သားရဲတပ်ကြီးချီတက်လာပြီ
Vol. 19 Ch. 200
ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျင့်စဉ်ဖြစ်သည့် “ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်” က ခုန်မင့်လက်ထဲသို့ ရောက်ရှိလာပေပြီ။
တိုက်ပွဲများငြိမ်နေသေးသည်ကို အခွင့်ကောင်းယူပြီး ခုန်မင်က ဆိတ်ငြိမ်သော နေရာတစ်ခုရှာဖွေက ထိုကျင့်စဉ်ကို စတင်ဖတ်ရှုလိုက်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ “ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်” က အမှန်တကယ်ပင် အံ့သြစရာကောင်းလှသည်။ တိုက်စစ်စွမ်းအားအရဆိုလျှင်တော့ ဤကျင့်စဉ်က "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကို မယှဉ်နိုင်ပေ။
သို့သော် ဤကျင့်စဉ်၏ထူးခြားချက်မှာ မီးဒြပ်စင်စွမ်းအားကိုအသုံးပြုပြီး တိုက်ကွက်အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်သလို ဝေဟင်ထက် တိုက်ခိုက်ရေးစနစ်များကိုပါ ဖော်ဆောင်ပေးနိုင်ခြင်း ဖြစ်၏။
ကျင့်ကြံသူများအနေဖြင့် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်သို့ ရောက်ရှိမှသာ ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအားကို သဘာဝကျကျ ထိန်းချုပ်နိုင်ပြီး လေထဲတွင် ပျံသန်းနိုင်မည် ဖြစ်သည်။
သို့သော် “ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်” ကတော့ မတူညီသော နည်းလမ်းတစ်ခုဖြင့် မီးဒြပ်စင်စွမ်းအား၏ ပေါက်ကွဲအားကိုအသုံးပြုကာ ဝေဟင်ထက် တိုက်ခိုက်နိုင်စွမ်းကို ရရှိစေသည်။
ကောင်းကင်ယံတွင် တိုက်ခိုက်နိုင်စွမ်းမှာ ပျံသန်းခြင်းနှင့်မတူညီသော်လည်း တိုက်ပွဲတစ်ပွဲတွင် ကြီးမားသော အားသာချက်ကို ရရှိစေသည်။
ထို့ကြောင့် ဤကျင့်စဉ်ကို ကျင့်ကြံထားပါက အဆင့်တူပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင်ပင် လျှင်မြန်မှုနှင့် အရှိန်အဟုန်တွင် များစွာသာလွန်နေပေမည်။
လက်ရှိမှာတော့ ခုန်မင်အနေဖြင့် ဤကျင့်စဉ်ကိုကျင့်ကြံရန် မဖြစ်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော်...
သားရဲတပ်ကြီးတစ်တပ်က ဒီရေလှိုင်းများပမာ ချီတက်လာသောကြောင့် ဖြစ်သည်။
အဆင့်(၅) မှော်ဝင်သားရဲတစ်ကောင်နှင့် အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်တို့က အုပ်စုကို ဦးဆောင်လာကြသည်။
မြင်ကွင်းကိုတွေ့သည်နှင့် လူသားကျင့်ကြံသူများမှာ စိတ်ဓာတ် အောက်ဆုံးသို့ ထိုးဆင်းသွားရသည်။
