← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အပိုင်း (၁၆၅) နှလုံးသားနောက်လိုက်ခြင်း

ဦးလေးရွှီက လူပြောင်းပြီး ထွက်သွားကာ ရှန်းကျင့်ကလည်း ရွှီဝမ်ဟုန်နောက်မှလိုက်ပြီး အိမ်မကြီးထဲသို့ ဝင်လာခဲ့သည်။ သူသည် ထိုနေရာတွင် ရပ်နေပြီး လျှို့ဝှက်ဥမင်၏ ဝင်ပေါက်ကို ငေးကြောင်ကြောင်နှင့် ကြည့်နေမိသည်။

ဥမင်။ ဒါသည် သူလည်း ကောင်းကောင်းသိသည့်အရာတစ်ခုပင်။ သူသည်လည်း ဥမင်ကို တူးလို့ရခဲ့သည်။ သို့သော် လူအများကြီးနှင့် ယာယီတဲ့ကုတ်များက သည်စီရင်စုထဲက နေရာတိုင်းတွင် ရှိနေရာ သူ့မှာ ဘယ်နေရာမှာမှ တူးရန် အခွင့်အရေးမရှိခဲ့ပေ။

အပြန်လမ်းတွင် သူတွေ့ခဲ့သည့် မြို့တံတိုင်းကို ပြန်စဉ်းစားကြည့်လိုက်ပြီး ရှန်းကျင့်သည် အသက်အောင့်မိသွားတော့သည်။

သူ့ကို ရွှီမီသားစုက ခေါ်ပြန်လာချိန်တွင် သူ၊ ရှောင်ယင်နှင့် ရှောင်ထျယ်တို့သည် ခဏတာတော့ အန္တရာယ်ကင်းခဲ့သည်။ သို့သော် အခုတော့ ဥမင်ကို မြင်လိုက်ချိန်တွင် သူတို့သည် အန္တရာယ်ကင်းမည့်အပြင် စီရင်စုမှ ထွက်သွားနိုင်မည့် အခွင့်အရေးတစ်ခုလဲ ရှိလောက်သည်။

သူသည် ဥမင်ဝင်ပေါက်ကို ဝမ်းသာအားရ ကြည့်နေစဉ် သူ့ကို ခေါ်ဝင်လာသည့် ရွှီဝမ်ဟုန်က သူ့ကို သိချင်စိတ်ဖြင့် လေ့လာနေလေသည်။

ပိန်လိုက်တာ။ အရမ်းကို ပိန်လိုက်တာများ ပါးတွေကလည်း ချိုင့်ပြီး မက်မွန်သီးလို ယောင်ကိုင်းနေတဲ့ မျက်လုံးတွေနဲ့ သူ့ကြည့်ရတာ အရမ်းကို အသည်းအသန် ငိုထားတဲ့ပုံပဲ။ သူ့ထက်တောင် ၃-၄နှစ်လောက် ငယ်ပုံရတဲ့ ကလေးငယ်လေးတစ်ယောက်။ ကျော‌‌ပေါ်မှာ အထုပ်လေးတစ်ခု သယ်ထားပြီး လက်ထဲမှာလဲ မီးဖိုချောင်ဓားတစ်ချောင်းကိုင်လို့။ မနည်းကို ဖွင့်ထားရတဲ့ သူ့ရဲ့နီရဲယောင်ကိုင်းနေတဲ့ မျက်လုံးတွေက ဥမင်ဝင်ပေါက်ကို စူးစိုက်ကြည့်ရင်း မျှော်လင့်ချက်တွေနဲ့ တောက်နေလေရဲ့။

သည်အသွင်အပြင်က ရွှီဝမ်ဟုန်၏ သိလိုစိတ်ကို ထိုးတက်သွားစေတော့သည်။ သည်ကလေးက မည်သူမည်ဝါဖြစ်ပြီး သူ့အဖေက သူ့ကို သည်နေရာသို့ သည်အတိုင်း ခေါ်လာရသည့် အကြောင်းအရင်းကို စဉ်းစားနေမိသော်လည်း သူသည် ယုံကြည်ရပုံပေါ်စဖြင့် ရွှီဝမ်ဟုန်က တိုးတိုးလေး သတိပေးလိုက်၏။

“ဆူဆူညံညံ မလုပ်နဲ့နော်၊ ဒီအခန်းထဲမှာ စကားကျယ်ကျယ် မပြောနဲ့”

ရှန်းကျင့်၏ သံသယက ပိုပြီး သေချာသွားကာ သူက အားတက်သရော ခေါင်းညိတ်ပြလိုက်၏။

ထိုအခိုက်တွင် ဆိုင်တာဝန်ခံရွှီနှင့် ဝေ့လင်းကျန့်တို့သည် ဓာတ်ဆားရည် ပန်းကန်ပြားသုံးလုံးဖြင့် ဝင်လာလေသည်။ တစ်လုံးကို စားပွဲပေါ် တင်လိုက်ပြီး သူတို့သည် ရှန်းကျင့်နှင့် ရွှီဝမ်ဟုန်ကို လာကူညီ‌ပေးရန် လှမ်းခေါ်လိုက်၏။

ရှန်းကျင့်က အလောတကြီး အပြေးဝင်သွားလိုက်ပြီး အခန်းထဲရောက်သွားမှ သူ့လက်ထဲတွင် မီးဖိုချောင်းဓားကို ဆုပ်ကိုင်ထားဆဲဖြစ်နေသည်ကို သတိထားမိလိုက်တော့သည်။ သူက ဆိုင်တာဝန်ခံရွှီနှင့် သူ့မိန်းမကို မြန်မြန်လှမ်းကြည့်လိုက်ပြီးနောက် ဓားကို ဘေးတွင် ဂရုတစိုက်ချထားလိုက်၏။

ရှန်းယင်သည် သတိရှိနေသေးသော်လည်း အားနည်းနေဆဲ။ လှုပ်နိုးခံလိုက်ရပြီးနောက်တွင် သူ့ကို ဓာတ်ဆားရေ တိုက်လိုက်သည်။ အားနည်းချိနဲ့နေသော်လည်း သူသည် ပူးပေါင်းပေးနိုင်ပြီး နည်းနည်းလေး တစ်ငုံချင်း စ‌သောက်ရင်းက တဖြည်းဖြည်း ပိုပြီး အလျင်စလို မော့လိုက်တော့သည်။

တစ်ဖက်တွင်တာ့ ရှန်းထျယ်သည် အခြေအနေ ဆိုးရွားနေပြီး နိုးထရန် ခက်ခဲနေ၏။ သို့သော်လည်း ရှန်းကျင့်က မနေ့ညက သူ့ကို ပဲနှစ်ရည် အတင်းတိုက်ထားပြီး ဖြစ်သဖြင့် ဝေ့လင်းကျန့်၏အကူအညီနှင့် တိုက်ကျွေးရသည့်လုပ်ငန်းစဉ်က တော်တော်လေး အဆင်ပြေသွားသည်။ မြိုမချနိုင်ဘဲ ထွက်ကျကုန်သည့် ပထမ ၅-၆ဇွန်းကလွဲလျှင် ရှန်းကျင့်သည် ရှန်းထျယ်၏ မေးစေ့အောက်တွင် ပန်းကန်လုံးကို ခံထားလိုက်ပြီး စီးကျလာသည့်ကို ခံထားရင်း ရင်နာရလေသည်။

ကံအားလျော်စွာ ထိုအစပိုင်း တိုက်ထားသည့် ဇွန်းအနည်းငယ် ပြီးသွားသည့်နောက်တွင် ရှန်းထျယ်သည် အရည်ကို စတင်အရသာခံနိုင်လာပြီး အသက်ရှင်လိုသည့် သူ့ပင်ကိုစိတ်၏ မောင်းနှင်ခြင်းကြောင့် သတိလက်လွှတ် စတင်မြိုချလာသည်။

ဝေ့လင်းကျန့်သည် သည်မြင်ကွင်းကို စောင့်ကြည့်ပေးရင် ဝမ်းနည်းသည့်ခံစားချက်တစ်ခု ထိုးတက်လာ၏။ သည်လိုအန္တရာယ်ရှိသည့် အခြေအနေမှာပင် သူမ၏ယောက်ျားက ကလေးသေးသေးလေး သုံးယောက်ကို ခေါ်ပြန်လာသည့် အကြောင်းအရင်းကို အခုတော့ နားလည်နိုင်သွားတော့သည်။ သူတို့သာမရှိလျှင် ကလေးများသည် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ အငယ်ဆုံးလေးသည် နောက်တွင် ချန်ထားခံခဲ့ရလျှင် နိုးမလာတော့မည်ကို သူမ စိုးရိမ်မိသည်။

လောကကြီး၏ အခြေအနေကို စဉ်းစားဆင်ခြင်မိပြီး တောင်အတွင်းပိုင်းတွင် သီးခြားနေနိုင်ကြသည့် သူမ၏ကလေးများ၊ ရှဲ့ကျိုးက ဝမ်အိမ်တော်တွင် ရှိနေသည့် သူမမိဘများနှင့် သူတို့မိသားစု၏ အခက်အခဲ အခြေအနေကို စဉ်းစားမိလိုက်သည်တွင် ခါးသီးသည့် ခံစားချက်တစ်ခုက သူမ၏နှာဖျားကို လာထိုးဆွနေလေသည်။

အပြင်ကအသံများက တစ်ခုခု လွဲနေသည်ကို ခံစားမိလိုက်ပြီး အပြင်သို့ မြေသယ်ထုတ်ရန် သွားလိုက်သည့် သူ့ညီ‌ကလည်းအချိန်တစ်ခုအထိ ပျောက်နေသည်ကို သတိထားမိလိုက်သည့် ရွှီဝမ်ချင်းက သိလိုစိတ်ဖြင့် ထွက်အလာ သူတို့၏အိမ်ထောင်စုတွင် မမျှော်လင့်ဘဲ နောက်ထပ် သုံး‌ယောက် တိုးလာသည်ကို တွေ့လိုက်ရ၏။ - ကလေးများပင်။

ဇဝေဇဝါဖြစ်သွားသည့် အရိပ်အယောင်တစ်ခုနှင့် သူက အနားကပ်လာကာ မေးလိုက်၏။ “အဖေ၊ အမေ ဒါက ဘာလဲ”

ဆိုင်တာဝန်ခံရွှီက ရှန်းယင်ကို ဓာတ်ဆားရေ တိုက်ရင်း ပြောလိုက်သည်။

“မင်းတို့ အစ်ကိုရှန်းလီမှာ ရှောင်ကျင့်၊ ရှောင်ယင်နဲ့ ရှောင်ထျယ်ဆိုတဲ့ ဝမ်းကွဲလေးတွေရှိတယ်လေ”

သူတို့မိဘနှင့် သူတို့၏အငယ်ဆုံးညီမလေး ထျန်းယာ အကြောင်း ပြောလိုက်လျှင် ရှန်းညီအစ်ကိုသုံးယောက်ကို ထပ်ပြီး စိတ်မကောင်းဖြစ်ရစေမည်စိုးသဖြင့် သူက ထိုအကြောင်းအရာကို ထပ်ပြောဖို့ရန် တမင် ထိန်းချုပ်ထားလိုက်သည်။

ရှန်းလီ၏ ဝမ်းကွဲညီဟု ကြားလိုက်ချိန်တွင် ရွှီဝမ်ချင်းသည် အခြေအနေကို ချက်ချင်း နားလည်သွားတော့သည်။

သူသည် သူ့ညီလေးနှင့် သူတိုအဖေကို အိမ်သို့ စာပြန်ပို့ပေးဖို့ အပ်နှံထားသည့်အချက်ကြောင့် ရွှီမိသားစုသည် ရှန်းလီနှင့် စန်လော့ကို ကောင်းကောင်းသိကြသည်။ ရှန်းလီတွင် ရှန်းအန်းနှင့် ရှန်းနဉ်ဟုခေါ်သည့် အမြွှာ မောင်နှမရှိမှန်းပင် သိကြသည်။

ကလေးများ၏ သနားစရာ အခြေအ‌နေကို လေ့လာလိုက်ပြီး သူသည် တော်တော်လေး သတိထားနေသည့် ရှန်းကျင့်ကို နှုတ်ဆက်လိုက်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီးနောက် ဘေးအခန်းတွင် မြေကြီးများကို သွားထားလိုက်ပြီး ဥမင်တူးရန် ပြန်သွားလိုက်လေသည်။ သူသည် သည်ကိစ္စတွင် လုံးဝ အချိန်မဆွဲထားနိုင်ပေ။

ကလေးနှစ်ယောက်လုံးကို ဓာတ်ဆားရေ ပန်းကန်ငယ်လေး တစ်ပန်းကန် တိုက်ကျွေးပြီးနောက်တွင် ရှန်းယင်၏အခြေအနေက သိသိသာသာ တိုးတက်လာပြီး သူသည် အနည်းဆုံးတော့ မျက်လုံးများကို အနည်းငယ် ဖွင့်လာနိုင်သည်။ ရှန်းထျန်အတွက်တော့ မြိုချနိုင်ခြင်းကပင် ကောင်းမွန်သည့် လက္ခဏာတစ်ခု ဖြစ်သည်။

သူ၏ကိုယ်ပိုင် ဓာတ်ဆားရည်ပန်းကန်ကို ကြည့်လိုက်ပြီး ရှန်းကျင့်သည် သောက်ဖို့ရန် တုံ့ဆိုင်းနေပြီး ထို့အစား ရှန်းထျယ်ကိုသာ နည်းနည်း ထပ်တိုက်ချင်နေမိသည်။ ဝေ့လင်းကျန့်က သူ့ကို တားလိုက်ပြီး ပြောလိုက်၏။

