← Chapters

အခန်း (၁၂၇၉-၁၂၈၁)

Vol. 86 Ch. 1279-1281

အခန်း (၁၂၇၉-၁၂၈၁)

Vol. 86 Ch. 1279-1281

အခန်း (၁၂၇၉) မောက်မာ၍ အထက်စီးဆန်ခြင်း

ကြွေခွက်သည် ကြမ်းပြင်ပေါ်တွင် ဂျင်တစ်ခုကဲ့သို့ လည်ပတ်ပြီးနောက် ခဏအကြာတွင် တဖြည်းဖြည်း ရပ်တန့်သွားသည်။ အခန်းထဲရှိ လူတိုင်း၏ အကြည့်များ ရွှယ်အန်းထံ စုပြုံကျရောက်လာကြ၏။ အထူးသဖြင့် ရှန်းမန်ယွီနှင့် လုရှီဖာတို့၏ မျက်နှာများ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြသည်။ တစ်ဦးတည်းသော ခြွင်းချက်မှာ ရှန်းမြောင်သုံဖြစ်သည်။ သူမသည် လက်ဖြင့် ပါးစပ်ကို ပိတ်ထားသော်လည်း မျက်လုံးများသည် လခြမ်းကွေးများသဖွယ် ပြုံးရွှင်နေ၍ ပရမ်းပတာ အခြေအနေကို နှစ်သက်သူတစ်ဦးကဲ့သို့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်မှသာ ကံဆိုးသူစုကျွင်းနင်သည် ထိတ်လန့်တုန်လှုပ်မှုမှ သတိပြန်ဝင်လာ၍ အသည်းအသန် အော်ဟစ်ပြီးနောက် ဗလုံးဗထွေး ဟိန်းဟောက်လိုက်သည်။

"ရွှယ်... ခင်ဗျား ကျုပ်ကို ရိုက်ရဲတယ်ပေါ့လေ"

ရွှယ်အန်းက ပြုံးလိုက်သော်လည်း သူ၏ မျက်ခုံးတန်းများတွင် အေးစက်မှုများ ကိန်းအောင်းလျက် ခပ်အေးအေးပင် ဆိုလိုက်သည်။ "ရိုက်တော့ ဘာဖြစ်လဲ"

"ခင်ဗျား..." စုကျွင်းနင်သည် အရှေ့သို့ တိုးသွားကာ ဤလူငယ်ကို ကောင်းကောင်း ဆုံးမချင်သော်လည်း သူ၏ ပါးစပ်မှ ပြင်းထန်သော နာကျင်မှုများက ဤဝတ်စုံဖြူနှင့် လူငယ်သည် အနိုင်ကျင့်ရလွယ်သူ မဟုတ်ကြောင်း သတိပေးနေသဖြင့် သူသည် စိတ်မကျေမနပ်ဖြစ်နေသော အမူအရာ ဆင်မြန်းထားသည့် လုရှီဖာဘက်သို့ လှည့်ကြည့်လိုက်သည်။

"သခင်လေးလု"

သွေးများ ပြည့်နှက်နေသော ပါးစပ်နှင့် ကျိုးပဲ့ကုန်သော သွားများကြောင့် သူ၏ စကားလုံးများသည် လေတိုးသံများဖြင့် မပီမသဖြစ်နေသည်။ သို့သော် သူ၏ ကျောထောက်နောက်ခံသည် လုရှီဖာ ဖြစ်ကြောင်း လူတိုင်း သိကြ၏။

အမှန်ပင် လုရှီဖာ၏ မျက်နှာအမူအရာ ပို၍ ခက်ထန်လာကာ ရွှယ်အန်းကို စူးစိုက်ကြည့်လျက် ယုတ်မာသော အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။

"ခင်ဗျားက သတ္တိရှိရုံတင်မကဘူး၊ တယ်လည်း လက်ရည်ရှိနေတာပဲ။ ဒါပေမယ့် ခွေးကို ရိုက်ရင်တောင် ပိုင်ရှင်မျက်နှာကို ကြည့်ရတယ်ဆိုတာ ခင်ဗျား မကြားဖူးဘူးလား"

ဤစကားအရ စုကျွင်းနင်ကို သူ၏ လက်အောက်ခံ ခွေးတစ်ကောင်ကဲ့သို့ အထင်အမြင်သေးစွာ ဆက်ဆံလိုက်ခြင်းဖြစ်သည်။ သို့သော် ဤစကားကို ကြားရသောအခါ စုကျွင်းနင်သည် စိတ်မဆိုးသည့်အပြင် မျက်နှာ၌ ဂုဏ်ယူဝင့်ကြွားသော အမူအရာပင် ပေါ်လာသည်။ ထိုသို့မြင်သောအခါ ရှန်းမြောင်သုံသည် အလွန်ရွံရှာသော မျက်နှာဖြင့် စုကျွင်းနင်နှင့် ဝေးရာသို့ ဆုတ်ခွာသွားလေသည်။ စုကျွင်းနင်လည်း ၎င်းဖြစ်စဥ်ကို ကောင်းစွာသိလိုက်သည်။

သို့သော် သူသည် ယခုအချိန်တွင် ရှန်းမိသားစု၏ ဒုတိယသမီးနှင့် နီးစပ်ခွင့်ရရန် မည်သည့် မျှော်လင့်ချက်ကိုမျှ မထားတော့ပေ။ လုရှီဖာသည် ညီအစ်မ နှစ်ဦးစလုံးအပေါ် လောဘဇောတိုက်နေခြင်းကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် လမ်းတွင် လုမိသားစု၏ အကြီးဆုံးသား လုရှီဖာနှင့် တွေ့ဆုံကတည်းက သူသည် ပစ်မှတ်ကို ချက်ချင်း ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ဒုတိယသမီး ရှန်းမြောင်သုံ၏ အချစ်ကို ရရှိခြင်းသည် အလွန်ခက်ခဲလှသည်။ သို့သော် လုမိသားစု၏ အကြီးဆုံးသားကို တွယ်ကပ်ခြင်းသည် အလွန်ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ ဤရွှေရောင်အလင်းကောင်းကင်နယ်မြေအတွင်း လုမိသားစုသည် ရှန်းမိသားစုပြီးလျှင် ဒုတိယ အင်အားအကြီးဆုံးဖြစ်ရာ စုကျွင်းနင်ကဲ့သို့ မြို့ငယ်တစ်ခုမှ လာသူတစ်ဦးအတွက်မူ ၎င်းသည် အလွန်ခိုင်မာသော အားကိုးရာဖြစ်သည်။ ထို့ကြောင့် လုရှီဖာက သူ့ကို ခွေးဟု ခေါ်လိုက်သော်လည်း စိတ်မဆိုးဘဲ ပျော်ရွှင်နေခြင်းဖြစ်သည်။

