အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အပိုင်း (၁၆၇) ရှက်ရွံ့မိခြင်း
ရွှီမိသားစုဝင်များသည် ရှေ့သို့ပြေးလွှားနေရင်းက နောက်ကိုပြန်လှည့်ကြည့်လိုက်ကာ သူတို့သည် အချိန်မှီတုံ့ပြန်ဖို့ ကျရှုံးခဲ့လေသည်။ သစ်ပင်နောက်တွင်ပုန်းကွယ်နေသည့် ချန်းသရှန်နှင့်ရှန်းလီတို့သည် အလျင်အမြန်ပေါ် ထွက်လာကာ အသက်ရေးရေး လေးကျန်နေသည့် ဓားပြနှစ်ယောက်ကို နောက်ဆုံးမြှားဖြင့် ပစ်လိုက်လေသည်။ သူတို့သည် ဓားပြများ၏သေဆုံးမှုကို သေချာစစ်ဆေးပြီးနောက်တွင် သူတို့၏ခန္ဓကိုယ်ပေါ်က သံဖြင့်လုပ်ထားသည့် မြှားများကို သိမ်းထားခဲ့လိုက်သည်။ သေဆုံးသွားသည့် ရဲမက်များထံက ရယူထားသည့် ဓားပြများ၏လက်ထဲက ဓားများကိုလဲ သိမ်းဆည်းထားလိုက်သည်။
သူတို့၏ လှုပ်ရှားမှုများသည် လျင်မြန်ပြီး အိန္ဒြေလဲရကာ သူတို့သည် သားကောင်များကို သိမ်းဆည်းပြီး အမဲလိုက်သည့် အတောအတွင်း အရေခွံများကို ဖယ်ထုတ်နေသယောင်ပင်။ ရွှီမိသားစုသည် သူတို့၏သွားနေသည့် လမ်းကြောင်းကို မနေနိုင်ဘဲ ရပ်တန့်မိတော့သည်။ သူတို့သည် သေဘေးမှ သီသီလေးလွတ်လာသည်တွင် မှင်သက်အံ့သြနေပြီး ပင်ပန်းနွမ်းနယ် သွားကြလေသည်။ ဥပမာ ဝေ့လင်းကျန့်သည် အခုတော့ အလွန်မှ အားနည်းချိနဲ့သွားပြီး သူမ၏ ခန္ဓကိုယ်တစ်ခုလုံးမှာ ပျော့ခွေသွားတော့သည်။ သူမသည် ရှန်းယင်ကို ချီထားဆဲဖြစ်နေသည့် အကြောင်းကြောင့် မဟုတ်လျှင် သူမသည် ပြိုလဲသွားလောက်သည်။
မိသားစုတစ်ခုလုံးသည် ထို့နေ့တွင် သူတို့၏ဇာတ်သိမ်းလေးကို တွေ့ဆုံရလုနီးနီး ဖြစ်ခဲ့ရသည်။
ရှန်းလီက ခြေလှမ်းကျဲကြီးများဖြင့် မြန်မြန်လျှောက်လာကာ သူကိုယ်တိုင်နှင့် ရွှီမိသားစုဝင်များကြားက အကွာအဝေးကို မြန်မြန် နီးကပ်အောင်လုပ်လိုက်သည်။ သူက တစ်ယောက်ချင်းစီကို မြန်မြန်ဆန်ဆန် လှမ်းကြည့်လိုက်ပြီးနောက် နောက်ဆုံးတော့ ရှန်းကျင့်ကို ချက်ခြင်းမေးလိုက်လေသည်။
"ထျန်းယာကော"
ရှန်းကျင့်၏မျက်လုံးများသည် ရုတ်ချည်းဆိုသလို နီရဲသွားကာ သူက နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ခေါင်းခါပြလိုက်တော့သည်။
ရှန်းလီသည် ညီအစ်ကို၃ယောက်သာ ဥမင်ထဲကပေါ်လာသည်ကို မြင်လိုက်ချိန်တွင် တစ်ခုခုကို ခန့်မှန်းမိလေပြီး ဖြစ်လေသည်။ ဒီအခိုက်အတန့်တွင် သူ့နှာခေါင်းများမှာ မွှန်ထူသွားပြီး သူသည် ခံစားချက်များကို မြိုသိပ်ဖို့ရန် ဖိနှိပ်ထားလိုက်ရသည်။ သူက ထက်မမေးတော့ဘဲ ရယူလာသည့်ဓားကို ရှန်းကျင့်ဘေးက ရွှီဝမ်ချင်းဆီသို့ လှမ်းပေးလိုက်ကာ
"ဒါကို အခါအကွယ်အနေနဲ့ ယူထားလိုက်"
ဆိုင်တာဝန်ခံရွှီသို့လှည့်ကာ သူက ပြောလိုက်သည်။
"ကျွန်တော်တို့တွေ အချိန်ဆွဲနေလို့မရဘူး၊ မြို့ထဲမှာ ဝရုန်းသုန်းကားဖြစ်နေတဲ့အချိန် ကျွန်တော်တို့တွေ ချက်ခြင်းထွက်သွားမှဖြစ်မယ်၊ သရှန်နဲ့ကျွန်တော် က ရှေ့ကနေစောင့်ကြပ်ပြီး ခေါ်သွားပေးမယ်၊ ဦးလေးနဲ့ဦးလေးရွှီတို့က ကျေးဇူးပြုပြီး ရှောင်ယင်နဲ့ရှောင်ထျယ်ကို သယ်လာပေးနိုင်မလား"
ဆိုင်တာဝန်ခံရွှီက ခေါင်းတွင်တွင် ငြိမ့်ပြလိုက်ပြီး တူးရွင်းကို သူ၏ သားအကြီးဆုံးဆီသို့ လှမ်းပေးလိုက်လေသည်။ သူက တူးရွင်း၏အသွားပေါ်တွင် အဆိပ်ရှိကြောင်း သတိပေးလိုက်ပြီး သတိထားခိုင်းလိုက်သည်။ ထို့နောက်တွင် သူက သူ့မိန်းမထံမှ ရှန်းယင်ကို လှမ်းခေါ်လိုက်ပြီး ရှန်းယင်နှင့်ရှန်းထယ်တို့မှာ အပြင်းအထန် ဆာလောင်မွတ်သိပ်မှုကို ခံစားခဲ့ရကြောင်း ရှင်းပြလိုက်ပြီးနောက်တွင်တော့ ထပ်ပြောလိုက်လေသည်။
"ကျွန်တော် ကျွန်တော့်ရဲ့ပုန်းခိုကျင်းထဲမှာ အစားအသောက်တွေ တချို့ ဝှက်ထားသေးတယ်"
ငတ်မွတ်ခြင်း။ အခြေအနေက ရှန်းလီ၏ယူဆချက်နှင့် တသတ်မှတ်တည်းဖြစ်နေလေသည်။ သူက ခေါင်းငြိမ့်ပြလိုက်၏။ “အစားအသောက်တွေ ဘယ်မှာရှိလဲဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အခုသွားလို့မရတော့ဘူး။ ကျွန်တော်တို့အဖွဲ့က တော်တော်လေးများတယ်၊ မြို့ကလဲ အခုမှကျပြီးခါစဆိုတော့ ဓားပြတွေက မြို့အပြင်ဘက်ကို စောင့်ကြည့်ဖို့အင်အားရှိမှာမဟုတ်ဘူး။ ဒါက ထွက်ပြေးဖို့တွက် အကောင်းဆုံးအခွင့်အရေးပဲ။ သူတို့တွေ အင်အားပြန်ရလာတာနဲ့ ဒီကနေထွက်သွားဖို့ အများကြီးပိုခက်ခဲသွားလိမ့်မယ်။ နောက်ပြီးတော့ လျှိုဝှက်ဥမင်ကိုလည်း အချိန်မရွေးတွေ့သွားနိုင်တယ်။ ကျွန်တော်တို့တွေက တစ်ကြိမ်ထဲနဲ့စပါးတွေအများကြီး သယ်သွားလို့မရဘူး။ ကျွန်တော်တို့ရဲ့ဒီနေရာကို ထုတ်ဖော်ပြလိုက်မယ်ဆိုရင် အန္တရာယ်များတယ်။
ဆိုင်တာဝန်ခံရွှီက ထပ်ပြီးမမေးတော့ချေ။
"ကျုပ်တို့တွေ မင်းရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါမယ်"
ဦးလေးရွှီက ရွှီဝမ်ဟုန်ထံမှ ပေါက်တူးကိုလှမ်းယူလိုက်စဥ် ချန်းသရှန်က ရွှီဝမ်ဟုန်ကို သူ့ရဲ့ဓားကိုလှမ်းပေးလိုက်ကာ စောင့်ကြည့်စစ်ဆေးပေးဖို့ရန် ရှေ့မှ ဦးဆောင်သွားလိုက်လေသည်။ ရှန်းလီက ရှန်းယင်နှင့်ရှန်းထျယ်တို့၏ အခြေအနေကို အကဲခတ်လိုက်ပြီး ရှန်းယင်တစ်ယောက်သာ မျက်လုံးများဖွင့်ကာ သူ့ကို ကြည့်နေနိုင်သည်။ ပါးစပ်က အားနည်းချိနဲ့စွာဖြင့် သူ့ကိုလှမ်းခေါ်နေသယောင်ပင်။
သူ၏မျက်လုံးများမှာ နီရဲသွားတော့သည်။ သူက ရှန်းယင်၏လက်လေးကို ဆုပ်ပေးလိုက်ပြီး မကြောက်ဖို့ရန် အားပေးလိုက်သည်။ ထို့နောက်တွင် သူက ဆိုင်တာဝန်ခံရွှီနှင့် တစ်ခြားသူများကို နောက်ကလိုက်လာဖို့ အချက်ပြလိုက်ပြီး သူတို့ကိုတောထဲသို့ ဦးဆောင်ကာခေါ်သွားလေသည်။
ရွှီဝမ်ချင်းနှင့် ရွှီဝမ်ဟုန်တို့သည် သူတို့၏ ကျောပေါ်တွင် တူးရွင်းများကို သယ်လာပြီး လက်တွင်ဓားကိုကိုင်ကာ သူတို့၏လက်များက ဝမ်းသာစိတ်ဖြင့် တုန်ယင်နေလေသည်။ သတိဖြင့် ဆက်တိုက်စောင့်ကြည့်နေသည့်အပြင် သူတို့သည် ရှန်းလီနှင့်ရှေ့မှ သွားနှင့်ပြီဖြစ်သည့် ချန်းသရှန်တို့ကို မကြာခဏလှမ်းကြည့်မိလေသည်။
ဒီတော့ သူတို့တွေက သူတို့အမေနဲ့ ဝမ်ပေါ်ပြောပြောနေတဲ့ ရှန်းလီနဲ့ချန်းသရှန်ဆိုတာပေါ့။ မိုးပေါ်ကဆင်းသက်လာတဲ့ စစ်နတ်ဘုရားတွေလိုပဲ။
ဘယ်သူကမှ လူငယ်လေးများ၏စိတ်လှုပ်ရှားမှုကို အာရုံမစိုက်မိကြချေ။ ဆိုင်တာဝန်ခံရွှီနှင့်တစ်ခြားသူများက သတိရှိရှိစောင့်ကြည့်နေပြီး ပေါ်ပေါက်သွားမည်ကို စိုးရိမ်နေကြသည်။ အစောပိုင်းညွှန် ကြားချက်မှလွဲလျှင် စကားတစ်ခွန်းမှမပြောရဲကြပေ။
-
ရှန်းလီနှင့်ချန်းသရှန်တို့သည် ပထမဦးဆုံးရောက် လာချိန်တွင် ဒါသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လေသည်။ အခုတော့ ဓားပြတွေအားလုံးက မြို့ထဲသို့ စီးနင်းဝင်ရောက်သွားပြီဖြစ်ရာ သူတို့၏အပြန်ခရီးမှာ အများကြီးပိုပြီး လွယ်ကူလေသည်။ သူတို့သည် တောထဲတွင် ပုန်းခိုနေဖို့သာ လိုအပ်သည်။ ကင်းစောင့်သည့်နေရာတွင် ရှိတတ်သည့် ကပ်ဘေးဒုက္ခသည်များနှင့် ဓားပြများကိုတော့ သတိထားဖို့လိုအပ်လေသည်။ အရင်ကနှင့်မတူဘဲ သူတို့သည် ၂ရက်တာ ကွေ့ပတ်ပြီးသွားလာနေစရာ မလိုတော့ပေ။
အမှန်ပင် အစောင့်များရှိနေသေးသည်။ သို့သော်ငြားလည်း သူတို့သည် ပိုပြီးဝေးသည့်နေရာတွင် စခန်းချထားဟန်တူသည်။ အနီးအနားက လူများက မြို့ကျသွားသည့်ဆူညံသံများကို ကြားလိုက်ရပြီး စီရင်စုမြို့ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြလေသည်။ ရှန်းလီနှင့်ချန်းသရှန်တို့မှာ သစ်တောထဲတလျှောက် တိုးတိုးတိတ်တိတ် ရွေ့လျားလာကြပြီး အစောင့်များကို ရှောင်ရှားနိုင်ခဲ့ကြသည်။
တောင်အတွင်းပိုင်းသို့ ထွက်ပြေးသွားခဲ့ကြသည့် ရွာသားများအနေဖြင့် အနီးအနားပတ်ဝန်းကျင်တွင် တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရပေ။
တစ်ဆက်တည်းမှာပင် တစ်နာရီခွဲကြာပြီးနောက်တွင် ရှန်းလီနှင့်ချန်းသရှန်တို့သည် လူကြီးနှင့်ကလေးများကို ရှီလီရွာ၏ တောင်အတွင်းပိုင်းသို့ ဦးဆောင်လာခဲ့သည်။
သူတို့သည် တောင်အတွင်းပိုင်းတွင် လမ်းလျှောက်လာရင်း သူတို့သည် ရွာသို့ပြန်ဆုတ်သွားသည်ကို ရှန်းကျင့်မှာ အစပိုင်းက သတိမထားမိခဲ့ချေ။ ပတ်ဝန်းကျင်က ပိုပြီးရင်းနှီးလာသည်ကို သိလိုက်ရမှ သူသည် အထိတ်တလန့်ဖြင့် အေးခဲသွားတော့သည်။
ပျော်ရွှင်မှုကြောင့်မဟုတ်ဘဲ စိုးရိမ်ထိတ်လန့်မှုကြောင့်သာ ဖြစ်လေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်ရွံစိတ်ဖြင့် စိုးမိုးခံနေရပြီး သူ့ခြေလှမ်းများသည် နှေးကွေးသွားတော့သည်။ သူ၏မျက်လုံးများက နီရဲသွားသော်ငြားလည်း သူသည် ဘယ်သူ့ကိုမှ အသိမပေးရဲပေ။ သူက ခေါင်းလေးကိုမသိမသာ ငုံထားလိုက်လေသည်။
"မင်းရဲ့အစ်ကိုကြီးနဲ့မင်းမိဘတွေ ဒါက ဒီလိုပဲဖြစ်သွားတာပဲ၊ မင်း လုံးဝမသိရတဲ့ တစ်ချို့ကိစ္စတွေလဲရှိတယ်၊ မင်းက အစ်ကိုကြီးကို အပြစ်မတင်ဖို့ မျှော်လင့်တယ်၊ ငါ မင်းကို သင်ထားပေးတဲ့ပညာတွေကို မှတ်ထား၊ အဲဒါတွေကို ဝီရိယရှိရှိနဲ့ လေ့ကျင့်၊ မင်း အမဲလိုက်နိုင်ပြီဆိုတာနဲ့ သစ်တောထဲမှာ အသက်ရှင်နိုင်လိမ့်မယ်။ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုတွေ မရှိရင်၊ ကပ်ဘေးဒုက္ခတွေမရှိရင် ဒီကြီးမားတဲ့တောင်ကြီးကို မှီခိုပြီး အများစုကတော့ တောင့်ခံနိုင်လိမ့်မယ် နားလည်လား"
