အခန်း (၁၇၇-၁၇၈)
Vol. 18 Ch. 177-178
အပိုင်း (၁၇၇) ရွာရဲ့တစ်ဖက်ကရွာ
အမှန်ပင် ဆိတ်များဖြစ်လေသည်။ တစ်ကောင် နှစ်ကောင်တင်မဟုတ်ဘဲ မိခင်ဆိတ်မကြီးက လမ်းကိုဦးဆောင်လာပြီး သူမ၏ ဆိတ်ငယ်လေးနှစ်ကောင်က နောက်မှလိုက်လာသည်။
မိခင်ဆိတ်မကြီးကို ဂူဝင်ပေါက်သို့ ခေါ်ဆောင်လာဖို့ရန် ရှန်းလီနှင့် ချန်သရှန်တို့သည် အားစိုက်ထုတ်မှုအများအပြား ပြုလုပ်ခဲ့ရသည်။ ကံအားလျော်စွာ ခေါ်ဆောင်လာခံရသည့် ဆိတ်ငယ်လေးနှစ်ကောင်က အထဲဘက်သို့ အောင်အောင်မြင်မြင် သယ်ဝင်ဖို့ရန်ခွင့်ပြုခဲ့လေသည်။
လျှိုမြောင်ထဲသို့ဆင်းရခြင်းက ပိုပြီးကြီးမားသည့် စိန်ခေါ်မှုတစ်ခုပင်။ ဝံပုလွေနှင့် သေနှင့်ပြီးသား ဆိတ်သည် ရုန်းကန်မှုမရှိလေရာ အဆင်ပြေသော်ငြားလည်း အောက်သို့ ဂရုတစိုက်မချမှီ အသက်ရှင်နေသည့် ဆိတ်သုံးကောင်ကတော့ ခြင်းတစ်ခုထဲတွင် စည်းနှောင်ထားပြီး ထွက်ပြေးမသွားအောင် သေသေချာချာလေး ကြိုးဖြင့်အထပ်အထပ် စည်းနှောင်ရလေသည်။
ဆိတ်အော်သံများက ရှန်းကျင့်၏ဂူလေးထဲက ကလေးများ၏အာရုံကို ပထမဦးဆုံး ဖမ်းဆွဲထားလိုက်သည်။ ဆူညံသံက အလွန်မှ ထူးခြားနေလေရာ သူတို့သည် သိလိုစိတ်ဖြင့် အောက်သို့ အလောတကြီးဆင်းလာကြသည်။
အားလုံးကို အောက်သို့ သေသေချာချာ ချလိုက်ပြီးနောက်တွင် စန်းလော့နှင့် ချင်ဖန်းညန်တို့က နောက်ဆုံးတော့ လျှိုမြောင်၏အောက်ခြေသို့ ဆင်းလာကြသည်။ ဆိတ်သုံးကောင်နှင့် သေပြီးသားဝံပုလွေတစ်ကောင်သည် ကလေးအုပ်စု၏ ဝိုင်းရံခြင်းခံထားရသည်။ အနီးအနားတွင်နေသည့် ရွှီမိသားစုကလည်း ဆူညံသံကို ကြားလိုက်ပြီး အလျင်အမြန်ရောက်လာကြသည်။
ဦးလေးရွှီက ဝံပုလွေကိုကြည့်လိုက်ပြီး ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်သည်။ မှိုများကို ခူးဆွတ်ရသည်ကပင် ဝံပုလွေများနှင့် မမျှော်လင့်ပဲတွေ့ဆုံသည့် ရလဒ်ဖြစ်နိုင်သည်။
တစ်ဖက်တွင်တော့ ရွှီဝမ်ချင်းက စိတ်လှုပ်ရှားစွာဖြင့် သူ့မျက်လုံးများက တောက်ပနေသည်။ ရေကန်များကို တူးဖော်လိုက်ပြီးနောက်တွင် လျှိုမြောင် ၏အတွင်းပိုင်းသည် အလွန်မှ သေးငယ်သွားသည်။ ကလေးများကစားဖို့ရန် ပြုလုပ်ပေးထားသည့် သစ်ပင်မှလွဲလျှင် မြှားပစ်လေ့ကျင့်ဖို့ရန်အတွက် နေရာမရှိတော့ပေ။ သူသည် သူ၏လေ့ကျင့်မှုကို လျှိုမြောင်အပြင်ဘက်သို့ နေရာရွှေ့လိုက်ရပြီး ထိုနေရာက မြေသြဇာတွင်းများ တူးထားသည့်နေရာ ဖြစ်လေသည်။
သူသည် အနံ့အသက်ဆိုးကို လုံးဝဂရုမစိုက်တော့ပေ။
ထို့အပြင် သူတို့သည် အထူးမြေသြဇာလုပ်နည်းတစ်ခုကို အသုံးပြုထားသဖြင့် ထူးထူးခြားခြား အနံအသက် ဆိုးဝါးနေခြင်းမျိုး မရှိပေ။
မည်သို့ဆိုစေ အားလုံးက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေကြသည်။
ရှန်းလီနှင့်ချန်းသရှန်တို့က အပြင်သို့ထွက်ကာ သန့်ရှင်းရေး သွားလုပ်ရသေးသည်။ သူတို့သည် အစောပိုင်းက တောဝက်များကို အမဲလိုက်ခဲ့ပြီး အိမ်သို့မယူပြန်လာခင် အပြင်ဘက်တွင်သာ အသားပေါ်ခဲ့သည့်အချိန်နှင့်မတူဘဲ အခုတော့ သူတို့သည် ဆိတ်များကို တိုက်ရိုက်ယူဝင်လာသည်။ ထိုဆိတ်များထဲက တစ်ကောင်က ဒဏ်ရာရနေသေးသည်။ သူတို့သည် သွေးများက အနောက်တွင်ကျန်ခဲ့မည်ကို စိုးရိမ်လေသည်။ ထို့ကြောင့် သူတို့က ထိုနေရာကို သွားရောက်စစ်ဆေးပြီး ခြေရာလက်ရာများကို ရှင်းလင်းပစ်ဖို့ရန် လိုအပ်သည်။
စန်းလော့နှင့် ချင်ဖန်းညန်တို့က သူတို့၏ပစ္စည်းများကို အရင်ဆုံးဂူထဲသို့ သယ်ဝင်လာကြသည်။ သတင်းကို ကြားလိုက်သည်တွင် အဘိုးချန်းနှင့်အဘွားချန်းတို့ကလဲ ထွက်လာပြီး ချန်းယိုထျန်းကို လှမ်းခေါ် လိုက်ကာ ဆိတ်များကို နေရာချပေးဖို့ရန်အတွက် ဂူကြီးတစ်ခုကို ပြင်ဆင်ခိုင်းလိုက်သည်။ အမှန်ပင် များများစားစား ပြင်ဆင်ဖို့ရန်မလိုပေ။ အရေးကြီးဆုံးအချက်မှာ သစ်သားစည်းရိုးတစ်ခုလုပ်ကာ ခြံတစ်ခုကို တည်ဆောက်ဖို့ရန်ဖြစ်လေသည်။ အပြင်ဘက်တွင် ကောက်ပဲသီးနှံများနှင့် အသီးအရွက်များကို စိုက်ပျိုးထားသဖြင့် သူတို့သည် ဆိတ်များကို လွတ်လွတ်လပ်လပ် သွားရောက်ခွင့်ပြုပြီး အားလုံးကိုဖျက်စီးခွင့် မပြုနိုင်ပေ။
ကလေးတစ်အုပ်ကလဲ နောက်မှလိုက်လာသည်။ ရွှီမိသားစုက ဆိုင်တာဝန်ခံရွှီ၊ ရွှီဝမ်ချင်းနှင့် ဦးလေးရွှီတို့ကလဲ ကူညီပေးဖို့ ထွက်လာသည်။ ရွှီမိသားစု၊ ကျိုးမိသားစုနှင့် လုမိသားစုတို့ကလဲ အသံကိုကြား လိုက်သဖြင့် ယောက်ျားများက အိမ်တွင်ပရိဘောဂပြုလုပ်ရာမှ ထွက်လာသည့် ပျဥ်ပြားများနှင့်သစ်ချောင်းများ သစ်ချောင်းအပိုများကို ယူထွက်လာကြသည်။
ချန်းယိုထျန်းက ဦးဆောင်ပြီး လူဆယ်ယောက်ခန့်အတူတူ အလုပ်လုပ်လိုက်ကြသည်တွင် သူတို့သည် ဝင်ပေါက်အနီးအနားတွင် အလုံပိတ်ထားသည့် ခြံတစ်ခုကို မြန်မြန်ဆန်ဆန် တည်ဆောက်ပြီးစီးသွားသည်။
အစောပိုင်းကတော့ သူတို့သည် ဂူဝင်ပေါက်ကို အလုံပိတ်ထားဖို့ရန် စဥ်းစားသေးသည်။ သို့သော်ငြားလည်း ပိုပြီးစေ့စပ်သေချာလှသည့် အမျိုးသမီးများက ဤသို့စဥ်းစားကြသည်။ လူများက နေရောင်ခြည်ကို လိုအပ်သလို ဆိတ်များကလဲ နေရောင်ခြည်ကိုလိုအပ်ကြသည်။ နောက်ဆုံးတွင် သူတို့သည် ဂူဝင်ပေါက်အပြင်ဘက်တွင် သေးငယ်သည့် ခြံဝိုင်းလေးတစ်ခုကို ဖန်တီးလိုက်ကြပြီး ဆိတ်သုံးကောင်အတွက် မီတာပတ်လည် အနည်းငယ်ပေးလိုက်ကာ ခေတ်သစ်ဝရံတာတစ်ခုနှင့် အရွယ်အစားချင်းဆင်တူသည်။ နေပူစာလှုံရန်နှင့် လတ်ဆတ်ဆတ်လေကို ရှူရှိုက်ဖို့ရန်အတွက် အဆင်ပြေသွားသည်။
ဆိတ်သုံးကောင်ကို လွှတ်ပေးလိုက်ချိန်တွင် သူတို့ သည် အော်ဟစ်နေကြပြီး ဂူထဲသို့ သုတ်သုတ်ပြာပြာ ပြေးဝင်သွားကြကာ ခြံစည်းရိုးအပြင်ဘက်တွင် ရပ်နေသည့်ကလေးများမှာ လည်ပင်းများကို ဆန့် တန်းကာဖြင့် စိတ်ပျက်လက်ပျက် ကြည့်နေကြလေသည်။
အထူးသဖြင့် ကလေးမလေးများသည် ဒီပွေ့ဖက်ချင်စရာကောင်းသည့် သတ္တဝါလေးများကို သဘောကျကြလေသည်။ ရွှီဝမ်ယင်း၏အာရုံက မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ဆိတ်လေးထံမှ လုံးဝလွှဲမသွားပေ။ သူမက ရှန်းနဥ်ကို ပြောလိုက်လေသည်။
"အခုတော့ နင်တို့တွေ ဆိတ်နို့ကို သောက်ရတော့မှာပဲ"
ရှီလီရွာသည် ရွာငယ်လေးတစ်ခုဖြစ်ပြီး ရှန်းနဥ်သည်အရင်က ဆိတ်များကို တခါမှမမွေးခဲ့ဘူးချေ။ ထို့ကြောင့် ဆိတ်များကိုမွေးမြူပြီး ဆိတ်နို့ကိုသောက်သုံးရသည့် အတွေးအခေါ်က သူမနှင့်မရင်းနှီးနေချေ။ ရွှီဝမ်ယင်းက ထိုအကြောင်းကိုပြောလိုက်မှသာ သူမ ဆိုလိုသည့်သဘောကို သဘောပေါက်သွားတော့သည်။ သူမက စန်းလော့ဘက်သို့ မြန်မြန်လှည့်လိုက်ကာ မေးလိုက်၏။
"မကြီး တကယ်ပဲ ဆိတ်နို့တွေရှိလား"
စန်းလော့က တခစ်ခစ် ရယ်မောလိုက်သည်။
"ရှိတာပေါ့၊ ဒါပေမဲ့ အမေဆိတ်မကြီးက ဒဏ်ရာရထားပြီးတော့ ဆိတ်နှစ်ကောင်ကိုလဲ တိုက်ရအုံးမှာလေ။ သူက နေရာအသစ်မှာ နည်းနည်းလေး ကြောက်နေသေးတယ်၊ ဒီတော့ သူ့ကို အရင်ဆုံးအသားကျသွားအောင် လုပ်လိုက်မှရမှာ"
အမှန်ပင် ဆိတ်တစ်ကောင်ရှိသည်ဟု ကြားလိုက်သည်တွင် ရှန်းနဥ်သည် ဆိတ်နို့၏အရသာက ဘယ်လိုမှန်းမသိသော်ငြားလည်း ဝမ်းမသာဘဲမနေနိုင်အောင် ဖြစ်သွားတော့သည်။
ပိုပြီးလက်တွေ့ကျလှသည့် လူကြီးများကတော့ နောက်ပိုင်းတွင် တိရိစ္ဆာန်များကို မည်သို့အစာ ကျွေးရမည့်အကြောင်းကို စတင်စဥ်းစားနေကြသည်။
