့အပြင် ကျန်းဟယ်၊ ကျောဝေစုန်းနှင့် အခြားလူသုံးယောက်တို့သည်လည်း သွမ့်ချောင်ဖုန်း၏ ဘေးတွင် ရပ်နေကြလေသည်။
ဤသူများအားလုံးမှာ သွမ့်ချောင်ဖုန်း၏ ယုံကြည်ရသော လူယုံများပင် ဖြစ်ကြသည်။
“ဟက်...”
ရွှီနင် ပြည်ပမှလာသည်ဟု ကြားလိုက်ရသောအခါ ကျောဝေစုန်း၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အမူအရာတစ်ခု ပေါ်လာလေသည်။
သူ၏အမြင်တွင် ဝမ်ရှန့်ပြည်နယ်သည်သာ သိုင်းလောက၏ ဗဟိုချက်ဖြစ်ပြီး ဝမ်ရှန့်ပြည်နယ်ပြင်ပမှ လာသူများအားလုံးကို တောသားများအဖြစ်သာ ကျောဝေစုန်းက သတ်မှတ်ထားလေသည်။
“မင်း အဆုံးမဲ့ပင်လယ်ကို ဖြတ်ပြီး ဝမ်ရှန့်ပြည်နယ်ကို လာတုန်းက ခရီးစဉ်မှာ အန္တရာယ်တွေ အများကြီး ကြုံခဲ့ရမှာပဲ”
သွမ့်ချောင်ဖုန်း၏ လေသံတွင် စိုးရိမ်ပူပန်မှုများ အပြည့်ပါဝင်နေပေသည်။
ထိုအချက်ကပင် သူ့ပတ်ဝန်းကျင်ရှိ လူများကို အနည်းငယ် မနာလိုဖြစ်သွားစေခဲ့လေသည်။
“သီသီလေး လွတ်ခဲ့တာပါ။ အခက်အခဲတချို့ ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ ကျွန်တော်တို့အားလုံး ပင်လယ်ကို အောင်မြင်စွာ ဖြတ်ကူးနိုင်ခဲ့ပါတယ်”
ရွှီနင်က ပြန်လည်ဖြေကြားလိုက်သည်။
ဝုန်း...
ထိုအခိုက်အတန့်၌ ဧရာမလှိုင်းလုံးကြီးတစ်ခုသည် သင်္ဘောကြီး၏ အလင်းပေါက် အကာအကွယ်အလွှာကို ဝင်တိုက်မိသွားလေသည်။
“ဟင်...”
သွမ့်ချောင်ဖုန်းမှာ မျက်မှောင်ကြုံ့လိုက်ပြီး “ကျန်းဟယ်... ရေအောက်မှာ တစ်ခုခုများ ရှိနေတာလား”
“တာအိုနယ်ပယ် အလယ်အလတ်အဆင့် ပင်လယ်မိစ္ဆာသားရဲပါ”
ကျန်းဟယ်က ကြိုတင်အာရုံခံမိပြီး ပြန်လည်ဖြေကြားလိုက်သည်။
ကျန်းဟယ်သည် တာအိုနယ်ပယ် ဆဋ္ဌမအဆင့် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေသူဖြစ်ပြီး ယခုတစ်ကြိမ် ပင်လယ်ထဲသို့ ထွက်ခွာလာသူများထဲတွင် ဒုတိယမြောက် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပေသည်။
သူတို့အထဲတွင် အစွမ်းအထက်ဆုံးသူမှာ တုန်ကျိ ဖြစ်သည်။ သူသည် ယဲ့ဘုရင်ခံအိမ်တော်မှ သွမ့်ချောင်ဖုန်းထံသို့ ပြောင်းရွှေ့တာဝန်ကျလာသော တာအိုနယ်ပယ် သတ္တမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လေသည်။
သို့သော် ဤတုန်ကျိမှာ ဝါရင့်သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ဧရာမသင်္ဘောကြီးပေါ်တွင် ပါလာသော်လည်း သူတို့နှင့်အတူ ရှိမနေဘဲ အခန်းထဲတွင် တစ်ယောက်တည်း နေထိုင်လေသည်။
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပင်လယ်ကြမ်းပြင်မှ ဧရာမ ငါးအမြီးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ဘန်း...
