အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အပိုင်း (၁၇၁) အားကျခြင်း
ရွှီမိသားစုသည် အခြေချပြီးသွားသည်နှင့် ဝေ့လင်းကျန့်က အိမ်တွင်ရှိသည့်ရနိုင်သမျှ ပါဝင်ပစ္စည်းများကိုအသုံးပြုကာ ကောက်ညှင်းမုန့်နှစ်အိုးကို ပေါင်းလိုက်လေသည်။ အဘွားရွှီက ကောက်ညှင်းမုန့်များကို ခွဲလိုက်ပြီး ခြင်းတစ်လုံးထဲသို့ ထည့်လိုက်ကာ သူမ၏သား ချွေးမနှင့်မြေးများကိုခေါ်ပြီး သူတို့၏အိမ်နီးနားချင်းများဆီသို့ အလည်ခေါ်လာလေသည်။ သူတို့ကိုယ်တိုင် ထိုနေရာနှင့်ဒီနေရာကလူများကို ရင်းနှီးစေရန် ရည်ရွယ်လေသည်။
သူတို့၏ပထမဦးဆုံးသွားသည့်နေရာမှာ ရှန်းမိသားစုအိမ် ဖြစ်လေသည်။ ဝေ့လင်းကျန့်သည် သူမ၏ ယောက္ခမဖြစ်သူက သူမ၏ကလေး၊ မောင်လေးနှင့် တူလေးများကို အန္တရာယ်ကင်းဖို့ရန် တောင်အတွင်းပိုင်းသို့ ခေါ်လာကတည်းက ရှန်းလီနှင့်စန်းလော့တို့အကြောင်းကို အများကြီးကြားဖူးထားသည်။ သူမက သူတို့၏စေတနာအတွက် သေသေချာချာလေး ကျေးဇူးတင်စကား ပြောလေသည်။
ဖရိုဖရဲကြားက ပြန်လည်ဆုံစည်းပြီးနောက်တွင် သူတို့သည် နောက်ဆုံးတော့ သူတို့၏ကျေးဇူးတင်စိတ်ကို ဖော်ပြဖို့ရန် သေသေချာချာ အလည်အပတ် ရောက်လာသည်။ ဝေ့လင်းကျန့်က ဆုံတွေ့ရခြင်းကို စိတ်ရင်းနှင့် အမှန်ပင် ဝမ်းသာလေသည်။ သူမ၏ မိသားစုကပြောပြခဲ့သလို ပညာတတ်ပြီး စေတနာကောင်းကာ ရက်ရောသည့်အပြင် စန်းလော့သည် အေးချမ်းခြင်း.သန့်စင်ခြင်းနှင့် ပတ်ဝန်းကျင်က လူများကို စိတ်အေးငြိမ်းအောင်ပြုလုပ်နိုင်သည့် ထူးခြားသည့် ခံစားချက်တစ်ခုကို ထုတ်ဖော်ပေးလေသည်။
သူမက သူမ၏ကျွန်ဘဝကို ဖျက်သိမ်းပေးနိုင်ပြီး လက်ဖွဲ့ပစ္စည်းတစ်ခု လက်ခံရရှိကာ ကောင်းမွန်သည့် မင်္ဂလာပွဲကို စီစဥ်ပေးနိုင်ခဲ့သည့် ကြီးမားသည့်အိမ်တော်တစ်ခု၏ ထိပ်တန်းအစေခံတစ်ယောက်ဖြစ်ရာ ထူးထူးခြားခြား လူမှုဆက်ဆံရေး အရည်အချင်းကို ပိုင်ဆိုင်ထားလေသည်။ သူမ၏ စကားလုံးများက သာယာနာပျော်ဖွယ်ရှိပြီး သူမသည် စန်းလော့ကို နွေးနွေးထွေးထွေး ပွေ့ဖက်ရင်း ရှန်းအန်းနှင့် ရှန်းနဥ်တို့ကိုလဲ ချီးကျုးစကားပြောလိုက်လေသည်။ ပြန်မလာခင် သူမက သူမ၏မိသားစုကို စောင့်ရှောက်ပေးသည့်အတွက် စန်းလော့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ခဏလောက် စကားစမြည်ပြောလိုက်သေးသည်။ အချိန်ကို ကြည့်လိုက်ပြီးနောက် အလည်အပတ်သွားဖို့ရန် တစ်ခြားအိမ်ထောင်စုများ ရှိသေးသည်ကို သဘောပေါက်လိုက်သည်တွင် သူမက ရှန်းမိသားစုဝင်များကို နှုတ်ဆက်စကား ပြောလိုက်ပြီး နောက်တစ်အိမ်သို့ ဆက်သွားလေသည်။
သူတို့သည် ချန်း၊ရှီ၊ကျိုးနှင့် နောက်ဆုံးတော့ လုမိသားစုဆီသို့ အလည်အပတ် သွားခဲ့ကြသည်။
ဝေ့လင်းကျန့် မြင်ခဲ့သည့်အတိုင်းပင် မိသားစုတစ်ခုစီ၏ဂူထဲတွင် နေပုံထိုင်ပုံနှင့်ပရိဘောဂများက အမှန်ပင် အသစ်အဆန်း ဖြစ်လေသည်။ သို့သော်ငြားလည်း သူမသည် ဘယ်သူကမှ ထုတ်မပြောခဲ့ကြသည့် အကြောင်းအရာတစ်ခုကိုလည်း မြင်ခဲ့ရလေသည်။ ဂူအကြီးကြီးတစ်ခုထဲက အခါအရံနဲ့ သော့ခတ်ထားသည့် ဂူလေးတစ်ခုထဲတွင် ဆူညံသံကို ကြားလိုက်ရပြီးနောက်တွင် သူတို့ကို စိတ်အားပြင်းပြစွာဖြင့် စိုက်ကြည့်နေသည့် အမျိုးသမီးတစ်ယောက် နေထိုင်သည်ကို တွေ့လိုက်ရသည်။ ဝေ့လင်းကျန့်က အခြေအနေကို ပါးပါးနပ်နပ် ကိုင်တွယ်လိုက်ပြီး ထိုနေရာတွင်ပဲ စိတ်ကိုထားမနေတော့ဘဲ မြင်ကွင်းကို ကြည့်ရုံမျှသာ ကြည့်လိုက်ကာ အိန္ဒြေကို ဆည်ထားလိုက်ပြီး သူမက သူတို့မိသားစုနှင့်စကားစမြည်ပြောလိုက်ပြီးနောက် သူမ၏ အိမ်လုပ်မုန့်ကို ပေးလိုက်လေသည်။
လုမိသားစုက သူတို့ကို အပြင်သို့ လိုက်ပါပို့ဆောင်သည့် အချိန်ကျမှ အဘွားလုက ပြောလိုက်သည်။
"ငါတို့အိမ်မှာ ပြသာနာရှိကောင်တစ်ယောက် ရှိတယ်လေ၊ ကျေးဇူးပြုပြီး သူ့ကို စိတ်ထဲမထားပါနဲ့"
ဝေ့လင်းကျန့်ကလဲ ထပ်ပြီးမမေးတော့ချေ။ အဘွားရွှီက ပါးပါးနပ်နပ်ဖြင့် အကြောင်းအရာ ပြောင်းလိုက်လေသည်။ ပုံမှန်အကြောင်းအရာများကို နည်းနည်းပါးပါး ပြောဆိုပြီးနောက်တွင် သူတို့က အချိန်နောက်ကျနေပြီဟုဆိုကာ ညနေစာအတွက် ပြင်ဆင်ရမည့် အကြောင်းပြောပြလိုက်ပြီး လုမိသားစုကို နှုတ်ဆက်ခဲ့ကြသည်။
အပြန်ခရီးတွင် သူမက ဝေ့လင်းကျန့်ကို ပြောပြလေသည်။
“အဲဒါ လုမိသားစုရဲ့ အကြီးဆုံးချွေးမလေ သူ့အကြောင်း နင့်ကိုပြောပြဖို့ မေ့နေတာ”
ဝမ်ချွန်းညန်သည် အချိန်အတော်ကြာပြီးအထိ အပြင်ထွက်လာခဲ့ခြင်းမရှိပေ။ ပြောကြသည်ကတော့ သူမသည် တစ်နေ့လျှင် အချိန်သတ်မှတ်ချက်တစ်ခုနှင့် ဂူကြီးထဲတွင် လမ်းလျှောက်ခွင့်ရသည်။ ပထမအိမ်ထောင်စု၏ မိသားစုထဲက တစ်စုံတစ်ယောက်က အဖော်လုပ်ပေးရသည်။ ထို့ကြောင့် အဘွားရွှီသည် သည်လူအကြောင်းကို အမှန်ပင် မေ့လျော့နေခဲ့လေသည်။
အမျိုးသမီးနှစ်ယောက်က စကားပြောနေကြစဥ် အဘွားလုနှင့် ဖန်းလျိုညန်တို့က သူတို့၏ဧည့်သည်များကို အပြင်သို့ လိုက်ပို့နေသည့်အချက်ကို အခွင့်ကောင်းယူလိုက်ပြီး ဝမ်ချွန်းညန်က သစ်သားခြံစည်းရိုးကို အားတက်သရော လှမ်းဆွဲလိုက်ကာ လှမ်းခေါ်လိုက်လေသည်။
"သမီး ဒီကိုလာအုံး၊ ခုဏတုန်းက အဲဒီ့လူတွေက ဘယ်သူလဲ၊ သူတို့တွေက ရွှီမိသားစုကလား"
သူမသည် အဘွားရွှီကို မှတ်မိနေဆဲပင်။
ဒီနေ့လျှိုမြောင်ထဲတွင် တစ်ခုခုက လွဲမှားနေသယောင်။ လုအာ့လန် ပြန်ရောက်လာပြီးနောက်တွင် မိသားစုတစ်ခုလုံးက အလောတကြီး ပြေးထွက်သွားကြပြီး သူတို့ပြန်လာချိန်တွင် လူကြီးများကပင် သူတို့နှင့်အတူ အစားအသောက်များကို သယ်သွားလေသည်။
ဝမ်ချွန်းညန်သည် အခိုက်အတန့်အတွင်း သိချင်စိတ်များ ဖြစ်လာခဲ့သော်ငြားလည်း ဂူက ဒုတိယမိသားစု သို့မဟုတ်လျှင် လုစန်းလန်တို့နှင့် အမြဲတမ်း လူရှိနေသည်။ သူမသည် သူမ၏ ကလေးများထံမှ စုံစမ်းမေးမြန်းဖို့ အခွင့်အရေးမရခဲ့ချေ။
အခုတော့ လူများက သူတို့၏အိမ်တံခါးဝသို့ ရောက်နေသည်ဖြစ်ရာ သူစိမ်းများက လျှိုမြောင်ထဲ ဝင်လာခဲ့သည့် သက်သေဖြစ်ပြီး လူကလဲ အတော်လေး များဟန်တူသည်။
ဝမ်ချွန်းညန်သည် မေးခွန်းထုတ်ဖို့အရေး သည်းခံနိုင်ပါမည်လား။
လုအဘွားနှင့် ဖန်းလျိုညန်တို့ထွက်သွားသည့် အခိုက်တွင် သူမက သူမ၏သမီးလုသနွီကို တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
အမှန်တွင် လုသနွီသည် အပြင်ဘက်သို့ ဘယ်တော့မှ မထွက်ခဲ့ချေ။ အကယ်၍ လူကြီးများက အပြင်ထွက်ဖို့ လိုလာလျှင် ပုံမှန်ဆိုလျှင် သူမ၏အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့က ဂူထဲတွင်နေတတ်ကြပြီး သူတို့၏အမေကို ဆက်တိုက် စောင့်ကြည့်နေပေးရသည်။
သို့သော်ငြားလည်း ဟူကျီနှင့်တစ်ခြားသူများက အပြင်ထွက်သွားကြသဖြင့် သူမကလဲ ထိုအကြောင်းကို အနည်းအကျဥ်း သိထားလေသည်။ လူများက လျှိုမြောင်အတွင်းသို့ ဝင်လာပြီး အပြင်ဘက်တွင် ဓားပြများ ရှိနေဟန်တူသည့် အကြောင်းသာသိလေသည်။ သူမက တစ်ခြားဘာကိုမှမသိပေ။
အခုတော့ ဝမ်ချွန်းညန်က သူမကိုလှမ်းခေါ်ပြီး မေးခွန်များကိုမေးနေသည်တွင် သူမကလဲ အမှန်အတိုင်း ပြောလိုက်လေသည်။
"အဘွားရွှီတို့မိသားစုက ဆိုင်တာဝန်ခံရွှီရဲ့မိန်းမတဲ့၊ သူက ဝမ်ပေါ်နဲ့ဝမ်ယင်းတို့ရဲ့အမေပေါ့၊ တစ်ခြားနှစ်ယောက်ကလဲ သူတို့ရဲ့အစ်ကိုတွေ ထင်ပါတယ်"
ဝမ်ချွန်းညန်သည် သစ်သားစည်းရိုးကို ကိုင်ထားပြီး
"ရွှီမိသားစုတစ်ခုလုံး လျှိုမြောင်ထဲကို ဝင်လာတာလား၊ ဘယ်နှစ်ယောက် ဝင်လာတာလဲ"