အဆင့်(၅)နှင့် အဆင့်(၆) သားရဲများ မပါဝင်ခင်ကပင် သားရဲများက အရေအတွက်များလွန်းသဖြင့် ကျင့်ကြံသူများ အသေအလဲ ခုခံကာကွယ်ခဲ့ရသည် မဟုတ်ပါလား။
တရိပ်ရိပ်ချီတက်လာသည့် သားရဲလှိုင်းလုံးကြီးကိုကြည့်ရင်း ခုန်မင် မျက်မှောင်ကျုံ့လိုက်သည်။
သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် သားရဲတပ်ကြီးကို မောင်းထုတ်နိုင်စွမ်းမရှိသေးသော်လည်း တစ်ကိုယ်စာ ဘေးလွတ်အောင်တော့ ကာကွယ်နိုင်၏။
အဆင့်(၆) မှော်ဝင်သားရဲသည်ပင် သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။
သို့သော် လူသားကျင့်ကြံသူများ၏ လက်ရှိတာဝန်က စွမ်းအားလမ်းကြောင်းကို ကာကွယ်ရ ဖြစ်သည်။ ထို့ကြောင့် အားလုံး သူသေကိုယ်သေ တိုက်ပွဲဝင်ရမည်ဖြစ်ပြီး ဆုတ်ခွာရန်လမ်းစ လုံးဝ မရှိပေ။
သူတို့အနေဖြင့် စွမ်းအားလမ်းကြောင်း ပွင့်သွားချိန်အထိ တောင့်ခံနိုင်မည်ဆိုပါက ဖီးနစ်ကျဆုံးတောင်ကြားမှ လွတ်မြောက်ရန် မျှော်လင့်ချက် ရှိပေသည်။
သားရဲအုပ်ကြီး တလိမ့်လိမ့်ချီတက်လာသည်နှင့် လူသားကျင့်ကြံသူများအားလုံး စုရုံးလိုက်ကြသည်။
အားလုံးက အဲလစ်နှင့် နတ်သူငယ်(၄)ယောက်ကို အလယ်ဗဟိုတွင်ထားကာ သူတို့၏ မှော်စွမ်းအားများ အပြည့်အဝ ထုတ်ဖော်နိုင်ရန် ကာကွယ်ပေးလိုက်ကြ၏။
အပြင်လောကနှင့်ဆက်သွယ်ရန်မှာ အဲလစ်၏ အသံလွှင့်မှော်ပညာကို အားကိုးနေရသည်ဖြစ်ရာ သူမ၏ဘေးကင်းရန် အရေးကြီးသည်။
တိုက်ပွဲက အင်အားမမျှပေ။
လူသားကျင့်ကြံသူက အနည်းငယ်သာရှိသည်။
ရန်သူဘက်ကတော့ အဆင့်(၅)နှင့် အဆင့်(၆) မှော်ဝင်သားရဲများဦးဆောင်သည့် အလွန်များပြားသော သားရဲအုပ်ကြီး ချီတက်လာခြင်း ဖြစ်သည်။
သို့သော် လူသားကျင့်ကြံသူများက အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ခိုင်မာသူများဖြစ်လေရာ ချက်ချင်းပင် ဒြပ်စင်စွမ်းအားများ ထုတ်ဖော်ပြီး သားရဲများကိုတိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။
ခုန်မင်က တိုရီယာလက်စွပ်ထဲမှ ယွမ်ရုန်ဒူးလေး (၂)လက်နှင့် မြားကျည်(၁၀၀) နီးပါး ထုတ်ယူပြီး ရှန်ရှင်းယွင်နှင့် ထူယာ့တို့ထံ ကမ်းပေးလိုက်သည်။
ယွမ်ရုန်ဒူးလေးရှိနေပါက သူတို့နှစ်ယောက်အနေဖြင့် မှော်ဝင်သားရဲများကို ပိုမိုလွယ်ကူစွာ ရင်ဆိုင်နိုင်ပေမည်။
နှမျောစရာကောင်းသည်မှာ ခုန်မင်အနေဖြင့် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖြစ်သော မီးလျှံဖီးနစ်ငှက်မွှေးကို လူအများရှေ့တွင် ထုတ်မသုံးရဲခြင်းပင်။
