← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉) - ထွက်ပြေးခြင်းနှင့် အိမ်ပြန်ခြင်း

“ဒီညသားရဲကို ငါတို့ ဘယ်လိုမှ ရင်ဆိုင်လို့မရဘူး”

ရွှယ်ကျင်ဟွားမှာ စိုးရိမ်တကြီး ဖြစ်နေရှာသည်။

ရွှီနင်နှင့် အခြားသူများမှာ ပိုးကောင်မိစ္ဆာအုပ်ကြီးကို ခုခံနေကြစဉ် တုန်ကျိ၊ ရွှယ်ကျင်ဟွားနှင့် ညသားရဲတို့မှာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ညသားရဲသည် အနက်ရောင်အလင်းတန်းထဲတွင် ရှိနေသဖြင့် ၎င်း၏ခွန်အားမှာ အဆမတန် မြင့်တက်နေလျက်ရှိသည်။ ထိုသို့အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ သူတို့နှစ်ဦးမှာ လုံးဝ အကူအညီမဲ့နေကြတော့သည်။

“ငါတို့ တခြားနည်းလမ်း ရှာမှဖြစ်မယ်”

တုန်ကျိသည် ညသားရဲ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ရွှယ်ကျင်ဟွားထံ အသံလွှင့်ကာ ပြောလိုက်သည်။

“ဒီညသားရဲကို ငါတို့ အနိုင်မတိုက်နိုင်ဘူး။ ဒီလိုဖြစ်နေမှတော့ အရင်ဆုံး ဒီအနက်ရောင်အလင်းကန့်လန့်ကာကို ဖောက်ထွက်ကြစို့”

တုန်ကျိက အသံလွှင့်ကာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ငါ့ရဲ့လေ့လာချက်အရ ဒီအနက်ရောင်အလင်းကာရံက ပျက်စီးသွားရင်တောင် ညသားရဲက ချက်ချင်း ပြုပြင်နိုင်စွမ်းရှိတယ်။ ဒါကြောင့် ငါတို့ အဲဒါကို ဖောက်ခွဲနိုင်တာနဲ့ တစ်ပြိုင်နက် ငါတို့အိမ်တော်က သခင်လေးနဲ့ သခင်မလေးကိုခေါ်ပြီး ချက်ချင်း ထွက်သွားရမယ်”

“ဒါပေမဲ့ ဒီအနက်ရောင်အလင်းကန့်လန့်ကာကို ငါတို့ ဘယ်လိုဖောက်မလဲ”

ရွှယ်ကျင်ဟွားက ပြန်မေးလိုက်သည်။

“ငါတို့ရဲ့ ဝှက်ဖဲတွေကို အသုံးချရမှာပေါ့။ ငါတို့နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်ရင် ဒီအနက်ရောင်အလင်းကန့်လန့်ကာကို ဖောက်ထွက်နိုင်ဖို့ အခွင့်အရေး အများကြီးရှိတယ်”

တုန်ကျိက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ”

ရွှယ်ကျင်ဟွားသည်လည်း အခြားနည်းလမ်းမရှိမှန်း သိထားသဖြင့် ကြိုးစားကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

ထို့နောက် သူတို့နှစ်ဦးမှာ ဆက်သွယ်ညှိနှိုင်းကာ နေရာယူလိုက်ကြသည်။

ရွှပ်... ဝုန်း...

တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့မှာ လက်သီးနှင့် ဓားချက်များကို အရင်ထုတ်ဖော်လိုက်ရာ ညသားရဲမှာ နောက်သို့ ဆုတ်သွားရသည်။

ထို့နောက် တုန်ကျိ၏ ခန္ဓာကိုယ်အတွင်းမှ တာအိုနယ်ပယ်၏ စွမ်းအားများမှာ ပေါက်ကွဲထွက်လာတော့သည်။

လျှို့ဝှက်ဆန်းပြားသော ခုနစ်မြှောင့်ပုံသဏ္ဌာန် အမှတ်အသားတစ်ခုသည် သူ၏နောက်ကျော၌ ဖြစ်တည်လာပြီး တောက်ပသော အဖြူရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ရွှယ်ကျင်ဟွားသည်လည်း သူမ၏လက်ဖဝါးကို ဓားဖြင့်လှီးဖြတ်ကာ ဓားမျက်နှာပြင်တစ်ခုလုံးကို သွေးများဖြင့် လွှမ်းခြုံလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဝိုးတဝါးဓားပုံရိပ်ကြီးတစ်ခုသည် သူမ၏နောက်ကျော၌ ပေါ်ပေါက်လာလေသည်။

ဝုန်း...

တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့မှာ အနက်ရောင်အလင်းကန့်လန့်ကာကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

အနက်ရောင်အလင်းကန့်လန့်ကာကြီးမှာ တုန်ခါသွားပြီးနောက် ကြီးမားသောအပေါက်ကြီးတစ်ခု ပေါ်ပေါက်လာလေသည်။

“အောင်မြင်ပြီ”

တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့မှာ အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။

သူတို့နှစ်ဦးမှာ မိမိတို့၏ အစွမ်းအစများကို အလွန်အကျွံ အသုံးချခဲ့ရသဖြင့် ခန္ဓာကိုယ်များမှာ မောပန်းနွမ်းနယ်နေသော်လည်း အနက်ရောင်အလင်းကန့်လန့်ကာ ပေါက်ထွက်သွားသည်ကို မြင်သည်နှင့် သွမ့်ချောင်ဖုန်းနှင့် မော့လန်တို့ရှိရာသို့ အမြန်ပြေးဝင်သွားကြတော့သည်။

“သခင်လေး... သွားကြရအောင်”

တုန်ကျိသည် သွမ့်ချောင်ဖုန်း၊ ရွှီနင်နှင့် ကျန်းဟယ်တို့၏ ရှေ့သို့ ချက်ချင်း ပျံသန်းရောက်ရှိလာသည်။

ယဲ့ဘုရင်ခံအိမ်တော်၏ အဖွဲ့ဝင်များထဲတွင် သတိရှိနေသူ သုံးဦးသာ ကျန်ရှိတော့သည်ကို မြင်သောအခါ တုန်ကျိသည် သူတို့သုံးဦးလုံးကို သယ်ဆောင်လျက် အနက်ရောင်အလင်းကာရံရှိ အပေါက်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လိုက်လေသည်။

ထိုအချိန်တွင် အနက်ရောင်အလင်းကန့်လန့်ကာမှာ ညသားရဲ၏ ထိန်းချုပ်မှုအောက်တွင် ပြန်လည်ပြုပြင်စပြုနေပြီး ကျုံ့ဝင်လာနေချေပြီ။