စန်းလော့က စကားမပြောရသေးခင်မှာပင် ရှန်းလီနှင့်ချန်းသရှန်တို့ ပြန်ရောက်လာသည်။ သူတို့က ကိစ္စများကိုဆွေးနွေးဖို့ရန် အိမ်ထောင်စု တစ်ခုချင်းစီက အိမ်ထောင်ဦးစီးများကို ချက်ချင်းခေါ်ယူလိုက်ပြီး အားလုံးက သူတို့၏အစီအစဥ်ကို သတိထားမိလိုက်ကြသည်။
ရှန်းလီနှင့်ချန်းသရှန်တို့က ကပ်ဘေးဒုက္ခသည်များက အတွင်းပိုင်းသို့ဝင်မလာခင်တွင် လျှိုမြောင်အနီးအနားက ဂူလေးတစ်ချို့ကို နေရာယူထားဖို့ အကြံပြုသည်။
ရှန်းလီက ပြောလိုက်၏။
"အားလော့က ဒီအကြောင်းကို စဥ်းစားထားတာ၊ သရှန်နဲ့ဆွေးနွေးပြီးတဲ့နောက်မှာ ဒါက အဓိပ္ပါယ် ရှိတယ်လို့ ကျွန်တော်တို့ထင်တယ်၊ အပြင်လူတွေကိုဒီနားမှာ အခြေချခွင့်ပြုလိုက်ပြီး ကျွန်တော်တို့တွေက အဝင်အထွက်ကို ရပ်တန့်လိုက်မှာထက် ကျွန် တော်တို့တွေကပဲ ကိုယ်တိုင်ဒီနေရာကို အရင်ဦးဆုံး ယူထားလိုက်ကြသင့်တယ်၊ ဝင်ပေါက်တွေကိုလဲ ပိတ်ဆို့ထားလိုက်လို့ရတယ်၊ ဒီလိုဆိုရင် ကျွန်တော်တို့တွေက အနီးအနားမှာ သစ်ခုတ်တာပဲဖြစ်ဖြစ်၊ နေ့စဥ်လုပ်ငန်းဆောင်တာတွေကိုလုပ်ဖို့ အပြင်ထွက်တာပဲဖြစ်ဖြစ် ခြေရာလက်ရာတွေ အများကြီးက ရောနှောသွားပြီးတော့ သူတို့တွေလဲ သတိမထားမိအောင် လုပ်နိုင်တယ်၊ ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့လျှိုမြောင်ကိုလည်း ပိုပြီးတော့ဖုံးကွယ်ထားနိုင်တယ်၊ လူကြီးတွေ အမျိုးသမီးတွေနဲ့ ကလေးတွေလဲ အန္တရာယ်ကင်းကင်း ပုန်းအောင်းနိုင်မယ်"
"ဆောင်းဦးလဲရောက်တော့မှာဆိုတော့ လျှိုမြောင်ထဲက ကျွန်တော်တို့စုဆောင်းထားတာတွေကလဲ အကန့်အသတ်နဲ့ဖြစ်နေတယ်၊ ဒါပေမဲ့ အပြင်ဘက်က အရင်းအမြစ်ကတော့ ပေါများတယ်၊ အားလုံးပဲ ကျွန်တော်တို့တွေက လျှိုမြောင်ထဲမှာပဲ ဆက်ပြီးပုန်းနေလို့မရဘူး။ ဦးလေးကျိုး၊ ဆိုင်တာဝန်ခံရွှီ တကယ်လို့ ဦးလေးတို့မိသားစုတွေက ဆန္ဒရှိတယ်ဆိုရင် လူတစ်ချို့ကိုလွှတ်ပြီး ကျွန့်တော်တို့နဲ့ ထည့်လိုက်လို့ရပါတယ်၊ ကျွန်တော်တို့တွေက ရာသီမပြောင်းခင်မှာ ရိက္ခာတွေ ပိုပြီးစုဆောင်းဖို့ အပြင်ထွက်ရလိမ့်မယ်၊ ဒီလိုဆိုရင် ကျွန်တော်တို့တွေလဲ ဆောင်းတွင်းအတွက် အစားအသောက်တစ်ချို့ကို သိမ်းဆည်းထားနိုင်တာပေါ့"
"တကယ်လို့ ကျွန်တော်တို့တွေက အမဲလိုက်နေတုန်းဖြစ်ဖြစ် ဟင်းသီးဟင်းရွက်၊ တောဟင်းရွက်တွေကို ခူးနေတုန်း တစ်စုံတစ်ယောက်နဲ့ မမျှော်လင့်ဘဲ တွေ့မယ်ဆိုရင် ကျွန်တော်တို့တွေက ဂူအပြင်ဘက်မှာ ယာယီနေထိုင်လို့ရတယ်၊ ဒီလိုဆိုရင် မှောင်ရိပ်ကို အကာအကွယ်ယူပြီးတော့ ကျွန်တော်တို့တွေက ကျွန်တော်တို့ရှာဖွေထားတဲ့ပစ္စည်းတွေကို လျှိုမြောင်ဝင်ပေါက်ကနေ ပင်မဂူကြီးထဲကို ပြောင်းရွှေ့လို့ရတယ်၊ ဒါက ကျွန်တော်တို့တွေအတွက် ဒုက္ခအများကြီးသက်သာလိမ့်မယ်၊ တကယ်တမ်းကျတော့ သိသာထင်ရှားတဲ့ ခြေရာလက်ရာတွေကို မချန်ထားဖို့ဆိုရင် အဓိကလုပ်အားက အစားအသောက်တွေ ရိက္ခာတွေ စုဆောင်းတဲ့ ရာသီအတောအတွင်း ဂူအပြင်ဘက်မှာတောင် နေလို့ရတယ်။ တစ်ရက်နှစ်ရက်ကြာတိုင်း လျှိုမြောင်အထဲဘက်ကို ရိက္ခာပို့လို့ရတယ်၊ ကျွန်တော်တို့တွေက သေချာတဲ့အကာအကွယ်တဲကို တည်ဆောက်ထားပြီး အချင်းချင်း သတိထားကြမယ်ဆိုရင် ကြီးကြီးမားမား ပြသာနာတွေ ရှိလာမှာမဟုတ်ဘူး"
မည်သူက ဒီအဆိုပြုချက်ကို ငြင်းပယ်ပါမည်နည်း။
သူတို့သည် မည်မျှပင် သတိထားကြသည်ဖြစ်စေ သူတို့၏လှုပ်ရှားမှုများက အမြဲတမ်းလိုလို ခြေရာလက်ရာတစ်ချို့တော့ ကျန်ခဲ့ပေလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ဒါကိုဖုံးကွယ်ထားဖို့ရန် ခက်ခဲလာလိမ့်မည်။ လျှိုမြောင်ကလဲ လုံလောက်သည့် အစားအသောက်ကို မထောက်ပံ့ပေးနိုင်ပေ။ အပြင်ဘက်သို့ လုံးဝမထွက်သည်က လက်တွေ့မကျပေ။
အပြင်ဘက်တွင် လူများက လှည့်ပတ်သွားလာနေသည်ဖြစ်ရာ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ ဆန့်ကျင်ဘက်အနေဖြင့် လျှိုမြောင်ကို သေသေချာချာလေး ဖုံးကွယ်ထားနိုင်လေသည်။
လုပ်နိုင်ကိုင်နိုင်သည့် ယောက်ျားသားများကလဲ လွတ်လွတ်လပ်လပ် အမဲလိုက်နိုင်ကာ တောဟင်းရွက်များကို ခူးဆွတ်နိုင်သည့်အပြင် လျှိုမြောင်ပေါ် ပေါက်သွားမည့် အန္တရာယ်ကလဲ သိသိသာသာ နည်းပါးသွားပေမည်။
တောင်အတွင်းပိုင်းတွင် ဆောင်းဦးရာသီသည် ပေါများကြွယ်ဝလှသည့် ရာသီတစ်ခုဟု လူသိများကြသည်။ လုအာ့လန်နှင့် ရှီသလန်တို့ကပင် ရှန်းလီနှင့် သရှန်တို့အဖော်ပါမှသာ အပြင်သို့ထွက်ရဲကြသည်။ ကျိုးမိသားစုကနှင့် ရွှီမိသားစုကတော့ သူတို့ကို လုံးဝဝန်ထုတ်ဝန်ပိုးဖြစ်အောင် မလုပ်ရဲပေ။
အခုတော့ ရှန်းလီနှင့်ချန်းသရှန်တို့က အပြင်ဘက်ဂူတစ်ခုကို သေချာအောင်ပြုလုပ်ထားပြီး သူတို့ကိုလမ်းပြခေါ်ပေးကာ သူတို့အရင်က မတောင်းဆိုခဲ့ရဲဖူးသည့် အရာတစ်ခုဖြစ်သည့် ရိက္ခာများကို စုဆောင်းကူမည်ဟု ကမ်းလှမ်းလာသည်။ သူတို့သည် မည်သို့ငြင်းပယ်နိုင်ပါမည်နည်း။
သူတို့သည် လက်ခံဖို့ရန် ပိုလို့ပင်စိတ်အားထက်သန်နေသည်။
တစ်ယောက်ပြီးတစ်ယောက် သဘောတူလိုက်ကြသည်။
ထိုအခါမှ ရှန်းလီက ပြောလေသည်။
"နောက်ထပ်တစ်ချက်ရှိသေးတယ်၊ မိသားစုတစ်ခုချင်းစီက ဘယ်သူ့ကိုလွှတ်မယ်ဆိုတာ ဆုံးဖြတ်ဖို့လိုတယ်၊ အဲဒီ့လူတွေကိုလဲ ကျွန်တော်နဲ့သရှန်တို့က ထောက်ခံပေးဖို့လိုတယ်၊ သူတို့တွေက ကျွန်တော်တို့တွေနဲ့အတူတူ စီစဥ်တာကို လိုက်နာနိုင်တဲ့သူ ဖြစ်ဖို့လိုတယ်"
ပိုပြီး ရိုးရိုးရှင်းရှင်းပြောရလျှင် သူတို့သည် အဖွဲ့ကသူတို့နှင့်အတူ လိုလိုလားလား ခေါ်သွားလိုသည့်တစ်ဦးတစ်ယောက်ဖြစ်ဖို့လိုပြီး ဝန်ထုပ်ဝန်ပိုး အများကြီးမဖြစ်ဖို့လဲ လိုသည်။
အားလုံးက ဒါကိုနားလည်ကြသည်။ လက်တွေ့တွင် ဒီစည်းမျဥ်းက အကူအညီပေးဖို့ရန်လိုအပ်သည့် မိသားစုလေးခုကို ထိန်းချုပ်ထားလိုက်ခြင်းပင်။
လုအဘွားက အရင်ဆုံးကြေငြာလိုက်သည်။
"ငါတို့အတွက်ကတော့ အာ့လန်နဲ့စန်းလန်တို့ကိုပဲ လွှတ်မယ်"
ရှီသလန်ကလဲ ကြေငြာသည်။
"ငါတို့မိသားစုထဲမှာတော့ ငါရဲ့ဒုတိယညီလေးရယ် ငါရယ်ပဲဖြစ်လိမ့်မယ်"
ကျိုးမိသားစု အလှည့်ရောက်လာသည်တွင် သူသည် ခဏလောက်စဥ်းစားပြီးမှ ပြောလိုက်လေသည်။
"ငါတို့တွေက လျှိုမြောင်ထဲမှာလဲ လုပ်နိုင်ကိုင်နိုင်တဲ့ယောက်ျားတွေတစ်ချို့ကို ထားဖို့လိုသေးတယ်၊ ငါ့မှာ သားသုံးယောက်ရှိတယ်ဆိုတော့ သူတို့တွေက နှစ်ယောက်တစ်တွဲ တစ်လှည့်စီအပြင်ထွက်လို့ရတယ်"
တစ်ခြားမိသားစုအားလုံး၏ အစီအစဥ်ကို ကြားလိုက်ပြီးနောက်တွင် ဆိုင်တာဝန်ခံရွှီက ခဏလောက် စဥ်းစားလိုက်ကာ အဆိုပြုလိုက်လေသည်။
"ကျွန်တော်တို့မိသားစုမှာတော့ ကျွန်တော်ရယ်၊ ဦးလေးရွှီရယ်၊ ဝမ်ချင်းရယ် ချင်းဟယ်ရယ်က တစ်လှည့်စီသွားလိုက်မယ်။ ကျွန်တော်တို့တွေက နှစ်ယောက်စီ တစ်ခါအပြင်ထွက်ကြမယ်"
ချန်းနှင့်ရှီမိသားစုအတွင်တော့ ထိုကိစ္စကို ဆွေးနွေးဖို့ မလိုအပ်ပေ။ ချန်းမိသားစုက ချင်ဖန်းညန်နှင့် ချန်းယိုထျန်းတို့က တစ်လှည့်စီ သွားကြမည်ဖြစ်ကာ ရှန်းမိသားစုတွင်တော့ ရှန်းလီက စန်းလော့ သို့မဟုတ် ရှန်းကျင့်တို့ကို တစ်လှည့်စီ ခေါ်သွားလိမ့်မည်။ စန်းလော့က သူတို့နှင့်လိုက်ပါသည် မလိုက်ပါသည်ကတော့ သူမ၏သဘောပင်။ ကိစ္စများကို သတ်မှတ်ပြီးနောက်တွင် ရှန်းလီကထပ်ပြီး အချိန်မဆွဲနေတော့ချေ။
