အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အပိုင်း (၁၇၃) ကျောက်ပြား
နှစ်ယောက်သားသည် လျှိုမြောင်ထဲမှ ထွက်လာပြီး ရှောင်ကျင့်နှင့် သူ့ညီအစ်ကိုများသည် တခြားဘက်က အိမ်ထောင်စုတစ်ခုဆီသို့ တောဟင်းရွက်များကို သွားပို့ပေးလေသည်။
လျှိုမြောင်ထဲက မထွက်ကြသည့် ရွှီနှင့် ကျိုးတို့လို မိသားစုများက သူတို့၏ လျှာအရသာကို အပြောင်းအလဲ ဖြစ်စေမည့် တောဟင်းရွက်နှစ်မျိုးကို ရသဖြင့် ဝမ်းသာသွားကြသည်။ သူတို့သည် ရှောင်ကျင့်ကို ချီးကျူးစကားပြောလိုက်ကြပြီး သူ့ကို ရက်ရက်ရောရော ကျေးဇူးတင်စကား ပြောကြသည်။ ပိုပြီး အဆင်ပြေသည့် ရွှီမိသားစုက ညီအစ်ကိုသုံးယောက်အား စွန်ပလွန်နီများကို သွားရေစာအဖြစ် လက်တစ်ဆုပ်သာ ပေးလိုက်သေးသည်။
ချန်းနှင့် ရှိမိသားစုတို့သည် ထိုနေ့တွင် လျှိုမြောင်အပြင်ဘက်သို့ သွားခဲ့ကြသူများ ရှိသဖြင့် သူတို့တွင် တောဟင်းရွက်မပြတ်ချေ။ သို့သော်လည်း သူတို့သည် ရှန်းကျင့်က သူ့ညီလေးများကို ဦးဆောင်ကာ တောဟင်းရွက်များ လာပေးသည်ကိုမြင်ရသဖြင့် ဝမ်းသာကြပြီး လက်ဆောင်ကို ဝမ်းပန်းသတာ လက်ခံပေးကြသည်။ အိမ်တွင် သကြားညိုနည်းနည်းပါးပါး ရှိသည့် အဘွားချန်းသည် ကောင်လေးသုံးယောက်က ပိန်လွန်းနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့ကို တစ်ယောက် တစ်တုံးစီပေးကာ ပြောလိုက်၏။
“ပြန်ရောက်ရင် ဒါကို အချိုရည်လေးဖြစ်အောင် အရည်ဖျော်လိုက်နော်”
အိမ်တချို့ကို အလည်ပတ်သွားပြီးနောက်ပြီး ရှန်းကျင့်သာမက ရှန်းထျယ်ပါ တစ်ခုခု ကွဲပြားနေသည်ကို ခံစားမိလိုက်၏။
ဒါသည် အရင်က ရွာထဲတွင် ဆက်ဆံခံခဲ့ရပုံနှင့် လုံးဝကွာခြားလှသည်။
ရှန်းကျင့်သည် တစ်ခုခုကို ခပ်ရေးရေးလေး နားလည်လာပြီး သူ့မရီးက ရွာထဲက သည်မိသားစုများနှင့် အလွန်သင့်မြတ်လှသည့် အကြောင်းအရင်းကိုလည်း ရိပ်မိလာလေသည်။
ဟုတ်ပါသည်။ လူတစ်ယောက်သည် စေတနာကို ပြန်ပေးဆပ်ဖို့ တစ်ခုခု လုပ်တတ်သည့် အရည်အချင်းရှိလာပြီး ကြီးပြင်းလာသည်အထိ စောင့်ဆိုင်းနေရန်မလိုချေ။ အရေးအကြီးဆုံးမှာ လုပ်ရပ်နောက် စိတ်ရင်းမှန်မှုပင်။
သူတို့၏နောက်ဆုံး သွားပို့သည့်အိမ်က လုမိသားစုဖြစ်သည်။ ရှန်းကျင့်က ဂူဝင်ပေါက်နားတွင် အဘွားလုအား ပစ္စည်းများကို ကမ်းပေးလိုက်သည်။ သူနှင့် သူ့ညီလေးများကို ပြန်ဖို့ ပြင်လိုက်သည်တွင် ရှန်းကျင့်သည် တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားမိလိုက်၏။ သိလိုစိတ်ဖြင့် ကိုယ်ကို လှည့်လိုက်ကာ လှောင်ပိတ်ခံထားရသည့် ဝမ်ချွန်းညန်ကို တွေ့လိုက်ရသည်။
ဝမ်ချွန်းညန်ကလည်း သူ့ကို ကြည့်နေပြီး သူမ၏စူးရှသည့်အကြည့်က ရှန်းကျင့်ကို ထူးထူးခြားခြား နေရခက်စေလေသည်။
သူသည် ခဏလောက် ချီတုံချတုံဖြစ်သွားသော်လည်း မြန်မြန် အကြည့်လွဲလိုက်ကာ ထပ်မမေးလိုက်တော့ချေ။ သူသည် အလုပ်လုပ်ရန် အိမ်ပြန်ရအုံးမည်ဟု လုမိသားကို နှုတ်ဆက်လိုက်ကာ ရှန်းယင်နှင့် ရှန်းထျယ်ကို ခေါ်ပြီး အိမ်ပြန်လာလိုက်သည်။
တော်တော်ဝေးဝေးသို့ ရောက်လာမှ ရှန်းယင်က တိုးတိုးလေး မေး၏။
“တတိယအစ်ကို ဟူကျီရဲ့အမေက ပိတ်လှောင်ခံထားရတာလား”
ရှန်းကျင့်က သူ့လက်ကို ဖျစ်ညစ်ထားလိုက်ပြီး ပြန်ဖြေလိုက်၏။
“အခု ဒီအကြောင်းကို မပြောနဲ့၊ ပြန်ရောက်မှ ဒုတိယအစ်ကိုကို မေးရမယ်”
ရှန်းယင်သည် အံ့ဩသွား၏။
“မင်း သူ့ကို ဒုတိယအစ်ကိုလို့ ခေါ်လိုက်တာလား”
အတိတ်က ရှန်းကျင့်သည် ရှန်းအန်းနှင့် ရှန်းနဉ်တို့ကို နာမည်တပ်ခေါ်နေကြဖြစ်သည်။
ရှန်းကျင့်သည် အနည်းငယ် နေရခက်သော်လည်း ဝန်ခံလိုက်၏။
“ငါ အရင်က လုပ်ခဲ့တာက မမှန်ဘူး”
ရှန်းယင်နှင့် ရှန်းထျယ်တို့နှစ်ယောက်လုံးက အော်ရယ်ကြသည်။ သူတို့၏ပျော်ရွှင်မှုသည် တဖြည်းဖြည်း လျော့ပါးလာပြီး ရှန်းထျယ်၏အတွေးများက ထျန်းယာဆီသို့ ရောက်သွားတော့သည်။ သူ့ခေါင်းလေးကို ငုံ့ထားလိုက်ပြီး သူက ပြောလိုက်၏။
“ထျန်းယာနဲ့ ငါတို့မိဘတွေ ဒီမှာရှိနေသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ဒါဆိုရင် အစားအသောက်လဲ အလျှံပယ်ရှိလာမှာ”
မျက်နှာပေါ်တွင် အနည်းငယ် တောင့်တင်းနေပြီး ခြင်းကို ကိုင်ထားသည့် ရှန်းကျင့်၏လက်များသည် မသိမသာ တုန်ယင်သွားလေသည်။ သူသည် သူ့ခံစားချက်များကို ကြီးမားသည့် အားထုတ်မှုဖြင့် မြိုသိပ်ထားလိုက်ရသည်။ ခဏကြာပြီးနောက်တွင် သူသည် ရှန်းထျယ်၏ ပုခုံးကို ပုတ်ပေးလိုက်၏။
“ဒီအကြောင်း စိတ်ထဲ မထည့်နဲ့တော့”
ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်မှတ်ချက်တွေကို တားမြစ်ထားသင့်တယ်။
မသိခြင်းကလည်း ကံကောင်းခြင်းတစ်ခုပဲတဲ့။ အနည်းဆုံးတော့ တစ်ယောက်က သူ့ဒုက္ခကနေ လွှတ်မြောက်သွားပြီလေ။
အိမ်ပြန်ရောက်လာသည်တွင် ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် ရေနွေးကျိုနေကြသည်။ ရှန်းကျင့်က သူ့အိတ်ကပ်ထဲတွင် မဖြစ်စလောက် သကြားလုံးနှင့် လက်တစ်ဆုပ်စာ စွန်ပလွန်သီးကို ထုတ်ကာ ပြောလိုက်၏။
“ဒါတွေက အဘွားချန်းနဲ့ အဘွားရွှီတို့ ပေးလိုက်တာ”
ရှန်းနဉ်က လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်ကာ ဗီဒိုထဲက ပန်းကန်လုံးတစ်ခုကို ထုတ်လာလိုက်သည်။ “အခုတော့ ဒါတွေကို သိမ်းထားလိုက်မယ်၊ သကြားကို ကြက်ဥဆန်ပြုတ်လုပ်တဲ့အခါ သုံးမယ်၊ နောက်ကျမှ စွန်ပလွန်သီးမုန့် လုပ်နည်းကို ယောင်းမနားမေးထားလိုက်မယ်၊ သူက ဒီအကြောင်းကို ပိုသိတယ်”
ကိုယ်ကို ပြန်လှည့်လိုက်ပြီး သူမသည် ပန်းကန်လုံးကို ဗီဒိုထဲသို့ ပြန်ထည့်ထားလိုက်၏။
ရှန်းနဉ်၏ တရစပ် အစီအစဉ်များကို လေ့လာကြည့်လိုက်ပြီး ရှန်းကျင့်သည် မနေနိုင်တော့ဘဲ သူ့အတိတ်ကို ပြန်စဉ်းစားမိသွားတော့သည်။ သူ့လည်ချောင်းက တင်းကြပ်လာသော်လည်း သူသည် တစ်ခုခုကို ဖော်ပြရန် မတတ်နိုင်ဖြစ်နေသည်ကို ပြန်တွေ့လိုက်ရသည်။
ရေက ဆူပွက်နေပြီဖြစ်သဖြင့် ရှန်းအန်းက တောကြက်သုံးကောငကို အမွှေးနှုတ်ရန် ပြင်ဆင်ဖို့ မြေဇလုံတစ်ခုကို ထုတ်ထားပြီးဖြစ်သည်။ ရှန်းကျင့်က အနားကပ်လာပြီး ကူညီပေးဖို့ အသင့်ပြင်လိုက်ကာ လုမိသားစုအခြေအနေကို တိတ်တိတ်လေး မေးမြန်းလိုက်လေသည်။
ရှန်းကျင့်၏မေးခွန်းကို ကြားလိုက်သည်တွင် ရှန်းအန်းက ဝမ်ချွန်းညန်၏ ကိစ္စနှစ်ခုကို အကျဉ်းချုံး ရှင်းပြလိုက်သည်။ “အဘွားလုနဲ့ တခြားသူတွေက သူ့ကို ဆက်တိုက်စောင့်ကြည့်နေလိမ့်မယ်၊ မင်းဟာမင်း စိတ်ပူနေစရာမလိုဘူး၊ ဘာမှမသိသလိုဘဲ နေလိုက်ရုံပဲ”
ဝမ်ချွန်းညန် အကျယ်ချုပ်ခံထားရသည်ကို ပြန်စဉ်းစားလိုက်ပြီး သူက သူ့ညီသုံးယောက်ကို သတိပေးလိုက်လေသည်။
“ဒါပေမဲ့ ငါတို့တွေ လျှိုမြောင်ထဲမှာ ရှိနေတဲ့အချိန်မှာ အကျယ်ကြီး မအော်ဖို့နဲ့ အော်မငိုဖို့ မှတ်ထားနော်၊ ငါတို့တွေက အခုလောလောဆယ် ဒီမှာ လုံခြုံနေတယ်၊ ဒါပေမဲ့ အပြင်ဘက်တောထဲမှာ တစ်ယောက်ယောက် ရှိနေပြီး ငါ့တို့ကို တွေ့သွားကြရင် ငါတို့ရဲ့အေးချမ်းတဲ့နေ့တွေ ကုန်သွားလိမ့်မယ်”
ညီအစ်ကို သုံးယောက်လုံးက တပြိုင်တည်း ခေါင်းညိတ်ပြလိုက်သည်။ ရှန်းကျင့်သည် တစ်ချို့လူများက မည်မျှ ကြောက်စရာကောင်းနိုင်သည်ကို အထူးတလည် ကောင်းကောင်းသိနေလေသည်။
...
