အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အပိုင်း (၁၅၅) ပိတ်မိခြင်း
ဆိုင်တာဝန်ခံရွှီက မော့ကြည့်လိုက်ရာ အပြင်က ဝင်လာသူကို မြင်လိုက်ရသည်တွင် သူ့မျက်လုံးများက အထိတ်တလန့် ပြူးကျယ်သွားတော့သည်။ သူသည် ရုတ်တရက် ထရပ်လိုက်ပြီး တအံ့တဩပြောလိုက်၏။ “လင်းကျန့်”
သူက စိတ်အားတက်ကြွစွာ ခြေလှမ်းကျဲများနှင့် လျှောက်သွားလိုက်သည်။ “မင်း ဘယ်လို လုပ်ပြီး ရောက်လာတာလဲ”
ထို့နောက်တွင် လင်းကျန့်နောက်မှ လိုက်ဝင်လာသည့် သားအကြီးဆုံး ဝမ်ချင်းနှင့် သားလတ် ဝမ်ဟုန်တို့ကို သတိထားမိလိုက်၏။
သူ အခုလေးတင် စဉ်းစားနေသူများက ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ဆိုင်တာဝန်ခံရွှီမှာ အလန့်တကြားဖြစ်မိသလို အလွန်ဝမ်းသာသွားလေသည်။ ပျော်ရွှင်စိတ်ကတော့ ကိုယ်တိုင်၏ သတိရစိတ်ကြောင့်ဖြစ်ကာ အံ့ဩရသည်ကတော့ အပြင်ဘက်က လက်ရှိမငြိမ်မသက် အခြေအနေပေါ် အရင်းခံလေသည်။ မြောက်ပိုင်းက ကပ်ဘေးဒုက္ခသည်များ ရောက်မလာသေးသော်လည်း ဒေသခံအများစုကတော့ ကပ်ဘေးဒုက္ခသည်များ ဖြစ်လာသည်။
“မင်းတို့အားလုံး ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ”
ဝေ့လင်းကျန့်သည် သူ့စိုးရိမ်စိတ်ကို သိနေသဖြင့် သိမ်မွေ့သည့် အပြုံးတစ်ခုနှင့် စိတ်အေးသွားအောင်ပြောလိုက်လေသည်။ “ကျွန်မတို့တွေ ဝမ်အိမ်တော်ရဲ့ အာမခံဌာနက ကိုယ်ရံတော်တွေအများကြီး နဲ့လာခဲ့တာပါ၊ ကျွန်မတို့တွေ သိသာစေမဲ့ ဘာပစ္စည်းမှ မယူခဲ့ဘူး၊ နောက်ပြီး ခရီးကလည်း တော်တော်လေး အေးချမ်းပါတယ်”
ဆိုင်တာဝန်ခံရွှီမှာ စိတ်အေးသွားကာ သက်ပြင်းချလိုက်မိ၏။
ထို့နောက် ဝေ့လင်းကျန့်က သူတို့ကို လမ်းပြပေးခဲ့သည့်အတွက် ငွေကိုင်ကို အနည်းငယ် ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
ဆိုင်တာဝန်ခံရွှီနှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်လာပြီး ဝေ့လင်းကျန့်နှင့် ရင်းနှီးနေသည့် ငွေကိုင်က ပြုံးပြလိုက်ပြီး ကျေးဇူးတင်စကားကို ငြင်းပယ်လိုက်သည်။ သူ့တွင် လုပ်စရာရှိသေးသည်ဟု ဆိုကာ ထွက်သွားလိုက်ပြီး ရွှီမိသားစုအတွက် အချိန်ပေးလိုက်ပြီး သူ့နောက်က တံခါးကို အသာအယာ ပြန်ပိတ်ပေးလိုက်၏။
ဆိုင်တွင် နေစဉ်အတွင်း ပုံမှန်ဆိုလျှင် ဆိုင်တာဝန်ခံရွှီ အနားယူတတ်သည့် အခန်းက ရုတ်တရက် ခံစားချက် ကွာခြားသွားပြီး ဆိုင်တာဝန်ခံရွှီသည် သူ့မိန်းမ မျက်နှာပေါ်က အတင်းလုပ်ယူထားသည့် အပြုံးက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်ကို သတိထားမိလိုက်၏။
ဇဝေဇဝါ ဖြစ်သွားပြီး သူက သူ့မိန်းမလက်ထဲက အထုပ်ကို ယူကာ သူမကို ထိုင်ခိုင်းလိုက်ပြီးမှ မေးလိုက်၏။ “မင်းကြည့်ရတာ အခက်တွေ့နေတဲ့ပုံပဲ၊ လုံးဝကို ရုတ်တရက်ကြီး ဒီကိုရောက်လာတာဆိုတော့ ကိစ္စတစ်ခုခုများ ဖြစ်ခဲ့လို့လား”
ဝေ့လင်းကျန့်က သက်ပြင်းချပြီး ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ်၊ ကိစ္စတစ်ချို့ဖြစ်သွားခဲ့တယ်၊ ကျွန်မ မဆုံးဖြတ်နိုင်တော့လို့ ရှင်နဲ့ ဒီကိစ္စ တိုင်ပင်ဖို့ ဝမ်ချင်းနဲ့ ဝမ်ဟုန်ကို ခေါ်လာခဲ့တာ”
ဆိုင်တာဝန်ခံရွှီ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားတော့သည်။ “ဘာဖြစ်ခဲ့တာလဲ”
ဝေ့လင်းကျန့်၏မျက်နှာက အနည်းငယ် ဖြူုဆုတ်သွားပြီး ချီတုံချတုံဖြစ်နေရာမှ ထုတ်ပြောလိုက်တော့သည်. “ကျွန်မ ယောက်မ မိသားစုတွေ... ဝမ်အိမ်တော် ကိုယ်ရံတော်ဌာနက ကယ်ပေးခဲ့တဲ့ တူလေးနဲ့ တူမလေးနှစ်ယောက်လွဲရင် ကျန်တဲ့သူတွေ မရှိတော့ဘူး”
ဆိုင်တာဝန်ခံရွှီမှာ အလွန်မှ အထိတ်တလန့်ဖြစ်သွားပြီး နှလုံးပင် ရပ်တန့်တော့မတတ်ပင်။ ခဏလောက် မှင်သက်အံ့ဩပြီး ငြိမ်ကျသွားပြီးမှ သူက ထပ်မေးနိုင်တော့သည်။
“မင်း ဘာပြောလိုက်တယ်”
“ငါတို့ယောက်မရဲ့ မိသားစုက ယွီရှန်းမှာ နာမည်ကြီးမိသားစုတစ်ခုလေ... မရှိတော့ဘူး ဟုတ်လား၊ ဘာဖြစ်ခဲ့တာလဲ”
ဝေ့လင်းကျန့်က ရှင်းပြသည်။ “ယွီရှန်းကနေ လွှတ်မြောက်လာတဲ့ သက်တော်စောင့်တစ်ချို့ ပြောတာတော့ မြို့ကို လူ နှစ်ထောင်၊ သုံးထောင်လောက်တဲ့ ဓားပြတွေက ဝင်သိမ်းပြီး ငါးရက်အတွင်း ကျသွားတယ်တဲ့၊ သူ့အဖေနဲ့ အစ်ကိုတွေလည်း မြို့ကိုဝင်သိမ်းနေတုန်းမှာ သေသွားကြတယ်၊ မိသားစု အများစုကလည်း သတ်ခံခဲ့ရတယ်၊ သူ့အမေ၊ ယောက်မ၊ မောင်နှမငယ်လေးတွေနဲ့ တူ၊တူမတွေ တော်တော်များများလည်း သိက္ခာကျ၊ အရှက်ခွဲမခံခဲ့ကြဘူး...”
အိမ်တော်ကြီးတစ်ခုတွင် အပျိုရံတစ်ယောက် ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် မလွတ်မြောက်ခင် ဝေ့လင်းကျန့်ဘေးတွင် အစေခံတစ်ယောက် ဖြစ်လာခဲ့ကာ သူမ၏ သခင်ဟောင်းမိသားစုက သည်လိုဝမ်းနည်းဖွယ် ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရသည့် မှတ်ဉာဏ်က သူမ၏မျက်လုံးထဲသို့ မျက်ရည်များ ယူဆောင်လာပေးလေသည်။ ခဏလောက် နှုတ်ဆိတ်သွားပြီး သူမက ထပ်ပြောလိုက်၏။ “သူတို့အားလုံး အိမ်မှာ ကိုယ့်ဟာကို ကြိုးဆွဲချ သတ်သေခဲ့ကြတယ်”
ဆိုင်တာဝန်ခံရွှီသည် တုန်လှုပ်သွားပြီး သူ့အသံကို ကြိုးစားရှာဖွေရင်း နောက်ပိုင်းတွင် စီရင်စုအစိုးရက မကြာခဏ လှုပ်ရှားများလုပ်နေရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ ရာချီသည့် ရုံးတော်ဝန်ထမ်းများနှင့် စစ်ဘက် အရာရှိများကိုပင် အဆင်သင့်ပြင်ဆင်ခိုင်းသည်။
ရှဲ့ရှန်းနှင့် စီရင်စုငယ်လေး အနည်းငယ်သာ ကွာဝေးသည့် ယွီရှန်းအကြောင်း စဉ်းစားလိုက်မိသည်တွင် သူသည် ချွေးအေးများ ထွက်လာတော့သည်။ “ဒီလို အချိန်ကြီးကျမှ မင်းက ဘာလို့ စွန့်စားပြီး ထွက်လာတာလဲ၊ ပြည်နယ်မြို့တော်က ဒီစီရင်စုငယ်လေးထက်တော့ ပိုပြီး လုံခြုံတယ်မလား၊ တုန်းမိသားစုလဲ အဲမှာ ရှိနေတာပဲ”
ဝမ်ချင်းနှင့် ဝမ်ဟုန် ညီအစ်ကိုတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အနောက်ဘက်တွင် နှုတ်ဆိတ်ကာသာ နေလိုက်ကြသည်။
ဝေ့လင်းကျန့်က ပြောလိုက်၏။ “ကျွန်မတို့တွေ ဝမ်မိသားစုနဲ့အတူ ဆက်ပြီးနေလို့မရတော့ဘူးလေ၊ မဟုတ်ရင် ကျွန်မက အခု ဒီနေရာကို ခရီးထွက်လာရဲမှာတောင် မဟုတ်ဘူး”
ဆိုင်တာဝန်ခံရွှီက အံ့ဩသွားသည်။ “မင်း ဘာပြောချင်တာလဲ”
ဝေ့လင်းကျန့်က ခါးသက်သက် အပြုံးတစ်ခု ထုတ်ပြလိုက်ပြီး “ဝမ်မိသားစုရဲ့ အကြီးအကဲသခင်မကြီးက သူ့အဖေမိသားစု သတင်းကြားပြီး နေမကောင်းဖြစ်သွားတယ်၊ သူ အိပ်ရာထဲ လဲနေပြီလေ၊ အခု တတိသခင်မက တာဝန်ယူထားတယ်”
ဝမ်မိသားစု၏ ဒုတိယသခင်မက နာတာရှည် ရောဂါရှိနေပြီး သခင်မကြီးကလည်း တာဝန်မယူနိုင်တော့သည့် အချိန်တွင်တော့ အိမ်စီမံရေးတာဝန်က တတိယသခင်မထံ ကျရောက်သွားလေသည်။
