← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အပိုင်း (၁၅၃) မက်မွန်စမ်းချောင်းက ပုံပြင်/လျှိုမြောင်အတွင်းနှင့် အပြင်အကြောင်း

ရွှီဝမ်ပေါ်၏အော်ဟစ်သံက ဝေ့ချင်းဟယ်နှင့်ဝမ်ယွင်ကျန့်တို့ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် နိုးဆွပေးလိုက်လေသည်။ သူတို့သည် အာဂအရှိန်နှုန်းတစ်ခုဖြင့် ပြေးထွက်လာကြသည်။

ဝေ့ချင်းဟယ်နဲ့ဝမ်ယွင်ကျန့်တို့သည် စန်းလော့၏ပုံများကို တွေ့ပြီးကတည်းက သူတို့သည် အလွန်မှအားကျစိတ်ဖြစ်လေရာ ချက်ပြုတ်ရာတွင် အသုံးပြုပြီး ကျန်ခဲ့သည့်မီးသွေးများကို သုံးကာ သူတို့၏ကိုယ်ပိုင် မီးသွေးခဲတံများကို လုပ်ခဲ့ကြလေသည်။ သူတို့ သည် သူတို့ဂူအိမ်လေး၏ ကိုယ်ပိုင်ဒီဇိုင်းကို ဝီရီယရှိရှိဖြင့် ကြိုးစားဆွဲသားကြပြီး တစ်ခုခုကိုဖန်တီးနိုင်ရန် မျှော်လင့်ချက်ထားရှိပြီး စန်းလော့က နောက်ပိုင်းကျမှ သူတို့အတွက် သူမ၏အစီအစဥ်ဖြင့် အဆုံးသတ်ပေးလိမ့်မည်။

သို့သော်ငြားလည်း သူတို့၏ကြိုးစားမှုများမှာ စိတ်ကူးနှင့်လက်တွေ့က သိသိသာသာကွာခြားနေသည်ကို ဖော်ပြနေလေသည်။ သူတို့၏ဆွဲထားသည့်ပုံများမှာ စန်းလော့၏ပုံများနှင့်ယှဥ်လျှင် လုံးဝကွာ ခြားလေတော့သည်။

ရက်ပေါင်းများစွာ အချည်းနှီးဖြစ်ခဲ့ပြီးနောက်တွင်တော့ သူတို့က ရှန်းလီ၏ အလုပ်ကိုပြီးမြောက်သည်အထိ စောင့်ဖိုသာ ရွေးချယ်လိုက်ကြပြီး သူတို့ကိုယ်တိုင်ကတော့ ကျေနပ်ဖွယ်ကောင်းသည့်ပုံစံမျိုးကို မထုတ်လုပ်နိုင်ကြပေ။

ပစ္စည်းကိရိယာများ၏ လိုအပ်ချက်နှင့် ဝင်နှောင့်ယှက်မိလျှင် ရှက်စရာ ဖြစ်မည်ဖြစ်သောကြောင့် ချန်းယိုထျန်းနှင့် ချန်းသရှန်တို့အတွက် စန်လော့၏ ရက်ရက်ရောရော ထမင်းတစ်နပ်များကို စဥ်းစားမိလိုက်ပြီး ဝေ့ချင်းဟယ်သည် လက်သမားအလုပ်တွင် သူ၏အရည်အချင်းက နည်းပါးလှသော်ငြားလည်း ဝမ်းသာအားရ ကူညီပေးခဲ့လေသည်။

ရွှီဝမ်ပေါ်က သူ့မိသားစုကို အကြောင်းကြားလိုက်သည်တွင် ရွှီဝမ်ယင်းက အိမ်နီးချင်းချန်းမိသားစုတွင် ရောက်နေသည့် သူမ၏အဘွားကိုခေါ်လိုက်ပြီး သူတို့အားလုံးသည် ရှန်းမိသားစုအိမ်သို့ ဦးတည်သွားကြတော့သည်။

လူအုပ်ကြီးက ဂူအပြင်ဘက်တွင်စုဝေးလာပြီး အထဲဘက်တွင်လဲ အားလုံးအတွက် နေရာအလုံအလောက် မရှိသဖြင့် လျှိုမြောင်တစ်ဖက်ခြမ်းက မိသားစုများ၏အာရုံကို ဆွဲဆောင်မိသွားလေသည်။

ဂူအတွင်းဘက်တွင် ရှန်းလီ၊ ချန်းယိုထျန်း၊ ချန်းသရှန်၊ မူလကပုံစံကိုဆွဲသားပေးခဲ့သည့် အိမ်ရှင် စန်းလော့တို့ရှိနေသည်။

ယောကျ်ားသားများ၏ လက်တွေ့အရည်အချင်းက အထင်ကြီးစရာကောင်းလှသည်။ သူတို့သည် ကုတင်များနှင့် စားပွဲများကို မြန်မြန်ဆန်ဆန် ရွှေ့ထုတ်လာပြီး ဂူအပြင်ဘက်တွင် သစ်သားများကို ပုံထားလိုက်ကာ မြေပြင်ပေါ်တွင် ဒီအတိုင်းထားထားလိုက်ပြီး နံရံများကိုအကြမ်းဖျင်း ပြင်ဆင်လိုက်ပြီးနောက် သူတို့၏အလုပ်ကို စတင်လိုက်သည်။

စန်းလော့သည် ရိုးရာလက်မှုပညာ၏ အံ့သြစရာကောင်းပုံကို ချီးမွမ်းနေမိသည်။

သံတစ်ချောင်း ကော်တစ်စက်မှမပါဘဲ သူတို့ တည်ဆောက်ထားသည့် အိပ်ယာမှာ အလွန်မှခိုင်ခန့်ပြီး သံများနှင့်ကော်များကို မှီခိုအားကိုးရသည့် ခေတ်သစ်နည်းလမ်းများထက် သာလွန်နေသည်။

သူမက တန်းများနှင့်ပျဥ်များကို သယ်ယူပို့ဆောင်နေသည့် ရှန်းလီနှင့်ချန်းယိုထျန်း၊ ချန်းသရှန်ကို စောင့်ကြည့်နေလိုက်ပြီး သူတို့သည် တူများကို တက်ညီလက်ညီထုရင်း အပိုင်းအစများကို တပ်ဆင်လိုက်ကြကာ တဖြည်းဖြည်းနှင့်စင်လေးတစ်ခု ပေါ်လာတော့သည်။

ပတ်ပတ်လည် စတုန်ရန်းမီတာ၃၀လောက်သာရှိသည့် လျှိုမြောင်၏ပိုနိမ့်သည့် အနိမ့်ဆုံးဂူကလေးသည် သူ၏ ပုံမှန်ပုံသဏ္ဍန်က အကောင်းဆုံး အားသာချက်တစ်ခု ရှိနေသယောင် ဝင့်ကြွားနေလေသည်။ ဝင်ပေါက်၏အကျယ်သည် ၄မီတာထက်နည်းပါးသော်ငြားလည်း ဂူကို ၅မီတာအထိ ချဲ့ထွင်ထားကာ ဂူ၏အကျယ်ဆုံး အတွင်းပိုင်းနေရာနှင့် ခန့်မှန်းခြေ အတွင်းပိုင်း ၆မီတာခန့်ရှိပြီး အလွန်ကောင်းမွန်သည့် သဘာဝအလင်းရောင်ကို ပေးစွမ်းလေသည်။

ဂူထဲသို့ဝင်လိုက်လျှင် မီဖိုချောင်နေရာတွင် မီးဖိုတစ်ခုနှင့် သစ်သားစားပွဲတစ်ခုကို ထည့်သွင်းထားပြီး ညာဘက်ကပ်လျက်တွင် နေရာချထားသည်။ အထဲသို့ အနည်းငယ်ဝင်လိုက်လျှင် ၄မီတာခန့်ရှိပြီး ထိုနေရာတွင် ပစ္စည်းထားသည့်စင်များမှာ ၁မီတာခန့် နေရာယူထားပြီး လျှောက်လမ်းအတွက်နေရာလေး ချန်ထားသည်။ သည်အပြင်အဆင်က ဂူလေးကို နေရာပိုပြီးကျယ်လာအောင် ပြုလုပ်ရာတွင် အရေးပါလေသည်။

သဘောမှာ ဘယ်ဘက်က ၁မီတာအကျယ်အဝန်းရှိသည့် သိုလှောင်သည့်နေရာမှလွဲလျှင် ညာဘက်ခြမ်းတွင်ကျန်နေသည့် ၄မီတာအကျယ်နှင့် အတွင်းပိုင်း ၆မီတာရှိသည့်နေရာက ဧည့်ခန်းနှင့် ထမင်းစားခန်းနေရာအဖြစ် အသုံးပြုနိုင်ပြီး စန်းလော့က အသစ်ပြင်ဆင်ထားသည့် နေရာတစ်ခုပင်။

စန်လော့ဆွဲသားထားသည့် စင်မြင့်ကို ဂူ၏ညာဘက် အတွင်းပိုင်းနံရံနှင့်အပြိုင် ကပ်လျက်နေရာချထားပြီး အကျယ်၄မီတာနှင့်အတွင်းပိုင်း ခန့်မှန်းခြေ ၂မီတာခွဲလောက်ရှိကာ မြေကြီးမှာအပေါ်ဘက်သို့ ၁၅စင်တီမီတာခန့် မြင့်တက်သွားသည်။

ရှန်းလီနှင့်ချန်းယိုထျန်းတို့က သစ်သားပြားကြီးကို တစ်ခုပြီးတစ်ခု နေရာချနေသည်ကို စောင့်ကြည့်လိုက်ပြီး စန်းလော့၏မျက်လုံးသည် စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားသည့်အပြင် ဝမ်မိသားစု၏ ကြီးမားသည့် အိမ်တော်ဝန်းအတွင်းတွင် ကြီးပြင်းလာသည့် ဝေ့ချင်းဟယ်နှင့် ဝမ်ယွင်ကျန့်တို့ကလဲ မျက်လုံးများ လင်းလက်သွားကာ သူတို့သည် ဂူအတွင်းပိုင်းထဲသို့ အားတက်သရော တိုးဝှေ့ဝင်ရောက် လာကြသည်။

အကြမ်းထည် သစ်သားစင်ကလေးက ထူးထူးခြားခြား ချောမွတ်နေသည့် သစ်သားပြားများ ဖြစ်ပြီး သန့်ရှင်းကာ ဆွဲဆောင်မှုရှိနေလေသည်။

စင်မြင့်ကို တစ်စိတ်တစ်ပိုင်း နေရာချထားအပြီးတွင် သူတို့သည် ဒုတိယထပ်က အိပ်ယာဘောင်ကို စတင်တပ်ဆင်ကြသည်။

စင်မြင့်အထပ်တွင် နေရာယူထားသည့် ဒုတိယအထပ်လေးကို ဘီဒိုနှစ်ခုဖြင့် ထည့်သွင်းထားသည်။ ဘယ်ဘက်ခြမ်းတွင် သိုလှောင်မည့်နေရာ အနီးအနား၌ ၂မီတာမြင့်ပြီး ၈၀စင်တီမီတာ အကျယ်ရှိသည့် ဘီဒိုတစ်ခုကို ထောင်ထားသည်။ ဂူ၏ညာဘက်ခြမ်းတွင်တော့ သေသေချာချာ တပ်ဆင်ထားသည့် နံရံဘောင်ကို ထောင်ကန်ပေးထားပြီး တိုင်တစ်ခုကို ထည့်သွင်းထားသည်။

သည်အဆင့်ပြီးမြောက်သွားသည်တွင် ရှန်းလီနှင့်သူ့အဖွဲ့က ညာဘက်ခြမ်းနံရံ၏ တပ်ဆင်ခြင်းကို စတင်လုပ်ဆောင်ပြီး အရွယ်အမျိုးမျိုးရှိသည့် ဘီဒို၇ခုရလာသည်။ လှေကားထစ်ဘက်ကို မျက်နှာမူထားသည့် အပေါ်ဆုံးအပိုင်းသည် အံဆွဲများပါဝင်ပြီး အိပ်ယာနှင့်စင်မြင့်ဘက်ကို မျက်နှာမူထားသည့်အခြမ်းကတော့ တံခါးများပါရှိသည့် ဘီဒိုငယ်လေးအသွင် လုပ်ထားသည်။ ညာဘက်နံရံနှင့် စင်မြင့်၏တိုင်များကို ချပ်ချပ်ရပ်ရပ်လေးဖြစ်အောင် တပ်ဆင်ပေးထားသည်။

ဘီဒိုငယ်လေးများဟုဆိုသော်လည်း ပုံကြမ်းနှင့်ရင်းနှီးသည့်လူတိုင်းက ဒါသည် ဘီဒိုတစ်ခုသက်သက် မဟုတ်မှန်း သိကြလေသည်။ အစဥ်အတိုင်း စီစဥ်လိုက်လျှင် သူတို့သည် အပေါ်ထပ်အိပ်ယာကို သွားနိုင်သည့် လှေကားလေးတစ်ခုဖြစ်သွားသည်။

ကလေးများကတော့ စိတ်အလှုပ်ရှားကြဆုံးပင်။

ကျေးလက်တောရွာတွင် ကြီးပြင်းလာကြပြီး မြို့၏လူနေမှုဘဝနှင့် မရင်းနှီးလှသည်တွင် သူတို့သည် ဒီလိုနှစ်ထပ်ပုံစံမျိုးကို တခါမှ မစဥ်းစားခဲ့ဘူးကြပေ။ သူတို့၏ရွာကအိမ်များတွင် ခွေးကတက်များနှင့်သာ ရင်းနှီးလေရာ အပေါ်ထပ်အိပ်ယာသို့ ရောက်ရှိနိုင်မည့် လှေကားလေးကို တက်ရဖို့မဆိုထားနှင့် ထိုလှေကားလေး၏ အတွေးကပင် သူတို့ကို တအံ့တသြ ဖြစ်စေလေသည်။ ဒီပုံစံ၏ အသစ်အဆန်းဖြစ်ခြင်းနှင့် လှပခြင်းတို့က သူတို့ကို အင်မတန်မှ စိတ်လှုပ်ရှားသွားကြလေသည်။

လုံးဝကိုတက်ကြွရွှင်လန်းနေကြသည့် အားနျိုနှင့်စန်းနျိုက ရှန်းအန်း၏လက်ကို ဖမ်းဆွဲလိုက်ပြီး တအံ့တသြ ပြောကြလေသည်။

"မင်းမရီးက အရမ်းကို အံသြဖို့ကောင်းတာပဲ၊ ဝိုး.. ပြီးတော့ မင်းရဲ့အစ်ကိုလဲ အတူတူပဲ၊ မင်းတို့မိသားစုရဲ့အိပ်ယာက အရမ်းလှတာပဲ"

ချန်းရှောင်ယာကလဲ ရှန်းနဥ်၏ အင်္ကျီလက်လေးကိုဆွဲထားကာ

"အားနဥ် နင်ကအပေါ်မှာအိပ်မှာလား အောက်ကစင်မှာ အိပ်မှာလား"

တပ်ဆင်နေသည့်လုပ်ငန်းစဥ်မှ အကြည့်မခွာနိုင်သေးသည့် ရှန်းနဥ်က ချန်းရှောင်ယာကို ပြန်ဖြေလိုက်သည်။

"အခုအထိတော့ မသိသေးပါဘူး ငါက ယောက်မ အကြံပေးတဲ့အတိုင်း လုပ်မှာ၊ အမှန်တိုင်းပြောရရင်တော့ အပေါ်ရော အောက်ဖက်ရော လှတယ်နော်"

ရွှီဝမ်ယင်းက ခေါင်းငြိမ့်သဘောတူလိုက်သည်။

“အဟုတ်ပဲ၊ ရှောင်ယာ နင့်အိမ်က အားနဥ်ပြီးသွားရင် နင်တို့အလှည့်နော်၊ သူတို့တွေက သူ့အိမ်မှာလုပ်ပြီးသွားတာနဲ့ နင့်အိမ်ကို စလုပ်ပေးကြမှာတဲ့”

ချန်းရှောင်ယာ၏ အပြုံးများက သူမ၏သေးငယ်လှသည့်သွားလေးကို လှစ်ပြလိုက်လေသည်။

"ငါကတော့ အပေါ်ဘက်မှာအိပ်ချင်တယ် ဒါမှ လှေကားတွေကို တက်လို့ရမှာ"

