← Chapters

အဆင့်(၆) မှော်ဝင်သားရဲများ

Vol. 19 Ch. 203

အဆင့်(၆) မှော်ဝင်သားရဲများ

Vol. 19 Ch. 203

ဖီးနစ်လေးက အရွယ်မရောက်သေးသည့်တိုင် ဗလာနယ်စွမ်းအားကိုအသုံးပြုပြီး နံရံဆေးရေးပန်းချီကားထဲမှ ထွက်ခွာလာနိုင်ခဲ့သည်။

အရွယ်ရောက်ပြီးသား မီးလျှံဖီးနစ်တိုင်းသည်ပင် ဗလာနယ်စွမ်းအားကို ပိုင်ဆိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ ဤဖီးနစ်လေးက အလွန်ထူးခြားသော နောက်ခံဇာစ်မြစ်ကို ပိုင်ဆိုင်ထားသည်။

ဖီးနစ်လေးသာ အပြည့်အဝ အရွယ်ရောက်ပါက စွမ်းအားလမ်းကြောင်းကိုဖွင့်လှစ်ရန် ကူညီပေးနိုင်ပေမည်။

ခုန်မင်က မျက်မှောင်ကျုံ့လိုက်ပြီး...

“ဒါဆို‌ နောက်ထပ်(၁)ရက်လောက် စောင့်ရဦးမှာပေါ့ ၊ ဒီသားရဲတွေ ပြန်ရောက်လာမှာကိုပဲ စိုးရိမ်မိတယ် ၊ တကယ်လို့ ထိပ်တန်းအဆင့်သားရဲတွေ ထပ်ရောက်လာမယ်ဆိုရင် သူတို့ကိုရင်ဆိုင်ဖို့ သိပ်လွယ်မှာမဟုတ်ဘူး...”

သူက တစ်ချက်စဉ်းစားလိုက်ပြီး...

“အင်း... သားရဲတွေ ဒီလောက်အကြိမ်ကြိမ်ဝိုင်းတိုက်ကြတာ... ဘာလို့ အခုမှ ထိပ်တန်းအဆင့်သားရဲတွေပါ ရောက်လာရတာလဲ”

အဲလစ်က ခေါင်းခါယမ်းလိုက်ပြီး...

“ဖီးနစ်ကျဆုံးတောင်ကြားမှာ ပြောင်းလဲမှုတွေ ဖြစ်လာပြီးကတည်းက မှော်ဝင်သားရဲတွေရဲ့အပြုအမူကလည်း ခန့်မှန်းရခက်လာတယ် ၊ ဒီနောက်ကွယ်ကအကြောင်းရင်းကို ကျွန်မတို့လည်း လုံးဝ စဉ်းစားလို့မရဘူး”

ခုန်မင် မချိပြုံးသာ ပြုံးလိုက်မိလေသည်။

အဲလစ်ကတော့ ထူးခြားစွာပင် တည်ငြိမ်နေခဲ့သည်။

သူမက...

“ဘာပဲဖြစ်ဖြစ် ကျွန်မတို့တွေ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားကြတာပေါ့”

သူမက ဆက်ပြောလိုက်သည်။

“တကယ်တော့ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့သူ ဘယ်သူမဆို သေခြင်းတရားနဲ့ ရင်ဆိုင်ကြရမှာပဲလေ ၊ အားလုံးက ကြိုတင်ပြင်ဆင်ထားပြီးသားပဲ မဟုတ်လား”

ခုန်မင် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ယခု လူသားကျင့်ကြံသူများ ဆယ်ဂဏန်းမျှသာ ကျန်ရှိတော့သည်။

သူက သက်ပြင်းချရင်း...

“အရင်စမ်းသပ်ပွဲတွေတုန်းက လူတွေသေတယ်ဆိုတာမှန်ပေမယ့် အခုလိုမျိုး အားလုံးနီးပါး သုတ်သင်ခံရတဲ့အထိ မဖြစ်ဖူးဘူးလေ ၊ ငါတို့အလှည့်ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ မသိဘူး”

အဲလစ် ၊ နာ့ယီရှို့တို့နှင့် ခဏမျှစကားပြောပြီးနောက် ခုန်မင်က ရန်သူ ချောင်းမြောင်းတိုက်ခိုက်ခြင်းမှကာကွယ်ရန်အတွက် ကင်းပုန်းများချထားရန် စီစဉ်လိုက်သည်။

