နတ်သူငယ်များနှင့်တွေ့ဆုံခြင်း
Vol. 19 Ch. 198
ခုန်မင်က တည်ငြိမ်စွာပင် အရှေ့ဆီသို့လှမ်းကြည့်လိုက်ပြီး...
“သူတို့တွေ လာနေကြပြီ....”
ရှန်ရှင်းယွမ်လှည့်ကြည့်လိုက်တော့ ကျင့်ကြံသူများစွာနှင့်အတူ ခုန်မင်ရှိရာသို့ လျှောက်လှမ်းလာနေသည့် နာ့ယီရှို့ ၊ လွန်ခါ ၊ ချောင်တတိယသခင်လေးနှင့် နတ်သူငယ်များကို တွေ့လိုက်ရသည်။
ခုန်မင် တိုက်ပွဲထဲဝင်ရောက်လာစဉ် ပြသလိုက်သောစွမ်းအားက အမှန်တကယ် တုန်လှုပ်ဖွယ်ရာကောင်းလှသည်။
ထို့ကြောင့် ခုန်မင်နှင့် သိသူများရော မသိသူများရော ၊ အားလုံးက အလွန်ထူးဆန်း စိတ်ရှုပ်ထွေးသည့်မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေမိကြသည်။
အထူးသဖြင့် ချောင်ညီအစ်ကို(၃)ယောက် ဖြစ်၏။
ခုန်မင်က သူတို့ကဲ့သို့ပင် ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစပ်အသုံးပြုနိုင်သည်။
ဤသည်က သူတို့အတွက် မယုံကြည်နိုင်စရာ ကိစ္စတစ်ခုသာပင်။
ဤလောကတွင် သူတို့အပြင် ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစပ်အသုံးပြုနိုင်သူ နောက်တစ်ယောက် မည်သို့ရှိနိုင်ပါမည်နည်း။
ပြီးတော့ ခုန်မင်က သူတို့ကဲ့သို့ (၃)ယောက်ပင်မဟုတ်ဘဲ တစ်ယောက်တည်းဖြင့် စွမ်းအား(၃)မျိုး ပေါင်းစပ်အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ဤသည်က လုံးဝ မဖြစ်နိုင်သည့်ကိစ္စပင်။
သူတို့ကို ပိုပြီးစိတ်ပျက်သွားစေသည်မှာ ခုန်မင်က “ခုန်” မျိုးနွယ် ဖြစ်နေခြင်း ဖြစ်၏။
ခုန်အိမ်တော်နှင့် ချောင်အိမ်တော်ကြား အားပြိုင်မှုက ကာလရှည်ကြာ တည်ရှိနေခဲ့သည်။
ယခု ခုန်အိမ်တော်မှ ခုန်မင်ကဲ့သို့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်ဖြစ်ရာ ၊ ဤသည်က ချောင်မျိုးနွယ်များအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုပင် ဖြစ်သည်။
ထို့ပြင် ခုန်အိမ်တော်မှ ဒုတိယသခင်လေး စမ်းသပ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြပေ။
ယခုတော့ ထိုလူငယ်လေးက ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိနေရုံသာမက ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ပင် အဆင့်တက်သွားခဲ့ပေပြီ။
