← Chapters

အခန်း (၁၂၈၈-၁၂၉၀)

Vol. 86 Ch. 1288-1290

အခန်း (၁၂၈၈-၁၂၉၀)

Vol. 86 Ch. 1288-1290

အခန်း (၁၂၈၈) ရမ်းကားတယ်တဲ့လား၊ ရမ်းကားတဲ့ အပြုအမူအစစ်ကို ကျုပ်ပြမယ်

ဘုံး

ရွှယ်အန်း၏ စကားများကြောင့် လူအုပ်ကြားတွင် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားသည်။

"ဘုရားရေ... ဒီလူ ရူးသွားပြီလား။ ဂိုဏ်းခေါင်းဆောင်ဟောင်းကို ဒီလိုစကားမျိုး ပြောရဲတယ်လား"

"သူ့အဆင့်အတန်းသူ လုံးဝ နားမလည်ပုံပဲ။ ဖုကွမ်းကို သတ်နိုင်ရုံနဲ့ သူကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား။ ပိုပြီး သန်မာတဲ့လူတွေရှိတယ်ဆိုတာ သူ မသိဘူးထင်တယ်၊ ဂိုဏ်းခေါင်းဆောင်ဟောင်းက ကျုပ်တို့ဂိုဏ်း နံပါတ်တစ်ပဲ"

"ဟမ်း... သေတွင်းတူးနေတာပဲ။ ဒီလို ရန်စတဲ့စကားမျိုးတွေ ပြောလိုက်မှတော့ ဂိုဏ်းခေါင်းဆောင်ဟောင်းက ဒေါသနဲ့ ပေါက်ကွဲတော့မှာ သေချာတယ်"

ဤသို့ တီးတိုး ဝေဖန်နေကြသူများ ရွှယ်အန်းကို အစကတည်းက အမြင်မကြည်သူများ ဖြစ်ကြသည်။ ရှန်းမန်ယွီနှင့် အခြားလူများလည်း ထိုသို့ပင် ခံစားနေရသည်။ လူအုပ်ကြီးထဲတွင် ရှန်းမြောင်သုံ တစ်ဦးသာလျှင် ရွှယ်အန်းကို စိုးရိမ်တကြီး ကြည့်နေမိရာ သူမ၏ နှလုံးသားသည် အထုံးအဖွဲ့တစ်ခုကဲ့သို့ တင်းကျပ်နေ၏။

‘သခင်လေးရွှယ်... ရှင် ဘာမှမဖြစ်ပါစေနဲ့’

လူအုပ်ကြီး ခန့်မှန်းထားသည့်အတိုင်းပင် ရှု့ဝမ်သည် ရွှယ်အန်း၏ စကားကို ကြားသောအခါ အမှန်တကယ် ဒေါသဖြင့် ပေါက်ကွဲသွားသည်။ သူ၏ ဖြူဖွေးသော မျက်ခုံးတန်းများ တွန့်လိမ်သွားကာ မျက်လုံးများ ဒေါသကြောင်း ပြူးကျယ်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ကောင်လေး... မင်းက ဟွာမျိုးနွယ်က လာတာဖြစ်ပြီး အရည်အချင်းနဲ့ ကျင့်စဉ်လည်း အတော်အသင့် ရှိတာကြောင့် ကျုပ် မင်းကို သည်းခံပေးနေတာ။ ဒါပေမယ့် မင်းက အခြေအနေကို နားမလည်ဘဲ ပိုပိုပြီး ရဲတင်းလာတာပဲ"

"အို... ကျုပ်က ဟွာမျိုးနွယ်ကဆိုတာ ခင်ဗျား သိနေတာပဲ။ ဒါဆို ကျုပ် မေးပါရစေ၊ ကျုပ်တို့ ဟွာမျိုးနွယ်ရဲ့ တာအိုလမ်းစဉ်က ခင်ဗျားတို့ရဲ့ ခြိမ်းခြောက်ငွေညှစ်ဖို့နဲ့ နှိပ်စက်ညှဉ်းပန်းဖို့အတွက် အသုံးချခံ ကိရိယာတစ်ခုလား" ရွှယ်အန်းက အေးစက်စက် လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

"မင်း..." ရှု့ဝမ်သည် အသက်ကို ပြင်းပြင်းရှူကာ ရင်ထဲမှ ဒေါသများကို ဖိနှိပ်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ကျုပ်တို့ဘက်မှာ ချို့ယွင်းချက်ရှိတာကို ကျုပ် ဝန်ခံပါတယ်၊ ဒါပေမယ့် အဲဒါကြောင့်နဲ့ မင်း အခုလို စိတ်လိုက်မာန်ပါ ပြုမူပြီး အကျိုးအကြောင်း အစအဆုံးကို နားမလည်ဘဲ ကျုပ်ရဲ့ တပည့်ကို သတ်လိုက်တာက ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး"

ရွှယ်အန်းသည် ဟက်ဟက်ပက်ပက် လှောင်ရယ်လိုက်ပြီးနောက် ရင်ပြင်ရှိ လူအားလုံးကို လက်ညှိုးထိုးပြလျက် ဆိုလိုက်သည်။

"ကျုပ် ကိုယ်တိုင် ကိုယ်ကျ မြင်ခဲ့တာကိုတောင် ခင်ဗျား ပါးစပ်ထဲမှာတော့ 'ကျုပ်တို့ဘက်မှာ ချို့ယွင်းချက် ရှိတယ်' ဆိုတဲ့ စကားလေးတစ်ခွန်းဖြစ်သွားတာလား။ တစ်ဖက်မှာတော့ ခင်ဗျားက ကျုပ်ကို အမှားအမှန် မခွဲခြားဘဲ ရမ်းကားတယ်လို့ စွပ်စွဲနေတယ်ပေါ့လေ"

ပြီးနောက် ရွှယ်အန်း၏ မျက်နှာတွင် အေးစက်စက် အပြုံးတစ်ခုကို ပေါ်ပေါက်လာ၍ ခက်ထန်စွာ ပြောလိုက်သည်။

"ဒါကြောင့် ကျုပ် သူ့ကို သတ်လိုက်တာ၊ ခင်ဗျား အခု ဘာလုပ်ချင်လို့လဲ"

ထိုစကားများသည် ဆူပွက်နေသော ဆီအိုးထဲသို့ ရေအေးတစ်ခွက် လောင်းချလိုက်သကဲ့သို့ တစ်နေရာလုံးကို ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

ရှန်းမန်ယွီက အေးစက်စွာ လှောင်ရယ်လိုက်သည်။ "ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