ထိုမိသားစုများ ထွက်ခွာသွားပြီးကတည်းက လေးလအတွင်းတွင် ဒါသည် ရှန်းကျင့်အတွက် တသက်စာဟု ခံစားမိခဲ့လေသည်။ သို့သော်ငြား မည်မျှပင် ကြာရှည်နေသည်ဖြစ်စေ သူသည် သူ့အစ်ကိုကြီးက ရှောင်အန်းနှင့်ထွက်မသွားခင် သူ့ကိုမှာခဲ့သည့်စကားများကို ရှင်းရှင်းလင်းလင်း မှတ်မိဆဲပင်။
ထို့နေ့က သူ အချိန်အကြာကြီး တမ်းတခဲ့ရသည့်လေးခွတစ်ခုကို ရရှိခဲ့သည်။ သူ့အစ်ကိုကြီးနှင့် ရှောင်အန်းတို့က သူ့အတွက် ပုန်းခိုမည့်နေရာတစ်ခုကို တူးပေးခဲ့သည်။ သူသည် အလွန်မှပျော်ရွှင်သွားကာ အိမ်သို့ပြန်လာခဲ့သည်။ ခါတိုင်းလိုပင် သူ၏ လေးခွလေးကို သိမ်းဆည်းကာ သူ့အစ်ကိုကြီး၊ ရှောင်အန်းနှင့်တစ်ခြားကလေးများနှင့်အတူ လေ့ကျင့်ဖို့ရန် နောက်တစ်နေ့မနက်ခင်းကို စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့မိသည်။
သို့တိုင် သူသည် နောက်တစ်နေ့တွင် သူတို့ကို သွားရှာချိန်တွင်တော့ လေ့ကျင့်ရေးက မရှိတော့ပေ။ ကျန်ခဲ့သည့်အရာအားလုံးမှာ ပြောင်ရှင်းနေသည့် အိမ်များသာဖြစ်တော့သည်။
သူနှင့်အတူတူ လေ့ကျင့်ခဲ့ကြသူအားလုံးမှာ ထွက်ခွာသွားခဲ့ကြပြီး သူ့ကိုချန်ခဲ့ကြသည်။
သူသည် အကြောင်းအရင်းကို သိနေပြီး နာကျည်းမှုကြောင့်မဟုတ်ဘဲ ဝမ်းနည်းနေလေသည်။
လှုပ်ရှားမှုတိုင်းတွင် ဘယ်သူကမှ သူ့မိဘများကို မခေါ်ရဲကြပေ။ သူ့အစ်ကိုကြီး၊ မရီး၊ ရှောင်အန်းနှင့် ရှန်းနဥ်တို့က သူတို့ကို လုံလောက်အောင် ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့ကြသည်။
ထိုအချိန်က ရှန်းကျင့်သည် သူ၏လက်မှုပညာပုန်းခိုရာနေရာတစ်ခု တောင်များ၏အထောက်အပံ့အပေါ် ယုံကြည်မှုရှိပြီး သူ့မိဘများနှင့်သူသည် ဒီအတိုင်း တစ်နည်းနည်းဖြင့် အသက်ရှင်နိုင်လိမ့်မည်ဟု ယုံကြည်ထားလေသည်။ သို့သော်ငြားလည်း ချီယမ်စီရင်စုထဲက အိမ်မက်ဆိုးကြီး ပြီးဆုံးသွားသည့်နောက်တွင်တော့ သူသည် ထိုယုံကြည်မှုကို ဆက်ပြီး မကိုင်ထားရဲတော့ပေ။
သူ့ကိုကာကွယ်ပေးမည့် တစ်စုံတစ်ယောက်လဲမရှိသလို သူသည် တစ်ခြားသူများကိုလဲ ကာကွယ်ပေးနိုင်သည့်အပြင် သူ့ကိုသူပင် မကာကွယ်နိုင်ခဲ့ပေ။
သူလှမ်းလိုက်သည့် ခြေလှမ်းတစ်လှမ်းစီတိုင်းသည် ပိုပြီး လေးလံလာသော်ငြားလည်း စကားကိုဘယ်လို စပြောရမည်မသိ ဖြစ်နေလေသည်။
သူက သူ့အစ်ကိုကြီးကို သူတို့ကိုခေါ်သွားပေးဖို့ တောင်းပန်သင့်သလား။
သူတို့ညီအစ်ကို၃ယောက်ကို ကျွေးမွေးဖို့အတွက် စပါးတွေ ဘယ်လောက်လိုအပ်မှာလဲ။
ဓားပြတွေက နေရာတိုင်းမှာ သောင်းကျန်းနေတယ်။ မြေတွေကိုလဲ စိုက်ပျိုးလို့မရဘူး။ အစားအသောက်လဲ မရှိဘူး။ သူတို့တွေ ဘယ်လို ရှင်သန်ကြမှာလဲ။
သူတို့တွေကရော သူတို့မိသားစုတွေလိုပဲ ဇာတ်သိမ်းရတော့မှာလား။
ရှန်းကျင့်သည် စကားတစ်လုံးကို ထုတ်ပြောဖို့ရန်ပင် ခက်ခဲနေသည်ကို သိလိုက်ရလေသည်။ သူ့အစ်ကိုကြီးနှင့် မရီးတို့သည် သူတို့အပေါ် တွင် ဘာတစ်ခုမှ အကြွေးတင်ခြင်းမရှိပေ။ မိသားစုက အစောကြီးကတည်းက အိမ်ခွဲထားလိုက်ပြီးဖြစ်ကာ မိသားစုနှစ်ခုကြားတွင်လဲ သံယောဇဥ်က ဖြတ်ထားပြီးသား ဖြစ်လေသည်။ တောင်ထဲတွင် ရှိနေသော်ငြားလည်း သူ့အစ်ကိုကြီးက မကြာခဏဆိုသလို သူ့ဆီသို့ အလည်ရောက်လာပြီး အသားခြောက်များကို ယူလာပေးကာ သူ့ကိုစောင့်ရှောက်ပေးဖို့အတွက် တစ်ခြားသူများကိုလဲ စီစဥ်ပေးခဲ့သေးသည်။ ပိုအရေးကြီးဆုံးမှာ သူသည် သူတို့ကို ထိုမျှလောက် သေလုနီးနီးနေရာတွင် ကယ်တင်ပေးခဲ့သေးသည်။ ဘယ်တော့မှ ကျေးဇူးပြန်ဆပ်လို့မကုန်နိုင်သည့် ကြီးမားသည့် ကျေးဇူးတစ်ခုပင်။
ရှန်းကျင့်သည် နောက်ထပ် ဓားပြများနှင့် တွေ့ဆုံခဲ့ရလျှင် ဘာလုပ်ရမည်ကို စဥ်းစားလို့မတတ်အောင် ဖြစ်လေသည်။
သူသည် မြိုသိပ်ကာငိုရှိုက်ရင်း သူ၏မျက်လုံးများက မျက်ရည်များကို သုတ်ထည့်လိုက်ကာ အဖွဲ့နောက်မှ တိတ်တိတ်လေးလိုက်လာသည်။ သူ့အစ်ကိုကြီးနှင့် အစ်ကိုကြီးသရှန်တို့က သူ့အတွက်တူးထားပေးသည့် ပုန်းခိုသည့်နေရာသို့ သူတို့ကိုခေါ်လာသည်ကို ကြည့်နေလေသည်။ သူ့အစ်ကိုကြီးက ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး ပုန်းခိုကျင်းအဖုံးကို ဖွင့်လိုက်သည်ကို လေ့လာနေမိသည်။
ရှန်းကျင့်သည် ခေါင်းကိုပိုပြီးငုံ့ထားမိကာ သူ၏မျက်ရည်များကို ကြိုးစားထိန်းထားလိုက်သော်ငြားလည်း မျက်ရည်များက နားထောင်ဖို့ရန် ငြင်းဆန်နေပြီး သူ၏ပါးပေါ်သို့ စီးဆင်းသွားကာ သူက မျက်တောင်ခပ်လိုက်ဖို့သာ တတ်နိုင်တော့သည်။
-
ပုန်းခိုကျင်း၏အဖုံးကို ဖွင့်လိုက်သည်တွင် အထဲတွင်မျက်လုံးများကိုမှိတ်ပြီး သူ၏အင်အားကို ချွေတာနေရသည့် ဝေ့ချင်းဟယ်မှာ ကြောက်လန့်တကြား ထထိုင်နေလေသည်။ အဖုံးကိုဖွင့်လိုက်သူကို မှတ်မိသွားသည်တွင် သူက ဝမ်းသာအားရ ထရပ်လိုက်တော့သည်။
"ရှန်းလီ"
မြန်ဆန်သည့် ခြေလှမ်းအနည်းငယ်ဖြင့် သူက အတွင်းဘက်မှ ခြေလှမ်းအနည်းငယ်ဖြင့် အပေါ်သို့တက်လာကာ မြေအောက်တွင်းလေးထဲမှ ပေါ် ထွက်လာလေသည်။ သူ့အစ်မ၊ သူ့ယောက်ဖ၊ သူ့တူလေးနှစ်ယောက်ကို မြင်လိုက်သည်တွင် သူသည် ဝမ်းသာအားရဖြင့် ဖက်တွယ်ထားလိုက်လေသည်။
"အစ်မ၊ ဝမ်ချင်း၊ ဝမ်ဟုန်"
သူသည် တူလေးနှစ်ယောက်ကို တင်းနေအောင် ပွေ့ ဖက်ထားမိသည်။
မျက်လုံးများက စိုဆွတ်နေဆဲဖြစ်ကာ သူ့အစ်ကိုကြီးက သူတို့ကို ပုန်းခိုကျင်းထဲသို့ ပြန်ခေါ်လာပြီး ထားသွားတော့မည်ဟု မျှော်လင့်ထားသည့် ရှန်းကျင့်သည် သူ့မိသားစု၏ ပုန်းခိုကျင်းထဲက မရင်းနှီးလှသည့်လူငယ်တစ်ယောက် ထွက်လာသည်ကိုငေးကြည့်ပြီး ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။
ချန်းသရှန်က ဆတ်ခနဲ ရှန်းကျင့်ကို လှမ်းကြည့်လိုက်ပြီးနောက်တွင် သူ့အကြည့်ကို အလိုလိုလွဲထားမိလေသည်။
ဒီအခိုက်အတန့်တွင် ရှန်းလီ၏အာရုံသည် ရှန်းယင်နှင့်ရှန်းထျယ်ဆီသို့ ရောက်သွားပြီး အထူးသဖြင့် သိသိသာသာ ပိုပြီးအားနည်းချိနဲ့နေသည့် ရှန်းထျယ်ဆီကိုပင်။ သူက လက်ထဲကလက်နက်များနှင့် ကျောပေါ်ကပစ္စည်းများကို ချထားလိုက်ပြီး ဦးလေးရွှီထံမှ ရှန်းထျယ်ကို လှမ်းချီလိုက်ကာ ဆိုင်တာဝန်ခံရွှီကို မေးလိုက်လေသည်။
"ဦးလေးရွှီ လမ်းတလျှောက်မှာတုန်းက မေးဖို့အဆင်မပြေခဲ့ဘူး၊ ဒါပေမဲ့ ကလေးတွေရဲ့အခြေအနေက ဘယ်လိုဖြစ်တာလဲ"
သူသည် ပုန်းခိုကျင်းထဲက ယောက်ဖဖြစ်သူပေါ်လာသည်ကို မြင်လိုက်ရကတည်းက ဦးလေးရွှီသည် သူတို့သည် ခဏတာတော့ အန္တရာယ်ကင်းသွားပြီမှန်း သိလိုက်သည်။ ခရီးတစ်ခုလုံး သယ်ဆောင်ထားရသည့် စိုးရိမ်စိတ်မှာ နောက်ဆုံးမှာ အေးချမ်းသွားတော့သည်။ သူ့မိန်းမဆီက ထမင်းရည်နှင့် ဓာတ်ဆားရည်များထည့်ထားသည့် ရေအိတ်ကိုလှမ်းယူလိုက်ပြီး သူက ရှန်းလီနှင့်အတူ ရှန်းယင်နှင့် ရှန်းထျယ်တို့ကို ကူတိုက်လိုက်သည်။ ထိုအခါမှ သူသည် စီရင်စုထဲကအခြေအနေကို ပြောပြနိုင်တော့သည်။
“သူတို့ မြို့ထဲကိုဝင်လာတဲ့နေ့ကတည်းက ဦးလေးရွှီနဲ့ကျွန်တော်က ကလေးတွေရဲ့မျက်နှာကို မှတ်မိအောင် မြို့တံခါးဝမှာ တမင်စောင့်ကြည့်နေခဲ့တာ၊ ကျွန်တော်တို့က ဦလေးရွှီကို သူတို့နေထိုင်တဲ့နေရာကိုလဲ လိုက်သွားပြီးတော့ ကြည့်ခိုင်းခဲ့သေးတယ်။ အဲဒီ့ မတိုင်ခင်တုန်းက ရှောင်ကျင့်က ပစ္စည်းတစ်ချို့ကို အမဲလိုက်ခဲ့တယ်၊ ရှန်းစန်းကအဲဒါတွေကို အစားအသောက်နဲ့လာလဲတာ ကျွန်တော်တို့ တွေ့ခဲ့တယ်၊ ဦးလေးရွှီကလဲ အစောပိုင်းတုန်းက သူတို့အတွက် နည်းနည်းပါးပါး လဲလှယ်ပေးခဲ့တာရှိသေးတယ်၊ ဒါကြောင့်မလို့ အစားအသောက် ပြတ်လပ်လိမ့်မယ်လို့ ကျွန်တော်တို့က ထင်မထားခဲ့ဘူးပေါ့၊ တစ်ချို့အကြောင်းကိစ္စတွေက ကျွန်တော့်မိန်းမနဲ့ ကလေးတွေကလဲ ရှဲ့ကျိုးမှာ မလုံခြုံတော့ဘူးလေ၊ ဒါကြောင့်မလို့ သူတို့တွေကလဲ ဒီဘက်ကိုခိုလှုံဖို့ ရောက်လာကြတယ်၊ ကျွန်တော်တို့ ရိက္ခာအများစုကလဲ မြို့အပြင်ဘက်က ပုန်းခိုတဲ့နေရာကို သယ်သွားခဲ့ပြီးပြီ ကျွန်တော်တို့လဲ အထဲမှာ အများကြီး မကျန်တော့ဘူး၊ မြို့တံခါးကလဲ ရုတ်တရက်ကြီး ပိတ်ဆို့ခံလိုက်ရမယ်လို့ လုံးဝမထင်ထားခဲ့ဘူးလေ၊ ထွက်ပြေးဖို့အတွက် ကျွန်တော်တို့တွေက မြို့တံခါးပိုင်းနဲ့နီးတဲ့ ခြံဝန်းလေးတစ်ခုကိုရဖို့ သိမ်းဆည်းထားတဲ့ အစားအသောက်တစ်ချို့နဲ့ အများဆုံးပေးပြီး အလဲအလှယ်ပေးခဲ့ရတယ်၊ နောက်ပိုင်းကျတော့ သူတို့က ရဲမက်တွေကိုစပြီး စစ်မှုထမ်းဖို့ခေါ်တယ်။ ဦးလေးရွှီကလဲ သူ ဝယ်ထားတဲ့ခြံဝန်းရဲ့ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်နေတော့ စစ်မှုထမ်းဖို့ခေါ်သွားခံရတယ်၊ ကျွန်တော်တို့မိသားစုတွေက အထဲမှာပုန်းပြီး ဥမင်ကိုတူးခဲ့ရတယ်၊ မနေ့တုန်းက ကျွန်တော်တို့တွေက မြို့တံတိုင်းရဲ့အောက်ခြေအုတ်မြစ်ကို ရောက်လာခဲ့တယ်၊ ဒီမနက်ကျတော့ မင်းက ကျွန်တော့်ကို တာဝန်ပေးထားတဲ့အတိုင်း ကလေးတွေကိုစောင့်ကြည့်ပေးဖို့ ကလေးတွေကိုသွားပြီးတော့ ကြည့်မယ်လို့ အတွေးရခဲ့တယ်...”
