← Chapters

ရုတ်တရက် ထိုးထွင်းသိမြင်ခြင်း

Vol. 17 Ch. 224

ရုတ်တရက် ထိုးထွင်းသိမြင်ခြင်း

Vol. 17 Ch. 224

“ကျွန်တော် လိုက်မယ်”

စုမင် ခေါင်းညိတ် ပြလိုက်သည်။

အစ်ကိုသုံးသည် ချက်ချင်း ပျော်သွားဟန်ဖြင့် မြေပြင်မှ ဘူးသီးခြောက်ကို ကောက်ယူကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူသည် စုမင် မကြားနိုင်သည့် စကားလုံးအချို့ကို တိုးညင်းစွာရေရွတ်ပြီး တစ်စုံတစ်ရာ ကြံစည်နေဟန်ဖြင့် လက်များကိုမြှောက်ကာ သင်္ကေတ အနည်းငယ် ပြုလုပ်လိုက်သည်။

ခဏအကြာတွင် သူ့မျက်နှာပေါ်၌ ရူးသွပ်မိုက်မဲသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အရမ်းကောင်းတယ်။ မင်းတကယ် ကံကောင်းတာပဲ။ ငါတို့ အစ်ကိုကြီးကို ဒီနေ့ တွေ့ရနိုင်တယ်။ လာ၊ ငါ့နောက်က နီးနီးကပ် ကပ်လိုက်ခဲ့”

အစ်ကိုသုံးက ပြောပြီးသည်နှင့် အဝေးသို့ ဦးတည်ခဲ့သည်။ စုမင် မည်သည့်အရာမှ ပြန်မပြောပဲ သူ့စီနီယာအစ်ကို၏ နောက်ကျောကိုသာ ကြည့်လျက် ရိုးရိုးရှင်းရှင်းပင် နောက်မှလိုက်သွားရင်း တဖြည်းဖြည်းဖြင့် ဤလူကို သူနားမလည် နိုင်တော့သည်အား သိလိုက်ရသည်။

စုမင် တောင်များကိုဖြတ်ကာ ဟူကျီနောက်မှ ပြေးလိုက်ခဲ့ပြီး ကောင်းကင်တွင် နေထွက်လာသည်နှင့်အမျှ မကြာမီမှာပင် ကျောက်တောင်တစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ခပ်နိမ့်နိမ့် ဂူလေးတစ်ခု ရှိနေပြီး ၎င်းဂူ၏ဝင်ပေါက်မှ အစိတ်အပိုင်း အများစုကို ကျောက်တုံးကြီး တစ်ခုဖြင့် ပိတ်ဆို့ထားသဖြင့် နေ့အချိန်ဖြစ်သော်လည်း နေရောင်အများစုကို လိုဏ်ဂူထဲ မဝင်ရောက်နိုင် ဖြစ်နေစေသည်။

စုမင် ခဏတာ တုံ့ဆိုင်းနေပြီးမှ မေးမိသည်။

“အကြီးဆုံး အစ်ကိုကြီးက ဒီနေရာမှာ သီးသန့်ခွဲနေတာလား”

“အစ်ကိုကြီးက သူ့ဘဝသူ ဒီလိုနည်းလမ်းမျိုးနဲ့ ပျော်အောင်နေမယ့်သူမှ မဟုတ်တာ။ ဒါက မင်းစီနီယာ အစ်ကိုဟူနေတဲ့ လိုဏ်ဂူပဲ။ အဲဒါ ကြည့်ကောင်းတယ်မလား။ ဒီနေရာမှာ စောင့်နေ။ ငါဝိုင်နည်းနည်း သွားယူလိုက်ဦးမယ်”

စကားပြောနေရင်းမှပင် သူသည် ခါးကိုင်းကာ လိုဏ်ဂူ၏ ခပ်နိမ့်နိမ့် ဝင်ပေါက်မှ ဝင်သွားချေသည်။ စုမင် အပြင်ဘက်တွင် ခဏတာခန့် အံ့အားသင့်ကြောင်အစွာ ရပ်နေခဲ့မိပြီး သူ၏ ယခင်ထင်မြင်ချက်ကိုပင် စတင်၍ သံသယ ဝင်လာမိသည်။

