အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အပိုင်း (၁၆၃) အိပ်ရာကို မကြည့်နဲ့
❗ ကိုယ့်ဆုံးဖြတ်ချက်ဖြင့်သာ ဖတ်ပါ။
လီရှီသည် တဲကုပ်လေးထဲသို့ ပြန်ရောက်လာချိန်တွင် ရှန်းစန်းက ဝင်ပေါက်ကိုကျောပေးပြီး လဲလျောင်းနေလေသည်။
လီရှီက ဝင်ပေါက်တွင်ရပ်နေကာ သူ့ကိုမျက်လုံးက မခွာတမ်း စိုက်ကြည့်နေသည်။ သမီးဖြစ်သူ ဆုံးရှုံးရသည့် ဝမ်းနည်းကြေကွဲစိတ်က သူမ၏နလုံးသားကို မရေမတွက်နိုင်သည့် ဒဏ်ရာဒဏ်ချက်များအဖြစ် ထိုးနှက်နေလေသည်။ ရှန်းစန်းကို မြင်လိုက်ရချိန်တွင် သူမသည် ဘာကြောင့်လဲဟု မေးမြန်းဖို့ရန်အတွေးပင် မရှိတော့ပေ။
အကျိုးလဲရှိတော့မည် မဟုတ်ပေ။
သူမသည် ထိုကျောပြင်၊ ထိုလည်ဂုတ်၊ ထိုခေါင်းကိုသာ ကြည့်နေမိလေသည်။
ရှန်းစန်းက ကိုယ်ကိုလှည့်လာသည်တွင် လီရှီ၏အကြည့်နှင့် သွားဆုံတော့သည်။
သူ့မျက်လုံးများက ယောင်ကိုင်းနေပြီး သူ့မျက်နှာက ဖောင်းပွနေကာ သူသည် တစ်ကိုယ်လုံး ထုံထိုင်းနေသယောင်ပင်။
သူမက သူက လီရှီနှင့်ရှန်းကျင့်တို့၏နောက်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်းတို့ သူ့ကို ရှာမတွေ့ခဲ့ကြဘူးလား"
သူသည် အသည်းအသန်စိုက်ကြည့်နေလျှင် သူတို့နောက်တွင် ထျန်းယာကို တွေ့ရတော့မတတ် မျှော်လင့်ချက်ဟန်ဖြင့် မျှော်လင့်နေသယောင်။
လီရှီက ဘာမှမပြောတော့ဘဲ တဲကုပ်ထဲသို့ဝင်လာကာ အိပ်ယာထောင့်တွင် ထိုင်ချလိုက်သည်။ ရှန်းကျင့်က ခေါင်းကိုငုံ့ထားပြီး ရှန်းယင်မှာ နောက်ကမည်သူမှ ဝင်မလာသည်ကို သိလိုက်ရသည်တွင် သူ့မျက်ရည်များက စီးကျလာတော့သည်။ သူက တိုးတိုးလေး မေးလိုက်၏။
"အစ်ကို ထျန်းယာကော"
မျက်ရည်များ စွန်းထင်းနေသည့် မျက်နှာတစ်ခုဖြင့် ရှန်းကျင့်က ပြန်မဖြေလိုက်ပေ။ သူတို့၏ရှာဖွေခြင်းက အချည်းအနှီး ဖြစ်ခဲ့သည်ကို ရှန်းယင်က သိလိုက်သည်။ အများကြီး လှုပ်ရှားဖို့ရန်ပင် အလွန်မှအားနည်းချိနဲ့နေသည့် အငယ်ဆုံးဖြစ်သည့် ရှန်းထျယ်မှာ ထိုနေရာတွင်လဲလျောင်းရင်း သူ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကြလာတော့သည်။
တစ်ခုခု လွဲမှားနေပြီး ကိုးယို့ကားရား ခံစားနေမိသဖြင့် ရှန်းစန်းက ဝမ်းနည်းနေပုံပေါက်အောင် အကောင်းဆုံး ကြိုးစားထားလိုက်ပြီး နှုတ်ဆိတ်ကာ သူ့ခေါင်းကို နစ်မြှုပ်ထားလိုက်လေသည်။
ထို့နေ့တွင် ရှန်းယင်နှင့်ရှန်းထျယ်တို့ နှစ်ယောက်စလုံးမှာ ဗိုက်ဆာသည်ဟု မငြီးငြူကြတော့ပေ။ လီရှီက အချိန်အတော်ကြာအောင် မလှုပ်မယှက် ထိုင်နေမိပြီး သူမ၏ခန္ဓကိုယ် အားနည်းလာကာ ချွေးအေးများ ထွက်လာသည်အထိ အတွေးနစ်နေတော့သည်။ တစ်ခုခုလွဲနေသည်ကို ခံစားမိလိုက်သဖြင့် ရှန်းကျင့်က ရှေ့ရက်မှကျန်နေသည့် ပဲနှစ်အကျန်တစ်ချို့ကို သူမအား ကျွေးလိုက်သည့်အချိန်မှ နောက်ဆုံးတော့ စားဖို့ရန် သတိရလာတော့သည်။
ရှန်းကျင့်သည် ကောက်ရိုးများကိုကြိတ်ပြီး မြေများကို စစ်ထုတ်ကာ ကြိုချက်ရင်း အလုပ်များနေလေသည်။ လီရှီက အားအင်တစ်ချို့ပြန်ရလာချိန်တွင် သူမက သားဖြစ်သူထံမှ တာဝန်ကို လွှဲယူလိုက်သည်။
မုန့်အပြားအကြီး၆ခု၊ အသေး၆ခုကို ပုံဖော်ပြီးမှ သူမ လုပ်နေသည့်အရာကို သတိထားမိလိုက်ပြီး မျက်ရည်ပေါက်ကြီးများက အစားအသောက်ပေါ်သို့ ကျဆင်းသွားတော့သည်။ လီရှီက ကိုယ်ကို ပြန်လှည့်လိုက်ပြီး ၂ခုကို၁ခုဖြစ်အောင် အကြီးကြီး ပြောင်းလုပ်လိုက်သည်။
မြေကြီးမုန့်၄ခုကိုတွေ့လိုက်သည်တွင် ရှန်းစန်းမှာ အခိုက်အတန့် အနေကြပ်သွားတော့သည်။ ထို့နောက် လီရှိက နောက်ထပ် အကြီး၂ခု ကို လုပ်နေသည်ကို သတိထားမိလိုက်သဖြင့် သူက မေးလိုက်သည်။
"ဒီနေ့အများကြီး လုပ်နေတာလား"
လီရှီမှာ ဒီအတိုင်း ပြန်ဖြေလိုက်လေသည်။
"ကျွန်မ စိတ်နဲ့ကိုယ် မကပ်ဖြစ်သွားတယ်"
သူမ၏အသံက တိမ်ဝင်နေပြီး ထို့နောက်တွင်တော့ ဘာမှထပ်မပြောတော့ချေ။
မြေကြီးမုန့်များကို ဝေငှလိုက်သည့်အချိန်တွင် လီရှီက ရှန်းကျင့်နှင့် သူ့ညီများအတွက် အသေးငယ်ဆုံးဝေစုလေးကို ပေးလိုက်လေသည်။ သူမက ထိုမုန့်များကို လှမ်းပေးလိုက်ရင်း သူမ၏လက်မှာ အနည်းငယ်တွန့်ဆုတ်နေကာ သူမက သတိပေးလိုက်သည်။
"တကယ် ဗိုက်ဆာတဲ့အချိန်မှပဲ စားနော်"
ရှန်းစန်းကိုတော့ သူမက ပုံမှန်အရွယ်အစားအတိုင်း တစ်တုံးပေးလိုက်သည်။ သူသည် ထိုမြေကြီးမုန့်များကို အားထားဖို့ရန်လိုအပ်သည့် ကျန်ရှိနေသေးသည့်နေ့ရက်များကို ရေတွက်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်တွင် လက်ကိုဆန့်လိုက်တော့သည်။
လီရှီက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။
"ရှင် ဗိုက်မဆာဘူးလား"
ရှန်းစန်းသည် အမှန်ပင် ငတ်မွတ်နေလေသည်။ သူသည် တစ်နေ့လုံး ဘာမှလဲမစားရသေးသလို အပြင်ထွက်ဖို့ရန်လဲ စိတ်ကူးကမရှိပေ။ နောက်ဆုံး သူမသည် သူ၏ သွေးသားအရင်းသာ ဖြစ်နေပေသည်။ သူသည် ထိုလောက်တော့ နှလုံးသားမမဲ့ဝံ့ချေ။ သူ နောက်ထပ်တစ်ရက်လောက် သည်းခံလိုက်ပြီးမှ ထပ်သွားလိုက်မယ်။
သို့သော်ငြားလည်း သူ၏ဆာလောင်မှုက လီရှီ၏ ဆာလောင်မှုကိုတော့ နှိုင်းယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့သည် စကားပြောဖို့ရန်အတွက်ပင် ဆာလောင်သဖြင့် အလွန်မှ အားနည်းနေဟန်တူသည်။ သူသည် လတ်တလောက စားသောက်ခဲ့သော်ငြားလည်း သူ၏အစာအိမ်ထဲတွင် အင်အားတစ်ချို့ကျန်ရှိနေသေးသည်။
သို့သော်ငြားလည်း သူသည် ဒါကို ဝန်မခံနိုင်ပေ။ ရှန်းစန်း၏မျက်ခွံများက တဖျတ်ဖျတ်ခပ်သွားရင်း သူက ပြန်ဖြေလိုက်သည်။
"ငါတို့တွေက ရက်တွေအများကြီး ဒီမြေကြီးမုန့်ကို စားဖို့ပဲ စဥ်းစားထားကြတာလား၊ ဟိုတုန်းကအငတ် ဘေးတုန်းကတောင် ငါတို့တွေ့ခဲ့တဲ့မိသားစုတစ်ခုက ၁၀ရက်လုံး မြေကြီးတွေစားခဲ့ပြီး သူတို့ထဲမှာ ၁၀ ယောက်ထဲက ၄ယောက်ပဲ အသက်ရှင်သန်ခဲ့ကြတာ"
ထိုကြောက်စရာကောင်းသည့် အချိန်ကာလကို ပြန်စဥ်းစားလိုက်ပြီး သူသည် တွယ်အရစ်နေသည့် ကြောက်စိတ်တစ်ခုဖြင့် ပြောလိုက်လေသည်။
"ငါ ဒါကို နည်းနည်းလောက်ဆက်ပြီး သည်းခံလိုက်အုံးမယ်"
လီရှီက သူမ၏လက်ထဲက မြေကြီးမုန့်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"ဟုတ်တယ် မြေကြီးကိုစားတာက သေသွားနိုင်တယ်"
ဒီတော့ ရှင်က ရှင့်ရဲ့အသိစိတ်တွေ ပျောက်ဆုံးသွားပြီး ကိုယ့်ကလေးရဲ့အသားကိုတောင် စားဖို့စိတ်ကူး မိနေတယ်ပေါ့လေ။
သူမ၏လက်က တုန်ယင်နေပြီး သူမက သူမကိုယ်တိုင်အတွက် မြေကြီးမုန့်တစ်ခုကိုယူလိုက်ကာ တဖြည်းဖြည်း တစ်စချင်းစီ ကိုက်စားလေသည်။ သူမက ဖြည်းဖြည်းချင်းဝါးလိုက်ပြီး သူမ၏ပါးစပ်ထဲတွင် မြေကြီးနှင့်မြက်အပိုင်းအစများ ပြည့်သွားတော့သည်။ သူမသည် အခုအချိန်တွင် ရေကို မသောက်ရဲချေ။ ဒါက မြေကြီးနှင့်ရောသွားပြီး သူမ၏အစာအိမ်ထဲတွင် ပြသာနာဖြစ်မှာကို စိုးရိမ်ရလေသည်။ ထို့ကြောင့်သူမက ဘာအရေမှမပါဘဲ ခြောက်ခြောက်ကပ်ကပ်အတိုင်း မြိုချလိုက်တော့သည်။
ကိုယ့်ဟာကိုယ် ထိန်းချုပ်ဖို့ရန် လေ့ကျင့်နေသည့် သူတစ်ယောက်က တစ်ခုကို လုံလောက်သည်ဟု ထင်နေသည်တွင် တစ်ဝက်ကိုသာစားခြင်းက ဒီနေ့အတွက် နုံးချိနေသယောင် ခံစားရသည်။ အတွေးနစ်နေပြီး သူမက သူမ၏ လက်ထဲကမြေကြီးမုန့်ကို ကုန်စင်အောင် စားမိသွားသည်။ ထို့နောက် သူမက အစောပိုင်းက သူမ ပြုလုပ်ထားသည့် ပိုပြီးသေးသည့် အပိုတစ်ခုကို ကောက်ယူလိုက်ပြီး ခဏလောက် အဓိပ္ပါယ်မဲ့ ငေးကြည့်လိုက်ပြီးနောက်တွင် တတိတိ စပြီးဝါးစားတော့သည်။
သူမက ဒုတိယတစ်ခုကိုပင် စားသောက်နေသည်ကို မြင်လိုက်ရသည်တွင် ရှန်းစန်း၏မျက်လုံးများမှာ တဖျတ်ဖျတ် ခပ်သွားသော်ငြားလည်း အံ့သြသွားရပြီးသူသည် သူမကို နားချဖို့ရန် မကြိုးစားခဲ့မိချေ။
တဖက်တွင်တော့ ရှန်းကျင့်က လီရှီ၏လက်ကို ကိုင်လိုက်ပြီး
"အမေ အမေအများကြီး မစားသင့်ဘူးနော်"
လီရှီက စားနေရာမှ ခဏလောက်ရပ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"ငါ အရမ်းဗိုက်ဆာနေလို့ပါ ထပ်ပြီးမစားရရင် အားတွေရှိတော့မှာ မဟုတ်ဘူး"
သူမ၏အသံက အားနည်းချိနဲ့နေသည်။ သူမသည် အချိန်အတော်ကြာ ဖျားနာခဲ့သည်မှာ သိသာနေသည်။ မြို့ထဲသို့ ဝင်လာပြီးနောက်တွင် ပိုပြီးဆာလောင်သည့်လများကို ရင်ဆိုင်တွေ့ကြုံရပြီးနောက် ရက်စက်သည့်အခြေအနေက နောက်ကလိုက်လာသည်တွင် သူမကို အားအင် ကုန်ခမ်းသွားစေတော့သည်။ ထျန်းယာကို ဒီနေ့ရှာဖွေသည်တွင် သူမ၏ စိတ်အားထက်သန်မှုက အားအင်ဖြစ်စေနေခြင်းပင်။
ရှန်းစန်းသည် လီရှီကိုကြည့်နေရင်း သူတို့ အငတ်ဘေးက ထွက်ပြေးလာသည့်နှစ် အတောအတွင်း သူတို့တွေ့ကြုံခဲ့ရသည့် သေသွားသည့်မိသားစုကို သတိရသွားတော့သည်။ သူတို့သည် အလွန်မှဆင်တူလှပေသည်။
ထို့ကြောင့် သူသည် လီရှီ၏ စားသောက်နေသည့်အပြုအမူကို မှားယွင်းသည်ဟု မမြင်မိပေ။ သို့သော် ငြားလည်း ရှန်းကျင့်ကတော့ စိတ်ထဲတွင် တုန်လှုပ်မိလေသည်။
အသက်၉နှစ်အရွယ် ရှန်းကျင့်သည် သူ့အမေက သူ့ကို အထူးတလည်မှာ ကြားလိုက်ချိန်တွင် အမေဖြစ်သူ၏စကားကို အပြည့်အဝ နားမလည်ခဲ့ချေ။ သူ့အမေက သူ့ကို အန္တရာယ်ပေးမှာ မဟုတ်ဟု သိထားလေရာ သူက ဒီအတိုင်း သူမ၏စကားကို နားထောင်လိုက်လေသည်။
အခုတော့အမေဖြစ်သူက အရသာကင်းမဲ့လှသည့် မြေကြီးမုန့်ကို ဘာအမူအယာမှမပြဘဲ စားသောက်နေသည်ကို စောင့်ကြည့်ရင်း သူမက အားအင်လိုအပ်သည်ဟု ပြောနေသည်ကိုနားထောင်ရင်း ရှင်းမပြတတ်သည့် ကြောက်ရွံမှုနှင့် ထိတ်လန့်မှု ခံစားချက်တစ်ခုက သူ့စိတ်ထဲတွင် တိုးပွားလာတော့သည်။
အသက်၉နှစ်အရွယ်ကလေးသည် သူ့အသက်အရွယ်နှင့် တစ်ချို့ကိစ္စများကို နားလည်နိုင်မည်မဟုတ်သော်ငြားလည်း ရှန်းကျင့်ကတော့ နက်နဲသည့်စိုးရိမ်ပူပန်မှု၏ လွှမ်းမိုးခြင်း ခံနေရလေသည်။ သူသည် လီရှီ၏လက်ကို ကိုင်ထားပြီး
"အမေ အမေ ဗိုက်ဆာတယ်ဆိုရင်လဲ နည်းနည်းလေးချင်းစီပဲ စားပါ"
လီရှီက ခေါင်းငြိမ့်ပြသည်။
"ငါ နားလည်ပါတယ် ငါ ဒီတစ်ခုကိုပဲစားမှာ"
...
