အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အပိုင်း (၁၅၁)
စန်းလော့သည် အမြင့်ကို ခန့်မှန်းကြည့်လိုက်သည်တွင် ၉မီတာကျော်ရှိပြီး ချန်းယိုထျန်းက လုပ်နိုင်သည့် အမြင့်ပင်။
သချန်မင်းဆက်၏ အတိုင်းအတာစကေးအရဆိုလျှင်တော့ ၃ကျန့်ဝန်းကျင်ရှိလေသည်။
ရှန်းလီနှင့်ချန်းသရှန်တို့က ကြိုးကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ထိန်းထားကြသည်။ ရှန်းလီက ကြိုးအစွန်းတစ်ဖက်ကို ကိုင်ထားပေးစဥ် ချန်းသရှန်က ချန်းယိုထျန်းကိုယ်ပေါ်တွင် လုံခြံရေးကြိုးကို သိုင်းပေးလိုက်ပြီး သူနှင့်အတူလိုက်ဆင်းသွားကာ သူ၏ ခန္ဓာကိုယ်အနေအထား၊ နည်းလမ်းနှင့် ခြေချရမည့်နေရာများကို သင်ကြားပေးလိုက်သည်။
ချန်းယိုထျန်းက ချောချောမွေ့မွေ့ အောက်ရောက်သွားသည်။ မကြာမှီတွင် ကြိုးကို ရှန်းလီကဆွဲတင်လိုက်ပြီး ချန်းသရှန်က ဂူပေါ်သို့ပြန်ရောက်လာသည်။
ယခုတွင် စန်းလော့၏အလှည့် ဖြစ်သည်။ ချန်းသရှန်က လုံခြုံရေးကြိုးကို ချန်းယိုထျန်းကိုယ်ပေါ်တွင် ချည်ပေးနေသည်ကို အနီးကပ် လေ့လာထားခဲ့သော်ငြားလည်း အခြေအနေကို စဥ်းစားလိုက်ပြီး သူမကရှန်းလီကို ဦးဆောင်ခိုင်းလိုက်ကာ သူမကတော့ နည်းလမ်းများကို သင်ယူလိုက်သည်။
လုံခြုံရေးကြိုးကို ချည်နှောင်ရာတွင် ခါးနှင့်ခြေထောက်များကို မဖြစ်မနေ တွဲချည်ထားရကာ စန်းလော့သည် မတုန်မလှုပ် ဖြစ်နေချိန်တွင် ရှန်းလီကတော့ အနည်းငယ် တင်းကြပ်နေသယောင်ပင်။ ကံအားလျော်စွာ စန်းလော့သည် ကြိုးထုံးနည်းကို လေ့လာရာတွင် အာရုံစိုက်ရသဖြင့် သူ၏ အနေကြပ်နေပုံကို သတိမထားမိပေ။
လုံခြုံရေးကြိုးကို သေသေချာချာ ချည်နှောင်ပြီးသည့်နောက်တွင် ရှန်းလီက နောက်တစ်လှမ်း ဆုတ်လိုက်ပြီး နောက်ဆုံးတော့ လေပူတစ်ချက် မှုတ်ထုတ်လိုက်တော့သည်။ ထို့နောက် သူက အပြုံးတစ်ခုဖြင့် စန်းလော့ကိုကြည့်ကာ မေးလိုက်၏။
"စိတ်လှုပ်ရှားနေလား၊ ဆင်းဖို့အတွက် နည်းလမ်းနှစ်ခုရှိတယ်၊ ပထမတစ်ခုကတော့ ဦလေးယိုထျန်းလိုပဲ သရှန်က အပေါ်ကနေ ကြိုးကို ဆွဲထားပေးမယ်။ ကျွန်တော်က မင်းနဲ့အတူ လိုက်ဆင်းပြီးတော့ မင်းကို ဘယ်နေရာမှာခြေချရမလဲ ဘယ်နေရာမှာ ဖမ်းဆွဲထားရမလဲ ဆိုတာကို သင်ပေးမယ်။ အကြိမ်အနည်းငယ်လောက် အတက်အဆင်း လုပ်ပြီးသွားရင်တော့ မင်း လုံခြုံရေးကြိုးနဲ့ ကိုယ့်ဟာကိုယ် လုပ်တတ်သွားနိုင်တယ်။ ဒုတိယနည်းလမ်းကတော့ မင်းတစ်ယောက်ထဲ ဆင်းတာပဲ ဒါပေမဲ့ ကျွန်တော်က ကြိုးကိုထိန်းထားပေးပြီး မင်းကို အောက်ကို တိုက်ရိုက်ချပေးမယ်။ မင်းက ချေချရမဲ့နေရာနဲ့ ကျောက်နံရံကနေ ထိုးထွက်နေတဲ့ကျောက်တွေကို သတိထားပြီးရှောင်ရှားဖို့ပဲ လိုတယ်"
ချန်းသရှန်က ထိုမြင်ကွင်းကို သဘောကျသွားပြီး ရှန်းလီ၏ အကြံပြုချက်ကို တခစ်ခစ် ရယ်မောလိုက်သည်။
" ငါက မင်းအတွက် နောက်ကနေ ထိန်းထားပေးလို့ ရပါတယ်၊ ငါတို့နှစ်ယောက်စလုံးက မင်းအတွက် ကြိုးကို ထိန်းထားပေးလို့ ရတယ်လေ၊ ဒါမှမဟုတ်ရင်လဲ မင်းတို့နှစ်ယောက်စလုံး အတူတူချည်ပြီးတော့ စုံတွဲလို အောက်ဆင်းသွားလိုက်ကြပါလား။ ငါ့ခယ်မလေးက ကြောက်တော့မှာမဟုတ်ဘူးလို့ အာမခံတယ်"
စန်းလော့နှင့်ရှန်းလီတို့က သူ့ကို လျစ်လျူရှုထားလိုက်ကြသည်။
သူတို့နှစ်ယောက်စလုံးက ဟန်ဆောင်လက်ထပ်ထားသည့် အခြေအနေကို သတိထားမိသည်ဖြစ်ရာ သူတို့သည် ဒီလိုရင်းနှီးရလောက်သည်အထိ မနီးကပ်ကြမှန်း သိနေသဖြင့် ထိုသို့လုပ်ဖို့ရန် မလိုအပ်ပေ။
စန်းလော့က ရှန်းလီ၏ အကြံအဉာဏ်နှစ်ခုကို စဥ်းစားလိုက်သည်။ ပထမတစ်ခုကတော့ သတ္တိအနည်းငယ်သာ လိုအပ်သော်လည်း ရှန်းလီ၏ ညွှန်ကြားချက်နှင့်ဆိုလျှင် လုပ်နိုင်လောက်သည်။ ဒုတိယတစ်ခုကတော့ ရှန်းလီ၏လက်မောင်းအားကိုသာ မှီခိုရမည်ဖြစ်ကာ လုံးဝအန္တရာယ်ကင်းသလောက်ပင်။
သူက လေးလံသည့်ကျောက်တုံးများနှင့် သစ်ပင်များကိုမ,ခဲ့သည်ကို မြင်ဖူးသည်ဖြစ်ရာ စန်းလော့က သူ၏ခွန်အားကို ယုံကြည်လေသည်။
သူမက သူမ၏လက်နှစ်ဖက်ကို ဆုတ်ထားလိုက်ပြီး ယုံကြည်မှုကို မြှင့်တင်ဖို့ရန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ရှန်းလီကို ကြည့်လိုက်သည်။
"ပထမတစ်ခု ရွေးမယ်"
ရှန်းလီ၏မျက်လုံးများက ဝမ်းသာစိတ်ဖြင့် ကွေးညွှတ်သွားတော့သည်။
"ကောင်းပြီ သွားကြမယ်၊ စိတ်မပူနဲ့နော်၊ ထင်သလောက်မဆိုပါဘူး၊ ဒီနေရာက ကျောက်နံရံက ခြေထောက်ချရမဲ့နေရာနဲ့ ဖမ်းဆုပ်ရမဲ့နေရာတွေက တော်တော်များများ ရှိတယ်၊ နည်းနည်းလေး မတ်တာပဲရှိတယ်။ ဒါပေမဲ့လည်း ကြိုးနဲ့ဆိုရင် အဆင်ပြေပါတယ်။ အတွင်းဘက် လျှောစောက်ဖြစ်နေတဲ့ ကမ်းပါးယံတွေကတော့ တကယ်ဒုက္ခများတာ"
ကျောက်နံရံပေါ်တွင် ချန်းယိုထျန်းဆင်းလာပုံကို လျှိုမြောင်ထဲက စိတ်ဝင်စားမှုကို ဆွဲဆောင်ထားပြီးသားဖြစ်လေသည်။ စန်းလော့အလှည့် ရောက်လာချိန်တွင်တော့ လူအုပ်စုကြီးက စောင့်ကြည့်ဖို့ရန် စုဝေးနေနှင့်သည်။
တော်တော်များများက စမ်းကြည်ဖို့ရန် စိတ်အားထက်သန်ကြသော်ငြားလည်း ရှန်းလီနှင့်ချန်းသရှန်တို့က တစ်စုံတစ်ယောက်ကို ထပ်ပြီးကူညီပေးဖို့ရန် အလွန်မှ အလုပ်များပြားလှသည်။ သူတို့သည် သူတို့နှင့်အတူ ကြိုးကိုယူသွားရပြီး လျှိုမြောင်ထဲမှ ထပ်ပြီးထွက်ခွာဖို့ရန် လိုသည်။
စန်းလော့နှင့်ချန်းယိုထျန်းတို့က ဆင်းသက်လာရသည့် အတွေ့အကြုံကို ရှိခဲ့ပြီးဖြစ်ရာ မေးမြန်းစူးစမ်းနေကြသည့် ရွာသားများက ဝိုင်းရံထားကြလေသည်။ အသိချင်ကြဆုံးသောသူများမှာ ကလေးငယ်များဖြစ်ပြီး အထူးသဖြင့် ကောင်လေးကြီးများဖြစ်ရာ ဝမ်ယွင်ကျန့်လို စာဂျပိုးလေးကတောင် စိတ်လှုပ်ရှားမှုကို ဝင်ပါရန် ထွက်လာလေသည်။
သူမ၏ အတွေ့အကြုံကို မေးခံရသည်တွင် စန်းလော့က သူမ အစောပိုင်းက တွေးထားသလောက် ကြောက်စရာကောင်းသည် မဟုတ်မှန်း ပြောပြလေသည်။ ခြေချဖို့ရန် နေရာတစ်ခုစီကို ရှန်းလီက ဂရုတစိုက် ရွေးထားပေးသည်။ သူမက သူမ၏ အနီးအနားက ပတ်ဝန်းကျင်ကိုသာ အာရုံစိုက်ရန် လိုအပ်ပြီး လျှိုမြောင်ကြမ်းခင်းကို ဂရုစိုက်ဖို့ရန်မလိုပေ။ သူမက ချီတုံချတုံဖြစ်နေသည့် အချိန်တိုင်း ရှန်းလီက ကူညီပေးဖို့ရန်ရှိနေပြီး သူမခြေချော်သွားသည့်နှစ်ကြိမ်တွင် သူက သူမကို မြန်မြန်ဆန်ဆန် ဖမ်းဆွဲထားပေးပြီး အတွေ့အကြုံတစ်ခုလုံးက ကြောက်မက်ဖွယ်ရာသက်သက် ဖြစ်စေသော်ငြားလည်း လုံခြုံရေးကြိုးကြောင့် အဆင်ပြေလေသည်။