ဤတွင် ဆိုင်တာဝန်ခံရွှီသည် မနေနိုင်တော့ဘဲ ခေါင်းကိုခါရမ်းမိကာ ရှန်းလီက သူ့ကိုစောင့်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။ လေးပင်စွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူက ဆက်ပြောလိုက်သည်။
"တကယ့်ကို ယူကြုံးမရစရာပါပဲ၊ ထျန်းယာလေးက အငယ်ဆုံးဖြစ်ပြီး အဲဒီ့ကိုရောက်သွားတဲ့အချိန်မှာ ကျွန်တော်ရော ဦးလေးရွှီရော သူ့ကိုမတွေ့ရတော့ဘူး။ ရှန်းစန်းတို့လင်မယားကတော့.."
ထမင်းရည်သောက်ပြီးနောက်တွင် နိုးလာပြီးဖြစ်သည့်ရှန်းယင်နှင့် ဓာတ်ဆားရည်ကို သောက်နေသည့်ရှန်းထျယ်တို့ကို ကြည့်လိုက်ပြီး သူက သူ့စကားလုံးများကို မြိုသိပ်ထားလိုက်လေသည်။ သူက သူ့မိန်းမနှင့် ဦးလေးရွှီတို့ကို အဓိပ္ပါယ်ပါပါ တစ်ချက်လှမ်းကြည့်လိုက်ပြီး ကလေးနှစ်ယောက်ကို စောင့်ရှောက်ပေးရန် လှမ်းခေါ်ဖို့ အချက်ပြလိုက်ပြီးနောက်တွင် သူက ရှန်းလီကို အဝေးသို့ခေါ်သွားလိုက်လေသည်။ ထိုအခါမှ သူသည် ဆက်ပြီးပြောသည်။
"ကျွန်တော်လဲ အလုံးစုံတော့ သေချာမသိပါဘူး၊ ဒါပေမဲ့ ဒီနေ့ဖြစ်သွားတဲ့ အရေးပေါ်ကိစ္စကို ကြည့်မယ်ဆိုရင် အသေးစိတ်အကြောင်းအရာကို မေးမြန်းဖို့ မစဥ်းစားရဲသလို အခွင့်အရေးလဲ မရှိခဲ့ဘူး။ ဒါပေမဲ့လည်း ကြည့်ရတာတော့ မင်းရဲ့တတိယဦးလေးက အဲဒီ့အရာကို စားသောက်ခဲ့ပြီးတော့ ထျန်းယာကိုလဲ တိတ်တိတ်လေး ခေါ်သွားခဲ့တယ်ထင်တယ်၊ လီရှီက ဒါကို သိသွားတာဖြစ်မယ်၊ ညနက်တဲ့အချိန်မှာပဲ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတုန်းမှာ လီရှီက တိုက်ခိုက်ခဲ့တယ်၊ သူက ပုဆိန်တစ်ခုကို သုံးခဲ့တယ်၊ ဒါပေမဲ့လည်း အလွန်အကျွံ ဆာလောင်မွတ်သိပ်ထားတာကြောင့် သူ့အင်အားကလဲ လုံလောက်မယ် မထင်ဘူး။ တစ်ချက်တည်းနဲ့ သူ့ရဲ့ပစ်မှတ်ကို ပြီးမြောက်အောင် မလုပ်နိုင်ဘူး။ နောက်ဆုံးတော့ သူကိုယ်တိုင်လဲပဲ ကတ်ကြေးနဲ့ကိုယ့်ဟာကိုယ် ထိုးသတ်လိုက်ပြီး လင်မယားနှစ်ယောက်စလုံးက သွေးသံရဲရဲ ဒဏ်ရာတွေနဲ့ဖြစ်သွားခဲ့တယ်"
ထိုစကားနှစ်ခွန်းသည် ဆိုင်တာဝန်ခံရွှီအတွက် ထုတ်ပြောဖို့ရာအလွန်မှ နာကျင်ရပေသည်။ သို့သော်ငြားလည်း ရှန်းလီကတော့ အားလုံးကို ကောင်းကောင်း နားလည်လေသည်။ ဒေါသကြောင့် သူ၏အသက်ရှူသံမှာ ပိုပြီးပြင်းထန်လာပြီး အံကြိတ်ထားလိုက်ကာ ထိုလူကို တိရိစ္ဆာန်တစ်ကောင်ဟုလည်း ဆိုဖို့ရန် မြိုသိပ်ထားရလေသည်။
ဒီကလေးများသည် ပြီးခဲ့သည့်ထိုရက်များကို မည်သို့တောင့်ခံလာခဲ့သည်ကို နားလည်ဖို့ရန် ဒီအတိုင်းတော့ မဖြစ်နိုင်ပေ။ ထျန်းယာတွေ့ကြုံခဲ့ရသည့် ထိုဝဋ်ကြွေးကိုတော့ ပြောနေရန်ပင်မလိုပေ။
"ကျွန်တော်တို့တွေ ရောက်သွားတော့ တဲက လုံးဝကို ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတစ်ခုထဲ ရောက်နေပြီ"
ဆိုင်တာဝန်ခံရွှီက ဆက်ပြောသည်။
"အဲဒီ့တုန်းက ရှန်းကျင့်လေးတစ်ယောက်ပဲ ရပ်နေနိုင်တယ်၊ အငယ်နှစ်ယောက်က ဆာလောင်မွတ်သိပ်မှုစိတ် အခြေအနေကြောင့် ပြိုလဲလုနီးနီး အခြေအနေ ဖြစ်နေတယ်။ မြေကြီးပေါ်မှာ အကူအညီမဲ့ လဲလျောင်းနေရတယ်၊ မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ရပ်နေကြတဲ့လူတစ်အုပ်ကလဲ သူတို့ကို ဝိုင်းထားတယ်၊ ဦးလေးရွှီနဲ့ကျွန်တော်က ကလေးတွေနဲ့ရှောင်ကျင့်ကိုခေါ်ပြီး ဆေးခန်းကို အပြေးအလွှား သွားခဲ့ရတယ်၊ ဒါပေမဲ့လည်း လမ်းတလျှောက်လုံး နောက်က အလိုက်ခံခဲ့ရသေးတယ်"
ထိုလူသည် ဒီကလေးများကို သူ၏နောက်တစ်နပ်စာအတွက် မျက်လုံးများတွင် အမှန်တကယ် သတ်မှတ်ထားလေသည်။
ရှန်းလီသည် လက်များကို တင်းနေအောင်ဆုပ်ထားကာ ဂျွတ်ခနဲမြည်သံတစ်ခုပင်ထွက်သွားပြီး ရှန်းယင်နှင့် ရှန်းထယ်တို့ဘက်ကို လှည့်ကြည့်လိုက်လေသည်။
"သမားတော်က ဘာပြောခဲ့လဲ"
...
“သူ့ကို ကယ်လို့ရပါတယ်၊ သူက ရက်တော်တော်ကြာအောင် မြေကြီးမုန့်တွေ စားလာခဲ့တာ၊ ဒါပေမဲ့ ကံကောင်းချင်တော့ လီရှီက သူတို့တွေကို အများကြီးပေးမစားဘဲ အငတ်ပြေရုံလောက်ပဲ ကျွေးတယ်၊ နေ့တိုင်း သူက သူတို့တွေကို အသက်ရှင်နိုင်ရုံလောက်ပဲ ကျွေးတယ်။ ကျွန်တော်တို့က သူတို့တွေကို ထမင်း၊ ရည်နဲ့ဓာတ်ဆားရည်လေး တိုက်နိုင်ခဲ့တယ်၊ တကယ်လို့ ကျွန်တော်တို့တွေက သူတို့ကို နည်းနည်းလောက် ထပ်ပြီးစောင့်ရှောက်ပေးလိုက်မယ်ဆိုရင်တော့ ပြန်ကောင်းလာမှာပါ"
ရှန်းလီက ဆိုင်တာဝန်ခံရွှီကို လေးလေးနက်နက် ဦးညွှတ်လေသည်။
"ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ၊ အန္တရာယ်ကြားထဲက ဦးလေးက ရှောင်ကျင့်နဲ့သူ့ရဲ့ညီလေးတွေရဲ့ အခြေအနေကို ကယ်တင်ပေးခဲ့တယ်"
သူသည် ကျေးဇူးတင်စိတ်ကို စိတ်ရင်းအတိုင်း ဖော်ပြသော်ငြားလည်း ဆိုင်တာဝန်ခံရွှီကတော့ လက်မခံရဲပေ။ စိုးရိမ်တကြီးနှင့် သူက ရှန်းလီကို အလောတကြီး တွဲထူပေးလိုက်သည်။
"အဓိပ္ပါယ် မရှိတာပဲ၊ ကျွန်တော့ရဲ့အမေနဲ့ကလေးတွေက မင်းရဲ့အကာအကွယ်အောက်မှာ ရောက်နေတဲ့အပြင် ကျွန်တော်ကလဲ မင်းအပေါ်မှာ ကျေးဇူးကြွေးတွေရှိနေပါတယ်၊ ကျွန်တော်တို့ မိသားစုငါးယောက်စာပဲ ပြောမယ်ဆိုရင်တောင် ကျွန်တော်တို့တွေက မင်းနဲ့သရှန်ကြောင့်သာ အန္တရာယ်ကင်းကင်း ထွက်ပြေးလာနိုင်ခဲ့တာ၊ ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့ကျေးဇူးတင်စကားကို လက်ခံနိုင်ပါ့မလဲ မင်းနဲ့သရှန်ကို ကျေးဇူးတင်စကား ပြောသင့်တဲ့သူက ကျွန်တော်တို့မိသားစုပါ"
"နောက်ပြီးတော့ ကောင်းမှုလုပ်ရင် ကောင်းကျိုး ပြန်ရတာပါပဲ၊ ဒီနေ့ ကျွန်တော် ဒီအဆိုကို တကယ်ပဲ ယုံကြည်သွားခဲ့တယ်၊ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့တွေက အဲဒီ့ကလေးတွေကို မကယ်ဆယ်ခဲ့ဘဲ အဲဒီ့ မကောင်းတဲ့လူတွေရဲ့ အာရုံဆွဲဆောင်တာ မခံခဲ့ရဘူးဆိုရင် ဦးလေးရွှီက ဒီနေ့မြို့တံတိုင်းအပေါ်မှာ သူရဲ့အသက်တောင် ဆုံးရှုံးသွားလောက်ပြီ"
သူက ဦးလေးရွှီ၏ ဂရုဏာသက်မှုအကြောင်းကို ပြန်ပြောပြလိုက်ပြီး လီရှီကို တတ်နိုင်လျှင်မြှုပ်နှံပေးမည်ဟု ရှန်းကျင့်ကို ပေးခဲ့သည့် ကတိအကြောင်းကိုလဲ ပြန်ပြောပြလိုက်သည်။ နောက်ပိုင်းတွင် သူတို့ သည် တစ်စုံတစ်ယောက်က သူတို့ကို စောင့်ကြည့်နေသည်ကို သိရှိခဲ့ရသည်။ သူက ဦးလေးရွှီကို တစ်ချို့ကိစ္စများကို ဆောင်ရွက်ဖို့ အခွင့်အရေးတစ်ခု လရှာဖွေဖို့ရန် တောင်းဆိုခဲ့သည်။ တစ်ခုမှာ လီရှီကို မြှုပ်နှံပေးဖို့ရန်ဖြစ်ပြီး နောက်တစ်ခုမှာ အိမ်တွင်ပုန်းအောင်းဖို့ရန်အတွက် မြို့တံတိုင်းတွင် တာဝန်ထမ်းဆောင်ခြင်းမှ ခွင့်၂ရက်ယူဖို့ရန် ဖြစ်လေသည်။
"အဲလိုသာ ဖြစ်ခဲ့မယ်ဆိုရင် မြို့ကျသွားတဲ့အခါ ဦးလေးရွှီက မြို့တံတိုင်းနားမှာ အန္တရာယ်နဲ့ ရင်ဆိုင်လိုက်ရမယ်ဆိုတာ ဘယ်သူကသိမှာလဲ၊ သူက ခြံဝန်းငယ်လေးထဲကို အန္တရာယ်ကင်းကင်းနဲ့ ပြန်လာဖို့ဆိုတာ သေချာမှာတောင် မဟုတ်ဘူး။ ထွက်ပြေးဖို့ဆိုရင် ပြောနေစရာတောင် မလိုဘူး။ တကယ်လို့ ကျွန်တော်တို့မိသားစုတွေက ဦးလေးရွှီကို စောင့်နေမယ်ဆိုရင် သူက ပြန်မလာတဲ့အခါ ကျွန်တော်တို့တွေလဲ အချိန်နှောက်နှေးရပြီး ရလဒ်က ဘယ်လိုဖြစ်သွားမယ်ဆိုတာ ဘယ်သူက သိမှာလဲ"
ထိုကိစ္စကို ကြားလိုက်သည်တွင် ရှန်းလီကမေးလိုက်သည်။
"ရှန်းစန်းကရော၊ သေသေချာချာ မြှုပ်နှံခဲ့ရရဲ့လား"
ဆိုင်တာဝန်ခံရွှီက ခေါင်းခါပြသည်။
“ဘယ်ရမှာလဲ သူလိုလူတစ်ယောက်က မတန်ဘူးလေ”
ထို့နောက်တွင် သူက ရှန်းကျင့်၏တုံ့ပြန်ပုံကို ရှန်းလီအား ပြန်ပြောပြလိုက်လေသည်။
ရှန်းလီက ခေါင်းငြိမ့်ပြလိုက်ပြီး ဆိုင်တာဝန်ခံရွှီကို နောက်ထပ်ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်တွင် ရှန်းယင်နှင့်ရှန်းထယ်တို့၏ အခြေအနေကို စစ်ဆေးပေးဖို့ရန်အတွက် လှည့်ထွက်လာသည်။
ဆိုင်တာဝန်ခံရွှီသည် နောက်ဆုံးတော့ မေးမြန်းဖို့ရန်အခွင့်အရေး ရလာသည်။
"မင်းနဲ့သရှန်တို့က ဘယ်လိုဖြစ်ပြီး ကျွန်တော်တို့ရဲ့ ထွက်ပေါက်နေရာ တည့်တည့်ကို ရောက်နေတာလဲ"
