အခန်း (၁၂၈၂-၁၂၈၄)
Vol. 86 Ch. 1282-1284
အခန်း (၁၂၈၂) သူတို့ကို နောက်ထပ် ဆယ့်ငါးမိနစ် အချိန်ပေးရအောင်
ရှင်းယွီရှူသည် အဖိုးဖြစ်သူနှင့်ပတ်သက်၍ ပြန်လည် ပြောပြလိုသော်လည်း စီယွမ်သည် အနည်းငယ်မျှ စိတ်ဝင်စားခြင်း မရှိဘဲ စိတ်မရှည်စွာ လက်ဝှေ့ယမ်းကာ တားဆီးလိုက်သည်။
“တော်ပြီ... ဒါဆိုလည်း တက်တော့”
“ဒါပေမယ့်...” ရှင်းယွီရှူသည် ကြောင်အသွားကာ ဆက်ပြောရန် ကြိုးစားလိုက်သည်။
မထင်မှတ်ထားဘဲ စီယွမ်က မျက်မှောင်ကြုတ်၍ အေးစက်စွာ လှောင်ရယ်လိုက်သည်။
“ဒါပေမယ့် ဘာဖြစ်တာလဲ။ အခု မင်းတစ်ယောက်ပဲ ကျန်တော့တာ။ အကဲဖြတ်ပွဲမှာ မပါဝင်ချင်ဘူးဆိုရင်လည်း ကျုပ်တို့ရဲ့ အချိန်ကို မဖြုန်းဘဲ အခုပဲ နုတ်ထွက်လိုက်တော့”
ရှင်းယွီရှူ၏ မျက်နှာအမူအရာ ဖြူလျော့သွား၍ မျက်ဝန်းများတွင် ဒေါသရိပ်များ ဖြတ်သန်းသွားသည်။ အကြောင်းမှာ စီယွမ်သည် အခြား အထင်ကရ မိသားစုဝင်များ၏ သားသမီး မြေးမြစ်များကို ဆက်ဆံရာတွင် ယခုကဲ့သို့ အပြုအမူမျိုး မပြသခဲ့သောကြောင့်ဖြစ်သည်။ လောကအတွေ့အကြုံ နုနယ်သေးသော လူငယ်တစ်ယောက်အနေဖြင့် ဤကဲ့သို့ အရှက်ခွဲခံရမှုကို မည်သို့မျှ သည်းခံနိုင်မည်နည်း။
ထိုစဉ် ရွှယ်အန်းသည် သူ့အနောက်မှ ဘာသိဘာသာ ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ မင်း အရင်ဆုံး ကောင်းကင်လှေကားကို တက်လိုက်ပေါ့”
ထိုစကားကို ကြားသောအခါ ရှင်းယွီရှူသည် အံကိုကြိတ်၍ စီယွမ်ကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် ခေါင်းငုံ့လျက် ကောင်းကင်လှေကားဆီ လျှောက်လှမ်းသွားသည်။ သို့သော် သူ၏ ထိုအမူအရာသည် စီယွမ်ကို ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည်။
‘ဒီလို အမူအရာနဲ့ မင်းတကယ်ပဲ အကဲဖြတ်ပွဲ အောင်မြင်မယ် ထင်နေတာလား’ သဘောထာကို သေးသိမ်သော စီယွမ်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
လူအုပ်ကြီး၏ အကြည့်များ ရှင်းယွီရှူထံသို့ စုပြုံရောက်သွားကြ၍ အချို့သည် တီးတိုး ဆွေးနွေးနေကြရာ ရံဖန်ရံခါတွင် ရွှယ်အန်းနှင့် ရှင်းယွီရှူကို လက်ညှိုးထိုးပြီးနောက် ရယ်မောသံများ ထွက်ပေါ်လာသည်။
“ဒီလူနှစ်ယောက်က ကြောင်တောင်တောင်နိုင်လှချေလား”
“နောက်နေတာလား... သူတို့က အကြီးအကဲစီယွမ်ကိုတောင် ထိပ်တိုက်ရင်ဆိုင်ရဲတယ်ဆိုတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
“ဟက်... ဒီလောက် အမြင်အာရုံ မရှိတာတောင် အကဲဖြတ်ပွဲ အောင်ဖို့ အိပ်မက်မက်နေသေးတယ်၊ တကယ့်ကို လူမိုက်ပဲ”
ထိုကဲ့သို့သော ရှုံ့ချသံများ ရှင်းယွီရှူ၏ နားထဲသို့ ဝင်ရောက်လာသောအခါ အတွေ့အကြုံ နုနယ်သော လူငယ်၏ နှလုံးသား ပိုမို အေးစက်လာသည်။ သူ၏ အဖိုးသည် ဤနေရာသို့ ရောက်လျှင် အခွင့်အရေးများနှင့် တွေ့ကြုံရလိမ့်မည်ဟု ပြောခဲ့သည် မဟုတ်လေသလော။ သို့သော် အဘယ်ကြောင့် အရာအားလုံးသည် အဖိုး၏ စကားများနှင့် ကွဲပြားနေရသနည်း။ ရှင်းယွီရှူသည် တိတ်ဆိတ်စွာ တွေးတောလျက် တိမ်တိုက်များထဲအထိ မြင့်တက်နေသော ကောင်းကင်လှေကားကို မော့ကြည့်လိုက်သည်။
‘ဘာပဲဖြစ်ဖြစ်... အရင်ဆုံး ကြိုးစားကြည့်ရမယ်’ သူသည် ထိုသို့ ဆုံးဖြတ်ကာ အသက် ပြင်းပြင်းရှူ၍ ကောင်းကင်လှေကားပေါ်သို့ ခြေချလိုက်သည်။
နဂိုက တည်ငြိမ်နေသော ကောင်းကင်လှေကားသည် ရုတ်တရက် တုန်ခါလာခဲ့ရာ ဤသည်မှာ ယခင်က တစ်ခါမျှ မဖြစ်ပေါ်ဖူးသော အခြေအနေဖြစ်သည်။ ရှင်းယွီရှူသည် စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း ထိုအချိန် ရွှယ်အန်းက ခပ်အေးအေး ပြောလိုက်သည်။
“မကြောက်နဲ့၊ ဆက်သွား”
ရွှယ်အန်း၏ စကားကို ကြားရသောအခါ ရှင်းယွီရှူသည် အံကြိတ်၍ သံသယအားလုံးကို ဘေးဖယ်ကာ ခိုင်မာသော ဇွဲဖြင့် အပေါ်သို့ ဆက်လက်တက်လှမ်းသွားသည်။ စီယွမ်သည် ဤမြင်ကွင်းကိုကြည့်ကာ တိတ်တဆိတ် လှောင်ပြောင်ပြီးနောက် အဝေးတွင် ရပ်နေသော ရွှယ်အန်းကို တစ်ချက် လှည့်ကြည့်လိုက်သည်။
‘ဒါက ရှန်းမိသားစုကို စော်ကားခဲ့တဲ့ကောင်လား၊ ကြည့်ရတာတော့ အထာကျသားပဲ၊ ဒါပေမယ့် ကံဆိုးတာက သူကိုယ်တိုင် ဘယ်လို အခြေအနေကို ရောက်နေမှန်းတောင် မသိတာပဲ’