ရှန်းလီက သူမကိုလှမ်းဖမ်းလိုက်စဥ် သူမ၏နှလုံးသားထဲတွင် ထူးထူးဆန်းဆန်း တဖျတ်ဖျတ် လက်သွားသည့်အကြောင်းကတော့ စန်းလော့က သူမတစ်ယောက်ထဲသိမ်းထားရမည့် လျှိုဝှက်ချက်တစ်ခုဟု ထင်သည်။ ထိုအရာက တစ်ခြားသူများနှင့် ဝေမျှဖို့ရန် မဟုတ်ပေ။
ချန်းယိုထျန်းနှင့် စန်းလော့တို့ တစ်ယောက်ချင်းစီသည် တောဟင်းရွက်များပါသည့် ခြင်းနှစ်ခြင်းကို သယ်ပြန်လာခဲ့ကြသည်။ ချင်ဖန်းညန်နှင့် တိုင်ပင်ပြီးနောက်တွင် သူတို့မိသားစုတစ်ခုချင်းစီက နှစ်စည်းလောက်ကို ချန်ထားလိုက်ပြီး တစ်ခြားမိသားစု လေးခုအကြားတွင် ဝေမျှပေးလိုက်ကာ လတ်လတ်ဆတ်ဆတ် နူးညံ့လှသည့် ကညွှတ်ပင်များနှင့်အတူ ရနံ့တစ်ချို့မွှေးပြန့်နေသည့် mugwortအရွက်များကိုလဲ ထည့်သွင်းပေးလိုက်သည်။
ရှန်းအန်နှင့်ရှန်းနဥ်တို့က ခြင်းနှစ်ခြင်းဖြင့်ယူလာသည့် ဟင်းသီးဟင်းရွက်များကို ဆေးကြောဖို့ရန် တာဝန်ယူလိုက်ပြီး ရွှီဝမ်ယင်:၊ ချန်းအာ့ရှန်၊ ချန်းရှောင်ယာတို့က ဝင်ကူပေးရာ ဝမ်းသာစိတ်ကြားတွင် သူတို့၏ မိသားစုများအတွက် ဟင်းသီးဟင်းရွက်များကို ကူညီဆေးကြောဖို့ စိတ်အားထက်သန်နေကြလေသည်။
ဒီကာလအတွင်းတွင် ချန်းယိုထျန်းက ဆန်မှုန့်အတွက် ကောက်ညှင်းဆန် နှစ်ပန်းကန်ကိုယူလာပြီး စန်းလော့နှင့် အလဲအလှယ်လုပ်ကာ ကျောက်ဆုံကိုလဲ ငှားရမ်းလိုက်ပြီး စန်းလော့ကို ဆန်မှုန့်မည်မျှလိုအပ်ကြောင်း မေးမြန်းလိုက်ပြီး သူတို့၏မိသားစုနှစ်ခုစလုံးအတွက် လုံလောက်အောင် ကြိတ်ပေးမည်ဟု ပြောလိုက်လေသည်။
ဒါသည် ခွန်အားလိုသည့် အလုပ်တစ်ခုဖြစ်ကာ ရှန်းလီကလဲ အနီးအနားတွင် မရှိသဖြင့် စန်းလော့က မငြင်းပယ်လိုက်ပေ။ သူမက ချန်းယိုထျန်းကို ကူညီကြိတ်ပေးရန် ဆန် ပန်းကန်လုံးတစ်လုံးစာကို ချင်လိုက်ပြီး သူမကိုယ်တိုင်ကတော့ ပဲနီအနှစ်လုပ်ဖို့အတွက် ရေနွေးထဲတွင် ပဲနီများကိုရေစိမ်လိုက်လေသည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က အသီးအရွက်များဆေးကြောပြီး ပြန်ရောက်လာချိန်တွင် ပဲနီကို မြေဇလုံထဲက ရေနွေးထဲတွင် စိမ်ပြီးသား ဖြစ်နေလေသည်။
ရှန်းနဥ်က အချက်အပြုတ်တွင် အမြဲတမ်းစိတ်ပါဝင်စားသူဖြစ်ရာ ပဲများကိုစိမ်ဖို့ရန် အဘယ့်ကြောင့် ရေနွေးကိုသုံးရသနည်းဟု မေးမြန်းလေသည်။ စန်းလော့က ဝမ်းသာအားရ သင်ကြားပေးလိုက်ပြီး သူမသည် မောင်နှမငယ်လေးနှစ်ယောက်ကို သဘောကျကာ ထိုဟင်းချက်နည်းလျို့ဝှက်ချက်ကို သိမ်းထားဖို့ရန် မလိုကြောင်း မြင်လေသည်။ ထို့အပြင် မောင်နှမနှစ်ယောက်က ဇွဲလုံ့လရှိကြပြီး မကြာခဏဆိုသလို သူမကို အလုပ်များတွင် ကူညီပေးကာ ရှန်းလီက အနီးအနားတွင်ရှိနေချိန်တွင်ပင် သူတို့၏ ကူညီတတ်သည့် သဘောထားကို ဆက်ပြီး ထိန်းသိမ်းထားဆဲပင်။
ထို့ကြောင့်အိမ်မှုကိစ္စများက စန်းလော့အတွက် တော်တော်လေး လွယ်ကူလှသည်။ မောင်နှမနှစ်ယောက်က စိတ်အားထက်သန်စွာ သူတို့လုပ်ပေးနိုင်သည့် တာဝန်များကို လုပ်ပေးတတ်ပြီး စန်းလော့ လုပ်ဖို့ရန်အတွက် အနည်းငယ်သာ ချန်ထားပေးသည်။ ထို့ကြောင့်ပင် သူမက သူတို့ကို သူတို့သင်လိုသမျှ အရာတိုင်းကို ပွင့်ပွင့်လင်းလင်း သင်ကြားပေးခဲ့ခြင်းပင်။ နောက်ဆုံးတွင်တော့ ပဲနီအနှစ်ကို ရှန်းနဥ်၏အကူအညီဖြင့် တစ်ခုလုံးလုပ်ပြီးသွားတော့သည်။
ရှန်းလီကလဲ ပြန်မလာသေးဘဲ ညနေစာကိုလဲ ပြင်ဆင်ဖို့ရန် အလျင်မလိုသည်ဖြစ်ရာ စန်းလော့က ရှန်းနဥ်နှင့်အတူ လတ်ဆတ်လှသည့် mugwortရွက်များကို ဆက်ပြီး ဆေးကြောလိုက်ပြီး ချန်းယိုထျန်းက ဆန်မှုန့် လာပို့ပြီးနောက်တွင်တော့ အစိမ်းရောင်ဖက်ထုပ်လုပ်နည်းကို ကောင်မလေးအား သင်ပြဖို့ စီစဥ်လိုက်လေသည်။
ယောင်းမဖြစ်သူက အလုပ်များပြီး ပျော်ရွှင်ဖွယ်ကောင်းရာ မကြာမှီတွင် သူမ၏ဂူထဲတွင် ထိုင်မနေနိုင်တော့သည့် ရွှီဝမ်ယင်;က သူတို့ကိုလာရောက်ကူညီပေးပြီး တပည့်လေးတစ်ယောက်မှ နှစ်ယောက်ဖြစ်သွားတော့သည်။
ရှန်းလီနှင့်ချန်းသရှန်တို့သည် စန်းလော့ထင်ထားသည်ထက် ပိုပြီးနောက်ကျမှ ပြန်ရောက်လာသည်။ သူတို့ပြန်ရောက်လာသည့်အခါကျမှ ရှန်းလီက သူထွက်သွားစဥ်က ကြိုးတစ်ချောင်းယူသွားသည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။
လေးလံပြီး နေရာယူလွန်းသည့် ပစ္စည်းများကို အမြင့်ပိုင်းဆီမှ အောက်ပိုင်းသို့ချပေးရန် ကြိုးများကို လိုအပ်ပေသည်။
ရှန်းလီက အရင်ဆုံးဆင်းလာပြီး ဂူအောက်ခြေ ထိတွေ့မည့်နေရာကို ရှန်းအန်းအား စောင့်ကြည့်ထားခိုင်းလိုက်ပြီး ကလေးများ အနီးအနားသို့ မရောက်လာအောင် သေချာအောင် စောင့်ကြည့်ထားခိုင်းလိုက်ပြီးမှ ချန်းသရှန်ကို ကူညီပေးရန် ဂူအမြင့်ပိုင်းသို့ ပြန်တက်သွားလေသည်။ သူတို့နှစ်ယောက်သည် ကြိုးများကိုအသုံးပြုပြီး ဝါးလုံးများနှင့် သယ်လာသည့်ခြင်းနှစ်ခြင်းကို အောက်သို့ချပေးရန် ကြိုးများကိုသုံးလိုက်ကြသည်။
ဒီခြင်းများကို လျှိုမြောင်အပြင်ဘက်တွင် သိမ်းထားခဲ့ရခြင်းပင်။ အကြောင်းမှာ ထိုခြင်းများက မူလကဝင်ပေါက်နှင့် မဆန့်သောကြောင့်ပင်။ ဝင်ပေါက်ကို ချဲ့ထွင်ပြီးနောက် ထောင်ချောက်များကို စစ်ဆေးပြီးနောက်တွင် ရှန်းလီနှင့် ချန်းသရှန်တို့က ဝါးလုံးတစ်ချို့ကို ခုတ်ဖြတ်ပြီး အပြင်ဘက်တွင် ချန်ထားခဲ့သည့် သယ်စရာခြင်းများကို ပြန်ယူလာခဲ့သည်။ အခုတော့ ကြီးမားသည့်ဝင်ပေါက်က ထိုပစ္စည်းများကို ဝင့်ဆန့်သွားစေသည်။
ခြင်းများထဲကတစ်ခုတွင် ကြီးမားသည့် ကျောက်တုံးများပါပြီး တစ်ခြားခြင်းတစ်ခုထဲတွင်တော့ မျှစ်များ၊ ရစ်ငှက်လေးကောင်နှင့် ကြက်နှင့်ဘဲများကို အစာကျွေးဖို့ရန်အတွက် လတ်ဆတ်သည့်မြက် အများအပြား ပါဝင်သည်။
ဆူညံသံကိုကြားလိုက်ချိန်တွင် အိမ်ထောင်စုသုံးစုက ကလေးများသည် ကြက်နှင့်ဘဲများကို ကြည့်ရှု့ရန် အနီးအနားသို့ ဝိုင်းအုံလာကြပြီး စန်းလော့ကတော့ တစ်ခြားခြင်းထဲက ကျောက်တုံးများကို ငုံ့ပြီးလေ့လာလိုက်သည်။
ဒီကျောက်တုံးတွေက...
