← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇) - ညသားရဲ ပေါ်လာခြင်း

ထူးဆန်းသည့် ခံစားချက်ကို ရရှိနေသူမှာ ရွှီနင် တစ်ဦးတည်း မဟုတ်ပေ။ အခြားသူများလည်း ဝေခွဲမရ ဖြစ်နေကြသည်။

“သူတို့ ပျောက်သွားတုန်းက ဘာခြေရာလက်ရာမှ မကျန်ခဲ့ဘဲ အခု ရှာဖွေရေး စလိုက်ပြီဆိုတာနဲ့ သူတို့ ပစ္စည်းတွေကို ချက်ချင်း တွေ့လိုက်ရတယ်ဆိုတာက တိုက်ဆိုင်လွန်းမနေဘူးလား”

ကျန်းဟယ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ကျန်းဟယ် စကားပြောပြီးသောအခါ အခြားသူများအားလုံးမှာ တိတ်ဆိတ်သွားကြသည်။

“စီနီယာတုန်... ခင်ဗျားရော ဘယ်လို ထင်လဲ”

သွမ့်ချောင်ဖုန်းက တုန်ကျိကို လှမ်းမေးလိုက်သည်။

“ငါတို့ သွားကြည့်မှ ဖြစ်မယ်”

တုန်ကျိက ပြောလိုက်သည်။

“ဒါက သံသယဖြစ်စရာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငါတို့ကိုယ်တိုင် သွားကြည့်ရမယ်”

“ဘယ်သူ သွားမလဲ”

သွမ့်ချောင်ဖုန်းက ထပ်မေးလိုက်ပြန်သည်။

“ကျွန်တော် သွားမယ်”

ကျန်းဟယ်က ရှေ့ထွက်ကာ ဆန္ဒပြုလိုက်သည်။

“ဆရာတုန်ကလွဲရင် ဒီမှာ ကျွန်တော်က အသန်မာဆုံးပဲ”

ကျန်းဟယ်၏ စိတ်ထဲတွင် သွမ့်ချောင်ဖုန်း၏ ဘေးကင်းရေးမှာ ပထမဦးစားပေးဖြစ်ပြီး တုန်ကျိကမူ မင်းသားလေး၏ ဘေးကင်းရေးကို တာဝန်ယူရမည်ဟု ယူဆထားသည်။

သွမ့်ချောင်ဖုန်းသည် ခေတ္တမျှ စဉ်းစားလိုက်သည်။

“စီနီယာတုန်... ခင်ဗျား သွားလိုက်ပါ”

“ကျန်းဟယ်... မင်းက တာအိုနယ်ပယ်ရဲ့ အဆင့်မြင့်ပိုင်းကို မရောက်သေးဘူး။ တကယ်လို့ ပြဿနာ တစ်ခုခုနဲ့ တွေ့ရင် ဖြေရှင်းဖို့ ခက်လိမ့်မယ်”

သွမ့်ချောင်ဖုန်းသည် ကျန်းဟယ်၏ ဘေးကင်းရေးအတွက်လည်း စိုးရိမ်နေမိသည်။

“တကယ်လို့ ပျောက်ဆုံးသွားတဲ့လူတွေက ညသားရဲ တိုက်ခိုက်တာကို ခံလိုက်ရတာဆိုရင် အဲဒီ ညသားရဲက ဒီပစ္စည်းတွေနားမှာ ပုန်းနေနိုင်တယ်။ မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်တာတော့ သေချာတယ်”

ကျန်းဟယ်သည် သွမ့်ချောင်ဖုန်း၏ အယုံကြည်ရဆုံး လက်ရုံးဖြစ်ရာ သူ့နေရာတွင် မည်သူမျှ အစားမထိုးနိုင်ပေ။

“ဒါပေမဲ့ စီနီယာတုန် သွားရင် သခင်လေးရဲ့ ဘေးကင်းရေးက...”

ကျန်းဟယ်က ကျွန်းပေါ်တွင် လျှို့ဝှက်အန္တရာယ်တစ်ခု ရှိနေသည်ဟု ခံစားနေရသည်။

“ရပါတယ်”

သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။

“ငါလည်း စီနီယာတုန်နဲ့အတူ လိုက်သွားမယ်။ စီနီယာတုန် ငါ့ဘေးမှာ ရှိနေရင် ငါ့ဘေးကင်းရေးအတွက် စိုးရိမ်စရာ မလိုပါဘူး”

“ကိုယ်တိုင် သွားမလို့လား”

ကျန်းဟယ်က သူ့ကို တားရန် ပြင်လိုက်သည်။

တုန်ကျိမှာလည်း အနည်းငယ် သတိထားနေသည်။

“သိပ်ပြီး စိတ်မပူပါနဲ့၊ ငါကိုယ်တိုင်လည်း ညသားရဲကို ဖမ်းဆီးတဲ့နေရာမှာ ပါဝင်ချင်တာနဲ့ အတော်ပဲ”

သွမ့်ချောင်ဖုန်းသည် တုန်ကျိကို ကြည့်လိုက်ပြီး “စီနီယာတုန်၊ စီနီယာရဲ့ သဘောကရော”

“အဆင်ပြေပါတယ်။”

နောက်ဆုံးတွင် တုန်ကျိသည် ခေါင်းညိတ်လိုက်သည်။

“အန္တရာယ်တစ်ခုခုရှိရင် သခင်လေးကို ငါ့ရဲ့ ဟင်းလင်းပြင်လျှို့ဝှက်နေရာထဲ ထည့်လိုက်မယ်။ အရေးကြီးတဲ့အချိန်ရောက်ရင် သခင်လေးကို တိုက်ရိုက်ခေါ်သွားလို့ရတယ်။”

သွမ့်ချောင်ဖုန်းနှင့် တုန်ကျိတို့ သဘောတူလိုက်ပြီဖြစ်ရာ အခြားသစ္စာရှိ လက်အောက်ငယ်သားများမှာလည်း နောက်မှ လိုက်ကြရတော့သည်။

မင်းသားလေးကိုယ်တိုင် ရှေ့တန်းသို့ သွားနေချိန်တွင် သူတို့မှာ နောက်တန်း၌ အနားယူမနေနိုင်ကြပေ။

“သွားကြစို့”

သွမ့်ချောင်ဖုန်းက အမိန့်ပေးလိုက်သည်။

ရွှီနင် အပါအဝင် လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

“သခင်လေး... ဒီမှာပါ”

အစောင့်များသည် အဖွဲ့ကို ပေါင်းပင်များ ထူထပ်သော နေရာတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။

‘တကယ့်ကို ခြောက်ကပ်တဲ့ ခံစားချက်ပါလား...’