သူတို့အားလုံး၏ အဓိကရည်ရွယ်ချက်က စွမ်းအားလမ်းကြောင်းမပျက်ဆီးအောင် ကာကွယ်ရန်သာပင်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။

သားရဲများ၏အရိပ်အယောင် မတွေ့ရသဖြင့် အားလုံး စိတ်အေးတော့မည့်ဆဲဆဲတွင် ပြင်းထန်သောရိုက်ခတ်မှုတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့သည်။

ပတ်ဝန်းကျင်တွင်ချထားသော ကင်းပုန်းများမှ သတိပေးလေချွန်သံများ တပြိုင်တည်းနီးပါးထွက်ပေါ်လာသည်။

သတင်းပို့သူတစ်ယောက် ချက်ချင်းရောက်လာပြီး...

“သားရဲတွေတိုက်ခိုက်လာပြီ ၊ အားလုံးက ထိပ်တန်းအဆင့် သားရဲတွေချည်းပဲ”

ဟုတ်ပေ၏။

ကင်းထောက်များ သတင်းပို့စရာပင် မလိုပေ။

အလွန်တရာကြီးမားလှသောစွမ်းအားရောင်ဝါများ လေးဘက်လေးတန်မှ ဝိုင်းရံပိတ်ဆို့လာကြောင်း လူတိုင်း အာရုံခံမိလိုက်ကြသည်။

ခဏအကြာမှာတော့ ကြောက်မက်ဖွယ်ရာ မှော်ဝင်သားများ သူတို့ထံသို့ ချဉ်းကပ်လာကြောင်း တွေ့မြင်လိုက်ရသည်။

ယခုတစ်ကြိမ်မှာတော့ သားရဲစစ်တပ်ကြီး အုပ်စုလိုက်ချီတက်လာခြင်း မဟုတ်ပေ။ လေးဘက်လေးတန်မှ ဝိုင်းရံလာသူများက ထိပ်တန်းအဆင့် မှော်ဝင်သားရဲ အနည်းငယ်သာ ဖြစ်သည်။

သို့တိုင် သူတို့ထံမှထွက်ပေါ်လာသည့် စွမ်းအားရောင်ဝါက သားရဲတပ်ကြီး ချီတက်လာစဉ်ကထက်ပင် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။

စုစုပေါင်း အဆင့်(၆) မှော်ဝင်သားရဲ (၇)ကောင် ရောက်ရှိလာခြင်း ဖြစ်၏။

အရှေ့ဘက်တွင် လေမိုးကြိုးကျားသစ်တစ်ကောင်တည်းရှိနေပြီး ကျန်အရပ်မျက်နှာများတွင် အဆင့်(၆) မှော်ဝင်သားရဲ(၂)ကောင်စီ ပိတ်ဆို့ထားသည်။

ထိုမှော်ဝင်သားရဲ (၇)ကောင်တွင် အစောပိုင်းက ပြန်လည်ဆုတ်ခွာသွားသည့် မီးလျှံတိမ်တိုက်သားရဲမှလွဲပြီး ကျန်သားရဲများက လူတစ်ပိုင်း သားရဲတစ်ပိုင်း အသွင်ယူထားကြသည်။

ထိုသို့လူတစ်ပိုင်းသားရဲတစ်ပိုင်း အသွင်ယူထားခြင်းကပင် လူသားများကို ပိုမိုတုန်လှုပ်သွားစေသည်။

လူသားအသွင် ဖန်ဆင်းနိုင်စွမ်းရှိသော မှော်ဝင်သားရဲများမှာ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူများ ခုခံနိုင်စွမ်းမရှိသည့် အဆင့်အတန်းမျိုးဖြစ်သည်။

ဤနေရာတွင်ရှိနေသည့် လူသားကျင့်ကြံသူများထဲတွင် ခုန်မင်နှင့် ချောင်ညီအစ်ကို(၃)ယောက်မှလွဲပြီး ကျန်လူများမှာ အဆင့်(၆)သားရဲများ၏ တိုက်ခိုက်မှုကို တစ်ချက်ပင် ခံနိုင်ရည်မရှိနိုင်ပေ။

အဆင့် (၆) သားရဲ(၇)ကောင်လုံး တပြိုင်တည်း စုပေါင်းတိုက်ခိုက်လာပါက တစ်ဖက်သတ် သုတ်သင်ပွဲကြီး ဖြစ်သွားပေမည်။

နေရာတွင်ရှိနေသော လူသားများအနေဖြင့် အမွှေးတိုင်တစ်ကဝက်စာ အချိန်မျှပင် ခံနိုင်ရည်ရှိပါမည်လား မသေချာပေ။