ရှန်းမိသားစု၏ယာယီတဲကုပ်ထဲတွင် ထိတ်လန့်ခြောက်ခြားဖွယ် တိတ်ဆိတ်မှုတစ်ခုက ထိုနေ့တွင် ကြီးစိုးနေလေသည်။ မြို့အပြင်က ခိုလှုံရာနေရာထဲတွင်တော့ ရှန်းလီသည် ကုန်ဆုံးသွားသည့် တစ်နေ့ပြီးတစ်နေ့ စောင့်ဆိုင်းရင်း စိုးရိမ်စိတ်များ တိုးပွားလာတော့သည်။
နေ့ရက်များက ကုန်ဆုံးသွားသော်ငြားလည်း သူ မျှော်လင့်နေသည့်သူက ရောက်မလာခဲ့ပေ။ တစ်ချိန်ထဲတွင် မြို့၏အတွင်းနှင့်အပြင် နှစ်ခုစလုံးက စစ်မီးများ တောက်လောင်နေရာ သူ့အတွက် တစ်ခြားနည်းလမ်းလဲ မရှိပေ။ စောင့်ဆိုင်းရသည်မှာ ပိုပြီးကြာလာလေလေ သူ၏စိုးရိမ်စိတ်များကလဲ ပိုပြီး တိုးပွားလာလေလေ ဖြစ်လေသည်။
ခိုလှုံသည့်ကျင်းလေးသည် မှိန်ပြပြအလင်းရောင်လေး လင်းနေပြီး ပင်စည်၏ သစ်ခေါင်းပေါက်တစ်ခုလို ရုပ်ဖျက်ထားသည့် လေဝင်လေထွက်ပေါက်မှတစ်ဆင့် မှိန်ပြပြအလင်းရောင်လေးက စိမ့်ဝင်နေသည်။ အမှောင်ထဲတွင် သူ၏စိတ်တို့က ချီယန်စီရင်စု၏ လက်ရှိအခြေအနေကို မစဥ်းစားဘဲ မနေနိုင်အောင် ဖြစ်နေတော့သည်။
ပိတ်မိခံရတဲ့ကလေးတွေ အန္တရာယ်ကင်းသေးရဲ့လား။ သူတို့တွေ သူပေးခဲ့တဲ့အသားခြောက်ကိုရော သေချာ ဝှက်ထားနိုင်ကြရဲ့လား။ ဆိုင်တာဝန်ခံရွှီ လွှတ်ထားတဲ့ စျေးသည်နဲ့ လဲလှယ်ထားတဲ့ပဲတွေရော ငွေတွေရောကို ရှောင်ကျင့်လေးက ယူသွားရဲ့လား။
ဒီအချိန်တွင် ရှန်းလီသည် သည်ပစ္စည်းများကို ရှန်းစန်းနှင့် လီရှီတို့ကလဲ အကျိုးအမြတ် ရသွားလေမလား ဟူသည့် အတွေးဖြင့် အလွန်မှ ဖိစီးနေတော့သည်။ ထိုလူနှစ်ယောက်က ရိက္ခာများကို ကာကွယ်ပြီး ကလေးများကို အချိန်အနည်းငယ် ပိုကြာအောင် တောင့်ခံပေးနိုင်ပါစေဟု သူက မျှော်လင့်ရလေသည်။
ဆိုင်တာဝန်ခံရွှီက ဥမင်တစ်ခုတူးပြီး အမှန်တကယ် ထွက်လာနိုင်ပါ့မလားဟူသည့် အကြောင်းကို ချန်းသရှန်နှင့် ရှန်းလီတို့ ကိုယ်တိုင်ပင် ယုံကြည်မှုမရှိပေ။ သူက အမှန်ပင် ထိုအကြောင်းကို စဥ်းစားခဲ့မိလျှင် သူသည် သင့်တော်ပြီး ဖုံးကွယ်လို့ရသည့် နေရာတစ်ခုကို ရှာဖွေပြီး စတင်တူးနိုင်ပါမည်လား။
သူတို့သည် မျှော်လင့်ချက်ကို လက်လျှော့ဖို့ရန် ဒီအတိုင်း ငြင်းဆန်နေခဲ့ခြင်းပင်။
...
မြို့အနောက်ပိုင်းက ရွှီမိသားစု၏မြေအောက်ဥမင်ထဲတွင် ဝေ့လင်းကျန့်သည် သူမ၏ရင်ထဲ၌ တင်းကြပ်သည့်ခံစားချက်တစ်ခု ဖြစ်သွားပြီး သူမ၏ ခေါင်းကအနည်းငယ် လည်ထွက်သွားသည်။
"ယွမ်ချန်"
သူမက တိုးတိုးလေးခေါ်လိုက်ပြီး သူမဘေးတွင် တူးနေသည့် ယောက်ျားဖြစ်သူကို လှမ်းဆွဲထားလိုက်သည်။
"ကျွန်မတို့တွေ အပြင်ထွက်ဖို့လိုတယ်၊ ဒီနေရာမှာ အသက်ရှူရ ခက်သွားပြီ"
ဆိုင်တာဝန်ခံရွှီက အထိတ်တလန့်ဖြစ်သွားပြီး ဝေ့လင်းကျန့်ကို တွဲထူပေးရန် သူ့လက်ထဲက ပေါက်ပြားကို မြန်မြန်လွှတ်ချလိုက်သည်။ သူက ရွှီဝမ်ချန်ကို ကျောမှအသာလေး ပုတ်လိုက်သည်။
"အရင်ဆုံး ထွက်ကြမယ်"
၃ယောက်သားသည် ဥမင်ထဲမှ အတူတူပြန်ထွက်လာကြသည်။ ရွှီဝမ်ဟုန်က ကျင်းထဲကမြေကြီးများကို အခုမှ သွန်ခဲ့ပြီးစဖြစ်သည်။ အခုတော့ ရှုပ်ပွနေသည့် ဒီဝင်ပေါက်ကလွဲလျှင် တစ်ခြားအခန်းတိုင်းလိုလို မြေကြီးများဖြင့် ပြည့်နေသည်။
သူ့မိဘနှင့်အစ်ကိုက ဖြူဖတ်ဖြူရော် မျက်နှာများဖြင့် ဥမင်ထဲမှ ထွက်လာသည်ကို မြင်လိုက်သဖြင့် သူက အလောတကြီး မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
ဆိုင်တာဝန်ခံရွှီက ပြန်ဖြေလိုက်သည်။
"ဥမင်က အရမ်းနက်သွားပြီ အထဲမှာ လေအများကြီးမရှိဘူး အောက်မှာ အချိန်အကြာကြီး နေလိုက်တာကြောင့်ဖြစ်မယ်၊ မြန်မြန် မင်းအမေအတွက် ရေတစ်ခွက်လောက် သွားခပ်လာခဲ့"
အမှန်တွင်တော့ ဆိုင်တာဝန်ခံရွှီသည် နောက်ထပ် အကြောင်းအရင်းတစ်ခုရှိမှန်းကို သိနေသည်။
သူတို့သည် နေ့ရောညပါ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းသည့်လုပ်အားကို ဆောင်ရွက်နေရပြီး နားဖို့ရန်အတွက် အချိန်အနည်းငယ်သာ ယူခဲ့ရသည်။
သို့သော် သူတို့သည် အလွန်မှ နည်းနည်းလေးသာ စားသောက်ရသေးသည်။ တစ်နေ့စီတွင် စပါးပါရုံလောက် ဆန်ပြုတ်ရေကျဲ နှစ်ပန်းကန်ကိုသာ သောက်ရသည်။ သူတို့၏ခန္ဓကိုယ်က ဒါကို မခံနိုင်တော့ပေ။ တုန်းဖူစားသောက်ဆိုင်၏ သိုလှောင်ခန်းထဲက ရခဲ့သည့် တာရှည်ခံသည့် အသားများကြောင့်သာ မဟုတ်လျှင် သူ့မိန်းမအပြင် ပိုပြီးကြံ့ခိုင်ကြသည့် သူနှင့်သူသားများအပါအဝင် ပြိုလဲသွားပြီးဖြစ်လိမ့်မည်။
ရွှီဝမ်ဟုန်က ရေတစ်ခွက်ကို လှမ်းပေးလိုက်ပြီး ဆိုင်တာဝန်ခံရွှီက လှမ်းယူလိုက်ကာ ဝေ့လင်းကျန့်ကို ကိုယ်တိုင် တိုက်လိုက်လေသည်။ သူမက ရေကိုဖြည်းဖြည်းချင်း သောက်နေပြီး သူမ၏အသားအရေက တိုးတက်လာခဲ့သည်ကို မြင်လိုက်မှ နောက်ဆုံးတော့ စိတ်အေးသွားတော့သည်။
"မင်းထပ်ပြီးတော့ သွားစရာမလိုတော့ဘူး၊ အပြင်မှာပဲထိုင်နေလိုက်၊ ဝမ်ချန်နဲ့ငါပဲ ဆက်ပြီးတော့ တူးလိုက်မယ်"
ဝေ့လင်းကျန့်က ခေါင်းငြိမ့်ပြသည်။
"ရှင်တို့၃ယောက်စလုံး အတွင်းဆုံးအပိုင်းမှာ မနေကြနဲ့၊ တစ်လှည့်စီလုပ်ကြ၊ တကယ်လို့ နေလို့ မကောင်းလာဘူးဆိုရင် ချက်ခြင်းပြော၊ ကျွန်မတို့တွေ ရှင်တို့ကိုတွဲပြီး ထုတ်လာနိုင်တယ်"
ရွှီယွမ်ချန်က သဘောတူလိုက်သည်။
"စိတ်မပူနဲ့၊ တကယ်လို့ အခြေအနေက ဆိုးရွားလာခဲ့ရင် မီးအိမ်က မှိတ်သွားလိမ့်မယ်၊ ငါတို့တွေက မြေကြီးတွေကို ကိုယ့်ဟာကိုယ် တူးပြီး ကိုယ့်ဟာကိုယ် သယ်ထုတ်လိုက်ကြမယ်၊ ဒီတော့ ငါတို့တွေကအထဲမှာ အချိန်အကြာကြီးနေစရာ မလိုဘူး။ သတိထားပြီးနေရုံပဲ အဆင်ပြေမှာပါ၊ ငါတို့တွေ မြို့တံတိုင်းနဲ့ တော်တော်လေး နီးလာပြီလို့ တွက်ထားတယ်။ ငါတို့တွေ မြို့တံတိုင်း အပြင်ဘက်ကို တူးနိုင်ပြီဆိုတာနဲ့ ဝါးကျည်တောက်တွေကို ထည့်ပြီး လေဝင်လေထွက်ပေါက်လေးနှစ်ခု လုပ်ထားလိုက်မယ်။ ညပိုင်းကျရင်တော့ အပြင်ဘက်နံရံမှာ အဲဒါတွေကို ကပ်ထားလိုက်မယ်"
သူ့တွင် အစီအစဥ်တစ်ခုရှိသည်ကို တွေ့လိုက်ရသည်တွင် ဝေ့လင်းကျန့်မှာ အနည်းငယ်စိတ်အေးသ လို ခံစားလိုက်ရသည်။
"ဒါဆို ဆက်လုပ်ပါ၊ ကျွန်မခဏနေ ဆန်ပြုတ်လေး စပြုတ်လိုက်မယ်၊ ခဏနေကြရင် ကျွန်မတို့အားလုံး နည်းနည်းလောက် စားလို့ရတာပေါ့"
ဝေ့လင်းကျန့်က အနားယူနေစဥ်တွင် ရွှီဝမ်ဟုန်က သူမ သုံးခဲ့သည့် ပေါက်ပြားကို လှမ်းယူလိုက်ပြီး သူတို့၏မြေအောက်က အလုပ်တွင် သူ့အဖေနှင့်အစ်ကိုတို့ကို သွားကူလိုက်သည်။ ဆိုင်တာဝန်ခံရွှီ မှာကြားသည့်အတိုင်း လုပ်ကြသည်။ သူတို့သည် ခဏလောက်တူးလိုက်ကြပြီးနောက် မြေကြီးများကို သယ်ထုတ်လာကြသည်။ ထိုအချိန်ကလေးတွင် သူတို့သည် အခက်အခဲမရှိဘဲ အသက်ရှူနိုင်ကြသည်။
နောက်တစ်နာရီကြာပြီးနောက်တွင် ဆိုင်တာဝန်ခံရွှီက မြေကြီးများကို သယ်ထုတ်ဖို့ရန် ပြန်သွားချိန်တွင် ရွှီဝမ်ဟုန်က သူ လမ်းတစ်ဝက် မရောက်သေးခင်မှာပင် ဝမ်းသာအားရ အပြေးထွက်လာပြီး တီးတိုးပြောလေသည်။
"အဖေ လာကြည့်ပါအုံး၊ ကျွန်တော်တို့တွေ အုတ်တံတိုင်းရဲ့ အောက်ခြေကို တူးမိသွားပြီလား"
ဆိုင်တာဝန်ခံရွှီမှာ အလွန်မှဝမ်းသာသွားပြီး သူ၏ ဒုတိယသား နောက်သို့ အထဲသို့ ချက်ခြင်း လိုက်ဝင်သွားတော့သည်။ ရွှီဝမ်ဟုန်က မီးအိမ်ကို ကိုင်မြှောက်လိုက်ပြီး ဥမင်၏အတွင်းဆုံး အပိုင်းအပေါ်ဘက်ကို အလင်းရောင်ပြလိုက်သည်။ ခြေသံများကို ကြားလိုက်သည်တွင် သူက ဆိုင်တာဝန်ခံရွှီကို အားတက်သရော လက်ဝှေ့ယမ်းပြလိုက်သည်။
သူတို့၃ယောက်က စုဝေးလိုက်ကြပြီး တူးထားခဲ့သည့် အပေါ်ဘက်မျက်နှာပြင် အပိုင်းလေးတစ်ခုက ပတ်ဝန်းကျင် မြေသားများနှင့်မတူဘဲ မတူညီသည့်ကျောက်တုံးများကို ပြသနေသည်။
ဆိုင်တာဝန်ခံရွှီ၏စိတ်မှာ မြင့်တက်သွားတော့သည်။ သူက အားတက်သရော ခေါင်းငြိမ့်ပြလိုက်၏။ ဒါသည် တံတိုင်းအောက်ခြေပင်။
သူတို့သည် ယခုအခါ မြို့တံတိုင်း၏ အောက်ခြေတွင် ရောက်နေသည်။ အနီးအနားတွင် ကင်းစောင့်နေကြသည့် ရဲမက်များစွာရှိသည်။ သူတို့၃ယောက်စလုံးမှာ စကားအကျယ်ကြီး မပြောရဲကြပေ။ ဆိုင်တာဝန်ခံရွှီက လေသံထွက်ရုံလောက်သာ ပြောပြီး အပေါ်က အုတ်မြစ်ကို ထိခိုက်မိအောင် မလုပ်ဖို့ သားများကို သတိပေးလိုက်ကာ ဒီအပိုင်းကို ပိုပြီးကျဥ်းမြောင်းသည့် ဥမင်တစ်ခုလုပ်ဖို့ မှာကြားလိုက်သည်။