ရွှီနင် ကြည့်လိုက်ရာ လေထဲတွင် ယိမ်းနွဲ့နေလျက်ရှိသည့် တစ်ပေခွဲခန့်မြင့်သော ပေါင်းပင်များကို တွေ့လိုက်ရသည်။

ဤကျွန်းပေါ်တွင် မိစ္ဆာသားရဲများစွာ မရှိသော်လည်း ၎င်းတို့၏ အဆင့်အတန်းမှာ မြင့်မားလှပြီး အပင်များ၏ ရှင်သန်နိုင်စွမ်းမှာလည်း အလွန်အားကောင်းလှသည်။ ထို့ကြောင့် ဤမျှ အသက်မဲ့နေသော မြေကွက်လပ်မျိုးကို တွေ့ရခဲလှပေသည်။

“ဒါက ကျွန်တော်တို့ အိမ်တော်အစောင့်တွေရဲ့ ဓားသွားပဲ”

ပျောက်ဆုံးနေသော ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သော အစောင့်က ၎င်းတို့ကို ညွှန်ပြလိုက်သည်။

“ဒါ့အပြင် သားရဲထိန်းချုပ်သူတွေ ပျောက်ဆုံးသွားတဲ့ ဆေးပုလင်းတွေလည်း ရှိသေးတယ်”

ထင်ထားသည့်အတိုင်းပင် ပစ္စည်းများသည် အနီးအနား၌ ပြန့်ကျဲနေလေသည်။

“ဒီပစ္စည်းတွေက မရည်ရွယ်ဘဲ ပျောက်ဆုံးသွားတာမျိုး မဟုတ်ဘူး”

ကျန်းဟယ်က ပြောလိုက်သည်။

“ဒါက တမင်တကာ ပစ်ချထားခဲ့တဲ့ ပုံစံမျိုးပဲ”

“မှန်တယ်”

ရွှီနင်က ထောက်ခံလိုက်သည်။

“သတိထားကြ”

တုန်ကျိက သတိပေးလိုက်သည်။

“ဒီပစ္စည်းတွေက ငါတို့ကို ဒီနေရာရောက်အောင် ဆွဲဆောင်တဲ့ သားကောင်အဖြစ် အသုံးပြုထားတာလို့ ငါ ခံစားနေရတယ်”

တုန်ကျိ၏ စကားကြောင့် လူတိုင်းမှာ တူညီသော ခံစားချက်မျိုး ခံစားလိုက်ရသည်။ အခြားခြေရာလက်ရာများကို ရှာဖွေရန် ပြင်လိုက်ချိန်မှာပင်။

လွင်ပြင်၏ အခြားတစ်ဖက်မှ လူအုပ်စုတစ်စုသည်လည်း ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

ရွှီနင်သည် အဖွဲ့၏ ရှေ့ဆုံးတွင် ရွှယ်ကျင်ဟွားကို မြင်လိုက်ရသည်။

“ဟမ်...”

သွမ့်ချောင်ဖုန်းက အဝေးသို့ လှမ်းကြည့်လိုက်ရာ လူအုပ်ထဲတွင် မင်းသမီးမော့လန်ကို တွေ့လိုက်ရသည်။

“မော့လန်လည်း ဒီရောက်နေတာလား...”

သွမ့်ချောင်ဖုန်း မျက်ခုံးပင့်လိုက်မိသည်။

“သူတို့လည်း ငါတို့လိုပဲ ညသားရဲ ပေါ်လာပြီလို့ သံသယရှိပြီး ဖမ်းဖို့အတွက် သူတို့ရဲ့ အထူးချွန်ဆုံးလူတွေကို လွှတ်လိုက်တာများလား”

“သခင်လေး... ပျောက်ဆုံးနေတဲ့သူတွေရဲ့ ခြေရာကို ရှာနေတုန်းက မင်းသမီးမော့လန်ရဲ့ လူတွေနဲ့ ဒီမှာ ဆုံခဲ့သေးတယ်။ သူတို့လည်း သူတို့ရဲ့ ပျောက်ဆုံးနေတဲ့လူတွေကို လိုက်ရှာနေကြတာပါ”

အစောပိုင်းတွင် ရှာဖွေရေးသွားခဲ့သော အစောင့်က သွမ့်ချောင်ဖုန်းကို လျှောက်တင်လိုက်သည်။

“အဲဒီလိုလား...”

သွမ့်ချောင်ဖုန်း ခေါင်းညိတ်လိုက်သည်။

သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေပေသည်။

မော့လန်သည်လည်း ပျောက်ဆုံးနေသောသူများသည် ညသားရဲ၏ တိုက်ခိုက်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။

“သွမ့်ချောင်ဖုန်း”

အခြားတစ်ဖက်တွင် မော့လန်သည်လည်း ယဲ့ဘုရင်ခံအိမ်တော်မှ လူများကို သတိထားမိသွားသည်။

သွမ့်ချောင်ဖုန်းက မော့လန်ကို ဂရုမစိုက်ရန် ပြင်လိုက်သော်လည်း မော့လန်ကမူ ဦးစွာ လျှောက်လာခဲ့လေသည်။

‘ဒါဆို ဒါက မင်းသမီးမော့လန်ပေါ့...’

ရွှီနင်သည် အမျိုးသားဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးကို ကြည့်ကာ တွေးလိုက်မိသည်။

‘သွမ့်ချောင်ဖုန်းလိုပဲ သူမမှာလည်း အထက်တန်းဆန်တဲ့ အငွေ့အသက်တွေ ရှိနေတာပဲ။ သူမက တကယ်ကို တော်ဝင်မိသားစုဝင် တစ်ယောက်ပဲ’

“မတွေ့တာ နှစ်အတော်ကြာပြီ ဖြစ်ပေမဲ့ ရှင်ကတော့ အရင်အတိုင်းပါပဲလား”

မော့လန်၏ စကားမှာ ရိုးရိုးတန်းတန်း စကားပြောဆိုခြင်းဟု ထင်ရသော်လည်း သူမ၏ လေသံမှာ အနည်းငယ် ရန်လိုနေပေသည်။

“စကားတွေ အရှည်ကြီး ပြောနေစရာ မလိုပါဘူး။ ငါတို့အားလုံး ဒီကို ရောက်နေတာ ညသားရဲအတွက်ပဲ မဟုတ်လား”

သွမ့်ချောင်ဖုန်းမှာ မော့လန်နှင့် အပိုစကားပြောရန် အစီအစဉ်မရှိပေ။

မော့လန်က သိပ်ဂရုမစိုက်ဟန်ဖြင့် အသာအယာ ပြုံးလိုက်သည်။

“သွမ့်ချောင်ဖုန်း... ငါတို့ရဲ့ ခန့်မှန်းချက်အရ ညသားရဲက အနီးအနားမှာပဲ ရှိနေလိမ့်မယ်”

မော့လန်သည် ညသားရဲအကြောင်း ပိုမိုနက်ရှိုင်းစွာ သိရှိထားပုံရသည်။

“ငါတို့ ဒီကျွန်းပေါ်ကို စခြေချကတည်းက ညသားရဲက ငါတို့ကို ပစ်မှတ်ထားပြီးသားလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ညသားရဲက အင်မတန် ဉာဏ်ကောင်းသလို လက်စားချေတတ်ပြီး အရမ်းကို နိုးနိုးကြားကြား ရှိတာ။ အဲဒါကြောင့် ငါတို့ရဲ့ လွန်ခဲ့တဲ့ နှစ်ရက်က လှုပ်ရှားမှုတွေကို ညသားရဲက သတိထားမိသွားပြီး ငါတို့ရဲ့ ရန်လိုမှုကို ခံစားမိသွားလို့ ငါတို့ကို အလစ်ဝင်တိုက်တာ ဖြစ်ရမယ်”