သို့သော် အားလုံးက ကျင့်ကြံသူများဖြစ်လေရာ သေမင်းကို ထိုင်စောင့်မည့်အစား နောက်ဆုံးအချိန်ထိ တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။

ထိုအချိန် အဲလစ်က ခုန်မင့်အနား ရောက်လာသည်။

“ခုန်သခင်လေး... အပြင်က သတင်းရောက်လာတယ် ၊ သူတို့ဘက်က စွမ်းအားလမ်းကြောင်းကို အတင်းအကျပ်ဖွင့်လှစ်ဖို့ လုပ်ငန်းစနေပြီတဲ့ ၊ ဒီတော့ ကျွန်မတို့ဘက်က နည်းနည်းလောက် အချိန်ဆွဲထားရင် မျှော်လင့်ချက် ရှိနိုင်ပါတယ်”

အဲလစ်၏စကားကိုကြားတော့ ခုန်မင် သက်ပြင်းဖွဖွ ချလိုက်သည်။

လူသားများအတွက် မျှော်လင့်ချက်ရောင်ခြည်လေးရှိလာပြီဖြစ်သော်လည်း အဆင့်(၆) မှော်ဝင်သားရဲ (၇)ကောင်၏ ကြောက်မက်ဖွယ်ဖိအားကတော့ ပေါ့သေးသေး မဟုတ်ပေ။

ခုန်မင်က...

“အဲလစ်... ငါတို့အခြေအနေကို အပြင်ကလူတွေသိအောင် သတင်းပို့လိုက်ပါ ၊ ဒါပေမဲ့ ဘာမှ လှုပ်လှုပ်ရှားရှား မဖြစ်ပါစေနဲ့ ၊ ငါ အချိန်နည်းနည်းဆွဲထားနိုင်မလား ကြိုးစားကြည့်လိုက်ဦးမယ်”

အဲလစ်က ခုန်မင်ကို အံ့အားသင့်စွာကြည့်လိုက်ပြီး...

“ရှင်က တစ်ယောက်တည်းတိုက်မလို့လား”

ခုန်မင်က မချိပြုံးပြုံးလိုက်ရင်း...

“ငါက အရမ်း သူရဲကောင်းဆန်ချင်နေတယ်လို့ မထင်လိုက်နဲ့ ၊ ဒါပေမဲ့ ငါနဲ့အတူ တခြားသူတွေခေါ်သွားတော့ရော ဘာထူးမှာလဲ ၊ တိုက်ပွဲဖြစ်ရင်တောင် ဘေးကလူစိတ်ပူနေရမှာနဲ့ စိတ်ဖြောင့်မှာမဟုတ်ဘူး”

သူက ဆက်ပြောလိုက်သည်။

“ပြီးတော့ ငါက သူတို့ကို သွားတိုက်မှာမဟုတ်ပါဘူး ၊ စကားပြောပြီး အချိန်ဆွဲလို့ရမလား အရင်ကြည့်ရမယ် ၊ အရေးကြီးတာက မင်းတို့အားလုံး တည်တည်ငြိမ်ငြိမ်ရှိနေဖို့ပဲ ၊ စွမ်းအားလမ်းကြောင်း အသက်ဝင်လာမယ့်ကိစ္စကို ဒီသားရဲတွေ မရိပ်မိပါစေနဲ့”

ထို့နောက် ခုန်မင်က လေမိုးကြိုးကျားသစ်ရှိရာ အရှေ့ဘက်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။

လေမိုးကြိုးကျားသစ်နှင့် မနီးမဝေးသို့ရောက်သည်နှင့် သူက နှုတ်ဆက်စကားဆိုလိုက်၏။

“အကြီးအကဲ... မြေအောက်နန်းတော်မှာ လမ်းခွဲခဲ့ပြီးတဲ့နောက် အခုလို ပြန်ဆုံမယ်လို့ မထင်ထားဘူးနော်”

ခုန်မင်ကိုတွေ့သည်နှင့် လေမိုးကြိုးကျားသစ်မှာ အံ့သြလွန်းသဖြင့် မျက်လုံးကြီးများ ပြူးထွက်လာသည်။

ခုန်မင်က ဆက်ပြောလိုက်သည်။

“အကြီးအကဲက ဖီးနစ်ကျဆုံးတောင်ကြားမှာ လွတ်လွတ်လပ်လပ် နေထိုင်တဲ့သူ မဟုတ်လား ၊ ဘာလို့ အခု ကျွန်တော်တို့ လူသားတွေကို အသည်းအသန် လိုက်နှောက်ယှက်နေရတာလဲ ၊ ဒါက အကြီးအကဲရဲ့ပုံစံနဲ့ မကိုက်ညီပါဘူး”

လေမိုးကြိုးကျားသစ်က ဒေါသတကြီးဖြင့်...