မကြာမီမှာပင် သူ့အစ်ကိုသုံးက အပြင်သို့ ပြန်လျှောက် ထွက်လာခဲ့သည်။ သူ့လက်ထဲရှိဝိုင်အိုးမှ ဝိုင်အချို့ လျှံကျနေချေရာ သူထိုအရာကို ယခုလေးတင် ဖြည့်လာခြင်းဖြစ်ကြောင်း သိသာနေခဲ့သည်။ သူသည် စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာဖြင့် ဘူးသီးခြောက်ကြီးအား ဆုပ်ကိုင်ထားလေသည်။

“သွားကြစို့။ ငါတို့ မြန်မြန်လုပ်မှရမယ်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”

ပြောပြီးသည်နှင့် အစ်ကိုသုံးသည် ရှေ့သို့ချက်ချင်း တန်းထွက်သွားရာ စုမင် ခဏတာ တုံ့ဆိုင်းနေပြီးမှ သူ့နောက်သို့ ပြေးလိုက်သွားမိ၏။ သူတို့နှစ်ဦးသည် တောင်ခြေသို့ ပြေးသွားခဲ့ကြသည်။

အမွှေးတိုင်တစ်တိုင် ထွန်းစာခန့် အချိန်ကုန်ပြီးချိန်တွင် ဟူကျီသည် စုမင်အား တောင်ခြေသို့ ခေါ်လာခဲ့ပြီး အနည်းငယ်ခန့် ကွေ့ပတ်ပြီးချိန်တွင် တောင်၏အက်ကြောင်း တစ်ခုထဲသို့ သူတို့ရောက်သွားကြသည်။ ထိုအက်ကြောင်းထဲသို့ သူတို့ ခြေချလိုက်မိစဉ်မှာပင် သူ့မျက်နှာအား လေအားများဖြတ်သန်းတိုက်ခတ် သွားသည်ကို စုမင် ချက်ချင်း ခံစားလိုက်ရသည်။

သူ့အစ်ကိုသုံး၏ ပုံစံကို လှမ်းကြည့်လိုက်ရာ သူသည် ဤနေရာနှင့် မယုံနိုင်လောက်အောင်ပင် ရင်းနှီးကျွမ်းဝင်နေကြောင်း ရှင်းလင်းနေချေသည်။ သူတို့ ထိုအက်ကြောင်းထဲတွင် နေ့တစ်ဝက်ခန့် လျှောက်လာခဲ့ပြီး မြေအောက်သို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်လာခဲ့မိကြသည်။ ဤတစ်လျှောက်လုံးတွင် ရှေ့ဆက်သွားရန် လမ်းမတွေ့တော့သဖြင့်  သူတို့ လမ်းဆုံးရောက်ပြီဟု စုမင်အကြိမ်ကြိမ် ထင်ခဲ့သော်လည်း အခြားအကွေ့အလှည့် တစ်ခုအား ဟူကျီ လျှောက်လိုက်သည်နှင့် သူတို့ရှေ့တွင် လမ်းကြောင်း အသစ်တစ်ခု ပေါ်လာမြဲပင် ဖြစ်သည်။

သူတို့ ရေခဲလွှာထဲတွင် များစွာကွေ့ပတ် သွားခဲ့ရသည်။ စုမင် ခေါင်းမူးလာပြီဟု စတင်ခံစားလိုက်ရချိန်တွင် သူ့ရှေ့မှ အစ်ကိုသုံးသည် ရုတ်တရက် ရပ်တန့်သွားပြီး အရွယ်အစား အလယ်အလတ်ခန့် ရှိသော ရေကန်တစ်ခုဆီသူ့ကို ခေါ်ဆောင်သွားလေသည်။