ချန်းသရှန်က ပြုံးသာ ပြန်ဖြေလေသည်။
"ဒါကတော့ ဦးလေးတို့ရဲ့ ကံကောင်းတဲ့အခွင့်အရေးလို့ ဆိုရမယ်"
ထို့နောက်တွင် ရှန်းလီက အချိန်တစ်ခုအထိ ရက်စွဲနောက်ကျနေသည့်စာကို ရရှိခဲ့သည့်အကြောင်း သူတို့သည် စိတ်ပူမိသဖြင့် အပြင်ဘက်သို့ထွက်ကာ စုံစမ်းရသည့်အကြောင်းကို ပြန်ပြောပြလိုက်လေသည်။
သူတို့သည် ရှီလီရွာ၏ လူသူကင်းမဲ့နေသည့် အခြေအနေ ရှောင်ကျင့်နှင့် သူ့ညီလေးများကို ဂူ၏ဘယ်နေရာမှာမှ ရှာမတွေ့ရသည့်အခြေအနေကို သိလိုက်ရသည်။ ထို့နောက်တွင်တော့ သူတို့က ဆိုင်တာဝန်ခံရွှီကို အကူပေးနိုင်လိုပေးနိုင်ငြား စီရင်စုမြို့သို့ ဦးတည်သွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။
"သောင်းကျန်းနေတဲ့ဓားပြတွေက နေရာတိုင်းမှာပဲ၊ ဒါကြောင့်မလို့ ကျွန်တော်တို့တွေက စုရင်စုကိုရောက်ဖို့အတွက် ခရီးရှည်ကြီး ကွေ့ပတ်လာခဲ့ရတယ်၊ အချိန်၂ရက်တာ ယူခဲ့ရတယ်၊ ကျွန်တော်တို့ ၈ရက်မြောက်နေ့မှ ရောက်လာကြတာ၊ ကျွန်တော်တို့ ဒီနေ့အထိ စောင့်လာခဲ့တာပေါ့ မြို့ကို ချိုးဖောက်ခံရတဲ့ အချိန်မှာ ကျွန်တော်တို့တွေလဲ ပုံမှန်မဟုတ်တဲ့ အသံတွေကို ကြားလိုက်တယ်လေ၊ ဒါကြောင့်မလို့ ကျွန်တော်တို့တွေက ဒီကိစ္စကိုတိုင်ပင်ပြီးတော့ အပြင်ထွက်ပြီးစုံးစမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ရှန်းလီက ဦးလေး ထွက်ပေါက်တူးထားတဲ့ နေရာတစ်ဝိုက်ကို ရောက်လာခဲ့တာ၊ သူက သူ့ခြေထောက်အောက်မှာ တုန်ခါသံ မသိမသာကို ကြားလိုက်ရတယ်၊ သူလည်း သတိဖြစ်သွားတယ်၊ ဒါကြောင့်မလို့ ချက်ခြင်းပဲ ရပ်လိုက်တယ်လေ၊ အဲဒီ့နောက်မှာတော့ မြေကြီးနားကပ်ကြည့်လိုက်တဲ့အခါ အသံရေးရေးကိုတောင် ကြားနေရတယ်"
"ကျွန်တော်တို့တွေက ဦးလေးကို ပုန်းခိုကျင်းဆောက်တဲ့အကြောင်း သင်ထားပေးတာကို စဥ်းစားကြည့်လိုက်တော့ ကျွန်တော်တို့လဲ အပြင်ဘက်မှာ စောင့်နေပြီး ဦးလေးက ဦးလေးရဲ့လမ်းကြောင်းအတိုင်း တူးလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်၊ ဒါကြောင့်မလို့ ကျွန်တော်တို့တွေလဲ ဒါက ဦးလေးဖြစ်နိုင်တယ်လို့ စဥ်းစားမိတယ်။ အမှားအယွင်းတစ်စုံ တစ်ရာကို ရှောင်ရှားဖို့ ကျွန်တော်တို့တွေက အနီးအ နားက ချုံပုတ်ထဲမှာဝင်ပြီး ပုန်းနေခဲ့ကြတာ"
နောက်ဆက်ဖြစ်သည့် အကြောင်းအရာကို အကျယ် ချဲ့ပြောဖို့ရန် ချန်းသရှန်အတွက် မလိုအပ်တော့ပေ။ ရွှီဝမ်ချင်းက ပထမဦးဆုံးပေါ်လာပြီး သူ့နောက် တွင် ရွှီဝမ်ဟုန်က ပေါ်လာသည်။ သူတို့သည် နှစ်ယောက်စလုံးကို မမှတ်မိကြပေ။ ထို့ကြောင့် အစောပိုင်းက ဇဝေဇဝါ ဖြစ်သွားကြသည်။ ထို့နောက်တွင်တော့ သူတို့သည် ရှန်းယင်၊ ရှန်းထျယ်၊ ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက်က ထွက်လာသည်ကို တွေ့လိုက်ရသည်။
ဆိုင်တာဝန်ခံရွှီက အဆိပ်သုတ်ထားသည့်တူးရွှင်းနှင့် ပေါ်လာသည့်အချိန်တွင်တော့ နောက်ကလိုက်လာသူများက နီးကပ်နေတာဖြစ်မည်ဟု သေချာသိလိုက်ကြသည်။ ထို့ကြောင့် သူတို့တွေက တိုက်ပွဲကိုပြင်ဆင်ရန်အတွက် သူတို့၏လေးများကို ချက်ခြင်းဆွဲထုတ်ထားလိုက်ကြသည်။
ဝေ့လင်းကျန့်သည် သူမ၏ရင်ဘတ်ပေါ်တွင် လက်အုပ်လေးကိုချီကာ မိုးနတ်မင်းကို ကျေးဇူတင်စကား ပြောမိလေသည်။ ဆိုင်တာဝန်ခံရွှီက ပိုပြီးတော့ပင် ပွင့်ပွင့်လင်းလင်း ပြောမိသည်။
"တကယ်ကိုကြီးမားလှတဲ့ ကံကောင်းခြင်းတစ်မျိုးပဲ"
လုံခြုံရေးအကြောင်းကြောင်းကြောင့် ပုန်းခိုသည့်နေရာသည် မြို့တံတိုင်းမှ အတန်ငယ်ဝေးသည့်နေရာတွင် ရှိနေသည်။ သို့မဟုတ်လျှင် သူတို့သည်အနှောက်အယှက်မရှိဘဲ ဒီလောက်ကြီးမားသည့် ပုန်းခိုမည့်နေရာကို တူးနိုင်လိမ့်မည် မဟုတ်ပေ။
ရှန်းလီပေါ်လာသည့်အချိန်ကိုက်က သူတို့၏ဥမင်ကို အပေါ်ဘက်သို့ နောက်ဆုံးပြီးမြောက်အောင် တူးလိုက်သည့်အချိန်နှင့် တိုက်ဆိုင်သွားသည်။ သူတို့သည် နတ်ဘုရားများ၏မစမှုကို ခံယူလိုက်ရသယောင်ပင်။ ထိုလူက ရှန်းလီနှင့်ချန်းသရှန်တို့ကို သူ့သားနှစ်ယောက်နှင့်အတူ ဦးညွှတ်လေသည်။
"ကျုပ်တို့တွေက မိုးနတ်မင်းရဲ့မစမှုရော မင်းတို့ရဲ့ အကူအညီအတွက်ရော ကျေးဇူးတင်ရပါတယ်၊ ဒီအသက်ကယ်ပေးတဲ့ကျေးဇူးကို ကျွန်တော်တို့ရဲ့နှလုံးထဲမှာ တစ်သက်လုံး ထွင်းထုထားပါ့မယ်"
ရှန်းလီနှင့်ချန်းသရှန်တို့က အလျင်စလို ဘေးသို့ ရှောင်လိုက်လေသည်။ ချန်းသရှန်က ပြုံးကာ ပြောလိုက်၏။
"ကျေးဇူးတင်စကားက တော်လောက်ပါပြီ၊ ဒီနေရာမှာပဲ မနေကြရအောင်"
သူက ရှန်းလီကို လှည့်ကြည့်လိုက်သည်။
"ငါတို့တွေ အမြန်လုပ်သင့်တယ် မဟုတ်လား၊ မနက်ဖြန်အထိ စောင့်နေမယ်ဆိုရင် အန္တရာယ်ကင်းမှာမဟုတ်လောက်ဘူး"
ရှန်းလီက ခေါင်းငြိမ့်ပြသည်။ အငယ်များက ဝလင် အောင်စားပြီးသည်ကို တွေ့လိုက်ရသည်တွင် ရှန်းယင်ကလဲ သူ့ကို မျက်လုံးများတွင် မျက်ရည်များနှင့်အစ်ကိုကြီးဟု ခေါ်လိုက်သည်အထိ အင်အားရှိလာချိန်တွင် ရှန်းကျင့်ကလဲ နောက်ဆုံးတော့ သူ့မျက် လုံးများကို ဖွင့်လာနိုင်ပြီးဖြစ်သည်။ သူက ရှန်းကျင့်ကို မေးလိုက်၏။
"ရှောင့်ကျင့်ကရော သည်းခံနိုင်သေးလား၊ တကယ်လို့ မင်းသည်းခံနိုင်တယ်ဆိုရင် မင်းရဲ့ဗိုက်ကိုဖြည့်ပေးဖို့အတွက် ဒီနေ့ည ငါကတစ်ခုခုကို အမဲလိုက်ပေးမယ်၊ အခုလောလောဆယ်တော့ ခရီးထွက်ကြရအောင်၊ ငါတို့တွေ ညမမှောင်ခင် ဆန်ကိုဝှက်ထားတဲ့ဂူဆီကို ရောက်အောင်သွားဖို့လိုတယ်"
နောက်ဆုံးစကားသည် အားလုံးကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။
ထိုစကားကို ကြားလိုက်သည်တွင် ရှန်းကျင့်သည် အေးခဲသွားပြီး ပျော်ရွှင်မှု ကြောက်ရွံ့မှုနှင့် မယုံ ကြည်နိုင်မှုများ လွှမ်းမိုးခြင်းခံလိုက်ရလေသည်။ သူ့နှုတ်ခမ်းများက တုန်ယင်သွားသည်။
"အစ်ကို အစ်ကိုကြီး ကျွန်တော်တို့ကို တကယ်ပဲ ခေါ်သွားမှာလား"
ချန်းသရှန်က တဟင်းဟင်း ရယ်မောလေသည်။ ဒီကလေးသည် ရှန်းစန်းသို့ မဟုတ် လီရှီနှင့် လုံးဝမတူပေ။ အမှန်တွင်တော့ သူသည် ရှန်းလီနှင့်သူ့မောင်နှမများနှင့်ပင် ပိုပြီးတူနေလေသည်။
အမှန်ပင် ရှန်းလီသည်ရှေ့တန်းမထွက်ခင်က သူသည် မိသားစုထဲတွင် ကလေးအကြီးများကို ထိန်းကျောင်းပေးသည့်တာဝန်ကို ယူခဲ့ရသည်။
ရှန်းလီကလဲ မျက်ခုံးတစ်ဖက် ပင့်ပြလိုက်၏။ သူက ယာယီတဲလေးကို ကြည့်လိုက်ကာ
"မင်းက ငါနဲ့မလိုက်ခဲ့ဘူးဆိုရင် ရှောင်ယင်နဲ့ ရှောင်ထျယ်တို့နဲ့အတူတူ ဒီမှာနေဖို့ စဥ်းစားထားတာလား၊ မင်းက ကပ်ဘေးဒုက္ခသည်တွေနဲ့ ရင်ဆိုင်ရမဲ့ကိစ္စကို ဖြေရှင်းနိုင်တယ်လား"
တစ်ချိန်က သူသည် ကလေးများကို ထားခဲ့ရဲလေသည်။ အကြောင်းမှာ ရှန်းစန်းနှင့်လီရှီတို့ကလဲ ရှိနေသေးခြင်းကြောင့်ပင်။ အခုတော့ သူတို့နှစ်ယောက်စလုံးက မရှိခဲ့တော့လေရာ တောင်ထဲက ငှက်များနှင့်ယုန်များကို ထောင်ဖမ်းပြီး ခိုလှုံရာတစ်ခုရှိနေလျှင်လဲ ဘာအသုံးဝင်ပါတော့မည်နည်း။ သူတို့သည် သူတို့တစ်ဘဝလုံးကို ဒီအထဲတွင် ပုန်းအောင်းနေနိုင်မည် မဟုတ်ပေ။
ကပ်ဘေးဒုက္ခသည်များနှင့် ဓားပြများက သောင်းကျန်းနေသည်တွင် ထိုအချိန်တွင် ဒီကလေးသုံးယောက်သည် တစ်ခြားသူများ၏မျက်လုံးထဲတွင် သားသတ်သမားအတွက် သိုးများသာ ဖြစ်လာပေလိမ့်မည်။ အထူးပညာရပ်များ မလိုအပ်ချေ။ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်က သူတို့ကို အလွယ်တကူ နှိမ်နှင်းနိုင်ပေသည်။
ရှန်းကျင့်သည် နောက်ဆုံးတော့ အခြေအနေကို နားလည်သွားပြီး ခေါင်းတွင်တွင်ခါပြလိုက်သည်။ သူက ဒူးထောက်လိုက်ကာ တောင်းပန်တိုးလျှိုးလေသည်။
"ကျွန်တော်တို့ မဖြေရှင်းနိုင်ပါဘူး ကျွန်တော်က ကျွန်တော်တို့ကို နှစ်အနည်းငယ်လောက် စောင့်ရှောက်ပေးဖို့ အစ်ကိုကြီးနဲ့ ယောင်းမကို တောင်းဆိုပါတယ်၊ ရှောင်ယင်နဲ့ ရှောင်ထျယ်လေးကို ကယ်ပေးပါ၊ သူတို့တွေ နေပြန်ကောင်းလာရင် ကျွန်တော်တို့တွေက အစ်ကိုတို့ရဲ့စပါးကို မလိုအပ်တော့ပါဘူး၊ ကျွန်တော်ကတော့ အမဲလိုက်မယ်၊ တောဟင်းရွက်တွေ တူးဆွပေးမယ်၊ ကျွန်တော် သူတို့တွေကို ထောက်ပံ့ပေးနိုင်ပါတယ်၊ ကျွန်တော်တို့လိုတာက အခြေချဖို့အတွက် အန္တရာယ်ကင်းတဲ့နေရာတစ်ခုပါပဲ"