သူမ၏ မျက်လုံးထဲတွင် ရွှယ်အန်း၏ အတင့်ရဲလှသော မောက်မာမှုသည် သေခြင်းတရားကို ဖိတ်ခေါ်နေခြင်းဖြစ်သည်။ အထူးသဖြင့် သူသည် ဂိုဏ်းခေါင်းဆောင်ဟောင်းရှု့ဝမ်နှင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ တစ်ခုလုံးကို စိန်ခေါ်နေခြင်း မဟုတ်လေသလော။ သို့သော် ရှန်းမြောင်သုံကမူ ထိုသို့ မတွေးမိပေ။ သူမသည် ပါးစပ်ကို လက်ဖြင့် တင်းတင်းပိတ်ကာ စင်မြင့်ထက်တွင် ရပ်နေသော ရွှယ်အန်းကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ အထူးသဖြင့် ရွှယ်အန်း၏ မျက်နှာပေါ်ရှိ အရိုင်းဆန်သော အပြုံးကို မြင်လိုက်ရသည့်အခါ သူမ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကာ စိတ်ထဲတွင် အတွေးတစ်ခုသာ ပေါ်ပေါက်လာသည်။

‘အရမ်း မိုက်တာပဲ’

တစ်ချိန်တည်းပင် အခွင့်ကောင်း စောင့်ဆိုင်းနေသော ရွှေကျန်းသည် အရှေ့သို့ ဒူးတရွတ်တိုက်ကာ ရှု့ဝမ်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ဂိုဏ်းခေါင်းဆောင်ဟောင်းကို ဂါရဝပြုပါတယ်"

ပြီးနောက် သူမသည် အခြားလူများ မတုံ့ပြန်မီ ရွှယ်အန်းဘက်သို့ ရက်စက်သော အကြည့်များဖြင့် နာကျည်းစွာ ပြောလိုက်သည်။

"ကောင်လေး... မင်း ငါတို့ရဲ့ ခေါင်းဆောင်ကို သတ်ခဲ့ပြီး ပေါက်ကရတွေလည်း ပြောခဲ့တယ်။ ဒီနေ့ ငါတို့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက မင်းကို အမြစ်ပြတ် သုတ်သင်ပစ်မယ်"

စကားပြောနေစဉ် ရွှေကျန်း၏ မျက်လုံးများတွင် စိတ်ကျေနပ်သည့် အရိပ်အမြွက်များ ဖြတ်သန်းသွားကာ စိတ်ထဲတွင် အလွန်ဝမ်းသာအားရ ဖြစ်နေမိသည်။

‘လောင်စမ်း။ မီး ပိုတောက်လေ ပိုကောင်းလေပဲ’

ဖုကွမ်း သေဆုံးသွားခြင်းကြောင့် ဤနေရာတွင် တစ်စုံတစ်ယောက် ပျော်ရွှင်နေပါက ထိုလူသည် သူမဖြစ်ပေလိမ့်မည်။ အကြောင်းမှာ ဂုဏ်သတင်းနှင့် ရာထူးအရ သူမသည် နောက်ထပ် ဂိုဏ်းခေါင်းဆောင်ဖြစ်လာရန် အနီးစပ်ဆုံး လူဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း သူမသည် အရှေ့ဆုံးသို့ ထွက်ကာ ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ၏ ဂုဏ်ယူဝင့်ကြွားမှုများ တစ်စက္ကန့်မျှပင် မကြာမြင့်ခဲ့ပေ။ သူမ၏ အစီအစဉ်များနှင့် ရည်မှန်းချက်အားလုံး ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားရသည်။

ထိုအခိုက်အတန့်၌ ရွှယ်အန်းသည် မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောလိုက်သည်။ "ဆူလိုက်တာ"

ရွှယ်အန်းသည် စကားပြောနေစဉ် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ ၎င်းတို့ကြားတွင် အကွာအဝေး ခြားနားနေသော်လည်း လက်သီးဆုပ်လိုက်သည်နှင့် ဟင်းလင်းပြင် အတားအဆီးများကို ဖြတ်ကျော်ကာ ရွှေကျန်း၏ ခေါင်းပေါ်သို့ ဆန်းကြယ်စွာ ရောက်ရှိသွားသည်။

ဘန်း

ရွှေကျန်း၏ ဦးခေါင်း ပေါက်ကွဲထွက်သွားရာ သူမ၏ ဝိညာဉ်ပင်အတူတကွ ပျက်စီးသွားလေသည်။ လှုပ်ရှားမှု တစ်ခုတည်းဖြင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ မဟာစီနီယာ အကြီးအကဲ ဖြစ်လာရန် နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့သော ရှန်းရွှေကျန်းသည် စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်ပင် အစအနမကျန် ချေမှုန်းခံလိုက်ရသည်။ သူမ၏ ခေါင်းမပါသော ခန္ဓာကိုယ်သည် အခြေအနေကို မလိုလားနေသကဲ့သို့ အနည်းငယ် တုန်ယင်သွားပြီးနောက် အဆုံးတွင် လုံးလုံးလျားလျား လဲကျသွားသည်။

ဤကဲ့သို့ ရက်စက်လှသော တိုက်ခိုက်မှုကြောင့် အနီးနားရှိ လူတိုင်း ကျောက်ရုပ်များကဲ့သို့ မှင်သက်သွားကြသည်။ ပြီးနောက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ စီယွမ်သည် အနောက်လှည့်၍ ထွက်ပြေးလေသည်။ ယခုအချိန်၌ သူသည် ရူးသွပ်လုမတတ် ကြောက်လန့်နေသည်။ ရွှေကျန်းသည် သူ့မျက်စိရှေ့တွင် သေဆုံးသွားသောကြောင့် ဤအခြင်းအရာကို သူ မည်သို့ လက်ခံနိုင်မည်နည်း။

သို့သော် ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးမီ ရွှယ်အန်းက လက်ကို ဝေ့ယမ်းလျက် လေထုကိုပင် ဖြိုခွင်းနိုင်သည့် ဓားအလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ စီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားကာ ထိုနေရာတွင် တောင့်တင်းစွာ ရပ်တန်လျက် မကြာမီတွင် သူ၏ မျက်ခုံးနှစ်ခုကြား၌ နီရဲသော မျဉ်းကြောင်းတစ်ခု ပေါ်ပေါက်လာသည်။ ထိုနီရဲသော မျဉ်းကြောင်းသည် တဖြည်းဖြည်း ကျယ်ပြန့်လာကာ မျက်တောင်တစ်ခတ်အတွင်း ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ပြီးနောက် စီယွမ်သည် အလယ်တည့်တည့်မှ နှစ်ခြမ်းကွဲလျက် ခန္ဓာကိုယ်အပိုင်းအစများ ဘယ်ညာသို့ လဲကျသွားသည်။ ပြတ်သွားသော နေရာကို ကြည့်လိုက်ပါက မှန်ပြင်တစ်ခုကဲ့သို့ အလွန်ချောမွေ့နေကာ သွေးတစ်စက်ပင် ထွက်မလာခဲ့ပေ။ အကြောင်းမှာ ဓားအလင်းတန်းသည် မြန်ဆန်လွန်းသောကြောင့် သူ၏ သွေးများအားလုံး ချက်ချင်း အငွေ့ပျံသွားလေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ထိတ်လန့်တုန်လှုပ် သွားကြသည်။