သူလှမ်းကြည့် လိုက်မိချိန်တွင် ဧရာမအပေါက်ကြီး တစ်ခုသဖွယ် ရေကန်ကြီးက သူ့ရှေ့၌ရှိနေခဲ့သည်။ ၎င်းသည် မှောင်မည်းနေပြီး ထိုအထဲမှနေ၍ လေအေးများ ပျံ့နှံ့ထွက်ပေါ်လျက် ရှိသည်။

ရေကန်အထက်တွင် မရေမတွက်နိုင်သော ရေခဲပန်းဆွဲများ ချိတ်ဆွဲတည်ရှိနေပြီး အေးစက်သောအရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

“ငါတို့ ရောက်ပြီ။ အစ်ကိုကြီးက အဲဒီအောက်မှာပဲ။ ဒါပေမဲ့ အရမ်းနက်လွန်းလို့ ငါတို့ဝင်မရဘူး။ ဒီနေရာကနေပဲ ကြည့်လို့ရတယ်”

အစ်ကိုသုံးက စုမင်အား လှည့်ကြည့်ကာ သူတို့ရှေ့မှရေကန်ကို ညွှန်ပြရင်းပြောသည်။

စုမင် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ရေကန်ကို ငုံ့ကြည့်လိုက်မိသည်။ သူ၏ယခုလက်ရှိ ကျင့်ကြံဆင့်နှင့် အမြင်အာရုံကြောင့် အဆုံးထိ မမြင်နိုင်ပေ။

အစ်ကိုသုံးသည် သူ့လက်ထဲရှိ ဘူးသီးခြောက်ကို မြေပေါ်ချကာ စုမင်ဘေးတွင် ရပ်လိုက်သည်။ သူသည် အချိန်ကို ရေတွက်နေဟန်ဖြင့် ညာလက်ကိုမြှောက်ကာ လက်ချောင်းများအား ရေတွက်နေချေသည်။

“အမွှေးတိုင်တစ်ဝက် ထွန်းစာ အချိန်လောက် ကျန်သေးတယ်။ အငယ်ဆုံး ဂျူနီယာညီလေး၊ မင်း နည်းနည်းလောက် စောင့်ရလိမ့်...”

သို့သော် သူပြောမပြီးသေးခင်မှာပင် ရေကန်အတွင်းမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ကျယ်လောင်လှသဖြင့် ရေကန်ပတ်ဝန်းကျင်မှ ရေခဲများပင် အပြင်းအထန် တုန်ခါလှုပ်ယမ်း သွားကြသည်။

စုမင်အမူအရာက ပြောင်းလဲသွားခဲ့သည်။ ထိုနေရာမှ ရုတ်တရက် ထွက်ပေါ်လာသော ရေခဲများနှင့် မသက်ဆိုင်သည့် သန်မာသော အပူလှိုင်းတစ်ခုကို သူရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုအလျောက် ပြန်ဆုတ်လိုက်မိ၏။ အပူသည် သူတို့နှစ်ဦးကို ရိုက်ခတ်သွားခဲ့ပြီး ရေကန်အောက်ခြေမှ လေပူလှိုင်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

ထိုလေပူတို့သည် လူတို့အား သူတို့ခန္ဓာကိုယ်များ လောင်ကျွမ်းသွား သကဲ့သို့ ပူလောင်သော ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။ သို့သော် ထူးဆန်းစွာပင် ရေကန်နှင့် ၎င်း၏ပတ်ဝန်းကျင်မှ ရေခဲများသည်တော့ ထိုအပူလှိုင်းအောက်တွင် ဖြည်းညင်းစွာသာ အရည်ပျော်နေကြ ချေသည်။ စုမင်ရှေ့မှ ထိုမြင်ကွင်းသည် နိယာမ သဘောတရားတို့ကို အထင်အရှား ဆန့်ကျင်နေသဖြင့် သူတုန်လှုပ်စွာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။