သားအဖ၃ယောက်က ပြန်လည်အားဖြစ်လာသည့် စိတ်အားများဖြင့် အလုပ်လုပ်လိုက်ကြသည်။ ထိုအချိန်တွင် ဦလေးရွှီက ခြံထဲသို့ ပြန်ရောက်လာပြီး တံခါးကိုဖွင့်ကာ တံခါးမကြီးကို တိုးတိုးတိတ်တိတ် ခေါက်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အကာအကွယ်အဖြစ် အသုံးချထားသည်။ ဝေ့လင်းကျန့်သည် အိမ်မကြီး၏တံခါးကိုပိတ်လိုက်ပြီး ရွှီရှူးပြန်လာသည်ကို အတည်ပြုလိုက်ပြီးမှ သူမက ခြံတံခါးကို ဖွင့်ပေးလိုက်ပြီး သူ့ကို အထဲဝင်ခိုင်းလိုက်ကာ ချက်ခြင်းတံခါးကို ပြန်ပိတ်လိုက်၏။ ထို့နောက်တွင် အထဲက သားအဖများကို စားသောက်ဖို့ရန်အတွက် ထွက်လာဖို့လှမ်းခေါ်လိုက်လေသည်။
ဦးလေးရွှီက သူ့ရင်ခွင်ထဲက မန်ထိုတစ်ဝက်ကို ဆွဲထုတ်လာသည်။ သူသည် ဒဏ်ရာရသူများကို သယ်ပေးဖို့ရန်အတွက် အမှုထမ်းပေးရပြီး တစ်နေ့လျှင် မန်ထိုတစ်လုံး ရလေသည်။ နေ့ခင်းဘက်တွင် အဆာခံလိုက်ပြီး သူက အပိုင်းလေး တစ်ပိုင်းသာစားသောက်ကာ ပိုပြီးကြီးမားသည့် အပိုင်းကိုတော့ အိမ်ပြန်ယူလာခဲ့သည်။ ထိုမန်ထိုလေးကို အပိုင်းပိုင်း ဖြစ်အောင်လုပ်လိုက်ပြီး ဆန်ပြုတ်ရေကျဲထဲတွင် ထည့်လိုက်ကာ သခင်နှင့်အစေခံ လူ၅ယောက်အတွက် စားသောက်ဖို့ အဆင်ပြေသွားသည်။ တစ်ယောက်ချင်းစီက လုံလောက်သည့်ပမာဏကို ရရှိပြီး ဘာမှမပါသည့် ဆန်ပြုတ်ရေကျဲလေးစားရသည်ထက် ပိုကောင်းသည့် ရွေးချယ်မှုတစ်ခု ဖြစ်လေသည်။
ဆိုင်တာဝန်ခံရွှီတို့ သားအဖ၃ယောက် ထွက်လာသည်တွင် ဦးလေးရွှီသည် သူတို့၏မျက်နှာပေါ်က ပျော်ရွှင်မှုကို မြင်လိုက်ရသည်။ သူ၏ ပင်ပန်းနေသည့်အမူအယာမှာ တောက်ပသွားပြီး သူက ပင်မအိမ်ထဲသို့ဝင်ရန် လက်ဟန်ပြလိုက်သည်။ ရွှီမိသားစု၏ လူ၃ယောက်စလုံးက တစ်ပြိုင်တည်းပြုံးပြပြီး ခေါင်းငြိမ့်လိုက်ကြသည်။
ခြံဝန်းက စကားပြောဖို့ရန် နေရာကောင်းမဟုတ်ပေ။ ဝေ့လင်းကျန့်က မန်ထိုတစ်ဝက်ကို မီဖိုချောင်ထဲသို့ယူသွားပြီး ဆိုင်တာဝန်ခံရွှီက ဦးလေးရွှီကို ဥမင်ထဲသို့ ခေါ်သွားလေသည်။
တံတိုင်းအောက်ခြေ၏ ပေါ်နေသည့် အစိတ်အပိုင်းကို ကြည့်လိုက်ပြီး ပတ်ဝန်းကျင်မြေကြီးများနှင့် သိသိသာသာ ကွာခြားနေသည်ကို တွေ့လိုက်ရသည်တွင် ဦးလေးရွှီ၏လက်မှာ ဝမ်းသာအားရ တုန်ယင်သွားတော့သည်။
"ကျွန်တော်တို့တွေ ဒီနေ့ည ထွက်သွားလို့ရပြီလား"
ဆိုင်တာဝန်ခံရွှီက ခေါင်းကာပြသည်။
"ငါတို့တွေ နည်းနည်းလေးထပ်ပြီး တူးဖို့လိုသေးတယ်၊ မြို့တံတိုင်းကို နည်းနည်းလောက်ကျော်ပြီး ထွက်မှရမယ် အကာအကွယ်အတွက် သစ်ပင်ရဲ့အမြစ်တွေ ပိုများတဲ့နေရာတစ်ခုကို ရှာဖို့လိုတယ်၊ သစ်ပင်ကြီးတစ်ခုရဲ့ အနီးအနားမှာ ထွက်ပေါက်တစ်ခုတူးတာက ပိုပြီးအန္တရာယ် ကင်းလိမ့်မယ်"
သူတို့သည် ဝါးလုံးများ၏လိုအပ်ချက်ကို တိုင်ပင်လိုက်ကြသည်။ ပြီးခဲ့သည့်ရက်များက အပြင်ထွက်နေရသည့် ဦးလေးရွှီမှာ ထိုဝါးလုံးများကို မည်သည့်နေရာတွင် ရှာရမည်ကို အတိအကျ သိလေသည်။ စားသောက်ပြီးနောက်တွင် သခင်နှင့်အစေခံတို့က ဝေ့လင်းကျန့်ကို အထဲဘက်မှနေ၍ တံခါးကို ပိတ်ထားခိုင်းလိုက်ပြီး သူတို့က အပြင်ဘက်မှတံခါးကိုပိတ်ကာ ဝါးလုံးများကို သွားယူဖို့ထွက်လာကြသည်။
ထို့နေ့ညတွင် ချီယန်စီရင်စု၏ မြို့တံတိုင်းအောက် ခြေအပြင်ဘက်တွင် မထင်မရှား တွင်းလေးနှစ်ခုပေါ်လာပြီး မြွေများနှင့်ကြွက်တွင်း တွင်းများအရွယ်လောက်သာ ဖြစ်လေသည်။ ထို့ကြောင့် ပုံမှန်ဖြစ်နေပြီး မည်သူကမှ ထိုအရာများကို သတိမထားမိကြပေ။
ချီယန်စီရင်စုတံတိုင်း၏ နယ်မြေကို ကျော်ထွက်လာသည်တွင် အမှန်အတိုင်းပြောရလျှင် အရေးပေါ်အခြေအနေတစ်ခုတွင် သူတို့သည် အန္တရာယ်ရှိသော်ငြားလည်း အချိန်မရွေး ထွက်ပေါက်တစ်ခုကို တူးနိုင်ကြသဖြင့် အားလုံး၏စိတ်မှာ တော်တော်လေး အေးချမ်းသွားသည်။
"အခု.ငါတို့တွေမြို့ကိုကျော်ပြီး ကျင်းတစ်ဝက်လောက် တူးလာပြီးပြီ၊ ဝမ်ချန်နဲ့ငါက ဆက်ပြီး တူးထားလိုက်မယ်၊ ဦးလေးရွှီက အပေါ်တက်ပြီး ခဏလောက်သွားနားလိုက်အုံး မနက်ဖြန် မြို့တံတိုင်းပေါ်တက်တဲ့ အခါကြရင် ပိုပြီးသတိထားနော်၊ ငါတို့တွေမနက်ဖြန်ည သန်းခေါင်ကျော်တာနဲ့ ထွက်သွားလို့ရပြီ"
ဒီလိုအရေးကြီးလာသည့် အခိုက်အတန့်တွင် သူတို့သည် ဘာမတော်တဆမှုကိုမှ မလက်ခံနိုင်ပေ။
ဦးလေးရွှီက ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော် ဂရုစိုက်ပါ့မယ်"
ထိုစကားများကို ပြောလိုက်သော်ငြားလည်း သူ့ခြေထောက်များက တုံ့ဆိုင်းနေကာ ချက်ခြင်း မရွေ့ရှားသွားပေ။
သူသည် ထိုနေ့မနက်က သူမြင်ခဲ့သည့်မြင်ကွင်းကို မေ့ပျောက်လို့မရပေ။
နေ့ခင်းဘက်တွင် သူသည် ထိုကိစ္စကိုတစ်ယောက်ထဲ သိမ်းထားဖို့ရွေးချယ်လိုက်ပြီး ဘာမှမမြင်သလို ဟန်ဆောင်ထားလိုက်သည်။ သူသည် အိမ်ပြန်လာချိန်တွင် ထိုအကြောင်းကို ထုတ်မပြောခဲ့ပေ။ သူကလည်း ကိုယ်တိုင်ပြသာနာဖြင့် ဖိစီးနေခြင်းကြောင့်ပင်။
သို့သော်ငြားလည်း အခုတော့ သူတို့သည် မြို့တံတိုင်း အပြင်ဘက်အထိ တူးလာခဲ့ပြီးဖြစ်သည်။ နောက်တစ်နေ့ ညသန်းခေါင်တွင် သူတို့သည် ထွက်ခွာနိုင်ပြီ။ သူတို့ထွက်သွားသည်နှင့် တစ်ပြိုင်နက် ယခုလို ဆာလောင်နေရမည့်အဖြစ်ကို စိုးရိမ်စရာ မလိုတော့ပေ။ ဒီအသိက ဦးလေးရွှီ၏စိတ်ထဲတွင် အတိုင်းအတာတစ်ခုအထိ ဒွိဟတစ်ခုဖြစ်သွားတော့သည်။
သူသည် ရှန်းမိသားစု၏တတိယအိမ်ထောင်စုမှ ကလေး၄ယောက်ကို အကြိမ်ကြိမ်တွေ့ခဲ့ဖူးသည်။ လက်တွေ့ကျကျပြောရလျှင် နေ့တိုင်းနီးပါးပင်။ သူသည် ထျန်းယာဟု ခေါ်သည့်ကလေးက ဘာဖြစ်ခဲ့သည်ကို မေးမြန်းစရာမလိုဘဲ အလွယ်တကူ စဥ်းစားနိုင်လေသည်။
တဒင်္ဂအတွင်းတွင် ကျန့်သည့်ကလေး၃ ယောက်၏ အတွေးက သူ့ဆုံးဖြတ်ချက်ကို ယိမ်းယိုင်သွားစေတော့သည်။
သို့သော်ငြားလည်း ဒါသည် တဒင်္ဂအတွေးလေးတစ်ခုပင်။
ဦးလေးရွှီက ထိုနေရာတွင် ဆက်ပြီးရပ်နေသည်ကို မြင်လိုက်သဖြင့် ဆိုင်တာဝန်ခံရွှီက ကိစ္စများရှိသေးသလားဟု မေးလိုက်လေသည်။ ဦးလေးရွှီက ခေါင်း ကာပြလိုက်၏။
"မရှိပါဘူး ကျွန်တော်ဒီအတိုင်း ခဏလောက်ငိုက်သွားတာပါ၊ ခဏနေကြရင် သခင်ကြီးကို အနားယူလို့ရအောင် ပြန်လာခဲ့မယ်"
သူက လှည့်ထွက်သွားသည်။
လက်ရှိအခြေအနေသည် ကလေးတစ်ယောက်၊နှစ်ယောက်ကို ကျွေးမွေးဖို့ရန် အစားအသောက်များကို ကုန်ပစ္စည်းများဖြင့် ဒီအတိုင်းလဲလှယ်နိုင်သည့် အခြေအနေမဟုတ်ပေ။ သူသည် ရှန်းမိသားစု၏ တတိယအိမ်ထောင်က လင်မယားနှစ်ယောက်ကို အထင်သေးလေသည်။ အထူးသဖြင့် ကိုယ့်ကလေးအရင်းကိုပင် ရောင်းစားရက်သည့် ရှန်းစန်းကိုပင်။ သူသည် တစ်ခြားသူများအပေါ် အမြတ်ထုတ်ရခြင်းအပေါ် စိတ်က စနိုးစနောင့်ပင် မဖြစ်လေသလား။ ဒီလို ဘေးအန္တရာယ်ဖြစ်နေသည့် အခိုက်အတန့်တွင် သူသည် အာ့လန်ကို ထိုကလေးများ၏ အရေးကိစ္စတွင် ဆက်ပြီး ဝင်မပါစေလိုတော့ပေ။
သူသည် လျှိုမြောင်ထဲက လျှောက်ပြီးထွက်လာရင်း ဦးလေးရွှီ၏ခြေလှမ်းများက တည်ငြိမ်နေသော်ငြားလည်း သူ့လက်များကတော့ မသိမသာ တုန်ယင်နေသည်။ ရှောင်ကျင့်နှင့်ရှောင်ယင်တို့သည် တောင်လမ်းကြား၏ ဝင်ပေါက်တွင် အမြဲတမ်း ပုန်းအောင်းနေပြီး သူ့ကိုစောင့်ဆိုင်းကာ သူ့ကို စျေးသည်ဘိုးဘိုးဟု ခေါ်တတ်ကြသည်။ သူတို့သည် အပြစ်ကင်းလှသည့် ကလေးသူငယ်များ ဖြစ်သည်တွင် သူသည် ထိုမျှလောက် မရက်စက်သင့်ပေ။ သို့သော်ငြားလည်း သူတို့၏မိဘများက ရှိနေသေးသည်။ သူ့တွင်လဲ သူကာကွယ်ပေးချင်သည့် လူများရှိနေသည်။
ဥမင်ထဲကထွက်လာပြီး သူသည် မီးဖိုချောင်ထဲက ဖျာပေါ်တွင် အိပ်ရန်ရောက်သွားပြီး ပုံမှန်ဆိုလျှင် အမြဲတမ်း ပိတ်ထားတတ်သည့် အိမ်မကြီးကတံခါးကို ဖွင့်လိုက်လေသည်။ ကောင်းကင်ပေါ်တွင် တွဲလောင်းကျနေသည့် လမင်းကြီးက တိမ်များဖြင့်ဖုံး ကွယ်နေသည်ကို သတိထားမိလိုက်သည်။ စိတ်ထင်ယောင်ထင်မှား ဖြစ်နေသလားဟု ထင်မိသော်ငြားလည်း တိမ်များနှင့်လနှစ်ခုစလုံးက အနီရောင်များဖြင့် ခပ်ရေးရေး စွန်းထင်းနေသယောင်။
....
