ပါရမီရှင်အစစ်
Vol. 19 Ch. 202
လူသားကျင့်ကြံသူများရော မှော်ဝင်သားရဲများပါ မှင်တက်လျှက် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြသည်။
အထူးသဖြင့် သားရဲတပ်ဖွဲ့ကြီး ဖြစ်၏။
သူတို့က အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်၏ ဦးဆောင်မှုအောက်တွင် လူသားများကို အပြတ်ချေမှုန်းမည်ဟု ယုံကြည်စိတ်ဖြင့် တက်ကြွစွာ ချီတက်လာခြင်း ဖြစ်သည်။
ရလဒ်က ဤမျှအထိ ပြောင်းပြန်ဖြစ်သွားမည်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
တိုက်ပွဲစပြီး သိပ်မကြာခင်မှာပင် ဘယ်သောအခါမှ မရှုံးနိမ့်နိုင်သော အဆင့်(၆) မှော်ဝင်သားရဲကြီးမှာ လူသားတစ်ယောက်လက်ချက်ဖြင့် မြေပြင်ထက် ဘုန်းကနဲ ပြုတ်ကျသွားခဲ့သည်။
သားရဲများ ပြန်ဆုတ်ရမည်လား ဆက်တိုက်ရမည်လား ဝေခွဲမရဖြစ်နေစဉ်မှာပင် စူးရှကျယ်လောင်သည့် ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာပြီး မီးလျှံတိမ်တိုက်သားရဲ မြေတွင်းထဲမှ ခုန်ထွက်လာသည်ကို တွေ့လိုက်ရ၏။
သားရဲကြီးက ခန္ဓာကိုယ်ကို တစ်ချက်ခါယမ်းလိုက်ရာ အရေပြားထက်တွင် သွေးနီရောင်အလင်းလှိုင်းများ စီးဆင်းလာပြီး မီးကျွမ်း၍မဲတူးနေခြင်းများ ပျောက်ကွယ်ကာ မူလအတိုင်း ပြန်ဖြစ်သွားသည်။
သူ၏ခြေဖဝါးအောက်တွင်လည်း မီးလျှံတိမ်တိုက်အသစ်များ ပြန်လည်ထွက်ပေါ်လာသည်။
သို့သော် ယခင်အခြေအနေနှင့် ကွာခြားသည်မှာ အသစ်ထွက်ပေါ်လာသည့် မီးလျှံတိမ်တိုက်များက သိသိသာသာ အရောင်မှိန်နေခြင်း ဖြစ်သည်။
ခုန်မင်၏ မီးလျှံဥက္ကာခဲများက မီးလျှံတိမ်တိုက်သားရဲကို ဒုက္ခမပေးနိုင်ခဲ့ပေ။
သို့သော် ထိုဥက္ကာခဲများအတွင်းသို့ ဖီးနစ်ငှက်လေး ထည့်သွင်းပေးလိုက်သည့်စွမ်းအားက ထိုသားရဲကြီးကို ကောင်းကင်ထက်မြောက်တက်သွားစေပြီး မြေပြင်ထက်သို့ အသေကောင်ပမာ ပြုတ်ကျလာစေခြင်း ဖြစ်၏။
ဖီးနစ်ငှက်၏စွမ်းအား မည်မျှပြင်းထန်သနည်းဆိုပါမူ မီးလျှံတိမ်တိုက်သားရဲမျာ ယခုချိန်ထိ တစ်ကိုယ်လုံးထုံကျဉ်နေပြီး မီးဒြပ်စင်စွမ်းအားကို လိုသလို လှည့်ပတ်ထိန်းချုပ်နိုင်ခြင်း ပျောက်ဆုံးသွားရသည်။
ထို့ကြောင့် သူ့ခြေထောက်အောက်မှ မီးလျှံတိမ်တိုက်များ မှိန်ဖျော့သွားရခြင်း ဖြစ်၏။
ဤသို့ဖြစ်ရသည်မှာ ခုန်မင်ကြောင့်မဟုတ်ဘဲ သူ့ပခုံးထက်တွင်နားခိုနေသော သတ္တဝါလေးကြောင့်သာဖြစ်ကြောင်း မီးလျှံတိမ်တိုက်သားရဲ ကောင်းစွာသိရှိပေသည်။
ဖီးနစ်ငှက်လေးက မီးလျှံတိမ်တိုက်သားရဲကို တစ်ချက်ပင် မကြည့်တော့ဘဲ ခုန်မင်၏ ပခုံးထက်တွင် ပြန်လည်အိပ်မောကျသွားပေပြီ။
