ဖီးနစ်ကျဆုံးတောင်ကြားမှ “မဟာကြီးမြတ်သူ”
Vol. 19 Ch. 204
လွတ်လပ်မှုပဲဖြစ်ဖြစ် အပြင်လောကပဲဖြစ်ဖြစ် လေမိုးကြိုးကျားသစ်က သိပ်ပြီးအရေးမစိုက်ပေ။
သူအရေးစိုက်သည်က ဖီးနစ်ကျဆုံးတောင်ကြား ကပ်ဘေးမကြုံရန် ဖြစ်သည်။ ဤနေရာရှိနေသရွေ့ သူသည်လည်း ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နေမည်သာပင်။
ယခု မီးလျှံဖီးနစ်က တောင်ကြားမှ ထွက်ခွာသွားတော့မည်ဖြစ်ရာ သူတို့နေထိုင်ရာနေရာ ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။
ထို့ကြောင့် မီးလျှံဖီးနစ် အမျက်ထွက်မည်ဆိုလျှင်တောင်မှ သူတို့က သူ့ကို ဤတောင်ကြားတွင် ဆက်လက်ထိန်းသိမ်းထားနိုင်အောင် ကြိုးစားရပေမည်။
လွန်ခဲ့သောအချိန်က “မဟာကြီးမြတ်သူ” ၏ အမိန့်ဖြင့် ထိပ်တန်းအဆင့် မှော်ဝင်သားရဲများအားလုံး မီးလျှံဖီးနစ်ကို တောင်ကြားတစ်ခွင် လိုက်လံရှာဖွေခဲ့ကြသည်။
သို့သော် သဲလွန်စတစ်ချက်ပင် မတွေ့ခဲ့ကြရပေ။
“မဟာကြီးမြတ်သူ” က အဆင့်နိမ့်သားရဲများအား လူသားများအားလုံးကို သုတ်သင်ပစ်ရန် အမိန့်ပေးခဲ့သည်။
ထိုသားရဲများထံမှ “မီးလျှံဖီးနစ်” နှင့် အလွန်ဆင်တူသော ဝိညာဉ်သားရဲတစ်ကောင် လူသားကျင့်ကြံသူတစ်ယောက်ထ့ဿို့ ရောက်ရှိနေကြောင်း သတင်းရခဲ့ခြင်း ဖြစ်၏။
ထို့နောက် မီးလျှံတိမ်တိုက်သားရဲက သားရဲတပ်ဖွဲ့ကိုဦးဆောင်ကာ လာရောက်စုံစမ်းခဲ့ပြီး ထိုသတင်းမှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် ယခု မီးလျှံဖီးနစ်ကို ပြန်လည်သိမ်းပိုက်ရန် ထိပ်တန်းအဆင့်သားရဲများ စုပေါင်းရောက်ရှိလာခြင်း ဖြစ်၏။
မီးလျှံဖီးနစ် တကျော့ပြန်မွေးဖွားလာပြီးနောက် လူသူမနီးသောနေရာတစ်ခုတွင် ပုန်းအောင်းနေလိမ့်မည်ဟု သားရဲများအားလုံးက တွေးထင်ခဲ့ကြသည်။
ထိုဖီးနစ်က လူသားများကြားထဲရောက်နေမည်ဟု မည်သူထင်မှတ်ပါမည်နည်း။
အမှန်တော့ “ဖီးနစ်ကျဆုံးတောင်ကြား” ဆိုသည်က မဟာကြီးမြတ်သူက လူသားများကို ထောင်ဖမ်းရန် စီစဉ်ထားသည့် ထောင်ချောက်တစ်ခုသာဖြစ်သည်။
အနှစ် (၂၀)လျှင်တစ်ကြိမ် လူသားတစ်သုတ်ကို တောင်ကြားထဲသို့ ဝင်ခွင့်ပြုပြီး အမဲလိုက်သတ်ဖြတ်ပစ်ခြင်းသာ ဖြစ်သည်။
သေဆုံးသွားသော ကျင့်ကြံသူများထံမှ ကျန်ရစ်ခဲ့သော အသက်ဓာတ်စွမ်းအားများက မီးလျှံဖီးနစ်တကျော့ပြန်မွေးဖွားလာရန် အထောက်အကူဖြစ်သည်ဟု မဟာကြီးမြတ်သူက ပြောခဲ့သည်။
ပြင်ပလောကမှ ထိပ်တန်းကျင့်ကြံသူများ တောင်ကြားထဲဝင်ရောက်မလာစေရန် မိစ္ဆာချီများကို အရံအတားသဖွယ်ပြုလုပ်ထားခြင်းမှာလည်း “မဟာကြီးမြတ်သူ” ၏ အစီအစဉ်သာလျှင် ဖြစ်သည်။