ထိုအချိန်တွင် ရွှယ်အန်းက ဆိုဖာပေါ်တွင် မှီလျက် ခပ်ပြုံးပြုံး ဆိုလိုက်သည်။

"ခင်ဗျား ပြောတာ မှန်တယ်၊ ခွေးကို ရိုက်ရင် ပိုင်ရှင်မျက်နှာကို ကြည့်ရမယ်။ ဒါပေမယ့် ခွေးက အရမ်း မောက်မာနေရင် ကျုပ်မှည ပိုင်ရှင်ကိုပါ တွဲရိုက်တတ်တဲ့ အကျင့်ရှိတယ်၊ ဘယ်လိုလဲ"

ဤစကားကြောင့် တစ်ခန်းလုံး အေးစက်သွားသည်။ ပရမ်းပတာ အခြေအနေကို နှစ်သက်နေသော ရှန်းမြောင်သုံပင် အံ့အားသင့်ကာ မျက်လုံးများ ဝိုင်းစက်သွား၍ သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်များ ပေါ်ပေါက်လာသည်။ သူမသည် စိတ်ကူးပေါက်ရာ လုပ်တတ်သော်လည်း အခြေအနေကို မသိနားမလည်သူ မဟုတ်ပေ။ သူမ၏ မိသားစုရှိ လူကြီးသူမများသည် လုရှီဖာကို တန်ဖိုးထားကြ၍ သူမ၏ အစ်မအတွက် သင့်တော်သော ခင်ပွန်းလောင်းအဖြစ် သတ်မှတ်ထားကြသည်။ ထို့အပြင် လုမိသားစု၏ အင်အားသည် မကြာသေးမီနှစ်များအတွင်း ပိုမို တောင့်တင်းလာ၍ သူမသည် လုရှီဖာ၏ ရည်မှန်းချက်များကို သိသော်လည်း လေးစွာမှုဖြင့်သာ ခပ်ကွာကွာ နေထိုင်ခဲ့ရသည်။

မထင်မှတ်ဘဲ ရွှယ်အန်းသည် ထိုကဲ့သို့ ရဲတင်းသော စကားများကို ပြောထွက်ခဲ့သဖြင့် ရှန်းမြောင်သုံ၏ စိတ်ထဲတွင် ချီးကျူးမှုအပြင် စိုးရိမ်မှုများလည်း ဖြစ်ပေါ်လာသည်။ လုရှီဖာ၏ မျက်နှာအမူအရာ မည်းမှောင်လာ၍ မျက်ဝန်းများထဲမှ ယုတ်မာသော အလင်းတန်းများ ထွက်ပေါ်လာကာ ဒေါသတကြီး ပြောလိုက်သည်။

"ကောင်လေး၊ မင်း ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ သိရဲ့လား"

ရွှယ်အန်းသည် အပြုံးဖြင့် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ခေါင်းမော့ဘဲ ကစားလျက် ပြောလိုက်သည်။

"မသိပါဘူး၊ သိလည်း မသိချင်ဘူး။ ဒါပေမယ့် ခင်ဗျားသာ အပိုစကားတွေ ဆက်ပြောနေမယ်ဆိုရင် ဒီလက်ဖက်ရည်ခွက်က ခင်ဗျား ပါးစပ်ထဲ ရောက်သွားပြီး တစ်သက်စာ မမေ့နိုင်အောင် သွားတွေ အကုန် ကျိုးသွားလိမ့်မယ်ဆိုတာ ခင်ဗျား ယုံလား"

လုရှီဖာသည် ဒေါသတကြီး လှောင်ရယ်လိုက်ရာ သူ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ လက်ဖက်ရည်ဆိုင်တစ်ခုလုံး တုန်ခါသွားလေသည်။

"စစ်မှန်အင်မော်တယ် အထွတ်အထိပ်။ ရွှေအင်မော်တယ်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်" နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးက ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

ဤကျင့်စဉ်အဆင့်သည် ဤနယ်မြေ၌ အသင့်အတင့်မျှ မြင့်မားသော်လည်း လုရှီဖာ၏ လက်ရှိ အသက်အရွယ်အရ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့အပြင် မြင့်မြတ်သော မိသားစုများတွင် မည်သို့သော လျှို့ဝှက်သိုင်းပညာများရှိမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ ကျင့်စဉ်အဆင့် တူညီစေကာမူ ခွန်အားချင်း ကွာခြားကြပေလိမ့်မည်။

လုရှီဖာက ဂုဏ်ယူစွာ ပြုံးလိုက်သည်။

"ဟုတ်တယ်၊ ကျုပ်က အဆင့်မဖြတ်ကျော်ဘဲ တမင် ထိန်းထားတာ။ မဟုတ်ရင် ကျုပ် အခုလောက်ဆို ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူ ဖြစ်နေလောက်ပြီ"

ဤစကားကို ကြားသောအခါ လူအများသည် ပို၍ပင် ထိတ်လန့်သွားကြသည်။ ရှန်းမြောင်သုံပင် အနည်းငယ် တုန်လှုပ်သွား၍ သူမ၏ မျက်ဝန်းများတွင် လေးနက်မှုများ အစားထိုးဝင်ရောက်လာသည်။ လုရှီဖာ၏ မျက်နှာအမူအရာ ခက်ထန်လာ၍ ဒေါသဖြင့် ပေါက်ကွဲခါနီးတွင် ပုံမှန်အချိန် တိတ်ဆိတ်နေတတ်သော ရှန်းမန်ယွီသည် ရုတ်တရက် အရှေ့တိုးလာကာ သူ့ကို တားဆီးလိုက်သည်။

လုရှီဖာက အံ့အားသင့်သွား၍ သူမကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

"မန်ယွီ... မင်း... "

ရှန်းမန်ယွီက အေးစက်စွာ ပြောလိုက်သည်။ "သခင်လေးလု၊ ခဏလောက် ဒေါသကို ထိန်းပါ။ ကျွန်မ သူ့ကို ပြောစရာ စကားရှိလို့"

လုရှီဖာအသည် ရှန်းမန်ယွီ၏ မျက်နှာကို ထောက်ထားရမည်ဖြစ်သဖြင့် ခေါင်းညိတ်ပြကာ အနောက်သို့ ဆုတ်ပေးလိုက်ပြီးနောက် ရွှယ်အန်းကို သေလူတစ်ယောက်ကဲ့သို့ စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ရှန်းမန်ယွီသည် လက်ဖက်ရည်စားပွဲဆီသို့ ကျော့ရှင်းစွာ လျှောက်လှမ်းလာကာ သူမ၏ လှပသော မျက်ဝန်းများတွင် အေးစက်မှုများ ပြည့်နှက်လျက် ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် လူအနည်းငယ်သာ တည်ငြိမ်နိုင်မည်ဖြစ်၍ လူအများအပြားသည် တုန်လှုပ်နေကြပေလိမ့်မည်။ သို့သော် ရွှယ်အန်းကမူ မျက်တောင်ပင် မခတ်ဘဲ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကိုသာ ဆက်လက် လှည့်နေသည်။ ဖြူဖွေးသော ကြွေခွက်ပင် သူ၏ သွယ်လျသော လက်ချောင်းများအောက်တွင် အရောင်မှိန်သွားဟန်ရှိသည်။ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ခဏအကြာတွင် ရှန်းမန်ယွီက အေးစက်စွာ ပြောလိုက်သည်။