ငါးအမြီးကြီးက ပင်လယ်ပြင်ကို ရိုက်ခတ်လိုက်ရာ မီတာဒါဇင်ပေါင်းများစွာ မြင့်မားသော လှိုင်းလုံးကြီးများ ထကြွလာလေသည်။
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သင်္ဘောအုပ်စု၏ ဖွဲ့စည်းပုံမှာ ပျက်ယွင်းသွားရသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသော အလတ်စားသင်္ဘောပင်လျှင် လမ်းကြောင်းလွဲသွားရလေသည်။
“ကျန်းဟယ်... အဲဒါကို သွားရှင်းလိုက်ပါ”
သွမ့်ချောင်ဖုန်းက ကျန်းဟယ်ကို အမိန့်ပေးလိုက်သည်။
အကယ်၍ ပင်လယ်ထဲမှ ဤမိစ္ဆာသားရဲကို သူတို့အား ဆက်လက်နှောင့်ယှက်ခွင့်ပြုထားပါက ဧရာမသင်္ဘောကြီးမှာ အဆင်ပြေနိုင်သော်လည်း ကျန်သင်္ဘောများမှာမူ နစ်မြုပ်သွားနိုင်သည့် အန္တရာယ်ရှိပေသည်။
အခြားသင်္ဘောများပေါ်တွင် သိုင်းပညာရှင်များစွာ မပါဝင်ချေ။ သူတို့အားလုံးမှာ ညသားရဲကို ရှာဖွေရန် စေလွှတ်ထားသော နောက်လိုက်များသာ ဖြစ်ကြသည်။
“ဟုတ်ကဲ့ပါ အရှင်မင်းသား”
ကျန်းဟယ်က အမိန့်ကို နာခံလိုက်သည်။
ထို့နောက် သူသည် ဧရာမသင်္ဘောကြီးပေါ်မှ ခုန်ဆင်းသွားလေတော့သည်။
ကျန်းဟယ်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ နင်းကာ အလျင်အမြန် ပျံသန်းသွားလိုက်သည်။
“ဟား...”
အော်ဟစ်သံနှင့်အတူ ကျန်းဟယ်သည် သူ၏ဝတ်ရုံကို ခါယမ်းကာ ရေထဲသို့ တိုက်ရိုက် ထိုးဆင်းသွားလေသည်။
ကျန်းဟယ်သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူဖြစ်ရာ သူသည် ရေထဲသို့ဝင်ကာ ပင်လယ်မိစ္ဆာသားရဲများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရဲပေသည်။
ဘန်း... ဘန်း... ဘန်း...
သင်္ဘောအုပ်စုသည် အရှိန်စတင်လျှော့ချလိုက်ပြီး ရှေ့ရှိ ရေပြင်အောက်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။
ပင်လယ်ပြင်ထက်၌ လှိုင်းလုံးများသည် တစ်ခုပြီးတစ်ခု ထကြွလာကာ အဖြူရောင် လှိုင်းပန်းပွင့်ဝိုင်းကြီးများကို ဖြစ်ပေါ်စေခဲ့သည်။
ရေအောက်ရှိ ကျန်းဟယ်နှင့် မိစ္ဆာသားရဲတို့၏ တိုက်ပွဲမှာ အလွန်တရာ ပြင်းထန်နေကြောင်း သိသာလှပေသည်။
နာရီဝက်ခန့် ကြာပြီးနောက် ပင်လယ်ပြင်သည် စတင်ငြိမ်သက်လာလေသည်။
ရွှီး...