ဘီဒို၇ခုကို အစဥ်လိုက် နေရာချထားပြီးနောက်တွင် ရှန်းလီက ဘီဒိုများကို တစ်ချက်လောက် လှုပ်ကြည့်လိုက်သည်။ ထိုဘီဒိုများကို စင်အတွင်းတွင် ထည့်သွင်းထားရပြီး ချောချောမွေ့မွေ့ တပ်ဆင်ထားသဖြင့် ထိုအရာများက အင်မတန်မှ ခိုင်ခန့်လေသည်။ ထိုနောက်တွင်တော့ သူက ဒုတိယထပ်ကုတင်ကို ထောက်ကန်ပေးမည့် ထူထဲသည့်တိုင်နှစ်ခုကို ထည့်သွင်းပေးရန် လှေကားမှတက်သွားကာ အိပ်ယာ၊ ဘောင်၊ တန်းနှင့် ပျဥ်များကို တပ်ဆင်ပေးလိုက်သည်။

အောက်ဘက်တွင်တော့ ချန်းသရှန်က ပစ္စည်းများကိုလှမ်းပေးနေပြီး စန်းလော့က လေ့လာချင်စိတ်ကို မတွန်းလှန်နိုင်ဘဲ ဖြစ်နေလေသည်။ ဒါသည် သူတို့အတွက် နှစ်ထပ်ကုတင်တည်ဆောက်ခြင်း၏ ပထမဦးဆုံးအကြိမ်ဖြစ်လေရာ အန္တရာယ်ကင်းအောင် သေချာလုပ်ဖို့ရန်အတွက် ရှန်းလီနှင့်သူ့အဖွဲ့ သုံးထားသည့် ပစ္စည်းများက ထူးထူးခြားခြား ခိုင်ခန့် လေသည်။

အိပ်ယာပျဥ်ပြားကို ချထားလိုက်ပြီး လက်ရမ်း၊ နံရံ၊ ဘောင်နှင့် အမိုးများကို တပ်ဆင်ပြီးသွားသည်နှင့်တပြိုင်နက် ပထမထပ်က နေရာလွတ်ကို အပြည့်အဝ မြင်နိုင်လာသည်။

စင်ပေါ်တွင် ဘယ်ဘက်အခြမ်း၌ မြင့်မားသည့်ဘီဒိုများရှိပြီး ညာဘက်ခြမ်းတွင်တော့ ဘီဒိုပုံစံ ပေါင်းစပ်ထားသည့် လှေကားများရှိသည်။ အလယ်တွင် ၂မီတာကျော်ကျော်ခန့် နေရာတစ်ခုရှိပြီး ခေါင်းပေါ်က အခုံးသဏ္ဍာန် အကွေးလေးတစ်ခုက တရုတ်ဟန် ရသတစ်ခုကို ပြီးပြည့်စုံအောင် ပြသထားလေသည်။

တပ်ဆင်ခြင်း ပြီးစီးသွားသည်တွင် ဂူအတွင်းပိုင်းက ပိုနေသည့် သစ်သားများနှင့် အစိတ်အပိုင်းများကို အကုန်လုံး အသုံးချလိုက်ပြီး အစွန်းပိုင်းနေရာက ရှင်းလင်းသွားသည်။ အိမ်ထောင်စု အသီးသီးမှ လာရောက်ကြည့်ရှုသူများသည် ဂူကို အထဲဝင်လိုက် အပြင်ထွက်လိုက် ဖြစ်နေကြသည်။ ယခုတော့ ဘီဒိုနှင့်နှစ်ထပ်ကုတင် ပေါင်းစပ်ထားသည့် ပုံစံတစ်ခုလုံးကို အမှန်ပင်မြင်တွေ့နေရကာ လုံးဝတအံတသြ ဖြစ်သွားကြတော့သည်။

စင်မြင့်တစ်ခု၊ မြင့်မားသည့်ဘီဒိုများ၊ လှေကားထစ်များနှင့် နှစ်ဆင့်ခွဲထားသည့် နှစ်ထပ်ကုတင်။

ဒီလိုအသစ်အဆန်းဖြစ်လှသည့် ပရိဘောဂပုံစံမျိုးကို ထည့်ပြောရန်ပင် မလိုချေ။ ဂူဝင်ပေါက်မှ တစ်ချက် လှမ်းကြည့်လိုက်သည်တွင်ပင် ဘယ်ဘက်နံရံတွင် စင်များနှင့်စပါးအိတ်များကို တန်းစီထောင်ထားပြီး သဘာဝ၏သစ်သား အရောင်အဆင်းကို ပေးစွမ်းနေလေသည်။ ဂူ၏အတွင်းဘက် မျက်နှာစာ နံရံတွင်တော့ စင်တစ်ခု၊ မျက်နှာကျက်၊ ညာဘက်နံရံအပါအဝင် အသွင်အပြင်အားလုံးကို အကြမ်းထည် သစ်သားများဖြင့် တပြေးညီ လုပ်ထားသည်။

အတွင်းပိုင်းဂူတစ်ခုလုံးသည် သိသိသာသာ လင်းရှင်းနေ၏။ သူ၏အလှအပကို မည်သူက နားမလည်ဘဲ နေနိုင်ပါမည်နည်း။

မဟုတ်ပါဘူး။ နားလည်နိုင်စွမ်းထက်ကို သာလွန်သေးတယ်။ ဂူတစ်ခုနဲ့တောင် လုံးဝ မတူတော့ဘူး။

ဂူတစ်ခုတွင်နေထိုင်ရပြီး ဒီလိုအကျိုးကျေးဇူးကို ရရှိခြင်းက အားလုံး၏အသိအမြင်တို့ကို တိုးတက်ပြောင်းလဲလာစေသည်။

အမှန်ပင် ခန့်ညားထည်ဝါလှသည်။

လူအုပ်ကြီးကအနီးကပ် ကြည့်ရှုလေ့လာကြသော်လည်း သူတို့၏ဖိနပ်များက ရွှံ့များဖြင့် ပေမသွားအောင် သတိထားကြပြီး အသစ်စက်စက် စင်လေးနှင့် လှေကားများပေါ် မတက်ရဲကြပေ။

ရှန်းလီနှင့်စန်းလော့တို့က စင်ပေါ်တွင် လျှောက်နေကြသည့်တိုင် မည်သူကမှ ခြေမချရဲကြပေ။

ထိုစင်လေးက အလွန်မှသန့်ရှင်းလှပနေသဖြင့် နင်းလျှောက်သွားဖို့ရန်ပင် ဆန္ဒမရှိလှပေ။

ရှီအာ့လန်၏မိန်းမက သဘောကျသွားလေသည်။

"အပေါ်တက်ဖို့ဆိုရင် ဖိနပ်ချွတ်လိုက်လို့ရတယ်လေ ဟုတ်တယ်မလား"

အားလုံးက ဒါကို အားကျသွားကြသည်။ ဂူလေးသည် ကုတင်တစ်ခု ပြီးဆုံးသွားသည်နှင့် အသွင်ပြောင်းသွားတော့သည်။

အပြုံးတစ်ခုက စန်းလော့၏မျက်လုံးများထဲတွင် ပွင့်လန်းလာပြီး ရလာဒ်က သူမ မျှော်လင့်ထားသည်ထက် သာလွန်လေသည်။

ရှန်းလီ၊ ချန်းယိုထျန်းနှင့် ချန်းသရှန်တို့က ဒီကိစ္စအပေါ် မည်မျှ အားစိုက်ထုတ်ခဲ့ရသည်ကို သူမ မသိပေ။ သို့သော်ငြားလည်း ဒါသည် အပြစ်အနာအဆာ ကင်းမဲ့နေပြီး အရောင်တင်ဆီများလဲ မပါသလို ခေတ်သစ်က နည်းပညာများလဲ မပါပေ။ သူမ၏အမြင်တွင် ဒါက ခေတ်ပေါ်ပရိဘောဂများထက် ပိုပြီးသာလွန်လေသည်။

သူမ၏အတိတ်ဘဝတွင် စန်းလော့သည် အိမ်တစ်လုံးကို မပိုင်ဆိုင်ခဲ့ရပေ။ သို့သော်ငြားလည်း သူမက တောင်ပေါ်တွင်ရှိသည့် အိမ်ဟောင်းလေးကို အသစ်ပြန်လည်ပြုပြင်ခဲ့သည်။ သူမသည် ဒီဇိုင်းကို အွန်လိုင်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး အတွင်းပိုင်း အပြင်အဆင်နှင့်ပတ်သတ်ပြီး အသိအနည်းငယ်ရှိလေသည်။

သူမက ကုတင်တိုင်လေးကို လက်များဖြင့် ပွတ်သပ်ကြည့်လိုက်ပြီး သစ်သားအထိအတွေ့ကို ခံစားမိလေသည်။

ဒါသည် သစ်မာသားဖြစ်ပြီး ပြီးပြည့်စုံနေအောင် အချောသပ်ထားကာ ခေတ်သစ်အလှဆင် ကုမ္ပဏီများအသုံးပြုသည့် ကြိတ်သားများထက် အများကြီး ပိုသာလွန်လေသည်။

ထို့အပြင် လှပတင့်တယ်မှုကလဲ ကွားခြားလေသည်။ ရှန်းလီနှင့်သူ့အဖွဲ့က လုပ်ထားသည့်လက်ရာများမှာ ကိုယ်ပိုင်အကြမ်းထည် အလှအပကို ဖော်ထုတ်ပေးထားပြီး အသွင်အပြင်အရပြောရင်လဲ ယှဥ်ပြိုင်နိုင်စွမ်းရှိလေသည်။

ဒုတိယထပ်မှ ဆင်းလာသည့် ရှန်းလီသည် တအံ့တသြ ဖြစ်နေဟန်တူသည်။ တောက်ပသည့် မျက်လုံးများနှင့် မျှော်လင့်ချက်အပြည့် ဖြစ်နေသည့် မျက်နှာတစ်ခုဖြင့် စန်းလော့ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူက အားတက်သရော မေးလိုက်သည်။

"ဒါက မင်းစိတ်ကူးထားတဲ့ ပုံစံလား"

သူ့မေးခွန်းက ရက်အတော်ကြာအောင် လုံ့လရှိရှိဖြင့် အလုပ်လုပ်လာကြသည့် ချန်းယိုထျန်းနှင့် ချန်းသရှန်တို့ကို စန်းလော့ဘက်သို့ အလိုလိုလှည့်ကြည့်သွားအောင် လုပ်လိုက်တော့သည်။

အထူးသဖြင့် ငယ်ရွယ်သည့်ဘဝကတည်းက လက်သမားဆရာ တစ်ယောက် လက်အောက်တွင် နှစ်အနည်း ငယ်တပည့်ခံခဲ့သည့် ချန်းယိုထျန်းပင်။ ဆရာက သူ့အရည်အချင်းများကို ကာကွယ်ထားပြီး သူ့တပည့်များ၏ ခွန်အားအလကားအသုံးချကာ အသိပညာ အနည်းငယ်ကိုသာ သင်ကြားပေးခဲ့သည်။ လက်ထပ်ပြီးနောက် ဘဝ၏လိုအပ်ချက်များနှင့် ရင်ဆိုင်လာရပြီးနောက်တွင် ချန်းယိုထျန်းသည် လယ်ကွင်းထဲသို့ ပြန်ဆင်းလာရပြီး သူ၏မည်ကာမတ္တ အရည်အချင်းလေးကိုတော့ ရှီလီရွာတွင် ကပ်ဘေးရှောင်ရင်း အခြေချလာချိန်မှ ပရိဘောဂများကိုလုပ်ရင်း အသုံးချရလေသည်။

သူလုပ်ထားသည့်ပရိဘောဂမှာ မည်ကာမတ္တသာဖြစ်ပြီး အသုံးဝင်သည်ဆိုရုံပင်။ သူသည် ဒီလိုရှုပ်ထွေးပြီး အသစ်အဆန်း ဖြစ်လှသည့်အရာမျိုးကို အရင်ကတခါမှ မဖန်တီးခဲ့ဘူးပေ။

ထို့ကြောင့် ရှန်းလီက မေးလိုက်ချိန်တွင် ချန်းယိုထျန်းကလဲ စန်းလော့ကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်မိသည်။

နောက်ဆုံး ဒါသည် သူမ၏ စိတ်ကူးဖြင့်ပုံဖော်ထားသည့် ပုံကြမ်းပင်။

ဒီမျှော်လင့်ချက်က လူငယ်လေးတစ်ယောက်က သူ့ဆရာက သူ၏ပထမဦးဆုံးအလုပ်ကို ဝေဖန်အကြံ ပြုပေးဖို့ စိတ်အားထက်သန်စွာ စောင့်နေသည့် ခံစားချက် ပေါ်လွင်နေသည်။

စန်းလော့သည် အားပါးတရပြုံးလိုက်ပြီး စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြသည်။

"ကျွန်မလိုချင်တာနဲ့ တစ်ထပ်တည်းပဲ၊ ကျွန်မစိတ် ကူးထားတာထက်တောင် ပိုပြီးကောင်းနေသေးတယ်။ ရှင်တို့အားလုံးက အံ့သြစရာကောင်းလောက်အောင် အရည်အချင်းရှိကြတာပဲ"

ချန်းယိုထျန်း၏မျက်လုံးများက ဝမ်းသာမှုဖြင့် တွန့်ချိုးသွားပြီး သူ့မျက်နှာပေါ်တွင် လုံးဝကျေနပ်သွားသည့်ဟန် ဖြစ်သွားတော့သည်။

ဝမ်းသာကြည်နူးသည့်ခံစားချက်က ရှန်းလီ၏ မျက်နှာပေါ်တွင် ပြန့်နှံ့သွားပြီး သူ၏ သွားများပေါ်သည်အထိ ပြုံးနေသည့်အပြုံးက အလွန်မှပိုပြီး ထင်ရှားလာတော့သည်။

"မင်းကြိုက်တယ်ဆိုရင် ဟုတ်ပါပြီ"

သူက ချန်းယိုထျန်းနှင့် ချန်းသရှန်တို့ဘက်သို့ လှည့်လိုက်ကာ

"ကျွန်တော်တို့တွေ စောစောကလုပ်ထားတဲ့ဟာကို ယူဝင်လာပြီး တပ်ဆင်ကြတော့မလား"

စန်းလော့နှင့်ရှန်းနဥ်တို့အတွက် သူတို့အစောပိုင်းက လုပ်ထားပေးသည့် သစ်သားကုတင်ကို အသစ်လုပ်ထားသည့် စင်လေးတွင် ကွက်တိကျအောင် တပ်ဆင်ပေးလိုက်သည်။ စန်းလော့က ကုတင်ကို အနည်းငယ်ပိုနှိမ့်ရန် ကုတင်ခြေထောက်ကို ဖြတ်ပေးဖို့ အကြံပြုလိုက်ကာ အောက်ထပ်အတွက် ပိုပြီးနေရာကျယ်ဝန်းပြီး မွန်းကြပ်မှုကိုနည်းပါးအောင် ပြုလုပ်ခိုင်းလိုက်သည်။

ရှန်းလီက သဘောတူပေးလိုက်ပြီး စန်းလော့ဆွဲသားထားသည့် ပုံကြမ်းသည် အောက်တစ်ဆင့်က ကုတင်ကို ပိုပြီးနိမ့်အောင်ဆွဲထားသည်က အမှန်ဖြစ်မှန်း သတိထားမိလိုက်သည်။

အဖွဲ့က ကုတင်တိုင်များကို ဖြတ်ဖို့ရန် အပြင်သို့ထွက်သွားပြီး စန်းလော့က ပြုံးကာ ကြည့်ရှု့နေသူများကို အထဲဝင်ပြီး အနီးကပ်လာကြည့်ဖို့ ဖိတ်ကြားလိုက်ပြီး သူမက နောက်ပိုင်းမှ သန့်ရှင်းရေးလုပ်လိမ့်မည်ဟု အာမခံပေးလိုက်သည်။

ချန်းဘွားဘွားက လူအုပ်ကြီးကို နေရာချပေးလိုက်သည်။

"အလှည့်ကျ လုပ်ကြမယ်၊ တခါဝင်ရင်နှစ်ယောက် ဒါမှမဟုတ် သုံးယောက်ဝင်ကြမယ်။ စုပြုံမနေကြနဲ့၊ တကယ်လို့ ဖိနပ်မှာ ရွှံ့တွေအထူကြီးရှိနေတယ်ဆိုရင် အပေါ်မတက်တာ ပိုကောင်းတယ်။ ဒီကနေပဲ တစ်ချက်လောက်ကြည့်ပေါ့၊ အားလုံးက ဒါကိုမြင်ရသားပဲ"