"ရှင် ဘယ်သူလဲဆိုတာ ကျွန်မ စိတ်မဝင်စားဘူး။ ဒါပေမယ့် ကျွန်မ ညီမက ရှင့်လိုလူ ထိတွေ့နိုင်တဲ့မိန်းကလေး မဟုတ်ဘူး။ ဒါကို ရှင် နားလည်လိမ့်မယ်လို့ မျှော်လင့်တယ်"

ဤစကားကို ကြားရသောအခါ ရှန်းမြောင်သုံသည် အနည်းငယ် တုန်လှုပ်သွား၍ သူမ၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖြတ်သန်းသွားသော်လည်း ချက်ချင်းပင် ငြိမ်းအေးသွားကာ ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် ခေါင်းငုံ့ထားလိုက်သည်။

ရွှယ်အန်းသည် မျက်ခုံးကို အနည်းငယ် ပင့်၍ ခပ်ပြုံးပြုံး မေးလိုက်သည်။

"အော်... မေးပါရစေဦး၊ ကျုပ်လိုလူဆိုတာ ဘယ်လိုမျိုးလဲ"

ရှန်းမန်ယွီ၏ မျက်ဝန်းများ ရေခဲကဲ့သို့ အေးစက်လာ၍ လှောင်ပြောင်သံဖြင့် ဆိုလိုက်သည်။

"ရှင် ကျွန်မ ညီမနားကို ဘာကြောင့် ကပ်နေလဲဆိုတာ ရှင့်ကိုယ်ရှင် အသိဆုံးဖြစ်မှာပါ။ ကျွန်မက အတိအကျ ထုတ်ပြောနေဖို့ လိုသေးလို့လား"

ရွှယ်အန်း၏ အပြုံးများ လျော့ပါးသွားခြင်း မရှိပေ။

"ကျုပ် တကယ် မသိဘူးလို့ ပြောရင်ရော"

ရှန်းမန်ယွီက လှောင်ရယ်လိုက်သည်။

"ရှန်းမိသားစုရဲ့ အာဏာနဲ့ အဆင့်အတန်းကို ရှင့်လိုလူမျိုး မော့ကြည့်ဖို့တောင် မထိုက်တန်ဘူး။ ပြီးတော့ ရှင် ဒီကိုလာတာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ တည်ထောင်ခြင်း အခမ်းအနားကို တက်ဖို့ မဟုတ်လား။ ကျွန်မ အခုပဲ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်၊ ရှင် ဘယ်တော့မှ အဲဒီထဲကို ဝင်ခွင့်ရမှာ မဟုတ်ဘူး"

"ဟုတ်လား" ရွှယ်အန်းက မျက်ခုံးပင့်လျက် သူမကို တစ်ချက် မော့ကြည့်လိုက်သည်။

ရှန်းမြောင်သုံသည် မအောင့်နိုင်တော့ဘဲ အော်ခေါ်လိုက်သည်။

"အစ်မ... "

စကားမပြီးဆုံးမီ ရှန်းမန်ယွီက ဖြတ်ပြောလိုက်သည်။ "ပါးစပ်ပိတ်ထား၊ ဒါ နင် စကားဝင်ပြောရမယ့် နေရာ မဟုတ်ဘူး"

ပြီးနောက် သူမသည် ရွှယ်အန်းကို အထက်စီးဆန်စွာ ငုံ့ကြည့်၍ ပြောလိုက်သည်။

"ရှင် ဒါကို လက်မခံချင်လည်း ရတယ်၊ ကြိုးစားကြည့်ချင်လည်း ရတယ်။ ဒါပေမယ့် ရှင် ဘာပဲလုပ်လုပ် ရလဒ်ကတော့ ပြောင်းလဲမှ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့... ဒါ ကျွန်မ ပြောတဲ့ စကားမို့လို့ပဲ"

ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း မြင့်တက်လာ၍ အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

"မင်း ပြောတဲ့စကားမို့လို့တဲ့လား"

"အတိအကျပဲ" ရှန်းမန်ယွီ၏ မျက်နှာ၌ လှောင်ပြောင်သော အမူအရာမျိုး ပေါ်ပေါက်လာသည်။

"လောကကြီးက ဒီလိုပဲ ရက်စက်တယ်လေ။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံထဲကိုတောင် ဝင်ခွင့်မရှိတဲ့သူက ကျွန်မ ညီမအနားကို ကပ်ဖို့ ဘာအရည်အချင်းရှိလို့လဲ"

အခန်း (၁၂၈၀) တောင်ဖွင့်ခေါင်းလောင်းသံ မြည်ဟည်းခြင်း၊ အခမ်းအနား စတင်ခြင်း

ရှန်းမန်ယွီ၏ ပြင်းထန်လှသော စစ်ဆေးမေးမြန်းမှုအောက်တွင် တစ်ခန်းလုံး တိတ်ဆိတ်သွားကာ လူအများ၏ မျက်နှာ၌ လှောင်ပြောင်သရော်သည့် အရိပ်အမြွက်များ ထင်ဟပ်လာသည်။ အထူးသဖြင့် အရိုက်ခံရ၍ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်နေသည့် စုကျွင်းနင်သည် အောင်နိုင်သူတစ်ဦးကဲ့သို့ ဝင့်ကြွားနေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။

“ခင်ဗျား ဘယ်လို ကိုင်တွယ်မလဲ ကြည့်ရသေးတာပေါ့" စုကျွင်းနင်က စိတ်ထဲ၌ ကြုံးဝါးနေသည်။

သို့သော်လည်း မုန်တိုင်းဗဟိုချက်တွင် ရှိနေသည့် ရွှယ်အန်းသည် မည်သည့် စိုးရိမ်တုံ့ပြန်မှုမျှ မပြသခဲ့ပေ။ သူသည် ဆိုဖာပေါ်တွင် သက်သောင့်သက်သာ မှီချကာ လက်ဖက်ရည်စားပွဲကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်နေသည်။ ခဏအကြာတွင် ရွှယ်အန်းက ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည်။

“မဆိုးပါဘူး... ဒါပေမယ့် ခင်ဗျား မှားနေတာ နှစ်ချက်ရှိတယ်”