ညဉ့်သားရဲသည်လည်း သူတို့နောက်သို့ လိုက်လံတိုက်ခိုက်လာတော့သည်။

ရွှီနင်သည်လည်း လေမီးခိုးဘူးသီးခြောက်နှင့် ချင်းယင်ဝံပုလွေဓားအတွင်းရှိ ဝံပုလွေပြာ၏ စိတ်ဆန္ဒကို အသက်သွင်းကာ ဤဘေးဒုက္ခကို ရင်ဆိုင်ရန် ကြိုးစားလိုက်သည်။

ဤအခြေအနေတွင် ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဟု သူ ထင်မှတ်ထားခဲ့သော်လည်း တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့ ပူးပေါင်းကာ အနက်ရောင်အလင်းကန့်လန့်ကာအား ဖောက်ခွဲနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ငါတို့ လွတ်ပြီ”

အနက်ရောင်အလင်းကန့်လန့်ကာကြီး ပြန်လည်ပိတ်ဆို့သွားသည့် အခိုက်အတန့်မှာပင် တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့သည် သူတို့လူများကို ခေါ်ဆောင်ကာ အပြင်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

တုန်ကျိမှာ သွမ့်ချောင်ဖုန်း၊ ရွှီနင်နှင့် ကျန်းဟယ်တို့အား ခေါ်လာပြီး အခြားတစ်ဖက်တွင်မူ ရွှယ်ကျင်ဟွားသည် မော့လန်၊ ချန်ယွီမော်နှင့် လျန်ထင်အန်တို့ကို ခေါ်ထုတ်လာခဲ့သည်။

ချန်ယွီမော်နှင့် လျန်ထင်အန်တို့မှာ အနက်ရောင်အလင်းကန့်လန့်ကာအတွင်း၌ လဲကျကျန်ရစ်ခဲ့သင့်သူများ ဖြစ်သည်။

သို့သော် မော့လန်သည် ယခုတစ်ကြိမ်တွင် ဂိုဏ်းနှစ်ခုလုံး အကြီးအကျယ် အထိနာခဲ့သည်ကို မြင်သောအခါ သူတို့နှစ်ဦးကို လျစ်လျူမရှုနိုင်ဘဲ အမှောင်ထုထဲသို့ ကျမသွားအောင် ဂရုတစိုက်ဖြင့် အတူခေါ်ထုတ်လာခဲ့ခြင်း ဖြစ်ပေသည်။

အနက်ရောင်အလင်းကန့်လန့်ကာအပြင်သို့ ရောက်သည်နှင့် တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့သည် လူများကို သူတို့၏ ဟင်းလင်းပြင်လျှို့ဝှက်ရတနာများအတွင်းသို့ တစ်ပြိုင်နက် ထည့်လိုက်ကြသည်။

“ညသားရဲက ငါတို့ကို ဆက်မလိုက်တော့ဘူး”

တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့မှာ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

သူတို့ အနက်ရောင်အလင်းကန့်လန့်ကာအပြင်ဘက်သို့ ပြေးထွက်လာသည့်အချိန်တွင် ညသားရဲမှာ လှုပ်ရှားမှု ရပ်တန့်သွားလေသည်။ ညသားရဲသည် သူတို့အား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း လိုက်လံတိုက်ခိုက်ခြင်း မပြုတော့ပေ။

“ဒီတစ်ခါ သတင်းအချက်အလက် မှားယွင်းမှုကြောင့် ငါတို့ တကယ့်ကို အထိနာသွားတာပဲ။ အိမ်တော်ကို ပြန်ရောက်ရင် ဒီသတင်းပို့တဲ့ကောင်ကို ငါကိုယ်တိုင် သတ်ပစ်မယ်”

ရွှယ်ကျင်ဟွား၏ လေသံမှာ အေးစက်နေသည်။

တုန်ကျိသည် ဘာမှမပြောဘဲ သူမကို တစ်ချက်ကြည့်လိုက်သည်။

အမှန်စင်စစ် ဤသတင်းမှာ နော့ဘုရင်ခံအိမ်တော်ထံမှ တိတ်တဆိတ်ရရှိခဲ့ခြင်း ဖြစ်ပေသည်။

“နောက်ထပ် ဘာဆက်လုပ်ကြမလဲ”

ရွှယ်ကျင်ဟွားက တုန်ကျိကို ဦးစွာ မေးမြန်းလိုက်သည်။

အစောပိုင်း၌ ကြုံတွေ့ခဲ့ရသော ဘေးဒုက္ခမှာ သူတို့ကို မလွဲမသာ ပူးပေါင်းစေခဲ့ခြင်းဖြစ်သည်။

“ဒီကျွန်းကနေထွက်ပြီး ဝမ့်ရှန့်ပြည်နယ်ကို ပြန်ကြမယ်”

တုန်ကျိက ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်လေသည်။

“အတူတူ ပြန်ကြတာပေါ့”

ရွှယ်ကျင်ဟွားက အကြံပြုလိုက်သည်။

“ကောင်းပြီလေ”

တုန်ကျိက သဘောတူလိုက်သည်။

နှစ်ဖက်လုံး ရောက်ရှိလာစဉ်က အင်အားနှင့် နှိုင်းယှဉ်ပါက ယခုအခါ နှစ်ဖက်လုံးတွင် အကျအဆုံး အလွန်များပြားခဲ့ကြောင်း သူတို့ နားလည်ထားကြသည်။

အထူးသဖြင့် တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့မှာ အစောပိုင်းကတိုက်ပွဲတွင် သူတို့၏ စွမ်းအားများကို အလွန်အကျွံ သုံးစွဲထားခဲ့ရသည်။

အဆုံးမဲ့ပင်လယ်မှာ အန္တရာယ်များဖြင့် ပြည့်နှက်နေသဖြင့် သခင်လေးနှင့် သခင်မလေးအား ကာကွယ်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်မှာ အရေးကြီးဆုံးပင် ဖြစ်ပေသည်။

ထို့နောက် တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့သည် ပင်လယ်ပြင်ဆီသို့ အမြန် ဆုတ်ခွာသွားကြတော့သည်။

အနက်ရောင်အလင်းကာရံအတွင်း၌…

တုန်ကျိ၊ ရွှယ်ကျင်ဟွားနှင့် အခြားသူများကို လွှတ်ပေးလိုက်ပြီးနောက် ညသားရဲသည် အမှောင်ထုထဲ၌ လဲကျကာ သတိလစ်နေသော လူများကို ကြည့်လိုက်သည်။

၎င်းသည် ၎င်း၏ သွေးမျိုးဆက်စွမ်းအားကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြန်သည်။

ဝုန်း...