ရှန်းလီနှင့် စန်းလော့တို့သည် လျှိုမြောင်ထဲက ထွက်လာပြီး စန်းလော့ ပြောခဲ့သည့် တောင်ကျစမ်းချောင်းဆီသို့ တန်းလာခဲ့လိုက်ကြသည်။ လမ်းတလျှောက်တွင် စန်းလော့သည် သင့်လျော်သည့် ကျောက်များကို ဆက်တိုက် ကြည့်လာခဲ့ပြီး ရှန်းလီကလည်း ကူညီပေးနေရင်းက သူမ မကြည့်သည့်အချိန်တိုင်း သူမကို ခိုးကြည့်နေမိလေသည်။
သူတို့သည် အိမ်ထဲက အတူတူ ထွက်လာခဲ့ကြပြီး သူ့နှလုံးသားက ပျော်ရွှင်မှု အပြည့်ဖြစ်နေ၏။ သူသည် ၅လပိုင်း အစောပိုင်းတွင် လျှိုမြောင်ထဲက ထွက်လာခဲ့ပြီး လကုန်မှ ပြန်လာခဲ့ရသည်။ သူသည် စန်းလော့ကို မတွေ့ရသည်မှာ အလွန်မှ ကြာသွားသည်။ သို့တိုင် မနေ့နှင့် သည်နေ့တွင် မဆုံးနိုင်သည့် အလုပ်များပြည့်နေခဲ့ပြီး သူတို့အတူတူ သီးသန့်ကုန်ဆုံးရသည့်အချိန်က မဆိုစလောက်လေးပင်။
ဟုတ်ပါသည်။ အချင်းချင်း အပြန်အလှန် အဖော်ပြုရင်း သူမကို မြင်နေရရုံလေးကပင် သူ့စိတ်အတွင်းနက်ထဲအထိ လုံလောက်နေ၏။
စန်းလော့ ပြောခဲ့သည့် တောင်ကျစမ်းချောင်းက အမှန်တွင်တော့ လျှိုမြောင် အပြင်ဘက် အစွန်းနှင့် သိပ်ပြီးမဝေးလှချေ။ လမ်းလျှောက်လျှင် ၁၅မိနစ်လောက်သာ ရှိသည်။ စမ်းချောင်းထဲက ကျောက်တုံးများက ပိုပြီးအစိုဓာတ်များကာ တောင်ပေါ်တွင် တွေ့ရသည့်ကျောက်များထက် ပိုပြီးသေးလေသည်။ ကျောက်ပြား ပါးပါးလေးတစ်ချပ်ကို တွေ့ရနိုင်ခြေကတော့ အမှန်ပင် ပိုများသည်။
စန်းလော့သည် သူမ၏အဝတ်ဖိနပ်နှင့် ခြေအိတ်တို့ကို ငုံ့ကြည့်လိုက်ပြီး သူမသည် ရေထဲဆင်းရန် ချွတ်ရကောင်း နိုးနိုးချင့်ချိန်နေလိုက်၏။ သူမက မဆုံးဖြတ်ရသေးခင်မှာပင် ရှန်းလီက သူမကို လှမ်းခေါ်လိုက်၏။
“ကျွန်တော် ဆင်းသွားလိုက်မယ်၊ မင်းက ဒီကနေ စောင့်ကြည့်လိုက်၊ မင်း သဘောကျတာ တစ်ခုခုတွေ့ရင်း ကျွန်တော် မင်းအတွက် ဆယ်လာပေးမယ်”
သို့နှင့် သူသည် သူ၏ခြေအိတ်၊ ဖိနပ်များကို ချွတ်လိုက်ပြီး ရေထဲဆင်းသွားကာ စန်းလော့အတွက် သင့်တော်သည့် ကျောက်ပြားတစ်ချပ်ကို ရှာပေးလေသည်။ သူက စမ်းချောင်းထဲတွင် လျှောက်သွားနေစဉ် သူမက ကမ်းနဖူးတလျှောက် လျှောက်လာလိုက်သည်။ ကမ်းနဖူးနားက နေရာကို ခြုံကြည့်လိုက်ပြီး ကျေနပ်စရာ ဘာမှတွေ့သသဖြင့် စန်းလော့ စမ်းချောငး အလယ်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏ သူမသည် ကျောက်ပြားတစ်ခုနှင့် ဆင်တူသည့်အရာ တွေ့လိုက်တိုင်း သူမက ရှန်းလီကို လက်ညိုးထိုးပြတတ်သည်။
“ရှန်းလီ ရှင့်ရှေ့က အဲဒီတစ်ခုကို ကြည့်လိုက်၊ ဘယ်ဖက်က”
တော်တော် ပြာချပ်သည့်ကျောက်တုံးတစ်ခုပင်။ ရှန်းလီသည် ကျောက်ပြားကို လှန်ကြည့်မှ အောက်ဘက်က အလွန်ထူပြီး ပုံမကျသည်ကို တွေ့လိုက်ကာ သူတို့အိမ်တွင် သုံးနေသည့် ကျောက်ပြားနှင့် တူနေလေသည်။
သူက ခေါင်းခါပြလိုက်ပြီး စန်းလော့၏မျက်နှာက မသိမသာ ညိုးကျသွားသည်။ သူမသည် ရေထဲတွင် ရှာဖွေရေးဆက်လုပ်လိုက်၏။
“ညာဘက် ခြေလှမ်းသုံးလှမ်းလောက်မှာ နောက်ထပ်တစ်ခု ရှိသေးတယ်၊ နည်းနည်းလေး ပိုကောင်းမလား ကြည့်ကြည့်ပါအုံး”
တစ်ယောက်က ကြည့်ပေးနေစဉ် ကျန်တစ်ယောက်က ရေထဲတွင် လျှောက်ကာ ကျောက်တုံးများကို လှန်ပြီးရှာနေရာ ရှာဖွေမှုက တော်တော်လေး အသက်ဝင်နေသည်။ သူတို့သည် စမ်းချောင်း အောက်ဘက် ပေ၃၀ခန့်အထိ ဆင်းလာကြပြီးနောက် ရှန်းလီသည် အထူ နှစ်လက်မ တစ်ဖက် မျက်နှာပြင်က တော်တော်လေး ပြားသည့် မြေဇလုံအရွယ် ကျောက်ပြားအကြမ်းတစ်ခုကို ရှာတွေ့သွားလေသည်။ ကျန်တဖက်ကတော့ လုံးဝ ပြားနေသည်မဟုတ်သော်လည်း သူတို့ အစောပိုင်းက ကြည့်ခဲ့ကြသည့် ဒါဇင်ကျော်ထက်တော့ သိသိသာသာ ပိုကောင်းလေသည်။
သူသည် ကျောက်ပြားကို ကောက်ယူလိုက်ပြီး စန်းလော့ကို ပြလိုက်၏။
“အားလော့ ဒီတစ်ခုက အဆင်ပြေမယ်လို့ ထင်လား”
သူသည် ပြောရင်းဆိုရင်း ကမ်ပေါ်တက်လာကာ စန်းလော့ စစ်ဆေးကြည့်ရန် ကျောက်ပြားကို လှနပြလိုက်လေသည်။ သူမ၏မျက်လုံးများက လင်းလက်သွား၏။
“ကွက်တိပဲ၊ ဒီထက် ပိုသင့်တော်တာ မရှိတော့ဘူး”
အပြုံးတစ်ခုက ရှန်းလီ၏မျက်လုံးထဲတွင် လျှို့ဝှက်စွာပေါ်ထွက်လာသ။ သူသည် ကျောက်ပြားကို ဘေးချထားလိုက်ပြီး ပြောလိုက်၏။
“ကျွန်တော် ဆက်ရှာလိုက်အုံးမယ်၊ ကျွန်တော်တို့တွေ အသင့်တော်ဆုံးတစ်ခုကို သုံးကြမယ်”
စန်းလော့က ကျောက်ပြားကို လှန်ကြည့်ရင်း ပြန်ဖြေလိုက်၏။
“အပိုရှိသေးရင် အဘွားချန်းတို့အတွက် တစ်ခုလောက် ယူသွားရအောင်”
ကျောက်တုံးသည် ရှောင်ကျင့်နှင့် သူ့ညီလေးများ မဖို့ရန် တော်တော်လေး ကြီးမားသော်လည်း ချန်းသရှန်ကတော့ အားကျလိမ့်မည်မှာ သံသယဖြစ်ရန်မလိုချေ။ သူတို့သည် မကြာခဏ အသားကင်စားကြပြီး ချန်းမိသားစုတွင် အမဲကောင်များ အများအပြားရှိလေသည်။ အတူတူ ကင်စားကြလျှင်အများကြီး ပိုပြီး ပျော်စရာကောင်းလိမ့်မည်။
ရှန်းလီကလည်း တူညီသည့်ထိုအတွေး ရှိပုံရသည်။ သူတို့နှစ်ယောက်လုံးက ရယ်မောလိုက်ကြ၏။ သူတို့သည် စမ်းချောင်းအောက်ဘက်သို့ ဆက်ပြီးရှာလိုက်ကြသည်။ သူတို့သည် ရေကန်ငယ်လေးတစ်ခုသို့ ရောက်လာချိန်တွင် နောက်ထပ် သင့်တော်သည့် ကျောက်တစ်ခုကို ရှာတွေ့ခဲ့ကြသည်။
ရှန်းလီသည် ပြန်လာပြီး သူ့ခြေအိတ်နှင့် ဖိနပ်ကို စီးလိုက်၏။ သူသည် ပထမဆုံး ရှာတွေ့ထားသည့် ကျောက်ပြားကို ရေကန်လေးအစွန်းဆီသို့ သယ်လာခဲ့သည်။ ထိုနေရာတွင် သူသည် အနီးနားက သစ်ကိုင်းတစ်ချို့ကို ချိုးလိုက်ပြီး အခေါက်များကို ခွာလိုက်ပြီး အတူတူတွဲစည်ထားလိုက်ပြီး လက်ဖြစ်ဝက်မှင်ဘီးတစ်ခု လုပ်လိုက်သည်။ စန်းလော့နှင့်အတူတူ သူတို့သည် ကျောက်ပြားကို သန့်ရှင်းသွားအောင် သေသေချာချာ ပွတ်တိုက်လိုက်၏။
သစ်ကိုင်းများ သစ်ရွက်များက ငါးများကို ဆွဲဆောင်ခဲ့ဟန်တူသည်။ စန်းလော့သည် ကမ်းစပ်နားတွင် ကူးခပ်နေသည့် ငါးတစ်ချို့ကို သတိထားမိလိုက်သည်။ ငါးသည် အနည်းဆုံး တစ်ပေါင်လောက်ရှိပြီး သူတို့လယ်ကွယ်ထဲတွင် မွေးထားသည့် ငါးများထက် အများကြီး ပိုကြီးလေသည်။ တစ်ကောင်ထပ် ပိုရှိနေသည်။