ရှု့ဝမ်သည် ရွှယ်အန်းကို အလွန် သတိထားနေသော်လည်း အကြီးအကဲနှစ်ဦး ဆက်တိုက် သေဆုံးသွားသည့်အပြင် ကနဦး သေဆုံးသွားသော ဖုကွမ်းအပါအဝင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အဆင့်မြင့် ပုဂ္ဂိုလ် သုံးဦးကို ရွှယ်အန်းလက်ထဲ၌ ဆုံးရှုံးလိုက်ရသည်။ အကယ်၍ ရှု့ဝမ်သာ ယခုအချိန်တွင် နောက်ဆုတ်လိုက်မည်ဆိုပါက သူသည် ဂိုဏ်းခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေရန်ပင် မသင့်တော်တော့ပေ။

ထို့ကြောင့် သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ကျုပ်ရှေ့မှာ ဒီလောက် ရမ်းကားနေရတာလား၊ သေပေတော့"

ဘုံး

မရေတွက်နိုင်သော ရွှေအလင်းရောင် မန္တန်စက်ဝိုင်းများ သမုဒ္ဒရာရေလှိုင်းကြီးကဲ့သို့ ပြင်းထန်စွာ ချီတက်လာသည်။ သို့သော် ရွှယ်အန်းကမူ ၎င်းတို့ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ အေးစက်စွာ ရယ်မောလိုက်သည်။

"ခင်ဗျားတပည့်ရဲ့ ရမ်းကားမှုတွေက ဆရာဖြစ်တဲ့ ခင်ဗျားမှာလည်း တာဝန်ရှိတယ်။ ကျုပ်ကို ရမ်းကားတယ်လို့ ပြောတယ်မဟုတ်လား... ဟားဟား ဒီနေ့ ရမ်းကားတဲ့ အပြုအမူက ဘာလဲဆိုတာ ကျုပ် ခင်ဗျားကို ပြမယ်"

ပြောပြီးသည်နှင့် ရွှယ်အန်း၏ မျက်လုံးများတွင် အလင်းရောင်များ ဖြတ်သန်းသွားသည်။

ထူးကဲသော နတ်အရှိန်အဝါများ ရွှယ်အန်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသည်။ ပြေးဝင်လာသော ရွှေအလင်းရောင် မန္တန်စက်ဝိုင်းများသည် ရွှယ်အန်း၏ အရှိန်အဝါအောက်တွင် အနည်းငယ်မျှပင် ဂယက်မထနိုင်ဘဲ ဖုံမှုန့်များအဖြစ် ပျောက်ကွယ်သည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းက လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်များ လူအုပ်ကြီးကို ဖြတ်ကျော်လျက် ဂုဏ်သရေရှိ မိသားစုများ၏ သခင်လေးများနှင့် သခင်မလေးများထံသို့ တည့်တည့်မတ်မတ် ရောက်ရှိသွားသည်။

သူ၏ အကြည့်များ ကျရောက်လာတိုင်း မောက်မာလှသော သူဌေးသား သူဌေးသမီးများအားလုံး ကြောက်ရွံ့မှုကြောင့် မျှော်လင့်ချက်ကင်းမဲ့သော အမှုအရာများ ပြသနေကြသည်။ အထူးသဖြင့် ရွှယ်အန်းနှင့် အငြိုးအတေးရှိဖူးသော ရှန်းမန်ယွီ၊ လုရှီဖာနှင့် စုကျွင်းနင်တို့သည် အလွန်အမင်း ထိတ်လန့်စွာ မျက်နှာများ ပြာနှမ်းနေသည်။ အခြေအနေများ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားကြပေ။ ရွှယ်အန်းကို သာမန်လူငယ်တစ်ဦးဟုသာ ထင်မှတ်ခဲ့ကြသဖြင့် လှောင်ပြောင်ခဲ့ကြသော်လည်း ယခု လက်တွေ့အခြေအနေသည် ၎င်းတို့၏ မျက်နှာကို ရက်စက်စွာ ရိုက်နှက်လာသည်။

ရှန်းမန်ယွီသည် သူမ ရွှယ်အန်းကို ပြောခဲ့ဖူးသော စကားများကို ပြန်သတိရသွားသည့်အခါ သူမသည် တံခါးဝသို့ သေမင်း ရောက်နေပြီဟု ခံစားလိုက်ရသည်။ ရှန်းမိသားစုသည် သူ့မျက်လုံးထဲတွင် ပုရွက်ဆိတ်များသာ ဖြစ်သည်ဟူသော သူ၏ စကားများသည် ကြွားလုံးထုတ်ခဲ့ခြင်း မဟုတ်ကြောင်း သူမ သိရှိသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော တန်ခိုးအာဏာအောက်တွင် ဩဇာအာဏာနှင့် ချမ်းသာကြွယ်ဝမှုဟူသည် အလွန်ရယ်စဖွယ်ကောင်းလှသောကြောင့်ဖြစ်သည်။ ရှန်းမန်ယွီ၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေသည်။ လုရှီဖာသည် သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ရင်ကာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်ဟန်ဖြင့် ရှန်းမန်ယွီကို လက်ညှိုးထိုးပြလျက် အော်ဟစ်လိုက်သည်။

"ကျွန်တော့်အသက်ကို ချမ်းသာပေးပါ လူကြီးမင်း။ ဒီကိစ္စတွေ အားလုံးက ဒီမိန်းမယုတ်ကြောင့် ဖြစ်ရတာပါ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး..."

ထိုစကားများ မပြီးဆုံးမီ လုရှီဖာ၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားကာ သူ၏ သွေးများနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ အနီးနားရှိ လူများပေါ်သို့ လွင့်စင်ကုန်သည်။

ပြီးနောက် ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။ "မဆိုင်လည်း သတ်မှာပဲ"

ရှန်းမန်ယွီသည် လုရှီဖာနှင့် အလွန်နီးကပ်စွာ ရှိနေသဖြင့် သူမ၏ မျက်နှာပေါ်သို့ သွေးများ စင်ဟပ်သွားသည်။ သို့သော် သူမသည် ၎င်းတို့ကို မသုတ်ဝံ့ပေ၊ အကြောင်းမှာ လုရှီဖာ၏ စကားများသည် သူမကို အကြီးအကျယ် တုန်လှုပ်သွားစေသဖြင့် သူမသည် ရွှယ်အန်းကို တောင်းပန်သော မျက်လုံးများဖြင့်သာ ကြည့်နေနိုင်သည်။

"ချမ်းသာ..."

သူမ၏ စကားများ အဆုံးမသတ်မီ ယခင်က လှပအေးစက်လှသော သူမ၏ မျက်နှာသည်လည်း ပေါက်ကွဲထွက်သွားသည်။ ရွှယ်အန်းက သူမကို အမှန်တကယ် သတ်ဖြတ်လိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ရှန်းမန်ယွီ၏ အလောင်းသည် ခေတ္တမျှ ထိုနေရာတွင် ရပ်တန့်နေပြီးနောက် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။

ပြီးနောက် ရွှယ်အန်းသည် ဒေါသကြောင့် ရူးသွပ်လုမတတ်ဖြစ်နေသော ရှု့ဝမ်ကို မော့ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။

"အခု ကျုပ် သူတို့ကို ခင်ဗျား မျက်စိရှေ့မှာ သတ်လိုက်ပြီ၊ ခင်ဗျား ကျုပ်ကို... ဘာလုပ်မှာလဲ"

အခန်း (၁၂၈၉) မထီမဲ့မြင်ပြုမှု သုံးပုံနှင့် မောက်မာမှု ခုနစ်ပုံ

ဒေါသပုံထနေသော ရှု့ဝမ်သည် ထိုအချိန် ရုတ်တရက် တည်ငြိမ်သွားပြီးနောက် ရွှယ်အန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ကောင်လေး... ကျုပ်က မင်းကို အခွင့်အရေးပေးဖို့ ရည်ရွယ်ထားပေမယ့် မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။ မင်း...”