“ဒီကောင်လေးက ဘာလို့ ဖီးနစ်ကျဆုံးတောင်ကြားမှာ သေမသွားရတာလဲ ၊ သူသာ အပြင်လောကကို ဘေးကင်းကင်းနဲ့ပြန်ရောက်သွားရင် ငါတို့ ချောင်အိမ်တော်အတွက် အန္တရယ်ကောင် ဖြစ်လာလိမ့်မယ်”
ချောင်ညီအစ်ကိုများမှာ လူရှေ့သူရှေ့တွင်ဖြစ်နေသောကြောင့် ခုန်မင်ကို သတ်ဖြတ်ပစ်ချင်စိတ်ကို မနည်းထိန်းထားကြရသည်။
ထို့ပြင် ခုန်မင်သည်လည်း ဒြပ်စင်စွမ်းအား(၃)မျိုးကို ပေါင်းစပ်အသုံးပြုနိုင်သည်ဖြစ်ရာ သူတို့(၃)ယောက်ပေါင်းပြီး တိုက်ခိုက်လျှင်တောင်မှ အနိုင်ရရန် မသေချာပေ။
ချောင်ညီအစ်ကို(၃)ယောက်က စိတ်ထိန်းထားကြသည့်တိုင် ချောင်တတိယသခင်လေးကတော့ သူ့ကို မရှုမလှ အရှက်ခွဲခဲ့သည့် ရန်သူတော်ကို တွေ့မြင်ရသည့်အခါ ဒေါသကြောင့် မျက်လုံးများပင် နီမြန်းလာတော့သည်။
သူက အဝေးမှပင် လှောင်ပြောင်သည့်စကားကို လှမ်းပြောလိုက်၏။
“ဒီနေရာမှာလာပြီး အစွမ်းပြနေတဲ့သူက ဘယ်သူများလဲလို့... လက်စသတ်တော့ ခုန်ဒုတိယသခင်လေးကိုး... အဟက်... မင်းရဲ့စွမ်းအားကတော့ အံ့မခန်းပါပဲ... အံ့မခန်းပါပဲ”
ချောင်တတိယသခင်လေးက အသုံးမကျသူတစ်ယောက် မဟုတ်ပေ။
သူက ဤနေရာတွင်ရှိနေသူများအားလုံး ခုန်မင်ကို မနာလိုမုန်းတီးမှု ဖြစ်သွားစေရန် တမင်သက်သက် စကားဆိုလိုက်ခြင်း ဖြစ်သည်။
ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲသို့ ရောက်ရှိလာသူတိုင်းက ယုံကြည်မှုမြင့်မားပြီး မာနကြီးကြသော လူငယ်များ ဖြစ်ကြသည်။
ယခု တိုက်ပွဲအတွင်းသို့ ခုန်မင်ရောက်ရှိလာပုံက အလွန်ပင် လွှမ်းမိုးနိုင်စွမ်းကြီးမားသည်ဖြစ်ရာ လူတိုင်းက သူ့အောက်ရောက်သွားသလိုခံစားကြရသည်။
ဤခံစားချက်ကို မည်သူမှ လိုလိုလားလား မရှိကြပေ။
ထိုသို့သောအချိန်တွင် ချောင်တတိယသခင်လေးက မီးလောင်ရာလေပင့်ဖြင့် ရန်မီးမွှေးပေးလိုက်ခြင်း ဖြစ်၏။
ချောင်တတိယသခင်လေးက ရန်စဖို့ ကြိုးစားလိုက်သော်လည်း ခုန်မင်က အရေးမစိုက်ပေ။