အံ့ဩစရာကောင်းလိုက်တဲ့ ပါဝင်ပစ္စည်း။ ရုတ်တရက်ကြီး ငါးဟင်းရည် စားချင်သွားပြီ။
သူမက ရှန်းလီကို တိုးတိုးလေး ပြောလိုက်၏။
“ငါးတွေ ရှိတယ်နော်”
သူမက ပြောရင်းဆိုရင်း သူမနောက် ခြင်းကို ဂရုတစိုက် လှမ်းယူလိုက်ပြီး ငါးဖမ်းရန် စဉ်းစားလိုက်လေသည်။ သူမသည် မဖမ်းနိုင်လျှင် ငါးထောင်ချောက်တစ်ခု လုပ်လိုက်မည်။ ဒါသည် သူမ ကျွမ်းကျင်သည့်အရာပင်။
ရှန်းလီက သူမ၏တောက်ပနေသည့် မျက်လုံးများကို လေ့လာကြည့်လိုက်ပြီး အပြုံးတစ်ခုက သူ့နှုတ်ခမ်းထောင့်တွင် အလိုလို ပေါ်ထွက်လာလေသည်။ ရေကန်ထဲက ငါးကို လှမ်းကြည့်လိုက်ပြီး သူက တိုးတိုးလေး ပြောလိုက်၏။
“ကျွန်တော် လုပ်လိုက်မယ်”
သူသည် သစ်ခေါက်ဝက်မှင်ဘီးကို ချထားလိုက်ပြီး ခြင်းကို မယူလိုက်ဘဲ သတိလေးနဲ့ ရေကန်ရဲ့အစွန်းကို မှီချလိုက်ပြီး အသက်အောင့်ရင်း ရေမျက်နှာပြင်ကို စူးစိုက်မှုနဲ့ စိုက်ကြည့်နေလိုက်တယ်။
စန်းလော့လည်း မနေနိုင်တော့ဘဲ အသက်အောင့်ထားမိလိုက်ပြီး သူမ၏နှုတ်ခမ်းကို ကိုက်ရင်း စောင့်ကြည့်နေလိုက်လေသည်။
သူက လက်ဗလာနဲ့ ငါးဖမ်းမလို့တဲ့လား။
ဒါက ဖြစ်နိုင်လို့လား။
ရှန်းလီသည် အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပြီး သူ့လက်ကို ရေကန်ထဲ အားဖြင့် ထိုးထည့်လိုက်ချိန်တွင် စန်းလော့ပင် ပိုပြီး စိတ်လှုပ်ရှားနေလေသည်။ သူသည် သူ့လက်ကို ရေထဲက ဆွဲထုတ်လိုက်ချိန်တွင် ရုန်းကန်သည့်ငါးတစ်ကောင်ကို တင်းနေအောင် ဖမ်းဆုပ်ထားလေရာ သူမ၏မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။
“ရှင် တကယ် ဖမ်းနိုင်တာပဲလား”
လုံးဝ မျက်လှည့်လိုပဲ။
သူမ၏ တအံ့တဩအသံက ရှန်းလီ၏မျက်နှာပေါ်သို့ မသိသာသည့် အပြုံးတစ်ခုကို ယူဆောင်လာပေးသည်။
“တောင်တွေထဲမှာ အစားအသောက်မရှိဘူးလေ၊ ဒီတော့ ကျွန်တော်တို့တွေ ဒါကိုပဲ မှီခိုခဲ့ရတာ၊ အချိန်ကြာတာတော့ ကျွန်တော်တို့လည်း တိကျမှု တိုးတက်လာတာပေါ့”
ငါးကို ခြင်းထဲ ထည့်လိုက်ပြီးနောက်တွင် သူက စန်းလော့ကို မေးလိုက်၏။
“နောက်တစ်ကောင် ထပ်ဖမ်း စေချင်သေးလား”
စန်းလော့ ခေါင်းတွင်တွင် ညိတ်ပြလိုက်သည်။
အလန့်တကြား ဖြစ်သွားသည့် ငါးအုပ်သည် ရုန်းရင်းဆန်ဆတ် ကွဲသွားကြပြီးဖြစ်လေသည်။ သို့သော်လည်း သည်နေရာတွင် နေထိုင်သူ မရှိခဲ့သယောင် ငါးများသည် တထူးတလည် သတိထားခြင်းမရှိကြချေ။ ရေကန်သည် သေးငယ်ပြီး အဝေးသို့ ကူးသွားကြသည့် ငါးများသည် အချိန်တိုအတွင်းတွင် ပြန်ရောက်လာကြသည်။
ရှန်းလီက ငါးများကို ဖမ်းရန် အလျင်မလိုချေ။ သူသည် ပြီးပြည့်စုံသည့်အချိန်ကို စောင့်နေလိုက်ပြီး တစ်ကြိမ် ကျရှုံးပြီးနောက် တတိယမြောက် ကြိုးစားမှုတွင် နောက်တစ်ကောင်ကို အောင်အောင်မြင် ဖမ်းမိသွားကြီး ဝါးခြင်းထဲသို့ ထည့်လိုက်လေသည်။
စန်းလော့သည် ငါးနှစ်ကောင်ကို လှမ်းကြည့်လိုက်ပြီး ကျောက်ပြားကို ပွတ်တိုက်ဆေးကြောနေသည်ကို ရပ်ထားလိုက်၏။
“ဒါကို နောက်မှ ဆေးရအောင်၊ ကျွန်မတို့မှာ ရေပုံးမပါလာဘူး၊ အပြန်ခရီးမှာ ဒီငါးတွေ အသက်ရှင်ပ့ါမလား”
ရှန်းလီက သူမကို ကြည့်လိုက်ပြီး “မင်းက ဒီငါးတွေကို မနက်ဖြန်မှ စားချင်လို့လား”
စန်းလော့ ခေါင်းညိတ်ပြလိုက်၏။
“ကျွန်မတို့ ဒီနေ့အတွက် ရစ်ငှက်ရှိသေးတယ်လေ”
ရှန်းလီသည် သူတို့၏ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပြီး ထရပ်လိုက်ကာ သစ်ရွက်ကြီးတစ်ချို့ကို ခူးလိုက်သည်။
“ကျွန်တော်တို့ လျှိုမြောင်နဲ့မှ သိပ်မဝေးတာ၊ စမ်းကြည့်ကြတာပေါ့”
သူသည် ခြင်းထဲက ငါးများကို ဖယ်လိုက်ပြီး အောက်ဘက်နှင့် ဘေးဘက်တွင် သစ်ရွက်များကို ခြောက်လက်မ ခုနှစ်လက်မ မြင့်အောင် ခင်းထားလိုက်ပြီး အလယ်အလတ်အရွယ်အသား ကျောက်တုံးများနှင့် လုံအောင် ဖိထားလိုက်သည်။ ထို့နောက် သူက ရေကို ခြင်းထဲသို့ ခပ်ထည့်လိုက်၏။
သစ်ရွက်များသည် ထူထဲကြီးမားသဖြင့် ရေမစိမ့်ဘဲ ကောင်းကောင်း အလုပ်ဖြစ်သွားသည်။
သူသည် ငါးနှစ်ကောင်ကို ခြင်းထဲပြန်ထည့်လိုက်ပြီး နောက်ထပ် သစ်ရွက်ဖြင့်ဖုံးထားလိုက်ကာ စန်းလော့ကို လှမ်းပေးလိုက်လေသည်။
“သတိထားနော်၊ လမ်းတလျှောက်မှာ ငါးတွေ ခုန်နိုင်တယ်”
သူသည် ခြင်းကို သူ့ဟာသူ သယ်ချင်သော်လည်း ကျောက်ပြားနှစ်ခုက ကြီးမားကာ သူ့လက်ထဲတွင် လေးလံနေသည်။ စန်းလော့ကို လေးလံသည့်အရာ မခိုင်းဖို့ မဖြစ်နိုင်ချေ။
စန်းလော့ကလည်း ငါးများ တဖျတ်ဖျတ်ခပ်နေသည်ကို မကြောက်ချေ။ သူမသည် ဝါးခြင်းတောင်း၏ ကြိုးကို နေရာချိန်လိုက်ပြီး ဒါကို ရေပုံးတစ်လုံးကို သဘောထားလိုက်ကာ မလိုက်လေသည်။
လျှိုမြောင်က အရမ်းမဝေးချေ။ ၁၅မိနစ်ကျော်လောက် လမ်းလျှောက်ပြီးနောက်တွင် သူတို့သည် လျှိုမြောင်ဝင်ပေါ်သို့ ရောက်လာကြသည်။ အမြီးများက တဖတ်ဖတ် လှုပ်နေပြီး ငါးနှစ်ကောင်သည့် အလွန်မှ ဖျတ်လတ်နေဆဲ။ - စန်းလော့သည် သစ်ရွက်များကို မ, မကြည့်လျှင်တောင် ပြောနိုင်လေသည်။
လျှိုမြောင်ထဲသို့ ဆင်းလာချိန်တွင် ဝူကျန့်အချိန်ကျော်နေပြီ ဖြစ်သည်။ တစ်နေ့ နှစ်နပ်သာ စားကြသည်တွင် ညနေစာကို ရှန်ရှီအချိန်တွင် ပြင်ဆင်ကြရာ အချိန်အများကြီး မကျန်တော့ချေ။
စန်းလော့က ဝါးခြင်းတောင်းကို အငယ်လေးများအား လှမ်းပေးလိုက်ပြီး ငါ့များကို ရေပုံးထဲတွင် အသက်ရှင်လျက်ထားဖို့ မှာလိုက်သည်။ ထို့နောက်တွင် သူမသည် သူတို့အခုလေးတင်မှ သယ်လာသည့် ကျောက်ပြားများကို တိုက်ချွတ်ရန် ရှန်းလီဆီသို့ သွားလိုက်သည်။ ကျောက်ပြားများကို သန့်ရှင်းအောင် ဆေးလိုက်ပြီနောက်တွင် သူတို့သည် ပြန်လာကြကာ အိမ်အပြင်ဘက် သစ်ပင်တစ်ပင်အောက်တွင် လက်ဖြစ်မီးပုံမီးဖိုတစ်ခု ဆောက်ဖို့ နေရာလွတ်တစ်ခုကို ရှာလိုက်ကြသည်။ မီးဖိုတစ်ခု လုပ်ရန် ကျောက်တုံးများကို စီကာထပ်ထားခြင်းက အရေးပါလေသည်။
