ထူးဆန်းသည့်သားရဲအုပ်ကြီး
Vol. 19 Ch. 197
ခုန်မင်ကိုတိုက်ခိုက်ရန် ခွဲထွက်လာသည့် သားရဲအုပ်စုက အရေအတွက် (၁၀၀)ခန့်သာ ရှိသည်။
သို့သော် သူတို့က အဆင့်(၃)နှင့် အဆင့်(၄)သားရဲများဖြစ်ပြီး သားရဲအုပ်စုကြီးမှ အထူးချွန်ဆုံးသူများ ဖြစ်ကြသည်။
မှော်ဝင်သားရဲများက ခုန်မင်အား သူတို့၏ အကြီးမားဆုံးရန်သူအဖြစ်သတ်မှာတ်ကာ တစ်ချက်တည်းဖြင့်အပြတ်ရှင်းရန် ကြိုးစားသည်မှာ ထင်ရှားသည်။
သို့သော် ခုန်မင်က အဆင့်(၆) မှော်ဝင်သားရဲဖြစ်သော လေမိုးကြိုးကျားသစ်ကိုပင် ရင်ဆိုင်ခဲ့သူဖြစ်ရာ အဆင့်(၃)နှင့် အဆင့်(၄) သားရဲများကို အရေးစိုက်နေမည် မဟုတ်ပေ။
ခုန်မင်က လက်ဖဝါးနှစ်ဖက်လုံးဖြင့် ရိုက်ချလိုက်ရာ ဒြပ်စင်စွမ်းအား(၃)မျိုး ခရုပတ်နွယ်လိမ်ရောယှက်နေသည့် စွမ်းအားအလင်းတန်း ထွက်ပေါ်လာသည်။
ခုန်မင်ကိုတိုက်ခိုက်လာသည့် သားရဲများထဲတွင် အဆင့်(၄)သားရဲဖြစ်သည့် သံမဏိကြံ့နက်(၂)ကောင်ပါဝင်သည်။
သူတို့၏ခန္ဓာကိုယ်က သံမဏိပမာ ထူထဲမာကျောပြီး အလေးချိန်ကလည်း (၁၀)တန်ကျော်သည်ဖြစ်ရာ သူတို့၏တိုက်ခိုက်မှုက တင့်ကားကြီး တဟုန်ထိုးဝင်ရောက်လာသည်နှင့် ဆင်တူသည်။
သို့သော် ခုန်မင်၏ ခရုပတ်နွယ်လိမ် စွမ်းအားအလင်းတန်း ထိမှန်ခံရသည်နှင့် ထိုကြံ့နက်ကြီးနှစ်ကောင်လုံး လေထဲသို့ လွင့်စင်သွားသည်။
သူတို့၏ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ကြီးမားသောအပေါက်ကြီးများဖြစ်ပေါ်နေပြီး ကိုယ်တွင်းကလီစာများ မီးလောင်ကျွမ်းသွားသည်ကိုတွေ့ရသည်။
သူတို့၏ ကြီးမားလေးလံသော ခန္ဓာကိုယ်ကြီးဖြင့် ဖိမိသဖြင့် အခြားသားရဲ (၇)ကောင် (၈)ကောင်ခန့်ပါ ကြေမွသွား၏။
ခုန်မင် စွမ်းအားကြီးမားလေ သားရဲအုပ်ကြီးက သူ့ကို အလွတ်မပေးချင်လေ ဖြစ်သည်။ ခုန်မင်ကြောင့် တိုက်ပွဲအလှည့်အပြောင်းဖြစ်သွားမည်ကို သူတို့ လုံးဝ လက်မခံနိုင်ပေ။
သံမဏိကြံ့နက်ကြီးများ လက်ဖဝါးတစ်ချက်တည်းဖြင့် အသက်ပျောက်သွားသည်ကို တွေ့မြင်သည်နှင့် သားရဲအုပ်ကြီးက ကြောက်လန့်သွားခြင်းမရှိဘဲ ခုန်မင်ထံသို့ ပိုပြီးအရှိန်မြှင့်ကာ ဝင်ရောက်လာကြသည်။
အဆင့်(၄) မှော်ဝင်သားရဲဖြစ်သည့် ဆူးတောင်ငှက်နှစ်ကောင်က သားရဲအုပ်စုကိုဦးဆောင်က ရှေ့ဆုံးမှ ပျံသန်းလာကြသည်။