လုသနွီသည် သူမအမေ၏ စူးရှသည့်အကြည့်အောက်တွင် အနည်းငယ် ပြာယာခပ်သွားပြီး ခေါင်းကိုငုံ့ထားလိုက်ကာ တိုးတိုးလေး အမှန်အတိုင်းပြောလိုက်လေသည်။
"ဆိုင်တာဝန်ခံရွှီရယ် သူ့မိန်းမရယ် ဝမ်ယင်းရဲ့ အစ်ကိုနှစ်ယောက်ရယ် နောက်ထပ် ဦးလေးတစ်ယောက်လား ဘာလား မသိဘူး ပါသေးတယ် ထင်တယ်၊ အပြင်ဘက်မှာ ဓားပြတွေ ရောက်လာကြပြီလို့လဲ ကြားတယ်"
ဝမ်ချွန်းညန်၏ အသက်ရှူသံမှာ ပိုပြီးတော့ ပြင်းထန်လာလေသည်။
ငါးယောက်။
ငါးယောက်။
နောက်ထပ်ငါးယောက်ပေါင်းလိုက်တော့ ဆယ်ယောက်။ ရွှီမိသားစုတစ်ခုတည်းနဲ့တင် လျှိုမြောင်ထဲကို လူတစ်ဆယ်ယောက် ဝင်လာခဲ့တယ်။
သူမက လုသနွီကို မေးလိုက်သည်။
"ဒါဆိုရင် ဒီနေ့ နင့်တို့အဘိုးအဘွားက စပါးတွေယူသွားတာ ဘယ်သူ့အတွက်လဲ ရွှီမိသားစုက အရမ်းကိုချမ်းသာတာပဲ၊ သူတို့တွေက ငါတို့လို မိသားစုတွေဆီကနေတော့ အကူအညီလိုမှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား"
အကြောင်းကြောင်းကြောင့် လုသနွီသည် သူမအမေနှင့် စကားပြောသည့်အချိန်တိုင်း စိုးရိမ်သလို ခံစားမိလေသည်။ သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ ရှောင်ကျင့်၊ ရှောင်ယင်နဲ့ရှောင်ထျယ်တို့ပါ၊ သူတို့ညီအစ်ကိုသုံးယောက်ကလဲ လျှိုမြောင်ထဲကို ဝင်လာကြတယ်တဲ့"
ဝမ်ချွန်းညန်သည် သူမ၏ နှာခေါင်းထဲကတစ်ဆင့် ခပ်တိုးတိုးနှခေါင်းရှုံသံ ထုတ်လိုက်လေသည်။
ဟိုတုန်းကတော့ သူမက သူမအမေအိမ်ကို အကြောင်းအရာ နည်းနည်းပါးပါး ထုတ်ပြောမိတာကြောင့် မိသားစုကနေ အိမ်ခွဲခံလိုက်ရတယ်။ သူတို့တွေက တောင်အတွင်းပိုင်းကို ရိက္ခာတွေ သယ်ပေးခဲ့ရတဲ့အပြင် သူမကလဲ ရက်တော်တော်ကြာအောင် ချုပ်နှောင်ခြင်းခံခဲ့ရတယ်။ အခုတော့ ကြည့်စမ်း။ ရွှီမိသားစုက လူတွေကိုပိုပြီးတော့ ခေါ်လာနိုင်တယ်။ ရှန်းလီက ရှန်းကျင့်နဲ့တစ်ခြားသူတွေကိုတောင် ခေါ်ခဲ့သေးတယ် မဟုတ်လား။ သူတို့တွေက သံယောဇဥ် ဖြတ်ခဲ့ကြပြီးပြီပဲ ဒီတော့ သူတို့တွေကို အပြင်လူလို့ မှတ်လို့ရတယ် မဟုတ်လား။
ဒါနဲ့များ သူတို့တွေက သူမမှာပဲ ပြသာနာရှိသလို ပြောနေကြတယ်။
ဒီစည်းမျဥ်းက သူမအပေါ်ပဲ ချမှတ်ထားတယ်လေ။ မဟုတ်လို့လား။
လုသနွီသည် မော့ကြည့်လိုက်ချိန်တွင် ညိုမည်းသွားသည့် အမူအယာတစ်ခုဖြစ်နေသည့် ဝမ်ချွန်းညန်ကို ကြောက်လန့်မိသွားတော့သည်။ ကလေးမလေးက ဂူဝင်ပေါက်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ပြီး အဘွားဖြစ်သူနှင့် အဒေါ်ဖန်းတို့ ရောက်မလာသေးသည်ကို တွေ့လိုက်ရမှ စိတ်အေးသွားတော့သည်။ သူမက မြန်မြန်လေး တီးတိုးပြောလိုက်သည်။
"အမေ ဘာကိုမှထပ်ပြီးတော့ မစဥ်းမစား မပြောသင့်ဘူးနော်၊ အပြင်ဘက်မှာ လူအများကြီးက သေသွားကြပြီ၊ ရှန်းကျင့်ရဲ့မိဘတွေနဲ့ ညီမလေးလဲ သေသွားပြီတဲ့"
ဝမ်ချွန်းညန်၏ မျက်ခုံးများသည် ဂူအပြင်ဘက်က ခြေလှမ်းများကို ကြားလိုက်သည်တွင် တွန့်ချိုးသွားလေသည်။ လုအဘွားနှင့် ဖန်းလျိုညန်တို့က ရွှီမိသားစုကို လိုက်ပို့ပြီး ပြန်လာသည်ကို သိလိုက်သည်တွင် သူမက ချက်ချင်း ကိုယ်ကိုလှည့်ကာ အိပ်ယာဘက်သို့သွားပြီး လဲလျောင်းနေတော့သည်။
...
သားအမိနှစ်ယောက်ကြားက စကားဝိုင်းကို ဘယ်သူမှ မသိလိုက်ကြပေ။ ညနေခင်း ရောက်လာသည်တွင် လျှိုမြောင်ထဲက မိသားစုတစ်ခုချင်းစီ၏ မီးခိုးခေါင်းတိုင်များမှာ မီးခိုးများက ပေါ်ထွက်လာလေသည်။
သူတို့သည် အစားအသောက်များကို မျှဝေစားသောက်နေရဆဲဖြစ်ကာ ညနေစာသည် ဆန်ပြုတ်သာဖြစ်လေသည်။ သို့သော်ငြားလည်း အသားကို နုတ်နုတ်စင်းထားသည်ကို ထည့်ထားပြီး အသီးအရွက်နှင့် ကြက်သွန်မြိတ်များကိုလဲ သေသေချာချာလေး ခုတ်စင်းကာ ထည့်ထားသဖြင့် အရသာရှိလှသည့် အသားဆန်ပြုတ်တစ်ခု ဖြစ်လေသည်။
ရှန်းနဥ်က ဆန်ပြုတ်ကိုခပ်လိုက်ပြီး ပန်းကန်လုံးတစ်ဝက်စာ ဖြည့်ပေးလိုက်ပြီးနောက်တွင် ဇွန်းကိုကိုင်ရင်း ချီတုံချတုံ ဖြစ်နေလေသည်။ စန်းလော့က သူမဆီက ဇွန်းကို လှမ်းယူလိုက်ပြီး ပန်းကန်လုံးထဲသို့တင်လိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ဒီနေရာမှာ ချွေတာတယ်ဆိုတာက အရေးမကြီးပါဘူး၊ ဆန်ပြုတ်ဆိုတာက ရေထပ်ထည့်ပြီး ပါဝင်ပစ္စည်းလေးတွေ နည်းနည်းထပ်ထည့်လိုက်ရင် အ =လွယ်တကူ လုပ်လို့ရနိုင်တာပဲ၊ တကယ်လို့ နင်တို့တွေ အားလုံးက အစားအသောက်ကို ချွေတာနေမယ်ဆိုရင် ရှောင်ကျင့်နဲ့ တစ်ခြားသူတွေကကော ဒီရက်ပိုင်းထဲမှာ ထပ်ပြီး စားရဲမယ်လို့ထင်လား"
ရှန်းနဥ်က နားလည်သွားကာ ခေါင်းငြိမ့်ပြလိုက်သည်။ ပန်းကန်တစ်လုံးချင်းစီကို အနားအထိရောက်အောင် ဖြည့်ပေးလိုက်ပြီးနောက်တွင် သူမက ပန်းကန်ပြားကို သယ်ထုတ်သွားတော့သည်။
ဆန်ပြုတ် အပြည့်ထည့်ထားသည့် ပန်းကန်လုံးသုံးလုံးကို မြင်လိုက်ရသည်တွင် ရှန်းကျင့်နှင့်သူညီအစ်ကိုများသည် ထိုပန်းကန်လုံးများကို မထိရဲကြပေ။ ရှန်းကျင့်က သူ၏ခြင်းလေးထဲက ပန်းကန်လုံး သုံးလုံးကို အလျင်အမြန် သွားယူလိုက်ပြီး သုံးယောက်သားသည် ပန်းကန်တစ်လုံးကို သူတို့ကြားထဲတွင် ဝေမျှစားသောက်လိုက်သည်။ ခွဲဝေပြီးနောက်တွင် ရှန်းကျင့်က သူ၏ပန်းကန်လုံးကိုကိုင်ကာ စန်းလော့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။
"မရီး ကျွန်တော်တို့က အချိန်အကြာကြီး အဆာခံလာခဲ့တာဆိုတော့ ကျွန်တော်တို့ရဲ့ စားချင်စိတ်ကလဲ အများကြီး မရှိတော့ပါဘူး"
အမှန်ပင်။ သူတို့သည် အချိန်တစ်ခုအထိ ဆာလောင်မွတ်သိပ် ခဲ့ရလေသည်။ စန်းလော့ကလဲ ခေါင်းငြိမ့် သဘောတူလိုက်သည်။
“နည်းနည်းချင်း ခဏခဏစားတာလဲ ကောင်းတာပါပဲ။ တကယ်လို့ ဗိုက်ထပ်ဆာလာရင် ကိုယ့်ဟာကိုယ်ယူ စားကြနော်”
ရှန်းထျယ်သည် ညနေခင်းပိုင်းတွင် ကြက်ဥအချိုဆန်ပြုတ်၂ပွဲကို စားသောက်ခဲ့ပြီး ရင်းနှီးသည့်ကလေးငယ်များ၏ ဝိုင်းရံခြင်းကို ခံထားရသည်။ သူသည် အခုတော့ အများကြီးပိုပြီး တက်ကြွလာဟန်တူသည်။ သူသည် ကိုယ့်ဟာကိုယ် ကျောမှီလေးတစ်ခုနှင့် ခုံတန်းရှည်ပေါ်တွင်ပင် ထိုင်နိုင်နေပြီဖြစ်သည်။
ထိုအခါကြမှသာ မိသားစုများသည် ရှန်ထျယ်မှာ မည်မျှ အသည်းအသန် ဆာလောင်မွတ်သိပ်ခဲ့ကြောင်းကို သတိထားမိလေသည်။ ဆန်ပြုတ်ပန်းကန်လေးကို သူ့ရှေ့တွင် ချထားလိုက်သည့် အချိန်မှစပြီး သူ့မျက်လုံးများက ထိုဆန်ပြုတ်ဆီမှ မခွာဘဲရှိနေကာ သူ့အတွက်ဟု သေချာအောင် လုပ်ထားသယောင်ပင်။ အားနည်းနေသော်ငြားလည်း သူသည် ရက်ပေါင်းများစွာ မစားမသောက်ရသကဲ့သို့ ပူသည်ဖြစ်စေ အေးသည်ဖြစ်စေ ဘာကိုမှ လုံးဝဂရုမစိုက်ပေ။ သူ၏ တစ်ခုတည်းသော အာရုံမှာ သူ့ပါးစပ်ကို ဖြည့်ဖို့ရန်သာ ဖြစ်လေသည်။
သူသည် ဆာလောင်မွတ်သိပ်ခြင်းကို အင်မတန်မှ ကြောက်ရွံ့ခဲ့ပေသည်။
ရှန်းကျင့်က သူ့လက်ကို မြန်မြန်ဖိချထားလိုက်ပြီး တိုက်တွန်းလိုက်၏။
"ဖြည်းဖြည်းစားလေ"
သူ၏လက်များကို ဖိချခံလိုက်ရသည်တွင် ရှန်းထျယ်က ရှန်းကျင့်ကို မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများက တောင်းပန်တိုးလျှိုးနေဟန်ဖြင့်
"ငါ အရမ်းဆာလို့ပါ"
မိသားစုတစ်ခုလုံးမှာ ငြိမ်ကျသွားတော့သည်။
ဒါသည် ရုပ်ပိုင်းဆိုင်ရာ ဆာလောင်မွတ်သိပ်ခြင်းတစ်ခုပင် မဟုတ်တော့ပေ။ သူတို့သည် ဆာလောင်ခြင်းကို ကြောက်ရွံခဲ့ကြခြင်းပင်။ သူတို့၏နှလုံးသား အတွင်းနက်နက်ထဲတွင်ပင် ထိုသို့ခံစားနေရခြင်းပင်။
အမှန်တွင်တော့ စန်းလော့သည် ရက်ပေါင်းများစွာ မြေကြီးမုန့်များကို စားလာရသည့်ခံစားချက်ကို တော်တော်လေး စဥ်းစားမတတ်နိုင်သလို နေ့တစ်နေ့စီတွင် တစ်ကိုက် နှစ်ကိုက်လောက်သာ စားရသည့် ပမာဏအကြောင်းကိုလဲ သိပ်ပြီးတော့ မစဥ်းစားတတ်ပေ။