“သေစမ်း၊ အဲဒါ အစ်ကိုကြီးရဲ့ အသက်ရှူသံပဲ။ အစ်ကိုကြီး၊ ဟူကျီရောက်နေတယ်။ လူအိုကြီး မကြာသေးခင်ကမှ ခေါ်လာတဲ့ အငယ်ဆုံးဂျူနီယာ ညီလေးကိုတောင် ကျွန်တော် ခေါ်လာသေးတယ်။ အငယ်ဆုံး ဂျူနီယာညီလေး ကိုယ်စား၊ အစ်ကိုကြီး ကျွန်တော့််ဝိုင်ကို နွေးအောင် ကူညီပေးရင်ရော ဘယ်လိုလဲ”

“အစ်ကိုကြီးကို သတိပေးလိုက်မယ်နော်။ အငယ်ဆုံးဂျူနီယာ ညီလေးရှေ့မှာ ကျွန်တော့််ဝိုင်အိုးကို  ထပ်ခွဲပြီး ကျွန်တော့််ကို အရှက်ရအောင် လုပ်မယ်ဆိုရင် ဒီကို ဘယ်တော့မှ ထပ်မလာတော့ဘူး”

ပြောနေရင်းမှပင် အစ်ကိုသုံးက ဝိုင်အိုးကို ရေကန်ထဲသို့ လျင်မြန်စွာ ပစ်လိုက်သည်။ ထိုဝိုင်အိုး ဘူးသီးခြောက်ကြီးသည် အောက်သို့ကျမသွားပဲ ထိုအစား လေထဲတွင် လွင့်မျောနေပြီး ၎င်းအတွင်းသို့ ရေကန်အတွင်းမှ ထွက်လာသော အပူများက အရှိန်ပြင်းစွာ တိုးဝင်သွားခဲ့ချေသည်။

သို့သော် လေထဲတွင် အက်ကွဲသံများ ထွက်ပေါ်လာပြီး ချက်ချင်းပင် ဘူးသီးခြောက်ကြီးတွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ရေကန်ထဲသို့ပင် ဝိုင်အချို့ ဖိတ်ကျသွားချေသည်။

“အစ်ကိုကြီး...”

ဟူကျီသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ့မျက်နှာ အမူအရာသည်ပင် ပြောင်းလဲသွား ခဲ့လေသည်။

ရေကန်အတွင်းမှ အေးစက်စက် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာပြီး ဘူးသီးခြောက်ကြီး၏ အက်ကြောင်းများပေါ်တွင် ရေခဲအလွှာပါးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ဘူးသီးခြောက် အတွင်းမှ ဝိုင်များသည် ဖိတ်စင်ကျနေရာမှ ရပ်တန့်သွားလေသည်။

တစ်ချိန်တည်းမှာပင် ပွင့်နေသော ဘူးသီးခြောက် အတွင်း၌ အပူလှိုင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။ ဝိုင်အနံ့မွှေးမွှေးက ဧရိယာတစ်ဝိုက် လေထုထဲတွင် ပြည့်နှက်သွားပြီး အသက်ရှူလိုက် မိသူတိုင်းအား နွေးထွေးသွားစေသည်။

ဘူးသီးခြောက်၏ မျက်နှာပြင်တွင် ရေခဲအလွှာတစ်ခု ဖုံးအုပ်ထားချိန်၌ ဘူးသီးခြောက်အတွင်းမှ ဝိုင်များသည်တော့ ဆူပွက်နေကြပြီး ဝိုင်အများစုမှာ အရက်ငွေ့များ အဖြစ်ပင် ပြောင်းသွားကြပြီ ဖြစ်သည်။

“ရပြီ အစ်ကိုကြီး။ အဲဒီလောက်ဆို ရပြီ”

ဟူကျီအမူအရာက လျင်မြန်စွာ ပြောင်းလဲသွားသည်။ အသက်တစ်ကြိမ် ရှူစာခန့်အလွန်က သူ၏မျက်နှာထက်တွင် စိတ်မချမ်းမြေ့သော အမူအရာတစ်ခု ရှိနေခဲ့သော်လည်း ယခုတော့ သူက ပျော်ရွှင်စွာဖြင့် ပြုံးနေပြီဖြစ်သည်။

“သုံးလေး  ... ဒီလို နောက်တစ်ကြိမ် ထပ်မလုပ်နဲ့ ... မင်းထွက်သွားပြီးတဲ့ အချိန်တိုင်း အပြင်ဘက်လမ်းကြောင်း ပုံစံကို ငါ ပြန်ပြောင်းရတယ်။ ဒါပေမဲ့ မင်းကတော့ အမြဲတမ်း တစ်နည်းမဟုတ် တစ်နည်း ဝင်လာနိုင်တာပဲ...”

ရေခဲအလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသော ဝိုင်များဖြင့် ဘူးသီးခြောက်ကြီးသည် ဟူကျီထံ လွင့်မျောလာပြီး သူ့ရှေ့တွင် ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အသံတစ်သံကလည်း ရေကန်အတွင်းမှ ထွက်ပေါ်လာချေသည်။

ထိုအသံသည် အလွန်ညင်သာ သိမ်မွေ့သော်လည်း ၎င်းအား စုမင် ကြားလိုက်ရချိန်တွင် ပထမဦးဆုံးအနေဖြင့် သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် မကြာမီတွင် ထိုအအေးသည် နွေးထွေးမှုအဖြစ် ပြောင်းလဲသွားပြီး စုမင် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားခဲ့လေသည်။

“မင်းက ငါ ခက်ခက်ခဲခဲနဲ့ သန့်စင်ထားတဲ့ မူလဝင်သက် ထွက်သက်ကို ဝိုင်နွေးအောင်လုပ်ဖို့ ဆိုတဲ့အကြံနဲ့ လာတဲ့ တစ်ဦးတည်းသောလူပဲ  ... ဟား  ... အဲဒီအိုးတစ်ဝက်ကို ဆရာ့ဆီ ပို့ပေးဖို့မမေ့နဲ့။ မဟုတ်လို့ကတော့ မင်းဝိုင်ကို ငါ ထပ်မနွှေးပေးတော့ဘူး”

“အစ်ကိုကြီး၊ စိတ်မပူပါနဲ့။ အိုးတစ်ဝက်ကို လူအိုကြီးဆီ သေချာ ပို့ပေးလိုက်ပါ့မယ်။ ဟားဟား”

ဟူကျီသည် စိတ်လှုပ်ရှားစွာဖြင့် ပျော်ရွှင်နေလေသည်။ သူသည် ဝိုင်အိုးကို အလျင်အမြန် ကောက်ယူလိုက်ပြီး အိုးထဲမှ ထွက်ပေါ်လာနေသော မွှေးပျံ့ပျံ့ဝိုင်အနံ့ကို ရှူရှိုက်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မူးယစ်ရီဝေသော အမူအရာတစ်ခု ပေါ်လာခဲ့လေသည်။

“အငယ်ဆုံးလေး မင်းက အခုမှ ဒီရောက်လာတာကို ငါ အခုချက်ချင်း သီးသန့်နေရာကနေ ထွက်မလာနိုင်တာ စိတ်မကောင်းစရာပဲ။ ငါက နှစ်အနည်းငယ် ကြာမှသာ အပြင်ထွက်လာလို့ရတာ။ ဒီလိုဆိုရင်ရော ငါမင်းကို ဒါပေးလိုက်မယ်။ မင်းကိုယ်မင်း ကာကွယ်ဖို့ အဲဒါကိုသုံးလို့ရတယ်”

ကြင်နာသော အသံသည် နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာပြီး အပြာရောင် ရေခဲတုံးလေးတစ်ခုက ရေကန်အတွင်းမှ ရုတ်ခြည်းဆိုသလို ပျံသန်းထွက်ပေါ် လာခဲ့သည်။ ၎င်းသည် စုမင်ထံ ဦးတည်တိုးဝင်သွားပြီး သူ့ရှေ့၌ လွင့်မျောနေချေသည်။

ထို အပြာရောင် ရေခဲတုံးထဲတွင် အပြာရောင် မီးလုံးလေးတစ်ခုကို ချိပ်ပိတ်ထားသဖြင့် ၎င်းထံမှ ဖမ်းစားနိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