"နောက်ပိုင်း လျှိုမြောင်ထဲက ထွက်ကြမဲ့သူတွေက လူစုလိုက်ကြပြီး ကျွန်တော်နဲ့သရှန်ကို လာတွေ့ကြပါ၊ ညမရောက်ခင်မှာ ကျွန်တော်တို့တွေက အနီးအနားက တောင်ကုန်းတွေကို သွားကြည့်ကြလိုက်မယ်၊ အထူးသဖြင့် ဝင်ပေါက်တွေကိုပေါ့၊ ဂူအရေအတွက်ကိုလဲ ဆုံးဖြတ်ရမယ်၊ ကျွန်တော်တို့တွေက ဘယ်တစ်ခုကို သုံးမယ်ဆိုတာကလဲ ရွေးရအုံးမယ်၊ ဒီတော့ သိုလှောင်ဖို့အတွက် ထင်းခုတ်ဖို့ ဓားကောက်တွေဖြစ်ဖြစ် ပုဆိန်တွေဖြစ်ဖြစ် ယူလာခဲ့ကြပါ"
ထင်းများကိုစုဆောင်းခြင်းကလဲ အဓိကအလုပ်ကြီးတစ်ခု ဖြစ်လေသည်။ အပေါ်ဘက်ကဂူကြီးက ကြီးမားကျယ်ဝန်းပြီး ရိက္ခာများကို သယ်ပို့ပေးရန်အတွက်သုံးသည့် ဝင်ပေါက်အနီးအနားက သေးငယ်သည့်နေရာလေးကလွဲလျှင် ဒါသည် ထင်းစည်းများကို သိမ်းဆည်းဖို့ရန် အကောင်းဆုံးဖြစ်လေသည်။ ထင်းစည်းများကို သယ်ယူပို့ဆောင်ခြင်းက အမြဲတမ်း အဆင်ပြေလှသည် မဟုတ်သောကြောင့်ပင်။
စန်းလော့ကလဲ ကူညီပေးချင်သည် သို့သော်ငြားလည်း အသစ်ရောက်လာသည့်ဆိတ်များနှင့် ခူးဆွတ်လာသည့် ကျောက်ပွင့်နှင့် တောဟင်းရွက်များကို ရေဆေးပေးဖို့လိုအပ်ကာ နေမဝင်ခင်အခြောက်လှန်းဖို့ လိုအပ်သဖြင့် သူမက မလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှန်းလီက ဒီအရာများကို ကျွန်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သည်ဟု ယုံကြည်ထားလိုက်ကာ သူမက ဒီကိစ္စကို ဘေးဖယ်ထားလိုက်ပြီး သူမကို နောက်တစ်နေ့ ကျမှခေါ်လာပေးဖို့ ပြောတော့မည်ဟု စဥ်းစားထားလိုက်သည်။
ရှန်းလီမထွက်ခွာခင် သူမက ဆိတ်များကြိုက်တတ်သည့် ခြုံများထဲမှ အရွက်နုလေးတစ်ချို့ကို ခူးခဲ့ပေးဖို့မှာလိုက်သည်။ ထို့အပြင် ကြက်၊ ဘဲနှင့်ဆိတ်များကိုကျွေးဖို့ရန် လတ်ဆတ်သည့် မြက်ပင်များကိုလဲ ခူးခိုင်းခဲ့သည်။
ရှန်းလီနှင့်ချန်းသရှန်တို့က အပြင်သို့နောက်တစ်ခေါက် ထွက်သွားချိန်တွင် တစ်ယောက်ချင်းစီက သူတို့၏ကျောပေါ်တွင် ခြင်းလွတ်တစ်ခုကိုသယ်သွားကြသည်။
ညနေခင်းစောင်းပိုင်းဖြစ်နေသော်ငြားလည်း လူအုပ်ကြီးတစ်ဖွဲ့က အပြင်ထွက်သွားသေးသည်။ အိမ်ထောင်စု တစ်ခုချင်းစီ၏ အိမ်ထောင်ဦးစီးများက အကြောင်းအရင်းကို ကောင်းကောင်းသိကြသည်။ သူတို့၏ဇနီးဖြစ်သူများက စုံစမ်းမေးမြန်းလျှင် ယောက်ျားများက သူတို့ကို တိုးတိုးတိတ်တိတ် အကြောင်းကြားကြသည်။ သို့သော်ငြားလည်း သူတို့သည် ကလေးများကိုတော့ စကားတစ်ခွန်းမှ မပြောကြပေ။
လုမိသားစုသည် အိမ်ထောင်စုများကို ခွဲလိုက်ကြသော်ငြားလည်း အဘိုးလုက မိသားစုဝင်များကို ရေတွက်ရာတွင် သူသည် လုသလန်ကို ချန်လှပ်ထားလိုက်သည်။
လုမိသားစု၏ အကြီးဆုံးအိမ်ထောင်စုမှ မိသားစုဝင်များကို လျှိုမြောင်ထဲက ထွက်ခွာခွင့်မပေးချေ။ ဒါသည် နေထိုင်ကြသည့် လူအများအားလုံးထဲတွင် ထုတ်ပြောစရာမလိုသည့် နားလည်မှုတစ်ခုပင်။ ထို့ကြောင့် ရှန်းလီသည် သူတို့ကို သီးခြား မှာကြားခြင်းမရှိသည့်တိုင် အားလုံးက သတင်းများကို ဖြန့်နိုင်မည့်ထင်သည့် သူတို့၏ ကလေးများကို ဂူနှင့်ပတ်သတ်သည့် ဘာအကြောင်းအရာတစ်ခုမှ ထုတ်မပြောဖို့ နားလည်မှုနှင့် သဘောတူထားလိုက်သည်။
လုသလန်သည် လုအာ့လန်နှင့်လုစန်းလန်တို့က ဒီအချိန်ကြမှ သူတို့၏ပုဆိန်များဖြင့် အပြင်ထွက်သွားသည်ကို တွေ့လိုက်ချိန်တွင် ရှန်းလီက ထင်းမီးများကိုခုတ်ဖို့ရန် အားလုံးကိုခေါ်လိုက်သည်ဟု ယူဆလိုက်ပြီး ထိုကိစ္စကိုအများကြီး မတွေးတော့ချေ။
...
ရှန်းလီ ထွက်သွားချိန်တွင် ရှန်းနဥ် ဦးဆောင်သည့်ကလေးများက ချန်းယိုထျန်းက ဆိတ်များအတွက် မြက်ခြောက်များကို ပြင်ဆင်ပေးပြီး ရေနှင့်အစားအသောက် ထည့်သည့် တလျှောက်များကို ပြင်ဆင်ပေးနေသည်ကို စောင့်ကြည့်နေကြလိုက်ပြီးနောက် စန်းလော့က မှိုများကို အခြောက်ခံကာ ကျောက်ပွင့်များကို ရေဆေးနေသည်ကို ပြန်လာပြီးလာရောက်ကူညီလေသည်။
ရွှီဝမ်ယင်းအပါအဝင် ကလေးတစ်အုပ်သည် ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်ကူညီပေးကြပြီး လုပ်ငန်းကို မြန်မြန်ဆန်ဆန် ပြီးမြောက်သွားစေလေသည်။ ပြီးခါနီးတွင် စန်းလော့က ရှန်းလီခူးထားပေးခဲ့သည့် ခရမ်းရောင်သမ်းနေသည့် တောစပျစ်သီးနှစ်ခိုင်ကို ထုတ်ယူလာကာ ရှန်းနဥ်ကို သွားရောက်ဆေးကြောခိုင်းလိုက်သည်။ ထို့နောက်တွင် ထိုတောစပျစ်သီးများကို လျှိုမြောင်ထဲက ကလေးများအကြားတွင် ဝေမျှပေးလိုက်သည်။
သူမကို မျက်နှာရှုံ့မဲ့သွားအောင် လုပ်လိုက်သည့်အတွေးရှိသော်ငြားလည်း ကလေးတစ်အုပ်ကတော့ တောစပျစ်သီးကို အင်မတန်မှ နှစ်သက်ကြလေသည်။ ချဥ်ပြုံးပြုံးအရသာကြောင့် မျက်နှာများက တွန့်ရှုံ့သွားသည့်တိုင် သူတို့သည် အားတက်သရော စုဝေးလာကြပြီး နောက်ထပ် တောင်းဆိုကြလေသည်။
စန်းလော့က ဒါကိုသဘောကျသွားပြီး မနေနိုင်တော့ဘဲ အော်ရယ်မိလေသည်။
ဒီအချိန်အတွင်းတွင် ချန်းယိုထျန်းကို ဝံပုလွေသားရေများကို အရေခွာဖို့ရန်နှင့် ဆိတ်ပေါ်က ဒဏ်ရာရနေသည့် အသားများကို ဖယ်ပေးဖို့ရန် လှမ်းခေါ်လိုက်သည်။ ထို့နောက်တွင် အသားကို မိသားစုနှစ်စုကြားတွင် ခွဲဝေလိုက်ကြသည်။ စန်းလော့က ရှန်းအန်းကို အသားဝေစုတစ်ခုအား ဆိုင်တာဝန်ခံရွှီ၏ မိသားစုဆီသို့ သွားပို့ခိုင်းလိုက်ကာ မှိုတစ်ပန်းကန်ကိုလဲ ထည့်ပေးလိုက်သည်။ သူမက ရှန်းကျင့်နှင့် သူ့ညီအစ်ကိုများအတွက်လဲ တစ်ချို့ကို ခွဲဝေပေးလိုက်သည်။
ရှန်းလီနှင့်သူအဖွဲ့သည် ဂူကြီးသို့ အသွားအပြန်ခရီး တစ်ခေါက်လောက် လုပ်ခဲ့ရသည်။ ခြင်းများကို သယ်ဆောင်လာပေးကာ မြက်များထည့်ထားသည့် ခြင်းနှစ်ခုကိုအပေါ်မှ ချပေးလေသည်။ ထို့နောက်တွင် သူတို့သည် ထပ်ပြီးထွက်ခွာသွားကြပြီး မှောင်ရီပျိုးကာနီးအထိ လျှိုမြောင်ထဲသို့ ပြန်မလာကြတော့ပေ။
ဒီအချိန်တွင် စန်းလော့နှင့်ရှန်းနဥ်တို့က ညနေစာကို ပြင်ဆင်ထားပြီးဖြစ်သည်။ အလွန်မှ နောက်ကျနေပြီဖြစ်သဖြင့် အားလုံးကလဲ ဆာလောင်နေကြပြီဖြစ်သည်။ သို့သော်ငြားလည်း ရှန်းလီ၏ မျက်လုံးများကတော့ တလက်လက် တောက်ပနေဆဲပင်။ လက်နှင့်မျက်နှာများကို ဆေးကြောလိုက်ပြီး သူက စန်းလော့ကို တီးတိုးပြောလိုက်သည်။
"ကျွန်တော်တို့မိသားစုရဲ့ဂူက ဝင်ပေါက်ဘေးက တစ်ခြားတောင်ထိပ်လေးမှာရှိတယ်၊ ဒါကဝင်ပေါက်နဲ့ အနီးဆုံးဂူလဲ ဖြစ်တယ် မနက်ဖြန်ကြရင် ကျွန်တော် မင်းကို အဲဒီ့ နေရာကိုခေါ်သွားပေးမယ်"
ထုတ်မပြောသော်ငြားလည်း သိသိသာသာပင် စန်းလော့က သူ့ကို သူမဘေးတွင် ထိုင်ခိုင်းထားလိုက်ပြီး သူမက လက်ရေးလှလေ့ကျင့်နေစဥ် ရှန်းလီသည် ထမင်းစားသည့် တစ်လျှောက်လုံး ထိုနေရာကို တစ်သတ်မှတ်တည်း ယူထားလေသည်။ အစပိုင်းတွင် ရှန်းနဥ်က သတိမထားမိဘဲ သူမ၏အစ်ကိုအကြီးဆုံးကို သူမ၏နေရာအား သုံးလေးရက်ဆက်တိုက် ပေးထိုင်ထားလိုက်သည်။ တဖြည်းဖြည်းနှင့် သူမသည် ဖြစ်ပျက်နေသည့်အရာကို သဘောပေါက်သွားပြီး ဘာမှမပြောတော့ဘဲ နေရာလဲပေးလိုက်ရတော့သည်။
ထို့ကြောင့် ရှန်းလီသည် အခုတော့ စန်းလော့ကို တီးတိုးစကားလေးပြောရန် အခွင့်အရေးရလာခဲ့သည်။
စန်းလော့ကလဲ သူ၏မကြာခဏ ချဥ်းကပ်လာပုံကို နေသားကျလာပြီဖြစ်ကာ အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
...