ထိုစကားများ မပြီးဆုံးမီ စင်မြင့်ပေါ်တွင် ရပ်နေသော ရွှယ်အန်း ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ ပြန်လည်ပေါ်လာသည့်အချိန်တွင် ရှု့ဝမ်၏ ကျောဘက်သို့ ရောက်ရှိလာ၍ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ရှု့ဝမ်သည် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသော်လည်း ရွှယ်အန်း၏ အရှိန်သည် အလွန်တရာ မြန်ဆန်လွန်းသည်။ ရှု့ဝမ်သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်သဖြင့် ထိုလက်သီးချက်ကို အံကြိတ်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။

ဘန်း

ဗလုံးဗထွေး အသံတစ်ခုနှင့်အတူ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ဂိုဏ်းခေါင်းဆောင်ဟောင်းသည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားကာ ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းသွားသဖြင့် ရင်ပြင်၌ တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားသည်။ ထိုအရှိန်ကြောင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ တစ်ခုလုံးပင် သိသိသာသာ တုန်ခါသွား၍ ထိုနေရာရှိ တပည့်များအားလုံး မှင်သက်သွားကြသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ကောင်းကင်ယံတွင် ရပ်တန့်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားက စကားတွေ အရမ်းများတာပဲ။ ပြီးတော့ ကျုပ်ကို အခွင့်အရေး ပေးရအောင် ခင်ဗျားက ဘာမို့လို့လဲ”

မြေပြင်ပေါ်ရှိ တွင်းကြီးထဲမှ ဖုန်မှုန့်များနှင့် မီးခိုးများ လွင့်ပျံလာ၍ လူတိုင်း တုန်လှုပ်စွာ ကြည့်နေကြသည်။ အများစုသည် ရင်တထိတ်ထိတ် ဖြစ်နေကြသည်။

‘ဂိုဏ်းခေါင်းဆောင်ဟောင်းက... ဒီအတိုင်းပဲ ရှုံးသွားတော့မှာလား’

ထိုအတွေးများ ဝင်လာစဉ်ပင် လူတိုင်း၏ ခြေဖဝါးအောက်ရှိ မြေပြင်သည် ရုတ်တရက် တုန်ခါလာ၍ ကြောက်မက်ဖွယ် စွမ်းအင်အရှိန်အဝါများ တွင်းကြီးထဲမှ ပေါက်ကွဲထွက်လာသည်။ ထိုအရှိန်အဝါများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေပြင်းများ တိုက်ခတ်လာ၍ တိမ်တိုက်များပင် အရောင်ပြောင်းလဲသွားသည်။

“ဒါ... ဒါက အင်မော်တယ်ဘုရင်ရဲ့ အရှိန်အဝါပဲ” တစ်စုံတစ်ယောက်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

ပြီးနောက် မြေအောက်မှ ဂုဏ်ယူဝံ့ကြွားသော ရယ်မောသံများ ထွက်ပေါ်လာသည်။

“ဒီနေ့မှာ စကြဝဠာကြီးရဲ့ ကျယ်ပြောမှုကို ကျုပ် နောက်ဆုံးတော့ နားလည်သွားပြီ”

ထိုအသံနှင့်အတူ ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ပျံတက်သွားကာ မြင့်မားသော နေရာသို့ ရောက်ရှိသွားသည်။ အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် ထိုနေရာ၌ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော အသားအရေနှင့် နက်မှောင်သော ဆံပင်၊ မုတ်ဆိတ်တို့ ရှိသည့် အလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေသည်။ ထိုလူကား ရှု့ဝမ်ဖြစ်သည်။ ယခုအခါ ရှု့ဝမ်သည် အိုမင်းသော ရုပ်သွင်ကို စွန့်ခွာကာ ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံလျက်ရှိသည်။ သူသည် မာန်မာနများဖြင့် ပြည့်နှက်လျက် ရွှယ်အန်းကို ကြည့်ကာ ပြုံးလိုက်သည်။

“လူငယ်လေး... မင်းရဲ့ လက်သီးချက်အတွက် ကျေးဇူးပဲ။ နှစ်ပေါင်း သုံးရာကြာ ကျုပ် ရုန်းကန်ခဲ့ရတဲ့ ကျင့်စဉ်ကို မင်းရဲ့ လက်သီးတစ်ချက်က ခွဲဖျက်ပေးလိမ့်မယ်လို့ ကျုပ် လုံးဝ မထင်ထားခဲ့ဘူး”

မှန်သည်၊ ရှု့ဝမ်သည် နှစ်ပေါင်း သုံးရာကြာ သီးသန့်ကျင့်ကြံခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ဘဲ မျှော်လင့်ချက်ပင် ကုန်ဆုံးနေခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ရွှယ်အန်း၏ လက်သီးချက်ကြောင့် သူ၏ ကျင့်စဉ်အသည် ချက်ချင်း အဆင့်ကျော်ဖြတ်သွားခဲ့သည်။ ဤသည်မှာ ရှု့ဝမ်အတွက် အလွန်ဝမ်းမြောက်ဖွယ်ကောင်းသော အံ့ဩဖွယ်ဖြစ်သည်။

ရွှယ်အန်း၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီးနောက် လှောင်ပြုံးဖြင့် ပြောလိုက်သည်။

“ခြေလှမ်းတစ်ဝက် အင်မော်တယ်ဘုရင်လား”

“ဟားဟားဟား... မျက်စိလျင်သားပဲ။ ဟုတ်တယ်... အခု ကျုပ် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဘုရင်အဆင့်ကို ရောက်သွားပြီ။ ကောင်းကင်ဘုံတစ်ခုလုံးမှာ ကျုပ်ကို ယှဉ်နိုင်တဲ့သူ မရှိတော့ဘူး” ရှု့ဝမ်က ယုံကြည်မှုအပြည့်ဖြင့် ရွှယ်အန်းကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

“ကောင်လေး... မင်း အခု အရှုံးပေးမယ်ဆိုရင် ကျုပ် မင်းကို နာကျင်မှုမရှိဘဲ သေခွင့်ပေးလိုက်မယ်”