သူက အဲလစ်နှင့် အခြားသူများကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“ကျုပ်က ခုန်အော့ပါ... နတ်သူငယ်မျိုးနွယ်က သခင်မလေးနဲ့ တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ် ၊ ကျုပ်က မကြာခင်ကမှ တံခါးပိတ်ကျင့်ကြံရာကထွက်လာလို့ ဒီတောင်ကြားထဲမှာ ဘာတွေဖြစ်နေလဲ မသိလိုက်ဘူး ၊ ဒီတော့ သခင်မလေးကများ ရှင်းပြပေးလို့ ရနိုင်မလား”
ခုန်မင်၏ ယဉ်ကျေးအမူအရာနှင့် နှစ်လိုဖွယ်စကားကြောင့် အဲလစ်စိတ်ထဲ အတော်လေး ဘဝင်ကျသွားသည်။
သို့သော် သူတို့အုပ်စု ရေခဲမြူနဂါးနှင့်တိုက်ခိုက်နေစဉ် ခုန်မင်က ဝင်ရောက်ကူညီခြင်းမရှိဘဲ နောက်ဆုံးမှ အကျိုးအမြတ်များရယူသွားကြောင်း သိရှိသွားလျှင်တော့ အဲလစ် အတော်လေး ဒေါပွသွားပေမည်။
ယခုတော့ အဲလစ်ကလည်း ခုန်မင်ကို ယဉ်ကျေးစွာပင် ပြန်လည်နှုတ်ဆက်လိုက်သည်။
“ဒီနေ့ ခုန်သခင်လေး ကူညီပေးတာ တကယ်ပဲ ကျေးဇူးတင်ပါတယ် ၊ ရှင်သာ အချိန်မီဝင်မကူညီရင် သားရဲစစ်တပ်ကြီး လွယ်လွယ်နဲ့ ပြန်ဆုတ်ခွာသွားမှာမဟုတ်ပါဘူး”
သူမက ဆက်ပြောလိုက်သည်။
“အခု ကျွန်မတို့အားလုံး ဖီးနစ်ကျဆုံးတောင်ကြားမှာ ပိတ်မိနေကြပြီ ၊ အားလုံးလက်တွဲပြီး တိုက်ပွဲဝင်ရမယ့်အချိန်ရောက်နေပြီဆိုတော့... ရှင်သိချင်တာတွေကို အသေးစိတ်ရှင်းပြပေးပါ့မယ်”
အဲလစ်က စကားပြောရင်းဖြင့် ခုန်မင်၏ပခုံးပေါ်မှ သတ္တဝါလေးကို အကဲခတ်လိုက်သည်။
နတ်သူငယ်များက အလှအပကို မြတ်နိုးတတ်သူများ ဖြစ်သည်။
ဖီးနစ်ငှက်၏ မီးလျှံပမာ ရဲရဲနီနေသည့် အမွှေးအတောင်များက အလွန်တရာ ခမ်းနားလှပသည်ဖြစ်ရာ အဲလစ် သတိမထားဘဲ မနေနိုင်ပေ။
သို့သော် မည်သူမှ ဤသတ္တဝါလေးကို ဖီးနစ်ငှက်၏ ထင်မှတ်မိမည် မဟုတ်ပေ။ အလွန်ဆုံးရှိမှ ရှားပါးသားရဲတစ်ကောင်ဟုသာ ထင်မှတ်ကြပေမည်။
ဖီးနစ်လေးကလည်း အဲလစ်၏အကြည့်များကို သတိထားမိပေသည်။
သို့သော် နံရံဆေးရေးပန်းချီကားထဲမှ အပြင်သို့ဖောက်ထွက်လာပြီးကတည်းက ငှက်ငယ်လေးက အားအင်ကုန်ခမ်းနေဆဲ ဖြစ်သည်။
ထို့ကြောင့် သူက အဲလစ်ကို အရေးမစိုက်နိုင်ဘဲ အတောင်ပံကြားတွင် ခေါင်းလေးဝှက်လျှက် ခုန်မင်၏ပခုံးထက်တွင် အိပ်ပျော်သွားလေသည်။
ခုန်မင်က ပြုံးလိုက်ပြီး အဲလစ်ကို လက်နှစ်ဆုပ် ဂါရဝပြုလိုက်ရင်း...