ထိုအတောအတွင်း ရှင်းယွီရှူသည် လှေကား၏ တစ်ဝက်ခန့်သို့ လျင်မြန်စွာ ရောက်ရှိသွားရာ သူသည် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ချောမွေ့နေသည့်အပြင် ကောင်းကင်လှေကားမှ အလင်းရောင်များပင် ဖျော့တော့စွာ ထွက်ပေါ်လာသည်။ ဤဖြစ်စဉ်သည် ရှင်းယွီရှူ၏ တာအိုကျင့်စဉ်ပညာရပ်နှင့် ပါရမီတို့ အလွန်ထူးချွန်ကြောင်း ဖော်ပြနေသည်။ သို့သော် စီယွမ်သည် သူ့ကို ဒုတိယအကြိမ် ပြန်လှည့်ကြည့်ရန်ပင် စိတ်မပါပေ။ ဤဝင်ခွင့်စာမေးပွဲကို ကြီးကြပ်ရခြင်းသည် သူ့အတွက် အကျိုးအမြတ်များ ရယူရန် အလွန်ကောင်းသော အခွင့်အရေးဖြစ်သည်။ အကယ်၍ သူသာ ရှင်းယွီရှူကို မအောင်မြင်စေချင်ပါက မည်မျှ ထူးချွန်သည့် ပါရမီမျို ပိုင်ဆိုင်ထားပါစေ၊ ရှင်းယွီရှူသည် အောင်မြင်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် ရှန်းမိသားစုနှင့် လုမိသားစုတို့ ပါဝင်ပတ်သက်နေသဖြင့် သူသည် ၎င်းတို့၏ အလိုအတိုင်း လိုက်လျောပေးရန် လိုအပ်သည်။ ထို့ကြောင့် ရှင်းယွီရှူသည် တိမ်တိုက်များထဲသို့ ဝင်ရောက်တော့မည့်အချိန်တွင် စီယွမ်သည် အင်္ကျီလက်စထဲ၌ ဖုံးကွယ်ထားသော လက်ဖြင့် လက်စည်းတံဆိပ်တစ်ခု ပြုလုပ်ကာ တီးတိုး ရွတ်ဆိုလိုက်သည်။
'ပျက်ပြားစေ'
ကွဲအက်သံများ ထွက်ပေါ်လာပြီးနောက် တာအိုကျင့်စဉ်ဖြင့် ဖန်တီးထားသော ကောင်းကင်လှေကားတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၍ ပြိုကွဲပျက်စီးလာသည်။ ရှင်းယွီရှူသည် ခြေဖဝါးအောက်ရှိ မတည်ငြိမ်မှုကို ခံစားလိုက်ရသဖြင့် လက်များ ချိနဲ့လာကာ နှလုံးသားထဲတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ သို့သော် တိမ်တိုက်များသည် လက်တစ်ကမ်းအကွာတွင် တည်ရှိနေကြောင်း မြင်လိုက်ရသောအခါ ရှင်းယွီရှူသည် အံကြိတ်၍ ကျင့်စဉ်အားလုံးကို အသုံးချကာ အပေါ်သို့ တက်လှမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ကောင်းကင်လှေကားပေါ်တွင် သူ၏ ကျင့်စဉ်အားလုံး ချိပ်ပိတ်ခံထားရသဖြင့် သာမန်လူတစ်ယောက်နှင့် ထူးမခြားနားပေ။ ထို့ကြောင့် တိုတောင်းလှသော အကွာအဝေးသည် ရုတ်တရက် အလွန်ဝေးကွာသွားဟန်ရှိသည်။
သူ၏ ခန္ဓာကိုယ်သည် မြေပြင်သို့ စတင်ပြုတ်ကျလာသည်။ ကိုယ်ချင်းစာစိတ်ရှိသော လူအချို့သည် ဤမြင်ကွင်းကို မြင်လျှင် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသော်လည်း စီယွမ်နှင့် အခြားလူများကမူ ကျေနပ်အားရသော အပြုံးများ ပြသနေကြသည်။ အထူးသဖြင့် ရှန်းမန်ယွီသည် ရွှယ်အန်းကို လှောင်ပြောင်သော မျက်နှာဖြင့် စိုက်ကြည့်လျက် စိတ်ထဲမှ အေးစက်စွာ ရယ်မောနေမိသည်။
‘ငါတို့အားလုံးကို ပုရွက်ဆိတ်တွေလို့ ကြွားလုံးထုတ်ခဲ့တယ် မဟုတ်လား၊ အခု ရှင် ဘာလုပ်မလဲဆိုတာ တကယ်ကြည့်ချင်သေးတယ်’
သို့သော် သူမ၏ အားရကျေနပ်မှုများသည် စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ပြိုကျနေသော ကောင်းကင်လှေကားကို မော့ကြည့်လာသောအခါ သူ၏ မျက်ဝန်းများ သံမဏိကဲ့သို့ အေးစက်မာကျောလာကာ ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။
“အမွေအနှစ် မှော်ပညာတွေကို မင်းတို့က ဒီလို ဖျက်ဆီးပစ်နေတာလား၊ တည်မြဲစမ်း”
သူ၏ အမိန့်နှင့်အတူ ယခင်က မထင်မရှားဖြစ်နေသော လှေကားမှ စူးရှသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာ၍ ခံတပ်တစ်ခုကဲ့သို့ ခိုင်မာသွားလေသည်။ ရှင်းယွီရှူသည် ထိုအခွင့်အရေးကို အသုံးချကာ အပေါ်သို့ တက်လှမ်းသွားသောကြောင့် တိမ်တိုက်များထဲသို့ ရောက်ရှိသွားသည်။ တိမ်တိုက်ထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာ၍ ကောင်းကင်လှေကားသည်လည်း ကျယ်လောင်သော အသံနှင့်အတူ ပျက်စီးသွားလေသည်။ လူအုပ်ကြီး မှင်တက်သွားကြသည်။ အခြေအနေများ ထိုကဲ့သို့ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ ရှင်းယွီရှူကို ကျရှုံးမည်ဟု ထင်ထားသူအားလုံး အံ့အားသင့်လျက် ဆွံ့အကုန်ကြသည်။ ကောင်းကင်လှေကားကို တစ်ကြိမ် ဖြတ်ကျော်နိုင်သည်နှင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ တံခါးဝသို့ ဝင်ရောက်ရှိသွားပြီဟု သတ်မှတ်နိုင်သည်။ စီယွမ်သည် ပါးစပ်အဟောင်းသားနှင့် ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ မျက်နှာပျက်နေသည်။
ထိုအချိန်တွင် ရှင်းယွီရှူက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"အရှင်... ကျွန်တော် အောင်မြင်သွားပြီ၊ အခုဆို အဖိုးလည်း စိတ်အေးသွားရပြီ”
အဆုံးသတ်တွင် သူ၏ အသံသည် အနည်းငယ် တုန်ယင်လာသည်။
သို့သော် ထိုစဉ် စီယွမ်က ရုတ်တရက် ခေါင်းခါ၍ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
“နေဦး၊ မင်းကို အောင်တယ်လို့ ဘယ်သူပြောလဲ”
ရှင်းယွီရှူသည် ကြောင်အမ်းအမ်းဖြစ်စွာ စီယွမ်ကို လှည့်ကြည့်လိုက်သည်။