အမှန်တော့ ခုန်မင်နှင့် တိုက်ခိုက်နေသည့်သားရဲက အခြားဒြပ်စင်သားရဲဆိုလျှင် သူ့အနေဖြင့် ဤသို့ကူညီပေးနိုင်မည် မဟုတ်ပေ။
မီးလျှံတိမ်တိုက်သားရဲက မီးဒြပ်စင်သားရဲတစ်ကောင် ဖြစ်နေသောကြောင့် တူညီသည့်ဒြပ်စင်ရင်းမြစ်အောက်တွင် ဖီးနစ်ငှက်၏ နှိမ်နင်းခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
ဤသည်က လူသားကျင့်ကြံသူများကြားတွင် ကျင့်ကြံခြင်းအဆင့်သာလွန်သဖြင့် ဖိနှိပ်ခြင်းနှင့် ဆင်တူသည်။
ကျင့်ကြံခြင်းအဆင့် ကွာဟချက် အလွန်ကြီးမားပါက တိုက်ခိုက်နေစရာမလိုဘဲ ‘စွမ်းအားရောင်ဝါ’ ကို ထုတ်ဖော်လိုက်ရုံဖြင့် ရန်သူကို အနိုင်ယူနိုင်စွမ်း ရှိသည်။
ဤသည်က နဂါးမျိုးနွယ်၏ ‘နဂါးအရှိန်အဝါ’ ကဲ့သို့ပင် ဖြစ်၏။
နဂါးတစ်ကောင် စွမ်းအားရောင်ဝါထုတ်ဖော်လိုက်သည်နှင့် အခြားသောမှော်ဝင်သားရဲများ ဦးညွှတ်ဒူးထောက်ရသည်သာပင်။
မီးလျှံဖီးနစ်က မီးဒြပ်စင်သားရဲများအားလုံး၏ သွေးမျိုးဆက် အရှင်သခင်ဖြစ်လေရာ မီးလျှံတိမ်တိုက်သားရဲကို အလွယ်တကူပင် ဖိနှိပ်နိုင်သည်မှာ မဆန်းပေ။
မီးလျှံတိမ်တိုက်သားရဲက ခုန်မင်ကိုမကြည့်ဘဲ ဖီးနစ်ငှက်ကိုသာ စူးစိုက်ကြည့်နေသည်။
ဖီးနစ်လေးက သူ့ကို အရေးမစိုက်ဟန် ပြုမူသည့်တိုင် မီးလျှံတိမ်တိုက်သားရဲမှာ တစ်ချက်လေးပင် ဒေါသမထွက်ရဲခဲ့ပေ။
ဤသတ္တဝါလေးက မီးဒြပ်စင် မူလစွမ်းအားကို အသုံးပြုကာ သူ့ကို ဖိနှိပ်နိုင်သည်ဆိုလျှင် သေချာပေါက် ဒဏ္ဍာရီလာ မဟာသားရဲဖြစ်ရပေမည်။
သို့သော် ဒဏ္ဍာရီလာ မဟာသားရဲဆိုသည်က အလွန်တရာ ကြီးကျယ်ခမ်းနားသည်ဖြစ်ရာ ယခုကဲ့သို့ ငှက်ငယ်တစ်ကောင် ဖြစ်မနေသင့်ပေ။
ပြီးတော့ လူသားတစ်ယောက်၏ ဝိညာဉ်သားရဲအဖြစ်လည်း မွေးစားခံထားရမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဒဏ္ဍာရီလာ မဟာသားရဲက လူသားများနှင့်အတူရှိနေသည်ဟု ရွှေရောင်မိစ္ဆာမျောက်ဝံပေးပို့လာသည့် သတင်းက မှန်ကန်ပေသည်။
သို့သော် ဒဏ္ဍာရီလာ မဟာသားရဲက လူသားများကို ကူညီပေးသည်ဆိုလျှင် သူတို့သားရဲများအတွက် ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။
သူတို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်မှာ ထိပ်တန်းအဆင့်မှော်ဝင်သားရဲများ စုပေါင်းပြီး လူသားများကိုတိုက်ခိုက်ရန်သာ ရှိသည်။
အမှန်တော့ ဖီးနစ်ကျဆုံးတောင်ကြားတွင် ဒဏ္ဍာရီလာ မဟာသားရဲတစ်ကောင်ရှိသည်ဟု ကောလဟလရှိနေသည်မှာ ကြာပြီဖြစ်သည်။
ထိုဒဏ္ဍာရီလာသားရဲအား ဤတောင်ကြားတွင် ဆက်လက်ထိန်းသိမ်းမထားနိုင်ပါက တောင်ကြားတစ်ခုလုံး ကပ်ဘေးကြီး ကျရောက်ပေလိမ့်မည်။