ကျန်းဟယ်၏ ပုံရိပ်သည် ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာသည်။
ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် သူသည် အထက်သို့ ပျံတက်လာကာ ဧရာမသင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ ပြန်လည်ရောက်ရှိလာလေသည်။
“ကိစ္စပြတ်သွားပါပြီ အရှင်မင်းသား”
ကျန်းဟယ်သည် ယခင်အတိုင်းပင် ရှိနေသေးပြီး သူ၏ အဝတ်အစားများပေါ်တွင် ရေစိုနေသည့် အရိပ်အယောင် လုံးဝ မရှိပေ။
“မင်းရဲ့ စွမ်းအားတွေ ထပ်တိုးလာပြန်ပြီပဲ”
သွမ့်ချောင်ဖုန်းက ပြုံးကာ မေးလိုက်သည်။
“သတ္တမအဆင့်ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
ထိုစကားကို ကြားသောအခါ ကျန်းဟယ်က ပြန်လည်ဖြေကြားလေသည်။
“အနည်းဆုံး ငါးနှစ်၊ အများဆုံး အနှစ်သုံးဆယ်လောက်တော့ ကြာပါလိမ့်မယ်”
“ကောင်းပြီ”
သွမ့်ချောင်ဖုန်းက ရယ်မောလိုက်သည်။
“မကြာခင် ငါ့ဘေးမှာ အဆင့်မြင့် သိုင်းပညာရှင်တစ်ယောက် ထပ်ပေါ်လာတော့မှာပဲ”
“စီနီယာ ကျန်းဟယ် အမြန်ဆုံး အဆင့်တက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ရွှီနင်ကလည်း ဘေးမှနေ၍ ဝင်ပြောလိုက်သည်။
နှစ်များ၊ ဆယ်စုနှစ်များနှင့် ရာစုနှစ်များစွာဆိုသည်မှာ ရွှီနင်အတွက် ကြာမြင့်လှသည်ဟု ထင်ရသော်လည်း ဤတာအိုနယ်ပယ် သိုင်းပညာရှင်များအတွက်မူ ဘာမှမဟုတ်ပေ။
ကျန်းဟယ် ပြောပြသော အဆင့်တက်မည့်အချိန်မှာ လုံးဝ ကြာမြင့်သည်ဟု မဆိုနိုင်ချေ။
ရွှီနင် ပြောပြီးနောက် အခြားသူများကလည်း ဝိုင်းဝန်း ထောက်ခံလိုက်ကြသည်။
ကျောဝေစုန်း တစ်ယောက်သာလျှင် အေးစက်သော မျက်နှာထားဖြင့် ရှိနေလေသည်။
သွမ့်ချောင်ဖုန်းသည် ကျောဝေစုန်း၏ တုံ့ပြန်မှုကို သတိထားမိသော်လည်း မည်သည့်အရာမျှ မပြောခဲ့ပေ။
အမှန်တကယ်တွင် သွမ့်ချောင်ဖုန်းသည် ကျောဝေစုန်းအား သဘောမကျလှချေ။
သူ၏ဖခင် ကျောချန်ယွင်ကြောင့်သာ သွမ့်ချောင်ဖုန်းမှာ သူ့အား လူယုံအဖြစ် လက်ခံထားခြင်း ဖြစ်သည်။
သွမ့်ချောင်ဖုန်း ငယ်စဉ်တွင် ယဲ့ဘုရင်ခံသည် သူ့အား ကျောချန်ယွင်ထံသို့ သိုင်းပညာ သင်ကြားရန် စေလွှတ်ခဲ့ဖူးသည်။
သို့မဟုတ်ပါက သွမ့်ချောင်ဖုန်းသည် ကျောဝေစုန်းကို အခြားနေရာသို့ ပြောင်းရွှေ့ပစ်လိုက်သည်မှာ ကြာပြီဖြစ်ပေလိမ့်မည်။
ရေအောက်မှ မိစ္ဆာသားရဲ၏ နှောင့်ယှက်မှု မရှိတော့သဖြင့် သင်္ဘောအုပ်စု တစ်ခုလုံးသည် ယခင်ဖွဲ့စည်းပုံအတိုင်း ပြန်လည်စီတန်းကာ အလျင်အမြန် ရှေ့ဆက်ကြလေတော့သည်။
“ကြည်လင်တဲ့ ကောင်းကင်နယ်မြေက ရှေ့မှာ သိပ်မဝေးတော့ဘူး။ အဲဒီကိုရောက်တာနဲ့ နေရောင်ခြည်နဲ့ ရေချိုးလို့ရပြီ”
သွမ့်ချောင်ဖုန်းက ပြုံးကာ ပြောလိုက်ပြီး အခြားသူများကလည်း ထောက်ခံလိုက်ကြသည်။
သူတို့အားလုံးမှာ ပတ်ဝန်းကျင်အပေါ် များစွာ မှီခိုရန်မလိုသော တာအိုနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း ကာလရှည်ကြာ အလေ့အထများအရ ကြည်လင်သော ကောင်းကင်ယံအောက်တွင်သာ ခရီးသွားလိုကြလေသည်။