သို့ပေသိ ထို “မဟာကြီးမြတ်သူ” ဆိုသည်က မည်သို့သောတည်ရှိမှုဖြစ်ကြောင်း လေမိုကြိုးကျားသစ်နှင့် အခြားထိပ်တန်းသားရဲများ လုံးဝ သိရှိခြင်းမရှိပေ။
ထိုသူက ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့်သာ သူတို့က အမိန့်ကိုနာခံနေကြခြင်း ဖြစ်သည်။
မဟာကြီးမြတ်သူ၏ အစီအစဉ်အရပင် သားရဲများက တောင်ကြားထဲသို့ဝင်လာသူများအားလုံးကို သတ်ဖြတ်ပစ်ခြင်းမရှိဘဲ အနည်းငယ်ကို အသက်ရှင်လျှက်ချန်ထားခဲ့ကြသည်။
အသက်ရှင်ကျန်ရစ်သူများက တောင်ကြားထဲမှ ဆုလာဘ်များစွာနှင့်အတူ အပြင်လောကသို့ ပြန်လည်ထွက်ခွာသွားကြသည်။
ထိုသူများက အခြားသောကျင့်ကြံသူများအတွက် ငါးစာသဖွယ်ဖြစ်ပြီး တောင်ကြားဖွင့်တိုင်း အကျိုးအမြတ်လိုချင်သော လူသားများ အစုလိုက်အပြုံလိုက် ထပ်မံရောက်ရှိလာကြလေသည်။
နှစ်ပေါင်းထောင်နှင့်ချီကြာမြင့်သည့်တိုင် “မဟာကြီးမြတ်သူ” ၏ ဗျူဟာက မှားယွင်းခဲ့ခြင်း မရှိခဲ့ပေ။
လူသားမျိုးနွယ်များဘက်မှ အထူးချွန်ဆုံး ပါရမီရှင်များ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာကြပြီး ရတနာပစ္စည်းများအတွက် အသက်အသေခံသွားကြသည်သာပင်။
ပို၍ရယ်စရာကောင်းသည်မှာ အသက်ရှင်ကျန်ရစ်သူများ ရရှိသွားသည့် ရတနာပစ္စည်းများမှာ ယခင်အကြိမ်များက သေဆုံးသွားသောလူသားများ ကျန်ရစ်ခဲ့သော အသုံးအဆောင်များသာ ဖြစ်နေခြင်းပင်။
ဤသည်က ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်သကဲ့သို့ ဖြစ်၏။
ယခုတစ်ကြိမ်မှာတော့ ဘာကြောင့်မှန်းမသိ “မဟာကြီးမြတ်သူ” က အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
ကြည့်ရသည်မှာ “မဟာကြီးမြတ်သူ” ကြိုတင်ခန့်မှန်းမထားခဲ့သော အမှားအယွင်းတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး မီးလျှံဖီးနစ်က အချိန်မတိုင်ခင် ပြန်လည်မွေးဖွားလာခြင်းကြောင့် ဖြစ်နိုင်သည်။
မီးလျှံဖီးနစ်ပြန်လည်မွေးဖွားလာပြီးနောက် ထိုနတ်သားရဲ မည်သည့်နေရာတွင်ရှိနေကြောင်း “မဟာကြီးမြတ်သူ” သည်ပင် မသိရှိခဲ့ပေ။
ထို့ကြောင့် အဆင့်မြင့်သားရဲများအားလုံးကို တောင်ကြားတစ်ခွင် နေရာလပ်မကျန်အောင် ရှာဖွေရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးမီးလျှံဖီးနစ်ကို ရှာဖွေမတွေ့သည့်အခါ “မဟာကြီးမြတ်သူ” ဒေါသချောင်းချောင်းထွက်သွားပြီး တောင်ကြားထဲရောက်နေသည့် လူသားကျင့်ကြံသူများကို သတ်ဖြတ်ပစ်ပြီး အပြင်လောကနှင့် ချိတ်ဆက်ထားသည့် စွမ်းအားလမ်းကြောင်းများအားလုံးကို ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မီးလျှံဖီးနစ် လူသားများနှင့်အတူပါသွားပြီး အပြင်လောကသို့ရောက်ရှိသွားမည်ကို စိုးရိမ်သောကြောင့်ပင်။