ရှီအာ့နျိုက သူ့ဖိနပ်များကို ချွတ်လိုက်ပြီး ချန်းအဘွားကို အားတက်သရော ပြောလိုက်လေသည်။

"ကျွန်တော်က ခြေအိတ်နဲ့အပေါ်တက်မှာ၊ ကျွန်တော် အဲဒီလှေကားတွေကို တကယ်စမ်းပြီး တက်ကြည့်ချင်တယ်"

သူ၏လှုပ်ရှားပုံလေးက အားလုံးထံမှရယ်သံကို ချက်ခြင်းထွက်လာစေသည်။

ဆူညံသံနှင့် စည်ကားသိုက်မြိုက်မှုအလယ်တွင် ၁မီတာခွဲအကျယ်ရှိသည့် ပထမအလွှာကုတင်ကို တပ်ဆင်ပေးလိုက်ပြီး ဒုတိယအထပ်တွင်တော့ ကုတင်အကျယ်က ၁မီတာခွဲအတိရှိကာ လက်ရန်းများ ထည့်သွင်းပေးထားသည်။

ရှန်းအန်းနှင့် ရှန်းနဥ်တို့က အလွန်မှပျော်ရွှင်သွားကြပြီး သူတို့၏အိပ်ယာအသစ်လေးကို မခွဲခွာနိုင်အောင် ဖြစ်နေကြသည်။

မောင်နှမနှစ်ယောက်က သန့်ရှင်းရေးတာဝန်ကို အားတက်သရော လက်လွှဲယူလိုက်ကြပြီး စန်းလော့ကို ဘာအားထုတ်မှုမှမရှိအောင် တာဝန်လွှဲယူလိုက်ကြသည်။ သူတို့၏အိမ်နီးချင်းများဖြစ်သည့် ရွှီဝမ်ယင်း၊ ရွှီဝမ်ပေါ်၊ ချန်းရှောင်ယာနှင့် ရှီချောင်အာတို့ကိုလဲ ပြန်သွားဖို့ ချော့မော့လို့ မရနိုင်လေရာ သူတို့က အဝတ်စများဖြင့် ထောင့်တိုင်းကို သန့်ရှင်းရေးလုပ်ဖို့ အကူအညီပေးနေကြလေသည်။

အားလုံးကနေခဲ့ဖို့ရန် စိတ်အားထက်သန်နေကြပြီး ဒီလို အိမ်လေးနှင့်တူသည့် ကုတင်ပေါ်တွင် ကစားချင်နေကြကာ ဇွဲလုံ့လရှိရှိဖြင့် အကြိမ်ကြိမ် သန့်ရှင်းရေးလုပ်ပေးနေကြပြီး ထွက်ခွာဖို့ရန် တွန့်ဆုတ်နေကြလေသည်။

ကလေးများက ဆွဲဆောင်ခံနေရခြင်း လူကြီးများက အသုံးဝင်ပုံကို အထင်ကြီးနေကြသည်။ အတွင်းဘက်တွင် သန့်ရှင်းရေးများကို ဆက်တိုက်လှုပ်ရှားနေကြသဖြင့် သူတို့က နောက်ဆုတ်နေလိုက်ကာ တီ ထွင်ကြံဆပုံကောင်းမွန်သည့် ပုံစံငယ်လေးကို တအံ့တသြ ဖြစ်နေကြမိသည်။

အိပ်ယာနှင့်ဘီဒိုများက အမှန်ပင်ကျယ်ဝန်းလှပြီး ဒီပရိဘောဂတစ်ခုထဲကပင် သိုလှောင်သည့်နေရာကို နှစ်ဆဖြစ်သွားစေလေသည်။

ဘယ်ဘက်ခြမ်းက ဘီဒိုကြီးက ပစ္စည်းအများအပြားကို ထည့်သွင်းထားနိုင်ပြီး မသုံးတော့သည့်အိပ်ယာခင်းများနှင့် အဝတ်အစားများကို ရှုပ်ပွနေအောင်စုပုံထားခြင်းမှ ကင်းဝေးစေနိုင်သည်။ ညာဘက်ခြမ်းတွင်တော့ အရွယ်အစား အမျိုးမျိုးရှိသည့် ဘီဒို၇ ခုနှင့် အံဆွဲ၆ခုရှိပြီး ကြီးမားသည့် သိုလှောင်နိုင်စွမ်းတစ်ခုကို ပေးစွမ်းနေလေသည်။

အားကျစိတ်က သိသာလှပေသည်။ အားလုံး၏အိမ်များက ရှုပ်ပွပြီးအစီစဥ်မကျဖြစ်နေရာ ဒီလို သို လှောင်နိုင်စွမ်း ဖြေရှင်းချက်မျိုးကို တမ်းတနေကြလေသည်။

ရှန်းလီနှင့်တစ်ခြားသူများက အစောပိုင်းက ရွှေ့ပြောင်းထားသည့် ပရိဘောဂများကို ပြန်ယူလာကြပြီး ကလေးများက အိပ်ယာပေါ်တက်ရင်း ပျော်မြူးနေကြကာ လူကြီးများကတော့ ဘီဒိုနှင့်လှေကားများကို သတိဖြင့်လေ့လာနေကြလေသည်။

ရှန်းလီက စင်မြင့်မလုပ်ထားသည့်နေရာကို သန့်ရှင်းမှုနှင့် အလင်းရောင်ရဖို့ရန်အတွက် အုတ်ကြွပ်များကို ခင်းဖို့ အကြံပြုလိုက်သည်။ သူသည် ညစာစားပြီးလျှင် မီးဖိုကို ပြန်လည်ဆောက်ပေးဖို့ စဥ်းစားထားလိုက်သည်။ တခြားသူများကို ကုတင်များ ကူညီဆောက်ပေးပြီးတွင်တော့ တံခါးကို ပြန်လည်ဆောက်မည်ဟု စဥ်းစားထားလိုက်သည်။

သူတို့သည် လက်ရှိတွင် အစောပိုင်းက ပြုလုပ်ထားသည့် ရိုးရိုးတံခါးနှင့် မီးဖိုများကို အသုံးပြုနေရပြီး သင့်တော်သည့် မီးဖိုတစ်ခုဆောက်လုပ်ဖို့ရန် အခွင့်အရေးကို စောင့်ဆိုင်းနေရသည်။

စန်းလော့က သဘောတူလိုက်ပြီး အလွန်အမင်း အပင်ပန်းမခံဖို့ရန်နှင့် အနားယူပြီးမှ နောက်ထပ်အလုပ်များကို ဆက်လုပ်ဖို့ ရှန်းလီကို အကြံပြုလိုက်သည်။

ရှန်းလီသည် မမောမပန်းအလုပ်လုပ်လာရပြီး အထူးသဖြင့် ညပိုင်းတွင်ဖြစ်ကာ အနားယူဖို့ရန် နာရီအနည်း ငယ်သာရရှိခဲ့သည်။

စန်းလော့မသိလိုက်သည်က သူမ၏ နူးညံသိမ်မွေ့သည့်စိုးရိမ်စိတ်က ရှန်းလီ၏နှလုံးသားကို နွေးထွေးသွားအောင် တဖျတ်ဖျတ် ခုန်သွားစေလေသည်။

ရှန်းလီအပေါ် သူမ၏စကားသက်ရောက်မှုကို လုံးဝသတိမထားမိသည့် စန်းလော့က ရုတ်တရက်တစ်ခုခုကို သတိရသွားသည်။ သူ့အင်္ကျီကို လှမ်းဆွဲလိုက်ပြီး သူမက စင်၏ညာဘက်အခြမ်းက ကျောက်နံရံဆီသို့ ခေါ်သွားကာ မေးမြန်းလိုက်သည်။

"ကျွန်မတို့ရဲ့ မီးအိမ်အဟောင်းလေးကို သစ်သားဘောင်က ကွယ်သွားပြီ၊ ဆီမီးအိမ်နဲ့ မီးခြစ်ဆံတွေကိုတော့ ကျွန်မ နေရာရွှေ့ထားလိုက်တယ်၊ မီးအိမ်ထွန်းဖို့ နေရာအသစ်ကို ဒီနေရာမှာ ထွင်းလိုက်မယ်ဆိုရင် ရှင်ဘယ်လိုသဘောရလဲ၊ ဒါက စင်နဲ့လဲနေရာနီးပြီး မီးအိမ်ကို အဆင်ပြေပြေနဲ့ မီးထွန်းလို့ရသလို မီးငြှိမ်းလို့လဲရတယ်"

သူ့အင်္ကျီအပေါ် စန်းလော့၏ အထိအတွေ့ကြောင့် တောင့်တင်းသွားသလို ခံစားလိုက်ရသည့် ရှန်းလီက သူ့လက်ချောင်းများကို မသိမသာ ကွေးထားမိလေသည်။ သို့သော်ငြားလည်း သူမက သူ့ကိုလွှတ်လိုက်မှသာ သူသည် အနည်းငယ် စိတ်ပြေလျော့သွားတော့ သည်။

ရှန်းလီသည် စန်းလော့၏စကားကို ကြားသော်ငြားလည်း သူ၏ရင်ခုန်သံက သူ့နားထဲတွင် ပိုပြီးကျယ်လောင်နေသယောင်ဖြစ်ကာ သူမ၏အသံများကို လွှမ်းမိုးသွားလေသည်။

သူ့ရင်ထဲက ရှင်းမပြတတ်သည့် တလှပ်လှပ်ဖြစ်သွားသည့် ခံစားချက်ကို ဖိနှိမ်ထားရင်း သူက ခေါင်းငြိမ့်ပြလိုက်သည်။

"ဒီနေရာကကောင်းသားပဲ၊ ကျွန်တော် ဒီနေရာမှာ ထွင်းထုလိုက်ပါ့မယ်” လည်ချောင်းခြောက်သွားပြီး သူသည် ကို့ယို့ကားရားဖြင့် ပြန်လှည့်လိုက်ကာပစ္စည်းများကို ရှာဖွေမည့်အကြောင်းကို အသုံးချလိုက်ပြီး သူ့စိတ်အတွင်းက ဗြောင်းဆန်သွားသည့်ခံစားချက်ကို ဖုံးကွယ်ထားလိုက်သည်။

ရှန်းလီက မီးအိမ်ထားဖို့ရန် နံရံတွင် လှိုင်ပေါက်လေးတစ်ခုကို ထွင်းထုနေစဥ် ချန်းအဘွားနှင့်တခြားအမျိုးသမီးများက စန်းလော့က သန့်ရှင်းရေးစလုပ်နေသည်ကို မြင်လိုက်ကြသဖြင့် ဆက်ပြီမနေတော့ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ရှန်းလီက မနက်ဖြန် သူတို့ကိုကူညီကာ ဂူထဲမှထွက်ခွာမည့်ကိစ္စကို စီစဥ်ထားလိုက်ကြသည်။

ကလေးများသည် ဖြည်းဖြည်းချင်း သန့်ရှင်းရေး လုပ်နေကြသော်လည်း စင်မြင့်လေးကနောက်ဆုံးတော့ အစွန်းထင်းရာမရှိပဲ တောက်ပလာသည်။

ထွက်ခွာဖို့ရန်တွန့်ဆုတ်နေကြသည့် ကလေးများသည် နောက်ဆုံးတော့ စင်မြင့်ပေါ်မှ ဆင်းလာကြကာ သူတို့၏ ဖိနပ်များကို ဝတ်လိုက်ပြီး စန်းလော့က ဂူကိုနေရာချနေသည်ကို စောင့်ကြည့်နေလိုက်ကြသည်။

အိပ်ယာနှစ်ခုလုံးအတွက် အိပ်ယာခင်းနှင့်ခေါင်းအုံးများက အဆင်သင့်ဖြစ်နေသည်။ အိပ်ယာများကိုခင်းပြီးနောက်တွင် စန်းလော့က ဒုတိယထပ်ကုတင်ဘေးကို လိုက်ကာတစ်ခု တပ်ဆင်ဖို့ရန် အစောပိုင်းကဝယ်လာသည့် ပိတ်စကို ထုတ်လာခဲ့သည်။

ရှန်းလီက သူ့အိပ်ယာခင်းအတွက် အသုံးပြုထားသည့် ဝံပုလွေသားရေများကို ဆက်ပြီးမလိုတော့ပေ။ စန်းလော့က အိမ်၏ထိုင်ခုံလေးတွင် ခင်းဖို့အတွက် တခုကို ရွေးချယ်ထားလိုက်ပြီး ထိုင်ဖို့ရန် သက်တောင့်သက်သာရှိပြီး အလွန်မှနူးညံ့သည့် ဝံပုလွေသားရေအထူကို ရှာဖွေလိုက်သည်။

အခင်းထိုင်ဖုံတစ်ခုပါသည့် ထိုင်ခုံလေးတစ်ခု အသင့်ဖြစ်နေရာ စန်းလော့က ဇိမ်ခံဖို့တွန့်တိုမနေတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် တောင်အတွင်းပိုင်းသို့ ထွက်ခွာဖို့ရန် ပြင်ဆင်သည့်အနေဖြင့် ပိတ်စများကို လုံလုံလောက်လောက် ဝယ်ယူထားခဲ့သည်။ အခုတော့ သူမက ပိုပြီးသေးငယ်သည့် အပိုင်းတစ်ပိုင်းကို ရွေးချယ်လိုက်ပြီး ရိုးရိုးရှင်းရှင်း ဖြတ်လိုက်ကာ ခါးမှီခေါင်းအုံးနှစ်ခုကို ပြုလုပ်လိုက်သည်။

အစာသွပ်ဖို့ ပစ္စည်းများမရှိသဖြင့် သူမက အလွန်မှ ခြောက်သွေ့နေအောင် အခြောက်ခံထားသည့် မြက်ခြောက်အနုများကို သုံးလိုက်ကာ နူးညံသွားသည်အထိ သေသေချာချာ နယ်ဖတ်လိုက်ပြီးမှ ခေါင်းအုံးထဲသို့ ဖြည့်ထားလိုက်သည်။

ကလေးများက အသင့်ပြုလုပ်ထားသည့် ထိုင်ခုံလေးပေါ် တစ်လှည့်စီထိုင်ကြရင်း သက်တောင့်သက်သာရှိမှုကို ခံစားဖို့ရန် အနည်းငယ် ခုန်ဆွခုန် ဆွလုပ်လိုက်ကြပြီး သူတို့သည် အားရကျေနပ်စိတ်ကြောင့် လက်များကိုဖြန့်ထားလိုက်ကြပြီး ကျေကျေနပ်နပ် သက်ပြင်းချလိုက်ကြလေသည်။ အနီးနားတွင် နောက်ထပ်ခေါင်းအုံးတစ်လုံးကို အစာသွပ်ဖို့ရန်အလုပ်များနေသည့် စန်းလော့မှာ သဘောကျသွားတော့သည်။

ရွှီဝမ်ယင်းက ဝံပုလွေသားရေနှင့်ထိုင်ခုံများကို ထိကြည့်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် လှမ်းမေးလိုက်သည်။

"ယောင်းမစန်းလော့ ဒီလောက်လှပြီး သက်တောင့်သက်သာရှိတဲ့ ထိုင်ဖုံမျိုးကို ဘယ်လိုများ စဥ်းစားမိသွားတာလဲ၊ သမီးတို့ရဲ့ အိမ်အတွက်ရော ပုံဆွဲတဲ့အခါ ဒီလိုထိုင်ခုံလေးတစ်ခုကိုရော ထည့်ဆွဲပေးလို့ရမလား"

စန်းလော့၏လက်များက သူတို့အားကျရသည့် သက်တောင့်သက်သာ ခံစားချက်ကို အာမခံပေးနိုင်သည့်ပုံစံများကို မှော်ဆန်ဆန်ဖန်တီးပေးနိုင်သယောင် ပြောလိုက်လေသည်။

စန်းလော့က ပြုံးကာ သဘောတူလိုက်၏။ တစ်ခြားခုံတစ်လုံးတွင် ထိုင်နေသည့် ချန်းရှောင်ယာက စားပွဲပေါ်လက်တင်ပြီး မေးထောက်ကာ သူမ၏ မျက်လုံးများကလဲ ဝမ်းသာအားရ ကွေးညွှတ်နေလေသည်။