လုံလောက်သည့် ဆေးပမာဏတစ်ခုအတွက် ဆေးပင်များကို လုံလုံလောက်လောက် ခူးဆွတ်ထားပြီးဖြစ်ရာ စန်းလော့သည် နောက်တစ်နေ့၏ တောဟင်းရွက်ခူးမည့်အစီအစဥ်ကို ဝင်မပါလာတော့ပေ။ သူမက ရှန်းလီကို ရှန်းကျင့်အား ခေါ်သွားခွင့်ပြုလိုက်ပြီး အငယ်လေးများကို မှိုများခူးဆွတ်ရန်နှင့် တောကြက်တစ်ချို့ကို အမဲလိုက်ဖို့ခွင့်ပြုထားလိုက်သည်။ နောက်ဆုံး သူတို့၏အစားအသောက်သည်လဲ ရှန်းလီက ထောက်ပံ့ပေးထားရခြင်းပင်။
ရှန်းလီသည် ရှန်းကျင့်၏စိုးရိမ်ပူပန်မှုကို သတိထားမိသဖြင့် ဆေးပင်များကို ခူးဆွတ်ဖို့မဟုတ်ဘဲ နောက်တစ်နေ့တွင် သူတို့နှင့်လိုက်ပါလာဖို့ တစ်ခြားမိသားစုမှ လူများကိုလည်း ဖိတ်ခေါ်လိုက်သည်။ သူတို့သည် မနက်ခင်းစောစောတွင် ထွက်ခွာလာကြပြီး သူတို့၏သားကောင်များနှင့် မှိုများနှင့်အတူ နေ့လယ်ခင်းနှောင်းပိုင်းတွင် ပြန်လာကြသည်။ ရှန်းကျင့်ကို ထားခဲ့လိုက်ပြီး ရှန်းလီက ပုဆိန်နှင့်ပေါက်ပြားကိုယူကာ မိသားစုတစ်ခုစီက လူငယ်လေးများနှင့်အတူ ထပ်ပြီးထွက်သွားတော့သည်။
သူတို့သည် နေစဝင်လာသည်အထိ မပြန်လာကြဘဲ စန်းလော့အား ဂူကိုပြဖို့ရန် အသင့်ပြင်ထားလိုက်သည်။
ရှန်းမိသားစု၏ အပြင်ဘက်ကဂူသည် လျိုမြောင်ဝင်ပေါက်၏အထက် အနီးအနားက တောင်ထိပ်လေးတစ်ခုတွင် တည်ရှိသည်။ တစ်ခြားမိသားစု ၏ဂူကလဲ မျက်နှာချင်းဆိုင်က ပတ်ဝန်းကျင်တောင်များပေါ်တွင် ပြန့်ကျဲကာရှိနေသည်။ အားလုံးက လျှိုမြောင်ဝင်ပေါက်အနီးက တောင်ပတ်ဝန်းကျင်တွင် တည်ရှိသည်။ အားသာချက်မှာ သူတို့သည် ဝင်ပေါက်နှင့်နီးပြီး သိပ်ပြီးမကွာဝေးလှပေ။ အကယ်၍များ တစ်ယောက်ယောက်က အားကုန်သုံးပြီး အော်ဟစ်လိုက်မည်ဆိုလျှင် တစ်ခြားဂူများထဲက သူများသည် ကြားနိုင်ကြပြီး လိုအပ်လျှင် အကူအညီပေးနိုင်ကြသည်။ ဒါသည် အကျိုးရှိသည့် အခြေအနေတစ်ခုပင်။
အားနည်းချက်မှာ ရှန်းလီပြောခဲ့သလိုပင် ဂူကအလွန်မှ သေးငယ်လေသည်။ စန်းလော့ကတော့ သူမမိသားစု၏ ဂူသည် ၆မီတာ၇မီတာပတ်လည်ထက် မလျော့သည်ဟု ခန့်မှန်းလိုက်သည်။ အိပ်ယာတစ်ခု ခင်းပြီးနောက်တွင် နေရာက အများကြီးမကျန်တော့ပေ။ ထို့အပြင် ပိုပြီးသေးငယ်သည့် နောက်ထပ်ဂူနှစ်ခုလဲ ရှိသေးသည်ဟု ရှန်းလီကပြောသည်။ ထိုဂူနှစ်ခုက အန္တရာယ်ကင်းကင်း နေထိုင်နိုင်ဖို့ရန်အတွက် ကျောက်နံရံတစ်ခုနှင့် တံခါးတစ်ခုလိုအပ်သည့် တစ်ဖက်ပွင့်ကျောက်နံရံများနှင့် ဆင်တူသည်။
ပိုပြီးကြီးမားသည့် ဂူများရှိသော်ငြားလည်း ထိုအရာများက အလွန်မှဝေးကွာသည်။ လျှိုမြောင်ဝင်ပေါက်ကို စောင့်ကြည့်ပေးဖို့ရန် ရည်ရွယ်ချက်နှင့် အပြန်အလှန် ထောက်ပံ့ပေးဖို့ရန် ရည်ရွယ်ချက်အတွက်က ဒီဂူများက အကောင်ဆုံးရွေးချယ်မှု ဖြစ်လေသည်။
ရှန်းလီနှင့်ချန်းသရှန်တို့က ထိုကြီးမားသည့်ဂူများကို အသုံးပြုဖို့တခါမှ မစဥ်းစားခဲ့သည်က မဆန်းတော့ပေ။
သို့သော်ငြားလည်း ယာယီခိုလှုံရာတစ်ခုအနေဖြင့် ထိုဂူလေးများသည် လုံလောက်ပေသည်။
ရှန်မိသားစုဂူလေးတွင် တည်ဆောက်ထားပြီးသား တံခါးတစ်ခုရှိနေပြီး ကြီးမားသည့်သစ်တုံးများဖြင့် ပြုလုပ်ထားကာ ပုံမှန်တံခါးပျဥ်ပြားတစ်ခုထက် အဆပေါင်းများစွာ ပိုပြီးထူထဲပြီး ကြောက်စရာကောင်းသည့် သားရိုင်းတိရိစ္ဆာန်များရန်မှ ကာကွယ်ဖို့ရန် ဖြစ်နိုင်သည်။ ပါးလွှာသည့်တံခါးတစ်ချပ်က အပျက်အစီး အင်အားကြီးသည့်တစ်ခုအတွက်ဆိုလျှင် လုံလောက်မည် မဟုတ်ပေ။
စန်းလော့က တံခါးကို အနီးကပ်လေ့လာကြည့်လိုက်သည်။ တံခါးပေါ်တွင် သေးငယ်သည့်အပေါက်လေးတစ်ခုကို တမင်ချန်လှပ်ထားပြီး အထဲဘက်မှဖွင့်ဖို့ ပိတ်ဖို့ လုပ်နိုင်လေသည်။ ဒါသည် အပြင်ဘက်အခြေအနေကို လေ့လာရန် အဆင်ပြေသည်။ တိုက်ခိုက်ဖို့ရန်လိုအပ်လာလျှင် အပြင်ဘက်သို့ မြှားဖြင့် ပစ်နိုင်လိမ့်ပေမည်။ ဒါသည် အမှန်ပင် လုံခြုံသည့် ပုံစံတစ်ခုပင်။
ဂူအပြင်ဘက်တွင် သေချာရှင်းလင်းထားသည့် နေရာငယ်လေးတစ်ခုရှိသည်။ ထိုနေရာလေးကို ဆက်ပြီးလျှောက်ကြည့်လိုက်သည်တွင် စန်းလော့သည် ဒါက တော်တော်လေးကို အေးချမ်းသည်ဟုတွေ့လိုက်ရသည်။ သူမက အကြံပေးလိုက်၏။
" နောက်ကျရင် ကျွန်မတို့တွေ အထဲဘက်မှာ အိပ်ယာတစ်ခုကို ထားပြီးတော့ အပြင်ဘက်မှာတော့ တဲတစ်လုံးကို ဆောက်လို့ရတယ်၊ မီးဖိုတစ်ခုကိုလဲ ဒီအတိုင်းဆောက်ထားလို့ရတယ် ဒါက ရှင် အမဲလိုက်သွားတဲ့အချိန်ကြရင် ယာယီနေထိုင်ဖို့ နေရာတစ်ခုအတွက်လဲ သုံးနိုင်တယ်၊ ဟုတ်တာပေါ့ ကျွန်မတို့တွေ ဒီအနီး အနားတစ်ဝိုက်မှာ မြွေနှင်ဆေးပင်တွေကိုလဲ ထပ်ပြီးပြောင်းစိုက်ထားလို့ရတယ်"
မြွေနှင်ဆေးပင်များကို စိုက်ပျိုးမည်ဟုပြောလိုက်သည်တွင် စန်းလော့သည် ရုတ်တရက်တုံ့ဆိုင်းသွားလေသည်။ သူမသည် သူမကိုကြည့်နေသည့် ရှန်းလီကို မော့ကြည့်လိုက်ပြီး သူတို့၏မျက်လုံးများမှာ လင်းလက်သွားတော့သည်။
စန်းလော့က တံတွေးကိုမြိုချလိုက်ပြီး ပြောလိုက်၏။
"ရှန်းလီ ကျွန်မတို့တွေ ဒီနေရာအပြင်ဘက်မှာ နေမှာဆိုတော့ ဒီတောပေါ်မြေထဲမှာ အပြည့်အဝစိုက်ပျိုးလို့ရနိုင်တယ်၊ ကျွန်မတို့တွေက အခုဆိုရင် ပဲပိစပ်တွေကိုလဲ စိုက်နိုင်ပြီး ဟင်းသီးဟင်းရွက် အမျိုးအစားအများကြီးကိုလဲ စိုက်နိုင်သေးတယ်။ ကျွန်မတို့တွေက ဒါတွေကို ကာကွယ်ပေးနိုင်သရွေ့တော့ ကျွန်မတို့ရဲ့ အစားအသောက် အရင်းအမြစ်တွေ ဖြစ်လာလိမ့်မယ်"
အကယ်၍များ ကပ်ဘေးဒုက္ခသည်များက အလုံးအရင်းနှင့် ဝင်ရောက်လာပြီး သူတို့သည် သီးနှံများကို မကာကွယ်နိုင်ခဲ့လျှင် ဆုံးရှုံးမှုက မျိုးစေ့နှင့်အားစိုက်ထုတ်မှုသာ ရှိလိမ့်မည်။ လျှိုမြောင်ထဲတွင် စိုက်ထားသည့်မျိုးစေ့များနှင့်ဆိုလျှင် သူတို့သည် နောက်ပိုင်းအသုံးပြုဖို့ရန်အတွက် နည်းနည်းပါးပါးကို သိမ်းထားနိုင်ပြီး ဆုံးရှုံးမှုကလဲ အနည်းဆုံးဖြစ်နိုင်သည်။ အားထုတ်မှုအတွက်ကတော့ သူတို့သည် ယခုအချိန်တွင် ပိုလျှံနေလေသည်။
တောင်များအပြည့်ရှိနေသည့် ကျယ်ပြောလှသည့် မြေတစ်ခုတွင် သာမန်လူတစ်ယောက်က တစ်စုံတစ်ယောက် ပိုင်ဆိုင်ထားသည်မှာ ထင်ရှားသည့် တစ်စုံတစ်ခုကို ထိကြည့်ဖို့ရန်က ပုံမှန်တော့မဟုတ်ပေ။ အကယ်၍များ တစ်စုံတစ်ယောက်က ဒီနည်းလမ်းဖြင့်ပင် ဖြေရှင်းလာလျှင် သူတို့သည် စာရိတ္တပိုင်းဆိုင်ရာ ချို့ယွင်းနေသည်မဟုတ်လျှင် အသက်ရှင်ဖို့ရန်အတွက် ရုန်းကန်နေရခြင်း ဖြစ်လိမ့်မည်။
တောင်ပိုင်းဒေသသည် တောတောင်များထူထပ်ပြီး မြေဩဇာကောင်းမွန်သည်။ ထို့ကြောင့် တောအတွင်းပိုင်းသို့ စွန့်စားပြီး ဝင်ရောက်လာနိုင်သူများသည် သေရေးရှင်ရေး အခြေအနေတစ်ခုကို ရင်ဆိုင်နေရမည် မဟုတ်ပေ။ မကောင်းသည့် ရည်ရွယ်ချက်များရှိသည့် သူများအတွက်တော့ ရှန်းလီနှင့်သူအဖွဲ့က ကျော်သွားပေးလိမ့်မည် မဟုတ်ပေ။
မျက်နှာစာတွင် အဆောက်အဦးတစ်ခုကို ထားရှိခြင်းဖြင့် လျှိုမြောင်ကို ဖုံးကွယ်ထားမည့် သူတို့၏ရည်ရွယ်ချက်ကို စဥ်းစားလိုက်မိသည်တွင် နေထိုင်ရာဂူတစ်ခု၏ဘေးတွင် ကောက်ပဲသီးနှံများကို နောက်ထပ်စိုက်ပျိုးခြင်းက ပိုပြီး အဓိပ္ပါယ် ရှိလိမ့်မည် မဟုတ်ပါလား။
ရှန်းလီနှင့်စန်းလော့တို့က အတွေးတစ်ခုထဲ ဖြစ်ဟန်တူသည်။ သူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ရယ်မောလိုက်ကြလေသည်။
"ညနေစာအတွက် ပြန်ကြရအောင်၊ ပြီးရင်တော့ ကျွန်မတို့တွေ ဒီကိစ္စကိုဆွေးနွေးဖို့အတွက် ရှောင်အန်းကိုလွှတ်ပြီး ရွာထဲကလူတွေကို ဖိတ်ခိုင်းလိုက်မယ်"
...