လက်နှစ်ဘက်လုံးကို မြေကြီးပေါ်ချလိုက်ပြီး သူ့ခန္ဓာကိုယ်က ဦးညွှတ်လိုက်ကာ အကြိမ်ကြိမ် ဦးချလိုက်လေသည်။
ဒီအပြုအမူကို မြင်လိုက်ရသည်တွင် ရှန်းလီသည် သူ၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း နာကျင်သွားတော့သည်။
ရှန်းကျင့်၏ ဒီအပြုအမူက ကလေးများသည် သူက သူတို့ကို အတူတူခေါ်သွားဖို့ရန် သဘောတူမည့်အကြောင်း မမျှော်လင့်ရဲသည်ကို အမှန်တကယ် ထုတ်ဖော်ပြနေလေသည်။
အဟုတ်ပဲလေ။ ငါကလဲ သူတို့ကို အရင်ကတစ်ခါထားခဲ့ပြီးပြီ ထျန်းယာကလဲဆုံးပါးသွားပြီ။
ရှန်းကျင့်နှင့် သူ့ညီအစ်ကိုနှစ်ယောက် ထွက်လာသည်ကို မြင်လိုက်ကတည်းက ရှန်းလီသည် ဒီကိစ္စကို မျှော်လင့်ထားပြီးသား ဖြစ်လေသည်။ သူတို့၏ တိတ်ဆိတ်နေသည့်ခရီးမှာ တစ်ခြားအကြောင်းအရင်းကြောင့် မဟုတ်ဘဲ အဖြစ်မှန်ကိုရင်ဆိုင်ရန် သူ၏ ကိုယ်ပိုင်အရည်အချင်း မရှိသည့် အကြောင်းကြောင့်ပင်။
ယခုအချိန်အထိ သူသည် နောင်တရလေသလားဟု ကိုယ်ဟာ့ကိုယ်ပင် မမေးရဲတော့ပေ။
သို့တိုင် အချိန်ကို ပြီးခဲ့သည့်လပေါင်းများစွာသို့ အကြိမ်ကြိမ် ပြန်ရောက်သွားမည်ဆိုလျှင်ပင်၊ သူ့တွင် မရေမတွက်နိုင်သည့် ရွေးချယ်စရာအများကြီး ရှိခဲ့လျှင်ပင်၊ ရဲမက်များက ရွာသားများကို မြို့ထဲသို့ အတင်းဝင်သွားခိုင်းသည်ကို ကြိုမမြင်ခဲ့လျှင်၊ ဒီနေ့၏ဝမ်းနည်းစရာကိစ္စကို မျှော်လင့်မထားခဲ့မိလျှင်၊ သူ့ဆုံးဖြတ်ချက်သည် နဂိုအတိုင်းရှိနေမည်ကိုတော့ ရှန်းလီသည် ကောင်းကောင်း သတိထားမိလေသည်။
သို့မဟုတ်လျှင် သူကိုယ်တိုင် မရောက်ရှိနိုင်သေးသည့် နှလုံးသား၏ အတွင်းဖက်တွင် သူသည် ရှန်းစန်းနှင့် လီရှီတို့၏လုပ်ရပ်ကြောင့် ဒီညီအစ်ကိုသုံးယောက်ကို ခေါ်ယူထားခြင်းမှ အမှန်တကယ် ဘယ်တော့မှ ထိန်းချုပ်ထားခဲ့မည် မဟုတ်ပေ။
အမှန်အကန် ခွင့်လွှတ်ခြင်းနှင့်အတူ သူတို့ကို သူ၏မောင်နှမလို ဆက်ဆံပေးပြီး ရှောင်အန်းနှင့်ရှောင်နဥ်တို့ကို ဆက်ဆံသလို သဘောထားခဲ့လေသည်။ သူသည် တတ်နိုင်ခဲ့လျှင် သူတို့ကို ဘာအန္တရာယ်မှ ထပ်ပြီး မထိတွေ့ရဲစေလိုတော့ပေ။
သို့သော် ရှန်းကျင့်နှင့် သူ၏ညီလေးများအပေါ် သူ၏သက်ညှာမှုက သူက ထိုကလေးများကို ပြုစုပျိုးထောင်ပေးရပြီး သူတို့ကို ပညာရပ်များ သင်ကြားပေးရကာ သူတို့အတွက် စီစဥ်ခဲ့ပေးရပြီး ကူညီဖို့ရန်အတတ်နိုင်ဆုံး လုပ်ပေးခဲ့ခြင်းမှာ သူ၏အတိတ်က သံယောဇဥ်အပေါ်တွင် အဓိကအခြေခံလေသည်။ သူသည် ရှန်းစန်းနှင့်လီရှီတို့၏ကလေးကို ပြုစုပျိုးထောင်ပေးရန် တာဝန်ကို မကောင်းမှုအား ကောင်းမှုအသွင်ဖြင့် ပြန်လည်ပေးချေရမည့် အတွက်တော့ လက်ခံလိမ့်မည် မဟုတ်ပေ။
ရှန်းကျင့်က သူ့မိဘများဆီက ခွဲခွာရက်မည်မဟုတ်ကြောင်း ပြောခဲ့သော်ငြားလည်း ရှန်းစန်းနှင့်လီရှီတို့က သူနှင့်သံယောဇဥ် ချည်နှောင်ခွင့်ကို အဘယ်မှာ လိုလားနိုင်ပါမည်နည်း။ သူတို့အပေါ်တွင် တစ်ဖန်အမြတ်ထုတ်ရန်သာ ရှိပေသည်။
အမှန်ပင် ထိုအရာအားလုံးသည် သူ၏မလိုလားခြင်းကြောင့်သာ ဖြစ်လေသည်။
ယခုအချိန်မှသာလျှင် သူသည် သူ၏အမှန်အကန် ခံစားချက်များကို သဘောပေါက်လိုက်တော့သည်။ သူသည် မလိုလားခဲ့ခြင်းပင်။
ထို့ကြောင့် သူက ရှန်းကျင့်နှင့် သူညီအစ်ကိုများအတွက် အစီအစဥ်များ ပြုလုပ်ခဲ့ပြီးသူတို့ကို ဆိုင်တာဝန်ခံရွှီ၏ စောင့်ရှောက်မှုအောက်တွင် တာဝန်ပေးထားလိုက်ကာ တတ်နိုင်သည့်အချိန်တိုင်း သူတို့ကို စောင့်ကြည့်ပေးဖို့ တောင်းဆိုခဲ့ခြင်းပင်။ ဒီအစီအစဥ်အားလုံးက သူ့နှလုံးသား၏ ပုန်းကွယ်နေသည့် ထောင့်တစ်နေရာမှ အရင်းခံပြီး သူကိုယ်တိုင်ပင် အသိအမှတ်မပြုသည့် နေရာတစ်ခုမှလာကာ ရှန်းကျင့်နှင့် သူ၏ညီအစ်ကိုများသည် အမှန်ပင် အန္တရာယ် ကင်းလိမ့်မည် မဟုတ်ကြောင်းကိုတော့ သူ၏နှလုံးသားအတွင်းဘက်တွင် သေချာပေါက် သိနေလေသည်။
ဒီရုတ်ချည်းဆိုသည့် အခိုက်အတန့်တွင် ရှန်းလီသည် နောက်ဆုံးတော့ အမှန်တရားက သူ၏ နှလုံးသားထဲက စစ်မှန်နက်ရှိုင်းသည့် နေရာတွင် တည်ရှိနေသည်ကို မြင်သွားလေသည်။
သူသည် ရှန်းကျင့်ကို တွဲထူဖို့ရန်ရှေ့သို့ တက်မလာပေ။ သို့သော်ငြားလည်း ထိုအခိုက်အတန့်လေးတွင် သူသည် အမှန်ပင် ရှက်ရွံ့မိလေသည်။ သူ့လက်များက လမ်းတစ်ဝက်အထိ မြောက်တက်သွားပြီး သူ့မျက်နှာကိုအုပ်ထားရန် ပြန်ကွေးထားလိုက်ကာ တွန့်ချိုးနေသည့်မျက်ခုံးများနှင့် စိုစွတ်နေသည့်လက်များအပြင် ရုတ်တရက် နားလည်သဘောပေါက်သွားသည့် ရလဒ်က သူ့ကို လာရောက်ရိုက်ခတ်နေသည့်အကြောင်းကို ဖုံးကွယ်ထားလိုက်မိသည်။
ရှန်းကျင့်က မြေကြီးပေါ်တွင် ခေါင်းနှင့်ထိကာ အကြိမ်ကြိမ် ဦးချနေလေသည်။ ရှန်းကျင့်မှာ သူ့ကိုယ်သူ အိန္ဒြေပြန်ထိန်းထားဖို့ရန် အချိန်မရခဲ့ပေ။ သူက မျက်နှာကို အလျင်စလို သုတ်လိုက်ပြီး ရှန်းကျင့်ကို လှမ်းပြီးဆွဲထူလိုက်လေသည်။
ရှန်းကျင့်၏အကြည့်ကို ရှောင်ထားလိုက်ပြီး သူက ကျောပေးလိုက်ကာ မြေကြီးပေါ်တွင်ချထားသည့် ခြင်းနှင့်လက်နက်များကို အလောတကြီး ကောက်ယူလိုက်သည်။
"နောက်ကျနေပြီ အားလုံးပဲ ကျွန်တော်တို့တွေ ပစ္စည်းကိုသိမ်းပြီးတော့ သွားကြရအောင်"
သူက ရှေ့ကိုဆက်သွားလိုက်ပြီး ချန်းသရှန်ကို ဖြတ်သွားလိုက်သည်။ ရှန်းလီ၏ အမူအယာထဲတွင် တစ်ခုခုကိုသတိထားလိုက်မိလေရာ ချန်းသရှန်က ရှန်းလီ၏ ပုခုံးကိုပုတ်ပေးလိုက်ပြီး ခေါင်းကိုလှည့်အကြည့်တွင် ရှန်းကျင့်က ထိုနေရာတွင် ရပ်နေသည်ကိုမြင်လိုက်ရပြီး ရှန်းလီ၏ ထွက်ခွာသွားသည့်ပုံရိပ်ကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေသည်။ သူ က ရှေ့ကိုလျှောက်သွားလိုက်ပြီး သူ၏လက်နက်ကိုကောက်ယူလိုက်ကာ ရှန်းကျင့်၏ ဆံပင်လေးကို ဖွပေးလိုက်ပြီး ပြောလိုက်လေသည်။
"အရူးလေး လာခဲ့၊ မင်းရဲ့အစ်ကိုကြီးက မင်းကိုချန်ထားခဲ့ဖို့ လုံးဝစိတ်ကူးရှိခဲ့တာ မဟုတ်ဘူး"
အမှန်တွင်တော့ အဓိကရည်ရွယ်ချက်မှာ ဆိုင်တာဝန်ခံရွှီကို ကယ်တင်ဖို့ရန်ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုခိုလှုံသည့်နေရာတွင် ရက်ပေါင်းများစွာနေလာခဲ့ပြီး ထွက်ခွာဖို့ရန်ဆန္ဒမရှိဘဲ ဖြစ်နေသည်မှာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။
အကယ်၍များ ရှန်းစန်းနှင့်လီရှီတို့သာ အသက်ရှင်နိုင်သေးလျှင် ရှန်းလီက ထိုကိစ္စရပ်များကို အများအပြားဝင်ပါလိမ့်မည် မဟုတ်ပေ။ အလွန်ဆုံး သူတို့ကို ရှီလီရွာသို့ ပြန်ခေါ်လာပေးပြီး တောင်အတွင်းပိုင်းက ဝေးကွာလှသည့်ဂူတစ်ခုထဲတွင် သူတို့ကိုထားခဲ့လိမ့်မည်ဖြစ်သည်။ သို့သော်ငြားလည်း ရှန်းစန်းနှင့်လီရှီတို့က မရှိတော့လေရာ ရှန်းလီ၏ အကျင့်အရဆိုလျှင် သူသည် သူ့၏ဝမ်းကွဲများကို စိတ်ပူပန်ခြင်းမရှိဘဲ မည်သို့ထားရစ်ခဲ့နိုင်ပါမည်နည်း။
ထိုအခိုက်အတန့် ရှန်းကျင့်၏တုံ့ပြန်မှုသည် ထျန်းယျာ၏သေဆုံးမှုနှင့် ရှန်းကျင့်၏နောက်ပိုင်း အမူအယာများက ရှန်းလီ၏ နှလုံးသားထဲတွင် အလွန်မှ လေးလံသွားသလို ခံစားလိုက်ရခြင်းကြောင့်ဖြစ်ပေမည်။ ချန်းသရှန်က ရှန်းကျင့်ကိုပုတ်ပေးလိုက်ကာ ထို့နောက်တွင် ရွှီမိသားစုသို့ သွားရောက်နှုတ်ဆက်လေသည်။
မျက်ရည်များက ပါးပေါ်တွင်စီးကျနေဆဲဖြစ်ကာ ရှန်းကျင့်သည် နောက်ဆုံးတော့ သူ့ကိုယ်သူ အော်ငိုဖို့ရန် ခွင့်ပြုလိုက်တော့သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
ရှန်းလီက အလွန်မှလျင်မြန်စွာ ထွက်ခွာသွားလေရာ ရှန်းကျင့်သည် သူ၏ကျေးဇူးတင်စိတ်ကို ဖော်ပြဖို့ရန် အခွင့်အရေးမရခဲ့ပေ။ သူသည် သူ၏စိတ်ထဲတွင်သာ ထိုစကားကို အတွင်တွင်ပြောနေမိပြီး တစ်လမ်းလုံး ငိုရှိုက်လာမိလေတော့သည်။
...
