← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅) - တာအိုနယ်ပယ်အဆင့်မြင့်တိုက်ပွဲ

ကျောဝေစုန်းနှင့် အခြားသူများသည် အနီးအနားရှိ ညသားရဲ၏ ခြေရာများကို စတင်ရှာဖွေနေကြလေသည်။

သူသည် ညသားရဲကို ရှာတွေ့ရန် မလိုအပ်ပေ။ ကျန်ရစ်ခဲ့သော ခြေရာအချို့ကို ရှာတွေ့ရုံမျှဖြင့်ပင် ကြီးမားသောစွမ်းဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ကျောဝေစုန်း၊ အိမ်တော်မှသက်တော်စောင့်များနှင့် အဖွဲ့ထဲရှိ သားရဲထိန်းချုပ်သူတို့သည် ဂရုတစိုက် ရှာဖွေနေကြလေသည်။

“ဟင်...”

ရုတ်တရက် ကျောဝေစုန်းသည် သူ၏အမြင်အာရုံများ ဝေဝါးသွားသလို ခံစားလိုက်ရသည်။

အရိပ်တစ်ခုက သူ၏မျက်စိရှေ့မှ ဖြတ်ပြေးသွားသကဲ့သို့ပင်။

ကျောဝေစုန်းက မျက်လုံးများကို ပွတ်သပ်လိုက်သော်လည်း မည်သည့်အရာမှဖြစ်မနေကြောင်း တွေ့လိုက်ရသည်။

‘ထူးဆန်းလိုက်တာ...’

ကျောဝေစုန်း စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားလေသည်။

သို့သော်လည်း မမျှော်လင့်ထားသောအရာများ ဖြစ်မလာခဲ့သဖြင့် ကျောဝေစုန်းမှာ ဤကိစ္စကို ဆက်မတွေးတော့ပေ။ ကျောဝေစုန်းက ခေါင်းငုံ့ကာ မြေပြင်ကိုသာ ဆက်လက်ရှာဖွေလိုက်သည်။

‘ဘာတွေဖြစ်နေတာလဲ၊ အလင်းရောင်က မှိန်သွားသလိုပဲ...’

ကျောဝေစုန်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

နေမင်းကြီးမှာ ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေဆဲဖြစ်သော်လည်း နေရောင်ခြည်မှာမူ မှေးမှိန်နေချေပြီ။

‘ငါ သေချာမမြင်ရတော့ဘူး...’

ကျောဝေစုန်းတစ်ယောက် ထိတ်လန့်သွားတော့သည်။

ပုံမှန်အားဖြင့် တာအိုနယ်ပယ်သို့ တက်လှမ်းပြီးနောက်တွင် သိုင်းပညာရှင်တစ်ယောက်သည် အလွန်ကောင်းမွန်သော ညဘက်အမြင်အာရုံကို ပိုင်ဆိုင်ထားကြစမြဲဖြစ်သည်။

အလင်းရောင်မရှိလျှင်ပင် ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိပေသည်။

ကျောဝေစုန်းသည် အခြားသူများမှာ သူ့နည်းတူ ထိုသို့ခံစားရခြင်း ရှိမရှိ မေးမြန်းရန် ခေါင်းကို အမြန်လှည့်လိုက်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူနှင့်မဝေးသောနေရာ၌ ရှိနေကြသည့် သူ့အဖော်များအားလုံးမှာ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရလေသည်။

‘မကောင်းတော့ဘူး။’

ဘယ်လောက်ပဲတုံးအပါစေ ကျောဝေစုန်းတစ်ယောက် သူ အန္တရာယ်ကျရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။

‘စခန်းကို ပြန်သွားမှဖြစ်မယ်။’

ဤသည်မှာ ကျောဝေစုန်း၏ တစ်ခုတည်းသော အတွေးပင်။

တုန်ကျိ စခန်းတွင် ရှိနေသရွေ့ မည်သည့်အန္တရာယ်ကိုမဆို ဖြေရှင်းနိုင်ပေလိမ့်မည်။

သို့သော်လည်း ကျောဝေစုန်းသည် သူ့မျက်စိရှေ့ရှိ အမှောင်ထုမှာ ပို၍နက်ရှိုင်းလာသည်ဟု ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ အသံများပင် ပျောက်ကွယ်သွားခဲ့လေပြီ။

မကြာမီတွင် သူသည် လုံးဝအမှောင်ကျသွားပြီး တိတ်ဆိတ်ငြိမ်သက်နေသော ဟင်းလင်းပြင်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

ကျောဝေစုန်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း သူ့အသံကိုပင် သူပြန်မကြားရပေ။

တဖြည်းဖြည်းနှင့် ကျောဝေစုန်း၏အသိစိတ်များသည် တိတ်ဆိတ်သော အမှောင်ထုဟင်းလင်းပြင်ထဲသို့ နစ်မြုပ်သွားတော့သည်။

အခြားတစ်ဖက်တွင်မူ…

ရွှီနင်၊ ချင်းယင်နှင့် မီးခိုးရောင်လေးတို့သည် ပစ္စည်းကောင်းများစွာ ရရှိခဲ့ကြသည်။

“ဒီကျွန်းပေါ်က ဝိညာဉ်ဆေးပင်အရင်းအမြစ်တွေက အရင်ကျွန်းတွေထက် အဆပေါင်းများစွာ ပိုကြွယ်ဝတာပဲ။”

ရွှီနင်ဖြစ်စေ၊ ချင်းယင်ဖြစ်စေ၊ မီးခိုးရောင်လေးဖြစ်စေ အားလုံးသည် အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။

မကြာမီမှာပင် ရွှီနင်သည် နောက်ထပ် စွမ်းအင်တစ်သိန်းကို ရရှိခဲ့ပြန်သည်။

‘ဝမ်ရှန့်ပြည်နယ်ကို မပြန်ခင် စွမ်းအင် ၃.၅ သန်းလောက်တော့ စုဆောင်းနိုင်လောက်မယ် ထင်တယ်။’

ရွှီနင် အလွန်ကျေနပ်သွားလေသည်။

ညသားရဲကို ဖမ်းမိသည်ဖြစ်စေ၊ မဖမ်းမိသည်ဖြစ်စေ ဤခရီးစဉ်မှနေ၍ ရွှီနင်တစ်ယောက် သေချာပေါက် အမြတ်ထွက်ခဲ့ပြီဖြစ်သည်။

“ဒီကျွန်းက ကောင်းတယ်၊ သိပ်ကောင်းတာပဲ။”

ချင်းယင်က နောက်ထပ် ဝိညာဉ်ဆေးသစ်သီးတစ်လုံးကို ပါးစပ်ထဲ ထိုးထည့်ကာ ဝါးစားလိုက်သည်။

ပါးစပ်အပြည့် သစ်သီးအရည်များဖြင့် ချင်းယင်၏မျက်နှာပေါ်တွင် ကျေနပ်နေသောအမူအရာ ပေါ်လွင်နေလေသည်။

