ဘေးကျပ်နံကျပ်အခက်အခဲ
Vol. 19 Ch. 206
စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သည်နှင့် ပြင်းထန်သော ပေါက်ကွဲအားတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ပျံသွားကာ မြေပြင်ထက်တွင် နက်ရှိုင်းသည့်မြောင်းကြီးများ ဖြစ်ပေါ်လာသည်။
သို့သော် ဤတိုက်ကွက်တွင် လျှပ်စီးကျားသစ်က အသာစီးရသွားခဲ့သည်။
ခုန်မင်၏ ခရုပတ်နွယ်လိမ် စွမ်းအားအလင်းတန်း (၃)ခုလုံး ကြေမွသွားပြီး လျှပ်စီးကျားသစ်ကတော့ အနည်းငယ်သာ အရောင်မှိန်ဖျော့သွားသည်။
လျှပ်စီးကျားသစ်က ပုံပျက်သွားခြင်းမရှိဘဲ အစွယ်များဖြဲလျှက် ၊ လက်သည်းများကိုဖြန့်ကားလျှက် ခုန်မင်ထံသို့ ဆက်လက်ဝင်ရောက်လာသည်။
ခုန်မင်ကတော့ ပြင်းထန်လှသည့် စွမ်းအားရိုက်ခတ်မှုကြောင့် နောက်သို့လွင့်စင်ထွက်သွားရသည်။
လေမိုးကြိုးကျားသစ်က ခုန်မင် ထွက်ပေါက်မရစေရန် အနောက်ဘက်တွင် ဓားဝိညာဉ်များဖြင့် ပိတ်ဆို့ထားသည်ဖြစ်ရာ သူ အနောက်သို့လွင့်ထွက်သွားသည်နှင့် ဓားဝိညာဉ်များက သူ့ထံသို့ ဦးတည်ဝင်ရောက်လာကြသည်။
ဓားဝိညာဉ်များစွာအား ရင်ဆိုင်လိုက်ရသည်နှင့် ခုန်မင်က လက်တစ်ဖက်ဝှေ့ယမ်းပြီး နက်ရှိုင်းသစ်သားဒိုင်းကိုဆင့်ခေါ်ကာ ကာကွယ်လိုက်သည်။
ဓားဝိညာဉ်များက ခုန်မင်၏လမ်းကြောင်းကို ပိတ်ဆို့ရန်သာ ဖန်တီးထားခြင်းဖြစ်သဖြင့် စွမ်းအားအကန့်အသတ်ရှိသည်။
သာမန် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်အတွက် ဤတိုက်ကွက်က ပြင်းထန်ကောင်း ပြင်းထန်နိုင်သော်လည်း ခုန်မင်အတွက်တော့ မပြောပလောက်ပေ။
ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုဖြစ်သော နက်ရှိုင်းသစ်သားဒိုင်းက ဓားဝိညာဉ်များကို အသာလေးပင် ခုခံလိုက်သည်။
သို့သော် ဓားဝိညာဉ်များကို ခုခံလိုက်ရသဖြင့် နောက်သို့လွင့်ထွက်သွားသည့် ခုန်မင်သည်လည်း အရှိန်အဟုန်အားနည်းသွားပြီး မြေပြင်ထက်သို့ ခြေချရပ်တည်လိုက်ရသည်။
ဤသည်က လေမိုးကြိုးကျားသစ် အပိုင်စောင့်နေသည့် အကွက်ဖြစ်သည်။
ခုန်မင် အရှိန်တန့်သွားချိန်တွင် လျှပ်စီးကျားသစ်က လျှင်မြန်လွန်းသော အရှိန်အဟုန်ဖြင့် သူ့ထံသို့ ဝင်ရောက်လာသည်။
လျှပ်စီးကျားသစ်၏ အားကုန်သုံးတိုက်ခိုက်မှုကိုခံရပါက ခုန်မင်အနေဖြင့် အသက်မသေသည့်တိုင် တစ်ကိုယ်လုံးထုံကျင်သွားပေမည်။