ခုန်မင့်အနားသို့ရောက်သည်နှင့် သူတို့၏ခန္ဓာကိုယ်မှ အမွှေးအမျှင်များက သံမဏိအပ်များသဖွယ် ထောင်မတ်လာသည်။
ဆူးတောင်ငှက်တို့၏ထူးခြားချက်မှာ သူတို့၏အမွှေးများကို သံမဏိမြားတံများသဖွယ် ပစ်လွှတ်နိုင်ခြင်း ဖြစ်၏။ သံမဏိအမွှေးများကိုပစ်ခတ်လိုက်ပါက အလွန်မြန်ဆန်သလို သေစေနိုင်လောက်အောင် အန္တရယ်မြင့်မားသည်။
သို့သော် ဆူးတောင်ငှက်တို့တွင် အားနည်းချက်ရှိသည်မှာ သူတို့၏အမွှေးများကို ပစ်လွှတ်လိုက်သည်နှင့် အမွှေးနှုတ်ခံရသောကြက်ပမာဖြစ်သွားပြီး လုံးဝစွမ်းအားမရှိတော့ဘဲ ခုခံနိုင်စွမ်း ကင်းမဲ့သွားသည်။
ယခု ငှက်နှစ်ကောင်က သူတို့အသက်နှင့်ရင်းပြီး တိုက်ခိုက်ရန်အတွက် ရှေ့ဆုံးမှ ပြေးဝင်လာကြခြင်း ဖြစ်သည်။
သူတို့ဘက်မှ အရင်ဦးအောင်တိုက်ခိုက်နိုင်ပါက ခုန်မင်ကို ဒဏ်ရာရအောင်မလုပ်နိုင်လျှင်ပင် တိုက်စစ်အရှိန်ကိုတော့ ဟန့်တားနိုင်မည် ဖြစ်၏။
ခုန်မင်၏တိုက်ခိုက်မှု တုံ့ဆိုင်းသွားပါက နောက်မှလိုက်ပါလာသော သားရဲအုပ်ကြီးအတွက် ထိုးစစ်ဆင်ရန် အခွင့်အရေး ရရှိပေမည်။
နောက်မှ လိုက်ပါလာသည့် သားရဲအုပ်ကြီးအတွက် တိုက်ခိုက်ရန် အခွင့်အရေး ဖန်တီးပေးနိုင်မည် ဖြစ်သည်။
သို့သော် ထိုငှက်နှစ်ကောင် မတိုက်ခိုက်ခင်မှာပင် ခုန်မင်၏ ပခုံးထက်တွင်နားနေသည့် ဖီနးစ်ငှက်က ခေါင်းကိုမော့လျှက် စူးစိုက်ကြည့်လိုက်သည်။
ဖီးနစ်ငှက်လေးက တန်ခိုးစွမ်းအားများ အပြည့်အဝ ပြန်လည်နိုးထလာခြင်း မရှိသေးသော်လည်း သူက မီးလျှံဖီးနစ် ပြန်လည်မွေးဖွားလာသူဖြစ်သည်။
သူ၏သွေးမျိုးဆက်က အဆင့်နိမ့်နှင့် အလယ်ဆင့်မှော်ဝင်သားရဲများအပေါ် ကြီးမားသောဖိအား ပေးစွမ်းနိုင်သည်။
ထို့ကြောင့် ဖီးနစ်ငှက် စူးစိုက်ကြည့်လိုက်သည်နှင့် ဆူးတောင်ငှက်နှစ်ကောင်မှာ ကိုယ်တွင်းမှအင်အားများ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။
သူတို့၏ထောင်မတ်နေသော အမွှေးများမှာလည်း ချက်ချင်းပြားပြားဝပ်သွားပြီး အတောင်ပံခတ်ကာ ဆက်လက်ပျံသန်းနိုင်စွမ်းပင် မရှိတော့ဘဲ မြေပြင်ထက်သို့ ဘုတ်ကနဲ ပြုတ်ကျသွားသည်။