“အစ်ကို။”

မီးခိုးရောင်လေးက ရွှီနင်အနားသို့ ကပ်လာသည်။

“အရင်က ဖမ်းထားတဲ့ မိစ္ဆာသားရဲကို သားရဲအမှတ်အသား သွင်းပြီးသွားပြီ။ အခု နောက်ထပ်တစ်ကောင် ထပ်ဖမ်းလို့ရပြီ ထင်တယ်။”

မီးခိုးရောင်လေးသည် တာအိုနယ်ပယ်၏ အခြေခံအဆင့်တွင်သာ ရှိသေးသည်။ ပိုမိုစွမ်းအားကြီးသော မိစ္ဆာသားရဲတစ်ကောင်ကို ဖမ်းချင်ပါက ရွှီနင်ကိုသာ အားကိုးရမည်ဖြစ်သည်။

“ကောင်းပြီလေ။”

ရွှီနင် သဘောတူလိုက်သည်။

မီးခိုးရောင်လေး၏ခွန်အားကို မြှင့်တင်ပေးခြင်းသည် သူ၏ခွန်အားနှင့် ယန့်လုဂိုဏ်း၏ခွန်အားကိုပါ မြှင့်တင်ပေးခြင်းနှင့် အတူတူပင်ဖြစ်သည်။

“အနီးအနားမှာ တာအိုနယ်ပယ် မိစ္ဆာသားရဲတွေ ရှိမရှိ လိုက်ရှာကြည့်ကြတာပေါ့။”

ရွှီနင်က ပြောလိုက်သည်။

တာအိုနယ်ပယ် မိစ္ဆာသားရဲတိုင်းတွင် ကိုယ်ပိုင်နယ်မြေအသီးသီး ရှိကြသဖြင့် ဤကျွန်းပေါ်ရှိ မိစ္ဆာသားရဲများသည် ပြွတ်သိပ်စွာ နေထိုင်လေ့မရှိကြပေ။

ရွှီနင်က သူ၏အာရုံခံနိုင်စွမ်းကို အမြင့်ဆုံးအထိမြှင့်တင်ကာ အနီးအနား၌ စတင်ရှာဖွေလိုက်လေသည်။

ဂါး...

ရုတ်တရက် အဝေးဆီမှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် မြေကြီးပါ တုန်ခါသွားလေသည်။

“ဘာအသံကြီးလဲ။”

ရွှီနင်နှင့် အခြားနှစ်ကောင်တို့သည် တောင်ပေါ်သို့တက်ကာ ထိုအရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

“အရမ်းကြီးမားတဲ့ မိစ္ဆာသားရဲကြီးပါလား။”

သေချာမြင်လိုက်ရပြီးနောက် ရွှီနင်၊ မီးခိုးရောင်လေးနှင့် ချင်းယင်တို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

၎င်းသည် မတ်တတ်ရပ်နေသော မိစ္ဆာသားရဲကြီးတစ်ကောင် ဖြစ်သည်။ အရပ်မှာ မီတာတစ်ရာကျော်မြင့်ပြီး တစ်ကိုယ်လုံးတွင် အကြေးခွံများ ဖုံးလွှမ်းနေသည်။ ကျောပေါ်တွင်မူ ထူထပ်သော ဆူးတန်းကြီးတစ်ခု ရှိနေလေသည်။

၎င်း၏မျက်လုံးများက အဝါရင့်ရောင်ဖြစ်ပြီး ပါးစပ်မှာ ရှေ့သို့ငေါထွက်နေကာ ပါးစပ်ထဲတွင် ထက်မြက်သော သွားချွန်သုံးတန်း ရှိနေသည်။

မြေပြင်ပေါ်တွင် ထောက်ထားသော နောက်ခြေထောက်များက အလွန်တုတ်ခိုင်သော်လည်း ရှေ့ခြေထောက်များမှာမူ အလွန်သွယ်လျနေသဖြင့် ကြည့်ရသည်မှာ အနည်းငယ် အချိုးအစားမကျသလို ဖြစ်နေသည်။

၎င်း၏ရှေ့တွင် ပျံသန်းနေသော မိစ္ဆာသားရဲအချို့က ဟိုဟိုဒီဒီ ပျံသန်းနေကြပြီး ထိုပျံသန်းနေသော မိစ္ဆာသားရဲများ၏ ကျောပေါ်တွင် လူများထိုင်နေသည်ကို မြင်တွေ့ရသည်။

အဝေးမှနေ၍ ထိုလူများသည် မိစ္ဆာသားရဲများကို ထိတ်လန့်တကြား ထိန်းချုပ်နေကြသည်ကို မြင်တွေ့နိုင်သည်။ သူတို့သည် ထိုနေရာမှ အမြန်ဆုံး ထွက်ခွာချင်နေပုံရလေသည်။

“သံချပ်ကာကျောဆူးသားရဲပဲ။ အဲဒါကလည်း အရွယ်ရောက်ပြီးသားကောင်ကြီး။”

ရွှီနင်သည် အဝေးဆီမှ ကြမ်းတမ်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

ရွှီနင်သည် ထိုမိစ္ဆာသားရဲကို ချက်ချင်း မှတ်မိလိုက်သည်။

အရွယ်ရောက်ပြီးသော သံချပ်ကာကျောဆူးသားရဲဆိုသည်မှာ တာအိုနယ်ပယ် အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်ပင်။

ထိုသံချပ်ကာကျောဆူးသားရဲသည် မီးခိုးရောင်လေးနှင့် ချင်းယင်တို့ကဲ့သို့ အမြင့်ဆုံးမိစ္ဆာသားရဲများ၏ နောက်တွင်သာရှိသော ထိပ်တန်းသွေးမျိုးဆက်ရှိသည့် မိစ္ဆာသားရဲတစ်ကောင်လည်း ဖြစ်ပေသည်။

‘အဲဒီလူအုပ်စုက မော့လန်ရဲ့လက်အောက်ငယ်သားတွေ ဖြစ်လောက်တယ်။’

ရွှီနင် စိတ်ထဲမှ တွေးလိုက်သည်။

‘သူတို့ ညသားရဲကို ရှာဖွေနေရင်းနဲ့ ဒီသံချပ်ကာကျောဆူးသားရဲကို သွားနှိုးဆွမိလို့ အခုလို လိုက်ခံနေရတာဖြစ်မယ်။ ဒီသံချပ်ကာကျောဆူးသားရဲက ဒေါသကြီးတဲ့ကောင်ပဲ။ ကြည့်ရတာ သူတို့တွေ လွတ်နိုင်တော့မှာ မဟုတ်ဘူး။’

ရွှီနင် တွေးနေစဉ်မှာပင် ထိုသားရဲကြီး၏ လက်သည်းများက အောက်သို့ရိုက်ချလိုက်သည်ကို မြင်လိုက်ရသည်။