ပိုပြီး သာမန်ဖြစ်ကာ ဟိတ်မဟန်မရှိလေလေ အငယ်လေးများ၏ သိလိုစိတ်က ပိုပြီး မြင့်တက်လာလေလေဖြစ်ကာ အိမ်နီးချင်းက ရွှီဝမ်ပေါ်၊ ရွှီဝမ်ယင်း၊ ချန်းအာ့ရှန်နှင့် ချန်းရှောင်ယာတို့ပင် ဝင်လာကြလေသည်။
ချန်းရှောင်ယာက ဘေးတွင် ဆောင့်ကြောင့်လာထိုင်းပြီး ကျောက်တုံးလေးများကို လက်ဆင့်ကမ်းပေးပြီး သူမက စောင့်ကြည့်နေရင်းမှ သူမ၏မျက်လုံးများမှာ လင်းလက်လာတော့သည်။
“အစ်မ အားလော့၊ အိမ်လုပ်တမ်း ကစားနေတာလား”
ရှီလီရွာတွင် ကလေးများသည် ကစားနည်း တစ်ချို့ရှိလေသည်။ ထို့ကြောင့် အိမ်လုပ်တမ်း ကစားခြင်းကလည်း သူတို့ကြားထဲတွင် လူသိများသည့် ကစားနည်းဖြစ်လေသည်။ အထူးသဖြင့် ချန်းရှောင်ယာလို ကလေးများအတွက်ဖြစ်သ်ည။ စန်းလော့သည် ချောင်အာ၊ စန်းနျို၊ ရှီထိုနှင့် အားရှုတို့ ကစားတတ်သည့် တော်တော်များများ တွေ့ခဲ့ဖူးသည်။ သူတို့သည် မီးဖိုတစ်ခုလုပ်ရန် ကျောက်တုံးများ ထပ်လိုက်ကြပြီး ကျောက်ပြားများကို အိုးလို သုံးကြကာ သစ်သားပြားကို ယောက်မလုပ်ပြီး သစ်ရွက်နှင့် ရေများကို သယ်ပြီး မီးမွှေးကာ အမှန်အကန် ချက်ပြုတ်တမ်း ကစားကြလေသည်။ တစ်ယောက်ချင်းစီက အဖေ၊ အမေ၊ မောင်နှမ လုပ်ကြလေသည်။
သူမက တခစ်ခစ်ရယ်မောလိုက်ပြီး “ဟုတ်တယ်၊ ငါတို့ အိမ်လုပ်တမ်း ကစားနေတာ၊ ပါချင်လား”
“တကယ်လား၊ သမီး နောက်ထပ် သူငယ်ချင်းတွေကို ခေါ်လို့ရလား” ချန်းရှောင်ယာသည် စိတ်လှုပ်ရှားလာပြီး သူမ၏-င်လေးကို ဟိုလှည့်သည်လှည့်လုပ်ကာ သူမ၏ကစားဖော်များကို စိတ်အားထက်သန်စွာ ခေါ်လေသည်။
စန်းလော့က သူမကို လှမ်းတားလိုက်ပြီး “မလောပါနဲ့၊ ဒီကျောက်တုံး အလုပ်ဖြစ်သလားလို့ အရင်ဆုံး စမ်းကြည့်အုံးမယ်”
ကျောက်တုံးက အပူဒဏ်ကို မခံနိုင်ဘဲ ကွဲသွားလျှင် စိတ်ကြည်နူးဖွယ် စမ်းသပ်မှုတစ်ခု မဟုတ်တော့ချေ။ သို့သော်လည်း သည်ကျောက်ပြားနှစ်ခု၏ မာကြောမှုကို ကြည့်လိုက်ပြီး ထိုဖြစ်လိမ့်မည်ဟု သူမ မထင်ချေ။ သူတို့သည် စမ်းကြည့်ပြီးမှသာ သေချာသိလိမ့်မည်။
မီးဖိုလုပ်ပြီးသည်နှင့်တပြိုင်နက် ရှန်းလီက မီးစမွှေးလိုက်ပြီး ထင်းများကို ထည့်လိုက်၏။ စန်းလော့က ဘေးမှ ကြည့်ရင်း ညွှန်ကြားလေသည်။
“မီးကို အရမ်းပြင်းအောင် မလုပ်နဲ့နော်”
ကျောက်တုံးပေါ်တွင် အသားကင်ခြင်းက မီးပြင်းပြင်းမလိုအပ်ချေ။
မီးတောက်လာချိန်တွင် ကျောက်ပြားကို ပေါ်တွင်တင်လိုက်ပြီး ကလေးများကို ဝေးဝေးနေခိုင်းလိုက်သည်။ အချိန်တစ်ခု ကြာပြီးမှ စန်းလော့သည် သစ်ချောင်းရှည်တစ်ခုဖြင့် ကျောက်ပြားကို ထိုးကြည့်လိုက်သည်။
ကွက်တိပဲ။ ဘာမှမဖြစ်ဘူး။
သူမသည် ဝမ်းသာသွားတော့သည်။
“ဒီကျောက်ပြားက သုံးလို့ရတယ်”
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် ကလေးများအကူအညီဖြင့် ကြက်သုံးကောင်ကို ပြင်ဆင်ထားပြီးဖြစ်လေသည်။ ကျောက်ပြားအောက်က ကျန်နေသည့်မီးစများကတော့ မကြာမီ ငြိမ်းသွားလိမ့်မည်။ ထို့ကြောင့် စန်းလော့က ဒါကို စိတ်မပူတော့ချေ။ သူမက ကလေးများကို ခပ်ဝေးဝေးတွင် နေခိုင်းလိုက်ပြီး သူမကိုယ်တိုင် ပါဝင်ပစ္စည်းများကို ပြင်ဆင်တော့သည်။
သည်အချိန်တွင် ချန်းသရှန်သည် ဆူညံသံကို သတိထားမိသွားပြီး ရောက်လာ၏။ ရှန်းလီကို မေးမြန်းလိုက်ပြီးနောက် စန်းလော့က ဟင်းလျာအသစ်ကို စမ်းသပ်နေပြီး သူ့မိသားစုအတွက် ကျောက်ပြားတစ်ခုကိုပင် သယ်လာပေးကြောင်း သိလိုက်ရသည်။ သူသည် သူ့လက်နှစ်ဖက်ကို စိတ်အားထက်သန်စွာ ပွတ်သပ်လိုက်ပြီး ရှန်းလီကို တိုက်တွန်းလိုက်၏။
“မြန်မြန်၊ မြန်မြန်၊ သွားစားတော့၊ စောစောသွားပြီး စောစောပြန်လာကြမယ်၊ ဒီလိုဆိုရင် ငါတို့ ပြန်လာတဲ့အခါ ငါလည်း ဒီကျောက်ပြားပေါ်က အသားကင်ကို မြီးလို့ရတာပေါ့”
စန်းလော့က ရှန်းနဉ်ကို ကြက်အရိုးထွင်နည်း သင်ပြနေရင်း သူမသည် ထိုစကားကို ကြားလိုက်ရသောအခါ ဇဝေဇဝါ လှမ်းမေးလိုက်သည်။
“ဘယ်သွားကြမလို့လဲ”
ထို့နောက် ရှန်းလီက ရှင်းပြလိုက်သည်။
“ဒီမနက်ခင်းတုန်းက ကျွန်တော် တောအတွင်းဘက် ပိုနက်တဲ့နေရာကို တစ်နာရီကျော်လောက် သွားခဲပြီး တောဝက် ခြေရာတွေကို တွေ့ခဲ့တယ်၊ တော်တော်များများ ရှိလောက်တယ်၊ တောဝက်တွေက ပုံမှန်ဆိုရင် ညနေခင်းမှ အပြင်ထွက်ကြတာလေ၊ ဒါကြောင့် ကျွန်တော်တို့တွေ အလှစ်ချောင်းပြီး တိုက်ခိုက်မလို့လေ”
သူက ကောင်းကင်ကို မော့ကြည့်လိုက်၏။
“ဒီအချိန်လောက်ဆိုရင် ကျွန်တော်တို့ ထွက်လို့ရပြီ၊ ကျွန်တော်တို့တွေ အရင်ဆုံး ပုန်းမဲ့နေရာတစ်ခုကို ရှာဖို့လိုသေးတယ်”
စန်းလော့သည် အံ့ဩသွားတော့သည်။
“ရှင် ကျွန်မကို စောစောက ဘာလို့မပြောတာလဲ၊ ကျွန်မ ညနေစာကို စောစော ပြင်ဆင်ထားလို့ရတာပေါ့”
သူမက သူ့ကို လျှိုမြောင်အပြင်ထွက်ဖို့ ပြောသည်က ရှားပါးလေသည်။ သို့နှင့်များ သူက ထိုအကြောင်းကို မည်သို့ ထုတ်ပြောနိုင်ပါမည်းနည်း။
ရှန်းလီက ပြုံးသာ ပြုံးနေလိုက်ပြီး “ကျွန်တော် ဗိုက်မဆာသေးပါ၊ မင်းတို့တွေ ပုံမှန်အတိုင်းပဲ စားပြီး ကျွန်တော့်အတွက် ချန်ထားပေးလိုက်ပါ၊ ကျွန်တော် ပြန်လာမှ စားလိုက်ပါ့မယ်”
ချန်းသရှန်က ထိုအကြောင်းကို လုံးဝမသိချေ။ စန်းလော့ ချက်သမျှအရာအားလုံးက အရသာရှိသည်ကိုသာ သူ သိလေသည်။ သည်စကားကို ကြားလိုက်ချိန်တွင် သူသည် သွားများပေါ်သည့် ပြုံးဖြီးလိုက်ပြီး သူ့လက်ကို ရှန်းလီ၏ပခုံးပေါ်တွင် တက်လိုက်ကာ
“ကိုင်းပါ၊ လာပါ၊ ငါ့အမေက ရိုးရိုး အသီးအရွက်ဆန်ပြုတ် နည်းနည်းလုပ်ထားတယ်၊ ငါ့အိမ်မှာ တစ်လုတ်နှစ်လုတ်လောက် သွားကြမယ်၊ ပြီးရင် ငါက ဒီနေ့ည မင်းအိမ်မှာ ညစာလာစားမယ်”
သူသည် စန်းလော့ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။
“ခယ်မလေး ကျွန်တော့်အတွက် မင်းရဲ့အရသာရှိတဲ့ အစားအသောက်တွေ ချန်ထားပေးနော်”
စန်းလော့က တခစ်ခစ်ရယ်မောလိုက်လေသည်။
“ဟုတ်ပါပြီ၊ သွားပါ၊ ကျွန်မ ဒီနေ့ည ရှင်တို့အတွက် အသားကင်တစ်ချို့ သီးသန့် ပြင်ဆင်ထားပေးမယ်”
...