ဒီကျောက်တုံးတွေက နည်းနည်း ရင်းနှီးသလိုပဲ။
ရှန်းလီက ကျောက်တုံးများကို ရွှေ့ဖိုရန် ရောက်လာသည်တွင် သူမ၏စိတ်ဝင်စားပုံကို သတိထားမိသွားပြီး ပြုံးကာ ပြောလိုက်လေသည်။
"အိမ်က ကျောက်ကြိတ်စက်က ဒီလိုကျောက်အမျိုးအစားကနေ လုပ်ထားတာလေ၊ မင်းလဲ ပဲနို့နဲ့တို့ဟူးတွေကို မစားရတာကြာပြီ မဟုတ်လား။ ကျွန်တော် အချိန်ရရင် ကျွန်တော်တို့အိမ်အတွက် ကျောက်ကြိတ်စက်ငယ်လေးတစ်ခုကို လုပ်ဖို့စဥ်းစားထားတယ်"
စန်းလော့၏မျက်လုံးများက လင်းလက်သွားသည်။ ပဲထွက်ပစ္စည်းများကို တမ်းတနေသည်မှာ အချိန်တော်တော် ကြာနေပြီဖြစ်သည်။
ကျောက်တုံးများကို မမနိုင်သဖြင့် သူမက မြက်တစ်ချို့ကို ကောက်ယူလိုက်ကာ ရှန်းလီနောက်ကလိုက်သွားပြီး မေးလိုက်လေသည်။
"ရှင်က ကျောက်ကြိတ်စက်တစ်ခုကို လုပ်တတ်တယ်ပေါ့၊ အထဲကမြောင်းတွေကလဲ တိကျမှဖြစ်မှာနော် ဟုတ်တယ်မလား"
ရှန်းလီက ခေါင်းငြိမ့်ပြသည်။
"ကျွန်တော်တို့ ထွက်မလာခင်တုန်းက ကြိတ်ရမဲ့ ကျောက်ပြားနှစ်ပြားကို ကျွန်တော်သေသေချာချာ လေ့လာခဲ့တယ်။ ကျွန်တော်က ဒါကို အတုယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်"
သူသည် တစ်ခုလောက်လုပ်ဖို့ရန် သူ့အရည်အချင်းအပေါ် ယုံကြည်မှုမရှိခဲ့လျှင် ထိုမူရင်းကျောက်သားကြိတ်စက်ကို အပြင်ဘက်တွင် ထားခဲ့လိမ့်မည် မဟုတ်ပေ။
"အဲဒီ အကြီးဆုံးကျောက်တုံးက ကျောက်ဆုံတစ်ခုလုပ်ဖို့လား"
လျှိုမြောင်ထဲတွင် သူတို့အလိုအပ်ဆုံးနှင့် လုံးဝမရှိသည့်အရာမှာ ကျောက်ဆုံတစ်ခုဖြစ်မှန်း စန်းလော့ခန့်မှန်းလိုက်သည်။
ရှန်းလီက တဟင်းဟင်း ရယ်မောလိုက်ပြီး “အဟုတ်ပဲ၊ အဲဒီတစ်ခုက လူကြီးတွေ ဖြည်းဖြည်းချင်း အလုပ်လုပ်ဖို့လေ၊ မိသားစုခြောက်စုလုံးက အတူတူသုံးရမဲ့ပစ္စည်းပေါ့၊ ဒါဆိုရင် စပါးထောင်းတာလဲ ပိုပြီးတော့ လွယ်လာလိမ့်မယ်”
ကျောက်ဆုံအသေးများက အသုံးဝင်လှသော်လည်း လုပ်အား ပိုပေးရလေသည်။
....
ညပိုင်းတွင် ကြက်စတူး၏မွေးရနံက လျှိုမြောင်ထဲတွင် လှိုက်တက်လာတော့သည်။
သူတို့သည် ကြက်နှင့်ဘဲများကို မမွေးချင်၍မဟုတ်ပေ။ ကြက်နှင့်ဘဲများကို မြက်များကိုဖြတ်ပြီး ကျွေးရသည့်အပြင် ဖွဲနုကလဲ လိုအပ်ပေသည်။ ၁၂ကောင်မကသည့် ကြက်များကို မွေးမြူဖို့ရန်က တော်တော်လေးခက်ခဲကာ အစောပိုင်းက အရှင်လျှက်မွေးထားသည့် ကြက်များကိုလည်း ချက်ပြုတ်လိုက်ရသည်။ တောကြက်များကို ထပ်ပြီးမွေးမြူရသည်က အလွန်မှ ခက်ခဲပင်ပန်းလှသည်။
ထို့ကြောင့် ဥဥပေးနိုင်သည့် ချန်းမိသားစု၏ ကြက်များထဲက တစ်ကောင်ကလွဲလျှင် တောင်အတွင်းသို့ယူလာသည့် ဥဥပေးခဲ့သည့် ကြက်မ၃ကောင်ကိုတော့ သူတို့၏ခန္ဓာကိုယ်များကို အဟာရဖြည့်ရန် အသားအဖြစ်သာ အသုံးပြုနိုင်တော့သည်။
သို့သော်ငြားလည်း ရှန်းလီနှင့်ချန်းသရှန်တို့ကဲ့သို့ ကြမ်းတမ်းသည့် တောင်များထဲတွင် နေထိုင်ကြသူများအတွက်တော့ ဒီလိုဟင်းလျာများက ရှားပါးမှုတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ထိုနေ့ညတွင် မိသားစုတစ်ခုစီက ကြက်တစ်ကောင်ကို သတ်ဖြတ်ခဲ့ကြသည်။
တောကြက်များ ရှိနေသေးသည်ကို သိသဖြင့် စန်းလော့က ရှန်းအန်းကို လတ်လတ်ဆတ်ဆတ် ပေါင်းထားသည့် ဖက်ထုပ်အစိမ်းတစ်ချို့ကို ယူသွားခိုင်းကာ ချန်းမိသားစုအိမ်က အသီးအရွက် အချဥ်တစ်ပန်းကန်ဖြင့် လဲလှယ်ခိုင်းလိုက်သည်။
ရှန်းမိသားစု၏ ညစာတွင် မျှစ်နှင့် တောကြက်စတူးဟင်း၊ ဂေါ်ဖီချဥ်ထုပ်နှင့် ကြက်ကလီစာ၊ ကညွှတ်ကြော်၊ ပြည့်ဖောင်းပြီး ချစ်စရာကောင်းလှသည့် အစိမ်းရောင်ပဲနှစ်ဖက်ထုပ် တစ်ပန်းကန်တို့ ပါဝင်သည်။
ဒီဟင်းလျာများကို ကြည့်လိုက်ရုံဖြင့် မယ်မယ်ရရ ထမင်းစားစားပွဲ တစ်ခုမရှိဘဲ ဒီလိုကောင်းမွန်သည့်အစားအသောက်များကို စားသောက်ရသည်က ပွဲဖျက်နေသည်ဟု ခံစားရလေသည်။
စန်းလော့ကအိမ်နီးချင်း ရွှီမိသားစုအတွက် ကြက်စတူး ပန်းကန်လုံးတစ်ဝက်နှင့် ဖက်ထုပ်တစ်ပန်းကန်ကို သွားပို့ပြီးပြန်လာသည့်အချိန်တွင် ရှန်းလီက စပါးစည်နှစ်ခုကို အတူတူတွဲထားပြီး အပေါ်တွင် ကျောက်ပြားတစ်ချပ်ကိုတင်ထားကာ ယာယီစားပွဲတစ်ခုအဖြစ် သုံးထားပြီး အဖြစ်သဘော ကျောက်စားပွဲတစ်ခုကို လုပ်ထားလေသည်။
သူက ထိုင်ခုံအတွက်လဲ သစ်တုံးကြီးလေးခုကို စီစဥ်ထားပေးသည်။
စန်းလော့၏နေရာက ပိုပြီးသက်တောင့်သက်သာရှိဖို့ရန်အတွက် ထိုနေရာတွင် ထိုင်ခင်းတစ်ခုကိုတောင် ထားပေးသေးသည်။
“မနက်ဖြန်ကျရင် တောဟင်းရွက်တွေ နည်းနည်းပါးပါး သွားခူးဖို့ လျှိုမြောင်အပြင်ကိုထွက်ဖို့ အားလုံးကို ခေါ်သွားမယ်။ ကျွန်တော်တို့ ပြန်လာတဲ့အခါကြရင် ကျွန်တော်က မင်းဆွဲထားပေးတဲ့ ပုံတွေထဲက ပစ္စည်းတွေကို စပြီးတော့ အလုပ်လုပ်ပေးမယ်။ စားပွဲနဲ့ထိုင်ခုံတွေကို အရင်လုပ်မယ်”
စန်းလော့က သဘောကျသွားလေသည်။ ကျောက်စားပွဲပေါ်တွင် ဟင်းလျာများကို ပြင်ဆင်လိုက်၏။ ရှန်းအန်းနှင့်ရှန်းနဥ်တို့က ထမင်းများကိုထည့်လာသည်နှင့် သူမကထိုင်ချကာ ရယ်လိုက်လေသည်။
"ဒီကျောက်စားပွဲကလည်း မဆိုးပါဘူး၊ စားပွဲနဲ့ထိုင်ခုံလုပ်ဖို့ အလျင်မလိုပါနဲ့၊ ကုတင်ပဲ အရင်ဆုံးလုပ်ပေးပါ၊ ရှင်နဲ့ရှန်းအန်းတို့က ကြမ်းပြင်ပေါ်မှာ အိပ်နေပြီး ကျွန်မက အိပ်ယာပေါ်မှာအိပ်နေတော့ သိပ်ပြီး စိတ်မအေးရဘူး"
ဒီမှတ်ချက်ကြောင့် ရှန်းအန်းနှင့်ရှန်းနဥ်တို့က ရယ်မောလိုက်ကြသည်။
မိသားစုက အသက်ဝင်ပြီး အရသာရှိလှသည့် ညစာကို ထိုင်စားလိုက်ကြသည်။ ရှန်းအန်းက စားရင်းသောက်ရင်းက ရုတ်တရက် မှတ်ချက်ပေးလေသည်။