ထူယာ့ရှိနေသည်ဖြစ်ရာ ခုန်မင်က ဂါ့ဒ်ကို လုပ်ကြံသတ်ဖြတ်သည်ဟု အထင်လွဲခံရနိုင်ပြီး နောက်ပိုင်း လော့ခ်နှင့်ပတ်သက်သည့် ကိစ္စများပါ မီးခိုးကြွက်လျှောက် လိုက်လာနိုင်ပေသည်။
လူသားကျင့်ကြံသူများက ခံစစ်ပြင်ဆင်လိုက်သည်နှင့် မိစ္ဆာသားရဲစစ်တပ်ကြီးကလည်း တိုက်စစ်ကို အရှိန်မြှင့်လိုက်သည်။
ရှေ့ဆုံးမှ ဦးဆောင်လာသည့်သားရဲက ချီလင်သားရဲနျင့်ဆင်တူပြီး တစ်ကိုယ်လုံး မီးလျှံပမာ နီရဲတောက်ပနေသည်။ သူ၏ခြေဖဝါးများအောက်တွင် မီးဒြပ်စင်စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် မီးတိမ်တိုက်တစ်ခု လှည့်ပတ်နေသည်။
ထိုတိမ်တိုက်က ချီလင်သားရဲ၏အရှိန်အဟုန်ကို ပိုမိုမြန်ဆန်စေပြီး အဝေးမှကြည့်လျှင် မီးတိမ်တိုက်စီးနင်းကာ ပျံသန်းလာသည့်အလား ထင်မှတ်ရ၏။
ဤသားရဲက ဖီးနစ်ကျဆုံးတောင်ကြားတွင် အလွန်နာမည်ကျော်ကြားသော အဆင့်(၆) ရှိသည့် “မီးလျှံတိမ်တိုက်” သားရဲ ဖြစ်သည်။
သူက လူသားများကို အလွန်မုန်းတီးပြီး သူ့နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာသော မည်သည့်လူသားမဆို မရှုမလှ အဆုံးသတ်ကြရသည်။
ထို့ပြင် အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်က လူသားအသွင်ပြောင်းလဲရန် အလွန်လွယ်ကူသည့်တိုင် မီးလျှံတိမ်တိုက်သားရဲကတော့ ဘယ်သောအခါမှ လူသားအသွင် မပြောင်းလဲခဲ့ပေ။
သူ့ကိုကြည့်ရသည်မှာ လူသားမျိုးနွယ်များနှင့် ညှိနှိုင်း၍မရလောက်အောင် ရန်ငြိုးကြီးမားပုံပေါ်သည်။
သူ့နောက်မှ ကပ်လျက်လိုက်ပါလာသည့် အဆင့်(၅) မှော်ဝင်သားရဲမှာလည်း နာမည်ကျော်ကြားသည့် သံမဏိကြံ့နက်ပင် ဖြစ်သည်။
သံမဏိကြံ့နက်က မြေဒြပ်စင် မှော်ဝင်သားရဲဖြစ်ပြီး ခံစစ်စွမ်းအားအလွန်ကောင်းသည်။ အဆင့်(၅) မှော်ဝင်သားရဲများထဲတွင် အတော်ဆုံးဟုပင် ဆိုနိုင်၏။
မီးလျှံတိမ်တိုက်သားရဲနှင့် သံမဏိကြံ့နက်တို့ ဦးဆောင်လာသည့် သားရဲတပ်ကြီးက တုန်လှုပ်ချောက်ခြားဖွယ် ကောင်းလွန်းသည်။
သူတို့၏ စစ်ရေးဗျူဟာကတော့ လူသားတို့၏ ခံစစ်စည်းကို တစ်ချက်တည်းရိုက်ချိုးပြီး အမြန်ဆုံး တိုက်ပွဲအဆုံးသတ်ရန် ဖြစ်၏။
လူသားကျင့်ကြံသူများအနေဖြင့် မီးလျှံတိမ်တိုက်သားရဲနှင့် သံမဏိကြံ့နက်ကို အရှိန်တန့်သွားအောင်ပြုလုပ်ပြီး ခံစစ်ကို ထိန်းထားနိုင်မည်ဆိုလျှင် အနည်းငယ် မျှော်လင့်ချက် ရှိပေမည်။
ဤသို့ အရေးကြီးသည့်အချိန်တွင် စစ်ရေးဗျူဟာကျွမ်းကျင်သူ ခုန်မင်က ချက်ချင်းပင် ခေါင်းဆောင်နေရာဝင်ယူပြီး အမိန့်ပေးလိုက်သည်။