“ဩော်... ဘာများလဲ” ရှန်းမန်ယွီက အေးစက်စွာ မေးလိုက်သည်။

“ပထမတစ်ချက်က... ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှာ တပည့်အဖြစ် ခံယူချင်တာ ကျုပ် မဟုတ်ဘူး၊ သူ” ရွှယ်အန်းသည် သူ့အနောက်တွင် ထိုင်နေသော ရှင်းယွီရှူကို ညွှန်ပြလိုက်သည်။

ထိုအခါမှ တိတ်ဆိတ်နေသော လူငယ်ကို လူအများ သတိထားမိသွားသည်၊ သို့သော်လည်း မကြာမီ၌ အထင်သေးသည့် အရိပ်အမြွက်များ ပြသလာကြသည်။ အကြောင်းမှာ အဝတ်အစားနှင့် အမူအရာကို ကြည့်ခြင်းအားဖြင့် ရှင်းယွီရှူသည် လောကအတွေ့အကြုံ မရှိသေးသည့် သာမန်လူငယ်တစ်ဦးသာ ဖြစ်ပုံပေါ်သည်။

ရှန်းမန်ယွီက ပို၍ပင် အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“ဒုတိယအချက်ကကော ဘာများလဲ... ကျွန်မ ညီမအပေါ် ရှင် ဘာခံစားချက်မှ မရှိဘူးလို့တော့ မပြောနဲ့နော်”

သူမ၏ လေသံသည် လှောင်ပြောင်ကဲ့ရဲ့မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော် ထိုအချိန်တွင် ခေါင်းငုံ့နေသော ရွှယ်အန်းက ရုတ်တရက် မော့ကြည့်လိုက်သည်။ မူလက စော်ကားမော်ကား ပြုမူနေသော ရှန်းမန်ယွီသည် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ ပြောလက်စ စကားများပင် လည်ချောင်းဝတွင် တစ်ဆို့ကာ မည်သည်မျှ ဆက်မပြောနိုင်တော့ပေ။ ရှန်းမန်ယွီသည် ရွှယ်အန်း၏ အကြည့်တစ်ချက်အောက်တွင် ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးအမျှင်များ ထောင်မတ်ထလာကာ နှလုံးသားထဲအထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုခံစားချက်သည် ဒိုင်နိုဆောကြီးတစ်ကောင်၏ အကြည့်အောက်သို့ ရောက်ရှိသွားသကဲ့သို့ ကျောရိုးထဲအထိ ချမ်းစိမ့်သွားစေသည်။ သို့သော်လည်း ထိုခံစားချက်သည် ခဏတာမျှသာဖြစ်ရာ ရွှယ်အန်းက မျက်လွှာပြန်ချလိုက်သည်နှင့် အရာအားလုံး ဒီရေသဖွယ် ပျောက်ကွယ်သွားသဖြင့် ကနဦး အဖြစ်အပျက်များသည် စိတ်ကူးယဉ်မှုတစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။

ပြီးနောက် ရွှယ်အန်းက ခပ်အေးအေး ပြောလိုက်သည်။

“ဒုတိယအချက်က... ကျုပ် ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို လာတာ မိတ်ဆွေတစ်ယောက်ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့နဲ့ ဟိုဟို သည်သည် လှည့်ပတ်ကြည့်ဖို့ပဲ။ ရလဒ်ကို သဘောမကျရင် ဒီက ပစ္စည်းတချို့ကိုလည်း ပြန်ယူသွားမှာပါ”

ထိုအချိန်တွင် ရွှယ်အန်းသည် စကားကို ခေတ္တရပ်တန့်ကာ ရှန်းမန်ယွီကို အေးစက်စွာ စိုက်ကြသည့်၍ ဆက်ပြောလိုက်သည်။

“ရှန်းမိသားစုရဲ့ အာဏာဆိုတာ... ကျုပ် မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်တွေထက် မပိုဘူး”

ဤစကားများကြောင့် ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ လူအများ မှင်သက်သွားကြသည်။ ရှန်းမန်ယွီပင် ခဏတာ ကြောင်အသွားပြီးနောက် သတိဝင်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဘယ်လောက်တောင် ရိုင်းစိုင်းတဲ့ ကောင်လဲ... ရှန်းမိသားစုကို ဒီလိုစော်ကားရဲရတယ်လို့...”

သူမ စကားများ မပြီးဆုံးခင် ဘန်းဟူသော သံတစ်သံ ထွက်ပေါ်လာသည်။ အဖြူရောင် အလင်းတန်းတစ်ခု ပျံသန်းလာ၍ ရှန်းမန်ယွီ၏ ပခုံးကို တိုက်ရိုက် ထိမှန်သွားသည်။ အငိုက်မိသွားသော ရှန်းမန်ယွီသည် အရှိန်ကြောင့် နောက်သို့ ဆယ်လှမ်းခန့် ဆုတ်ခွာပြီးနောက် ဟန်ချက်ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း သူမ၏ မျက်နှာ၌ နာကျင်မှုများ ထင်ဟပ်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဖြူရောင် အလင်းတန်းသည် သူမ၏ ပခုံးအရိုးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသောကြောင့်ဖြစ်သည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် အလိုလိုက် ခံထားရသော ရှန်းမိသားစုမှ သမီးပျိုသည် ဒေါသဖြင့် ပေါက်ကွဲလုမတတ် ခံစားနေရသည်။

ရွှယ်အန်းကမူ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“နောက်တစ်ခါ ပေါက်ကရပြောရင် ခင်ဗျားတို့ သွားတွေကို အကုန်ရိုက်ချိုးပစ်မယ်လို့ ကျုပ် သတိပေးထားပြီးသား။ ဒါပေမယ့် ခင်ဗျားက ရှန်းမြောင်သုံရဲ့ အစ်မ ဖြစ်နေတာမို့လို့ ဒီတစ်ခါတော့ သူ့မျက်နှာကို ထောက်ထားပေးလိုက်မယ်”

တစ်ချိန်တည်း၌ပင် လုရှီဖာသည်လည်း အံ့အားသင့်မှုမှ သတိပြန်ဝင်လာသည်။ သူသည် လူအများရှေ့၌ စွမ်းဆောင်ရည် ပြသလိုစိတ် ပြင်းပြနေသူဖြစ်ရာ ဤစကားများကို ကြားသောအခါ ပို၍ပင် ဒေါသထွက်သွားသဖြင့် သူ၏ စွမ်းအင်များကို ထုတ်ဖော်ကာ ဤမသိနားမလည်သော လူငယ်ကို ပညာပေးရန် ပြင်ဆင်လိုက်သည်။ ရွှယ်အန်း၏ နှုတ်ခမ်းအစုံသည် အေးစက်သော လှောင်ပြောင်မှုများဖြင့် ကွေးညွှတ်သွားသည်။ သူသည် ဤလူများကို စိတ်ကုန်နေပြီဖြစ်သည်။ မှန်သည်၊ ရှန်းမြောင်သုံကြောင့်သာ မဟုတ်လျှင် ရှန်းမန်ယွီ အသက်ရှင်နေမည် မဟုတ်ပေ။ ရွှယ်အန်းသည် ကျော်ကြားမှုကို သိပ်ဂရုမစိုက်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို ဆက်တိုက် ရန်စနေမည်ဆိုလျှင် ထိုသူကို အတွေ့အကြုံသစ်များ ရရှိစေရန် တမလွန်သို့ ပို့ဆောင်ပေးရန် ဝန်လေးမည် မဟုတ်ပေ။