သူမသည် အစောပိုင်းကူးပြောင်းလာချိန်က သူမလဲပဲ ဆာလောင်မွတ်သိပ်ခဲ့ကာ သူမသည် ဆာလောင်ခြင်းမှ ပြိုလဲသွားတော့မည်ဟုပင် ခံစားခဲ့ရသည်။ သို့တိုင် မူလခန္ဓာကိုယ်၏ ဆယ်ရက်ကျော်ကြာသည့် ဆာလောင်မွတ်သိပ်မှု အချိန်ကာလအတွင်းတွင် သူတို့သည် တောဟင်းရွက်များနှင့် စပါးတစ်ချို့ကိုရောကာ ပြုတ်ပြီး စားသောက်ရသည့် အချိန်တစ်ချို့ရှိခဲ့သေးသည်။ သို့သော်ငြားလည်း အငတ်ဘေးမှထွက်ပြေးလာရသည့် အကြောင်းများကြောင့် သူမ ၏ခန္ဓာကိုယ်အခြေအနေမှာ အားနည်းချိနဲ့နေသည်ဖြစ်ရာ အစားအသောက် ပြတ်လပ်ခြင်းနှင့် ဆက်တိုက်ကြောက်ရွံသည့်ကိစ္စကြောင့် နောက်ဆုံးတော့ သူမသည် နေမကောင်းဖြစ်ခဲ့ရခြင်းပင်။ သူမ၏ ကယောင်ကတမ်းဖြစ်ရသည့် အခြေအနေတွင် သူမ၏မောင်ငယ်လေးနှင့် ညီမငယ်လေးတို့ ချက်ပြုတ်ပေးသည့် တောဟင်းရွက်နှင့်ဆန် မစို့မပို့ ဟင်းရည်လေးကပင် သူမ၏ အစားစားလိုစိတ်ကို မဖြစ်စေသလောက်ပင်။ ဒီလို ရှုပ်ထွေးနေသည့် အခိုက်အတန့်ကြားတွင် သူမသည် ဒီခန္ဓာကိုယ်ကို ဝင်ယူခဲ့ခြင်း ဖြစ်လေသည်။
သူမသည် ငတ်မွတ်နေသည့် အနေအထားမှ နိုးထလာသည်တွင် ရှန်းနဥ်က သူမကိုလရောင်အောက်တွင် တောသစ်သီးတစ်ချို့ ကျွေးခဲ့သည်။ သိပ်မကြာမှီတွင် ချန်းအဘွားက ဓာတ်ဆားရည်နှင့် ဆန်တစ်ချို့ ယူလာပေးခဲ့သည်။ ဒါသည် သူမ၏ ခန္ဓာကိုယ်ထဲက ကူးပြောင်းလာသူတစ်ယောက်၏ စိတ်ဝိညာဥ်အနှစ်သာရ၏ လွှမ်းမိုးခြင်းကြောင့်လည်း ဖြစ်လိမ့်မည်။ သူမသည် အများအပြား မခံစားခဲ့ရချေ။ ရက်အနည်းငယ်လောက် ဆန်ပြုတ်နှင့် ငါးဟင်းရည်များဖြင့် အာဟာရဖြည့်ခဲ့ပြီးနောက်တွင် သူမသည် တဖြည်းဖြည်း အင်အားပြန်ရလာခဲ့လေသည်။
ထို့ကြောင့် မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များဖြစ်စေ သူမ၏ ကိုယ်ပိုင်အတွေ့အကြုံပင်ဖြစ်စေ သူမသည် စားနေသည့်တိုင်အောင် ငမ်းငမ်းတက် ဆာလောင်မွတ်သိပ်နေရသည့် ရှန်းထျယ်၏ခံစားချက်ကို သိပ်ပြီး နားမလည်နိုင်သလို သူမသည် ဒီအခြေအနေကို မည်သို့ အမည်တပ်ရမည်ကိုလဲ မသိပေ။
ရှန်းကျင့်က ရှန်းထျယ်၏လက်ကို ဖိချထားလိုက်ကာ ပြောလိုက်လေသည်။
"ထပ်ပြီးတော့ ဆာလောင်တော့မှာ မဟုတ်ဘူး၊ အခုလဲမဟုတ်ဘူး၊ နောက်လဲ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး၊ ငါတို့တွေ စီရင်စုမြို့ထဲက ထွက်လာပြီးပြီ၊ အစ်ကိုကြီးနဲ့ ဦးလေးရွှီတို့က ငါတို့ကို အပြင်ဘက်ကို ခေါ်ထုတ်လာပြီးပြီ၊ ကြည့်လေ၊ အခုပတ်ဝန်းကျင်အားလုံးမှာ တောင်တွေချည်းပဲ၊ အစ်ကိုကြီးရယ် မရီးရယ် အဘိုး၊ အဘွား၊ ဦးလေးနဲ့ အဒေါ်တို့အားလုံးကလဲ ငါတို့ကို အစားအသောက် ပေးထားတယ်၊ အစ်ကိုကြီးကလဲ ငါ့ကို အမဲလိုက်ဖို့ ခေါ်သွားအုံးမှာ၊ တကယ်ပြောတာ ငါတို့တွေထပ်ပြီးတော့ ဆာလောင်တော့မှာမဟုတ်ဘူး၊ အခု ဖြည်းဖြည်းစား"
ရှန်းထျယ်က ဇွန်းကိုကိုင်ထားဆဲဖြစ်သည်ကို သတိထားမိလိုက်သည်တွင် ရှန်းကျင့်က တစ်ခြားဆန်ပြုတ်ပန်းကန်တစ်ခုကို မြန်မြန်လက်ညှိုးထိုးပြသည်။
"ကြည့်လေ၊ ဟိုမှာ၊ မင်း ဗိုက်ဆာတယ်ဆိုရင်တောင် စားစရာရှိသေးတယ်"
စန်းလော့ကလဲ ရွှီမိသားစုက လာပို့ပေးသည့် ကောက်ညှင်းဆန်မုန့် ပန်းကန်ပြားကို တိုးပေးလိုက်ကာ စားပွဲ၏အလယ်တွင် ထားလိုက်ပြီး ရှန်းကျင့်နှင့်ပိုနီးအောင် လုပ်ပေးလိုက်သည်။
"စားပါ ထပ်စားလိုက်၊ တစ်တုံးလောက်တော့ စားလို့ရသေးတယ်၊ ဒါပေမဲ့ ဒါက ကောက်ညှင်းမုန့်နဲ့ လုပ်ထားတာဆိုတော့ အစာကြေဖို့ ခက်လိမ့်မယ်၊ တစ်ခုချင်းပဲ စစား"
စားပွဲပေါ်က အားလုံး၏ပန်းကန်ထဲက အလျှံပယ် အစားအသောက်များကို မြင်လိုက်သည်တွင် ရှန်းထျယ်သည် တံတွေးကို မြိုချလိုက်ပြီး ဆာလောင်မှု၏ကြောက်ရွံ့ခြင်း လွှမ်းမိုးခံရခြင်းမှ အနည်းငယ် လွတ်မြောက်လာလေသည်။ သို့သော်ငြားလည်း ရှန်းကျင့်က ချုပ်ထားသည့် သူလက်ကို လွှတ်ပေးလိုက်ပြီးသည့်နောက်တွင် သူကိုယ်တိုင် ထိန်းချုပ်ထားဖို့ရန် အကောင်းဆုံး အားထုတ်လိုက်သော်ငြားလည်းပဲ သူသည် အစားအသောက်ကို လောဘတကြီး မြိုချလိုက်ပေသည်။ သို့တိုင် ဒီလိုအလျင်စလို ပြုမူနေဆဲကပင် ချုပ်တည်းရမည့် ခံစားချက်တစ်ခု ရှိလာသေးလေသည်။ သူသည် သူ့အတွက် သတ်မှတ်ထားသည့် အရာထက်ပိုပြီး လောဘမကြီးခဲ့ပေ။
အသက်၆နှစ်အရွယ်တွင် သူသည် ‘တစ်စုံတစ်ယောက်၏ အမိုးအောက်တွင် နေထိုင်ခြင်း’ ဟူသည့်စကားကို မသိခဲ့သော်ငြားလည်း ထိုစကား၏ အဓိပ္ပါယ်ကိုတော့ မသဲမကွဲ နားလည်လာလေသည်။
စန်းလော့ကတော့ အများကြီးထပ် မပြောတော့ပေ။ ဒါသည် တစ်ရက်နှစ်ရက်နှင့် ကုသလို့ရသည့်အရာ မဟုတ်ပေ။ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်အထိ အချိန်တစ်ခု ယူရပေလိမ့်မည်။
စားသောက်ပြီးနောက်တွင် ရေသည်ဆူလာပြီး နွေးထွေးသည့် အပူချိန်တစ်ခုကို စမ်းသပ်ကြည့်လိုက်သည်။ အပြင်ဘက်သို့ ပြန်ရောက်လာသည်တွင် အားလုံးက အလှည့်ကျ ရေချိုးလိုက်ကြသည်။ ညီ အစ်ကိုများက သူတို့၏ ကိုယ်ပိုင် အဝတ်အစားများကို လျှော်ဖွတ်ဖို့ရန် တာဝန်ယူလိုက်ကြသည်။
စိုဆွတ်နေသည့် အဝတ်တစ်ခုဖြင့် ရှန်းနဥ်က ထိုနေ့က ရှန်းထျယ်အိပ်သွားသည့် အိပ်ယာ၊ ဖျာနှင့်ခေါင်းအုံးများကို သုတ်လိုက်သည်။ စန်းလော့က နောက်တစ်နေ့ မနက်စာအတွက် ပဲတစ်ချို့ကိုချိန်ကာ ရေထဲတွင် စိမ်ထားလိုက်သည်။
ဒီလိုညနေခင်းမျိုးတွင် မောင်နှမများဖြစ်ကြသည့် ရှန်းအန်းနှင့်ရှန်းနဥ်တို့မှာ သူတို့၏စာအုပ်များကို ထူးထူးခြားခြား ဘေးဖယ်ထားလိုက်ကြသည်။ ပုံမှန်စကားဝိုင်းတွင် ဝင်ပါလိုက်ကြပြီး သူတို့သည် မီးများမငြိမ်းခင်အထိ နောက်ကျသည်အထိ နေလိုက်ကာ ထို့နောက်မှ အိပ်ယာထဲသို့ဝင်ပြီး အနားယူလိုက်ကြသည်။
နောက်တစ်နေ့မနက်ခင်းတွင် ရှန်းလီသည် စောစောနိုးလာပြီး မီးဖိုချောင်ထဲတွင် တစ်ညလောက်ရေစိမ်ထားသည့် ပဲများကို ဝီရီယရှိရှိဖြင့် ကြိတ်ပေးလိုက်သည်။ စန်းလော့က သူမ၏အိပ်ယာထဲမှ နိုးလာသည့်အချိန်တွင် လတ်လတ်ဆတ်ဆတ် ကြိုထားသည့်ပဲနို့တစ်အိုးက မီးဖိုပေါ်တွင် ပွက်ပွက်ဆူနေလေသည်။ သူမက ဆူပွက်နေသည့် ပဲနို့ကိုစောင့်ရင်း အပြုံးတစ်ခုဖြင့် လက်ခံလိုက်သည်။ အသင့်ဖြစ်လာသည်တွင် သူမက ကြီးမားသည့် ဟင်းရည်ပန်းကန်လုံးတစ်ခုထဲတွင် ပန်းကန်အနားသို့ ရောက်သည်အထိ ဖြည့်ထားလိုက်သည်။ ထို့နောက်တွင် သူမက ဆားခါးကို ပြင်ဆင်လိုက်ကာ ကျွန်းကျွမ်းကျင်ကျင် နို့အချဥ်ဖောက်လိုက်သည်။ ပဲပြားများ ဖြစ်လာသည်နှင့် သူမက နောက်ထပ် ဒုတိယဟင်း ရည်ပန်းကန်လုံးကြီး တစ်ခုထဲသို့ ထည့်လိုက်သည်။ ကျန်သည့်အရာများကို ရှန်းလီကိုယ်တိုင် လုပ်ထားပေးသည့် တို့ဟူးလုပ်သည့်ပုံစံခွက်ထဲတွင် ဂရုတစိုက် လောင်းထည့်လိုက်ပြီး အဝတ်စဖြင့် အုပ်ထားလိုက်ကာ အပေါ်က သစ်သားပြားနှင့် ကျောက်တုံးများဖြင့် ဖိထားလိုက်လေသည်။ ဤနည်းဖြင့် ပုံစံခွက်တစ်ခုစီသည် သေသပ်သည့် တို့ဟူးတုံးလေးလေးခုကို ရရှိလာပေသည်။
တစ်တုံးက သူတို့ကိုယ်တိုင် စားသောက်ဖို့ရန်ဖြစ်ပြီး ကျန်သည့် သုံးတုံးကတော့ ချန်းမိသားစု၊ ရွှီမိသားစုနှင့် စန်းလော့က ဘယ်တော့ တို့ဟူးလုပ်မှာလဲဟု အစောပိုင်းရက်များက တစ်ချိန်လုံး လာရောက်မေးမြန်းနေသည့် ရှီမိသားစုတို့အတွက် ဖြစ်လေသည်။ သူတို့သည် သူတို့၏ဝေစုများကို သေချာဖို့ရန် အစောကတည်းက ပဲ သို့မဟုတ် စပါးများကို လာရောက်ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ လျှိုမြောင်ထဲတွင် ဟင်းသီးဟင်းရွက်များက ရှားပါးသော်ငြားလည်း စန်းလော့က မကြာခဏဆိုသလို တို့ဟူးများ၊ အချဥ်ဖောက်ထားသည့် ဆီတို့ဟူးများနှင့် သတ်သတ်လွတ်အူကြမ်းများကို မကြာခဏလုပ်ပေးတတ်သည်။ အိမ်ထောင်စုတစ်ခုစီတိုင်းက ထိုအစားအသောက်အတွက် အလဲအလှယ် လုပ်ကြလေသည်။