“မီးလျှံတိမ်တိုက်သားရဲကို ငါရင်ဆိုင်မယ် ၊ ချောင်ညီအစ်ကိုတွေက သံမဏိကြံ့နက်ကို တာဝန်ယူပါ ၊ ကျန်တဲ့သူတွေက ခံစစ်ကို အခိုင်အမာ ထိန်းထားပါ ၊ ရန်သူကို ထိပ်တိုက်ရင်မဆိုင်နဲ့ ၊ တတ်နိုင်သမျှ အချိန်ဆွဲပြီး တိုက်ခိုက်ပါ”
စကားဆုံးသည်နှင့် ခုန်မင်က မီးလျှံတိမ်တိုက်သားရဲထံသို့ ခုန်ဝင်သွားသည်။
ချောင်ညီအစ်ကိုတို့မှာလည်း ခုန်မင်ပြောသည့်အတိုင်း ပြုလုပ်ရန်မှလွဲပြီး အခြားရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် သံမဏိကြံ့နက်ကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြ၏။
အခြားသောကျင့်ကြံသူများကတော့ သတိကြီးစွာဖြင့် မိမိတို့နယ်မြေထဲ ဝင်ရောက်လာသည့် မှော်ဝင်သားရဲများကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ခုန်မင်က မီးလျှံတိမ်တိုက်သားရဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားပြီး လက်ဖဝါးနှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။
ရောင်စဉ်သုံးမျိုး ရောယှက်နေသည့် စွမ်းအားအလင်းတန်းနှစ်ခု ပေါက်ကွဲထွက်လာကာ ခရုပတ်နွယ်လိမ်ပုံစံရစ်ပတ်လျှက် သားရဲကြီးထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
မီးလျှံတိမ်တိုက်သားရဲက ဒြပ်စင်စွမ်းအား ဆရာသခင်အဆင့်မျှသာရှိသော လူသားကျင့်ကြံသူများကို အထင်မကြီးပေ။ ထို့ကြောင့် လူသားကျင့်ကြံသူတစ်ယောက်က သူ့ကို ဤသို့တိုက်ခိုက်လာမည်ဟု ထင်မထားခဲ့ပေ။
ဘာမဟုတ်သည့် ပုရွက်ဆိတ်သာသာ လူသားတစ်ယောက်က သူ့ကိုတိုက်ခိုက်လာသည့်အခါ မီးလျှံတိမ်တိုက်သားရဲ ဒေါသထွက်သွားပြီး ခုန်မင်ကို တစ်ချက်တည်းဖြင့် နင်းချေပစ်ရန် အင်အားများ စုစည်းလိုက်သည်။
သို့သော် ခုန်မင်ထုတ်ဖော်လိုက်သည့် တန်ခိုးစွမ်းအားက သာမန်မဟုတ်ကြောင်းတွေ့ရသည့်အခါ အနည်းငယ် ရင်ထိတ်သွားသည်။
ခရုပတ်နွယ်လိမ် လည်ပတ်နေသော ဒြပ်စင်စွမ်းအား အလင်းတန်းက မြင်းအကောင်တစ်သောင်းခန့် ပြိုင်တူပြေးလွှားလာသော စွမ်းအားမျိုးဖြင့် သားရဲကြီးထံသို့ ဝင်ရောက်လာသည်။
မီးလျှံတိမ်တိုက်သားရဲမှာ ခုန်မင်၏ ကြောက်မက်ဖွယ်ရာ တိုက်ကွက်ကို ရှောင်တိမ်းရန် နောက်ကျသွားပေပြီ။
အဆင့်နိမ့် လူသားကျင့်ကြံသူတစ်ယောက်က ဤမျှပြင်းထန်သည့်တိုက်ကွက်မျိုး ထုတ်ဖော်လာမည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ပေ။