“ဒါက ဘာကို ဆိုလိုတာလဲ”
“ဘာကို ဆိုလိုတာလဲ ဟုတ်လား” စီယွမ်၏ မျက်နှာသည် ကြောက်မက်ဖွယ် အမူအရာအဖြစ်သို့ ပြောင်းလဲသွား၍ ရွှယ်အန်းကို လက်ညှိုးထိုးပြလျက် အေးစက်စွာ ပြောလိုက်သည်။
“ကောင်လေး၊ မင်း ခုနက ဘာမိစ္ဆာအတက်ကို သုံးလိုက်တာလဲ။ ပျက်စီးတော့မယ့် လှေကားကို မင်း တည်ငြိမ်အောင် လုပ်လိုက်တာ။ မင်းက ဒီကောင်လေးကို မသမာတဲ့နည်းနဲ့ အောင်မြင်အောင် ကူညီပေးလိုက်တာပဲ”
ထိုစကားကို ကြားသောအခါ စုကျွင်းနင်နှင့် အခြားလူများသည်လည်း ဝိုင်းဝန်း ဆူညံလာကြသည်။
“ဟုတ်တယ်... ဒါက မသမာနည်းနဲ့ လုပ်တာပဲ”
“ဒီလူက မှော်နက် တစ်ခုခုကို သုံးနေတာပဲ ဖြစ်ရမယ်၊ သူ မိစ္ဆာဂိုဏ်းက အဖွဲ့ဝင်တောင် ဖြစ်နေနိုင်တယ်”
မကောင်းသော သတင်းစကားများ နေရာအနှံ့ ပျံ့နှံ့သွားသည်။ ရှင်းယွီရှူ၏ မျက်နှာအမူအရာ ဖြူလျော့လာသော်လည်း သူသည် ဒေါသထွက်နေသော လူအုပ်ကြီးကို မည်သို့ ပြန်လည် ချေပရမည်ကို မသိပေ။
ရွှယ်အန်းက ထိုအချိန်တွင် ရယ်မော၍ ရှင်းယွီရှူ၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
“ရွံစရာကောင်းတယ်လို့ ခံစားရလား”
ရှင်းယွီရှူက ခေတ္တ တွန့်ဆုတ်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ရွှယ်အန်းက သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။
“ကျုပ်လည်း အတူတူပဲ။ ကောင်းပြီလေ၊ သူတို့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်ကြရအောင်”
ထိုသို့ပြောပြီးနောက် ရွှယ်အန်း၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းများ ပေါ်ထွက်လာ၍ အေးစက်စွာ ပြောလိုက်သည်။
“ယွီရှု့... မင်းအဖိုး ချန်ထားခဲ့တဲ့ ဝိညာဉ်မီးအိမ် နှစ်လုံးကို ထွန်းလိုက်၊ ကျုပ် သူတို့ကို... နောက်ထပ် ၁၅ မိနစ် အချိန်ပေးလိုက်မယ်”
ရှင်းယွီရှူသည် ရွှယ်အန်း၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း ယခုအချိန်တွင် သူ့အပေါ် လုံးလုံးလျားလျား ယုံကြည်အားကိုးနေသဖြင့် ကျောပိုးအိတ်ထဲရှိ ဝိညာဉ်မီးအိမ်နှစ်လုံးကို ထုတ်ယူကာ ထွန်းညှိလိုက်သည်။ ဖြူဖွေးသော မီးအိမ်များထဲမှ ဖယောင်းတိုင်မီး တုန်ခါလာသောအခါ စီယွမ်နှင့် အခြားလူများ ခေတ္တ အံ့အားသင့်သွားပြီးနောက် အချင်းချင်း လှည့်ကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်ကြသည်။
“ဒီမီးအိမ်လေးတွေ ထုတ်လာပြီး၊ ဘာလုပ်တာလဲ။ ဟာသလုပ်နေတာပဲ”
“ဟုတ်ပါ့... နောက်ထပ် ၁၅ မိနစ် ပေးမယ်တဲ့လား၊ သူ ကိုယ့်ကိုယ်ကို ဘာထင်နေတာလဲ”
ရွှယ်အန်းသည် ထိုသို့သော လှောင်ပြောင်သံများကြားတွင် ခန့်ညားစွာ ရပ်တန့်လျက် သူ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေသည်။ မထင်မှတ်ထားသည်မှာ စီယွမ်သည် ရင်ထဲတွင် တင်းကျပ်မှုများ ရုတ်တရက် ခံစားလိုက်ရသည်။ ရယ်မောနေသူများသည်လည်း မသိစိတ်ဖြင့် ရယ်သံများကို ထိန်းချုပ်လိုက်ကြသည်။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွား၍ မကြာမီတွင် ၁၅ မိနစ် ပြည့်တော့မည် ဖြစ်သော်လည်း အရာအားလုံး ပုံမှန်အတိုင်း တည်ရှိနေဆဲဖြစ်သည်။ လူအုပ်ကြီး ပြန်လည် လှုပ်ရွလာ၍ မအောင့်အည်းနိုင်သော ရှန်းမန်ယွီသည်လည်း သရော်တိုက်ရန် အဆင်သင့်ဖြစ်နေသည်။ သို့သော် ထိုအချိန်တွင် မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ခါသွားပြီးနောက် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အနောက်ဘက်မှ အမျိုးသမီးတစ်ဦး၏ အံ့အားသင့်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ယွီဟယ်... အဲဒါ ရှင်လား”
အခန်း (၁၂၈၃) ဂိုဏ်းခေါင်းဆောင်စီနီယာအစ်မ၊ လူချူးကျန်
အသံပျောက်ကွယ်သွားသည်နှင့်အမျှ ရွှေရောင်အလင်းတန်းများ ကောင်းကင်ယံ၌ စီးဆင်းလာကာ မင်္ဂလာရှိသော တိမ်တိုက်တစ်ခု လွင့်မျောသက်ဆင်းလာပြီးနောက် မြေပြင်နှင့် ထိသည်နှင့်တစ်ပြိုင်နက် စိတ်မရှည်သော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ သူမသည် သက်တန့်ရောင် ဝတ်စုံကို ဆင်မြန်းထား၍ ကျောက်စိမ်းကဲ့သို့ ချောမွတ်သော အသားအရေနှင့် ခန္ဓာကိုယ်အချိုးအစား လှပနွဲ့နှောင်းလှသည်။ သို့သော် ယခုအချိန်တွင် သူမ၏ မျက်ခုံးများနှင့် မျက်ဝန်းအစုံရှိ နုနယ်သော အလှတရားများ စိတ်လှုပ်ရှားမှုနှင့် အလျင်စလိုဖြစ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ယွီဟယ်... ရှင် နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့...”