ရှန်းနဥ်ကလဲ တံမြက်စည်းလှဲလို့ ပြီးသွားပြီဖြစ်ရာ ဝင်ရောက်ကူညီပေးလေသည်။ သူတို့သည် တို့ဟူးအနှစ်ပန်ကိတ်များကို ပြုလုပ်မည်ဟုသိလိုက်သည်တွင် သူမက အစောပိုင်းရက်များက ကျန်သည့် အသီးအရွက်တစ်ချို့ကို ချက်ချင်း လှီးဖြတ်ပေးလိုက်ပြီး ဂျုံကို ဇွန်းငယ်တစ်ဇွန်းစာ ချိန်ထည့်လိုက်ကာ ကြက်ဥတစ်လုံးကိုခွဲပြီး အစားအသောက်ကို စတင်စီစဥ်တော့သည်။ သူမက တို့ဟူးအငန်အတွက်လဲ ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်လာသည်။
မနက်စာအတွက် ပဲနို့၊ တို့ဟူး၊ ရွှေဝါရောင်သမ်းနေသည့် တို့ဟူးအနှစ်ပန်ကိတ်၊ ရွှီမိသားစုဆီက ကောက်ညှင်းမုန့်၊ ရှန်းနဥ်က ပြန်ပြီးနွေးထားပေးသည့် ရှန်းကျင့်နှင့် သူ့ညီအစ်ကိုများကျန်သည့် ဆန်ပြုတ်ရည်ကျဲ ပန်းကန်တစ်ဝက်တို့ ဖြစ်လေသည်။
စားပွဲကို ပြင်ဆင်ပြီးလိုက်သည်တွင် အကြီးဆုံးမိသားစု က ဒီလိုထမင်းတစ်နပ်အတွက် နေသားကျနေပြီးသား ဖြစ်သော်ငြားလည်း ရှန်းကျင့်နှင့် သူ့ညီအစ်ကို နှစ်ယောက်ကတော့ ဆွံ့အနေမိကာ ဘယ်က စတင် စားသောက်ရမည်မသိအောင် ဖြစ်သွားလေသည်။
သုံးယောက်သားက ငေးကြောင်ကြောင်လေးဖြင့် ရပ်နေသည်ကို မြင်လိုက်သည်တွင် ရှန်းနဥ်က စားပွဲပေါ်တွင် ပန်းကန်လုံးနှင့် တူများကို ချထားလိုက်ပြီး သူတို့ကို လှမ်းခေါ်ကာ ပြောလိုက်၏။
"ရပ်ကြည့်မနေနဲ့လေ၊ နင်တို့စားချင်တာကို ကိုယ့်ဟာကိုယ် ယူစားကြ၊ ဒါက ပဲကနေ လုပ်ထားတာဆိုတော့ နောက်တခါ ငါတို့အိမ်မှာလုပ်တဲ့ အချိန်ကြရင် နင်တို့အတွက် ဝေစုတစ်ခုကို သေချာပေါက်ချန်ထားပေးမယ်"
"ပဲ ဟုတ်လား"
ညီအစ်ကိုသုံးယောက်သည် ပဲနှင့်ဆင်တူသည့်အရာတစ်ခုကိုမှ မမြင်ရပေ"
သူ့အမေက အစောပိုင်းက သူ့ကို စုံးစမ်းခိုင်းသည့် အကြောင်းအရာကို ချက်ချင်း သတိရသွားသည်တွင် ရှန်းကျင့်က ထပ်ပြီးမေးမြန်းဖို့ရန် ထိန်းချုပ်ထားလိုက်လေသည်။ သူက သူ့မရီးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ရှန်းယင်နှင့် ရှန်းထယ်တို့နှင့်အတူ သူက ပဲနို့တစ်ချို့ကို ကိုယ်ဟာကိုယ် ခပ်ထည့်လိုက်ပြီး မန်ထိုတစ်လုံးနှင့် သူ့မနက်စာကို စစားလိုက်လေသည်။
ရှန်းလီနှင့် ချန်းသာ့ရှန်တို့ ထွက်သွားခဲ့သည်မှာ တစ်လနီးပါး ကြာမြင့်ခဲ့သည်။ လုအာ့လန်၊ လုစန်းလန်၊ ရှီသာ့လန်နှင့် ရှီအာ့လန်တို့က အချိန်အကြာကြီး သူတို့၏ စိတ်မရှည်မှုများကို မြိုသိပ်ထားခဲ့ရသည်။ ဒီနေ့တွင်တော့ သူတို့သည် သူတို့၏မနက်စာကို စောစောစီးစီး ပြီးအောင်လုပ်လိုက်ကြပြီး ချန်းနှင့်ရှန်းမိသားစုအိမ်သို့ အလောတကြီး ထွက်လာခဲ့ကြတော့သည်။
သူ၏ဖိနပ်နှင့် ခြေထောက်များတွင် မြွေနှင်ဆေးမုန့်များကို ဖြူးလိုက်ပြီးနောက်တွင် ရှန်းကျင့်က သူ့ကျောပေါ်တွင် ဝါးခြင်းတောင်းတစ်လုံးကို အားတက်သရော ကောက်လွယ်လိုက်ပြီး သူ၏လေးခွနှင့် မီးဖိုချောင်ဓားကို လှမ်းဆွဲလိုက်သည်။
ရှန်းလီက ဒါကို လေ့လာလိုက်ပြီး ဓားကောက်လေးအတွက် သူ၏ပုဆိန်ဖြင့် လဲလှယ်ပေးလိုက်ကာ ရှန်းအန်း သုံးနေသည့် လေးနှင့်မြှားကို ရှန်းကျင့် သုံးဖို့ရန်အတွက် လှမ်းပေးလိုက်လေသည်။
လျှိုမြောင်ထဲက ကလေးများသည် မကြာခဏဆိုသလို လေးအတတ်ပညာကို လေ့ကျင့်ကြသော်ငြားလည်း သူတို့သည် အပြင်ထွက်ခဲလှသည်။ အစောပိုင်းက စပါးသယ်ပို့ခြင်း ကိစ္စလွဲလျှင် သူတို့၏ အရည်အချင်းများကို ထုတ်ပြဖို့ရန်အတွက် အခွင့်အရေး များများစားစား မရှိခဲ့ပေ။
ရှန်းအန်း အပါအဝင် ဆယ်ကျော်သက်အဖွဲ့လေးသည် ထိုနေရာတွင် လာရောက်စုဝေးကြပြီး ရှန်းကျင့်ကို အားကျကာ ကြည့်နေကြလေသည်။ သူတို့သည်လဲ အပြင်ထွက်ဖို့ တောင့်တမိသည်။ သို့သော်ငြားလည်း အတွင်းပိုင်းနှင့်အပြင်ပိုင်းနေရာများ၏ ကွာခြားချက်နှင့် အမဲလိုက်ခြင်းနှင့် တောင်အတွင်းပိုင်းသို့ ဝင်ရောက်ခြင်းအကြောင်းကိုလဲ နားလည်ကြလေသည်။ တောင်အတွင်းပိုင်းသို့ ရောက်သွားသည်တွင် သူတို့သည် မတူညီသည့် လမ်းကြောင်းများကို ရွေးချယ်ကာ တောရိုင်းတိရိစ္ဆာန်များကို ရှောင်ရှားနိုင်လေသည်။ အကယ်၍ သူတို့သည် တစ်ကောင်တစ်လေလောက် တွေ့ကြုံခဲ့ရလျှင် သူတို့၏ လေ့ကျင့်ထားသည့်အရည်အချင်းက ပုန်းအောင်းဖို့ရန် သစ်ပင်သို့ လျင်လျင်မြန်မြန် တက်လို့ရပြီး မကြာခဏဆိုသလို အကူအညီပေးနိုင်လိမ့်မည်။
သို့သော်ငြားလည်း အမဲလိုက်ခြင်းက သားရိုင်းတိရိစ္ဆာန်များ နေထိုင်သည့်နေရာသို့ စွန့်စားသွားဖို့ ရန်လိုအပ်လေသည်။ သူတို့အတွက် တာဝန်ယူရခြင်းက ပိုပြီးမြင့်မားလာမည်။ သူတို့မှာ ဘာမှမတတ်နိုင်ဘဲ ရှန်းကျင့်၏ အခွင့်အရေးကိုသာ အားကျနေဖို့ရန် ရှိတော့သည်။
အနီးအနားတွင် ရပ်နေသည့် ရွှီဝမ်ချင်းက အားကျသွားသည်။ မည်သည့် လူငယ်လေးတစ်ယောက်က ဓားနှင့်မြှားများကို မကြိုက်ပဲရှိပါမည်နည်း။ ဆိုင်တာဝန်ခံရွှီက ဒါကို သဘောကျမိလေသည်။ သူသည် ရှီလီရွာတွင် ဆယ်ကျော်သက်လေးများကို မြင်ခဲ့ပြီး သူတို့အားလုံးသည် လေးနှင့်မြှားများကို ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် သူက ပြောလိုက်၏။
"နောက်ပိုင်းကျရင် မင်းလဲ ရှောင်အန်းဆီကနေ လေးနဲ့မြှားကို ငှားပြီးတော့ သင်ချင်လို့ရတာပေါ့၊ ရှောင်အန်းကို သင်ခိုင်းလိုက်လေ၊ အရည်အချင်းတွေ တတ်မြောက်လာပြီဆိုရင် မင်းက ကိုကြီးအားလီနဲ့ အစ်ကိုကြီးသာ့ရှန်တို့နောက်လိုက်ပြီး ခရီးထွက်လို့ရတာပဲ”
ဒီစကားကို ကြားလိုက်သည်တွင် ရှန်းအန်းသည် ရွှီဝမ်ချင်းဘက်သို့ လှည့်ကာပြုံးပြပြီး ရင်းရင်းနှီးနှီးဖြင့် ထောက်ခံလေသည်။ ထို့နောက်တွင် သူက ရှန်းကျင့်ကို ဘေးသို့လှမ်းဆွဲလိုက်၏။
"ရှောင်ကျင့် မကြောက်နဲ့နော်၊ သေချာလေးသင်၊ မင်း ဒီအရည်အချင်းတွေကို တတ်ကျွမ်းသွားပြီဆိုရင် မင်းက အထင်ကြီးစရာ ကောင်းသွားပြီ၊ ပြောလို့မရဘူး ငါတောင်ထဲကို ထွက်တဲ့အချိန်ကြရင် ငါက မင်းကိုတောင် အားကိုးနေရအုံးမှာ"
လျှိုမြောင်အတွင်းသို့ ဝင်လာပြီးကတည်းက ရှန်းကျင့်၏ ပထမဦးဆုံး အပြုံးသည် ပေါ်ထွက်လာလေသည်။
"ငါ မကြောက်ပါဘူး"
သူ့ဘေးမှာ အစ်ကိုကြီးရှိနေတယ်ဆိုရင် သူက လုံးဝ မကြောက်ဘူး။
အပြုံးတစ်ခုကလဲ ရှန်းလီ၏မျက်လုံးပေါ်တွင် ဖြတ်ပြေးလာသည်။ သူက ရှန်းကျင့်၏ ခေါင်းလေးကို ပုတ်ပေးကာ ပြောလိုက်၏။
"မင်း သစ်ပင်တက်နည်းကိုတော့ မမေ့သေးဘူး မဟုတ်လား၊ ဒီတခါ ငါတို့တွေက တောရိုင်းတိရိစ္ဆာန်တွေ ရှိမဲ့နေရာကို သွားကြမှာ၊ ထောင်ချောက်တွေကို ဆင်ပြီးတော့ အမဲကောင်ငယ်လေးတွေကို ဖမ်းကြမယ်၊ တကယ်လို့ သားကောင်အကြီးကြီးတွေ ပါလာတယ်ဆိုရင် သစ်ပင်တက်ဖို့ မမေ့နဲ့၊ သစ်ပင်ပေါ်က ပိုးမွှားနဲ့မြွေကင်းတွေကို သတိထား"
ရှန်းကျင့်သည် သူ၏လေးကို တင်းနေအောင် ကိုင်ထားလိုက်ပြီး ခေါင်းတွင်တွင်ငြိမ့်ပြလေသည်။
"နားလည်ပါပြီ"
ရှန်းလီက ပြုံးပြလိုက်ပြီး ဂူဘက်သို့ လှည့်ကြည့်လိုက်သည်။
စန်းလော့က ဝါးကျည်တောက်နှစ်ခုထဲတွင် ရေများ ဖြည့်ပေးထားသည်။ သူက ဝါးကျည်တောက်နှစ်ခုကို လှမ်းယူလိုက်ပြီး ခြင်းထဲတွင် ထည့်လိုက်ကာ စန်းလော့ကို မေးလိုက်လေသည်။
"ဒါဆိုရင် ကျွန်တော်တို့သွားတော့မယ်နော်"
စန်းလော့က အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်ပြလေသည်။
"ဂရုစိုက်နော်"
...
