နောက်မှတွေ့မယ် လော့ခ်
Vol. 19 Ch. 199
ပြောရမည်ဆိုလျှင် ဖီးနစ်ကျဆုံးတောင်ကြားတွင် ဖြစ်ပေါ်လာသည့် ထူးခြားဖြစ်စဉ်များက လူတိုင်း၏နားလည်နိုင်စွမ်းကို ကျော်လွန်သွားသည်။
မှော်ဝင်သားရဲများက စွမ်းအားလမ်းကြောင်းများကို ပစ်မှတ်ထား ဖျက်ဆီးလာသည့်အခါ လူသားများအနေဖြင့် တန်ပြန်တိုက်ခိုက်ရန်မှလွဲပြီး အခြားနည်းလမ်း မရှိတော့ပေ။
စွမ်းအားလမ်းကြောင်းများက ကျင့်ကြံသူများအား အပြင်လောကနှင့် ဆက်သွယ်ပေးသည့် အသက်သွေးကြောဖြစ်သည်။ ထိုလမ်းကြောင်းများ ဖျက်ဆီးခံရပါက အားလုံးအတွက် မျှော်လင့်ချက်မဲ့သွားနိုင်သည်။
ထို့ကြောင့် လူသားများနှင့် သားရဲများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် အကျအဆုံးများခဲ့သည်။
တစ်ယောက်ချင်း တိုက်ခိုက်စွမ်းရည်အရဆိုလျှင် အဆင့်နိမ့်နှင့် အလယ်ဆင့်သားရဲများက လူသားများကို မယှဉ်နိုင်ပေ။
သို့သော် မည်မျှအစွမ်းထက်သည့် ကျင့်ကြံသူဖြစ်ပါစေ အလုံးအရင်းဝင်ရောက်လာသည့် သားရဲအုပ်ကြီးကိုတော့ ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။
အဆုံးသတ်မှာတော့ တိုက်ပွဲတွင် လူသားကျင့်ကြံသူများ ရှုံးနိမ့်သွားပြီး စွမ်းအားလမ်းကြောင်း အများစုမှာလည်း သားရဲများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ယခုဆိုလျှင် အလွန်ဝေးလံသည့်နေရာမှ စွမ်းအားလမ်းကြောင်း (၂)ခုခန့်နှင့် ခုန်မင်တို့ရောက်ရှိနေသည့် နေရာမှ စွမ်းအားလမ်းကြောင်းတစ်ခုသာလျှင် အကောင်းပကတိအတိုင်း ကျန်ရှိတော့သည်။
သားရဲများကိုကျော်ဖြတ်ပြီး အလွန်ဝေးလံသည့်နေရာမှ စွမ်းအားလမ်းကြောင်းများဆီသို့ သွားရောက်ရန် မဖြစ်နိုင်လေရာ ၊ လူသားများမှာ သူတို့ရှေ့တွင် နောက်ဆုံးကျန်ရှိသည့် စွမ်းအားလမ်းကြောင်းကိုသာ ကာကွယ်ရတော့သည်။
ထိုစွမ်းအားလမ်းကြောင်းက ဖီးနစ်ကျဆုံးတောင်ကြားမှ ထွက်ခွာရန် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည် မဟုတ်ပါလား။
ခုန်မင် စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။
အချိန်ပြန်တွက်ကြည့်မည်ဆိုလျှင် တောင်ကြားထဲတွင် ထူးဆန်းသောအပြောင်းအလဲများ စတင်ဖြစ်ပေါ်သည့်အချိန်မှာ ဖီးနစ်ငှက်ပေါက်လေး ဥခွံကိုခွဲထွက်ပြီး ပြန်လည်မွေးဖွားလာသောအချိန်နှင့် ကွက်တိပင် ဖြစ်သည်။
"ဒီထူးဆန်းတဲ့ အပြောင်းအလဲတွေက အကောင်ပေါက်လေးနဲ့များ ဆက်စပ်နေမလား..."