၎င်း၏ရှေ့ခြေထောက်များမှာ သွယ်လျနေပုံရသော်လည်း ကြီးမားသော ခွန်အားများ ပါဝင်နေလေသည်။

တစ်ချက်တည်း ရိုက်ချလိုက်မှုက ပျံသန်းနေသော မိစ္ဆာသားရဲပေါ်တွင် စီးနင်းလိုက်ပါလာသူကို သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

‘ကြောက်စရာကောင်းလိုက်တာ။’

ဤမြင်ကွင်းကို မြင်ပြီးနောက် ရွှီနင် အနည်းငယ် တုန်လှုပ်သွားရသည်။

“သွားရအောင်၊ မြန်မြန်ထွက်သွားကြစို့။”

ရွှီနင်က ချင်းယင်နှင့် မီးခိုးရောင်လေးကို သတိပေးလိုက်သည်။

“ဒီသံချပ်ကာကျောဆူးသားရဲသာ ငါတို့ကို တွေ့သွားရင် ငါတို့ပါ သေချာပေါက် ဒုက္ခရောက်လိမ့်မယ်။ အဲဒီလိုသာဆိုရင် ငါတို့လည်း လွတ်မှာမဟုတ်တော့ဘူး။”

“ဟုတ်ကဲ့။”

မီးခိုးရောင်လေးနှင့် ချင်းယင်က အလျင်အမြန် တုံ့ပြန်လိုက်ကြသည်။

ရွှီး...

သို့သော် ဤအခိုက်အတန့်လေးမှာပင်…

“ရပ်စမ်း။”

အမျိုးသမီးတစ်ဦး၏အသံက မိုင်တစ်ထောင်အကွာအဝေးထိ မိုးကြိုးပမာ ပဲ့တင်ထပ်သွားလေသည်။

ရွှီနင်ပင်လျှင် ခေါင်းထဲ၌ အူထွက်သွားသလို ခံစားလိုက်ရသည်။

‘ဘာတွေဖြစ်နေတာလဲ။’

ထွက်ပြေးရန်ပြင်နေသော ရွှီနင်နှင့် ကျန်နှစ်ကောင်တို့သည် အဝေးဆီမှ သူတို့ထံသို့ ပျံသန်းလာသော အလင်းတန်းတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။

ထိုအလင်းတန်းသည် သံချပ်ကာကျောဆူးသားရဲ၏ရှေ့သို့ ပျံသန်းသွားပြီး ၎င်း၏တိုက်ခိုက်မှုကို ကာကွယ်လိုက်လေသည်။

ဘန်း...

ထိုအလင်းတန်းက သံချပ်ကာကျောဆူးသားရဲနှင့် ဝင်တိုက်မိသွားလေသည်။ ရလဒ်အနေဖြင့် သံချပ်ကာကျောဆူးသားရဲ၏ ရှေ့ခြေထောက်များ လမ်းကြောင်းလွဲသွားကာ နာကျင်စွာဖြင့် ဟိန်းဟောက်လိုက်ရလေသည်။

ထို့နောက် အလင်းတန်းသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အဘွားအိုတစ်ဦး၏ ပုံရိပ် ပေါ်လာတော့သည်။

အဘွားအိုသည် လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်လျက် လေထဲတွင် ရပ်နေ‌လေသည်။

သူမ၏ သေးငယ်သောခန္ဓာကိုယ်လေးသည် မီတာတစ်ရာကျော်မြင့်သော သံချပ်ကာကျောဆူးသားရဲကြီး၏ ခန္ဓာကိုယ်ကို ရင်ဆိုင်နေရသော်လည်း သူမ၏အငွေ့အသက်မှာ လုံးဝလျော့ကျနေခြင်း မရှိပေ။

‘တာအိုနယ်ပယ် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ပဲ။’

သေချာကြည့်ပြီးနောက် ရွှီနင်မျက်မှောင်ကြုံ့လိုက်မိသည်။

ရွှီနင်နှင့်မတူဘဲ တာအိုနယ်ပယ် သတ္တမအဆင့်အထက်ရှိသော အဆင့်မြင့်သိုင်းပညာရှင်များသာလျှင် လေထဲတွင် အမှန်တကယ် ပျံသန်းနိုင်ကြပေသည်။

‘အဲဒီအဘွားအိုက မော့လန်ရဲ့စခန်းက အတော်ဆုံးသိုင်းပညာရှင် ဖြစ်လောက်တယ်။ သူက ယဲ့ဘုရင်ခံအိမ်တော်စခန်းက စီနီယာတုန်ကျိနဲ့ အတူတူပဲ။ သူမက ဒီစစ်ဆင်ရေးအတွက် သူတို့ရဲ့ အသန်မာဆုံးသက်တော်စောင့်ပဲ။’

ရွှီနင် အလျင်အမြန် ခန့်မှန်းလိုက်သည်။

‘ဒါပေမဲ့ ယေဘုယျအားဖြင့် ဒီအဆင့်ရှိတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်က စခန်းမှာပဲ နေသင့်တာ။ ဘာလို့ သူကိုယ်တိုင် ထွက်လာရတာလဲ... တစ်ယောက်ယောက်က အကူအညီတောင်းတဲ့အချက်ပြမှုများ ပို့လိုက်လို့လား။ အဲဒီလိုဆိုရင်တောင်မှ ဒီကယ်ဆယ်ရေးအမြန်နှုန်းက အရမ်းမြန်မနေဘူးလား။’

ရွှီနင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။

တာအိုနယ်ပယ် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦး ပေါ်လာပြီဖြစ်ရာ ရွှီနင်သည် ထွက်ပြေးရန် မရည်ရွယ်တော့ပေ။ သူသည် ဆက်လက်စောင့်ကြည့်ရန် အသင့်ပြင်ထားလိုက်သည်။

“သွားကြ။”

အဘွားအိုက မျှော်လင့်ချက်မဲ့နေသော လူများကို ပြောလိုက်သည်။

ထို့နောက် ထိုလူများသည် ပျံသန်းနေသော မိစ္ဆာသားရဲများကို စီးနင်းကာ အန္တရာယ်ရှိသောနေရာမှ အလျင်အမြန် ထွက်ခွာသွားကြလေသည်။

သားရဲကြီးသည် ၎င်း၏အဝါရင့်ရောင်မျက်လုံးကြီးများဖြင့် အဘွားအိုကို အေးစက်စွာ စိုက်ကြည့်နေသာ်။

သို့သော် အဘွားအိုမှာမူ လုံးဝကြောက်ရွံ့နေခြင်း မရှိပေ။

“မင်းက အခုမှ အရွယ်ရောက်လာပြီး တာအိုနယ်ပယ် အဆင့်မြင့်ကို တက်လှမ်းထားတာပဲ။ ဒါပေမဲ့ မင်းက ငါတို့လူတွေကို သတ်လိုက်ပြီဖြစ်လို့ မင်းကို ပြန်ပေးဆပ်ခိုင်းရလိမ့်မယ်။”

ရွှီး...