သို့သော် ထိုအချိန်၌ ဝေးကွာသော နေရာမှ ရှည်လျားကာ သာယာကြည်လင်သော ခေါင်းလောင်းသံ ထွက်ပေါ်လာ၍ တောင်ကြားတစ်ခုလုံးနှင့် ဤမြို့ငယ်အတွင်းသို့ ပျံ့နှံ့သွားသည်။ ထိုအသံကို ကြားလျှင်ကြားချင်း လူတိုင်း ထိတ်လန့်သွားကြကာ ဗဟုသုတ ကြွယ်ဝသူတစ်ဦးက အော်ဟစ်လိုက်သည်။

“ဒါ တောင်ဖွင့်ခေါင်းလောင်းသံပဲ၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက တောင်တံခါး ဖွင့်တော့မယ်”

ဤသတင်းသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။ ဤတောင်ဖွင့် အခမ်းအနားကို ပုံမှန်ထက် တစ်ရက်စော၍ အဘယ်ကြောင့် ကျင်းပသည်ကို မည်သူမျှ မသိကြသော်လည်း ၎င်းသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ ဝင်ခွင့်ရခြင်း ရှိ၊ မရှိနှင့် သက်ဆိုင်နေသဖြင့် သတိဝင်လာသည်နှင့် လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံဆီသို့ အပြေးနှင်ကြခြင်းဖြစ်သည်။ ဤကဲ့သို့သော အခြေအနေ ပြောင်းလဲသွားမှုသည် လက်ဖက်ရည်ဆိုင်ရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားစေသည်။ လုရှီဖာ၊ ရှန်းမန်ယွီနှင့် အခြားလူများအားလုံး မျက်နှာပျက်သွားကြသည်။ ၎င်းတို့အတွက် လက်ရှိ အရေးကြီးဆုံးအရာသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ ဝင်ရောက်ခြင်းဖြစ်သဖြင့် အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်ကြသည်။

ထို့ကြောင့် ရှန်းမန်ယွီနှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် လုရှီဖာက အလွန်အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

“ကောင်လေး... မင်း ကံကောင်းသွားတယ်လို့ မှတ်လိုက်၊ မင်းကို ခဏလောက် အသက်ရှင်ခွင့် ပေးလိုက်မယ်။ မန့်ယွီ... သွားကြရအောင်”

ရှန်းမန်ယွီသည် ရွှယ်အန်းကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။ ရှန်းမြောင်သုံသည်လည်း ၎င်းတို့နှင့်အတူ လိုက်သွားရမည်ဖြစ်ရာ သူမသည် ထွက်ခွာသွားစဉ် ရွှယ်အန်းကို ခိုးကြည့်ကာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ခေါင်းကို ခပ်ယဲ့ယဲ့ ခါပြလိုက်သည်။ သူမ၏ ရည်ရွယ်ချက်သည် ရှင်းလင်းလှသည်၊ ရွှယ်အန်းကို ဤအန္တရာယ်များသော နယ်မြေမှ အမြန်ဆုံး ထွက်ခွာသွားရန်နှင့် မည်သည့်နည်းနှင့်မျှ ဤနေရာတွင် ဆက်မနေရန် တိုက်တွန်းနေခြင်းဖြစ်သည်။

သို့သော် ရွှယ်အန်းကမူ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ ရှန်းမြောင်သုံသည် အလွန်စိုးရိမ်နေသော်လည်း အစ်မဖြစ်သူ၏ အရှိန်အဝါကို ကြောက်ရွံ့နေသဖြင့် လေးလံသော စိတ်နှလုံးဖြင့် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာသွားရသည်။ မကြာမီတွင် လူတိုင်း ထိုနေရာမှ ထွက်ခွာသွားကြသည်။ လက်ဖက်ရည်ဆိုင်တစ်ခုလုံး တိတ်ဆိတ် ခြောက်ကပ်သွားကာ ရွှယ်အန်းနှင့် ရှင်းယွီရှူတို့ နှစ်ဦးသာ ကျန်ရစ်ခဲ့သည်။ နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးပင် သဲလွန်စမဲ့စွာ ပျောက်ကွယ်သွားလေသည်။ လူအုပ်ကြီးသည် လမ်းမပေါ်၌ ဝေးကွာသော တောင်တံခါးဆီသို့ အလုအယက် ပြေးလွှားနေကြောင်း ပြတင်းပေါက်မှတစ်ဆင့် မြင်တွေ့နေရသည်။

ရှင်းယွီရှူသည် စိုးရိမ်စိတ်ကို မထိန်းနိုင်တော့ပေ။

“အရှင်... ကျွန်တော်တို့ရော မသွားသေးဘူးလား”

ရွှယ်အန်းက ရယ်မောလိုက်သည်။

“မင်းက စိတ်ပူနေတာလား”

ရှင်းယွီရှူက အံကြိတ်ကာ ပြောလိုက်သည်။

“နည်းနည်းပါ၊ တောင်တက်ဖို့ လူတွေ အများကြီး သွားနေကြတာဆိုတော့ အချိန်မမီဘဲ အထဲမဝင်နိုင်ရင် ဘယ်လိုလုပ်မလဲ”

ရွှယ်အန်းသည် ရှင်းယွီရှူကို လေးနက်စွာ စိုက်ကြည့်ပြီးနောက် ဝေးကွာသော နေရာမှ မြင့်မားလှသော ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို လှမ်းကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်

“တကယ်တော့... အလျင်လိုဖို့ မလိုပါဘူး”

“ဟမ်... ဘာပြောလိုက်တာလဲ၊ အရှင်” ရှင်းယွီရှူသည် ရွှယ်အန်း၏ စကားကို မကြားလိုက်သဖြင့် ဇဝေဇဝါဖြင့် မေးလိုက်သည်။

ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်ပြီးနောက် မတ်တပ်ရပ်၍ စိမ်ပြေနပြေ ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး... ဒီကို ရောက်လာမှတော့ ပျော်စရာတွေ သွားကြည့်တာပေါ့၊ သွားကြစို့”