အပိုင်း (၁၇၂) အမဲလိုက်ခြင်း
လျှိုမြောင်ထဲတွင် ရှန်းကျင့်၏အမဲလိုက်ခြင်း လေ့လာရေခရီးကြောင့် စိတ်အားတက်ကြွသွားကြသည့် ကောင်လေးတစ်ဖွဲ့သည် သူတို့၏မနက်ခင်း ပုံမှန်စာဖတ်ခြင်းအလုပ် ပြီးသွားသည့်နောက်တွင် သူတို့၏လေးနှင့် မြားများကို ပြန်ယူရန် အိမ်သို့ အပြေးအလွား ပြန်လာကြပြီး တက်ကြွစွာလေ့ကျင့်ကြရန် လျှိုမြောင်အတွင်းပိုင်းက ရှင်းလင်းထားသည့် နေရာလေးတစ်ခုတွင် စုဝေးကြလေသည်။
ရွှီဝမ်ချင်းနှင့် ရွှီဝမ်ဟုန်တို့လည်း ပါလာကြပြီး ပုံမှန်ဆိုလျှင် နေ့တိုင်း နောက်ထပ်တစ်နာရီလောက် အတူတူ စာဖတ်တတ်ကြသည့် ဝမ်ယွင်ကျန့်နှင့် သူအဖော်များကလည်း မြားလေ့ကျင့်ရန် သူတို့နှင့်အဖော်လိုက်လာ၏။
ဘာမှ လုပ်စရာမရှိသည့် စန်းလော့သည် ကျောက်ပြားကို သုံးကာ အိမ်တွင် လက်ရေးလှကျင့်လိုက်သည်။ ရွှီဝမ်ယင်းနှင့် ရှန်းနဉ်တို့ကလည်း သူမနှင့်အတူ လိုက်လုပ်ကြပြီး ဝေ့လင်းကျန့်မှာ ဝမ်းအသာမိဆုံးပင်။ သူမသည် သူတို့ကို သွားမနှောင့်ယှက်တော့ဘဲ အဘွားရွှီနှင့် ထိုအကြောင်းကို ပြောလိုက်၏။
“အိမ်နီးချင်းကောင်းတစ်ခုရှီတာ တကယ်တန်ဖိုးရှိတာပဲနော်၊ ဝမ်ယင်းက အရင်က အိမ်မှာဆိုရင် တခါမှ အဲလောက်အထိ အာရုံမစိုက်ဖူးဘူး”
အဘွားရွှီက ရယ်မောကာ ပြန်ဖြေလိုက်၏။
“နင် ယွင်ကျန့်နဲ့ ရှောင်အန်းကိုလည်း မတွေ့ရသေးလို့ပါ၊ သူတို့တွေက ဒီအတိုင်း ပြိုင်ဘက်ကို ဖြစ်နေပြီ၊ ဝမ်ပေါ်တောင် သူတို့နားမှာဆိုရင် အပျင်းခိုဖို့ ရှက်နေရပြီလေ”
သည်လျှိုမြောင်ထဲတွင် ကလေးအားလုံးက စာဖတ်ကြသော်လည်း ဝီရိယအရှိဆုံးမှာ အမှန်တွင်တော့ သူမ၏ကလေးနှစ်ယောက်နှင့် ရှန်းအန်းတို့ဖြစ်ကာ လုအာ့လန်၏သား အားရှုတို့ဖြစ်လေသည်။ သူသည် ရှန်းအန်းနှင့် သူ့ငယ်ချင်းများနောက်သို့ အမြဲတမ်း အားတက်သရော လိုက်လာတတ်ကာ သစ်ပင်အောက်တွင် စာဖတ်ခြင်း၊ သူတို့အိမ် သို့မဟုတ် ရှန်းမိသားစုအိမ်တွင် အတူတူလာဖတ်တတ်သည်။ သူသည် အသက်ငယ်ရွယ်ပြီး တိုးတက်မှုက နှေးကွေးသော်လည်း အဓိပ္ပါယ်ကို မေးခွန်းမထုတ်ဘဲ ဒီအတိုင်း စာဖတ်းခြင်းကို အတူတူ လိုက်လုပ်တတ်သည်။
သားဖြစ်သူက တိုးတက်လာသည်ဟု ကြားလိုက်သည်တွင် ဝေ့လင်းကျန့်၏မျက်လုံးများမှာ အပြုံးတစ်ခုအသွင် ကွေးညွှတ်သွားပြီး ပြောလိုက်၏။
တိုးတက်တာ ကောင်းပါတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ ဝမ်ချင်းရော ဝမ်ဟုန်ရောက စာထဲမှာ စိတ်မရှိကြဘူး”
အဘွားရွှီက တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံလိုက်ပြီး ပြန်ဖြေလိုက်၏။
“သူတို့စိတ်က စာထဲမရှိလဲ ဘာမှမဖြစ်ပါဘူး၊ သူတို့တွေ ရေးတတ်၊ ဖတ်တတ်၊ တွက်ချက်တတ်သ၍ သူတို့အဖေဆီက စီးပွားရှာနည်းကို သင်တာလဲ အတူတူပါပဲ၊ ဟိုတုန်းက ယွမ်ချန်မှာ သူတို့ကို သင်ပေးဖို့ အချိန်မရှိဘူးလေ၊ ဒါပေမဲ့ အခုတော့ သူ့မှာ အချိန်ရှိလာပြီ၊ သူတို့တွေက တောင်ထဲမှာပဲ အခြေခံခိုင်အောင် သင်ယူခိုင်းပေါ့၊ သူတို့တွေ ကောင်းကောင်း သင်ယူနိုင်ရင် အပြင်ဘက်က လောကကြီး ပြန်အေးချမ်းသွားတဲ့အချိန်ကျရင် မချမ်းသာမှာ စိတ်မပူရတော့ဘူး, မျှော်လင့်ချက် တစ်ချို့ရှိလောက်သေးတဲ့ ယွင်ကျန့်ကလွဲရင် ငါတို့လို မိသားစုတွေအတွက်ကတော့ ရည်ရွယ်ချက် ကြီးကြီးမားမား ထားစရာ အများကြီးလဲ မရှိပါဘူး”
သည်ခေတ်တွင် လူတစ်ယောက်သည် ဆင်းရဲရာမှာ အတော်အသင့် ချမ်းသာခြင်းကို ကြိုးစားနိုင်သော်လည်း လူမှုအဆင့်အတန်းများထဲသို့ ဝင်ဆံ့ရန်ကတော့ အင်မတန်မှ ခက်ခဲလေသည်။ ထိုသို့သော် အဆင့်အတန်းတစ်ခုထဲသို့ ဝင်ရောက်ခြင်းက လူတစ်ယောက်၏ မိသားစုနောက်ခံနှင့် မျိုးရိုးအပေါ်ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်သည်။ စာဖတ်ခြင်း သက်သက်နှင့်တော့ တက်လှမ်းနိုင်ဖို့ မျှော်လင့်နိုင်ပါမည်လား။ သို့ဆိုလျှင်တော့ လွယ်ကူလိုက်မည့်ဖြစ်ခြင်း။ မျိုးဆက်တစ်ခုပြီး တစ်ခု သည်ပုံစံနောက် လိုက်လာသည်တွင် အဘွားကြီးသည် လက်တွေ့မကျသည့် မျှော်မှန်းချက်များကို စိတ်ထဲတွင် မထားချေ။ သူမသည် ကလေးများကို သူတို့၏စရိုက်သဘာဝကို နားလည်ရန်၊ သူတို့ဗဟုသုတများ ကျယ်ပြန့်ရန်၊ သူတို့၏လုပ်နိုင်စွမ်းကို တိုးမြင့်နိုင်ရန် စာဖတ်တတ်စေချင်ရုံ သက်သက်ပင်။ ထို့ထက်ပိုပြီး အချီးနှီးမျှော်လင့်ချက်များထဲတွင် မွှေ့လျော်နေရန် မလိုချေ။
ဝေ့လင်းကျန့်က ခေါင်းညိတ်ပြလိုက်ပြီးနောက် တစ်ခုခုကို သတိရသွားပြီး ထပ်ပြောလိုက်၏။
“အခုဆိုရင် ယွင်ကျန့်လည်း အများကြီး ရွှင်လန်းလာသလိုပဲ၊ ခဏခဏ ပြုံးတတ်သလို စကားလည်း ပြောလာတယ်”
အဘွားရွှီက တဟင်းဟင်း ရယ်သည်။
“ငါတို့တွေ အကြောင်းတစ်ခုကြောင့် ဒီကလေးကို အတူတူခေါ်လာခဲ့ရတယ်၊ လျှိုမြောင်ထဲကဘဝက တော်သင့်ရုံဆိုပေမဲ့ ဒီလူတွေက စိတ်ရင်းကောင်းပြီး နွေးထွေးကြတယ်၊ သူတို့တွေကလည်း သူတို့ကလေးတွေကို ကောင်းကောင်းမွန်မွန် သင်ပေးထားကြတယ်၊ သူက နေ့တိုင်း ဒီတောသူတောင်သားတွေနဲ့ ဆက်ဆံနေရတာလေ၊ ဘယ်လိုလုပ်ပြီး မပျော်ဘဲ နေပါ့မလဲ၊ ဒါက ကောက်ကျစ်လှည့်စားတဲ့တတ် ဟိုလူတွေကြားမှာ နေတာထက် အများကြီး ပိုကောင်းတယ်မလား”
ဝေ့လင်းကျန့်ကလည်း စိတ်အေးရသလို ခံစားလိုက်ရ၏။
“သူ ဒီမှာ နှစ်အနည်းငယ်လောက် နေလိုက်ရင် သူ အပြင်ထွက်တဲ့အခါ ကိုယ့်ဟာကိုယ် ကာကွယ်ဖို့ အရည်အချင်းလည်း ရလာလိမ့်မယ်၊ ညီမလေးလည်း သိရင် သူ အေးအေးချမ်းချမ်း အနားယူနိုင်မှာပါ”
ဝမ်မိသားစုအကြောင်း ပြောလိုက်သည်တွင် သူမသည် သူမ၏မိဘအရင်းနျင့် သခင်ဟောင်းတို့၏ လုံခြုံရေးကို မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။ သို့သော်လည်း သူတို့တွေ ဝေးကွာနေကြသည်ဖြစ်ရာ စိတ်ပူပင်နေလျှင်လည်း အချည်းနှီးပင်။ ထို့အပြင် သူတို့ တတ်နိုင်သည်ကလည်း ဘာမှမရှိချေ။ အဘွားရွှီကတော့ သည်လို မှတ်ယူလေသည်။
“အားလုံံးမှာ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ရှိပြီးသားပဲ၊ အကြီးဆုံး သခင်ကြီးဝမ်က ပေါများကြွယ်ဝပါတယ်၊ သူက သူ့မိသားစုကို ကာကွယ်ပေးနိုင်လောက်ပါတယ်၊ နင်တို့မိန်းမကလေးတွေပဲ အသက်ဘေးကနေ လွှတ်မြောက်နိုင်တာ တကယ်ကံကောင်းနေပြီ”
အမှန်ပင် သူတို့သည် ကံကောင်းကြလေသည်။
ထိုအရာအားလုံးကလည်း ရှန်းလီနှင့် ချန်းသရှန်တို့၏ ရဲစွမ်းသတ္တိကြောင့်ပင်။
...