ဆူးတောင်ငှက်များက သာမန်သားရဲများဆိုလျှင် ဖီးနစ်ငှက်၏ သွေးမျိုးဆက်ကြောင့် ထိတ်လန့်သွားနိုင်သော်လည်း ယခုကဲ့သို့ ရုပ်ပျပ်ဆင်းပျက်ဖြစ်မည် မဟုတ်ပေ။
သို့သော် ဖီးနစ်ငှက်ဆိုသည်က ငှက်မျိုးနွယ်များ၏ ဥသျှောင်ဖြစ်သည်။
ထို့ကြောင့် သူ၏သွေးမျိုးဆက်ဖိအားက အခြားသားရဲများထက် ငှက်မျိုးနွယ်များအပေါ်တွင် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။
ဆူးတောင်ငှက်များမှာ ဖီးနစ်ငှက်၏ သွေးမျိုးဆက်ဖိအားကို ရင်ဆိုင်လိုက်ရသဖြင့် ကျောရိုးထဲစိမ့်အောင်ကြောက်လန့်သွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျသွားရခြင်းပင်။
နောက်မှလိုက်လာသည့် သားရဲများမှာ ရှေ့မှငှက်များ အသုံးမကျဖြစ်သွားမည်ဟု မျှော်လင့်မထားကြပေ။
အရှိန်နှင့်လိမ့်လာသည့်သားရဲအုပ်ကြီးမျာ မြေပြင်ထက်ပြုတ်ကျလာသည့် ဆူးတောင်ငှက်များကို နင်းမိတော့မည့်ဆဲဆဲတွင် ၊ ထိုငှက်နှစ်ကောင်က အသည်းအသန်ရုန်းကရန်ရှင်း စူးရှကျယ်လောင်စွာ အော်မြည်လိုက်ကြသည်။
ထိုစူးရှသော အော်ဟစ်သံကိုကြားလိုက်သည်နှင့် ရှေ့ဆုံးမှ တဟုန်ထိုးပြေးဝင်လာသည့် သားရဲများက ရုတ်တရက် ရပ်တန့်လိုက်လေရာ သားရဲများ အရှိန်မထိန်းနိုင်ဘဲ အချင်းချင်းတိုက်မိပြီး ဝရုန်းသုန်းကား ဖြစ်ကုန်တော့သည်။
သားရဲများရပ်တန့်လိုက်ခြင်းအတွက် ဆူးတောင်ငှက်နှစ်ကောင်ကတော့ နင်းချေအသတ်ခံရမည့်အန္တရယ်မှ ကင်းလွတ်သွားရသည်။
ဆူးတောင်ငှက်နှစ်ကောင်၏ အော်မြည်သံကြားသည်နှင့် သားရဲအုပ်ကြီး အဘယ့်ကြောင့် ရပ်တန့်သွားရပါသနည်း။ ထိုငှက်နှစ်ကောင်ကို နင်းမိမည်စိုးသောကြောင့် ရပ်တန့်လိုက်ခြင်း မဟုတ်သည်ကတော့ သေချာသည်။
သားရဲများ၏ ထူးဆန်းသောအပြုအမူကြောင့် ခုန်မင်လည်း စူးစမ်းလိုစိတ်ဖြင်သွားသည်။ သူက တိုက်ခိုက်ရန်ဟန်ပြင်နေခြင်းကို ရပ်တန့်လိုက်ပြီး အခြေအနေကို စောင့်ကြည့်နေလိုက်၏။
ခုန်မင်ကိုတိုက်ခိုက်နေသည့် အဆင့်(၃)နှင့် အဆင့်(၄) မှော်ဝင်သားရဲများ ရပ်တန့်သွားသည်နှင့် နာ့ယီရှို့တို့အုပ်စုကို တိုက်ခိုက်နေသည့် သားရဲအုပ်ကြီးမှာလည်း ထိုးစစ်ဆင်မှုကို ရတ်တရက် ရပ်နားလိုက်သည်။
နာ့ယီရှို့တို့အုပ်စုမှာလည်း ဘာဖြစ်မှန်းမသိသည့်တိုင် တိုက်ပွဲမှ အနည်းငယ် အနားရသွားသဖြင့် စိတ်သက်သာရာရသွားကြသည်။