စုမင် အလျင်အမြန်ပင် လက်သီးလက်ဝါး ဆုပ်ကာ ဦးညွှတ်ပြီးနောက် အပြာရောင် ရေခဲတုံးလေးကို သိမ်းဆည်းလိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ထိုအရာသည် ထူးခြားသော တစ်စုံတစ်ရာဖြစ်ကြောင်း သူသေချာပြောနိုင်၏။

ဟူကျီက ဝိုင်အိုးကိုကိုင်ကာ စုမင်အား နောက်ဘက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆွဲခေါ်ရင်း ရေကန်ဆီ နောက်တစ်ကြိမ် ထပ်မံအော်ဟစ် လိုက်သည်။

“အစ်ကိုကြီး၊ မင်းမြန်မြန် ပြန်ကျင့်ကြံသင့်တယ်။ ကျွန်တော် တွက်ချက်ထားပြီးပြီ။ နောက် ၄၃ရက်ကြာရင် မင်းရဲ့ မူလဝင်သက် ထွက်သက်ကြောင့် နောက်တစ်ကြိမ် အသက်ရှူထုတ် ရလိမ့်မယ်။ အဲဒီအချိန်ကျမှ ကျွန်တော် ထပ်လာရှာမယ်။ ကျွန်တော်တို့ အစ်ကိုကြီးကို ထပ်မနှောင့်ယှက် တော့ပါဘူး။ ကံကောင်းပါစေ၊ အစ်ကိုကြီး”

ရေကန်ထံမှ ပျံ့နှံ့နေသော အပူတို့သည် ရှင်းလင်းစွာပင် ခဏတာခန့် ရပ်တန့်သွားပြီး ရေကန်အတွင်းမှ သက်ပြင်းချသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

“အမြဲတမ်း အရက်မူးပြီးတော့ မနေနဲ့။ မင်းကို အရင်က ဆရာ ဘာပြောခဲ့လဲဆိုတာ သတိရ။ အရက်မူးနေချိန်မှာ မင်းစိတ်ကို ရှင်းအောင်ထားနိုင်တယ် ဆိုပေမဲ့ အဲဒါက လုပ်ငန်းစဉ် သက်သက်ပဲ ရှိသေးတာ။ အရေးကြီးတာက မင်းမူးပြီးတဲ့နောက်မှာ အိပ်မက်မက်တာပဲ...”

“ကျွန်တော် သိတယ်။ ကျွန်တော် သိတယ်။ ကျွန်တော်တို့ အခုသွားတော့မယ်နော်”

ဟူကျီသည် အလျင်အမြန် ထွက်ခွာလိုက်သော်လည်း စုမင်ခြေလှမ်းများက ရပ်တန့်သွားခဲ့သည်။ ရေကန်အတွင်းမှ ပျံ့နှံ့ထွက်ပေါ်နေသော လေပူများထံ စုမင် လှမ်းကြည့်လိုက်မိသည်။

“အစ်ကိုကြီး၊ အစ်ကိုကြီး လေ့ကျင့်တဲ့ ပညာရပ်ကဘာလဲ။ အဲဒါက တကယ်ပဲ ဆရာ့အခန်းထဲမှာရှိတဲ့ ဒုတိယအလွှာက ယူလာတဲ့ ပညာရပ်တွေထဲက တစ်ခုလား။ ကျောက်စိမ်းတွေပေါ်မှာ ရေးထားတဲ့ ပညာရပ်တွေနဲ့ စွမ်းရည်တွေကို အစ်ကိုကြီး မြင်ခဲ့တာလား”

ခဏတာ တိတ်ဆိတ်သွားပြီး နောက်မှ ကြင်နာသောအသံက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

“ငါမြင်ရတာကို မင်းမမြင်နိုင်ဘူး  ... ဘာလို့လဲဆိုတော့ ငါအလိုရှိဆုံး အရာက ပညာရပ်တွေမို့လို့ပဲ”