အပိုင်း (၁၇၄) အားလုံးကို ကျောက်ပြားပေါ်မှာ ကင်နိုင်တယ်။
အစားအသောက်ကို ရှန်းလီနှင့်သူ၏အဖွဲ့က အလောတကြီး စားထားလိုက်သည်။ ပြင်ဆင်မှုတစ်ချို့ ပြုလုပ်ပြီးနောက်တွင် သူတို့သည် လျှိုမြောင်ထဲကထွက်ဖို့ရန် အဆင့်သင့် ဖြစ်လာသည်။ တစ်ဖွဲ့တည်း ဖြစ်သော်ငြားလည်း ရှန်းကျင့်တော့ မပါပေ။
သူတို့သည် ထွက်ခွာတော့မည်ပြင်လိုက်စဥ်တွင် စန်းလော့က သူတို့ကို လိုက်ပို့ပေးသည်။ ရှန်းလီက တီးတိုးပြောလိုက်၏။
"ဒီမနက်ခင်း ကျွန်တော်တို့တွေက အမဲလိုက်ဖို့ ထောင်ချောက်ဆင်ဖို့နဲ့ တောဟင်းရွက်တွေခူးဖို့ နှစ်နာရီလောက် ကြားခဲ့တယ်၊ ဒီတစ်ကာတော့ ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ ပစ်မှတ်ကို တန်းသွားကြမှာ၊ ဒီတော့ ပိုပြီးတော့မြန်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက တောဝက်တွေကို အလစ်ပုန်းတိုက် ခိုက်မှာဆိုတော့ လှုပ်ရှားမှုအချိန်ကိုတော့ ခန့်မှန်းလို့မရဘူး၊ တကယ်လို့ ကျွန်တော်တို့တွေနောက်ကျတယ်ဆိုရင် ညပိုင်းမှာ မီးဒုတ်တွေနဲ့ ပြန်လာခဲ့ရင် ကျွန်တော်တို့ လျှိုမြောင်တွေကို ပေါ်သွားမှာ စိုးရတယ်၊ စောင့်မနေနဲ့နော် စိတ်လဲပူမနေနဲ့ ကျွန်တော်တို့တွေက အရင်တုန်းကလည်း တောနက်ထဲမှာ ညတွေကို ကုန်ဆုံးခဲ့ဖူးတာပဲ ကျွန်တော်တို့ကိုယ့်ဟာကိုယ် ကိုင်တွယ်နိုင်ပါတယ်”
သူ၏စကားလုံးများသည် အပြုံးတစ်ခုဖြင့် ပေါ် ထွက်လာပြီး စန်းလော့၏နှလုံးသားကို လာရောက်ထိရိုက်လေသည်။
“တကယ်လို့ အဲလိုသာဆိုရင်တော့ ကျွန်မတို့တွေ ရှင်ရဲ့ကျောက်တုံးအသားကင်ကို နောက်တစ်ရက်မှပဲ စားရတော့မှာပဲ”
စန်းလော့က သူ၏အပြုံးမျက်လုံးထဲကို ကြည့်လိုက်ပြီး သူမ၏နှလုံးသားသည် ထင်မှတ်မထားဘဲ ဖော်မပြတတ်သည့် ခံစားချက်တစ်ခု၏ ပွတ်တိုက်ခံလိုက်ရလေသည်။
သိမ်မွေ့နူးညံ့သော်ငြားလည်း ရစ်တွယ်နေလေသည်။ ရှန်းလီနှင့် သူ့အဖော်များက ဂူပေါ်သို့တက်သွားကာ လျှိုမြောင်ထဲက ထွက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ကျန်ရစ်နေလေသည်။ စန်းလော့သည် သူမ၏ ရင်ဘတ်ကို ဖိထားလိုက်ပြီး ထူးခြားသည့် နူးညံ့သိမ်မွေ့မှုကို ခံစားမိလိုက်သည်။
ဒီခံစားချက်သည် မရင်းနှီးသော်ငြားလည်း စန်းလော့သည် ထိုခံစားချက်၏ အဓိပ္ပါယ်ကို နားလည်လေ၏။
သူမသည် ရှန်းလီ၏ အပြုအမူထဲက နူးညံ့သိမ်မွေ့မှုနှင့် ချစ်ခြင်းမေတ္တာတို့၏ ထိရိုက်ခြင်းခံလိုက်ရမှန်း သဘောပေါက်လိုက်လေသည်။
ဒါက ချစ်ခြင်းမေတ္တာပဲလား။
ရှန်းလီသည် အပြင်ထွက်သည့်အချိန်တိုင်း သူသည် သူ၏အစီအစဥ်များနှင့် ပြန်လာမည့်နေ့ရက်ကို သူမအား အသေးစိတ် အကြောင်းကြားတတ်သည်ကို နောက်ကျမှ သတိထားမိလိုက်သည်။ သူ အရင်တုန်းကရော ငါ့ကိုဒီလိုပုံစံမျိုးနဲ့ ကြည့်ခဲ့ဖူးသလား။
အစပိုင်းတွင်တော့ ဒါသည် သူမ ပြင်ဆင်ပေးခဲ့သည့် အစားအသောက်နှင့်ရေများကြောင့် သန့်စင်ပြီး ရင်ဖိုစရာကောင်းသည့် ပျော်ရွှင်မှုတစ်ခု ဖြစ်ပေမည်။ သို့သော်ငြားလည်း နောက်ပိုင်းတွင် စိတ်ခံစားချက်တစ်ချို့က စတင်စိမ့်ဝင်လာပြီး သူမကိုယ်တိုင် လုံးဝသတိမထားမိခဲ့ချေ။
သူသည် လျှိုမြောင်အပြင်ဘက်သို့ထွက်ရပြီး အပြင်ဘက်တွင် ညအချိန်ကို ကုန်ဆုံးရမည်ဟု ပြန်စဥ်းစားမိလိုက်ချိန်တွင် သူမကလဲ ကျောက်ပြားကို ရှာဖွေရမည့်အကြောင်း ထုတ်ပြောခဲ့သည်။ သို့သော်ငြားလည်း ရှန်းလီက ဘာအစားအသောက်နှင့် ရေကိုမှပြင်ဆင်ထားခြင်းကို ထုတ်မပြောခဲ့ပေ။ ထိုအစား သူက သူမကိုအဖော်ပြုကာ ကျောက်ပြားများကို ရှာ ဖွေပေးခဲ့ပြီး ငါးများကိုဖမ်းဆီးပေးခဲ့ကာ ကျောက်တုံးများကိုလဲ စစ်ဆေးပေးခဲ့လေသည်။
အခုတော့ ခရီးစဥ်တစ်လျှောက်လုံး ရှန်းလီ၏ အမြဲ တမ်းပြုံးနေသည့်အကြောင်းကို စဥ်းစားမိလိုက်သည်တွင် စန်းလော့သည် နောက်ဆုံးတော့ တစ်စုံတစ်ခု ကွာခြားနေသည်ကို ခံစားမိလိုက်သည်။
သူမသည် သူမ၏ ရင်ခုန်သံထဲက တဒိန်းဒိန်းခုန်နေသည့် ဝိုးတဝါး အသံကိုပင် ကြားရလုနီးပါးပင်။
အတွေးနစ်နေရင်း သူမသည် ဂူထဲသို့ပြန်လာခဲ့သည်။ ရှန်းနဥ်က သူမ၏ခြေသံများကို ကြားလိုက်ရပြီး မီးဖိုချောင်ထဲမှ အပြင်ဘက်သို့ ခေါင်းထိုးကြည့်လိုက်ကာ လက်ထဲတွင်တော့ လတ်လတ်ဆတ်ဆတ် ဆေးကြောထားသည့် ချင်းတစ်တက်ကို ကိုင်ထားလေသည်။
"ယောင်းမ ချင်းကဒီလောက်ဆိုရင် လောက်ပြီလား"
"လောက်ပြီ၊ ကြက်သွန်ဖြူတစ်ချို့ကို ဆေးကြောထားပြီးတော့ စီချွမ်ငရုတ်ကောင်းတစ်ချို့ကိုလဲ ထောင်းထားလိုက်နော်” သူမ၏ စိတ်ကိုစုစည်းထားလိုက်ပြီး စန်းလော့သည် ရှန်းနဥ်နှင့်အတူ ညနေစာကို စတင်ပြင်ဆင်လိုက်သည်။
သူမ ရှာဖွေလာခဲ့သည့် ကျောက်ပြားကြီးကို အသားများကိုကင်ရန် သို့မဟုတ် အသီးအရွက်အသားများကို ကြော်လှော်ဖို့ရန် ရည်ရွယ်လေသည်။ ဒီနေ့၏ ကြက်များကတော့ ကြက်သားကတ်တလိတ်ကြော်အတွက် ပိုပြီးသင့်တော်လေသည်။
သူမသည် ဘာကိုမှ ဖုံးကွယ်မထားဘဲ အရိုးထွင်၊ နည်းအသားကို နူးညံအောင်လုပ်နည်းနှင့် အသားနှပ်ပုံနှပ်နည်းများကို ရှန်းနဥ်အား သင်ပေးလိုက်သည်။
လျှိုမြောင်ထဲတွင် နေထိုင်ရခြင်းသည် ပါဝင်ပစ္စည်းအားလုံးက အဖိုးတန်ပေသည်။ ထို့ကြောင့် အသားများကို ဖယ်ရှားရင်းက သူတို့သည် တွယ်ကပ်နေသည့်အသားတစ်ချို့ကို ချန်ထားလိုက်ပြီး ဘယ်အရာကိုမှ အလဟသမဖြစ်စေလိုပေ။
"ကြက်သားကတ်တလိတ်ရဲ့ အရသာကို ပိုပြီး နှစ်လိုဖွယ်ကောင်းအောင် အသားတွေကို ၁နာရီ၂နာရီလောက် နှပ်ထားဖို့လိုအပ်တယ်။ နောက်ပြီးတော့ ရှောင်ကျင့်နဲ့ တစ်ခြားသူတွေကလဲ အဆီအရမ်းများတဲ့ အစားအစာဆိုရင် အစာခြေနိုင်မှာ မဟုတ်ဘူး ဒါကြောင့် ငါတို့တွေ ခဏနေကြရင် ကြက်သားကို ကြော်ရမယ်၊ အခုတော့ နင်တို့ရဲ့အစ်ကိုကြီးနဲ့ အစ်ကိုကြီးသရှန် ပြန်လာတာကိုစောင့်ရင်း ကြက်သားဟင်းရည်အိုးကိုပဲ မီးအေးအေးနဲ့ တည်ထားလိုက်မယ်၊ အသားတွေကျန်နေတဲ့ အရိုးကိုတော့ ခေါင်းရယ်၊ အတောင်ရယ်၊ ခြေထောက်တွေရယ်ကို အကောင်းဆုံး ဟင်းရည် ပါဝင်ပစ္စည်းဖြစ်အောင် လုပ်လိုက်မယ်"
ခါတိုင်းလိုပင် ရှန်းမိသားစုသည် သူတို့၏ညနေစာကို ၄နာရီဝန်းကျင်တွင် စားသောက်လိုက်ကြသည်။ အသားအပြည့်ပါသည့် ကြက်ရိုးများနှင့် အသားဖတ်များကို မနက်ခင်းက ရှန်းကျင့်နဲ့ရှန်းလီတို့ ခူးလာခဲ့သည့် လတ်လတ်ဆတ်ဆတ် မှိုများနှင့်ရောချက်လိုက်ကာ အနံမွှေးပျံ့သည့် ကြက်သားဟင်းရည် အိုးတစ်ဝက်ကို ရလာလေသည်။ ရွှီမိသားစုမှ စွန်ပလွန်သီးအခြောက်နှင့် စန်းလော့ဆီက ဘယ်ရီသီး၂ခုကို အရသာပိုထွက်လာအောင် ထပ်ထည့်လိုက်သည်။ မွှေးရနံက ဘေးအိမ်က ရွှီမိသားစုထံအထိပင် ဝေ့တက်သွားပြီး သူတို့သည် တောဟင်းရွက်များနှင့် တို့ဟူးဟင်းရည်ကို စားသောက်နေကြရင်းက သရေများပင် ကျလာတော့သည်။
ချန်း၊ လု၊ ရှီမိသားစုတို့ကလဲ တောကြက်များကို စားသောက်ကြသည်။ စန်းလော့က ပန်းကန်နှစ်လုံးကိုယူလာပြီး ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို ရှီမိသားစုနှင့် လုမိသားစုတို့ နှစ်ခုစလုံးအတွက် ရက်ရောသည့်ပမာဏနှစ်ခုကို သွားပို့ခိုင်းလိုက်လေသည်။ မောင်နှမများ ပြန်ရောက်လာသည်တွင် သူတို့၏ ကိုယ်ပိုင် အစားအသောက်ကို စတင်စားသောက်တော့သည်။။
ညနေစာအတွက် သူတို့သည် အဟာရပြည့်သည့် ကြက်သားစွပ်ပြုတ်များကို စားကြပြီး အရသာမှာချိုမြိန်ကာ ခံတွင်းတွေ့လှသည်။ အသားနှင့် အသီးအရွက်များကို မျှမျှတတ ရောနှောထားပြီး ပေါ့ပါး သော်ငြားလည်း အားအင်အပြည့်ဖြစ်လေသည်။
"အခုလောလောဆယ်တော့ ဒါကိုပဲစားကြရအောင် ခဏနေ နင့်တို့အစ်ကိုကြီးတို့ ပြန်လာတဲ့အချိန်ကြရင် ငါတို့တွေက အသားကင်တစ်ချို့ ပြင်ဆင်ကြမယ်"
အသားကင်စားရမည့် မျှော်လင့်ချက်ကြောင့် အငယ်လေးများထဲက တစ်ယောက်မှမငြင်းပယ်ကြပေ။ ညနေစာအတွက် မြေအိုးထဲတွင်ထည့်ကာ လူတစ်ယောက်ကို နှစ်ပန်းကန်နှုန်းဖြင့် ညနေစာအတွက် ကြက်သားစွပ်ပြုတ်ကို စားရသည့် အတွေးကပင် ဗိုက်မပြည့်ဘူးဟု အမြဲတမ်း ခံစားနေရသည့် ရှန်းထျယ်အတွက်ပင် လုံလောက်အောင်စိတ် ကျေနပ်ဖွယ် ဖြစ်လေသည်။
သူတို့သည် ဘာကိုထပ်ပြီးတောင်းဆိုရပါမည်နည်း။
...