သူ၏ စကားလုံးများသည် ယုံကြည်မှုများဖြင့် အလွန်ပြည့်နှက်နေခဲ့ရာ ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင် တုန်ခါသွားသည်။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ တပည့်များ စိတ်သက်သာရာရသွား၍ အချို့သည် ဝမ်းသာလွန်းသဖြင့် တုန်ရင်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဘုရင် မဟုတ်လေသလော။ ဤမျှ အစွမ်းထက်သော ခွန်အားဖြင့် ဤကမ္ဘာပေါ်တွင် ထိပ်သီးစာရင်းဝင်သည်ဟု ဆိုလျှင် ကြွားဝါခြင်း မဟုတ်ပေ။ ဤလူငယ်သည် မည်မျှပင် ထူးခြားနေပါစေ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို ယှဉ်နိုင်မည် မဟုတ်ဘူးဟု လူအများ တွေးတောနေကြသည်။

သို့သော် လုံးလုံးလျားလျား မမျှော်လင့်ထားသည့် အခြေအနေတွင် ကောင်းကင်ယံ၌ ရပ်တန့်နေသော ရွှယ်အန်းက ရယ်မောလိုက်သည်။ သူ၏ အပြုံးတွင် မထီမဲ့မြင်ပြုမှု သုံးပုံနှင့် မောက်မာမှု ခုနစ်ပုံ ပါဝင်နေသည်။

“အရှုံးပေးရမယ်တဲ့လား၊ ဟား... ခြေလှမ်းတစ်ဝက် အင်မော်တယ်ဘုရင်အဆင့်လောက်နဲ့ စကားကြီးစကားကျယ် ပြောနေလိုက်တာ”

ထိုစကားကြောင့် လူအုပ်ကြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။

‘ခြေလှမ်းတစ်ဝက် အင်မော်တယ်အဆင့်လောက်နဲ့… ’

ထိုစကားများသည် မောက်မာရုံသာမကဘဲ သေတွင်းသို့ တည့်တည့်တိုးဝင်နေခြင်းဖြစ်သည်။ ရှု့ဝမ်သည်လည်း ထိုနည်းလည်းကောင်းတူ တွေးနေသည်။ သူ၏ မျက်နှာထားများ ပြောင်းလဲသွား၍ ခက်ထန်စွာ ပြောလိုက်သည်။

“ကောင်လေး... မင်းရဲ့ ယုံကြည်မှုတွေ ဘယ်ကလာမှန်း ကျုပ် မသိဘူး။ ဒါပေမယ့် ကောင်းကင်အထက်မှာ ပိုမြင့်တဲ့ နေရာရှိသေးတယ်ဆိုတာ မှတ်ထား၊ လူတွေရဲ့ အထက်မှာလည်း...”

ဘန်း

သူ့စကားများ မပြီးဆုံးမီ မည်သည့်အချိန်က အနားသို့ ရောက်လာမှန်း မသိသော ရွှယ်အန်းသည် ရှု့ဝမ်၏ မျက်နှာကို လက်သီးဖြင့် ထိုးနှက်လာသောကြောင့် ရှု့ဝမ်တစ်ယောက် လွင့်ထွက်သွားသည်။ ပြီးနောက် ရွှယ်အန်းသည် လက်သီးကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလျက် အေးစက်စွာ ပြောလိုက်သည်။

“စိတ်မရှိပါနဲ့၊ အဲဒီစကားတွေကို ကျုပ် ကြားရတာ ငြီးငွေ့နေပြီ။ အသစ်အဆန်းလေးဘာလေး မရှိတော့ဘူးလား”

ပေပေါင်း ထောင်ချီ လွင့်ထွက်သွားသော ရှု့ဝမ်သည် အရှိိန်ကို ပြန်လည် ထိန်းချုပ်လိုက်ရသည်။ သူ၏ မျက်နှာတစ်ခြမ်းသည် အလွန်အမင်း ရောင်ကိုင်းနေ၍ မျက်လုံးတစ်ဖက်ပင် ပိတ်သွားသည်။ ရွှေရောင်အလင်းတန်းများသည် သူ၏ မျက်နှာကို ချက်ချင်း ပြန်လည်ကောင်းမွန်စေသော်လည်း ပြင်းထန်သော နာကျင်မှုနှင့် လူအများရှေ့တွင် အရှက်ရမှုတို့ကြောင့် သူ ဒေါသအလိပ်လိပ် ထွက်လာသည်။

“မင်းကို သတ်မယ်” ရှု့ဝမ်၏ မျက်လုံးများ သွေးရောင်လွှမ်းသွားကာ သူ၏ ပတ်ပတ်လည်ရှိ ရွှေအလင်းရောင်များ ကြီးမားသော မန္တန်စက်ဝိုင်းကြီးအဖြစ်သို့ ပြောင်းလဲသွား၍ ရွှယ်အန်းထံ အရှိန်အဟုန်ဖြင့် လွင့်ပျံလာသည်။

ရွှယ်အန်းသည် ရှောင်တိမ်းခြင်း မပြုဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ဒါကတော့ နည်းနည်း စိတ်ဝင်စားဖို့ ကောင်းလာပြီ။ ဒါပေမယ့် ကံဆိုးတာက...”

ရွှယ်အန်းသည် ပြောပြောဆိုဆိုနှင့်ပင် လက်သီးကို မြှောက်တင်ကာ တိုက်ရိုက် ထိုးနှက်လိုက်သည်။ အရှိန်အဟုန်ဖြင့် လည်ပတ်နေသော မန္တန်စက်ဝိုင်းကြီး ရုတ်တရက် ရပ်တန့်သွားကာ ရွှယ်အန်း၏ လက်သီးအောက်တွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာ၍ လျင်မြန်စွာ ပြန့်နှံ့သွားသည်။

ဘုံး

ပြီးနောက် မန္တန်စက်ဝိုင်းကြီး အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ ရွှယ်အန်းသည် ပျက်စီးသွားသော ရွှေရောင်အလင်းစများကြားတွင် ထွက်ပေါ်လာကာ သူ၏ အသံသည် အလွန်အေးစက်နေသည်။

“ကံဆိုးတာက... ဒါလည်း မလုံလောက်သေးဘူး”

ရှု့ဝမ်သည် သူ၏ မျက်လုံးကိုပင် သူ မယုံကြည်နိုင် ဖြစ်နေသည်။ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ခွန်အားသည် အဆပေါင်း ရာချီ တိုးတက်လာခဲ့သည်။ သို့သော် သူသည် ထိုလူငယ်၏ လက်သီးတစ်ချက်ကိုပင် မတားဆီးနိုင်ခဲ့ပေ။ သူ၏ တုံ့ပြန်မှုသည် မြန်ဆန်လှသည်။ ပထမတစ်ချက် တိုက်ခိုက်မှု မအောင်မြင်သဖြင့် ဒုတိယအကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုခဏ၌ အဝေးတွင် ရပ်နေသော ရွှယ်အန်းသည် ရုတ်တရက် ပျောက်ကွယ်သွားကြောင်း သူ တွေ့ရှိလိုက်ရသည်။ ရှု့ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးအမျှင်များ ထောင်မတ်လာသော်လည်း ရွှေရောင်အလင်းတန်းများကို စုစည်းကာ မိမိကိုယ်ကို ကာကွယ်ရန် ရွှေရောင်သံချပ်ကာအဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ တုံ့ပြန်မှုသည် မနှေးလှသော်လည်း အနည်းငယ် နောက်ကျသွားခဲ့သည်။