"ယောင်းမစန်းလော့က ငါ့အိမ်အတွက်လဲ ပုံဆွဲပေးနေတာ ငါတို့အားလုံးမှာ ဝံပုလွေသားရေတွေရှိတယ်” ဝမ်းသာအားရဖြင့် မသဲမကွဲ ပြောလိုက်လေသည်။

တစ်ခြားဘက်တွင် ကျောက်နံရံကို ထွင်းပေးနေသည့် ရှန်းလီက မကြာခဏဆိုသလို လှမ်းကြည့်နေလိုက်သည်။ သူသည် စန်းလော့က သတိမထားမိခင် မြန်မြန် အကြည့်လွှဲလိုက်သည်။ -

ထိုနေ့ညခင်းတွင် သူတို့သည် လတ်တလောနေ့ရက်များတွင် ချန်းမိသားစု၏အကူအညီကို ကျေးဇူးတင်သည့်အနေဖြင့် ချန်းယိုထျန်းနှင့်သူ့သားဖြစ်သူ ချန်းအဘိုးတို့အပါအဝင် အလျှံပယ်ထမင်းတစ်နပ်ကို ဧည့်ခံကျွေးမွေးလေသည်။

အသား၊ ဟင်းသီးဟင်းရွက်၊ ဟင်းရည်နှင့် ထမင်းတို့ ပါဝင်ရာ ထမင်းတစ်နပ်က သူတို့၏ တောင်ထဲသို့ ကပ်ဘေးရှောင်လာသည့်ကာလအတွင်း စားသောက်ပွဲကြီးတစ်ခုဟု မှတ်ယူနိုင်ပေသည်။

အိပ်ချိန်ရောက်လာသည်တွင် ရှန်းလီနှင့်ရှန်းအန်းတို့က ကြမ်းပြင်ပေါ်တွင် အိပ်ရန်မလိုတော့ချေ။ စန်းလော့နှင့် တိုင်ပင်ပြီးနောက်တွင် ရှန်းလီနှင့်ရှန်းအန်းတို့က အောက်ဘက်ကုတင်ကို ယူကြပြီး စန်းလော့နှင့်ရှန်းနဥ်တို့က အပေါ်ဘက်ကုတင်တွင် အိပ်ကြသည်။

ရှန်းအန်းက သဘောကျကာ ကြည့်နေရင်းက အားကျသလို ခံစားလာရတော့သည်။ သူသည် အပေါ်ထပ်လှေကားသို့ မတက်နိုင်သော်ငြားလည်း အောက်ဘက်ကုတင်က သူ့အတွက် ပျော်ရွှင်စရာတစ်ခုပင်။

ယခုတွင်တော့ စန်းလော့နှင့်ရှန်းနဥ်တို့သည် သူတို့၏ နွေးထွေးပြီး သက်တောင့်သက်သာရှိလှသည့် နေရာငယ်လေးကို ပိုင်ဆိုင်ထားပြီဖြစ်ရာ လိုက်ကာများကို ဆွဲကာထားသဖြင့် ပိုပြီးသက်တောင့်သက်သာ ရှိလေသည်။

ရှန်းလီသည် အိပ်ယာပေါ်တွင် လဲလျောင်းနေရင်း အပေါ်ဘက်မျက်နှာကျက်ကို ကြည့်နေရင်းက သူနှင့်စန်းလော့တို့ အတူတူစီစဥ်ထားသည့် သည်အိမ်လေး၏အတွေးကို စဥ်းစားမိသည်တွင် ချိုမြိန်ပြီးနွေးထွေးသည့် ခံစားချက်အပြည့် ဖြစ်သွားသည်။

အန္တရာယ်မှထွက်ပြေးလာရခြင်းက သူတို့ လုံးဝစိတ်မကူးထားသည့် နေ့ရက်များကို ခေါ်ဆောင်ပေးလာသည်။

ထိုနေ့ညတွင် ရှန်းမိသားစု၏ မိသားစုဝင်၄ယောက်စလုံးက ချိုမြသည့်အိမ်မက်များကို မက်ခဲ့ကြလေသည်။

နောက်တနေ့တွင် ရှန်းလီနှင့်ချန်းသရှန်တို့က အုတ်ပြားများကို စုဆောင်းဖို့ရန်အတွက် ခရီးရှည်ကြီးတစ်ခုသွားခဲ့ရသည်။ ရှန်းလီက ချန်းမိသားစုအိမ်၏ လက်သမားအလုပ်ကို လုပ်ကူနေစဥ် စန်းလော့က ရှန်းအန်း၊ ရှန်းနဥ်၊ ရွှီဝမ်ပေါ် ၊ ဝမ်ယွင်ကျန့်တို့နှင့် အဖော်လုပ်ကာ ကြမ်းပြင်တွင် အုတ်ပြားများကို ခင်းလိုက်ကြသည်။ ရှန်းမိသားစု၏ ဂူလေးသည် ယွင်တောင်ကြားတွင် ရှုမြင်ဖွယ်ကောင်းသည့် မြင်ကွင်းလေးတစ်ခုဖြစ်လာပြီး တခြားမိသားစုများက အကြိမ်ကြိမ်လာရောက်လည်ပတ်သည့် စံပြအိမ်လေးတစ်ခု ဖြစ်လာသည်။

လျှိုမြောင်အတွင်းက လူအားလုံးသည် ထိုအိမ်မက်များနှင့် မျှော်လင့်ချက်များကို သိမ်းဆည်းထားကြသည်။ ချန်းမိသားစုအတွက် ပုံကြမ်းများကိုဆွဲသားပြီးနောက်တွင် စန်းလော့က ရွှီမိသားစုအတွက် ပုံကြမ်းများကိုစတင်ဆွဲပေးနေကာ မိသားစုတစ်ခုစီ၏ သီးခြားလိုအပ်ချက်ကို ထည့်သွင်း စဥ်းစားပေးလေသည်။ အိမ်ထောင်စုတစ်ခုချင်းစီ၏ ပရိဘောဂပုံစံများက ကွာခြားပြီး တစ်ခုချင်းစီတွင် သူ၏ကိုယ်ပိုင်ပုံစံနှင့် အလွန်မှ အထင်ကြီးစရာကောင်းသည့် ပုံစံများပိုင်ဆိုင်ထားသည်။

ရှီမိသားစု၊ လုမိသားစုနှင့် ကျိုးမိသားစုတို့က စန်းလော့ကို ပုံကြမ်းရေးဆွဲပေးဖို့ မလိုအပ်တော့ချေ။ သူတို့သည် တစ်ခြားမိသားစုများ၏ ပုံစံများကို ကိုးကားနိုင်လေသည်။

သူတို့သည် ကျောက်ပြားများကို ရှန်းလီနှင့်ချန်းသရှန်တို့ကို ကူညီပြီး သယ်ယူပို့ဆောင် ခိုင်းနိုင်သော်လည်း စင်မြင့်များနံရံများ မျက်နှာကျက်များ ပြုလုပ်ရာတွင် ရှုပ်ထွေးမှုကတော့ ရွှီမိသားစု၊ ချန်းမိသားစုနှင့် ရှန်းမိသားစုတို့၏ လိုအပ်သည့် ပစ္စည်းအရင်းအမြစ်နှင့် အရေအသွေးများ မရှိသောကြောင့် ကျိုးမိသားစု၊ ရှီမိသားစုနှင့် လုမိသားစုတို့လို မိသားစုအတွက်တော့ စိတ်ပျက်အားလျော့စရာဖြစ်ခဲ့သည်။

ကျေးလက်ဒေသတွင် လူများသည် လူထုအဖွဲ့အစည်းကို အားကိုးရပြီး အခကြေးငွေ မျှော်လင့်ချက် မဟုတ်ဘဲ အပြန်အလှန်အားဖြင့် အစားအသောက်ကောင်းများကို ကျွေးမွေးခြင်းဖြင့် အချင်းချင်းကူညီကြသည်။

မိသားစုကြီးမားကာ ကျယ်ဝန်းသည့်ဂူများကို ပိုင်ဆိုင်ထားသဖြင့် သူတို့သည် ရှန်းမိသားစု၏ စံနှုန်းကို အတုယူယူဖို့ရန် လိုအပ်သည့် အချိန်နှင့်အရင်း အမြစ်များအတွက် စိုးရိမ်နေရလေသည်။ ရှန်းလီနှင့် ချန်းသရှန်တို့၏ အမဲလိုက်စွမ်းရည်လိုမျိုး မရှိလေရာ သူတို့သည် ဒီလို အိပ်ခန်းပြုစုပေးဖို့ရန်အတွက် မတတ်နိုင်ပေ။ ထို့ကြောင့် ကျိုးမိသားစု၊ ရှီမိသားစုနှင့် လုမိသားစုတို့က ပိုပြီးလက်တွေ့ကြသည့် အစီအစဥ်ကို ရွေးချယ်လိုက်ကြကာ ကုတင်များနှင့် ဘီဒိုများလုပ်ဖို့ရန်သာ အာရုံစိုက်ထားလိုက်ကြပြီး သူတို့၏ ကလေးများ တမ်းတစိတ်ကို ကျေနပ်ဖြည့်စီးပေးဖို့ရန် လှေကားတစ်စုံပါသည့်ဘီဒိုတစ်ခုကို ထည့်သွင်းထားလိုက်ကြသည်။

စင်မြင့်နံရံနှင့် မျက်နှာပြင်၊ မျက်နှာကျက်များကိုတော့ ပိုပြီးရိုးရှင်းလှသည့် ပုံကြမ်းထဲတွင် ချန်လှပ်ထားလိုက်တော့သည်။

....

ချန်းမိသားစု၏ ဆောက်လုပ်ရေးသည် ဆောက်လုပ်နေဆဲ ဖြစ်ကာ အစောပိုင်းက စိုက်ပျိုးထားသည့်စပါးများက ယခုအချိန်တွင်တော့ နေရာပြောင်းပြီးစိုက်ပျိုးဖို့ကို အသင့်ဖြစ်လာသည်။

ထိုတာဝန်က ချန်းမိသားစု သို့မဟုတ် ရှန်းမိသားစုထံသို့ ထပ်ပြီးကျရောက်မလာတော့ပေ။ လက်သမားအရည်အချင်း မရှိကြသည့် လျှိုမြောင်ထဲက တစ်ခြားသူများက လယ်လုပ်ငန်းကို စိတ်ပါဝင်စားစွာ လက်လွှဲယူလိုက်ကြပြီး စာသင်သား ဝေ့ချင်းဟယ်ကပင် ပါဝင်လာလေသည်။

၄လပိုင်းအလယ်အရောက်တွင် ရှန်းလီနှင့်သူ့အဖွဲ့က ကျိုးမိသားစုကို ကူညီပေးနေကြပြီး ကျိုးချွမ်ကျန့်၏မိသားစုက အကူအညီကို နောက်ဆုံးလက်ခံဖို့ အစီအစဥ်ချထားလေသည်။

ယခုချိန်တွင် လျိုမြောင်အတွင်း၌ အသီးပင်စားပင်များကို ပေါများကြွယ်ဝစွာ စိုက်ပျိုးထားသည်ဖြစ်ရာ အပြင်ဘက်သို့ အသီးအရွက် ရှာထွက်ဖို့လိုအပ်ချက်က သိသိသာသာ လျော့နည်းသွားသည်။ မကြာခဏ အမဲလိုက်သွားတတ်ကြသည့် ရှန်းလီ ချန်းသရှန်နှင့် လုအာ့လန်တို့လို ရဲတင်းလှသည့် တစ်ဦးတစ်ယောက်ကလွဲလျှင် မိသားစုအများစုက အပြင်ဘက်သို့ သွားမည့်ကိစ္စကို လျှော့ထားလိုက်ကြပြီး လျှိုမြောင်အတွင်းက သီးခြားဘဝကို အသားကျလာကြသည်။

ရှန်းလီက သည်ကာလအတွင်းတွင် တစ်ခြားမိသားစုများအတွက် ပရိဘောဂများ မလုပ်ပေးရတော့သဖြင့် ညပိုင်းအချိန်ကို သူ့မိသားစု၏မီးဖိုနှင့် မီးခိုးခေါင်းတိုင် တည်ဆောက်ပေးဖို့အတွက် အသုံးချလိုက်သည်။ စန်းလော့နှင့် တိုင်ပင်ပြီးနောက်တွင် သူက မီးဖိုအနီးတွင် ပစ္စည်းများကိုသိုလှောင်နိုင်သည့် စင်နှစ်ခုကို တည်ဆောက်ပေးလိုက်ပြီး ထည့်စရာ ပစ္စည်းအမျိုးမျိုးအတွက် လုံလောက်သည့် နေရာလေးတစ်ခု လုပ်ပေးလိုက်ကာ ကျဥ်းမြောင်းရှည်လျားသည့် မီးဖိုချောင်တစ်ခုလေးကို ဖန်တီးပေးလိုက်သည်။

စင်များ၏ဆွဲတံခါးက ချက်ပြုတ်ချိန်မဟုတ်လျှင် လေအဝင်အထွက်ကို ရရှိစေရန် ဖွင့်ထားနိုင်ပြီး ချက်ပြုတ်ချိန် တံခါးပိတ်ထားချိန်တွင်တော့ မီးဖိုခန်းနှင့် ထိထိရောက်ရောက် သီးခြားဖြစ်အောင်လုပ်ပေးထားရာ ဂူအတွင်းဘက်သို့ အငွေ့များပြန့်မသွားအောင် တားဆီးပေးလေသည်။

ချက်ပြုတ်ခြင်းအများစုက ပေါင်းခြင်းနှင့်ပြုတ်ခြင်းတို့ကိုသာ ပြုလုပ်သဖြင့် အငွေ့များကိုအပြင်ဘက်သို့ တိုက်ရိုက်ထွက်အောင် လုပ်ထားခြင်းက အဓိကကျသည်။

မီးဖိုချောင်က နေရာတစ်ချို့ယူထားသည့်တိုင် ဂူဝင်ပေါက်သည် အကျယ်အားဖြင့် ၂မီတာခွဲလောက်ကျန်သေးသည်။ အလင်းရောင်နှင့် လေဝင်လေထွက်ကို ထိန်းသိမ်းပေးရန် မီးဖိုချောင်ကို အခန်းကန့်ထားသည့်အပြင် တံခါးကိုလဲ ရိုးရိုးရှင်းရှင်း ပြုလုပ်ထားသည်။ နေ့ခင်းဘက်တွင် တံခါးများကို ဖယ်ရှားထားပြီး အလင်းရောင်နှင့် လေဝင်လေထွက်ကို အတားအဆီးမဖြစ်အောင် လုပ်ထားလေသည်။

အိမ်ကို သေသေချာချာ အစီအစဥ်ချထားပြီး အပြင်ဘက်သို့ သွားလာဖို့ရန် မလိုအပ်သဖြင့် စန်းလော့သည် ပိုပြီးအေးဆေးလှသည့် ဘဝတစ်ခုကို ပျော်မွေ့နေတော့သည်။

ရှန်းလီနှင့်ချန်းသရှန်တို့က အမဲလိုက်သွားစဥ်တွင် ရှန်းအန်းနှင့် တစ်ခြားကလေးများက လျှိုမြောင်၏ သစ်ပင်အောက်တွင် စာဖတ်ကြပြီး ရှန်းလီ၏ စာဖတ်သင်ယူဖို့ စိတ်အားထက်သန်သည့်ဆန္ဒကို စန်းလော့က သတိရသွားသည်။

ရှန်းလီသည် အလုပ်များလှသည့်တိုင် သည်ရည်မှန်းချက်ကိုတော့ ပစ်ပယ်မထားပေ။ မကြာခဏဆိုသလို အလုပ်များပြားလှသည့် နေ့တစ်နေ့အပြီးတွင်ပင် သူသည် ရှန်းအန်းနှင့်ရှန်းနဥ်တို့က စာလုံးပေါင်းတစ်ထောင်ကျမ်းကို ရွတ်ဖတ်နေသည်ကို နားထောင်ပြီး တစ်ပါတည်း မှတ်သားထားလေသည်။ ရှန်းအန်းက မကြာခဏဆိုသလို စာအုပ်ကို အပြင်ယူသွားရပြီး ရှန်းလီကလဲ နေ့ဘက်တွင် အလုပ်များသည်ဖြစ်ရာ ညပိုင်းတွင် တခါတရံမှ ဝါးစာလိပ်လေးကို လေ့လာရပြီး စာလုံးတစ်ခုချင်းစီကို သူ မှတ်ထားသည်နှင့် နှိုင်းယှဥ်ကြည့်ရသည်။