“သကြား ကျန်ပါသေးတယ်၊ နည်းနည်းလောက် ထပ်ယူလို့ရသေးတယ်၊ သားလည်း အခြေအနေ အများကြီး ကောင်းနေတာမဟုတ်ဘူး၊ သောက်လိုက်၊ သုံးယောက်လုံး လဲသွားရင် အဒေါ်တို့တွေ တတ်နိုင်မှာမဟုတ်ဘူး၊ အဲဒီအချိန်ကျရင် အဒေါ်တို့တွေ အားလုံးကို စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး”

ထိုစကားများက ရှန်းကျင့်၏အတွေးများကို အဆုံးသတ်ပေးလိုက်တော့သည်။

ဟုတ်တယ်။ သူ နေမကောင်းဖြစ်လို့ မဖြစ်ဘူး။ ဦးလေးရွှီမိသားစုက ကြင်နာတတ်ပြီး သူ့အစ်ကိုကြီးကို လေးစားလို့ သူတို့ကို ကယ်ပေးခဲ့တာ။ သူက ရွှီမိသားစုအတွက် ပိုကြီးတဲ့ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာလို့ မရဘူး။

ခေါင်းညိတ်ပြလိုက်ပြီး ရှန်းကျင့်သည် မငြင်းတော့ချေ။ သူက ရေစက်တိုင်းကို တန်ဖိုးထားပြီး ပန်းကန်လုံးထဲက ဓာတ်ဆားရည်များကို ဖြည်းဖြည်းချင်း သောက်လိုက်တော့သည်။

ကုန်သွားသည်နှင့် သူသည် ပန်းကန်လုံးကို ဆေးကြောရန် ဝေ့လင်းကျန့်ထံသို့ မပေးချင်သေးဘဲ မေးလိုက်၏။

“အဒေါ်ရွှီ ကျွန်တော် ဒီပန်းကန်ထဲ ရေထပ်ထည့်ပြီး ဆေးလို့ရမလား၊ ကျွန်တော်တို့ နောက်ကျရင် သောက်လို့ရပါတယ်”

သူ့လှုပ်ရှားမှုများထဲက စိုးရိမ်စိတ်မှာ သူသည် ဆာလောင်မှုကို မည်မျှ ကြောက်ရွံ့နေကြောင်း ပြသနေ၏။

ဝေ့လင်းကျန့်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါပြီ၊ အ‌ဒေါ် ရေတစ်အိုးသွားယူလာပေးမယ်၊ ထပ်လိုရင် ပန်းကန်လုံးထဲ ကိုယ့်ဟာကိုထည့် လိုက်နော်”

ရှန်းကျင့်က သူမကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်၏။ ရွှီဝမ်ဟုန်က ဥမင်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသဖြင့် သူသည်လည်း သည်အတိုင်း အလကားရပ်မနေရဲ့ဘဲ သွားကူညီချင်လိုက်သည်။ သို့သော် ဆိုင်တာဝန်ခံရှီက သူ့ကို ပြန်ဆွဲထားပြီး ပြောလိုက်၏။

“အခုတော့ ဒီမှာပဲ ခဏလောက်နားပြီး မင်းညီလေးတွေ အခြေအနေကို စောင့်ကြည့်ထားလိုက်”

သည်လို အားနည်းနေသည့် ခန္ဓာကိုယ်နှင့်ဆိုလျှင် ထပ်ပြီး အားထုတ်လိုက်လျှင် သူ့ကို ထိခိုက်စေတော့မည်။

-

ဝေ့လင်းကျန့်က ရေအိုးသွားယူရန် ထွက်သွားရသဖြင့် လင်မယားနှသ်ယောက်က မီးဖိုဆောင်ထဲသို့ အတူတူသွားလိုက်ကြ၏။ ထိုအချိန်ကျမှ ဆိုင်တာဝန်ခံရွှီသည် ရှန်းမိသားစု၏ တတိယအိမ်အကြောင်းကို သူ့မိန်းမအား အတိုချုံး ပြောပြရန် အခွင့်အရေးရလာတော့သည်။

သူသည် သူ့စကားလုံးများကို ဂရုတစိုက် ရွေးချယ်ခဲ့သော်လည်း ရှန်းစန်း လုပ်ခဲ့သည့်အရာကို နားလည်လိုက်ပြီးနောက်တွင်တော့ ဝေ့လင်းကျန့်သည် မတတ်နိုင်တော့ဘဲ မူးနောက်သွားတော့သည်။ အိမ်မကြီးဘက်ကို လှမ်းကြည့်လိုက်ပြီး သူမက သူမ၏ယောက်ျားကို မေးလိုက်၏။

“အဲက‌လေးတွေ ဘယ်လိုလုပ်မှာလဲ”

ဆိုင်တာဝန်ခံရွှီကလည်း သူမ စိုးရိမ်နေသည့်အရာကို သိနေ၏။ ကလေးများသည် သူတို့အဖေ ရှန်းစန်း၏အကျင့်စရိုက်ကို အမွေရထားနိုင်သည်။

“သူတို့တွေက လိမ္မာတဲ့ကလေးတွေပါ၊ ဦးလေးရွှီက အဲဒီရွာကို ခဏခဏသွားပြီး သူတို့တွေကို တိတ်တိတ်လေး လေ့လာကြည့်ခဲ့ပြီး သူတို့နဲ့လည်း မကြာမခဏ စကားပြောခဲ့တယ်၊ သူ သူတို့ရဲ့အကျင့်စရိုက်ကို အကဲဖြတ်နိုင်ပါတယ်၊ နောက်ပြီးတော့ သူတို့သာ ဆိုးနေခဲ့ရင် ရှန်းမိသားစုရဲ့ ပထမအိမ်ထောင်စုနဲ့ တတိယအိမ်ထောင်စုကြားက ဆက်ဆံရေးနဲ့ဆိုရင် ရှန်းလီက သူတို့ကို စောင့်ရှောက်ပေးဖို့ အလုပ်ရှုပ်ခံပြီး ငါ့ကို တောင်းဆိုမှာမဟုတ်ဘူးလေ”

စကားစပ်မိရင်းက သူသည် ရှန်းမိသားစု၏ မိသားစုခွဲနှစ်ခုကြားက ဆက်ဆံရေးကို အကျဉ်းချုပ် ရှင်းပြလိုက်၏။ နားထောင်ပြီးနောက်တွင် ဝေ့လင်းကျန့်က ပြောလိုက်၏။ “ရှန်းမိသားစုရဲ့ ပထမအိမ်ထောင်စုက စိတ်ရင်းကောင်းတဲ့ပုံပဲ၊ သူတို့တွေက ဒေါသတွေကို ဒီကလေးတွေအပေါ် ပုံမချခဲ့ကြဘူး”

သို့သော်လည်း ရှန်းလီ၏ သက်အရွယ်ကို စဉ်းစားကြည့်လျှင် ဒါက အဓိပ္ပါယ်ရှိပေသည်။ ကလေးများကို ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာပေးသည်တွင် အငယ်နှစ်ယောက်သည် အငယ်နှစ်ယောက်သည် နှုံးခွေနေပြီး အကဲခတ်ရန် ခက်ခဲ့သော်လည်း ကျန်သည့် အကြီးတစ်ဘောက်ကတော့ သူတို့၏ခဏတာ စကားပြောခဲ့သည့်အချိန်ကို စဉ်းစားကြည့်လျှင် တော်တော်လေး ရည်မွန်သည့်ပုံပေါ်သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အများကြီး ပိုကောင်းနေသည်မဟုတ်သည့်တိုင် သူသည် သူ့ညီလေးအတွက် သကြားရည်ကို ချန်ထားပေးဖို့ စဉ်းစားနေသည်။ အခုလေးတင် ရောက်လာသည်တွင် သူသည် မသက်မသာ ဖြစ်နေပြီး အလုပ်လုပ်ရန် ရှာကြံနေခဲ့သည်။

ဝေ့လင်းကျန့်က မေးလိုက်၏။ “ကလေးတွေက ဒီနေ့ည ကျွန်မတို့နဲ့ လိုက်မှာမလား၊ နောက်ပိုင်းကျရင်ကော”

ချီယန်စီရင်စုသည် အခုတော့ ဝိုင်းခံထားရပြီး မြောက်ပိုင်းနှင့် ပိုနီးသည့် ရှဲ့ကျိုးကတော့ မေးရန်ပင် မလိုတော့ချေ။ မိသားစုသည် သွားရန် နေရာမရှိချေ။

ဆိုင်တာဝန်ခံရွှီက စဉ်းစားလိုက်ပြီးနောက် သက်ပြင်းချလိုက်ကာ ပြောလိုက်လေသည်။

“အခုလောလောဆယ်တော့ သူတို့ကို ခေါ်သွားကြတာပေါ့၊ ငါတို့နေ ညအမှောင်ကို ခိုပြီးတော့ ထွက်ကြမယ်၊ ဒီထွက်ပေါက်က မြို့ဝင်ပေါက်နဲ့ ဝေးပြီး အပြင်ဘက်မှ တောတစ်ခု ရှိတယ်။ ငါတို့ မထွက်ခင် အပြင်ဘက်က အခြေအနေကို စုံစမ်းကြည့်ဖို့လိုတယ်၊ ငါတို့တွေ ရှန်းလီ ငါတို့အတွက် တူးထားပေးတဲ့ ပုန်းခိုကျင်းထဲမှာ ပုန်းနေရအုံးမယ်၊ အဲဒီမှာ အစားအသောက်နဲ့ ဆားတွေအများကြီး သိမ်းထားသေးတယ်၊ အခြေအနေအပေါ်မူတည်ပြီး ငါတို့တွေ ခဏလောက်တော့ ပုန်းနေရလောက်တယ်၊ ဒါမှမဟုတ်လဲ တောင်အတွင်းပိုင်း ရိက္ခာတစ်ချို့ သယ်သွားဖို့ အခွင့်အရေးတစ်ခု ရှာရလိမ့်မယ်”

ဆိုင်တာဝန်ခံရွှီသည် တဲထဲတွင် ရှောင်ယင်ကို ကောက်ချီလိုက်သည့် အချိန်ကတည်းက ရှေ့ကလမ်းသည် ပိုပြီး ခက်ခဲလာလိမ့်မည်ကို သိနေသည်။

ကလေးနှစ်ယောက်က အလွန်မှ ဆာလောင်နေကြသည်။ သူတို့တို့ကို ဂရုတစိုက် စောင့်ရှောက်ပေးဖို့လိုသည်။ သူတို့လေးများကို သယ်သွားရနိုင်သည်။ သူတို့သည် ပုန်းခိုကျင်းထဲတွင် ပုန်းနေခဲ့လျှင် အဆင်ပြေလောက်သည်။ သို့သော် သူတို့သည် တောင်အတွင်းပိုင်းသို့ အလောတကြီး ပြေးရမည်ဆိုလျှင်တော့ ကလေးနှစ်ပိုလာသည်က သူတို့ ယူသွားနိုင်သည့် အစားအသောက် ပိုနည်းသွားမည့် သဘောပင်။ အစားအသောက် အပိုသွားယူရန် ပုန်းခိုကျင်းဆီသို့ စွန့်စားပြီး ပြန်သွားရမည့် အလားအလာ ရှိနေသည်။

သို့တိုင် သူတို့ကိုတော့ ကယ်တင်နိုင်သေးသည်။

သူက ဝေ့လင်းကျန့်ကို ပြောလိုက်၏။

“ငါတို့အမေ၊ ဝမ်ပေါ်၊ ဝမ်ယင်း၊ နောက်ပြီး ယွင်ကျန့်နဲ့ ချင်းဟယ်တို့က ဒီကပ်ဆိုးကို ရှောင်နိုင်ပြီး တောင်အတွင်းပိုင်းမှာ အသက်ရှင်နိုင်ဖို့ ရှန်းနဲ့ ချန်းမိသားစုတို့ရဲ့ အကာအကွယ်ကို အားထားခဲ့ရတာ၊ ရှန်းမိသားစုကလည်း ကလေး၄ ယောက်ကို စောင့်ရှောက်ပေးဖို့ ငါ့ကို အပ်ထားခဲ့တယ်၊ ဒါပေမဲ့ အခုတော့ သုံးယောက်ပဲ ကျန်တယ်၊ တကယ်လို့ ငါ သူတို့ကို ထားခဲ့မယ်ဆိုရင် သူတို့တွေ သုံးရက်ထပ် ပိုပြီး အသက်မရှင်နိုင်မှာ စိုးတယ်”

သူက သူ့မိန်းမ၏လက်ကို ကိုင်လိုက်ပြီး ပြောလိုက်၏။

“လင်းကျန့် သူတို့ကို ကယ်ထားတာက ငါတို့ခရီးကို ပိုပြီးခက်ခဲစေမယ်ဆိုပေမဲ့ ပုန်းခိုကျင်းနဲ့ သိုလှောင်ထားတဲ့ အစားအသောက်တွေရှိသေးတော့ ငါတို့တွေ အန္တရာယ် ကင်းပါသေးတယ်။ တကယ်လို့ ငါတို့ မကူညီခဲ့ရင် ငါတို့လမ်းက ပိုပြီး ချောမွေ့လိမ့်မယ်ဆိုပေမဲ့ ငါတို့တွေ အကူအညီ လိုနေတဲ့သူကို တွေ့ရဲ့သားနဲ့ သူတို့ကို လျစ်လျူရှုထားတာက ငါ့စိတ်က လုံမယ်မထင်ဘူး”