ခုန်မင် တွေးလိုက်သည်။
ဖီးနစ်ကျဆုံးတောင်ကြားနှင့် နံရံဆေးရေးပန်းချီကားထဲမှ သီးခြားကမ္ဘာငယ် တည်ရှိနေခြင်းက ဤဖီးနစ်ငှက်လေးနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်မှု ရှိနေနိုင်သည်။
အကောင်ပေါက်လေး ပြန်လည်မွေးဖွားလာခြင်းက တောင်ကြားအတွင်း ဟန်ချက်ညီမှုကို ရိုက်ချိုးဖျက်ဆီးလိုက်ခြင်း ဖြစ်နိုင်၏။
ထို့ကြောင့် ယခုကဲ့သို့ ရုတ်တရက်အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။
ဤအကြောင်းကိုသာ လူသားကျင့်ကြံသူများသိရှိသွားပါက ချက်ချင်းပင် ခုန်မင်နှင့် ဖီးနစ်ငှက်လေးကို ပြဿနာရှာလာနိုင်သည်။
ထို့ကြောင့် ခုန်မင်က လောလောဆယ်တွင် ရေငုံနှုတ်ပိတ်နေရန် ဆုံးဖြတ်လိုက်သည်။
ဖီးနစ်ကျဆုံးတောင်ကြားမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေပြီးမှသာ အခြားအစီအစဉ်များကို ဆက်လက်လုပ်ဆောင်ရပေမည်။
နောက်တစ်ချက်မှာ ဖီးနစ်ငှက်လေးက ဗလာနယ်ကို ထိုးဖောက်နိုင်သော ထူးခြားသည့်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ထိုစွမ်းအားဖြင့် ဗလာနယ်အက်ကွဲကြောင်းဖန်တီးပြီး သူတို့အား တောင်ကြားအပြင်ဘက်သို့ ခေါ်ဆောင်သွားနိုင်မည်လား မပြောနိုင်ပေ။
သို့ပေသိ ဖီးနစ်ကျဆုံးတောင်ကြား၏ ချိတ်ပိတ်ထားသော ဗလာနယ်အလွှာက နံရံဆေးရေးပန်းချီကားထဲမှ သီးခြားကမ္ဘာထက် များစွာပိုမိုနက်နဲထူထဲသည်။
ဖီးနစ်ငှက်လေး၏ လက်ရှိတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် တောင်ကြား၏ ဗလာနယ်ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်စွမ်း မရှိလောက်သေးပေ။
ထို့ကြောင့် တောင်ကြားမှထွက်ခွာရန် အခိုင်မာဆုံးနှင့် အသေချာဆုံးမှာ စွမ်းအားလမ်းကြောင်းကို အသုံးပြုခြင်းသာလျှင် ဖြစ်သည်။
ယနေ့တိုက်ပွဲတွင် လူတိုင်းက ခုန်မင်၏စွမ်းဆောင်ရည်ကို တွေ့မြင်ခဲ့ကြပြီးဖြစ်ရာ သားရဲများကိုခုခံရန်အတွက် ပိုမိုအားတက်လာခဲ့ကြသည်။
သို့သော် အဆင့်(၅) သို့မဟုတ် အဆင့်(၆) ရှိသော မှော်ဝင်သားရဲများ ရောက်ရှိလာမည်ဆိုပါက လူသားကျင့်ကြံသူများအနေဖြင့် တောင့်ခံနိုင်မည် မဟုတ်ပေ။
ထိုသို့သောအခြေအနေမျိုး ဖြစ်ပေါ်လာပါက ဒြပ်စင်စွမ်းအားအရှင်သခင်များ ရောက်ရှိလာလျှင်ပင် အသုံးဝင်မည် မဟုတ်တော့ပေ။
ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ရောက်ရှိလာမှသာ စစ်မြေပြင်ကိုထိန်းချုပ်ရန် မျှော်လင့်ချက် ရှိပေမည်။
သို့ပေသိ ဖီးနစ်ကျဆုံးတောင်ကြားသို့ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်တစ်ယောက် မည်သို့ရောက်ရှိလာနိုင်ပါမည်နည်း။