ခုန်မင် မလှုပ်နိုင်တော့သည့်အချိန်ရောက်မှ ထိုလူငယ်၏ပခုံးထက်မှ ဖီးနစ်ငှက်လေးကို ဖမ်းဆီးရန် ရည်ရွယ်ထားသည်။
သို့ပေသိ ခုန်မင်ကို အပိုင်တိုက်ခိုက်ရန်မှာ ထိုမျှလွယ်ကူမည် မဟုတ်ပေ။
ခုန်မင်က လေမိုးကြိုးကျားသစ်၏ အကြံအစည်ကို ရိပ်မိထားသည်ဖြစ်ရာ မြေပြင်နှင့်ခြေထောက်ထိမိသည်နှင့် ခြေထောက်တစ်ချက် ဆောင့်နင်းလိုက်သည်။
သူ၏ခြေထောက်မှတဆင့် မြေဒြပ်စင်စွမ်းအားများက မြေအောက်ထဲသို့ တိုးဝင်သွားပြီး ဧရာမမြေသားတံတိုင်းကြီးတစ်ခု ထွက်ပေါ်လာကာ လျှပ်စီးကျားသစ်၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ခုန်မင်က “ကျောက်တုံးထိန်းချုပ်နည်းစနစ်” အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ဒြပ်စင်စွမ်းအားဆရာသခင်အဖြစ် နှောင်းပိုင်းအဆင့်သို့ တက်ရောက်ပြီးနောက် ခုန်မင်က ကျင့်စဉ်စွမ်းအားများ ထုတ်ဖော်ရာတွင် ပိုမိုကျွမ်းကျင်လာသည်။
ထို့ကြောင့် ခြေထောက်တစ်ချက် ဆောင့်နင်းရုံဖြင့် ကျောက်တုံးထိန်းချုပ်နည်းစနစ်ကို ထုတ်ဖော်နိုင်နေပေပြီ။
ဟုတ်ပေ၏။
သာမန်မြေသားတံတိုင်းက လျှပ်စီးကျားသစ်ကို တားဆီးရန် လုံလောက်မည် မဟုတ်ပေ။
သို့သော် လျှပ်စီးကျားသစ် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်နှင့် မြေသားတံတိုင်း တစ်စစီကြေမွသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်မှုန့်ဖုံးလွှမ်းသွားသည်။
ထိုဖုံမှုန့်များက လျှပ်စီးကျားသစ်၏အမြင်အာရုံကို ခဏမျှပိတ်ဆို့လိုက်၏။ ဖုံမှုန့်များငြိမ်သက်သွားချိန်တွင် ခုန်မင်က နေရာတွင် ရှိမနေတော့ပေ။
ခုန်မင်က မျက်တောင်တစ်ခတ်စာအချိန်လေးကို အမိအရအသုံးချပြီး လေမိုးကြိုးကျားသစ်၏ အမြင်အာရုံကို လှည့်စားလိုက်ခြင်း ဖြစ်သည်။
ယခုတော့ လျှပ်စီးကျားသစ်ကြီးမှာ တိုက်ခိုက်ရမည့်ပစ်မှတ် ပျောက်ကွယ်သွားပြီး မအူမလည် ဖြစ်သွားလေသည်။
သို့ပေသိ လေမိုးကြိုးကျားသစ်ကလည်း ခေသူမဟုတ်ပေ။
ခုန်မင် မျက်စိရှေ့မှ ပျောက်ကွယ်သွားသည့်အတွက် သူက ထိတ်လန့်သွားခြင်း မရှိဘဲ နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း အနံ့ခံလိုက်သည်။
လူတစ်ယောက်နောက်သို့ အနံ့ခံ၍လိုက်ခြင်းက သူ၏မွေးရာပါ ထူးခြားစွမ်းရည် ဖြစ်သည်။
သူသေကိုယ်သေတိုက်ပွဲများတွင် ရန်သူက မည်သို့ပင် ကိုယ်ယောင်ဖျောက်နိုင်ပါစေ လေမိုးကြိုးကျားသစ် နှာခေါင်းတစ်ချက်ရှုံ့လိုက်ရုံဖြင့် ပုန်းစရာနေရာ ပျောက်သွားရပေသည်။