မီးလျှံတိမ်တိုက်သားရဲက လက်သည်းများကို ဝှေ့ယမ်းလိုက်ပြီး ကြီးမားသော မီးတိမ်တိုက် အစုအဝေးကြီးကိုဖန်တီးကာ ခုန်မင်၏ ခရုပတ်နွယ်လိမ် စွမ်းအားအလင်းတန်းဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး စွမ်းအားလှိုင်းလုံးများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားကာ မြေပြင်ထက်တွင် ပေ(၃၀)ခန့်နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
အစောပိုင်းက မာန်စွယ်ထောင်ကာ အနိုင်ကျင့်လိုစိတ် ပြင်းပြနေသော မီးလျှံတိမ်တိုက်သားရဲမှာ ယခု ပေါက်ကွဲမှုအရှိန်ကြောင့် နောက်သို့ (၁၀)ပေခန့် လွင်ထွက်သွားသည်။
သူ၏ ကြီးမားသောခန္ဓာကိုယ်ကြီးက နောက်မှလိုက်လာသည့် သားရဲများကိုဖိမိသွားပြီး သားရဲများ တစ်ကောင်နှင့်တစ်ကောင် တိုက်မိကာ ဖရိုဖရဲ ဖြစ်ကုန်သည်။
စွမ်းအားရိုက်ခတ်မှုကြောင့် ခုန်မင်၏ အရှိန်အဟုန်လည်း ရပ်တန့်သွားပြီး သူက တန်ပြန်အားကို အသုံးပြုကာ လေထဲတွင် တစ်ပတ်ကျွမ်းထိုးပြီး မြေပြင်ထက်သို့ တည်ငြိမ်စွာဆင်းသက်လိုက်သည်။
အခြေအနေက ရှင်းပေသည်။
ပထမဆုံး တိုက်ကွက်မှာပင် ခုန်မင်ဘက်မှ အသာစီး ရရှိသွားခဲ့သည်။
သူ အသာစီးရသွားခြင်းမှာ သူ၏စွမ်းအားက မီးလျှံတိမ်တိုက်သားရဲထက် သာလွန်သောကြောင့်ဟု တရားသေ မပြောနိုင်ပေ။
မီးလျှံတိမ်တိုက်သားရဲက မိမိကိုယ်ကို အထင်ကြီးလွန်းပြီး ရန်သူကို အထင်သေးမိသောကြောင့် ဤသို့ဖြစ်သွားရခြင်းသာပင်။
မည်သို့ပင်ဖြစ်စေ ဤသို့ထိပ်တိုက်ရင်ဆိုင်မှုတွင် ခုန်မင်က အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်နှင့် ကောင်းစွာ ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သက်သေပြနေသည်။
နောက်သို့လွင့်စင်သွားသည့် မီးလျှံတိမ်တိုက်သားရဲက ချက်ချင်းပင် ပြန်ထလိုက်ပြီး ဒေါသအဟုန်ပြင်းသောမျက်လုံးများဖြင့် ခုန်မင်ကို စူးစိုက်ကြည့်လိုက်သည်။
သားရဲအုပ်စုကြီးတစ်ခုလုံးရှေ့တွင် အရှက်ကွဲသွားသည်ဖြစ်ရာ မာနကြီးသော မီးလျှံတိမ်တိုက်သားရဲ ဒေါသချောင်းချောင်းထွက်သွား၏။
သူ၏ခန္ဓာကိုယ်မှ မီးလျှံများထွက်ပေါ်လာပြီး ခြေဖဝါးအောက်ရှိ မီးလျှံတိမ်တိုက်မှာလည်း တဟုန်းဟုန်း တောက်လောင်လာသည်။
မြေပြင်ထက်လဲကျသွားပြီး အချိန်မီမရှောင်တိမ်းနိုင်သည့် သားရဲအချို့မှာ မီးလျှံများနှင့်ထိခိုက်ခံရပြီး အစအနပင်မကျန်အောင် လောင်ကျွမ်းသွားသည်။
ဤသည်က အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်၏ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်နိုင်စွမ်းပင် ဖြစ်သည်။