ထိုအချိန် အရပ်(၇)ပေခန့်မြင့်ပြီး ပုံမှန်ထက်ရှည်လျားကာ မြေပြင်ကိုပင်ထိနေသည့် လက်များကိုပိုင်ဆိုင်ထားသော မျောက်ဝံတစ်ကောင် သားရဲအုပ်ထဲမှ ထွက်လာသည်။
ထိုမျောက်ဝံကြီးက မြေပြင်ထက်ပြုတ်ကျနေသည့် ဆူးတောင်ငှက်နှစ်ကောင်အနားသို့သွားပြီး သွားများဖြဲကာ တကွိကွိအော်မြည်လိုက်သည်။
သူ့ကိုကြည့်ရသည်မှာ ငှက်များကို တစ်စုံတစ်ခု မေးမြန်းနေဟန်ပင်။
ဆူးတောင်ငှက်နှစ်ကောင်က အနည်းငယ် ပြန်လည်နာလန်ထူလာပြီဖြစ်ရာ အတောင်များကို တဖျတ်ဖျတ်ခတ်ရင်း မျောက်ဝံသားရဲကြီးဖြင့် စကားဆက်သွယ်ပြောဆိုကြသည်။
ခုန်မင်က မျောက်ဝံကြီးကို တစ်ချက်အကဲခတ်လိုက်သည်။
ထိုသားရဲကြီးက ရှည်လျားသည့်လက်များရှိသည့်အပြင် မေးစေ့အောက်အထိပင် ကွေးညွှတ်ကျနေသည့် မျက်ခုံးမွှေးတစ်စုံကို ပိုင်ဆိုင်ထားသည်။
ထိုမျက်ခုံးမွှေးများက ဆီးနှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူလျှက် ရှိသည်ပင်။
ထိုသို့သောမျောက်ဝံသားရဲကို သံလက်မောင်းမျက်ခုံးရှည်မျောက်ဝံဟု ခေါ်ဆိုပြီး အဆင့်(၄)မှော်ဝင်သားရဲများထဲတွင် ထိပ်တန်းအဆင့် ရှိသည်။
သူ၏လက်များက သံလက်မောင်းပမာ အလွန်မာကျောပြီး လက်တစ်ဖက်ဝှေ့ယမ်းရုံမျှဖြင့် သစ်ပင်(၁၀)ပင်ခန့် အပိုင်းပိုင်းပြတ်တောက်သွားစေသော စွမ်းအားကို ပိုင်ဆိုင်သည်။
ထိုမျောက်ဝံကြီးက စွမ်းအားသာကြီးမားသည်မဟုတ် အလွန်လည်း ဉာဏ်ရည်ထက်မြက်သည်ဖြစ်ရာ အမြဲတမ်း ခေါင်းဆောင်နေရာကို ရယူလေ့ရှိသည်။
ယခု သားရဲအုပ်ကြီးတွင် အဆင့်(၅)နှင့် အဆင့်(၆) သားရဲများ ပါဝင်ခြင်းမရှိလေရာ ဤသံလက်မောင်းမျက်ခုံးရှည်မျောက်ဝံကြီးက သားရဲအုပ်စုကြီး၏ ခေါင်းဆောင်ဖြစ်နိုင်သည်။
မျောက်ဝံကြီးက ဆူးတောင်ငှက်များနှင့် ခဏမျှစကားပြောဆိုပြီးနောက် ခုန်မင်နှင့် ဖီးနစ်ငှက်ရှိရာသို့ သံသယမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လာသည်။
သူ့ပုံစံက ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်ကို အလေးအနက် ချိန်ဆနေဟန်ပင်။
ခုန်မင်၏ ပခုံးထက်တွင်ရှိနေသည့် ဖီးနစ်လေးကတော့ တိုက်တော့မလိုလို ကြောက်သလိုလိုလုပ်နေသည့် အဆင့်နိမ့်သားရဲများကိုကြည့်ရင်း ပျင်းရိငြီးငွေ့လာဟန်ရှိသည်။