“နောက်ပြီးတော့ အတ္တကြီးကြီးနဲ့ ပြောရမယ်ဆိုရင် ငါတို့မှာ သွားစရာနေရာမရှိဘူး၊ ပုန်းခိုကျင်းကလည်း ယာယီပဲ ခိုလှုံလို့ရမှာ၊ ဒါပေမဲ့ ဒါက ရေရှည်လုံခြုံရေးအတွက်ဆိုရင်တော့ စီရင်စုနဲ့ အရမ်းနီးတယ်၊ ငါ့နဂိုအစီအစဉ်က ရှန်းလီနဲ့ငါ စားအပေးအယူလုပ်တဲ့ ဂူထဲမှာ ပုန်းအောင်းဖို့ပဲ၊ ဒါက တော်တော်လေး လျို့ဝှက်တယ်၊ တကယ်လို့ ရှန်းလီနဲ့ ချန်းသရှန်တို့ကစာလာစစ်တဲ့အခါ သူတို့နဲ့ တွေ့ရင်တော့ ငါတို့အတွက် အန္တရာယ်အကင်းဆုံး ရွေးချယ်မှုပဲ”

သည်ကလေးများကို အတူတူခေါ်သွားခြင်းကလည်း ရှန်းလီ၏ စေတနာကို ကျေးဇူးပြန်ဆပ်ခြင်းပင်။

ထိုအကြောင်းကို သိနေသော်လည်း ရှန်းနှင့် ချန်းမိသားစုနှင့် သူတို့၏လက်ရှိ ဆက်ဆံရေးကို ထောက်ချင့်ကြည့်မည်ဆိုလျှင် သူတို့သည် သည်လိုအခြေအနေမျိုးတွင် လှည့်စရာ နေရာပင် မရှိချေ။ သူတို့တွင် ပုန်းခိုရန် ပုန်းခိုကျင်းတစ်ခု ရှိပြီး သူတို့ပို့ထားသည့် အစားအစာများကလည်း သူ့မိန်းမနှင့် ကလေးများကို အတူတူခေါ်သွားလျှင်ပင် လုံလောက်သည်။ ထို့အပြင် ပုန်းခိုကျင်းက ရိက္ခာများကို ဝှက်ထားရန် အထူးတဆန်း မဟုတ်ချေ။ ထိုကလေးများကို မကယ်ခဲ့လျှင်တောင် ရှန်းလီနှင့် ချန်းသရှန်တို့သည် သူတို့ကို ခေါ်သွားရန် သဘောတူနိုင်ခြေရှိလေသည်။

သို့တိုင် ဒါက ကွာခြားနေသေးသည်။ သူ့အသိစိတ်က သူ့ကို စိတ်အေးစွာ ထားမည်မဟုတ်ချေ။ သူ့လက်ကျန်တစ်ဘဝလုံးအတွက် သူသည် ကလေးများ၏ ဒုက္ခကို သိခဲ့သော်လည်း ကူညီဖို့ရန် မရွေးချယ်ခဲ့သည့် အကြောင်းကို ရှန်းလီအား ထုတ်ပြောရဲလိမ့်မည်မထင်ပေ။

သူနှင့် လက်ထပ်ခဲ့သည့်မှာ ၁၆နှစ်ရှိခဲ့ပြီးဖြစ်သည့် ဝေ့လင်းကျန့်သည် သူမ၏ယောက်ျားကို ကောင်းကောင်း သိပေသည်။ သူမက ပြုံးပြလိုက်ပြီး “ကျွန်မ မငြင်းပါဘူး၊ ရှင့်မှာ ရှေ့ဆက်မဲ့ခရီးအတွက် အစီအစဉ်တစ်ခု ရှိနေတာပဲ၊ ပြီးတော့ ရှင် ဒီကလေးတွေကို ကယ်လိုက်ရုံနဲ့ ကျွန်မတို့မိသားစုကို အန္တရာယ်အများကြီး ဖြစ်စေမှာမှမဟုတ်တာ၊ ဒီလောက်ဆိုရင် ဟုတ်နေပါပြီ”

သူ့မိန်းမ၏ နားလည်မှုကြောင့် စိတ်အေးသွားသည့် ဆိုင်တာဝန်ခံရွှီက ပြောလိုက်၏။ “ကောင်းပြီ၊ ဒါဆို ငါ ဥမင် သွားတူးလိုက်အုံးမယ်၊ အဲကလေး သုံးယောက်ကို စောင့်ရှောက်ထးလိုက်၊ အထူးသဖြင့် သူတို့ရဲ့ အစားအသောက်၊ ခဏနေကျရင် သူတို့ကို ဓာတ်ဆားရည်နည်းနည်း တိုက်လိုက်အုံး”

ဝေ့လင်းကျန့်က ခေါင်းညိတ်ပြလိုက်သည်။

“စိတ်မပူပါနဲ့၊ ကျွန်မ လုပ်ထားလိုက်ပါ့မယ်”

...

ရွှီမိသားစုအိမ်သည် ဥမင်တစ်ခုကို အလောတကြီး တူနေစဉ် ဦးလေးရွှီသည် မြို့တံခါးဆီသို့ ရောက်လာခဲ့သည်။ သူသည် တာဝန်ရှိရဲမက်ကို တိုးတိုးတိတ်တိတ် သွားရှာလိုက်ပြီး သူ့လက်ထဲသို့ လေးလံသည့် ရွှေလက်ကောက်ကို ထိုးထည့်ပေးလိုက်သည်။

ရဲမက်က ငုံံ့ကြည့်လိုက်ပြီး သူ့မျက်ခွံများမှာ မြင်ကွင်းကြောင့် တွန့်ရှုံ့သွား၏။

ရွှေလက်ကောက်။

သူက ဦးလေးရွှီဖက်သို့ လှည့်လိုက်ကာ “ခင်များ ကျုပ်ဆီက ဘာလိုချင်လို့လဲ”

ဦးလေးရွှီက သူ၏ နာနေသည့်ခါးကို ပွတ်သပ်လိုက်ပြီး ရှန်းမိသားစု၏ တတိယအိမ်ထောင်မှာ အမျိုးဝေးသည့် ဆွေမျိုးများ ဖြစ်ကြောင်း ပြောပြလိုက်သည်။ သူသည် လင်မယားနှစ်ယောက်၏ ဝမ်းနည်းစရာ သေဆုံးမှုကို ပြန်ပြောပြလိုက်ပြီး တာဝန်ခံ၏အကူအညီဖြင့် ထိုလူနှစ်ယောက်၏ အလောင်းကို မီးသင်္ဂြိုဟ်သည့် နေရာသို့ ယူလာပေးစေလိုသည့် သူ့ဆန္ဒကို ဖော်ပြလိုက်သည်။

တာဝန်ခံက သူ့ကို အနီးကပ် ကြည့်ရှုလိုက်ပြီး ပြောလိုက်၏။

“ဒါက ခင်များ လုပ်နေကျပဲ မဟုတ်ဘူးလား၊ ခင်များကို ကူညီပေးမဲ့ လူတစ်ယောက်ကို တိုးတိုးတိတ်တိတ် ရှာပြီး လုပ်လိုက်လို့ရသားပဲ၊ ငွေကုန်ခံပြီး ဘာလို့ ကျုပ်ကို လာစီစဉ်ခိုင်းနေတာလဲ”

ဦးလေးရွှီက သက်ပြင်းချလိုက်ပြီး သူ့ခါးကို နှိပ်နယ်ကာ

“ကျွန်တော်လည်း အသက်ကြီးလာပြီလေ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော့်အတွက် အရမ်းခက်ခဲခဲ့တယ်၊ အလောင်းသယ်ပေးရတာက တစ်ကိစ္စပါ၊ ဒါပေမဲ့ ကျွန်တော့်ကျောနာတာက သီးမခံနိုင်တော့ဘူး၊ ကျွန်တော် မြို့တံတိုင်းပေါ်က အလောင်းတွေကို သယ်ပေးဖို့ မသွက်လက်တော့မှာ စိုးမိတယ်၊ ဒါကလည်း...”

သူက မျက်နှာလို မျက်နှာရ ပြုံးပြလိုက်ပြီး “ဒါကြောင့် ကျွန်တော်က ခင်များကို အကူအညီလာတောင်းရတာပါ၊ ကျုပ်ကို နှစ်ရက်လောက် ခွင့်ပေးပါ၊ အဲလို ဖြစ်တယ်မလား”

တာဝန်ခံက ချက်ချင်းနားလည်သွားသည်။ ဦးလေးရွှီ၏ ကျောနာရောဂါက အမှန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မြို့တံတိုင်းပေါတွင် မြှားနှင့် ဓားတို့၏ မတော်တဆ ခုတ်ဖြတ်ခံရနိုင်ခြေကတော့ အမှန်ပင်။

သူက လက်ထဲက ရွှေလက်ကောက်ကို ချိန်ဆကြည့်လိုက်ပြီး ထည့်သိမ်းထားလိုက်ကာ

“ကောင်းပြီလေ၊ နှစ်ရက်ပဲနော်”

ကိုယ်ကိုလှည့်လိုက်ပြီး သူက အလောင်းများကို သွားယူရန် လူတစ်ယောက်ကို ညွှန်ကြားလိုက်ပြီး ဦးလေးရွှီကို သူတို့အား ယာယီတဲ တည်နေရာကို ပြောပြခိုင်းလိုက်လေသည်။

ဆင့်ခေါ်ခံလိုက်ရသည့် လူနှစ်ယောက်မှာ ဦးလေးရွှီနှင့် ရင်းနှီးပြီး နှစ်ယောက်လုံးက အရင်က ဒဏ်ရာရသူများနှင့် သေဆုံးသူများကို သယ်ရာတွင် ကူညီလာခဲ့သည်။ သူက တာဝန်ခံကို ကျေးဇူးတင်စကားပြောလိုက်ပြီး အလုပ်သမားများနှင့် စကား စပြောလိုက်၏။

...

“အမျိုးသမီးအလောင်းကိုပဲ သယ်မှာဟုတ်လား”

ဦးလေးရွှီက ခေါင်းညိတ်ပြလိုက်ပြီး အဝတ်လဲရင်း အိမ်ကယူလာသည့် ဝမ်နှစ်တွဲကို ဆွဲထုတ်လိုက်ကာ သူတို့တစ်ယောက်ချင်းကို တစ်တွဲစီပေးလိုက်လေသည်။ ထို့နောက် သူက အဝတ်စတစ်ခုကို လှမ်းပေးလိုက်ပြီး ပြောလိုက်၏။

“လူလေးတို့၊ မင်းတို့နှစ်ယောက် ပင်ပန်းရပါပြီ၊ အမျိုးသမီး အလောင်းကိုပဲ သယ်ပြီး မီးသင်္ဂြိုဟ်ပြီး ကျုပ်အတွက် သူ့ပြာကို ပြန်ယူလာ‌ပေးပါ၊ မင်းတို့တွေ လမ်းကြားထောင့်မှာ ထားခဲ့လို့ရတယ်”

ဦးလေးရွှီနှင့် ရက်တော်တော်များများ အတူတူအလုပ်လုပ် လာခဲ့သည့် အလုပ်သမားများထဲက တစ်ယောက်သည် သူနှင့် အတိုင်းအတာတစ်ခုအထိ ရင်းနှီးနေပြီး အနည်းငယ် ထူးဆန်းနေသည်။

“သူက ဦးလေးရဲ့ဆွေမျိုးလား၊ ဘာလို့ တခြားတစ်ယောက်ရဲ့ အလောင်းကို မကောက်တာလဲ”

ကြီးကြပ်သူက သူတို့လို သာမန်အလုပ်သမားများကို မလွှတ်ချေ။ အမှန်တွင် သူတို့သည် ပုံမှန်ဆိုလျှင် မြို့တံတိုင်းပေါ်တွင် သေသွားကြသည့် ထိုအလောင်းများကိုသာ ကောက်ပေးရလေ့ရှိသည်။ မြို့ထဲက တဲကုပ်များထဲက လူသေများကို ကောက်ပေးရသည့် သူတို့အလုပ်မဟုတ်ချေ။

‘ဆွေမျိုး’ဟု ကြားလိုက်ချိန်တွင် လှောင်ရယ်သည့်အမူအရာတစ်ခုက ဦးလေးရွှီ၏မျက်နှာပေါ်တွင် ဖြတ်ပြေးသွားလေသည်။ “ကိုယ့်သမီးအရင်းကိုတောင် အလွတ်မပေးတဲ့ လူသားကို မြိုဆို့နေတဲ့ တိရစ္ဆာန်ပဲ၊ ကျုပ် အဲလို ဆွေမျိုးအတွက်တော့ မတတ်နိုင်ဘူး”

ထိုစကားကို ကြားလိုက်သည်တွင် အလုပ်သမားနှစ်ယောက်လုံး၏ မျက်လုံးအိမ်များမှာ ကျုံ့သွားတော့သည်။