သင်္ဘောအုပ်စုသည် ဆက်လက် ချီတက်သွားလေသည်။
နေ့ရော ညပါ မခွဲခြားတော့ပေ။
ဤသို့ဖြင့် နှစ်လတာ ကုန်လွန်သွားခဲ့လေပြီ။ ယနေ့တွင်မူ လူတိုင်းသည် သင်္ဘောကုန်းပတ်ပေါ်သို့ ထွက်လာကြသည်။
သို့သော် ဤတစ်ကြိမ်တွင် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပါဝင်လာလေသည်။
သူသည် မုတ်ဆိတ်မွေးများရှိပြီး အဝေးသို့ လှမ်းကြည့်နေစဉ် မျက်မှောင်ကြုံ့လိုက်သည်။
ဤသူ့ထံမှ စွမ်းအားရှင်တစ်ဦး၏ အငွေ့အသက်မျိုး မထွက်ပေါ်နေသော်လည်း ဘေးနားရှိ သွမ့်ချောင်ဖုန်း၊ ကျန်းဟယ်၊ ရွှီနင်နှင့် အခြားသူများမှာ သူ့ကို လျှော့မတွက်ရဲကြပေ။
အဘယ်ကြောင့်ဆိုသော် ဤလူလတ်ပိုင်းမှာ တာအိုနယ်ပယ် သတ္တမအဆင့် သိုင်းပညာရှင် တုန်ကျိပင် ဖြစ်သောကြောင့်တည်း။
“ညသားရဲ ပေါ်လာတတ်တဲ့နေရာက တည့်တည့်မှာပဲ ရှိတယ်”
သွမ့်ချောင်ဖုန်းက တုန်ကျိအား ပြောလိုက်သည်။
သွမ့်ချောင်ဖုန်း၏ လေသံမှာ ရိုသေလေးစားမှု အပြည့်ပါဝင်နေလေသည်။
“အင်း...”
တုန်ကျိက ခေါင်းညိတ်လိုက်သည်။
“ဒီညသားရဲက သူ့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ပြီး ခိုးကြောင်ခိုးဝှက် သွားလာတဲ့နေရာမှာ အလွန်တော်တယ်။ ငါတောင်မှ သူ့ရဲ့အငွေ့အသက်ကို ရှာဖွေပြီး တည်နေရာ အတိအကျသိဖို့ ခက်ခဲတယ်။ ဒါကြောင့် မင်းလူတွေကို ညှိနှိုင်းပြီး ဒီကျွန်းကို သေချာရှာခိုင်းရမယ်”
“တကယ်လို့ ညသားရဲရဲ့ သဲလွန်စတွေကို တွေ့ရင် ငါတို့ အမြန်ဆုံး ရောက်သွားနိုင်အောင် ချက်ချင်း အချက်ပြခိုင်းလိုက်”
“အားလုံး စီစဉ်ထားပြီးပါပြီ စီနီယာတုန်... စိတ်မပူပါနဲ့”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
ရွှီနင်သည် ဘေးတွင်ရပ်ကာ အဝေးသို့ လှမ်းကြည့်နေသည်။
သူ့ရှေ့တွင် ကမ်းရိုးတန်းတစ်ခုတည်းသာ ရှိနေခြင်း မဟုတ်ပေ။
ဤနေရာသည် ကျွန်းစုတစ်ခု ဖြစ်သည်။ ပင်လယ်ရေများသည် ကျွန်းများအား တစ်ခုနှင့်တစ်ခု ပိုင်းခြားထားလေသည်။
ညသားရဲသည် သီးခြားကျွန်းတစ်ကျွန်းတည်းတွင် နေထိုင်ခြင်း မဟုတ်သဖြင့် ဤနယ်မြေအတွင်း မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်ပေသည်။
“ကုန်းပေါ်တက်ဖို့ ကျွန်းတစ်ကျွန်းကို အရင်ရွေးလိုက်။ ငါတို့ တစ်ကျွန်းပြီးတစ်ကျွန်း ဆက်တိုက် ရှာဖွေကြမယ်”
သွမ့်ချောင်ဖုန်းက အစောင့်ခေါင်းဆောင်ကို ပြောလိုက်သည်။
သူတို့တွင် လူအင်အား များပြားလှသော်လည်း အဖွဲ့များခွဲကာ ဖြန့်ကျက်ရှာဖွေရန်မှာ ခက်ခဲလှသည်။
ထို့အပြင် မော့လန်၏ လူများလည်း ရောက်ရှိနေလောက်ပြီဖြစ်သည်။ သူတို့အကြားတွင် ထိပ်တိုက်ရင်ဆိုင်မှုများ မလွဲမသွေ ရှိလာနိုင်ပေသည်။
ထို့ကြောင့် လူစုကာ ကျွန်းတစ်ခုချင်းစီကို စုံစမ်းရှာဖွေခြင်းကသာ အသင့်တော်ဆုံး နည်းလမ်းဖြစ်လေသည်။
ဘန်း... ဘန်း...