အပိုင်း(၁၇၈) တောင်အပြင်ဘက်
ညနေခင်း ဆွေးနွေးပြီးသွားသည့်နောက်တွင် ရလာဒ်က ကြိုတင်ခန့်မှန်းထားသည့် အတိုင်းပင်။ အားလုံးက ထောက်ခံကြလေသည်။
“ငါတို့တွေ စိုက်သင့်တယ်”
ကျိုးချွမ်ကျန့်က ပြောလိုက်၏။
“ငါတို့တွေ စပါးကိုတော့ အပြင်မှာ စိုက်လို့မရဘူး၊ ဒါပေမဲ့ ပဲပိစပ်နဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ငါတို့တွေ ရိတ်သိမ်းနိုင်သ၍ အကျိုးရှိလိမ့်မယ်၊ ဆောင်းတွင်းမှာ အသီးအရွက် ပြတ်လပ်မှုကိုလဲ စိတ်ပူစရာမလိုတော့ဘူး၊ နောက်ပြီး ပဲပိစပ်ကိုလဲ အစားအသောက်တစ်ခုအနေနဲ့ သုံးလို့ရတယ်”
အေးချမ်းမှုက ဘယ်တော့ ပြန်ရောက်လာမည်ကို ဘယ်သူမှ မသိကြပေ။ သည်လို အချိန်မျိုးတွင် အစေားအသောက်ကို ထိန်းသိမ်းရခြင်းက အသက်များကို စောင့်ရှောက်ရခြင်းနှင့် အတူတူပင်။
ထိုဆုံးဖြတ်ချက် ချလိုက်ပြီးနောက်တွင် အားလုံးက တတိယနေ့တွင် စောစော ထွက်လာကြလေသည်။ အမဲလိုက်မည့်အစား သူတို့သည် နှစ်ဖွဲ့ခွဲလိုက်ကြပြီး ရှန်းလီနှင့် ချန်းသရှန်တို့က အသီးသီး ဦးဆောင်ကြသည်။ တစ်ဖွဲ့က တခြားဂူနှစ်ခုအတွက် ဝင်ပေါက်များ ဆောက်လုပ်ရန် သစ်ပင်များကို ခုတ်လဲပေးပြီး ရိုးရှင်းသည့် မြေမီးဖိုများကို ဆောက်ပေးလိုက်ကြသည်။ သူတို့သည် ထင်းများကို သုံးကာ နှစ်နပ်ပင် ချက်စားလိုက်ကြသေးသည်။ တခြားအဖွဲ့ကတော့ နောက်လာမည့် ရက်အနည်းငယ်အတွင်း ရာသီအမီ ပဲပိစပ်များကို စိုက်ပျိုးရန်အတွက် မြေများကို ပြင်ဆင်ကြသည်။
လေးရက်မြောက်နေ့သည် ဆိုင်တာဝန်ခံရွှီကို စပါးသယ်ပို့ပေးရန် သဘောထူးသည့်နေ့ပင်။ ဂူခြောက်ခုထဲက သုံးခုသည် အပြင်ဘက်မှ ကြည့်လျှင် လူနေသည့်ပုံမပေါ်ချေ။ အားလုံးက ရွာက ထွက်လာခဲ့ချိန်တွင် သူတို့၏အိမ်သော့များကို သယ်လာခဲ့ကြသည်။ သော့ခတ်ထားသည့် တံခါးတစ်ခုသည် နေရာယူထားပြီး ဖြစ်ကြောင်း ပြသသည့်အပြင် ပိုင်ရှင်များက အမဲလိုက်ထွက်နေသည်မဟုတ်လျှင် တောဟင်းရွက်များ သွားခူးနေသည်ကို ပြသလေသည်။
ရွာဆင်ခြေဖုံးတွင် ကနဦးဆောက်လုပ်ရေးက ပြီးစီးသွားခဲ့သည်။ လျှိုမြောင်ထဲက လူများအတွက်တော့ သည်နေရာသည် ထိုးစစ်ရော ခံစစ်အတွက်ပါ နည်းဗျူဟာအရ တည်နေရာတစ်ခုဖြစ်သည်။
ပုံမှန်အခြေအနေတွင် လူငယ်နှင့် သန်မာသည့်သူများက ပြင်ဘက်နေရာကို အတူတူ ချဲ့ထွင်နိုင်သည်။ အခြေအနေက သူတို့အတွက် ကိုင်တွယ်ရန် အလွန်ခက်ခဲလာလျှင် သူတို့သည် ပိုင်ရှင်က အပြင်ထွက်သည့် အရိပ်အယောင်ချန်ထားပြီး လူသူကင်းမဲ့နေသည့်ဂူများအဖြစ် ချန်ထားကာ လျှိုမြောင်ထဲသို့ ပြန်ဆုတ်လာနိုင်သည်။
ခါတိုင်းလိုပင် ရှီသလန်နှင့် ရှီအာ့လန်တို့သည် လုအာ့လန်နှင့် လုစန်းလန်တို့နှင့်အတူ လျှိုမြောင်အတွင်းပိုင်းကို ကာကွယ်ပေးရန် နောက်တွင် နေခဲ့ကြသည်။ ဆိတ်များအတွက် မြက်တစ်ချို့ကို စုဆောင်းထားပေးခဲ့သည်။ လုနှင့် ရှီညီအစ်ကိုများသည် နောက်ပိုင်းကျလျှင် ရေစိမ်ထားသည့် ပဲပိစပ်မျိုးများကို စိုက်ပျိုးရန် အပြင်ထွက်လိမ့်မည်။ အနီးနားတွင် ‘အိမ်ထောင်စု’များရှိနေသဖြင့် ခြေရာလက်ရာ ကျန်ခဲ့မှာ မစိုးရိမ်ရချေ။ သူတို့သည် အနီးနားက သစ်ရွက်များနှင့် မြက်များကို အလွယ်တကူ စုဆောင်းနိုင်သည်။ ရှန်းလီနှင့် ချန်းသရှန်တို့၏ ဆယ်ရက်တာ ခရီးက ဘာစိုးရိမ်မှဒက မဖြစ်စေချေ။
သူတို့သည် ရွှီမိသားစုအတွက် စပါးများကို သယ်ပို့ပေးမည်ဖြစ်သဖြင့် ဆိုင်တာဝန်ခံရွှီ၊ ဦးလေးရွှီ၊ ရွှီဝမ်ချင်းနှင့် ဝေ့ချင်းဟယ် ဝန်ထုပ်ဝန်ပိုးများကို သယ်နိုင်သူအားလုံးက သည်တာဝန်တွင် ပါဝင်ခဲ့ကြသည်။
အခုတော့ တောင်များသည် လူများနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသဖြင့် အန္တရာယ်ကင်းသည်ဟု မှတ်ယူလိုက်ကြသည်။ အာရုံစိုက်ခံရခြင်းကို ရှောင်ရှား၇န် ဘာပစ္စည်းကိရိယာ၊ ရိက္ခာများကိုမှ ယူမလာခဲ့ဘဲ တောင်အပြင်ဘက်သို့ ရောက်မှ ဖြေရှင်းမည့် နည်းလမ်းတစ်ခု ရှာဖို့ စဉ်းစားထားလိုက်သည်။ ခရီးရှည်တစ်ခုအတွက် အရေးကြီးသည့် လက်နက်များကိုသာ ထုပ်ပိုးထားလိုက်သည်။
သူတို့ထဲတွင် ဆိုင်တာဝန်ခံရွှီက စိုးရိမ်နေပြီး ရွှီဝမ်ချင်းကတော့ စိတ်လှုပ်ရှားနေလေသည်။ ၁၅နှစ်အရွယ် လူငယ်လေးတစ်ယောက်သာ ဖြစ်သော်လည်း သူသည် တောင်ထဲတွင် ခိုလုံရန် ရွေးချယ်ခဲ့သည်။ သူသည် ဒါကို ခက်ခဲသည်ဟု မမှတ်ယူချေ။ ထို့အစား သူ့အတွက်တော့ လုံးဝဆန်းသစ်သည့် လောကကြီးတစ်ခုကို ဖွင့်လှစ်ပေးလိုက်သည့်နှယ်။ အထူးသဖြင့် သူသည် ရှန်းလီနှင့် ချန်းသရှန်တို့နှင့်အတူ ခရီးသွားနိုင်သဖြင့် သူသည် လေ့ကျင့်ရန်အတွက် ငှားလာခဲ့သည့် လေးနှင့်မြားများကို ယူလာပြီး အဝေးကြီးသို့ သွားလာရသဖြင့် ထူးထူးခြားခြား ရင်ဖိုလှုပ်ရှားနေ၏။
သို့တိုင် နောက်တစ်နေ့ မနက်ခင်း ခရီးဆက်ကြစဉ် တောင်အစွန်း သစ်တောစပ်၌ အရိုးစုလေးခုကို မတော်တဆ တွေ့လိုက်ရချိန်တွင်တော့ သည်စိတ်လှုပ်ရှားမှုသည် ဝပ်ကျသွားတော့သည်။ ရိုးများသည် အသားများကို ကုပ်ခြစ်ကာ ကိုက်ဖြတ်ထားခံရသည်။
ဒါသည် ပုပ်ပျက်ပျက် အနံ့သက်တစ်ခုနှင့် များပြားလှသည့် ယင်ကောင်များ အုပ်လိုက်ပျံဝဲနေသည့် စုတ်ပြဲနေသည့် အဝတ်အစား အပိုင်းအစများနှင့် လူသားတစ်ယောက်၏ အရိုးစုဖြစ်လေသည်။
မည်သူတဦးတစ်ယောက်ကိုမှ သနားနေဖို့ရန် ခဏလောက် မရပ်တော့ဘဲ ရှန်းလီသည် သူ့ပါးစပ်နှင့် နှာခေါင်းများကို အုပ်ထားလိုက်ပြီး အဖွဲ့ကို ဦးဆောင်က ထိုနေရာကို မြန်မြန် ပတ်သွားလိုက်သည်။ သူတို့သည် တော်တော်လေး ဝေးကွာသည့် နေရာတစ်ခုကို ရောက်လာမှသာလျှင် သူက လက်ကို ချလိုက်ပြီး ပြောလိုက်၏။
“တစ်ယောက်ယောက်ကတော့ အတွင်းပိုင်း ပိုနက်တဲ့အထိ တိုးဝင်လာပြီး သူတို့တွေက လုံးဝ အရည်အချင်း ရှိပုံမရဘူး”
နောက်တစ်နာရီ ကုန်သွားပြီးနောက်တွင် သူတို့သည် ထိုနည်းတူ မြင်ကွင်းတစ်ခုကို တွေ့ကြုံလိုက်ရပြီး အားလုံး၏ စိတ်နှလုံးက ညိုးငယ်သွားကြတော့သည်။ သည်ဒေသ၏ တောင်များသည့် အင်မတန်မှ ကျယ်ပြောကာ နက်ရှိုင်းပြီး အကျယ်အဝန်းကို ဘယ်သူကမှ အတိအကျ မတိုင်းတာနိုင်ချေ။ စစ်ပွဲကာလကို တောင့်ခံနေရသည်တွင် သချန်မင်းဆက်၏ လူဦးရေသည် မကြီးမားတော့ချေ။ မြို့သို့ ဝင်မစီးခင်တွင် ချီယန်စီရင်စုတွင် ပိတ်မိနေသည့် လူက တစ်ထောင်လောက်သာရှိသည်။ သူတို့သည် လူဘယ်နှစ်ယောက် ထွက်ပြေးလွှတ်မြောက်ခဲ့သည်ကို မသိသလို အားလုံးက တောင်ထဲသို့ ခိုလုံကြသည့်တိုင် သူတို့သည် လူစုခွဲကြမည်ကာ အတူတူ အနီးကပ် စုဝေးသွားလာကြမည် မဟုတ်ချေ။ သို့တိုင် သူတို့သည် သည်လိုအချိန်တိုအတွင်းမှာပင် သားရိုင်းတိရစ္ဆာန်များ၏ ဝါးမြိုခြင်းခံလိုက်ရသည့် အကြွင်းအကျန် နှစ်ခုကို တွေ့ခဲ့ရပြီးဖြစ်သည်။
တစ်ခုခုကတော့ အမှန်ပင် လွဲချော်နေပြီ။
နေ့ခင်းအလယ်လောက်တွင် သူတို့သည် နောက်ဆုံးတော့ သက်ရှိလူသားများကို တွေ့လာရသည်။ ရှန်းလီသည် စုံစမ်းဖို့ရန် စိတ်စား ထက်သန်နေသော်လည်း သူတို့ကို တွေ့လိုက်ရချိန်တွင် အထူးသဖြင့် သူတို့၏လက်ထဲက လက်နက်များကြောင့် တခြားသူများသည် ကြောက်လန့်တကြားဖြစ်သွားကြပြီး သူတို့ကို အလျင်အမြန် ရှောင်ရှားသွားလိုက်ကြသည်။
သူတို့သည် ခရီးသွားများကို လိုက်ဖမ်းနေသည့် ဓားပြများမဟုတ်ချေ။ သူတို့တုန့်ပြန်မှုများက သူတို့သည် ဒေသခံရွာသားများဖြစ်ကြောင်း ပြသနေသည်။ အရင်ကထက် လူပိုများလာသည်။ သို့တိုင် ချွင်းချက်မရှိဘဲ ဓားများနှင့် မြားများကို ကိုင်ဆောင်ထားသည့် ရှန်းလီ၏အဖွဲ့ကို မြင်လိုက်သည်နှင့် သူတို့၏မျက်နှာများသည် ဖြူဆုတ်သွားကြပြီး အလျင်စလို ထွက်ပြေးသွားကြတော့သည်။
“အပြင်ဘက်မှာ တစ်ခုခုတော့ သေချာပေါက် ဖြစ်နေပြီ” ချန်းသရှန်က ရှန်းလီကို ကြည့်လိုက်၏။
ရှန်းလီသည် တောနက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည့် လူများကို ငေးကြည့်လိုက်ပြီး မှတ်ချက်ပေးလိုက်သည်။
“ငါတို့တွေ အခုချိန်ကစပြီး သတိထားသင့်ပြီ”
သည်ခန့်မှန်းချက်က ဒုတိယနေ့ ပြီးနောက်တွင် မှန်ကန်ကြောင်း သက်သေပြလိုက်သည်။ သူတို့သည် တတိယနေ့မှစပြီး လူတစ်ဦးတစ်ယောက်နှင့် မကြုံတွေ့ရတော့ချေ။ သုံးရက်ဆက်တိုက် သက်ရှိတစ်ယောက်တစ်လေကိုမှ မတွေ့ရချေ။ ဒါက ဆိုင်တာဝန်ခံရွှီကို ပိုပြီး စိတ်မအေးရအောင် လုပ်နေလေသည်။
အပြင်ဘက်တွင် ဖြစ်နေသည့် ကိစ္စက သိသာထင်ရှားနေသည်တွင် သူတို့သည် အပြင်သို့ ထွက်သင့်ပါသေးရဲ့လား။
ချီတုံချတုံဖြင့် သူက သူ့စိုးရိမ်စိတ်ကို ထုတ်ပြောလိုက်၏။
ရှန်းလီက ချန်းသရှန်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့တွေ ဒီအထိတောင် ရောက်လာပြီးပြီပဲ၊ ကျွန်တော်တွေ နေ့တစ်ဝက်နဲ့ တောင်ထဲက ထွက်နိုင်တယ်၊ ကျွန်တော်တို့တွေ စီရင်စုမြို့နဲ့ တိုက်ရိုက်မထိတွေ့ရအောင် စန်းလီရွာဘက်က ဖြတ်သွားကြမလား”
ချန်းသရှန်သည် အပြင်ဘက်က အခြေအနေကို သိရဖို့ စိတ်အား ထက်သန်နေသည်။ သူတို့သည် တောင်အပြင်ဘက်က လောကကြီးကို မသိကျိုးကျွံ ပြုထားလို့မရနိုင်ချေ။ ထို့ကြောင့် သူက ခေါင်းညိတ်သဘောတူလိုက်ပြီး သူတို့အဖွဲ့သည် လမ်းလွဲသွားလိုက်ကြပြီး ရှီလီရွာသို့ ဦးတည်သွားလိုက်တော့သည်။
...