ဆိုင်တာဝန်ခံရွှီက နားလည်သွားသည်။
သည်လို ဖရိုဖရဲကာလတွင် သူတို့လို အပြင်လူများ၊ အထူးသဖြင့် ထင်ထင်ရှားရှား အဆင့်အတန်းမရှိသူများသည် အသစ်တက်လာသည့် သခင်မ၏ ခြယ်လှယ်ခြင်းကို ခံရလိမ့်မည်။ တတိယသခင်မ၏ ဝေ့မိသားစုပေါ်က အထင်သေးသည့်အကြောင်းကို ထောက်ချင့်လျှင် အန္တရာယ်က သူတို့အပေါ်ကျရောက်လာချိန်တွင် မဆိုထားနှင့် သည်အတိုင်း အကာအကွယ်ပင် ရနိုင်မည်မဟုတ်ချေ။
“ကျွန်မမိဘတွေက သူတို့ညီအစ်ကိုနဲ့ ကျွန်မ ဒီမှာနေတာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်တယ်လေ၊ ကျွန်မဦးလေးကတော့ ကျွန်မတို့တွေက သူ့အကာကွယ်အောက်မှ ခိုလုံခဲ့တာဆိုတော့ အခု ထွက်လာတော့ ရှင့်ကို ခက်ခဲစေမိမှာပဲ”
ဆိုင်တာဝန်ခံရွှီက ခေါင်းခါလိုက်ပြီး “တုန်းမိသားစုက ငါတို့အခြေအနေကို သိပါတယ်၊ သခင်မကြီးနေရာက တတိယသခင်မ ဖြစ်သွားပြီဆိုတော့ မင်း ဒီကို ရောက်လာတဲ့ အကြောင်းအရင်းကို သူတို့ခန့်မှန်းမိမှာပါ၊ ငါ စာပို့ပြီး ရှင်းပြလိုက်ပါ့မယ်”
သူက ခဏလောက် ရပ်ထားလိုက်ပြီးမှ ထပ်ပြောလိုက်၏။ “ဒါပေမဲ့ ဒါက စီရင်စုမြို့လေးတစ်ခုပဲ၊ ဒီနေရာ ပိုပြီး လုံခြုံမယ်လို့တော့ ငါ အာမမခံနိုင်ဘူး”
သက်ပြင်းတစ်ချက်ချပြီး သူက ဆက်ပြောသည်။ “မင်းနဲ့ကလေးတွေ ငါ့အမေ တောင်ထဲကို ထွက်ပြေးတုန်းက လိုက်သွားခဲ့ရင်ကောင်းသား၊ အခုတော့ ငါ မင်းတို့ကို ရှန်းလီဆီ ပို့ပေးချင်တာတောင် အခု သူတို့တွေ ဘယ်ရောက်နေလဲဆိုတာ ငါ မသိဘူး”
ဝေ့လင်းကျန့်က သူမ၏အငယ်ဆုံးသားထံမှာ စာကို လက်ခံရရှိခဲ့ပြီး သူမ၏ယောက်ျားဖြစ်သူထံမှ စာတွင်လည်း ရှန်းလီတို့၏ အခြေအနေကို အများကြီး ပြောပြထားလေသည်။ တခြားသူများ ပုန်းအောင်းနေသည့် နေရာကို ယောက်ျားဖြစ်သူ မသိမှန်း သိနေသေဖြင့် သူမက သူ့ကို စိတ်အေးရအောင် ပြောလိုက်သည်။ “ကျွန်မတို့တွေ တောင်တွေထဲကို မဝင်နိုင်ဘူးဆိုရင်တောင် အတူတူ ရှိနေရုံနဲ့ လုံလောက်ပါတယ်၊ အခြေအနေ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ ရှင်နဲ့ ရှိနေတော့ လုံခြုံတယ်လို့ ခံစားရတယ်၊ ဒါပေမဲ့ ကျွန်မတို့ ယူလာခဲ့ အစားအသောက်တွေက ကပ်ဘေးဒုက္ခသည်တွေ လုယက်တာ ခံရနိုင်တယ်၊ ရှဲ့ရှန်းမှာ ကျွန်မတို့ လှောင်ထားတဲ့ စပါးတွေကိုတော့ ကျွန်မ မိဘတွေနဲ့အတူ ဝှက်ထားခဲ့တယ်”
“ဒါက ပြဿနာမဟုတ်ပါဘူး၊ ငါ့ဘက်မှာလဲ စပါးတစ်ချို့ ပြင်ဆင်ထားတာ ရှိတယ်၊ ဒါပေမဲ့ မင်းမိဘတွေက ဘာလို့ အဲမှာ နေနေသေးတာလဲ”
ဝေ့လင်းကျန့်သည် သူ စိတ်ပူနေသည်ကို ခံစားမိသဖြင့် အာမခံလိုက်ရလေသည်။ “ကျွန်မ အမေက သခင်မကြီးနဲ့နေပြီး သူ့ကို အလုပ်အကျွေး ပြုနေတာလေ၊ သူ အဆင်ပြေမှာပါ၊ နောက်ပြီး ကျွန်မမိဘတွေက ဝမ်မိသားစုမှာ သူတို့သက်တမ်းတစ်ဝက်လောက် နေလာခဲ့တာ၊ သူတို့တွေက ထွက်မသွားချင်ဘူး”
“ထွက်လာတော့ရော ဘာကွာမှာမလို့လဲ၊ တကယ် လုံခြုံတဲ့နေရာမှ မရှိတာ”
ဆိုင်တာဝန်ခံရွှီသည် ခေါင်းညိတ်လိုက်ပြီး ခြေလှမ်းအနည်းငယ် ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်၏။ “အရင်ဆုံး ငါ နေတဲ့နေရာကို လိုက်ပို့ပေးမယ်၊ ဦးလေးရွှီက စာပို့ဖို့ အပြင်ထွက်သွားတယ်၊ အစောဆုံး မနက်ဖြန်တောင် ပြန်ရောက်သေးမှာ မဟုတ်ဘူး၊ မင်းတို့သာ ဒီထက် စောစောရောက်လာရင် ငါက စာထဲမှာ မျက်နှာပြောင်ပြောင်နဲ့ဘဲ ရှန်းလီနှင့် သခင်မလေးစန်းကို အကူအညီတောင်းဖို့ ထည့်ရေးလိုက်လို့ရသေးတယ်၊ ကံတရားက မျက်နှာသာပေးရင်တော့ ရှန်းလီက အပြင်ထွက်လာပြီး စာကို တွေ့ခဲ့ရင် မင်းတို့သုံးယောက် ထွက်ပြေးဖို့ သူ ကူညီနိုင်တဲ့ အခွင့်အရေးတစ်ခု ရှိအုံးမယ်”
ဓားပြများ၏ သောင်းကျန်းမှုက တဖြည်းဖြည်း နီးကပ်လာသည်တွင် အထူးသဖြင့် ဝမ်မိသားစု၏ ဝမ်းနည်းစရာ ကံတရားကို ကြားလိုက်ရချိန်တွင်တော့ ဆိုင်တာဝန်ခံရွှီသည် သူ့ခြေထောက်များပင် ထုံထိုင်းသွားသလို ခံစားလိုက်ရ၏။
သို့သော်လည်း ထိုမျှော်လင့်ချက်က နည်းပါးကြောင်း သူ သိနေ၏။ ရှန်းလီနှင့် သူအဖွဲ့သည် သေချာလေး ပုန်းအောင် နေလောက်သည်။ သူတို့သည် မကြာမကြာ စာများကို လာယူဖို့ သဘောတူထားသော်လည်း သူတို့ပေါ်လာသည့် အကြိမ်ရေက နည်းလာသည်။
“တကယ်လို့ ယွီရှန်း ကျသွားရင် ရှဲ့ကျိုးနဲ့ ဘယ်လောက်ဝေးလဲ၊ တကယ်လို့ ရှဲ့ကျိုးက ပရမ်းပတာ ဖြစ်လာရင် ငါတို့ချီယန်စီရင်စုက နောက်ဖြစ်လာမဲ့ မြို့ဖြစ်လောက်တယ်”
“နောက်နှစ်ရက်အတွင်း နောက်ထပ် စာတစ်စောင်ပို့ရင်တောင် ရှန်းလီက စာကို အချိန်မီ ရမယ်မထင်ဘူး”
ဝေ့လင်းကျန့်သည် တည်တည်ငြိမ်ငြိမ် ဖြစ်နေ၏။ “ကျွန်မတို့တွေ ထွက်သွားနိုင်တာဖြစ်ဖြစ် မထွက်သွားနိုင်တာ ဖြစ်ဖြစ်ပါ၊ အနည်းဆုံးတော့ ကျွန်မတို့တွေ အတူတူ ရှိနေကြတာပဲ၊ ကျွန်မတို့တွေက ထွက်သွားတာဖြစ်ဖြစ် ဆက်နေတာဖြစ်ဖြစ် မိသားစုတစ်ခုအနေပဲ ဖြစ်ရလိမ့်မယ်”
သူမသည် သူမနှင့် သူမ၏သားဖြစ်သူများနှင့်သာ ထွက်မသွားလိုပေ။ ထွက်သွားရန် အခွင့်အရေးတစ်ခု ရှိခဲ့လျှင်ပင် သူမသည် သူမ၏ယောက်ျားကို နောက်တွင်တစ်ယောက်တည်း မထားခဲ့နိုင်ပေ။ သေရေးရှင်ရေး အခြေအနေတစ်ခုတွင် ဆိုင်တာဝန်ခံ၏ မိန်းမအဖြစ် သူမ၏နေရာက အသေးအဖွဲဖြစ်နေသယောင်။
ဆိုင်တာဝန်ခံရွှီက ထပ်မပြောတော့ချေ။ အချိန်ကသာ ပဓာနကျကြောင်း သိနေသည်။ သူသည် စီစဉ်စရာများကို မြန်မြန်စီစဉ်ဖို့လိုသည်။
သူ့မိန်းမနှင့် သားများကို ခေါ်လာပြီး သူသည် ငွေကိုင်များကို အသိပေးလိုက်ပြီးနောက် မိသားစုနှင့်အတူ သူယာယီနေထိုင်သည့် အိမ်သို့ ပြန်လာခဲ့သည်။
လမ်းတွင် သူတို့သည် ယွီရှန်း၌ ဓားပြများ ဘယ်လောက်များများ စုဝေးနေသည့်အကြောင်း ဆွေးနွေးလာခဲ့သည်။ သူ့အကြီးဆုံးသားက ပြောပြသည်မှာ အများစုသည် မြောက်ပိုင်းက ကပ်ဘေးဒုက္ခသည်များ မဟုတ်ဘဲ တောင်ပိုင်းက ရွာသားများဖြစ်ကြပြီး တချို့မှာ ငတ်မွတ်မှုနှင့် အစိုးရ၏ဖိနှိပ်မှုကြောင့် ဆန့်ကျင်ကြခြင်းဖြစ်ကာ တစ်ချို့ကတော့ သူတို့၏အသက်အတွက် ကြောက်ရွံ့ကြသဖြင့် ဓားပြများထဲသို့ ဝင်ခဲ့ကြသည်။ ပိုဆိုးသည်က အများစုမှာ အနီးအနားပြည်နယ်များက ဒေသခံ နေထိုင်သူများ ဖြစ်ကြခြင်းပင်။
သူသည် သက်ပြင်းကို လေးလေးပင်ပင် ချမိတော့သည်။
“ရုံးတော်နဲ့ အရာရှိတွေကလည်း အရမ်း ကြမ်းတမ်းလာတယ်၊ လူတွေကို ကြံမိကြံရာ ဖြစ်အောင် လုပ်နေကြတာ၊ အခုတော့ ကိုင်တွယ်နိုင်သေးပေမဲ့ တစ်လလောက်နေရင်တော့ ထပ်ပြီး ငွတ်မွတ်ကြအုံးမှာပြ၊ ငါလည်း ရှန်းလီနဲ့ အဆက်အသွယ်ရဖို့ပဲ မျှော်လင့်ရတော့မယ်၊ ငါ့အတွက်တော့ တောင်အပြင်မှာ နေရတာက ပိုပြီး ကြောက်စရာကောင်းလာတယ်”
....