"လျှိုမြောင်ထဲက မထွက်ရတာကလွဲရင် ကျွန်တော်တို့တွေက ဒီမှာ တကယ်ပဲ တော်တော်လေး အဆင်ပြေပါတယ်။ ကျွန်တော်တို့တွေက အခွန်လဲ ပေးစရာမလိုသလို စစ်မှုလဲထမ်းစရာ မလိုဘူးလေ၊ ကျွန်တော်ကလဲ စိုက်ပျိုးရေးကို လေ့လာနိုင်ပြီးတော့ ကျွန်တော့်အစ်ကိုကလဲ အမဲလိုက်နိုင်တယ်။ ဒါက အရင်တုန်းကထက်တောင် အများကြီး ပိုလွတ်လပ်သေးတယ်"
စန်းလော့က ထိုစကားကို ကြားလိုက်မိသည်တွင် အသံထွက်ကာ အော်ရယ်မိလေသည်။
"နင့်လို လူငယ်လေးတစ်ယောက်က ဒီလို လေးစားရတဲ့ ရည်မှန်းချက်ကြီးရှိနေတာပဲ"
"အေးချမ်းတဲ့အချိန်က နောက်ဆုံးတော့ ရောက်လာမှာပါ၊ ယွင်ကျန့်နဲ့ ဝမ်ပေါ်တို့နဲ့အတူတူ စာကောင်းကောင်းလေ့လာ၊ အေးချမ်းတဲ့အချိန် ပြန်ရောက်လာရင် နင်က ပိုပြီးတော့သိထားလေလေ အခွင့်အရေးတွေ ပိုပြီးတော့ ရလာနိုင်လေလေပဲ"
ရှန်းလီက စားနေရင်းတန်းလန်းမှ ထိုစကားကိုကြားလိုက်သည်တွင် ခဏတုံ့ဆိုင်းသွားပြီး သူ့မျက်နှာပေါ်တွင် စဥ်းစားချင့်ချိန်နေသည့် အမူအယာတစ်ခု ဖြတ်ပြေးသွားလေသည်။
ညနေစာစားပြီးနောက်တွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့က ပန်းကန်များကို ဆေးကြောလိုက်ကြပြီး ရှန်းလီက သစ်ပင်ဘေးနားတွင် သူ၏အိပ်ယာဖျာကို ဟိုလုပ်ဒီလုပ်လုပ်နေသည်ကို သတိထားမိလိုက်သည်။
သိချင်စိတ်ဖြင့် သူဘာလုပ်နေသနည်းဟု မေးတော့မည့်ဆဲဆဲ သူက ဝံပုလွေသားရေကို ဆွဲထုတ်လာပြီး အနီးကပ်လေ့လာပြီးနောက်တွင် သူမ၏ အချုပ်အလုပ်ခြင်းထဲက ကတ်ကြေးကို ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရလေသည်။
"ရှင် ဘာလုပ်နေတာလဲ"
သူမမှာ မနေနိုင်ဘဲ မေးလိုက်ရသည်။
လှည့်အကြည့်တွင် စန်းလော့ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရှန်းလီက ညစာစားနေစဥ်အတွင်းက သူ စဥ်းစားမိသည့်စိတ်ကူးကို ပြောပြလိုက်သည်။
"မင်းစာရေးတဲ့ စုတ်တံကလေ တိရိစ္ဆာန်အမွှေးနဲ့ လုပ်ထားတယ်လို့ သတိရမိလိုက်လို့၊ ဝံပုလွေအမွှေးကလဲ အလုပ်ဖြစ်မယ်လို့ ထင်လိုက်တယ်လေ၊ ကျွန်တော် စုတ်တံ အဖျားတစ်ချောင်းလေး ကြိုးစားပြီး လုပ်ကြည့်ချင်လို့ပါ၊ မနက်ဖြန်ကျရင် လက်ကိုင်အတွက် ကျွန်တော်က ဝါးချောင်းလေး သေးသေးလေးတွေကို သွားရှာလိုက်မယ်။ ကျွန်တော် စုတ်တံတစ်ချောင်းလောက် လုပ်နိုင်မလား ကြည့်ရတာပေါ့၊ တကယ်လို့ ကျွန်တော်တို့မှာ မှင်မရှိဘူးဆိုရင် ကျောက်ပြားတစ်ခုပေါ်မှာ ရေနဲ့ စာရေးတယ်ဆိုရင်ရော အလုပ်ဖြစ်မလား”
စန်းလော့က မှင်သက်အံ့သြသွားတော့သည်။
ဤနည်းဖြင့် လက်ရေးကို လေ့ကျင့်ရသည်ဟု သူမ မစဥ်းစားခဲ့မိသည့် အကြောင်းကို စဥ်းစားမိလိုက်လေသည်။
ဒါက တုတ်ချောင်းတစ်ချောင်းကိုသုံးပြီး သဲဗန်းပေါ်မှာရေးတာထက် ပိုပြီးအဆင်ပြေတယ် မဟုတ်လား။
"အင်း ဒါကစိတ်ကူးကောင်းတစ်ခုပဲ"
သူမက သူမ ဂရုတစိုက်သိမ်းထားသည့် စုတ်တံတစ်ခုကို ချက်ခြင်းထုတ်လာပြီး ရှန်းလီကို လှမ်းပေးလိုက်သည်။
"ဒါကို ဥပမာအနေနဲ့ သုံးကြည့်လိုက်ပေါ့၊ တကယ်လို့ ရှင် အောင်မြင်သွားတယ်ဆိုရင် စာလုံးလေ့ကျင့်ဖို့ အများကြီး ပိုလွယ်ကူသွားလိမ့်မယ်"
ရာသီဥတုက နွေးလာသည်နှင့်အမျှ ကျောက်တုံးပေါ်တွင် စာရေးခြင်းက မြန်မြန် ခြောက်သွေ့သွားနိုင်သည်။ ရေကလဲ အလွယ်တကူရရှိနိုင်ပြီး တတ်နိုင်သည့် ရွေးချယ်မှုတစ်ခုပင်။
ဒီစိတ်ကူးက သူမအရင်က အဆီထုတ်ထားပြီး သိမ်းဆည်းထားခဲ့သည့် ကြက်မွှေးများကို သတိရသွားစေသည်။ သူမက စင်ပေါ်တွင်တင်ထားသည့် အိတ်ကြီးတစ်လုံးထဲက ထိုပစ္စည်များကို ယူထုတ်လာကာ ရှန်းလီထံသို့ လှမ်းပေးလိုက်သည်။
"ကြက်တောင်မွှေးတွေကိုလဲ စုတ်တံတွေအတွက် အသုံးပြုလို့ရတယ်။ ဒါတွေကို အဆီထုတ်ထားပြီးသား၊ ကျွန်မ ဒါတွေအတွက် အသုံးပြုဖို့နည်းလမ်းတစ်ခု ရှာမတွေ့ခဲ့သေးတာပဲ ရှိတယ်။ အရင်ဆုံး ဒါတွေနဲ့စပြီးတော့ လေ့ကျင့်ပေါ့၊ ရှင် ကျွမ်းကျင်လာပြီဆိုရင် ဝံပုလွေအမွှေးနဲ့ လုပ်ထားတဲ့ဟာကို စမ်းသုံးကြည့်လို့ရတယ်"
"ဝံပုလွေသားရေတွေကို လေ့ကျင့်တဲ့ပစ္စည်းတစ်ခုလို သုံးရင်တော့ ရှင်ကတော့ ဝံပုလွေတွေကို အမွှေးပြောင်သွားအောင် လုပ်တာနဲ့ပဲ အဆုံးသတ်သွားလောက်တယ်"
ကြက်တောင်မွှေးများထည့်ထားသည့် အိတ်အပြည့်တစ်ခုကို ကမ်းပေးခံလိုက်ရသည်တွင် ရှန်းလီ၏အာရုံက.စန်းလော့အပေါ်တွင် ကျန်ရစ်နေလေသည်။ သူက ခေါင်းလေးကိုမသိမသာ စောင်းထားလိုက်ပြီး မေးလိုက်၏။
"မင်းကရော ဝံပုလွေသားရေတွေကို ကြိုက်ရဲ့လား"
စန်းလော့က တုံ့ဆိုင်းသွားပြီး ရုတ်တရက် စကားလမ်းကြောင်း ပြောင်းသွားသည့်အပေါ် ဇဝေဇဝါ ဖြစ်သွားသော်ငြားလည်း ခေါင်းငြိမ့်လိုက်သည်။
"အင်း ကြိုက်ပါတယ်၊ တနေရာရာက စာအုပ်ထဲမှာ ဖတ်ဖူးတာကို မှတ်မိနေသေးတယ်။ ဝံပုလွေသားရေတွေက အရိုးအဆစ်နာတာကို ကာကွယ်ပေးပြီး ကုသပေးနိုင်တယ်တဲ့၊ ဒါက တကယ် ဟုတ်လားတော့ ကျွန်မ မသိဘူးလေ။ ဒါပေမဲ့ ဒီဂူထဲမှာနေတာဆိုတော့ အထူးသဖြင့် အေးတဲ့အချိန်ကြရင် ဝံပုလွေသားရေတွေက သေချာပေါက် တန်ဖိုးရှိတယ်လေ"
"ဪ"
သူက စဥ်းစဥ်းစားစားလေး ဖြစ်သွားသယောင် ကုတင်ကို လုပ်ထားပြီးဖြစ်သဖြင့် သူ့အိမ်က ဝံပုလွေသားရေများကို သူ၏မွေ့ယာအဖြစ် အသုံးချနိုင်သည်ကို သတိရသွားလေသည်။ သူ၏မျက်လုံးနှင့်နှုတ်ခမ်းများက အပြုံးတစ်ခုအသွင် အလိုလို ကွေးတက်သွားတော့သည်။
သူက သူ့အပြုံးကို ကြိုးစားပြီး ဖုံးကွယ်ထားလိုက်သော်ငြားလည်း စန်းလော့နှင့် မျက်နှာချင်းဆိုင်ရပ်နေသည်ဖြစ်ရာ သူက ခေါင်းကို ငုံ့ထားလိုက်ချိန်တွင်ပင် သူ့အပြုံးကို သူမက အပြည့်အဝ မြင်နေရလေသည်။
စန်းလော့ကတော့ သူ့စိတ်အခြေအနေက ရုတ်တရက်ကြီး အလွန်တောက်ပသွားရသည့် အကြောင်းအရင်းကို တော်တော်လေး နားမလည်နိုင်ဖြစ်ရသော်ငြားလည်း ထိုအပြုံးက....