“လက်စသတ်တော့ မင်းကိုး... ကောင်စုတ်လေး ၊ အဲဒီနေ့က ငါပေါ့ဆမိလို့ မင်းကို အနိုင်မတိုက်နိုင်ခဲ့တာ ၊ အခု ဒီ ဖီးနစ်ကျဆုံးတောင်ကြားမှာ ဖြစ်နေတဲ့အပြောင်းအလဲတွေက မင်းကြောင့်ပဲ ဖြစ်ရမယ်”

ခုန်မင်က ခေါင်းခါယမ်းလိုက်ပြီး...

“ဘာလို့ ဒီလိုစကားမျိုးပြောရတာလဲ အကြီးအကဲ ၊ ကျွန်တော့်လို ဘာမဟုတ်တဲ့လူတစ်ယောက်က ဖီးနစ်ကျဆုံးတောင်ကြားကို ဘယ်လိုလုပ်ပြောင်းလဲပစ်နိုင်မှာလဲ ၊ အကြီးအကဲ နားလည်မှုလွဲတာ ဖြစ်ပါလိမ့်မယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါနဲ့ စကားမစပ်... ကျွန်တော်တို့တွေ အခုလိုမျိုး အပြင်းအထန်တိုက်ခိုက်ဖို့ လိုအပ်လို့လားဗျာ ၊ ဒီကိစ္စကို ဆွေးနွေးကြည့်ပြီး မူလအခြေအနေအတိုင်းပြန်ဖြစ်အောင် အတူတူ နည်းလမ်းရှာကြရင် မကောင်းဘူးလား”

လေမိုးကြိုးကျားသစ်၏မျက်ဝန်းများက ခုန်မင်၏ ပခုံးထက်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော ဖီးနစ်ငှက်ထံသို့ကျရောက်သွားသည်။

သူ့အကြည့်များက ပို၍ပင် ရက်စက်ကြမ်းကြုတ်လာပြီး...

“ဆွေးနွေးစရာမလိုဘူး ၊ မင်းကို သတ်လိုက်တာနဲ့ ဖီးနစ်ကျဆုံးတောင်ကြားက နဂိုအခြေအနေအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်”

စကားဆုံးသည်နှင့် လေမိုးကြိုးကျားသစ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ မှိန်ဖျော့သည့် လျှပ်စီးစွမ်းအားအလင်းတန်းများ ထွက်ပေါ်လာပြီး လေထုထဲတွင် ဓားဝိညာဉ်များစွာ ဖြစ်တည်လာသည်။

တိုက်ကွက်က ပြင်းထန်လွန်းသည်ဖြစ်ရာ လေမိုးကြိုးကျားသစ်က ခုန်မင်ကို အမှန်တကယ်ပင် အပြတ်ရှင်းပစ်ချင်ဟန်ပင်။

စိုးရိမ်စရာအခြေအနေတွင်သာ ရှိမနေပါက ခုန်မင်က လေမိုးကြိုးကျားသစ်ဖြင့် တစ်ပွဲတစ်လမ်း လက်ရည်စမ်းကြည့်ချင်မိသည်။

မြေအောက်နန်းတော်တွင်တိုက်ခိုက်စဉ်က ခုန်မင်အနေဖြင့် လေမိုးကြိုးကျားသစ်ကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။

နံရံဆေးရေးပန်းချီကားအတွင်းသို့သာ ရောက်ရှိမသွားပါက သူ့အနေဖြင့် လေမိုးကြိုးကျားသစ်လက်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်သည့်တိုင် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။

ယခု ခုန်မင်က ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပေပြီ။

ထို့ကြောင့် သူသာ စွမ်းအားကုန်သုံး တိုက်ခိုက်မည်ဆိုပါက လေမိုးကြိုးကျားသစ်ကို သေချာပေါက် အနိုင်ယူနိုင်ပေမည်။

ကျင့်စဉ်လမ်းကိုစတင်ကတည်းက ခုန်မင်က မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကို အနိုင်ယူခဲ့သည်ချည်း ဖြစ်သည်။