ရှီလီရွာသည် လူသူကင်းမဲ့နေသည့် ရွာတစ်ခု ဖြစ်လာခဲ့သည်။ ရှန်းလီ၏အဖွဲ့က ရွာထဲသို့ ဝင်လာသည်နှင့် သူတို့သည် ခြံဝင်းတော်တော်များများက ခါးထိရောက်နေသည့် မြက်ရိုင်းပင်များ ပေါက်ရောက်နေပြီး ခြေချဖို့ရန် ရှင်းလင်းသည့်လမ်းပင် မရှိတော့သည်ကို သတိထားမိလိုက်ကြသည်။
မြို့ကျသွားပြီးနောက်တွင် စီရင်စုထဲတွင် ပိတ်မိခဲ့သည့်လူများက ပြန်မလာကြပုံရသည်။ ကြောက်ရွံ့စိတ်ကြောင့်ဖြစ်စေ၊ ပြန်မလာနိုင်ခြင်းကြောင့်ဖြစ်စေ အမှန်တရားကိုတော့ မသိရချေ။
ချန်းသရှန်က ရှန်းလီကို ကြည့်လိုက်ပြီး မေးလိုက်၏။
“အခု ငါတို့ ဘာလုပ်ကြမလဲ၊ ငါတို့တွေ စီရင်စုဘက်က အခြေအနေကို စုံစမ်းကြအုံးမှာလား”
ဆိုင်တာဝန်ခံရွှီကိုယ်တိုင်က အရင်ဆုံး ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။
“ငါတို့တွေ ထားလိုက်ကြမလား၊ ဒီလိုငြိမ်သက်နေတာက တော်တော်လေး မဟုတ်သေးဘူးလို့ ခံစားရတယ်”
သည်လောက်အထိ ရောက်လာသည်တွင် ရှန်းလီသည် နောက်ထပ်စုံစမ်းချင်သေးသည်။ သူတို့သည် စပါးကို ပြန်ယူနိုင်သည်ဖြစ်စေ ပြန်မယူနိုင်သည်ဖြစ်စေ အပြင်ဘက်က အခြေအနေကို နားလည်ရန်လိုအပ်သည်ဟု သူ ထင်သည်။
သူက ချန်းသရှန်ကို ကြည့်ပြီး မေးလိုက်၏။
“မင်း ဘယ်လို ထင်လဲ”
သူတို့နှစ်ယောက်လုံးသည် အတွေ့အကြုံရင့် ခရီးသွားများ ဖြစ်ကြပြီး သည်လို အတားအဆီးများကို ကိုင်တွယ်နိုင်ကြသည်။ ချန်းသရှန်က ရှန်းလီနှင့် စိတ်ကူးတူကြောင်း ပြောလိုက်သည်။
“ငါတို့တွေ ဆိုင်တာဝန်ခံရွှီနဲ့ တခြားသူတွေကို ရှောင်ကျင့်ရဲ့ ပုန်းခိုကျင်းမှာ နေရာချပေးပြီး အခြေအနေကို ထွက်ပြီး စစ်ဆေးကြမလား”
သူတို့၏အတွေးများက တထပ်တည်းပင်။
သို့သော်လည်း ရှန်းကျင့်အတွက် သူတို့တူးထားပေးသည့် ပုန်းခိုကျင်းကို သွားသည့် တောင်ပတ်ဝန်ကျင်း ခရီးတစ်ဝက်အရောက်တွင် ရှန်းလီသည် ရုတ်တရက် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
တခြားသူများက ဇဝေဇဝါဖြစ်သွားကြသော်လည်း ရှန်းလီ၏ အကြည့်နောက် လိုက်ကြည့်မိသည့် ချန်းသရှန်သည် ခဏအကြာတွင် တစ်ခုခုကို သတိထားမိလိုက်၏။
“ဒီပဲပင်တွေက မနှုတ်ပစ်ခံရဘူးလား”
သူသည် ရှီလီရွာက ကျိုးလိုင်ကျီနှင့် သူ့သားများကို တွေ့ခဲ့စဉ်က သည်နေရာက ကောက်ပဲသီးနှံများသည် ရွာသားများက ရဲမက်များ ဝိုင်းရံခံရပြီး နှစ်ရက်အကြာတွင် ဖျက်ဆီးခံလိုက်ရသည်ဟု ပြောခဲ့သည့်အကြောင်း သတိရသွားသည်။
ရှန်းလီသည် မှည့်လုနီးနီးဖြစ်နေသည့် ပဲစေ့များကို တွေးတွေးဆဆ စိုက်ကြည့်နေမိသည်။ သူသည် ရှေ့ဆက်သွားလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်တွင် ခြောက်သွေ့သည် ထယ်ကြောင်းကြားများတွင် အလွန်မှတိမ်သည့် ခြေရာများကို သတိထားမိလိုက်၏။
“သိပ်မကြာခင်တုန်းက တစ်ယောက်ယောက်က ဒီကိုလာခဲ့တာပဲ” သူက ပြောလိုက်သည်။
သူသည် ခြေထောက်ကို မြောက်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်လိုက်သော်လည်း ဘာတစ်ခုမှ မတွေ့ရချေ။ သူသည် နားမလည်နိုင် ဖြစ်နေစဉ်မှာ ခပ်သဲ့သဲ့အသံတစ်ခုက သူ့နားထဲသို့ ဝင်လာသည်။ ချက်ချင်းဆိုသလို တစ်ယောက်ယောက်က ဝမ်းသာအားရ လှမ်းခေါ်လိုက်လေသည်။
အားလီလား၊ သရှန်လား”
ရှန်းလီ၊ ချန်းသရှန်နှင့် ရွှီမိသားစုဝင်များသည် သူတို့ခေါင်းကို လှည့်အကြည့်အတွင် အဝေးတစ်နေရာက သစ်ပင်တစ်ခုအောက်က မြက်ခင်းတစ်ကွက်သည် ရုတ်တရက် ပွတက်လာပြီး ပိုမြင့်လာကာ ထောက်တက်သွားသည်ကို တွေ့လိုက်ရ၏။
မြက်များတင် မဟုတ်ချေ။ မြက်ထဲတွင် လုံးဝဖုံးကွယ်နေသည့် သက်ရှိလူနှစ်ယောက်ဖြစ်နေသည်။
ရှန်းလီနှင့် ချန်းသရှန်တို့က သူတို့ကို ချက်ချင်းမှတ်မိသွားသည်။ ကျိုးလိုင်ကျီနှင့် သူ့သားဖြစ်၏။
“ဦးလေးကျိုး” သူတို့သည် နှုတ်ဆက်လိုက်ကြပြီး အနားသို့ရောက်လာကြသည်။ အထူးသဖြင့် ရွာ၏လူသူကင်းမဲ့ပြီး ပျက်စီးယိုယွင်းနေသည့် အခြေအနေတွင် သူတို့သည် ရှီလီရွာထဲတွင် ကျိုးသားအဖနှင့် ထပ်တွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားကြချေ။ အသက်ရှင်ကျန်ရစ်နေသေးပြီး သူတို့နှင့် ပတ်သက်ဆက်နွယ်မှု အနည်းအကျဉ်းရှိသည့် ရွာသားချင်းကို မြင်လိုက်ရသည်က ငြင်းမရအောင် အားတက်ရလေသည်။
သို့သော်လည်း ကျိုးလိုင်ကျီနှင့် သူ့သားသည် ကယ်တင်ရှင်များကို တွေ့လိုက်ရသလို ရှန်းလီနှင့် ချန်းသရှန်တို့ထက် ပိုပြီးပီတိဖြစ်နေကြသည်။
“မင်းတို့ကို တွေ့ရ အရမ်းဝမ်းသာတာပဲ၊ အခု ဘာလို့ ရွာကို ပြန်လာကြတာလဲ”
ရှန်းလီနှင့် ချန်းသရှန်တို့ကို ပိုပြီး စိတ်ဝင်စားစေသည့်အရာက ထိုသားအဖ၏ မြက်များနှင့် ရုပ်ဖျက်ထားကြပုံကိုပင်။ ကျိုးလိုင်ကျီနှင့် သူ့သားသည် အပြေးအလွှားရောက်သည်တွင် မြက်များသည် ပြုတ်ကျမသွားဘဲ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် အခိုင်အမာတွယ်ကပ်နေသည်။
ရှန်းလီသည် ကျိုးလိုင်ကျီကို ပတ်ကြည့်လိုက်ပြီး မြက်အများအပြင် တွဲကျနေသည့် သစ်ရွက်များကိုလည်း သတိထားမိလိုက်သည်။ သူတို့သည် လဲချလိုက်လျှင် မြင်ခင်းပြင်နှင့် ရောနှောသွားသည်။ အနီးကပ် လေ့လာကြည့်လိုက်မှ ဒါသည် မြင်ဖြင့်လုပ်ထားသည့် အဝတ်အထည်တစ်ခုဖြစ်ပြီး အတွင်းဘက်တွင် လျှော်ချည်များဖြင့် တင်းကြပ်နေအောင် ရက်လုပ်ထားသည့် အလွှာတစ်ခု ကပ်ချုပ်ထားသည်ကို သဘောပေါက်သွားတော့သည်။ သစ်ရွက်များကို လျှော်ကြိုးသေးသေးလေးများကိုသုံးကာ မြက်အင်္ကျီနှင့် သေသေချာချာ တွဲချုပ်ထားပေးသည်။
နှစ်ယောက်သားက သူ့မြက်အင်္ကျီကို လေ့လာနေသည်ကို သတိထားမိလိုက်သည့် ကျိုးလိုင်ကျီသည် တဟဲဟဲရယ်မောလေသည်။
“အခုနောက်ပိုင်း အပြင်ထွက်ရတာ အရမ်းအန္တရာယ်များတယ်လေ၊ ဒါကြောင့် ငါ့မိန်းမက ဒီစိတ်ကူးကို ထုတ်ထားတာ၊ သူက ငါတို့ အပြင်ထွက်ရင် ဝတ်ဖို့ ဒီအဝတ်အစားကို ချုပ်ထားပေးတာ၊ ငါတို့တွေ ဒါကို မဝတ်တဲ့အချိန်ကျရင် လတ်ဆတ်နေအောင် ရေနည်းနည်း ဖြန်းထားလိုက်ရတယ်၊ ဒါတွေကတော့ အချိန်တော်တော်ကြာကြာ ခံတယ်လေ”
ကျိုးသလန်က သူ့အပေါ်ဝတ်ကိုပင် ချွတ်လိုက်ပြီး ရှန်းလီနှင့် ချန်းသရှန်တို့ လေ့လာရန် လှမ်းပေးလိုက်သည်။ ဒါသည် အမှန်ပင် ဝတ်ရုံတစ်ခုလို အဝတ်အစားဖြစ်လေသည်။ အသုံးဝင်ပုံကို သိလိုက်ရပြီးနောက် သူသည် မြေကြီးပေါ်တွင် ပလက်လဲအိပ်လိုက်ပြီး သူ့ခေါင်းကိုလဲ ဖုံးထားလိုက်သည်။ သူသည် ပုန်းခိုဖို့ရန် အက်ကြောင်းနေရာများကို ရှာလိုက်ပြီး မြင်ဝတ်ရုံက လူ့ခန္ဓာကိုယ်၏ ကောက်ကောင်းကို မပေါ်အောင် သေချာလုပ်ထားလိုက်သည်။ သည်လိုနှင့် သူသည် ကိုယ့်ဟာကို ထိထိရောက်ရောက် ဖုံးကွယ်ထားနိုင်လေသည်။
ရှန်းလီက စိတ်ရင်းနှင့် ချီးကျူးလိုက်၏။ “အဒေါ်ကျိုးက တကယ်ကောင်းတဲ့စိတ်ကူးရှိတာပဲ”
ဘေးတွင်ရပ်နေကြသည့် ရွှီမိသားစုဝင်များကလည်း ရောက်လာပြီး လေ့လာကြသည်။
ကျိုးလိုင်ကျီက သက်ပြင်းချလိုက်၏။ “ဒါက လိုအပ်ချက်အရ ထွက်လာတဲ့ ဖြေရှင်းချက်တစ်ခုပါလေ၊ တောင်ထဲမှာ လူတွေကို မမြင်ရသလောက် ဖြစ်လာတာ မင်းတို့ သတိမထားမိဘူးလား”
သည်စကားက အားလုံး၏အာရုံကို လာရိုက်ခတ်လေသည်။ ရှန်းလီက ပြန်ဖြေလိုက်၏။
“ဘာဖြစ်လို့လဲ၊ ကျွန်တော်တို့လည်း နားမလည်နိုင်အောင် ဖြစ်နေတာ၊ ကျွန်တော်တို့တွေ တောင်ထဲမှာ သုံးရက်ကျော် ဖြတ်လျှောက်လာခဲ့တာ တစ်ယောက်မှ မတွေ့ခဲ့ဘူး၊ စီရင်စုက ဓားပြတွေက ပတ်ဝန်းကျင်မှာ ရှိနေသေးလို့လား”