အနက်ရောင်အလင်းကန့်လန့်ကာမှာ ပျောက်ကွယ်သွားပြီး မီတာတစ်ထောင်ခန့်အထိ ဖုံးလွှမ်းသွားသော အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားလေသည်။

အနက်ရောင် မြူခိုးများသည် မြေပြင်ပေါ်၌ လဲကျနေသော လူများကို မယူကာ ညသားရဲ၏ ပတ်ပတ်လည်တွင် စုစည်းပေးလိုက်ရာ မီတာတစ်ရာခန့် မြင့်သော အမိုးခုံးကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ထို့နောက်တွင်မူ ညသားရဲသည် အတောင်ပံများကို ခတ်လိုက်ပြီး အနက်ရောင် မြူခိုးများနှင့်အတူ အဝေးသို့ ပျောက်ကွယ်သွားလေတော့သည်။

အဝေးတစ်နေရာမှ အမှောင်ထဲတွင် ပုန်းကွယ်နေသော ချူဟယ့်နှင့် အခြားသူများမှာ ချွေးပြန်နေကြပြီ ဖြစ်သည်။

‘ဒီညသားရဲက တကယ့်ကို သန်မာတာပဲ’

လျှို့ဝှက်ရတနာဖြင့် ကိုယ်ယောင်ဖျောက်ကာ အနက်ရောင်အလင်းကန့်လန့်ကာအတွင်း ဖြစ်ပျက်သမျှကို စောင့်ကြည့်နေခဲ့သော ချူဟယ့်နှင့် အခြားသူများသည် ညသားရဲ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် ထူးဆန်းသော စွမ်းရည်များကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရချေပြီ။

‘အနက်ရောင်အလင်းနယ်မြေ၊ မြူမည်းပိုးကောင်မိစ္ဆာ၊ ညဉ့်နက်နွံအိုင်... ဒီညဉ့်သားရဲမှာ စွမ်းရည်တွေ ဘယ်နှစ်ခုတောင် ရှိနေတာလဲ။ ထိပ်တန်းမိစ္ဆာသားရဲ ခြောက်မျိုးဆိုတဲ့အတိုင်း တကယ့်ကို ကြောက်စရာကောင်းလိုက်တာ...’

တိုက်ပွဲအစတ္င် ချူဟယ့်သည် နှစ်ဖက်လုံး ဒဏ်ရာရရှိသွားချိန်မှ အခွင့်အရေးယူရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ချူဟယ့်သည် ဤညသားရဲကို ဖမ်းဆီးရန် စိတ်ကူးမရှိတော့ချေ။

ချူဟယ့်၏ အမြင်အရဆိုလျှင် ဤအရွယ်ရောက်ပြီးသား ညသားရဲကို ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန်အတွက် အနည်းဆုံး တာအိုနယ်ပယ် အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး သိုင်းပညာရှင်တစ်ဦး ဖြစ်ရန် လိုအပ်ပေလိမ့်မည်။

အကယ်၍ ဤညဉ့်သားရဲသာ ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပါက တာအိုနယ်ပယ် အဆင့်ကိုး ပညာရှင်အများအပြားမှ ဝိုင်းရံတိုက်ခိုက်ခြင်း သို့မဟုတ် ဒဏ္ဍာရီလာ မဟာဆရာကြီးတစ်ဦး ကိုယ်တိုင် ထွက်မလာသရွေ့ မည်သူမျှ ၎င်း၏ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

“ထိပ်တန်းမိစ္ဆာသားရဲရဲ့ သွေးမျိုးဆက်က တကယ့်ကို ကြောက်စရာပဲ...”

လျဲ့ယင်းက သက်ပြင်းချရင်း ချူဟယ့်ကို ကြည့်လိုက်သည်။

“သခင်ချူဟယ့်၊ ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ”

ချူဟယ့်မှာ တွေဝေမနေတော့ချေ။

“ငါတို့ ဒီကနေ ထွက်သွားမှဖြစ်မယ်။ ငါတို့က ဒီညသားရဲရဲ့ ပြိုင်ဘက် မဟုတ်ဘူး”

“ဒါပေမဲ့...”

ချူဟယ့်က စကားလမ်းကြောင်းကို လွှဲလိုက်သည်။

“ငါတို့ ဒီခရီးစဉ်အတွက် ပြင်ဆင်လာခဲ့တာ ကြာပြီ။ ဒီအတိုင်း လက်လျှော့လိုက်ရမှာက နှမြောစရာကြီးပဲ။ ညသားရဲကို မဖမ်းနိုင်ပေမဲ့ ငါတို့မှာ တခြားသားကောင်တွေ ရှိသေးတယ်...”

ချူဟယ့်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ပေါ်လာသည်။

လျဲ့ယင်းက ချက်ချင်းပင် သဘောပေါက်သွားလေသည်။

“သခင်ချူဟယ့်... ကျုပ်တို့ ယဲ့ဘုရင်ခံအိမ်တော်နဲ့ နော့ဘုရင်ခံအိမ်တော်က လူတွေကို တိုက်ခိုက်တော့မှာလား”

“ဟုတ်တယ်”

ချူဟယ့်၏ မျက်လုံးများမှာ အရောင်တောက်နေသည်။

“ယဲ့ဘုရင်ခံအိမ်တော်နဲ့ နော့ဘုရင်ခံအိမ်တော်ကလူတွေ ညဉ့်သားရဲနဲ့ တိုက်ခိုက်တုန်းက အကြီးအကျယ် အထိနာခဲ့ကြတာ။ အခု သူတို့ရဲ့ အင်အားက အများကြီး လျော့နည်းသွားပြီ။ ငါ ခုနက ကြည့်ရသလောက် ထွက်ပြေးသွားတဲ့ တာအိုနယ်ပယ် အဆင့်မြင့်ပညာရှင် နှစ်ယောက်လုံး ဒဏ်ရာရထားကြတယ်။ ငါတို့လူတွေကတော့ အကောင်းပကတိအတိုင်း ရှိနေသေးတာဆိုတော့ သူတို့ကို ရင်ဆိုင်ဖို့ မခက်ခဲဘူး”

“ဒါ့အပြင် အဲဒီသခင်လေးနဲ့ သခင်မလေးဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိနေမှာ အသေအချာပဲ”

ချူဟယ့်က စကားကို ရပ်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။

“သူတို့နောက်ကို လိုက်ဖို့ ပြင်ကြစို့”

…

အဆုံးမဲ့ပင်လယ်ပြင်ထက်၌…

ဧရာမ သင်္ဘောကြီးတစ်စင်းသည် ကျွန်း၏အစပ်မှ ထွက်ခွာလာပြီး ပင်လယ်ပြင်ထက်၌ တစ်စင်းတည်း ရွက်လွှင့်နေလေသည်။

ဤသည်မှာ ဝမ့်ရှန့်ပြည်နယ်သို့ ပြန်ရန်အတွက် သူတို့၏ သယ်ယူပို့ဆောင်ရေးယာဉ်ပင် ဖြစ်သည်။

ရေတပ် နှစ်ခုဖြင့် ခမ်းခမ်းနားနား ရောက်ရှိလာခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် လက်ရှိမြင်ကွင်းမှာ အတော်လေး ခြောက်ကပ်နေလေသည်။

ရွှီနင်နှင့် အခြားသူများကို ဟင်းလင်းပြင်လျှို့ဝှက်ရတနာအတွင်းမှ ပြန်ထုတ်ပေးလိုက်သဖြင့် ယခုအခါ သင်္ဘောပေါ်တွင် ရှိနေကြပြီ ဖြစ်သည်။

သို့သော် အားလုံးမှယ နော့ဘုရင်ခံအိမ်တော်မှ လူများနှင့် သတိရှိရှိ ခပ်ခွာခွာ နေထိုင်ကြသည်။

အတင်းအကျပ် ပူးပေါင်းဆောင်ရွက်ခဲ့ရသော်လည်း သွမ့်ချောင်ဖုန်းနှင့် မော့လန်တို့မှာ ယခင်က ရန်ငြိုးများကြောင့် ပြန်လည်သင့်မြတ်သွားခြင်းမျိုး မရှိခဲ့ပေ။

‘ငါ့ခန္ဓာကိုယ်ပေါ်က အာရုံခံစားမှု ကင်းမဲ့သွားတာတွေ နောက်ဆုံးတော့ ပျောက်သွားပြီ...’