လျှိုမြောင်ထဲက မြူခိုးများသည် မနက်ပိုင်း နောက်ကျသည်အထိ ရစ်ဝဲနေတတ်ပြီး နွေရာသီ နေမြင့်သည်အထိပင်။ နေ့တစ်နေ့၏ တတိယနာရီအချိန်မှ နောက်ဆုံးတော့ နေရောင်ခြည်က ထိုးဖောက်လာနိုင်သည်။ အလင်းရောင် ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်သည်တွင် စန်းလော့က ခေါင်းကိုလှည့်ကြည့်လိုက်ပြီး သူမ၏မျက်ခုံးများမှာ ပြေလျော့သွားသည်။ သူမသည် စုတ်တံကို ချထားလိုက်ပြီး ရှန်းနဉ်ကို လှမ်းခေါ်လိုက်၏။
“အားနဉ် အခြောက်လှမ်းစင်တွေကို ရွှေ့ဖို့ လာကူပေးပါအုံး၊ ငါတို့တွေ စပါးတွေကို အခြောက်ခံကို ဖြန့်ထားဖို့လိုတယ်”
ရွှီဝမ်ယင်းကလည်း သတိထားမိလိုက်သည်။
“ငါလည်း ငါတို့စပါးတွေကို နေလှန်းဖို့ ငါ့အမေနဲ့ အဘွားကို သွားပြောလိုက်အုံးမယ်”
တောင်ထဲက ဂူများတွင် သိမ်းထားရသည့် စပါးများသည် အစိုပြန်လွယ်သည်။ သူတို့သည် ဝါးဖြင့် ခြင်းရက်နည်းများကို သင်ပေးထားကာ အခြောက်လှန်းစင်များ ဆောက်ထာသဖြင့် မိသားစုတိုင်းသည် သူတို့စပါးကို နေလှန်းရန် နေသာသည့်နေ့များကို အသုံးချရလေသည်။
တိမ်လွှာလျှိုမြောင်ထဲက မိသားစုများသည် သူတို့၏စပါးများကို နေလှန်းရင်း အလုပ်များနေကြစဉ် အပြင်ဘက်တွင် ရှန်ကျင့်ကို အဖော်ခေါ်လာသည့် ရှန်းလီသည် ထောက်ချောင်းများဆင်ပြီး၊ တော်ဟင်းရွက်များကို ခူးဆွတ်ကာ မှိုများကို ခူးနေလေသည်။ မကြာခဏဆိုသလို သူတို့သည် တောကြက်တစ်အုပ်ကို တွေ့ရတတ်သည်။ အားလုံးက ချက်ချင်းဆိုသလို သူတို့၏လေးနှင့် မြားများကို လှမ်းဆွဲနိုင်သော်လည်း ငယ်ရွယ်သေးပြီး လေးခွမှ မြားပစ်ခြင်းကို ပြောင်းသုံးရသည့် ရှန်ကျင့်ကတော့ အရည်အချင်း တော်တော်လေး လိုအပ်နေသည်။ ရလာဒ်အနေဖြင့် ရှန်းလီ၊ ချန်းသရှန်၊ လုအာ့လန်နှင့် လုစန်းလန်တို့အားလုံးက အောင်အောင်မြင်မြင် ဖမ်းနိုင်ကြပြီး ရှီသလန်၊ ရှီအာ့လန်နှင့် ရှန်းကျင့်တိုကတော့ လက်ဗလာ ဖြစ်နေကြသည်။
ရှီသလန်သည် လေးကို မသုံးနိုင်ချေ။ ရှီအာ့လန်၏ မြားပစ်စွမ်းရည်ကလည်း လုစန်းလန်ထဲက နိမ့်သည်။ သူတို့၏ မကြာခဏ အောင်မြင်မှုက ထောင်ချောက်များထဲက ဖမ်းမိခြင်းဖြစ်ပြီး သူတို့သည် တောရိုင်းတိရစ္ဆာန်များနှင့် အနီးကပ်တိုက်ခိုက်ရလျှင် သူတို့သည် သူတို့ဝေစုကို လက်လွှတ်ရတတ်သည်။ ညီအစ်ကိုများက အလွန်မှ ပျော့ပြောင်းသည့် သဘောထားရှိပြီး ရှန်းလီနှင့် တခြားသူများက တောကြက်များကို ဖမ်းနေသည်ကို ပြုံးကာ စောင့်ကြည့်ပေးကြသည်။
ဝါးမြားတစ်ခုစီတွင် သိသာထင်ရှားသည့် အမှတ်အသားရှိပြီး မည်သူ ပစ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။
မနက်ခင်း နှောင်းပိုင်းလောက်တွင သူတို့သည် လျှောက်လာရင်း ရှန်းလီသည် လက်မြောက်ပြလိုက်ကာ သူတို့ကို ရပ်ဖို့ အချက်ပေးလိုက်ပြီး အာရုံစိုက်ပြီး နားထောင်လိုက်ကြ၏။
ချန်းသရှန်သည် သည်အပြုအမူကို ရင်းနှီးပြီးသားဖြစ်ပြီး နောက်မှ လိုက်လုပ်ကာ ဂရုတစိုက် နားထောင်လိုက်သည်။ ခဏအကြာတွင် သူသည် သဘောပေါက်သွားတော့သည်။
“ရေသံလား”
ရှန်းလီက ရယ်မောလိုက်ပြီး အဖွဲ့ကို လက်ဟန်ပြလိုက်သည်။
“သွားစို့”
လူသားနှင့် တိရစ္ဆာန်နှစ်မျိုးလုံးသည် ရေကို လိုအပ်လေသည်။ ရေအရင်းအမြစ်တစ်ခုကို ရှာဖွေခြင်းက တိရစ္ဆာန်များကို ခြေရာခံဖို့ အလွယ်ကူဆုံး နည်းလမ်းပင်။ သူတို့သည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြပြီး မြေကြီးပေါ်တွင် လက္ခဏာများကို စစ်ဆေးလိုက်ကြသည်။
ဒါသည် တောင်ကျ စမ်းချောင်းတစ်ခုဖြစ်သည်။ ရှန်းလီသည် ဝါးစားခံထားရသည့် မြက်နှင့် ထိုနှင့် သိပ်မဝေးသည့်နေရာက မွနေသည့် မြေကြီးများကို တွေ့လိုက်ရသည်။ ခွာခြေရာ တော်တော်များများကို သတိထားမိလိုက်ပြီးနောက်တွင် သူက အတည်ပြုလိုက်သည်။
“တောဝင်တွေပဲ, တော်တော်များတယ်”
သူသည် ရုတ်တရက် ရပ်လိုက်ပြီး ပြောလိုက်၏။
“ပြန်ဆုတ်မယ်၊ ဒီနေရာမှာ ဘာခြေရာလက်ရာမှ မချန်ခဲ့နဲ့၊ ငါတို့တွေ ညနေခင်းကျမှ ပြန်လာကြမယ်”
ရှန်းကျင့်သည် အတိုင်းအတာတစ်ခုအထိ ဇဝေဇဝါဖြစ်သွားသော်လည်း ရှန်းလီက သူ့ကို လိုလိုလားလား သင်ပေးသည်။
“တောဝက်တွေက ညနေခင်းမှ ပိုပြီး တက်ကြွတာ၊ အခုချိန်မှာ ငါတို့တွေက သူတို့ကို တွေ့မှာမဟုတ်လောက်ဘူး၊ ငါတို့တွေ အချိန်အကြာကြီးနေရင် ငါတို့ရဲ့ကိုယ်နံ့နဲ့ ခြေရာတွေက သူတို့တွေ ထွက်ပြေးသွားနိုင်တယ်၊ နောက်မှပြန်လာပြီး အလစ်ချောင်းတိုက်တာ ပိုကောင်းတယ်”
အဖွဲ့သည် ထိုနေရာမှ မြန်မြန်ဆန်ဆန် ပြန်ဆုတ်လာကြပြီး လမ်းကြောင်းပြောင်းလိုက်ကြရာ ယုန်အနည်းငယ်ကို ဖမ်းမိလိုက်ကြသည်။ ဟုတ်ပါသည်။ ရှန်းလီကတော့ စန်းလော့လိုချင်နေသည့် မီးစာမြက်ကို ရှာတွေ့သည့်အတွက် ဝမ်းအသာဆုံးပင်။
သည်ပစ္စည်းသည် အိမ်ထောင်စုတိုင်းအတွက် မရှိမဖြစ်ပင်။ ရေနံဆီမီးစာနှင့် ခေါင်းအုံးအတွက် အစာသွပ်ခြင်းအပြင် ဖျာရက်ခြင်းအတွက်လဉ်း အလွန်ကောင်းမွန်သည်။ လူငယ်လေးတစ်ယောက်ဖြစ်သည့် ရှန်းကျင့်ကပင် ဒါကို ကောင်းကောင်းသိသည်။ သူသည် အားတက်သရော ဖြတ်လိုက်ပြီး လူကြီးတစ်ယောက်စီတိုင်းက သူတို့ပခုံးပေါ်တွင် အစည်းကြီးတစ်စည်းကို ထမ်းထားကြသည်။
ဆက်ပြီး လှည့်ပတ်ရန် မလိုတော့ချေ။ ခြင်းများက တဝက်လောက် ပြည့်နေပြီး သယ်ယူရန် မီးစာမြက်များ အလွန်များပြားနေသဖြင့် သူတို့သည် တောထဲက တခြားဘာကိုမှ မယူနိုင်တော့ချေ။ ရှန်းလီနှင့် တခြားသူများသည် သင့်တော်သည့် နေရာတစ်ချို့တွင် နောက်ထပ် ထောင်ချောက်နည်းနည်းလောက် ဆင်ထားလိုက်ပြီးနောက် သူတို့၏အပြန်ခရီးကို စတင်လိုက်ကြသည်။
ရှန်းကျင့်သည် အတိုင်းအတာတစ်ခုအထိ စိတ်ဓာတ်ကျနေဟန်တူသည်။ သူသည် သည်ခရီးတွင် ဘာမှ မဖမ်းမိခဲ့ချေ။
သို့သော်လည်း ဒါက ပုံမှန်ပင်ဖြစ်ကြောင်း သူ နားလည်သည်။ အရင်ကလည်း သည်လို အမြဲဖြစ်ခဲ့သည်ပင်။ ထိုတနေ့ထဲတွင် ချထားသည့် ထောင်ချောက် တစ်ခုက ရလာဒ်တစ်ခုခုကို ယူပေးချင်မှ ယူလာပေးလိမ့်မည်။ ကံအားလျော်စွာ ခူးဆွတ်ရန် တောဟင်းရွက်များ ရှိသေးသည်။
ရှန်းကျင့် ဖြတ်လာသည့် မီးစာမြက်များကို ရှန်းလီက လွဲယူလိုက်သဖြင့် သူသည် လမ်းတစ်လျှောက်တွင် တောဟင်းရွက်များကို ဆက်ပြီး ခူးလာခဲ့သည်။ သူသည် ကြက်နှင့်ဘဲများကို ကျွေးနိုင်သည့် မြက်များကိုပင် ခူးခဲ့သေးသည်။ မကြာခဏဆိုသလို သူသည် အနီရောင်ဘယ်ရီသီးများကို တွေ့ခဲ့ရပြီး သစ်ရွက်များနှင့် ဂရုတစိုက်ထုပ်ထားကာ သူ့ခြင်း နှုတ်ခမ်းအပြည့် ခူးလာခဲ့သည်။
ချန်းသရှန်နှင့် တခြားသူများက မျက်လုံးများထဲတွင် အပြုံးနှင့် စောင့်ကြည့်ပေးကြသည်။
အဖွဲ့ထဲတွင် ရှန်းကျင့်၊ ရှီအာ့လန်နှင့် လုစန်းလန်တို့က ထိုအချက်ကို မသိကြဟန်တူသည်။ ရှန်းလီသည် နေရာသစ်သို့ စွန့်စားလာခဲ့သည့်တိုင် သူသည် သူတွေ့ခဲ့ရသည့် ခြေရာများကို အခြေခံကာ ရက်စက်သည့် တောရိုင်းတိရစ္ဆာန်များ မရှိသည့် နေရာတစ်ခုကိုသာ တမင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဓိကအားဖြင့် သူသည် ရှန်းကျင့်အတွက် သတိထားခြင်းပင်။