လက်ရှိတွင် သားရဲတပ်ကြီး ဆုတ်ခွာသွားသော်လည်း မည်သည့်အချိန် အလုံးအရင်းဖြင့် ပြန်ရောက်လာမည်လဲ မပြောနိုင်ပေ။
ထို့ကြောင့် သူတို့အနေဖြင့် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ကုန်ဆုံးသွားသည့်အင်အားများ ပြန်လည်ဖြည့်တင်းရန် လိုအပ်သည်။
အဲလစ် လက်ခံရရှိထားသော သတင်းစကားအရ အပြင်ဘက်မှ အင်အားစုများက အများဆုံး(၃)ရက်အတွင်း စွမ်းအားလမ်းကြောင်းကို အတင်းအကျပ်ဖွင့်လှစ်ရန် လုံလောက်သော လူအင်အား စုစည်းနိုင်မည် ဖြစ်သည်။
ထို့ကြောင့် နောက်ထပ်(၃)ရက် တောင့်ခံထားနိုင်မှသာ သူတို့အားလုံး တောင်ကြားထဲမှ လွတ်မြောက်နိုင်မည် ဖြစ်၏။
ဖီးနစ်ကျဆုံးတောင်ကြားမှ မိစ္ဆာချီများက တစ်နေ့တခြား ပိုမိုသိပ်သည်းလာသည်ဖြစ်ရာ ကျင့်ကြံသူများမှာ ကုန်ခမ်းသွားသည့် ဒြပ်စင်စွမ်းအားများ ပြန်လည်ဖြည့်တင်းရန်အတွက် ကျင့်ကြံခြင်းပြုလုပ်ရာတွင် အထူးသတိထားကြရသည်။
မိစ္ဆာချီများ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး စိတ်ဖောက်ပြန်မည်ကို စိုးရိမ်ရသဖြင့် မည်သူမှ အပြည့်အဝစိတ်နှစ်ပြီး မကျင့်ကြံရဲကြပေ။
ခုန်မင်ကတော့ မိစ္ဆာချီများကို ဂရုစိုက်စရာမလိုပေ။
သူက အားကောင်းသည့် ဝိညာဉ်စွမ်းအားကိုအသုံးချပြီး မိစ္ဆာချီများကို ခန္ဓာကိုယ်ပြင်ပသို့ တွန်းထုတ်ပစ်နိုင်သည်ဖြစ်ရာ မိစ္ဆာချီများကြောင့် ကျင့်ကြံခြင်းဖောက်ပြန်မည်ကို စိုးရိမ်စရာ မရှိပေ။
ခုန်မင်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
ခပ်ဝေးဝေးတစ်နေရာရှိ ကျောက်တောင်များကြားတွင် ကင်းစောင့်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ခုန်မင်က မသိမသာဖြင့် ထိုလူငယ်အနားသို့ ထွက်ခွာသွားသည်။
ကင်းစောင့်နေသည့်လူငယ်က အလွန်ပင် အာရုံခံစားမှု ထက်မြက်သည်။
ခုန်မင် သူ့အနားမရောက်ခင်မှာပင် ချက်ချင်း အာရုံခံမိသွားပြီး လှမ်းကြည့်လိုက်ရာ ၊ ထိုလူငယ်၏ ထက်ရှပြီးခံစားချက်ကင်းမဲ့သည့်မျက်ဝန်းများက ခုန်မင်ထံသို့ ကျရောက်လာသည်။
သူ၏မျက်နှာက လူသေတစ်ယောက်ပမာ ဖြူဖျော့နေပြီး သူ့စိတ်ထဲ မည်သည့်အတွေးများရှိနေကြောင်း ခန့်မှန်းမရနိုင်ပေ။
ထိုလူငယ်က အခြားသူမဟုတ်ေပ။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ သူရဲကောင်း(၃)ယောက်မှ တစ်ယောက်ဖြစ်သည့် ‘လော့ခ်’ ပင် ဖြစ်၏။
လော့ခ်က အခြားသူရဲကောင်းတစ်ယောက်ဖြစ်သည့် ဂါ့ဒ်ကို ထောင်ချောက်ဆင်လုပ်ကြံပြီး အကျိုးအမြတ်များစွာရရှိရန် ကြံစည်ခဲ့ဖူးသည်။