ထိုအမျိုးသမီးသည် စကားမဆုံးမီပင် အံ့အားသင့်သွားကာ ထိုနေရာတွင် ကျောက်ရုပ်ကဲ့သို့ အေးခဲတောင့်ခဲသွားသည်။ ရှင်းယွီရှူ၏ လက်ထဲရှိ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဝိညာဉ်မီးအိမ် နှစ်လုံးကို မြင်လိုက်ရသောကြောင့် သူမ မျက်ဝန်းထဲရှိ စိတ်လှုပ်ရှားမှုများ၊ မယုံကြည်နိုင်ဖြစ်မှုနှင့် ဇဝေဇဝါဖြစ်မှုတို့ဖြင့် ချက်ချင်း အစားထိုးဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာပင် အကြီးအကဲစီယွမ်သည် ဤအမျိုးသမီးကို မြင်လိုက်ရသောအခါ မျက်နှာပျက်ကာ ခန္ဓာကိုယ် အနည်းငယ် တုန်ရင်လျက် ထိတ်လန့်တုန်လှုပ်စွာ တီးတိုး ရေရွတ်လိုက်သည်။
“လူ... စီနီယာအစ်မလူ”
မှန်ပေသည်၊ ရောက်ရှိသူသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အလေးအမြတ်ထားရသော စီနီယာအစ်မဖြစ်သည့် လူချူးကျန်ဖြစ်သည်။ သူမ၏ မြင့်မြတ်သော အဆင့်အတန်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားသည် စီယွမ်ကဲ့သို့ ပုဂ္ဂိုလ်မျိုး ရန်စနိုင်စွမ်းရှိသည်ထက် များစွာ ကျော်လွန်နေသည်။ ထို့ကြောင့် စီယွမ်၏ မျက်နှာတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာပြီးနောက် အဆုံးတွင် ရှင်းယွီရှူကို ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။ မထူးခြားလှသော ဤလူငယ်က လူချူးကျန်ပင် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာစေရန် မည်သို့ ဆွဲဆောင်နိုင်ခဲ့သည်ကို သူ နားမလည်နိုင်ဖြစ်နေသည်။
လူအုပ်ကြီးသည်လည်း အနည်းငယ် လှုပ်ရှားလာသည်။ ဤမျိုးရိုးမြင့် မိသားစုဝင်များသည် လူချူးကျန်နှင့် တစ်ခါမျှ မဆုံဖူးသော်လည်း သူမ၏ အမည်ကို ကြားဖူးကြသည်။ သူမသည် ဂိုဏ်းသို့ ဝင်ရောက်ပြီး နှစ်တစ်ရာအတွင်း အထူးချွန်ဆုံး ပါရမီရှင်ဖြစ်လာကာ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် စီနီယာအစ်မအဖြစ် ရာထူးတိုးမြှင့်ထားသည့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ဖြစ်တည်မှုမျိုးကို ဂိုဏ်းထဲသို့ ရောက်ရှိပြီးနောက်ပင် မော့ကြည့်ရုံသာ တတ်နိုင်ပေလိမ့်မည်။ ယခုအချိန်တွင် လူချူးကျန်သည် သူမ၏ မိန်းမောတွေဝေမှုမှ တဖြည်းဖြည်း ပြန်လည်နိုးကြာလာကာ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော မီးအိမ်နှစ်လုံးကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းထဲ၌ နာကျင်မှုများ ဖြတ်သန်းသွား၍ တုန်ရီစွာ မေးလိုက်သည်။
“လူငယ်လေး... ယွီဟယ်က မင်းနဲ့ ဘာတော်တာလဲ”
“သူက... ကျွန်တော့်အဘိုးပါ” ရှင်းယွီရှူက ခပ်တိုးတိုး ဖြေလိုက်သည်။
“အဘိုးတဲ့လား...” လူချူးကျန်က ထိုစကားကို ခပ်တိုးတိုး ထပ်ရေရွတ်ပြီးနောက် သူမ၏ မျက်နှာထက်၌ ဖော်ပြရခက်သော အမူအရာမျိုးဘပေါ်ပေါက်လာ၍ မျှော်လင့်ချက်များ ရောယှက်နေသော လေသံဖြင့် မေးလိုက်သည်။
“ဒါဆို... အခု သူ ဘယ်မှာလဲဟင်”
ရှင်းယွီရှူက လက်သီးကို တင်းတင်းဆုပ်ကာ တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
“ကျွန်တော့်အဘိုး... ကွယ်လွန်သွားပါပြီ”
ထိုစကားကို ကြားလိုက်ရသည်နှင့် လူချူးကျန်၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားလေသည်။ ဝိညာဉ်မီးအိမ် နှစ်လုံးသည် လိမ်ညာမည် မဟုတ်သောကြောင့် သူမ ခန့်မှန်းပြီးသားဖြစ်သည်။ သို့သော် ထိုသတင်းစကားကို အမှန်တကယ် လက်ခံလိုက်သောအခါ သူမ၏ နှလုံးသားထဲမှ ဝမ်းနည်းမှုကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ဝန်းထောင့်တွင် မျက်ရည်စများ ဝဲတက်လာသည်။
“ရှင်က ဒီအတိုင်း ထွက်သွားတာလား... အရူးကောင်၊ ရှင့်ကို တောင်ပေါ်က မဆင်းပါနဲ့လို့ ကျွန်မ ပြောခဲ့ရဲ့သားနဲ့။ ဘာလို့ ဒီလောက်ခေါင်းမာပြီး ဆင်းသွားရတာလဲ”
လူချူးကျန်သည် တစ်ယောက်တည်း ရေရွတ်နေစဉ် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခေါင်းမော့လာကာ ရှင်းယွီရှူကို စူးစိုက်၍ ကြည့်လိုက်သည်။
“မင်းအဘိုး မဆုံးခင် တစ်စုံတစ်ယောက် အကြောင်း ပြောသွားသေးလား”
ရှင်းယွီရှူက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါပြကာ ဖြေလိုက်သည်။
“မပြောပါဘူး၊ သူက ကျွန်တော့်ကို ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို လာပြီး သူ့ရဲ့ အမွေကို ဆက်ခံဖို့ပဲ ပြောခဲ့တာပါ”
“ဘာမှ မပြောဘူးလား...” လူချူးကျန်၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ထင်ဟပ်လာသည်။
“နောက်ဆုံးအချိန်ထိတောင် ကျွန်မကို ခွင့်မလွှတ်နိုင်သေးဘူးလား... ဒါပေမယ့် ကျွန်မ အခက်အခဲတွေကို ရှင် ဘယ်လိုလုပ် နားလည်မှာလဲ”