ရွှီမိသားစု၏ အစေခံကြီးနှင့် တုန်းညီအစ်ကိုတို့သည် နောက်တစ်နေ့ မနက်နှောင်းပိုင်းတွင် စုတ်ပြတ်နေသည့် အဝတ်အစားများကို ဝတ်ကာ မြို့သို့ ပြန်လာကြသည်။ သူတို့သည် မြို့နားရောက်ခါနီးမှ စုတ်ပြတ်နေသည့် အဝတ်အစားများကို ပြန်လဲလိုက်ကြသည်။ သူတို့သည် ပုံမှန်အတိုင်း အဝတ်အစားနှစ်စုံ ယူလာကြသည်။ မြို့ပြင်တွင် ဝတ်ရန်အတွင် စုတ်ပြတ်နေသည့် အဝတ်အစားနှင့် ကပ်ဘေး ဒုက္ခသည်များနှင့် မတူအောင် ရှောင်ကျဉ်ရန် မြို့ထဲသို့ ဝင်ရန်အတွက် ကောင်းမွန်မွန် အဝတ်အစားတစ်စုံဖြစ်သည်။
အခုတော့ မြို့ဝင်ပေါက်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ရဲမက် အယောက် ၄၀-၅၀လောက် ရှိသည်။
သုံးယောက်သားက သူတို့၏ကတ်ပြားကို ကိုင်ထားပြီး နောက်က ခြေသံလှိုင်းကြီးတစ်ခုကို ကြားလိုက်ချိန်တွင် မြို့တံခါးနားသို့ပင် မရောက်သေးချေ။ အလန့်တကြားနှင့် အသစ်ရောက်လာသူများကို သေချာမသိသဖြင့် သူတို့သည် အလျင်စလို မြို့ထဲသို့ ဝင်ရန် ကြိုးစားလိုက်ကြရသည်။
သို့သော်လည်း ရဲမက်များက သူတို့၏ ကတ်များကို မြင်လိုက်ပြီး သူတို့ကို ထပ်ပြီး စစ်ဆေးဖို့ အာရုံအရမ်းများနေသည်ဖြစ်ရာ သူတို့ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး သူတို့ကိုလက်နက်များကို ကိုင်ထားလိုက်ပြီး မျက်လုံးများက ရှေ့တည့်တည့်ကို မခွာတမ်းကြည့်နေပြီး ဓားရိုးကို တင်းနေအောင် ကိုင်ထားကာ အလွန်မှ တင်းကြပ်လွန်းနေသဖြင့် သွေးကြောများပင် ထောင်တက်လာလေသည်။
ရွှီမိသားစု အစေခံကြီးှင့် တုန်းညီအစ်ကိုတို့မှ မြို့ထဲသို့ မဝင်နိုင်တော့ချေ။ ဓားဆွဲထုတ်ထားသည့် ဟန်ပန်အမူအရာများနှင့် ရဲမက်များကြောင့် သူတို့မှာ အတင်း ဖြတ်မသွားရဲကြသဖြင့် သူတို့ကိုယ်တိုင်အတွက် စိုးရိမ်မိသွားကြတော့သည်။
ခြေသံများက ပိုကျယ်လာပြီး ပိုနီးကပ်လာသည်။ လှည့်ကြည့်လိုက်တော့ စစ်တပ်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ရှဲ့ကျိုးနှင့် ရင်းနှီးနေသည့် ရွှီမိသားစု အစေခံကြီးသည် ဝတ်စုံကို မှတ်မိသွားလေသည်။ - ဧကန္တ ရှာကျို့ရဲ့ မြို့စောင့်တပ်တွေလား။
သူသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ စစ်တပ်ဖြစ်နေပြီး အန္တရာယ်ထဲတွင် သေသွားနိုင်သည့် ဓားပြမဟုတ်သဖြင့် ကျေးဇူးတင်ရသည်။
နီးကပ်လာသည့် အဖွဲ့က မြင်းစီးသူ တော်တော်များများ ဦးဆောင်လာပြီး အရာရှိများ ဖြစ်ဟန်တူကာ လူရာကျော်သည်။
မြို့ထဲသို့ ဝင်ရန် စောင့်နေသူများက စစ်တပ်များ ဝင်သွားနိုင်ရန် မြန်မြန်လမ်းဖယ်ပေးလိုက်ကြသည်။ မြင်းပေါ်က အရာရှိငယ်တစ်ယောက်က စကားအနည်းငယ် ပြောဆိုရန် ရဲမက်များထံ ချဉ်းကပ်သွားလိုက်ပြီး ရဲမက်များက နောက်ပြန်ဆုတ်ပေးလိုက်ကာ မြို့တံခါးကို အကျယ်ကြီး ဖွင့်ပေးလိုက်ကာ မြင်းစီးလာသည့်အရာရှိနှင့် လူရာကျော် ခြေလျင်တပ်သားများကို မြို့ထဲသို့ ဝင်ခွင့်ပေးလိုက်လေသည်။
တုန်းညီအစ်ကိုများသည် စိုးရိမ်စိတ်ကြောင့် အောင့်ထားသည့်အသက်ကို အခုမှ လွှတ်ချလိုက်တော့သ်ည။ “လန့်လိုက်တာ၊ ဘာလို့ စစ်တပ်တွေ အများကြီး ရောက်လာတာလဲ၊ ဒါက ဒီနေရာမှာ ရောက်လာတော့မဲ့ ကပ်ဘေးရဲ့ လက္ခဏာ မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်”
မည်သူက ပြောနိုင်ပါမည်နည်း။
သုံးယောက်သားသည် စိတ်မသက်မသာ အမူအရာများနှင့် စစ်ဆေးခြင်းကို မြန်မြန်ဖြတ်လာခဲ့ပြီး မြို့ဝင်ကြေးပေးကာ တုန်းဖူစားသောက်ဆိုင်သို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။
...
တုန်းဖူစားသောက်ဆိုင်တွင် ဆိုင်တာဝန်ခံရွှီသည်လည်း မြို့ထဲသို့ ဝင်လာသည့် များပြားလှသည့် စစ်တပ်ကို သတိထားမိလိုက်သည်။ ဆူညံသံက သတိမထားမိဖို့ရန် လုံးဝကို သိသာနေ၏။
လမ်းကို အပေါ်စီးမှ မြင်နိုင်သည့် ဒုတိယထပ်တွင် ရပ်နေရင်း သူသည် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန်လျှောက်နေကာ အဝေးကို ချီတက်သွားသည့် စစ်တပ်များကို ကြည့်ရင်း သူ့ရင်ထဲတွင် ဗလောင်ဆူသွားလေသည်။
သည်အခိုက်တွင် အစေခံကြီးနှင့် တုန်းညီအစ်ကိုတို့ ပြန်ရောက်လာကြသည်။
သူတို့ကို မြင်လိုက်သည်တွင် ဆိုင်တာဝန်ခံရွှီသည် စိတ်အေးရတော့သည်။ “ဦးလေးရွှီ၊ အချိန်ကိုက်ပဲ၊ အရေးကြီးနေတာ၊ ရှန်းလီ ကျွန်တော့်အတွက် စာချန်ထားခဲ့လား”
အစေခံက ခေါင်းခါပြလိုက်ပြီး “မချန်ထားပါဘူး၊ ကြည့်ရတာ ရှန်းသခင်လေးက ထွက်မလာသေးဘူးထင်တယ်”
စိတ်ပျက်သွားသော်လည်း မအံ့ဩမိချေ။ ဆိုင်တာဝန်ခံရွှီသည် နောက်ထပ် ချိပ်ပိတ်စာတစ်စောင်ကို မြန်မြန် ထပ်ရေးလိုက်ပြီး “ဦးလေးကို ရှန်းလီဆီ နောက်ထပ် စာတစ်စောင် သွားပို့ခိုင်းဖို့ လိုသေးတယ်”
အစေခံကြီးက ဇဝေဇဝါဖြစ်သွားပြီး “နောက်ထပ် စာတစ်စောင် ဟုတ်လား”
ဆိုင်တာဝန်ခံရွှီက သူ့မိသားစု ရောက်လာသည်အကြောင်းကို ရှင်းပြလိုက်ပြီး ယွီရှန်းက အခြေအနေကို အကျဉ်းချုပ် ပြောပြလိုက်သည်။ “ဒီကို စစ်တပ်တွေ ရောက်နေပြီဆိုတော့ ကပ်ဘေးက ကျွန်တော်တို့နဲ့ မဝေးတော့ဘူး၊ ဒီတစ်ခါတော့ ဝမ်ချင်းက ဦးလေးနဲ့ အဖော်လိုက်ခဲ့လိမ့်မယ်”
ရောက်လာတော့မည့် ကပ်ဘေးကို စဉ်းစားမိသဖြင့် သူသည် တုန်းညီအစ်ကိုကို ထပ်ပြီး အန္တရာယ် မပေးချင်ပေ။ သူတို့တွင်လည်း စောင့်ရှောက်ရမည့် မိသားစုများ ရှိသေးသည်။
အစေခံကြီးက သဘောတူလိုက်သည်။ “သခင်လေး အိမ်မှာလား၊ ကျွန်တော်တို့ မြန်မြန်လုပ်မှရမယ်”
သူတို့သည် မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ကြပြီး ထိုအခိုက်တွင် ချီယန်စီရင်စု ရုံးတော်၌ အစေခံများတွေခဲ့သည့် အရာရှိငယ်လေးသည် စီရင်စုတရားသူကြီးကို အမိန့်စာတစ်စောင် ပေးနေသည်ကိုတော့ မသိလိုက်ကြချေ။
“တရားသူကြီး ဝေ၊ ဒီမှာ အထက်က အမိန့်၊ ကျေးဇူးပြုပြီး ပြန်ဖတ်ပြီး မြန်မြန် လုပ်ဆောင်ပါ”
တရားသူကြီးဝေသည် အမိန့်ကို ဖတ်ပြီးနောက်တွင် အထိတ်တလန့်ဖြစ်သွားပြီး တအံ့တဩ ပြောလိုက်၏။
“ရွာသားတွေအားလုံးကို စီရင်စုထဲ ပြောင်းခိုင်းရမယ် ဟုတ်လား၊ ဘယ်လို နေရာချထားပေးရမှာလဲ၊ သူတို့ရဲ့ စိုက်ခင်းတွေကရော”
အရာရှိက သာမန်ကာလျှံကာသာ ပြန်ဖြေသည်။ “ဒါက ကျုပ်ကိစ္စမဟုတ်လေ၊ ကျုပ် ဒီကို အမိန့်လာပို့ပေးပြီး စီရင်စု ခံတပ်ကို ကူညီပေးရုံပဲ၊ ဘယ်လို စီစဉ်မယ်ဆိုတာတော့ တရားသူကြီးဝေ အဖြေရှာရမဲ့ကိစ္စပဲ”
တရားသူကြီးဝေသည် ပတ်ဝန်းကျင် စီရင်စုများက ရွာသားများ ဓားပြများဖြစ်သွားသည်ကို သိထားလေသည်။ ချီယန် ရွာသားများကလည်း ထိုနည်းတူ လုပ်နိုင်သည့် အတွေးက သူ့ကို ကျောစိမ့်သွားအောင် လုပ်နေပြီး အမိန့်တော်၏ လက်တွေ့မကျပုံကို ဘေးချိတ်ထားမိအာင် ဖြစ်သွားစေတော့သည်။
“ဟုတ်တယ်၊ ဒီရွာသားတွေ ဓားပြဖြစ်သွားမှာကို ကျုပ်တို့တွေ ကာကွယ်မှဖြစ်မယ်”
သူက အရာရှိငယ်လေးကို ခေါ်လိုက်၏။ “စစ်သူကြီးချန် ကျုပ်တို့တွေ ဘယ်တော့ စမှာလဲ”
ချန်မျိုးနွယ်အမည်ရှိ အရာရှိက ပြန်ဖြေလိုက်၏။ “တတ်နိုင်သလောက် မြန်လေ ကောင်းလေပဲ”
....