ပြီးနောက် ရွှယ်အန်းနှင့် ရှင်းယွီရှူတို့သည် လက်ဖက်ရည်ဆိုင်မှ တစ်ဦးပြီးတစ်ဦး ထွက်ခွာလာကာ ဝေးကွာသော တောင်တံခါးဆီသို့ တိုက်ရိုက် ပျံသန်းသွားကြသည်။ တောတောင်ထဲ၌ သီးခြားရှိနေပုံရသော တောင်တံခါးကို ဖြတ်ကျော်လိုက်သည်နှင့် ရှင်းယွီရှူသည် ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ကြီးမားလှသော ရင်ပြင်ကျယ်ကြီးတစ်ခုသည် ၎င်းတို့အရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုရင်ပြင်သည် ဆူညံသံများနှင့် သက်ဝင်လှုပ်ရှားနေ၍ နေရာ အရပ်ရပ်မှ လူများစွာသည် ဤနေရာ၌ စုရုံးကာ တစ်စုံတစ်ခုကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ လူအမြောက်အမြားရှိနေသော်လည်း ၎င်းတို့အကြား၌ အဆင့်အတန်း ခွဲခြားမှုကို သိသာစွာ တွေ့မြင်နေရဆဲဖြစ်သည်။

ရှေ့ဆုံး၌ အကောင်းဆုံး နေရာများကို ရယူထားသူများသည် အမြဲတမ်း ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသည့် မိသားစုကြီးများ၏ မျိုးဆက်များ ဖြစ်ကြသည်။ ရှန်းညီအစ်မ၊ လုရှီဖာနှင့် အခြားလူများသည် ထိုလူအုပ်၏ အလယ်ဗဟို၌ ထင်ရှားစွာ ရပ်နေကြသည်။

အခန်း (၁၂၈၁) ကောင်းကင်လှေကားထစ်

အပြင်ဘက်၌ အင်အားအနည်းငယ် နိမ့်ကျသူများဖြစ်ကြ၍ ထိုထက်ပို၍ အစွန်ဘက်တွင် ၎င်းတို့အောက် အားနည်းသူများဖြစ်သည်။ အစွန်ဆုံးသို့ ရောက်ရှိချိန်တွင် အားလုံးသည် သာမန်ကျင့်ကြံသူများသာဖြစ်ကြ၍ ၎င်းအနက် ညှိုးငယ်သော မျက်နှာနှင့် ဟောင်းနွမ်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဆင်းရဲနွမ်းပါးသော ကျင့်ကြံသူများစွာ ပါဝင်ကြသည်။ ၎င်းတို့နှင့် နှိုင်းယှဉ်ပါက ရွှယ်အန်းနှင့် ရှင်းယွီရှူတို့၏ ပုံပန်းသဏ္ဌာန်သည် မည်သူ၏ အာရုံကိုမျှ မဆွဲဆောင်နိုင်ခဲ့ပေ။

အကြောင်းမှာ လူတိုင်းသည် အဝေးရှိ မြင့်မားသော စင်မြင့်ပေါ်သို့သာ အာရုံစိုက်နေကြသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်ယံမှ ကံကောင်းခြင်းတိမ်တိုက်တစ်ခု ဆင်းသက်လာ၍ စင်မြင့်ပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ တိမ်တိုက်များ ကွယ်ပျောက်သွားသည်နှင့် ရွှေရောင်အနားကွပ်ပါသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လုံကောင်းမွန်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သို့သော် သူ၏ မျက်လုံးနှင့် မျက်ခုံးများကြားရှိ မာနထောင်လွှားမှုကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

သူ့အနောက်တွင်မူ ရိုသေကိုင်းညွတ်သော လူငယ်တာအိုအစေခံ အနည်းငယ် ရပ်နေကြသည်။ ထိုကဲ့သို့သော အရှိန်အဝါကြောင့် ဤအမျိုးသားသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားသည်။ ပြီးနောက် လူအုပ်ကြီးသည် အနည်းငယ် လှုပ်ခတ်သွားကာ အချင်းချင်း တီးတိုး ဆွေးနွေးလာကြသည်။

"ဟူး... ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ ဖွင့်ပွဲအခမ်းအနားကို ဒီတစ်ကြိမ်တော့ အကြီးအကဲ စီယွမ် ကိုယ်တိုင် ကြီးကြပ်နေတာလား"

"ဟုတ်တယ် ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် အတွင်းဂိုဏ်းက တပည့်အရင်းတစ်ယောက်ပဲ လွှတ်တာ၊ ဒါပေမယ့် ဒီတစ်ခါတော့ အကြီးအကဲတစ်ယောက်ကို လွှတ်လိုက်တာပဲ။ ဒီအခမ်းအနားက ထူးခြားတော့မယ် ထင်တယ်"

လူအုပ်ကြီး တီးတိုး ပြောနေကြစဉ် အကြီးအကဲ စီယွမ်သည် ကျေနပ်သော အမူအရာကို ပြသလာပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။ "ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ ဖွင့်ပွဲအခမ်းအနားကို မူလက မနက်ဖြန်ကျမှ ကျင်းပဖို့ စီစဉ်ထားတာ။ အဝေးက လာကြတဲ့ အားလုံးလည်း တစ်ရက်လောက် နားသင့်ပေမယ့် ဂိုဏ်းခေါင်းဆောင်က ရုတ်တရက် ထိုးထွင်းသိမြင်မှုတစ်ခု ရရှိခဲ့တာကြောင့် ဒီနေ့ကို ပြောင်းလိုက်တာ၊ ပြီးတော့ ကျုပ်ဆိုတဲ့ စီယွမ်က ကိုယ်တိုင် ကြီးကြပ်သွားမယ်"

သူ၏ အသံသည် ကြိုးကြာငှက်တစ်ကောင်၏ အော်မြည်သံကဲ့သို့ ကြည်လင်ပြတ်သား၍ ပဲ့တင်ထပ်နေကာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားသည်နှင့် လူအုပ်ကြီး၏ ဆူညံသံများ ချက်ချင်းပင် ငြိမ်ကျသွားသည်။ လူအများအပြားသည် အံ့ဩထိတ်လန့်သော အမူအရာများ ပြသကြသည်။ အခြားစကားများ ပြောရန်ပင် မလိုဘဲ ဤစွမ်းဆောင်ရည် တစ်ခုတည်းကပင် အကြီးအကဲ စီယွမ်၏ အစွမ်းထက်မှုကို သက်သေပြရန် လုံလောက်နေသည်။ ထို့ကြောင့် လူအုပ်ကြီးသည် ချက်ချင်း ငြိမ်သက်သွားသည်။

စီယွမ်သည် ကွင်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ လူတိုင်း၏ မျက်လုံးများထဲရှိ အထင်ကြီး လေးစားမှုကို အပြည့်အဝ ခံစားလိုက်ရသဖြင့် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် စကားတွေ အများကြီး မပြောတော့ဘဲ ဖွင့်ပွဲအခမ်းအနားကို အခုပဲ စတင်လိုက်ကြရအောင်"