ညနေစာ စားသောက်ပြီးနောက်တွင် နေရောင်ခြည်သည် လျှိုမြောင်အတွင်းသို့ တိုက်ရိုက်မကျနိုင်တော့ပေ။ မိသားစုတစ်ခုချင်းစီက သူတို့၏ရိက္ခာများကို သိမ်းဆည်းထားလိုက်ကြပြီး ကလေးများကတော့ ယခုအချိန်တွင် အားလပ်နေပြီဖြစ်ရာ ကောင်းကင်က နေဝင်သွားပြီး မည်းမှောင်သွားသည်အထိ စောင့်ဆိုင်းနေလိုက်ကြသည်။ ထို့နောက်တွင် ကလေးများ အားလုံးသည် ရှန်းမိသားစုအိမ်သို့ အပြေးအလွှား ရောက်လာကြသည်။ ဒီနေ့ညတွင် သူတို့သည် အိမ်လုပ်တမ်း ကစားကြသလို ကျောက်တုံးနှင့် ချက်ပြုတ်စားသောက် ကြမည်ဖြစ်ရာ အသားများကို ပြင်ဆင်မည်ဟု ကြားထားကြလေသော်ကြောင့်ပင်။
မီးမွှေးဖို့ရန်အတွက် ကျောက်တုံးပေါ်တွင် သစ်ရွက်များဖြင့် မီးမွှေးသည့်ကိစ္စမှာ သူတို့အတွက်တော့ တစိမ်းမဟုတ်ပေ။ သို့သော်ငြားလည်း ဤနည်းဖြင့်အသားများကို ချက်ပြုတ်ကြခြင်းကို မြင်တွေ့ရသည်ကတော့ ပထမဦးဆုံးအကြိမ်ပင်။ သူတို့သည် စောစောစီးစီး ရောက်လာကြပြီး အနီးအနားတွင် မျှော်လင့်တကြီးဖြင့် ဆောင့်ကြောင့်ထိုင်နေကြလေသည်။
ချန်းအဘွားနှင့် ချင်ဖန်းညန်တို့လဲ ဆူညံသံကြောင့် ဝမ်းသာပျော်ရွှင်နေလေသည်။ အခြေအနေကို စောင့်ကြည့်ရင်း စန်းလော့ဆီသို့ ရောက်လာလေသည်။ သူတို့သည် လက်ဖြစ်မီးဖိုလေးကို စစ်ဆေးကြည့်လိုက်ကြသည်။ ချန်းအဘွားက ဒါကိုသိချင်စိတ်ဖြစ်သွားကာ စန်းလော့ကို မေးလိုက်၏။
"ဒါက မြေအိုးကိုသုံးတာထက် ပိုပြီးတော့ ကောင်းတယ်ဟုတ်လား၊ ဟင်းရည်တွေနဲ့ရေတွေက စီးမကျကုန်ဘူးလား"
စန်းလော့က ရယ်မောလိုက်သည်။
"အဲလိုဖြစ်နိုင်ပါတယ်၊ ဒေါ်ဒေါ် နဲ့အဘွား ဒီည ဒီဘက်ကို လာပြီးတော့ မြည်းကြည့်ကြပါ၊ တကယ်လို့ အဘွားတို့က ကြိုက်တယ်ဆိုရင် ဟိုမှာကြည့်၊ ကျွန်မ အဲကျောက်တုံးတွေကို အဘွားတို့မိသားစုအတွက် ရွေးလာပေးတာ ဒီအတိုင်း ယူသွားလို့ရတယ်"
ချန်းအဘွားက သဘောကျသွားလေသည်။
"အေးအေ ငါ့ကလေးတွေက ညည်းလုပ်တဲ့ အစားအသောက်ကို အမြဲတမ်း တမ်းတနေကြတာ၊ ဒီနေ့ညတော့ ငါကိုယ်တိုင် လာပြီးတော့ သေချာပေါက် ကြည့်ရမယ်၊ တကယ်လို့ အလုပ်ဖြစ်တယ်ဆိုရင်တော့ ငါ ချက်ချင်း ယူပြန်သွားမှာ"
သူတို့သည် ပြောရင်းဆိုရင်း ရှန်းလီ၏အဖွဲ့သည် လျှိုမြောင်ထဲသို့ ပြန်လာကြလေသည်။
အားလုံးက သူတို့ကိုစောင့်စားနေကြပြီး မကြာခဏဆိုသလို ဂူဝင်ပေါက်ဘက်သို့ မျှော်ကြည့်နေကြသည်။ ကလေးများသည် သူတို့ကို အရင်ဆုံးတွေ့လိုက်သော်ငြားလည်း ပျော်ရွှင်စွာ အော်ဟစ်ရခြင်းမှ ချုပ်တည်းထားရလေသည်။ ထိုအစား သူတို့သည် သူတို့၏မိသားစုများကို အသိပေးရန် အိမ်သို့ အပြေးပြန်သွားကြလေသည်။
ထင်းစည်းခြောက်ခုသည် တစ်ခုပြီးတစ်ခုအောက်သို့ တဖြည်းဖြည်းဆင်းလာပြီး ရွာသူကြီးကျိုးနှင့် တစ်ခြားသူများကို မှင်သက်အံ့သြသွားစေလေသည်။
"အဲလောက်အများကြီးလား"
ပထမဦးဆုံးဆင်းလာသည့် လုစန်းလန်က ပြုံးပြလိုက်သည်။
"တောဝက်၃ကောင်၊ တစ်ကောင်က အကြီး၊ နှစ်ကောင်က အငယ်၊ ဒါပေမဲ့ အားလုံးကို အားလီနဲ့သရှန်တို့က ပစ်ခဲ့တာ"
အစပိုင်းတွင် သူတို့သည် တောဝက်၅ကောင်ကို တွေ့ခဲ့ကြသည်။ သို့သော်ငြားလည်း သူတို့၏ ပုန်းခိုနေသည့်နေရာက အလွန်မှ ဝေးကွာနေသည်။ သူတို့၏ မြှားက အင်အားများ လုံလောက်အောင်မရှိသည့်အပြင် ထိုမျှလောက် အကွာအဝေးအတွက် တိကျမှုလဲလိုအပ်ပေသည်။ သူတို့ ပစ်လိုက်သည့် အချက်လွဲသွားသဖြင့် တောဝက်များကို အလန့်တကြား ဖြစ်သွားစေပြီး သူတို့ကို ထွက်ပြေးသွားအောင် လုပ်မိသွားသည်။ ထို့ကြောင့် သူတို့သည် ဒီနေ့အတွက် ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ သုံးခဲ့ရသည်။ စန်းလော့ ရောက်လာချိန်တွင် ရှန်းလီက အခုမှ ဆင်းလာခါစရှိသေးသည်။ သူမကို မြင်လိုက်ချိန်တွင် သူသည် မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားရပြန်သည်။ သို့သော်ငြားလည်း သူ့ခန္ဓာကိုယ်ပေါ်က ပြင်းထန်သည့် သွေးနံ့များကို ခံစားမိသဖြင့် သူက အနားသို့ ကပ်မလာပေ။ ထိုအစား သူကပြောလိုက်လေသည်။
"ကျွန်တော် အသားတွေကိုဝေပေးပြီးရင် ပြန်လာခဲ့ပါ့မယ်"
အသားများကို ဝေငှခြင်းက ထုံစံအတိုင်းဖြစ်ပြီး အားထုတ်မှု အလိုက်ခွဲဝေကြသည်။ ထို့ကြောင့် ရှန်းလီနှင့်ချန်းသရှန်တို့က ဝေစုအများဆုံးကို ရရှိကြလေသည်။ သူတို့သည် တောဝက်၃ကောင်ထဲတွင် တစ်ကောင်ကိုအတူတူ အမဲလိုက်ခဲ့ခြင်းကြောင့်ပင်။ ထိုစဥ် တစ်ယောက်ချင်းစီကတော့ ပိုပြီးငယ်သည့် တစ်ကောင်စီကို ပစ်ချလိုက်လေသည်။ သူတို့ကလဲ သူတို့နှင့်အတူ လိုက်ပါလာခဲ့သည့် ညီအစ်ကိုများကို ဝေစုတစ်ချို့ ခွဲဝေပေးလိုက်ပြီး ကျိုးမိသားစုနှင့် ရွှီမိသားစုတို့ကိုလဲ သူတို့၏ အစားအသောက်အတွက် ပေါင်အနည်းငယ် လက်ဆောင်ပေးလိုက်သည်။ ကျန်သည့်အရာများကိုတော့ ချန်းမိသားစုနှင့် ရှန်းမိသားစု အိမ်ထောင်စုအကြား အညီအမျှခွဲဝေလိုက်ကြသည်။
သူတို့အားလုံးသည် အသိမိတ်ဆွေများဖြစ်ကြလေရာ အတိအကျ ချိန်ဆပေးဖို့ရန် မလိုပေ။ သူတို့သည် သင့်တော်သည် ထင်သည့်အရာကိုသာ ဒီအတိုင်း ခွဲယူလိုက်ကြသည်။
ရှန်းလီက အသားများကို ခြင်းနှစ်ခုအပြည့်ဖြင့် အိမ်သို့သယ်လာသည်။ စန်းလော့နှင့်တိုင်ပင်ပြီးနောက်တွင် သူတို့သည် မိသားစုတစ်ခုချင်းစီကို ပေါင်နှစ်ဆယ်ကျော် ဝေငှပေးဖို့ ဆုံးဖြတ်လိုက်ကြပြီး ရွှီမိသားစုကိုတော့ ရှန်းကျင့်နှင့် သူ၏ညီလေးများကို အစောပိုင်းက အစားအသောက် ထောက်ပံ့ပေးခဲ့သည့် ကျေးဇူးတင်သည့်အနေဖြင့် ပေါင်၄၀ ပိုပြီးပေးလိုက်သည်။ သည်လိုခွဲဝေလိုက်ခြင်းက အိမ်တွင် သူတို့အတွက် သင့်တော်သည့်ပမာဏကို စီမံနိုင်သွားတော့သည်။
စန်းလော့က ဒါကို ကျေနပ်မိလေသည်။ အသားခြင်းတစ်ခြင်းက ကျန်နေသေးသည်။ သူတို့သည် ညစာအတွက်ပြင်ဆင်ဖို့ရန် အကူအညီ အပြည့်အဝလိုသည်ကို သိလိုက်သည်။ အသားများကို ကင်ရပြီး ကလေးများအကြားတွင် ဖြစ်ပေါ်လာမည့် စိတ်လှုပ်ရှားမှုများကို စဥ်းစားမိလေရာ သူမက ရှန်းလီကို အဆီနှင့်အသား ကောင်းကောင်းမျှတသည့် အပိုင်းတစ်ပိုင်းကို ရွေးချယ်ခိုင်းလိုက်လေသည်။ ထို့နောက်တွင်မှ သူမက သူ့ကို ရေသွားချိုးခိုင်းကာ အဝတ်လဲခိုင်းလိုက်ပြီး သူတို့သည် နောက်ပိုင်းမှ အပန်းဖြေရန် ထမင်းတစ်နပ်ကို စားသောက်ကြပေမည်။
စန်းလော့က သူတို့အတွက် အသားပိုင်းများကို အထူးတလည် လှီးဖြတ်ပေးနေသည်ကို မြင်လိုက်ရသည်တွင် ကလေးအားလုံးက တံတွေးများ မြို့ချမိကြလေသည်။