စီရင်စုကျောင်း၏အနီးအနားက ယာယီတဲလေးထဲတွင်
နဂိုက အထဲဘက်တွင် အိပ်ပျော်နေကြသည့် ရှန်းယင်နှင့်ရှန်းထယ်တို့သည် တဲအပြင်ဘက်တွင် နိုးတစ်ဝက်အိပ်ပျော်တစ်ဝက် လဲလျောင်းနေကြပြီး ရှန်းကျင့်မှာ ဆူညံသံတစ်ချို့ကြောင့် အလန့်တကြားနိုးလာတော့သည်။ သူ့မျက်လုံးများကို ဖွင့်လိုက်သည်တွင် သူသည် တဲအပြင်ဘက်က မြက်ခြောက်လေးပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရပြီး သူ့ဘေးတွင် ရှောင်ယင်နှင့်ရှောင်ထျယ်တို့ကလဲ ရှိနေလေသည်။
လကတိမ်များကြားတွင် ခက်ခက်ခဲခဲ ထိုးထွက်နေရသယောင် မြင်ကွင်းပေါ်သို့ အနီရောင်ဖျော့ဖျော့လေးတစ်ခုကို အရိပ်ကျနေလေသည်။
ရှန်းကျင့်၏ နှလုံးသားမှာ ဆိုးဆိုးရွားရွား တုန်ခါသွားပြီး ရှင်းမပြတတ်သည့် ကြောက်ရွံမှုခံစားချက်တစ်ခုက သူ့စိတ်ထဲတွင် ထိုးထွက်လာသည်။ သူသည် ခြေထောက်များကို စမ်းတဝါးဝါးရွှေ့လိုက်ပြီး တဲ၏ဝင်ပေါက်ကိုမှီထားလိုက်ကာ လရောင်ဖြင့်အ တွင်းဘက်ကို ချောင်းကြည့်လိုက်လေသည်။
တဲအတွင်းဘက်တွင် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ ပုံရိပ်တစ်ခုက အိပ်ယာ၏အစွန်းဘက်တွင် တစ်ဝက်ထိုင်နေသည်။ ရှန်းကျင့်သည် အသက်ရှူသံ တစ်ချက်တိုင်းတွင် ချိုအီအီသတ္တုအနံ့ကိုသာ ခံစားလိုက်ရသည်။ သူ့အသံက တုန်ယင်နေပြီး လှမ်းခေါ်လိုက်သည်။
"အမေ"
လီရှီသည် ထိုနေရာတွင် အေးခဲနေလေသည်။ မည်မျှကြာသွားသည်ကိုပင် မသိပေ။ သူမသည် သတိဝင်လာသည့်နှယ် အသံတစ်ချက်ထွက်လိုက်သည်။
"အပြင်မှာပဲနေ” သူမ၏အသံက တုန်ယင်နေပြီး ဖော်မပြတတ်သည့် ငိုကြွေးသည့်အသံဖြင့် ပြောလိုက်လေသည်။
တုန်တုန်ယင်ယင် ခဏလောက် ရပ်တန့်သွားပြီးနောက်တွင် နောက်ဆုံးတော့ သူမက ထရပ်နိုင်လိုက်သည်။ ရှေ့သို့ အနည်းငယ် ကိုင်းထားလိုက်သည်။ သူမက တစ်လှမ်းချင်းတစ်လှမ်း လှမ်းလာသော်ငြားလည်း တစ်လှမ်းချင်းစီက အင်မတန်မှ ရုန်းကန်နေရဟန်တူသည်။
ရှန်းကျင့်သည် တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ခံစားမိလိုက်ပြီး အထဲသို့အရှိန်ဖြင့် ပြေးဝင်လိုက်သည်။
သူက အထဲသို့ရောက်နှင့်နေသည်ကို သိလိုက်သည်တွင် လီရှီက တစ်ခွန်းထဲသာပြောလိုက်သည်။
"အိပ်ယာဘက်ကို မကြည့်နဲ့"
ကြီးစွာအားစိုက်ထုတ်လိုက်ပြီး သူမ၏အင်္ကျီထဲက အလုံး၂၀ ကျော် ပဲဝါလေးများကို ဆွဲထုတ်လိုက်ကာ ရှန်းကျင့်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက်တွင် သူမ၏လက်ကသူ့ပုခုံးပေါ်သို့ တင်လိုက်ပြီး သူမက ပြောလိုက်သည်။
"လာ၊ နင်တို့နှစ်ယောက် နောက်ထပ်ပုန်းစရာ နေရာတစ်ခု ရှာဖွေဖို့လိုတယ်၊ ဒီနေရာက မလုံခြုံတော့ဘူး"
နင်တို့တဲ့...
ရှန်းကျင့်သည် တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရသည်။ သူက မမေးရသေးခင်မှာပင် သူ့ဆီသို့ ကပ်လာသည့် လီရှီသည် ရုတ်တရက် အားပျော့သွားပြီး ယိုင်သွားကာ လဲကျသွားတော့သည်။
ရှန်းကျင့်သည် အလန့်တကြား အော်လိုက်ပြီး သူ့လက်ထဲက ပဲစေ့များမှာ မြေကြီးပေါ်သို့ပြန့်ကျဲသွားကာ မျက်ရည်များက သူ့မျက်နှာပေါ်တွင် စီးကျလာတော့သည်။
"အမေ အမေ"
သူသည် အမေဖြစ်သူကို သေသေချာချာ တွဲထူဖို့ရန် အလွန်မှ ငယ်ရွယ်လေသည်။ လီရှီက မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်တွင် လရောင်၏အောက်တွင် ရှန်းကျင့်သည် သူမ၏ဝမ်းဗိုက်ထဲသို့ ထိုးဝင်နေသည့် ကတ်ကြေးတစ်လက်ကို သတိထားမိတော့သည်။ ထိုအရာတင်မကသေးဘဲ သူမ၏အဝတ်အစားပေါ်တွင် ကြောက်စရာကောင်းလှသည့် အနီရောင်အကွက်များလည်း ရှိနေလေသည်။
"အမေ အမေ"
ရှန်းကျင့်၏လက်များသည် ကြောက်ကြောက်ရွံ့ရွံဖြင့် တုန်ယင်သွားပြီး သူက သူမကို အသည်းအသန်ဆွဲထူဖို့ ကြိုးစားလိုက်သည်။
"ကျွန်တော်တို့ ဆေးခန်းသွားဖို့လိုတယ်"
လီရှီက သူ့ကိုပြန်ဆွဲထားလိုက်ပြီး ခေါင်းကာပြလိုက် ၏။ အသက်ကို ဖမ်းရှူလိုက်ပြီးနောက်တွင် သူမက ပြောလိုက်သည်။
"အသုံးမဝင်တော့ဘူး၊ ငါ အသုံးမကျဘူး၊ ငါ့မှာ အားတွေလဲ မရှိတော့ဘူး"
ဒီအချိန်တွင် သူမသည် ရှန်းကျင့်ကို ကြည့်လိုက်ပြီး တဲအပြင်ဘက် တံခါးပေါက်ကို လှမ်းကြည့်လိုက်ကာ မျက်ရည်များက သူမ၏မျက်နှာပေါ် စီးကျလာတော့သည်။
"ဘာဆက်လုပ်ကြမလဲ"
သူမသည် မှားယွင်းခဲ့သည်။ ရှောင်ကျင့်ကလေးကို ဟိုတုန်းကတည်းက ထွက်ပြေးခိုင်းခဲ့သင့်သည်။ မြေအောက်ကျင်းထဲတွင် ပုန်းခိုခိုင်းခဲ့သင့်သည်။ အနည်းဆုံးတော့ သူတို့ထဲကတစ်ယောက်သည် အသက်ရှင်ကျန်လိမ့်မည်ပင်။
...
အပိုင်း (၁၆၄) ဝိုင်းရံခံရခြင်း/ ကယ်တင်ခံရခြင်း
စီရင်စုကျောင်းတစ်ဝိုက်က တဲစုရပ်ကွက်လေးဝန်းကျင်တွင် လူများစွာသည် ရှန်းမိသားစု၏တဲကုတ်လေးအပြင်ဘက်တွင် စုဝေးနေလေသည်။
ဆိုင်တာဝန်ခံရွှီသည် ဦလေးရွှီနောက်ကလိုက်လာချိန်တွင် ရှန်းမိသားစု၏ တတိယအိမ်ထောင်စု နေထိုင်ရာ ပတ်ဝန်းကျင်တွင် သိပ်သည်းလှသည့် လူအုပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။
အဝေးမှလေ့လာနေသည့် ဆိုင်တာဝန်ခံရွှီသည် ဇဝေဇဝါ ဖြစ်သွားတော့သည်။
"ဘာဖြစ်လို့ လူတွေအများကြီးရှိနေတာလဲ"
ဦးလေးရွှီက သက်ပြင်းချလိုက်သည်။
လျှိုဝှက်ချက်တစ်ခုကို ထိန်းထားဖို့ရန် သူသည် အားစိုက်ထုတ်မှု အားလုံးကို လုပ်ခဲ့သော်ငြားလည်း စကားတစ်ခွန်းမှ မပြောသည့်တိုင် သခင်လေးက ညပိုင်းတွင် ထွက်ခွာမည်ဟု မျှော်လင့်မထားခဲ့ပေ။ မနက်စောစောစီးစီး သူက အပြင်ထွက်ဖို့ ပြင်ဆင်နေသည်ကို မြင်လိုက်သည်တွင် ဆိုင်တာဝန်ခံရွှီသည် ရှန်းမိသားစု၏ကလေးများကို သတိရသွားတော့သည်။
အစပိုင်းတွင်တော့ သူသည် ရှန်းမိသားစု၏ နေရာအသစ်ကို သွားရောက်ကြည့်ရှူဖို့ရန် နောက်မှလိုက်လာဖို့ ရည်ရွယ်ထားလေသည်။ သို့သော်ငြားလည်း အဓိကလမ်းမကြီးပေါ်တွင် ဆိုင်တာဝန်ခံများကို စီရင်စုက ရဲမက်များက ဆင့်ခေါ်သည်။ ထို့ကြောင့် ဦးလေးရွှီတစ်ယောက်သာ သွားလိုက်ရပြီး ဆိုင်တာဝန်ခံရွှီကတော့ ရှန်းမိသားစု၏ တတိယအိမ်ထောင်စုက မြို့အနီးအနားက တဲစုရပ်ကွက်တစ်ခုတွင် နေထိုင်သည့်အကြောင်း နောက်မှသိလိုက်ရသည်။ သူသည် နေရာအတိအကျကို မသိခဲ့ပေ။
ထို့ကြောင့် ဦးလေးရွှီက မနက်စောစောထွက်ခွာဖို့ ပြင်ဆင်နေသည်ကို သတိထားမိလိုက်ချိန်မှာ အကယ်၍များ ဦးလေးရွှီသည် နောက်ကျမှပြန်ရောက် လာခဲ့လျှင် သူတို့သည် ချက်ခြင်း ထွက်ခွာသွားရမည်ဟု သဘောပေါက်လိုက်လေသည်။ ထို့ကြောင့် သူက ဦးလေးရွှီ ကိုလှမ်းတားလိုက်ပြီး ရှန်းမိသားစု၏ တတိယအိမ်ထောင်စု တည်ရှိရာနေရာ စီရင်စုကျောင်းပတ်ဝန်းကျင်သို့ သူ့ကို ခေါ်သွားပေးရန် တောင်းဆိုလိုက်သည်။
ဦးလေးရွှီက မနေ့က ကိစ္စများကို ဖော်ပြဖို့ရန် ထိန်းချုပ်ထားလိုက်သည်။ ရှန်းမိသားစု၏ တတိယအိမ်ထောင်စုက လင်မယားကို သူတို့၏အကျင့်စရိုက်နှင့် ပတ်သတ်ပြီး ပါဝင်ပတ်သတ်မှုမပြုရန် သူ့ကို အကြံပေးလိုက်လေသည်။
ဟုတ်ပါသည်။ ဆိုင်တာဝန်ခံရွှီက ရှန်းမိသားစု၏ တတိယအိမ်ထောင်စုက လင်မယားနှစ်ယောက်၏ ဂုဏ်သတင်းကို သတိပြုမိလေသည်။ သူက ပြန်ဖြေလိုက်၏။
“ရပါတယ် အဝေးကနေပဲ ဒီအတိုင်းလေ့လာကြည့်ရုံပါပဲ၊ သူတို့တွေ အစောပိုင်းတုန်းက ရိက္ခာတစ်ချို့ကို လဲလှယ်ထားနိုင်ခဲ့တာပဲ၊ တကယ်လို့သူတို့တွေ အခုချိန်မှာ တောင့်ခံနိုင်ခဲ့မယ်ဆိုရင် ငါတို့တွေမှာလဲ ကြားဝင်ပတ်သတ်ဖို့နည်းလမ်းလဲ မရှိသလို အခွင့်အရေးလဲ မရှိဘူးလေ၊ တကယ်လို့ ငါတို့ထွက်သွားပြီးမှ ရှန်းလီနဲ့ တွေ့ဆုံခဲ့တယ်ဆိုရင်လဲ အခုလိုကြည့်ရှူခဲ့တာက သူ့အပေါ်သစ္စာမဲ့ရာမကျတော့ဘူးပေါ့”
အစေခံနှင့်သခင်တို့သည် စီရင်စုကျောင်း၏အစွန်းလေးသို့ ရောက်လာသည်တွင် ဆူညံသံကြောင့်နှစ်ယောက်စလုံး အံ့သြသွားကြတော့သည်။
ဆိုင်တာဝန်ခံရွှီက လူအုပ်ကြီးကိုနောက်မှ တွန်းဖယ်ရင်း အနီးအနားက လူတစ်ယောက်ကို မေးလိုက်သည်။
"အဘိုး ဒီမှာဘာတွေဖြစ်နေတာလဲ အားလုံးကဘာဖြစ်လို့ ဒီမှာလာစုဝေးနေကြတာလဲ"
အဘိုးဟုခေါ်ခံလိုက်ရသည့်လူက သူ့ကိုလှမ်းကြည့်ပြီး သူသည် အဝတ်ကြမ်းဖျင်စကို ဝတ်ထားသည့် သတ်လတ်ပိုင်းအရွယ် ယောက်ကျားတစ်ဦးဖြစ်ပြီး တဲစုရပ်ကွက်အနီးအနားက နေထိုင်သူ တစ်ယောက်ဖြစ်မှန်း သိလိုက်ရသည်တွင် သူက ပြန်ဖြေလိုက်သည်။
"ငါလဲမသိပါဘူး လူက အရမ်းကို များနေတာ ငါလဲ တိုးမဝင်သွားနိုင်ဘူး သူတို့ပြောတာကတော့ လင်မယားအချင်းချင်း သတ်ဖြတ်ကြတဲ့အမှုတဲ့၊ ကလေး ၃ယောက်ပဲကျန်ခဲ့တယ်လေ၊ သူတို့ကလေးထဲကနှစ်ယောက်က ငတ်ပြတ်လို့တောင် သေတော့မယ်"
အဘိုးကြီး၏စိတ်အခြေအနေက သုန်မှုန်နေပြီး ငတ်ပြတ်လုနီးနီးဖြစ်တော့မည့်အခြေအနေဟု ပြောလိုက်သည်တွင် နောင်အနာဂတ်တွင်ဖြစ်လာမည့် သူ၏ ကိုယ်ပိုင်ကြောက်ရွှံစိတ်ကို ထင်ဟပ်နေသယောင်ပင်။
လင်မယားနှစ်ယောက် အကြမ်းဖက်သည့်ကိစ္စဟု ကြားလိုက်ရသည်တွင် ဆိုင်တာဝန်ခံရွှီက ရှန်းမိသားစု၏ တတိယအိမ်ထောင်စုကိစ္စကို ချက်ခြင်းဝင်မပတ်သတ်ခဲ့ဘဲ ကလေး၃ယောက်အကြောင်းကိုသာ စဉ်းစားမိလေသည်။
သို့သော်ငြားလည်း ဦးလေးရွှီကတော့ သူ့စိတ်ထဲတွင် ရုတ်တရက် တုံ့ဆိုင်းသွားသည်။