ဤတောင်ကြားထဲမှ သားရဲများအတွက် မဟာကြီးမြတ်သူ၏အမိန့်က ခြွင်းချက်မရှိ ချိုးဖောက်မရနိုင်သောအရာ ဖြစ်သည်။
ထို့ကြောင့် လေမိုးကြိုးကျားသစ်အနေဖြင့် သူ့ရှေ့မှလူငယ်လေးကို သတ်ဖြတ်ပြီး မီးလျှံဖီးနစ်ကို ပြန်လည်သိမ်းပိုက်ရပေမည်။
သို့သော် “မဟာကြီးမြတ်သူ” သည်လည်း အရာရာကို တတ်စွမ်းနိုင်သူ မဟုတ်ကြောင်း လေမိုးကြိုးကျားသစ် စတင်သံသယဝင်လာမိသည်။
ထိုတည်ရှိမှုကြီးက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်ဆိုသော်လည်း ဖီးနစ်ကျဆုံးတောင်ကြားကို အကြွင်းမဲ့ထိန်းချုပ်နိုင်ဟန် မရှိပေ။
အနည်းဆုံးတော့ “မဟာကြီးမြတ်သူ” က ထိုလျှို့ဝှက်ဆန်းကြယ်သော နံရံဆေးရေးပန်းချီကားအကြောင်း မသိရှိခဲ့ပေ။
နောက်တစ်ချက်မှာ ထိုနံရံဆေးရေးပန်းချီကားထဲသို့ ခုန်မင်ဝင်ရောက်သွားချိန်မှစပြီး တောင်ကြားထဲတွင် ထူးခြားသော အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ထို့ကြောင့် ခုန်မင် ပန်းချီကားထဲသို့ဝင်ရောက်သွားခြင်းက တစ်စုံတစ်ခုကို လှုံ့ဆော်ပေးလိုက်သလိုဖြစ်သွားပြီး မီးလျှံဖီးနစ် အချိန်မတိုင်ခင် ပြန်လည်မွေးဖွားလာခြင်း ဖြစ်နိုင်သည်။
လေမိုးကြိုးကျားသစ်၏စိတ်ထဲ ဝေခွဲမရသည့်အတွေးများ စတင်ဖြစ်ပေါ်လာသည်။
မီးလျှံဖီးနစ် ပြန်လည်မွေးဖွားလာနိုင်ရန် လူသားများ၏ အသက်ဓာတ်စွမ်းအားကို အသုံးပြုရမည်ဟု “မဟာကြီးမြတ်သူ” က အမြဲတမ်းပြောဆိုခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ထိုအသက်ဓာတ်စွမ်းအားများ မည်သည့်နေရာသို့ရောက်သွားကြောင်း မည်သူမှ မသိကြပေ။
မှောင်ဝင်သားရဲများက တောင်ကြားတစ်ခွင် ခြေချင်းထပ်အောင် သွားလာနေကြသော်လည်း ထိုအသက်ဓာတ်စွမ်းအားများ၏ အရိပ်အငွေ့ တစ်စွန်းတစ်စကိုပင် အာရုံခံမိခြင်း မရှိကြပေ။
လေမိုးကြိုးကျားသစ်က ဗလာနယ်စွမ်းအားကို အသုံးမပြုနိုင်သော်လည်း ထိုစွမ်းအားအကြောင်းကိုတော့ ကြားဖူးထားသည်။
သူသိသလောက် “မဟာကြီးမြတ်သူ” က ဗလာနယ်စွမ်းအားကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူတစ်ယောက် ဖြစ်ပေသည်။
သို့ရာတွင် မဟာကြီးမြတ်သူက နံရံဆေးရေးပန်းချီကားအကြောင်း မသိသေးဘူးဆိုလျှင်တော့ ဤအတိုင်းဆက်ပြီး ဖုံးကွယ်ထားသည်က ပိုမိုကောင်းမွန်ပေသည်။