စန်းလော့ လုပ်ထားသည့် စုတ်တံများအတွက် ရှန်းလီက သူ့အားလပ်ချိန်တွင် ကျောက်ပြား တော်တော်များများကို ချောမွေ့အော င်လုပ်ထားပေးကာ ထိုအရာကို စုတ်တံနှင့်အတူ ရှန်းအန်းနှင့်ရှန်းနဥ်တို့က အဓိကသုံးကြလေသည်။ တခါတရံ စန်းလော့ကပင်အချိန် ကုန်ဆုံးရန်အတွက် လက်ရေးလှ လေ့ကျင့်တတ်သည်။ သို့သော်ငြားလည်း ဒီပစ္စည်းများကို အမှန်တကယ် ဖန်တီးပေးသည့် ရှန်းလီကတော့ စုတ်တံလေးတစ်ခုကို ကိုင်ဖို့ရန် အခွင့်အရေးမရသေးပေ။

ရှန်းလီပြန်ရောက်လာပြီးကတည်းက သူသည် မဆုံးနိုင်သည့် တာဝန်စာရင်းများကို ရှိနေသယောင်။ မိသားစုအတွက် ဦးစားပေးရပြီး ပိုပြီးအထူးသီးသန့်အနေဖြင့် သူတို့အတွက် သက်တောင့်သက်သာရှိပြီး လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးစေလိုသည်။ အဝေးကသစ်ပင်အောက်က ကလေးများကို ကြည့်ရင်း စန်းလော့သည် စဥ်းစားသုံးသပ်ကြည့်လိုက်၏။ ရှန်းလီက ကျိုးမိသားစုအတွက် အလုပ်တွေပြီးသွားရင်တောင် အနားယူရပါ့မလား။

မှင်နဲ့စုတ်တံနဲ့ ရှိနေတယ်ဆိုတော့ ရှန်းလီအတွက် စာအုပ်လေးတစ်ခု လုပ်ပေးရင် ကောင်းမယ်ထင်တယ်။

ဒီလိုစဥ်းစားလိုက်ပြီး စန်းလော့က တစ်ခြားအလုပ်များကို အလျင်မလိုတော့ချေ။ ထိုအစား သူမက ချန်းမိသားစု၏ ဂူအနီးနားက ဝါးအပိုင်းအစများကို ရွေးချယ်လိုက်ပြီး ချန်းယိုထျန်းဆီမှ လွှတစ်ချောင်းကို ငှားလိုက်ကာ ဓားကောက်တစ်ချောင်းဖြင့် သူမ၏ဂူဝင်ပေါက်တွင် အလုပ်စလုပ်တော့သည်။ အစောပိုင်းက ချန်းယိုထျန်းနှင့် ဝါးစာလိပ်များကို လုပ်ခဲ့သည့် ပုံစံကိုပြန်စဥ်းစားလိုက်ပြီး သူမက ရှန်းလီအတွက် သင်ပုန်းကြီး စာလိပ်တစ်ခုကို ဖန်တီးပေးဖို့ ဆုံးဖြတ်လိုက်သည်။

ယွင်တောင်ကြားတွင် အရာအားလုံးက ချမ်းသာသုခ အပြည့်ဖြစ်နေပြီး နွေဦးမက်မွန်ပွင့်လေးလို စိတ်ကူးယဥ်လောကတစ်ခု စတင်နေသယောင်။

...

တချိန်ထဲတွင် ယွင်တောင်ကြား၏ အပြင်ဘက်တွင် နောက်ဆုံးတစ်ခေါက် စပါးခွန်များကို အပြင်းအထန် ကောက်ခံပြီးကတည်းက ၂လခွဲလောက်ကြာမြင့်သွားသည်။

၂လခွဲကာလခက်ခဲမှုသည် စိတ်နှလုံးကောင်းမွန်လှသည့် လူများ၏အကြားတွင်တော့ ကောင်းခြင်းတစ်ခုကို ထိန်းသိမ်းထားနိုင်သော်ငြားလည်း မွေးရာပါအကျင့်ဆိုးများ ပိုင်ဆိုင်ထားသည့်သူများအတွက်တော့ ပြိုလဲလုနီးနီး ဖြစ်နေလေသည်။ အေးချမ်းလှသည့်ကာလအတွင်းတွင် ဖုံးကွယ်ထားသည့် လူသားတို့၏အမှောင်ဘက်ခြမ်းက အဆက်မပြတ် စတင်မွှေနှောက်လာကာ အမှတ်တမဲ့ လွတ်ထွက်လာကြလေသည်။

ဒီအချိန်တွင်တော့ ပရမ်းပတာဖြစ်တော့မည့် အခြေအနေက ပွင့်အံထွက်လာရန် မီးပွားလေးတစ်ခုသာ လိုပေတော့သည်။

...

အပိုင်း (၁၅၄) အစားအသောက်အတွက် ကလေးများကို ရောင်းချခြင်း

သည်နှစ် ရှီလီရွာတွင် အငတ်ဘေးမှမွေးဖွားလာသည့် လူကုန်ကူးခြင်း ပထမဦးဆုံးသာဓကမှာ သင့်တင့်လျှောက်ပတ်သည့်မင်္ဂလာပွဲ တစ်ခုအဖြစ် ရုပ်ဖျက်ထားခြင်းပင်။

ရွာထဲတွင်ကျန်ခဲ့ကြသည့် မိသားစုများထဲမှ ဝမ်မိသားစုတစ်ခုသည် ရွေးချယ်စရာမရှိတော့သဖြင့် သူတို့၏ ၁၃နှစ်အရွယ်သမီးကို ၃၉နှစ်အရွယ်မုဆိုးဖိုတစ်ယောက်နှင့် လက်ထပ်ပေးလိုက်ရသည်။ တင်တောင်းရသည့်ပစ္စည်းမှာ ပဲအိတ်တစ်အိတ်နှင့် စပါးအိပ်တစ်ဝက် ဖြစ်လေသည်။

ရှန်းစန်း၏မျက်လုံးများက တမ်းတနေသည့်ခံစားချက်တစ်ခုဖြင့် ထိုစပါးနှင့်ပဲအိတ် တစ်အိတ်ခွဲကို မျက်စိရောက်နေသည်။

ဒါသည် သေးငယ်သည့်ပမာဏလေးတစ်ခု မဟုတ်ပေ။ စပါးတစ်တင်းစာ သိမ်းထားနိုင်သည့် လုံလောက်သည့် အိတ်ကြီးတစ်ခုပင်။

ငိုယိုသံများကြားတွင် မုဆိုးဖိုမိသားစု၏ ဆွဲခေါ်သွားခံရသည့် အရွယ်မရောက်တရောက် မိန်ကလေးတစ်ယောက်အတွက်တော့ သူမ၏ငိုယိုသံနှင့်ပတ်သတ်ပြီး မည်သူကဂရုစိုက်ပါမည်နည်း။

ထိုတစ်ရွာတည်းသားချင်း လက်မထပ်ရသေးသည့် အမျိုးသမီးငယ်လေးများသာလျှင် ကြောက်ရွံ့ပြီး ဖြူဖတ်ဖြူရော်မျက်နှာများဖြင့် နောက်သို့တွန့်ဆုတ်နေကြလိမ့်မည်။

ရှန်းစန်လို ရွာထဲတွင် ကျန်နေကြသည့် ရွာသားအများစုမှာ အားကျစိတ်ကိုသာ ဖော်ပြထားကြပြီး ထိုပဲနှင့်စပါး တစ်အိတ်ခွဲကိုသာ မက်မောနေကြလေသည်။

ရှန်းစန်းနှင့် အငြင်းပွားပြီး သူတို့၏ မြေဧကအနည်းငယ်လေးကို ရောင်းချခြင်းမှရရှိသည့် မစို့မပို့ပိုက်ဆံနှင့် ရှန်းကျင့်က စျေးသည်ထံသို့ တောကြက်များ ရောင်းချထားခြင်းမှ စုဆောင်းထားသည့် ငွေပမာဏ အနည်းငယ်လေးဖြင့် ရှီမိသားစုသည် သမားတော်နှင့်ဆွေးနွေးပြီး ဆေးဝါးများအတွက် တတ်နိုင်လာခဲ့သည်။ ယခုတော့ သူမ၏ကျန်းမာရေးက အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီဖြစ်ရာ အပြင်းအထန်ချောင်းဆိုးခြင်းကလဲ နည်းပါးသွားပြီး အိပ်ယာပေါ်တွင် ဆက်မနေရတော့ဘဲ ညပိုင်းတွင် အိပ်လာနိုင်သည်။ နေ့ခင်းဘက်တွင်လဲ ပေါ့ပါးသည့်အိမ်မှုကိစ္စများကို ဆောင် ရွက်လာနိုင်သည်။

ဒီအခိုက်အတန့်တွင် လီရှီသည် လူအုပ်ကြား၌ တောင့်တင်းပြီးရပ်နေကာ ဖြစ်ပေါ်လာသည့်မြင်ကွင်းကို စောင့်ကြည့်ရင်း သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ပဲ့တင်ထပ်လာတော့သည်။ ကလေးတွေ ရောင်းတဲ့ကိစ္စ စနေကြပြီလား။ သူတို့တွေသာ ၇လပိုင်းအထိ တောင့်ခံနိုင်မယ်ဆိုရင် အစောဆုံးစိုက်ထားတဲ့ ပဲတွေကို ခူးဆွတ်နိုင်လိမ့်မယ်။

သို့သော်ငြားလည်း သူမ၏ စိတ်ထဲကအသံမှာ အလွန်မှ တိုးညှင်းနေလေရာ လီရှီကိုယ်တိုင် ထုတ်မပြော နိုင်လောက်အောင်ပင်။

၂လခွဲအချိန်ကာလသည် အလွန်မှ ကြာရှည်လှပြီး ဆန်ပြုတ်များကိုသာ မှီခိုနေရသည်။ စပါးများ လုံးဝကုန်သွားသည်နှင့် ၂လခွဲမဆိုထားနှင့် ၁လထဲနှင့်ပင် လူကောင်းတစ်ယောက်ကို ရူးသွပ်သွားအောင်ပြုလုပ်နိုင်လေသည်။

သူမမိသားစု၏ပဲများကလည်း တဖြည်းဖြည်းနည်း ပါးလာသည်။ အမှတ်တမဲ့ လှမ်းကြည့်လိုက်ချိန်တွင် သူမသည် ပစ္စည်းများကို သယ်လာသည့် စျေးသည်ဦးကြီးကို သတိထားမိလိုက်သည်။

လီရှီသည် ထိုစျေးသည်ဦးကြီးနှင့် တခါမှ စကားမပြောဖူးသော်ငြားလည်း သူတို့ရွာသို့ မကြာခဏ လာရောက်သည့် တစ်ဦးတည်းသောသူပဲ ဖြစ်လေသည်။

သူမက ဘာထူးထူးခြားခြား ခံစားချက်မှထုတ်မပြဘဲ စိတ်ထဲတွင် အနည်းငယ် သက်သာသွားတော့သည်။ သူမ၏ ကျန်းမာရေးက တိုးတက်လာပြီဖြစ်ရာ မကြာခဏဆိုသလို ရှန်းကျင့် ဖမ်းလာခဲ့သည့် တောကြက်နှင့်ယုန်များကို စျေးသည်ကြီးထံတွင် ပဲများဖြင့် တိတ်တိတ်ကလေး လဲလှယ်ထားပြီး အပြင်ဘက်တွင် ဝှက်ထားရသည်။

သို့သော်ငြားလည်း အများကြီးမဟုတ်ပေ။ တောကြက်များကို ဖမ်းဆီးရခြင်းက ပိုပြီးခက်ခဲလှလေသည်။ အကြောင်းမှာ အားလုံးက အသက်ရှင်သန်ဖို့အတွက် တောဟင်းရွက်များကို မှီခိုအားထားနေရခြင်းကြောင့်ပင်။ အနီးအနားတွင် စားလို့ရနိုင်သည့် တောဟင်းရွက်လေးများ ပေါက်လာပြီဆိုသည်နှင့် သူတို့သည် ရွာကကလေးများ၏ ချက်ခြင်းခူးဆွတ်ခံလိုက်ရတော့သည်။ တစ်ဖက်တွင် လူကြီးများက တောင်အတွင်းပိုင်းသို့ ပိုပြီးဝင်ရောက်ကြလေသည်။

တောဟင်းရွက်များကိုပင် အတွင်းအထိ ပိုပြီးသွားရှာဖို့ရန် လိုအပ်လာကာ တောကြက်နှင့်ယုန်များဆိုလျှင်တော့ ပြောရန်ပင် မလိုတော့ပေ။ တောင်အတွင်းပိုင်းသို့ လူအများအပြား ဝင်ရောက်လာသည်နှင့်အမျှ တောရိုင်းတိရိစ္ဆာန်များကလဲ အစောကြီးကတည်းက ကြောက်လန့်ကာ ပိုပြီးနက်သည့် အတွင်းပိုင်းသို့ ထွက်ပြေးသွားကြသည်။

ဒီလိုအချိန်ကာလတွင် အသက်ရှင်သန်ခြင်းက လူသားနှင့်တိရိစ္ဆာန်တို့ နှစ်ခုစလုံးအတွက် မလွယ်ကူလှပေ။

လီရှီသည် အိမ်နီးချင်းက မိန်းမငယ်လေးကို ကြည့်လိုက်ပြီး သူမ၏ပါးစပ်က တတွတ်တွတ်ရွတ်နေကာ မုဆိုးဖိုကြီး၏ ညီများက ချော့တစ်ဝက် ခြောက်တစ်ဝက်ဖြင့် ခေါ်သွားသည်ကို တွေ့လိုက်ရသည်။ သူမ၏ ငိုသံကပင် မသဲမကွဲ ဖြစ်လာသည်။ သူတို့သည် အဝေးသို့ရောက်သွားသည်နှင့်အမျှ သူမအသံက လေထဲတွင် မြန်မြန်ပျောက်ကွယ်သွားတော့သည်။

လှည့်အကြည့်တွင် အမေဖြစ်သူက မျက်ရည်များကိုသုတ်ရင်း ထိုစပါးနှစ်အိတ်ကို တွယ်ဖက်ထားကာ သူ၏အသက်ကို ထိန်းထားသည့်နှယ်။

ကြည့်ရှုနေသူများက အချိန်တစ်ခုအထိ စောင့်ကြည့်နေလိုက်ကြပြီး မိသားစုက သတိပြန်ဝင်လာပြီး သူတို့၏စပါးကို ဂရုတစိုက် သယ်ယူရင်း အိမ်တံခါးပိတ်သွားသည်အထိ လူစုမခွဲကြသေးချေ။ ကျန်နေသေးသည့်လူအုပ်ကြီးက တံခါးဝတွင်စုဝေးလာကာ အားကျသလို သက်ပြင်းချရင်း ထိုအကြောင်းကိုဆွေးနွေးနေကြပြီး ထွက်သွားဖို့ရန် အသင့်မဖြစ်ကြသေးပေ။

ညီငယ်လေးများနှင့်အတူ ရှန်းကျင့်သည် အသစ်ပေါက်လာသည့် တောဟင်းရွက်များကို ရှာဖွေဖို့ရန်အနီးအနားက တောင်ကုန်လေးပေါ်တွင် ပတ်သွားနေကြပြီး သူတို့၏အပြန်လမ်းတွင် သူတို့သည် မုဆိုးဖိုနှင့်သူအဖွဲ့တို့ကို မမျှော်လင့်ပဲ တွေ့လိုက်ရလေသည်။

ညီအစ်ကိုများက ထိုမိန်းကလေးကို မှတ်မိလိုက်ကြသည်။ သူမသည် ရှန်းနဥ်ထက်၂နှစ်လောက်သာ ပိုကြီးမည်ထင်သည်။ ဘာဖြစ်ခဲ့ပါသနည်း။

ရှန်းကျင့်က သူ့ညီငယ်လေးများကို အခါအကွယ်ပေးထားပြီး နောက်သို့ဆုတ်လိုက်ကာ သတ္တိများကိုစုစည်းရင်း လှမ်းခေါ်လိုက်လေသည်။

"ဝမ်မေညန်လား"