သူမသည် ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုများ ရောယှက်နေသည့် ခန့်မှန်းရခက်သော အမူအရာဖြင့် တစ်ဦးတည်း စကားပြောနေသည်။ ရှင်းယွီရှူသည် အနည်းငယ် အံ့အားသင့်သွားသည်၊ ဤအမျိုးသမီး မည်သူဖြစ်သည်ကို သူ နားမလည်နိုင်သဖြင့် ရွှယ်အန်းကို ခိုးကြည့်လိုက်သည်။ သို့သော် ရွှယ်အန်းသည် မည်သည့်အမူအရာမျှ မပြသဘဲ တိတ်ဆိတ်စွာ ရပ်နေကြောင်း သူ မြင်တွေ့လိုက်ရသည်။
ထိုအချိန်တွင် လူချူးကျန်သည် ရုတ်တရက် ခေါင်းမော့ကာ ရှင်းယွီရှူကို ပြုံးပြလိုက်သည်။
“မေ့တော့မလို့... မင်းနာမည် ဘယ်လိုခေါ်လဲ”
“ရှင်းယွီရှူပါ”
“ကောင်းပြီ။ မင်းက မင်းအဘိုးရဲ့ အမွေကို ဆက်ခံဖို့ လာတာဆိုတော့၊ မင်းက ငါ့ မိတ်ဆွေဟောင်းရဲ့ မြေးပဲ၊ ငါနဲ့ လိုက်ခဲ့တော့”
လူချူးကျန်သည် စကားပြောနေစဉ် ရှင်းယွီရှူကို ခေါ်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ရှင်းယွီရှူက ခေါင်းခါ၍ ပြောလိုက်သည်။
“ကျွန်တော် လိုက်လို့မရဘူး”
“ဘာဖြစ်လို့လဲ” လူချူးကျန် အံ့အားသင့်သွားသည်။
“ဘာလို့လဲဆိုတော့ အကြီးအကဲစီယွမ်က ကျွန်တော် စစ်ဆေးမှု ကျရှုံးတယ်လို့ ပြောလို့ပါ” ရှင်းယွီရှူက အေးစက်စွာ ပြောလိုက်သည်။
လူချူးကျန်၏ မျက်နှာအမူ အုံ့မှိုင်းသွား၍ အဝေးရှိ စီယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ စီယွမ်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်လျက် အလျင်အမြန် ပြေးလာကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“စီနီယာအစ်မကို ဂါရဝပြုပါတယ်”
လူချူးကျန် အေးစက်စက် အမူအရာဖြင့် မေးလိုက်သည်။
“သူ ပြောတာ အမှန်ပဲလား”
စီယွမ်၏ မျက်ဝန်းအိမ်တွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသော်လည်း အလျင်အမြန် ရှင်းပြလာသည်။
“ဒါ... ဒါက ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး၊ တကယ်တော့...”
“တော်စမ်း။ သူက ငါနဲ့ပတ်သက်တဲ့ လူပဲ၊ မင်းက ဘယ်သူမို့လို့ သူ့လမ်းကို ပိတ်ရတာလဲ" လူချူးကျန်သည် သူမ၏ လှပသော မျက်ခုံးများကို ပင့်တင်၍ အေးစက်စွာ ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
“ဟုတ်ကဲ့။ စီယွမ် အပြစ်ရှိကြောင်း ဝန်ခံပါတယ်” စီယွမ်က ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သော်လည်း သူ၏ မျက်ဝန်းထဲ၌ မကျေမချမ်းဖြစ်မှုနှင့် ဒေါသတို့ဖြင့် လင်းလက်သွားသည်။
လူချူးကျန်သည် သူ့ကို ဆက်လက် ဂရုမစိုက်တော့ပေ။
“သွားကြစို့”
သူမသည် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မင်္ဂလာရှိသော တိမ်တိုက်တစ်ခုသည် ရှင်းယွီရှူနှင့် ရွှယ်အန်းတို့ကို ဝန်းရံလာ၍ ခဏအတွင်း ၎င်းတို့နှင့်အတူ လွင့်မျောလျက် ထွက်ခွာသွားသည်။ ထိုနေရာမှ ပျောက်ကွယ်သွားပြီးနောက် အကြီးအကဲစီယွမ်သည် နောက်ဆုံးတွင် ခေါင်းမော့လာ၍ လူချူးကျန်တို့ ထွက်ခွာသွားသော လမ်းကြောင်းကို ခက်ထန်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
ရှန်းမန်ယွီနှင့် လုရှီဖာတို့သည် အနားသို့ စိုးရိမ်တကြီး တိုးကပ်လာကာ မေးလိုက်ကြသည်။
“အကြီးအကဲစီယွမ်... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”
ရှင်းယွီရှူသည် လူချူးကျန်၏ မျက်နှာသာပေးမှုကို ရရှိသွားသဖြင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံအတွင်းရှိ ၎င်းတို့၏ အနာဂတ် ခက်ခဲလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
“သူက ဂိုဏ်းခေါင်းဆောင်ရဲ့ စီနီယာညီမဖြစ်ရင်တောင် ကောင်းကင်ကြီးတစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ ဖုံးကွယ်ထားလို့ မရပါဘူး” စီယွမ်က လှောင်ရယ်ကာ ပြောလိုက်သည်။
စီယွမ်သည် တုံးအသူ မဟုတ်ပေ။ အစွမ်းအစ သိပ်မထူးချွန်သော်လည်း ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အကြီးအကဲ ရာထူးကို ရယူနိုင်ခဲ့ခြင်းအရ သူသည် အလွန်ပါးနပ်သူဖြစ်သည်။ ထို့ကြောင့် ရှင်းယွီရှူကို တွေ့ပြီးနောက် လူချူးကျန်၏ အမူအရာနှင့် သူမ၏ စကားများကို သူ သတိကြီးစွာ စောင့်ကြည့် မှတ်သားထားခဲ့သည်။ လူချူးကျန်နှင့် ထိုကောင်လေး၏ အဘိုးတို့အကြားတွင် ပုံမှန်မဟုတ်သော ပတ်သက်မှု ရှိနေနိုင်ကြောင်း တုံးအသူပင် သိနိုင်ပေသည်။ ထို့ပြင် ဂိုဏ်းအတွင်း စီနီယာအစ်မနှင့် ဂိုဏ်းခေါင်းဆောင်တို့ကြား ပျံ့နှံ့နေသော ကောလာဟလများကို ထည့်သွင်းစဉ်းစားပြီးနောက် စီယွမ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။