သို့သော် ခုန်မင် ရုတ်တရက်ရောက်ရှိလာသဖြင့် သူ၏အစီအစဉ်များ ပျက်ဆီးခဲ့ပြီး အသက်အန္တရယ်ပင် ကျရောက်လုနီးပါး ဖြစ်ခဲ့ရသည်။
ခုန်မင်လက်မှ လွတ်မြောက်ပြီးနောက် လော့ခ်က သက်ဝင်ဆေးလုံးတစ်လုံးသောက်သုံးပြီး အသက်ဘေးမှ လွတ်ကင်းခဲ့သည်။
ထို့ကြောင့် သူ၏ဒဏ်ရာများသည်လည်း ပြဿနာမရှိတော့ပေ။
သို့သော် ညီအစ်ကိုချင်းသတ်ဖြတ်ခဲ့သည့်သတင်းနှင့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းကလေးတပည့်များကို နှုတ်ပိတ်ခဲ့ခြင်းများ အပြင်လောကသို့ ပေါက်ကြားသွားပါက ဖီးနစ်နားခိုရာမျိုးနွယ်စုရော ပြာလွင်တောင်ပံမျိုးနွယ်စုကပါ သူ့ကိုအလွတ်ပေးမည် မဟုတ်ပေ။
သို့ဖြစ်ရာ ခုန်မင်ကို မတွေ့မြင်ချင်သူများထဲတွင် လော့ခ်က ချောင်တတိယသခင်လေးထက်ပင် ထိပ်ဆုံးမှပြေးနေပေလိမ့်မည်။
သို့ပေသိ လော့ခ်က ခန့်မှန်းရခက်သူတစ်ယောက် ဖြစ်၏။
သူက ခုန်မင်ကိုတွေ့သည့်တိုင် တည်ငြိမ်နေနိုင်ခြင်းမှာ တော်ရုံလူတစ်ယောက်မဟုတ်ကြောင်း သက်သေပြနေသည်။
ခုန်မင်က တစ်ချက်ပြုံးလိုက်ရင်း...
“ရန်သူတွေရောက်လာမှာစိုးလို့ ကင်းစောင့်ရင်း ကိုယ့်နောက်ကျောက လှုပ်ရှားမှုတွေကိုလည်း သတိထားနေရတော့... မင်း အတော်ပင်ပန်းမှာပဲ”
ထိုစကားကြားသည့်တိုင် လော့ခ်၏မျက်နှာက ခံစားချက်ကင်းမဲ့နေဆဲပင်။
သူက အေးစက်စွာဖြင့်...
“ငါ ငယ်ငယ်ကတည်းက ရန်သူတွေကို စက္ကန့်မလပ် သတိထားနေခဲ့ရတာ ၊ ငါ့အတွက် အသားကျနေပါပြီ”
ခုန်မင်က ခေါင်းခါယမ်းရင်း...
“မင်း အဲဒီလောက်ပင်ပန်းတဲ့ဘဝမျိုးနဲ့ ရှင်သန်နေရတာ... တကယ်ရော တန်ရဲ့လား”
လော့ခ်က...
“အဲဒီလောက်ပင်ပန်းမှ အသက်ရှင်သန်နိုင်မယ်ဆိုရင် တန်ပါတယ်”
ခုန်မင်က လော့ခ်ကို တစ်ချက်ကြည့်လိုက်ပြီး...
“မင်းအသက်ကို ဒီလောက်တန်ဖိုးထားတယ်ဆိုရင် ဘာလို့ ဂါ့ဒ်ကို လုပ်ကြံရတာလဲ ၊ ပြီးတော့ ပြာလွင်တောင်ပံမျိုးနွယ်စုက မိန်းကလေးနှစ်ယောက်ကိုလည်း နှုတ်ပိတ်ခဲ့သေးတယ် ၊ တကယ်လို့ မင်းအစီအစဉ် မအောင်မြင်ခဲ့ရင် နောက်ဆက်တွဲအကျိုးဆက်တွေကို မစဉ်းစားမိဘူးလား”
လော့ခ်၏မျက်နှာက ကျောက်ရုပ်ပမာ တည်ငြိမ်နေဆဲပင်။
“မင်းသာ ရောက်မလာရင် ငါ့အစီအစဉ် ပျက်ဆီးမှာမဟုတ်သလို ဒီလျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာကိုလည်း စိုးရိမ်နေစရာမလိုဘူး ၊ မင်းလည်း ငါ့နေရာမှာဆိုရင် ဒီလောက်အောင်မြင်ဖို့သေချာတဲ့အလုပ်ကို လုပ်မိမှာမဟုတ်ဘူးလား”
ခုန်မင်က သူ့မေးခွန်းကိုမဖြေဘဲ အေးဆေးစွာဖြင့် ပြန်မေးခွန်းထုတ်လိုက်သည်။
“အခု မင်းဘာလုပ်ဖို့ စဉ်းစားထားလဲ”
လော့ခ်က လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး...