“သခင်မလေး အလင်းပြပေးမယ်ဆိုရင်တော့ ခုန်အော့ တကယ်ပဲ ကျေးဇူးတင်မှာပါ”
ထို့နောက် အဲလစ်က ရင်းနှီးဖော်ရွေစွာပင် ခုန်မင်အား ဖြစ်ကြောင်းကုန်စင် ပြောပြလေသည်။
ဖီးနစ်တောင်ကြားတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်အတွင်း တစ်ခါမှမဖြစ်ဖူးသော ထူးခြားဆန်းကျယ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ယခင် စမ်းသပ်ပွဲများတွင် ဤသို့သော အခြေအနေမျိုး တစ်ခါမှ ကြုံတွေ့ရခြင်း မရှိခဲ့ဖူးပေ။
ပုံမှန်အားဖြင့် အနှစ်(၂၀)လျှင် တစ်ကြိမ် တောင်ကြားဖွင့်လှစ်ချိန်တွင် အတွင်းမှ မိစ္ဆာချီများက အလွန်လျော့ပါးသွားပြီး အဆင့်နိမ့်ကျင့်ကြံသူများအပေါ် သက်ရောက်မှု မရှိနိုင်ပေ။
သို့သော် လွန်ခဲ့သည့် တစ်လခန့်မှစပြီး မိစ္ဆာချီများ တစ်နေ့တခြား ပိုမိုသိပ်သည်းလာကာ စမ်းသပ်ပွဲယှဉ်ပြိုင်သူများအပေါ် သက်ရောက်မှု ရှိလာခဲ့သည်။
လက်ရှိတွင် တောင်ကြားအတွင်းမှ ကျင့်ကြံသူများအနေဖြင့် အနှောက်အယှက်မရှိ ပုံမှန်သွားလာမှုမျိုး ပြုလုပ်နိုင်သေးသည်မှန်သော်လည်း ၊ ကျင့်ကြံခြင်းပြုလုပ်မည်ဆိုလျှင်တော့ မိစ္ဆာချီများ၏တိုက်စားမှုခံရကာ စိတ်အာရုံနှင့် အသိတရားများ ဖောက်ပြန်သွားနိုင်သည်။
ရှန်ရှင်းယွင်သည်ပင် အန္တရယ်နှင့်ကြုံလုနီးပါး ဖြစ်ခဲ့ရသည်။
သူက တံခါးပိတ်ကျင့်ကြံနေသဖြင့် မိစ္ဆာချီများ သိပ်သည်းလာခြင်းကို သတိမထားမိပေ။
သို့သော် သူနှင့်အတူရှိနေသည့် ထူယာ့က တစ်ခုခုမှားယွင်းနေကြောင်းရိပ်မိသည်နှင့် ရှန်ရှင်းယွင် ကျင့်ကြံခြင်းမှ နိုးထလာစေရန် ကူညီပေးခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ယောက်လုံး မိစ္ဆာချီများ၏အန္တရယ်မှ ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်၏။
ထူယာ့သာမရှိပါက ရှန်ရှင်းယွင် အဖြစ်က မတွေးရဲစရာပင်။
ထိုအချိန် ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲသည်လည်း ပရမ်းပတာဖြစ်သွားပြီး လူတိုင်းက ဤနေရာမှ ထွက်ခွာသွားရန်သာ စိတ်အားထက်သန်နေကြသည်။
မိစ္ဆာချီများ ဤနှုန်းအတိုင်းသာ ဆက်လက်သိပ်သည်းလာပါက သူတို့အားလုံး စိတ်ဖောက်ပြန်ပြီး ရူးသွပ်သွားနိုင်သည် မဟုတ်လား။
ပုံမျန်ဆိုလျှင် (၃)လတာ စမ်းသပ်ပွဲကာလ ကုန်ဆုံးသွားမှ စွမ်းအားလမ်းကြောင်းများမှတဆင့် ဖီးနစ်ကျဆုံးတောင်ကြားမှ ထွက်ခွာရမည် ဖြစ်သည်။
ဟုတ်ပေ၏။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်လာသူများထဲတွင် အင်အားကြီးမျိုးနွယ်စုများမှ လူငယ်များနှင့် အထက်တန်းလွှာအချို့လည်း ပါဝင်သည်။