အဘွားအို၏လက်ထဲရှိဓားသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သံချပ်ကာကျောဆူးသားရဲကြီး၏ ခန္ဓာကိုယ်ကို ဖြတ်ပိုင်းလိုက်လေသည်။

ရွှပ်...

သံချပ်ကာကျောဆူးသားရဲကြီး၏ အကြေးခွံများ ပြတ်တောက်သွားပြီး ၎င်း၏ခန္ဓာကိုယ်ထဲမှ အဝါရင့်ရောင်သွေးများ စီးကျလာသည်။

‘သိပ်ထက်တာပဲ။’

ရွှီနင်တစ်ယောက် အသက်ရှူမှားသွားရသည်။

သံချပ်ကာကျောဆူးသားရဲသည် ခံစစ်ကို အထူးပြုသော မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။

သို့သော် ၎င်း၏အကြေးခွံများကို အဘွားအို၏ ဓားအလင်းတန်းက အလွယ်တကူ ခုတ်ပိုင်းနိုင်ခဲ့သည်။

ရွှီး...

သံချပ်ကာကျောဆူးသားရဲကြီးမှာ ဒေါသထွက်သွားလေသည်။

၎င်းသည် ရှေ့ခြေထောက်များကို ဝှေ့ယမ်းကာ အမြီးဖြင့်ရိုက်ချပြီး အဘွားအိုကို တိုက်ခိုက်လိုက်သည်။

သို့သော် ၎င်း၏လှုပ်ရှားမှုများမှာ မြန်ဆန်လှသော်လည်း အဘွားအိုက ထိုတိုက်ခိုက်မှုများကို အလွယ်တကူပင် ရှောင်တိမ်းနိုင်ခဲ့သည်။

သံချပ်ကာကျောဆူးသားရဲကြီးသည် နောက်တစ်ကြိမ် ဟဟိန်းဟောက်လိုက်ပြနသည်။

၎င်းက ပါးစပ်ကိုဟကာ အဝါရောင်အရည်တစ်မျိုးကို ထွေးထုတ်လိုက်သည်။

ရွှီနင်မှာ အဝေးကြီးကနေပင် အက်စစ်နံ့ကို ရလိုက်သည်။

ထိုအရာကို မြင်လိုက်ရသောအခါ အဘွားအို၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူမ၏ပုံရိပ်မှာ လျှပ်တစ်ပြက် လှုပ်ရှားသွားကာ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့လေသည်။

“ဒါကို ယူလိုက်စမ်း။”

ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် အဘွားအို၏ လှုပ်ရှားမှုများက ပို၍ကြမ်းတမ်းလာခဲ့သည်။

သံချပ်ကာကျောဆူးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပိုမိုများပြားလာခဲ့သည်။

နောက်ဆုံးတွင် သံချပ်ကာကျောဆူးသားရဲကြီးမှာ အသက်အန္တရာယ်ရှိနေကြောင်း ခံစားလိုက်ရသည်။ ၎င်းသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး လှည့်ကာ ထွက်ပြေးလေတော့သည်။

‘ကြောက်စရာကောင်းတဲ့ ခွန်အားပဲ၊ သူက အရွယ်ရောက်ပြီးသား သံချပ်ကာကျောဆူးသားရဲကြီးကိုတောင် အနိုင်ယူနိုင်တယ်။’

ဤသည်မှာ ရွှီနင်အနေဖြင့် တာအိုနယ်ပယ် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦး၏ တိုက်ပွဲကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ထိုအဘွားအို၏ ဓားအလင်းတန်းသည် သူ၏အသက်ကို အလွယ်တကူ ယူဆောင်သွားနိုင်မည်ဟု ရွှီနင် ခံစားမိလေသည်။

သံချပ်ကာကျောဆူးသားရဲကြီးသည် ထွက်ပြေးသွားသော်လည်း အဘွားအိုမှာမူ နောက်မှလိုက်မသွားတော့ပေ။

ဤသံချပ်ကာကျောဆူးသားရဲကို သတ်နိုင်လျှင်တောင်မှ သူမအနေဖြင့် ကြီးမားသော တန်ဖိုးတစ်ခုကို ပြန်လည်ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း သူမ ကောင်းစွာ သိထားလေသည်။

ထို့အပြင် ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေတွင် ပြင်းထန်သောဒဏ်ရာရသွားခြင်းမှာ အလွန်အန္တရာယ်များလှပေသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၌ မင်းသမီး မော့လန်ကို ကာကွယ်ပေးရန် တာဝန်ရှိနေသေးသည် မဟုတ်ပါလော။

“ဟင်...”

သံချပ်ကာကျောဆူးသားရဲကြီးကို မောင်းထုတ်ပြီးနောက် အဘွားအိုက ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရကာ အဘွားအိုက ရွှီနင်တို့ရှိရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။

‘ငါ့ကို သတိထားမိသွားပြီ။’

ရွှီနင်လည်း အဘွားအို၏အကြည့်ကို သတိပြုမိလိုက်သည်။

‘ငါ အရမ်းပေါ့ဆသွားတာပဲ။’

ယခင်က ရွှီနင်သည် သူတို့မှာ လုံလောက်သော အကွာအဝေးတွင်ရှိနေပြီး သူတို့သုံးဦးလုံး၏ အငွေ့အသက်များကိုလည်း သေချာစွာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း တာအိုနယ်ပယ် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ကို အထင်သေးမိသွားကြောင်း ထင်ရှားနေလေပြီ။

“မြန်မြန် မိစ္ဆာသားရဲပန်းချီကားလိပ်ထဲ ဝင်ကြ။”

ရွှီနင်က အလျင်အမြန် ပြောလိုက်သည်။

မီးခိုးရောင်လေးနှင့် ချင်းယင်တို့က လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး မိစ္ဆာသားရဲပန်းချီကားလိပ်ထဲသို့ ဝင်ရောက်သွားကြသည်။

ရွှီနင်သည် မိစ္ဆာသားရဲပန်းချီကားလိပ်ကို ယူကာ ယဲ့ဘုရင်ခံအိမ်တော်၏ စခန်းရှိရာဘက်သို့ သုတ်ခြေတင် ထွက်ပြေးလေတော့သည်။

ယခုအချိန်တွင် သူ့ကို ကယ်တင်နိုင်မည့် တစ်ဦးတည်းသောသူမှာ တာအိုနယ်ပယ် အဆင့်မြင့်သိုင်းပညာရှင်ဖြစ်သူ တုန်ကျိသာဖြစ်ကြောင်း ရွှီနင် ကောင်းစွာ သိထားလေသည်။

“မင်းက ဘယ်ကို ထွက်ပြေးချင်နေတာလဲ။”

သို့သော်လည်း သူ အဝေးကြီး မပြေးနိုင်မီမှာပင် ဓားကိုင်ထားသော အဘွားအိုက သူ့လမ်းကို ပိတ်ဆို့လိုက်လေတော့သည်။