ချီယန်စီရင်စု၏ အုပ်ချုပ်ရေးမှူးသည် ဆိုင်းမဆင့်ဗုံမဆင့် ထလုပ်တော့သည်။
စီရင်စုအရာရှိများ ဦးဆောင်သည့် အသစ်ရောက်လာသည့် စစ်တပ်သည် မြန်မြန်ဆန်ဆန် အဖွဲ့ငယ်လေးများစွာ ခွဲလိုက်ပြီး ချီယန်စီရင်မှ ထွက်ခွာသွားကြတော့သည်။
ဒါသည် ရောက်မလာသည့် ကိစ္စနှင့် ပတ်သက်ပြီး ကြောက်လန့်ကာ ဘာမှမသိကြသည့် ဒေသတွင်း ပြည်သူများကြားတွင် သိသာထင်ရှားသည့် သတိပေးချက်တစ်ခု ဖြစ်သွားတော့သည်။
ဆိုင်တာဝန်ခံရွှီ၊ သူ့သားနှင့် မိသားစုအစေခံတို့သည် မြို့တံခါးသို့ အလောတကြီး ရောက်လာပြီး ထွက်ခွာရန် ပြင်နေစဉ် ရဲမက်များ၏ တားမြစ်ခြင်း ခံလိုက်ရ၏။ “တရားသူကြီးရဲ့ အမိန့်အရ ဒီနေ့ကစပြီး မြို့အဝင်ကို ခွင့်ပြုထားပြီး ဘယ်သူမှ မြို့ထဲက ထွက်ခွာခွင့်မရှိဘူး”
ဈေးဝယ်ရန်နှင့် လက်တိုလက်တောင်းလုပ်ရန် မြို့ထဲသို့ ဝင်ခဲ့ကြသည့် ရွာသားများသည် စစ်တပ်အင်အား တိုးလာသည်ကို မြင်လိုက်ကြပြီး သတင်းစုဆောင်းရန် ရည်ရွယ်ထားကြသည်တွင် ရဲမက်၏ ကြေညာချက်ကို ကြားလိုက်တော့ မှင်သက်အံ့ဩသွားကြတော့သည်။
သူတို့သည် ရှေ့သို့ အလောတကြီးတက်လာကြပြီး သူတို့၏ မြို့ဝင်ကတ်ပြားများကို ပြလိုက်ကြကာ “ကျွန်တော်က ရှီကျားထန်နားကပါ၊ ကျွန်တော် အိမ်ပြန်လို့ ရမလား”
ရဲမက်က သူ့ကို လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်၏။ “ဝင်လို့ရတယ်၊ ထွက်လို့ မရဘူး၊ မင်း နားမလည်ဘူးလား”
ကြံရာမရဖြစ်လာသည့် ရွာသားက ငြင်းခုံတော့သည်။ “ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်အိမ်ကို ပြန်တာပဲ၊ ဘာလို့ ထွက်လို့မရတာလဲ”
ရဲမက်၏မျက်နှာက မျက်နှာသေနှင့်ဖြစ်နေပြီး ဘာခံစားချက်ကမှ သစ္စာဖောက်မလာချေ။
“ကျုပ်တို့က အမိန့်ကို လိုက်နာရုံသက်သက်ပဲ”
တူညီသည့်အခြေအနေက တခြားသူများသည် သည်စကားကို ကြားလိုက်သည်တွင် ရှေ့သို့ အတင်းတိုးလာပြီး သူတို့၏ကိစ္စကို ငြင်းခုံကြကာ မြို့တံခါးတွင် ဆူပူမှုတစ်ခု ဖြစ်သွားတော့သည်။
ဆူညံသံက အစောပိုင်းက စစ်တပ်ကို လာရောက်လေ့လာကြသည့် မြို့နေလူထုများကို ဆွဲဆောင်လိုက်ပြီး သူတို့သည် ဝင်ခွင့်ရှိပြီး ထွက်ခွင့်ကို တားမြစ်ထားသည့် မြို့ကို ပိတ်ချလိုက်သည့်အကြောင်းကို သိလိုက်သည်တွင် အနီးနားက ရွာသားများအတွက်ပင် အားလုံးက အုံကြွလာကြတော့သည်။
ဖရိုဖရဲအခြေအနေကို ကြားလိုက်ရပြီး ဆိုင်တာဝန်ခံရွှီသည် သူသိသည့် ရဲမက်တစ်ယောက်ဆီ ချဉ်းကပ်သွားကာ ညပိုင်းတွင် သူ့အစေခံနှင့် သားကြီးကို ခိုးထွက်ခွင့်ပြုရန် တိုးတိုးတိတ်တိတ် ငွေပေးလိုက်သော်လည်း ရဲမက်က လက်ခံဖို့ရန် အလွန်မှ စိုးရွံ့နေသည်ကို တွေ့လိုက်ရတော့သည်။
“ဒီတစ်ခါတော့ ကျွန်တော် ခင်များကို မကူညီနိုင်တော့ဘူး” ရဲမက်က ပြောသည်။ “ဒီအခြေအနေက မတူတော့ဘူးဗျ၊ ဒီမှာ တာဝန်ကျနေတာ ကျုပ်တို့ မြို့စောင့်ရဲမက်တွေချည်းပဲ မဟုတ်တော့ဘူး”
သူသည် ပြောရင်းဆိုရင်း တခြားနေရာသို့ မျက်စလှမ်းပစ် ပြလေသည်။ သူ့အကြည့်နောက် လိုက်သွားမိတော့ ဆိုင်တာဝန်ခံရွှီသည် မြို့၏ မျှော်စင်ပေါ်တွင် ထိုင်ပြီး အောက်မြင်ကွင်းကို ပြုံးကြည့်နေသည့် အရာရှိငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
စိတ်ပျက်သွားသော်လည်း ဆိုင်တာဝန်ခံရွှီသည် ငွေကို ရဲမက်၏လက်ထဲသို့ တိုးတိုးတိတ်တိတ် ထိုးထည့်ပေးလိုက်ပြီး အခြေအနေကို စုံစမ်းလိုက်တော့သည်။
ရဲမက်က ငွေတုံးကို ဆုပ်ထားလိုက်ပြီး တိုးတိုးလေး ပြောသည်။ “ကျုပ် အားလုံးကို သေချာတော့မသိဘူး၊ ဒါပေမဲ့ ကြည့်ရတာ ပတ်ဝန်းကျင်က ရွာသားတွေအားလုံးကို စုပြီး မြို့ထဲမှာ နေခိုင်းဖို့ အစီအစဉ်တစ်ခု ရှိတယ်ထင်တယ်၊ ဆိုင်တာဝန်ခံ ခင်များမှာ နည်းလမ်းတွေ ရှိမယ်ဆိုရင် အစားအသောက်တွေ ပိုသိုလှောင်ထားတာဖို့ စလုပ်ထားသင့်တယ်”
“ရွာသားတွေမှာ စပါးအပိုတွေ ဘယ်မှာရှိမှာလဲ” ဆိုင်တာဝန်ခံရွှီသည် ပင်ပန်းကြီးစွာ စဉ်းစားလိုက်လေသည်။ “ကောက်နှံတွေက လယ်ထဲမှာ၊ လူတွေကို စီရင်စုထဲ တွန်းထည့်နေတော့ အစားအသောက် ပြတ်လပ်မှာက ရှောင်လွဲလို့ရမှာမဟုတ်ဘူး”
ကျောချမ်းရသည့် ခံစားချက် ဖြစ်သွားတော့သည်။ သူသည် ရဲမက်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး သူ့မိသားစုဆီသို့ မြန်မြန် ပြန်သွားတော့သည်။
သူ ပြန်လာသည်ကို မြင်လိုက်ရတော့ ရွှီဝမ်ချင်းသည် စိုးရိမ်တကြီး မေးလိုက်၏။ “အဖေ ဘာဖြစ်တာလဲ”
ဆိုင်တာဝန်ခံရွှီက ခေါင်းခါပြလိုက်ပြီး “ငါတို့တွေ အပြင်ထွက်လို့ မရတော့ဘူး၊ သွားကြမယ်၊ ငါတို့တွေ ချက်ချင်း ပြန်ဖို့လိုတယ်”
သူ့အစားအသောက် ရိက္ခာအများစုကို စီရင်စုအပြင်ဘက်က ပုန်းခိုသည့်ကျင်းထဲတွင် ထည့်ထားသည်။ အိမ်တွင် စပါးတစ်ချို့ ရှိသော်လည်း အများကြီး မဟုတ်ချေ။ သူသည် ရိက္ခာများကို ပိုပြီးသိုလှောင်ရန် အရေးပေါ်လိုအပ်လာသည်။ တုန်းဖူစားသောက်ဆိုင်ကို ဆက်ပြီး လည်ပတ်လို့မရတော့ချေ။ ကျန်နေသည့် အစားအစာများက သူ့အတွက်တင်မဟုတ်ဘဲ စားဖိုမှူးများနှင့် ဆိုင်က အလုပ်သမားအတွက် သေရေးရှင်ရေး ကိစ္စတစ်ခုပင်။ သူ့အလုပ်ရှင်ထံက ဂယက်ရိုက်ခြင်းကို ခံရမည်ဆိုလျှင်ပင် သူသည် သည်ဝန်ထုပ်ဝန်ပိုးကို ထမ်းရပေလိမ့်မည်။
...
အပိုင်း (၁၅၆) ခံတပ်လုပ်ခြင်းနှင့် မြေလှန်မီးရှို့ခြင်းနည်းဗျူဟာ
တုန်းဖူစားသောက်ဆိုင်သည် တံခါးများကိုပိတ်လိုက်လေသည်။
ပြန်ရောက်လာပြီးသိပ်မကြာခင်မှာပင် ဆိုင်တာဝန်ခံရွှီက သူ့ဝန်ထမ်းကို ဆိုင်ပိတ်ကြောင်း ယာယီဆိုင်းဘုတ် ချိတ်ဆွဲထားခိုင်းလိုက်ပြီး လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး အကြောင်းအရာများကို ပြောပြရန် ဆိုင်ဝန်ထမ်းများအားလုံးကို စုစည်းလိုက်လေသည်။ သူက ဂိုဒေါင်ထဲမှ အစားအသောက်ရိက္ခာများကို သူတို့ကြားတွေထဲတွင် ခွဲဝေပေးလိုက်ပြီး အားလုံးကို အိမ်ပြန်ကာ အစားအသောက် သိုလှောင်ပြီး ဆိုးဝါးသည့်ကံကြမ္မာကို ရှောင်ရှားဖို့ရန် အကြံပေးလိုက်လေသည်။
တုန်းဖူစားသောက်ဆိုင်က ပိတ်လိုက်သည်တွင် အစောပိုင်းက စောင့်ကြည့်လာကြသည့် စီရင်စုထဲက တခြားဆိုင်ကြီးဆိုင်ငယ်များကလဲ အခုတော့ စတင်ပိတ်ထားလိုက်ကြကာ သူတို့၏ နောက်ကိစ္စများကို မြန်မြန်စီစဥ်တော့သည်။
စီရင်စုအတွင်းသို့ ဒုတိယစစ်တပ်များ ဝင်ရောက် လာသည်တွင် ဆိုင်တာဝန်ခံရွှီသည် ရိက္ခာများကို ဝေငှပြီးစပင် ရှိသေးသည်။ အပြင်ဘက်က ချီတက်သံကိုကြားလိုက်ချိန်တွင် သူက ပြတင်းပေါက်မှ လှမ်းပြီးချောင်းကြည့်လိုက်၏။ ပထမစစ်တပ်ထက်ပင် ပိုပြီးအရေအတွက်များပြားလှသည့် ရှုစီရင်စုက စစ်တပ်များသည် ချီတက်ပြီးဝင်ရောက်လာကြသည်။ သူသည် ခဏလောက် စောင့်ကြည့်နေလိုက်သော်ငြားလည်း လူတန်းကြီးက ကုန်သွားသည်ကို မမြင်ရသေးချေ။
သူ့ဘေးတွင်ရပ်နေသည့် စားဖိုမှူးယွီက မသဲမကွဲ ရေရွတ်လိုက်လေသည်။
"ဒီလောက်များပြားတဲ့စစ်တပ်တွေကို ဆင့်ခေါ်ထားတာပဲ၊ သဘောက ကျွန်တော်တို့တွေ ပိုပြီးတော့ အန္တ ရာယ်ကင်းလာပြီ မဟုတ်လား"
ဆိုင်တာဝန်ခံရွှီက မည်သို့မျှော်လင့်ရမည်မှန်း မသိပေ။ သူက ဒီအတိုင်းခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
"အဲလို မျှော်လင့်ရတာပဲ"
...