ထိုသူများက နယ်မြေကူးပြောင်းအစီအရင်ဖြင့် ဖန်တီးထားသည့် စွမ်းအားလမ်းကြောင်းများနှင့်ပတ်သက်ပြီး အခြေခံသဘောတရားကို နားလည်ထားကြသည်ပင်။
ပြီးတော့ စွမ်းအားလမ်းကြောင်းများကို သတ်မှတ်ချိန်ထက်စောပြီး ဖွင့်လှစ်ကာ ဖီးနစ်ကျဆုံးတောင်ကြားမှလည်း ထွက်ခွာနိုင်သည်။
ဤသည်က ထူးခြားသည့် လျှို့ဝှက်ချက်မဟုတ်ပေ။
သို့သော် မိစ္ဆာချီများ သိပ်သည်းလာသည်နှင့်အမျှ တောင်ကြားအတွင်းမှ နယ်မြေကူးပြောင်းအစီအရင်သည်လည်း မတည်မငြိမ်ဖြစ်လာပြီး စွမ်းအားလမ်းကြောင်းများကို ဖွင့်လှစ်နိုင်ခြင်း မရှိတော့ပေ။
ဤအခြေအနေက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
စွမ်းအားလမ်းကြောင်းများသာ အလုပ်မလုပ်တော့ဘူးဆိုလျှင် သူတို့အားလုံး ဤတောင်ကြားထဲတွင် ထာဝရ ပိတ်မိနေကြတော့မည်လား။
အပြင်သို့ ပြန်မထွက်နိုင်တော့လျှင် သူတို့အားလုံး ဤနေရာတွင် အသက်ဆုံးကြရပေမည်။
ထို့ကြောင့် အားလုံးက အငြိုးအာဃာတများနှင့် အမြင်မကြည်လင်မှုများကို ဘေးဖယ်ပြီး အတူပူးပေါင်းကာ ထွက်ပေါက်ရှာရန် ကြိုးစားကြသည်။
ဤအခြေအနေတွင် တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာမှ စွမ်းအားလမ်းကြောင်းဖွင့်လှစ်သည့် နည်းလမ်းများက အလုပ်မဖြစ်တော့ပေ။
သို့ပေသိ နတ်သူငယ်မျိုးနွယ်များတွင်တော့ “အသံလွှင့်မှော်ပညာ” ဆိုသော ထူးဆန်းသည့် အတတ်ပညာတစ်ခု ရှိသည်။ ထိုပညာဖြင့်ဆိုလျှင် စွမ်းအားလမ်းကြောင်းများမှတဆင့် အပြင်လောကသို့ အသံလှမ်းပြီး ပို့နိုင်သည်။
အမှန်တော့ အသံလွှင့်မှော်ပညာဖြင့် ပို့လွှတ်လိုက်သည့် သတင်းစကားများကို ဤပညာကိုတတ်ကျွမ်းသည့် အခြားတစ်ယောက်ကသာလျှင် လက်ခံရယူနိုင်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုတွင် ကျန်ရစ်ခဲ့သော မှော်ဆရာကြီး’အယ်လ်ကင်’ က ဤမှော်ပညာကို အထူးကျွမ်းကျင်သည်။ အဲလစ်သည်လည်း ဤပညာကို သူ့ဆီမှ သင်ယူခဲ့ခြင်းသာ ဖြစ်၏။
ထိုသို့ဖြင့် နတ်သူငယ်များက ထိုမှော်ပညာကို အသုံးချပြီး ဖီးနစ်ကျဆုံးတောင်ကြားမှ အပြင်လောကသို့ ဆက်သွယ်နိုင်ခဲ့ကြသည်။
ထို အသံလွှင့်မှော်ပညာက စွမ်းအားလမ်းကြောင်း တည်ရှိရာနေရာမှာသာ အလုပ်ဖြစ်လေသည်။
ပြီးတော့ ပြင်ပလောကမှ ပြန်ပို့လာသည့်သတင်းအရ အပြင်ဘက်တွင်လည်း ထူးခြားဆန်းပြားမှုများ ဖြစ်ပေါ်နေပြီး စွမ်းအားလမ်းကြောင်းများကို အတင်းအကျပ်ဖွင့်ကာ အထဲမှလူများကို ခေါ်ထုတ်နိုင်ရန် လုံလောက်သည့်စွမ်းအား စုစည်း၍မရနိုင်သေးဟု သိရသည်။
သို့ဖြစ်ရာ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ အချိန်(၃)လ ပြည့်သည်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။