မီးလျှံတိမ်တိုက်သားရဲက ရမ်းကားတတ်သည့်တိုင် ငတုံးမဟုတ်ပေ။
သူ၏စွမ်းအားဖြင့် ဒဏ္ဍာရီလာ မဟာသားရဲကို မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ကြောင်း ကောင်းစွာ သဘောပေါက်ထားသည်။
ထို့ကြောင့် သူ့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ဆက်လက်မတိုက်ခိုက်တော့ဘဲ စစ်ကူများ ပြန်ခေါ်ရန် ဖြစ်၏။
ထိုသို့ဆုံးဖြတ်လိုက်သည်နှင့် မီးလျှံတိမ်တိုက်သားရဲက စူးရှသည့်အော်သံတစ်ချက် ပြုလုပ်လိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
ခေါင်းဆောင်ဖြစ်သူ ထွက်ပြေးသွားသည်နှင့် သားရဲများမှာလည်း အချိန်မဆွဲရဲဘဲ ချက်ချင်းပင် အုံနှင့်ကျင်းနှင့် ထွက်ပြေးပျောက်ကွယ်သွားကြသည်။
ခမ်းနားကြီးကျယ်စွာ ချီတက်လာကြသော သားရဲတပ်ဖွဲ့ကြီးမှာ ယခုတော့ သနားစဖွယ် အရှက်တကွဲဖြင့် ပြန်လှည့်ပြေးသွားကြပေပြီ။
ဟုတ်ပေ၏။
ဤတိုက်ပွဲ၏ အဓိကသော့ချက်က ခုန်မင် ဖြစ်သည်။
သူသာ မီးလျှံတိမ်တိုက်သားရဲကို အနိုင်မယူခဲ့ပါက သားရဲတပ်ဖွဲ့ကြီး ဆုတ်ခွာသွားမည် မဟုတ်ပေ။
သို့ပေသိ ဤတိုက်ပွဲတွင် အဓိကနေရာမှ ပါဝင်လိုက်သူမှာ ဖီးနစ်ငှက်ဖြစ်ကြောင်းကိုတော့ ခုန်မင်နှင့် မီးလျှံတိမ်တိုက်သားရဲမှလွဲပြီး မည်သူမှ မသိလိုက်ကြပေ။
ဘာပဲဖြစ်ဖြစ် သားရဲတပ်ဖွဲ့ကြီး ဆုတ်ခွာသွားသဖြင့် လူသားကျင့်ကြံသူများအားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ထို့နောက် လူတိုင်းက မယုံကြည်နိုင်စွာဖြင့် ခုန်မင်ကို လှမ်းကြည့်လိုက်ကြသည်။
ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်မျှသာ ရှိသေးသည့် ခုန်မင်က အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်ကို နှိပ်ကွပ်နိုင်ခဲ့သည် မဟုတ်လား။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ခုန်မင်၏ တန်ခိုးစွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။
မီးလျှံတိမ်တိုက်သားရဲက ဖီးနစ်ကျဆုံးတောင်ကြားတွင် နာမည်ဆိုးနှင့်ကျော်ကြားပြီး သူ၏စွမ်းအားက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်နှင့် ညီမျှသည်။
သို့သော် ဤသားရဲကြီးမှာ ခုန်မင်၏လက်ချက်ဖြင့် အလွယ်တကူ အလဲထိုးခံလိုက်ရသည်။ ဤသည်က ကျင့်ကြံခြင်းလောက၏ သာမန်အသိနှင့် အကြွင်းမဲ့ဆန့်ကျင်နေပေသည်။
သူ့ကို ဝိုင်းကြည့်နေသော လူအုပ်ကြီးကို ခုန်မင်ကလည်း ပြန်ကြည့်လိုက်သည်။
ယခုအချိန်က တစ်ကိုယ်တော်သူရဲကောင်းလုပ်ရမည့်အချိန်မဟုတ်ကြောင်း ခုန်မင် ကောင်းစွာ နားလည်ထားသည်။
သူက လက်ကာပြလိုက်ပြီး...