"စီရင်စုထဲက မြို့ကလူတွေက ကျီလန့်စာစားဖြစ်နေတဲ့အချိန် ဖြစ်နေကြတာလေ၊ ပတ်ဝန်းကျင်ရွာက အခြေအနေကလဲ ကောင်းနေတာတော့ မဟုတ်ဘူး"
ရှီလီရွာတွင် မောင်းသံက ကျန်နေသေးသည့် မိသားစုတစ်ချို့ကို ကြောက်လန့်တကြားဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့လေသည်။ ဒါက စစ်မှုထမ်းခေါ်ခြင်းလား။ စပါးခွန်ကောက်ခံခြင်းလား။ သို့မဟုတ် လူမှုဝန်ထမ်းခေါ်ယူခြင်းလား။
အားလုံး၏ဦးရေပြားများမှာ ထိုအတွေးကြောင့် တင်းကြပ်သွားတော့သည်။
စပါးခွန်ကတော့ မဖြစ်နိုင်ပေ။ ယူသွားစရာလဲ ဘာမှမရှိတော့ချေ။ ထို့သို့ပြုလုပ်မည်ဆိုလျှင် သူတို့၏ သွေးနှင့်အသက်များကို တောင်းဆိုဖို့သာ ရှိတော့သည်။
သို့တိုင် လူသားများက လေ့ကျင့်ပေးထားသည့် အိမ်မွေးတိရိစ္ဆာန်များကဲ့သို့ပင် သူတို့သည် သူတို့၏အိမ်ကို အလိုလို စွန့်ခွာလာကာ သူတို့၏ လိုလားစိတ် ရှိသည်ဖြစ်စေ ကြောက်ရွံစိတ် ရှိသည်ဖြစ်စေ မောင်းသံရှိရာ အခြောက်ခံကွင်းထဲသို့ ဦးတည်လာကြလေသည်။
ခြေလှမ်းများက နှေးကွေးနေသော်ငြားလည်း သူတို့၏ ခြေထောက်များကတော့ သွားရမည့်နေရာသို့ မယိုင်းမယိုင် လျှောက်သွားလေသည်။
ရှန်းစန်း၊ လီရှီ၊ ရှန်းကျင့်အပါအဝင် အိမ်ကကလေးများသည် အခြောက်ခံကွင်းထဲသို့ တွန့်ဆုတ်ကာဖြင့် ဦးတည်လာကြလေသည်။
ဒီတစ်ကြိမ်တွင်တော့ ကျေးရွာအုပ်ချုပ်ရေးမှူး ကျိုးလီကျန့်က အပြောင်းအလဲတစ်ခုဖြင့် ရောက်လာသည်။ ပုံမှန်လာနေကျ စာရေးများနှင့်အတူ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားပြီး ရဲမက်၁၀ယောက်လဲပါလာသည်။ ကျိုးလီကျန့်က ဘေးတွင် နှိမ့်နှိမ့်ချချရပ်နေကာ စာရေးများကို စကားပြောခွင့်ပေးထားသည်။ သူ၏ အစောပိုင်းက ထည်ဝါခန့်ညားမှုများ မရှိတော့ဘဲ ထိုနေရာတွင် သိသာထင်ရှားသည့် ကြောက်ရွံ မှုနှင့် မရေရာမှုများ အစားထိုးဝင်ရောက်နေသည်။
ရွာသားများက စိတ်ဝင်တစား နားထောင်ကြသော်ငြားလည်း သူတို့၏ ခန့်မှန်းချက်အားလုံး မှားယွင်းနေသည်ကို သိလိုက်ရသည်။
စစ်မှုထမ်းခြင်းလဲမဟုတ် စပါးခွန်ပေးခြင်းလဲ မဟုတ်သလို လူမှုဝန်ထမ်း အတင်းအကြပ်ခိုင်းစေခြင်းလဲ မဟုတ်ပေ။ ထို့အစား သူတို့ကို စီရင်စုမြို့အထဲသို့ ပြောင်းရွှေ့ဖို့ ညွှန်ကြားနေလေသည်။ မြောက်ပိုင်းက ကပ်ဘေးဒုက္ခသည်များသည် ဓားပြများအဖြစ် ပြောင်းလဲသွားသည်။ ချီယန်စီရင်စုသို့ ချဥ်းကပ်လာသည်ဟု ဆိုသည်။ အနီးအနားစီရင်စုများက မကြာခင်ကဖြစ်သွားသည့် တိုက်ခိုက်သိမ်းယူမှုက ရက်စက်သည့် လမ်းကြောင်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည့် လူသတ်ခြင်း မီးရှို့ခြင်း လုယက်ခြင်းများပင် ပါလာသည်။
စာရေးကြီးပြောပြသည့် စီရင်စုများ၏နာမည်များမှာ ချီယန်စီရင်စု အပြင်ဘက်သို့ ဘယ်တော့မှမထွက်ခဲ့ဘူးကြသည့် ရွာသားများအတွက်တော့ အဓိပ္ပါယ်မရှိလှပေ။ သို့သော်ငြားလည်း ကပ်ဘေးဒုက္ခသည်၊ ဓားပြ၊ ရက်စက်သည့် နောက်ဆက်တွဲများ အကြောင်းကို ပြောပြလိုက်သည်တွင် သူတို့ကို ဆိုးဆိုးရွားရွား ကြောက်လန့်သွားစေတော့သည်။
စာရေးကြီးထံက စကားတစ်ခွန်းချင်းစီက ရွာသားများ၏ အသက်ရှူသံကို ပိုမိုလေးလံလာစေပြီး ဆာလောင်နေသည့် ကပ်ဘေးဒုက္ခသည်များက ရက်စက်သည့် ဓားမြများအသွင် ပြောင်းသွားသည့်အတွေးကြောင့် ခြောက်လန့်နေတော့သည်။
အားလုံး၏စိတ်ကလဲ လုယက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းအတွေးတို့ လွှမ်းမိုးသွားပြီး စီရင်စုအတွင်းသို့ ပြန်လည်နေရာချထားမည့် အမိန့်ကိုပင် လုံးဝမေ့လျော့သွားတော့သည်။ တစ်ခုတည်းသော အတွေးက သူတို့၏စိတ်များကို လွှမ်းမိုးသွားတော့သည်။ သွားပါပြီ။
လူအယောက် ၆၀-၇၀လောက်ရှိသည့် လူအုပ်ကြီးသည် ထိတ်ထိတ်ပြာပြာနှင့် ဖရိုဖရဲ ဖြစ်သွားကြတော့သည်။
ဘယ်သူကမှ အရေကြီးသည့်အချက်ကို အာရုံမစိုက်သည်ကို မြင်လိုက်သည်တွင် စာရေးက အုပ် ချုပ်ရေးမှူးကျိုးထံမှ မောင်းကို ဆွဲယူလိုက်ပြီး အားဖြင့်ရိုက်ခတ်လိုက်သည်။
"နားထောင်ကြ ရုံးတော်ကနေပြီးတော့ စီရင်စုမြို့ကို စောင့်ကြပ်ပေးဖို့အတွက် ရဲမက်တွေကို စေလွှတ်လိုက်တယ်။ တကယ်လို့ ခင်များတို့တွေ အသက်ရှင်ချင်တယ်ဆိုရင် ခင်များတို့ရဲ့စပါးတွေ၊ အဝတ်အစားတွေ၊ အိပ်ယာလိပ်တွေကို ယူပြီး ခိုလှုံဖို့အတွက် စီရင်စုကို ချက်ခြင်း ပြောင်းရွှေ့ကြပါ၊ ခင်များတို့ရဲ့ အစားအသောက် အားလုံးကို ယူခဲ့ကြပါ၊ ဓားပြတွေကို နှိမ်နင်းပြီးသွားမှ ခင်များတို့တွေ အိမ်ပြန်လို့ရမယ်"
နောက်ဆုံးတော့ အဓိကအချက်ကို ပြောပြလိုက်နိုင်သည်။
အဓိကအချက်မှာ ၂ချက်ရှိလေသည်။
ပထမတစ်ချက်မှာ ရုံးတော်ကသူတို့ကို ကာကွယ်ပေးရန် စစ်တပ်များကို လွှတ်လိုက်လေသည်။
ဒုတိယအချက်မှာ သူတိုသည် တံတိုင်းနှင့်မြို့စောင့်တပ်များရှိသည့် စီရင်စုမြို့ထဲသို့ ပြောင်းရွှေ့ဖို့ရန်လိုအပ်သည်။
အစောပိုင်းက ကြံရာမရဖြစ်ကာ ကြောက်လန့်တကြား ဖြစ်သွားကြသည့် လူများသည် ရုတ်တရက်ဆိုသလို မျှော်လင့်ချက်ကို ရှာဖွေတွေ့ရှိသွားပြီး တစ်ချို့မှာဝမ်းသာအားရ ထုတ်ပြောကြလေသည်။
"ရုံးတော်က ရဲမက်တွေကို လွှတ်လိုက်တယ်၊ ဒီနေရာမှာ ရဲမက်တွေရှိတယ်ဆိုရင်တော့ ကြောက်စရာမလိုတော့ပါဘူး"
ပိုပြီးသတိရှိကြသည့်သူများကတော့ သူတို့၏ မျက်ခုံးများကို ကြုတ်ထားလိုက်ပြီး တစ်ခုခုကို သဘောပေါက်သွားကာ မေးလိုက်လေသည်။
"ကျုပ်တို့ရဲ့ အစားအသောက်ရိက္ခာတွေက အခုကတည်းက နည်းပါးနေပြီ။ ရွာထဲမှာ ကျုပ်တို့တွေက ကျုပ်တို့ရဲ့ဝမ်းကိုဖြည့်ဖို့ တောင်ထဲက တောဟင်းရွက်တွေကို ရှာပြီးစားနိုင်သေးတယ်။ ဒါပေမဲ့ စီရင်စုမြို့ကို ရောက်သွားပြီဆိုတာနဲ့ ကျုပ်တို့တွေက အစားအစာတွေကို ဘယ်မှာ သွားရှာရမှာလဲ"
ဒီမှတ်ချက်သည် အစောပိုင်းက ဝမ်းသာအားရဖြစ်နေသည့်လူများကို လက်တွေသို့ ပြန်ခေါ်လာနိုင်ခဲ့သည်။
"ဟုတ်တယ် ကျုပ်တို့တွေစီရင်စုကို ရောက်သွားပြီဆိုရင် ဘယ်မှာနေရမှာလဲ၊ ကျုပ်တို့တွေ အစားအသောက်ရှာဖွေဖို့ နေရာမရှိဘူးလေ ဟုတ်တယ်မလား"
"စီရင်စုထဲမှာဆိုရင် အဝင်အထွက်လုပ်ဖို့တောင် ငွေလိုနေတာ၊ အစားအသောက်နဲ့ နေထိုင်ရေးဆိုရင် ပြောနေစရာတောင် မလိုဘူး"
"နောက်ပြီးတော့ လယ်ကွင်းထဲက ကျုပ်တို့ရဲ့ကောက်နှံတွေကို ဘယ်လိုလုပ်မှာလဲ။ သူတို့တွေကို ဂရုစိုက်ပေးမဲ့သူ မရှိဘူးဆိုရင် အပင်တွေက ညှိုးခြောက်ပြီးတော့ သေသွားလိမ့်မယ်မလား"
ဒါက တညီတညွတ်တည်း ထောက်ခံချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ကောက်နှံများက သူတို့၏ အသက်သွေးကြောပင်။ အထူးသဖြင့် ယခုအချိန်တွင် သူတို့၏ကိုယ်ပိုင် အစားအသောက်ရိက္ခာများက အလွန်မှနည်းပါးနေပြီး သူတို့၏ အသက်ရှင်သန်ရေးကိုလဲ ဒီကောက်ပဲသီးနှံကြီးထွားမှုအပေါ် မှီခိုနေရလေသည်။
သေရမှာကို ကြောက်ရွံ့သည့် ရှန်းစန်းပင်လျှင် ရုတ်တရက် သဘောပေါက်သွားလေသည်။ သူတို့သည် စီရင်စုသို့ဝင်သွားသည်နှင့် သူတို့မှာ လယ်ကွင်းထဲက ကောက်နှံများကို ဂရုစိုက်ပေးနိုင်မည် မဟုတ်သလို သူ့သားများကလဲ မည်သည့်နေရာတွင် ရစ်ငှက်နှင့်ယုန်များကို ထောင်ဖမ်းနိုင်ပါတော့မည်နည်း။
သူ့မှာ သူတို့ဖမ်းလာသည့် ချိုမြိန်သည့်အရသာကို နှစ်ကြိမ်သာ ခံစားခဲ့ရသေးသည်။
တစ်ခြားသူများက မေးခွန်းများဖြင့် အုန်းအုန်းကျက်ကျက် ဖြစ်နေကြစဥ် ရှန်းစန်းသည်အသံ မထွက်ရဲလေရာ နားကိုသာ စွင့်ထားလိုက်ပြီး အရာရှိများ ပြောလာသည့်စကားကို အာရုံစိုက်ထားလိုက်သည်။
စာရေးက ဘာပြောနိုင်ပါမည်နည်း။
ရုံးတော်မှာ သိုလှောင်ထားတဲ့စပါးတစ်ချို့ရှိတယ် ဒါပေမဲ့ ဒါကလူအများစုအတွက် လုံလောက်ပါ့မလား။ စီရင်စုတရားသူကြီးကရော အထက်အမိန့်မပါဘဲ စပါးကျီကို ဖွင့်ပေးနိုင်ပါ့မလား ဆိုတာတော့ မသေချာဘူး။ ဒါပေမဲ့လည်း ဒါတွေက သူ့ကိစ္စ မဟုတ်ဘူးလေ။ အခုချိန်မှာတော့ သူက အားနည်းနေတဲ့ပုံ ပြလို့မဖြစ်ဘူး။ မိုးပြိုလာရင်တောင် အရပ်ပိုမြင့်တဲ့လူက ခံပေးလိမ့်မှာပေါ့။ သူ့လို အငယ်တန်းစာ ရေးတစ်ယောက်ကတော့ မဖြစ်လေဘူး။ သူရဲ့တစ်ခုတည်းသော တာဝန်က ဒီစာကို သေသေချာချာလေး ထုတ်ပြန်ပေးလိုက်ဖို့ပဲ။