အဘယ်ကြောင့်ဆိုသော် ခုန်မင်အား နံရံဆေးရေးပန်းချီကားထဲသို့ ရောက်ရှိသွားအောင် တွန်းပို့ခဲ့သူမှာ မိမိဖြစ်ကြောင်း မဟာကြီးမြတ်သူ သိရှိသွားပါက ဒေါသူပုန်ထပြီး သူ့ကို ဝိညာဉ်ငရဲခန်းထဲတွင် အပြစ်ပေးပေလိမ့်မည်။
ဝိညာဉ်ငရဲခန်းဆိုသည်က မဟာကြီးမြတ်သူက ဝိညာဉ်အကျဉ်းချအစီအရင်ဖြင့် ပြုလုပ်ထားသော အကျဉ်းခန်းတစ်ခု ဖြစ်သည်။
ထိုနေရာတွင် ပိတ်လှောင်ခံရပါက ထာဝရမလွတ်မြောက်နိုင်ဘဲ အဆုံးမရှိသော ဝေဒနာများကို ခံစားရပေမည်။
ထို့ကြောင့် လေမိုးကြိုးကျားသစ်အတွက် အန္တရယ်အကင်းဆုံးနည်းလမ်းမှာ နံရံဆေးရေးပန်းချီကားအကြောင်း မသိသလိုဟန်ဆောင်ပြီး ခုန်မင်ကို အမြန်ရှင်းပစ်ရန်သာ ဖြစ်သည်။
သို့မှသာ သူ၏လျှို့ဝှက်ချက်ကို ထာဝရမြှုပ်နှံထားနိုင်ပေမည်။
လေမိုးကြိုးကျားသစ်နှင့် ခုန်မင်တို့ စကားပြောဆိုနေချိန် ကျန်ရှိသော အဆင့်(၆) မှော်ဝင်သားရဲများက စိတ်မရှည်ဟန်ဖြင့် ဟိန်းဟောက်လိုက်ကြသည်။
လေမိုးကြိုးကျားသစ်က အဆင့်(၆) မှော်ဝင်သားရဲများတွင် စွမ်းအားအကြီးမားဆုံး ဖြစ်သည်။ ထို့ကြောင့် “မဟာကြီးမြတ်သူ” က သူ့ကို ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့သည်။
အဆင့် (၆) မှော်ဝင်သားရဲများအားလုံးက စွမ်းအားကြီးမားသူများဖြစ်ကြလေရာ မည်သူ့ကိုမှ ခေါင်းဆောင်မတင်ချင်ကြပေ။
မဟာကြီးမြတ်သူ၏အမိန့်ကို မလွန်ဆန်ဝံ့သောကြောင့်သာ လေမိုးကြိုးကျားသစ်ကို မတတ်သာဘဲ ခေါင်းဆောင်တင်ရခြင်း ဖြစ်သည်။
လေမိုးကြိုးကျားသစ်နှင့် ကာလရှည်ကြာ ရန်ဘက်ဖြစ်ခဲ့သော မီးလျှံတိမ်တိုက်သားရဲသည်ပင် ရွေးချယ်စရာမရှိဘဲ ငြိမ်သက်နေခဲ့ရသည်။
သူတို့အားလုံး တပြိုင်တည်းတိုက်ခိုက်ပါက ဤလူသားတစ်အုပ်စုလုံး ခဏအတွင်း အမှုန့်ဖြစ်သွားပေမည်။
သို့သော် ရောက်လာကတည်းက လေမိုးကြိုးကျားသစ်က ထိုလူငယ်လေးနှင့်သာ လေပန်းနေပြီး မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်ခဲ့ပေ။
ဤသည်က မွေးရာပါ ရက်စက်ကြမ်းတမ်းသော သားရဲများအတွက် သည်းမခံနိုင်စရာပင်။
အထူးသဖြင့် မီးလျှံတိမ်တိုက်သားရဲက လေမိုးကြိုးကျားသစ်နှင့် ကမ္ဘာမကြေရန်သူများ ဖြစ်ကြသည်။
လေမိုးကြိုးကျားသစ်နှင့် စကားပြောနေသည့် ခုန်မင်ဆိုသော လူငယ်မှာလည်း သူ့ကို အနိုင်တိုက်ခိုက်ခဲ့သူဖြစ်ရာ သူ့စိတ်ထဲ ထိုသူနှစ်ယောက်လုံးအပေါ် စေတနာမရှိလှပေ။
ထို့ကြောင့် မီးလျှံတိမ်တိုက်သားရဲက မကျေမနပ်ဖြင့် ပိုမိုကျယ်လောင်သည့် ဟိန်းဟောက်သံများကို ပြုလုပ်နေတော့သည်။
ခုန်မင်က တည်ငြိမ်စွာဖြင့်...