မြို့ထဲတွင် ဘယ်သူဖြစ်သည်ကို ဘယ်သူမှ မသိကြသော်လည်း လုံးဝရမ်ကားပြီး သွေးရူးသွေးတန်းဖြစ်ကာ ဘာမဆို မြိုဆို့ကြမည့် လူများရှိလေသည်။ သို့သော် ဝိုင်းခံထားရခြင်းကာလက အလွန်မှ ရှည်ကြာနေသည်တွင် တဲကုပ်ရပ်ကွက်ထဲတွင် မကြာခဏဆိုသလို အသားနံ့များ လှိုက်တက်လာခြင်းက သူတို့သည် အရူးမဟုတ်မကြောင်း ပြောရန် လုံလောက်ပေသည်။

နောက်ဆုံးတစ်ခေါက်က စစ်သူကြီး၏ အပြင်းအထန် အပြစ်ပေးခံရသည့် တစ်ယောက်မှလွဲလျှင် ဒါသည် တစ်ဦးတစ်ယောက်ထံမှ သည်လိုအတွင်းကျကျ သေချာသိလိုက်ရသည်မှာ ပထမဆုံးအကြိမ်ပင်။ ဒါက ဦးလေးရွှီ၏ အဓိပ္ပါယ်ကို နားလည်သွားစေလေသည်။

သူတို့သည် ရှန်းစန်းလို လူများကို လုံးဝ အထင်သေးရွံရှာပေသည်။

လူတစ်ယောက်သည် လူသားတစ်ယောက်ထက် တိရစ္ဆာန်တစ်ကောင်လို ပြုမူရန် ရွေးချယ်ခဲ့လျှင် သူတို့သည် သေဆုံးခဲ့သည့်တိုင် သည်လိုဆက်ဆံရဖို့ ထိုက်တန်ပေသည်။

တဲကုပ်ရပ်ကွက်ထဲတွင် လာမကောက်ဘဲ ထားသည့်အလောင်းတစ်ခုက ဘာဖြစ်လိမ့်မည်ကို အားလုံးက သေချာသိကြသည်။

“ဟုတ်ပါပြီ၊ ကျုပ် ဒီမှာ စောင့်ပါ့မယ်”

ဦးလေးရွှီက တဖက်လူ၏ မသတီစရာအကျင့်စရိုက်ကို အနည်းကျဉ်း ပြောပြလိုက်ပြီး မီးသင်္ဂြိုဟ်စဉ် နောက်က တစ်ယောက်ယောက် လာမှာကို သတိထားဖို့ ပြောလိုက်သည်။ သူက ဝန်ခံလိုက်၏။ “ကျွန်တော် ကလေးတစ်ချို့ကို ကယ်ထားပေးတာ၊ သူတို့တွေက လတ်လတ်ဆတ်ဆတ် စားသောက်ကြသူတွေရဲ့ ပစ်မှတ်တွေဖြစ်လာမှာ စိုးရိမ်တယ်, အမှန်အတိုင်း ပြောရရင် ကျုပ် ဒီနေ့ အလုပ်တောင် မလုပ်ရဲဘူး”

သူ့အသိမိတ်ဆွေက သူ့ကို အားပေးစကား ပြောလိုက်၏။ “စိတ်မပူပါနဲ့၊ ကျွန်တော် သတိထားပါ့မယ်၊ ကျွန်တော်တို့တွေက ဒဏ်ရာရရဲမက်တွေကို ပိုပြီး သယ်ပေးခဲ့တာဆိုတော့ လူတွေကလည်း ကျွန်တော်တို့ မြို့တံတိုင်းပေါ်မှာ အလုပ်လုပ်တာ သိပါလိမ့်မယ်၊ အလောင်းတွေကို မီးရှို့ပြီးတာနဲ့ သူတို့တွေက ကျွန်တော့်ကို ထပ်ပြီး စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး၊ ဘယ်သူမှ ကျွန်တော်တို့ လိုက်မလာတာ့မှ ကျွန်တော် ဦးလေးရဲ့ပစ္စည်းကို ယူလာပေးမယ်”

...

အပိုင်း (၁၆၆) မြို့ကျခြင်း

ဦးလေးရွှီသည် အကြာကြီးမစောင့်လိုက်ရချေ။ တစ်နာရီကြာပြီးနောက်တွင် သူသည် အဝတ်အိတ်ငယ်လေးတစ်ခုဖြင့် ပြန်ရောက်လာသည်။ သူက ကျေးဇူးတင်စကား ပြောလိုက်ပြီး သတိထားဖို့ အတန်တန် တိုက်တွန်းလိုက်ပြီးနောက်တွင် လမ်းကြားလေးများကတစ်ဆင့် မြို့၏အနောက်ပိုင်းတွင်ရှိသည့် ခြံဝန်းငယ်လေးဆီသို့ ပြန်လာခဲ့သည်။

ရှန်းကျင့်သည် ဦးလေးရွှီထံက အဝတ်အိတ်ကို လက်ခံရရှိလိုက်ချိန်တွင် အထဲကပါဝင်ပစ္စည်းကို သိနေလေရာ မျက်ရည်များက မျက်နှာပေါ်တွင် စီးကျလာတော့သည်။ သူက မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ပြီး စိတ်ရင်းဖြင့် ဦးသုံးကြိမ်ချလိုက်ကာ သူ့နဖူးပေါ်တွင် အနီကွက်များ ကျန်ခဲ့လေသည်။

ဒီအချိန်တွင် ရှန်းထျယ်ကို ဓာတ်ဆားရည် ထပ်တိုက်ပေးထားပြီး သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ ဓာတ်ဆားရည် နှစ်ပန်းကန်သောက်ထားသည့် ရှန်းယင်ကလဲ ဆူညံသံကို ကြားလိုက်ချိန်တွင် အခုတော့ မျက်လုံးများကို ဖွင်နိုင်နေပြီဖြစ်သည်။ ဆိုင်တာဝန်ခံရွှီနှင့် ဦးလေးရွှီတို့က သူ့ကိုသယ်လာချိန်တွင် အတိုင်းအတာတစ်ခုအထိ ကယောင်ကတမ်း ဖြစ်နေသေးသော်ငြားလည်း သူသည် သူတို့၏ စကားများးကို ကြားနိုင်ပြီး သူ့အစ်ကိုက ငိုယိုကာ ဦးလေးရွှီကို ဦးချနေသည်ကို မြင်လိုက်သည်။ မျက်ရည်တစ်စက်က သူ့ပါးပေါ်တွင် စီဆင်းသွားပြီး သူသည် လက်တွေ့ကို သုံးသပ်နိုင်ပေသည်။

ဝမ်လင်းကျန့်သည် ကိုယ်ချင်းစာသည့်ခံစားချက်တစ်ခု ရင်ထဲတွင်ဖြစ်သွားသည်။ နှာခေါင်းမွှန်သွားပြီး သူမက ကိုယ်ကို တစ်ဖက်သို့လှည့်လိုက်ကာ သင့်တော်သည့် အရွယ်အစားရှိသည့် အိုးလေးတစ်လုံးကိုရှာပြီး ရှန်းကျင့်ကို လှမ်းပေးလိုက်သည်။ အိုးကို ကိုင်ထားရင်း မျက်ရည်များကျသွားပြီးနောက်တွင် ရှန်းကျင့်က အထဲကပစ္စည်းကို ထည့်လိုက်ပြီး ဝမ်လင်းကျန့်ဆီမှ တောင်းထားသည့် ပိတ်စတစ်ချိုနှင့် ထုပ်သိမ်းထားလိုက်ကာ နောက်ဆုံးတော့ သူ၏အဝတ်အိတ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။

...

ဒီလိုနှင့် လီရှီ၏ဘဝမှာ ဇာတ်သိမ်းသွားတော့သည်။ ဒီလို ဖရိုဖရဲခေတ်ကာလအတွင်းတွင် လူအများစုနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် သူမသည် အေးအေးချမ်းချမ်း အနားယူနိုင်ပြီး သူမ၏ကလေးများ ကယ်ဆယ်ခြင်းခံရသည့် ရှားပါးသည့် ကောင်းချီးတစ်ခုကို ပိုင်ဆိုင်ရသည်ဟု ဆိုရပေမည်။

ဦးလေးရွှီသည် မြို့တံတိုင်းဆီသို့ သွားဖို့ရန်မလိုတော့သဖြင့် သူက ဆိုင်တာဝန်ခံရွှီနှင့် သူ့သားများကို ကူညီကာ ဥမင်ကို ဆက်ပြီးတူးပေးလိုက်သည်။ ရှန်းယင်နှင့်ရှန်းထယ်တို့၏ အခြေအနေကို လေ့လာပြီးနောက်တွင် နေ့ခင်းရောက်တော့မည်ဟု ခန့်မှန်းမိသည်တွင် ဝေ့လင်းကျန့်က ပစ္စည်းများကို စတင်ထုတ်ပိုးတော့သည်။

သိမ်းဆည်းရန် ပစ္စည်းအများကြီး မရှိတော့ပေ။ တန်ဖိုးရှိသည့် ပစ္စည်းများအားလုံးကို သူတို့ရှဲ့ကျိုးမှ ယူလာကတည်းက အထုပ်ငယ်လေးများဖြင့် သိမ်းဆည်းပြီးသားဖြစ်သည်။ ကျန်နေသေးသည့်ဆားများနှင့်အတူ ဆိုင်တာဝန်ခံရွှီနှင့် ဦးလေးရွှီတို့၏ ပစ္စည်းတစ်ချို့သာကျန်သည်။

ဆန်ကတော့ မကျန်တော့ပေ။ ဆန်အိတ်ကိုအားဖြင့် လှုပ်ခါလိုက်ပြီးနောက်တွင် ဝေ့လင်းကျန့်သည် သူမ၏ လက်တစ်ဆုပ်စာနီးပါးသာ ကျန်သည့် သေးငယ်သည့် ပမာဏလေးကိုသာ ကုတ်ခြစ်နိုင်ခဲ့သည်။ ဖြန့်ကြည့်လိုက်လျှင် ကြေးပြားနှစ်ပြားထက်တောင် ပိုငယ်သည့် ပမာဏဖြစ်လေသည်။

သူမက သေးငယ်သည့် မြေအိုးတစ်လုံးကို ထုတ်လာပြီး ရေတစ်ဝက်ဖြည့်လိုက်ကာ ကျန်သည့်ဆန်အားလုံးကို ချက်ပြုတ်လိုက်သည်။ ချက်ပြုတ်ပြီးသွားသည်နှင့် သူမက ထမင်းအားလုံးကို ခူးခပ်လိုက်ပြီး ကျန်နေသည့် ထမင်းရည်တစ်ပန်းကန်ကို ညီအစ်ကို၃ယောက်ကြားတွင် ခွဲဝေပေးလိုက်သည်။ ကျန်သည့်ထမင်းရည်ကိုတော့ အိုးထဲတွင် အအေးခံထားလိုက်ပြီးနောက် ရေထည့်သည်အိတ်သို့ လောင်းထည့်ထားလိုက်သည်။

မိသားစုတွင် ရေထည့်သည့်အိတ်၃အိတ် ရှိလေသည်။ တစ်ခုက သောက်ရေအတွက်ဖြစ်ပြီး တစ်ခုက ထမင်းရည်အတွက်ဖြစ်ကာ ကျန်တစ်ခုကတော့ သေးငယ်သည့် ဓာတ်ဆားရည်ပမာဏအတွက် ဖြစ်လေသည်။

ရေအေးကိုတော့ သူတို့ကိုယ်တိုင် သောက်သုံးရန်အတွက် သိမ်းဆည်းထားသည်။ ထမင်းရည်နှင့် ဓာတ်ဆားရည်ကတော့ သူတို့၏ ခရီးတစ်လျှောက်တွင် ချက်ပြုတ်ဖို့ရန် အခွင့်အရေး ရှိလာမည်သေချာမသိလေရာ ရှန်းယင်နှင့် ရှန်းထျယ်တို့၏ အစားအသောက်များကို ကြိုတင်ပြင်ဆင်ထားပေးရသည်။

ရှန်းကျင့်က ဝေ့လင်းကျန့်နှင့်အတူ သူ၏ညီငယ်လေးနှစ်ယောက်ကို ထမင်းရည်တိုက်လိုက်ပြီး အနည်းငယ်သာ ကျန်တော့သည့် အချိန်ကျမှ ဝေ့လင်းကျန့်က သူ့ကို လှမ်းပေးလိုက်သည်။ ရွှီမိသားစုက သူတို့နှင့်အစားအသောက်ကို အတူတူ မစားသည်ကို သတိထားမိသည့်အတွက် သူက အကြောင်းအရင်းကို မေးလိုက်သည်။ ထိုအခါမှ ဒါသည် ရွှီမိသားစု၏ နောက်ဆုံးလက်ကျန် ဆန်ဖြစ်နေမှန်း သိလိုက်ရသည်။ ထိုထဲက တစ်ဝက်ကို ရှောင်ယင်နှင့်ရှောင်ထျယ်တို့အတွက် ရေအိတ်ထဲတွင် သိမ်းထားပေးသည်ဟု ဆိုသည်။

အဖေဖြစ်သူက ငတ်မွတ်ရသည့်အတွက် ကိုယ့်ကလေးအရင်းကိုပင် စားသောက်ဖို့စဉ်းစားနေသည့် ရှန်းကျင့်ကြုံတွေ့ခဲ့ရသည့် ကြောက်စရာကောင်းသည့် အမှန်တရားကို ဘယ်သူကမှ မသိခဲ့ကြပေ။ သို့တိုင် သူတို့၏နောက်ဆုံးလက်ကျန် ရိက္ခာကိုပင် သူတို့ကို ဦးစားပေးခဲ့ပြီး ညီအစ်ကို၃ယောက်ကို ကယ်တင်ပေးခဲ့သည့် လုံးဝမရင်းနှီးသလောက်ရှိသည့် ရွှီမိသားစုကတော့ ပထမဦးဆုံးပင်။