စိတ်ထဲတွင် ထိုသို့တွေးလိုက်ပြီး စာရေးက မေးကိုချီထားလိုက်ကာ ကြေငြာလိုက်လေသည်။
"အစားအသောက်နဲ့ နေရာကိုတော့ အရာရှိတွေက စီစဥ်ပေးလိမ့်မယ်။ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး မြန်မြန်ပြန်ပြီးတော့ ထုပ်ပိုးကြ၊ ခင်များတို့တွေ အားလုံးကိုယူလာဖို့ အချိန်တစ်နာရီရမယ်၊ ကျုပ်တို့တွေ ဒီအခြောက်ခံကွင်းထဲမှာ စောင့်နေမယ်"
မည်သူကမှ မလှုပ်ကြပေ။
အဖိုးကြီးတစ်ယောက်က ရဲဝင့်စွာဖြင့် မေးလိုက်လေသည်။
"ဒါပေမဲ့ ဆရာရယ် လယ်ထဲက ကျုပ်တို့ကောက်နှံတွေကို ဘယ်လိုလုပ်မှာလဲ။ ဓားပြတွေက ဘယ်အချိန်ရောက်လာမှာလဲ၊ သူတို့တွေကို နှိမ်နင်းဖို့ရော အချိန်ဘယ်လောက်ကြာမှာလဲ တကယ်လို့ ကောက်နှံတွေကို လျစ်လျူရှုထားမယ်ဆို လူတွေ သေသွားလိမ့်မယ်၊ ကျုပ်တို့ရဲ့အိမ်မှာလဲ စပါးတွေရှိတော့တာ မဟုတ်ဘူး"
သူ့အသံသည် တုန်ယင်နေသော်ငြားလည်း အားလုံး ၏စိတ်ထဲတွင် အစိုးရိမ်ရဆုံးဖြစ်သည့်စကားကို သေသေချာချာလေး ပြောထွက်နိုင်လေသည်။
ဒါက စာရေး၏လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေသည်။ ထို့ကြောင့် သူက စစ်တပ်များနှင့် အဖော်လိုက်လာသည့် ခေါင်းဆောင်ရဲ့ဘက်ကို လှမ်းကြည့်လိုက်သည်။
တစ်လျှောက်လုံး ဥပေက္ခာပြုလာခဲ့သည့် ခေါင်းဆောင်ရဲမက်က စာရေးက သူ့ကို လှမ်းကြည့်လာချိန်တွင် ဘေးကိုကြည့်မနေတော့ဘဲ ရွာသားအုပ်စုကြီးကို စိုက်ကြည့်နေကာ သူ့ခါးပေါ်ကဓားကို ပြင်ဆင်လိုက်ပြီး ကြေငြာလိုက်သည်။
"ခင်များတို့ကို မြို့ထဲကိုပြောင်းရွှေ့ခိုင်းတာ ခင်များတို့ရဲ့အသက်ကို ကယ်တင်ပေးဖို့ပဲ၊ စစ်တပ်ဆိုင်ရာကိစ္စဆိုတာ ခင်များတို့ မေးခွန်းထုတ်ရမဲ့ အရာ မဟုတ်ဘူး။ တကယ်လို့ ဓားပြတွေ ရောက်လာတယ်ဆိုရင် ကောက်ပဲသီးနှံတွေကို မေ့ထားလိုက်တော့၊ ခင်များတို့အားလုံး ဓားအောက်မှာ သရဲဖြစ်သွားတာပဲ ရှိလိမ့်မယ်။ ခင်များတို့ရဲ့ငွေတွေ စပါးတွေနဲ့မိန်းမတွေလဲ သူတို့ပိုင်ဆိုင်မှု ဖြစ်သွားလိမ့်မယ်"
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့၊ ခင်များတို့မှာ အချိန်တစ်နာရီရမယ်၊ အိမ်ပြန်ပြီးတော့ ပစ္စည်းတွေ ထုပ်သိမ်းတော့၊ မိသားစုတစ်ခုချင်းစီက မိန်းမတစ်ယောက်စီ လယ်ကွင်းထဲမှာထားခဲ့၊ အခုလောလောဆယ် စားလို့ရနိုင်တဲ့ ကောက်ပဲသီးနှံအပါအဝင် စားလို့ရတာတွေအားလုံးကို သေချာပေါက်ယူလာရမယ်။ စပါးတစ်စေ့၊ ဟင်းသီးဟင်းရွက်တစ်ခုကိုတောင်မှ ဓားပြတွေအတွက် မထားခဲ့ရဘူး"
တကယ်လို့များ ဆောင်းဦးရိတ်သိမ်းရာသီ ရောက်ဖို့ အစောကြီးလိုနေတာကြောင့် မဟုတ်ရင် စပါးပင်ငယ်လေးတွေကိုတောင် အမြစ်ကနေနှုတ်ပြီး ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်။
သူ့စကားက ရွာသားများကြားတွင် အုန်အုန်းကျက်ကျက် ဖြစ်သွားသော်ငြားလည်း ရဲမက်က သူ့ဓားကိုတစ်ဝက်လောက် ဆွဲထုတ်ထားသည်ဖြစ်ရာ လူအုပ်ကြီးမှာ ရုတ်ချည်းဆိုသလို ငြိမ်ကြသွားတော့သည်။
ထိုလူက သူ့လက်ကို ဓားပေါ်တင်ထားပြီး သူ့မျက်နှာက အေးစက်လို့နေသည်။ ဖြည်းဖြည်းချင်း ပြောနေသော်ငြားလည်း ဖိနှိပ်သည့်ဟန်ဖြင့် သူကတိုက်တွန်းလိုက်သည်။
"အားလုံးပဲ မြန်မြန်လုပ်ကြ"
ရွာထဲသို့ဝင်လာကတည်းက အသံတိတ်နေသည့် ကျိုးလီကျန့်မှာ နောက်ဆုံးတော့ အသံထွက်လာပြီး ရဲမက်၏စကားကို ထောက်ခံလိုက်လေသည်။
"ဟုတ်တယ် ဟုတ်တယ် မြန်မြန်လုပ်ကြ၊ ခင်များတို့တွေ ကြားတယ်နော်၊ မိသားစုတစ်ခုချင်းစီက မိန်းမတစ်ယောက်ကို လယ်ထဲကို လွှတ်ရမယ်။ ကျန်တာတွေက အိမ်မှာပြန်ပြီးထုပ်ပိုးကြ၊ အစားအသောက်၊ ဆားနဲ့စားလို့ရတာမှန်သမျှကို ယူလာခဲ့၊ အဝတ်အထည်၊ အိပ်ယာခင်းနဲ့ တန်ဖိုးရှိတာတွေရော စပါးတွေ သယ်လာခဲ့"
ဓားကိုင်ထားသည့်ရဲမက်များနှင့် ရုံးတော်စာရေးများ၏ ခြိမ်းခြောက်ခံနေရသည့် ရှီလီရွာသားများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဒါက မေးခွန်း ထုတ်ဖို့အချိန် မဟုတ်တော့မှန်း နားလည်လိုက်လေသည်။
အကြိမ်ကြိမ် စစ်မှုထမ်းခေါ်ယူခြင်း၊ ထွက်ခွာသွားသည့် မိသားစုများ ရှိလာပြီးနောက်တွင် ရွာထဲ၌ လုပ်ကိုင်နိုင်သည့် ယောက်ျားသားများ မရှိတော့သလောက်ပင်။ ဘယ်သူကမှ ဓားကိုင်ထားသည့်ရဲမက်များကို ထိပ်တိုက်ရင်မဆိုင်ရဲကြပေ။
ထို့အပြင် လမ်းပေါ်တွင်ရောက်နေသည့် ဓားပြများလဲရှိလေတော့...
တံတွေးကို ခက်ခက်ခဲခဲမြိုချရင်း ရွာသားများမှာ အိမ်သို့လှည့်ပြန်သွားကြပြီး သူတို့၏စိတ်ကတော့ ယောက်ယက်ခတ်နေတော့သည်။
သူတို့ထွက်သွားသည်နှင့် ခေါင်းဆောင်ရဲမက်က မေးငေါ့ပြလိုက်ကာ စစ်တပ်ကလဲ နားလည်သွားပြီး ရွာသားများနောက်သို့ လိုက်သွားလေသည်။
မလာခင်က သူတို့သည် ရွာနှင့်ပတ်သတ်ပြီး ကျိုးလီကျန့်အား မေးမြန်းလာခဲ့သည်။ အိမ်ထောင်စု ၁၂ စုလောက်သာ ရှိတော့သဖြင့် တစ်အိမ်လျှင် ရဲမက်တစ်ယောက်နှုန်းက လိုအပ်သည်ထက်ပင် ပိုလေသည်။
အချင်းချင်းကြားတွင် တိုင်ပင်ဖို့ရန်စဥ်းစားထားသည့် ရွာသားများက သူတို့နောက်သို့ လိုက်လာသည့် ရဲမက်များကို မြင်လိုက်သည်တွင် စကားပင် မပြောရဲကြတော့ချေ။
ကံအားလျော်စွာ ရဲမက်များက သူတို့နောက်သို့ခြံဝန်းနားအထိသာ လိုက်လာပြီး အလွန်အကျွံ နှောက်ယှက်ခြင်းမပြုဘဲ သူတို့ သိမ်းဆည်းနေသည်ကို စောင့်ကြည့်နေကြသည်။
ခြံဝန်းနှင့် အနည်းငယ်ဝေးကွာလှသည့် ပင်မအိမ်ခန်းသို့ ဝင်လာသည်နှင့်တပြိုင်နက် လီရှီက အလောတကြီး တီးတိုးပြောလိုက်သည်။
"ကျွန်မတို့ ဘာလုပ်ကြမလဲ၊ ကျွန်မတို့တွေ တကယ်ပဲ မြို့ထဲကို သွားမလို့လား"
ရှန်းစန်းက သူမကိုအရူးတစ်ယောက်လို ကြည့်လေသည်။
"ငါတို့မှာ ဘာရွေးချယ်စရာရှိသေးလို့လဲ၊ ဒီမှာနေပြီးတော့ ဓားပြတွေကို စောင့်မလို့လား၊ မင်းက သေချင်နေပြီလား၊ ကပ်ဘေးဒုက္ခသည်တွေက ဓားပြတွေဖြစ်လာရင် ဘာတွေဖြစ်မယ်ဆိုတာ မင်း မသိလို့လား"
အငတ်ဘေးမှ ထွက်ပြေးလာရသည့်အတွေ့အကြုံ ရှိထားသည့် လီရှီက အားလုံးကို ကောင်းကောင်းသိလေသည်။
သူမ၏နှုတ်ခမ်းများမှာ တုန်ယင်လာပြီး ပြောစရာစကားများ ပျောက်ဆုံးသွားတော့သည်။
ရှန်းကျင့်က သူ့အမေ၏လက်ကို ဆွဲညစ်လိုက်ပြီး လီရှီက ငုံ့ကြည့်လိုက်ရာ သူ့ပါးစပ်ထဲတွင် စာလုံးတစ်လုံးဖြစ်သွားသည်ကို မြင်လိုက်ရသည်။ ပုန်းခိုရမဲ့ဂူ
ပုန်းခိုရမဲ့ဂူ။
ဟုတ်သားပဲ။
ပုန်းခိုစရာ ဂူရှိသေးတာပဲ။
ဒါပေမဲ့ ဒီဂူကရော တကယ်လုံခြုံပါမလား။ ယာယီပုန်းခိုတာက အကြောင်းအရာတစ်ခု ဒါပေမဲ့ ငါတို့တွေက တစ်သက်လုံး ပုန်းခိုနေနိုင်ပါ့မလား။ တကယ်လို့များ ဓားပြတွေက ဒီနေရာမှာပတ်ပြီး ဝေ့လည်နေမယ်ဆိုရင် ငါတို့တွေက ရွေးစရာမရှိဘဲ တောင်အတွင်းပိုင်းကို ပိုပြီးတော့ ထွက်ပြေးသွားရလိမ့်မယ်။
လီရှီသည် ထိုကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်ကြောင့်ကြမှုကို ခံစားလိုက်ရလေသည်။
ဒါပေမဲ့ ငါတို့တွေမြို့ကိုသွားမယ်ဆိုရင် အဲဒီမှာ တံတိုင်းအမြင့်ကြီးနဲ့ အကာအကွယ်အတွက် တာဝန်ချထားတဲ့ စစ်တပ်တွေရှိတယ်။ ဒါပေမဲ့အဲလိုဆိုရင်လည်း တောဟင်းရွက်တွေနဲ့ အမဲကောင်တွေကို မရနိုင်တော့ဘူး။ အစိုးရကရော ငါတို့တွေကို တကယ်ပဲ အစားအသောက် ထောက်ပံ့မှာလား။
ဘာလုပ်ကြမလဲ။
လီရှီ၏ စိတ်မှာ ယောက်ယက်ခတ်သွားတော့သည်။
စိတ်ရှုပ်ထွေးနေပြီး စိုးရိမ်စိတ်တို့ဖြင့် သူမက သူမ၏ပူပန်မှုကို ထုတ်ပြောလိုက်သည်။
"ကျွန်မတို့တွေ မြို့ထဲဝင်သွားပြီးလို့ အစားအသောက်တွေ မရှိတော့ဘူးဆိုရင် အစိုးရက တကယ်ပဲ ကျွန်မတို့ကို တာဝန်ယူမှာလား"
ရှန်းစန်းကတော့ သူတို့၏ပိုင်ဆိုင်မှုများကို မွှေနှောက်နေပြီး ငွေများ၊ မြေစာချုပ်နှင့် အိမ်စာချုပ်တို့ကို စုဆောင်းကာ သူတို့နှင့်ယူသွားရမည့် အရေးကြီးပစ္စည်းများကို မွှေနှောက်နေလေသည်။
