နှင်းမုန်တိုင်းအတွင်းမှ လာသောလူ
Vol. 17 Ch. 225
စုမင်သည် သူနှင့်မရင်းနှီးသော ထိုအခြေအနေတွင် အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း မသိရှိတော့ပေ။ သူသည် ဝိညာဉ် ဆုံးရှုံးနေသကဲ့သို့ မျက်လုံးများကိုသာ စေ့ပိတ်ထားခဲ့သည်။ သူ့ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ကမ္ဘာလောကနှင့် အတူတကွ ပေါင်းစပ်နေ သကဲ့သို့ပင် ... သူ့ကမ္ဘာထဲတွင် ကောင်းကင်နှင့် မြေပြင်တို့ မရှိချေ။ သူ့စိတ်သည် ထူထဲသော မြူခိုးအလွှာတစ်ခုဖြင့် ဖုံးအုပ်ခံထားရ သကဲ့သို့ ပရမ်းပတာဖြစ်ကာ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သူ့နှလုံးသားကတော့ ငြိမ်သက်နေခဲ့ချေသည်။ အလွန်ငြိမ်သက် နေသဖြင့် သူ့နှလုံးခုန်သံသည်ပင် စတင်မှေးမှိန် အားနည်းလာနေသည်။
သူ့ဆံပင်နှင့် အဝတ်အစားများပေါ်သို့ နှင်းများကျဆင်း နေခဲ့သည်။ သူ့အပေါ်တွင် နှင်းများ တဖြည်းဖြည်း စုပုံလာကြပြီး အဝေးမှကြည့်လျှင် စုမင်သည် ဆီးနှင်းများဖြင့် ပြုလုပ်ထားသော လူရုပ်ကြီးတစ်ခုနှင့် တူနေလေသည်။
လေးရက်၊ ငါးရက်၊ ခြောက်ရက်....
အကြိမ်ပေါင်းများစွာ နေထွက်သည်၊ နေဝင်သည်။ စုမင်ကိုယ်ပေါ်သို့ နေရောင်နှင့် လရောင်တို့ တစ်လှည့်စီ ကျရောက်နေကြပြီး သူ့ကိုယ်ပေါ်တွင် မတူကွဲပြားသော အလင်းရိပ်များအဖြစ် ရောင်ပြန်ဟပ် နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ သူသည်ကား ရွေ့လျားခြင်း အလျင်းမရှိပဲ ငြိမ်သက်နေဆဲပင် ဖြစ်သည်။
စုမင် ထိုသို့သော အခြေအနေသို့ ဝင်ရောက်မသွားခင် သူမြင်ခဲ့သော နဝမမြောက် တောင်ထွတ်ပေါ်မှလူသည် ထိုအချိန်အခိုက်အတန့် ထိအောင်ပင် ထွက်မသွားခဲ့ သေးကြောင်းကိုတော့ စုမင်မသိခဲ့ပေ။
ထျန်းရှဲ့ကျီသည် တောင်ထိပ်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ စုမင် ထိုနေရာတွင် ထိုင်နေသည်ကို သူအစတည်းက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သော ရက်များတွင်လည်း စောင့်ကြည့်နေ ခဲ့မိသည်။ ထို့ပြင် သူထိုနေရာတွင်သာ ဆက်လက်စောင့်ကြည့် နေဦးမည်လည်း ဖြစ်သည်။
သူသည် စုမင်၏ ဆရာဖြစ်သဖြင့် စုမင် ပြန်နိုးလာချိန်မှသာ ထွက်ခွာသွားရမည်ပင်...
ယခုအခြေအနေသည် သူ့တပည့်၏ ဘဝနှင့် အခြေအနေတို့ ပြောင်းလဲခြင်းအတွက် မယုံနိုင်ဖွယ် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ကြောင်း သူသိ၏။ ဤအရာသည် သူ့အား ထိုးထွင်းသိမြင် သွားစေနိုင်မည့် အကြောင်းအရာ အဖြစ်အပျက် တစ်ခုပင် ဖြစ်သည်။
ထျန်းရှဲ့ကျီသည် စုမင်အား အဝေးမှ လှမ်းကြည့်နေရင်း လေသံလေးဖြင့် ခပ်တိုးတိုး ရေရွတ်မိသည်။
“ငါ့လက်အောက်ကို ရောက်လာတဲ့ တပည့်တိုင်းက သူတို့ရဲ့ ပထမဆုံး ထိုးထွင်းသိမြင်မှုကို မတူညီတဲ့ အချိန်ကာလ အပိုင်းအခြားတွေနဲ့ တွေ့ကြုံရလိမ့်မယ်...”