ထို့ကြောင့် သူက အမြင်ကပ်ကပ်ဖြင့် မျက်ခုံးရှည်မျောက်ဝံကြီးကို စူးစိုက်ကြည့်လိုက်၏။
ဖီးနစ်လေးက တစ်ချက်မျှသာ စူးစိုက်ကြည့်လိုက်ခြင်းဖြစ်သော်လည်း မျောက်ဝံကြီးမှာ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး နောက်သို့ ခြေလှမ်းအတော်များများဆုတ်သွားသည်။
သူ၏မျက်နှာလည်း အလွန်အမင်းထိတ်လန့်ကြောက်ရွံ့ဟန်ဖြင့် အကြီးအကျယ် ပျက်ယွင်းသွားသည်။
ထို့နောက် မျောက်ဝံကြီးက ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်ပြီး အမြီးကုပ်လျှင် ဝေးရာသို့ ထွက်ပြေးသွားတော့သည်။
မျောက်ဝံကြီး၏အော်သံကြားသည်နှင့် သားရဲအုပ်ကြီးမှာ အမိန့်သံတစ်ခုကြားလိုက်သည့်အလား မျောက်ဝံကြီးနောက်သို့ အလျှိုလျှိုလိုက်ပါသွားပြီး တိုက်ပွဲမှ ဆုတ်ခွာသွားကြသည်။
ခဏအတွင်းမှာပင် နေရာတွင်ရှိနေသော သားရဲများအားလုံး တစ်ကောင်မကျန် ပျောက်ကွယ်သွားကြတော့၏။
သွေးသံရဲရဲနှင့် လူနှင့် သားရဲ ရုပ်အလောင်းများသာ မရှိပါက စောစောက တိုက်ပွဲဖြစ်ခဲ့သည်ဟု မည်သူမှ ယုံကြည်မည် မဟုတ်ပေ။
ယခုတော့ တိုက်ပွဲပြီးဆုံးကာ စစ်မြေပြင်က တစပြင်အလား ခြောက်ကပ်သွားပေပြီ။
သားရဲအုပ်ကြီး ထူးဆန်းစွာဆုတ်ခွာသွားသည်မှာ ဖီးနစ်ငှက်နှင့် သက်ဆိုင်နေမည်လားဟု ခုန်မင် တွေးတောလိုက်မိသည်။
နာ့ယီရှို့တို့အုပ်စုမှာတော့ သေမင်းလက်မှ သီသီလေးလွတ်မြောက်သွားသဖြင့် မယုံကြည်နိုင်လောက်အောင် ခံစားနေရသည်။
ထိုအချိန် ရှန်ရှင်းယွင်က ပေါ့ပါးသွက်လက်စွာပင် ခုန်မင်ရှေ့သို့ရောက်ရှိလာပြီး ဦးညွှတ်ဂါရဝပြုလိုက်သည်။
“သခင်လေးရဲ့ ဘုန်းတန်ခိုးကတော့ တကယ့်ကို အံ့မခန်းပဲ ၊ သခင်လေးရောက်လာတာနဲ့ သားရဲအုပ်ကြီးတစ်ခုလုံး ဆုတ်ခွာသွားတယ် ၊ ဒီနေရာမှာ ရှိနေတဲ့လူတွေအားလုံး သခင်လေးကြောင့် အသက်ဘေးလွတ်ရတာပါ”
ခုန်မင်က ခပ်ဖွဖွ ပြုံးလိုက်ရင်း...
“ဒီသားရဲတွေ ဆုတ်ခွာသွားတာ တခြားအကြောင်းတစ်ခုကြောင့် ဖြစ်နိုင်ပါတယ် ၊ ငါက ဒီလောက်များတဲ့သားရဲအုပ်ကြီးကို တစ်ယောက်တည်း မောင်းထုတ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထို့နောက် သူက ရှန်ရှင်းယွင်ကို တစ်ချက်အကဲခတ်လိုက်ပြီး...