လင်းလက်နေတာပဲ။
သူ ပြုံးလိုက်ရင် ကြည့်လို့ အရမ်းကောင်းတယ်ဆိုတာ ရှန်းလီက သိရောသိရဲ့လား။
စက္ကန့်ပိုင်းလောက် ဆွဲဆောင်ခံလိုက်ရပြီးနောက် နောက်ဆုံးတွင် စန်းလော့က သူမ၏အကြည့်ကို လွဲလိုက်ပြီး ပြောလိုက်လေသည်။
"အင်းပါ ရှင်ဆက်လုပ်လိုက်တော့နော်"
ထိုစကားကို ပြောလိုက်ပြီးနောက် စန်းလော့က လှည့်ထွက်လာခဲ့လိုက်သည်။ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက်မှ သူမက ခဏလောက်တုံ့ဆိုင်းသွားကာ ပြန်လှည့်လိုက်ပြီး အိတ်ထဲမှ ကြက်တောင်မွှေးတစ်ချို့ကို ကောက်ယူလိုက်ကာ ပိတ်စအပိုင်းအစလေးများကို ဆွဲထုတ်လိုက်ပြီး စင်ပေါ်မှ လျှော်ကြိုး အရှည်တစ်ချောင်းနှင့် ဝမ်၂ဝမ်ကို ထပ်ထုတ်လိုက်သည်။
"ကျွန်မ ပစ္စည်းသေးသေးလေးတစ်ခု လုပ်မလို့"
ထိုသို့ပြောပြီးနောက် သူမက ပြန်ထွက်သွားလေသည်။
သို့သော်ငြားလည်း သူမက အဝေးသို့ မရောက်သေးခင်မှာပင် တဖန် ရပ်လိုက်ပြန်သည်။
ရှန်းလီတွင် မပြီးပြတ်သေးသည့် အလုပ်များ ပုံနေသည်ကို နောက်ကျမှ သတိထားမိလိုက်သည်တွင် သူမက ပြန်လှည့်လာပြီး သူ့လက်ထဲက ကြက်တောင်မွှေးအိတ်နှင့် စုတ်တံကို လှမ်းယူလိုက်၏။
"ကျွန်မ ဒီအကြောင်း စဥ်းစားကြည့်လိုက်တော့လေ၊ ကျွန်မလဲ စုတ်တံတွေကို စမ်းပြီးလုပ်ကြည့်လို့ရတယ်၊ ရှင့်ရဲ့အရည်အချင်းက ကျောက်ကြိတ်စက် ထွင်းတာ၊ ပရိဘောဂတွေလုပ်တာ၊ ဒီနေရာမှာ သုံးတာက ပိုပြီးတော့ အသုံးဝင်တယ်။ အဲဒီနေရာမှာ ရှင့်ရဲ့အရည်အချင်းကို အမှန်တကယ် ပြသနိုင်တယ်"
ပစ္စည်းများကို သူမ၏ ရင်ဘတ်ထဲ ရုတ်တရက် ထိုးထည့်လိုက်ပြီးနောက် ထွက်သွားလိုက်သည်တွင် ရှန်းလီမှာ တဒင်္ဂအတွင်း လက်ဗလာဖြစ်သွားတော့သည်။
စန်းလော့၏ ပြန်ထွက်သွားသည့်ပုံရိပ်လေးကို စောင့်ကြည့်လိုက်ရင်း ရှန်းလီ၏မျက်လုံးနှင့် နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တဖန် ကွေးတက်သွားပြန်လေသည်။
...
အပိုင်း(၁၅၂) ဆောက်လုပ်ရေး တိုးတက်မှု
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် ပန်းကန်များကို ဆေးကြောပြီး သစ်သားခုံရှည်ကို သိမ်းဆည်းလိုက်ပြီးနောက်တွင် သူတို့၏မရီးက အသစ်အဆန်းတစ်ခုခုကို ဖန်တီးနေသည်ကို တွေ့လိုက်ရ၏။
လှပသည့် ကြက်မွှေး ကြက်တောင်တစ်ခုပင်။
စန်းလော့ သင်ပေးရန် မလို။ ကလေးများ ရှိသည် ရွာတစ်ခုတွင် ကြက်တောင်များ ရှိပေသည်။ ရှန်းနဉ်သည် အရင်က မြင်ခဲ့ဖူးကြီး ကစားပင် ကစားခဲ့ဖူးသေးသည်။
သို့သော် သူမကိုယ်ပိုင် ကြက်တောင်တစ်ခု ပိုင်ဆိုင်ခြင်းကတော့ ပထမဆုံးအကြိမ်ပင်။
ကလေးမလေးသည် အလွန်မှ ဝမ်းသာသွားသဖြင့် သူမ၏မျက်လုံးများက ပျံတက်တော့မယောင်။ စန်းလော့ကို တွဲလွဲခိုထားပြီး အံ့အားသင့်စွာ ပြောလေသည်။ “ကျေးဇူးတင်ပါတယ် ယောက်မ”
ကျန်နေသေးသည့် နေ့အလင်းရောင်ကို အသုံးချလိုက်ပြီး သူမက ဘေးအိမ်မှာ ချန်ရှောင်ယာနှင့် ရွှီဝမ်ယင်းတို့ကို ခေါ်လာကာ ဂူအပြင်ဘက်တွင် စတင် ကစားတော့သည်။ မျက်နှာချင်းဆိုင်တွင် နေထိုင်သည့် ရှီချောင်အာကလည်း ဝင်လာပြီး နောက်တွင်တော့ ကောင်လေးငယ်များ တသီတတန်းလုံး ပါလာကြသည်။
သည်လို ရှားပါးလှသည့် ပျော်ရွှင်ဖွယ်အချိန်က အနည်းငယ် ကြီးပြင်းနေပြီဖြစ်သည့် ချန်းအာ့ရှန်နှင့် ဝမ်ယွင်ကျန့်ကိုပင် ဆွဲဆောင်ထား၏။ မကြာမီတွင် လူအုပ်တစ်ခု ဖြစ်လာပြီး ကြက်တောင် ခတ်တမ်းကစားရန် သူတို့အလှည့်ကို စောင့်နေကြပြီး မိန်းကလေးတစ်ယောက်၏ ကစားနည်းဟူသည့် သတ်မှတ်ချက် မရှိတော့ပေ။ ရှန်းမိသားစုဂူ အပြင်ဘက်ကနေရာလေးသည် စိတ်လှုပ်ရှားမှုနှင့် စည်ကားနေတော့သည်။
ဂူအဝင်ဝတွင် ထိုင်ကာ ရွှံ့ပုံတစ်ခုပေါ်တွင် ကျောက်ပြားများကို ပြင်ဆင်နေသည့် ရှန်းလီက စည်ကားအသက်ဝင်လှသည့် မြင်ကွင်းကို မပြုံးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
ကျောက်သား ကြိတ်စက်ကို လိုအပ်သည့် စန်းလော့ တို့ဖူးလုပ်ခြင်း အလုပ်က ရင်းနှီးသည့် မိသားစုများကြားတွင် လျို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။ ကျောက်တုံးဖြင့် အလုပ်များနေသည့် ရှန်းလီ၏ ရည်ရွယ်ချက်ကို သိနေသည့် ချန်းသရှန်က နောက်တစ်ခုကို ပုံဖော်ကူပေးရန် ညစာစားပြီးနောက် ပေါ်လာခဲ့သည်။
....