အခန်း (၂၆၆) - ကျွန်းပေါ်ရှိ ဖြစ်လာနိုင်သော အန္တရာယ်

‘ဒုက္ခတော့တွေ့ပြီ’

ရွှီနင်သည် သူ့ရှေ့တွင် အဘွားအိုတစ်ဦး ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားလေသည်။

ဤအဘွားအိုမှာ မင်းသမီးမော့လန်၏ လက်အောက်ခံဖြစ်သဖြင့် အတိအကျ ပြောရလျှင် သူ၏ ရန်သူပင် ဖြစ်သည်။

ရွှီနင်သည် လက်ထဲ၌ ပုံဆောင်ခဲတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။

ဤပုံဆောင်ခဲမှာ အကူအညီတောင်းခံရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်ပြီး အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ၎င်းကို အသက်သွင်းလိုက်ပါက တုန်ကျိက သူ့ကို လာရောက်ကယ်တင်မည် ဖြစ်သည်။

ဤပုံဆောင်ခဲကို သွမ့်ချောင်ဖုန်း၏ ယုံကြည်ရသော လက်အောက်ခံများသာ ရရှိပိုင်ဆိုင်ထိုက်ပေသည်။

ဒေါက်…

ရွှီနင်က ပုံဆောင်ခဲကို အသက်သွင်းရန် ပြင်လိုက်စဉ်မှာပင် အဘွားအိုက သူမ၏ လက်ချောင်းကို တစ်ချက် တောက်လိုက်ရာ စူးရှသော အရှိန်အဝါတစ်ခုက ရွှီနင်၏ လက်ဖဝါးထဲသို့ ထိုးစိုက်ဝင်လာတော့သည်။

ရွှီနင်၏ လက်ဖဝါးတွင် သွေးချင်းချင်းနီသော အပေါက်တစ်ခု ဖြစ်သွားပြီး လက်ထဲမှ ပုံဆောင်ခဲမှာလည်း အပိုင်းပိုင်း အစစ ကြေမွသွားလေသည်။

“စီနီယာ... ကျွန်တော်က စီနီယာ့ကို ဘယ်လိုများ စော်ကားမိလို့လဲခင်ဗျာ”

ရွှီနင်သည် မိမိ၏ ဒဏ်ရာကို ဂရုမစိုက်ဘဲ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။

ဤအဘွားအိုကို ပြန်လည်ခုခံရန် သူ့တွင် ခွန်အားမရှိသဖြင့် တည်တည်ငြိမ်ငြိမ်နေရန်သာ တတ်နိုင်သမျှ ကြိုးစားရပေမည်။

“မင်းက ယဲ့ဘုရင်ခံရဲ့ လက်အောက်ခံလား”

အဘွားအိုက ရွှီနင်ကို အကဲခတ်ကြည့်လိုက်သည်။

“ဟုတ်ပါတယ်”

ရွှီနင်က အတော်လေး တည်ငြိမ်နေပေသည်။

အဘွားအိုက ခေါင်းညိတ်လိုက်ပြီး ရွှီနင်အနားသို့ တိုးကပ်လာသည်။

‘တာအိုနယ်ပယ် စတုတ္ထအဆင့်၊ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်... ဒါပေမဲ့ သူ့ရဲ့ အခြေခံက တော်တော်လေး ခိုင်မာတာပဲ’

အဘွားအိုက ရွှီနင်ကို ကြည့်လျက် တွေးနေသည်။

‘ဒါတင်မကသေးဘူး၊ သူ့ရဲ့ ဒြပ်စင်စွမ်းအားကလည်း အရမ်းကို ပြည့်ဝနေတာပဲ။ ကြည့်ရတာ သူက သိပ်အသက်မကြီးသေးဘူး။ တကယ်တော့ သူ့ရဲ့ လက်ရှိပုံပန်းသဏ္ဌာန်က သူ့ရဲ့ အစစ်အမှန် အသက်အရွယ်ပဲ ဖြစ်ရမယ်’

ဤခေတ္တမျှ ဆုံတွေ့မှုအတွင်းမှာပင် အဘွားအိုသည် ရွှီနင်၏ အခြေခံကို အကဲခတ်မိသွားခြင်း ဖြစ်ပေသည်။

“ပါရမီကောင်းသားပဲ၊ ငါနဲ့အတူလိုက်ခဲ့၊ မင်းသမီးမော့လန်ဆီမှာ ခိုလှုံလိုက်စမ်း”

အဘွားအိုသည် ရွှီနင်၏ အလားအလာကို မြင်သွားသဖြင့် သူ၏ အင်္ကျီလည်စကို ဆွဲကိုင်ကာ ခေါ်ဆောင်သွားရန် ပြင်လိုက်တော့သည်။

ရွှီနင်က မသိစိတ်ဖြင့် ရှောင်တိမ်းလိုက်သော်လည်း အဘွားအို၏ လက်များမှ လွတ်မြောက်အောင် မရှောင်နိုင်ခဲ့ပေ။

“မင်းသမီးမော့လန်ရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာက ယဲ့ဘုရင်ခံရဲ့ လက်အောက်မှာ လုပ်ရတာထက် ပိုမဆိုးနိုင်ပါဘူး”

အဘွားအိုက ပြုံးလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်ရန် ပြင်လိုက်လေသည်။

“ရွှယ်ကျင်ဟွား၊ မင်းက ငါတို့ ယဲ့ဘုရင်ခံအိမ်တော်ရဲ့ လူတွေကို ခိုးယူရဲတယ်ပေါ့လေ။ ငါတို့က ဒါကို ဒီအတိုင်း ကြည့်နေမယ် ထင်နေတာလား”

ရွှီနင်တစ်ယောက် အဘွားအို၏ ခေါ်ဆောင်ခြင်းကို ခံရတော့မည့် ဆဲဆဲတွင်ပင် အဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် တုန်ကျိသည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာတော့သည်။

‘စီနီယာ တုန်ကျိ!’