“မင်းကို ဂုဏ်ပြုစကားပြောရမယ်ထင်တယ် ၊ ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်ကို တက်လှမ်းနိုင်ပြီဆိုတော့ မင်းရဲ့ ဖီးနစ်ကျဆုံးတောင်ကြားခရီးစဉ်က အလကားမဖြစ်ခဲ့ဘူးပဲ”
ဟုတ်ပေ၏။
တံခါးပိတ်ကျင့်ကြံပြီးနောက် ရှန်ရှင်းယွင်သည်လည်း ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ခုန်မင်၏ ချီးကျူးစကားကိုကြားတော့ ရှန်ရှင်းယွင်က ချက်ချင်းပင် လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...
“ဒါက ကံကောင်းသွားတာပါ သခင်လေး”
စကားပြောနေစဉ်မှာပင် ခုန်မင်ထံမှ ထွက်ပေါ်နေသည့် ဒြပ်စင်စွမ်းအားရောင်ဝါများကို ရှန်ရှင်းယွင် အာရုံခံလိုက်မိပြီး အကြီးအကျယ် အံ့အားသင့်သွားရသည်။
ခုန်မင်သည်လည်း ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် တက်လှမ်းသွားခဲ့ပြီ မဟုတ်ပါလား။
ခုန်မင်၏ ကျင့်ကြံခြင်းအမြန်နှုန်းက အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ စတင်ဝင်ရောက်လာချိန်က ခုန်မင်က ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သာ ရှိသေးသည်။
ထို့ပြင် စောစောက သားရဲများကိုတိုက်ခိုက်စဉ် ခုန်မင်ထုတ်ဖော်လိုက်သည့် ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစပ်ထားသည့် ခရုပတ်နွယ်လိမ်အလင်းတန်းကို ရှန်ရှင်းယွင် သတိထားလိုက်မိသည်။
ထိုအလင်းတန်း၏ စွမ်းအားကြီးမားမှုကိုကြည့်ခြင်းအားဖြင့် ခုန်မင်၏တန်ခိုးစွမ်းအားက မယုံနိုင်စရာ အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိနိုင်သည်။
ခုန်မင်ဆိုသည်က အနှစ်တစ်ထောင် ၊ အနှစ်တစ်သောင်းမှာတစ်ကြိမ် ပေါ်ထွန်းလာသည့် ပါရမီရှင်မျိုးဖြစ်သည်။
ဤမျှအသက်ငယ်ငယ်ဖြင့် ဤမျှမြင့်မားသော ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်သူမျိုး ရှန်ရှင်းယွင်ဘဝတွင် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
ရှန်ရှင်းယွင် သူ့ကိုယ်သူ ဂုဏ်မယူနိုင်တော့ဘဲ ခုန်မင်ကိုသာ လေးစားမှုအပြည့်ဖြင့် ဂါရဝပြုလိုက်မိသည်။
“ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက သခင်လေးနဲ့ယှဉ်လိုက်ရင် ဘာမှမပြောပလောက်ပါဘူး ၊ ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်ကို တက်လှမ်းသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်”
ယခင်က ရှန်ရှင်းယွင်အနေဖြင့် ခုန်မင်အပေါ် ပြိုင်ဆိုင်လိုစိတ်ဖြင့် မာန်မာန အနည်းငယ်ထားခဲ့ဖူးသော်လည်း အခုတော့ လုံးဝ အရှုံးပေးလိုက်ပြီ ဖြစ်သည်။
ထို့ကြောင့် အရင်လို “သူဌေးလေး” ဟုပင် မခေါ်တော့ဘဲ “သခင်လေး” ဟု ပြောင်းလဲခေါ်ဝေါ်လိုက်သည်။
ဤသို့ ပြောင်းလဲခေါ်ဝေါ်လိုက်ခြင်းမှာ ခုန်မင်၏ ဦးဆောင်မှုနောက်သို့လိုက်ပါရန် အသင့်ရှိနေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းသာပင်။
ခုန်မင်က ခပ်ဖွဖွပြုံးလိုက်ပြီး ရှန်ရှင်းယွင်၏ပခုံးကို ရှင်းနှီးဖော်ရွေစွာ ပုတ်လိုက်ပြီး...