စိတ်ကယောင်ခြောက်ခြားဖြစ်ကာ ပြိုလဲသွားသည့် လီရှီ၏ပုံရိပ်က သူ့မျက်လုံးထဲတွင် ပြန်ပြီးပေါ်လာသည်။ ရှန်းမိသားစု၏ အငယ်ဆုံးကလေးကလဲ သွားရှာပြီ။ အခုတော့ သူတို့၃ယောက်သာကျန်တော့သည် မဟုတ်ပါလား။
ထိုကလေး၃ယောက်တွင် နှစ်ယောက်က ငတ်မွတ်လုနီးပါး ဖြစ်နေပြီတဲ့။
ဦးလေးရွှီ၏နှလုံးသားများမှာ တဆတ်ဆတ်ခုန်သွားပြီး သူသည် လူအုပ်ကြီးကို တိုးဝှေ့ကာ ရှေ့သို့သွားရင်း လှမ်းအော်လိုက်လေသည်။
"တဆိတ်လောက် ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ"
အစောပိုင်းက ဦးလေးရွှီ၏ တည်ရှိနေမှုကို သဘောမကျသည့်လူများသည် ယခုတော့ မြန်မြန် ဘေးဖယ်လိုက်ကြပြီး ဆိုင်တာဝန်ခံရွှီလဲ သတိလက်လွတ် ဖြစ်သွားလေသည်။ ရုတ်တရက်ဆိုသလို တစ်ခုခုကို သဘောပေါက်သွားပြီး သူ့နှလုံးခုန်သံမှာ စည်းချက်လွဲသွားကာ လူအုပ်ကြီးကိုတိုးဝှေ့ပြီး နောက်ကလိုက်သွားတော့သည်။
စုဝေးနေသည့် လူအုပ်ကြီး၏အလယ်တွင် ရှန်းမိသားစု၏ နုံချာစုတ်ပြတ်နေသည့် တဲစုတ်လေးက အမှန်ပင်ရှိနေသည်။ သူတို့သည် အထဲသို့မဝင်ရသေးခင်မှာပင် ညှီစို့စို့သွေးနံ့က လေထဲတွင် ပြည့်နှံ့သွားသည်။ ဦးလေးရွှီ၏အသက်ရှူသံမှာ အနည်းငယ်အောင့်သွားပြီး သူသည် နောက်တစ်လှမ်း မလှမ်းရဲတော့ချေ။
ဆိုင်တာဝန်ခံရွှီကလဲ နောက်ကအနီးကပ်လိုက်လာပြီး သူ့ဘေးတွင် ရပ်လိုက်လေသည်။ လူကြီး၏အမူအယာကို သတိထားမိလိုက်သည်တွင် သူသည် ပါးစပ်ဖွင့်လိုက်ကာ တံတွေးမြိုချလိုက်ပြီးမှ မေးလိုက်လေသည်။
"ဒါက သူတို့အိမ်လား"
ဦးလေးရွှီက ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏လည်ချောင်းနှင့် နားများမှာ ခြောက်သွေ့သွားသလို ခံစားလိုက်ရတော့သည်။
ဆိုင်တာဝန်ခံရွှီသည် ဘေးမှာချထားသည့် သူ့လက်နှစ်ဖက်ကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး ကိုယ်ကိုကုန်းကာ တဲကုတ်လေးထဲသို့ ဝင်သွားတော့သည်။
အထဲတွင် သူ့ကိုနှုတ်ဆက်နေသည့်မြင်ကွင်းမှာ သူ၏ ကျန်သည့်တစ်ဘဝလုံးတွင် သူကိုခြောက်လှန့်နေလိမ့်မည်ဟု ဆိုင်တာဝန်ခံ သိရှိလိုက်တော့သည်။
ကြမ်းပြင်ပေါ်က အရောင်လွင့်နေသည့် ကောက်ရိုးမြက်သည် မည်းနက်နေသည့်သွေးများနှင့် စိုရွှဲနေလေသည်။ ထိုနေရာတွင် လဲလျောင်းနေသည့်လူမှာ အလွန်မှ မြင်မကောင်းဖွယ်ရာ ဖြစ်နေပြီး သူ့မှာ ဒုတိယတကြိမ်ပင် မကြည့်နိုင်တော့ပေ။
ထိုနေ့က မြို့ထဲသို့ဝင်လာခဲ့ကြသည့် မိသားစု၆ ယောက်ထဲတွင် တစ်ယောက်က ပျောက်ဆုံးနေပြီး ကျန်သည့်၅ယောက်တွင် ၄ယောက်က အခုတော့ လဲလျောင်းနေလေသည်။
ဖျာပေါ်ကတစ်ယောက်သည် ခေါင်း၊ မျက်နှာနှင့် လည်ပင်းများမှာ မမှတ်မိနိုင်လောက်အောင် ဖြစ်နေပြီး မြေကြီးပေါ်က ခြေလှမ်းအနည်းငယ် အကွာတွင်တော့ လျှော်ကြမ်းအင်္ကျီဝတ်ထားသည့် အမျိုးသမီးတစ်ယောက်သည် သွေးများရွှဲစိုနေသည့် အပေါက်၇ပေါက်၆ပေါက်လောက် ရှိနေပြီး သူမ၏ ခန္ဓာကိုယ်ကလဲ သွေးအိုင်ထဲတွင် ဖြစ်နေလေသည်။ သူတို့၏မိခင်နှင့် သိပ်မဝေးလှသည့် နေရာတွင်လဲ လျောင်းနေသည့် ကောင်ငယ်လေးနှစ်ယောက်မှာ တစ်ယောက်သည် သတိလစ်နေပြီး ကျန်သည့်တစ်ယောက်ကတော့ တဲစုထဲသို့ဝင်လာသည်ကို ခံစားမိသော်ငြားလည်း သူ၏မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်ထားရပြီးမှ ပြန်ပြီးပိတ်သွားတော့သည်။
ရပ်နေသည့်တစ်ဦးတည်းသော ကလေးမှာ သွေးများဖြင့်ဖုံးလွမ်းနေပြီး သူ့အမေနှင့် ညီငယ်လေးနှစ်ယောက်ကို ရှေ့မှအကာအကွယ်ပေးရင်း ရပ်နေကာ ဆိုင်တာဝန်ခံရွှီဝင်လာသည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေလေသည်။
ဆယ်ရက်ကျော်လေးအတွင်းတွင် သူတို့၏ပြန်လည်တွေ့ဆုံမှုက ထိုမျှလောက် ယူကျုံးမရစရာဖြစ်နေလိမ့်မည်ဟု ဆိုင်တာဝန်ခံရွှီသည် ဘယ်တုန်းကမှ မထင်ထားခဲ့ဘူးချေ။ သူသည် ပါးစပ်အဟောင်းသားနှင့် ရပ်နေမိပြီး ထိုတဒင်္ဂအတွင်းတွင် ဆွံအနေမိလေသည်။
တဲထဲသို့ နောက်မှလိုက်ဝင်လာသည့် ဦးလေးရွှီမှာ တစ်ခုခုက သူ့နှာခေါင်းနဲ့လည်ချောင်းကို ပိတ်ဆို့ထားသလို သူ့ရင်ဘတ်က အပြင်းအထန် တင်းကြပ်သွားတော့သည်။ သူသည် ပါးစပ်ကိုဖွင့်ပြီး လေကိုရှူသွင်းလိုက်ရသော်ငြားလည်း သူ့ရှေ့က ကြောက်စရာကောင်းသည့် မြင်ကွင်းနှင့် သူ့နှာခေါင်းထဲတွင် ပြည့်နေသည့် မူးအန်ချင်စရာကောင်းသည့် အနံ့ကြောင့် သူသည် တစ်ခုခုကို တုံ့ပြန်ဖို့ရန် အလွန်မှ မှင်သက်အံ့သြနေမိတော့သည်။ ကျန်နေသည့်အရာအားလုံးမှာ ထိတ်လန့်ခြင်း၊ မယုံမကြည်ဖြစ်ခြင်း၊ တစ်ခြားဖော်မပြတတ်သည့် စိတ်ခံစားချက်များလဲ ကျန်ရှိနေသည်။
ရှန်းကျင့်က သူ့ကို မှတ်မိသွားသည် အခိုက်အတန့် အံ့အားသင့်သည့်နောက်တွင် သူ၏ကာကွယ်ပေးနေသည့် ဟန်ပန်က မသိမသာ ပြေလျော့သွားလေသည်။ သူက ပါးစပ်ကို ဖွင့်လိုက်ပြီး ဈေးသည်အဘိုးဟု လှမ်းခေါ်လိုက်သော်ငြားလည်း ထိုနောက်တွင်တော့ တွန့်ဆုတ်သွားကာ ထိုသို့ဆက်မလုပ်ရဲတော့ပေ။
သူ့အမေ မျက်လုံးမမှိတ်ခင်တွင် သူမသည် သူ့ကို ညီငယ်လေးများကို ခေါ်သွားဖို့ မှာကြားထားခဲ့လေသည်။
သို့သော်ငြားလည်း ရှောင်ယင်နှင့်ရှောင်ထျယ်တို့က လှမ်းလျှောက်ဖို့ရန် အလွန်မှအားအင်ချိနဲ့နေသည်။ သူကိုယ်တိုင်ကလဲ သူတို့ကိုသယ်ယူသွားဖို့ရန် အားမရှိပေ။ ထို့အပြင် ရှောင်ထျယ်၏ ခြေထောက်လေးများကလဲ ညပိုင်းတွင် ဆာလောင်မွတ်သိပ်မှုကြောင့် ရေခဲတမျှအေးခဲနေသည်။ ရှန်းကျင့်သည် ထိုအကြောင်းကို မတွေးရဲတော့ပေ။ သူက မြေကြီးပေါ်တွင်ကျနေသည့် သွေးများစွန်းထင်းနေသည့် အဝါရောင်ပဲစေ့ တစ်စေ့ချင်းစီကို လိုက်ကောက်လိုက်ကာ သူတို့ကို သန့်ရှင်ရေးလုပ်လိုက်ပြီး ကြိတ်ခြေလိုက်ကာ ရှောင်ယင်နှင့် ရှောင်ထျယ်တို့ကို ကျွေးဖို့အတွက် အားလုံးကိုချက်ပြုတ်လိုက်သည်။
သူသည် ကလေးများကို နည်းနည်းချင်းစီကျွေးလိုက်ပြီး ထိုကိစ္စများကိုပြီးမြောက်သွားသည့် အချိန်တွင် ကောင်ကင်းကြီးလဲ စတင်လင်းရှင်းလာတော့သည်။ သူသည် အကူအညီကိုအော်ခေါ်ပြီး မတောင်းခဲ့လျှင်တောင် ပြင်းထန်သည့်သွေးနံ့များက အိမ်နီးချင်းတဲမှ လူများ၏အာရုံကို ဆွဲဆောင်ခဲ့လေသည်။
ဈေးသည်ကြီးက ပေါ်လာရသည့်အကြောင်းအရင်းကို သူ မသိသော်ငြားလည်း ဒီလူသည် ကြင်နာသနားမှုကိုပြသပေးပြီး သူတို့ညီအစ်ကိုကို လတ်တလောက အကူအညီပေးခဲ့သည်။ မရှိသလောက် ရှားလောက်သည့် လူများထဲကတစ်ယောက် ဖြစ်လေသည်။ ရှန်းကျင့်သည် အကူအညီတောင်းဖို့ အကူအညီမတောင်းဖို့ ထိုအတွေးများအကြားတွင် ညှင်းပန်းနှိပ်စက်ခံနေရလေသည်။
သူသည် အရင်တုန်းက အကူအညီတောင်းဖို့ ကြိုးစားခဲ့ဖူးသည်။ သူတို့၏ရွာဟောင်းထဲက အိမ်နီးချင်းများကို တစ်ယောက်ပြီးတစ်ယောက် သူတို့၏အခြေအနေကို လာရောက်စစ်ဆေးခဲ့ကြသည်။ တစ်ချို့ကသူတို့တဲလေး၏ သိပ်မဝေးလှသည့် အပြင်ဘက်တွင်ပင် ရပ်နေကြသည်။
သူသည် အိမ်ထောင်စုတစ်ခုချင်းစီကို တောင်းပန်တိုးလျှိုးခဲ့သော်ငြားလည်း သူ့ကို အလျင်အမြန်ရှောင်တိမ်းသွားကြပြီး သူတို့တွင်အစားအသောက်များ မရှိဘူးဟုဆိုကာ အလောတကြီး ထွက်သွားကြလေသည်။ တဝဲလည်လည်လုပ်နေကြသည့် လူများကြားတွင် လူတစ်ချို့ကတော့ သူတို့၏မျက်လုံးထဲတွင် လောဘများရှိနေလေသည်။ တစ်ချို့သော တစ်ဦးချင်းစီ ရောက်လာကြသည့်လူများမှာ တဲစု၏ ဝင်ပေါက်ပတ်ပတ်လည်တွင် စုဝေးနေကြပြီး ရှန်းကျင့်၏စိတ်ထဲတွင် ကြောက်စရာအကောင်းဆုံး လူနှစ်ယောက်ပင်ပါဝင်နေလေသည်။
စီရင်စုရုံးတော်တွင်လဲ အရာရှိများနှင့်အုပ်ချုပ်သူများကလဲ အစောကြီးကတည်းက ကင်းမဲ့နေသည်။ ရဲမက်များကလဲ ဒီနေရာကို ထိန်းချုပ်မထားကြပေ။ သူသည် တဲအပြင်ဘက်သို့ တစ်လှမ်းပင်မထွက်ရဲပေ။ ရှောင်ယင်နှင့် ရှောင်ထျယ်တို့ကိုလဲ မချန်ထားခဲ့နိုင်လေရာ သူသည် အကူအညီကို အလွယ်တကူ တောင်းခံဖို့ရန်အတွက် တွန့်ဆုတ်နေမိလေသည်။
နှုတ်ဆိတ်နေမိပြီး သူသည် ပြန်မဖြေခဲ့ချေ။ သို့ သော်ငြားလည်း ဆိုင်တာဝန်ခံရွှီက သူ၏ ကနဦးထိတ်လန့်မှုမှ ပြန်လည်သတိဝင်လာပြီးနောက် ရှန်းယင်နှင့်ရှန်းထျယ်တို့၏ အခြေအနေကို အလျင်အမြန် သွားရောက်စစ်ဆေးကြည့်လိုက်လေသည်။
ထိုလူက သူ့ညီလေးဆီသို့ ဦးတည်သွားနေသည်ကို မြင်လိုက်သည်တွင် ရှန်းကျင့်က အနီးအနားက မီးဖိုချောင်ဓားကို အလျင်အမြန်ဖမ်းဆွဲလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် သူသည် ဆိုင်တာဝန်ခံရွှီကို တားထားလိုက်လေသည်။
"ဘာလုပ်မလို့လဲ"
ဆိုင်တာဝန်ခံရွှီသည် ထိုမြင်ကွင်းကြောင့် ရုတ်တရက် ရပ်တန့်သွားပြီး ဒီကလေးက သူ့ကို မမှတ်မိမှန်းသတိရသွားလေသည်။ သူက လေသံပျော့ပျော့ဖြင့် ရှင်းပြလိုက်သည်။
"ရှောင်ကျင့်မလား၊ ဦးနာမည်က ရွှီယွမ်ချန်ပါ၊ ဦးလေးက မင်းရဲ့အစ်ကိုဝမ်းကွဲ ရှန်းလီနဲ့သိတယ်လေ၊ သူတောင်ထဲကိုမဝင်ခင်က မင်းတို့အားလုံးကိုစောင့် ရှောက်ပေးဖို့ ဦးလေးကို မှာကြားသွားခဲ့တာ ဘေးဖယ်ပေး မင်းရဲ့ညီငယ်လေးနှစ်ယောက် အခြေအနေကို ကြည့်ခွင့်ပေးပါ"
ရှန်းကျင့်က သူ့ကိုမယုံမှာစိုးရိမ်သဖြင့် သူက နောက်မှာရှိနေသည့် ဦးလေးရွှီဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်လေသည်။