ယွင်တောင်ကြားထဲက ဘဝသည် ထူးထူးခြားခြား အလုပ်များပြီး ပြည့်စုံလာလေသည်။
တစ်နေစီတွင် ချန်းအဘိုး၊ လုအဘိုးနှင့် ကျိုးချွမ်ကျန့်တို့လို လူကြီးအမျိုးသားက စုပေါင်းစိုက်ခင်းကြီးကို စတင် စစ်ဆေးကြသည်။ သူတို့၏ အားလပ်ချိန်တွင် ဘုံသုံးမည့်ကျောက်သား ကြိတ်စက်ကို တလှည့်စီ ထွင်းထုကြသည်။ လုအဘွားနှင့် ချန်းအဘွားတို့လို့ ကျွမ်းကျင် ရက်ကန်းသည်များက သူတို့၏ အရည်အချင်းအမျိုးမျိုးကို စဉ်းစားကြပြီး ဝါးခြင်းတောင်းများ၊ အမှိုက်ကော်များ၊ ရေစစ်များလို လက်မှုပစ္စည်းများ လုပ်ရန်အတွက် ချန်းယိုထန်းကို ဝါးနှီးများ ခွဲခိုင်းလေသည်။
ချန်းသရှန်၏ အကူအညီဖြင့် ရှန်းလီသည် ကျောက်ကြိတ်စက်ကို ညပိုင်းတွင် အာရုံစိုက်လုပ်ရသည်။ နေ့ခင်းဘက်တွင်တော့ သူက အစောပိုင်းက ချန်းယိုထျန်းနှင့် တိုင်ပင်ရန် ရည်ရွယ်ထားသည့် စန်းလော့၏ ပုံကြမ်းထဲတွင် ဆွဲထားသည့် ပရိဘောဂ အစိတ်အပိုင်းများကို လုပ်ရသည်။ သို့သော်လည်း ပုံများက အလွန်မှ လှပလွန်းနေသဖြင့် ချန်းသားအဖကိုပင် ကူညီပေးဖို့ ချောဆွဲထားရသည်။
စန်းလော့၏ပုံများက ဆွဲဆောင်မှု ရှိလွန်းလှ၏။ အထူးသဖြင့် နေရာအသုံးချပုံပင်။ လျှိုမြောင်ထဲက လူအားလုံးသည် ကုတင်များနှင့် ကြမ်းပြင်တွင် အိပ်နေရပြီး ပြည့်ကြပ်နေဆဲပင်။ လှလှပပ စီစဉ်ထားပြီး သူတို့၏ရွာက အိမ်များထက်ပင် ပိုပြီး ဆွဲဆောင်မှုနေသည့် နှစ်ထပ်ကုတင်နှင့် အရွယ်အစားအမျိုးမျိုး ရှိသည့် ဗီဒိုများ၏ စိတ်ကူးက ငြင်းဆန်ဖို့ရန် အလွန်မှ ဆွဲဆောင်မှု ရှိလွန်းနေသည်။
အိပ်သည့်နေရာ ပိုထွက်လာမည့်အပြင် အားလုံးကလည်း ပြည့်ကြပ်နေသည့် ခံစားချက်မရဘဲ ကိုယ်ပိုင်နေရာလေးများ ရှိလာလိမ့်မည်။
အမှန်ပင်။ အားလုံးက ပရိဘောဂ ဖန်တီးရာတွင် ကူညီဖို့ စိတ်အားထက်သန်နေကြပြီး ရလာဒ်ကို မြင်ချင်နေကြသည်။ အဆင်ပြေပြေလေး ထွက်လာလျှင် လျှိုမြောင်ထဲက ကုတင်မရကြသေးသူများက ဒါကို အတုယူနိုင်ပြီး အိမ်မှာလို လုပ်ပြီးသားကုတင်များ ရှိသူများကလည်း ပြန်ဖြတ်ကာ ပုံစံပြန်ပြောင်းနိုင်သည်။
တောထဲက ပစ္စည်းများနှင့် အသီးအရွက်များကို ခူးဆွတ်ရန် လျှိုမြောင်က လူများကို နေ့စဉ်မနက်ခင်း ခရီးတိုလေး လမ်းပြပေးပြီး ထောင်ချောက် ငယ်လေးများ ဆင်နည်း သင်ပေးရသည်ကလွဲလျှင် ချန်းနှင့် ရှန်းမိသားစုတို့သည် ရှန်းအိမ်ထောင်စု၏ ‘အသစ်တီထွင်မှု’ကို အားလုံးက စိတ်နှစ်ထားကြသည်။
ဒါသည် အမှန်ပင် အသစ်တီထွင်ခြင်း လုပ်ငန်းတစ်ခုပင်။
ဒါသည် ပရိဘောဂ လုပ်ရုံသက်သက် မဟုတ်တော့ချေ။ ပြီးပြည့်စုံသည့် တစ်စုံတွင် စင်မြင့်တစ်ခု၊ သစ်သားနံရံများနှင့် မျက်နှာကျက်တစ်ခု ပါပြီး မှောင်ပြီး အကြမ်းထည်ဂူလေးကို တစ်ခြားပုံစံတစ်ခုကို လုံးဝပြောင်းလဲ ပေးနိုင်သည်။
လက်သမားအတတ်ကို စိတ်ဝင်စားပြီးဖြစ်သည့် ချန်းယိုထျန်းလို လူတစ်ယောက်အတွက်တော့ သည်လိုလုပ်ငန်းတစ်ခုကို ကိုင်တွယ်နေရခြင်းက အသေးစိတ်လေ့လာရမည့် ကစားစရာအသစ်တစ်ခုကို လက်ခံရရှိသလိုပင်။
မိသားစုအားလုံးက ပရိဘောဂများ လုပ်ရင်း အလုပ်များနေကြစဉ် အိမ်နီးချင်း ရွှီမိသားစုက ထိုအကြောင်းကို ကြားလိုက်ရသည်။ အဓိကအကြောင်းအရင်းမှာ ရွှီဝမ်ယင်းသည် ရှန်အိမ်သို့ မကြာခဏ သွားရောက်လည်ပတ်သူ ဖြစ်ကာ ရှန်းလီနှင့် ချန်းယိုထျန်းတို့ တိုင်ပင်နေကြချိန်က ထိုပုံများကို မြင်ခဲ့ရခြင်းကြောင့်ပင်။
အသစ်အဆန်းလေးက ကလေးမလေးကို စိတ်လှုပ်ရှားသွားစေပြီး ပုံထဲက သူမ မြင်လိုက်သည့် ကုတင်က ရှန်းအန်းနှင့် ရှန်းနဉ်တို့အတွက်မှန်း သိလိုက်ရချိန်တွင် ပိုပြီး ပျော်မြူးသွားတော့သည်။ သူမသည် ချန်းယိုထျန်းနှင့် တခြားသူများက ကုတင်ကို ညတွင်းချင်း ပြီးအောင် လုပ်တော့မည့်နှယ် ရှန်းအိမ်တွင်သာ နေပြီး စောင့်နေချင်တော့သည်။ သို့သော် ပိုအရေးကြီးသည်က သူမက ထိုပုံစံကို ပစ္စည်းများ မရှိသဖြင့် ရိုးရိုးသစ်သား ကုတင်လေးကို လုပ်ရန် ရုန်းကန်နေကြရသည့် သူမ၏ဦးလေး၊ အစ်ကိုနှင့် ဝမ်းကွဲအစ်ကိုတို့အား ပြသချင်သည်။
ရှန်းနဉ်နှင့် တိုင်ပင်ပြီး စန်းလော့၏ ခွင့်ပြုချက် ရခဲ့ပြီးနောက်တွင်တော့ သူမသည် သူမ၏အဘွား၊ ဦးလေး၊ အစ်ကိုနှင့် အစ်ကိုဝမ်းကွဲတို့ကို ကိုယ်တိုင် ကြည့်နိုင်ရန် အပြေးပြန်ပြီး သွားခေါ်တော့သည်။
ထူးခြားသည့် ပုံကြမ်းများကို မြင်လိုက်ကြသည်တွင် ဝေ့ချင်းဟယ်နှင့် သူ့တူများမှာ မှင်တက်အံ့ဩသွားတော့သည်။
ကုတင်ကို ဒီလိုလဲ ပုံစံထုတ်လို့ရတယ်လား။
ရေပြင်ညီအခင်းက ကျယ်ဝန်းသည်။
ဝေ့ချင်းဟယ်သည် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရပြီး သူတို့မျှော်မှန်းထားသည့် ဂူထဲတွင် နေရသည့်ဘဝက ရှန်းမိသားစု ဖန်တီးထားသည့်အရာနှင့် လုံးဝ ကွဲပြာနေလေသည်။
ရွှီဝမ်ပေါ်မှာ မျက်ရည်များ ကျမတတ်ပင်။
ဘုရား သိပါတယ်လေ။ လွှတစ်ချောင်းမရှိရင် သူတို့တွေမှာ သစ်ပြားကိုတောင် ကောင်းကောင်း ဖြတ်တတ်တာမဟုတ်ဘူး။ ဟုတ်ပါတယ်။ လွှတ်တစ်ချောင်း ရှိရင်တောင် သူတို့ရဲ့ လက်သမား အရည်အချင်းက မည်ကာမတ္တလေးပဲ။ အိမ်က သူတို့မှာရှိတဲ့ ကုတင်ကိုလည်း တကယ်တော့ ဘေးအိမ်က ဦးလေးချန်း ကူပြီးလုပ်ထားပေးခဲ့တာလေ။
သူ့ဦးလေးက အခုမှ စပါးသယ်ပြီး ပြန်လာတာဆိုတော့ တခြားကိစ္စတွေကို စိတ်ထဲထည့်ဖို့ အဆင်မပြေလှသေးဘူးလို့ ခံစားနေရတာ။ သူတို့တွေက ပုဆိန်တစ်ချောင်းကို သုံးပြီး အမြင့်တူတဲ့ သစ်တုံးတွေကို ဖြတ်ပြီး အတူတူဆက်ပြီးရင် ဟနေတဲ့နေရာတွေမှာ မြက်ခြောက်တွေ ထည့်ပြီးမှ အိပ်ဖို့ အပေါ်က အိပ်ရာင်းခင်းမယ်ဆိုပြီး ပြင်ဆင်ထားခဲ့ကြတာ။
ရှန်းမိသားစုနဲ့ ယှဉ်ကြည့်လိုက်တော့ သူတို့တွေ နေနေပုံ လူရိုင်းတွေနဲ့ တူနေပြီ။
သူသည် သူ့လက်ထဲက ပုံဆွဲစာရွက်ကို ကြည့်လိုက်ပြီး ရင်များ ခုန်လာတော့သည်။
ပုံစံက အမှန်ပင် ဆွဲဆောင်မှုရှိလှသည်။
သို့သော်လည်း သူတို့ခမျာ ဆွဲလည်း မဆွဲတတ်သလို၊ ဆောက်လည်း မဆောက်တတ်ပေ။
ဝမ်ယွင်ကျန့်က ပုံဆွဲစာရွက်ကို အနီးကပ် လေ့လာကြည့်နေချိန်တွင် ရွှီဝမ်ပေါ်က ရှန်းလီနှင့် တခြားသူများဆီသို့ စိတ်အားတက်ကြွစွာဖြင့် ချဉ်းကပ်သွားလေသည်။
“ဦးလေးချန်း၊ ကိုကြီးသရှန်၊ ကိုကြီးရှန်းလီ၊ ကျွန်တော်တို့တွေ စပါးနည်းနည်း ထည့်ဝင်လို့ရမလား၊ ဦးလေးတို့ဟာ ပြီးသွားရင် ကျွန်တော့်ကိုလည်း ကုတင်လုပ်ကူပါလားဟင်”