မျက်ရည်များက ပန်းကန်ထဲသို့ စီးကျသွားပြီး ကျန်နေသည့် ထမင်းရည်လေးပေါ်တွင် လှိုင်းခတ်သွားတော့သည်။

သူ၏ဝမ်းနည်းပုံကို မြင်လိုက်ရသည်တွင် ဝေ့လင်းကျန့်က သူ့ကို အားပေးစကားပြောလိုက်သည်။

"အဲဒီ့ကိစ္စပေါ်မှာ အရမ်းကြီး စိတ်မနှစ်ထားပါနဲ့၊ အဒေါ်တို့တွေ အပြင်မှာ အစားအသောက်တစ်ချို့ ဝှက်ထားသေးတယ်၊ အဒေါ်တို့တွေ ဒီနေ့ညထွက် ပြေးနိုင်မယ်ထင်တယ်၊ ဒီလိုဆိုရင်တော့ အဒေါ်တို့တွေ စားစရာပိုပြီး ရှိလာမယ်။ ဒါကြောင့် အခု အဒေါ်တို့က မင်းတို့ကို ဦးစားပေးတာ၊ အဒေါ်တို့ကိုယ်တိုင် ဘာမှမရှိတဲ့အခြေအနေမျိုး ရှိနေမယ်ဆိုရင်တော့ အဒေါ်တို့လဲ ကူညီပေးဖို့ နည်းလမ်းရှိမှာ မဟုတ်ဘူး၊ အဲဒီ့အခါကျရင်တော့ မင်းကလဲ မင်းရဲ့ခြေထောက်ပေါ်မှာ ရပ်တည်ဖို့လိုလိမ့်မယ်"

ရှန်းကျင့်သည် သူ့မျက်ရည်များကို သုတ်လိုက်ပြီး ဝေ့လင်းကျန့်ကို မော့ကြည့်လိုက်သည်။

"အဒေါ်ရွှီ ကျွန်တော်နဲ့ ကျွန်တော့်ညီလေးတွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်က အဒေါ်တို့ရဲ့စေတနာကို တစ်သက်လုံးမှတ်ထားပြီး အခွင့်အရေး ရလာတာနဲ့ ကျေးဇူးပြန်ဆပ်ပါ့မယ်"

အနာဂတ်ကို ကတိပေးရခြင်းက အလွန်မှ ဝေဝါးနေသလို ခံစားလိုက်ရပြီး သူသည် အလျင်စလို ထပ်ပြောလိုက်သည်။

"ကျွန်တော့်ရဲ့အစ်ကိုအကြီးဆုံးက ကျွန်တော့်ကို တောကြက်တွေ ဖမ်းနည်းနဲ့ ယုန်တွေကို အမဲလိုက်တဲ့နည်းသင်ထားပေးပါတယ်၊ ကျွန်တော်လဲ စားလို့ရတဲ့ တောဟင်းရွက်အများကြီးကို သိတယ်၊ ကျွန်တော်တို့အပြင်ကို ရောက်သွားတာနဲ့ ကျွန်တော်က ကျွန်တော်တို့အားလုံးအတွက် အစားအသောက်ကို ထောက်ပံ့ပေးမဲ့ နည်းလမ်းတစ်ခးခုကို ရှာပေးပါ့မယ်၊ အဒေါ်ရယ်၊ ဦးလေးရွှီရယ်၊ အဖိုးရွှီရယ်၊ ကျွန်တော်တို့ ညီအစ်ကိုတွေရယ် ဒါဆိုရင် အဒေါ်တို့လဲ အသားနဲ့အသီးအရွက်တွေကို စားသောက်နိုင်မှာပါ"

ဝေ့လင်းကျန့်က ရယ်မောလိုက်သည်။

"ဒါဆိုရင်လဲ ဟုတ်ပါပြီ၊ ကျန်းကျန်းမာမာနဲ့ သန်မာလာအောင် ကြီးပြင်းလာနော်၊ အသက်ရှင်ကျန်မှလဲ ငါတို့တွေမှာ အနာဂတ်တစ်ခုရှိလာမှာ"

ရှန်းကျင့်သည် သူ၏ထမင်းရည်ကို တစ်ငုံ့သောက်ရုံလောက်သာ သောက်လိုက်ပြီး နောက်ဆုံးကျန်သည့်နှစ်ဇွန်းကိုတော့ အပြင်းအထန် နေမကောင်းဖြစ်နေသည့် ရှန်းထျယ်ကို တိုက်လိုက်ကာ နောက်ဆုံးမှ ကျန်သည့်နည်းနည်းလေးကို ကိုယ်တိုင်ပြန်သောက်လိုက်သည်။ သူသည် ဗိုက်ပြည့်မည် မဟုတ်သည်တော့ အမှန်ပင်။ သူက ကျန်နေသည့် အကြွင်းအကျန်ကို ရေအေးထည့်ကာ ထပ်ဆေးကြောလိုက်ပြီး စိတ်ကျေနပ်သည်အထိ သောက်လိုက်လေသည်။

ဝေ့လင်းကျန့်သည် ဒါကို မြင်လိုက်သည်တွင် မတားမြစ်လိုက်ပေ။ ပိုပြီးငယ်သည့်အငယ်တစ်ယောက်က လုံလောက်စွာ မစားသောက်ရလျှင် အမှန်ပင် အန္တရာယ် ရှိပေသည်။

...

ရွှီမိသားစုသည် အစားအသောက် ကုန်ဆုံးသွားတော့သည်။ မြေအောက်က ပုန်းခိုသည့်ကျင်းလေးထဲတွင် ချန်းသရှန်နှင့် ရှန်းလီတို့သည် စိုးရိမ်တကြီး စောင့်စားနေကြပြီး တစ်နေ့တစ်နေ့ ကုန်ဆုံးသွားသည့် နေ့ရက်တွင် တဖြည်းဖြည်းနှင့် မျှော်လင့်ချက်များ ဆုံးရှုံးလာတော့သည်။

ချန်းသရှန်က ပြောလိုက်၏။

"ငါတို့တွေ ဝေ့ချင်းဟယ်အတွက် ချန်ထားပေးတဲ့ အစားအသောက်တွေလဲ အခုလောက်ဆိုရင် ကုန်သွားလောက်ပြီနော်"

ဆိုင်တာဝန်ခံရွှီနဲ့ တစ်ခြားသူတွေကလဲ တကယ်ပဲ ဥမင်လှိုင်ခေါင်းတစ်ခု တူးခဲ့ကြရဲ့လား။

ချန်းသရှန်နှင့် ရှန်းလီတို့သည် ဆက်ပြီးတော့ လုံးဝ မသေချာနိုင်တော့ပေ။

ရှန်းလီသည် မှောင်မဲနေသည့်ဂူလေးအတွင်းတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး ပြောလိုက်လေသည်။

"ဒီနေ့ညအထိတော့ စောင့်လိုက်ရအောင်၊ သူတို့တွေ ဥမင်ကို အခုအချိန်မှာ တူးပြီးသွားတယ်ဆိုရင်တောင် နေ့ခင်းကြောင်တောင်ကြီး အချိန်မှာတော့ ထွက်လာရဲမယ်မထင်ဘူး။ တကယ်လို့ သူတို့တွေက မနက်အာရုဏ်တက်တဲ့အချိန်မှ ပေါ်မလာတော့ဘူးဆိုရင်တော့..."

သူက အံကြိတ်လိုက်ပြီး ကြေညာလိုက်လေသည်။

"ငါတို့တွေ ပြန်ကြတာပေါ့"

သူတို့သည် အပြင်ထွက်လာသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သည်။ လျှိုမြောင်ထဲက လူများကလဲ စိတ်ပူနေကြလိမ့်မည်။ ဒီလောက်အကြာကြီး စောင့်ဆိုင်းပြီးခဲ့သည့်နောက်တွင်တော့ သူတို့သည် အခုချိန်လောက်ဆိုရင် ထွက်ပြေးမည့်လမ်းကြောင်းကို တူးခဲ့ပြီးလောက်သင့်သည်။ သူတို့သည် ထွက်မလာခဲ့လျှင်တော့ အကြောင်းပြချက်က တစ်ခုတည်းသာကျန်တော့သည်။ ဆိုင်တာဝန်ခံရွှီသည် ဥမင်တစ်ခုကို မတူးခဲ့ခြင်းပင်။ ဒီလိုဆိုလျှင်တော့ စောင့်နေလျှင်လဲ အချည်းနှီးသာ ဖြစ်လိမ့်မည်။

ပြောရင်းဆိုရင်း သူသည် ရုတ်တရက်ဆိုသလို အပေါ်ဘက်က မြေကြီးကို ခေါင်းမော့ကြည့်လိုက်သည်။ ချန်းသရှန်ကလဲ တစ်ခုခုလွဲနေသည်ဟု ခံစားမိသည်။ စစ်ဗုံသံနှင့် အော်ဟစ်သံများက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူတို့တွေ့ကြုံခဲ့ဖူးသည့် မကြာခဏ အသေးစား အနှောက်အယှက်နှင့် လုံးဝကွာခြားနေသည်။ သူတို့သည် အင်မတန်မှ ပြင်းထန်နေပုံရသည်။

အမျိုးသားနှစ်ယောက်စလုံး၏အမူအယာများ ပြောင်းလဲသွားကြပြီး သူတို့သည် ပုန်းခိုကျင်းထဲက လှေကားပေါ်သို့ တက်သွားကာ ပုန်းခိုကျင်း၏အဖုံးကို အနည်းငယ်ဖွင့်လိုက်ပြီး ပိုပြီးကြားရအောင် နားထောင်လိုက်လေသည်။

အဖုံးကိုဖွင့်လိုက်သည်တွင် ဆူညံသံက ပိုပြီးရှင်း လင်းလာကာ ရှန်းလီ၏ လက်ဖဝါးပေါ်တွင် သိသာသည့်ချွေးများ ထွက်လာတော့သည်။

မြို့ကျသွားပြီလား။

အသံများမှာ အလွန်မှစိတ်အားတက်ကြွပြီး စိတ်ဓာတ်တက်ကြွနေဟန်တူကာ အောင်မြင်စွာစီးနင်းနိုင်သည့် အခြေအနေတစ်ခုနှင့်အတူ ရွှင်လန်းတက်ကြွနေသည့် အသံမျိုးဖြစ်နေလေသည်။

..

တစ်ချိန်တည်းတွင် မြို့အတွင်းက ရွှီမိသားစု၏ ယိုယွင်းနေသည့်အိမ်ကလေးထဲတွင် ရွှီဝမ်ဟုန်သည် သူ့မျက်လုံးထဲတွင် ဝမ်းသာအားရ အလင်းတစ်ခုဖြင့် လျှိုဝှက်ဥမင်ထဲက ထွက်လာသည်။ သူ့အသံကို ဖိနှိပ်ဖို့ ကြိုးစားထားရသည်။

"အမေ ကျွန်တော်တို့တွေ သစ်ပင်တွေရဲ့ အမြစ် အောက်ရောက်သွားပြီ၊ အမြစ်တွေအများကြီးပဲ"

ဝေ့လင်းကျန့်သည် ထိုစကားကို ကြားလိုက်သည်တွင် ခြေခွင်သွားသလို ဖြစ်သွားကာ စိတ်လှုပ်ရှားသွားလေသည်။

သစ်ပင်၏အမြစ်များကို ရှာဖွေတွေ့ရှိလိုက်သည်မှာ သူတို့သည် ထွက်ပြေးဖို့ရန် လမ်းတစ်ခုအတွက် အကာအကွယ်တစ်ခုကို ရှာတွေ့လိုက်သည့်သဘောပင်။

သူမက ရှန်းကျင့်ကို အပြင်တွင်နေခဲ့ဖို့ မှာကြားလိုက်ကာ သူမက သားဖြစ်သူနှင့် အခြေအနေကိုလေ့လာရန် ဥမင်ထဲသို့ ဝင်သွားလေသည်။

ဆိုင်တာဝန်ခံရွှီကလဲ ဝမ်းသာသွားသည်။ ဦးလေးရွှီနှင့် ရွှီဝမ်ချင်းတို့နှင့်အတူ သူတို့သည် လူတစ်ရပ်စာ ရပ်နိုင်သည့် သစ်ပင်ပင်စည်ပတ်ဝန်းကျင်က နေရာတစ်ခုကို တူးဖော်မိခဲ့ကြသည်။ အခုတော့ သူတို့သည် အပေါ်ပိုင်းကို တူးဆွနေပြီး အမြင့်၂ပေနီးပါးသာ တူးဖို့ရန်လိုအပ်တော့သည်။

လေသံတိုးတိုးဖြင့် ဆိုင်တာဝန်ခံရွှီက ဝေ့လင်းကျန့်ကို ပြောလိုက်သည်။

"အရင်တုန်းက ငါတို့တွေက ၅ပေလောက်ပဲအောက်ကို တူးထားတာ အခုငါတို့တွေက ၃ပေလောက် တူးထားပြီးပြီဆိုတော့ အထူက အမြင့်၁ပေလောက်ပဲ ကျန်လောက်မယ်။ ငါတို့တွေက ညပိုင်းကြရင် ဒါကို တူးပြီးသွားရင်တော့ ထွက်ပြေးလို့ရပြီ"