မုဆိုးဖိုကြီးက သူ့ကိုလှမ်းကြည့်လိုက်ပြီး သူ့ကို ကလေးတစ်ယောက်ဖြစ်နေသဖြင့် လွှတ်ပေးလိုက်ကာ တုံးတိပြန်ဖြေလိုက်လေသည်။

"သူက ငါတို့မိသားစုနဲ့ လက်ထပ်ပြီးသွားပြီ” ဆက်ပြီးရှင်းပြမနေတော့ဘဲ ထိုလူများက ဝမ်မေညန်ကို မြန်မြန် ဆွဲခေါ်သွားလိုက်ကြသည်။

ဝမ်မေညန်သည် ငိုရှိုက်ရင်း အသည်းအသန် ရုန်းကန်နေပါသော်လည်း သူမသည် ထိုအရွယ်ရောက်ပြီးသား ယောကျ်ားသားများ၏ ခွန်အားကို မည်သို့ကျော်နိုင်ပါမည်နည်း။

ရှန်းထျယ်၏ခြေထောက်ကို တွယ်ဖက်ထားသည့် ထျန်းယာမှာ နောက်သို့ကျုံ့သွားပြီး တိုးတိုးလေးပြောလိုက်လေသည်။

"ကိုကို အစ်မမေညန်က ငိုနေတယ်နော်"

ကိုယ်တိုင်လဲ အနည်းငယ်လန့်သွားသည့် ရှန်းထျယ်က ရှန်းကျင့်ကိုမေးလိုက်သည်။

"အစ်ကို လက်ထပ်တယ်ဆိုတာ အမြဲတမ်း ဒီလိုပဲလား"

ရွာထဲက မိန်းကလေးများအတွက် အသက်၁၃နှစ် ၁၄နှစ်အရွယ်တွင် လက်ထပ်ခြင်းက ပုံမှန်ဖြစ်သော်ငြားလည်း ဒီလိုအချိန်တွင် အခြေအနေက ညီညွတ်မျှတပြီး ပျော်ရွှင်ဖွယ်ဖြစ်လေသည်။ ဝမ်မေညန်၏ ဒီအခြေအနေကတော့ ကြောက်စရာကောင်းလှသည်။

ကိုယ်တိုင်လဲ မသေမချာဖြစ်နေသည့် ရှန်းကျင့်က သူ့ညီလေးကို တိုက်တွန်းလိုက်၏။

"ရွာကို မြန်မြန်ပြန်ပြီးတော့ သွားကြည့်ရအောင်"

ညီအစ်ကိုများက အလောတကြီးပြန်လာခဲ့ကြသည်။ ဝမ်မိသားစုအိမ် အပြင်ဘက်က လူအုပ်ကြီးကတော့ လူမခွဲသွားကြသေးချေ။ လီရှီ၏ဘေးသို့ချဥ်းကပ်လာရင်း ရှန်းကျင့်က ပဲနှင့်စပါး တစ်အိပ်ခွဲအကြောင်း ပြောနေသည့်လူများ၏ စကားကို ပြန်ကြားလိုက်ရသည်။ ဝမ်မိသားစုသည် ယခုအခါတွင်တော့ ရိက္ခာများရှိလာပြီဖြစ်သည်။

သူသည် ဖြစ်ပျက်သွားသည့် အကြောင်းအရာကို မသဲမကွဲ နားလည်လိုက်သော်ငြားလည်း အပြည့်အဝတော့ သိလိုက်ခြင်း မဟုတ်ပေ။

ဝမ်မိသားစု၏ အိမ်တံခါးက ပိတ်သွားပြီး လူများ၏မှတ်ချက်ကလဲ လျော့နည်းသွားကာ လူအုပ်ကြီးက တဖြည်းဖြည်း လူစုခွဲသွားကြသည်။ အားလုံးက သူတို့ဟာသူတို့ ရုန်းကန်ခဲ့ရသည်။ တောဟင်းရွက်များကို ရှာဖွေရင်း လယ်များကိုထွန်ယက် စိုက်ပျိုးခြင်းနှင့် အိမ်တွင်ဆန်ချွေတာခြင်းများ ပြုလုပ်ရသည်။ ထို့ကြောင့် သူတို့အားလုံးက သူတို့၏ အိမ်အသီးသီးသို့ ပြန်သွားကြလေတော့သည်။

...

ရှန်းမိသားစု၏ တတိယအိမ်ထောင်စုကလဲ အိမ်သို့ ပြန်လာကြလေသည်။

ရှန်းစန်းက ရှန်းကျင့်၏လက်ထဲက ခြင်းကို လှမ်းကြည့်လိုက်ပြီး ခြင်းကိုမွှေနှောက်လိုက်ရာ မုယောစပါး၊ ကုလားချဥ်ပေါင်၊ တောင်အော်ရွက်တို့ကိုသာ တွေ့လိုက်ရပြီး လက်နှစ်ဆုပ်စာသာ ရှိလေသည်။

အငတ်ဘေးမှ ထွက်ပြေးလာသည့် နှစ်အများကလွဲလျှင် ရှန်းစန်းသည် တောဟင်းရွက်များအပေါ် ဤမျှလောက် အထင်မသေးခဲ့ဘူးချေ။ သို့သော်ငြားလည်း ပြီးခဲ့သည့် ၂လအတွင်းတွင် သူ့မျက်နှာကို ညှိုးရော်စေသည့် အရောင်ရှိသည့် ဒီအစိမ်းရောင်အရွက်များကပင် အခုတော့ ရှာဖွေဖို့ရန် ခက်ခဲလာခဲ့သည်။ မည်သိုပင်ဖြစ်စေ သူတို့သည် ဆာလောင်မှုကို ကျေနပ်နှစ်သိမ့်နိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်မိသားစု၏ ပဲနှင့်စပါးတစ်အိပ်ခွဲအကြောင်း စဥ်းစားမိလိုက်သည်တွင် ရှန်းစန်းသည် ထန်းယာကို အလိုလို လှမ်းကြည့်လိုက်မိသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သူသည် စိတ်ပျက်သွားတော့သည်။ သူမသည် အလွန်မှ ငယ်ရွယ်နေသေးလေသည်။

ဒီလိုအချိန်ကာလမျိုးတွင် လူများသည် လုံးဝ အဖိုးမတန် သလောက်ပင်။ သူမက ၁၀နှစ်လောက် ပိုပြီးကြီးနေလျှင် ချက်ခြင်း လက်ထပ်ပေးလိုက်နိုင်သည်။ သူသည် အလွန်မှ ငယ်ရွယ်သေးသည်။ လက်ထပ်ပေးဖို့ရာက မဖြစ်နိုင်တော့သည်ဖြစ်ရာ လူကုန်ကူးသူများကပင် စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။

စျေးကောင်းတစ်ခုရဖို့ရန် မိန်းကလေးတစ်ယောက်သည် အနည်းဆုံးတော့ အသက်၇နှစ်ရှိမှ ဖြစ်မည်။ ထိုအခါ လူကုန်ကူးသူများက သူမကို နှစ်အနည်း ငယ်လောက် ကျွေးမွေးပြီးလျှင် ရောင်းချနိုင်သည်။ ယောကျ်ားလေးများ အတွက်တော့ သူတို့သည် အလုပ်လုပ်နိုင်မည့် အသက်၉နှစ် ၁၀နှစ်အရွယ်ကို လိုအပ်ပြီး အလုပ်သမား သို့မဟုတ် ကျွန်များအဖြစ် ရောင်းချလိုက်သည်။

သူ့မျက်လုံးများက ရှန်းကျင့်၊ ရှန်းယင်နှင့် ရှန်းထျယ်တို့၏ မျက်နှာဆီသို့ ဖြတ်ခနဲရောက်သွားပြီး သူ့လက်ချောင်းများက ထိန်းမရနိုင်အောင် တုန်ရင်သွားတော့သည်။

ဒါတွေက သူ့သားတွေပဲ...

ရှန်းကျင့်၏ လက်ထဲက ခြင်းကို လှမ်းယူလိုက်သည့် လီရှီက သားဖြစ်သူများကို ကြည့်နေသည့် ရှန်းစန်း၏မျက်နှာပေါ်က စိတ်ကူးဖြင့် မှန်းဆကြည့်နေသည့် အမူအယာကို ဖြတ်ခနဲ သတိထားမိလိုက်သည်။

ရုတ်တရက် သတိပေးချက်တစ်ခုက သူမဆီသို့ရောက်လာပြီး သူမ၏အကြည့်ကို မြန်မြန်ပြောင်းလိုက်ကာ သူမ၏ရင်များမှာ တဒိုင်းဒိုင်းခုန်သွားတော့သည်။

ကလေးတွေကို ကျွန်အဖြစ် ရောင်းစားတာလေ။ သူမက ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။ သူမမှာလဲ ကလေးတွေရှိတာပဲ။ ကိုယ့်ရဲ့ကလေးတွေကို ရောင်းစားတဲ့လုပ်ရပ်က ဘေးအိမ်က ဝမ်မိသားစုတစ်ခုပဲ ချွင်းချက်ဖြစ်နေတာ မဟုတ်ဘူးလေ။

လီရှီ၏ နှလုံးသားမှာ ဗရမ်းဗတာလှုပ်ခါသွားပြီး သူမသည် မျက်လွှာကိုချထားရင်း သူမ၏အသက်ရှူသံကို တည်ငြိမ်အောင် ရုန်းကန်လိုက်ရသည်။ သူမ၏ အသားအရောင်က ပုံမှန်ပြန်ဖြစ်လာသည့်အချိန်မှ တစ်ဖန် မော့ကြည့်ရဲသွားတော့သည်။

ထိုအချိန်တွင် သူမသည် ရှန်းစန်းကို စိုးရိမ်တကြီး လေ့လာမိလာခဲ့သည်။

အစပိုင်းတွင်တော့ သူမက ထန်းယာဖြစ်မှာကို စိုးရိမ်ခဲ့လေသည်။ သို့သော်ငြားလည်း ရှန်းစန်း၏ အကြည့်က ရှန်းကျင့်နှင့် ရှန်းယင်ဆီကိုသာ အများဆုံး တွယ်ရစ်နေသည်ကို သိရလိုက်သည်။

သူမကို တုန်ရင်သွားအောင် လုပ်ချင်နေသည့် အရိုးထဲထိစိမ့်မတတ် အေးခဲသွားသည့် ခံစားချက်ကို မြိုသိပ်ထားရင်း သူမက ရှန်းစန်း လယ်ထဲသို့ သွားလိုက်သည်အထိ စောင့်ဆိုင်းနေလိုက်ပြီး ရှန်းကျင့်နှင့် ရှန်းယင်တို့ကို အထဲသို့ဆွဲခေါ်လာကာ တိုးတိုးလေး ပြောလိုက်လေသည်။

"ငါတို့တွေ အခုတလော တောအစပ်မှာ ဘာမှမဖမ်းမိဘူး၊ ငါ နင်တို့နဲ့အတူ တောထဲကိုအဖော်လိုက်ပြီး သွားမယ်ဆိုရင်ရော ဘယ်လိုလဲ"

ရှန်းကျင့်မှာ တအံ့တသြ ဖြစ်သွားတော့သည်။

သူတို့သည် မြေများကို ရောင်းချပြီးကတည်းက သူ့အမေကသူ့ကို တောအတွင်းအနက်အထိ သွားဖို့ တားမြစ်ထားလေသည်။

"အမေ"

လီရှီက သူမ၏ မျက်လုံးများကို ခဏလောက်မှိတ်ထားလိုက်ပြီး သူမ၏ရင်ထဲက လေးလံနေသည့် သက်ပြင်းချသံကို မှုတ်ထုတ်ဖို့ရန် ခွန်အားစုစည်းရင်း ပြောလိုက်လေသည်။

"ငါ နင်တို့နဲ့အတူ တောအနက်ထဲထိသွားဖို့ အဖော်လိုက်ပေးမယ်။ တကယ်လို့ ငါတို့တွေ တောကြက်တစ်ကောင်လောက်ကို ဖမ်းမိခဲ့မယ်ဆိုရင် အိမ်ကို ယူပြန်လာပြီး နင်နဲ့ရှောင်ယင်တို့က အခုဆိုရင် တောကောင်တွေကို.ဖမ်းနိုင်ပြီဆိုတဲ့အကြောင်း နင့်အဖေကို ပြောပြရမယ်"

သူမပြောသည့်ပိုပြီးနက်သည့် တောအတွင်းပိုင်းဆိုသည်မှာ ရွာသားများက ပုံမှန်ဆိုရင် တောဟင်းရွက်များကို သွားရှာသည့်နေရာထက် ကျော်လွန်သည့်နေရာဖြစ်လေသည်။

ရှန်းယင်ကပင် ဇဝေဇဝါဖြစ်သွားတော့သည်။ သူတို့၏အဖေက မိသားစု၏ပိုင်ဆိုင်မှုများကို ပေါင်နှံပြီး စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့ စုဆောင်းထားသည့်ငွေများကို လွှဲပြောင်းပေးလိုက်ပြီးအချိန် ကတည်းက၊ သူတို့အတွက် ဆားဝယ်ရန်ပင် လုံလုံ လောက်လောက် မချန်ထားပေးကတည်းက သူတို့၏အမေသည် သူတို့၏အဖေဖြစ်သူကို စတင်သတိထား စောင့်ကြပ်လာခဲ့သည်။ တောကြက်များကို အမဲလိုက်ခြင်း၊ ဂူများကိုတူးဖော်ခြင်းများကအစ သူ့ကို လျှို့ဝှက်ထားရသည်။ ယခုကျမှ သူမက အဘယ်ကြောင့်များ ထိုအကြောင်းကို ထုတ်ဖော်ပြောဖို့ အကြံပြုခဲ့ပါသနည်း။

ရှန်းကျင့်သည် အခိုက်အတန့်အေးခဲသွားပြီး ရုတ်တရက်တစ်ခုခုကို သဘောပေါက်သွားကာ မယုံသင်္ကာဖြင့် လီရှိကို မော့ကြည့်လိုက်လေသည်။

"အမေ အမေပြောချင်တာက အဖေက... အဖေက..."