အကြီးဆုံးစီနီယာ အစ်ကိုကြီး၏ အသံက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ထိုအချိန် အခိုက်အတန့်၌ စုမင် နှလုံးသားသည်ပင် လှုပ်ခါသွားသည်ဟု ခံစားလိုက်ရလေသည်။ နောက်ဆုံးတွင် သူ့အား အစ်ကိုကြီး၏ သီးသန့်နယ်မြေထဲမှ ဟူကျီ ဆွဲခေါ်ထုတ်သွားပြီး နဝမမြောက် တောင်ထွတ်၏ တောင်ခြေသို့ ရောက်ချိန်အထိပင် သူ့စိတ်ထဲတွင် လှိုင်းများရိုက်ခတ်နေ သကဲ့သို့ ခံစားနေရပြီး စိတ်ကသောင်းကနင်း ဖြစ်နေခဲ့ချေသည်။

သူ ထိုနေရာမှ ဘယ်လို ထွက်ခွာလာခဲ့မှန်း သူမသိခဲ့ပေ။ တုန်လှုပ်နေသော အခြေအနေနှင့်ပင် အစ်ကိုသုံးနှင့် လမ်းခွဲပြီး သူ့လိုဏ်ဂူဆီ ပြန်လာခဲ့ပြီး စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချကာ အဝေးသို့ လှမ်းကြည့်လိုက်မိ၏။ သို့သော် သူဘာမြင်နေလဲ ဆိုသည်မှာ အရေးမကြီးတော့သလို သူ မတည်ငြိမ်နိုင်ခဲ့ပေ။ သူမြင်နေရသော မည်သည့်အရာကမှ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်မပေးနိုင်တော့ခြင်း ဖြစ်သည်။

‘အစ်ကိုကြီးက ပညာရပ်တွေကို အလိုရှိခဲ့တာကြောင့် ဒုတိယအလွှာထဲက ကျောက်စိမ်းတွေကို သူမြင်တဲ့အချိန်မှာ အဲဒါတွေက သူ့အတွက် အစစ်အမှန် ဖြစ်နေခဲ့တာပဲ ... သူ လိုချင်တဲ့ပညာရပ်ကို သူရခဲ့သလို သူ့ကိုယ်သူ သန်မာလာစေဖို့ သီးသန့်ခွဲနေပြီး ကျင့်ကြံခဲ့တယ်...’

‘ပြီးတော့ ငါက မြေပုံကိုအလိုချင်ဆုံး ဖြစ်ခဲ့လို့ ပထမအလွှာက မာန်အကြောမျှင်တွေ၊ ဒုတိယအလွှာက ပညာရပ်တွေအပြင် တတိယအလွှာက ရှေးဟောင်း စာလိပ်တွေကတောင် အတုအယောင် ဖြစ်နေခဲ့တယ်။ မြေပုံက ငါမြင်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ...’

‘အစ်ကိုကြီးက သူ့စိတ်သူရှင်းအောင် ထားနိုင်ဖို့နဲ့ ဖန်တီးမှုရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်ဖို့ သူ့ကိုယ်သူ သီးသန့်ခွဲနေပြီး ကျင့်ကြံတယ် ... သူရခဲ့တဲ့ ပညာရပ်က အဲဒါရဲ့ တစ်စိတ် တစ်ပိုင်းတောင် ဖြစ်နေနိုင်တယ်။ ဖြစ်တည်မှုဆီ ရောက်ဖို့ဆိုတာ ဖန်တီးမှုရဲ့ စစ်မှန်တဲ့ အနက်အဓိပ္ပာယ်ပဲ”

‘ဆရာ့အခန်းထဲကနေ အစ်ကိုနှစ် ဘာရခဲ့လဲဆိုတာ ငါသိချင်မိတယ်  ... သူက အပင်စိုက်ဖို့ ရွေးချယ်ခဲ့တယ်။ အပင်တွေကို သူကိုယ်တိုင် စိုက်တာကလည်း တစ်စုံတစ်ရာ ဖြစ်တည်လာစေတဲ့ ပုံစံတစ်ခုမို့လို့ပဲ။ သူက အသက်ကို ဖြစ်တည်လာအောင် လုပ်တာ။ ပြီးတော့ သူ့စိတ်သူလေ့ကျင့်ဖို့နဲ့ ဖန်တီးမှုရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ အဲဒီနည်းလမ်းကို သုံးတာပဲ...’