“မင်းက ဒါတွေကို ဘာလို့ ငါ့ကို လာပြောနေတာလဲ။ ငါတို့ အတူတူ ပူးပေါင်းဖို့ မျှော်လင့်နေတာလား”

သွမ့်ချောင်ဖုန်းက မော့လန်ကို အားနာခြင်းမရှိဘဲ မေးလိုက်သည်။

“မဟာမိတ်ဖွဲ့ဖို့အထိတော့ ငါ မရည်ရွယ်ပါဘူး။ ငါတို့က တော်ဝင်မိသားစုဝင်တွေ ဖြစ်နေကြတော့ အချင်းချင်း ပြဿနာမဖြစ်စေချင်ရုံပါ။ ပြီးတော့ ရှင် ဒီမှာ အန္တရာယ်ဖြစ်မှာကိုလည်း ငါ မလိုလားဘူး”

မော့လန်၏ စကားမှာ အတော်လေး ယဉ်ကျေးနေသော်လည်း သွမ့်ချောင်ဖုန်းကမူ နှာခေါင်းရှုံ့ကာ သူမကို လျစ်လျူရှုလိုက်လေသည်။

“ယဲ့ဘုရင်ခံအိမ်တော်က လူတွေ... အနီးနားမှာ ညသားရဲရဲ့ ခြေရာတွေကို ရှာကြ”

သွမ့်ချောင်ဖုန်းက လှည့်ထွက်ကာ အခြားသူများကို အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ယဲ့ဘုရင်ခံအိမ်တော်မှ လူများသည် အခြားသူများနှင့် ခွဲထွက်ကာ သူတို့၏ အလုပ်များကို စတင်လုပ်ဆောင်ကြလေသည်။

“နော့ဘုရင်ခံအိမ်တော်က လူတွေလည်း စလိုက်ကြစို့”

သွမ့်ချောင်ဖုန်း၏ လျစ်လျူရှုမှုကို မြင်သောအခါ မော့လန် ခေါင်းယမ်းလိုက်ပြီး သူမ၏ လူများကို ပြောလိုက်သည်။ ဤသို့ဖြင့် နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် သတိထားရင်း သီးခြားစီ ရှာဖွေနေကြတော့သည်။

အဝေးမှ တောင်ကုန်းတစ်ခုပေါ်တွင်…

လူရိပ်အချို့သည် သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

“ဆရာချူဟယ့်... ခင်ဗျားရဲ့ အရှိန်အဝါဖုံးကွယ်ခြင်း လျှို့ဝှက်ရတနာက တကယ်ကို စွမ်းတာပဲ”

လျဲ့ယင်းက စကားပြောလိုက်ခြင်း ဖြစ်သည်။

ဤသူများသည် အဖွဲ့နှစ်ဖွဲ့လုံးနှင့်အတူ ကျွန်းသို့ တစ်ချိန်တည်း ရောက်ရှိလာခဲ့သော မီးခိုးရောင်ဝတ်ရုံဝတ် လူများပင် ဖြစ်သည်။

သူတို့မှာ ကျွန်းစုသို့ ရောက်ပြီး မကြာမီမှာပင် ယဲ့ဘုရင်ခံအိမ်တော်နှင့် မော့လန်တို့၏ အင်အားစုများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်လုံး၏ ရည်မှန်းချက်မှာ သူတို့ကဲ့သို့ပင် ညသားရဲကို ရှာဖွေရန်ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။

သို့သော် ပြိုင်ဘက်များ၏ သရုပ်မှန်ကို သိရှိသော်လည်း ဤမီးခိုးရောင်ဝတ်ရုံဝတ် လူများသည် အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ခွန်အားမှာလည်း အားနည်းလှသည် မဟုတ်သောကြောင့်ဖြစ်သည်။

သူတို့၏ ခေါင်းဆောင်ဖြစ်သူ ဆရာချူဟယ့်မှာ တာအိုနယ်ပယ်၏ အဆင့်မြင့်ပိုင်း ကျွမ်းကျင်သူ တစ်ဦးပင် ဖြစ်ပေသည်။

သားရဲထိန်းချုပ်သူလျဲ့ယင်း အပါအဝင် ကျန်လူအားလုံးမှာလည်း တာအိုနယ်ပယ် ဆဌမအဆင့် သို့မဟုတ် ပဉ္စမအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သို့သော် ဤကဲ့သို့သော ခွန်အားမျိုး ရှိနေသည့်တိုင် ညသားရဲကို ရှာဖွေရာတွင် သူတို့မှာ အလွန်သတိထားကြလေသည်။

လှုပ်ရှားသည့် အချိန်တိုင်းတွင် ချူဟယ့်မှ ကိုယ်တိုင် ဦးဆောင်ကာ အရှိန်အဝါဖုံးကွယ်ခြင်း လျှို့ဝှက်ရတနာကို အသုံးပြု၍ သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်ထားကြလေသည်။

ထို့ကြောင့် သွမ့်ချောင်ဖုန်း၏ အဖွဲ့နှင့် မင်းသမီးမော့လန်၏ အဖွဲ့တို့သည် သူတို့၏ အနီးအနားတွင် အစွမ်းထက်ပြီး စိတ်ရှည်လှသော ပြိုင်ဘက်တစ်ဦး ရှိနေသည်ကို သတိမပြုမိကြခြင်း ဖြစ်သည်။

“လျဲ့ယင်း... ညသားရဲ တကယ် ပေါ်လာလိမ့်မယ်လို့ မင်း သေချာလား”

ချူဟယ့်သည် သူ့ဘေးရှိ လျဲ့ယင်းကို လှမ်းမေးလိုက်သည်။

“ဖြစ်နိုင်ချေ အတော်လေး များပါတယ်”

လျဲ့ယင်းက ပြန်ဖြေလိုက်သည်။

“သူတို့ရဲ့ လူတွေ ပျောက်ဆုံးသွားတာက ညသားရဲကြောင့် ဖြစ်ဖို့ များတယ်။ ညသားရဲက လက်စားချေတတ်သလို သူ့ကို ခြိမ်းခြောက်နိုင်တဲ့ ဘယ်သူ့ကိုမဆို သနားညှာတာမှာ မဟုတ်ဘူး”

ချူဟယ့် ခေါင်းညိတ်လိုက်သည်။ သားရဲထိန်းချုပ်သူ ဖြစ်သည့် လျဲ့ယင်း၏ စကားကို သူ ယုံကြည်ပေသည်။

“ဒါပေမဲ့ ငါ နားမလည်တာ တစ်ခုရှိတယ်”

လျဲ့ယင်းက ပြောလိုက်သည်။

“ဒီလူအုပ်စု နှစ်စုလုံးကို ဒီနေရာရောက်အောင် တမင်ဆွဲဆောင်ထားတာ သိသာတယ်။ ညဉ့်သားရဲက တာအိုနယ်ပယ် အလယ်အလတ်အဆင့်မှာပဲ ရှိတာလေ။ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ ရန်သူအားလုံးကို တစ်ခါတည်း ရှင်းထုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“စောင့်ကြည့်ကြတာပေါ့”

ချူဟယ့်က ပြောလိုက်သည်။

“ညသားရဲ ပေါ်လာတာနဲ့ နှစ်ဖက်လုံးက သေချာပေါက် အပြိုင်အဆိုင် ဖမ်းကြလိမ့်မယ်။ အဲဒီအချိန်ကျမှ ငါတို့က ပရမ်းပတာ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ညသားရဲကို လုယူကြမယ်”

“အင်း...”