“ငါ ဘာလုပ်ရမှာလဲ ၊ မင်းကို လူသတ်နှုတ်ပိတ်ရမှာလား...”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“မင်းကိုသတ်ဖို့က မဖြစ်နိုင်ဘူး ၊ ငါက မဖြစ်နိုင်တဲ့အလုပ်တွေကို မလုပ်တတ်ဘူး”
ခုန်မင်က ခပ်ပါးပါးပြုံးလိုက်ရင်း...
“မင်း ငါ့ကို မသတ်ဘူးဆိုရင် ငါက မင်းရဲ့လုပ်ရပ်တွေကို တစ်လောကလုံးသိအောင် ဖွင့်ပြောလိုက်မှာ မကြောက်ဘူးလား”
လော့ခ်က ခေါင်းခါယမ်းလိုက်သည်။
“မင်း မပြောပါဘူး...”
သူက ဆက်ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်လို့ မင်းအတွက် အကျိုးမရှိဘူးလေ ၊ အဲဒီလိုလုပ်မယ့်အစား ငါနဲ့ အပေးအယူလုပ်လို့ရတယ် မဟုတ်လား”
စကားဆုံးသွားသည်နှင့် လော့ခ်က လက်ကောက်ဝတ်ကိုတစ်ချက်ခါလိုက်ရာ သူ့လက်ထဲတွင် သွေးနီရောင်မျက်နှာဖုံးရှိသည့် စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
ခုန်မင်က ထိုသိုင်းကျမ်းကို မြင်ဖူးပြီးသားပင်။
သူက ပြုံးလိုက်ရင်း...
“ဘာလဲ... မင်းက ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်နဲ့ အပေးအယူလုပ်မလို့လား ၊ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျင့်စဉ်တစ်ခုနဲ့တောင် အလဲအလှယ်လုပ်မယ်ဆိုတော့... မင်းက အတော်ရက်ရောတာပဲ”
လော့ခ်၏မျက်နှာက တည်ငြိမ်နေဆဲပင်။
သူက...
“ဘယ်လောက်အဆင့်မြင့်တဲ့ ကျင့်စဉ်ဖြစ်ပါစေ အသက်ရှင်နေမှ ကျင့်ကြံလို့ရမှာလေ ၊ ပြီးတော့ ဒီသိုင်းကျမ်းကို ငါ အလွတ်ကျက်ပြီးသွားပြီ ၊ ငါ့လက်ထဲ စာအုပ်ရှိနေလည်း အပိုပါပဲ ၊ မင်းကိုပေးလိုက်လို့ ဘာမှမဖြစ်ဘူး”
ခုန်မင်က ရယ်မောလိုက်ပြီး...
“မင်းကို ဒီလောက်ပွင့်လင်းမယ်လို့ ထင်မထားမိဘူး”
လော့ခ်က ခုန်မင်ကိုတစ်ချက် စူးစိုက်ကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။
ပြောရမည်ဆိုလျှင် လော့ခ်က အမှန်တကယ် ထက်မြက်သူ ဖြစ်သည်။
ခုန်မင်နှင့် ဉာဏ်ရည်ချင်းယှဉ်၍မရကြောင်း သဘောပေါက်သွားသည်နှင့် ညှိနှိုင်းဆွေးနွေးမှုကို ပွင့်ပွင့်လင်းလင်းပင် လုပ်ဆောင်ခဲ့သည်။
ဟုတ်ပေ၏။
ပြောခဲ့သလိုပင် ခုန်မင်အနေဖြင့် လော့ခ်၏အကြောင်းများကို ဖွင့်ချလိုက်ခြင်းဖြင့် မည်သည့်အကျိုးအမြတ်မှ မရနိုင်ပေ။
အကျိုးအမြတ်ရှုထောင့်မှ ကြည့်မည်ဆိုလျှင် မြွေဟောက်တစ်ကောင်နှင့်ဆင်တူသည့် လော့ခ်လိုလူမျိုးကို တောရိုင်းဒေသ မျိုးနွယ်စုများထဲတွင် ဆက်လက်ထားရှိခြင်းကမှ ပိုမိုကောင်းမွန်ပေဦးမည်။
ခုန်မင်ကလည်း အပိုစကားမပြောတော့ဘဲ လော့ခ်လက်ထဲမှ ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်ကို လှမ်းယူလိုက်သည်။
သူက ပြုံးလိုက်ရင်း...