'နင်က စီနီယာအစ်မ ဖြစ်နေရင်ရော ဘာဖြစ်လဲ၊ ဒီတစ်ခါတော့ နင့်အမှားတစ်ခုကို မိအောင် ဖမ်းနိုင်ရင် အကျိုးဆက်တွေကနေ နင်လည်း လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး'
ထို့ကြောင့် သူသည် အေးစက်စွာ ပြောလိုက်သည်။
“သွားကြစို့၊ ကျုပ်နောက်ကနေ ရွှေရောင်ဆေးမီးဖိုရိပ်မြုံထဲ လိုက်ခဲ့ကြ”
ထိုသို့ ပြောပြီးနောက် သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းကာ စစ်ဆေးမှု အောင်မြင်သူအားလုံးကို ရွှေရောင်ဆေးမီးဖိုရိပ်မြုံအတွင်းသို့ ခေါ်ဆောင်သွားလေသည်။ တစ်ချိန်တည်းပင် ရှင်းယွီရှူသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အပေါ်ဆုံးထပ်၌ မြင့်မားစွာ လွင့်မျောနေသော အဆောင်တစ်ခုသို့ ရောက်ရှိလာသည်။ အတွင်းပိုင်း အပြင်အဆင်များသည် အလွန် ခမ်းနားထည်ဝါရုံသာမကဘဲ အရေးကြီးဆုံးမှာ ထိုနေရာကို ဝန်းရံထားသော ဝိညာဉ်စွမ်းအင်သည် အလွန်ပြင်းထန်လန်းဆန်းလှသည်။ ပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်ရှိ ကျယ်ပြောလှသော မြေပြင်ကို မြင်တွေ့ရသောအခါ ရှင်းယွီရှူတစ်ယောက် အံ့အားသင့်ကာ ငေးငိုင်နေမိသည်။ သို့သော် ရွှယ်အန်းသည် စကားမပြောဘဲ အေးစက်စွာ ကြည့်နေဆဲဖြစ်သည်။
ဤအချိန်တွင် လူချူးကျန်က ရှင်းယွီဟယ်နှင့် ပတ်သက်သော မေးခွန်းအချို့ကို မေးမြန်းလိုက်သည်။ သို့သော် သူမသည် ရှင်းယွီဟယ် မည်သို့ သေဆုံးသွားသည်ကို ဂရုစိုက်ဟန်မရှိဘဲ ရှင်းယွီဟယ်က သူမနှင့်ပတ်သက်၍ ပြောဖူးခြင်း ရှိ၊ မရှိကိုသာ ထပ်ခါတလဲလဲ မေးမြန်းနေသည်။ ရှင်းယွီရှူသည် ထိုမေးခွန်းများကို ခေါင်းခါ၍သာ ငြင်းဆိုလိုက်ရသည်။ လူချူးကျန်သည် နှလုံးသားထဲတွင် ဝမ်းနည်းလာသည်၊ သိုသော် ထိုအချိန်တွင် ကြည်လင်လှသော ခေါင်းလောင်းသံတစ်ခု မြည်ဟည်းလာကြောင့် လူချူးကျန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုခေါင်းလောင်းသံသည် ဂိုဏ်းခေါင်းဆောင်က လူတိုင်းကို ဆင့်ခေါ်နေသည်ဟု ဆိုလိုသောကြောင့်ဖြစ်ပေသည်။
အခန်း (၁၂၈၄) ကောင်းကင်ဘုံထိ ထိုးဖောက်သွားသော ကြောက်မက်ဖွယ် ရွှေအလင်းရောင်၊ ဂိုဏ်းခေါင်းဆောင်
ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အမြင့်ဆုံးအထပ်တွင် အလွန်တရာကျယ်ဝန်းသော စင်မြင့်တစ်ခု တည်ရှိသည်။ ဤနေရာသည် ပုံမှန်အားဖြင့် တပည့်များ သိုင်းပညာလေ့ကျင့်ရာ ကွင်းပြင်ဖြစ်သော်လည်း ဂိုဏ်းခေါင်းဆောင်သည် အရေးပေါ် ဆင့်ခေါ်လိုသည့်အခါမျိုးတွင် ဂိုဏ်းသားအားလုံး ဝင်ဆံ့နိုင်သည့် ခမ်းနားသော အစည်းအဝေးခန်းမအဖြစ် ပြောင်းလဲသွားလေ့ရှိသည်။ လူချူးကျန် ရောက်ရှိလာချိန်တွင် စင်မြင့်ထက်၌ တပည့်အများအပြား စုဝေးလျက် တီးတိုး ဆွေးနွေးနေကြသည်။
"ဘာတွေဖြစ်နေတာလဲ၊ ဂိုဏ်းခေါင်းဆောင်က ဘာလို့ ရုတ်တရက်ကြီး ဆင့်ခေါ်ရတာလဲ" အတွင်းစည်းတပည့်တစ်ဦးက တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဘယ်သူသိမှာလဲ၊ ဒါ့အပြင် ဒီနှစ် တောင်ဖွင့်ပွဲအခမ်းအနားကို ပုံမှန်ထက် တစ်ရက်စောပြီး ကျင်းပမယ်လို့ကြားတယ်၊ ဂိုဏ်းခေါင်းဆောင်က တစ်ခုခုကို ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားတယ်လို့ ဆိုကြတာပဲ၊ ကောင်းလား ဆိုးလားတော့ မသိဘူး" နောက်ထပ်တပည့်တစ်ဦးက ပြန်ဖြေလိုက်သည်။
ထိုစဉ် လူချူးကျန် ရောက်ရှိလာသောကြောင့် တပည့်များကြား ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
"စီနီယာအစ်မ"
"စီနီယာအစ်မကို ဂါရဝပြုပါတယ်"
နှုတ်ဆက်သံများ တစ်ခုပြီး တစ်ခုပြီး ထွက်ပေါ်လာ၍ တပည့်များစွာသည် ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။ လူချူးကျန်သည် အသိအမှတ်ပြုသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ အကြည့်များ ရင်ပြင်၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် အကြီးအကဲစီယွမ်၊ အကြီးအကဲရွှေကျန်းနှင့် ယနေ့ ဂိုဏ်းသို့ ဝင်ခွင့်ရခဲ့သော အထက်တန်းလွှာ မိသားစု၏ သားသမီးများ စုဝေးနေကြရာ ၎င်းသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံအတွင်း အင်အားအကြီးဆုံး အုပ်စုဖြစ်ကြောင်း ထင်ရှားလှသည်။ ဂိုဏ်းခေါင်းဆောင်၏ စီနီယာအစ်မဖြစ်သူ လူချူးကျန်နှင့် ရင်ဆိုင်ရချိန်တွင်ပင် ထို၎င်းတို့သည် အေးစက်စွာပင် ပြုံးပြလိုက်သေးသည်။ အထူးသဖြင့် စီယွမ်သည် သူ၏မျက်လုံးထဲတွင် ဘဝင်ခိုက်သည့် အရိပ်အမြွက်များ ဖြတ်သန်သွားပြီးနောက် အကြီးအကဲရွှေကျန်းကို ဖော်လံဖားသော အပြုံးဖြင့် ရယ်မောကာ ခပ်တိုးတိုး ပြောလိုက်သည်။