သူသည် စကားကိုပင် ဆုံးအောင်မပြောနိုင်ပေ။

လီရှီက ရှန်းကျင့်၏လက်ကို ဖမ်းဆုပ်ထားပြီး သူမကို ဆက်မပြောဖို့ တားမြစ်ထားလိုက်ကာ တိုးတိုးလေးသာ ပြောလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် ငါတို့တွေက နင်နဲ့ရှောင်ယင်ရဲ့တန်ဖိုးကို ပြသဖို့လိုတယ်"

အဖိုးတန်ခြင်းအဓိပ္ပါယ်မှာ ဗိုက်ပြည့်ဖို့ရန်အတွက် သူတို့ကို စပါးအိတ်လေး အနည်းငယ်ဖြင်ံ့ အရောင်းအဝယ် မလုပ်နိုင်သလို မစွန့်ပစ်နိုင်သည့်အဓိပ္ပါယ်ပင်။

အပြည့်အဝ နားမလည်နိုင်ဖြစ်နေသေးသည့် ရှန်းယင်က မျက်ရည်များဝဲနေသည့် ရှန်းကျင့်ကိုကြည့်နေလိုက်သည်။

ဒါက သူတို့အဖေရဲ့ ရည်ရွယ်ချက်စိတ်ကူးကို သူတို့အမေက သတိထားမိသွားပြီး ဒီလိုအမူအယာဖြစ်သွားတာပဲ ဖြစ်ရမယ်။

ရှန်းကျင့်သည် အော်မငိုခဲ့သော်ငြားလည်း သူ့မျက်ရည်များက အလျင်အမြန် စီးကျလာပြီး သူ့မျက်နှာမှာ မသက်မသာ ခံစားချက်ကြောင့် ရှုံ့မဲ့သွားပြီး စိတ်မအေးနိုင် ဖြစ်သွားတော့သည်။

သူက မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး သူ့မျက်နှာနှင့်လက်များပေါ်တွင် မျက်ရည်များ စွန်းထင်းသွားလေသည်။ သူ၏ အသက်ရှူသံကလဲ ဟောဟဲလိုက်နေတော့သည်။ သူသည် ကြိုးစားအားထုတ်မှု ပြုလုပ်နေသော်ငြားလည်း နောက်ဆုံးတော့ ငိုရှိုက်သံက ပေါ်ထွက်လာတော့သည်။

ဘာမှမတတ်နိုင်သလို ခံစားလိုက်ရပြီး အခြေအနေကို နောက်ကျမှ သဘောပေါက်သွားသည်တွင် ရှန်းယင်၏မျက်လုံးများက နီရဲလာပြီး သူ့နှုတ်ခမ်းများက တုန်ယင်သွားကာ ရှန်းကျင့် ငိုနေသည်ကို လိုက်ငိုမိလေတော့သည်။

လီရှီက နှစ်ယောက်စလုံးကို ပွေ့ဖက်ထားပြီး ခပ်တိုးတိုးလေး ချော့မော့ပြောဆိုလိုက်သည်။

"အခုမဟုတ်ဘူး၊ အခုမဟုတ်ပါဘူး၊ ငါတို့တွေ အဲဒီအခြေအနေထိ မရောက်သေးပါဘူး။ နင်က အမဲလိုက်နိုင်တာပဲ အဲလိုဖြစ်လာမှာ မဟုတ်ဘူး၊ အဲလိုမဖြစ်ဘူး"

လီရှီမှာ ကလေးများကို နှစ်သိမ့်နေသည်လား သူမကိုယ်သူမ နှစ်သိမ့်နေသည်လား ဒါမှမဟုတ် နှစ်ခုစလုံးကို နှစ်သိမ့်နေသည်လားကို သေချာမသိတော့ပေ။

သူမက သူတို့၏မျက်နှာပေါ်က မျက်ရည်နှင့်နှာရည်များကို သုတ်ပေးလိုက်ပြီး သူမ၏မျက်လုံးကလဲ နီရဲလာလေသည်။

"ငါ နင်တို့ကိုအဖော်လိုက်ပြီး တောင်ထဲကိုလိုက်ခဲ့မယ်၊ ငါတို့တွေ အစောပိုင်းကချထားတဲ့ ထောင်ချောက်တွေမှာ တစ်ခုခု ဖမ်းမိလားဆိုတာ အရင်ဆုံး သွားစစ်ဆေးကြမယ်။ ငါတို့တွေ ပိုပြီး အတွင်းပိုင်းကျတဲ့နေရာကိုသွားပြီး ထောင်ချောက်တွေ ထပ်ပြီးထောင်ကြမယ်။ တစ်ရက်နှစ်ရက်လောက် ဒါမှမဟုတ် သုံးရက်လောက်နေရင်တော့ ငါတို့တွေ အိမ်ကို တစ်ခုခုယူပြန်လာနိုင်မှာပါ"

ရှန်းကျင့်သည် သူ့မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်လေသည်။

"ဟုတ်ကဲ့ အခုသွားရအောင်"

သူတို့သည် အပြင်ထွက်လာရင်းမှ ရှန်းကျင့်က ရှန်းထျယ်နှင့်ရှန်းထျန်းတို့ကို မြင်လိုက်သည်တွင် ခဏလောက် တုံ့ဆိုင်းသွားပြီး လီရှီကို မော့ကြည့်လိုက်လေသည်။

"အမေ ကျွန်တော်တို့တွေ ရှောင်ထျယ်နဲ့ထျန်းယာကိုရော ခေါ်သွားကြမလား"

ဝယ်ယူသူတစ်ယောက်ကိုရှာဖွေဖို့ရန် အချိန်ပေးရပြီး ဒီလိုခက်ခဲသည့် အချိန်ကာလမျိုးတွင် အားလုံးက ကိုယ့်ဟာကိုယ်စားသောက်ဖို့ရန် ရုန်းကန်နေရချိန်တွင် ဝယ်သူဖြစ်စေ၊ လူကုန်ကူးသူဖြစ်စေ၊ ပိုပြီးအသက်ကြီးသည့် ကလေးများကို ရွေးချယ်ကြလိမ့်မည်ဟု စဥ်းစားမိသည်တွင် လီရှီက ထိုကိစ္စကိုလုပ်ရန် မလိုကြောင်း စဥ်းစားလိုက်သည်။ ဖြစ်ချင်တော့ အငယ်နှစ်ယောက်မှာ သူတို့၏ အသက်အရွယ်ကြောင့် သရော်ချင်စရာကောင်းလောက်အောင် ပိုပြီးအန္တရာယ်ကင်းနေလေသည်။

သူမက ခေါင်းကာပြလိုက်သည်။

"ရပါတယ် သူတို့တွေက နောက်ရက်အနည်းငယ်အထိ အန္တရာယ်ကင်းသေးတယ်။ ငါတို့တွေက နောက်ပိုင်းကျရင်တော့ ပိုပြီးသတိထားရလိမ့်မယ်"

လီရှီသည် အငယ်နှစ်ယောက်ကို တောင်အတွင်းပိုင်းသို့ ခေါ်သွားဖို့ရန် တွန့်ဆုတ်မိသည်။

ရှန်းကျင့်သည် လူကုန်ကူးခြင်း၏ မသိမသာကွဲပြား သည့်အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်သော်ငြားလည်း ပြီးခဲ့သည့် လအနည်းငယ်အတွင်းတွင် သူမနှင့် ကြီးမားသည့် သံယောဇဥ်တစ်ခု တိုးတက်လာသည်ဖြစ်ရာ သူသည် လီရှီကို အကြွင်းမဲ့ယုံကြည်လေသည်။ သူက လှည့်ကာ ခြင်းတောင်းများကို လှမ်းဆွဲလိုက်ပြီး ရှန်းယင်နှင့်အတူ ထွက်လာခဲ့သည်။

လီရှီက ရှန်းထျယ်နှင့်ရှန်းထျန်းတို့ကို အိမ်ထဲတွင်နေကာ လျှောက်ပတ်မသွားဖို့ မှာကြားထားလိုက်ပြီး သူတို့အဖေပြန်လာလျှင် သူတို့က တောဟင်းရွက်များကို သွားခူးသည်ဟုပြောဖို့ မှာထားလိုက်သည်။

အစ်ကိုဖြစ်သူ၏ နီရဲနေသည်မျက်လုံးများကို သတိ ထားမိသော်ငြားလည်း သူတို့က အလျင်အမြန် ထွက်သွားသည်ကို မြင်လိုက်သည်တွင် ရှန်းထျယ်က လီရှီ၏အမှာစကားကို နားထောင်လိုက်သည်။

....

ဒါသည် လီရှီအတွက် သူမ ဖျားနာပြီးကတည်းက သူမ၏သားဖြစ်သူများနှင့် တောင်အတွင်းပိုင်းသို့ အဖော်လုပ်ပေးလာသည့် ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။

သူမသည် တောင်အတွင်းပိုင်းသို့ ကွေ့ပတ်သည့်လမ်းများကိုဖြတ်ကာ သားဖြစ်သူနောက်မှ လိုက်လာလေသည်။ သူတို့သည် သူမကို မထင်မရှားနေရာတစ်ခုသို့ ဦးတည်လာပြီး ပုန်းခိုရမည့်တွင်းတစ်ခုထဲသို့ တွားသွားပြီးဝင်လိုက်ကြသည်။ သူမကိုနောက်မှ လိုက်ဝင်လာဖို့ လှမ်းခေါ်လိုက်သည်တွင် သူမမှာ တအံ့တသြဖြင့် တုံ့ဆိုင်းသွားတော့သည်။

ဒါသည် သူမစိတ်ကူးထားသည့် တွင်းမျိုးနှင့်ကွာခြားနေလေသည်။

တွင်းထဲသို့ဝင်လာပြီး အပေါ်ကအဖုံးကို ပိတ်လိုက်ပြီးနောက်တွင် လီရှီက အမှောင်ကို ကျင့်သားရအောင်လုပ်လိုက်ပြီး သူမ၏သားဖြစ်သူများက ပစ္စည်းအမျိုးမျိုးကို စုဆောင်းထားခဲ့သည်ကို သိလိုက်ရသည်။ မြင်ကွင်းက အကန့်အသတ်နှင့် ဖြစ်နေသော်ငြားလည်း အိုးများ၊ ရေခရားများ၊ မီးဖိုချောင်သုံး အသုံးအဆောင်ပစ္စည်းများမှန်း သိနိုင်သည်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူမက အိုးတစ်လုံးကို ဖွင့်လိုက်သည်တွင် ခြောက်သွေ့ ပြီး ကြပ်တိုက်ထားသည့် အသားနံ့က သိသိသာသာ ထွက်လာတော့သည်။

အလယ်တွင် မည်ကာမတ္တလေး လုပ်ထားသည့် သစ်သားစင်လေးတစ်ခုပင် ရှိနေလေသည်။ ထိုစင်ပေါ်တွင်တော့ ပဲပိစပ်များ အပြည့်ဖြည့်ထားပြီး အဝတ်အိတ်လေးတစ်လုံးကို တင်ထားသည်။ လီရှီက အိတ်လေးကို စမ်းသပ်ကြည့်လိုက်ပြီး သဘော ပေါက်သွားလေသည်။

ရှန်းယင်က ရှင်းပြလိုက်၏။

"ဒီလိုတွင်းမျိုး ၃ခုရှိတယ်၊ ကျွန်တော်တို့တွေက ဒီတစ်ခုကို ကိုယ်တိုင်တူးထားတာ၊ ကျန်တဲ့နှစ်ခုကိုတော့ အစ်ကိုကြီးက တူးပေးသွားတာ၊ တွင်းတစ်ခုစီမှာ အစ်ကိုကြီးပေးသွားတဲ့ အသားခြောက်တွေအပါအဝင် သိမ်းထားတဲ့ ရိက္ခာခြောက်တစ်ချို့တွေရှိတယ်"

ရှန်းလီ ထွက်သွားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ရာ ညီအစ်ကိုများက သူအရင်က လာလည်ပတ်သည့်အကြောင်းကို စိတ်အေးလက်အေး ပြောပြနိုင်လေသည်။ လီရှီကို စိတ်အေးရစေရန် သူတို့ကသူတို့၏ သိုလှောင်ထားသည့် အစားအသောက် အကြောင်းကို အသေးစိတ်ပြောပြလိုက်သည်။

လီရှီသည် သူမ၏မျက်လုံးပတ်ဝန်းကျင်တွင် အနွေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။ သူတို့၏ဘဝတွင် ကသောင်းကနင်း ဖြစ်လာကတည်းက သူမသည် သူမ၏တူလေးရှန်းလီကို ကြိတ်ပြီးကျေးဇူးတင်ရသည်မှာ အကြိမ်ကြိမ်ဖြစ်လေရာ မရေမတွက်နိုင်အောင်ပင်။

ဟုတ်ပါသည်။ ရှန်းလီကတော့ သူမကို အစောကြီးကတည်းက စွန့်လွှတ်ခဲ့ပြီး သူမကို အဒေါ်အဖြစ်မှ အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ကာ သူမ၏ကျေးဇူးတင်စိတ်ကိုလဲ စိတ်ဝင်စားမည် မဟုတ်ပေ။

သို့တိုင် လီရှီသည် သူ့အပေါ်စိတ်ရင်းအတိုင်း ကျေးဇူးတင်စိတ် ခံစားမိလေသည်။

စပါးအိတ်လေးကို ကိုင်ထားရင်း သူမသည် နှုတ်ဆိတ်နေမိကာ ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ခံစားချက်ကို ထုတ်မပြောနိုင်အောင် ဖြစ်နေတော့သည်။

ရှန်းကျင့်က သူတို့အစ်ကိုပေးထားသည့် လေးခွတစ်ခုကို ထုတ်ယူလိုက်ပြီး သူ့အိပ်ကပ်ထဲသို့ ကျောက်ခဲလက်တစ်ဆုပ်စာကို ထည့်လိုက်သည်။ ထို့နောက်တွင် သူက အမေဖြစ်သူနှင့် ညီဖြစ်သူကို ဦးဆောင်ကာ တွင်းလေးထဲမှ ထွက်လာပြီး ဝင်ပေါက်ကို သေသေချာချာ ဖုံးကွယ်လိုက်ပြီးနောက် တောင်အတွင်းပိုင်းသို့ ဦးတည်သွားလိုက်သည်။

ကံတရားက ညီအစ်ကိုများအပေါ်တွင် မျက်နှာသာ ပေးလေသည်။ ရှန်းကျင့်သည် ထူးထူးခြားခြား ကံကောင်းနေ၏။ တမြန်နေ့ကအထိ ဘာမှဖမ်းလို့မရဘဲ ထောင်ချောက်က အလွတ်ဖြစ်နေသော်ငြားလည်း သူတို့သည် ယုန်မဲလေးတစ်ကောင်ကို မတော်တဆ ရှာတွေ့သွားသည်။ လေးခွနှင့် အကြိမ်ပေါင်းများစွာ ကြိုးစားလိုက်ပြီးနောက်တွင်တော့ သူသည် ယုန်ကို ထိအောင်ပစ်လိုက်နိုင်ကာ ယုန်လေးမှာ လဲကျသွားတော့သည်။

သုံးယောက်သားက အလျင်စလို ပြေးသွားလိုက်သည်တွင် ကျောက်ခဲလေးနစ်ဝင်နေပြီး ခေါင်းတွင် သွေးများထွက်နေသည့် ယုန်ကို တွေ့လိုက်ရသည်။

ရှန်းကျင့်သည် ခက်ခက်ခဲခဲ တံတွေးကိုမြိုချလိုက်ရပြီး သူ့လေးခွ၏ ပြိုင်ဘက်ကင်းအစွမ်းကို ပထမဦးဆုံးအကြိမ် သဘောပေါက်သွားတော့သည်။

ဟုတ်ပါသည်။ သူ့အစ်ကိုက စီရင်စုမှဝယ်လာသည့် ပစ္စည်းများဖြင့် လုပ်ထားပေးသည့် လေးခွမှာ သာလွန်သည့်အရည်အသွေး ရှိလေသည်။

လီရှီသည် ခံစားချက်များလွှမ်းမိုးလာပြီး ခက်ခက်ခဲခဲ အသက်ရှုလိုက်ရကာ ထိုလေးခွကလဲ ရှန်းလီထံမှ လက်ဆောင်တစ်ခုဖြစ်ကြောင်း ကြားလိုက်ရသည်။

သို့သော်ငြားလည်း ထိုပစ္စည်းအပေါ် ကျေးဇူးတင်သည့် သူမ၏စိတ်မှာ အမဲကောင်လေးတစ်ကောင် ဖမ်းမိခြင်းကြောင့် ထွက်လာသည့်ပျော်ရွှင်မှု၏ လွှမ်းမိုးခြင်းခံလိုက်ရလေသည်။ ရှန်းကျင့်နှင့်ရှန်းယင်တို့က ယုန်တစ်ကောင်ကို ကျွန်းကျွမ်းကျင်ကျင် ချည်တုတ်ပြီး သူတို့၏ ခြင်းထဲကိုထည့်လိုက်သည်ကို စောင့်ကြည့်နေလိုက်ပြီးနောက် ဝမ်းသာအားရ အိမ်သို့ပြန်လာကြတော့သည်။

သူတို့သည် ရောဂါကြောင့်နှင့် ငယ်ရွယ်သေးသောကြောင့် တောင်အတွင်းပိုင်းသို့ ဆက်ပြီးသွားဖို့ ရှောင်ရှားလိုက်ကြသည်။ သူတို့၏ လေးခွကိုဝှက် ထားလိုက်ပြီး သားအမိတတွေမှာ ယုန်ကိုတောဟင်း ရွက်များဖြင့် ဖုံးအုပ်ထားကာ အိမ်သို့ပြန်လာလိုက်ကြသည်။

...