လီရှီ၏ မေးခွန်းကိုကြားလိုက်ရသည်တွင် သူကလှည့်မကြည့်ဘဲ ပြန်ဖြေလေသည်။
"ဘာပဲဖြစ်လာလာလေ ရွာထဲက လူတွေအားလုံးလည်းသွားကြမှာပဲ၊ ဒီလောက်လူအများကြီးရှိနေတာ ငါတို့တွေအားလုံးက ငတ်သေနိုင်မှာတဲ့လား။ တကယ်လို့ အဲလောက်အထိ ဖြစ်လာမယ်ဆိုရင် ရုံးတော်ကို ဝိုင်းထားလို့ရတာပဲ အရာရှိတစ်ချို့တွေက ငါတို့တွေကို အလျှော့ပေးမှာပါ"
"စိတ်မပူပါနဲ့ လူတစ်ယောက်ထဲက ငတ်ပြတ်နေမယ်ဆိုရင်တော့ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လူရာချီထောင်ချီလောက် ငတ်ပြတ်နေမယ်ဆိုရင်တော့ ရုံးတော်ကလဲ ဒီအတိုင်း ထိုင်ကြည့်နေလို့ မရဘူးလေ၊ သူတို့တွေက မနှစ်တုန်းက ကပ်ဘေးဒုက္ခသည်တွေကို အစားအသောက်တွေ ဝေငှခဲ့သေးတယ် မဟုတ်လား။ လူအများကြီးဖြစ်လာရင်တော့ ရုံးတော်ကလဲ ကြောက်ရွံလာမှာပဲလေ"
လီရှီမှာ အတိုင်းအတာတစ်ခုအထိ စိတ်အေးသွားလေသည်။ ဒါက အဓိပ္ပါယ်ရှိတာပဲ။
ဂူထဲတွင် ပုန်းအောင်းထားသည့် အစားအသောက်နှင့် အသားခြောက်များကို သတိရသွားသည်တွင် သူမသည် ဆက်ပြီး အချိန်မဆွဲရဲတော့ပေ။ ယောက်ျားသားများက အိမ်ကပစ္စည်းများကို ထုပ်ပိုးပြီး မိန်းမသားများက တောဟင်းရွက်များကို သွားတူးရသည့်အကြောင်းအရင်းကို သေသေချာချာ မသိသော်ငြားလည်း သိုဝှက်ထားသည့် ရိက္ခာခြောက်များကို သွားယူနိုင်ခြင်းက သူ မလုပ်နိုင်သည့်အရာ ဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။
လီရှီက မီးဖိုချောင်ထဲသို့ ဦးတည်သွားလိုက်ကာ ခြင်းလွတ်များနှင့် တူးရွင်းတစ်ခုကို ရှာဖွေလိုက်ပြီး သူ့နောက်မှာတော့ ရှန်းကျင့်နှင့် ရှန်းယင်တို့က နီးကပ်စွာ လိုက်ပါလာကြသည်။ ခြံဝန်းထဲတွ င်စောင့်ကြည့်နေကြသည့် ရဲမက်များက မလှုပ်ရှားပဲသူတို့ကို လှမ်းကြည့်ရုံသာ လှမ်းကြည့်လိုက်သည်။
မီးဖိုချောင်ထဲသို့ ရောက်လာသည်နှင့် ရှန်းကျင့်က လီရှီကို တီးတိုးပြောလိုက်လေသည်။
"အမေ ကျွန်တော်တို့တွေ တကယ်ပဲ မြို့ထဲကိုသွားကြမှာလား"
သူက ရဲမက်များကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ပြီး ရုံးတော်က စပါးကို အတင်းအကြပ်ကောက်ယူကာ ခိုးယူသွားခဲ့သည့် အတိတ်က အဖြစ်အပျက်ကြောင့် အရာရှိများနှင့် ရဲမက်များကို မယုံကြည်သလို ခံစားမိလေသည်။ ရှန်းကျင့်က တစ်ယောက်တည်း စိုးရိမ်စိတ်တို့ပေါ်လာသလို ခံစားလိုက်ရသည်။
လီရှီက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ပြလိုက်ကာ သူမ၏အသံကို ချလိုက်ပြီး ပြောလိုက်သည်။
"မြို့မှာဆိုရင် တံတိုင်းတွေကအမြင့်ကြီး ရဲမက်တွေကလဲ ကာကွယ်ပေးလိမ့်မယ်။ ဒါက ဂူထဲမှာပုန်း အောင်းတာထက် ပိုပြီးတော့ အန္တရာယ်ကင်းတယ်။ ဂူထဲမှာဆိုရင် ငါတို့တွေက အပြင်ထွက်ပြီး အစားအသောက်နဲ့ရေကို ရှာဖွေဖို့လိုသေးတယ်။ တကယ်လို့ ဓားပြတွေနဲ့ ရဲမက်တွေက အချင်းချင်းတိုက်ခိုက်ကြပြီး ငါတို့တွေက သူတို့ကြားထဲကို မတော်တဆ ညှပ်မိသွားရင် ဒုက္ခရောက်သွားနိုင်တယ်"
ရှန်းကျင့်မှာ ဘာလုပ်ရမည်မသိ ဖြစ်သွားသောကြောင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတော့ သည်။
သူ့အစ်ကိုက သူ့ကို ကပ်ဘေးဒုက္ခသည်တွေကိုပဲ သတိထားဖို့ သင်ကြားခဲ့တာ။ ဒါပေမဲ့ အစ်ကိုကြီးက ဓားပြတွေရန်က ကာကွယ်ဖို့ သူတို့တွေကိုမြို့တော်ထဲမှာ စုဝေးပြီးဝင်ရောက်ခိုလှုံခိုင်းမဲ့ အစိုးရတွေအတွက် ကြိုတင်ပြင်ဆင်ခိုင်းထားတာ မရှိဘူး။
နောက်ဆုံး ရှန်းကျင့်သည်အခုမှ အသက်၉နှစ်အရွယ် ကလေးသာ ဖြစ်လေသည်။ သူသည် ဒီလိုရှုပ်ထွေးမှုအားလုံးကို မည်သို့ နားလည်နိုင်ပါမည်နည်း။ သူ့မိဘနှစ်ယောက်စလုံးက မြို့၏လုံခြုံမှုအကြောင်းကို အခိုင်အမာပြောနေသည်ကို ကြားလိုက်သဖြင့် သူက သူ၏စိတ်မအေးရသည့် ခံစားချက်ကို မြိုသိပ်ထားလိုက်ပြီး လက်ရှိတွင်ဖြစ်နေသည့် စိုးရိမ်ရသည့်ကိစ္စကိုသာ အာရုံစိုက်ထားလိုက်သည်။
"အမေ ကျွန်တော်တူးထားတဲ့ဂူအပြင် ကျွန်တော့်အတွက် အစ်ကိုကြီး တူးထားပေးတဲ့ ဂူနှစ်ခုထဲမှာလဲ သိမ်းထားတဲ့စပါးတစ်ချိုတွေ ရှိသေးတယ်"
ဓားပြများရောက်လာလျှင် သူသည် ဘယ်ဂူကို ရွေးချယ်ဖို့ရန် အချိန်ရှိလာမည် မဟုတ်ကြောင်း သူ့အစ်ကိုကြီးက အကြံပေးခဲ့ဖူးသည်။ ထို့ကြောင့် သူက မတူညီသည့်နေရာများတွင် ဂူများကိုတူးထားခဲ့ပြီး တစ်ခုချင်းစီတွင် အစားအသောက်ကို နည်းနည်းပါးပါး သိုလှောင်ထားကာ ဘယ်တစ်ခုကို အသုံးပြုသည်ဖြစ်စေ အချိန်ခဏအထိတော့ အဆင်ပြေနိုင်ရန် အသင့်ဖြစ်လေသည်။
ရှန်းလီက နောက်ထပ်ဂူနှစ်ခုကို ကူပြီးတူးပေးထားမှန်း လီရှီက သိလေသည်။ သို့သော်ငြားလည်း သူမကတော့ ကလေးများနှင့် ဂူတစ်ခုထဲကိုသာ ရောက်ခဲ့ဖူးကာ တစ်ခြားနှစ်ခုကိုတော့ တကာမှမရောက်ခဲ့ဘူးချေ။
ထိုတစ်ခြားဂူများထဲတွင်လဲ အစားအသောက်များ ရှိနေသည်ကို ကြားလိုက်သည်တွင် သူမက တောင့်တင်းသွားလေသည်။
"အများကြီးလား"
ရှန်းကျင့်က လေသံတိုးတိုးလေးဖြင့် ပြန်ဖြေသည်။
“အစ်ကိုကြီး ပေးထားခဲ့တဲ့အသားခြောက်နှင့် ပဲတစ်ချို့ရှိတယ်”
လီရှိက အံကြိတ်ထားလိုက်ပြီး
"ကျောပိုးအိတ်တစ်လုံးယူခဲ့၊ ငါနဲ့လိုက်ခဲ့"
သားအမိနှစ်ယောက်သည် တစ်ယောက်ကခြင်းတစ်လုံးကိုကိုင်ပြီး တစ်ယောက်က ကျောပိုးအိတ်ကို ကိုင်ထားသည်တွင် တံခါးနားကရဲမက်က သူတို့ကိုလှမ်းတားလိုက်သည်။
“လူတစ်ယောက်ပဲ သွားခွင့်ပေးမယ်လို့ ပြောထားတယ်လေ”
လီရှီက စိတ်မကောင်းဟန်ဖြစ်သွားပြီး နှစ်ချက်လောက် ချောင်းဆိုးလိုက်ကာ
"ဆရာရယ် ကျွန်မက အပြင်းအထန် နေမကောင်းဖြစ်ထားပြီး အားနည်းနေသေးလို့ပါ၊ တောင်ထဲမှာလဲ အသီးအရွက်စိုက်ခင်းတွေ အများကြီးရှိနေတယ်။ ကျွန်မကတစ်ယောက်ထဲနဲ့ တစ်နာရီပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီးတော့ ကလေးတစ်ယောက်ကိုတော့ ကူညီခွင့်ပေးပါ"
ရဲမက်က လီရှီ၏ ပိန်ပါးပြီးဖျော့တော့နေသည့် မျက်နှာကို မြင်လိုက်သည်တွင် အတုအယောင်မဟုတ်မှန်း စဥ်းစားလိုက်မိပြီး ရှန်းကျင့်ကို လှမ်းကြည့်လိုက်တော့ အသက်၁၀နှစ်ပင် မပြည့်သေးပေ။
မီးဖိုချောင်ထဲနှင့် ပင်မဆောင်ထဲမှ အပြင်သို့လှမ်းကြည့်နေသည့် ကလေးသုံးယောက်ကို သတိထားမိလိုက်သည်တွင် သူက သူတို့ကို လက်ရမ်းပြလိုက်သည်။
"သွားတော့ ဒါပေမဲ့ ရိုးရိုးသားသားနေနော်။ လျှောက်သွားမနေနဲ့။ ပတ်ဝန်းကျင်စီရင်စုက လူတွေအားလုံးက မြို့ထဲကို ပြောင်းရွှေ့နေကြပြီ အပြင်ဘက်မှာ စပါးတစ်စေ့ အသီးအရွက်တစ်ခုတောင် ချန်ထားလို့မရဘူး။ အဲဒီ့ ကပ်ဘေးဒုက္ခသည်တွေနဲ့ ဓားပြတွေက ဘာကိုစားမယ်လို့ ခင်များတို့ ထင်နေကြတာတုန်း"
"အားလုံးက မြို့ထဲကိုဝင်သွားရင် စစ်တပ်က ရွာတစ်ခုချင်းစီကို ဖျက်ဆီးပြီးဓားပြတွေအတွက် ဘာမှချန်ထားပေးမှာမဟုတ်ဘူး။ အားလုံးကို မြေလှန်မီးရှို့တဲ့ဗျူဟာသုံးမှာ မြို့ထဲမှာ အင်အားတောင့်တဲ့ စစ်တပ်တစ်ခုရှိနေတာပဲ ခင်များရဲ့သားလို ကလေးတွေက အဓိကပစ်မှတ်ဖြစ်လာလိမ့်မယ်"
လီရှီသည် ရဲမက်၏ အဓိပ္ပါယ်ပါပါ အပြောကို မြင်လိုက်ရပြီး သူ၏ နောက်ဆုံးမှတ်ချက်ထဲက ထုတ်မပြောလိုက်သည့် အဓိပ္ပါယ်ကို နားလည်သည်တွင် အလိုလို တုန်ယင်သွားပြီး အလောတကြီး ခေါင်းညိတ်ပြလိုက်ကာ လေးလေးစားစား ဦးညွှတ်လိုက်ပြီး
"နားလည်ပါပြီရှင် ကျွန်မတို့တွေ အသီးအရွက်တွေကိုပဲ သွားခူးဆွတ်မှာပါ၊ အိမ်မှာလဲကလေးတွေ အများကြီး ရှိသေးတာ လူကြီးမင်းတို့ မြင်တဲ့အတိုင်းပဲ"
ရဲမက်က ပြုံးပြလိုက်ပြီး စိုးရိမ်ဟန်မတူပေ။
သူတို့၏တာဝန်မှာ လုပ်နိုင်ကိုင်နိုင်ရှိသေးသည့် ယောက်ျားသားအားလုံးကို မြို့ထဲသို့ဝင်ရောက်ရန် သေချာအောင်လုပ်ပြီးနောက်တွင် စပါးတစ်ခုမှ ချန်မထားဖို့ရန်သာ ဖြစ်လေသည်။ အမျိုးသမီးနှင့် ကလေးများအတွက်ကတော့ သူတို့ကို အတူတကွခေါ်သွားနိုင်လျှင် အကောင်းဆုံးပင် သို့သော်ငြားလည်း သတိပေးထားလျှက်နှင့် ကိုယ့်ဟာကိုယ် ပျက်စီးရာပျက်စီးကြောင်း ဆုံးဖြတ်ထားသူတစ်ချို့အတွက်တော့ ဘာမှမတတ်နိုင်ပေ။
...