"ဒီလူချူးကျန်က သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ၊ သူ ဘယ်လိုနည်းနဲ့ စီနီယာအစ်မ ဖြစ်လာတယ်ဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ။ သူနဲ့ ဂိုဏ်းခေါင်းဆောင်တို့ကြားက အရှုပ်တော်ပုံကို ဒီတပည့်တွေက မသိရင်တောင် ကျုပ်တို့လို အကြီးအကဲတွေက ဘယ်လိုလုပ် မသိဘဲနေမှာလဲ"
ထိုစကားများတွင် ယုတ်ညံ့သော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။
အကြီးအကဲ ရွှေကျန်းသည် သက်လတ်ပိုင်းအရွယ် အမျိုးသမီးဖြစ်သော်လည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းထားမှုကြောင့် အလွန်လှပနေဆဲဖြစ်သည်။ စီယွမ်၏ စကားကို ကြားသောအခါ သူမသည် အေးစက်စွာ လှောင်ရယ်လိုက်သည်။
"ရှင်ပြောတာ မှန်တယ်၊ ဒီမိန်းမယုတ်က ပိုပိုပြီးတော့ အတင့်ရဲလာပြီ။ အထူးသဖြင့် ဒီတစ်ကြိမ် ကျွန်မတို့ ကြိုးစားပမ်းစား ပြင်ဆင်ထားတဲ့ တောင်ဖွင့်ပွဲအခမ်းအနားကို ဝင်ရောက်စွက်ဖက်ရဲတဲ့အပြင် ကျွန်မရဲ့ ရှန်းမိသားစုနဲ့ ရန်ငြိုးရှိခဲ့တဲ့ အောက်တန်းစားတပည့်တစ်ယောက်ကို ရွှေရောင်ဆေးမီးဖိုရိပ်မြုံထဲ ခေါ်သွင်းလာတာက ကျွန်မတို့ ရှန်းမိသားစုကို တမင်တကာ ဆန့်ကျင်နေတာပဲ မဟုတ်လား"
မှန်သည်၊ အကြီးအကဲရွှေကျန်းသည်လည်း ရှန်းမိသားစုမှ ဆင်းသက်လာသူဖြစ်ရာ စီနီယာအရဆိုလျှင် ရှန်းမန်ယွီနှင့် ရှန်းမြောင်သုံတို့ ညီအစ်မနှစ်ဦးသည် သူမကို ဒေါ်လေးဟု ခေါ်ရပေလိမ့်မည်။ ဤသည်မှာ ရှန်းညီအစ်မတို့ကို စီယွမ်က အလေးပေး ဆက်ဆံနေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ယခုအခါ ၎င်းတို့သည် အကြီးအကဲရွှေကျန်း၏ တပည့်များ ဖြစ်လာကြသဖြင့် ရှန်းမန်ယွီက ဖြစ်ပျက်သမျှကို သူမ၏ ဒေါ်လေးထံ အကုန်အစင် ပြောပြထားခဲ့သည်။ ထိုစကားများကို ကြားရသောအခါ ရွှေကျန်းသည် အလွန်အမင်း ဒေါသထွက်သွားသည်။ သူမသည် လူချူးကျန်ကို ယခင်ကတည်းက မနှစ်မြို့ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင်၏ မျက်နှာကြောင့် မထုတ်ဖော်ရဲခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ လူချူးကျန်က ရှန်းမိသားစုကို တမင်တကာ ဆန့်ကျင်ရဲသည့်အတွက် ရွှေကျန်းသည် အကြီးအကျယ် ဒေါသထွက်သွားသည်။
လူချူးကျန်သည် ဤအကြောင်းအရာအားလုံးကို မသိသော်လည်း စီယွမ်နှင့် ရွှေကျန်းတို့သည် လျှို့ဝှက်စွာ တီးတိုး ဆွေးနွေးနေကြကြောင်း မြင်သောအခါ သူမ၏နှလုံးသား တင်းကျပ်သွားသည်။ ဤနှစ်ယောက်တွင် မကောင်းသော အကြံအစည်များ ရှိနေကြောင်း သိသာထင်ရှားသည်။ သူမ၏ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ပေါ်လာသည့်အချိန် ကောင်းကင်ထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းလာကာ ရင်ပြင်အလယ်ရှိ မြင့်မားသော စင်မြင့်ထက်သို့ ရုတ်ခြည်း ကျဆင်းလာသည်။ ရွှေရောင်အလင်းများ ကွယ်ပျောက်သွားသောအခါ ရွှေရောင်ချည်များဖြင့် ယက်လုပ်ထားသည့် ဝတ်ရုံ ဝတ်ဆင်ထားသည့် အရှိန်အဝါ ကြီးမားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်ပေါက်လာသည်။
ထိုအမျိုးသားကို မြင်သည်နှင့် တပည့်အားလုံး ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။
"ဂိုဏ်းခေါင်းဆောင်ကို ဂါရဝပြုပါတယ်"
အသံသည် ကမ္ဘာမြေနှင့် ကောင်းကင်ကို တုန်ဟည်းသွားသဖြင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ ဝန်းကျင်ရှိ တိမ်တိုက်များပင် လွင့်စင်သွားစေသည်။ ထိုအမျိုးသား၏ မျက်နှာသည် ပန်းရောင်သမ်းနေကာ ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
"လုပ်ရိုးလုပ်စဉ်တွေ ဖယ်လိုက်ပါ"
အသံသည် မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ အမိန့်အာဏာ အပြည့်အဝ ပါဝင်စွာ ရောက်ရှိသွားသည်။ ထိုအခါမှ တပည့်များ မတ်တပ်ရပ်လာကြသော်လည်း ၎င်းတို့၏ မျက်နှာများသည် ခမ်းနားမှုကြောင့် အံ့အားသင့်နေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသူသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ (၇၈) ဆက်မြောက် ဂိုဏ်းခေါင်းဆောင် ဖုကွမ်းဖြစ်သည်။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံနှင့် ဤရွှေရောင်အလင်းကောင်းကင်တစ်ခုလုံး၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည့်အတွက် ဂိုဏ်းအတွင်းရှိ တပည့်များပင် သူ့ကို မြင်တွေ့ရခဲသည်။ ယခုကဲ့သို့ ရုတ်တရက် ဆင့်ခေါ်ရသည့် အကြောင်းကိစ္စကို မည်သူမျှ မသိကြသောကြောင့် စိတ်ထဲတွင် စူးစမ်းနေကြသည်။ ဖုကွမ်းသည် လူတိုင်း၏ စိတ်ထဲရှိ သံသယများကို သိရှိသည့်အလား ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် အပြုံးဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျုပ် ဘာလို့ လူတိုင်းကို ဒီကို ဆင့်ခေါ်ရသလဲဆိုတာ အားလုံး သိချင်နေကြမယ်လို့ ကျုပ်ယုံကြည်တယ်"