ရွှယ်အန်း၏ အေးစက်စက် အသံသည် သူ၏ နောက်ကျောမှ ထွက်ပေါ်လာသည်။

“ကစားလို့ ဝပြီလား။ ပြီးပြီဆိုရင်လည်း... သေဖို့ ပြင်လိုက်တော့”

ရွှယ်အန်းသည် သူနှင့် အလွန်နီးကပ်နေသဖြင့် ရှု့ဝမ်သည် ရွှယ်အန်း၏ အသက်ရှူသံကိုပင် ခံစားနေရသည်။ ရှု့ဝမ်သည် ကြောက်လန့်တုန်လှုပ်လာသဖြင့် မတုံ့ဆိုင်းတော့ဘဲ အနောက်သို့ ပြန်လည် တိုက်ခိုက်လိုက်သည်။ သို့သော် ထိုခဏ၌ အေးစက်သော လက်တစ်ဖက်သည် နောက်ကျောမှ သူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ အားဖြင့် ဖိညှစ်လိုက်သည်။ ရှု့ဝမ်သည် ပတ်ဝန်းကျင်နှင့် ဆက်သွယ်မှုများ ချက်ချင်း ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ အရှိန်အဟုန်ပြင်းထန်သော စွမ်းအင်များ လေလျှော့သွားသော ဘောလုံးကဲ့သို့ ချက်ချင်းပင် လျော့နည်းသွားသည်။ မည်သို့ပင်ဆိုစေကာမူ ရှု့ဝမ်သည် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဘုရင်ဖြစ်သဖြင့် သူ၏ ကျင့်စဉ်အားလုံးကို အသုံးချကာ ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်တွင် ရှု့ဝမ်ကို ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောလှသော နတ်အာရုံများက လွှမ်းခြုံလာသည်။

ရှု့ဝမ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“မလုပ်နဲ့...”

ချက်ချင်းဆိုသလိုပင် သူ၏ ဆက်သွယ်မှုအားလုံးကို နတ်အာရုံက ဖြတ်တောက်လာကာ ခန္ဓာကိုယ်အပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းကိုပင် ရုပ်သိမ်းလိုက်သဖြင့် သူသည် မြင်နိုင်၊ ကြားနိုင်သော်လည်း မည်သို့မျှ မတုံ့ပြန်နိုင်သော အလောင်းကောင်တစ်ခုကဲ့သို့ ဖြစ်သွားရသည်။

ထိုအခါမှသာ ရွှယ်အန်းသည် သူ၏ လက်ကို လွှတ်ပေးပြီးနောက် နောက်သို့ ဆုတ်ခွာ၍ တည်ငြိမ်စွာ မေးလိုက်သည်။

“မင်း တခြား ဘာပြောစရာရှိသေးလဲ”

အခန်း (၁၂၉၀) လှပသော မီးရှူးမီးပန်းများ

ရှု့ဝမ်သည် လေဟာနယ်ထဲတွင် ငြိမ်သက်စွာ ပေါ်လောပေါ်နေသော ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှည့်လိုက်ရာ ရွှယ်အန်းကို မြင်တွေ့လိုက်ရသည်။ သို့သော် ဤအချိန်တွင် ရှု့ဝမ်၏ အဆင့်ဖြတ်ကျော်မှုကြောင့် ဖြစ်ပေါ်လာသော ဝမ်းမြောက်မှုများ ပျောက်ကွယ်သွား၍ အဆုံးမဲ့ ထိတ်လန့်ခြောက်ခြားမှုနှင့် စိတ်ပျက်အားငယ်မှုများ အစားထိုးဝင်ရောက်လာသည်။ နေရာတစ်ခုလုံး အသက်ရှူသံပင် မကြားနိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။ လူအပေါင်းသည်လည်း တုန်ရီနေသော ခန္ဓာကိုယ်များဖြင့် ကြည့်နေကြသည်။

ထိုစဉ် ရွှယ်အန်းက ခေါင်းကို အနည်းငယ် စောင်းကာ ပြောလိုက်သည်။

"အော်... ခင်ဗျား အခု စကားမပြောနိုင်တာကို ကျုပ် မေ့သွားတယ်"

ထိုသို့ပြောပြီးနောက် လက်ကို ပေါ့လျော့စွာ ဝေ့ယမ်းလိုက်ရာ ရှု့ဝမ်​၏ ပါးစပ်တစ်ဝိုက်ရှိ ချည်နှောင်ထားမှုများ လျော့ရဲသွားသဖြင့် နောက်ဆုံး၌ စကားပြောနိုင်ခွင့် ရရှိသွားသည်။ သို့သော် သူ ပထမဆုံး ပြောလိုက်သော စကားသည် အသနားခံခြင်း မဟုတ်ပေ။

"မင်း... မင်း ကျုပ်ကို သတ်လို့မရဘူး"

"အို... ဘာဖြစ်လို့လဲ" ရွှယ်အန်းက မျက်ခုံးကို အနည်းငယ် ပင့်ကာ အေးစက်စက် မေးမြန်းလိုက်သည်။

"ဘာလို့လဲဆိုတော့... မင်း ကျုပ်ကို သတ်လိုက်ရင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ အမွေအနှစ်တွေ အကုန်ဆုံးရှုံးသွားလိမ့်မယ်။ နောက် ရက်အနည်းငယ်ကြာရင် နှစ်တစ်ရာပြည့် တာအိုအမွေအနှစ် ပြိုင်ပွဲ ကျင်းပတော့မှာ။ မင်းက ဖုကွမ်းကို သတ်ပြီးပြီ၊ ကျုပ်ကိုပါ ထပ်သတ်ရင် ရွှေရောင်အလင်းကောင်းကင်နယ်မြေ ကျိန်းသေပေါက် ရှုံးနိမ့်သွားလိမ့်မယ်။ ကျုပ်..."

ရှု့ဝမ်က တတွတ်တွတ် ပြောနေစဉ် ရွှယ်အန်းက လက်ဝေ့ယမ်းကာ ဖြတ်ပြောလိုက်သည်။ "ရှုံးနိမ့်တော့ ဘာဖြစ်လဲ"

"ရှုံးနိမ့်သွားရင် ရွှေရောင်အလင်းကောင်းကင်နယ်မြေ ပယ်ဖျက်ခံရပြီး တခြား ကောင်ကင်ဘုံကြီးတွေရဲ့ ခွဲဝေတာကို ခံရလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီက လူတွေအားလုံး တခြားသူတွေရဲ့ ကျွန် ဖြစ်သွားကြလိမ့်မယ်"

ရှု့ဝမ်သည် ရှုံးနိမ့်မှု၏ ဆိုးကျိုးပုံရိပ်ကို အစွမ်းကုန် ချဲ့ကားပြောလိုက်သည်။

သို့သော် ထိုစကားများကို ရွှယ်အန်းက အေးစက်စက် အပြုံးဖြင့် နားထောင်နေပြီးနောက် စိတ်ဝင်တစားဖြင့် မေးလိုက်၏။