ကျန်ရှိသောသားရဲများကတော့ မီးလျှံတိမ်တိုက်သားရဲနှင့် ဝေးရာသို့ဆုတ်ခွာသွားပြီး လူသားကျင့်ကြံသူများကို ဦးတည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ထို့ကြောင့် ခုန်မင်နှင့် မီးလျှံတိမ်တိုက်သားရဲအတွက် စစ်မြေပြင်ဖွင့်လှစ်ပေးလိုက်သည့်ပမာ ပတ်ဝန်းကျင်တစ်ခုလုံး ရှင်းလင်းသွားတော့သည်။
တစ်ဖက်တွင်လည်း ချောင်ညီအစ်ကို(၃)ယောက်က သံမဏိကြံ့နက်နှင့် တိုက်ခိုက်နေကြလေသည်။
စောစောက ခုန်မင်ထုတ်ဖော်လိုက်သည့် ခရုပတ်နွယ်လိမ် စွမ်းအားအလင်းတန်း၏ အဖျက်စွမ်းအားက အလွန်ပြင်းထန်သည်ဖြစ်ရာ ယခု ညီအစ်ကို(၃)ယောက်၏ ကျင့်စဉ်သည်လည်း ခုန်မင်နှင့်ဆင်တူကြောင်း ကြံနက်ကြီး သတိပြုမိသွားသည်။
ထို့ကြောင့် သူ့စိတ်ထဲ မသိမသာ တုန်လှုပ်သွားပြီး ချောင်ညီအစ်ကို(၃)ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုတော့ဘဲ တိုက်ခိုက်လိုက် ဆုတ်ခွာလိုက်ဖြင့် အချိန်ဆွဲနေလေ၏။
ဤသည်က ချောင်ညီအစ်ကိုများအတွက် အကွက်ဆိုက်သွားခြင်းပင်။
သူတို့၏ရည်ရွယ်ချက်မှာလည်း ကြံ့နက်ကြီးကို အချိန်ဆွဲပိတ်ဆို့ထားရန်ပင် မဟုတ်လား။
မီးလျှံတိမ်တိုက်သားရဲနှင့် သံမဏိကြံ့နက်နှစ်ကောင်လုံးကို တားဆီးလိုက်နိုင်သဖြင့် တိုက်ပွဲအခြေအနေက အပြန်အလှန်ထိန်းချုပ်သည့်အနေအထားသို့ ရောက်ရှိသွားသည်။
ထိပ်တန်းသားရဲနှစ်ကောင်၏ ဦးဆောင်မှုကင်းမဲ့သွားသည်နှင့် သားရဲအုပ်ကြီးမှာ လူသားကျင့်ကြံသူများကို အတင်းအကျပ်ဝင်ရောက်တိုက်ခိုက်သည့်တိုင် အနိုင်အရှုံးမပေါ်ဘဲ အခြေအနေက တန့်သွားသည်။
ဤသို့သောအခြေအနေတွင် တိုက်ပွဲတစ်ခုလုံး၏ အနိုင်အရှုံးမှာ ခုန်မင်နှင့် မီးလျှံတိမ်တိုက်သားရဲတို့၏ တစ်ဦးချင်းတိုက်ပွဲအပေါ် လုံးဝ မူတည်သွားသည်။
ခုန်မင်သာ မီးလျှံတိမ်တိုက်သားရဲကို အနိုင်ယူနိုင်ပါက သားရဲအုပ်စုကြီး ထိတ်လန့်တုန်လှုပ်ကာ ပြန်ဆုတ်သွားနိုင်သည်။ မီးလျှံတိမ်တိုက်သားရဲ အနိုင်ရသွားလျှင်တော့ လူသားကျင့်ကြံသူများ သေချာပေါက် ရှုံးနိမ့်သွားပေမည်။
ခုန်မင် ကျင့်ကြံခြင်းအဆင့်မတက်ခင်က အဆင့်(၆) သားရဲတစ်ကောင်ဖြစ်သော လေမိုးကြိုးကျားသစ်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။
ထိုစဉ်က သူက အဖက်ဖက်မှ ဖိနှိပ်ခံရပြီး အနိုင်ရရန် မျှော်လင့်ချက်မရှိလောက်အောင် ဖြစ်ခဲ့သည်။
ယခု ဒြပ်စင်စွမ်းအား ဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ခုန်မင်၏စွမ်းအားက အဆပေါင်းများစွာ မြင့်တက်လာခဲ့၏။
သို့ပေသိ သူ၏စွမ်းအား မည်မျှခရီးပေါက်ခဲ့ပြီဆိုသည်ကတော့ အဆင့်(၆)သားရဲတစ်ကောင်ဖြစ်သည့် မီးလျှံတိမ်တိုက်သားရဲနှင့် တိုက်ပွဲတွင် စမ်းသပ်ကြည့်ရမည်သာ ဖြစ်ပေသည်။