သူ၏ အကြည့်အောက်တွင် တပည့်အားလုံး ပြိုင်တူ ခေါင်းငုံ့လိုက်ကြရာ ကျယ်ဝန်းသော ရင်ပြင်ကြီးသည် သုသာန်တစပြင်ကဲ့သို့ ချက်ချင်း တိတ်ဆိတ်သွားသည်။
ဖုကွမ်းသည် ဤရလဒ်ကို အလွန်ကျေနပ်သဖြင့် မျက်နှာထက်ရှိ စိတ်ကျေနပ်မှုများ ပိုမိုထင်ရှားလာပြီးနောက် အပြုံးဖြင့် ဆက်ပြောသည်။
"တကယ်တော့ အရေးကြီးတဲ့ ကိစ္စကြီး မဟုတ်ပါဘူး၊ မကြာသေးခင်က ကျုပ် သီးသန့်ကျင့်ကြံနေစဉ် ဉာဏ်အလင်းအချို့ရခဲ့ပြီး မနေ့ကပဲ အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့လို့၊ အခု အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားတဲ့အကြောင်း အားလုံးကို အသိပေးချင်ရုံပဲ"
သူ၏စကားအဆုံးတွင် အင်အားကြီးမားသော အရှိန်အဝါတစ်ခု ဖုကွမ်းထံမှ ပေါက်ကွဲထွက်လာကာ သူ၏မျက်လုံးများပင် တောက်ပသော ရွှေရောင်များဖြင့် ယှက်သမ်းသွားသည်။ အရှိန်အဝါများ ပြန့်နှံ့သွားသောအခါ လူတိုင်း ဦးစွာ မှင်သက်သွားပြီးနောက် ဝမ်းသာအားရသည့် အမူအရာများဖြင့် ပြိုင်တူ ဟစ်အော်လိုက်ကြသည်။
"ဂိုဏ်းခေါင်းဆောင် ကျင့်စဉ်တွေ တိုးတက်သွားတာကို ဂုဏ်ပြုပါတယ်၊ ဂိုဏ်းခေါင်းဆောင်က လောကမှာ အနှိုင်းမဲ့ပါပဲ"
ထိုအသံများသည် ကွင်းပြင်တစ်ခုလုံးပင် တုန်ခါသွားစေသည်။ ဖုကွမ်းသည် သူ၏နှလုံးသားထဲရှိ ဂုဏ်ယူမှုကို မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ"
ခဏအတွင်းပင် ရင်ပြင်တစ်ခုလုံး ပျော်ရွှင်မှုများဖြင့် လွှမ်းမိုးသွားသည်။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည့်အတွက် ဖုကွမ်း၏ ကျင့်စဉ်သည် ဂိုဏ်း၏ အနာဂတ်နှင့် ကံကြမ္မာတို့ကို တိုက်ရိုက် ဆက်နွှယ်နေသည်။ ဂိုဏ်းသို့ အသစ်ဝင်လာသော တပည့်အချို့သည် စစ်မှန်အင်မော်တယ်အဆင့်များဖြစ်ကြသည့်အတွက် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်သည် ထူးခြားသည်ဟု မထင်ရပေ။ သို့သော် ရွှေကျန်းနှင့် အခြားအကြီးအကဲများသည် ခြေလှမ်းတစ်ဝက် အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။
သို့သော် ကျင့်ကြံသူများကြားတွင် အဆင့်တူသော်လည်း ခွန်အားသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားနိုင်ကြောင်း လူတိုင်း သိကြသည်။ ဥပမာအားဖြင့် ကြယ်စင်ပင်လယ်ရှိ ဗဟို ဂိုဏ်းကြီးမှ အစစ်အမှန် တပည့်တစ်ဦးနှင့် ဝေးလံသော ချင်းယဲ့မှ ဂိုဏ်းငယ်တစ်ခု၏ ကျင့်ကြံသူတို့သည် စစ်မှန်အင်မော်တယ်ချင်း တူညီသော်လည်း ထိုနှစ်ဦး တိုက်ခိုက်ပါက ဂိုဏ်းကြီးမှ တပည့်သည် အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ ဂိုဏ်းများတွင် ရရှိသော အရင်းအမြစ် ကွာခြားမှုကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျင့်စဉ်တစ်ခုတည်းက စွမ်းအင်ကို တိုက်ရိုက် ဖော်ပြနိုင်ခြင်း မရှိပေ။ ဖုကွမ်းသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည့်အတွက် သာမန် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ယခုအခါ သူသည် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသဖြင့် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းသာ လိုအပ်တော့သည်။
ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အကြီးအကဲများနှင့် တပည့်များ သဘာဝကျစွာ စိတ်လှုပ်ရှားနေကြသည်။ ထိုစဉ် ရွှေကျန်းက လူအုပ်ထဲမှ ထွက်လာကာ အလေးအနက် ဦးညွှတ်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်က တကယ့်ကို ကောင်းကင်ဘုံက သတ်မှတ်ပေးထားတဲ့ ထူးချွန်တဲ့ ကျင့်ကြံသူတစ်ဦးပဲ၊ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ကျင်းပတဲ့ မဟာကောင်ကင်းဘုံခုနစ်ခုရဲ့ ပြိုင်ပွဲကြီး နီးကပ်လာချိန်မှာ အခုလိုမျိုး အဆင့်တက်လှမ်းနိုင်တာက ကျွန်မတို့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံအတွက် တကယ့်ကို ကောင်းချီးတစ်ခုပါပဲ"
ရွှေကျန်း၏ စကားများသည် ဖုကွမ်း အလိုရှိနေသည့် အချက်ကို ကွက်တိ ထိမှန်သွားသဖြင့် သူသည် ကျေနပ်စွာ ပြုံးလိုက်သည်။
"အကြီးအကဲရွှေကျန်းက မြှောက်ပင့်လွန်းနေပါပြီ၊ ဒါပေမယ့် ဒီပြိုင်ပွဲမှာ ကျုပ်တို့ရဲ့ ရွှေရောင်အလင်းကောင်းကင်က နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်မယ်လို့ ကျုပ် ယုံကြည်ချက်ရှိနေတယ်"