နောက်ဆုံးတွင် သူတို့မှာ ကမ်းစပ်သို့ ရောက်ရှိသွားကြသည်။ သင်္ဘောပေါ်ရှိ လူများသည်လည်း စနစ်တကျ ဆင်းလာကြလေတော့သည်။
‘နောက်ဆုံးတော့ ငါ ကုန်းမြေပေါ် ခြေချခွင့်ရပြီပဲ...’
ရွှီနင် သက်ပြင်းချလိုက်မိသည်။
သို့သော် သူတို့သည် သင်္ဘောပေါ်တွင် ရှိနေစဉ်က ဧရာမသင်္ဘောကြီးမှာ အလွန်ငြိမ်သက်နေခဲ့ပြီး ကုန်းမြေပေါ်တွင် ရှိနေသည်နှင့်ပင် ဆင်တူလှသည်။ လှုပ်ခါမှုများစွာ မရှိခဲ့ပေ။
‘ဒီကျွန်းက ကြည်လင်တဲ့ ကောင်းကင်နယ်မြေအောက်မှာ ရှိနေတုန်းပဲ...’
ရွှီနင် မော့ကြည့်လိုက်သည်။ နေရောင်ခြည် ရှိနေဆဲပင်။
ဤကျွန်းစု၏ ထက်ဝက်မှာ ကြည်လင်သော ကောင်းကင်အောက်တွင် ရှိနေပြီး ကျန်ထက်ဝက်မှာမူ ထူထပ်သော တိမ်မည်းများအောက်တွင် ရှိနေလေသည်။
“စခန်းချပြီး အရင်နားဖို့ သင့်တော်တဲ့နေရာတစ်ခု ရွေးလိုက်ကြ”
သွမ့်ချောင်ဖုန်းက အမိန့်ပေးလိုက်သည်။
“သားရဲထိန်းချုပ်သူတွေကို စခန်းရဲ့ အလယ်ဗဟိုမှာထားပြီး ကာကွယ်ပေးဖို့ စီစဉ်လိုက်”
“ဟုတ်ကဲ့ပါ”
အိမ်တော်အစောင့်များက ပြန်လည်ဖြေကြားလိုက်ကြသည်။
သားရဲထိန်းချုပ်သူများသည် ဤစစ်ဆင်ရေးအတွက် အဓိကသော့ချက်ပင် ဖြစ်သည်။
သူတို့၏ ထူးခြားသော သားရဲထိန်းချုပ်ခြင်း စွမ်းရည်များနှင့် သူတို့ ထိန်းချုပ်ထားသော မိစ္ဆာသားရဲများသည် ညသားရဲကို ရှာဖွေရာတွင် အလွန်အသုံးဝင်လှပေသည်။
ထို့နောက် အဖွဲ့သည် စတင်လှုပ်ရှားကြလေတော့သည်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက်…
ရွှီနင်၏ သင်္ဘောအုပ်စုနှင့် ဝေးကွာသော အခြားကျွန်းတစ်ကျွန်းပေါ်သို့ နောက်ထပ် သင်္ဘောအုပ်စုတစ်ခု ဆိုက်ကပ်လာလေသည်။
ဤသူများမှာ အခြားသူများမဟုတ်ဘဲ မင်းသမီး မော့လန်နှင့် သူမ၏နောက်လိုက်များပင်။
‘သွမ့်ချောင်ဖုန်းတို့အဖွဲ့များ ရောက်နေလောက်ပြီလား...’