လျဲ့ယင်း ခေါင်းညိတ်လိုက်လေသည်။

ဤအချိန်တွင် သွမ့်ချောင်ဖုန်း၏ အဖွဲ့နှင့် မော့လန်၏ အဖွဲ့တို့သည် လွင်ပြင်အတွင်း လှည့်လည်သွားလာနေကြဆဲ ဖြစ်သည်။

ရုတ်တရက်…

ထူးဆန်းသော အသံတစ်ခုသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။

ထိုအသံသည် တိုးညင်းသော်လည်း စွဲမက်ဖွယ် စွမ်းအားတစ်ခု ပါဝင်နေပြီး လူတို့၏ စိတ်ခံစားချက်ကို မှောင်မိုက်သွားစေသည်။။

‘ဘာတွေ ဖြစ်နေတာလဲ’

ရွှီနင်မှာ ရုတ်တရက် အန္တရာယ်ရှိသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

ရှူး...

အနက်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး လွင်ပြင်အတွင်း မီတာတစ်ထောင် ပတ်လည်အထိ ပြန့်နှံ့သွားလေသည်။

ထိုအနက်ရောင် အလင်းတန်းသည် သွမ့်ချောင်ဖုန်းနှင့် မော့လန်တို့၏ လူများအားလုံးကို လွှမ်းခြုံသွားတော့သည်။

‘မကောင်းတော့ဘူး’

တုန်ကျိ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

“သခင်လေး... သွားတော့”

တုန်ကျိသည် အခြားသူများကို ဂရုမစိုက်နိုင်တော့ဘဲ သွမ့်ချောင်ဖုန်း၏ ပခုံးကို ဆွဲကာ အနက်ရောင်အလင်းတန်းအပြင်ဘက်သို့ ခေါ်ထုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် သူသည် အနက်ရောင်အလင်းတန်း၏ အနားသတ်သို့ ရောက်သောအခါ တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်ရသော အလင်းကာရံတစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာပြီး အပေါ်သို့ ကွေးတက်ကာ အမိုးပုံစံဖြစ်သို့ပြောင်းလဲသွားပြီး နေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်လေသည်။

“ဟား”

တုန်ကျိ၏ လက်မှ လက်သီးအလင်းတန်းများ ပေါ်ထွက်လာပြီး အနက်ရောင် အလင်းကာရံကို ထိုးနှက်လိုက်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

အနက်ရောင် အလင်းကန့်လန့်ကာပေါ်တွင် လှိုင်းအနည်းငယ်သာ ဖြစ်ပေါ်သွားပြီး မည်သည့် အက်ကြောင်းမှ ပေါ်မလာပေ။

“ငါတို့ ပိတ်မိနေပြီ”

တုန်ကျိပင် အနက်ရောင် အလင်းကန့်လန့်ကာအား မဖျက်ဆီးနိုင်သည်ကို ရွှီနင် မြင်လိုက်ရသည်။

အကယ်၍ တုန်ကျိပင် မလွတ်မြောက်နိုင်ပါက သူသည်လည်း သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

“မင်းသမီး... ကျွန်မတို့ ပိတ်မိနေပြီ”

အခြားတစ်ဖက်တွင် ရွှယ်ကျင်ဟွားသည်လည်း ထိတ်လန့်သွားပြီး မော့လန်ကို သူမ၏ ဘေးတွင် ကာကွယ်ထားလိုက်သည်။

“အားလုံး ဒီကိုလာကြ”

တုန်ကျိသည် ယဲ့ဘုရင်ခံအိမ်တော်မှ လူများအား စုစည်းကာ အင်အားစုလိုက်သည်။ ရွှီနင်သည်လည်း သူတို့နောက်သို့ လိုက်သွားလိုက်သည်။

“ဟိုမှာ ကြည့်လိုက်ဦး”

တစ်စုံတစ်ယောက်သည် ရုတ်တရက် လေထဲသို့ ညွှန်ပြလိုက်သည်။

ပျံသန်းနေသော အနက်ရောင် အရိပ်တစ်ခုသည် အနက်ရောင် အလင်းတန်း၏ အပြင်ဘက်မှ တဖြည်းဖြည်း ဆင်းသက်လာပြီး အနက်ရောင် အလင်းကန့်လန့်ကာကို ဖြတ်ကျော်ကာ ဝင်ရောက်လာသည်။

၎င်းသည် ဆယ်မီတာကျော် ရှည်လျားပြီး အနက်ရောင် အင်းဆက်ကဲ့သို့ ရှည်းလျားသော ခြေထောက် တစ်ဒါဇင်ကျော်ပါရှိသည့် သားရဲကြီး တစ်ကောင် ဖြစ်ပေသည်။

၎င်း၏ ဦးခေါင်းမှာ တြိဂံပုံသဏ္ဌာန်ရှိပြီး အပေါ်တွင် ဆူးချွန်တစ်ခု ပါရှိလေသည်။ မှိန်ပြပြ အပြာရောင် မျက်လုံးများက အေးစက်သော အကြည့်များကို ထုတ်လွှတ်နေကာ အနက်ရောင် လေစီးကြောင်းများသည်လည်း ၎င်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝဲပျံနေကြသည်။

“ညသားရဲ”

ထိုခဏ၌ လူတိုင်း၏ နှလုံးသားများမှာ တုန်လှုပ်သွားကြလေတော့သည်။

အခန်း (၂၆၈) - နစ်မြုပ်သွားခြင်းနှင့် သွမ့်ချောင်ဖုန်း၏ စိတ်လှုပ်ရှားမှု

“ညသားရဲကြီး တကယ်ပေါ်လာပြီပဲ။ ဒါပေမဲ့…”

အနက်ရောင်အလင်းတန်းနယ်မြေအပြင်ဘက်တွင် ချူဟယ့်၊ လျဲ့ယင်းနှင့် အခြားသူများမှာ အတွင်းဘက်သို့ အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

သူတို့သည် အနက်ရောင်အလင်းကန့်လန့်ကာ၏ အစွန်းနှင့် သိပ်မဝေးလှချေ။

အကယ်၍ သူတို့သာ အနည်းငယ် ပိုနီးကပ်နေခဲ့ပါက ထိုအနက်ရောင်အလင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရပေလိမ့်မည်။