“မင်းတို့သားရဲတွေ ဘာလို့ လူသားတွေအပေါ် ဒီလေက်အငြိုးထားနေရလဲ ငါ မသိချင်ဘူး ၊ ဒါပေမဲ့ ငါတို့တွေကလည်း လည်စင်းပြီး အသေခံမှာ မဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“မင်းတို့ တကယ်တိုက်ခိုက်လာလို့ကတော့ ငါတို့တွေ လူစုခွဲပြီးထွက်ပြေးမှာပဲ ၊ အဲဒီအချိန်ကျ မင်းတို့ထဲက ဘယ်သူက ငါ့ကို ဖမ်းဆီးနိုင်စွမ်းရှိမလဲဆိုတာ ကြည့်ရတာပေါ့”
လေမိုးကြိုးကျားသစ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထင်ဟပ်လာပြီး...
“မင်း ငါတို့ကို လာလှည့်စားမနေနဲ့ ၊ မင်းတို့လူသားတွေ ဒီတောင်ကြားထဲကထွက်သွားချင်ရင် စွမ်းအားလမ်းကြောင်းတစ်ခု မဖြစ်မနေလိုအပ်တယ် ၊ မဟုတ်လို့ကတော့ ဒီတောင်ကြားထဲမှာ ဘယ်နေရာကိုများ ထွက်ပြေးနိုင်မှာ မို့လို့လဲ”
ခုန်မင်၏ မျက်နှာအမူအရာက အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲပင်။
“တကယ်တမ်း သေရေးရှင်ရေးကိစ္စနဲ့ကြုံလာရင် ဘယ်သူက စွမ်းအားလမ်းကြောင်းတစ်ခုကို ဖက်တွယ်ထားမှာလဲ ၊ နောက်ကိစ္စ နောက်မှရှင်းမှာပေါ့ ၊ လောလောဆယ် အသက်မသေအောင် အရင်ပြေးရမှာပဲလေ”
လေမိုးကြိုးကျားသစ်က ခုန်မင်ပြောသည့် စကားလုံးများနောက်ကွယ်မှ ရည်ရွယ်ချက်ကို ခန့်မှန်းရင်း သံသယအပြည့်ဖြင့် ကြည့်နေလေသည်။
ထိုအချိန် လူသားကျင့်ကြံသူများ၏ ခံစစ်စည်းအတွင်းမှ ထူးဆန်းသော စွမ်းအားလှိုင်းတစ်ခု မသိမသာထွက်ပေါ်လာသည်ကို လေမိုးကြိုးကျားသစ် အာရုံခံလိုက်မိသည်။
ထိုစွမ်းအားလှိုင်းက အလွန်နက်နဲသိမ်မွေ့သည်ဖြစ်ရာ လေမိုးကြိုးကျားသစ်သာ အဆင့်(၆) မှော်ဝင်သားရဲ အထွတ်ထိပ်အဆင့်တွင်ရှိမနေပါက လုံးဝ အာရုံခံမိမည် မဟုတ်ပေ။
ထိုထူးဆန်းသောစွမ်းအားလှိုင်းက မည်သည့်အရာဖြစ်ကြောင်း ရိပ်မိလိုက်သည်နှင့် လေမိုးကြိုးကျားသစ် ဒေါသချောင်းချောင်းထွက်သွားသည်။
“ကောက်ကျစ်တဲ့ လူသားတွေ ၊ မင်းတို့က စွမ်းအားလမ်းကြောင်းကိုအသက်သွင်းပြီး ထွက်ပြေးဖို့ကြိုးစားနေတာကိုး... ဘယ်တော့မှ မဖြစ်စေရဘူး ၊ အားလုံးပဲ... တိုက်ကြစမ်း”
လေမိုးကြိုးသားရဲက အခြားသော သားရဲများကို အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း လက်သည်းများဝှေ့ယမ်းကာ စတင်တိုက်ခိုက်လိုက်သည်။
သူ၏လက်သည်းများမှ အပြာရောင်လျှပ်စီးအလင်းတန်းများထွက်ပေါ်လာပြီး ခုန်မင်ရှိရာသို့ ဦးတည်ဝင်ရောက်လာသည်။
တစ်ချိန်တည်းမှာပင် လေထုထဲတွင် ဓားဝိညာဉ်များစွာ ဖြစ်တည်လာပြီး ခုန်မင် နောက်ပြန်ဆုတ်မည့် လမ်းကြောင်းကို တားဆီးထားလိုက်သည်။
အခြားသော ကျင့်ကြံသူများ စွမ်းအားလမ်းကြောင်းမှ ထွက်ပြေးလွတ်မြောက်သွားသည်က ကိစ္စမရှိပေ။
သို့သော် ခုန်မင် လွတ်သွား၍တော့မဖြစ်ပေ။ သို့မှသာ မီးလျှံဖီးနစ်ကို ပြန်လည်ရယူနိုင်မည် မဟုတ်ပါလား။