“ဒီနေ့ သားရဲတပ်ကြီးကို မောင်းထုတ်နိုင်ခဲ့တာ ငါတု့အားလုံး စုပေါင်းအင်အားကြောင့်ပါ... အားလုံး ပူးပေါင်းပြီး သားရဲတွေကို တားဆီးပေးခဲ့လို့သာ ဒီလိုမျိုး အောင်ပွဲခံနိုင်ခဲ့တာပါ”
ခုန်မင်က ချောင်ညီအစ်ကို(၃)ယောက်ကို လှမ်းကြည့်လိုက်ပြီး...
“သံမဏိကြံ့နက်သားရဲကို တားဆီးပေးတဲ့ ချောင်ညီအစ်ကိုတွေကိုလည်း ကျေးဇူးတင်ပါတယ်”
ခုန်မင်၏စကားကိုကြားတော့ အားလုံး ခေါင်းညိတ်လိုက်ကြသည်။
အားလုံးက ခုန်မင်၏စွမ်းအားကို အသိအမှတ်ပြုကြသော်လည်း ခုန်မင်က အားလုံးကို ချီးကျူးပြောဆိုလိုက်သည့်အတွက် ကျေနပ်သွားကြသည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်လာသူများမှာ သက်ဆိုင်ရာမျိုးနွယ်စုများမှ အထူးချွန်ဆုံး လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့အားလုံးက ယုံကြည်မှုအပြည့်ရှိပြီး မည်သူ့ကိုမှ အလျှော့ပေးလိုစိတ် မရှိကြေ၌.
သို့သော် ခုန်မင်ထွက်ပေါ်လာပြီးနောက်ပိုင်း သူတို့အားလုံး ခုန်မင်ကိုမယှဉ်နိုင်ကြောင်း ဝန်ခံရတော့သည်။
ချောင်တတိယသခင်လေးကတော့ စိတ်မသက်မသာဖြင့် ငြိမ်သက်နေခဲ့သည်။ အခြားသူများက ခုန်မင်၏နောက်ခံကို မသိကြသော်လည်း သူကတော့ သိရှိထားသည်ပင်။
ဤလူငယ်က သူတို့ ချောင်အိမ်တော်၏ ပြိုင်ဘက်ဖြစ်သော ခုန်အိမ်တော်မှ ဖြစ်သည်မဟုတ်လား။
ဤကောင်လေး ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ ရောက်ရှိသည်မှာ (၆)လပင် မပြည့်သေးပေ။ ယခု ဘယ်လိုဖြစ်လို့ ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ ခုန်တက်သွားရပါသနည်း။
ပြီးတော့ မီးလျှံတိမ်တိုက်သားရဲကိုပင် အလဲထိုးနိုင်သည့် တန်ခိုးစွမ်းအားမျိုး မည်သည့်နေရာက ရရှိလာပါသနည်း။
ကြည့်ရသည်မှာ ဤကောင်စုတ်လေးက ဖီးနစ်ကျဆုံးတောင်ကြားတွင် အခွင့်အရေးကြီးတစ်ခု ရရှိခဲ့ဟန်တူသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်နှင့် တန်ခိုးစွမ်းအား ဤမျှမြင့်တက်သွားခြင်းဖြစ်ပေမည်။
ကံကြမ္မာက မျက်နှာလိုက်လွန်းလှသည်။
အဘယ့်ကြောင့် ခုန်အိမ်တော်ကို သိသိသာသာ မျက်နှာသာပေးနေရပါသနည်း။
အရင်က ချောင်ညီအစ်ကို(၃)ယောက်သာရှိလျှင် ဖီးနစ်ကျဆုံးတောင်ကြားတွင် ပြိုင်ဘက်ကင်းဖြစ်မည်ဟု ချောင်တတိယသခင်လေး တွေးထင်ခဲ့ဖူးသည်။
ယခုတော့ ထိုအတွေး ပျောက်ကွယ်သွားကာ စိတ်ဓာတ်ကျမှုများသာ ကိန်းအောင်းနေတော့၏။
ချောင်တတိယသခင်လေး စိတ်ပျက်လက်ပျက်ဖြစ်နေစဉ် ခုန်မင်ကတော့ နာ့ယီရှို့ ၊ အဲလစ်တို့နှင့်အတူ မည်သို့ရှေ့ဆက်လုပ်ဆောင်မည်ကို ဆွေးနွေးလျှက် ရှိသည်။