လေမိုးကြိုးကျားသစ် ခဏမျှအနံ့ခံပြီးသည်နှင့် ဘေးနားရှိကျောက်ဆောင်ကြီးကိုတိုက်ခိုက်ရန် လျှပ်စီးကျားသစ်အား စေညွှန်လိုက်သည်။
သို့သော် လျှပ်စီးကျားသစ် မတိုက်ခိုက်ခင်မှာပင် ကျောက်ဆောင်ကြီးက ပေါက်ကွဲထွက်သွားပြီး ခုန်မင် ဝုန်းကနဲ ခုန်ထွက်လာသည်။
ခုန်မင်မှာ ကျောက်တုံးထိန်းချုပ်နည်းစနစ်ကိုအသုံးပြုပြီး လေမိုးကြိုးကျားသစ်၏ အမြင်အာရုံကို လှည့်စားနိုင်ခဲ့သော်လည်း အနံ့ခံအာရုံကိုတော့ လှည့်စားနိုင်ခြင်း မရှိပေ။
တိုက်ပွဲက လိုက်တမ်းပြေးတမ်းအသွင်သို့ ကူးပြောင်းသွားသည်။
လေမိုးကြိုးကျားသစ်က တရစပ်လိုက်လံတိုက်ခိုက်နေပြီး ခုန်မင်က နောက်သို့ဆုတ်ရင်း ခုခံနေရသည်။
ခုန်မင်က အဲလစ် ၊ နာ့ယီရှို့နှင့် အခြားသူများရှိသော စွမ်းအားလမ်းကြောင်းတည်နေရာသို့ ဦးတည်ဆုတ်ခွာသွားသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် စွမ်းအားလမ်းကြောင်း တည်ရှိနေရာနေရာက အလုံခြုံဆုံးဖြစ်သွားပြီ မဟုတ်ပါလား။
စွမ်းအားလမ်းကြောင်းမှာလည်း ပြန်လည်အသက်ဝင်လာပြီဖြစ်ရာ ခဏမျှတောင့်ခံထားနိုင်မည်ဆိုလျှင် ဖီးနစ်ကျဆုံးတောင်ကြားမှ အသက်ရှင်လျက် ပြန်လည်ထွက်ခွာရန် မျှော်လင့်ချက် ရှိနေပေပြီ။
ဟုတ်ပေ၏။
ခုန်မင်၏အတွေးက မှန်ကန်သော်လည်း လေမိုးကြိုးကျားသစ်ကတော့ သူ့ကို အလွယ်တကူ လက်လွှတ်မည် မဟုတ်ပေ။ သူက တစ်ချက်ပင်အလျှော့မပေးဘဲ ခုန်မင့်နောက်သို့ တောက်လျောက်လိုက်လာနေသည်။
တစ်ဖက်တွင်လည်း သေမင်းနှင့် စစ်ခင်းခဲ့ကြရသော မီးလျှံတိမ်တိုက်သားရဲနှင့် အခြားသော အဆင့်(၆) မှော်ဝင်သားရဲများမှာ ခုန်မင်နှင့် လေမိုးကြိုးကျားသစ်ထံသို့ အာရုံပြောင်းလိုက်ကြသည်။
စွမ်းအားလမ်းကြောင်းမှ ထွက်ပေါ်လာသည့် မီးဒြပ်စင်စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဖြစ်ရာ သူတို့က အဲလစ်တို့အုပ်စုကို မတိုက်ခိုက်တော့ဘဲ ခုန်မင်ကိုသာ ပစ်မှတ်ထားလိုက်ကြသည်။
‘မီးလျှံဖီးနစ်ငှက်’ ကိုသာ ပြန်လည်ရယူနိုင်ပါက သူတို့အတွက် တာဝန်ကျေပွန်ပေပြီ။
အဆင့်(၆) မှော်ဝင်သားရဲများ ကြုံးဝါးသံများပြုလုပ်ပြီး ခုန်မင်ထံသို့ တဟုန်ထိုး ဝင်ရောက်လာကြသည်။
ခုန်မင် မည်မျှပင် စွမ်းအားကြီးမားပါစေ ဤသားရဲများကို အနိုင်ယူရန် လုံးဝ မဖြစ်နိုင်ပေ။