ညီငယ်နှစ်ယောက်ထက် အနည်းငယ် ပိုသန်မာသော်လည်း ပိန်ပါးလှသည့်ကလေးသည် သူ့အရည်အချင်းတွင် အကန့်သတ်ဖြစ်နေဆဲ။ သို့သော်လည်း ရှန်းစန်းနှင့် လီရှီတို့၏ ပတ်သက်မှုကြောင့် ကသိကအောက် အခြေအနေကြောင့် ညီအစ်ကိုသုံးယောက်သည် ခက်ခဲသည့် အနေအထားတစ်ခုတွင် ရောက်နေပြီး အထူးသဖြင့် ပိုပြီးရင့်ကျက်လာသည့် ရှန်းကျင့်အတွက်ပင်။ သူသည် မနက်က လျှိုမြောင်ထဲက ထွက်နိုင်မည်ဟု ကြားလိုက်ချိန်တွင် သူ၏လေးနှင့်မြားကို တင်းနေအောင် ဆုပ်ထားပြီး ရွှင်လန်းနေခဲ့သည် မဟုတ်ပါလား။
ရှန်းကျင့်အတွက်တော့ ကိုယ်တိုင်နှင့် ညီငယ်လေးများကို ထောက်ပံ့နေနိုင်ခြင်းက သူ အသည်းအသန် သက်သေပြချင်နေခဲ့သည့် အရာပင်။
ထို့ကြောင့် ချန်းသရှန်နှင့် တခြားသူများသည် သူ့ကို အဖော်လိုက်လာပေးရသည်ကို ဝမ်းသာရသည်ထက်ကို ပိုလေသည်။ ရှန်းလီက ရှန်းကျင့်ကို သင်ပေးနေချိန်တွင် သူသည် ထိန်ချန်မထားချေ။ လုစန်းလန်နှင့် ရှီအာ့လန်တို့ကလည်း သင်ခန်းစာများကို သင်ယူနိုင်ကြပြီး ရှီသလန်နှင့် လုအာ့လန်တို့ပင် မကြာခဏဆိုသလို အကျိုးကျေးဇူးရရှိလေသည်။
အပြန်ခရီးသည် နှစ်နာရီနီးပါး ကြာခဲ့သည်။ ကံအားလျော်စွာ သည်နေရာက သိပ်သည်းသည့်တောနှင့် လူများ မနေထိုင်ခြင်းကြောင့် အမှန်ပင် သီးခြားဖြစ်ဟန်တူသည်။ တိရစ္ဆာန်ကြီးများနှင့် တိရစ္ဆာန်များသည် ထောင်ချောက်များကို မဆိုထားနှင့် လူများကို အများကြီး ကြောက်ရွံ့မနေကြချေ။ မနက်ခင်းက သူတို့ ထောင်ထားခဲ့သည့် ထောင်ချောက် ၁၂လောက်တွင် သုံးခုက တောကြက်များကို အောင်အောင်မြင် ဖမ်းထားနိုင်ခဲ့ပြီး ထိုထဲကတစ်ခုမှ ရှန်းကျင့်၏ထောင်ချောက်ဖြစ်နေသည်။
တောကြက်ကို မြင်လိုက်သည်တွင် သူသည် ထခုန်မိမတတ် အလွန်မှ ဝမ်းသာသွားတော့သည်။
နေမွန်းတည့်ပြီးချိန်တွင် သူတို့သည် တိမ်လွှာတောင်ကြားသို့ ပြန်ရောက်လာကြသည်။ စန်းလော့သည် အခုမှ တရေးနိုးစပင် ရှိသေးသည်။ ကလေးများ၏ တီးတိုးသံကို ကြားလိုက်သဖြင့် သူမသည် မျက်လုံးများကို ဖွင့်ကာ သူမ၏အာရုံကို လန်းဆန်းအောင် လုပ်လိုက်ပြီးနောက် နေ့ခင်းဘက် ရောက်နေပြီဖြစ်ကြောင်း သတိထားမိလိုက်၏။ သူမသည် လက်တစ်ဖက်ထောက်က ထထိုင်လိုက်ပြီး ခန်းဆီးကို မ,လိုက်သည်။ ရှန်းလီက စင်ပေါ်ရောက်ခါစ ရှိသေးကာ စင်ပေါ်တွင် လက်နက်များကို နေရာချရန် ပြင်ဆင်နေသည်။ ထိုတဒင်္ဂလေးတွင် သူတို့၏မျက်လုံးများမှာ အကြည့်ချင်း ဆုံသွားကြတော့သည်။
“ကျွန်တော် မင်းကို နိုးလိုက်မိပြီလား”
စန်းလော့က ခေါင်းခါပြလိုက်ပြီး “ဘာပဲဖြစ်ဖြစ် ကျွန်မလည်း ထသင့်ပါပြီ၊ ရှင် အခုမှ ပြန်လာတာလား”
သူမက ထထိုင်ကာ စောင်ခေါက်လိုက်ပြီး မကြာမီတွင် လှေကားမှ ဆင်းလာ၏။ စင်၏အစွန်းတွင် ထိုင်ကာ သူမက ဖိနပ်စီးလိုက်သည်။ ဂူအဝင်ဝတွင် ချထားသည့် များပြားလှသည့် မီးစာမြက်စည်းများကို မြင်လိုက်ရသဖြင့် သူမ၏မျက်လုံးများက တောက်ပသွားတော့သည်။
“ရှင် ဒါကို တကယ်ရှာတွေ့ခဲ့တာလား”
မီးစာမြက်ဟုသိကြသည့် ကြောက်မြီးမြက်သည် ဖျာရက်ရန် အထူးကောင်းမွန်လေသည်။ သူမနှင့် ရှန်းနဉ်တို့ အခုအိပ်နေသည့် အိပ်ရာသည် သူတို့၏အရင်တစ်ခုထက် အနည်းငယ်ပိုသေးသဖြင့် အရင်သုံးနေသည့်ဖျာက မဆန့်တော့ချေ။
ရှန်းလီက တဟင်းဟင်း ရယ်မောလိုက်ပြီး
“ကျွန်တော် ရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် တောင်အော်ရွက်ကိုတော့ မခူးခဲ့ရဘူး၊ ကျွန်တော် အရင်ခူးထားခဲ့တဲ့ ကွင်းက လျှိုမြောင်နဲ့ အရမ်းနီးနေလို့လေ၊ အဲဒီနေရာ ပတ်ဝန်းကျင်မှာ ကျွန်တော် ဘာခြေရာလက်ရာမှ မချန်ထားချင်လို့၊ မခူးခဲ့တော့ဘူး၊ မနက်ဖြန်ကျမှ နောက်တစ်နေရာမှ ရှာခဲ့လိုက်မယ်”
စန်းလော့က မငြင်းချေ။ သူမသည် ဖိနပ် စီးလိုက်ပြီးနောက် အပြင်သို့ လျှောက်လာခဲ့သည်။ သူမသည် ဂူဝင်ပေါက်သို့ မရောက်ခင်မှာပင် ရှန်းကျင့်က လက်ထဲတွင် ဝါးခြင်းတောင်းတစ်ခုနှင့် ဝင်လာ၏။ စန်းလော့ နိုးနေပြီကို တွေ့လိုက်ရသဖြင့် သူ့မျက်လုံးများက လင်းလက်သွားလေသည်။
“မရီး ကျွန်တော် ဘယ်ရီသီးအနီတွေ ခူးလာတယ်၊ အရမ်းချိုတာပဲ၊ နည်းနည်းလောက် မြည်းကြည့်ပါလား” သူက ပြောရင်းဆိုရင် ဝါးခြင်းကို အနည်းငယ်မြောက်လိုက်ကာ လတ်လတ်ဆတ်ဆတ် ဆေးကြောထားသည့် လက်သုံး၊လေးဆုပ်စာ ဘယ်ရီသီးများကို ပြလိုက်လေသည်။
စန်းလော့က တစ်လုံးလောက် ဖြုတ်လိုက်ပြီး အရသာခံကြည့်လိုက်သည်။ ချဉ်ချိုလေးဖြစ်နေကာ သူမ၏အာရုံးကို လန်းဆန်းသွားစေလေသည်။ သူမက ပြုံးလိုက်ပြီး နောက်ထပ် နှစ်လုံးလောက် ဖြုတ်လိုက်ပြီးမှ ပြောလိုက်၏။
“တော်တော် ချိုတာပဲ၊ ငါ နည်းနည်းပဲ စားမှာ၊ ကျန်တာကို နင်တို့ကလေးတွေ စားကြ”
သူမ စားနေသည်ကို မြင်လိုက်ရသဖြင့် ရှန်းကျင့်သည် ဝမ်းသာသွားသော်လည်း ထပ်ယူရန် ပြောမည့်စကားကို ထိန်းချုပ်ထားလိုက်၏။ ထို့အစား သူက ဘယ်ရီသီးထည့်ရန် ပန်းကန်တစ်လုံးကို သွားယူလိုက်ပြီး ပန်ကန်းလုံးတစ်ဝက် ဖြည့်ပေးလိုက်ကာ စားပွဲပေါ်တွင် တင်ထားပေးလိုက်ပြီး ပြောလိုက်လေသည်။
“မကြီး ထပ်စားချင်သေးရင် ဒီမှာယူစားလိုက်နော်”
ရှန်းလီသည် ထိုမြင်ကွင်းကို လှမ်းကြည့်လိုက်ပြီး ရယ်မောလိုက်ကာ အပြင်ဘက်က မီးစာမြက်များကို ရှန်းကျင့်နှင့် ညီအစ်ကိုများ နေထိုင်သည့် ဂူအလွတ်ဆီသို့ သယ်သွားလိုက်သည်။ မြက်များကို ဖျာမရက်ခင် ၇ရက်လောက် အခြောက်လှန်းရန် လိုအပ်လေသည်။ အပြင်ဘက် အခြောက်လှန်းစင်များက စပါးများနေရာယူထားသဖြင့် ထိုမြက်များကို အပေါ်ဘက်ဂူ အဝင်ဝနားတွင် အခြောက်လှန်းသည်က ပိုပြီး အဆင်ပြေလိမ့်မည်။
အပြင်ဘက်တွင် ရှန်းအန်း၊ ရှန်းနဉ်၊ ရှန်းယင်နှင့် ရှန်းထျယ်တို့သည် ခြင်းထဲက ပစ္စည်းများကို ရွေးထုတ်နေကြသည်။ စန်းလော့ ရောက်လာချိန်တွင် ရှန်းနဉ်က ရယ်စရာပြောလိုက်၏။
“မကြီး ရှောင်ကျင့်က တောဟင်းရွက်တွေ အများကြီး ခူးလာတယ်၊ ညီမလေးတို့ ကြက်နဲ့ဘဲတွေကို ကျွေးဖို့ မြက်ခြင်းတစ်ဝက်တောင် ဖြတ်လာသေးတယ်”
သူတို့၏လျှိုမြောင်ကို ရသည့်နေရာတိုင်းတွင် အသီးအရွက်များ စိုက်ပျိုးထားကြပြီး အားလုံး ကိုယ်လက်လှုပ်ရှားမှု လုပ်ရန် နေရာတစ်ခုသာ ချန်ထားသည်။ အစပိုင်းတွင် သူတို့သည် မြွေကင်းများကို စိုးရိမ်သဖြင့် မြက်များကို ရှင်းလင်းကြသည်။ သို့သော် နောက်ပိုင်းတွင် ကြက်ငှက်မွေးမြူရေးအတွက် တစ်ချို့ကို နေရာရွှေ့ကာ စိုက်ထားရသည်။ သို့သော်လည်း ဒါက မလုံလောက်ချေ။ ထို့ကြောင့် နေ့စည် ကြက်နှင့်ဘဲများကို စောင့်ရှောက်ပေးရသည့် ရှန်းနဉ်သည် မြက်ခြင်းတစ်ဝက်စာကို မြင်လိုက်ရသည်တွင် အမှန်ပင် ဝမ်းသားနေမိသည်။
တဖက်တွင် ရှန်းအန်းကတော့ အားကျနေ၏။ “ရှောင်ကျင့်က ရစ်ငှက်တစ်ကောင် ဖမ်းမိခဲ့သေးတယ်”
စန်းလော့က အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ “အသက်ရှင်နေသေးလား၊ ဒါဆိုရင် အတောင်ကို ညှပ်ပြီး ခြံလေးတစ်ခု ဆောက်လိုက်၊ ငါတို့တွေ နောက်ဆိုရင် တောကြက်ဥ စားလို့ရတယ်”
ထိုစကားကို ကြားလိုက်သည်တွင် ရှန်းကျင့်က ပြောလိုက်၏။
“မကြီး ကျွန်တော် ထောင်ချောက်တွေ အများကြီး ဆင်ထားခဲ့တယ်၊ ဒီနေ့ အစ်ကိုကြီးက ရစ်ငှက် သုံးကောင် ပစ်ခဲ့တယ်၊ အဲဒါတွေကတော့ အသက်မရှင်တော့ဘူး၊ ဒါကြောင့် ကျွန်တော်တို့ အဲဒါတွေကို မွေးထားလို့မရတော့ဘူး၊ ဒီတစ်ကောင်ကို ကျွန်တော်တို့ တခြားဟာတွေ စားပြီးတဲ့အထိ မွေးထားလိုက်မယ်၊ ကျွန်တော် ထပ်ပြီး ဖမ်းမိရင် သူတို့ကို ဆက်မွေးထားလို့ရတယ်”