ကျွန်းပေါ်သို့ ရောက်ပြီးနောက် မော့လန်က တွေးလိုက်မိသည်။
သူမ စုံစမ်းကြည့်ပြီးနောက်တွင် ယဲ့ဘုရင်ခံအိမ်တော်မှ သင်္ဘောအုပ်စုတစ်စုသည်လည်း သူမ ပင်လယ်ပြင်သို့ ထွက်ခွာလာချိန်နှင့် တစ်ပြိုင်နက်တည်း ထွက်လာခဲ့ကြောင်း သိရှိခဲ့ရသည်။
အခြေအနေများကို ချင့်ချိန်တွေးတောပြီးနောက် သူမ၏အနီးတစ်ဝိုက်တွင် သူလျှိုများထားရှိခဲ့သူမှာ သွမ့်ချောင်ဖုန်းမှန်း မော့လန် သိလိုက်ရလေသည်။
ယခုတစ်ကြိမ် သူ၏ ရည်ရွယ်ချက်မှာလည်း သူမနည်းတူ ညသားရဲကို ဖမ်းဆီးရန်ပင် ဖြစ်လောက်ပေသည်။
“လူတိုင်းကို ဒီနေရာမှာပဲ နားဖို့ ပြောလိုက်”
မော့လန်က သူမဘေးရှိ လူများကို အမိန့်ပေးလိုက်သည်။
“တစ်ချိန်တည်းမှာပဲ ကမ်းစပ်မှာ ကင်းစောင့်တွေ ချထားလိုက်။ သွမ့်ချောင်ဖုန်းတို့အဖွဲ့ နီးကပ်လာတာကို တွေ့ရင် ချက်ချင်း သတင်းပို့”
မော့လန်သည် သွမ့်ချောင်ဖုန်းကို အနည်းငယ် စိုးရွံ့နေမိသည်။
ဤအချိန်တွင်…
ကျွန်းများနှင့် အလှမ်းဝေးသော နေရာ၌ ဧရာမ ငါးကြီးတစ်ကောင်သည် ကျွန်းများဆီသို့ ကူးခတ်လာနေလေသည်။
ငါးကြီး၏ ကျောပေါ်တွင် ပုံရိပ်အချို့ ထိုင်နေကြသည်။
သူတို့အားလုံးသည် ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော မီးခိုးရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြလေသည်။
ဝှီး...
ပင်လယ်လေပြေ တိုက်ခတ်သွားသည်။
ထိုအခါ လူတစ်ဦး၏ မီးခိုးရောင်ခေါင်းဆောင်းမှာ လွင့်ထွက်သွားပြီး အိုမင်းသော မျက်နှာတစ်ခု ပေါ်လာတော့သည်။
ဤသူမှာ ရွှီနင်အား ဆေးဖော်စပ်ပေးရန် တောင်းဆိုခဲ့ဖူးသူ လျဲ့ယင်းပင် ဖြစ်လေသည်။
“လျဲ့ယင်း”
ငါးကျောပြင်၏ ရှေ့ဆုံးတွင် ထိုင်နေသူက ခေါင်းကို အနည်းငယ် စောင်းကာ ခေါ်လိုက်သည်။
“သခင်ကြီး”
လျဲ့ယင်းသည် ထိုသူ့အပေါ် အလွန် ရိုသေလေးစားပေသည်။
“မင်းက သားရဲထိန်းချုပ်သူဆိုတော့ ညသားရဲကို ရှာဖွေဖို့ မင်းအပေါ်မှာပဲ မူတည်တယ်”
လျဲ့ယင်းက သခင်ကြီးဟု ခေါ်ဝေါ်သောသူက ညင်သာစွာ ပြောလိုက်သည်။
“သခင်ကြီး... စိတ်မပူပါနဲ့”
လျဲ့ယင်းက ပြောလိုက်သည်။
“ညသားရဲကို ရှာတွေ့ဖို့ ကျွန်တော် သေချာပေါက် အစွမ်းကုန် ကြိုးစားသွားမှာပါ”
“အင်း...”
သခင်ကြီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးပဲ... မင်း အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အနာဂတ်မှာ မင်းအတွက် ရက်ရက်ရောရော ဆုချပေးပါ့မယ်”