“ဒီညဉ့်သားရဲက တာအိုနယ်ပယ် အလယ်အလတ်အဆင့်မှာ မဟုတ်ဘူး၊ တာအိုနယ်ပယ် အဆင့်မြင့်အဆင့်မှာ ရှိနေတာပဲ”

ချူဟယ့်၏မျက်နှာတွင် အံ့အားသင့်နေဟန်များ ပေါ်လွင်နေလေသည်။

ညသားရဲပေါ်လာသည့် သတင်းကို သူကြားရသည့်အခါတွင် သတင်းရင်းမြစ်များမှာ ၎င်းအား တာအိုနယ်ပယ် အလယ်အလတ်အဆင့် သားရဲဟု ဖော်ပြခဲ့ကြသည်။

သို့သော် ယခုမူ ထိုသတင်းမှာ မှားယွင်းနေပုံရချေပြီ။ သို့မဟုတ် ထိုသတင်းများ ပျံ့နှံ့သွားပြီးနောက်မှ ညသားရဲသည် တာအိုနယ်ပယ် အဆင့်မြင့်အဆင့်သို့ အဆင့်တက်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ညသားရဲအား ဖမ်းဆီးလိုသူများအတွက်မူ သတင်းကောင်းမဟုတ်သည်မှာ အသေအချာပင်။

“တာအိုနယ်ပယ် အဆင့်မြင့် ညသားရဲတစ်ကောင်က သူ့ရဲ့အမြင့်ဆုံးစွမ်းအင်အထိ အပြည့်အဝ မရင့်ကျက်သေးဘူးဆိုပေမဲ့ အရွယ်ရောက်နေတဲ့ သားရဲတစ်ကောင် ဖြစ်နေပြီလေ… အရွယ်ရောက်နေတဲ့ ညသားရဲတစ်ကောင်က သူ့ရဲ့နယ်ပယ်အဆင့်မြင့်မားမှုကြောင့်တင် ကြောက်စရာကောင်းတာမဟုတ်ဘဲ သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေကြောင့်လည်း ပါတာပေါ့။ ဥပမာအနေနဲ့ ရှေ့မှာရှိနေတဲ့ ဒီအနက်ရောင်အလင်းတန်းထဲကိုသာ တစ်ခါရောက်သွားပြီဆိုရင် အပြင်ပြန်ထွက်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်…။ ထိပ်တန်းမိစ္ဆာသားရဲတစ်ကောင်ဖြစ်တဲ့အတွက် လူသားသိုင်းပညာရှင်ပဲဖြစ်ဖြစ်၊ တခြားမိစ္ဆာသားရဲပဲဖြစ်ဖြစ် ဒီညသားရဲနဲ့ နယ်ပယ်အဆင့်တူနေရင်တောင် သူ့ရဲ့ပြိုင်ဘက် ဖြစ်လာမှာမဟုတ်ဘူး…”

ချူဟယ့်၏မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်နေသော်လည်း အနည်းငယ် ကံကောင်းသည်ဟုလည်း ခံစားနေရသည်။

အကယ်၍ သူ့ထံတွင် ကိုယ်ပိုင်အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်သည့် ရတနာတစ်ခုသာ မရှိခဲ့ပါက ညသားရဲ၏ ရှာဖွေတွေ့ရှိခြင်းကို သေချာပေါက် ခံလိုက်ရပေလိမ့်မည်။

“သခင်လေးချူဟယ့်၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

ထိုစဉ် အခြားမီးခိုးရောင်ဝတ်ရုံရှင်တစ်ဦးသည် ချူဟယ့်အား မေးလိုက်လေသည်။

“ဒီနေရာကနေ ထွက်ခွာသွားကြမလား”

ချူဟယ့်မှာ တစ်စုံတစ်ခုအား စဉ်းစားချင့်ချိန်နေသည့်အလား မျက်မှောင်ကြုံ့လိုက်သည်။

“ခဏလောက် စောင့်ကြည့်ရအောင်”

ချူဟယ့်က ဆက်ပြောလိုက်သည်။

“ငါတို့ဘက်က ဘာမှစမလုပ်သရွေ့ ညသားရဲက ငါတို့ကို သတိထားမိမှာမဟုတ်ဘူး။ ဟိုအဖွဲ့နှစ်ဖွဲ့ကသာ ညသားရဲကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ရင် ငါတို့အတွက် အခွင့်အရေးတစ်ခု ရလာနိုင်သေးတယ်။ သူတို့မလုပ်နိုင်ခဲ့ရင်တောင်မှ ငါတို့ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်ပြီး အချိန်မရွေး ထွက်သွားလို့ရတယ်လေ”

ထို့နောက် လူအနည်းငယ်က အနက်ရောင်အလင်းများ ဖုံးလွှမ်းနေသော နေရာသို့ လှမ်းကြည့်လိုက်ကြသည်။

“ဒီညသားရဲက တာအိုနယ်ပယ် အဆင့်မြင့်မှာ ရှိနေတာပဲ”

အနက်ရောင်အလင်းတန်းအတွင်းတွင် အသန်မာဆုံးဖြစ်ကြသော တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့မှာ ညသားရဲ၏အစွမ်းကို ပထမဆုံး အာရုံခံမိလိုက်ကြလေသည်။

“သတင်းအချက်အလက်တွေမှာ အမှားအယွင်းရှိနေတာလား၊ ဒါမှမဟုတ် ညသားရဲက မကြာသေးခင်ကမှ အဆင့်တက်သွားတာလား”

တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့ နှစ်ဦးလုံးသည် ညဉ့်သားရဲကို ကြည့်ပြီးနောက် ပြင်းထန်သော မသက်မသာဖြစ်မှုကို ခံစားလိုက်ကြရသည်။

“စီနီယာတုန်ကျိ၊ အရှင်မင်းသားကို ဟင်းလင်ပြင်လျှို့ဝှက်ရတနာထဲ ဝင်ခိုင်းလိုက်ပါ”

ကျန်းဟယ်က စိုးရိမ်တကြီး သတိပေးလိုက်သည်။

တုန်ကျိသည်လည်း ချက်ချင်းပင် သူ၏ ဟင်းလင်းပြင်လျှို့ဝှက်ရတနာကို အသက်သွင်းလိုက်လေသည်။

သို့သော် တုန်ကျိ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။

“ဒုက္ခပဲ”

“ဘာဖြစ်လို့လဲ စီနီယာတုန်ကျိ”

ကျန်းဟယ်က အလျင်အမြန် မေးလိုက်သည်။

“ဒီအနက်ရောင်အလင်းတန်းက ညသားရဲ ဖန်တီးထားတဲ့ ယာယီသီးခြားဟင်းလင်းပြင်တစ်ခု ဖြစ်နေတယ်”