အပိုင်း (၁၆၈) လျှိုမြောင်ဆီသို့ ပြန်လာခြင်း
ရှန်းလီသည် သွားတော့မည်ဟု ပြောလိုက်ချိန်တွင် သူ့ကိုယ်သူ အိန္ဒြေပြန်ဆည်ရန် ခြေလှမ်းအနည်းငယ်သာ ယူလိုက်ရသည်။ ထို့နောက် သူသည် ချန်းသရှန်ကို အကြောင်းကြားလိုက်ပြီး ရှောင်ကျင့်နှင့် သူ့ညီလေးများ အစောပိုင်းက မယူလာနိုင်ခဲ့သည့် အိပ်ရာနှင့် ခေါင်းအုံးမျိုး ပစ္စည်းများနှင့် အဝတ်အစားတစ်ချို့ သွားယူရန် ရှန်းမိသားစု၏ ခြံဝင်းငယ်လေးဆီသို့ ဦးတည်သွားလိုက်သည်။
ရှန်းကျင့်သည် သူ့အစ်ကိုကြီးက သူ့ပစ္စည်းများကို သွားယူပေးနေသည်ကို သိလိုက်ဖြင့် သူက ဆိုင်တာဝန်ခံရွှီထံမှာ ပေါင်းတူးတစ်လက်ကို ငှားလိုက်ကာ သူ့ဟာသူ တွင်းတစ်ခု တူးလိုက်လေသည်။ သူသည် သူ၏ပုန်းခိုကျင်းနှင့် သိပ်မဝေးလှသည့် တောင်မြေကွက်တစ်ခုတွင် လီရှီကို မြုပ်ထားပေးလိုက်လေသည်။
ဘာကျောက်ကဗျည်းတိုင်မှ မထောင်ထားချေ။ ထို့အစား သူသည် သူမ အနားယူလဲလျောင်းနေသည့် သစ်ပင်ဘေးက တည်နေရာကို သည်အတိုင်း မှတ်ထားလိုက်၏။
ရှန်းယင်နှင့် ရှန်းထျယ်တို့၏ အခြေအနေက ဆိုးရွားသည်။ ရှန်းကျင့်က ဒူးထောက်ချလိုက်ပြီး စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်ပြီးနောက်တွင် သုံးကြိမ်ဦးချကာ အနီးနားတွင် စောင့်နေသည့် ရှန်းလီနှင့် တခြားသူများကို အမှီလိုက်ရန် အမြန်သွားလိုက်၏။ သူတို့သည် ရှီလီရွာမှ အတူတူ ထွက်လာခဲ့ကြလေသည်။
သူတို့သည် ဆိုင်တာဝန်ခံရွှီနှင့် အစောပိုင်းက ဆက်သွယ်ခဲ့သည့် ဂူသို့ရောက်လာချိန်တွင် အမှောင်ထုက လုံးဝဖုံးလွှမ်းနေပြီးဖြစ်သည်။
ရှန်းလီနှင့် ချန်းသရှန်တို့သည် သူတို့ခရီးတွင် ရစ်ငှက်နှစ်ကောင်နှင့် ယုန်လေးများကို ဖမ်းမိခဲ့သည်။ တောင်အပြင်ဘက်သို့ သူတို့နှင့်အတူတူ ခရီးတော်တော်များ အဖော်လိုက်ခဲ့သည့် ဝေ့ချင်းဟယ်ကလည်း အတွေ့အကြုံတစ်ချို့ ရခဲ့ပြီးဖြစ်သည်။ သူသည် အမဲလိုက်ခြင်းတွင် အရည်အချင်းမရှိသော်လည်း သူသည် လမ်းတစ်လျှောက်တွင် ထင်းခြောက်များကို အများအပြား ကောက်ခဲ့သဖြင့် ဂူထဲတွင် လိုအပ်ချက် မရှိနေချေ။
ဂူက ကျဉ်းမြောင်းပြီး ရှည်လျားသည်။ အဖွဲ့က မီးဖိုပြီး ထောင့်တိုင်းကို စစ်ဆေးပြီးနောက် အထဲဘက်တါင် ဘာပိုးမွှား၊ မြွေမှ မရှိသည်ကို သေချာအောင် လုပ်လိုက်ပြီးနောက် နောက်ဆုံးတွင် သူတို့သည် ကလေးများကို အထဲဘက်တွင် အန္တရာယ်ကင်းကင်း နေရာချပေးလိုက်သည်။
ဟင်းရည်အတွက် ကြက်သတ်ခြင်း၊ တောယုန်များကို ကင်ခြင်း တာဝန်များကို ရွှီမိသားစု လက်လွဲယူလိုက်သည်။ ညနေခင်းတွင် နောက်ဆုံး ကျန်သည့် ဆန်ပြုတ်နှင့် ဓာတ်ဆားရည်ကို ရှန်းယင်နှင့် ရှန်ထျယ်တို့အား တိုက်လိုက်သည်။ ညခင်းရောက်လာသည်တွင် ဝေ့လင်းကျန့်က အသားကို သေချာလေး နှုတ်နှုတ်စင်းထားသည့် အဆီကျဲကြက်ပြုတ်ရည်တစ်အိုး ပြင်ဆင်လိုက်သည်။ သူမသည် ဝေ့ချင်းဟယ်၏ မကုန်ဘဲ သေချာသိမ်းထားခဲ့သည့် ဆန်နည်းနည်း၊ ခရီးတစ်လျှောက်တွင် ရှန်းကျင့် ခူးလားသည့် တောဟင်းရွက်တစ်ချို့တို့ကို ထပ်ထည့်လိုက်ကာ အငယ်ဆုံးသုံးယောက်အတွက် နူးညံ့သည့် ကြက်သားဆန်ပြုတ်တစ်အိုး လုပ်ပေးလိုက်သည်။
အိုးများ၊ ခရားများနှင့် တူ၊ဇွန်းများမှာ ရှန်းကျင့်က ပုန်းခိုကျင်းထဲတွင် ထားခဲ့သည့် ပစ္စည်းများ ဖြစ်လေသည်။ ရှန်းကျင့်က ထိုပစ္စည်းကို သိမ်းဆည်းကာ ဝေ့ချင်းဟယ်၏ ခြင်းနှင့် သယ်လာပြီး ထိုအရာများသည် သူတို့ညီအစ်ကိုများ၏ ပိုင်ဆိုင်မှုများဟု မှတ်ယူနိုင်ပေသည်။
တစ်နေ့ထဲတွင် ငါး နပ်စားခဲ့သော်လည်း တစ်နပ်စီတိုင်းက သေးငယ်ပြီး အများစုမှ အရည်ဖြစ်သည့်တိုင် သူတို့သည် ပြီးခဲ့သည့်လအနည်းငယ်နှင့် ယှဉ်လျှင်တော့ လုံလောက်သည့်ပမာဏဖြစ်ဆဲ။ ရှန်းယင်နှင့် ရှန်းထျယ်တို့သည် အင်အားမရှိသော်လည်း သူတို့သည် နေ့ခင်းတုန်းကထက်တော့ အများကြီး ပိုကောင်းလာသည်။ အနည်းဆုံးတော့ သူတို့သည် သူတို့ညီလေးက အိပ်ပျော်သွားပြီး ဘယ်တော့မှ နိုးထမလာတော့မှာကို ဆက်ပြီး စိုးရိမ်နေရန် မလိုတော့ချေ။
တဖက်တွင် ရွှီမိသားစုက ကြက်သားဟင်းရည်နှင့် ယုန်သားကင်ကို စားလိုက်ကြသည်။ ချီယန်စီရင်စုတွင် အခက်အခဲများကို သည်းခံလာခဲ့ပြီးနောက်တွင် သူတို့သည် မည်မည်ရရ ထမင်းတနပ် မစားရသည်မှာ အလွန်ကြာသွားပြီဖြစ်သည်။ ဗိုက်ပြည့်အောင် စားလိုက်ကြပြီးနောက်တွင် သူတို့အားလုံးသည် ငိုက်မြည်းလာကြတော့သည်။
တစ်နေ့တာ ထွက်ပြေးလာခဲ့ပြီးနောက်တွင် အားလုံးသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံး ပင်ပန်းနွမ်းနယ်နေကြသည်။ ရှန်းလီက ဂူဝင်ပေါက်တွင် စောင့်ကြည့်ပေးဖို့ အရင်ဆုံး တာဝန်ယူလိုက်ပြီး ရွှီမိသားစုနှင့် ရှန်းညီအစ်ကိုများကို အနားယူခိုင်းလိုက်၏။
ချန်းသရှန်ကိုလည်း အနားယူခိုင်းသော်လည်း ညနှောင်းပိုင်းတွင် ရှန်းလီကို အနားယူခိုင်းဖို့ ဆုံးဖြတ်ထားသည်။ သို့သော် ရှန်းလီက တစ်နေ့လုံး ထူးထူးခြားခြား နှုတ်ဆိတ်နေပြီး ဘာမှလည်း သိပ်မစားသည်ကို သတိရလိုက်သည်တွင် သူသည် အားလုံး အိပ်ပျော်သွားပြီးနောက် ဂူဝင်ပေါက်ဆီသို့ လာခဲ့လိုက်သည်။ သူသည် အနီးနားက ကျောက်တုံးတစ်ခုကို ရှာလိုက်ပြီး ရှန်းလီဘေးတွင် ထိုင်ချလိုက်ကာ ခေါင်းကိုလှည့်ကာ မေးလိုက်လေသည်။
“စိတ်ထဲက မထုတ်နိုင်သေးဘူးလား”
ရှန်းလီက ခေါင်းခါပြသည်။
ဟုတ်ပါသည်။ သူသည် စိတ်မကောင်းဖြစ်မိ၏။ အခြေအနေနှင့် နားလည်သွားသည့်ခံစားချက်က သူ့ကို ပြင်းထန်သည့် ထိုးနက်ချက်တစ်ခု ဖြစ်စေခဲ့သည်။ သို့သော်လည်း သူ့ခံစားချက်များကို ချိုးနှိမ်ပြီးနောက်တွင်တော့ သူ့တတိယဦးလေး၏ လုပ်ရပ်များက ကလေးများ၏ အတိဒုက္ခအတွက် အပြည့်အဝ တာဝန်ရှိသည်ကို နားလည်လိုက်သည်။ သူသည် သူ့ကိုယ်သူ အပြင်းအထန် အပြစ်မတင်တော့ချေ။
ချန်းသရှန်သည် သူ့နောက် ဂူကိုလှမ်းကြည့်လိုက်ပြီး သူတို့သည် တခြားသူများနှင့် တော်တော်လေး ဝေးနေသည်မှာ သေချာသွားမှ သူက တိုးတိုးလေး ပြောလိုက်၏။
“ဒီကိစ္စကို ခယ်မလေးကို ဘယ်လိုရှင်းပြရမလဲဆိုတာ စဉ်းစားပြီးပြီလား”
စန်းလော့သည် သေလုမျောပါး ငတ်မွတ်ခဲ့ရပြီး သူမကို ကယ်တင်ပေးခဲ့သူမှ သူ့အဘိုးနှင့် အဘွားများ ဖြစ်သည်ကို သူ သိထားသည်။
ဟုတ်တယ်မလား။ ဒါပေမဲ့ အလုံးစုံကြီးတော့ မဟုတ်ဘူးပေါ့လေ။
ရှန်းလီသည် သူ့ကိုယ်သူ ဖော်ပြရန် ခက်ခဲနေလေသည်။
သူက ပြောလိုက်၏။ “ငါ အခြေအနေကို သေသေချာချာလေး ရှင်းပြမယ်ဆိုရင်တော့ အားလုံးက ဒီဆုံးဖြတ်ချက်ကြောင့် ငါ့ကို စိတ်ဆိုးမှာမဟုတ်လောက်ပါဘူး၊ သူသာ ဒီနေ့ ဒီနေရာမှာဆိုရင်လည်း တူညီတဲ့ရွေးချယ်မှုကိုပဲ လုပ်လောက်မှာပါ”
ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီး သူက ဆက်ပြောလိုက်ု၏။ “တစ်ခုပဲ သူ့ရဲ့နာကျည်းမှုမရှိတဲ့သဘောထားက သူ့ကြင်နာတတ်တဲ့စိတ် အရင်းခံကြောင့်၊ ငါ့အနေနဲ့ကျတော့ ဒီကိစ္စကို သူ့ကို ဘယ်လို ထုတ်ပြောရမလဲ တကယ် မသိတော့ဘူး”
သူသည် အမဲလိုက်ခြင်းကို ပိုလုပ်နိုင်သည့်တိုင် လျှိုမြောင်ထဲသို့ နောက်ထပ် ကလေးသုံးယောက်ကို ခေါ်ဝယ်လာခြင်းက ဖိအားမရှိဘဲ အဘယ်မှာနေပါမည်နည်း။ တစ်နှစ်လောက်တော့ ဖိအားမရှိနိုင်သော်လည်း နှစ်နှစ်၊ သုံးနှစ်ကြာလျှင် မည်သို့ ဆက်ဖြစ်ပါမည်နည်း။
သူသည် စန်းလော့ကို အမှန်ပင် ငတ်မွတ်ခွင့်မပေးနိုင်ချေ။ သို့သော်လည်း အသားများနှင့် စပါးများ ပေါများစွာရှိနေသည်တွင် သူက ဆန်စားနေစဉ် သူ့ညီသုံးယောက်က မြက်သီးများ စားနေသည်ကို သူက အဘယ်မှာ ကြည့်ရက်နိုင်ပါမည်နည်း။
သူသည် အားတင်းကာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်ကာ ချန်းသရှန်ကို ပြောလိုက်လေသည်။
“ကြည့်ရတာ ငါတော့ အဲဒီနှစ်တုန်းက တောနက်ထဲမှာ နေရသလို ပြန်နေရတော့မယ်ထင်တယ်”
အသားနှင့် တောဟင်းရွက်အမျိုးမျိုးသာပါသည့် အစားအသောက်ပင်။
သူသည် သည်လိုဘဝကို သည်းခံနိုင်သလို ရှောင်အန်း၊ ရှောင်နဉ်နှင့် ရှောင်ကျင့်တို့ကလည်း သည်းနိုင်ပေသည်။ သူသည် စန်းလော့ကို သူတို့နှင့် သည်လိုနေမှုပုံစံမျိုးကို မျှဝေဖို့ရန် မတောင်းဆိုနိုင်ပေ။
နောက်ဆုံး သူနှင့် စန်းလော့တို့၏ ဆက်ဆံရေးမှာ ယာယီမျှသာဖြစ်လေသည်။ များပြားလှသည့် ရှန်းမိသားစု၏ တွင်းနက်ထဲသို့ သူမကို ဆွဲချဖို့ရန်က မတရားပေ။