“ငါတို့နှစ်ယောက်လုံး ဖီးနစ်ကျဆုံးတောင်ကြားက အသက်ရှင်လျက် ထွက်သွားနိုင်မယ်ဆိုရင်... နောက်တစ်ခါ ငါတို့ပြန်ဆုံရင် ဘယ်လိုပုံစံနဲ့ ပြန်ဆုံကြမလဲ အတော်လေးစိတ်ဝင်စားမိတယ်”
စကားဆုံးသည်နှင့် ခုန်မင်က ပေါ့ပါးစွာပင် လှည့်ထွက်သွားသည်။
လော့ခ်ကလည်း သူ့ကိစ္စပြီးသည်နှင့် ခုန်မင်ကို တစ်ချက်ပင်အရေးမစိုက်တော့ဘဲ သူလုပ်ရမည့် ကင်းစောင့်တာဝန်ကို ဆက်လုပ်နေသည်။
လော့ခ်က အံ့သြစရာကောင်းသူပင်။
ခုန်မင့်ရှေ့သို့ ရောက်ရှိသည့်တိုင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ အရှုံးအမြတ်ကိုသာ သေချာတွက်ချက်နေခဲ့သည်။
ခုန်မင်က တောရိုင်းဒေသ မျိုးနွယ်စုဝင်တစ်ယောက်မဟုတ်ကြောင်း သိရှိပြီးသည့်နောက် လော့ခ်က အပေးအယူလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် ဖီးနစ်ကျဆုံးတောင်ကြားတွင် ဖြစ်ပျက်ခဲ့သည်များ ပြင်ပသို့ပေါက်ကြားမည်မဟုတ်တော့ပေ။
ခုန်မင်သည်လည်း မီးလျှံဖီးနစ်ငှက်မွှေးကို ရယူထားသည်ဖြစ်ရာ သူကိုယ်တိုင်လည်း သတင်းပေါက်ကြားစေချင်မည် မဟုတ်ပေ။
ထို့ကြောင့် လော့ခ်က ခုန်မင်နှင့် ဆက်ဆံရာတွင် ပွင့်လင်းမြင်သာသည့်နည်းလမ်းကို ရွေးချယ်ခဲ့ပြီး သူတို့နှစ်ယောက်ကြား နားလည်မှုတည်ဆောက်ခဲ့ခြင်း ဖြစ်၏။
လော့ခ်တစ်ယောက် အသက်ရှင်ကျန်ရစ်နေခြင်းက တောရိုင်းဒေသမျိုးနွယ်စုများအတွက် ကပ်ဘေးတစ်ခုပင်ဖြစ်သည်။
“လော့ခ်” လို လူမျိုးက နောက်ဆုံးတွင် မည်မျှအထိ ဂယက်ထအောင်လုပ်နိုင်မည်ကို ခုန်မင် အမှန်တကယ် စိတ်ဝင်စားမိသည်။
ထိုလူငယ်က တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာထဲတွင် ပုန်းအောင်းနေသည့် အဆိပ်ပြင်းမြွေဟောက်တစ်ကောင်ပမာဖြစ်ပြီး မျိုးနွယ်စုများအားလုံးကို အတွင်းမှ လှိုက်စားဖျက်ဆီးသွားပေလိမ့်မည်။
တစ်ဖက်တွင်လည်း ခုန်မင်က ချီတိမျိုးနွယ်စုနှင့် သားရဲထိန်းမျိုးနွယ်စုများကဲ့သို့ မျိုးနွယ်စုငယ်လေးများကို သိမ်းသွင်းကာ တောရိုင်းဒေသကို ထိုးဖောက်ဝင်ရောက်ပြီး ခုန်အိမ်တော်အတွက် ပိုမိုကြီးမားသော အကျိုးအမြတ်များရယူရန် ဆုံးဖြတ်ထား၏။
ထို့ကြောင့် လော့ခ်ကို အသက်ရှင်လျက်ထားရှိခြင်းက ပို၍ပင်အသုံးဝင်သေးသည်။
သို့ဖြစ်ရာ သူက လော့ခ်၏လျှို့ဝှက်ချက်ကို အဘယ့်ကြောင့် ထုတ်ဖော်နေတော့မည်နည်း။
ထိုလူငယ်၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ရုံသာရှိသည် မဟုတ်ပါလား။