"မရီး ဒီနေ့ညစာအတွက် ဝက်သား လုပ်ပေးအုံးမှာလား"
ရှိနေကြသည့်ကလေးငယ်များ၏ မျက်လုံးထဲတွင် မရီးဖြစ်သူသည် အစားအသောက်များကို အလျှံပယ် ပြင်ဆင်ပေးနေသည်။ ကြက်ခြေထောက်၊ ကြက်ရင်ပုံ၊ ကလီစာ၊ တို့ဟူး၊ ကြက်သွန်မြိတ်၊ မှိုနှင့် တရုတ်မုန်လာထုပ်တို့နှင့်အတူ ထောင်းထားသည့်ချင်း၊ ကြက်သွန်၊ ကြက်သွန်မြိတ် ဆီချက် ငရုတ်သီးထောင်းနှင့် မှုန့်ညက်နေအောင်ပြုလုပ်ထားသည့် ဟွားကျောင်းမှုန့်များထည့်ထားသည့် ပန်းကန်လုံးများလဲပါ သည်။ သို့တိုင် ဒီလို အလျှံပယ်ဖြစ်ပြီးသား အစီအစဥ်များထဲတွင်ပင် အသားကို ထပ်ထည့်မည့်အကြောင်းလဲ ပြောနေသည်။
ကျောက်တုံးပေါ်တွင် ကင်ထားသည့်အသားက မည်သည့် အရသာရှိမည်ကို မသိသော်ငြားလည်း နေ့လည်ခင်းတွင် စားထားသော်ငြားလည်း ကလေးငယ်များသည် မနေနိုင်တော့ဘဲ ထိန်းမရအောင် သရေများကျနေလေသည်။ အထူးသဖြင့် ရှန်းညီ အစ်ကိုများအတွက် ဖြစ်ပေသည်။ နောက်ဆုံး သူတို့သည် ပြီးခဲ့သည်လပိုင်းများက ဆာလောင်မှုကို သည်းခံခဲ့ရသည်။
စန်းလော့က ပြုံးလိုက်၏။
"နည်းနည်းလောက်ပိုပြီး ပြင်ဆင်ထားလိုက်မယ်၊ ခဏနေကြရင် ဒါကို စားမဲ့သူတွေက ငါတို့ပဲ မဟုတ်လောက်ဘူး"
စန်းလော့ ခန့်မှန်းထားသည့်အတိုင်းပင် သူမသည် အသားများကို လှီးဖြတ်နေပြီး ဝက်ဗိုက်သားကို နှပ်ထားဆဲတွင် အစောပိုင်းက အသားများကို သွားပို့ပေးနေသည့် လူကြီးများနှင့်အတူ ကလေးတစ်အုပ်ကြီးကလဲ ရှန်းမိသားစုအိမ်သို့ ပြန်လာကြလေသည်။
အထူးသဖြင့် ရှန်းအန်းနှင့်ရှန်းနဥ်တို့က မီးမွှေးနေချိန်တွင် အပေါ်ဘက်က မြင့်မားသည့်သစ်ပင်များရှိခြင်းကြောင့် မီးတောက်ကြီးက လျှိုမြောင်အပေါ်ဘက်က မမြင်ရသော်ငြားလည်း လျှိုမြောင်အတွင်းဘက်တွင် နေထိုင်ကြသူများကတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အားလုံးက စိတ်လှုပ်ရှားစွာဖြင့် တစ်အုပ်တစ်မကြီး ရောက်လာကြသည်။
စန်းလော့ကလဲ ဖော်ရွေသည်။ ကလေးကြီးများကို စားပွဲနှင့် ကုလားထိုင်များကို အိမ်အပြင်ဘက်သို့ ကူထုတ်ပေးရန် နွေးနွေးထွေးထွေး ပြောလိုက်သည်။ သူတို့တွေက ခွေးခြေခုံလေးများကို ဆွဲထုတ်လာကြသည်။
အားလုံးအတွက် ထိုင်ခုံများက မလုံလောက်ချေ။ ထို့ကြောင့် ချန်းအာ့ရှန်၊ ရွှီဝမ်ပေါ်နှင့် သူတို့၏ သူငယ်ချင်းများက နောက်ထပ်ထိုင်ခုံများကို သွားယူဖို့ရန် သူတို့၏အိမ်သို့ အုပ်စုလိုက် ပြန်လှည့်သွားကြလေသည်။ ကောင်ကင်ကြီးက မည်းမှောင်လာသည်နှင့်အမျှ လျှိုမြောင်အောက်ခြေက စည်းကားလှသည့်ပတ်ဝန်းကျင် အခြေအနေသည် စတင်လာသယောင်။
ခွေးခြေခုံများက အများအပြားများ ရှိလာလေရာ စန်းလော့က ခုံတစ်ချို့ကို သူမ၏ပါဝင်ပစ္စည်းများကို သီးသန့် တင်ဖို့ရန်အတွက် ကျောက်ပြားဘေးတွင် ချထားလိုက်သည်။ ထို့နောက်တွင် သူမက ကိုယ်တိုင်ထိုင်ဖို့အတွက် ထိုင်ခုံတစ်လုံး ရှာထားလိုက်သည်။ အသားကင်ခြင်း မစတင်ခင်မှာပင် မြင်ကွင်းက စတင်ဖြစ်ပေါ်နေပြီး ချန်းမိသားစုနှင့် ရွှီမိသားစုက လူကြီးများ၏သိလိုစိတ်ကို ဆွဲဆောင်ထားတော့သည်။
လန်းဆန်းပြီး သန်ရှင်းနေသည့် ရှန်းလီနှင့်ချန်းသရှန်တို့ ပေါ် လာချိန်တွင် သူတို့သည် စားပွဲနှင့်ကုလားထိုင်များအား စီစဥ်ထားသည်ကို တွေ့လိုက်ရသည့်အပြင် လေထဲတွင် လှိုက်တက်နေသည့် အသားနံ့၏ဆွဲဆောင်မှုကိုလဲ တွေ့လိုက်ရသည်။ ကလေးများက စန်းလော့ကို ဝိုင်းရံထားကြပြီး မျှော်လင့်တကြီးဖြင့် လျှာသပ်နေကြလေသည်။
အစ်ကိုဖြစ်သူကို တွေ့လိုက်ရသည်တွင် ချန်းရှောင်ယာ၏ မျက်နှာများက လင်းလက်သွားသည်။
"အစ်ကိုကြီး မြန်မြန်ဒီကိုလာ၊ ဒီမှာထိုင်လို့ရတယ်"
သူမ၏အစ်ကိုကြီးက အစ်မရှန်းနဥ်၏အိမ်တွင် ဒီနေ့ည ညနေစာစားသောက်လိမ့်မည်ကို နေ့လည်ကတည်းက သိထားခဲ့သည်။ စားပွဲနှင့်ကုလားထိုင်များကို နေရာချထားပြီး သူ့အတွက် သီးသန့်ချန်ထားသည့် နေရာတစ်ခုလဲ ရှိနေသည်။ ရှောင်ယာက အားကျမိသလို စိတ်လှုပ်ရှားမှုလဲဖြစ်နေ၏။ ဒါသည် သူတို့၏ ဟန်ဆောင်တမ်းကစားရသည်ထက်ပင် ပိုပြီးတော့ စိတ်လှုပ်ရှားဖွယ်ကောင်းလေသည်။
ချန်းသရှန်က တအံ့တသြ ဖြစ်သွားပြီး အသားနံ့ကြောင့် အထင်ကြီးမိသလို စည်ကားလှသည့်စုဝေးပွဲကြီးတစ်ခု ဖြစ်လာသည့် ခမ်းနားသည့်မြင်ကွင်းကြောင့်လဲ အံ့သြမိလေသည်။
"အားလီ၊ ဒါတော့ မင်းရဲ့မိန်းမပဲ ဖြစ်ရမယ်"
ရှန်းလီကလဲ ထိုမြင်ကွင်းကြောင့် တအံ့တသြ ဖြစ်သွားသော်ငြားလည်း သူသည် မကြာမှီတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာတော့သည်။ သူသည် ထိုင်မချလိုက်ဘဲ ထို့အစား စန်းလော့ အနားသို့ ပိုပြီးတော့ကပ်သွားလေသည်။ ကျောက်ပြားကြီးတစ်ချပ်တွင် ကြက်သားကလီစာများကို အဖြူအစိမ်းအနီစသည့် ရောင်စုံဟင်းခတ် အမွှေးအကြိုင်များဖြင့် ပြင်ဆင်မွမ်းမံထားသည်ကို သတိထားမိလိုက်သည်။ ဟင်းလျာကိုအနှစ်ဖြင့် သုတ်လိမ်းထားပြီး အပေါ်ကကြက်သွန်ပင်များကို ဖြူးထားကာ အင်မတန်မှ စားချင်စဖွယ်ဖြစ်နေလေသည်။
"ကျွန်တော် ကူပေးရမလား"
စန်းလော့က သူ့ကို လက်ကာပြလိုက်သည်။
"ရှင် အရင်ဆုံး လေ့လာပါအုံး၊ အခုလောလောဆယ်တော့ စားလိုက်အုံး၊ တစ်နေ့လုံး အလုပ်များထားတာ သရှန်နဲ့ ရှင့်ရဲ့ထမင်းကို အရင်ဆုံးစားလိုက်၊ ဒါက ကင်နေတုန်း စားဖို့အတွက်လေ"
သူတို့သည် စကားပြောနေရင်းက ကြက်သားတုတ်ထိုးမှာ အဆင်သင့်ဖြစ်လာသည်။ ဓားမရှိသဖြင့် ကြက်သားတုတ်ထိုးကို တစ်ကိုက်စာအရွယ်အစား လှီးဖြတ်ထားပေးထားသည်။ စန်းလော့က ရှန်းနဥ်ကို ပန်းကန်တစ်လုံးသွားယူဖို့ အော်ပြောလိုက်ပြီး ကြက်သားများကို ပန်းကန်ထဲသို့ စပြီးပုံထည့်ပေးလိုက်သည်။ သူမက ကြက်သား အတုံးလေးများကို ပန်းကန်ထဲသို့ အရင်ဆုံးဖြည့်ပေးလိုက်ပြီး ရှန်းနဥ်ကို ကလေးများအတွက် ယူသွားပေးလိုက်ပြီးမှ ဒုတိယအကြိမ်အဖြစ် စပြီးပြင်ဆင်လေသည်။
လူအုပ်ကြီးသည် အလွန်မှများပြားနေသည်။ ထို့ကြောင့် သူမက ကြက်သုံးကောင်လုံးမှာ အသားအားလုံးကို နှပ်ထားလိုက်သည်။ ရှန်းလီက ဘေးတွင်ရပ်နေပြီး သူမကို ပန်းကန်ပြားကိုယူပေးရင်း ပန်းကန်ပြားကိုလှမ်းပေးရင်း ကူညီပေးလေသည်။ အ ချိန်တိုတွင်းမှာပင် ကြက်သားကိတ်သလိတ်ကြော်နှင့် ကြက်ကလီစာ နောက်တစ်ပန်းကန်က စားပွဲပေါ်တွင် ရောက်လာသည်။