"ဒါက ဦးလေးရွှီလေ၊ သူကမိသားစုပဲ သူကသူ့ဟာသူ ဈေးသည်တစ်ယောက်လို ရုပ်ဖျက်ထားပြီး မင်းနဲ့မင်းညီငယ်လေးတွေကို စောင့်ရှောက်ပေးဖို့ ရွာကို ခဏခဏ လာတတ်တယ်လေ"
ထိုလူက သူ့နာမည်နှင့်သူ့အစ်ကိုကြီး၏နာမည်ကို အတိအကျခေါ်လိုက်သည်ကို ကြားလိုက်သည်တွင် ရှန်းကျင့်၏လက်များသည် စတင်တုန်ယင်လာတော့သည်။ နောက်ဆက်တွဲ ဝန်ခံချက်အနေဖြင့် မျက်ရည်များသည် သူ့ပါးပေါ်မှ ရုတ်တရက်စီးကျသွားတော့သည်။
ဒီတော့ သူ့အစ်ကိုကြီးက သူတို့ကို စောင့်ရှောက်ပေးဖို့ လူတစ်ယောက်ကို အမြဲတမ်းစီစဉ်ပေးထားခဲ့တာပဲ။ သူသည် တိတ်တိတ်လေး စတင်ငိိုရှိုက်မိတော့သည်။ ထို့နောက် ရှောင်ယင်နှင့်ရှောင်ထျယ်တို့၏ သေအံ့ဆဲဆဲ အခြေအနေကို သတိရသွားပြီး အထူးသဖြင့်ရှောင်ထျယ်ကို သတိရသွားချိန်တွင် သူက ဘေးသို့ မြန်မြန်ဖယ်ပေးလိုက်ပြီး တောင်းပန်တိုးလျှိုးတော့သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ညီလေးကို ကယ်ပေးပါ၊ သူတို့တွေက ငတ်မွတ်နေကြပြီး ဒီရက်ပိုင်းတွေမှာ မြေကြီးကိတ်မုန့်ကိုပဲ စားလာခဲ့ရတာ"
ဆိုင်တာဝန်ခံရွှီ၏ အမူအယာသည် မြေကြီးကိတ်မုန့်ဟု ကြားလိုက်ရသည်တွင် ချက်ခြင်းပြောင်းလဲသွားတော့သည်။ သူသည် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး စောင့်ကြောင့်ထိုင်လိုက်ကာ ကလေးများ၏အခြေ အနေကို စစ်ဆေးလိုက်လေသည်။ သူတို့၏အပူချိန်နှင် တုံ့ပြန်မှုကိုလဲ စစ်ဆေးလိုက်ပြီးနောက်တွင် ဦးလေးရွှီဘက်သို့ လှည့်ကြည့်လိုက်၏။
"လာအုံး ကျွန်တော့်ကို ကလေးတစ်ယောက်လောက် သယ်ကူပါအုံး၊ ကျွန်တော်တို့တွေ ဆေးခန်းကို တန်းသွားမှဖြစ်မယ်"
ထို့နောက်တွင် သူက ရှန်းကျင့်ကို မေးလိုက်လေသည်။
"မင်းမှာ အတူတူသယ်သွားရမဲ့ အရေးကြီးပစ္စည်းတွေ ရှိသေးလား"
ရှန်းကျင့်သည် ဒီလိုရုတ်တရက်ရောက်လာမည့် အကူအညီကို လုံးဝပြင်ဆင်မထားခဲ့လေရာ တဒင်္ဂအတွင်း မှင်သက်အံ့သြသွားပြီးမှ အခြေအနေကို သဘောပေါက်လိုက်လေသည်။ သူက အလောတကြီး ခေါင်းခါပြလိုက်ပြီးနောက်တွင် ကပျာကယာခေါင်းငြိမ့်ပြလိုက်ကာ သူ့အစ်ကိုကြီး သူ့ကိုပေးထားခဲ့သည့် လေးခွငယ်လေးနှင့်သူစုစည်းထားခဲ့သည့် ကျောက်တုံးများကို ဝှက်ထားသည့် သူ့ကျောပေါ်က အဝတ်အိတ်လေးကို ဆွဲလိုက်လေသည်။
အိမ်ထောင်စုပစ္စည်းများကို လေ့လာကြည့်ပြီးတော့ ဘာပစ္စည်းတစ်ခုကိုမှ အာရုံမစိုက်နိုင်ပေ။ သူ့ကိုယ်သူကာကွယ်ဖို့ရန် မီးဖိုချောင်ဓားတစ်ခုကိုတောင် ဆုပ်ကိုင်ထားရလေသည်။
ဒါသည် သူလုပ်နိုင်သမျှ အတတ်နိုင်ဆုံး ကယ်တင်မှုတစ်ခုပင်။
ဆိုင်တာဝန်ခံရွှီနှင့် ဦးလေးရွှီတို့က သူတို့၏လက်မောင်းပေါ်တွင် ကလေးတစ်ယောက်စီကို ပွေ့ချီထားလိုက်ကြသည်။ ရှန်းကျင့်က ထွက်ခွာတော့မည် ပြင်ဆင်လိုက်သည်တွင် သူသည် မြေကြီးပေါ်တွင် လဲလျောင်းနေသည့်လီရှီကို လှမ်းကြည့်လိုက်ပြီး ထိန်းမနိုင်တော့ဘဲ စတင်ငိုကြွေးလိုက်ကာ သူခန္ဓာကိုယ်က တုန်ယင်သွားတော့သည်။
ဒါကို မြင်လိုက်သည်တွင် ဦးလေးရွှီသည် ဂရုဏာသက်သွားပြီး တီးတိုးပြောလိုက်လေသည်။
“မင်းရဲ့ညီလေးတွေကို အရင်ကယ်ရမယ် တကယ်လို့ညပိုင်းကြမှ မင်းအမေအတွက် ပြင်ဆင်ပေးစရာနည်းလမ်းတစ်ခုခု ရှိလာခဲ့ရင် ငါ သူ့ကို မီးသဂြိုလ်တဲ့နေရာပို့ပေးဖို့ကြိုးစားပြီး သူ့ရဲ့ပြာကိုပြန်ယူလာပေးမယ် ဒါပေမဲ့ အခုလောလောဆယ်တော့ ငါတို့တွေက အသက်ရှင်နေသေးတဲ့သူကို ဦးစားပေးရမယ်”
မြေကြီးထဲတွင် ငြိမ်းချမ်းသည့်နေရာရှာဖွေခြင်းဟူသည့် စကားစုသည် ဆာလောင်ငတ်မွတ်မှု ဆိုးဝါးနေသည့်မြို့တစ်မြို့ထဲတွင်တော့ အရေးမပါပေ။
ရှန်းကျင့်က ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏မျက်ရည်များကိုသုတ်လိုက်ကာ ငိုကြွေးရင်း ကျေးဇူးတင်စကားပြောလေသည်။
ဦးလေးရွှီက ရှန်းဖန်းကို တစ်ခုခုစူးစမ်းချင်သယောင် လှမ်းကြည့်လိုက်လေသည်။
ရှန်းကျင့်ကလဲ ဒါကိုသတိထားမိလိုက်သော်ငြား လည်း သူ့ခေါင်းကိုငုံ့ထားလိုက်ပြီး ပြန်လဲမဖြေ သလို ဘာမှလည်းမပြောချေ။
သခင်နှင့်အစေခံတို့သည် အခြေအနေကို အကြမ်းဖျင်းခန့်မှန်းမိလိုက်သည်တွင် နှုတ်ဆိတ်သွားကြတော့ သည်။ ခဏလောက်စဥ်းစားလိုက်ပြီးနောက် တွင် ဦးလေးရွှီက သတ္တိများကိုစုစည်းကာ မေးလိုက်လေသည်။
"မင်းမှာ ညီမလေးငယ်လေးတစ်ယောက် ရှိသေးတယ်မဟုတ်လား"
ရှန်းကျင့်၏မျက်လုံးများသည် ရုတ်ချည်းဆိုသလို နီရဲသွားပြီး သူ၏ငိုကြွေးသည့်ခံစားချက်ကို မထိန်းနိုင်တော့ပေ။ သူသည် နှုတ်ဆိတ်ကာနေလိုက်ပြီး ခေါင်းကာပြလိုက်ကာ စကားတစ်လုံးပင် မပြောနိုင်တော့ပေ။
ရှန်းမိသားစု၏ တတိယအိမ်ထောင်စုက လင်မယားနှစ်ယောက်၏ ဝမ်းနည်းစရာပျက်စီးခြင်းပုံရိပ်သည် သူ့စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ဖြစ်နေသည်။ ဆိုင်တာဝန်ခံရွှီသည် ဖြစ်ပျက်သွားသည့်ကိစ္စများကို အကြမ်းဖျင်းခန့်မှန်းမိလိုက်လေသည်။ သူက ရှန်းကျင့်၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ရှန်းယင်ကိုမချီလိုက်ကာ ဦးလေးရွှီနှင်အတူ တဲထဲကမြန်မြန် ထွက်ခွာလာတော့သည်။
တဲအပြင်ဘက်တွင် ခြေလှမ်းအနည်းငယ် အကွာတွင်ရပ်နေကြသည့် လူအုပ်ကြီးကြားထဲတွင် ရှန်းမိသားစု၏ အိမ်နီးချင်းဟောင်းများ လီရှီရွာက ရွာသားများလဲရှိနေသည်။ ပိန်ပိန်ပါးပါးနှင့်လူတစ်ယောက်က သူစိမ်းတစ်ယောက်ကို မှတ်မိသွားသည်။ အထူးသဖြင့် သူတို့၏ရွာထဲတွင် မကြာခဏလာတတ်သည့် ရင်းနှီးလှသည့် စျေးသည်ကြီးကိုပင်။ သူတို့က ရှန်းညီအစ်ကိုများကို ခေါ်သွားတော့မည်ပြင်လိုက်စဥ်တွင် ထိုလူက ရှေ့တစ်လှမ်းထွက်လာလေသည်။
"ခင်များတို့ ဘယ်သူလဲ၊ ခင်များတို့တွေ ဒီကလေးတွေကို ဘယ်ခေါ်သွားမလို့လဲ"
ဆိုင်တာဝန်ခံရွှီသည် ရယ်ချင်စိတ်လဲဖြစ်ရသလို ဒေါသလဲဖြစ်မိလေသည်။
သူသည် ဘာအကူအညီမှ မပေးပဲ ထိုနေရာတွင်ဒီအတိုင်း ရပ်ကြည့်နေပြီးမှ ယခုတော့ သူ့ကို မေးခွန်းလာထုတ်နေလေသည်။
"ဒါဆိုရင် ခင်များကရော ဘယ်သူလဲ သူက ပြန်မေးလိုက်သည်"
ပိန်ပိန်ပါးပါးနှင့်လူက ပြန်ဖြေသည်။
"ကျုပ်တို့က တစ်ရွာတည်းသားချင်းပဲ၊ ဒီကလေးတွေက ကျုပ်ကို ပုံမှန်ဆိုရင် ဦးလေးလို့ခေါ်တတ်တယ်"
တကယ်ကိုကောင်းတဲ့ဦးလေးပဲ။ ဆိုင်တာဝန်ခံရွှီက စဥ်းစားလိုက်သည်။ ဒီလိုပေါက်ကရအတွက် အချိန်မပေးနိုင်ပေ။
"ကျုပ်က ရှန်းလီရဲ့မိတ်ဆွေတစ်ယောက်ပဲ၊ ကျုပ်က ကလေးတွေကို ခေါ်သွားမယ်ဆိုရင် ပြဿနာရှိလား"
ရှန်းလီ၏နာမည်ကို ထုတ်ပြောလိုက်သည်တွင် ပိန်ပိန်ပါးပါးလူ၏နှလုံးမှာ စည်းချက်လွဲသွားတော့သည်။
သူသည် ရှန်းလီ၏အကြောင်းကို မေ့လျော့နေခဲ့သည်ပင်။
ရှန်းဖန်းနှင့်လီရှီတို့က ဆုံးပါးသွားသော်ငြားလည်း ရှန်းလီက အသက်ရှင်နေသေးသည်။ အကယ်၍များ တစ်ယောက်ယောက်က ဒီကလေးများအပေါ် မကောင်းသည့်ရည်ရွယ်ချက်များ အမှန်တကယ် ရှိနေခဲ့လျှင် သူတို့သည် ရှန်းလီနှင့်စည်းမကျော်သည်က အကောင်းဆုံးပင်။ ဒီလိုလုပ်ရပ်မျိုး ရှန်းလီ၏ နားထဲရောက်သွားသည်တွင် သူတို့၏မိသားစုတစ်စုလုံးက အခွင့်အရေးတစ်ခုပင်ရလိမ့်မည် မဟုတ်ပေ။
ရှန်းမိသားစု၏ အကြီးဆုံးမိသားစုနှင့် တတိယမိသားစုတို့သည် အဆက်အသွယ်ဖြတ်ထားခဲ့သော်ငြားလည်း ဒီကလေးငယ်များကတော့ အကြီးဆုံးမိသားစုများဆီသို့ မကြာခဏ သွားရောက်လည်ပတ်တတ်သည်။ ရှန်းမိသားစု၏ အကြီးဆုံးမိသားစုဝင်ထဲက ဘယ်သူကမှလဲ သူတို့ကို တားဖို့မကြိုးစားခဲ့ကြချေ။ သူတို့သည် ကြိုဆိုခဲ့ကြသေးသည်။
တုန်လှုပ်သည့်ခံစားချက်က သူ့ခန္ဓာကိုယ်ကိုဖြတ်ပြေးသွားပြီး သူ့ကနောက်ကိုတစ်လှမ်းဆုတ်လိုက်ကာ
"အားလီရဲ့မိတ်ဆွေ ဒါဆိုရင်ခင်များက ဘာဖြစ်လို့စောစောမလာခဲ့တာလဲ"
ဆိုင်တာဝန်ခံရွှီက သူ့ကိုစိုက်ကြည့်နေသည်ကို မြင်လိုက်သည်တွင် သူက မြန်မြန်ခေါင်းကာပြလိုက်လေသည်။
"ပြဿနာ မရှိဘူး ပြဿနာ မရှိပါဘူး ခင်များတို့သွားကြပါ"
ဆိုင်တာဝန်ခံရွှီက အချိန်မဖြုန်းတော့ပေ။ အခုတော့ လမ်းက ရှင်းလင်းနေပြီဖြစ်ရာ သူက ကလေးကိုချီလိုက်ပြီး ရှန်းကျင့်ကိုပါ ဆွဲခေါ်သွားလိုက်သည်။
ကလေး၏လက်များမှာ တုန်ယင်နေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း တင်းကြပ်နေလေသည်။ ဆိုင်တာဝန်ခံရွှီသည် သူ့ကို ချော့မော့ဖို့ရန် မတတ်နိုင်သေးချေ။ လူအုပ်ကြီးက သူတို့ကိုလမ်းဖယ်ပေးလိုက်သည်နှင့် သူက ဆေးခန်းရှိရာသို့ အလောတကြီး သွားလိုက်တော့သည်။
လူအုပ်ကြီးနှင့်အနည်းငယ်ဝေးသည်အထိ လျှောက်လာပြီးသည်တွင် ရှန်းကျင့်သည် ဦးလေးရွှီနှင့်ဆိုင်တာဝန်ခံရွှီတို့၏ ခြေလှမ်းကိုလိုက်မှီရန် ခက်သွက် သွက် လျှောက်လာရလေသည်။ သူကြောက်ရသည့် ထိုလူကြီးက နောက်မှလိုက်မလာတော့သည့်ကို သေချာအောင်ပြုလုပ်ပြီးသည်တွင် သူသည် အလျင်စ လိုထွက်လာရသည့် လမ်းတစ်လျှောက်လုံးနောက်ကို လှည့်ကြည့်ကြည့်ဖြင့် ကြည့်နေလေသည်။ ထိုအခါမှ သူသည် ခေါင်းမော့ကာ ဦးလေးရွှီကို လှမ်းခေါ်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။
"ဦးလေးရွှီ ကျွန်တော်တို့တဲကို စောစောတုန်းက စောင့်ကြည်နေတဲ့လူတစ်ယောက်ရှိတယ် သူတို့တွေ... သူတို့တွေက..."