ပြောပြီးသည်နှင့် သူ၏ ဝတ်ရုံလက်စများကို ဝေ့ယမ်းလိုက်သည်။ ရင်ပြင်ရှေ့၌ အလင်းတန်းများ စတင်ပေါ်ပေါက်လာ၍ တစ်ခုနှင့်တစ်ခု ရောယှက်သွားကြသည်။ ထိုမှတစ်ဆင့် အလင်းများ မှိန်ဖျော့သွားသည့်အခါ လှေကားထစ်တစ်ခု ပေါ်လာခဲ့သည်။ လှေကားထစ်ပေါ်တွင် အလင်းရောင်များ လှုပ်ခတ်နေ၍ အစွန်းတစ်ဖက်သည် ကောင်းကင်ယံရှိ တိမ်တိုက်များထဲသို့ တိုက်ရိုက်ဝင်ရောက် ပျောက်ကွယ်သွားသည်။

"ကောင်းကင်လှေကားထစ်ပဲ" တစ်စုံတစ်ယောက်က ပြောလိုက်သည်။

ဖွင့်ပွဲအခမ်းအနားဆိုသည်မှာ အမှန်တကယ်အားဖြင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံကဲ့သို့သော ဂိုဏ်းကြီးများက တပည့်အသစ်များ ရွေးချယ်ရန် အသုံးပြုသည့် အစဉ်အလာတစ်ခုဖြစ်သည်။ ဤကောင်းကင်လှေကားထစ်သည် လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။ အကယ်၍ သင်သည် တာအိုနှင့် ရေစက်ရှိကာ ပါရမီနှင့် အရည်အချင်းများရှိပါက ကောင်းကင်သို့ တက်လှမ်းနိုင်မည်ဖြစ်၍ မရှိခဲ့ပါက ရှေ့ဆက်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်လှေကားထစ်ကို မြင်သည်နှင့် လူအများ၏ မျက်နှာအမူအရာများ တည်ကြည်သွားကြသည်။

ထိုအချိန်တွင် ရှန်းမန်ယွီသည် အရှေ့သို့ ယဉ်ကျေးစွာ တိုးလာ၍ အကြီးအကဲ စီယွမ်ကို ဦးညွှတ်လိုက်သည်။

"ရှန်းမိသားစုရဲ့ သမီးကြီး ရှန်းမန်ယွီက ဦးလေးစီယွမ်ကို ဂါရဝပြုပါတယ်"

မူလက မာနထောင်လွှားမှုများဖြင့် ပြည့်နှက်နေသော အကြီးအကဲ စီယွမ်၏ မျက်နှာသည် ရှန်းမြောင်သုံကို မြင်သည်နှင့် ပြုံးရွှင်သွားသည်။

"အို... မန်ယွီပါလား။ ဒီလို ရိုသေမှုတွေ မလိုပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကျုပ်ညီ ရွှေကျန်းရဲ့ တပည့်ဖြစ်လာတော့မှာပဲကို၊ မကြာခင် ကျုပ်တို့က တစ်ဂိုဏ်းသားတည်း ဖြစ်တော့မှာ၊ ဒီဘက်ကို လာခဲ့လေ"

သူ၏ စကားများသည် ကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။ ထိုသို့ မြင်သောအခါ ရှန်းမန်ယွီက အနည်းငယ် ပြုံးပြ၍ ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ဦးလေးစီယွမ်၊ ဒါပေမယ့် ကျွန်မညီမလေးလည်း ဒီမှာ ပါလာပါတယ်၊ သူ့ကို ကောင်းကင်လှေကားထစ် အရင် တက်ကြည့်ခွင့် ပေးလိုက်ရင် မကောင်းဘူးလား"

"အို... ကျုပ်တို့တွေက မိသားစုတွေပဲကို ဘာလို့ ကောင်းကင်လှေကားထစ်ကို စမ်းနေဦးမှာလဲ။ အားလုံး ဒီဘက်လာပြီး ခဏနားကြ၊ ပြီးမှ ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို အတူတူ ပြန်ကြတာပေါ့ " စီယွမ်က ပြုံးရွှင်စွာ ပြောလိုက်သည်။

ရှန်းမန်ယွီသည် ခေါင်းညိတ်လိုက်ပြီးနောက် ရှန်းမြောင်သုံကို လူအုပ်ထဲမှ ဆွဲထုတ်ကာ ဘေးဘက်သို့ လျှောက်သွားလေသည်။ ထိုအချိန်တွင် ရှန်းမြောင်သုံသည် ဇဝေဇဝါဖြစ်မှုနှင့် ဝမ်းနည်းမှုတို့ကို ခံစားနေရသည်။ အကြောင်းမှာ ရွှယ်အန်းနှင့် အခြားလူများသည် သူမကြောင့် မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ရောက်သွားရသည်ဟု ခံစားနေရသောကြောင့်ဖြစ်သည်။

‘သူ အခုရော ဘယ်လိုနေမလဲ။ ငါ့စကားကို နားထောင်ပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားပြီလား’

ရှန်းမြောင်သုံသည် ဤသို့ တွေးတောလျက် လူအုပ်ထဲသို့ ခိုးကြည့်လိုက်သော်လည်း ရင်ပြင်သည် အလွန်ကျယ်ပြောလှသဖြင့် ရွှယ်အန်းနှင့် ရှင်းယွီရှူတို့ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့ပေ။ ရှန်းညီအစ်မနှစ်ဦးသည် စမ်းသပ်မှုကို ချောမွေ့စွာ အောင်မြင်သွားပြီးနောက် လုရှီဖာသည်လည်း အလွန်ကျေနပ်အားရစွာ အရှေ့သို့ လှမ်းတက်လာကာ လက်အုပ်ချီ၍ ဂါရဝပြုလိုက်သည်။ လုမိသားစု၏ သားကြီးဖြစ်ကြောင်း မြင်လိုက်သည်နှင့် စီယွမ်သည် သဘာဝကျကျ ပြုံးရွှင်စွာဖြင့် သူ့ကို ဖြတ်ကျော်ခွင့် ပေးလိုက်သည်။

နောက်ဆက်တွဲ ဖြစ်စဉ်များအနက် အခြားသော အထက်တန်းစား မိသားစုများ၏ သားသမီးများအတွက် အလားတူပင်ဖြစ်သည်။ ၎င်းတို့သည် ရှန်းညီအစ်မများနှင့် လုရှီဖာတို့ကဲ့သို့ ခမ်းနားစွာ ဆက်ဆံမခံရသော်လည်း စမ်းသပ်မှုကို အလွယ်တကူ အောင်မြင်ခဲ့ကြသည်။ လူသိနည်းသော စုကျွင်းနင် အရှေ့သို့ တက်လာချိန်၌ပင် စီယွမ်သည် သူ့ကို အစပိုင်းတွင် မမှတ်မိခဲ့ပေ။ သို့သော်လည်း စုကျွင်းနင်က စာရွက်အပိုင်းအစတစ်ခုကို ထုတ်ပြလိုက်သောအခါ စီယွမ်သည် သူ့ကိုလည်း စမ်းသပ်မှု အောင်မြင်ကြောင်း သတ်မှတ်လိုက်သည်။