သူ့ဘဝတွင် ပထမဆုံး ရှုံးနိမ့်ခဲ့သူမှာ လေမိုးကြိုးကျားသစ်သာလျှင် ဖြစ်သည်။

ထို့ကြောင့် အခွင့်အရေးကိုရှာဖွေပြီး လေမိုးကြိုးကျားသစ်ကို အနိုင်မယူပါက သူ့ရင်ထဲတွင် ထာဝရနောင်တတရားတစ်ခု ထင်ကျန်နေပေမည်။

သို့ပေသိ လက်ရှိအချိန်မှာတော့ လေမိုးကြိုးကျားသစ်ကို‌ ဗြောင်ကျကျစိန်‌ခေါ်ရန် မဖြစ်နိုင်သေးပေ။

အဘယ်ကြောင့်ဆိုသော တိုက်ခိုက်ရန်အသင့်စောင့်နေသည့် မှော်ဝင်သားရဲ (၆)ကောင်လည်း ရှိနေသေးသည် မဟုတ်လား။

ထိုသားရဲများအားလုံး တိုက်ခိုက်လာပါက လူသားများအနေဖြင့် မည်သည့်နည်းနှင့်မှ တောင့်ခံနိုင်မည် မဟုတ်ပေ။

ခုန်မင်က ပြတ်သားသည့်လေသံဖြင့်...

“ငါ့ကိုသတ်လိုက်တော့ရော ဘာထူးမှာလဲ ၊ မီးလျှံဖီးနစ်က မင်းတို့နောက်ကိုလိုက်ဖို့ ဆန္ဒမရှိဘူးဆိုရင် ဖီးနစ်ကျဆုံးတောင်ကြားက ဘယ်တော့မှ နဂိုအတိုင်း ပြန်ဖြစ်လာမှာ မဟုတ်ဘူး”

ထိုစကားကြားတော့ တိုက်ခိုက်ရန် အသင့်ပြင်နေသော လေမိုးကြိုးကျားသစ်မှာ အံ့အားသင့်သွားပြီး ခန္ဓာကိုယ်ပင် ဆတ်ခနဲတုန်ခါသွားသည်။

ထို့နောက် သူက မကျေမချမ်းလေသံဖြင့်...

“မင်းတို့လူသားတွေ ဘယ်လိုကောက်ကျစ်တဲ့နည်းလမ်းတွေ သုံးလိုက်လဲမှ မသိတာ ၊ အရှင်မီးလျှံဖီးနစ် တကျော့ပြန်မွေးဖွားလာပြီးတဲ့နောက် မင်းနောက်ကိုလိုက်ဖို့ ဆန္ဒရှိတယ်ဆိုတာက ယုံရခက်တဲ့ကိစ္စပဲ ၊ ဒါပေမဲ့ မင်းသေသွားတာနဲ့ အရှင်မီးလျှံဖီးနစ်က ငါတို့ဘက်ကို ပြန်ရောက်လာမှာပဲ ၊ ဒါဆို ဒီတောင်ကြားလည်း နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်”

ခုန်မင်က လှောင်ပြောင်ဟန်ဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

“ဖီးနစ်ကျဆုံးတောင်ကြားက မင်းတို့ ဒီလောက်သစ္စာရှိနေဖို့ ထိုက်တန်လို့လား ၊ ဒီနေရာက ငှက်လှောင်အိမ်တစ်ခုထက် မပိုပါဘူး ၊ မီးလျှံဖီးနစ်က တကျော့ပြန်မွေးဖွားလာပြီးတဲ့နောက် သူက လွတ်လပ်မှုကို လိုချင်ခဲ့တယ် ၊ ကျယ်ပြောတဲ့ ပြင်ပလောကကြီးကို တွေ့မြင်ချင်ခဲ့တယ် ၊ ဒါကြောင့် သူက ငါ့နောက်လိုက်ဖို့ ရွေးချယ်ခဲ့တာပဲ”

သူက ဆက်ပြောလိုက်သည်။

“မင်းတို့ကိုယ်မင်းတို့လည်း ပြန်ကြည့်စမ်းပါဦး ၊ အဆင့်(၆) မှော်ဝင်သားရဲတွေဖြစ်နေပြီး ဒီနေရာကထွက်သွားဖို့ သတ္တိလေးတောင် မရှိကြဘူးလား”

ခုန်မင်၏စကားကြောင့် လေမိုးကြိုးကျားသစ်၏မျက်နှာ အလွန်ပင် အရုပ်ဆိုးအကျည်းတန်သွားသည်။

“မင်းလို သေးနုပ်တဲ့လူသားတစ်ယောက်က ဘာနားလည်မှာမို့လို့လဲ ၊ ဖီးနစ်ကျဆုံးတောင်ကြား တည်ရှိနေတာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိပြီးသား ၊ ဒါကြောင့် အရှင်မီးလျှံဖီးနစ်လိုပုဂ္ဂိုလ်မျိုးတောင်မှ ဒီနေရာပဲရှိနေဖို့က ပိုကောင်းတဲ့ရွေးချယ်မှုပဲ”

ခုန်မင်က ရယ်မောလိုက်ရင်း...