အဲလစ်က လူသားကျင့်ကြံသူများအားလုံးကို စုစည်းပြီး စွမ်းအားလမ်းကြောင်းနားတွင် မတ်တတ်ရပ်လျှက် ခုန်မင်နှင့် လေမိုးကြိုးကျားသစ်၏တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။
ယခု အဆင့်(၆)မှော်ဝင်သားရဲများအားလုံး ခုန်မင်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်ကြသည့်အခါ သူမ စိုးရိမ်ပူပန်သွားရသည်။
ခုန်မင်သာ ရှေ့ထွက်ပြီး လေမိုးကြိုးကျားသစ်ကို အချိန်ဆွဲမပေးခဲ့ပါက စွမ်းအားလမ်းကြောင်း အသက်ဝင်လာသည်အထိ စောင့်ဆိုင်းနိုင်မည်မဟုတ်ဘဲ ၊ သူတို့အားလုံး အသက်ပျောက်သွားရပေမည်။
စွမ်းအားလမ်းကြောင်းပွင့်သွားပြီးနောက် ဖီးနစ်ကျဆုံးတောင်ကြားနှင့် အပြင်လောကတွင် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။
ထို့ကြောင့် အဲလစ်အတွက် အသံလွှင့်မှော်ပညာအသုံးပြုရန် ပိုမိုလွယ်ကူသွားစေသည်။
စွမ်းအားလမ်းကြောင်းပွင့်သွားသည်နှင့် သူမက မှော်ဂါထာတစ်ခုရွတ်ဆိုပြီး ဝိညာဉ်စွမ်းအားစုစည်းကာ တစ်ဖက်ခြမ်းတွင်ရှိနေသော မှော်ဆရာကြီး’အလ်လ်ကင်’ ထံသို့ အဖြစ်အပျက်များအားလုံးကို အမြန်ဆုံး သတင်းပို့လိုက်သည်။
တောင်ကြားထဲမှလူများကို ကယ်တင်ရန်အတွက် အပြင်ဘက်မှ ထိပ်တန်းစွမ်းအားရှင်များ၏ အကူအညီလိုအပ်ကြောင်း သူမ နားလည်သည်။
စွမ်းအားလမ်းကြောင်းကို အတင်းအကျပ်ဖွင့်လှစ်ရန်အတွက် ထိပ်တန်းတန်ခိုးစွမ်းအားရှင်(၅)ယောက်က ဒြပ်စင်စွမ်းအားများစွာစုစည်းကာ ဗလာနယ်စွမ်းအားကို ထိတွေ့ခဲ့ခြင်း ဖြစ်သည်။
အပြင်ဘက်ရှိ ဝင်ပေါက်ပတ်လည်တွင် ထိုစွမ်းအားများက အလွန်တရာ ထုထည်ကြီးမားစွာ ကျန်ရှိနေသည်ဖြစ်ရာ ၊ ထိုစွမ်းအားအနည်းငယ်ကို ချေးငှားနိုင်မည်ဆိုပါက တောင်ကြားထဲမှ အဆင့်(၆) မှော်ဝင်သားရဲများကို ခြောက်လှန့်ရန် လုံလောက်ပေသည်။
အစောပိုင်းက အဆင့်(၆) မှော်ဝင်သားရဲများ တိုက်ခိုက်လာစဉ် အဲလစ်က အားလုံးကို ဆုတ်ခွာခိုင်းလိုက်သည်မှာ အပြင်ဘက်မှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ၏ လမ်းညွှန်မှုပင် ဖြစ်သည်။
အပြင်ဘက်မှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များက မီးဒြပ်စင်စွမ်းအားနှင့် ဗလာနယ်စွမ်းအားကို ပေါင်းစပ်ထုတ်ဖော်လိုက်သဖြင့် စွမ်းအားလမ်းကြောင်းအတွင်းမှ ကြောက်မက်ဖွယ်ရာ မီးဒြပ်စင်စွမ်းအားလှိုင်းလုံးကြီး ထွက်ပေါ်လာပြီး အဆင့်(၆) မှော်ဝင်သားရဲများကို လောင်ကျွမ်းသွားခြင်း ဖြစ်သည်။