တုန်ကျိ၏မျက်နှာမှာ အလွန်ဆိုးရွားသွားတော့သည်။

အကယ်၍ သူသာ သွမ့်ချောင်ဖုန်းအား ဟင်းလင်းပြင်လျှို့ဝှက်ရတနာအတွင်းသို့ ထည့်မထားနိုင်ပါက မင်းသားမှာ ဒဏ်ရာရနိုင်ခြေ သို့မဟုတ် သေဆုံးနိုင်ခြေ အလွန်မြင့်မားသွားပေလိမ့်မည်။

‘ယာယီသီးခြားဟင်းလင်းပြင် ဟုတ်လား’

ရွှီနင် အလွန်တုန်လှုပ်သွားရသည်။

သူကိုယ်တိုင်သည်လည်း စမ်းသပ်ကြည့်လိုက်ရာ လကွယ်ပုတီးစေ့အတွင်းသို့ ပုန်းခို၍မရကြောင်း တွေ့ရှိလိုက်ရသည်။

အခြားသော သီးခြားဟင်းလင်းပြင်များမှ ထွက်လာ၍ရသော်လည်း ထိုနေရာသို့ ဝင်ရောက်၍မရနိုင်ပေ။

‘ကြည့်ရတာ ပြဿနာတော့ တက်တော့မယ်ထင်တယ်...’

ရွှီနင်သည် ချင်းယင်ဝံပုလွေဓားကို ထုတ်ယူကာ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်လေသည်။

ရွှီနင်သည် ညသားရဲနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေရသော်လည်း သူ၏ဖိအားကို ခုခံနိုင်စွမ်းကား မရှိသေးချေ။

“ကျန်းဟယ်”

တုန်ကျိက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“မင်းသားလေးကို ကာကွယ်”

“ကောင်းပါပြီ”

ကျန်းဟယ်သည် သွမ့်ချောင်ဖုန်းကို သူ၏အနောက်ဘက်တွင် ထားရှိလိုက်သည်။

“ရွှယ်ကျင်ဟွား”

ထို့နောက် တုန်ကျိသည် လက်တစ်ဖျစ်အတွင်း ရွှယ်ကျင်ဟွားရှေ့သို့ ရောက်ရှိသွားကာ မင်းသမီး မော့လန်ကို ကာကွယ်ပေးလိုက်လေသည်။

“အခု အခြေအနေက အလွန်အရေးကြီးနေပြီ။ ငါတို့ရဲ့ အမြင်မတူမှုတွေကို ဘေးဖယ်ထားပြီး ဒီညသားရဲကို ဖြေရှင်းဖို့ ပူးပေါင်းရလိမ့်မယ်”

တုန်ကျိက ပူးပေါင်းရန် ဦးဆောင်ကမ်းလှမ်းလိုက်သည်။

“ကောင်းပြီလေ”

ရွှယ်ကျင်ဟွားက ချက်ချင်း သဘောတူလိုက်သည်။

“အစောင့်တွေ၊ အရှင်မင်းသမီးကို သေချာစောင့်ရှောက်ကြ”

“ဟုတ်ကဲ့ပါ”

ချန်ယွီမော်နှင့် လျန်ထင်အန် အပါအဝင် တာအိုနယ်ပယ် အလယ်အလတ်အဆင့် သိုင်းပညာရှင်အချို့သည် မော့လန်ကို ဝိုင်းရံကာကွယ်လိုက်ကြသည်။

အကယ်၍ မော့လန်သာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက ဤအနက်ရောင်အလင်းတန်းမှ လွတ်မြောက်သွားနိုင်လျှင်တောင် သူတို့၏ အနာဂတ်မှာ အလွန်ဆိုးရွားသွားမည်ဖြစ်ကြောင်း သိထားကြသည်။

ဟီး... ဟီး... ဟီး...

ရုတ်တရက် ညသားရဲ၏လည်ချောင်းထဲမှ ထူးဆန်းသောအသံများ ထွက်ပေါ်လာလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ၎င်း၏ပတ်လည်ရှိ အနက်ရောင်မြူခိုးများသည် စတင်ပျံ့နှံ့လာပြီး နောက်ဆုံးတွင် သိပ်သည်းလာကာ ဓားဝှေ့ယမ်းနေသော ပိုးကောင်မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တစ်ချိန်တည်းမှာပင် ထိုနေရာရှိ လူတိုင်းသည် သူတို့၏အမြင်အာရုံများမှာ တဖြည်းဖြည်း မည်းမှောင်လာသည်ကို ခံစားလိုက်ကြရ၏။

ဤအနက်ရောင်အလင်းတန်းထဲတွင် အားအနည်းဆုံးသူများမှာ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြရာ သူတို့၏အမြင်အာရုံ ပိတ်ဆို့ခံရသည့် ခံစားချက်မျိုးကို မကြုံတွေ့ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။

အားနည်းသူဖြစ်လေလေ၊ သူတို့မျက်စိရှေ့မှ အမှောင်ထုသည် ပိုမိုမြန်ဆန်စွာ ပျံ့နှံ့လေလေ ဖြစ်သည်။

ရွှီး...

အနက်ရောင်မြူခိုးများဖြင့် ဖွဲ့စည်းထားသော ပိုးကောင်ပုံစံ မိစ္ဆာသားရဲများသည် အနက်ရောင်အလင်းထဲရှိ လူအုပ်ကြီးဆီသို့ ပြေးဝင်လာကြလေသည်။

“အရှင်မင်းသားကို ကာကွယ်ကြ”

ကျန်းဟယ်က အော်ဟစ်လိုက်သည်။

အစောင့်များနှင့် ယုံကြည်ရသော လက်ထောက်များစွာသည် သွမ့်ချောင်ဖုန်း၏ ပတ်လည်တွင် စုရုံးလာကြသည်။

အခြားတစ်ဖက်တွင်လည်း မော့လန်ကို အထူးစောင့်ရှောက်ပေးထားလေသည်။

သို့သော် လူတိုင်းသည် မင်းသားနှင့် မင်းသမီးကို ကာကွယ်လိုသော်လည်း အချို့မှာမူ ထိုသို့လုပ်ဆောင်ရန် ခွန်အားမရှိကြချေ။

အကြောင်းမှာ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်အများစု၏ အမြင်အာရုံများသည် အမှောင်ထုထဲတွင် လုံးဝမြုပ်နှံသွားခဲ့ပြီး သူတို့၏ အသံများလည်း ဆုံးရှုံးသွားသောကြောင့် ဖြစ်သည်။

‘ငါတို့ရဲ့ အာရုံခံစားနိုင်စွမ်းက အရမ်းကို ထိခိုက်သွားပြီပဲ’

ရွှီနင်သည် နက်ရှိုင်းသောအခြေခံနှင့် ကြီးမားသောခွန်အားများကို ပိုင်ဆိုင်ထားသူဖြစ်သည်။

သူသည် ထိခိုက်မှုရှိခဲ့သော်လည်း သူ၏အာရုံခံနိုင်စွမ်းမှာ လုံးဝပျောက်ဆုံးသွားခြင်းတော့ မရှိသေးပေ။