ညိုးငယ်သွားသည့် အမူအရာတစ်ခုက ကျိုးသားအဖ နှစ်ယောက်လုံး၏မျက်နှာပေါ်တွင် ပေါ်ထွက်လာသည်။ ကျိုးလိုင်ကျီက ပြောလိုက်၏။ “ဟုတ်တယ်၊ သူတို့တွေ လူတွေကို စစ်မှုထမ်းခေါ်နေကြတယ်၊ အဲဒီဓားပြအုပ်စု စီရင်စုကို တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ပြီးနောက်မှာ သူတို့တွေက ကိုယ့်ဟာကို ဘုရင်ဆိုလား ကြေညာကြပြီး အရာရှိတွေအများကြီးကိုလည်း ခန့်ထားကြတယ်၊ သူတို့တွေက တောင်ထဲမှာ မောင်းတီးပြီးတော့ ကြေညာခဲ့တယ်လေ၊ ငါ သူတို့ကို ပုန်းရင်း ကြားခဲ့တာ၊ ဒါပေမဲ့ သူတို့ဘုရင် နာမည်ကိုတော့ မကြားလိုက်ဘူး”
ချန်းသရှန်က မေးလိုက်၏။ “စီရင်စုထဲ လူတွေရော၊ မြို့ကျသွားတဲ့အချိန်မှာ လွှတ်လာတဲ့လူတွေ ရှိလား”
ကျိုးလိုင်ကျီက ခေါင်းခါပြသည်။ “တစ်ချို့ကတော့ လွှတ်လာပါတယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး၊ ပထမနေ့မှာ တောင်ထဲဝင်သွားတဲ့ လူတွေရှိသေးတယ်၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ တိတ်ဆိတ်သွားတယ်၊ အများစုကတော့ မြို့ထဲမှာပဲ ပိတ်မနေသေးတယ်ထင်တယ်၊ ဒါပေမဲ့ အဲဒီ ဓားပြတွေက မကြာခဏ ထွက်လာတတ်တယ်၊ အဖွဲ့ငယ်လေးတွေက တောင်ထဲဝင်ပြီး ရဲမက်တွေ စုဆောင်းကြတယ်၊ အဲဒါက မအောင်မြင်ရင် သူတို့သည် လူတွေကို ကျားမမရွေး စစ်မှုထမ်းခိုင်းတယ်၊ သူတို့တွေက ကပ်ဘေးဒုက္ခသည်တွေကိုလည်း ခေါ်တယ်လေ၊ မြောက်ပိုင်းက ကပ်ဘေးဒုက္ခသည်တွေ တော်တော်များများ စီရင်စုမြို့ထဲ မျှားခေါ်ခံလိုက်ရတယ်။ သူတို့တွေကလည်း သူတို့ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ လာတာပေါ့၊ သိပ်မကြာသေးခင်တုန်းက သူတို့တွေက အနီးနားက စီရင်စုတွေကို အလုံးအရင်းနဲ့ တိုက်ခိုက်ပြီး စပါးတွေအများကို လုယက်ခဲ့သေးတယ်၊ နောက်ထပ် စီရင်ကို သိမ်းလိုက်တာပဲ၊ အခုဆိုရင် ဓားပြတွေက ရက်ခြားဆိုသလို ခဏခဏ တောင်ထဲကို ဝင်နေကြတယ်၊ တောင်အပြင်ဘက်မှာ ဘယ်သူမှ ဆက်ပြီးမနေရဲကြတော့ဘူးလေ”
တစ်ခုခု ပြောချင်နေသလို ခဏလောက် ရပ်တန့်သွားပြီး ကျိုးလိုင်ကျီသည် ချီတုံချတုံဖြစ်နေပြီးမှ နှုတ်ဆိတ်နေလိုက်၏။
ရှန်းလီက ပဲစိုက်ခင်းကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။
“ဒီပဲပင်တွေကြောင့် ဒီမှာနေနေတာလား”
ကျိုးလိုင်ကျီက မြန်မြန်ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်၊ ငါတို့မိသားစုမှာ စားစရာအများကြီး မကျန်တော့ဘူးလေ၊ ရွာထဲက စပါးတွေကို အမြစ်ကနေနှုတ်ပြီး ဖျက်ဆီးပစ်လိုက်ကြတုန်းက ငါတို့တွေရဲ့ ဟာတွေကိုလဲ အဝေးကြီးမှာ မဝှက်ထားလိုက်ရဘူး၊ ငါ ပြန်တော့ ဒီလိုတွေ့လိုက်ရတာပဲ... မင်းလဲ သိပါတယ်၊ လယ်သမားတစ်ယောက်အနေနဲ့ ငါတို့တွေက ဘယ်လိုလုပ်ပြီး ငါတို့ သီးနှံတွေကို အချည်းနှီးဖြစ်ခံနိုင်မှာလဲ၊ နောက်ပြီး ငါတို့တွေ အစားအသောက် ပြတ်လပ်နေပြီလေ၊ ဒီတော့ ရဲမက်တွေ ထွက်သွားပြီးနောက်ပိုင်း ငါတို့တွေ ပိုပြီးဝေးတဲ့နေရာက မြေနှစ်ကွက်ကို ရွေးပြီး အပျက်အစီးနည်းတဲ့ ပဲပင်တွေကို ပြန်စိုက်ခဲ့ရတာ၊ တစ်ချို့က မရှင်ပါပေမဲ့ တစ်ချို့ကတော့ ရှင်တယ်လေ၊ ငါတို့တွေ မင်းနဲ့ ပြီးခဲ့တဲ့တစ်ခေါက် တွေ့တုန်းက ငါတို့တွေက ရွာထဲမှာ ရိက္ခာအတွက် မရှာရသေးဘူးလေ၊ ငါတို့ ဒီကို ရောက်နေခဲ့တာကလည်း ဒီပဲပင်တွေကို ရေလောင်းပေးဖို့ပဲ”
သည်အခိုက်တွင် သူသည် တဖန် တိတ်ဆိတ်သွားလေသည်။ ကျိူုးသလန်က စိုးရိမ်စိတ်ဖြင့် သူ့အဖေကို လှမ်းကြည့်လိုက်သော်လည်း သူသည် အလောတကြီး ဖြစ်နေတူသော်လည်း ကိုယ်တိုင် ဘာပြောရမည်မသိဖြစ်နေ၏။
သူတို့သည် သည်နေ့ ပဲများကို လာရိတ်သိမ်းပြီးလျှင် တောင်အတွင်းပိုင်းသို့ ထွက်ပြေးရန် စီစဉ်ထားလေသည်။
သူတို့သည် ခရီးတွင် သူတို့၏လုံခြုံရေးကို အာမခံရန်မဆိုထားနှင့် တောင်အတွင်းပိုင်းထဲက သားရိုင်းတိရစ္ဆာန်များကို ကိုင်တွယ်နိုင်မည် မဟုတ်သည်က အမှန်ပင်။ ထို့အပြင် အနာဂတ်တွင် ဘာဖြစ်လာလိမ့်မည်ကို မည်သူက သိပါမည်နည်း။ သို့သော် တောင်အပြင်ဘက်က ရက်စက်သည့် အာဏာရှင်ဆိုးများဖြစ်လာသည့် ဓားပြများနှင့် ယှဉ်လျှင်တော့ ကျိုးမိသားစုသည် ထို ဘုရင် အယောင်ဆောင်ထားသူများကို ပိုပြီး ကြောက်ရွံ့လေသည်။
သူတို့သည် ဖမ်းခံလိုက်ရသူများကို ထိုဓားပြများက မည်သို့ဆက်ဆံကြသည်ကို ပထမဆုံး မျက်မြင်တွေ့ခဲ့ကြသည်။ နာခံသည့်လူများကို ပြန်ဆွဲခေါ်လာပြီး မပူးပေါင်းသူများကိုတော့ သတ်ဖြတ်ကြသည်။ အမျိုးသမီးများအတွက်တော့... သေခြင်းတရားကပင် သူတို့တောင်းဆိုလို့မရနိုင်သည့် သနားညှာတာမှုတစ်ခုဖြစ်လာသည်။
ကျိုးသလန်သည် သူ့အမေနှင့် သူညီမများကို ထိုလူများကို ရှာဖွေတွေ့ရှိသွားလျှင် ဆိုသည့်အတွေးကြောင့် သူ့လက်များက တုန်ယင်နေလေသည်။
သူသည် ရှန်းလီကို သူ့မိသားစုအား သူတို့နှင့်အတူ ခေါ်သွားပေးဖို့ တောင်းပန်ချင်သော်လည်း မိသားစုများ ထွက်ပြေးခဲ့ချိန်က ရှန်းလီက သူတို့ကို မထည့်ဘဲ သူ့အဖေကို တောင်ထဲသို့ ထွက်ပြေးရန် မှာကြားခဲ့သည်။ ဒါသည်ကပင် အဖြေတစ်ခု ဖြစ်နေပြီးဖြစ်သည်။
ယခု သူတို့တွင် ပဲများတစ်ချို့ ရှိခဲ့လျှင်ပင်
ရိက္ခာမရှိပါဘဲနှင့် မည်သူက မိသားစုတစ်ခုကို ခေါ်သွားရဲပါမည်နည်း။
ကျိုးသလန်သည် ထိုအရာအားလုံးကို ကောင်းကောင်း နားလည်လေသည်။ သို့သော်လည်း ရှန်းလီနှင့် ချန်းသရှန်တို့က တောင်ထဲက ပေါ်ထဲပေါ်လာသည်နှင့် သူတို့နှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်ကို အသက်ရှင်သန်ဖို့ရန် သူတို့မိသားစု၏ နောက်ဆုံးအခွင့်အရေး ဖြစ်သွားနိုင်မှန်းလည်း သိနေသည်။
သူ့သတ္တိများကို စုစည်းလိုက်ပြီး သူက မေးလိုက်၏။
“အားလီ မင်းတို့ ဘာလို့ခရီးထွက်လာတာလဲ”
ရှန်းလီက သူ့ကို တစ်ချက်ကို လှမ်းကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။ “ငါ စီရင်စုနားက တောင်တွေဆီကို သွားချင်လို့၊ အဲဒီက လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မင်းတို့ သိထားတာရှိလား”
ကျိုးသလန်က စကားမပြောနိုင်ခင်မှာပင် ကျိုးလိုင်ကျီ၏အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက အလောတကြီး ပြောလိုက်၏။ “အဲဒီကို သွားဖို့ မလုံခြုံတော့ဘူး၊ အခု အဲဒီနေရာကို ဓားပြတွေ လူဖြန့်ထားတယ်၊ ငါတို့တွေ စန်းလီရွာကနေ သုံးမိုင်ကျော်ပြီး တောင်ထဲကို မသွားရဲဘူး၊ အဲထဲဝေးတဲ့နေရာဆို ပြောမနေနဲ့တော့၊ ငါတို့တွေ သူတို့နဲ့ တွေ့ခဲ့ရင် လွတ်လမ်းမရှိဘူး”
အခြေအနေက အလွန်မှ အကြပ်အတည်းဖြစ်နေသည်ကို ကြားလိုက်သည်တွင် ဆိုင်တာဝန်ခံရွှီက ပြောလိုက်တော့သည်။ “ရှန်းလီ ငါတို့တွေ စပါးတွေ ပြန်မယူတော့ဘူး၊ လူက အစားအသောက်ထက် ပိုအရေးကြီးပါတယ်၊ ငါတို့တွ မင်းနဲ့ သရှန်နောက်လိုက်ပြီး တောင်ထဲမှာ အစားအသောက်ရှာရင်လည်း အတူတူပါပဲ”
ထို့အပြင် သူတို့သည် စီရင်စုအပြင်ဘက်က စပါးများကို သွားမယူနိုင်လျှင်ပင် မိသားစုက လျှိုမြောင်ထဲတွင် သိုလှောင်ထားသည့် စပါးနှင့် နှစ်နှစ်ခွဲလောက် အသက်ရှင်နိုင်သေးသည်။ သူတို့သည် အစောပိုင်းက သိုလှောင်ထားသည်များကိုသာ မီခိုကြသော်လည်း ရှန်းလီက သူတို့ကို လမ်းပြပေးလျှင် သူတို့သည် စတင်ပြီး အမဲလိုက်နိုင်သည်။ အစားအသောက်က အကောင်းဆုံးဖြစ်မည်မဟုတ်သော်လည်း သူတို့သည် ငတ်ပြတ်ကြလိမ့်မည်မဟုတ်ချေ။
လျှိုမြောင်ထဲတွင် စိုက်ပျိုးထားသည်များနှင့် အပြင်ဘက်တွင် စိုက်ပျိုးထားသည့် ပဲနှင့် အသီးအရွက်များလည်း ရှိသေးသည်။ သူတို့သည် လုယက် ခိုးယူ မခံရသရွေ့ ဒါက ရိက္ခာများ ဖြစ်လာလိမ့်မည်။
နှစ်နှစ်ခွဲကြာပြီး ဖြစ်လာမည့်အရာအတွက်တော့ ဘယ်သူက သိပါမည်နည်း။ သူတို့သည် အနာဂတ်တွင် ဆာလောင်ရမည်စိုးသဖြင့် လက်ရှိတွင် အန္တရာယ်ကို မစွန့်စားနိုင်ပေ။ သူတို့သည် ကိုယ်တိုင် အန္တရာယ်ထဲ တွန်းပို့နေသည့်အပြင် ရှန်းလီနှင့် ချန်းသရှန်တို့ကလည်း ဆွဲထည့်မိလိမ့်မည်။