လူသားစားသည့်သူဟူသည့် စကားလုံးကို မည်သည့်အခြေအနေအောက်တွင်မှ ထုတ်မပြောနိုင်ပေ။
သူသည် အကြိမ်ကြိမ် ပါးစပ်ဟလိုက်ပြီးနောက်မှ ပြောလိုက်လေသည်။
"ကျွန်တော့်ညီမလေးကို ကျွန်တော့်အဖေက သူတို့ဆီကိုခေါ်သွားခဲ့တာလေ၊ ဦးလေး သတိထားမှရမယ်"
မက်မွန်သီးလိုယောင်ကိုင်းနေသည့် မျက်လုံးများနှင့် သူသည် ထျန်းယာအကြောင်းပြောလိုက်ချိန်တွင် မျက်ရည်များဝဲတက်လာလေသည်။ သို့သော်ငြားလည်း သူ့စကားလုံးများက အမြဲတမ်း ရှင်းလင်းနေသည်မဟုတ်ပေ။ သို့တိုင် ဆိုင်တာဝန်ခံရွှီနှင့် ဦးလေးရွှီတို့က သူပြောချင်သည့်စကားကို ကောင်းကောင်းနားလည်လေသည်။
အမှန်ပင် ဒါသည် သူတို့ မသင်္ကါရသည့် ကိစ္စပင်။
သမီးအရင်းဖြစ်သူကို နယ်ရုပ်တစ်ခုလို အသုံးချခဲ့သည်တွင် ရှန်းကျင့်က ရှန်းဖန်းကို တစ်ချက်လေးပင် လှည့်မကြည့်သည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။
ဆိုင်တာဝန်ခံရွှီက လှည့်ကြည့်လိုက်ပြီး ရှန်းကျင့်ကို မေးလိုက်လေသည်။
"တစ်ယောက်ယောက် ငါတို့နောက်လိုက်လာသေးလား"
ရှန်းကျင့်က ခေါင်းကာပြသည်။
"အခုထိတော့မရှိဘူး"
ဆိုင်တာဝန်ခံရွှီက ခေါင်းငြိမ့်ကာ ပြောလိုက်လေသည်။
"ကောင်းပြီ၊ သိပြီ၊ ငါတို့တွေက အဲဒီ့လူကိုမသိဘူး၊ မင်းပိုပြီးတော့ သတိထားသင့်တယ်"
ဆေးပေးခန်းသည် လက်ရှိတွင်ဒဏ်ရာရနေသည့် ရဲမက်များဖြင့်ပြည့်နှက်နေပြီး ဘယ်ပြည်သူလူထုကမှ ကုသမှုကိုလာရောက်ခြင်း မရှိပေ။ ဤတွင် ဆိုင်တာဝန်ခံရွှီ၏အဖွဲ့မှာ ရောက်လာကြသည်တွင် ထူးထူးခြားခြား ဖြစ်နေလေသည်။
သမားတော်ကြီးမှာ အလွန်မှအလုပ်များနေလေရာ သူ့ခြေထောက်ကို အနားပေးဖို့ရန် အချိန်မရှိပေ။ ဆိုင်တာဝန်ခံရွှီက တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်တွင် အသေးစားဒဏ်ရာများနှင့် ရဲမက်များကို ကုသပေးနေသည့် ဆေးခန်းတာဝန်ခံဆီသို့ လျှောက်သွားလိုက်လေသည်။
ဆေးခန်းတစ်ခုကို ဖွင့်ထားနိုင်သူသည် သူတို့သည် လူနာများကိုကုသဖို့ရန် သမားတော်များငှားခဲ့ရသည့်တိုင် ကိုယ်တိုင်တွင်လဲ ဆေးပညာအသိတစ်ချို့ရှိလေသည်။ ဆိုင်တာဝန်ခံရွှီက တုန်းဖူစား သောက်ဆိုင်တွင် နှစ်ပေါင်းများစွာ လည်ပတ်ခဲ့သည်ကို သိလိုက်သည်တွင် စဥ်းစာမိသည်တွင် သူသည် စီရင်စုထဲတွင် ခိုင်မာသည့်အဆက်အသွယ်များ ရှိလေသည်။
အနားသို့ချဥ်းကပ်လာပြီး သူက ဆေးခန်းတာဝန်ခံကို လှမ်းခေါ်လိုက်သည်။
"ဆိုင်တာဝန်ခံဖန်း"
ဆိုင်တာဝန်ခံဖန်းက လှည့်ကြည့်လာပြီး သူသည် ဆိုင်တာဝန်ခံရွှီကို မှတ်မိသွားကာ တအံ့တသြ နှုတ်ဆက်လေသည်။
"ဆိုင်တာဝန်ခံရွှီ"
သူ့အကြည့်က အစေခံ၏ရင်ခွင်ထဲက ကလေးနှစ်ယောက်ဆီသို့ကျရောက်သွားပြီး နှစ်ယောက်စလုံးမှာ အသက်ရှင်နိုင်သည့်လက္ခဏာ ရေးရေးလေးသာရှိလေသည်။ သူက မေးလိုက်၏။
"ဒါက ဘာဖြစ်တာလဲ"
ဆိုင်တာဝန်ခံရွှီက ပြောလိုက်သည်။
"ဒီကလေးနှစ်ယောက်က အချိန်အကြာကြီး ဆာလောင်မွတ်သိပ်နေရပြီး ရက်တော်တော်များများ မြေကြီးကိတ်မုန့်ကို စားလာခဲ့တာတဲ့၊ ကျေးဇူးပြုပြီး သူတို့ကိုအရင်ဆုံး စစ်ဆေးကြည့်ပေးပါ၊ သူတို့တွေကို ကယ်နိုင်မလားဆိုတာကိုလဲ ပြောပြပေးပါအုံး၊ ဘယ်လိုမျိုးကယ်နိုင်မလဲ"
ဒီစကားကိုကြားလိုက်သည်တွင် ဆိုင်တာဝန်ခံဖန်း၏ အမူအယာမှာပြောင်းလဲသွားပြီး သူသည် အချိန်မဆွဲရဲတော့ချေ။ သူက ကုသမှုခံယူနေသည့် ဒဏ်ရာရနေသည့်ရဲမက်ကို အကြောင်းကြားလိုက်ပြီး ဆိုင်တာဝန်ခံရွှီကို ဆေးခန်းကုတင်ဆီသို့ ချက်ခြင်း ခေါ်သွားလိုက်လေသည်။ သူတို့၏သွေးခုန်နှုန်းများကို စစ်ဆေးကြည့်လိုက်ပြီး သူတို့၏ ဝမ်းဗိုက်များမှာ ယောင်ရမ်းမှုရှိမရှိ စစ်ဆေးပြီးနောက်တွင် လတ်တလောတွင် ကလေးများစားသောက်ခဲ့သည့်အရာကို အသေးစိတ်မေးမြန်းလိုက်ပြီး အထူးသဖြင့် မြေကြီးကိတ်မုန့်ကို မည်မျှစားခဲ့ကြောင်း ဘယ်နှစ်ရက်လောက်စားခဲ့ကြောင်းကို သေချာမေးမြန်းလိုက်လေသည်။
ရှန်းကျင့်က သူ့မေးခွန်းအားလုံးကို ဖြေလိုက်ပြိးနောက်တွင် သူသည် စိတ်အေးသွားသလို လေပူတစ်ချက် မှုတ်ထုတ်လိုက်တော့သည်။
"တော်ပါသေးရဲ့ သူတို့တွေက မြေကြီးကိတ်မုန့်တွေအများကြီး မစားခဲ့ပေလို့ပဲ၊ အပြင်းအထန် ဆာလောင်ခံနေရပေမဲ့လည်း သူတို့တွေကို ဒီနေရာကို အချိန်မှီခေါ်လာပေးနိုင်ခဲ့တယ်၊ သူတို့အတွက် မျှော်လင့်ချက်ရှိသေးတယ်၊ တကယ်လို့ သူတို့သာ မြေကြီးမုန့်တွေကို ဆက်ပြီးစားနေရမယ်ဆိုရင်တော့ တကယ်ပဲဆုံးရှုံးရလိမ့်မယ်"
ဆိုင်တာဝန်ခံရွှီကို ကြည့်လိုက်ပြီး သူက တိုးတိုးလေးပြောလိုက်သည်။
"ကျွန်တော် ခင်များကို အမှန်အတိုင်းပြောရမယ်၊ ကျွန်တော့်ဆီမှာ ဆေးတွေအများကြီးမကျန်တော့ဘူး၊ ကံကောင်းချင်တော့ ဒီလိုကိစ္စမှာ ဆေးဝါးတွေက သိပ်ပြီးမလိုအပ်ဘူးလေ၊ အိမ်ပြန်ရောက်ရင် ဆားနဲ့သကြားရောထားတဲ့ရေ နည်းနည်းလောက်တိုက်ပေးလိုက်၊ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ထမင်းရည် နည်းနည်းလေးကို တိုက်လို့ရတယ်၊ တဖြည်းဖြည်းနဲ့ ဆန်ပြုတ်ရေကျဲလေးကို တိုးပြီးတိုက်ပေါ့၊ သေသေချာချာ စောင့်ရှောက်မယ်ဆိုရင်တော့ ပြန်ပြီးကောင်းလာနိုင်ပါတယ်"
ညီလေးဖြစ်သူက အသက်ရှင်နိုင်မည်ဟု ကြားရလိုက်သည်တွင် ရှန်းကျင့်သည် အလွန်မှ ဝမ်းသာပျော်ရွှင်သွားပြီး သူ့လက်များက တုန်ယင်နေတော့သည်။ သို့သော်ငြားလည်း ဆေးခန်းအပြင်ဘက်ကို တစ်ချက်လောက်လှမ်းကြည့်လိုက်ပြီး ပုံရိပ်တစ်ခုကို သတိထားမိလိုက်ချိန်တွင်တော့ သူ၏ဝမ်းသာမှုများက ကြောက်ရွံမှုများအဖြစ် ပြောင်းလဲသွားလေသည်။
အပြင်ဘက်သို့မကြည့်ရဲတော့ဘဲ သူက ဆိုင်တာဝန်ခံရွှီ၏လက်ကို သတိဖြင့် လှမ်းဆွဲလိုက်ကာ သူ့အသံများသည် မသိမသာတုန်ယင်နေပြီး သူက တိုးတိုးလေး ပြောလိုက်လေသည်။
"ဦးလေးရွှီ တစ်ယောက်ယောက်က ကျွန်တော်တို့နောက်ကို လိုက်နေတယ်၊ သူတို့တွေက ဆေးခန်းမျက်နှာချင်းဆိုင်က နံရံနားမှာ ကပ်ပြီးရပ်နေကြတယ်"
ဆိုင်တာဝန်ခံရွှီသည် အခြေအနေကို နားလည်သွားပြီး အပြင်ဘက်သို့ လှည့်မကြည့်တော့ပေ။ ထိုအစား သူက ဆိုင်တာဝန်ခံဖန်းကို တိုးတိုးလေး ပြောလိုက်တော့သည်။
"ကျွန်တော်တွေက နံရံနောက်ဖေးခြမ်းတံခါးကို အသုံးချပြီး ထွက်သွားဖို့ စိတ်ကူးနေတာ"
ဆိုင်တာဝန်ခံရွှီက သူ၏အင်္ကျီလက်ကိုလှမ်းဆုပ်လိုက်ပြီး ငွေစလေးတစ်စကို လှမ်းပေးကာပြောလိုက်လေသည်။
"ခင်များဆီမှာ သကြားညိုလေးနည်းနည်းပါးပါး ရှိမလား၊ အမှန်အတိုင်းပြောရရင် ကျွန်တော်လဲ အခုတော့ မတတ်နိုင်တော့ပါဘူး။ စီရင်စုထဲမှာ ငွေရှိရင်တောင် စားစရာပစ္စည်းကို မဝယ်နိုင်တော့ဘူးလေ"
ဆိုင်တာဝန်ခံဖန်းသည် ဆိုင်တာဝန်ခံရွှီမှာ ဒီအခိုက်အတန့်တွင် သကြားညိုလေးကိုပင် မတတ်နိုင်ဖြစ်နေမည်ဟု မျှော်လင့်မထားမိခဲ့ချေ။ သူက ခေါင်းငြိမ့်ပြီး ပြန်ပြောလိုက်သည်။
"အင်း ကျုပ်ဆီမှာ နည်းနည်းတော့ရှိတယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး၊ ခင်များအတွက် ကျုပ်တပည့်ကို ၂တုံးလောက် သွားယူခိုင်းလိုက်မယ်"
ရှောင်ကျင့်၏ ခပ်တိုးတိုးစကားကို ဆိုင်တာဝန်ခံဖန်းကလဲ ကြားလိုက်ပြီး ဆိုင်တာဝန်ခံရွှီနှင့် သူ၏အဖော်များက ဒုက္ခရောက်နေမှန်း နားလည်လိုက်လေသည်။ ပါးပါးနပ်နပ်ပင် သူကလည်းအပြင်သို့ လှည့်မကြည့်ဘဲ သူ၏ ဆေးစပ်သူတပည့်ကို လှမ်းခေါ်လိုက်သည်။
"သူတို့ကို အထဲခေါ်သွားလိုက် ဆားနဲ့သကြားရည်တွေကို ဖျော်ပြီး အရင်ဆုံးသူတို့ကို ပေးလိုက်၊ ငါက ခဏနေကြရင် ဆေးကျိုပေးပြီးဆေးတိုက်ဖို့ ဆေးညွှန်းတစ်ခုရေးပေးမယ်၊ ပြီးရင်တော့ ငါတို့တွေ အပ်စိုက်ကုသမှုလုပ်ရမယ်"
သူ့အသံသည် ကျယ်လောင်ပြီး အပြင်က ထိုသူများ ရှင်းရှင်းလင်းလင်း ကြားရဖို့ရန်လုံလောက်ပေသည်။
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူက တာဝန်ခံရွှီကို တိုးတိုးလေး ပြောလိုက်သည်။
"တပည့်ကို ခင်များကိုယ်တိုင်ပြောပြီး သကြားညို ယူသွားလိုက်။ တံခါးအနောက်ဘက်က နေထွက်သွားနော်၊ အိမ်ရောက်ရင်တော့ ဒါကို အရည်ဖျော်ပြီး ကလေးတွေကိုတိုက်လိုက်"
ဆိုင်တာဝန်ခံရွှီသည် ကျေးဇူးတင်စကား ပြောလိုက်ပြီး ဆိုင်တာဝန်ခံဖန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ့ကို ဆုတောင်းစကားပြောပေးလိုက်လေသည်။
ဆိုင်တာဝန်ခံဖန်းကလဲ ခေါင်းငြိမ့်ပြသည်။ သူတို့သည် ဆေးကုသပေးသူများဖြစ်ပြီး ယခုတော့ ရဲမက်များ၏စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။ သူတို့သည် အန္တရာယ်ကင်းသည် မကင်းဘူးကတော့ ကံတရားပေါ်ကိုသာ မှီခိုထားရပေမည်။ ဆိုင်တာဝန်ခံရွှီကို နှုတ်ဆက်စကား ပြောလိုက်ပြီးနောက်တွင် သူက သူ့တာဝန်ကိုဆက်လုပ်ဖို့ လှည့်ထွက်သွားတော့သည်။