သူသည် စန်းလော့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုလျှင် အစီအစဉ်ကို အစကတည်းက သတ်မှတ်ထားသင့်သည်။ ရှန်းလီသည် ရွှီညီအစ်ကိုများနှင့် ရှောင်ကျင့်တို အတူတူနေရန်အတွင် သူ့ဂူ၏အပေါ်ဘက်က အနည်းငယ်ပိုငယ်သည့် ဂူလေးကို နေရာချပေးရန် ဖြစ်နိုင်ခြေကို စဉ်းစားထားခဲ့ပြီးဖြစ်လေသည်။
သူသည် အိမ်မှ ဖွတ်ထားပြီးသား စပါးတစ်ချို့ကို ပေးရလိမ့်မည်။ ကလေးသုံးယောက်က သူတို့အားများ ပြန်ပြည့်လာမှ သူသည် သူ့တို့၏အစားအသောက်အတွက် အမဲလိုက်ခြင်းဖြင့် ထောက်ပံ့ပေးပြီး မကြာခဏဆိုသလို သူ့ကိုယ်ပိုင်ဝေစုထဲက တစ်ပိုင်းကို ပေးရမည်။
ရှန်းလီနှင့် စန်းလော့တို့သည် တရားဝင်လက်မထပ်ရသေးသည်ကို ချန်းသရှန်သည် မသိသော်လည်း ရှန်းမိသားစု၏ စပါးအများစုက စန်းလော့၏ မပင်မပန်းနှင့် ကြိုတင်အားစိုက်ထုတ်မှုကြောင့်မှန်းတော့ သူ သိနေသည်။ ရှန်းလီက ဂျင်ဆင်းကို ယူပြန်လာခဲ့ပြီး အစားအသောက်နှင့်ဆေးများဝယ်ရန် သူ့အမဲလိုက်ထားခြင်းမှ ရလာသည့် သားမွှေးများကို ရောင်းချခဲ့သည်။ ဝယ်ထားသည့် အများစုက ဆန်ကြမ်းများဖြစ်လေသည်။
မိသားစုတစ်ခုတွင် ပုံမှန်ဆိုလျှင် ကုန်ကျစားရိတ်ကို အလွန်စေ့စေ့စပ်စပ် မတွက်ချက်ကြပေ။ ထို့အပြင် ရှန်းလီက အမဲလိုက်ခဲ့ပြီး စန်းလော့ကလည်း ကပ်စေးနည်းသူမျိုး မဟုတ်။ ရှန်းလီနှင့် သူ့ညီနှင့်ညီမလေး နှစ်ယောက်သာဆိုလျှင် အဆင်ပြေနိုင်သော်လည်း စုစုပေါင်း ၆ယောက်ဆိုလျှင်တော့ ခက်ခဲသွားလိမ့်မည်။ ချန်းသရှန်သည် ရှန်းလီက ထိုအကြောင်းကို ထုတ်ပြောဖို့ရန် ခက်ခဲနေသည့်အကြောင်းအရင်းကို နားလည်လေသည်။
ရှန်းလီ၏ ပခုံးကို ပုတ်ပေးလိုက်ပြီး သူက ပြောလိုက်၏။
“ဒီကိစ္စကို စိတ်မပူပါနဲ့၊ ငါ ခယ်မလေးနဲ့ အချိန်အကြာကြီး စကားမပြောဖူးပေမဲ့ သူ့အကျင့်စရိုက်ကိုတော့ အကြမ်းဖျင်း ခန့်မှန်းမိပါတယ်၊ သူက ဒီကိစ္စနဲ့ မင်းကို ဆန့်ကျင်မှာ မဟုတ်ပါဘူး။ နောက်ပြီး ငါတို့တွေက မနှစ်တုန်းကလည်း တောင်ထဲ တော်တော်လေး အဆင်ပြေခဲ့တာပဲ၊ အသားနဲ့တောဟင်းရွက်တွေ စားတာကလဲ မဆိုးပါဘူး၊ ဟုတ်တယ်မလား၊ ဒါက မြက်သီးတွေကို စားတာထက်တော့ အများကြီး ပိုကောင်းပါသေးတယ်”
သည်မှတ်ချက်က ရှန်းလီကို ရယ်မောသွားစေကာ သူသည် အတိုင်းအတာတစ်ခုအထိ စိတ်အေးသွားလေသည်။
...
ခဏလောက် အနားယူလိုက်ပြီးနောက်တွင် သူတို့သည် နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် အားလုံးကို နိုးလိုက်ကြပြီး ခရီးအတွက် အစားအသောက်တစ်ချို့ ပြင်ဆင်လိုက်ကြပြီး အလင်းရောင် မြင်ရသည်နှင့်ချက်ချင်း တဖန် ခရီးထွက်ခဲ့ကြလေသည်။
ထောင်ချီသည့် ဓားပြများ ရောက်လာသည်ကိုပင် ကျေးဇူးတင်ရမည်။ သူတို့၏အပြန်ခရီးသည် တော်တော် ချောမွေ့ခဲ့သည်။ ပထမနှစ်ရက်တွင် သူတို့သည် သစ်တောများကို ဖြတ်လျှောက်လာစဉ် တစ်ဦးတစ်ယောက်ကိုမှ မတွေ့ရသလောက်ပင်။ အားလုံးက တောအတွင်းပိုင်း ပိုနက်သည့်နေရာသို့ ထွက်ပြေးခဲ့ကြသည်ထင်သည်။ တတိယနေ့နှင့် စတုတ္ထနေ့တွင်တော့ သူတို့သည် အပြင်ဘက်တွင် တောဟင်းရွက်များကို ရှာဖွေခူးဆွတ်နေသည့် လူအုပ်များကို တွေ့ခဲ့ရသည်။
သို့သော် ရှန်းလီသည် ရှန်းယင်နှင့် ရှန်းထျယ်တို့၏ ကျန်းမာရေးကို စိတ်ပူမိသဖြင့် ကွေ့ပတ်မသွားနေတော့သလို အချိန်လဲ ဖြုန်းမနေတော့ချေ။ သူတို့သည် တခြားသူများ၏ အရိပ်အယောင်မြင်ရချိန်တိုင်း ကလေးနှစ်ယောက်ကို ဝေ့လင်းကျန်းနှ့် ရွှီဝမ်ချင်းတို့က ချီထားပြီး ဝေ့ချင်းဟယ်၊ ဆိုင်တာဝန်ခံရွှီနှင့် ဦးလေးရွှီတို့ကတော့ သူတို့၏ဓားများကို ကိုင်ဆောင်ထားကြသည်။ သူတို့၏သိုင်းပညာကို ခန့်မှန်းမရနိုင်သည့်တိုင် စစ်ဘက်သုံး ဓားများကို ကိုင်ဆောင်ထားသည့် လူငါးယောက်လုံးက လုံလောက်သည့် ခြိမ်းခြောက်မှုကို ပေးစွမ်းနိုင်လေသည်။ ထို့အပြင် သူတို့သည် ဘာရိက္ခာမှ သယ်မလာကြသဖြင့် လမ်းတစ်လျှောက်တွင် ဘယ်သူကမှ သူတို့ကို မချဉ်းကပ်ရဲကြချေ။
ငါးရက်မြောက်နေတွင်တော့ လူများ၏ လှုပ်ရှားမှု အရိပ်အယောင်အားလုံးက တောထဲတွင်ပျောက်ကွယ်သွားပြီး ခြောက်ရက်မြောက် နေ့ခင်းတွင် အဖွဲ့သည် နောက်ဆုံးတော့ တိမ်လွှာတောင်ကြား ပတ်ဝန်းကျင်သို့ ချဉ်းကပ်လာခဲ့ကြသည်။
ခရီးတွင် ပင်ပန်းနွမ်းနယ်နေသည့် ဝေ့ချင်းဟယ်သည် မျှော်လင့်ချက်နှင့် ဝင်းပသွားတော့သည်။ သူ့အစ်မနှင့် ယောက်ဖဖက်သို့ လှည့်လိုက်ပြီး သူက ပြောလိုက်၏။
“ကျွန်တော်တို့တွေ ရောက်တော့မယ်၊ နည်းနည်းလေး အပေါ်ထပ်ရုံပဲ”
ရွှီမိသားစုဝင်များသည် ပတ်ဝန်းကျင်ကို စူးစမ်းကာ ကြည့်လိုက်ပြီး ရွှီဝမ်ပေါ် ပြောပြခဲ့ဖူးသည့် တည်နေရာကို ကြိုးစား ရှာဖွေလိုက်ကြလေသည်။ ရှန်းကျင့်တစ်ယောက်သာ တင်းကြပ်သည့် စိုးရိမ်စိတ်ဖြင့် သူ့ခန္ဓာကိုယ်တွင် စလွယ်သိုင်းထားသည့် အထုပ်ကို ကိုင်ထားပြီး သူ့၏တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့်လက် အောက်တွင် အဝတ်စကတွန့်ကြေနေလေသည်။
ရှန်းလီနှင့် ချန်းသရှန်တို့က သူတို့၏ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ကြကာ လူမရှိသည်ကို အတည်ပြုလိုက်ကြသည်။ သစ်တောများသည် သိပ်သည်းနေပြီး အဲထဲသို့ ဝင်လိုက်သည်နှင့် လူတစ်ယောက်၏ ပုံရိပ်သည် မြင်ကွင်းထဲက မြန်မြန် ပျောက်ကွယ်သွား၏။ အချိုးအကွေ့တစ်လျှောက် ရှန်းလီနှင့် ချန်းသရှန်တို့၏ လမ်းပြမှုနောက်တွင် သူတို့သည် နောက်ဆုံးတော့ နေရာတစ်ခုတွင် ရပ်တန့်လိုက်ကြကာ ကြီးမားသည့် ကျောတုံးကြီးများကို ဖယ်ရှားလိုက်ပြီး ပုန်းခိုကျင်းတစ်ခုနှင့် တူသည့် အဖုံးတစ်ခုကို ဖွင့်လိုက်လေသည်။
အဖုံးကို ဖွင့်လိုက်သည်နှင့်ချက်ချင်း အထဲက အသံတစ်ခုက ပဲ့တင်ထွက်လာသည်။
“ဘယ်သူလဲ”
လုအာ့လန်၏အသံပင်။
ရှန်းလီက တဟင်းဟင်းရယ်လိုက်၏။
“ဦးလေးလု ကျွန်တော်ပါ”
သူသည် ရွှီမိသားစုကို အရင်ဆင်းရန် စီစဉ်ပေးလိုက်၏။
ရှန်းလီ၏အသံကို မှတ်မိလိုက်သည်တွင် လုအားလျန်သည် လူတန်းတစ်ခု ဆင်းလာသည်ကို မြင်လိုက်ရလေသည်။ သူသည် ဆိုင်တာဝန်ခံရွှီကို မှတ်မိသလို ရွှီဝမ်ပေါ်နှင့် ရုပ်ချင်းဆင်သည့် လူငယ်နှစ်ယောက်ကိုလဲ သတိထားမိလိုက်သည်။ ရှန်းလီသည် ရွှီမိသားစုတစ်ခုလုံးကို ခေါ်လာကြောင်း သိလိုက်တော့သည်။
ဆိုင်တာဝန်ခံရွှီကို နှုတ်ဆက်လိုက်ပြီးနောက်တွင် သူသည် ရှန်းယင်နှင် ရှန်းထျယ်တို့ကို ချီထားသည့် ဝေ့လင်းကျန့်နှင့် ဦးလေးရွှီတို့ကို သတိမိသွားသည်။
ပိန်ချုံးနေသည့် ရှန်းယင်နှင့် ရှန်းထျယ်တို့ကို မြင်လိုက်သည်တွင် လုအာ့လန်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားတော့သည်။ သူက ဆိုင်တာဝန်ခံရွှီကို မေးလိုက်၏။
“အပြင်ဘက်မှာ ဝရုန်းသုန်းကား ဖြစ်နေပြီလား”
ဆိုင်တာဝန်ခံရွှီသည် ဂူကို စူးစမ်းကြည့်လိုက်၏။ လုအာ့လန်၏မေးခွန်းကို ကြားလိုက်ရချိန်တွင် ခေါင်းညိတ်ပြလိုက်ပြီး သက်ပြင်းချလိုက်ကာ
“ကံကောင်းချင်တော့ အားလီနဲ့ သရှန်တို့ အပြင်ထွက်လာလို့ပဲ၊ မဟုတ်ရင် ကျုပ်တို့မိသားစုနဲ့ ဒီကလေးသုံးယောက် အသက်ရှင်မှာတောင် မဟုတ်လောက်ဘူး”
ရှန်းလီနှင့် ချန်းသရှန်တို့သည် အပြင်ဘက်က ခြေရာလက်ရာများကို ဖျက်လိုက်ပြီးနောက်တွင် နောက်ဆုံးမှ ရှန်းကျင့်ကို ခေါ်လာခဲ့သည်။ အချိန်ဆွဲမနေတော့ဘဲ လုအာ့လန်က အတွင်းဘက်မှနေ၍ ဝင်ပေါက်ကို ပိတ်လိုက်ပြီး အဖွဲ့ကို ဂူထွက်ပေါက်ဆီသို့ ဦးဆောင်လာခဲ့လိုက်သည်။
ရွှီမိသားစုသည် ရှန်းလီက အပြင်လောကမှ ပုန်းခိုရန် ရှာတွေ့ထားသည့် လျှို့ဝှက်နေရာက သည်လိုဖုံးကွယ်နေသည့် လျှိုမြောင်ထဲတွင် ရှိမှန်း အခုမှ သိလိုက်ကြတော့သည်။
လူအလွန်များပြားသဖြင့် လျှိုမြောင်ထဲသို့ ဆင်းသက်ရန်က မလွယ်ကူချေ။ လုအာ့လန်သည် သတင်းပို့ရန် အရင်ဆုံး ဆင်းသွားလိုက်ပြီး ရှန်းလီနှင့် ချန်းသရှန်တို့သည် တခြားသူများကို ကြိုးဖြင့် အောက်သို့ တစ်ယောက်ချင်း ချပေးလိုက်သည်။
ရွှီနှင့် ရှန်းမိသားစုတို့သည် သည်ဝင်ပေါက်နှင့် အနီးဆုံးတွင် ရှိသည်။ ထို့ကြောင့် စန်းလော့က သတင်းကို အရင်ဆုံးရလိုက်၏။ ရှန်းအန်းက ပြေးထွက်သွားကာ ရွှီမိသားစုကို အကြောင်းကြားပေးလေသည်။