ချန်းယိုထျန်းမှာ သည်စကားကို ကြားလိုက်ချိန်တွင် အော်ရယ်မိလေသည်။ ရွှီဝမ်ပေါ်နှင့် ပိုနီးသည့် ချန်းသရှန်က သူ့နဖူးကို အသာလေး တောက်လိုက်ပြီး “ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းအိမ်က ကုတင် လုပ်ပေးတုန်းက ငါတို့တွေက စပါးတောင်းခဲ့လို့လား”
ရွှီဝမ်ပေါ်က သူ့နဖူးကို ထိလိုက်ပြီး ရှက်ရှက်နှင့် ပြုံးဖြီးပြလိုက်ကာ “မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော့် ဦးလေးချန်းက တကယ် သဘောကောင်းတာပါ၊ တစ်ခုပဲ ဒါကြီးလုပ်ရတာက ခက်မဲ့ပုံမလို့လေ”
ရှန်းလီက တဟင်းဟင်းရယ်မောလိုက်၏။
ဒီကလေးကတော့ ဆိုင်တာဝန်ခံရွှီထက်တောင် ပိုနပ်သေးတယ်။
“ဟုတ်ပါပြီ၊ ငါတို့တွေက မင်းဟာကိုလည်း လုပ်ပေးမယ်၊ ဒါပေမဲ့ မင်းတို့မိသားစု မင်းတို့ဦးလေးချန်း မိသားစုအလှည့်ပြီးတဲ့အထိ စောင့်ရလိမ့်မယ်၊ သူတို့ဟာ ပြီးသွားတာနဲ့ ငါတို့တွေ မင်းဟာ လုပ်ပေးမယ်”
ရွှီဝမ်ပေါ်သည် အလွန်ဝမ်းသာသွားသဖြင့် ပျော်ရွှင်မှု ထခုန်မိမတတ်ဖြစ်သွားကာ ချန်းယိုထျန်း၊ ချန်းသရှန်နှင့် ရှန်းလီတို့ကို အသည်းအသန် ကျေးဇူးတင်စကား ပြောရင်း ချီးမွှမ်းစကားများကို ဖောဖောသီသီ ပြောနေလေသည်။
အဘွားရွှီမှာ ပုံဆွဲစာရွက်ကို ကြည့်လို့ အပြီးတွင် သူမ၏မြေးလေးက အပြေးအလွှားသွားပြီး ကုတင်တစ်လုံး လုပ်ပေးရန် တောင်းဆိုနေသည်ကို မြင်လိုက်ရသဖြင့် ရယ်မောရင်း သူ့ကို ပြန်ဆွဲထားလိုက်ရသည်။
သို့သော်ငြားလည်း သည်အကူအညီကို အားလုံးက အမှန်စင်စစ် လိုအပ်ကြသည်ဖြစ်ရာ မြေးဖြစ်သူက ဘာမှမမှားချေ။
အဘွားကြီး ပုံဆွဲစာရွက်ကို ယူကာ စန်းလော့ကို ချန်းမိသားစု၏ဂူတွင် လာရှာလေသည်။
“အဘွားတို့ ဂူက နည်းနည်းကြပ်ပြီး လူပိုများတယ်၊ သမီးကို မေးမယ်လို့ စဉ်းစားနေတာ၊ သမီး အားတဲ့အချိန်ကျရင် လာကြည့်ပေးပြီး အဘွားတို့ အခြေအနေနဲ့ သင့်တော်မဲ့ တစ်ခုခုကို ပုံဆွဲပေးရင်ကော အဆင်ပြေမလား”
“ရတာပေါ့၊ အဆင်ပြေပါတယ်၊ ချန်အဘွားအတွက် ဆွဲပေးပြီးသွားရင် အဘွားဆီကို လာခဲ့ပါ့မယ်”
စန်းလော့က ပြုံးကာ လက်ခံလိုက်ပြီး နေရာထိုင်ခင်းက လျှိုမြောင်ထဲတွင် အဓိကပြဿနာမှန်း စဉ်းစားမိလိုက်သည်။ မိသားစုတစ်ခုစီက မိသားစုဝင်များလေရာ နေထိုင်ရသည့် အခြေအနေက ပုံမှန်စံနှုန်းနှင့် များစွာဝေးကွာနေသဖြင့် ကူညီပေးရမည်က သဘာဝပင်။
သူမက ရှီ၊ ကျိုးနှင့် လုမိသားစုတို့ကလည်း အကူအညီ လာတောင်းလောက်သည်ဟုပင် မျှော်လင့်ထားသော်လည်း သည်ဘက်က မိသားစု သုံးခုက အိမ်တွင် ပစ္စည်းကို ပြင်ဆင်ပြီးလျှင်တော့ တခြားသူများကလည်း နောက်လိုက်လုပ်ရန် ပုံစံတစ်ခု ရလာလိမ့်မည်။
စန်းလော့ ခန့်မှန်းထားသည့်အတိုင်းပင် မျက်နှာချင်းဆိုင်က မိသားစု သုံးခုသည် ရှန်းမိသားစုက ထူးခြားသည့် ကုတင်အကြောင်းကို ကြားလိုက်ပြီးနောက် အမှန်ပင် ရောက်လာကြပြီး သူတို့၏ မည်ကာမတ္တ သစ်သာကုတင် ဆောက်လုပ်ခြင်းကို ရပ်ထားလိုက်ကြကာ သူတို့အလှည်ကို လိုလိုလားလား စောင့်လိုက်ကြလေသည်။
ချန်းယိုထျန်း၊ ချန်းသရှန်နှင့် ရှန်းလီတို့ အချိန်ပိုရစေရန် သူတို့သည်က ရိုးရှင်းသည့် အလုပ်များကိုတော့ ကိုယ်တိုင် လုပ်လိုက်ကြသည်။
ပုံမှန်ဆိုလျှင် ရှန်းလီနှင့် ချန်းသရှန်တို့ လုပ်နေကျ ညပိုင်း ကျောက်ကြိတ်စက်လုပ်သည့် အလုပ်ကို ရှီအာ့လန်နှင့် ကျိူးသလန်တို့က လက်လွဲယူလိုက်ကြသည်။ အတွင်းပိုင်း ပုံစံကို ရှန်းလီနှင့် တိုင်ပင်ပြီးနောက်တွင် သူတို့သည် ရှန်းမိသားစုဂူအပြင်ဘက်တွင် ကျိုးချွမ်ကျန့်၊ အဘိုးချန်းနှင့် အဘိုးလုတို့အတူ ထွင်းထုရာတွင် ဝင်ပါလိုက်ကြသည်။
လုံးဝကို တိတ်ဆိတ်ငြိမ်သက်နေသည့် တစ်ခုတည်းသော အိမ်ထောင်စုမှာ လုမိသားစု၏ ပထမအိမ်ထောင်စုပင်။
လုမိသားစုက သူတို့၏ ပုံမှန်အလုပ်များကို ဆက်လုပ်လိုက်ကြသော်လည်း ပထမအိမ်ထောင်စုက မိသားစုဝင်များ၊ အထူးသဖြင့် ဟူကျီနှင့် ရှီထိုတို့ကို လုံးဝ မတွေ့ရတော့ သလောက်ပင်။
ထိုနေ့ညပိုင်းတွင် ဝမ်ချွန်းညန်ကို ချည်တုပ်ထားပြီး ရွှမ်းကျူးက ညသန်းခေါင်တွင် အများတက်လာခဲ့ကြောင်း စန်းလော့ နောက်မှ သိလိုက်ရသည်။
ဆေးသောက်ပြီး တစ်ရက် အနားယူလိုက်ပြီးနောက် သူသည် နေပြန်ကောင်းလာပြီး သူ့နေ့ရက်များကို လုသလန်နှင့် ကုန်ဆုံးကာ သူတို့၏ဂူအတွင်းပိုင်းတွင် နောက်ထပ် ဂူငယ်လေးများ ထွင်းထုပေးနေရသည်။ သူ့ညီလေးများကလည်း ကူညီပေးရမည့် တာဝန်များ ရလာကာ ဝမ်ချွန်းညန်ကို အလှည့်ကျ စောင့်ကြည့်ပေးရသည်။
လုရွှမ်းကျူး နေမကောင်းဖြစ်သည့် အကြောင်းအရင်းကိုတော့ ဖန်းလျိုညန်ထံမှ ကြားလာသည့် ချင်ဖုန်းညန်မှတဆင့် သိကြရခြင်းပင်။
သူသည် အဘွားကြိး ပြောလိုက်သည့်စကားကြောင်း လန့်ဖျား ဖျားခဲ့ရခြင်းဖြစ်၏။
သူ့အိပ်မက်ဆိုးများက သူ့ညီလေးများ ခုတ်ဖြတ်ခံနေရပြီး သူတို့အသားများကို ပါးစပ်ထဲသို့ ထိုကျွေးကာ အိုးထဲသို့ ပစ်ထည့်နေသည်ကို ကွက်ကွက်ကွင်းကွင်း မြင်နေရသည့် မြင်ကွင်းများ အပြည့်ဖြစ်နေသည်။
အဘွားကြီးက ‘ခြေနှစ်ချောင်းနှင့်သိုး’အကြောင်းကို ပြောပြခဲ့ပုံ၊ လူ့အသား၏ အရသာနှင့် ပထမအိမ်ထောင်စုမှ ကလေးများ၏ နာမည်ကို တစ်ခုချင်း ပြောပြီး မည်သူက အနူးညံ့ဆုံးဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း ပြောခဲ့ပုံများက လုရွှမ်းကျူးကို သူ့ညီလေးများအား သည်လိုကြောက်စရာကောင်းသည့် မြင်ကွင်းများတွင် စိတ်ကူးမိအောင် လုပ်ခဲ့ခြင်းဖြစ်ကြောင်း ချင်ဖန်းညန်ကို ကျောချမ်းဖွယ် ပြောပြခဲ့လေသည်။
ဖန်းလျိုညန်ကိုယ်တိုင်ပင် သည်အကြောင်းကို ကြားရုံနှင့် ကြောက်လန့်ခဲ့မိသည်။ အားလုံးကို ရင်ဆိုင်ခဲ့ရသည့် လုရွှမ်းကျူးက မဖျားဘဲ အဘယ်မှာနေပါမည်နည်း။
ထိုကြောင်းကို သိလိုက်ရပြီးနောက် အဘွားချန်းက လုအဘွားကို တိတ်တိတ်လေး သွားရှာပြီး လုရွှမ်းကျူးနှင့် လုသနွီတို့ကို အပြင်းအထန် ထိခိုက်သွားအောင် လုပ်မိမှာ မစိုးရိမ်ခဲ့လေသလားဟု မေးမြန်းပြီး သူမကို ဆူပူတော့သည်။
လုအဘွားက ပြန်ချေပ၏။ “ကျွန်မက ဘာတတ်နိုင်အုံးမှာလဲ၊ ပထမအိမ်ထောင်စုက အကြီးတွေက ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို အပြည့်အဝ သဘောမပေါက်ကြရင် ရိုးရိုလေး ဖျားနာတာလောက်ကတော့ တကယ် ဒုက္ခရောက်မှာထက်စာရင် ကျွန်မတို့ စိုးရိမ်တာရဲ့ အသေးအဖွဲလေးပါပဲ”
အကြီးဆုံးသားဖြစ်သည့် လုသလန်ထက် အကြီးဆုံးမြေးလေးက တုန်လှုပ်ခြောက်ခြားဖွယ်ကိစ္စကို ရင်ဆိုင်ခဲ့ရသည့် အကြောင်းအရင်းက လုအဘွားကိုယ်တိုင်ထက်ပင် အမှန်ကို နားလည်သွားခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
...