တုန်ကျိကို မြင်လိုက်ရသဖြင့် ရွှီနင် စိတ်သက်သာရာ ရသွားသည်။

‘ငါ ပုံဆောင်ခဲကို အသက်မသွင်းနိုင်ခဲ့ဘဲနဲ့ စီနီယာ တုန်ကျိက ဘယ်လိုလုပ် ရောက်လာတာပါလိမ့်’

ရွှီနင် ဇဝေဇဝါ ဖြစ်သွားသော်လည်း ယခုအခါ တုန်ကျိ ရောက်နေပြီဖြစ်ရာ သူ၏ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချနိုင်ပြီ ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် တုန်ကျိ ရောက်လာသည်ကို မြင်လိုက်ရသောအခါ ရွှယ်ကျင်ဟွား၏ မျက်နှာ ပျက်သွားတော့သည်။

“တုန်ကျိ”

ရွှယ်ကျင်ဟွားသည် တုန်ကျိကို ကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်လိုက်သည်။

တုန်ကျိ၏ ခွန်အားမှာ တာအိုနယ်ပယ် သတ္တမအဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေပြီး ယဲ့ဘုရင်ခံအိမ်တော်တွင် သူ၏ အဆင့်အတန်းမှာလည်း အလွန်မြင့်မားကြောင်း သူမ သိထားလေသည်။

“ဘာလဲ... ငါတောင် ဒီကို ရောက်နေပြီကို မင်းက ယဲ့ဘုရင်ခံအိမ်တော်ရဲ့ လူတွေကို ပြန်ပေးဆွဲဖို့ ကြံနေတုန်းလား”

တုန်ကျိက ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။

ရွှယ်ကျင်ဟွားမှာ မျက်မှောင်ကြုံ့လိုက်ပြီး ရွှီနင်ကို ပြန်လွှတ်ပေးလိုက်ရာ ရွှီနင်သည် တုန်ကျိ၏ နောက်သို့ ချက်ချင်းပင် လျှောက်သွားလိုက်သည်။

“ကောင်းပြီ”

တုန်ကျိက ရွှီနင်ကို တစ်ချက် ကြည့်လိုက်ရာ သူရရှိထားသော ဒဏ်ရာများမှာ အပေါ်ယံမျှသာ ဖြစ်သည်ကို သတိပြုမိသွားသည်။

ရွှယ်ကျင်ဟွားသည် အနည်းငယ် အရှက်ရသွားသော်လည်း သူမ သိပ်ဂရုမစိုက်ပေ။ တုန်ကျိသာ စောစောရောက်မလာခဲ့ပါက သူမသည် ရွှီနင်ကို ခေါ်သွားနိုင်မည် ဖြစ်သည်။

သို့သော် တုန်ကျိ ရှေ့မှောက်တွင် ရွှီနင်ကို ခေါ်ဆောင်သွားမည်ဆိုပါက ယဲ့ဘုရင်ခံအိမ်တော်အား ပါးရိုက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

“နောက်တစ်ခါကျရင် ကိုယ့်လူတွေကို ကိုယ် သေချာ ကြည့်ထားဦး”

ရွှယ်ကျင်ဟွားသည် တုန်ကျိအား တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ ဓားကို စီးနင်းကာ ပျံသန်း ထွက်ခွာသွားလေသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ တုန်ကျိ”

ရွှယ်ကျင်ဟွား ထွက်သွားပြီးနောက် ရွှီနင်သည် လက်ယှက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

တုန်ကျိသာ ပေါ်မလာခဲ့ဘဲ မင်းသမီးမော့လန်ဆီသို့ ခေါ်ဆောင်ခြင်း ခံရမည်ဆိုပါက မည်ကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ကို သူ မသိနိုင်ပေ။

တုန်ကျိက ပြုံးလျက် ခေါင်းကို ညင်သာစွာ ယမ်းလိုက်သည်။

ယဲ့ဘုရင်ခံ၏ ယုံကြည်ရသော လက်အောက်ခံတစ်ဦးနှင့် စီနီယာတစ်ဦးအနေဖြင့် တုန်ကျိသည် ရွှီနင်ကို အတော်လေး လေးစားမိပေသည်။

“မင်းက ဘယ်လိုလုပ်ပြီး သူမရဲ့ လက်ထဲ ရောက်နေရတာလဲ”

တုန်ကျိက မေးလိုက်သည်။

ရွှီနင်က ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်သည်။

“အဲဒီလိုကိုး...”

တုန်ကျိ သဘောပေါက်သွားလေသည်။

“စီနီယာ တုန်ကျိ... ကျွန်တော် ပုံဆောင်ခဲကိုလည်း အသက်မသွင်းရသေးဘဲ စီနီယာက ကျွန်တော့်ကို ဘယ်လိုလုပ် ရှာတွေ့တာလဲခင်ဗျာ”

ရွှီနင်က သံသယဖြစ်ကာ မေးမြန်းလိုက်သည်။

“မင်းကို သွားရှာဖို့ သခင်လေးက ငါ့ကို ခိုင်းလိုက်တာလေ”

တုန်ကျိက ပြောလိုက်သည်။

“ဘာဖြစ်လို့လဲခင်ဗျာ”

ရွှီနင်က ထပ်မေးလိုက်သည်။

အခြားကျွန်းများပေါ်တွင် ရှိစဉ်က ညသားရဲကို ရှာဖွေရန် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စူးစမ်းရှာဖွေပြီးနောက် ရက်အနည်းငယ်အကြာမှ စခန်းသို့ ပြန်လာကာ သတင်းပို့လေ့ရှိကြသည်။

ယခုအခါတွင် နှစ်ရက်ပင် မပြည့်သေးပေ။ မင်းသားလေးမှာ အဘယ်ကြောင့် လူလွှတ်၍ ရှာခိုင်းရသနည်း။

“လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ညသားရဲကို ရှာဖွေနေတဲ့ ငါတို့ရဲ့ အဖွဲ့အချို့ ပျောက်ဆုံးသွားခဲ့လို့ပဲ”

တုန်ကျိ၏ မျက်နှာမှာ အနည်းငယ် လေးနက်သွားသည်။

“ကျောဝေစုန်းတောင် ပျောက်သွားပြီ”

“ဒီကိစ္စကို ကျန်းဟယ်က တစ်ခုခု မှားယွင်းနေတာကို သတိပြုမိပြီးမှ သိလိုက်ရတာ”

တုန်ကျိက ဆက်ပြောသည်။

“ညသားရဲကို ရှာနေရင်းနဲ့ သူက တခြားအဖွဲ့တွေနားက ဖြတ်သွားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သတင်းအချက်အလက် လဲလှယ်ဖို့ ပြန်လှည့်လာတဲ့အခါ ကျန်တဲ့အဖွဲ့ဝင်တွေ ပျောက်ဆုံးနေတာကို ကျန်းဟယ် တွေ့လိုက်ရတယ်”

“တော်တော်ကြာအောင် စုံစမ်းကြည့်ပြီးတော့ ပျောက်ဆုံးသွားတဲ့လူတွေ ဘယ်ရောက်သွားလဲဆိုတာကို ရှာမတွေ့လို့ သူ စခန်းကို ပြန်လာပြီး သတင်းပို့ခဲ့တယ်။ အဲဒီနောက်မှာ သခင်လေးက သူ့လူတွေကို အမြန် ပြန်ခေါ်ခဲ့တာပဲ။ အချင်းချင်း မေးမြန်းကြည့်ပြီးတဲ့နောက်မှာ ကျောဝေစုန်း ပျောက်ဆုံးနေတာကို ငါတို့ သိလိုက်ရတယ်”

“ဒါကြောင့် သခင်လေးက မင်းရဲ့ ဘေးကင်းမှုအတွက် စိုးရိမ်ပြီး ငါ့ကို လာရှာခိုင်းတာပဲ။ မင်းက ဒီလောက်အထိ ဝေးဝေးလံလံ ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

“တကယ်ပဲ အဲဒီလို ဖြစ်သွားတာလား”

ရွှီနင်၏ မျက်ဝန်းများ လှုပ်ခတ်သွားသည်။

“မော့လန်ကများ တစ်ခုခု လုပ်လိုက်တာလား”

“မဟုတ်ဘူး”

တုန်ကျိက ပြန်ဖြေလိုက်သည်။

“ငါတို့ ရထားတဲ့ သတင်းအရ မော့လန်ဘက်က လူတွေလည်း ပျောက်ဆုံးနေတယ်တဲ့။ ရွှယ်ကျင်ဟွား အပြင်ကို ရောက်နေတာကလည်း အပြင်မှာ ရှိနေတဲ့ သူမရဲ့ လူတွေကို ပြန်ခေါ်ဖို့ ဖြစ်လောက်တယ်”

“အဲဒီလိုလား...”