‘ဒီနှောင့်ယှက်မှုတွေကို အချိန်တိုင်း ခုခံနေရမယ်။ ငါ့ရဲ့အာရုံခံနိုင်စွမ်းသာ လုံးဝဆုံးရှုံးသွားရင်တော့ ငါတကယ် ဒုက္ခရောက်တော့မှာပဲ’

သူ့ဆီသို့ ပျံသန်းလာသော ပိုးကောင်များကို ကြည့်ရင်း ရွှီနင်သည် ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်လေသည်။

ဘုန်း…ဘုန်း…ဘုန်း…

ပိုးကောင်မိစ္ဆာအုပ်ကြီးသည် သူ့ဆီသို့ ပြေးဝင်လာကြသည်။

ရွှီနင် ရှေ့သို့တစ်လှမ်းတိုးကာ ပိုးကောင်မိစ္ဆာအချို့ကို မီးခိုးငွေ့အဖြစ်သို့ ချေမှုန်းပစ်လိုက်သည်။

သူ၊ ကျန်းဟယ်နှင့် မင်းသား၏ အခြားယုံကြည်ရသော လက်ထောက်သုံးဦးတို့သည် သွမ့်ချောင်ဖုန်းအား အထိအခိုက်မရှိစေရန် ဝိုင်းရံကာကွယ်ထားလိုက်ကြသည်။

“အရှင်မင်းသား၊ အဆင်ပြေရဲ့လား”

ကျန်းဟယ်က သွမ့်ချောင်ဖုန်းကို မေးလိုက်သည်။

“ငါ့ရဲ့ အာရုံခံနိုင်စွမ်းက နည်းနည်းလေး ထိခိုက်သွားပေမဲ့ ပြဿနာမရှိပါဘူး”

သွမ့်ချောင်ဖုန်းသည်လည်း ထိုနှောင့်ယှက်မှုများကို ခုခံရန် အစွမ်းကုန် ကြိုးစားနေလေသည်။

“တော်သေးတာပေါ့”

ကျန်းဟယ် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

“ဒါပေမဲ့ အရှင်မင်းသားက သတိထားရဦးမယ်နော်။ နှောင့်ယှက်မှုစွမ်းအားက ပိုပိုပြင်းထန်လာနေတယ်။ အချိန်တိုင်း ခိုင်မာတဲ့စိတ်ဆန္ဒကို ထိန်းထားနိုင်မှဖြစ်မယ်၊ မဟုတ်ရင် အမှောင်ထုထဲ ဝါးမြိုခံရလိမ့်မယ်”

ရွှမ်း...

ရွှီနင်၏ရှေ့မှ အစောင့်တစ်ဦးသည် ပိုးကောင်မိစ္ဆာ၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည်။

ထိုအစောင့်မှာ တစ်ချက်တည်းဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သို့သော် သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိချေ။

“ဟင်”

ရွှီနင်သည်လည်း ၎င်းကို သတိပြုမိသွားသည်။

‘ပိုးကောင်ရဲ့ ခြေထောက်က ဓားနဲ့ အခုတ်ခံရပြီးနောက် သားကောင်က မသေပေမဲ့ ဓားပေါ်က အနက်ရောင်မြူခိုးတွေက သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာပဲ။ ငါထင်တာမမှားဘူးဆိုရင် ခန္ဓာကိုယ်ထဲဝင်သွားတဲ့ အနက်ရောင်မြူခိုးတွေက နှောင့်ယှက်မှုပျံ့နှံ့တာကို ပိုမြန်စေပြီး အာရုံခံနိုင်စွမ်းအားလုံးကို ဖယ်ရှားပစ်ပြီးတော့ အမှောင်ထုထဲကို လုံးဝကျဆင်းသွားစေတာဖြစ်ရမယ်’

ရွှီနင် ချက်ချင်းပင် သတိဝင်လာလေသည်။

ဤပိုးကောင်မိစ္ဆာများနှင့် တိုက်ခိုက်သည့်အခါ သူသည် အထိအခိုက်ခံ၍ မရနိုင်ပေ။

မဟုတ်ပါက သူသည် ပိုမိုမြန်ဆန်စွာ နစ်မြုပ်သွားပေလိမ့်မည်။

ရွှီနင်နှင့် အခြားသူများမှာ ပိုးကောင်မိစ္ဆာများကို ခုခံနေစဉ် တာအိုနယ်ပယ် အဆင့်မြင့် သတ္တမအဆင့် သိုင်းပညာရှင် နှစ်ဦးဖြစ်သော တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့သည် ညဉ့်သားရဲကို ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

ရွှီး...

ရွှယ်ကျင်ဟွားသည် သူမ၏ပျံသန်းနေသောဓားကို ထိန်းချုပ်လိုက်ပြီး ငွေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ညဉ့်သားရဲကို ခုတ်ပိုင်းလိုက်သည်။

တုန်ကျိကလည်း လေထဲသို့ လက်သီးများ ထိုးသွင်းလိုက်ရာ သူ၏ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားများက ညဉ့်သားရဲဆီသို့ ပြင်းထန်စွာ ဝင်ရောက်သွားလေသည်။

သို့သော် ညဉ့်သားရဲသည် အလွန်လျင်မြန်ကာ ဝင်ရောက်လာသော တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။

ရှောင်တိမ်းနေစဉ်မှာပင် ၎င်း၏ပါးစပ်မှ အနက်ရောင်အရည်များကို ထွေးထုတ်လိုက်သည်။

ရွှယ်ကျင်ဟွားနှင့် တုန်ကျိတို့မှာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း အနက်ရောင်အရည်များသည် မြေပြင်ပေါ်သို့ ကျရောက်ကာ အနီးနားရှိ လူများ၏ ခန္ဓာကိုယ်ပေါ်သို့ စင်သွားလေသည်။ အနည်းငယ် စင်သွားလျှင်ပင် ထိုသူများသည် ချက်ချင်း သတိလစ်သွားကြတော့သည်။

ချက်ချင်းဆိုသလိုပင် အနက်ရောင်အလင်းတန်း ကန့်လန့်ကာအတွင်း၌ တိုက်ပွဲများနှင့် ပြည့်နှက်သွားလေတော့သည်။

ရွှီး...

အကြိမ်အနည်းငယ် အပြန်အလှန် တိုက်ခိုက်ပြီးနောက် ရွှီနင်သည် ပိုးကောင်မိစ္ဆာ၏ ခုတ်ပိုင်းမှုကို အကြိမ်ပေါင်းများစွာ ခံလိုက်ရသည်။

သူ၏ခန္ဓာကိုယ်ထဲသို့ အနက်ရောင်မြူခိုးများ ဝင်ရောက်လာတိုင်း ရွှီနင်၏မျက်စိရှေ့မှ အမှောင်ထုမှာ ပိုမိုအားကောင်းလာပြီး နစ်မြုပ်လုနီးပါး အခြေအနေသို့ ရောက်ရှိလာလေသည်။

‘ဒီအနက်ရောင်မြူခိုးတွေ ငါ့ခန္ဓာကိုယ်ထဲ ဝင်လာတာနဲ့ အတင်းအကျပ် ထုတ်ပစ်လို့မရတော့ဘူး...’