ခြင်းထဲမှ ယုန်ကိုထုတ်နေသည့် ရှန်းကျင့်ကိုစောင့်ကြည့်ရင်း ရှန်းစန်းမှာ သူ့မျက်လုံးကို မယုံမကြည်နိုင်အောင် ဖြစ်သွားတော့သည်။

"ဒါက ဘယ်က နေရောက်လာတာလဲ"

ရှန်းစန်းကို ဆက်ပြီးဖုံးကွယ်ထားရသည်နှင့် အသားကျနေသည့် ရှန်းကျင့်က သူနှင့်ရှန်းယင်ကို ရောင်းချမည့် မကြာသေးခင်က သူ့အဖေ၏စိတ်ကူးများကို သတိရလိုက်မိပြီး စကားပြောဖို့ရန် ရုန်းကန်လိုက်ရလေသည်။ သူ၏ခံစားချက်အစစ်အမှန်ကို ထုတ်ပြမိမည်စိုးသဖြင့် သူက ခေါင်းကိုသာဒီအတိုင်း ငုံ့ထားလိုက်ပြီး ရှန်းယင်ကို အတူခေါ်ထားလိုက်သည်။

သားဖြစ်သူက ပြန်ဖြေဖို့ရန်တွန့်ဆုတ်နေသည်ကို မြင်လိုက်သည်တွင် လီရှီက ဝင်ဖြေလိုက်သည်။

"သူတို့တွေက သူတို့အစ်ကိုကြီးဆီကနေ အရင်ကတည်းက သင်ထားတာ မဟုတ်လား။ သူတို့တွေက ဘာမှမတတ်သေးဘူးလို့ ထင်နေတာ ဒါပေမဲ့လည်း တောင်တွေဆီကနေ ပစ္စည်းတွေကို ပြန်ယူလာတာတွေ့တော့ ကျွန်မတောင်အံ့သြသွားတာပဲ"

ယုန်၏ခေါင်းပေါ်က သွေးထွက်နေသည့် ဒဏ်ရာကိုမြင်လိုက်ပြီး ရှန်းစန်းက ရှန်းလီ ကလေးများကို အမဲလိုက်နည်းသင်ခဲ့ပေးသည်ကို ပြန်စဥ်းစားမိသွားလေသည်။ သူ့မျက်လုံးများက လင်းလက်လာ၏။

"မင်း တကယ် တတ်သွားပြီလား မင်းအစ်ကိုကြီးက မင်းကို လေးခွတစ်ခု ပေးခဲ့တာလား"

ရှန်းကျင့်က သူစကားပြောရတော့မည်ကို သိလိုက်သည်။

သူက ခေါင်းငြိမ့်လိုက်၏။

"ဟုတ်ပါတယ် ကျွန်တော်တို့ကို ထောင်ချောက် ဘယ်လို ဆင်ရမလဲဆိုတာ သင်ပေးခဲ့တယ်။ ကျွန်တော်တို့တွေ မအောင်မြင်ဘဲ အကြိမ်အများကြီး ကြိုးစားခဲ့ရတာ ဒါပေမဲ့ ဒီနေ့တော့ ကျွန်တော်က တိုက်တိုက်ဆိုင်ဆိုင် ဒီတစ်ကောင်ထဲတွေ့ပြီး လေးခွနဲ့ပစ်မိတာ"

ရှန်းစန်းသည် ဂုဏ်ယူစိတ်ဖြင့် အားပါးတရ ပြုံးလိုက်ပြီး ရှန်းကျင့်ကို မ,ချီလိုက်လေသည်။

"တော်တယ် ငါ့သား၊ အခုဆိုရင် ငါတို့မိသားစုက အသားတွေတောင် မစားနိုင်တော့ဘူး မဟုတ်လား"

လီရှီမှာ အားယူပြီးပြုံးလိုက်ရကာ ထပ်ပြောလိုက်လေသည်။

"ကျွန်မတို့တွေက ၇ရက် ၈ရက် လောက်နေမှ ယုန်တစ်ကောင်လောက် ဖမ်းမိတယ်ဆိုရင်တောင် ဒါက မြို့ပေါ်မှာ အစားအသောက်နဲ့ အလဲအလှယ်လုပ်လို့ရတဲ့ ပစ္စည်းပဲမဟုတ်လား"

ရှန်းစန်း၏ ရွှင်လန်းစိတ်မှာ အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် သူက ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်၊ ငါတို့တွေအိမ်မှာ အစားအသောက်တွေ နည်းနေပြီ"

သူက တောယုန်ကို လှမ်းကြည့်လိုက်ပြီး ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ရသည်။ အသားငတ်နေလေရာ တမ်းတစိတ်ကြောင့် သူ့အစာအိမ်မှာ နာကျင်နေတော့သည်။

သို့သော်ငြားလည်း ယခုအချိန်တွင် ရှန်းစန်းသည် အမဲကောင်မှနေ၍ အစားအသောက်ကို လဲလှယ်နိုင်မည့် အရေးကြီးသည့်အချက်ကို သတိထားမိလေရာ သူက ဝမ်းသာအားရ ရှန်းကျင့်ကို ပြန်ချပေးထားလိုက်သည်။

"ဟုတ်ပြီ အခု နေ့ခင်းတောင် မရောက်သေးဘူး၊ ငါတို့တွေ ဒီယုန်ကို လတ်ဆတ်နေတုန်း သွားရောင်းသင့်တယ်၊ ငါစီရင်စုကို သွားလိုက်မယ်၊ စပါးနည်းနည်းပါးပါးနဲ့ လဲလှယ်လို့ရမလား မပြောတတ်ဘူး"

သူ၏ဝင်ခွင့်ကဒ်ပြားက ရက်မကျော်သေးချေ။ ထို့ကြောင့် ရှန်းစန်းက အိမ်ထဲမှ သူ့ကဒ်ပြားကို ထုတ်ယူလာခဲ့သည်။ ထို့နောက် သူက ယုန်မဲလေးကို ခြင်းတစ်လုံးထဲထည့်လိုက်ပြီး စီရင်စုသို့ မြန်မြန်ထွက်လာတော့သည်။

သူ ထွက်သွားပြီးနောက်တွင် လီရှီ၏ အမူအယာတစ်ခုလုံးမှာ ကြိတ်မှိတ်သည်းခံနေရသည့် ခံစားချက်ကြောင့် ညှိုးငယ်သွားတော့သည်။

...

တုန်းဖူစားသောက်ဆိုင်

ရွှီမိသားစု၏အစေခံကြီးက ရွှီသခင်ကြီးကို ရှီလီရွာတွင် သမီးများ ရောင်းချနေသည့်အကြောင်း သတင်းပေးလိုက်လေသည်။ အနောက်ဘက်လမ်းကြားလေးတွင် ထိုင်နေရင်း အစေခံက တစ်ခြားစားသောက်ဆိုင်၏ မီးဖိုချောင်အနောက်ဘက်တွင် တစ်ခုခုကိုရောင်းဖို့ ကြိုးစားနေဟန်တူသည့် လူတစ်ယောက်ကို အဝေးမှနေ၍ သတိထားမိလိုက်သည်။

ခြင်းထဲကယုန်ကို ထုတ်လာသူမှာ တစ်ခြားသူမဟုတ် ရှန်းစန်းသာ ဖြစ်တော့သည်။

ယုန်ကို မြင်လိုက်သည်တွင် အစေခံကြီးက အခြေအနေကို မြန်မြန်သုံးသပ်လိုက်ပြီး ဆိုင်အတွင်းဘက်သို့ မြန်မြန်ပြန်သွားကာ ရွှီသခင်ကြီးကို အကြောင်းကြားလိုက်သည်။

သခင်နှင့်အစေခံတို့သည် အနောက်ဘက်လမ်းကြားလေးကို အပေါ်မှ စီးပြီးမြင်နိုင်သည့် နေရာတစ်ခုမှ ရှန်းစန်းကိုစောင့်ကြည့်လိုက်ကြပြီး အမှန်ပင်သူဖြစ်နေကြောင်း အတည်ပြုလိုက်ကြသည်။

ထိုလူထွက်သွားပြီးနောက်တွင် သူတို့ကအစေခံငယ်လေး တုံန်းကဲကိုလွှတ်ကာ လမ်းမျက်စောင်းထိုးက စားသောက်ဆိုင်ဆီသို့ သွားစုံစမ်းခိုင်းလိုက်သည်။ ယုန်ကို မိသားစုကဖမ်းလာသည့် အမဲကောင်အနေဖြင့် ရောင်းချခဲ့မှန်း အတည်ပြုခဲ့ရသည်။

တုန်းကဲက ပြန်တင်ပြ၏။

"ကျွန်တော် ဒဏ်ရာကို လေ့လာခဲ့တယ်၊ ကြည့်ရတာလေးခွတစ်ခုနဲ့ ပစ်ခံထားရတဲ့ပုံပဲ"

ထို့နောက်တွင်တော့ ရွှီမိသားစုသခင်ကြီးက ယုန်ကိုရှန်းကျင့်က အမဲလိုက်ခဲ့တာဖြစ်ရမည်ဟု သဘောပေါက်လိုက်လေသည်။

တုံန်ကဲကို ပြန်လွှတ်လိုက်ပြီးနောက်တွင် အစေခံကြီးက ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်လာပြီးနောက် ရှန်းစန်းက စီရင်စုသို့ နောက်တခေါက် ထပ်ရောက်လာသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်တွင် ရှန်းကျင့်က စျေးသည်ကြီးဆီတွင် ရက်ပေါင်းများစွာ အရောင်းအဝယ် မလုပ်တော့ပေ။ ဒါက ရွှီသခင်ကြီး၏ သံသယကိုအတည်ပြုပေးလိုက်ပြီး ရှန်းလီထံသို့ စာတစ်စောင် ချက်ချင်းရေးဖို့ ဖြစ်လာတော့သည်။

အစောပိုင်း နေ့အလင်းရောင်ကို အသုံးချလိုက်ကာ ဆိုင်တာဝန်ခံရွှီက စာကို ဝါးကျည်တောက်ထဲ ထည့်သိမ်းလိုက်ပြီး အစေခံကြီးနှင့် တုန်းကဲတို့ကို စုတ်ပြဲနေသည့် အဝတ်အစားများဖြင့် ရုပ်ဖျက်ပြီး တောင်အတွင်းပိုင်းသို့ တိတ်တဆိတ် စာသွားပို့ပေးဖို့ ညွှန်ကြား လိုက်သည်။

လတ်တလောတွင် စာထဲက အသေးစိတ်အကြောင်းအရာမှာ နိုင်ငံရေးအခြေအနေ အပြောင်းအလဲသာဖြစ်ပြီး ဆိုင်တာဝန်ခံရွှီ၏ စိုးရိမ်စိတ် ရှီလီရွာ၏ အခြေအနေနှင့် လီရှီက သူမကလေးများအပေါ် တုံ့ပြန်ပုံအပါအဝင် ဖြစ်လေသည်။

သူတို့က ထွက်ခွာတော့မည် ပြင်လိုက်စဥ်တွင် ဆိုင်တာဝန်ခံရွှီက နောက်ဆုံးမှာ ကြားချက်တစ်ခုအတွက် သူတို့ကို လှမ်းတားလိုက်သည်။

လက်ရှိတွင် သူတို့နှင့်အတူ အစားအသောက်သယ် သွားလျှင် အလွန်မှ အန္တရာယ်များသည်။ တောင်ထဲတွင် ကပ်ဘေးဒုက္ခသည်များစွာ ပုန်းခိုနေကြပြီး လက်ဗလာဖြစ်နေသည့် လူ၃ယောက်က ဆွဲဆောင်မှု ဖြစ်လိမ့်မည်မဟုတ်ပေ။ အမှန်တွင် တခြားသူများက သူတို့ကိုသာ ရှောင်ကျဥ်သွားလောက်သည်။ သို့သော်ငြားလည်း အစားအသောက်သယ်ထားသည့် ကပ်ဘေးဒုက္ခသည်၃ယောက်က အန္တရာယ်၏ ပစ်မှတ်တစ်ခု ဖြစ်လာနိုင်သည်။

ဆိုင်တာဝန်ခံရွှီက ဆိုင်၏သိုလှောင်ခန်းထဲက သီးသန့် သိမ်းဆည်းထားသည့်ထဲက ဆား၂၀ ကီလိုကိုယူ သွားဖို့ရန်မှာ ကြားလိုက်သည်။ သူက ဆားများကို အဝတ်အိတ်အပါးလေး အခု၂၀ ကျော်အထိခွဲထည့်လိုက်ပြီး တစ်ခုချင်းစီကို သေသေချာချာ ထုပ်ထားကာ အစေခံကြီးနှင့်တုန်းကဲတို့၏ အဝတ်အစားအောက်တွင် သိုသိုဝှက်ဝှက်လေး ခေါက်ထည့်ထားလိုက်သည်။

ဆိုင်တာဝန်ခံရွှီ၏ ကိုယ်ပိုင်ရိက္ခာများမှာ တော်တော်လေးကို လုံလောက်လှသည်။ သို့သော်ငြားလည်း သူသည် တစ်ခြားမိသားစုများ၏ အခြေအနေကိုတော့ သေချာမသိပေ။ ပိုအေးလာသည့်ရာသီဥတုကို အသုံးချကာ သူသည် တတ်နိုင်သလောက် အကူအညီများကို ပို့ပေးချင်လေသည်။

သူ့လူများကို စေလွှတ်ပေးလိုက်ပြီးနောက်တွင်မှ ဆိုင်တာဝန်ခံရွှီသည် ပင့်သက်ချမိတော့သည်။

သူသည် စာကိုပို့ရခြင်းအကြောင်းအရင်းမှာ လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီး သူ၏စိတ်မအေးနိုင်မှုကို ဝေငှဖို့ရန် လိုအပ်ချက်တစ်ခုအပြင် ရှန်းလီက ရှန်းမိသားစု၏ တတိယအိမ်ထောင်စုက ကလေးများ၏ကိစ္စကို စောင့်ကြည့်ပေးဖို့ တာဝန်ပေးထားခြင်းကြောင့်လဲဖြစ်သည်။ သို့သော်ငြားလည်း ရှန်းလီက ထိုစာကိုလာယူနိုင်မည်လား။ ဘယ်အချိန်မှ လာယူနိုင်မည်လဲ ဆိုတာကိုတော့ သူကိုယ်တိုင်ပင် မသိပေ။

တစ်နေ့တစ်နေ့ ဖရိုဖရဲဖြစ်မှုများက ပိုပြီးကြီးထွားလာကာ မငြိမ်သက်မှုများကလဲ ရှဲ့ကျိုးသို့ နီးသထက်နီလာပြီး ဒေသခံအာဏာပိုင်များ၊ စစ်တပ်များနှင့် အထင်ကရမိသားစုများက သူတို့၏ကိုယ်ပိုင်အရေးပေါ် အခြေအနေအတွက် အစီအစဥ်များရှိထားသည့်တိုင် ဆိုင်တာဝန်ခံရွှီမှာ ဝန်လေးသလို ပိုပြီးခံစားလာရသည်။

သူသည် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ဆက်တိုက် ပြင်ဆင်ထားသော်ငြားလည်း သူ၏ရွေးချယ်မှုက အကန့်အသတ်နှင့် ဖြစ်နေသည်။

ဆိုင်တာဝန်ခံရွှီသည် သူ့အမေနှင့်ကလေးငယ်နှစ်ယောက်အတွက် ပူပန်မှုနည်းပါးသော်ငြားလည်း ရှဲ့ကျိုးတွင် ကျန်နေခဲ့သည့် သူ့မိန်းမနှင့် သားအကြီးများအတွက်တော့ ပိုပြီး စိုးရိမ်ရလေသည်။

ကပ်ဘေးဒုက္ခက သူကိုယ်တိုင် ဒါမှမဟုတ် သူ၏မိသားစုများဆီသို့ ဘယ်အချိန်ဘယ်လို လာရောက်ရိုက်ခတ်မည်ကို ကြိုတင်မခန့်မှန်းနိုင်ပေ။

နိုးထလာသည့်အချိန်တိုင်းက ညှင်းပမ်းမှုဒဏ်တစ်ခုပင်။

ဝမ်မိသားစုက သူတို့ကိုယ်တိုင်ကာကွယ်နိုင်လောက်အောင် လုံလောက်သည်အထိ ခွန်အားကြီးမားပြီး အနည်းဆုံးတော့ သူ့မိန်းမနှင့်ကလေးများ လုံခြုံပါစေဟုသာ မျှော်လင့်ရလေသည်။ သူကိုယ်တိုင်အတွက်ကတော့ သူ့အလုပ်ရှင်က သူ့ကို မည်သည့်အချိန်မှ ပြန်လာခွင့်ပေးမည်ကို သေချာမသိနိုင်ပေ။

အတွေးထဲတွင်နစ်နေဆဲ တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။ ဆိုင်တာဝန်ခံရွှီက သူ့စာရေးဘက်သို့ လှည့်ကြည့်လိုက်၏။

စာရေးက တံခါးကိုဖွင့်ပေးလိုက်ပြီး သူ့အမူအယာတွင် ဝမ်းသာဟန်နှင့် တစ်ခုခုရှိနေသည့်ဟန်ရော နှောနေကာ ဘေးသို့ဖယ်ပေးလိုက်ပြီး ပြောလိုက်လေသည်။

"သူဌေး ဘယ်သူလာလဲ ကြည့်ပါအုံး"

...

All Chapters