ရွှီနင် နိုးနိုးကြားကြား ဖြစ်သွားသည်။

“ဒီကျွန်းပေါ်မှာ တစ်ခုခုတော့ ရှိနေပြီနဲ့ တူတယ်...”

တုန်ကျိက မျက်မှောင်ကြုံ့လိုက်သည်။

“လာ... အရင်ဆုံး စခန်းကို ပြန်ကြရအောင်”

တုန်ကျိသည် ရွှီနင်ကို ခေါ်ဆောင်ကာ စခန်းရှိရာသို့ ပျံသန်းသွားလေသည်။

ဤခရီးစဉ်အတွင်း သူသည် သွမ့်ချောင်ဖုန်းကို အကာအကွယ် ပေးရမည် ဖြစ်သည်။

ရွှီနင်ကို လာမရှာခဲ့လျှင် သူသည် သွမ့်ချောင်ဖုန်း၏ ဘေးမှ လုံးဝ ခွာမည်မဟုတ်ပေ။

တာအိုနယ်ပယ် သတ္တမအဆင့်တွင်ရှိသော တုန်ကျိသည် ကောင်းကင်ယံ၌ အလွန်လျင်မြန်စွာ ပျံသန်းနိုင်ပြီး ထိုနယ်ပယ်ရှိ ပျံသန်းနိုင်သော မိစ္ဆာသားရဲများထက်ပင် မနှေးလှပေ။

“သခင်လေး... ကျွန်တော် သူ့ကို ပြန်ခေါ်လာပါပြီ”

မကြာမီမှာပင် တုန်ကျိသည် ရွှီနင်ကို သွမ့်ချောင်ဖုန်းထံသို့ ခေါ်ဆောင်လာခဲ့သည်

သွမ့်ချောင်ဖုန်းမှာာ စိတ်အေးသွားသော်လည်း ရွှီနင်၏ ဒဏ်ရာကို မြင်လိုက်ရသောအခါ မျက်ခုံးပင့်သွားလေသည်။

“မင်း ဒဏ်ရာရလာတာလား”

တုန်ကျိက ရွှီနင် ကြုံတွေ့ခဲ့ရသည်များကို ရှင်းပြလိုက်သည်။

“မော့လန်ရဲ့ လူတွေက ဒီလောက်တောင် မောက်မာနေကြပြီလား...”

သွမ့်ချောင်ဖုန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်သွားတော့သည်။

သို့သော် ယခုအချိန်မှာ တရားမျှတမှု ရှာရမည့်အချိန် မဟုတ်ကြောင်း သူ ကောင်းစွာ သိထားသည်။ သူ့တွင် ကိုင်တွယ်ဖြေရှင်းရမည့် အခြား အရေးကြီးကိစ္စများ ရှိနေသေးသည်။

“မင်းသားလေး”

ကျန်းဟယ်သည်လည်း သူ၏ စူးစမ်းရှာဖွေရေးခရီးမှ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။

“ပျောက်ဆုံးနေတဲ့အဖွဲ့တွေကို ရှာဖွေနေတဲ့ လူအနည်းငယ်ကလွဲရင် ကျန်တဲ့လူအားလုံးကို ပြန်ခေါ်ထားပြီးပါပြီ”

ကျန်းဟယ်က သွမ့်ချောင်ဖုန်းကို တင်ပြလိုက်သည်။

“ဒီကျွန်းပေါ်မှာ ငါတို့လူ ဘယ်နှစ်ယောက် ဆုံးရှုံးသွားပြီလဲ”

သွမ့်ချောင်ဖုန်းက မေးလိုက်သည်။

“ကျောဝေစုန်း အပါအဝင် အိမ်တော်ကလူ စုစုပေါင်း ၃၇ ယောက် ပျောက်ဆုံးနေပါတယ်။ သားရဲထိန်းချုပ်သူ ၁၀ ယောက်လည်း ပျောက်ဆုံးနေပါတယ်”

ကျန်းဟယ်က ဖြေကြားလိုက်သည်။

သွမ့်ချောင်ဖုန်း၏ အမူအရာမှာ လေးနက်သွားလေသည်။

ဤဆုံးရှုံးမှုမှာ သေးငယ်လှသည် မဟုတ်ပေ။ အကယ်၍ ကျောဝေစုန်းသာ ပျောက်ဆုံးသွားပြီး အပြန်ခရီးမတိုင်မီ ရှာမတွေ့ခဲ့ပါက သူ၏ဖခင် ကျောချန်ယွင်ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

တုန်ကျိကဲ့သို့ပင် ကျောချန်ယွင်သည် ယဲ့ဘုရင်ခံ အယုံကြည်ရဆုံးသော လူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ကျောချန်ယွင်သည် သူ့အပေါ် ဒေါသပုံချရဲမည် မဟုတ်သော်လည်း ဤကိစ္စမှာမူ အလွယ်တကူ ပြီးသွားမည် မဟုတ်ပေ။

၎င်းအပြင် သားရဲထိန်းချုပ်သူ ၁၀ ယောက်လည်း ပျောက်ဆုံးနေသေးသည်။

ဤတစ်ခေါက် စုဆောင်းထားသော သားရဲထိန်းချုပ်သူများသည် ကုချင်းစီရင်စု၏ ထိပ်တန်းသားရဲထိန်းချုပ်သူများသာမက အနီးနားရှိ ပြည်နယ်များမှ လူများလည်း ပါဝင်လေသည်။

သူတို့အားလုံး စုစုပေါင်း ၅၀ ပင် မပြည့်သော်လည်း ကျွန်းသို့ ရောက်ပြီး နှစ်ရက်ပင် မကြာသေးမီမှာပင် လေးပုံတစ်ပုံခန့် ပျောက်ဆုံးသွားခဲ့ချေပြီ။

“သခင်လေး... ဒါက ကျွန်းပေါ်မှာရှိတဲ့ သတ္တဝါတစ်မျိုးမျိုးရဲ့ လက်ချက်ပဲ ဖြစ်ရမယ်... ဖြစ်နိုင်ရင် ညသားရဲတောင် ဖြစ်နိုင်ပါတယ်...”