ဆိုင်တာဝန်ခံဖန်းနှင့် စကားပြောနေရင်း ဆိုင်တာဝန်ခံရွှီနှင့်ဦးလေးရွှီတို့က အပြင်ဘက်ကို တိတ်တိတ်လေး လှမ်းကြည့်လိုက်ပြီး ရှောင်ကျင့် ပြောခဲ့သည့်လူ၏ရုပ်အသွင်ကို မှတ်ထားလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် တပည့်လေးက ချဥ်းကပ်လာပြီး သူတို့ကို အတွင်းခန်းဘက်သို့ ခေါ်ဆောင်သွားလေသည်။
ဘေးအခန်းသို့ ဝင်လိုက်သည်နှင့် သူတို့သည် သကြားခဲနှစ်တုံးကို လှမ်းပေးလိုက်ပြီး တပည့်လေးကို အခြေအနေ ရှင်းပြလိုက်သည်။ တိတ်တိတ်ဆိတ်ဆိတ်ပင် သူတို့သည် တပည့်လေးနောက်ကလိုက်ကာ အနောက်ဖက်တံခါးမှ ထွက်လာခဲ့ကြသည်။ သူတို့သည် လမ်းကျဥ်းလေးကို ရွေးချယ်လိုက်ကြပြီး မြို့၏အနောက်ဖက်ပိုင်းရှိ သူတို့၏အိမ်အိုလေးဆီသို့ ပြန်လာသည့်လမ်းကို ကွေ့ပတ်ကာလျှောက်လာကြတော့သည်။
ဝေ့လင်းကျန့်သည် ဆိုင်တာဝန်ခံရွှီက ကလေးတစ်ယောက်နှင့်ပြန်လာသည်ကို မြင်လိုက်ချိန်တွင် သူမသည် တဒင်္ဂအတွင်း ပြောစရာစကား ပျောက်ဆုံးသွားကာ မည်သို့တုန်ပြန်ရတော့မည်မသိ ဖြစ်သွားတော့သည်။
ဆိုင်တာဝန်ခံရွှီက သူမ တံခါးပိတ်ပြီးသည်အထိ စောင့်လိုက်ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
"ဒီကလေးတွေက ရှန်းလီ ငါ့ကိုစောင့်ရှောက်ဖို့ အပ်ထားတဲ့ ကလေးတွေလေ၊ အငယ်ဆုံးကလေးလေးကတော့ ဆုံးသွားရှာပြီ၊ သူတို့ရဲ့မိဘတွေလဲ မနေ့ကပဲဆုံးသွားကြတယ်၊ ဒါကြောင့်မလို့ ငါသူတို့ကို ဒီကိုခေါ်လာခဲ့တာ"
ထို့နောက်တွင် သူက ဆီစိမ်စက္ကူဖြင့်ထုတ်ထားသည့် သကြားခဲအိတ်ကို ဝေ့လင်းကျန့်ဆီလှမ်းပေး လိုက်ပြီး ပြောလိုက်လေသည်။
"ဒီကလေးလေးနှစ်ယောက်ကလဲ သေလုမျောပါးဆာလောင်မွတ်သိပ်ခဲ့ရတာ၊ ငါသူတို့ကို အခုပဲ ဆေးခန်းကိုခေါ်သွားခဲ့တာ၊ ဒါက ငါတို့တွေ အလဲအလှယ်လုပ်ပြီး ရလာတဲ့သကြားညိုလေး နည်းနည်းပါးပါးပါပဲ၊ ဒါကို ဆားရည်ထဲမှာ နည်းနည်းထည့်ဖျော်ပြီး ကလေးတွေကို တိုက်လိုက်ပါ"
ရှန်းကျင့်ဘက်သို့ လှည့်လိုက်ပြီး သူက ထပ်ပြောလိုက်သည်။
"သူ့အတွက်လဲ တစ်ပန်းကန်လောက် လုပ်ပေးလိုက်"
ကလေးအကြီးကလဲ ကလေးအငယ်နှစ်ယောက်ထက် အများကြီး သန်မာနေသည် မဟုတ်ပေ။ သူ၏ အသားအရောင်က ဆိုးရွားနေပြီး သူသည် တစ်ရက်နှစ်ရက်လောက် ဆာလောင်မွတ်သိပ်မှုခံလိုက်ရလျှင် ပြိုလဲသွားနိုင်လေသည်။
ကလေးများက ရှန်းလီ၏ဝမ်းကွဲများဟု ကြားလိုက်သည်တွင် ဝေ့လင်းကျန့်က သကြားညိုကို ချက်ခြင်းလှမ်းယူလိုက်ပြီး မီးဖိုချောင်ထဲသို့ အလျင်အမြန်ဝင်သွားတော့သည်။
ခရီးတစ်လျှောက်လုံးတွင် ရှန်းကျင့်သည် စိုးရိမ်စိတ်နှင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလေသည်။ သူတို့သည် ခြံဝန်းထဲသို့ ရောက်လာပြီးနောက်မှ သူ၊ ရှောင်ယင်နှင့် ရှောင်ထျယ်တို့သည် အမှန်ပင် အန္တရာယ်ထဲက လွတ်မြောက်ခဲ့သည်ဟု စဥ်းစားရဲလေတော့သည်။ တွေဝေမနေဘဲ သူက ဒူးထောက်ချလိုက်ပြီး မြေကြီးပေါ်တွင် အကြိမ်ကြိမ်ဦးချကာ ဆိုင်တာဝန်ခံရွှီနှင့်ဦးလေးရွှီတို့ကို ကျေးဇူးတင်စကား ပြောလေသည်။
လက်တစ်ဖက်တွင် ကလေးတစ်ယောက် ချီထားရသဖြင့် ဆိုင်တာဝန်ခံရွှီက ရှန်းကျင့်ကို ဆွဲမထူပေးနိုင်ပေ။ ထို့ကြောင့် သူက ရှန်းကျင့်ကိုထဖို့ ပြောလိုက်ရုံသာ တတ်နိုင်တော့သည်။ ရွှီဝမ်ဟုန်သည် မြေကြီးထည့်ထားသည့်ရေပုံးတစ်ပုံးကို သယ်လာပြီး အိမ်မကြီး၏တံခါးကို ဖွင့်လိုက်ချိန်တွင် သူသည် ဒီမြင်ကွင်းကို မြင်လိုက်ရလေသည်။
ဆိုင်တာဝန်ခံရွှီက အရာအားလုံးကိုရှင်းမပြနိုင်ပေ ထို့ကြောင့် သူက သားဖြစ်သူကို ဒီအတိုင်းညွှန်ကြားလိုက်တော့သည်။
"ဝမ်ဟုန် မင်းရဲ့ညီလေးရှောင်ကျင့်ကို ဆွဲထူပြီးတော့ အခန်းထဲကို ခေါ်သွားလိုက်"
ထို့နောက်တွင်တော့ သူက ရှန်းယင်ကို အိမ်မကြီးထဲသို့ သယ်သွားလိုက်လေသည်။
ရွှီဝမ်ဟုန်ကတော့ ရုတ်တရက်ကြီး ညီငယ်တစ်ယောက်ရလာသည့်ပုံကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။ သို့သော်ငြားလည်း သူက ရေပုံးကိုချထားလိုက်ပြီး ရှန်းကျင့်ကို တွဲထူလိုက်ကာ သူ့ကို အိမ်မကြီးထဲသို့ ခေါ်လာလေသည်။
ဝေ့လင်ကျန့်သည် မီးဖိုထဲတွင် ရေနွေးအိုးတည်နေချိန်တွင် ဆိုင်တာဝန်ခံရွှီနှင့်ဦးလေးရွှီတို့က အိမ်မကြီးထဲက အိပ်ယာပေါ်တွင် ကလေးနှစ်ယောက်ကိုချထားပြီး အပြင်သို့ ပြန်ထွက်လာလေသည်။
အချိန်အများကြီး နှောင့်နှေးခဲ့သည့်နောက်တွင် ဦးလေးရွှီသည် မြို့တံတိုင်းဆီသို့ ပြန်သွားရမည့်အချိန် ရောက်လာလေသည်။ ထို့အပြင် သူသည် ရှန်းကျင့်ကို လီရှီ၏ခန္ဓာကိုယ်အား သိမ်းဆည်းပေးမည်ဟု ကတိပေးထားခဲ့သည်။ သူသည် ထိုကိစ္စအတွက် အစီအစဥ်တစ်ခုကို အဖြေထုတ်ဖို့ရန် လိုအပ်လေသည်။
ဟုတ်ပါသည်။ သူကိုယ်တိုင်သွားဖို့ရန် စိတ်ကူးတော့မရှိပေ။ ရှန်းမိသားစုသည် လက်ရှိတွင် မကောင်းသည့်ရည်ရွယ်ချက်များ ရှိသူများ၏ စောင့်ကြည့်ခြင်းခံရသည့်အောက်တွင် ရှိနေသည်။ အထူးသဖြင့် ရှန့်းကျင့်ပြောပြခဲ့သည့် ထိုလူနှစ်ယောက်ပင်။ သူတို့ထဲကတစ်ယောက်သည် သူတို့နောက်ပင် အလောတကြီး လိုက်လာခဲ့သေးသည်။ သူ့သခင်နှင့်အစေခံတို့သည် ဒီနေ့ ထိုလူများ၏ သတိထားမိခြင်း ခံလိုက်ရသည်။ ထို့ကြောင့် သူသည် ထိုနေရာသို့သွားလျှင် မလိုလားသည့် အာရုံစိုက်မှုကို ခံရနိုင်သည်။
ဦးလေးရွှီသည် ဒီနေ့တွင် အလောင်းများနှင့် ဒဏ်ရာရနေသည့်သူများကို သယ်ပို့ပေးဖို့ကူညီနေသည့်လူများကို မည်သို့ အကူအညီတောင်းရမည်နည်းဟု စဥ်းစားနေလေသည်။ ဒီလူများသည် မြို့စောင့်တပ် ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေပြီး ဒီလိုတာဝန်ကို တာဝန်ယူထားရသည်။ သူတို့က လီရှီ၏ခန္ဓာကိုယ်ကို သွားရောက်သယ်ဆောင်ခဲ့ရင်လဲ ဘယ်သူကမှ မေးခွန်းထုတ်လိမ့်မည်မဟုတ်ပေ။
သူက စဥ်းစားနေတုန်းမှာပင် ဆိုင်တာဝန်ခံရွှီက သူ့ကိုစောင့်ဖို့ လှမ်းခေါ်လိုက်ပြီး မီးဖိုချောင်ထဲသို့ဝင်သွားကာ ဝေ့လင်းကျန့်ကို တစ်စုံတစ်ခု တီးတိုးပြောလိုက်လေသည်။ ဝေ့လင်းကျန့်က အိမ်မကြီးဆီသို့ခဏပြန်သွားပြီး မကြာမှီတွင် ရွှေလက်ကောက်တစ်ခုနှင့်ပြန်ထွက်လာကာ ဆိုင်တာဝန်ခံရွှီကို လှမ်းပေး လိုက်လေသည်။
ဆိုင်တာဝန်ခံရွှီက ကိုယ်ကိုလှည့်လိုက်ပြီး ဦးလေးရွှီထံသို့ ပစ္စည်းကိုလှမ်းပေးကာ ပြောလိုက်လေသည်။
"ရှန်းမိသားစုက လူယုတ်မာတွေရဲ့ စောင့်ကြည့်ခံနေရတယ်၊ ဒီနေ့ ငါတို့ကိုလဲ သူတို့က မြင်သွားတယ်၊ မင်း ခဏနေရင် အပြင်ထွက်ရင် သတိထားနော်၊ ဒီလက်ကောက်ကို ကြီးကြပ်သူကို လာဘ်ပေးပြီးတော့ ဒီနေ့ဒဏ်ရာရတဲ့သူတွေကို ကူညီရမဲ့ကိစ္စကို တာဝန်လွှဲပြောင်းခိုင်းလိုက်၊ လီရှီရဲ့ခန္ဓကိုယ်ကို ပြန်ယူဖို့လဲ ရဲမက်တွေကို တောင်းဆိုပြီးတော့ သူ့ကိုမီးသဂြိုလ်ပေးလိုက်၊ သူ့ရဲ့ပြာကိုလဲ ပြန်သယ်လာပေးလိုက်ပါ၊ အဲဒါတွေကို သိုသိုသိပ်သိပ် ပြန်ယူလာပြီး ချက်ခြင်းပြန်လာခဲ့နော်"
သူက ဆက်ပြောသည်။
"လီရှီရဲ့ကိစ္စကို လုပ်ရတာက ခက်ခဲနေမယ်ဆိုရင် အတင်းလုပ်မနေနဲ့၊ ဦးလေးရဲ့လုံခြုံရေးက ပိုပြီးတော့ အရေးကြီးတယ်၊ ကျွန်တော်က ဥမင်ကိုပြန် သွားတူးလိုက်မယ်၊ ကျွန်တော်တို့ ဒီနေ့ည ထွက်ရလိမ့်မယ်၊ နောက်ထပ်ရှုပ်ထွေးတဲ့အတွေးကို ရှောင်ရှားရလိမ့်မယ်"
ဦးလေးရွှီ၏ထွက်လာနိုင်သည့်အရေးက ပထမဦးဆုံးဦးစားပေးပင်။ လီရှီအတွက်တော့ ဆိုင်တာဝန်ခံရွှီက သူမအပေါ် ဘာသံယောဇဥ်မှ မရှိပေ။ သို့သော်ငြားလည်း ဦးလေးရွှီကတော့ ကလေးများနှင့်မကြာခဏ အဆက်အဆံလုပ်ပြီး သူမ၏ ဝမ်းနည်းစရာသေဆုံးမှုကို မျက်မြင်တွေ့လိုက်ရသဖြင့် သူသည် မကြည့်ရက်နိုင်ဘဲ ကူညီဖို့သဘောတူခဲ့လေသည်။ ဖြစ်နိုင်လျှင်တော့ သူမကို သေသေချာချာလေး မြှုပ်နှံပေးလိုက်မည် သို့မဟုတ်လျှင်တော့ ဒါသည် သူမ၏ကံတရားပင်။
ရွှေလက်ကောက်ကို လှမ်းယူလိုက်ပြီး ဦလေးရွှီက ပြန်ဖြေလိုက်သည်။
"ဒါနဲ့ဆိုရင်တော့ ဘာပြဿနာမှ မရှိလောက်ဘူးလို့ ထင်ပါတယ်၊ ကျွန်တော့်အရွယ်နဲ့ ခါးနာချင်ဟန်ဆောင်ပြီး တစ်ရက်လောက်အနားယူဖို့ ခွင့်တောင်းတာက အရမ်းကြီးတော့ မခက်ခဲသင့်ပါဘူး"
ရွှေလက်ကောက်တစ်ခုနှင့် စျာပနအခမ်းအနား ပြင်ဆင်ပေးဖို့ရန်နှင့် ခွင့်တစ်ရက်ယူဖို့ရန်က သေချာပေါက်အာမခံနိုင်ပေသည်။
သဘောထားကြီးလှသည့် ဘဏ္ဍာထိန်းကြီးက လောဘကြီးသည်။ ရွှေလက်ကောက်က သူ့အတွက်တော့ ကြီးမားလုံလောက်သည့် ဆုလာဘ်တစ်ခုပင်။ သူ၏တောင်းဆိုမှုက အလွန်အကျွံလဲ ဖြစ်မနေပေ။ စစ်တပ်ထဲတွင်ဖရိုဖရဲ ဖြစ်နေသဖြင့် ဒါကို စီမံဖို့ရန်ဖြစ်နိုင်ပေသည်။
အချိန်ဆွဲမနေတော့ဘဲ သူက လှည့်ထွက်လာပြီး မြို့အပြင်သို့ထွက်လျှင် ဝတ်နေကြကပ်ဘေးဒုက္ခသည် အဝတ်အစားကို ပြောင်းဝတ်လိုက်သည်။ ထို့နောက်တွင် သူက သူ့ဆံပင်ကို ရှုပ်ပွအောင်လုပ်လိုက်ပြီး သူ့မျက်နှာကို ဖုံးကွယ်ထားလိုက်ကာ ခါးကိုမသိမသာ ပုံမှန်ထက်ပိုပြီး ကုန်းထားလိုက်ပြီးနောက်တွင် တံခါးထဲက ထွက်သွားလေတော့သည်။
...