"ခင်ဗျားတို့ရဲ့ အရင်က ရလဒ်တွေ ဘယ်လိုရှိလဲ"

ရှု့ဝမ်သည် မျက်နှာဖြူလျော့သွား၍ တုံ့ဆိုင်းစွာ ဖြေလိုက်သည်။

"အဲဒါက... နောက်ဆုံးအဆင့်ပါ"

ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။

"အို... ဒါဆိုရင် ခင်ဗျား အသက်ရှင်နေတာနဲ့ သေတာက ဘာထူးလို့လဲ။ ဘာပဲဖြစ်ဖြစ် ခင်ဗျား အသက်ရှင်နေတုန်းကလည်း နောက်ဆုံးအဆင့်ပဲ မဟုတ်လား"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်တင်၍ အေးစက်စွာ ကြည့်နေသည်။

ရှု့ဝမ်သည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် သွားများပင် တုန်ယင်နေ၍ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး... ကျုပ်ကို မသတ်ပါနဲ့။ အရင်က နောက်ဆုံးအဆင့် ရခဲ့ပေမယ့် ဒီတစ်ခါလည်း အတူတူပဲ ဖြစ်လိမ့်မယ်လို့ မဆိုလိုဘူး။ ကျုပ်ကို သတ်လိုက်ရင် မင်းအတွက် ဘာအကျိုးမှ မရှိဘူး"

သို့သော် ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။

"အကျိုးအမြတ်တဲ့လား။ ခင်ဗျား သေသွားတာက အကြီးမားဆုံး အကျိုးအမြတ်ပဲ။ ပြီးတော့ မစိုးရိမ်ပါနဲ့၊ ခင်ဗျား သေပြီးရင် တာအိုအမွေအနှစ် ပြိုင်ပွဲမှာ ခင်ဗျားနေရာကို အစားထိုးမယ့်သူ တစ်ယောက် ရှိလာမှာပါ"

စကားဆုံးသည်နှင့် ရွှယ်အန်း၏ လက်သီးချက်သည် ရှု့ဝမ် အနီးသို့ မိုးကြိုးပမာ ပြင်းထန်စွာ ရောက်ရှိလာသည်။ ရှု့ဝမ်သည် ဝက်တစ်ကောင်ကဲ့သို့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"မလုပ်ပါနဲ့၊ ကျုပ်ကို သတ်လိုက်ရင် ဒီနယ်မြေမှာ မငြိမ်မသက်မှုတွေ ဖြစ်လာတဲ့အခါ မိစ္ဆာတွေကို ဘယ်သူ နှိမ်နင်းမှာလဲ။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ မဟာစည်းတံဆိပ်က ကျုပ်လက်ထဲမှာ..."

စကားမဆုံးမီပင် ရွှယ်အန်း၏ အခြားလက်တစ်ဖက်မှ ဖြူစင်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၍ လွင့်မြောနေသော ကျောက်စိမ်းစည်းတံဆိပ်တစ်ခု ပြသလာသည်။ ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။

"ခင်ဗျား ပြောနေတာ ဒါလား"

ရှု့ဝမ်သည် အလွန်ဆွံ့အသွားသည်။

"ဒါ... ဒါက... ဘယ်လိုလုပ် မင်းလက်ထဲ ရောက်နေတာလဲ"

ထိုပစ္စည်းသည် ရွှယ်အန်း၏ လက်ထဲသို့ မည်သို့ရောက်ရှိသွားသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။ ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။

"ဟိုဖုကွမ်းဆိုတဲ့လူ သေတဲ့အချိန် သူ့ဝိညာဉ်ပင်လယ်ထဲကနေ ကျုပ် ယူထားလိုက်တာ။ ခင်ဗျားပြောတဲ့ မိစ္ဆာတွေ အတွက်ကတော့... တစ်ကောင်မှ လွတ်မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ရွှယ်အန်းသည် လက်သီးကို ပြတ်သားစွာ ဝှေ့ယမ်းလိုက်သည်။

ဘန်း

လက်သီးသည် ရှု့ဝမ်၏ မျက်နှာကို ထိမှန်သွား၍ နောက်စေ့မှ ဖောက်ထွက်သွားသည်။ ရှု့ဝမ်၏ ဦးခေါင်းသည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွား၍ ရွှယ်အန်း ချည်နှောင်ထားသော သူ၏ ဝိညာဉ်ပင်အတူတကွ ပျက်စီးသွားသည်။ နှစ်ပေါင်းသုံးရာတိုင်တိုင် ကြိုးစားအားထုတ် ကျင့်ကြံကာ မကြာသေးမီက ခြေလှမ်းတစ်ဝက် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူသည် လက်ဖက်ရည်တစ်ခွက် သောက်သည့် အချိန်ခန့်သာ အောင်ပွဲ ခံစားလိုက်ရပြီးနောက် ရွှယ်အန်း၏ လက်ချက်ဖြင့် ဝိညာဉ်ချုပ်ငြိမ်း၍ သမိုင်းစာမျက်နှာထဲ ပျောက်ကွယ်သွားလေသည်။ ထိုသို့ လုပ်ဆောင်ပြီးနောက် ရွှယ်အန်းသည် သူ၏ လက်မောင်းကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်း၍ လက်ကို အနည်းငယ် ခါလိုက်ရာ သွေးပေစွန်းမှုအားလုံးကို သန့်စင်စေမည့် မီးတောက်တစ်ခု ပေါ်ထွက်လာသည်။

ပြီးနောက် ရွှယ်အန်းသည် တစ်ကွင်းလုံးရှိ ရင်ပြင်ကို ငုံ့ကြည့်လိုက်သည်။ ဤအချိန်တွင် ရင်ပြင်ပေါ်ရှိ အတွင်းစည်းတပည့်များအပြင် အသစ်ဝင်လာသော တပည့်များမကျန် မထိန်းချုပ်နိုင်အောင် တုန်ရီနေကြသည်။ အထူးသဖြင့် ရွှယ်အန်း၏ အကြည့်များ ၎င်းတို့အပေါ်သို့ ကျရောက်လာသောအခါ အလွန်အမင်း ထိတ်လန့်သွားကြ၍ မျက်လုံးချင်းပင် မဆုံရဲဘဲ ခေါင်းငုံ့ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း ပြသခဲ့သော စွမ်းအင်သည် အမှန်တကယ် တုန်လှုပ်ဖွယ်ကောင်းသောကြောင့်ဖြစ်သည်။ သူသည် ကနဦးမှ နိဂုံးအထိ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ဂိုဏ်းခေါင်းဆောင် နှစ်ယောက်၊ အကြီးအကဲ နှစ်ယောက်နှင့် အတွင်းစည်းတပည့် နှစ်ယောက်တို့ကို ဆက်တိုက် သတ်ဖြတ်ခဲ့သည်။