အခန်းထဲတွင် ရှိနေသော ရွှီနင်မှာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားတော့သည်။

အနက်ရောင်အလင်းကန့်လန့်ကာအတွင်းမှ ထွက်လာပြီးနောက် ထိုစွမ်းအားများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ရွှီနင်အနေဖြင့် ဤမျှ အန္တရာယ်ကြီးမားသော သေရေးရှင်ရေး အခြေအနေမျိုး မကြုံတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ အစောပိုင်းမှ ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိတိုင်း သူည် အနည်းငယ် ထိတ်လန့်နေမိဆဲပင်။

“ရွှီနင်”

ရွှီနင်ရှိနေသော အခန်းတံခါးမှာ ပွင့်သွားပြီး ကျန်းဟယ် ဝင်လာသည်။

ကျန်းဟယ်မှာ အတော်လေး ပြန်လည်သက်သာနေပြီ ဖြစ်သည်။ သူသည် ဒဏ်ရာရနေဆဲဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ အာရုံကင်းမဲ့စေသော စွမ်းအားများမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“ဒါက မင်းသားလေး ပေးခိုင်းလိုက်တာ”

ကျန်းဟယ်က ရွှီနင်ကို သိုလှောင်လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်သည်။

“ဒါတွေက မင်းသားလေးက သူ့ရဲ့ ဟင်းလင်းပြင် လျှို့ဝှက်ရတနာထဲကနေ မင်းဒဏ်ရာတွေ ကုသဖို့အတွက် ထုတ်ပေးလိုက်တဲ့ ဆေးလုံးတွေပဲ”

“မင်းသားလေးကို တကယ် ကျေးဇူးတင်ရမှာပဲ”

ရွှီနင်က အားမနာတော့ဘဲ လက်စွပ်ကို ယူကာ စစ်ဆေးကြည့်လိုက်သည်။

“ဒီလောက်တောင် များတာလား”

ဤသိုလှောင်လက်စွပ်အတွင်း၌ ဆေးလုံးများနှင့် အရင်းအမြစ် အမြောက်အမြား သိုလှောင်ထားသည်ကို ရွှီနင် အာရုံခံမိလိုက်သည်။

အကယ်၍ ၎င်းတို့အားလုံးကို စွမ်းအင်အဖြစ် ပြောင်းလဲလိုက်မည်ဆိုလျှင် စွမ်းအင်ယူနစ် ၂ သန်းကျော်အထိ ရှိမည်ဟု သူ ခန့်မှန်းလိုက်မိသည်။

“သခင်လေးက တကယ့်ကို ရက်ရောတာပဲ။ ဒီဆေးလုံးတွေက ငါ့ရဲ့ လက်ရှိဒဏ်ရာတွေကို အကြိမ်တစ်ရာလောက် ကုသဖို့တောင် လုံလောက်နေပြီ”

ရွှီနင်က တုံ့ပြန်လိုက်သည်။

အစောပိုင်းက တိုက်ပွဲတွင် အာရုံခံစားမှု ကင်းမဲ့သွားသည့် ကိစ္စမှလွဲ၍ သူသည် ဒဏ်ရာကြီးကြီးမားမားရရှိခဲ့ခြင်း မရှိပေ။

“ဒါက မင်းသားလေး သယ်လာတဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိနေလို့ပါ... အိမ်တော်ကို ပြန်ရောက်ရင် မင်းကို ထိုက်ထိုက်တန်တန် ဆုချဦးမယ်လို့ မင်းသားလေးက ပြောတယ်”

ဘေးဒုက္ခမှ လွတ်မြောက်လာပြီးနောက် ကျန်းဟယ်မှာ စိတ်လက်ပေါ့ပါးနေလေသည်။

ဤအန္တရာယ်ကို ကြုံတွေ့ခဲ့ရပြီးနောက် ကျန်းဟယ်၏ သိုင်းပညာအပေါ် နားလည်မှုမှာလည်း ပြန်လည် တိုးတက်လာခဲ့ရာ ၎င်းက သူ့အား တာအိုနယ်ပယ် အဆင့်ခုနစ်သို့ တက်လှမ်းရန် ကြာမည့်အချိန်ကိုလည်း တိုတောင်းသွားစေခဲ့သည်။

“ရွှီနင်၊ အနက်ရောင်အလင်းကန့်လန့်ကာထဲမှာ မင်းရဲ့ စွမ်းဆောင်ရည်တွေကို မင်းသားလေးက သတိထားမိသွားပြီ။ ငါသာ မမှားဘူးဆိုရင် အိမ်တော်ကို ပြန်ရောက်တဲ့အခါ အရင်းအမြစ်တွေအပြင် မင်းသားလေးက မင်းရဲ့ အဆင့်အတန်းကို သေချာပေါက် မြှင့်တင်ပေးလိမ့်မယ်”

ကျန်းဟယ်က ထိုသို့ပြောလိုက်ရာတွင် ရွှီနင်အတွက် ဝမ်းသာပေးနေကြောင်း သိသာလှသည်။

သူသည် ရွှီနင်နှင့် သိကျွမ်းခဲ့သည်မှာ ကြာပြီဖြစ်၍ ရွှီနင်အပေါ် အမြင်ကောင်း ရှိထားသူ ဖြစ်သည်။

အထူးသဖြင့် ပခုံးချင်းယှဉ် တိုက်ခိုက်ခဲ့ပြီး သေရေးရှင်ရေး အခြေအနေကို အတူတူ ကြုံတွေ့ခဲ့ရပြီးနောက် သူတို့နှစ်ဦးကြားရှိ သံယောဇဉ်မှာ ပိုမိုနက်ရှိုင်းသွားခဲ့ချေပြီ။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကျန်း” ရွှီနင်က ပြုံးလိုက်သည်။

ရွှီနင်သည် ကျန်းဟယ်ကို ခေါ်ဝေါ်သည့် ပုံစံအား မသိမသာ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