ဥမင်က ဝေ့လင်းကျန့် ကူညီပြီးတူးပေးဖို့ရန်အတွက် အလွန်မှ ကျဥ်းမြောင်းနေသည်။ သူမလုပ်နိုင်သည့်အရာမှာ မြေကြီးများကို ခြင်းထဲတွင်ထည့်ပြီး ကူညီရှင်းလင်းပေးရုံသာ ရှိသည်။

အိမ်မကြီးထဲတွင် ရှန်းကျင့်ကလဲ အလွန်မှစိတ်လှုပ် ရှားနေသည်။

သူတို့သည် ညပိုင်းတွင် ထွက်ခွာသွားနိုင်တော့မည်။

သူသည် ရှန်းယင်နှင့်ရှန်းထယ်တို့၏လက်ကို ဆုပ်ကိုင်ထားလိုက်ကာ ပြောလိုက်လေသည်။

"ရှောင်ယင်၊ ရှောင်ထျယ် မင်းတို့ကြားလား၊ ဒီနေ့ ငါတို့တွေ အပြင်ထွက်နိုင်တော့မယ်။ ငါတို့တွေ ဒီမြို့ထဲက ထွက်နိုင်ပြီဆိုတာနဲ့ မင်းတို့အတွက် ငါက ရစ်ငှက်တွေ ဖမ်းပေးမယ်၊ ပြီးရင် စားသောက်ဖို့အတွက် တောဟင်းရွက်တွေကိုလဲ ခူးပေးမယ်"

ရှန်းထျယ်၏မျက်ခွံများသည် တဖျတ်ဖျတ်ခတ်သွားပြီး ဖွင့်ဖို့ရန်ကြိုးစားသော်ငြားလည်း မဖွင့်နိုင်ပေ။

တစ်ဖက်တွင်တော့ ရှန်းယင်က မျက်လုံးလေးကို မသိမသာ ဖွင့်လိုက်ပြီး သူ၏နှုတ်ခမ်းလေးကို အနည်းငယ်ကွေးညွှတ်ကာ ရှန်းကျင့်ကို ပြန်ဖြေလိုက်သည်။

ရှန်းကျင့်က ထို့နေ့မနက်ခင်းတုန်းကလို အေးစက်မနေတော့သည့် ရှန်းထျယ်၏လက်လေးကို ပွတ်သပ်ပေးလိုက်သည်။ မျက်ခွံများက မသိမသာလှုပ်ရှားရုံသာ ဖြစ်သော်ငြားလည်း သူသည် အလွန်မှ ဝမ်းသာနေဆဲပင်။ သူက ရှန်းထျယ်ကို အားပေးစကားထပ် ပြောတော့မည့်အချိန်တွင် တိုးညှင်းလှသည့် တုန်လှုပ်ဖွယ်ရာအသံကို ကြားလိုက်သယောင် ခံစားလိုက်ရသည်။ သူသည် ခေါင်းလေးကို စောင်းပြီး နားထောင်လိုက်ပြီးနောက်တွင် ရှန်းထျယ်၏ လက်ကို ချထားလိုက်ကာ ထရပ်လိုက်ပြီး အိမ်မကြီးထဲမှထွက်ကာ တံခါးကိုဖွင့်ရင်း ခြံဝန်းထဲသို့ထွက်သွားလိုက်သည်။

ခြံဝန်းထဲသို့ရောက်သွားသည်တွင် သိသာထင်ရှားသည့်အသံတစ်ခုက အနည်းငယ် ရှင်းလင်းလာလေသည်။

တိုက်ပွဲခေါ်သံလား။

တိုက်ခိုက်မှုအကြားတွင် အသံပေါင်းများစွာက အော်ဟစ်နေလေသည်။

ရှန်းကျင့်သည် အခိုက်အတန့် အေးခဲသွားပြီးနောက်တွင် သူ့မျက်နှာက ဖြူဆုတ်သွားကာ ပင်မအိမ်ကြီးထဲသို့ အလျင်စလို ပြေးဝင်သွားပြီး ဥမင်ထဲသို့ဝင်သွားတော့သည်။ သူက ရွှီဝမ်ဟုန်၏ သတိပေးချက်ကို သတိရသွားသည်။ ဒီနေရာတွင် အကျယ်ကြီးစကား မပြောရန်နှင့် အမြန်ကြီး မပြေးဖို့ရန်ဖြစ်သည်။ ဥမင်အဆုံးသို့ ရောက်သွားသည်တွင် သူက အပြင်ဆုံးအပိုင်းတွင်ရပ်နေသည့် ရွှီဝမ်ဟုန်ကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်လေသည်။

"အစ်ကိုဝမ်ဟုန်၊ ဦးလေးရွှီ တစ်ခုခုတော့ မှားနေပြီ၊ အပြင်ဘက်မှာ လူတွေအများကြီး အော်ဟစ်နေကြတယ် ဓားပြတွေ ထိုးဖောက်ဝင်လာပြီလားမသိဘူး"

ဆိုင်တာဝန်ခံရွှီနှင့် တစ်ခြားသူများ၏မျက်နှာများက ရုတ်တရက် ပြောင်းလဲသွားသည်။

သူ့သားအငယ်ဆုံး၏ လက်ထဲသို့ ပေါက်ပြားကို ထိုးထည့်ပေးလိုက်ပြီး သူက ညွှန်ကြားလိုက်သည်။

"ဆက်ပြီးတူးကြ မြန်မြန်"

ထို့နောက်တွင် သူက ဦးလေးရွှီနှင့် ဝေ့လင်းကျန့်ကို လှမ်းအော်လိုက်သည်။

"မြန်မြန် ခြံဝန်းတံခါးကို သွားပိတ်ထား၊ ပစ္စည်းအားလုံးကိုစုလာခဲ့၊ ကလေးတွေကိုလဲ ဥမင်ထဲကို ခေါ်ဆင်းလာတော့"

ရုတ်ချည်းဆိုသလို လူကြီး၃ယောက်သည် အပြေးအလွှား ဖြစ်သွားလေသည်။ ရွှီဝမ်ဟုန်နှင့် ရွှီဝမ်ချင်းတို့က မယုံနိုင်လောက်သည့် အလျင်အမြန်နှုန်းဖြင့် ထွက်ပေါက်ကို စတင်တူးဆွတော့သည်။ ရှန်းကျင့်သည် အပေါ်ဘက်က ရှန်းယင်နှင့် ရှန်းထယ်တို့ကို စိတ်ပူနေသော်ငြားလည်း ဆိုင်တာဝန်ခံရွှီက သူ့ညီလေးနှစ်ယောက်ကို မမေ့သည့်အကြောင်း ကြားလိုက်ရသည်တွင် သူက သူ၏စိတ်ပူနေသည့် ခံစားချက်ကို ဘေးဖယ်ထားလိုက်သည်။ ဦးလေးရွှီ ချန်ထားခဲ့သည့်ပေါက်ပြားကို ကောက်ကိုင်လိုက်ပြီး သူကလဲ စတင်တူးလိုက်ကာ တူးထားသည့်မြေကြီးများကို ဆွဲစုလိုက်သည်။ ထိုမြေကြီးပေါ်သို့ တက်လိုက်ပြီး သူက အပေါ်ဘက်သို့တူးရန် အားစိုက်ထုတ်လိုက်တော့သည်။

မြို့ထဲသို့ ဓားပြများဝင်လာသည်တွင် စက္ကန့်တိုင်းက အသက်ရှင်ဖို့အရေး အရေးပါလေသည်။

...

ဆိုင်တာဝန်ခံရွှီသည် ဥမင်ထဲမှ ထွက်လာသည့်အခိုက်တွင် ဆူညံသံများကို ကြားလိုက်ရ၏။ တိုက်ခိုက်သည့်အသံများက မြို့ထဲတွင် နေ့တိုင်းဖြစ်နေရာ ပုံမှန်ဖြစ်သော်ငြားလည်းပဲ ပုံမှန်ဆိုလျှင် အဝေးမှသာကြားရသည်။ သို့သော်ငြား ဒီနေ့တွင်တော့ ဆူညံသံက အများကြီး ပိုနီးကပ်လာကာ မိနစ်တိုင်းတွင်ပိုပြီး ကျယ်လောင်လာသည်။ တိုက်ခိုက်မှုများက မြို့အတွင်းတွင် ဖြစ်ပွားနေသည်မှာ ထင်ရှားသည်။

တွေဝေမနေဘဲ သူက ခြံဝန်းတံခါးကို ထောက်ကန်ထားဖို့ရန် တစ်ခုခုကိုရှာဖွေဖို့ ဦးလေးရွှီနှင့်အတူ ပူးပေါင်းလိုက်သည်။ ပစ္စည်းများက များများစားစား မကျန်တော့ပေ။ အရင်အိမ်ရှင်များက သူတို့ယူနိုင်သမျှအားလုံးကို ယူသွားကာ ထင်းမီးများအပါအဝင်ဖြစ်သည်။ သယ်မသွားနိုင်သည့် ပရိဘောဂအများစုကိုတော့ ဆိုင်တာဝန်ခံရွှီက လောင်စာအဖြစ်သုံးရန် ဖျက်ဆီးလိုက်သည်။ အခုတော့ သူတို့သည် ပျဥ်ပြားတစ်ချို့ကိုသာ သုံးနိုင်တော့သည်။

ခြံတံခါးဝကို သေချာအောင်လုပ်ပြီးနောက်တွင် သူတို့သည် ပစ္စည်းများကို စုဆောင်း သိမ်းဆည်းနေသည့် ဝေ့လင်းကျန့်ကို စောင့်လိုက်ကြသည်။ ဆိုင်တာဝန်ခံရွှီက ခြံထဲတွင်ချထားသည့် ပုဆိန်တစ်ခုကို ကောက်ယူလိုက်ပြီး ၃ယောက်သားသည် အိမ်မကြီးထဲသို့ ပြန်ဝင်သွားကြကာ တံခါးကို အကာအကွယ်အဖြစ် ထပ်သုံးရန် ကျန်နေသည့် စားပွဲကြီးတစ်လုံးကို တွန်းထည့်ထားလိုက်လေသည်။

ဝေ့လင်းကျန့်က ရှန်းယင်ကို အရင်ဆုံး ဥမင်ထဲသို့ ချီသွားပြီး ရှန်းထျယ်ကို ပြန်လာသယ်ပေးလိုက်သည်။ သူမက ရှန်းကျင့်၏ အထုတ်နှင့် မီးဖိုချောင်ဓားကိုလဲ ယူလာပေးလိုက်ပြီး ဥမင်ထဲသို့ ပြန်ဝင်လာပြီးနောက် တွင် ရှန်းကျင့်၏တာဝန်ကို ချက်ခြင်းလွှဲယူလိုက်သည်။

ရှန်းကျင့်က အများကြီး မပြောချေ။ သူသည် အင်းအားကင်းမဲ့ပြီး သေးငယ်လွန်းလှသည်။ သူ့အရပ်နှင့်ဆိုလျှင် တူးရွင်းတစ်ခုကိုကိုင်ကာ မြေကြီးပေါ်တွင် ရပ်နေသည့်တိုင် သူသည် ပိုပြီးမြင့်သည့်နေရာသို့ မရောက်နိုင်ပေ။ သူသည် အဒေါ်ရွှီလောက် ထိထိရောက်ရောက် တူးဆွနိုင်မည် မဟုတ်မှန်းသိသည်။ နေရာတွင်ပင် လက်လျှော့နေလိုက်ပြီး သူက သူ၏ လေးခွလေးကို ပြန်သိမ်းထားလိုက်ကာ သူ့အိတ်ထဲတွင် ကျောက်တုံးများကို ဖြည့်ထည့်ထားလိုက်ပြီး မီးဖိုချောင်ဓားကိုလဲကိုင်ထားကာ အနီးအနားတွင် လဲလျောင်းနေသည့် ရှန်းယင်နှင့်ရှန်းထယ်တို့ကို စောင့်ကြပ်နေလိုက်သည်။

အိမ်မကြီးထဲတွင် တံခါးကို သေချာပိတ်ထားပြီးနောက်တွင် ဆိုင်တာဝန်ခံရွှီက အိပ်သည့်နေရာသို့ လှည့်သွားလိုက်ကာ မွေ့ယာအောက်က ဓားမြောင်တစ်ခုကို ဆွဲထုတ်လာပြီး သူ၏ရင်ဘတ် အိပ်ကပ်ထဲက ဆေးပုလင်းတစ်လုံးကို ဆွဲထုတ်လိုက်သည်။ ထိုအရာက ရှန်းလီက ကိုယ့်ဟာကိုယ် ကာကွယ်ဖို့ရန်အတွက် ပေးထားသည့်ဆေးပုလင်းပင်။ ဦးလေးရွှီနှင့်အတူ သူတို့သည် စားပွဲကြီးကိုရပ်ပြီး စောင့်ကြပ်နေလိုက်ကာ အပြင်ကဆူညံသံများကို အာရုံစိုက်ပြီး နားထောင်နေလိုက်ကြသည်။

ငိုယိုသံ၊ အော်ဟစ်သံ၊ တိုက်ပွဲခေါ်သံများက အခုတော့ နားကွဲမတတ် ရှင်းလင်းနေသည်။

ငါတို့အလှည့်ပဲ။

ဥမင်ထဲတွင် ဝေ့လင်းကျန့်နှင့် သူမ၏သားဖြစ်သူများမှာ ဘာနည်းလမ်းကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ကတိုက်ကရိုက် တူးဆွနေရသည်။ မြေကြီးများက သူတို့၏ခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ပေကျံနေပြီး သူတို့သည် တတ်နိုင်သလောက် မြန်မြန် ထွက်ပေါက်ကို တူးဖော်ဖို့သာ အာရုံစိုက်ထားကြသည်။