သူတို့သည် သူ ကမ်းလှမ်းသည့် စပါး ၃၀%ကိုပင် လက်မခံဘဲ တမင်ကူညီပေးကြသူများဖြစ်သည်။
သူတို့ထံတွင် တစ်ခုခုသာ ဖြစ်ခဲ့လျှင် သူတို့မိသားစုများက ဘာဖြစ်လာပါမည်နည်း။ ထို့အပြင် ရှန်းလီနှင့် ချန်းသရှန်တို့သာ တစ်ခုခုသာဖြစ်ခဲ့လျှင် လျှိုမြောင်တစ်ခုလုံးတွင် ကျန်ခဲ့ကြသည့် လူ၅၃ယောက်က မည်သို့ ဖြစ်လာပါမည်နည်း။
စိတ်ထဲတွင် သည်လိုစဉ်းစားမိလိုက်ပြီး ဆိုင်တာဝန်ခံရွှီက စပါး ပြန်ယူရန် ကိစ္စကို ပြတ်ပြတ်သားသား ငြင်းလိုက်တော့သည်။
“တောင်ထဲကို ပြန်ကြရအောင်ပါ၊ ငါတို့တွေ အခုပဲ ပြန်ကြမယ်”
ရွှီဝမ်ချင်းနှင့် ရွှီဝမ်ဟယ်တို့ကပင် ထောက်ခံကြသည်။ “အရင်ဆုံး ပြန်ရအောင်ပါ၊ ကျွန်တော်တို့တွေ အခွင့်အရေးရမှ ပြန်လာပြီး အန္တရာယ်ကင်းတဲ့အချိန်မှ စပါးတွေ ပြန်လာယူလို့ရတာပဲ၊ အဲလိုမဖြစ်ဘူးဆိုရင်လည်း ဒီကိစ္စကို ထားလိုက်ကြတာပေါ့”
ဂူထဲတွင် စပါးများ အစိုပြန်နိုင်ခြေကိုတော့ ထိုကိစ္စနှင့် ပတ်သက်ပြီး သူတို့တတ်နိုင်သည်က မရှိချေ။
ထိုအခါမှ ကျိုးလိုင်ကျီနှင့် သူ့သားသည် သူတို့က စပါးများရန် ထွက်လာခြင်းဖြစ်ကြောင်း သိလိုက်ရပြီး သူတို့ထဲတွင် ဝမ်းနည်းသွားတော့သည်။
စပါး။ ဪ စပါးတဲ့လေ။
အစားအသောက် မရှိတဲ့သူအတွက်တော့ ဒီတန်ဖိုးကို ကောင်းကောင်လေး နားလည်တာပေါ့။
သို့တိုင်က သူက အကြံပြုလိုက်၏။ “ကျွန်တော်တို့တွေ တကယ် သွားလို့မရဘူး၊ သူတို့တွေက နေ့တိုင်း မြို့အပြင်ဘက်မှာ ရဲမက်တွေအဖြစ် လေ့ကျင့်ပေးဖို့ ကပ်ဘေးဒုက္ခသည်တွေကို ဆွဲဆောင်နေတာ”
ရွှီမိသားစု သိုလှောင်ထားသည့် စပါးပမာဏကို ရှန်းလီကလည်း သိလေသည်။ သူသည် မသေချာသည့် အရာအတွက် သူ့အသက်ကို စွန့်စားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သည်စကားကို ကြားလိုက်သည်တွင် သူက ခေါင်းညိတ်ပြလိုက်၏။ “ကောင်းပြီလေ၊ နောက်ပိုင်းကျရင် တောဟင်းရွက်တွေစုပြီး အမဲလိုက်တာ ပိုလုပ်ကြတာပေါ့၊ စပါးကိစ္စကိုတော့ နောက်ပိုင်း အခွင့်အရေးရမှပဲ ပြောကြမယ်”
သည်စကားကို ကြားလိုက်ရသဖြင့် ကျိုးသလန်သည် ပိုပြီး စိုးရိမ်လာတော့သည်။ သူ အစောပိုင်းက ထုတ်မပြောနိုင်သည့် စကားလုံးများသည် အခုတော့ ပျာယာခတ်ကာ လွှတ်ခနဲ ထွက်သွားလေသည်။
“အားလီ မင်းတို့ ပြန်ရင် ငါတို့ကို မင်းတို့နဲ့အတူတူ ခေါ်သွားပေးလို့ရလား၊ ဒီနေရာမှာ အရမ်းအန္တရာယ်များတယ်၊ ဓားပြတွေကလည်း မကြာခဏ တောင်ထဲမှာ ပတ်သွားနေတာ၊ ငါတို့တွေအခု တောင်ထဲမှာ ပုန်းနေကြတယ်၊ ဂူဝင်ပေါက်ကို ပိတ်ပြီး ညသန်းခေါင်မှပဲ မီးမွှေးပြီး ပဲကျိုရဲတယ်၊ ငါတို့မိသားစုတွေ ဂူထဲက မထွက်ရဲကြဘူး၊ အစတုန်းကတော့ ငါတို့တွေ ဒီနေ့ ပဲတွေ ခူးပြီးရင် တောင်ရဲ့ ပိုနက်တဲ့အတွင်းပိုင်းကို ထွက်ပြေးဖို့ စဉ်းစားထားတာ၊ ဒါပေမဲ့ ငါတို့ချည်းပဲဆိုရင် သားရိုင်းတိရစ္ဆာန်တွေကို ခုခံနိုင်မှာမဟုတ်လောက်ဘူး၊
မင်း ငါတို့ကို လမ်းကြုံခေါ်သွားလို့ရမလား”
ကျိုးလိုင်ကျီကလည်း ရှန်းလီနှင့် ချန်းသရှန်တို့ကို အသနားခံသလို ကြည့်လိုက်သည်။ “ဟုတ်တယ်၊ အားလီ၊ သရှန် မင်းတို့ ငါတို့ကို လမ်းကြုံခေါ်သွားပေးလို့ရမလား၊ ငါတို့တွေ မင်းတို့နဲ့ အတူတူနေစရာ မလိုပါဘူး၊ ငါတို့ကို တောင်အတွင်းပိုင်းကိုပဲ ခေါ်သွားပေးပါ၊ ဒီနေရာကနေ နည်းနည်းလေး ပိုဝေးတဲ့နေရာပေါ့၊ ငါတို့တွေ အခြေချဖို့ ငါတို့ကိုယ်ပိုင်ဂူကို ရှာလိုက်ပါ့မယ်”
ကျိုးလိုင်ကျီသည် အခြေချရန် နေရာတစ်ခု ရှာပြီးနောက်တွင် သူတို့ ဘယ်လို အသက်ရှင်နေထိုင်ရမည်ကို မစဉ်းစားရဲခဲ့ချေ။
အရင်ကတော့ ရှန်းလီသည် အမှန်ပင် တွေဝေခဲ့လေသည်။ သို့သော်လည်း သူသည် သူတို့ကို ခဏလောက် အတူတူခေါ်သွားပေးနိုင်ပြီး သူတို့၏နေရာသို့ ခေါ်သွားစရာမလိုပေ။ သို့သော် သူတို့သည် မထွက်ခွာခင် ရွာပတ်ဝန်းကျင်တွင် ထောင်ချောက်များကို ဆင်ထားခဲ့လိုက်သည်။ သူတို့၏အိမ်နီးချင်းများသည် လူကောင်းများဖြစ်ကြပြီး သည်လိုဒုက္ခရောက်နေချိန်တွင် သူတို့၏ဒုက္ခကို မျက်ကွယ်ပြုထားဖို့က မမှန်ကန်ချေ။
မငြင်းဆန်သည့် ချန်းသရှန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ရှန်းလီက ပြောလိုက်၏။ “ကျွန်တော်တို့တွေ ဦးလေးတို့ကို အတူခေါ်သွားပြီး နေထိုင်ဖို့ နေရာတစ်ခု ရှာပေးနိုင်ပါတယ်၊ ဒါပေမဲ့ ဦးလေးတို့က လူအရမ်းများတယ်၊ သရှန်ရော ကျွန်တော်ရော လမ်းမှာ ဦးလေးတို့ လုံခြုံရေးကို အာမခံပေးနိုင်မှာမဟုတ်ဘူး၊ နောက်ပြီး တောင်အနက်ပိုင်းမှာ သားရိုင်းတိရစ္ဆာန်တွေ အများကြီးရှိတယ်၊ ဦးလေးတို့ ဒါကိုလည်း သေချာ ထည့်စဉ်းစားရမယ်”
ကျိုးလိုင်ကျီနှင့် သူ့သားသည် အလွန်ဝမ်းသာသွားတော့သည်။ သူတို့၏ ကြံရာမရအခြေအနေတွင် မျှော်လင့်ချက်အမျှင်တန်းလေးတစ်ခုကို မြင်လိုက်ရသဖြင့် ကျိုးလိုင်ကျီ၏မျက်လုံးများသည် စိုစွတ်လာပြီး သူက အလျင်စလို ပြောလိုက်၏။ “ငါတို့ကို အတူတူခေါ်သွားပေးတာပဲ လုံလောက်နေပါပြိ၊ တောင်အနက်ပိုင်းမှာ ဘယ်သူမှ လုံခြုံရေးကို အာမခံပေးနိုင်မှာမဟုတ်ပါဘူး၊ ငါတို့တွေပဲ သွားမယ်ဆိုရင်တောင် ပိုဆိုးသွားနိုင်သေးတယ်၊ ငါတို့တွေ အန္တရာယ်ကိုနားလည်ပါတယ်၊ အပြင်ဘက်မှာ နေဖို့ လုံးဝမဖြစ်နိုင်တော့လို့ပါ၊ မဟုတ်ရင် ငါတို့လည်း မတောင်းဆိုရဲပါဘူး”
တောင်အပြင်ဘက်က လူများသည် တိရစ္ဆာန်များပင်။ တိရစ္ဆာန်များထက်ပင် ပိုပြီး ညစ်ညမ်းကာ ရက်စက်ကြသည်။ သူတို့လက်ထဲသို့ ကျရောက်သွားခြင်းက သားရဲတိရစ္ဆာန်တစ်ကောင်၏ ကိုက်ဖဲ့ခံရခြင်းထက် ပိုပြီး သေလောက်အောင် နာကျင်ရခြင်းဖြစ်လိမ့်မည်။
သူတို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြသည်ကို တွေ့လိုက်ရသဖြင့် ချန်းသရှန်က ပြောလိုက်၏။ “ကောင်းပြီလေ၊ အားလုံးပဲ၊ ဒီပဲတွေကို မြန်မြန်သိမ်းဖို့ ကူပေးညီပေးလိုက်ကြမယ်၊ ငါတို့တွေ ချက်ချင်း ထွက်သွားရလိမ့်မယ်”
မြေကွက်နှစ်ကွက်သည် ပေါင်းလိုက်လျှင် တစ်ဧကမပြည့်ချေ။ ထို့ကြောင့် သူတို့သည် ရိုးတံများကို မရိတ်ဘဲ အသီးများကိုသာ ခူးလိုက်ကြသည်။
လူရှစ်ယောက် အတူတူ အလုပ်လုပ်လိုက်ကြသဖြင့် သူတို့သည် မြန်မြန်ဆန်ဆန် ပြီးမြောက်သွားခဲ့သည်။ သူတို့သည် ပဲအိတ် သုံးအိတ်ကို စုဆောင်းနိုင်ခဲ့ပြီး အခြောက်ခံပြီးလျှင်တော့ တစ်အိတ်ခွဲလောက် ကျန်လိမ့်မည်။
သည်အပိုပဲအိတ်များအတွက် သားအဖသည် အများကြီး စွန့်စားခဲ့ရသည်။ ဓားပြမျာသည် ပတ်ဝန်းကျင်ရွာများကို ပိုပြီးအသေးစိတ် လှည့်ပတ်လာသည်ဖြစ်စေ ပိုဝေးသည့်နေရာများကို ဆက်လာကြသည်ဖြစ်စေ သူတို့သ် သည်မခူးဆွတ်ရသေးသည့် ပဲများကို အလွယ်တကူ တွေ့သွားနိုင်ပြီး အခန့်မသင့်လျင် သူတို့နှစ်ယောက်ပါ ဖမ်းခံရနိုင်သည်။
သည်လို အစားအသောက် နည်းနည်းပါးပါး အတွက် အသက်ရှင်ဖို့ရန် သည်ကောက်နှံများကို အားကိုးနေရသည်မဟုတ်လျှင် သူတို့သည် မည်သို့ သည်အထိ လုပ်ပါလိမ့်မည်နည်း။
ရွှီမိသားစုသည် ခံစားချက်များ ရောနှောသွားပြီး ကြည့်နေမိလေသည်။ ယှဉ်ပြောရလျှင် သူတို့၏အစောပိုင်း ပြင်ဆင်မှုများသည် သူတို့ကို အများကြီးပိုကောင်းသည့် အခြေအနေတစ်ခုတွင် ရှိနေစေသည်။ စီရင်စုအပြင်ဘက်က ဆုံးရှုံးသွားသည့် စပါးများက သူတို့၏စိတ်ထဲတွင် လေးလံသည့်ခံစားချက်ကို မဖြစ်စေတော့ချေ။
ရှန်းလီနှင့် ချန်းသရှန်တို့ကလည်း နှုတ်ဆိတ်နေလိုက်ကြပြီး ကျိုးသားအဖ ဦးဆောင်သွားသည့်လမ်းနောက်က လိုက်လာကြလေသည်။ လူရှစ်ယောက်အဖွဲ့သည် ကျိုးမိသားစုက ခိုလုံသည့် ဂူဆီသို့ ဆက်သွားလိုက်ကြသည်။
...