စန်းလော့သည် သူ့ကို ကြည့်လိုက်ပြီး သူတို့၏အကူအညီကို ပြန်ပေးဆက်ချင်သည့် သူ့စိတ်ရင်းကို နားလည်လိုက်လေသည်။ ထို့နောက် သူမက မွေးမြူရေးကြက်ငှက်များအတွက် မြက်များနှင့် တောဟင်းရွက်ခြင်းကြီးကို အကဲခတ်ကြည့်လိုက်ပြီး အပြုံးတစ်ခုက သူမ၏နှုတ်ခမ်းပေါ်တွင် တွဲခိုလာလေသည်။ ရှန်းကျင့်က သူ့ကိုယ်သူ ဖိအားမပေးသည်ကို တွေ့လိုက်ရသဖြင့် သူမက မှတ်ချက်ပေးလိုက်၏။
“နင့်အစ်ကိုကြီးက အမဲလိုက်ကျွမ်းတယ်၊ ဒီတော့ ငါတို့တွေ အစားသောက် ပြတ်လပ်မှာမဟုတ်ဘူး၊ နင့်ရဲ့စဉ်းစားပေးတတ်တဲ့ စိတ်နဲ့တင် ဟုတ်နေပါပြီ၊ ဒါပေမဲ့ နင့်စိတ်ကူးလဲ ကောင်းတာပဲ၊ အကြံတစ်ခုပေးမယ်၊ ဒီတောကြက်ကို အရင်ဆုံး မွေးထားလိုက်၊ ရက်နည်းနည်း ကြာလို့ နင့်မှာ ငါးကောင်လောက် ရှိလာရင် နင့်ကို ကူညီပေးခဲ့တဲ့ အဘိုးအဘွား၊ ဦးလေးနဲ့ အဒေါ်တို့ကို တစ်ကောင်စီပေးလိုက်၊ နင် အမဲလိုက်လို့ရလာတိုင်း ပေးစရာမလိုပါဘူး၊ ဒါပေမဲ့ ငါတို့အားလုံးက လျှိုမြောင်ထဲမှာ အချင်းချင်း ထောက်ပံ့ပေးနေတာဆိုတော့ နင်ပထမဆုံး အမဲလိုက်လို့ရလာတဲ့ဟာကို အားလုံးနဲ့ မျှဝေပေးတာကလည်း နင့်ကျေးဇူးတင်စိတ်ကို ပြသတာပဲလေ”
“ဒီနေ့ ငါတို့မှာ ရစ်ငှက်တွေ မလောက်ဘူး၊ ခဏနေကျရင် နင် ရှောင်ယင်နဲ့ ရှောင်ထျယ်တို့ကို ခေါ်ပြီးတော့ မိသားစုတစ်ခုစီကို တောဟင်းရွက် နှစ်စီးစီ သွားပို့ပေးလိုက်၊ ဒါကလည်း လက်ဆောင်မဟုတ်ဘူးဆိုပေမဲ့ စဉ်းစားပေးတတ်တယ်လို့ သတ်မှတ်လို့ရပါတယ်”
ကလေးများက ခက်ခဲကြသည်။ စန်းလော့ သည်ကိစ္စကို မတိုက်တွန်းချင်လျှင် ဘာတစ်ခုမှ ပြောမည်မဟုတ်ချေ။ သို့သော် ရှန်းကျင့်ကိုယ်တိုင်က စဉ်းစားပေးတတ်သဖြင့် သူမသည် သူ့ကို လမ်းပြပေးရန် ဝမ်းသာရသည်ထက် ပိုလေသည်။
ရှန်းကျင့်က သူမ၏စကားကို စိတ်ထဲတွင် မှတ်သားထားလိုက်၏။ ရွှီမိသားစုက သူ့ကို ကယ်တင်ပေးခဲ့သည့် နေ့တွင် သူသည် နောက်ဆိုလျှင် တောကြက်များကို ဖမ်းပေးပြီး အားလုံးက ကြက်သားဟင်း စားနိုင်မည်ဟု ဝေ့လင်းကျန့်ကို ပြောခဲ့ဖူးသည့် သူ့စကားကို မှတ်မိနေသေးသည်။
သူသည် ထွက်ပြေးလာချိန်တွင် သူ့အစ်ကိုကြီးနှင့် အစ်ကိုသရှန်တို့က ချက်ချင်းလာခေါ်ပေးပြီး သူကိုယ်တိုင် တောကြက်များကို ဖမ်းဖို့ရန် အခွင့်အရေးမရခဲ့သော်လည်း ရှန်းကျင့်သည် သူ့ကတိကို မှတ်မိနေဆဲပင်။ စန်းလော့၏အကြံပြုချက်ကို ကြားလိုက်သည်တွင် သူက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်တော် တောဟင်းရွက်တွေကို ပြင်ဆင်ပြီး ရှောင်ယင်နဲ့ ရှောင်ထျယ်တို့ကို အတူတူ ခေါ်သွားလိုက်ပါ့မယ်”
ရှန်းအန်းနှင့် ရှန်းနဉ်တို့က အနီးနားတွင် တခစ်ခစ် ရယ်မောနေကြပြီး သူတို့ကို ကူညီကာ ဟင်းရွက်များကို ရွေးပေးလိုက်ပြီး မြက်ကြိုးနှင့် အစည်းလေးဖြစ်အောင် သေသေသပ်သပ် စည်းပေးလိုက်ကြသည်။
လုပ်စရာအများကြီး မရှိသဖြင့် စန်းလော့က မကူညီပေးတော့ချေ။ ထို့အစား သူမသည် အပြင်သို့ ထွက်သွားပြီး စပါးများကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရှန်းလီယူပြန်လာသည့် တောကြက်သုံးကောင်ကို စစ်ဆေးကြည့်လိုက်၏။ သူမသည် ခဏနေလျှင် တောကြက်များကို ကိုင်တွယ်ပြီး သန့်ရှင်းရေးလုပ်ဖို့ ပြင်ဆင်ရန် ရှန်းနဉ်ကို ရေနွေးအိုးတည်ပေးဖို့ လှမ်းပြောိုက်သည်။ တစ်ကောင်ကိုတော့ ကြပ်တိုက်ထားပြီး တာရှည်ခံအောင် လုပ်ထားရမည်။ ကျန်နှစ်ကောင်ကိုတော့ ချက်ချင်း စားသောက်ရန် ချက်ပြုတ်ရလိမ့်မည်။
လူခုနှစ်ယောက်ရှိပြီး ရှန်းလီက တော်တော်လေး စားနိုင်သည်။ စန်းလော့က ကြက်ရင်ပုံနှင့် ပေါင်သားကို ကြက်သားကတ်တလိတ် ကြော်ရန် ချန်ထားဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့သည် အသားပါသည့် တစ်နပ်ကို ပိုပြီး ဦးစားပေးရလိမ့်မည် ဖြစ်သဖြင့် ကြက်သားနှင့် ဝက်သားကတ်တလိတ်ကို စမ်းလုပ်ကြည့်သည်က စိတ်ကူးကောင်းတစ်ခုပင်။
သို့သော်လည်း အိမ်က မြေအိုးကို ကြည့်လိုက်ပြီး အသားအမျိုးမျိုးကို ခဏခဏ ကြော်နေလျှင် အိုးက ကြာကြာခံမည်မဟုတ်မှန်း သူမ သိလိုက်သည်။
ရှန်းလီသည် အပေါ်ဘက်ဂူငယ်လေးထဲက ဆင်းလာသည်ကို မြင်လိုက်ချိန်တွင် စန်းလော့က သူ့ကို လှမ်းခေါ်လိုက်၏။
“အပြင်ဘက်ကို ခရီးတိုလေးတစ်ခု သွားဖို့ ရှင် ကျွန်မကို အဖော်လိုက်ပေးလို့ရမလား”
ဟုတ်ပါသည်။ ‘အပြင်သွားခြင်း’မှာ လျှိုမြောင်အပြင်ဘက် ထွက်ခြင်းကို ဆိုလိုသည်။
အကြောင်းအရာ အတိအကျကို မေးမြန်းမနေဘဲ ရှန်းလီက အလိုက်သင့် သဘောတူပေးလိုက်ပြီးနောက် မေးလိုက်၏။
“မင်း တခုခု ရှာစရာရှိလို့လား”
စန်းလော့က ခေါင်းညိတ်ပြသည်။
“ကျွန်မတို့ အရင်က သွားခဲ့တဲ့ တောင်ကျချောင်းထဲမှာ အသားကင်ရင် မကွဲတဲ့ သင့်တော်ပြီး မာတဲ့ ကျောက်ပြားများ တွေ့မလားလို့ သွားကြည့်ချင်လို့”
သည်နေရာသည် မြင့်မားသည့်တောင်ထွတ်များနှင့် လှပသည့် ကျောက်ဆောင်များ ပေါများသဖြင့် ကျောက်အမျိုးမျိုးက မရှားပါးပေ။ စန်းလော့သည် လျှိုမြောင်ထဲတွင် နှမ်းဖတ်ကျောက်များကို အများကြီးတွေ့ခဲ့ရသည်။ သို့သော် ကျောက်များက တော်တော်လေး ကြီးနေသည်။ သူမသည် နေရာတွင်ပင် တစ်ခုလောက် ထွင်းထုရန်က မဖြစ်နိုင်ချေ။ အစောပိုင်းက သူမသည် ရှန်းလီနှင့် အပြင်ထွက်ခဲ့စဉ်က သူတို့သည် တောင်ကျစမ်းချောင်းတစ်ခုကို မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ ထို့ကြောင့် သူမက ထိုနေရာတွင် သင့်တော်သည့် ကျောက်တုံးများကို ရှာရန် ဆုံးဖြတ်လိုက်၏။
‘အသားကင်’ဟု ကြားလိုက်သည်တွင် ရှန်းလီသည် နားလည်လိုက်၏။ သို့သော်လည်း အသားများကို တုတ်ထိုးလျှင် အဆင်ပြေချိန်တွင် အသားကင်ရန် ကျောက်တုံးတစ်ခု လိုအပ်ရသည့် အကြောင်းအရင်းကိုတော့ သူ နားမလည်ချေ။ စန်းလော့က အပြင်ထွက်ချင်သည်ဟု ဆိုသဖြင့် ငြင်းပယ်နေစရာလည်း မလိုချေ။
“ဒါဆို ကျွန်တော်တို့ အခု သွားကြမှာလား”
စန်းလော့က ခေါင်းညိတ်ပြလိုက်သည်။ ကြက်ကိုင်သည့် အလုပ်ကို ရှန်းအန်းနှင့် ရှန်းနဉ်တို့အား လွဲထားပေးလိုက်ပြီး သူမသည် ခြင်းလွှတ်တစ်ခုကို ယူကာ အပြင်ထွက်ရန် ပြင်ဆင်လိုက်၏။
ရှန်းလီကလည်း သူ့လက်နက်နှင့် ကြိုးများကို ယူလိုက်ပြီး သူမဆီက ခြင်းကို ယူလိုက်ကာ သူမက ကိုယ့်ဟာကိုယ် သေသေချာချာ ကြိုးချည်နေသည်ကို စောင့်ကြည့်နေလိုက်သည်။ အားလုံး အစီအစဉ်အတိုင်း ဖြစ်အောင် သေချာလုပ်လိုက်ပြီးနောက် သူသည် ဂူထဲသို့ သွားမည့် ကြိုး၏တခြားအစွန်းတစ်ဖက်ကို ဆွဲကာ သူမကို နောက်မှ လိုက်လာခိုင်းလိုက်သည်။
စန်းလော့သည် တောင်အပြင်ဘက်သို့ ရှန်းလီနှင့်အတူ ခရီးတိုအများအပြား သွားခဲ့ပြီးဖြစ်သည်။ အခုတော့ အပေါ်သို့ တက်ခြင်းက သူမကို ခြေထောက် မတုန်ယင်စေတော့ချေ။ ရှန်းလီ၏ကြိုးက ကြိုတင်ကာကွယ်ပေးထားသည့် အရာတစ်ခုပင်။ သို့သော်လည်း သူတို့သည် နောက်ဆုံး နှစ်ထစ်အရောက်တွင် တောင်ထွတ်၏ မတ်စောက်မှုကြောင့် ရှန်းလီက အလိုလို လက်ဆန့်လိုက်ပြီး စန်းလော့ကို ဆွဲတင်လိုက်လေသည်။
စန်းလော့ကတော့ ထိုကိစ္စကို အတွေးမလွန်မိချေ။ ထိုနောက်ဆုံးအဆင့်များက အမှန်ပင် ခက်ခဲသည်။ ရှန်းလီအတွက်တော့ သူသည် စန်းလော့ကို ရင်ခွင်ထဲ ဆွဲထဲမိလုနီးနီးပင်။ ကံအားလျော်စွာ သူသည် မြန်မြန် နောက်ဆုတ်လိုက်နိုင်သော်ငြားလည်း သူ့လက်ချောင်းဖျားများပေါ်က ထုံကျဥ်သွားသည့် ခံစားချက်တစ်ခုနှင့် ရင်ခုန်သွားသည့် ခံစားချက်ကို တွေ့ကြုံခဲ့ရသလောက်တော့ မမြန်ဆန်ခဲ့ချေ။
...