ခြံဝန်းတံခါးသည် ကျယ်လောင်သည့် ကွဲအက်သံတစ်ခုနှင့်အတူ ဟိန်းထွက်လာပြီး ဆိုင်တာဝန်ခံရွှီ၏ အသက်ရှူသံကို မြန်ဆန်သွားစေတော့သည်။ သူသည် ဓားမြောင်ကို တင်းနေအောင်ဆုပ်ထားပြီး သူ့လက်များက သွေးကြောများပင် ထောင်တက်လာတော့သည်။

ရှန်းကျင့်ကလဲ အခြေအနေ အကဲဖြတ်ရန်ဥမင် ဝင်ပေါက်ဆီသို့ အပြေးရောက်လာသည်။ အပြင်ဘက်က ဆူညံသံများကို ကြားလိုက်သည်တွင် သူက အမြန်ပြန်ရောက်လာသည်။

"မြန်မြန်လေး၊ တစ်ယောက်ယောက်က ကျွန်တော်တို့ရဲ့ ခြံတံခါးကို လာပြီးတော့ ထုရိုက်နေပြီ"

ရွှီဝမ်ချင်း၏ မျက်လုံးများသည် ပြတ်သားသည့်ဆုံးဖြတ်ချက်ဖြင့် နီရဲသွားပြီး သူက အားကုန်စိုက် ထုတ်ကာ တူးဆွလေသည်။

မီးအိမ်လေးတစ်ခုထဲက အလင်းပေးထားသည့် မှိန်ပြပြ ဥမင်ထဲတွင် သူ၏ သူ့တူးရွင်း၏တစ်ခုချင်းစီ ထိုးဆွမှုတွင် ကြီးမားသည့်မြေတုံးများက ပြုတ်ကျလာပြီး နေ့ခင်းဘက် အလင်းရောင် ကွက်လေးတစ်ခု ပေါ်လာသည်။

ဥမင်က ဆက်သွားသည်။

ရှန်းကျင့်ပင် အလင်းရောင်ကို ခံစားမိလိုက်ပြီး လှည့်ကြည့်လိုက်လေသည်။

"ကျွန်တော် အဖိုးရွှီနဲ့ဦးလေးရွှီကို သွားခေါ်လိုက်မယ်"

သူက တွေဝေမနေဘဲ အပြင်ဘက်သို့လွှားခနဲ ပြေးတက်သွားသည်။

ခြံဝင်းတံခါးက အားဖြင့်တွန်းဖွင့်ပြီးသား ဖြစ်လေသည်။ ရှန်းကျင်ကလဲ ဥမင်၏ ဝင်ပေါက်ဆီသို့ ရောက်လာသည်။

"မြန်မြန်၊ မြန်မြန်၊ ဥမင်ကြီး ပွင့်သွားပြီ"

ဒီစကားကိုကြားလိုက်သည်တွင် ဆိုင်တာဝန်ခံရွှီနှင့် ဦးလေးရွှီတို့က အပြင်ဘက်ကအခြေအနေကို ဆက်ပြီးဂရုမစိုက်တော့ပေ။ သူတို့သည် ရှန်းကျင့်နောက်မှ လိုက်ကာ ဥမင်ထဲသို့ပြေးဝင်သွားကြသည်။ ရွှီဝမ်ချင်းက ဆက်ပြီးတူးဆွနေသည်။ လူတစ်ယောက် ဝင်ဆန့်နိုင်မည့်အပေါက်ကို မြန်မြန်ချဲ့ပေးနေသည်။

အပြင်ဘက်က အခြေအနေကို သေချာမသိသေးရာ ရွှီဝမ်ချင်းကလဲ သတိဖြင့်သူ့ခေါင်းလေးကို ထုတ်ကြည့်လိုက်သည်။ ဒါသည် သစ်တောတစ်ခုပင် ဓားပြများက မြို့ထဲသို့ အလုံးအရင်းဝင်သွားခဲ့ပြီ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူသည် မြင်ကွင်းထဲတွင် ဘယ်သူ့ကိုမှ သတိမထားမိပေ။ ရွှီဝမ်ချင်းက ချက်ခြင်းဆိုသလို လက်နှစ်ဖက်စလုံးကို သုံးလိုက်ကာ ကိုယ့်ဟာကိုယ် အပေါ်သို့ ပင့်တင်လိုက်သည်။

နောက်တစ်ယောက်က ရွှီဝမ်ဟုန်၊ ရှန်းယင်၊ ရှန်းထျယ်နှင့် ရှန်းကျင့်တို့ဖြစ်သည်။ အားလုံးကို ဝေ့လင်းကျန့်နှင့် ဆိုင်တာဝန်ခံရွှီတို့က အပေါ်သို့ပင့်တင်ပေးနေစဥ် ရွှီဝမ်ချင်းက အပေါ်ကနေပြီး သူတို့ကိုဆွဲတင်ပေးသည်။

ကလေးများက အန္တရာယ်ကင်းကင်းဖြင့် အပေါ်သို့ ရောက်သွားသည်တွင် ဝေ့လင်းကျန့်ကို ဆိုင်တာဝန်ခံရွှီက အပေါ်တက်ဖို့ တိုက်တွန်းလိုက်သည်။ သူမက အပေါ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တူးရွှင်းနှင့်ဂေါ်ပြားများကို လှမ်းဆွဲလိုက်ပြီး ဦးလေးရွှီကိုတက်ဖို့ မြန်မြန်တိုက်တွန်းလိုက်သည်။

သို့သော်ငြားလည်း ဦးလေးရွှီကအရင်တက်လာဖို့ ငြင်းဆန်လေသည်။

"မြန်မြန်၊ ယောက်ျား တက်လာတော့"

နောက်ထပ်ဆူညံသံက ဥမင်၏အပြင်ဘက်မှ ပဲ့တင်ထွက်လာသည်။ စားပွဲသည် ဘေးသို့ တွန်းရွှေ့ခံလိုက်ရသည်။ အချိန်ဆွဲမနေတော့ဘဲ ဆိုင်တာဝန်ခံရွှီက မြန်ဆန်သည့်လှုပ်ရှားမှုအနည်းငယ်ဖြင့် အပေါ်သို့တက်လိုက်သည်။

ဓားပြများ၏ စိတ်လှုပ်ရှားနေသည့်အော်သံကို ဥမင်ထဲတွင်ပင် ကြားနေရသည်။

"ဥမင်တစ်ခုရှိတယ်၊ သူတို့နောက်လိုက်ကြ"

သူသည် အချိန်ဖြုန်းမနေတော့ပေ။ ရွှီဝမ်ချင်းကို ဦးလေးရွှီအား မြန်မြန်ဆွဲတင်ပေးရန် တိုက်တွန်းလိုက်ပြီး ဝေ့လင်းကျန့်နှင့် ရွှီဝမ်ဟုန်တို့က ရှန်းယင်နှင့်ရှန်းထယ်တို့ကို လှမ်းချီလိုက်သည်။ သူက ဓားမြှောင်ကိုသိမ်းထားလိုက်ပြီး တူးရွင်း၏ အချွန်ဘက်အစွန်းကို ဆေးပုလင်းလေးထဲသို့ နှစ်လိုက်ပြီး တူးရွင်းအသွားကို ဆေးရည်များဖြင့် မြန်မြန်သုတ်လိမ်းလိုက်သည်။

ဒီအချိန်တွင် ဦးလေးရွှီသည် အပေါ်သို့ရောက်နှင့်ပြီဖြစ်သည်။ ဥမင်အဝမှ ခြေသုံးလှမ်းစာလောက်အလိုတွင် လူထွားကြီးတစ်ယောက်က နောက်မှပေါ်လာလေသည်။

ဆိုင်တာဝန်ခံရွှီသည် အဆင်သင့်ဖြစ်နေပြီး ထိုလူထံသို့ သူ၏တူးရွှင်းကို လွဲရမ်းလိုက်တော့သည်။

ကျွမ်းကျင်သည့် တိုက်ခိုက်သူတစ်ယောက် မဟုတ်လေရာ သူ၏လွှဲရမ်းလိုက်သည့်အချက်က ထိုလူ၏ လည်ပင်းနှင့် ခေါင်းပေါ်က အဓိကနေရာကို လွဲသွားပြီး ထိုလူ၏လက်မောင်းကို သွားရိုက်မိလေသည်။

သွေးများက စီးထွက်လာတော့သည်။

ဆိုင်တာဝန်ခံရွှီသည် အလွန်မှ စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးများကလဲ ဝမ်းသာစိတ်ဖြင့် လင်းလက်သွားလေသည်။

ရောက်လာမည့်အန္တရာယ်ကို သတိမထားမိလိုက်သည့် ထိုလူက နာကျင်မှုဖြင့် အော်ဟစ်လိုက်လေသည်။ ဒေါသထွက်သွားပြီး သူသည် တူးရွင်းကို ရှိသမျှအားဖြင့်ဖမ်းဆွဲကာ ဆောင့်ဆွဲလိုက်ပြီး အပေါ်သို့ လှမ်းတက်လိုက်သည်။

ဆိုင်တာဝန်ခံရွှီသည် ထိုလူနှင့် ယှဥ်ပြိုင်ရန် ခွန်အားမရှိပေ။ ထိုလူက တူးရွင်းကိုဆွဲယူလိုက်ပြီးနောက်တွင် အားထုတ်သော်ငြားလည်း မလှုပ်ရှားနိုင်ဖြစ်နေလေသည်။ ဘေးတွင်ရပ်နေသည့် ရွှီဝမ်ချင်းနှင့်ဦးလေးရွှီတို့က အကူအညီပေးရန် သူတို့၏ကိုယ်ပိုင် တူးရွှင်းနှင့်ဂေါ်ပြားများကို အလောတကြီး လှမ်းဆွဲလိုက်ကြသည်။ သို့သော်ငြားလည်း သူတို့သည် သူတို့၏ပစ္စည်းများကို မလွဲရမ်းရသေးခင်မှာပင် အပေါ်သို့ တစ်ဝက်လောက် ရောက်လာနေသည့် လူထွားကြီးမှာ ရုတ်တရက်ဆိုသလို နေရာတွင်ပင် အေးခဲသွားတော့သည်။

ဆိုင်တာဝန်ခံရွှီသည် သူ၏တူးရွှင်းကို မြန်မြန်ဆန်ဆန် ပြန်ဆွဲလိုက်ပြီး ဒီတစ်ကြိမ်တွင်တော့ သူသည် ပေါ့ပါးသွားကာ လွတ်လပ်သွားတော့သည်။

"သွားတော့၊ မြန်မြန်တက်၊ သွားမယ်"

ဝေ့လင်းကျန့်နှင့်တခြားသူများကို အရင်တက်ခိုင်းလိုက်ပြီး သူက ဂူ၏ဝင်ပေါက်နားတွင် မမှိတ်မသုန်ရပ်ကျန်နေခဲ့သည်။ ဓားပြများလိုက်လာခြင်းကို တားဆီးဖို့ရန် တတ်နိုင်သည့် နည်းလမ်းတစ်ခုသာ ရှိခဲ့လျှင် ထိုအရာသည် လူတစ်ယောက်စာသာ ဆန့်ဝင်နိုင်သည့််ကျဥ်းမြောင်းသည့် ဂူဝင်ပေါက်လေးကို ဖျက်စီးလိုက်ဖို့ရန်ဖြစ်သည်။ အဆိပ်သုတ်ထားသည့် တူးရွင်းတစ်ခုက အားနှင့်လွှဲရမ်းလိုက်လျှင် အစွမ်းထက်ဆုံးအားထုတ်မှုတစ်ခုကို သက်သေဖြစ်စေသည်။

ဓားပြ၃ယောက်က အထဲဘက်သို့ လိုက်ဝင်လာသည်။ အပေါ်သို့ လိုက်တက်လာသည့် ပထမဦးဆုံးတစ်ယောက်မှာ စူးရှသည့်အော်သံတစ်ခု ထွက်လာသည်။ သူသည် အပြင်းအထန် တိုက်ခိုက်ခံလိုက်ရသည်ဟု ညွှန်ပြနေလေသည်။ အပေါ်သို့ ဆက်တက်ဖို့ရန် သိသာထင်ရှားသည့် ဆုံးဖြတ်ချက် ရှိနေသော်ငြားလည်း သူ၏လှုပ်ရှားမှုများက ရုတ်တရက် နှေးကွေးသွားပြီး စိုးရိမ်တကြီးအော်သံတစ်ခု ထွက်လာသည်။

"ဒုတိယအစ်ကို ဘာဖြစ်တာလဲ"

လိုက်လာသည့်အဖော်၏ ဆွဲချခံလိုက်ရသည့် ဒုတိယတစ်ယောက်သည် နှုတ်ခမ်းတစ်ဝိုက်တွင် ဖြူဆွတ်နေပြီးဖြစ်နေသည်။

ဒီ၃ယောက်သည် မိသားစုတစ်ခုတည်းက ညီအစ်ကိုများ ဖြစ်လေသည်။ သူတို့ အစ်ကိုဖြစ်သူ၏ သတ်ဖြတ်သူကို သူတို့က မည်သို့ သည်းခံနိုင်ပါမည်နည်း။ အထူးသဖြင့် ခုနက အကောင်းစား ဂွမ်းစောင်နှင့် အိပ်ယာခင်းများကိုလည်း တွေ့ခဲ့ရသည်။