ရှန်းလီက ဆိုင်တာဝန်ခံရွှီမိသားစုနှင့် ရှောင်ကျင့်နှင့် သူ့ညီလေးများနှင့်အတး ပြန်လာသည်ဟု ကြားလိုက်သည်တွင် ၅ရက် ၆ရက်လောက်လေးလံနေသည့် စန်းလော့၏ စိုးရိမ်စိတ်မှာ နောက်ဆုံးတော့ လွှတ်ချနိုင်ခဲ့လေသည်။
ရှန်းလီသည် အချိန်အကြာကြီး သွားခဲ့လေသည်။ စုစုပေါင်း ရက်၂၀ကျော်မည်။ ပထမ၁၀ရက်ကတော့ စန်းလော့သည် အိန္ဒြေထိန်းထားနိုင်သေးသည်။ သို့သော် သူသည် ၁၅ရက်နေပြီးနောက် ပြန်ရောက်မလာချိန်တွင်တော့ သူမ၏စိုးရိမ်စိတ်မှာ တစ်ရက်ကုန်ဆုံးသွားတိုင်း ပိုပြီး ကြီးထွားလာခဲ့သည်။
ရှန်းနဉ်နှင့်အတူ ဂူအပြင်ဘက်သို့ အပြေးထွက်သွားလိုက်ပြီး ရှန်းလီက လက်ထဲတွင်ကလေးတစ်ယောက် ချီကာ ဆင်းလာသည်ကို သူတို့သည် ဝင်ပေါ်အောက်ဘက်မှ စောင့်ကြည့်နေလိုက်ကြ၏။ သမီးယောက်မနှစ်ယောက်လုံးသည် ဝမ်းသာပျော်ရွှင်သည့် မျက်ဝန်းများနှင့် မော့ကြည့်နေကြလေသည်။
သူမသည် ရှန်းကျင့်နှင့် တခြားသူများ ရောက်လာသည်ဟု ကြားလိုက်ကတည်းက ရှန်းနဉ်သည် သူမ၏ဝမ်းသာသည့်စိတ်ကို မထိန်းချုပ်ထားနိုင်တော့ချေ။ အခုတော့ သူမသည် သူမ၏အစ်ကိုက လက်ထဲတွင် ကလေးတစ်ယောက်ကို ချီကာ ဆင်းလာသည်ကို မြင်လိုက်ရသဖြင့် သူမက ခန့်မှန်း ကြည့်လိုက်၏။
“ယောက်မ အခုဆင်းလာတာ ဘယ်သူလို့ထင်လဲ၊ ထျန်းယာများလား”
ပုံရိပ်လေးကို ပိုပြီး အနီးကပ် လေ့လာကြည့်လိုက်သည်တွင် သူမက နောက်ထပ်ခန့်မှန်းချက်တစ်ခုကို ထုတ်လိုက်လေသည်။
“ဧကန္တ ရှောင်ထျယ်လား”
စန်းလော့က ခေါင်းညိတ်လိုက်၏။
“ရှောင်ထျယ် ဖြစ်မဲ့ပုံပဲ၊ သူတို့ အောက်ရောက်လာရင် ငါတို့ သေချာရမှာပါ”
ထိုအခိုက်တွင် အဘွားရွှီကလည်း ကလေးသုံးယောက်နှင့် အလောတကြီး ထွက်လာပြီး နောက်မှ ရှန်းအန်က ကပ်ပါလာသည်။ သူတို့အားလုံးသည် အမြင့်တွင်ရှိသည် ဂူဝင်ပေါက်ကို အားတက်သရော ငေးကြည့်နေကြသည်။ လျှိုမြောင်အတွင်းတွင် အကျယ်ကြီး အော်ဟစ်ခြင်းကို တားမြစ်မထားခဲ့လျှင် သူတို့သည် ဝမ်းသာအားရ အော်ခေါ်မိပေလိမ့်မည်။
စစ်၏ ဖရိုဖရဲကာလအတွင်းတွင် မိသားစုတစ်ခု ပြန်လည်ဆုံစည်းရခြင်းထက် ပိုပြီး စိတ်လှုပ်ရှား ဝမ်းသာစရာ ကောင်းသည့်အရာက မရှိတော့ချေ။
ရှန်းလီသည် တောင်ကမ်းပါးရံအောက်သို့ ဆင်းလာပြီး ကိုယ်ကိုအလှည့်တွင် ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်နေသည့် စန်းလော့က ဝင်းပနေသည့် မျက်နှာဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
သူသည် ရက်၂၀ကျော် ခရီးသွားခဲ့ရသည်။ စန်းလော့နှင့် ငြိမ်သက်နေသည့် ရှောင်နှဉ်တို့က သူ့ကို စောင့်နေသည်ကို မြင်လိုက်ရသည်တွင် သူ့နှလုံးသားလေးသည် နွေးထွေးသည့် လေပြေတစ်ခုက အသာအယာ ပွတ်သပ်နေသလို ခံစားလိုက်ရ၏။ သူသည် ရှန်းထျယ်ကို ပိုပြီးကပ်ကာ ချီထားလိုက်ပြီး လည်ချောင်းများက ခြောက်ကပ်နေရင်းက စန်းလော့ဆီသို့ လျှောက်သွားလိုက်တော့သည်။
“ကျွန်တော် ပြန်လာပြီ” သူက ပြောလိုက်သည်။ စကားလုံးများက သူ့လည်ချောင်းထဲတွင် တစ်ဆို့နေသယောင်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်တွင် သူက လေသံတိုးတိုးနှင့် ဆက်ပြောလိုက်၏။
“ကျွန်တော် ရှောင်ကျင့်နဲ့ တခြားသူတွေကိုလည်း ခေါ်ပြန်လာခဲ့တယ်၊ အသေးစိတ်ကို နောက်မှ ရှင်းပြပါ့မယ်၊ နော်”
သူတို့ စကားဝိုင်းတစ်ခုလုံးတွင် သူသည် စန်းလော့၏အမူအရာကို အသည်းအသန် အကဲခတ်နေခဲ့ပြီး သူ့လက်ဖဝါးများသည် ရှန်းထျယ်ကို တင်းနေအောင် ချီထားရင်းက ချွေးများ ထွက်လာတော့သည်။
ယခုအချိန်ကျမှ စန်းလော့သည် ရှန်းထျယ်၏အခြေအနေကို သတိထားမိလိုက်၏။ - သူမ မှတ်မိနေသည်နှင့် လုံးဝကို ကွာခြားနေလေသည်။ သူသည် အရိုးပေါ်အရေတင် ဖြစ်နေပြီး တောင်ပေါ်မှ ဆင်းလာနေသော်လည်း အိပ်ပျော်နေဆဲပင်။ တစ်ခုခု ဖြစ်ခဲ့လောက်သည်ဟု သံသယဖြစ်မိကာ သူမသည် ခေါင်းညိတ်ပြလိုက်ု၏.
“ကောင်းပါပြီ”
ရှန်းထျယ်ကို ချီဖို့ လက်လှမ်း၏။
ရှန်းလီက နောက်သို့ အလျင်စလို ဆုတ်ကာ ပြောလိုက်၏။
“သူ အဝတ်အစားမလဲရတာ တော်တော်ကြာနေပြီ၊ ကျွန်တော် သူ့ကို အထဲချီသွားလိုက်မယ်၊ မင်း ဆန်ပြုတ်ရေးကျဲလေး လုပ်ပေးလို့ရမလား၊ ကလေးတွေ ငတ်မွတ်နေလောက်ပြီ၊ သူတို့ကျန်းမာရေးကလည်း ယိုယွင်းနေတယ်၊ သူတို့တွေ အခုလောလောဆယ် ဆန်ပြုတ်ရေကျဲပဲ စစားနိုင်အုံးမှာ”
စန်းလော့က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ၊ အပြင်ဘက်မှာ တစ်ခုခု ဖြစ်ခဲ့တာလား”
ရှန်းလီက ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ်၊ ချီယန်စီရင်စုက ဓားပြတွေ တိုက်ခိုက်ခံလိုက်ရပြီ”
ဘေးတွင် ရပ်နေသည့် ရှန်းအန်းနှင့် ရှန်းနဉ်တို့သည်လည်း ဆွံ့အသွားကြလေသည်။ သူတို့၏အခက်အခဲဆုံးအချိန်တွင်ပင် သူတို့သည် သည်လောက်အထိ မပိန်ခဲ့ကြဖူးချေ။ သူတို့သည် ဘာဖြစ်ခဲ့သည်ကို မစဉ်းစားတတ်အောင်ပင်။ မောင်နှမနှစ်ယောက်က သူတို့၏အကြီးဆုံးအစ်ကိုနှင့် မရီးနောက်မှ ဂူထဲသို့ အလောတကြီး လိုက်ဝင်လာကြသည်။
ရှန်းထျယ်ကို ရှန်းလီ အိပ်နေကျ အိပ်ရာတွင် ချထားပေးလိုက်သည။ ယခုအချိန်တွင် ရာသီဥတုက ပူနေပြီးဖြစ်ရာ အိပ်ရာခင်းအထူများကို သိမ်းဆည်းထားပြီးဖြစ်သည်။ ကောက်ရိုးဖျာနှင့် မြက်ဖျာကိုသာ ခင်းထားပြီး ပါးလွှာသည့် နွေရာသီစောင်တစ်ထည်ကို ခြုံထားပေးလိုက်သည်။
ရှန်းလီသည် လူများကို ချပေးရန် ဂူအပေါ်ဖက်သို့ တက်ရအုံးမည်။ ထို့ကြောင့် ရှန်းနဉ်က ဆန်ပြုတ်ရေကျဲ ချက်ပေးရန် တာဝန်ယူလိုက်သည်။ အပြင်ဘက်က အခြေအနေကို စိုးရိမ်နေမိပြီ စန်းလော့ ရှန်းနဉ်ကို အရည်ကျဲကျဲ လုပ်ခိုင်းလိုက်ကာ ပြီးသွားလျှင် ကြက်ဥထည့်မွှေခိုင်းလိုက်သည်။ ဒါက ခန္ဓာကိုယ်ကို အဟာရဖြစ်စေလိမ့်မည်။
ရှန်းနဉ်က အကြိမ်ကြိမ် သဘောတူလိုက်ပြီး မြန်မြန်ဆန်ဆန် ဆန်ဆေးရင်းက ရှန်းထျယ်၏ အိပ်ရာကို မကြာခဏဆိုသလို ပြန်လှည့်ကြည့်နေမိလေသည်။
အခုအချိန်အထိ သူသည် မနိုးလာသေးချေ။ သူမ၏မျက်လုံးများက အနည်းငယ် နီရဲလာသည်။ ဆန်ဆေးပြီးနောက်တွင် သူမသည် ချက်ချင်း မီးမွှေးလိုက်၏။
...
ရှန်းယင်နှင့် ရှန်းကျင့်နှစ်ယောက်လုံးကို တစ်ယောက်က ရှေ့ တစ်ယောက်နောက်တွင် ရှန်းလီနှင့် ချန်းသရှန်တို့က ချီဆင်းလာသည်။ ရှန်းယင်သည် ရှန်းထျယ်ထက် အခြေအနေအများကြီး ပိုကောင်းသည်။ သည် ပိန်ချုံးနေသော်လည်း စန်းလော့နှင့် ရှန်းအန်းတို့ကို မြင်လိုက်ချိန်တွင် သူ့မျက်လုံးများက နီရဲသွာပြီး သူ၏မရီးနှင့် ဒုတိယအစ်ကို လှမ်းခေါ်လိုက်၏။ ဆန့်ကျင်ဘက်အနေဖြင့် ရှန်းကျင့်ကတော့ အများကြီး သတိရှိနေသည်။ သူသည် အားလုံးကို တလှည့်စီနှုတ်ဆက်လိုက်ပြီး လျှိုမြောင်ကို သတိနှင့် လေ့လာကြည့်လိုက်ပြီးမှ ရှေ့တည့်တည့်ကိုသာ ကြည့်ရဲကာ ဘေးဘီကို ကြည့်ရန် ခေါင်းကိုပင်မလှည့်ရဲချေ။
ရှန်းအန်းသည် ရှန်းကျင့်၊ ရှန်းယင်နှင့် ရှန်းထျယ်တို့ အားလုံး ဆင်းလာသည်ကို မြင်တွေ့ခဲ့ပြီး ရှန်းလီကို မျက်လုံးက မခွာတမ်း စိုက်ကြည့်လိုက်ပြီးမှ မေးလိုက်တော့သည်။
“အစ်ကိုကြီး ထျန်းယာကော”
မေးခွန်းထုတ်လိုက်ပြီးနောက် သူသည် လူများရှိနေသေးသည့် ဂူထွက်ပေါက်ကို မော့ကြည့်လိုက်၏။
သို့တိုင် ရှန်းလီကတော့ ရှန်းအန်းကို ပခုံးသာ ပုတ်ပေးလိုက်ပြီး ပြောလိုက်လေသည်။
“ရှောင်ကျင့်နဲ့ ရှောင်ယင်တို့ကို အနားယူခိုင်းဖို့ အထဲခေါ်သွားလိုက်”
ရှန်းအန်းသည် ထိုနေရာတွင် ရပ်နေပြီး လုံးဝကို ကြောင်းအမ်းအမ်းဖြစ်နေလေသည်။ သူ့အကြည့်က ရှန်းကျင့်ထံတွင်သာ ကပ်နေပြီး သူ့လည်ချောင်းကလည်း ခံစားချက်ကြောင့် တင်းကြပ်နေ၏။ အခြေအနေက တမလွန်ဘဝတစ်ခု ရောက်သွားသလို ထင်နေရာကာ သူသည် ထုတ်မေးလိုက်လေသ်ည။
“ထျန်းယာကော”
ရှန်းကျင့်က သူ့ခေါင်းလေးကို ငုံ့ထားပြီး မျက်ရည်များက သူ့မျက်နှာပေါ်တွင် စီးကျလာ၏။ ရှန်းယင်၏မျက်လုံးများပင် ရုတ်ချည်းဆိုသလို နီရဲသွားတော့သည်။
စန်းလော့သည် မခန့်မှန်းမိဘဲ အဘယ်မှာရှိပါမည်နည်း။ သူမက ရှန်းအန်းကို ပုတ်ပေးလိုက်ပြီး ရှန်းကျင့်နှင့် ရှန်းယင်တို့ကိုလက်ဖက်စီ တွဲလိုက်ပြီးနောက် ပြောလိုက်လေတော့သည်။
“အရင်ဆုံး အထဲဝင်ကြမယ်၊ အထဲမှာ ပြောကြတာပေါ့”
...