ရွှီနင် အန္တရာယ်တစ်ခုကို အာရုံခံမိလိုက်သည်။

‘ပြီးတော့ ပိုးကောင်မိစ္ဆာတွေကလည်း ပိုပိုများလာတယ်’

“ရွှီနင်၊ တောင့်ခံထားနိုင်သေးလား”

ကျန်းဟယ်က ရွှီနင်ကို အော်မေးလိုက်သည်။

ကျန်းဟယ်သည်လည်း မရေမတွက်နိုင်အောင် အခုတ်ခံထားရပြီးဖြစ်ကာ သူ၏အသိစိတ်မှာ ဝေဝါးနေပြီဖြစ်သည်။

အကယ်၍ သွမ့်ချောင်ဖုန်းအား ကာကွယ်လိုသည့် သူ၏ခိုင်မာသော စိတ်ဆန္ဒသာ မရှိခဲ့ပါက သူသည် သေဆုံးသွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

သွမ့်ချောင်ဖုန်း၏ရှေ့တွင် ကျန်းဟယ်နှင့် ရွှီနင်သာ ကျန်ရှိတော့ပြီး အခြားအစောင့်များနှင့် ယုံကြည်ရသော လက်ထောက်များမှာမူ အမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားကြလေပြီ။

“ကျွန်တော် တောင့်ခံထားနိုင်ပါတယ်”

ရွှီနင် အံကြိတ်ကာ ပြန်ဖြေလိုက်သည်။

“မင်းတို့နှစ်ယောက်...”

ကျန်းဟယ်နှင့် ရွှီနင်တို့ သူ့ကိုကာကွယ်ရန် ရုန်းကန်နေရသည်ကို မြင်သောအခါ သွမ့်ချောင်ဖုန်း၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာလေသည်။

နောက်ထပ် ပိုးကောင်မိစ္ဆာတစ်ကောင် ပျံသန်းလာပြန်သည်။

ရွှီး...

ဤတစ်ကြိမ်တွင်မူ သွမ့်ချောင်ဖုန်းမှာ ရွှီနင်နှင့် ကျန်းဟယ်တို့ရှေ့သို့ ကိုယ်တိုင်ဝင်ရပ်လိုက်သည်။

သူသည် ငွေရောင်ဓားကို ကိုင်ဆောင်ကာ ပိုးကောင်မိစ္ဆာကို မီးခိုးငွေ့အဖြစ်သို့ ခုတ်ပိုင်းချေမှုန်းလိုက်သည်။

“အရှင်မင်းသား၊ နောက်ဆုတ်နေပါ”

ကျန်းဟယ်က အလျင်အမြန် အော်ဟစ်လိုက်သည်။

ရွှီနင်က သွမ့်ချောင်ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

သွမ့်ချောင်ဖုန်း ကိုယ်တိုင် သူတို့အား ဝင်ရောက်ကာကွယ်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ဒီအချိန်ရောက်မှ ဘယ်သူက ဘယ်သူ့ကို ကာကွယ်ရမယ်ဆိုတာတွေ ပြောမနေကြနဲ့တော့”

သွမ့်ချောင်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

ကျန်းဟယ်၊ ရွှီနင်နှင့် အခြားသူများမှာ သူ့အားကာကွယ်ရန် အသက်စွန့်ခဲ့သည့် မြင်ကွင်းမှာ သွမ့်ချောင်ဖုန်းအား အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။

အထူးသဖြင့် ရွှီနင်သည် တာအိုနယ်ပယ် စတုတ္ထအဆင့်တွင်သာ ရှိသေးသော်လည်း သူ့အတွက် ပိုးကောင်မိစ္ဆာအုပ်ကြီးကို တားဆီးပေးခဲ့သည်။

ကျန်းဟယ်နှင့် အခြားသူများသည် သူ့နောက်သို့ လိုက်ပါလာသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ရာ သူ့အတွက် တိုက်ပွဲဝင်ပေးခြင်းမှာ သဘာဝကျလှပေသည်။

သို့သော် ရွှီနင်သည် သူ့ထံတွင် အချိန်တိုလေးသာ နေထိုင်ရသေးသော်လည်း ယခုလို သဘောထားမျိုး ပြသနေခြင်းက သွမ့်ချောင်ဖုန်း၏ ရင်ထဲကို နွေးထွေးသွားစေလေသည်။

အကယ်၍ ဝမ်ရှန့်ပြည်နယ်သို့ ဘေးကင်းစွာ ပြန်ရောက်နိုင်ခဲ့ပါက ရွှီနင်အား ကြီးမားသော ဆုလာဘ်များ ချီးမြှင့်ပြီး သူ၏အဆင့်အတန်းကို မြှင့်တင်ပေးကာ အိမ်တော်၏ လက်အောက်ခံတစ်ဦးအဖြစ် ခန့်အပ်ရန် သူ ကြိုတွေးထားပြီးဖြစ်သည်။

သွမ့်ချောင်ဖုန်း၏ ကြောက်ရွံ့မှုကင်းမဲ့သော သဘောထားကို မြင်လိုက်ရသောအခါ ရွှီနင်မှာ သွမ့်ချောင်ဖုန်းသည် မင်းသားတစ်ပါး ဖြစ်သော်လည်း မောက်မာပြီး အေးစက်စက်နိုင်သူ မဟုတ်ကြောင်း ခံစားလိုက်ရသည်။ သူသည် သူ့ပတ်ဝန်းကျင်ရှိ လူများအပေါ် ကြင်နာတတ်သူ ဖြစ်ပေသည်။

ရွှီနင်သည် သွမ့်ချောင်ဖုန်း၏ လက်အောက်တွင် ယာယီရှိနေသော်လည်း သိုင်းပညာမျက်နှာပြင် ရှိနေသည့်အတွက် သူ့၏ အလားအလာကို သိထားရာ သွမ့်ချောင်ဖုန်းအား အမှန်တကယ် လက်အောက်ခံမည် မဟုတ်ချေ။

ရွှီနင်သည် သွမ့်ချောင်ဖုန်းကို ကုန်သွယ်ဘက်တစ်ဦးအဖြစ်သာ မှတ်ယူထားသည်။

သွမ့်ချောင်ဖုန်းမှ သူ့အား ကူညီပေးသဖြင့် ရွှီနင်က ထိုကူညီမှုအတွက် ကျေးဇူးပြန်ဆပ်ရုံသာဖြစ်သည်။

သို့သော် ယခုအခါ သွမ့်ချောင်ဖုန်းသည် သူနှင့် ကျန်းဟယ်တို့၏ ရှေ့သို့ ကိုယ်တိုင်ဝင်ရပ်လိုက်သောအခါ ရွှီနင်၏စိတ်ထဲတွင် သွမ့်ချောင်ဖုန်း၏ အဆင့်အတန်းကို ရင်းနှီးကျွမ်းဝင်နိုင်သော သူငယ်ချင်းတစ်ယောက်အဖြစ် မြှင့်တင်လိုက်ပြီ ဖြစ်လေသည်။

All Chapters