ရှန်းကျင့်သည် ကျောပေါ်တွင် ခြင်းတစ်လုံးကိုသယ်လာပြီး သူ့အမေနောက်လိုက်ကာ ရွာထဲမှ ထွက်လာခဲ့သည်။ အကွာအဝေးတစ်ခုသို့ရောက်လာပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်ပြီးနောက်တွင် ကျန်နေသည့် အိမ်ထောင်စုတိုင်း၏ အပြင်ဘက်တွင် ရဲမက်များ စောင့်ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။
သူက လေသံတိုးတိုးဖြင့် မေးလိုက်၏။
"အမေ သူတို့တွေက ကျွန်တော်တို့တွေကို ကာကွယ်ပေးဖို့ ရောက်နေတယ်ဆိုရင် ဘာဖြစ်လို့ ကျွန်တော်တို့ ထုပ်ပိုးနေတာကို စောင့်ကြည့်နေကြတာလဲ"
ရဲမက်များပြောလိုက်သည့်စကားကို ပြန်စဥ်းစားမိလိုက်သည်တွင် လီရှီသည် သူမ၏ခြေထောက်များ အားနည်းသွားသလို ခံစားလိုက်ရလေသည်။
မြို့ထဲသို့ဝင်ခြင်းက ငတ်မွတ်မှုမှ အသက်ရှင်ဖို့ရန် အာမခံချက် မရှိသော်ငြားလည်း မြို့ထဲသို့မဝင်ခြင်းက တောင်အတွင်းပိုင်းက တောရိုင်းတိရိစ္ဆာန်များ စားသောက်ခံရခြင်းမဟုတ်လျှင် ထိုနေရာတွင် အသက်ရှင်ဖို့ရန် အရည်အချင်းမရှိသည့် သူများအတွက်တော့ ဇာတ်တူသားစားခြင်းကို ရင်ဆိုင်ရနိုင်သည့် အဓိပ္ပါယ်ပင်။
ဇာတ်တူသားစားခြင်း။ သူမသည် ထိုအဖြစ်ကို အမှန်တကယ် မျက်မြင်တွေ့ခဲ့ဖူးလေသည်။
ထိုနှစ်က ပြင်းထန်သည့်မိုးခေါင်ရေရှား ကာလအတွင်းက အစောကြီးကတည်းက မော့လျော့နေပြီဖြစ်သည့် မှတ်ဉာဏ်များမှာ အလုံးအရင်း လိုက်ဝင်ရောက်လာပြီး သူမနှင့် သူမ၏ကလေးများက ဒီလိုသေရေးရှင်ရေး အခြေအနေနှင့် တွေ့ကြုံနေရသည့် အတွေးကြောင့် သူမကို နှိမ်စက်နေတော့သည်။ သူမသည် ထမ်းထားသည့်ထမ်းပိုးကို ဖမ်းဆုပ်ထားရင်း သူမ၏လက်များမှာ ခပ်ကြမ်းကြမ်း တုန်ယင်သွားကာ အချိန်အတော်ကြာမှ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။
"မမေးနဲ့ မြန်မြန်လုပ်ပြီး မြို့ထဲကို ပြောင်းကြမယ်"
...
ပုံမှန်ဆိုလျှင် ညစာစားချိန်၌ အိမ်ထောင်စုတစ်ခုချင်းစီမှ မီးခိုးငွေ့များတက်လာတတ်သည်။ သို့သော်ငြားလည်း စီရင်စုအပြင်ဘက် ရွာများကတော့ ထိတ်လန့်ခြောက်ခြားဖွယ် တိတ်ဆိတ်ငြိမ်သက်နေသည်။ တချိန်ထဲတွင် ချီယန်စီရင်စုသို့ ဦးတည်သွားသည့် တရားဝင်လမ်းမကတော့ ကပ်ဘေးဒုက္ခသည်များနှင့် အခြားဝန်ထုတ်ဝန်ပိုးများကို သယ်ဆောင်လာသည့်လူများနှင့် ပြည့်နှက်နေပြီး မဆုံးနိုင်သည့် လူတန်းကြီးတစ်ခု ဖြစ်နေကာ ရွာများအလိုက် အုပ်စုဖွဲ့ထားပြီး အရာရှိနှင့်ရဲမက်များက လမ်းပြခေါ်ဆောင်ပြီး ချီယန်စီရင်စုသို့ သွားနေရလေသည်။
မြို့ဝင်ပေါက်အနီးတွင် မြို့နေလူထုအများစုက ဒီမြင်ကွင်းကို မြင်လိုက်ရလေသည်။ ဖရိုဖရဲကာလအတွင်း အစောပိုင်းက စီရင်စုအတွင်းသို့ ပြောင်းရွှေ့လာသည့် သာမန်ပြည်သူများနှင့် လူချမ်းသာမိသားစုများ အပါအဝင်ပင်။
တချိန်က အဆင့်အတန်းခြင်း သိသိသာသာ ကွာခြားလှသော်ငြားလည်း အခုတော့ သူတို့သည် မြို့အပြင်ဘက်က မဆုံးနိုင်သည့် လူတန်းကြီးကို မြင်လိုက်ရသည်တွင် အမူအယာများတစ်ခုတည်း ဖြစ်သွားပြီး ကောလဟာလက မှန်ကန်ကြောင်း အတည်ပြုလိုက်တော့သည်။
စိတ်ပျက်အားလျော့စွာဖြင့် ပြန်ထွက်လာကြပြီး အိမ်သို့ မြန်မြန်ပြန်လာကာ စီရင်စုအတွင်းတွင် ပိတ်ထားသည့် တံခါးနောက်ကွယ်၌ သတိဖြင့် နေထိုင်ရတော့သည်။
ထိုစဥ် အစေခံများလိုက်လာသည့် လူချမ်းသာ အရပ်သားများကတော့ ထွက်ခွာဖို့ရန် အလျင်မလိုသေးချေ။ သူတို့၏ အမူအယာကတော့ ထိုနည်းတူစွာ ကြောင့်ကြနေကြလေသည်။
တစ်ချို့စိတ်မရှည်ကြသည့်လူများကတော့ အံများကိုကြိတ်ထားကြပြီး ရင်းနှီးသည့်အသိမိတ်ဆွေများကို တီးတိုးပြောနေကြသည်။
"ဒီလောက်လူအများကြီး မြို့ထဲကိုဝင်လာမှတော့ အစားအသောက်က ဘယ်နေရာကရမှာ မလို့လဲ။ ကျုပ်တို့မိသားစုတွေက အဲဒီတရားသူကြီးဝေရဲ့ ထပ်ပြီးတော့ ခေါင်းပုံဖြတ်ခံရအုံးမှာလား"
ပိုပြီးအိန္ဒြေဆယ်ထားနိုင်သူများကတော့ အခုလေးတင် စကားပြောလိုက်သည့်လူကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"ကျုပ်တို့ရဲ့အစားအသောက်တွေကလဲ မျက်လှည့်လုပ်ပြီး စိုက်ပျိုးထားတာမှ မဟုတ်ဘဲ၊ အဲဒါတွေ အားလုံးကိုလဲ လယ်ကွင်းထဲမှာ စွန့်ပစ်ထားခဲ့ရတော့မယ်။ ဘာအပိုရိက္ခာတွေ ကျန်အုံးမှာလဲ၊ နောင်ကြီးချန်း မှာတောင် ဆိုင်တစ်ဆိုင်ရှိသေးတာပဲ မဟုတ်လား"
ချန်းမျိုးနွယ်သည် သတိလက်လွတ်ဖြစ်သွားပြီးနောက်တွင် သူ့မျက်လုံးထဲတွင် ဖျက်ခနဲလက်သွားပြီး သူ့အမူအယာက စိတ်အေးသွားသလို ဖြစ်လေသည်။
"နောင်ကြီးဝမ်ကလဲ ဟာသပြောနေပြန်ပါပြီ၊ ဒီလိုအချိန်ကြီးမှာ ဘယ်သူ့ဆီမှာ ရိက္ခာအပိုရှိရမှာလဲ"
...
အစေခံကြီးနှင့် လူအုပ်ထဲတွင် ရောပါလာသည့် ဆိုင်တာဝန်ခံရွှီက မြို့ထဲသို့ဝင်လာသည့် လူအုပ်ကြီးတစ်ခုပြီးတစ်ခုကို စောင့်ကြည့်နေလိုက်သည်။ တော်တော်များများ ဖြတ်သွားပြီးနောက်တွင် အစေခံကြီးက ရုတ်တရက် တိုးတိုးလေး ပြောလိုက်လေသည်။
"အာ့လန် ဟိုကိုလှမ်းကြည့်လိုက်၊ အဲဒီအခုရောက် လာတဲ့အဖွဲ့ထဲမှာ လူကြီးနှစ်ယောက်နဲ့ ကလေးလေးယောက်လေ"
ဒီစကားကို ကြားလိုက်သည်တွင် ဆိုင်တာဝန်ခံရွှီက ထိုဦးတည်ဘက်ကို လှမ်းကြည့်လိုက်သော်ငြားလည်း လူအုပ်ကြီးဖြစ်နေသဖြင့် ပြောလိုက်သည့်အဖွဲ့ကို အလွယ်တကူ မရှာဖွေနိုင်ခဲ့ပေ။ သို့သော်ငြား သူတို့သည် နီးကပ်လာချိန်တွင် သူ့အစေခံက ထပ်ပြီးတိုးတိုးလေး ပြောလိုက်လေသည်။
"သူတို့တွေ လာပြီ"
ထိုအခါမှ ဆိုင်တာဝန်ခံရွှီသည် လူခြောက်ယောက်အဖွဲ့ကိုမြင်သွားပြီး သူ့အစေခံဘက်လှည့်လိုက်ကာ
"သူတို့တွေက အဲဒီကလေးတွေလား"
အစေခံကြီးက ခေါင်းညိတ်ပြသည်။
ဆိုင်တာဝန်ခံရွှီသည် မျက်လုံးများကို မှိတ်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။
မြို့ထဲသို့ဝင်လာခြင်းက လက်ရှိအချိန်တွင် ကောင်းသည့်ကိစ္စလား၊ ဆိုးသည့်ကိစ္စလားဆိုတာကိုတော့ သူသည် မပြောနိုင်ပေ။
ထပ်ပြီးမပြောတော့ဘဲ ရှီလီရွာက လူအုပ်စုကြီးဖြတ်သွားသည်အထိ စောင့်လိုက်ပြီးမှ ပြောလိုက်လေသည်။
"လိုက်သွားပြီးတော့ သူတို့တွေကို ဘယ်နေရာမှာ နေရာချထားလဲဆိုတာ သွားကြည့်ရအောင်"
အစေခံကြီးက သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး ဘာဆက်ပြောရမည် မသိအောင် ဖြစ်သွားသည်။
သူတို့ကိုယ်တိုင်ကလဲ မြို့ထဲတွင်အစားအသောက်က အကန့်အသတ် ဖြစ်နေသည်။ အထူးသဖြင့် သူ့မိသားစုရောက်လာပြီးနောက်တွင် ကိုယ်တိုင်ချွေတာ စားသောက်နေရခြင်းကပင် ရုန်းကန်မှုတစ်ခု ဖြစ်လေရာ တခြားသူများကို စောင့်ရှောက်ဖို့ရန်တော့ ထည့်ပြောစရာပင် မလိုချေ။
ဆိုင်တာဝန်ခံရွှီက သူ့စိတ်ထဲက အကြောင်းအရာကို သိလိုက်ပြီး ပြောလိုက်လေသည်။
"အရင်ဆုံး သူတို့နေတဲ့နေရာကိုပဲ သေချာအောင် ကြည့်ထားလိုက်မယ်။ ပြီးမှ ကျန်တဲ့ကိစ္စကို ထပ်ဆွေးနွေး ကြတာပေါ့"
ထိုနေ့က ရှန်းလီ၏တောင်းဆိုမှုကလဲ သူလုပ်နိုင်သည့် အတိုင်းအတာ အတွင်းမှာသာဟု ဆိုထားခဲ့လေသည်။
...