ထိုစဉ် တုန်ကျိက ပြောလိုက်သည်။

“အို...”

သွမ့်ချောင်ဖုန်းက တုန်ကျိကို လှမ်းကြည့်လိုက်သည်။

“ကျွန်တော်တို့ သိရသလောက်တော့ ဒီအဖွဲ့တွေ ပျောက်ဆုံးသွားတဲ့နေရာမှာ ဘာခြေရာမှ ကျန်မနေခဲ့ဘူး။ ဆိုလိုတာက ဒီနောက်ကွယ်က ကြိုးကိုင်သူက တစ်ချက်တည်းနဲ့ အဖွဲ့သားအားလုံးကို အသံတိတ် သတ်ဖြတ်နိုင်လောက်အောင် အရမ်းအင်အားကြီးမားပြီး အကူအညီတောင်းဖို့တောင် အချိန်မရအောင် လုပ်နိုင်တာ ဖြစ်ရမယ်...”

“ဒါမှမဟုတ်ရင်... သူတို့ရဲ့ နည်းလမ်းတွေက အရမ်းထူးခြားပြီး လူတွေကို ချက်ချင်း ဖျောက်ပစ်နိုင်တာ ဒါမှမဟုတ် ခေါ်ဆောင်သွားနိုင်တာ ဖြစ်ရမယ်...”

တုန်ကျိက ဆက်ပြောလိုက်သည်။

“ညသားရဲရဲ့ စွမ်းရည်က ဒုတိယဖြစ်နိုင်ခြေနဲ့ ကိုက်ညီနေပါတယ်...”

“အဲဒီအပြင် ညသားရဲက ညကို ရက်လုပ်ခြင်းမှာ ကျွမ်းကျင်တယ်လို့ သိရပါတယ်။ သူရဲ့ စွမ်းရည်က လူသားသိုင်းပညာရှင်တွေ ဒါမှမဟုတ် တခြားမိစ္ဆာသားရဲတွေကို အဆုံးမရှိတဲ့ ညအမှောင်ထဲမှာ မသိမသာ နစ်မြုပ်သွားအောင် လုပ်နိုင်တာပါ...”

“ဟင်း...”

သွမ့်ချောင်ဖုန်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

“မင်းပြောချင်တာက ညသားရဲက ပေါ်လာပြီပေါ့”

“ဖြစ်နိုင်ခြေ အရမ်းများပါတယ်”

တုန်ကျိက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါ သွမ့်ချောင်ဖုန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

“တကယ်လို့ အဲဒီအတိုင်းဆိုရင် ဒီညသားရဲက တော်တော်လေး သန်မာမှာပဲ...”

ကျန်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။

“သခင်လေး... သခင်လေးရဲ့ ဘေးကင်းမှုက...”

“စီနီယာ တုန်ကျိ ဒီမှာရှိနေတာပဲ၊ ငါ့ရဲ့ ဘေးကင်းမှုအတွက် စိုးရိမ်စရာ မလိုပါဘူး”

သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။

“တကယ်လို့ တစ်ခုခု အန္တရာယ်ကြုံလာရင် စီနီယာ တုန်ကျိရဲ့ ဟင်းလင်းပြင် လျှို့ဝှက်ရတနာထဲမှာ ငါ ပုန်းနေလို့ ရတာပဲ။ သူရှိနေသရွေ့တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး”

“ဒါပေမဲ့ ညသားရဲက တကယ်ကို ကြောက်စရာကောင်းတာပါ...”

ကျန်းဟယ်က စိုးရိမ်နေဆဲ ဖြစ်သည်။

“ညသားရဲမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ သူက တာအိုနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်မှာပဲ ရှိပါသေးတယ်”

တုန်ကျိက ပြောလိုက်သည်။

“ငါက တာအိုနယ်ပယ် သတ္တမအဆင့်ကို ရောက်ထားတဲ့ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ပဲ။ သူ ငါ့ကို အနိုင်ယူဖို့ အခွင့်အရေး မရှိပါဘူး... မဟုတ်ရင် သူက အပြင်ဘက်က အဖွဲ့တွေကိုပဲ တိုက်ခိုက်နေမှာ မဟုတ်ဘဲ ငါတို့စခန်းကို တိုက်ရိုက် လာတိုက်မှာပေါ့”

တုန်ကျိ၏ စကားများက တရားခံမှာ ညသားရဲဖြစ်ကြောင်း တိုက်ရိုက်ယူဆလိုက်ခြင်းပင်။

တုန်ကျိ၏ စကားကြောင့် ကျန်းဟယ်နှင့် အခြားသူများမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ တုန်ကျိရှိနေသရွေ့ လူတိုင်း၏ ဘေးကင်းမှုအတွက် စိတ်ချနိုင်ပေသည်။

“ဒီလိုဆိုရင် အားလုံး စခန်းကို အရင်ဆုံး စောင့်ရှောက်ထားကြတာပေါ့”

သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။

“ငါတို့လူတွေ ပြန်ရောက်လာပြီး သဲလွန်စအချို့ ပေးနိုင်တဲ့အထိ စောင့်ကြည့်ကြတာပေါ့...”

ညသားရဲ ပေါ်လာနိုင်ခြေ ရှိကြောင်း အတည်ပြုပြီးနောက် သွမ့်ချောင်ဖုန်းသည် နိုးနိုးကြားကြား ရှိနေသကဲ့သို့ မျှော်လင့်ချက်များလည်း ပြည့်နှက်နေသည်။

ဤခရီးစဉ်၏ ပန်းတိုင်မှာ သူ့ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

သွမ့်ချောင်ဖုန်းက လူအုပ်ကို လူစုခွဲရန် ပြင်လိုက်စဉ်မှာပင် အစောင့်တစ်ဦးမှာ အပြေးအလွှား ရောက်လာသည်

“မင်းသားလေး”

အစောင့်က စိုးရိမ်တကြီး တင်ပြလိုက်သည်။

“အရှေ့ဘက်ကနေ သတင်းရထားပါတယ်၊ ပျောက်ဆုံးနေတဲ့လူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို တွေ့ထားရပြီတဲ့”

“ဘာ”

အခန်းအတွင်းရှိ လူများအားလုံး၏ အမူအရာများမှာ ပြောင်းလဲသွားတော့သည်။

‘သူတို့တွေက တကယ်ပဲ ဒီလောက်တောင် မြန်မြန်ဆန်ဆန် ရှာတွေ့လိုက်တာလား...’

ရွှီနင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ထိုလူများသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် မည်သည့်သဲလွန်စမှ မရှိခဲ့သဖြင့် သူတို့၏ ပိုင်ဆိုင်မှုတွေကို မည်သို့ ရှာတွေ့ခဲ့သနည်း။

All Chapters