“ဒီတော့ ပြောစမ်းပါဦး အကြီးအကဲ... လောကမှာ လွတ်လွတ်လပ်လပ် ကျင်လည်ရတာ ပိုကောင်းလား ၊ ဒီတောင်ကြားလိုလှောင်အိမ်ထဲမှာ အိမ်မွေးတိရိစ္ဆန်လိုနေရတာက ပိုကောင်းလား”

ထိုစကားကြားတော့ လေမိုးကြိုးကျားသစ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ကောက်ကျစ်တဲ့လူသား... စကားလုံးလှလှတွေသုံးပြီး ငါ့ကို လှည့်စားလို့ရမယ်မထင်နဲ့ ၊ ငါတို့ကို ဘာနဲ့မှ လာနှိုင်းယှဉ်မနေနဲ့ ၊ ဘယ်လူသားကမှ တောထဲမှာ လျှောက်သွားနေတဲ့ မျောက်တစ်ကောင်ရဲ့လွတ်လပ်မှုမျိုးကို အားကျနေမှာမဟုတ်ဘူး”

ခုန်မင်က ခေါင်းခါယမ်းလိုက်ပြီး...

“ခင်ဗျားက ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ ဒီလိုဆင်ခြေမျိုးတွေ သုံးနေတာပဲ ၊ ခင်ဗျားရဲ့ ရည်မှန်းချက်က ဒီသေးငယ်တဲ့ ဖီးနစ်ကျဆုံးတောင်ကြားထဲမှာပဲ လမ်းဆုံးနေပုံရတယ် ၊ မီးလျှံဖီနးစ်က မွေးဖွားလာကတည်းက မိုးကောင်းကင်ထက်မှာ လွတ်လွတ်လပ်လပ်ပျံသန်းဖို့ ဆုံးဖြတ်ထားပြီးသား ၊ ခင်ဗျားလို လှောင်အိမ်ထဲမှာ နေမယ့်သူမျိုး မဟုတ်ဘူး”

မှော်ဝင်သားရဲများထဲတွင် လေမိုးကြိုးကျားသစ်က မာနအကြီးဆုံးနှင့် အစွဲအလမ်းအကြီးဆုံး ဖြစ်သည်။

ယခု ခုန်မင်၏ အကြိမ်ကြိမ်လှောင်ပြောင်မှုကို ခံရသည့်အခါ သူ့စိတ်ထဲ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေတော့သည်။

သို့သော် ဖီးလျှံဖီးနစ်ကို ပြန်လည်ရရှိရန်အတွက် မှော်ဝင်သားရဲများအားလုံး “အသက်သေသည်အထိ တိုက်ပွဲဝင်ရမည်” ဆိုသော ပြင်းထန်သည့်အမိန့်ကို သူတို့ ရရှိထားကြသည်။

ထို လျှို့ဝှက်ဆန်းကျယ်သော “မဟာကြီးမြတ်သူ” ၏ အမိန့်သံနှင့်ပတ်သက်လာလျှင် လေမိုးကြိုးကျားသစ် အနည်းငယ်ပင် မရိုမသေ မပြုဝံ့ပေ။

သူက အမိန့်နာခံရန်သာ နားလည်ထားသည်။

မီးလျှံဖီးနစ်သာ ဤတောင်ကြားမှ ထွက်ခွာသွားပါက ဤနေရာတွင် အဆုံးမရှိသော ကပ်ဘေးကြီး ကျရောက်လာမည်ဖြစ်ပြီး ဤတောင်ကြားတည်ရှိနေရသည့် အကြောင်းရင်းသည်လည်း ဆုံးရှုံးသွားပေမည်။

ဤသို့သော ကြီးမားသည့်ခြိမ်းခြောက်မှုများအောက်တွင် လေမိုးကြိုးကျားသစ်မှာ သူ၏မာန်မာနကို လုံးဝ ဘေးဖယ်ထားလိုက်ရသည်။

All Chapters