ယိုယွင်းနေသည့် တဲကုတ်လေးထဲတွင်နေပြီး သူတို့သည် အကောင်းစားစောင်များကို ခြုံကာ လျှို့ဝှက်ဥမင်တစ်ခုလဲ ထားရှိသည်။ လူချမ်းသာမိသားစုတစ်ခုက ထွက်ပြေးဖို့ လမ်းကြောင်းတစ်ခု တူးရန် မြို့တံတိုင်းဘေးက ဒီယိုယွင်းနေသည့် အိမ်ကလေးကို တမင်ရွေးချယ်ထားမှန်း သိသာသည်။

ဓားပြများက သူတို့ကိုယ်တိုင် ဆောင်ရွက်ရမည့် သတ်မှတ်ချက်များရှိသည်။ သူတို့ကတော့ လူချမ်းသာများကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ သူတို့သည် ကံဆိုးသည့်သူများကိုသာ ဖမ်းဆီးကြခြင်းပင်။ အကယ်၍ချမ်းသာသည့်မိသားစုတစ်ခုကို ဖမ်းမိလိုက်လျှင် သူတို့သည် ထိုအရာကို အလွတ်ပေးနိုင်ပါမည်လား။

သို့တိုင် ဒီညီအစ်ကိုနှစ်ယောက်ကတော့ ရူးမိုက်သူများ မဟုတ်ပေ။ သူတို့၏ ဒုတိယအစ်ကိုက အဆိပ်ကြောင့် သေဆုံးသွားမှန်း သိလိုက်ကြသည်။ သူတို့သည် ကိုယ့်ဟာကိုယ် သေကြောင်းကြံမည့် အခြေအနေတစ်ခုထဲသို့ ပြေးဝင်သွားရလောက်အောင် မိုက်ရူးရဲခြင်းမရှိပေ။

အကြီးဆုံးအစ်ကိုက အပေါ်ဘက်သို့အော်ပြောလိုက်သည်။

"မင်းတို့မှာ သတ္တိရှိရင် ဥမင်ရဲ့ဝင်ပေါက်မှာ ရပ်နေလိုက်ကြ"

ထို့နောက်တွင် သူက သူ၏အငယ်ဆုံးညီလေးဘက်သို့ လှည့်လိုက်သည်။

"တတိယညီလေး.အကူအညီသွားခေါ်လာခဲ့"

အငယ်ဆုံးညီလေးက သဘောတူလိုက်သော်ငြားလည်း အမှန်တွင်တော့ ထွက်မသွားခဲ့ချေ။ သူသည် အပေါ်ကလူများကို ဖိအားပေးခြင်းသက်သက်သာဖြစ်ပြီး သူတို့ကိုယ်သူတို့ ကြောက်လန့်တကြားဖြစ်ဖို့ရန် ရည်ရွယ်သည်။

အမှန်ပင် ဆိုင်တာဝန်ခံရွှီသည် ဝင်ပေါက်ကို ဆက်ပြီး မစောင့်ကြည့်ရဲတော့ပေ။ ဒါသည် အချည်းနှီးဖြစ်မည်မှန်း သိနေလေသည်။ တစ်ဖက်တွင် ဓားပြများက အများအပြား ရှိနေသည်။ လူများထပ်ရောက်လာလျှင် သူ့လိုလူ ၁၀ယောက်ကပင် ထိုလူများကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

သူက ဦးလေးရွှီကို ထွက်ခွာဖို့ရန် လက်ဟန်ပြလိုက်သော်လည်း ဦးလေးရွှီက ခေါင်းမာနေသည်။ သူ၏ တူးရွင်းကို တင်းမာနေအောင် ကိုင်ထားပြီး သူက ကြေငြာလိုက်၏။

"ကျွန်တော် နေပြီး စောင့်ခဲ့မယ်၊ အားလုံးထွက်သွားကြ"

အခိုက်အတန့်တိုင်းက အရေးကြီးလေသည်။

ဆိုင်တာဝန်ခံရွှီသည် သူ့ကို ချန်မထားခဲ့ရက်နိုင်ပေ။ ဒါသည် သေခြင်းသို့သာ ဦးတည်ပေလိမ့်မည်။ အသက်တစ်ချောင်းကို စွန့်လွှတ်ရသည့်တိုင် အချိန်အများကြီး ဆွဲထားနိုင်လိမ့်မည် မဟုတ်ပေ။

ဆိုင်တာဝန်ခံရွှီက ထိုမျှလောက် တိုတောင်းသည့် အချိန်အတွက်တော့ သူ့အသက်ကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ သူက ဦးလေးရွှီ၏ကျောကိုတွန်းကာ ပြောလိုက်လေသည်။

"အတူတူ သွားကြမယ်"

ရွှီဝမ်ချင်းက အကူအညီပေးဖို့ရန် စိတ်အားထက်သန်နေပြီး ရှေ့သို့ တစ်လှမ်းတိုးတော့မည့်ဆဲဆဲတွင် သူ့ဘေးတွင်ရပ်နေသည့် ရှန်းကျင့်က ရုတ်တရက်ဆိုသလို မြိုသိပ်ထားသည့် စိတ်လှုပ်ရှားသည့်အသံတစ်ခုဖြင့် ခေါ်လိုက်လေသည်။

"အစ်ကိုကြီး"

ရှန်းကျင့်၏ အကြည့်နောက်သို့ လိုက်သွားသည်တွင် သူတို့သည် ခြုံပုတ်နောက်တွင်ရပ်နေသည့် အသက် ၂၀ ဝန်းကျင်အရွယ် အရပ်မြင့်မြင့်လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ကြသည်။

ရှန်းကျင့်မြင်ရဖို့ရန် တမင်လူလုံးထွက်ပြလာခဲ့သည့် ရှန်းလီပင်။ ကောင်လေးက အစ်ကိုကြီးဟု လှမ်းခေါ်လိုက်သည့် အခိုက်အတန့်တွင် ရှန်းလီက သူ့နှုတ်ခမ်းပေါ်သို့ လက်တင်ပြလိုက်သည်။

ရှန်းကျင့်က ရုတ်ခြည်းဆိုသလို သူ့ပါးစပ်ကို ပြန်အုပ်ထားလိုက်သည်။

သို့သော်ငြားလည်း အော်သံတစ်ချက်ကပင် ဆိုင်တာဝန်ခံရွှီ ကြားနိုင်လောက်အောင် လုံလောက်ပေသည်။ ရှန်းကျင့်၏ မြင်ကွင်းဘက်သို့ လိုက်ကြည့်လိုက်သည်တွင် သူသည် ချုံပုတ်ဘက်သို့ ကြည့်လိုက်တော့ ချုံပုတ်နောက်တွင် ရပ်နေသည့်သူကို မှတ်မိသွားပြီး စိတ်လှုပ်ရှားမှုများ လွှမ်းမိုးသွားကာ သူသည် မိုးနတ်မင်းကို ကျေးဇူးတင်မိသလို ခံစားရလေသည်။

ရှန်းလီ။

သူ့ဘေးတွင်တော့ ချန်းသရှန်။

မိုးနတ်မင်းက သူတို့မိသားစုတစ်ခုလုံးကို ကယ်တင်ပေးဖို့ အမှန်ပင် ဆုံးဖြတ်ခဲ့သည်။

ဆိုင်တာဝန်ခံရွှီ၏ လည်ချောင်းများက တစ်သိမ့်သိမ့် လှုပ်ရှားသွားသည်။ သူသည် အရင်ဘဝက များပြားလှသည့် ကုသိုလ်ကောင်းမှုများ လုပ်ခဲ့သည်ဟု ခံစားမိလေသည်။

ရှန်းလီနှင့်ချန်းသရှန်တို့သည် သူတို့၏လေးမြှားကို ဆွဲတင်းထားပြီးဖြစ်ကာ ဆိုင်တာဝန်ခံရွှီနှင့်ဦးလေးရွှီတို့ကို ပြေးဖို့ လက်ဟန်ပြလိုက်သည်။ ထို့နောက်တွင် သူတို့သည် မြှားကျည်တောက်ထဲက မြှားများကိုဆွဲထုတ်လိုက်ပြီး လေးပေါ်တွင် တင်ထားလိုက်သည်။

ဆိုင်တာဝန်ခံရွှီက ချက်ခြင်းနားလည်သွားသည်။ သူက လက်နှစ်ချောင်း ထောင်ပြလိုက်ကာ ရှန်းလီနှင့် ချန်းသရှန်တို့ကို ဓားပြအရေအတွက် အချက်ပြလိုက်သည်။ ခေါင်းငြိမ့် ပြလိုက်သည်ကို မြင်လိုက်သည်တွင် သူက လက်ကို ပြန်ချလိုက်ပြီး ဦးလေးရွှီကို တိုက်တွန်းလိုက်သည်။

"သွားတော့ ဒီမှာနေခဲ့တဲ့လူတွေ သေရလိမ့်မယ်၊ ငါတို့တွေ သူတို့ကို အချိန်အကြာကြီး ဆွဲမထားနိုင်ဘူး၊ ငါတို့တွေ သူတို့နဲ့အင်အားမမျှဘူး၊ ဒီတော့ မြန်မြန်လုပ်"

ဦးလေးရွှီကလဲ ရှန်းလီနှင့်ချန်းသရှန်တို့ကို မြင်လိုက်ပြီး ဆိုင်တာဝန်ခံရွှီ၏စကားက အောက်ဘက်ကဓားပြများကို ရည်ညွှန်းမှန်း သူ သိလိုက်သည်။ ရှန်းကျင့်က သူ့ကို အစ်ကိုကြီးဟု လှမ်းခေါ်လိုက်သည်တွင် သူတို့သည် ရှန်းလီ ရောက်နေမှန်းသိလိုက်ကြသည်။ ဓားပြများကတော့ ကလေးက မိသားစုဝင်ထဲကတစ်ယောက်ကို လှမ်းခေါ်လိုက်သည်ဟုထင်ပြီး သံသယဖြစ်လိမ့်မည် မဟုတ်ပေ။

သူသည် ဇာတ်အတိုင်း လိုက်ကလိုက်ပြီး သက်ပြင်း ချကာ ခြေဆောင့်လိုက်ပြီးနောက်တွင် ဆိုင်တာဝန်ခံရွှီနောက်သို့ အရှိန်ဖြင့် ပြေးလိုက်သွားတော့သည်။

နှစ်ယောက်သားက ဝေ့လင်းကျန့်နှင့်တစ်ခြားသူများဆီသို့ အပြေးအလွှား သွားလိုက်သည်။ မိသားစုများက အသည်းအသန် ပြေးထွက်သွားကြပြီး အားလုံးကိုထွက်ပြေးဖို့ ဆက်တိုက်အော်ဟစ်နေကာ အော်သံတစ်ခုချင်းစီတွင် သူတို့၏တည်နေရာကို အမှတ်တမဲ့ ဖော်ထုတ်နေလေသည်။

အောက်က ဓားပြနှစ်ယောက်က စိတ်အေးသွားကြသည်။ တစ်လှည့်စီ အလှည့်ကျယူလိုက်ကာ သူတို့ကအပေါ်သို့ တက်လာသည်။ ပထမတစ်ယောက်၏ မျက်လုံးသည် ပြေးလွှားနေသည့် ဆိုင်တာဝန်ခံရွှီမိသားစုဆီသို့ မခွာတမ်း စိုက်ကြည့်နေပြီး ဘေးကချုံပုတ်ထဲတွင် ပုန်းအောင်းနေသည့် လူရိပ်များကို လုံးဝသတိမထားမိပေ။

ပထမဓားပြက တွင်းအဝ အပေါ်သို့ရောက်လာသည်။ ရှန်းလီက ငြိမ်နေဆဲပင်။

ဒုတိယတစ်ယောက်က အပေါ်သို့တက်လာပြီး ခြေလှမ်းနှစ်လမ်းလောက် လှမ်းလိုက်ချိန်တွင်တော့ နှစ်ပေါင်းများစွာ အတူတူလှုပ်ရှားလာသည့် ရှန်းလီနှင့်ချန်းသရှန်တို့သည် စကားတစ်ခွန်းပင် ပြောစရာမလိုပေ။ တပြိုင်တည်းလှုပ်ရှားမှုနှင့် သူတို့သည် သူတို့၏မြှားများကို ပစ်လွှတ်လိုက်သည်။

သူတို့၏သားကောင်များနောက်သို့ ဓားများကိုဝေ့ရမ်းကာ လိုက်လာကြသည့် ဓားပြနှစ်ယောက်သည် လေထဲတွင် ဖြတ်ပြေးလာသည့် မြှားသံများကိုသာ ကြားလိုက်ရသည်။ သူတို့၏ ဆံပင်များက ထောင်တက်သွားပြီး သူတို့သည် အန္တရာယ်၏အရင်းအမြစ်ကို မခွဲခြားနိုင်သေးခင်မှာပင် စူးရှသည့်နာကျင်မှုတစ်ခုက သူတို့၏နှလုံးသားကို ထိုးဖောက်သွားတော့သည်။ သူတို့၏ခန္ဓကိုယ်သည် တောင့်တင်းသွားပြီး မယုံမကြည်နှင့် ထိုနေရာတွင်ပင် ရပ်တန့်ပြီးနေကာ သူတို့၏ရင်ဘတ်ကို ထိုးဖောက်သွားသည့် မြှားတံကို ငုံ့ကြည့်နေမိတော့သည်။

...

All Chapters