ရှန်းမိသားစု၏ဂူထဲတွင် ညာဘက်ခြမ်း နံရံတွင် ထပ်ထားသည့် သစ်သားအစိတ်အပိုင်းများနှင့် တဝက်တပျက်သာ ပြီးသေးသည့် ပစ္စည်းများနှင့် ပြည့်နေ၏။ တဝက်သာ ပြီးစီးသေးပြီး သူတို့သည် မတပ်ဆင်ခင် အားလုံးကို အပြီးသတ်ရန် လိုအပ်လေသည်။ ပထမဆုံး ပြီးသွားသည့် ပစ္စည်းများမှာ စန်းလော့ဆွဲထားသည် စာပွဲနှင့် ထိုင်ခုံတစ်စုံဖြစ်သည်။
အသစ်နေရာချထားသည့် ပရိဘောဂနောက်က နံရံကို အချောသပ်ထားပြီးဖြစ်ရာ စန်းလော့သည် အခူတော့ ထိုင်ဖို့ရန် သက်တောင့်သက်သာ နေရာတစ်ခု ရှိလာပြီး အရင်က ခွေးခြေခုံများနှင့် အချိန်နည်းပါပြီး ထိုင်ခင်းနှင့် ခေါင်းအုံးများကို လုပ်ရန် အချိန်နှင့် ပစ္စည်း မရှိသော်လည်း ယှဉ်လျှင်တော့ ဇိမ်ခံနိုင်သည့် နေရာတစ်ခုပင်။
သည် ပရိဘောဂအသစ် တစ်စုံက လျှိုမြောင်ထဲက မိသားစုအားလုံး၏ အာရုံကို ဆွဲဆောင်ထားကာ ကလေးများကတော့ ထိုင်ခုံများကို အားတက်သရော စမ်းထိုင်ကြည့်နေကြပြီး ထွက်မသွားချင် ဖြစ်နေကြကာ သူတို့၏ကိုယ်ပိုင်အိမ်တွင်လည်း သည်လိုလှပသည့် ပရိဘောဂကို တမ်းတနေကြလေသည်။
သည်စားပွဲနှင့် ထိုင်ခုံများ ရှိလာသည်တွင် ရှန်းလီ၊ ချန်းသရှန်နှင့် တခြားမိသားစုများနှင့်အတူ မကြာခဏ အပြင်ထွက်ပြီး၊ သူတို့၏ ပရိဘောဂများကို လုပ်ပေးနေသည့် ချန်းမိသားစုအတွက် ချက်ပြုတ်ပေးပြင်ဆင်ပေးသည့် အချိန်ကလွဲလျှင် စန်းလော့သည် သူမ၏အချိန်အများစုကို ထိုနေရာတွင် ကုန်ဆုံးလာတတ်သည်။
သူမသည် တစ်ယောက်တည်း စုတ်တံလုပ်လိုက်၊ ပုံကြမ်းဆွဲလိုက်နှင့် အလုပ်များနေတတ်ပြီး ရှန်းနဉ်၊ ရွှီဝမ်ယင်းနှင့် ချန်းရှောင်ယာတို့က မကြာခဏ သူမဆီ ရောက်လာကာ သူမပုံဆွဲသည်ကို စောင့်ကြည့်ကြသည်ဖြစ်ဖြစ် ကူညီသည်ဖြစ်ဖြစ် လုပ်ပေးကြလေသည်။
သည်ကာလအတွင်းတွင် ရှန်းလီက အမဲကောင် အမျိုးမျိုးကို ယူပြန်ပေးပြီး အသားခြောက်များ တိုးလာကာ စန်းလော့က စုတ်တံလုပ်ဖို့ရန်အတွက် ပစ္စည်းများကို ထောက်ပံ့ပေးပြီး ရစ်ငှက်၊ ဝံပုလွေ၊ ယုန်နှင့် တောခွေးများမှ သားရေနှင့် ကြက်မွှေးများ အပါအဝင်ပင်။
အမှန်အတိုင်း ပြောရလျှင်တော့ စန်းလော့သည် စုတ်တံလုပ်ခြင်းကို သေချာမသိပေ။ မိဘမဲ့တစ်ယောက်အနေဖြင့် ကြီးပျင်းလာရသဖြင့် သူမ၏ စုတ်တံနှင့် ရေးသည့် အရည်အချင်းက သူမ၏ မွေးရာပါဉာဏ်ရည်နှင့် ဘောပင်ဖြင့်ရေးဖူးသည့် အရည်အချင်းအများကို အားကိုးထားရသည်။ ထို့ကြောင့် သူမသည် လက်တွေ့စမ်းသပ်ကြည့်ရပြီး အစောပိုင်းတွင် ရစ်ငှက်မွှေးများကို ဖြုန်းခဲ့ရပြီးနောက်မှ နည်းလမ်းကို အဖြေထုတ်နိုင်ခဲ့သည်။
သူမသည် အတွေ့အကြုံပိုရသည်နှင့်အမျှ တခြားတိရစ္ဆာန်၏ အမွှေးများကို စတင် အသုံးပြုလာခဲ့ပြီး တိရစ္ဆာန်တစ်မျိုးစီ၏ အမွှေးများကို လေ့လာပြီး တိရစ္ဆာန် တစ်မျိုးထဲကပင် မတူညီသည့် အစိတ်အပိုင်းများမှ စာရေးရာတွင် ခံစားရသည့် ခံစားချက်နှင့် အရည်အသွေးရှိသည့် စုတ်တံများကို လုပ်လာနိုင်ခဲ့သည်။
ဝံပုလွေအမွှေး စုတ်တံများက စာရေးရာတွင် အလွန်တောင့်နေတတ်ပြီး ရစ်ငှက်များ၏ ရင်ဘတ်နားက ကြက်တောင်မွှေးများမှ လုပ်သည့် စုတ်တံများကတော့ နူးညံ့လွန်းနေကာ စန်းလော့ အကြိုက်နှင့် တော်တော်လေး မကိုက်ညီပေ။ ယုန်မွှေး၊ အထူးသဖြင့် တောယုန်များ၏ ကျောရိုးမှ အမွှေးများကတော့ အသုံးပြုရန် အကောင်းဆုံး ဖြစ်နေသည်။
သူမသည် စုတ်တံလုပ်ရန်အတွက် မတူညီသည့် တိရစ္ဆာန်အမွှေးအမျိုးမျိုးကို အချိုးအစား အမျိုးမျိုးရောကာ စမ်းသပ်ခဲပြီး ဖြစ်သလိုစမ်းသပ်စစ်ဆေးခြင်း တစ်ခုစီသို့ ဦးတည်သွားတော့သည်။
စုတ်တံခေါင်း အခု ၅၀-၆၀လောက် လုပ်ပြီးသွားသည့်နောက်တွင် ၁၀ခုလောက်သာ ကောင်းကောင်းလေး ထွက်လာလေသည်။ စုတ်တံခေါင်းများကို ရှန်းလီလုပ်ပေးထားသည့် လက်ကိုင်ရိုးတံများတွင် တပ်ဆင်လိုက်ပြီးနောက် တော်တော်များများ အဆင်မပြေလှသော်လည်း နောက်ဆုံးတော့ အသုံးပြုလို့ရသည့် စုတ်တံ ၇ချောင်းထွက်လာပြီး စန်းလော့၏ ကျေနပ်ချက်ထပ် သာလွန်နေပြန်သည်။
စန်းလော့က သူမ၏စုတ်တံများ ပြုလုပ်ပြီးစီးသွားချိန်တွင် ရှန်းလီနှင့် ချန်းယိုထျန်းတို့ကလည်း သူတို့၏နောက်ဆုံး သစ်သား ပစ္စည်းများ လုပ်ခြင်း ပြီးစီးသွားခဲ့သည်။
ဗီဒိုများပါသည့် နှစ်ထပ်ကုတင်အတွက် ပစ္စည်းအားလုံးသည် စန်းလော့၏ ပုံကြမ်းထဲကအတိုင်း ဖော်ပြထားသလို အဆင်သင့်ဖြစ်လာပြီး တပ်ဆင်ရန် တစ်ဆင့်သာ ကျန်တော့သည်။
စန်းလော့၏ကုတင်၊ အိပ်ရာခင်းနှင့် ခေါင်းအုံးများ ကို နေရာလုပ်ပေးရန် သိမ်းထားလိုက်ရပြီး စင်များပေါ်တွင် ယာယီ သိမ်းထားလိုက်သည်။ ရှန်းလီနှင့် သူ့အဖွဲ့က ကုတင်ဟောင်းကို သွက်သွက်လက်လက် ဖြုတ်လိုက်ကြပြီး ဂူထဲတွင် မဆန့်တော့သဖြင့် လောလောဆယ် အပြင်ဘက်တွင် ထားလိုက်ရသည်။
တိုးတက်မှုကို မကြာခဏ လာရောက် စစ်ဆေးနေသည့် ရွှီဝမ်ပေါ်က ကုတင်ကို စတင်တပ်ဆင်တော့မည်ကို သိလိုက်ရသဖြင့် အလောတကြီး ပြန်ထွက်သွားပြီး သူ့ဦးလေးနှင့် ဝမ်းကွဲကို သွားခေါ်တော့သည်။
“မြန်မြန်၊ မြန်မြန်၊ ကုတင် စလုပ်နေပြီ၊ တပ်နေတာကို သွားကြည့်ရအောင်”
...