အမှန်စင်စစ် ရွှီနင်သည် သူ၏ အဆင့်အတန်း မြင့်မားလာရန် စိတ်မဝင်စားသော်လည်း သူ၏ အဆင့်အတန်း မြင့်မားလာပါက ယန့်လုဂိုဏ်းသည်လည်း တစ်ဆင့်ပြန်လည် အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။

ယန့်လုဂိုဏ်းသည် အရင်းအမြစ် ကုန်သွယ်ရေး လမ်းကြောင်းများကို ဖွင့်လှစ်နိုင်ပြီးနောက် ယန့်လုဂိုဏ်းမှ စုဆောင်းရရှိသော အရင်းအမြစ်များသည်လည်း သူ့ထံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။

ထိုအခါ သူသည် သွယ်ဝိုက်သောနည်းဖြင့် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်ပေသည်။

ဤစစ်ဆင်ရေးတွင် ယဲ့ဘုရင်ခံအိမ်တော်မှ အကျအဆုံး အလွန်များပြားခဲ့သော်လည်း ရွှီနင်နှင့် ကျန်းဟယ်တို့မှာမူ ပေးဆပ်ခဲ့ရသည်ထက် ပိုမို ရရှိခဲ့ကြလေသည်။

ရွှီနင်နှင့် ကျန်းဟယ်တို့မှာ ဤတာဝန်မှ အကျိုးအမြတ် အနည်းငယ် ရရှိခဲ့သူများဟု ဆိုရပေမည်။

အခန်း (၂၇၀) - ပုန်ကန်ခြင်း

“ဒါနဲ့ ရွှီနင်...”

ကျန်းဟယ်သည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

“မင်း မင်းသမီးမော့လန်ရဲ့ ဘေးမှာရှိနေတဲ့ လူနှစ်ယောက်က ဘယ်သူတွေလဲဆိုတာ သိလား”

“သူတို့က ဘယ်သူတွေလဲ”

ရွှီနင်က မေးလိုက်သည်။

သူသည် မော့လန်၏ဘေးတွင် ချန်ယွီမော်နှင့် လျန်ထင်အန်တို့ကို သတိထားမိခဲ့သော်လည်း သူတို့၏ အဆင့်အတန်းနှင့် မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရှိခဲ့ပေ။

“အဲဒီနှစ်ယောက်က ဖုန်းဝူအိမ်တော်ရဲ့ အရှင်သခင် ချန်ယွီမော်နဲ့ ချင်းဖုန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် လျန်ထင်အန်တို့ပဲ”

ကျန်းဟယ်က တိုးတိုးလေး ပြောလိုက်သည်။

“ဟမ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီနင် မျက်မှောင်ကြုံ့သွားကာ သူ၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

ထိုနှစ်ယောက်သည် ယန့်လုဂိုဏ်း၏ ရန်သူတော်ကြီးများပင် ဖြစ်ကြသည်။

ယန့်လုဂိုဏ်း၊ ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့၏ ခေါင်းဆောင်များသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဆုံတွေ့ကြလိမ့်မည်ဟု ရွှီနင် ထင်မှတ်မထားခဲ့မိပေ။

“ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းက ဒီတစ်ခေါက် လှုပ်ရှားမှုမှာ အကြီးအကျယ် အထိနာသွားတယ်”

ကျန်းဟယ်က ဆက်ပြောလေသည်။

“အဲဒီနှစ်ဂိုဏ်းလုံးရဲ့ အခြေခံအုတ်မြစ်တွေက အပြင်းအထန် ပျက်စီးသွားပြီလေ။ အခု သူတို့အခြေအနေနဲ့ဆိုရင် ယန့်လုဂိုဏ်းကို ယှဉ်နိုင်ဖို့ အင်အားမရှိတော့ဘူး”

ရွှီနင်က တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။

သူသည် ယန့်လုဂိုဏ်း၏ ဆက်ခံမည့် ဂိုဏ်းချုပ်ဖြစ်လာကတည်းက ထိုဂိုဏ်းနှစ်ခုအပေါ် လက်စားချေရန် ကိစ္စကို အလေးအနက်ထားခဲ့သူ ဖြစ်သည်။

ကျန်းဟယ်သည် ရွှီနင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားသည်။

သူက သတိပေးလိုက်သည်။

“ငါ ဒါကို ပြောပြတာက မင်းရဲ့ရန်သူတွေကို ခွဲခြားသိအောင်လို့ပဲ၊ အခုချက်ချင်း လက်စားချေဖို့ မဟုတ်ဘူးနော်။ ဘာပဲဖြစ်ဖြစ် မင်းသမီးမော့လန်က ဒီသင်္ဘောပေါ်မှာ ရှိနေသေးတာ။ မင်းသာ သူတို့နှစ်ယောက်ကို တစ်ခုခုလုပ်လိုက်ရင် မင်းသမီးကို စော်ကားရာ ရောက်သွားလိမ့်မယ်”

“အစ်ကိုကျန်း စိတ်မပူပါနဲ့၊ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်”

ရွှီနင်က ပြန်လည် တုံ့ပြန်လိုက်သည်။

ကျန်းဟယ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းက ဒီတစ်ခေါက်မှာ သူတို့ရဲ့ ထိပ်တန်းသိုင်းပညာရှင်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်၊ ဒါကြောင့် မင်းသမီးက သူတို့ကို အနာဂတ်မှာ အရေးပါတဲ့နေရာတွေ ပေးမှာမဟုတ်တော့ဘူး။ မင်းသမီးက သူတို့ကို အကာအကွယ်မပေးတော့ဘဲ သူတို့မှာ အားကိုးရာ မရှိတော့တဲ့အချိန်ကျရင် ယဲ့ဘုရင်ခံရဲ့ အရှိန်အဝါနဲ့ သူတို့ကို နှိမ်နင်းရတာ လွယ်ကူသွားလိမ့်မယ်”

ရွှီနင်နှင့် ခေတ္တမျှ စကားပြောပြီးနောက် ကျန်းဟယ်သည် ရွှီနင်၏အခန်းထဲမှ ထွက်ခွာသွားလေတော့သည်။

“ဖုန်းဝူအိမ်တော်... ချင်းဖုန်းဂိုဏ်း...”