သို့သော် ဤစွမ်းအားက စွမ်းအားလမ်းကြောင်းကို ဖြတ်သန်းလာရသဖြင့် အချိန်အကြာကြီး ထိန်းထားနိုင်ခြင်းမရှိဘဲ ခဏမျှအစွမ်းပြပြီးနောက် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ဤစွမ်းအားသာ အနည်းငယ်ပိုပြီး အချိန်ကြာကြာ ထိန်းထားနိုင်မည်ဆိုလျှင် အဆင့်(၆) မှော်ဝင်သားရဲများ ပြာမှုန့်ဖြစ်သည်အထိ လောင်ကျွမ်းသွားပေမည်။
ထိုစွမ်းအားကို ကြောက်ရွံ့သဖြင့် မှော်ဝင်သားရဲများ စွမ်းအားလမ်းကြောင်းနားသို့ မချဉ်းကပ်ရဲတော့ဘဲ ခုန်မင်ကိုသာ ဝိုင်းဝန်းတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်၏။
ထို့ကြောင့် အခက်အခဲများအားလုံး ခုန်မင်တစ်ယောက်တည်းဆီသို့ ပုံကျသွားစေရန် တွန်းပို့လိုက်သလို ဖြစ်သွားသည်။
အားလုံးက ခုန်မင်အတွက် စိုးရိမ်ပူပန်နေကြချိန် ဝမ်းသာနေသူနှစ်ယောက် ရှိလေသည်။
တစ်ယောက်က အားလုံးသိသည့်အတိုင်း ချောင်တတိယသခင်လေး ဖြစ်၏။
“ဒီလောက် သူရဲကောင်းလုပ်ချင်တဲ့ကောင် ခံပေါ့”
သူက နှုတ်ခမ်းများကို တွန့်ကွေးရင်း တွေးလိုက်သည်။
ချောင်အိမ်တော်နှင့် ခုန်အိမ်တော်က နဂိုကတည်းကပင် ပြိုင်ဘက်များဖြစ်လေရာ ခုန်မင် ဒုက္ခရောက်သည်က သူ့အတါင် ဝမ်းသာစရာကိစ္စပင်။
ချောင်တတိယသခင်လေးက သူ၏ဝမ်းသာစိတ်ကို တစ်ချက်ပင် ဖုံးဖိမထားခဲ့ပေ။
အိမ်တော်နှစ်ခုကြားမှရန်ငြိုးကို လူတိုင်းသိရှိသည်ဖြစ်ရာ သူက ခုန်မင်အတွက် ဝမ်းမသာဘဲ စိတ်ပူပန်ပြနေသည်ကမှ သံဿယဝင်စရာ ကောင်းနေပေမည်။
နောက်တစ်ယောက်ကတော့ ‘လော့ခ်’ ဖြစ်လေသည်။
သို့သော် သူ၏မျက်နှာက ခန့်မှန်းမရနိုင်အောင် တည်ငြိမ်လွန်းသဖြင့် သူ့စိတ်ထဲမှခံစားချက်ကို မည်သူမှ မရိပ်မိပေ။
လော့ခ်က ငယ်စဉ်ကပင် ရည်မှန်းချက်ကြီးမားသူ ဖြစ်သည်။
သို့ပေသိ ခုန်မင်က သူ၏လျှို့ဝှက်ချက်များအားလုံးကို သိရှိနေခဲ့သည်။ ထို့ကြောင့် ထိုလူငယ်၏တည်ရှိမှုက သူ့အတွက် ကြီးမားသောဖိအား ဖြစ်နေခဲ့သည်။
ခုန်မင် ဤလောကမှ ပျောက်ကွယ်သွားမှသာ သူ့ဘဝသည်လည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်နိုင်ပြီး သူ၏အစီအစဉ်များကိုလည်း တစ်ဆင့်ချင်း အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ခုန်မင်တစ်ယောက် သားရဲကြီးများ၏ ပါးစပ်ထဲသို့ သက်ဆင်းသွားပါစေဟုသာ လော့ခ်က ရိုးသားစွာ ဆုတောင်းနေမိသည်။