မကြာမီတွင် အရှေ့ဆုံးရှိ အဓိကမိသားစုများ၏ သားသမီး အများစု ရွေးချယ်ခံလိုက်ရသည်။ ပြီးနောက် အနည်းငယ် သာမန်ကျသည့် မိသားစုများ၏ အလှည့်သို့ ရောက်ရှိလာသည်။ ဤတပည့်များနှင့် ရင်ဆိုင်ရချိန်၌ စီယွမ်၏ မျက်နှာထားသည် ပိုမို တည်ကြည်သွားသည်။ သို့သော် ဤတပည့်များသည် လှေကားထစ်ပေါ်သို့ မတက်မီ ပစ္စည်းတစ်ခုကို ပါးနပ်စွာ ထုတ်ယူ၍ စီယွမ်ထံသို့ ပေးအပ်လိုက်ကြသည်။ စီယွမ်သည် ဝတ်ရုံလက်စကို သဘာဝကျကျ ဝေ့ယမ်းလျက် ထိုပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် ၎င်းတို့၏ လှေကားထစ်တက်လှမ်းမှုသည်လည်း အလွန်ချောမွေ့သွားခဲ့သည်။

မကြာမီ ဤချမ်းသာကြွယ်ဝသော မိသားစု၏ သားသမီးများ အများစုသည်လည်း စမ်းသပ်မှု အောင်မြင်သွားကြသည်။ ပြီးနောက် ပို၍ သာမန်ကျသော မိသားစုများမှ ဆင်းသက်လာသူများ၏ အလှည့်သို့ ရောက်ရှိလာသည်။ အတိုချုပ်ပြောရလျှင် ပါရမီ မည်မျှရှိစေကာမူ ပေးကမ်းခြင်း မပြုလုပ်ပါက စမ်းသပ်မှုကို ချောမွေ့စွာ အောင်မြင်ရန် မစဉ်းစားသင့်ပေ။ ထို့ကြောင့် မကြာမီတွင် သာမန်မိသားစုများမှ ဆင်းသက်လာသူများသည် မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာများဖြင့် ထိုနေရာမှ ထွက်ခွာသွားကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ ရင်ပြင်အစွန်း၌ ရပ်နေသည့် ရှင်းယွီရှူသည် ထိတ်လန့်တုန်လှုပ်မှုနှင့် မလုံခြုံမှုများ ပြည့်နှက်သွားကာ နောက်ဆုံးတွင် ရွှယ်အန်းကို တီတိုး မေးလိုက်သည်။

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ အရှင်"

သို့သော် သူ၏ စကားသည် မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။ ရှင်းယွီရှူသည် လန့်ဖျပ်သွားသောကြောင့် ရွှယ်အန်းကို မော့ကြည့်လိုက်ရာ သူ၏ နှလုံးသားသည် အေးစက်သွားသည်။ ထိုအချိန်တွင် ရွှယ်အန်း၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေ၍ အဖြစ်အပျက်မှန်သမျှကို အေးစက်သော မျက်လုံးများဖြင့် စောင့်ကြည့်နေသည်။ ရှင်းယွီရှူသည် တံတွေး မျိုချကာ တစ်ခုခုပြောချင်သော်လည်း ပါးစပ်ဟပြီးနောက် တုံ့ဆိုင်းစွာ ပြန်ပိတ်လိုက်သည်။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိသော်လည်း တစ်နာရီခန့် ကြာမြင့်ခဲ့ပေလိမ့်မည်။ ဆူညံနေသော ရင်ပြင်ကြီးသည် ယခုအခါ လူသူကင်းမဲ့လာသည်။ ပယ်ထုတ်ခံရသူများသည် ဝမ်းနည်းစွာ ထွက်ခွာသွားကြ၍ စမ်းသပ်မှု အောင်မြင်သူများသည်လည်း စီယွမ်၏ အနောက်တွင် စိတ်လှုပ်ရှားစွာ စကားပြောနေကြသည်။ နောက်ဆုံး၌ ရွှယ်အန်းနှင့် ရှင်းယွီရှူတို့ နှစ်ဦးသာ ရင်ပြင်အစွန်း၌ ရပ်ကျန်နေခဲ့သည်။ ထိုအချိန်တွင် လူတိုင်း၏ အကြည့်များသည် ၎င်းတို့နှစ်ဦးထံသို့ ချက်ချင်း ကျရောက်လာသည်။ ရွှယ်အန်းနှင့် သူ၏ အဖော်သည် အမှန်တကယ် ထွက်မသွားသေးကြောင်း မြင်လိုက်ရသောအခါ ရှန်းမြောင်သုံတစ်ယောက် တိတ်တဆိတ် စိတ်မကောင်းဖြစ်နေမိသည်။ ရှန်းမန်ယွီသည် လှောင်ရယ်လိုက်ပြီးနောက် လုရှီဖာနှင့် အကြည့်ချင်း ဖလှယ်ကာ စီယွမ်ထံ တီးတိုး ပြောလိုက်သည်။

မူလက ပြုံးရွှင်နေသော စီယွမ်သည် ထိုစကားများကို ကြားရသောအခါ မျက်ခုံးများ အနည်းငယ် တွန့်လိမ်သွားကာ ချဉ်းကပ်လာသော ရွှယ်အန်းနှင့် ရှင်းယွီရှူတို့ကို အေးစက်သော အကြည့်ဖြင့် စေ့စေ့ကြည့်ကာ မသိမသာ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ၊ ကျုပ် နားလည်ပြီ "

ရှန်းမန်ယွီသည် ထိုစကားကို ကြားသောအခါ အေးစက်စွာ ပြုံးရယ်၍ ချဉ်းကပ်လာသော ရွှယ်အန်းကို အောင်နိုင်သူကဲ့သို့ မာနတထောင်လွှားစွာ ကြည့်လိုက်သည်။ ထိုအချိန်၌ ရွှယ်အန်းနှင့် သူ၏ အဖော်သည် အနားသို့ ရောက်ရှိလာသည်။

စီယွမ်သည် အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။ "မင်းတို့ထဲက ဘယ်သူက ကျုပ်တို့ရဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ဝင်ဖို့ ကောင်းကင်လှေကားထစ်ကို တက်ချင်တာလဲ"

ရှင်းယွီရှူသည် အရှေ့သို့ လှမ်းတက်ကာ လက်သီးဆုပ်လျက် ဦးညွှတ်ကာ ပြောလိုက်သည်။ "ကျွန်တော်ပါ၊ အကြီးအကဲ။ ကျွန်တော်..."

All Chapters