‘အစ်ကိုသုံးကတော့ သောက်ပြီး ရင်အိပ်တယ်။ အရက်မူးအောက် လုပ်တာက လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး သူအိပ်မောကျသွားတဲ့ အချိန်မှာ အိပ်မက်မက်တယ်။ အဲဒါက သူ့စိတ်ကို လေ့ကျင့်တာရဲ့ အစပဲ ... အိပ်မက်မက်တယ် ဆိုတာကလည်း အိပ်မက်တွေကို ဖန်တီးတယ်လို့ ဆိုလိုတာ...’

စုမင် ယခုနားလည်သွားခဲ့ရပြီ ဖြစ်သည်။

သူ တုန်လှုပ်သွားမိပြီး ထိုအချိန်တွင် လင်းထိန်နေပြီ ဖြစ်သော အဝေးမှ ကမ္ဘာကြီးကို သူတွေ့လိုက်ရသည်။ နေသည် မိုးကုပ်စက်ဝိုင်းဆီမှ မြင့်တက်ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။ နေသည် မယုံနိုင်စရာ ကောင်းသော ထိတ်လန့် တုန်လှုပ်ဖွယ် အရှိန်အဝါဖြင့် ကုန်းမြေတစ်ခုလုံးကို ထွန်းလင်းပေး နေချေသည်။ လေသည်လည်း သာမန် အရှိန်နှုန်းဖြင့်သာ တိုက်ခတ်နေပြီး စုမင်ဆံပင်တို့ကို ပင့်တင်သွားခဲ့သည်။

နေရောင်ဖြင့် ထွန်းလင်းနေသော တောင်ထိပ်ဆီသို့ စုမင် ဖြည်းညင်းစွာ လှည့်ကြည့်မိသည်။ ထိုတောင်ထိပ်တွင် ရပ်နေသော လူအိုကြီးတစ်ဦးကို သူ ဝိုးတိုးဝါးတား မြင်နေရချေသည်။ ထိုအဘိုးအိုသည် အဝေးရှိ မိုးကုပ်စက်ဝိုင်းတွင် ထွက်ပေါ်လာနေသော နေမင်းကြီးကို ငေးကြည့်လျက်ရှိပြီး သူ့အဝတ်များက လေကြောင့် တဖျတ်ဖျတ် လွင့်နေခဲ့သည်။

“ဆရာ...”

စုမင် တီးတိုးရေရွတ်မိသည်။

ထိုနေ့က ထျန်းရှဲ့ကျီ သူ့ကိုပြောခဲ့သော စကားများသည် စုမင်စိတ်ထဲ၌ ပြန်ပေါ်လာခဲ့သည်။

“ငါ့ကို ဆရာအဖြစ်လက်ခံရင်၊ အေးခဲကောင်းကင် ကလန်က ဘာမှမဟုတ်ဘူး ဆိုတာ မင်းတစ်နေ့နေ့ကျ နားလည်လာလိမ့်မယ်”

စုမင် မျက်လုံးများကို မှိတ်ကာ သူကိုယ်တိုင် နားလည်သွားသော စကားလုံးများထဲသို့ နစ်မြုပ်သွားခဲ့သည်။

အချိန်တို့ ဖြည်းညင်းစွာ ကုန်လွန်လာခဲ့သည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်  ... နေထွက်ကာ နေဝင်သည်  ... သို့သော် စုမင်ကတော့ ဆီးနှင်းများ၊ လေများကြားမှာပင် စင်မြင့်ပေါ်၌ လှုပ်ရှားခြင်း အလျင်းမရှိပဲ ထိုင်နေခဲ့လေသည်။

***

All Chapters