ဤကဲ့သို့သော စွမ်းအင်မျိုးကြောင့် မည်မျှ မောမာသူဖြစ်ပါစေ ဦးညွှတ်သွားစေရန် လုံလောက်ပေသည်။ သို့သော် လူတိုင်းသည် ထိုသို့ ခံစားနေရခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် ဖုကွမ်း၏ အသုံးချမှုကို ခံစားရပြီးနောက် စွန့်ပစ်ခံခဲ့ရသော လူချူးကျန်သည် ရွှယ်အန်းကို အံ့သြခြင်းနှင့် ဇဝေဇဝါဖြစ်ခြင်းတို့ ရောယှက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ ထို့အတူပင် ရှန်းမြောင်သုံသည်လည်း ဝေခွဲမရဖြစ်နေသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် အစ်မဖြစ်သူသည် သူမ​၏မျက်စိရှေ့တွင် သေဆုံးသွားခဲ့ရသဖြင့် ရုန်းမထွက်နိုင်သော ရှုပ်ထွေးမှုများထဲ၌ နစ်မွန်းနေခဲ့သည်။ ရှန်းမြောင်သုံသည် သူမ၏ အစ်မဖြစ်သူ ရှန်းမန်ယွီ၏ ဦးခေါင်း ပေါက်ကွဲသွားသည့် မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သာမန်အားဖြင့်ဆိုလျှင် အစ်မဖြစ်သူ မျက်စိရှေ့တွင် သေဆုံးသွားခြင်းကို မြင်တွေ့လိုက်ရပါက အတိုင်းအဆမဲ့သော ဒေါသများ ခံစားရမည် ဖြစ်သည်။

မှန်သည်၊ ထိုအခိုက်အတန့်၌ သူမ၏ ရင်ထဲတွင် ပြင်းထန်သော ဒေါသများ ခံစားခဲ့ရသည်။ သို့သော် ထိုပြင်းထန်သော ဒေါသများကြားတွင် တစ်မျိုးတစ်ဖုံသော စိတ်သက်သာမှုများ ရောယှက်နေကာ သူမ၏ ရင်ထဲတွင် အမြဲတမ်း ဖိနှိပ်ထားသော ခံစားချက်တစ်ခု ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ခံစားရသည်။ ရှန်းမြောင်သုံသည် ဤခံစားချက်ကြောင့် ဇဝေဇဝါ ဖြစ်နေသော်လည်း ရွှယ်အန်း၏ နောက်ထပ် လုပ်ဆောင်ချက်များသည် ထိုခံစားချက်ကို ပိုမို နက်ရှိုင်းသွားစေသည်။ သူသည် စကားပြောနေစဉ် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဘုရင်အဆင့်ကို သုတ်သင်ပြီးနောက် အကြည့်တစ်ချက်ဖြင့် လူတိုင်းကို တုန်လှုပ်စွာ ဦးညွှတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ဤခမ်းနားလှသော စွမ်းအင်များကြောင့် ငယ်စဉ်ကတည်းက သူရဲကောင်းများကို အမြဲတစေ အထင်ကြီး လေးစားခဲ့သော ရှန်းမြောင်သုံကို အံ့သြကြည်ညိုမှုများ ဖြစ်ပေါ်လာစေသည်။ ဤခံစားချက်သည် ယခင်က ဖြစ်ပေါ်ခဲ့သော ဒေါသမီးများနှင့် ရောယှက်သွားရာ ရှန်းမြောင်သုံ၏ စိတ်ထဲတွင် လုံးလုံးလျားလျား ဗလာနတ္ထိဖြစ်သွားရသည်။ တစ်ချိန်တည်းမှာပင် လူအများ၏ အာရုံစိုက်မှုကို မရရှိစေရန် ကွင်းပြင်၏ အစွန်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာရန် ကြိုးစားနေသူတစ်ယောက် ရှိနေသည်။ သူသည် ခေါင်းငုံ့ထားလျက် အလွန်အမင်း ကြောက်လန့်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများ ထွက်နေသည်။

"ကျေးဇူးပြုပြီး ကျုပ်ကို သတိမထားမိပါစေနဲ့၊ ကျေးဇူးပြုပြီး ကျုပ်ကို သတိမထားမိပါစေနဲ့" သူ၏ ရင်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေသည်။

သို့သော် လောကကြီးတွင် ကြောက်ရွံ့နေသော အရာသည် ပို၍ ဖြစ်တတ်စမြဲဖြစ်သည်။ သူ၏ ခန္ဓာကိုယ် လူအုပ်ထဲသို့ ဆုတ်ခွာသွားကာ ရင်ပြင်၏ ထွက်ပေါက်နှင့် ခြေလှမ်း အနည်းငယ်သာ ကွာဝေးတော့သည့် အချိန်တွင် ရွှယ်အန်း၏ အေးစက်စက် အသံကို သူ ကြားလိုက်ရသည်။

"နှုတ်မဆက်ဘဲ ထွက်သွားတော့မလို့လား"

ထိုအသံသည် မကျယ်လောင်သော်လည်း ထိုလူ၏ နားထဲတွင်မူ မိုးကြိုးပစ်လိုက်သကဲ့သို့ ခံစားရစေသည်။ သူသည် ချက်ချင်းပင် ခုန်ပေါက်ကာ ခေါင်းမဖော်ဝံ့ဘဲ သူ၏ ကျင့်ကြံမှုအားလုံးကို ထုတ်သုံးကာ အဝေးသို့ ထွက်ပြေးရန် ကြိုးစားတော့သည်။ အဘယ်ကြောင့်ဆိုသော် သူ အချိန်ဆွဲလေ အသက်အန္တရာယ် ပို၍ကြီးမားလေဖြစ်မည်ကို ကောင်းကောင်း သိသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လုရှီဖာ၏ လက်ပါးစေဖြစ်ခဲ့သော စုကျွင်းနင်သည် ရွှယ်အန်းကို ယခင်က အတော်လေး လှောင်ပြောင်ခဲ့သည် မဟုတ်လေသလော။

ထို့ကြောင့် ဤနတ်ဘုရားတမျှ သတ်ဖြတ်နိုင်သူရှေ့တွင် လွတ်မြောက်ရန် အခွင့်အရေး မရှိကြောင်း သူ သိနေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်သည် လေထုထဲသို့ ပျံတက်သွားသည်နှင့် ကျယ်လောင်သော ပေါက်ကွဲအသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် ပေါက်ကွဲသွားသောအခါ မီးရှူးမီးပန်းများကဲ့သို့ သွေးများ လွင့်စဉ်လာကာ မိုးရေစက်များကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ လူချူးကျန် အရှေ့တွင် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိရသော ရွှယ်အန်းက ခပ်တိုးတိုး သက်ပြင်းချကာ ပြောလိုက်သည်။

"လှပတဲ့ မီးရှူးမီးပန်းတွေပဲ။ ခင်ဗျားလည်း အဲဒီလို မထင်ဘူးလား"

လူချူးကျန်သည် မျက်နှာအမူအရာ ဖြူဖျော့သွားပြီးနောက် ခေါင်းငုံ့ကာ ဖြေလိုက်သည်။

"ဟုတ်ကဲ့"

"ခင်ဗျားကျုပ်ကို ဘာမှပြောစရာ မရှိဘူးလား" ရွှယ်အန်းက အပြုံးဖြင့် မေးလိုက်သည်။

All Chapters