ချန်းသရှန်က အားရပါးရစားသောက်ရင်း ရက်ရက်ရောရော ချီးမွမ်းစကားပြောလေသည်။ ရှန်းလီအတွက်တော့ စန်းလော့က အလုပ်များနေစဥ်မှာပင် သူ့စိတ်တို့သည် အစားအသောက်ဆီတွင် လုံးဝမရှိပေ။ သူသည် မကြာခဏ ဆိုသလို သူမ အလုပ်လုပ်နေသည့်နေရာကို လှမ်းကြည့်နေမိသည်။
ရှန်းနဥ်က အလျင်အမြန် အပြေးပြန်ရောက်လာပြီး ဝက်ဗိုက်သားနှင့် အသီးအရွက်များကြော်နေသည့် စန်းလော့ကို ဝင်ရောက်ကူညီပေးလိုက်သည်။
ချန်းအဘွား၊ ချင်ဖန်းညန်၊ အဘွားရွှီနှင့်ဝေ့လင်းကျန့်တို့က တအံ့တသြ စောင့်ကြည့်နေကြပြီး ချီးကျူးစကား ပြောလေသည်။
"ချက်ပြုတ်တဲ့နေရာမှာ တကယ့်ကို ဆန်းသစ်တဲ့နည်းလမ်းတစ်ခုပဲ၊ အနံ့ကလဲ တကယ့်ကို အရသာရှိတယ်"
ချန်းအဘွားသည် သူမ၏စိတ်လှုပ်ရှားမှုကို ခက်ခက်ခဲခဲ ဖယ်ထုတ်ထားရလေသည်။ စန်းလော့ပြောသည့် ကျောက်ပြားကြီးက သန့်ရှင်းပြီးသားဖြစ်နေသည်ကို တွေ့လိုက်သည်တွင် သူမက ချန်းအဘိုးနှင့်ချန်းယိုထျန်းကို ချက်ချင်းလှမ်းအော်လိုက်၏။
"ကျောက်တုံးလေးတစ်ချို့လောက် သွားယူလာခဲ့၊ သူတို့ဘေးမှာ တစ်ခုလောက်လုပ်ရအောင်၊ ဖန်းညန် အားလော့ဆီက သင်ယူလိုက် ပြီးရင် အသားနဲ့အသီးအရွက်တွေကို ပြင်ဆင်ကြမယ်"
အသီးအရွက်များကို အိမ်တံခါးအပြင်ဘက်တွင် စိုက်ပျိုးထားသည်ဖြစ်ရာ အမြဲတမ်း အလွယ်တကူ ရရှိနိုင်လေသည်။
အဘွားချန်း၏ညွှန်ကြားချက်တွင် ချန်းမိသားစုတစ်ခုလုံးက လှုပ်လှုပ်ရှားရှား လူခွဲလိုက်ကြသည်။ သူတို့၏ ကြက်ပေါင်ကို အားရပါးရစားသောက် နေကြဆဲဖြစ်သည့် ချန်းသရှန်နှင့် ရှောင်ယာတို့ကပင် ကျောက်တုံးများကို ရှာဖွေဖို့အတွက် စိတ်အားထက်သန်စွာ ပါဝင်လာကြပြီး ကလေးတစ်အုပ်ကလဲ သူ့တို့ကို အကူအညီပေးဖို့ နောက်ကလိုက်ပါလာကြသည်။
မျက်စိတစ်မှိတ်အတွင်းတွင် အသားကင်တစ်ခုက နှစ်ခု ဖြစ်သွားလေသည်။ စန်းလော့က ပွဲအနည်းငယ်လောက် ကင်ပေးပြီးနောက်တွင် ရှန်းနဥ်က တာဝန်ယူလိုက်သည်။ သူမ၏လုပ်နိုင်စွမ်းရှိသည့် လက်များထဲက တာဝန်နှင့်အတူ သူမသည် နောက်ဆုံးတော့ ကိုယ့်ဟာကိုယ် တစ်ကိုက်နှစ်ကိုက်လောက် အရသာမြည်းနိုင်ခဲ့သည်။
အင်း လုံးဝမဆိုးဘူး။ အပူကိုလဲ မီးပြာတွေနဲ့ အစားထိုးထားတယ်။ အရည်အသွေးကတော့ မသိမသာလေး ကွာခြားနေတုန်းပဲ။ ပိုပြီးတော့ အရေးကြီးတာက ငရုတ်ကောင်းနဲ့ ဇီရာမရှိတော့ သိသာထင်ရှားတဲ့ အရသာတစ်ခု ကင်းမဲ့နေတယ်။ ဒါက အရေးကြီးဆုံးပဲလေ။
အကြောင်းအရင်းမှာ ငရုတ်ကောင်းသည် တစ်ခြားတိုင်းပြည်မှ တင်သွင်းရသည့် ဟင်းခတ်အမွှေးအ ကြိုင်ကို ကိုယ်စားပြုနေခြင်းကြောင့်ပင်။ သချန်မင်းဆက်တွင် ဒါကို ရရှိဖို့ရန် မဖြစ်နိုင်ပေ။ သူတို့သည် ဒါကိုရရှိလျှင်တောင် အင်မတန်မှ စျေးကြီးလိမ့်မည်။ ဝမ်တစ်ထောင်နီးပါး တန်ဖိုးရှိလောက်သည်။ အထက်လွှာမိသားစုနှင့် ချမ်းသာသည့် မျိုးရိုးကြီးများကသာလျှင် ဒီလိုဇိမ်ခံပစ္စည်းကို အသုံးပြုနိုင်မည်။
ငရုတ်ကောင်းမှုန့်အတွက်တော့ ဝါဂွမ်းလိုပင် ထိုအရာသည် လုံးဝမရှိပေ။ အနည်းဆုံးတော့ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ညဏ်ထဲတွင် မရှိပေ။
သို့တိုင် လျှိုမြောင်ထဲက လူအားလုံး၏အမြင်တွင် အရိုးထွင်းထားသည့် ကြက်သားကတ်သလိတ်နှင့် အသားကင် အမျိုးမျိုးတို့က အင်မတန်မှကောင်းမွန်သည့် ဟင်းလျာများ ဖြစ်ကြလေသည်။ ရှည်လျားသည့် စားပွဲကြီးတစ်လုံးသည် တဖြည်းဖြည်းနှင့် ကျောက်တုံးဟင်းလျာပန်းကန်များအပြည့် ဖြစ်လာလေသည်။ ရွှီမိသားစုဝင်များကလဲ မရှက်နိုင်တော့ဘဲ တစ်ကိုက်နှစ်ကိုက်လောက် နမူနာစားကြည့်ကြသည်။ ကိုယ်တိုင်စားသောက်ဆိုင်တစ်ခုကို ဖွင့်ထားသည့်ဆိုင်တာဝန်ခဲရွှီသည် သူ၏ မျက်လုံးများမှာ လင်းလက်သွားတော့သည်။
"သခင်မစန်း ဒါက တကယ့်ကို မှတ်သားလောက်ပါပေတယ်၊ ဒီလိုစားသောက်နည်းလမ်းမျိုးက တကယ့်ကို အသစ်အဆန်းဖြစ်တယ်၊ တကယ်လို့များ ပါဝင်ပစ္စည်းတွေကို ထပ်ပြီး ထည့်လိုက်မယ်ဆိုရင် ကိုယ်ပိုင်စားသောက်ဆိုင်လေး တစ်ခုတောင် ဖွင့်လို့ရတယ်"
စန်းလော့ကလဲ တခစ်ခစ် ရယ်မောလိုက်သည်။
"ဆိုင်တာဝန်ခံရွှီရယ် ဆိုင်တာဝန်ခံရွှီက ကုန်သည်တစ်ယောက်ဆိုတဲ့ နာမည်နဲ့တကယ်ပဲ လိုက်ဖက်ပါပေတယ်"
ငရုတ်ကောင်း၊ ငရုတ်စေ့၊ ဇီရာစေ့၊ ထိုအရာများက အမှန်ပင် ရှိပါမည်လား။ သူမသည် ထိုအကြောင်းကို အမှန်ပင် အလေးအနက် တွေးမိလေသည်။ ဘာဘီကျူး၊ ဟော့ပေါ့၊ အနောက်တိုင်းဟင်းလျာ။ သူမသည် ပုံစံအမျိုးမျိုးကို လက်တွေ့စမ်းသပ်နိုင်လေသည်။ သို့သော်ငြားလည်း ဒီအရေးကြီးသည့် ဟင်းခတ်အမွှေးအကြိုင်များမပါရှိလျှင် ဒါသည် အသက်ဝင်စည်ကားလှသည့် စားသောက်ပွဲကြီးတစ်ခုသာသာ ဖြစ်လိမ့်မည်။ ထို့အပြင် သည်လို ဇိမ်ယူရခြင်းများက ဟင်းချက်နည်းများကို လုံလုံခြုံခြုံ သိမ်းထားနိုင်မည့် နည်းလမ်းများ ရှိသည့် အေးချမ်းသည့်လောကတစ်ခုထဲတွင် ဖြစ်နိုင်လိမ့်မည်။
ရှန်းလီသည် စောင့်ကြည့်နေရင်းက စန်းလော့သည် နောက်ဆုံးတော့ သူမ၏အလုပ်များလှသည့် အစီအစဥ်ကြားထဲတွင် ခဏလောက်စားသောက်ဖို့ရန် အချိန်ရလာလေသည်။ အလောတကြီးဖြင့် သူက သူကိုယ်တိုင် အရသာမြည်းထားသည့် ဟင်းလျာများကို စတင်လဲလှယ်ပေးလိုက်ပြီး သူမ၏ဘေးက အစားအသောက်များလဲ အရသာရှိသည်ကို တွေ့လိုက်ရသည်။ သူက ပန်းကန်ကို မ,လိုက်စဥ်မှာ ပင် စန်းလော့ကလဲ သူ၏လက်ကိုကိုင်ထားကာ ပြောလိုက်လေသည်။
"ကျွန်မ ညနေစာကို ရှန့်အချိန်တုန်းကမှ စားထားတာ၊ ကျွန်မ ညရောက်သွားရင် အများကြီးစားတတ်တဲ့အကျင့် မရှိဘူးလေ။ ဒီနေ့ကတော့ တစ်ကိုက်နှစ်ကိုက်လောက်ပဲ အရသာ မြည်းကြည့်ပြီး အရသာခံရုံသက်သက်ပါပဲ၊ ကျေးဇူးပြုပြီး ရှင်တို့အားလုံးက အစားအသောက်ကို စားကြပါ၊ ကျွန်မ အဒေါ်ဖန်းညန်ကို ခဏလောက် သွားကူပေးလိုက်အုံးမယ်"
သူမက ညပိုင်းတွင် ပုံမှန်စားသောက်လေ့မရှိသည်ကို ရှန်းလီက သတိပြုမိသည်။ ထို့ကြောင့် သူက သူကမ်းလိုက်လိုက်သည့်လက်ကို အင်တင်တင်ဖြင့် ပြန်ရုတ်သိမ်းလိုက်ရသည်။ သို့သော်ငြားလည်း ချန်းသရှန်ကတော့ တော်တော်လေး ဝမ်းသာကြည်နူး လေရာ ကျယ်လောင်သည့်အသံတစ်ခုဖြင့် လှမ်းအော်လိုက်လေသည်။
"ခယ်မလေး မိသားစုရဲ့ ငွေရှာတဲ့ဟင်းချက်နည်းကလွဲရင် တစ်ချို့သုံးနေကြ ချက်နေကြဟင်းလျာတွေကို ငါ့အမေကို သင်ပေးလို့ရမလား၊ ငါတကယ်ပဲ ဒီဟင်းလျာကို သဘောကျနေပြီ"
ချန်းအဘွားက အပြုံးတစ်ခုဖြင့် သူ့ကို လှမ်းဆူလေသည်။
"နင်က အားလီတို့အိမ်မှာ နင်မကြိုက်တဲ့ဟာရော ရှိသေးရဲ့လား"
အားလုံးက ရယ်မောကြလေသည်။
...