“ငါတို့က ညီအစ်ကိုတွေပဲ ၊ ဒီလောက် အလေးအနက်ထားနေစရာမလိုပါဘူး ၊ ဒါနဲ့... ငါလည်း တံခါးပိတ်ကျင့်ကြံနေတာနဲ့ တောင်ကြားထဲမှာ ဘာတွေဖြစ်သွားလဲဆိုတာ မသိလိုက်ရဘူး ၊ ဘာလို့ မှော်ဝင်သားရဲတွေ ဒီလောက်အများကြီးထွက်လာပြီး မင်းတို့ကို တိုက်ခိုက်ရတာလဲ”
ရှန်ရှင်းယွင်၏ ပြောင်းလဲလာပုံကိုကြည့်ရင်း ခုန်မင်က သုံးပြည်ထောင်ခေတ်မှာ သူ၏ မူလဘဝကို ပြန်လည်အမှတ်ရလိုက်မိသည်။
သူ လုန်ကျုန်းမှထွက်လာပြီး လျိုပေ့ထံတွင် စတင်အမှုထမ်းချိန် လျိုပေ့လက်အောက်မှ စစ်သူကြီးများက ငယ်ရွယ်သည့် စစ်ရေးဗျူဟာရှင်’ကျူးကဲခုန်မင်” အပေါ် သံသယဝင်ခဲ့ကြသည်။
သို့သော် နောက်ဆုံးမှာတော့ ခုန်မင်က အရှင်သခင်’လျိုပေ့’ လက်အောက်တွင် အကြီးမားဆုံး သြဇာအာဏာကို တည်ဆောက်နိုင်ခဲ့သည်။
ကျားစစ်သူကြီး(၅)ယောက်ကဲ့သို့ ကြောက်မက်ဖွယ်ရာ သူရဲကောင်းများပင်လျှင် သူ့စကားကို မေးခွန်းမထုတ်ဘဲ လိုက်နာခဲ့ကြသည်။
ယခု ရှန်ရှင်းယွင်သည်လည်း ဤအတိုင်းပင် ဖြစ်လာခဲ့ပေပြီ။
ရှန်ရှင်းယွင်က...
“သခင်လေးကို လျှောက်တင်ပါတယ် ၊ ကျွန်တော်ကိုယ်တိုင်လည်း တံခါးပိတ်ကျင့်ကြံရာကထွက်လာတာ မကြာသေးတော့ အသေးစိတ်ကို မသိပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ကျွန်တော် သိသလောက်ကတော့... လွန်ခဲ့တဲ့ (၁)လလောက်က တောင်ကြားထဲမှာ တစ်ခုခုဖြစ်ခဲ့ပုံရပါတယ် ၊ မိစ္ဆာချီတွေ ရုတ်တရက်ထူထပ်လာပြီး ဒီနေရာမှာဆက်နေဖို့ မလုံခြုံတော့ပါဘူး ၊ အဲဒီအချိန်မှာ အပြင်လောကကိုပြန်ထွက်ရင်အသုံးပြုတဲ့ စွမ်းအားလမ်းကြောင်းတွေလည်း မတည်မငြိမ် ဖြစ်လာပါတယ် ၊ အဲဒါကြောင့် စမ်းသပ်ပွဲပြီးတဲ့အချိန်ထိစောင့်ရင် အပြင်ကိုပြန်မထွက်နိုင်တော့မှာကို အားလုံး စိုးရိမ်ခဲ့ကြတယ်”
“ဒါကြောင့် စမ်းသပ်ပွဲမှာ ပါဝင်တဲ့သူတွေအားလုံး ရန်သူမိတ်ဆွေမခွဲခြားဘဲ မဟာမိတ်ဖွဲ့ခဲ့ကြတယ် ၊ နတ်သူငယ်တွေက အပြင်ကိုပြန်ထွက်ဖို့ လျှို့ဝှက်နည်းလမ်းကို သိထားပါတယ် ၊ ဒါကြောင့် သူတို့ဦးဆောင်မှုနောက်ကိုလိုက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ် ၊ တကယ်လို့ သခင်လေး အသေးစိတ်သိချင်တယ်ဆိုရင်တော့ နတ်သူငယ်တွေကို မေးကြည့်လို့ရပါတယ်”