ရွှီနင်၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီနင်သည် သွမ့်ချောင်ဖုန်း ပေးထားသော သိုလှောင်လက်စွပ်ဆီသို့ အကြည့်လွှဲလိုက်သည်။

‘ငါ့မှာ အခု စွမ်းအင် ယူနစ် ၂.၅ သန်း ရှိနေပြီ။ နောက်ထပ် ယူနစ် ၂ သန်းကို ထပ်ပြီး စုပ်ယူလိုက်ရင် စွမ်းအင် ယူနစ် ၄.၅ သန်း ရသွားမယ်၊ အဲဒါဆိုရင် တာအိုနယ်ပယ် ငါးဆင့်မြောက်ကို တက်လှမ်းဖို့ လိုအပ်တဲ့ ပမာဏရဲ့ တစ်ဝက်ကျော်ကို ရောက်သွားပြီပေါ့’

ထို့နောက် ရွှီနင်သည် သိုလှောင်လက်စွပ်ကို ယူကာ လကွယ်ပုတီးစေ့ထဲသို့ ဝင်ရောက်လိုက်သည်။

သူသည် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများအားလုံးကို ထုတ်ယူလိုက်ရာ တောင်ငယ်လေးတစ်ခုပမာ စုပုံသွားလေသည်။

ရွှီနင်သည် ဒဏ်ရာများကို ကုသရန်အတွက် အချို့ကို စားသုံးလိုက်ပြီး ကျန်ရှိသည်များကိုမူ စွမ်းအင်အဖြစ် စုပ်ယူလိုက်လေသည်။

ဤလုပ်ငန်းစဉ်သည် တစ်နာရီပင် မကြာမြင့်ခဲ့ပေ။

စွမ်းအင် ယူနစ် ၂ သန်းကို စုပ်ယူပြီးနောက် ရွှီနင်သည် လကွယ်ပုတီးစေ့ထဲမှ ထွက်လာကာ မိစ္ဆာသားရဲပန်းချီကားလိပ်ထဲမှ မီးခိုးရောင်လေးနှင့် ချင်းယင်တို့နှင့် အဆက်အသွယ် ပြုလုပ်လိုက်သည်။

သူသည် ကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကိုလည်း မီးခိုးရောင်လေးနှင့် ချင်းယင်တို့ကို ပြောပြခဲ့သည်။

ညသားရဲသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်ရချိန်တွင် သူတို့နှစ်ကောင်လုံးမှာ ထိတ်လန့်သွားကြသည်။

သူတို့သည် ရွှီနင်အတွက် အလွန်စိုးရိမ်နေခဲ့ကြခြင်း ဖြစ်သည်။

အကယ်၍ ရွှီနင် တစ်ခုခု ဖြစ်သွားခဲ့လျှင် မိစ္ဆာသားရဲပန်းချီကားလိပ်သည် အကာအကွယ်မဲ့သွားမည်ဖြစ်ပြီး တိုက်ပွဲ၏ ရိုက်ခတ်မှုများက ၎င်းကို အလွယ်တကူ ပျက်စီးသွားစေနိုင်လေသည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် မိစ္ဆာသားရဲပန်းချီကားလိပ်ထဲရှိ မီးခိုးရောင်လေးနှင့် ချင်းယင်တို့သည် ဟင်းလင်းပြင်လှုပ်ခတ်မှုများထဲတွင် ထာဝရ မြေမြှုပ်ခံရပေလိမ့်မည်။

မီးခိုးရောင်လေးနှင့် ချင်းယင်တို့ကို နှစ်သိမ့်ပေးပြီးနောက် ရွှီနင်၏ ဒဏ်ရာအနည်းငယ်မှာလည်း အခြေခံအားဖြင့် သက်သာသွားခဲ့လေပြီ။

သူသည် မတ်တတ်ရပ်လိုက်ပြီး ဆေးလုံးများအတွက် ကျေးဇူးတင်စကားပြောရန် သွမ့်ချောင်ဖုန်းကို သွားရှာလေတော့သည်။

…

ထိုအချိန်မှာပင် အခြား အခန်းတစ်ခုထဲ၌…

ချန်ယွီမော်နှင့် လျန်ထင်အန်တို့သည် စိတ်ဓာတ်ကျနေသည့် ပုံစံများ ပေါက်နေကြသည်။

“အစ်ကိုလျန်၊ ကျွန်တော်တို့ ဒီတစ်ခေါက်တော့ အကြီးအကျယ် အထိနာသွားပြီ...”

ချန်ယွီမော်က နောင်တရိပ်များ ပြည့်နှက်နေသော လေသံဖြင့် သက်ပြင်းချလိုက်သည်။

“ဒီတစ်ခါ ကျွန်တော်တို့ ဂိုဏ်းနှစ်ခုလုံးရဲ့ ထိပ်တန်းတပည့်တွေထဲက ၉၀ ရာခိုင်နှုန်းလောက် ဒီမှာတင် သေကုန်ကြပြီ။ ပိုပြီး လက်မခံနိုင်စရာကောင်းတာက ညသားရဲကိုတောင် မဖမ်းနိုင်ခဲ့လို့ တတိယမင်းသမီးမော့လန်ရဲ့ ရည်မှန်းချက် မအောင်မြင်ခဲ့တာပဲ”

“ဒီလိုအခြေအနေနဲ့ဆို ဝမ်ရှန့်ပြည်နယ်ကို ပြန်ရောက်ရင် လုယယ်ပြည်နယ်ကို ပြောင်းရွှေ့ဖို့ မဆိုထားနဲ့၊ တတိယမင်းသမီးကတောင် ကျွန်တော်တို့ကို ဘေးဖယ်ထားတော့မှာ။ ဘယ်တော့မှလည်း အရေးပါတဲ့ နေရာတွေရမှာမဟုတ်တော့ဘူး”

ချန်ယွီမော်၏ စကားကို ကြားရသောအခါ လျန်ထင်အန်၏ မျက်နှာတွင် အားကိုးရာမဲ့သည့် အရိပ်အယောင်များ ပေါ်လာလေသည်။

အကယ်၍ ဤသို့ ဖြစ်လာမည်ကို ကြိုသိခဲ့ပါက သူတို့မှာ ဤမျှအထိ လောင်းကြေးထပ်ခဲ့ကြမည် မဟုတ်ပေ။

“ဟုတ်တယ်... တတိယမင်းသမီးရဲ့ အကာအကွယ် မရှိရင် ကျွန်တော်တို့ ဂိုဏ်းနှစ်ခုကတော့...”

လျန်ထင်အန်က အားကိုးရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။

အခန်းထဲတွင် တိတ်ဆိတ်မှုက နေရာယူသွားသည်။

“အစ်ကိုလျန်...”

ရုတ်တရက် ချန်ယွီမော်က ပြောလိုက်သည်။

“ခုနက ဆရာမကြီး ရွှယ်ကျင်ဟွားနဲ့ တတိယမင်းသမီးတို့ စကားပြောနေတာကို ကျွန်တော် ကြားလိုက်ရတယ်၊ ယဲ့ဘုရင်ခံရဲ့ ဘေးမှာရှိနေတဲ့ လူငယ်လေးက အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်နေတဲ့ လက်ရှိ ယန့်လုဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရွှီနင်တဲ့...”