သူက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် အဲလစ်ကို မေးခွန်းထုတ်လိုက်၏။
“အဲလစ်... မင်းက အပြင်လောကနဲ့ ဆက်သွယ်နိုင်တယ်ဆိုတော့ ဒီ စွမ်းအားလမ်းကြောင်းက အစောဆုံး ဘယ်အချိန်မှာပြန်ဖွင့်နိုင်မလဲဆိုတာ သေချာပြောပြနိုင်မလား”
ခုန်မင်၏ ကြောက်မက်ဖွယ်စွမ်းအားကို တွေ့မြင်ပြီးဖြစ်ရာ မာနကြီးသော အဲလစ်သည်ပင် မထီမဲ့မြင် မပြုရဲတော့ပေ။
သူမက ခုန်မင်၏မေးခွန်းကို ကောင်းမွန်စွာပင် ရှင်းပြလိုက်သည်။
“အခု တောင်ကြားထဲမှာဖြစ်နေတဲ့ ထူးဆန်းတဲ့အခြေအနေတွေကြောင့် စွမ်းအားလမ်းကြောင်းက ပုံမှန်အတိုင်း ပွင့်မလာနိုင်တော့ဘူး ၊ ကံကောင်းတာက ကျွန်မတို့ရဲ့ မှော်ဆရာကြီး’အယ်လ်ကင်’ က အပြင်ဘက်မှာ ရှိနေပါတယ် ၊ သူက ကျွန်မတို့မျိုးနွယ်စုမှာ မှော်ပညာအစီအရင်နဲ့ပတ်သက်ပြီး အကျွမ်းကျင်ဆုံးသူပါ”
သူမက ဆက်ရှင်းပြသည်။
“ဆိုတော့... သူ့အစီအရင်အရဆိုရင် ဒီစွမ်းအားလမ်းကြောင်းကို ပြန်ဖွင့်နိုင်ဖို့ အတင်းထိုးဖောက်ထွက်တဲ့ စွမ်းအားလှိုင်းတစ်ခု စုစည်းရမှာပါ ၊ ဒီလိုစွမ်းအားမျိုးရဖို့ ထိပ်တန်းကျွမ်းကျင်သူ (၅)ယောက်လောက်က အတူပူးပေါင်းပြီး အားထုတ်ရမှာပါ ၊ အချိန်လည်း အတော်ပေးရပါလိမ့်မယ် ၊ ပြီးတော့... တောင်ကြားထဲမှာ ဆူပူလှုပ်ရှားမှုတွေ ဖြစ်နေသလို အပြင်လောကမှာလည်း မအေးချမ်းဘူးလို့ သိရပါတယ် ၊ ဒါကြောင့် ဖီးနစ်နားခိုရာတောင်တန်းမှာလည်း တခြားကိစ္စတွေနဲ့ အလုပ်များနေလို့ ဒီစွမ်းအားလမ်းကြောင်းကို သိပ်ပြီး အာရုံမစိုက်နိုင်ပါဘူး”
“ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ထိပ်တန်းကျွမ်းကျင်သူ (၅)ယောက် စုစည်းနိုင်ပြီလို့ ပြောတယ် ၊ အခု သူတို့က စွမ်းအားလမ်းကြောင်းဖွင့်လှစ်ဖို့ ကြိုးစားနေကြပါပြီ ၊ သူတို့အောင်မြင်ဖို့ အနည်းဆုံး (၁)ရက်လောက်တော့ ထပ်စောင့်ရပါဦးမယ်”
ခုန်မင်က အံ့အားသင့်သွားပြီး...
“ထိပ်တန်းကျွမ်းကျင်သူ (၅)ယောက်ဆိုတာ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်ရှိတဲ့သူတွေကို ပြောတာလား”
အဲလစ်က ခေါင်းညိတ်ရင်း...
“စွမ်းအားလမ်းကြောင်းဖွင့်လှစ်ဖို့ ဗလာနယ်စွမ်းအားကို ထိန်းချုပ်ရမှာပါ ၊ ဒါကြောင့် ဒြပ်စင်စွမ်းအားထိပ်တန်းသခင် (၅)ယောက်ရဲ့ စုပေါင်းစွမ်းအား လိုအပ်တာပါ”
ခုန်မင် ခဏမျှတိတ်ဆိတ်သွားပြီး သူ့မျက်ဝန်းများက ပခုံးထက်တွင် အိပ်မောကျနေသည့် ဖီးနစ်ငှက်လေးဆီသို့ မသိမသာ ကျရောက်သွားလေသည်။