ထိုအချိန်ကျမှ စွမ်းအားလမ်းကြောင်များ၏ ဗလာနယ်စွမ်းအားက အထွတ်ထိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး အတွင်းအပြင် စွမ်းအားနှစ်ခုပေါင်းစပ်ကာ အားလုံးလွတ်မြောက်ရန်လမ်းကြောင်းကို ဖွင့်လှစ်နိုင်ပေမည်။
လက်ရှိမှာတော့ အချိန်(၃)လ မပြည့်ခင်အထိ လူတိုင်း တောင်ကြားထဲမှာပင် အံကြိတ်သည်းခံပြီး စောင့်ဆိုင်းရန်သာ ရှိ၏။
ပိုမိုဆိုးရွားသည်မှာ မိစ္ဆာချီများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ တောင်ကြားထဲမှ သားရဲများက ရူးသွပ်သလို ဖြစ်လာခြင်းပင်။
သူတို့ ရုတ်တရက်ပင် လူသားများကို ရက်ရက်စက်စက် တိုက်ခိုက်ကြတော့သည်။
အစပိုင်းမှာတော့ လူသားကျင့်ကြံသူများအတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရုတ်တရက် တိုက်ခိုက်ခံရသဖြင့် အတော်လေး အကျအဆုံး များခဲ့သည်။
နောက်ပိုင်း အားလုံးစုစည်းပြီး ပြန်လည်ခုခံမှသာ အနည်းငယ် အခြေအနေ ပြန်ကောင်းလာခဲ့သည်။
သို့သော် မှော်ဝင်သားရဲများကလည်း အချင်းချင်းမဟာမိတ်ဖွဲ့ပြီး လူသားများကို စနစ်တကျ ပူးပေါင်းတိုက်ခိုက်လာကြသည်.
ဖီးနစ်ကျဆုံးတောင်ကြားတွင် လူသားများထက် သားရဲအရေအတွက်က ပိုမိများပြားသည်ဖြစ်ရာ ကျင့်ကြံသူများအနေဖြင့် အသေခံတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် အဲလစ် ၊ နာ့ယီရှို့နှင့် အခြားသူများ၏ဦးဆောင်မှုဖြင့် ခံစစ်နည်းဗျူဟာကိုသာ အသုံးပြုပြီး ဆုတ်ခွာခဲ့ကြရသည်။
ကံကောင်းသည်မှာ အဆင့်(၅) နှင့် အဆင့်(၆) မှော်ဝင်သားရဲများ ရောက်မလာခြင်းပင်။ မဟုတ်ပါက လူသားများအတွက် ခံစစ်တိုက်ခိုက်ရန် အခွင့်အရေးပင်ရမည် မဟုတ်ပေ။
ထိုသို့ဖြင့် လူသားများမှာ သားရဲများကို ခံစစ်ဖြင့် အချိန်ဆွဲရင် တစ်လနီးပါးကြာအောင် တောင့်ခံနိုင်ခဲ့ကြသည်။
သို့သော် နောက်ပိုင်းမှာတော့ တစ်စုံတစ်ယောက်က နောက်ကွယ်မှ လှုံ့ဆော်ပေးသည့်ပမာ သားရဲများက စွမ်းအားလမ်းကြောင်းများကို စတင်ဖျက်ဆီးလေသည်။
ပုံမှန်ဆိုလျှင် အသက်ဝင်ခြင်းမရှိသော စွမ်းအားလမ်းကြောင်းက မည်သည့်ထူးခြားချက်မှ မရှိပေ။ တည်နေရာကိုသာ ကြိုသိမထားပါက စွမ်းအားလမ်းကြောင်းများကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။
နှစ်ပေါင်းထောင်ချီ သမိုင်းတစ်လျှောက်တွင်လည်း တောင်ကြားထဲမှ မည်သည့်သားရဲကမှ စွမ်းအားလမ်းကြောင်းများကို ရှာမတွေ့ခဲ့သလို အပြင်လောကသို့ ထွက်ခွာရန်လည်း အသုံးချခြင်း မရှိခဲ့ကြပေ။
ယခုတစ်ကြိမ်မှာတော့ သားရဲစစ်တပ်ကြီးက စွမ်းအားလမ်းကြောင်းများ၏ တည်နေရာကို ကြိုတင်သိရှိနေဟန်ဖြင့် စနစ်တကျလိုက်လံဖျက်ဆီးခဲ့ကြသည်။