ရှန်ရှင်းယွင်ကတော့ ခုန်မင်အတွက် အလွန်အမင်း စိုးရိမ်ပူပန်လျှက် ရှိသည်။
သူက မကြာခင်ကမှ ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်ရောက်ထားသည်ဖြစ်ရာ အဆင့်(၆) မှော်ဝင်သားရဲများအား မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ပေ။
သို့တိုင် သူက ခုန်မင်အတွက် စိုးရိမ်ပြီး တိုက်ပွဲအတွင်းသို့ ခုန်ဝင်သွားရန် ဟန်ပြင်လိုက်သည်။ ထိုအချိန် ဘေးနားတွင်ရှိနေသည့် ထူယာ့က သူ့လက်ကိုဖမ်းဆွဲလိုက်ပြီး ခေါင်းခါယမ်းပြလိုက်သည်။
“ရှင်သာ သခင်လေးအတွက် အသက်စတေးခံမယ်ဆိုရင် ကျွန်မလည်း ရှင်နဲ့အတူလိုက်ပြီး အသက်အသေခံဝံ့ပါတယ်”
သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်မတို့ သခင်လေးကို ယုံကြည်ဖို့လိုတယ် ၊ ရှင် အခုချိန် တိုက်ပွဲထဲခုန်ဝင်သွားရင် သခင်လေးကို ကူညီရာမရောက်ဘဲ သူ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လာလိမ့်မယ်”
ရှန်ရှင်းယွင်က ထူယာ့လက်မှ ရုန်းထွက်လိုက်သည်။ သို့သော် ထူယာ့က သူ့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားသည်။
ရုန်းရင်းကန်ရင်းဖြင့်ပင် ရှန်ရှင်းယွင်၏စိတ်က အမှန်ကို စဉ်းစားလိုက်နိုင်သည်။ ထို့ကြောင့် သူ့စိတ်ကို ထိန်းချုပ်လိုက်နိုင်ပြီး ပြန်လည်တည်ငြိမ်သွားသည်။
သူသာ တိုက်ပွဲထဲဝင်သွားပါက ခုန်မင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရုံသာမက ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားမည် မဟုတ်ပါလား။
ထိုအချိန် ခုန်မင်မှာလည်း ကြီးမားသော ဘေးအန္တရယ်နှင့် ရင်ဆိုင်နေရသည်။
အဆင့်(၆) မှော်ဝင်သားရဲခြောက်ကောင်နှင့် လေမိုးကြိုးကျားသစ် ဝိုင်းဝန်းတိုက်ခိုက်ပါက ခုန်မင်တွင် ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိလျှင်ပင် ခုခံနိုင်မည် မဟုတ်ပေ။
သူ့အတွက် တိုက်ပွဲကြားမှ ဟာကွက်ရှာကာ ထိုးဖောက်ထွက်ရန်သာ ရှိသည်။
ခုန်မင်က ချက်ချင်းပင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး သူ့နောက်မှလိုက်လာသည့် လေမိုးကြိုးကျားသစ်ကို လျစ်လျူရှုက ရှေ့တည့်တည့်မှလာနေသည့် မီးလျှံတိမ်တိုက်သားရဲထံသို့ ဝင်ရောက်သွားလေသည်။