“ဟမ်”

လျန်ထင်အန်က မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်သည်။

နှစ်ဖက်လုံးမှာ သင်္ဘောပေါ်သို့ တစ်ပြိုင်နက်တည်း တက်လာကြချိန်တွင် ယဲ့ဘုရင်ခံမင်းသား သွမ့်ချောင်ဖုန်းသည် ရွှီနင်နှင့် အလွန်ရင်းနှီးနေသည်ကို သူတို့ သတိထားမိခဲ့ကြသည်။

သူသည် သေချာပေါက် အရေးပေးခံနေရသူ ဖြစ်လေသည်။

ရွှီနင်အကြောင်း ပြောမိသောအခါ သူတို့၏ အခြေအနေကို ပြန်တွေးမိသွားကြကာ သူတို့နှစ်ဦးမှာ ရှုပ်ထွေးသော ခံစားချက်များ ဝင်ရောက်လာလေသည်။

အကယ်၍ တတိယမင်းသမီးမော့လန်သည် သူတို့အား စွန့်ပစ်လိုက်ပြီး ရွှီနင်ကမူ ယဲ့မင်းသား၏ မျက်နှာသာပေးမှုကို ရရှိနေပါက သူတို့ဂိုဏ်းနှစ်ခုလုံးမှာ အလွန်ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရပေလိမ့်မည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက သူတို့သည် ယန့်လုဂိုဏ်းအား ဖျက်သိမ်းရန် ဖိအားပေးခဲ့ကြသည်။ နှစ်ပေါင်းတစ်ရာ ကြာပြီးနောက်တွင်မူ မိမိတို့ကိုယ်တိုင် ထိုကဲ့သို့သော အကျပ်အတည်းမျိုးကို ပြန်လည် ရင်ဆိုင်ရနိုင်ချေ ရှိနေပေပြီ။

“ငါတို့ဂိုဏ်းနှစ်ခုလုံး တကယ်ပဲ လမ်းဆုံးသွားပြီလား...”

သူတို့နှစ်ဦးသည် ဂိုဏ်း၏ အနာဂတ်အတွက် မျှော်လင့်ချက် ကင်းမဲ့နေကြလေသည်။

“လမ်းဆုံးနေတဲ့ အခြေအနေကနေ ထွက်ပေါက်တစ်ခုတော့ ရှိနိုင်ပါသေးတယ်”

တိတ်ဆိတ်နေသော အခန်းထဲတွင် အမျိုးသားတစ်ဦး၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ချန်ယွီမော်နှင့် လျန်ထင်အန်တို့မှာ ကြက်သီးမွေးညင်းများ ထသွားကြသည်။

သူတို့ လှည့်ကြည့်လိုက်သောအခါ အနီးအနားတွင် မီးခိုးရောင် ဝတ်ရုံအားဝတ်ဆင်ထားပြီး အေးစက်သော အမူအရာရှိသည့် အမျိုးသားတစ်ဦးသည် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ မျက်နှာမှာ အေးစက်လှပြီး နက်နဲလှသော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

“မင်း ဘယ်သူလဲ”

သူတို့နှစ်ဦးလုံး မတ်တတ်ရပ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်ကြသည်။

ချန်ယွီမော်နှင့် လျန်ထင်အန်တို့သည် တာအိုနယ်ပယ် ငါးဆင့်မြောက် အဆင့်ရှိသူများ ဖြစ်ကြသော်လည်း ဤအမျိုးသားသည် သူတို့ မသိလိုက်သည့်အချိန်တွင် အနားသို့ ကပ်လာနိုင်ခဲ့လေသည်။

ဤကဲ့သို့သော စွမ်းအားမျိုးမှာ တာအိုနယ်ပယ် ခြောက်ဆင့်မြောက် အဆင့်ရှိသူပင် မတတ်နိုင်သည့်အရာ ဖြစ်သည်။

ထို့ကြောင့် သူတို့ရှေ့မှ အမျိုးသားသည် အဆင့်မြင့် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်ရပေမည်။

ထို့အပြင် ချန်ယွီမော်နှင့် လျန်ထင်အန်တို့သည် နောက်ထပ် ပြဿနာတစ်ခုကိုလည်း သတိပြုမိသွားကြသည်။

ဤမီးခိုးရောင်ဝတ်ရုံနှင့်လူမှာ သင်္ဘောပေါ်သို့ တိတ်တဆိတ် ဝင်ရောက်လာသည်ကို သူတို့နှစ်ဦးတင်မက တာအိုနယ်ပယ် ခုနစ်ဆင့်မြောက် အဆင့်ရှိသည့် တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့ပင် သတိမထားမိခဲ့ကြပေ။

ဤအချက်က သူတို့ကို ပို၍ စိုးရိမ်တုန်လှုပ်သွားစေသည်။

“ငါ့ရဲ့ သရုပ်မှန်ကို လျှောက်တွေးမနေနဲ့”

ရောက်ရှိလာသူမှာ ချူဟယ့်ပင် ဖြစ်သည်။

“ငါက မင်းတို့နှစ်ယောက်ဆီက အကူအညီတစ်ခု တောင်းချင်လို့ လာခဲ့တာပါ”

ချူဟယ့်က ထိုင်ချလိုက်သည်။

“မင်း လူမှားလာတာ မဟုတ်လား...”

ချန်ယွီမော်က တည်ငြိမ်သယောင် ဟန်ဆောင်ကာ ပြောလိုက်သည်။

အကယ်၍ ဤလူသာ သူတို့အား သတ်ချင်သည်ဆိုပါက သူတို့မှာ မျက်စိတစ်မှိတ်အတွင်း အသတ်ခံရနိုင်ပေသည်။

“မဟုတ်ဘူး၊ ငါက မင်းတို့နှစ်ယောက်ဆီကိုပဲ လာခဲ့တာ”

ချူဟယ့်က ပြောလိုက်သည်။

“ခုနက မင်းတို့ ပြောနေတာတွေကို ငါကြားပြီးပြီ။ ငါ့အမြင်မှာတော့ မင်းတို့ ဂိုဏ်းချုပ်နှစ်ယောက်လုံးအတွက် ရှေ့ဆက်စရာ လမ်းမရှိတော့ဘူး။ ဝမ်ရှန့်ပြည်နယ်ကို ပြန်ပြီး မင်းတို့ဂိုဏ်းတွေ ဆုတ်ယုတ်သွားတာကို ထိုင်ကြည့်နေမယ့်အစား ငါတို့နဲ့ ဘာလို့ မပူးပေါင်းတာလဲ”

“မင်းနဲ့ ပူးပေါင်းရမယ် ဟုတ်လား”

လျန်ထင်အန်က သတိကြီးစွာဖြင့် မေးလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲဆိုတာ သိပါရစေ”

“ငါက ဘယ်သူလဲ ဟုတ်လား”

ချူဟယ့်က ပြုံးလိုက်သည်။

“ဒါက မင်းတို့ သိရမယ့် အချိန်မဟုတ်သေးဘူး။ ငါခိုင်းတဲ့ အလုပ်ကို မင်းတို့ ပြီးအောင် လုပ်နိုင်တဲ့ အချိန်ကျရင်တော့ ငါ့ရဲ့ သရုပ်မှန်ကို မင်းတို့ အလိုလို သိလာပါလိမ့်မယ်”

ချန်ယွီမော်နှင့် လျန်ထင်အန်တို့သည် တစ်ဦးကိုတစ်ဦး လျှို့ဝှက်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့ မည်မျှပင် မသိနားမလည်သူများ ဖြစ်ပါစေဦးတော့ ဤမီးခိုးရောင်ဝတ်ရုံနှင့်လူမှာ တစ်စုံတစ်ခုကို ကြံစည်နေကြောင်း ရိပ်မိနေကြသည်။

“အရှင်... ကျွန်တော်တို့ရဲ့ စွမ်းအားက အလွန်နိမ့်ကျလွန်းပါတယ်၊ အရှင် ခိုင်းတဲ့အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်”

ချန်ယွီမော်က သတိကြီးစွာ ပြောလိုက်သည်။ သူနှင့် လျန်ထင်အန်တို့သည် ဤလူနှင့် မပတ်သက်ချင်ကြပေ။

“ဟက်...”

ထိုစကားကို ကြားသောအခါ ချူဟယ့်သည် ခနဲ့သလို ရယ်လိုက်သည်။

ထို့နောက် ချူဟယ့်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။

ချန်ယွီမော်နှင့် လျန်ထင်အန်တို့သည် သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ကြီးမားသော ဖိအားကြီးတစ်ခု သက်ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူတို့နှစ်ဦးလုံး ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကိုပါ တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။

“ငါက မင်းတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး”

ချူဟယ့်က ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။

“နာခံမလား၊ ဒါမှမဟုတ် သေမလား”

“ဒါက...”

သူတို့နှစ်ဦးသည် အသက်အန္တရာယ်၏ ခြိမ်းခြောက်မှုအောက်တွင် နောက်ဆုံး၌ အားကိုးရာမဲ့စွာ ခေါင်းညိတ်လိုက်ကြရတော့သည်။

“အရှင်... ကျွန်တော်တို့ကို ဘာအလုပ် ခိုင်းချင်တာလဲဟင်”

လျန်ထင်အန်က မေးလိုက်သည်။

သူတို့နှစ်ဦး အရှုံးပေးလိုက်သည်ကို မြင်သောအခါ ချူဟယ့်သည် သတ်ဖြတ်လိုသော အငွေ့အသက်များကို ပြန်လည် ထိန်းချုပ်လိုက်သည်။

သူသည် လက်ဝါးခန့်ရှိသည့် ဝိုင်းစက်သော ကျောက်ပြားနှစ်ချောင်းကို ထုတ်ယူကာ သူတို့ဆီသို့ ပစ်ပေးလိုက်လေသည်။

လျန်ထင်အန်နှင့် ချန်ယွီမော်တို့သည် ကျောက်ပြားများကို ဖမ်းယူလိုက်ပြီး ကြည့်လိုက်ရာ ၎င်းတို့အပေါ်တွင် ထွင်းထုထားသည့် အလင်းတန်းလေးများကို တွေ့လိုက်ရသည်။

ထိုလိုင်းများကြားတွင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေပုံရလေသည်။

“သင်္ဘောပေါ်မှာရှိတဲ့ အဆင့်မြင့်သိုင်းပညာရှင် နှစ်ယောက် အာရုံလွဲနေတဲ့ အချိန်ကျရင် ဒီကျောက်ပြားတွေကို သူတို့ဆီ ပစ်ပေါက်လိုက်”

ချူဟယ့်က ပြောလိုက်သည်။

“ဒါက...”

လျန်ထင်အန်နှင့် ချန်ယွီမော်တို့၏ မျက်နှာများပျက်သွားကြသည်။

“အရှင်... ဒါကို ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ။ သူတို့နှစ်ယောက်လုံးက တာအိုနယ်ပယ် ခုနစ်ဆင့်မြောက် အဆင့်တွေလေ။ သူတို့ရှေ့မှာ ဒီလိုလုပ်လိုက်ရင် ကျွန်တော်တို့ ချက်ချင်း အဖမ်းခံရမှာပေါ့”

“မပူပါနဲ့၊ ငါ သူတို့ရဲ့ အာရုံကို လွဲအောင် လုပ်ပေးမယ်။ သူတို့ အာရုံပြန့်လွင့်နေတဲ့ အချိန်ကျရင် မင်းတို့က ဒီကျောက်ပြားတွေကို သူတို့ဆီ ပစ်လိုက်ရုံပဲ”

ချူဟယ့်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

သူသည် ဤကိစ္စကို ကြိုတင် စီစဉ်ထားပြီးသား ဖြစ်သည်။

“ကောင်းပါပြီ...”

သူတို့နှစ်ဦးမှာ တွေဝေနေကြသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်ကြရသည်။

ဤအလုပ်သည် အလွန်အန္တရာယ်ကြီးကြောင်း သူတို့ သိသော်လည်း မလုပ်ပါက သူတို့၏ ခေါင်းများ ပြုတ်သွားမည်ကို ပို၍ ကြောက်နေကြခြင်း ဖြစ်သည်။

“ဒါဆိုရင် မင်းတို့ဆီက သတင်းကောင်းကို ငါ စောင့်နေမယ်”

ထို့နောက် ချူဟယ့်က လက်ကို ဝှေ့ယမ်းလိုက်ရာ ချီစွမ်းအင် နှစ်ခုသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေသည်။

ချန်ယွီမော်နှင့် လျန်ထင်အန်တို့သည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

ဖော်ပြ၍မရသော စွမ်းအားတစ်ခုသည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းသွားလေပြီ။

ဤသည်မှာ မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ လက်ချက်ဖြစ်ရာ အကယ်၍ သူတို့သာ အခြားစိတ်ကူးရှိပြီး မီးခိုးရောင်ဝတ်ရုံနှင့်လူ ခိုင်းသည့်အတိုင်း မလုပ်ခဲ့ပါက ထိုစွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်သွားပြီး သူတို့ကို အသက်ဆုံးရှုံးစေမည် ဖြစ်သည်။

ချူဟယ့်သည် သူ၏ အစီအစဉ်များကို လုပ်ဆောင်ပြီးနောက် အခန်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။

လျန်ထင်အန်နှင့် ချန်ယွီမော်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့၏ မျက်နှာများတွင် မျှော်လင့်ချက် ကင်းမဲ့နေသည့် အရိပ်အယောင်များဖြင့် ထုံထိုင်းနေကြသည်။ သူတို့သည် ထိုမီးခိုးရောင်ဝတ်ရုံနှင့်လူမှာ မည်သူဖြစ်သည်ကိုပင် မသိရသေးသော်လည်း ယခုအခါ သူ ခိုင်းသမျှကို လုပ်ပေးရတော့မည်ဖြစ်သည်။

အခန်းထဲတွင် တိတ်ဆိတ်မှုက ထပ်မံ နေရာယူသွားလေတော့သည်။

All Chapters