ပထမဆုံးတပည့်၏ ကိုယ်ပိုင်ထိုးထွင်း သိမြင်မှုအား တွေ့ကြုံခဲ့ရချိန် တုန်းကလည်း သူစောင့်ကြည့်ခဲ့သည်။
ဒုတိယတပည့်၏ ကိုယ်ပိုင်ထိုးထွင်း သိမြင်မှုအား တွေ့ကြုံခဲ့ရချိန်တွင်လည်း သူစောင့်ကြည့်ခဲ့သည်။
တတိယတပည့်၏ ကိုယ်ပိုင်ထိုးထွင်း သိမြင်မှုအား ကြုံတွေ့ခဲ့ရချိန်တွင်လည်း သူ တောင်ထိပ်ပေါ်မှ ငြိမ်သက်စွာ စောင့်ကြည့် ဖြစ်ခဲ့သည်။
ယခုလည်း သူသည် တောင်ပေါ်တွင်ရပ်ကာ ယခင် သုံးကြိမ်တုန်းကလိုပင် ပြုလုပ်နေခြင်း ဖြစ်သည်။ စုမင် ထိုးထွင်းသိမြင်နေချိန်၌ သူစောင့်ကြည့် နေရပေမည်။ ဤဖြစ်စဉ် အတောအတွင်းတွင် သူ့တပည့်များအား ဘယ်သူမှ နှောင့်ယှက်ခွင့် မပြုနိုင်ပေ။ သူသည် သူတို့ဆရာဖြစ်သည်။ သူတို့ အားနည်းနေချိန်တွင် သူ့လက်များကိုဆန့်ကာ သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေး နေရပေမည်။
“ဘယ်လိုနည်းလမ်းမျိုးက မင်းစိတ်ကို ကြည်လင်ရှင်းလင်း စေမလဲဆိုတာ
ငါ စောင့်ကြည့်နေမယ်...”
ထျန်းရှဲ့ကျီ မျက်နှာထက်တွင် ကြင်နာသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုအပြုံးထဲတွင် မျှော်လင့်ချက်တို့ ပါဝင်နေခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ် အခန်းထဲတွင် သားရဲအရေမြေပုံကို ရှာတွေ့ချိန်က ဤတပည့်လေး ငိုကြွေးနေခဲ့သော မြင်ကွင်းကို သူဘယ်သောအခါမှ မေ့တော့မည် မဟုတ်ပေ…
ပထမ၊ ဒုတိယနှင့် တတိယတပည့်များ လက်ခံခဲ့စဉ်ကလိုပင် စုမင်က သူ့အား ဆရာဟု ခေါ်လိုက်ချိန်မှစ၍ စုမင်အား သူ့တပည့်အဖြစ် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။ စုမင်အား သူ့တပည့်အဖြစ် အသိအမှတ်ပြုရန် အချိန်ပိုမလိုအပ်ခဲ့ပေ။ တစ်ခါတစ်ရံတွင် လူများသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ရန် အချိန်အခိုက်အတန့် တစ်ခု၌ လိုအပ်သော ခံစားချက်တစ်ခုသာ ရှိရန်လိုအပ်ချေသည်။
ထျန်းရှဲ့ကျီ ဆက်လက်စောင့်ကြည့် နေခဲ့သည်...
သူ့ကိုယ်သူ အဘိုးဟူဟု ခေါ်ရခြင်းကို စုမင်၏အစ်ကိုသုံးသည် နဝမမြောက် တောင်ထွတ်ရှိ သူ့လိုဏ်ဂူထဲတွင် လက်ထဲတွင် ဘူးသီးခြောက် ဝိုင်အိုးကိုကိုင်၍ သောက်ကာ လဲလျောင်းနေခဲ့သည်။ သို့သော် လွန်ခဲ့သည့်ရက် အနည်းငယ်တည်းကပင် သူအရက်မူးနေ ခဲ့သော်လည်း အိပ်ပျော်ရန်တော့ ခက်ခဲနေခဲ့ချေသည်။
သူသည် အရပ်မျက်နှာ တစ်ခုအား မကြာခဏဆိုသလို မော့ကြည့်နေခဲ့သည်။ သူကြည့်နေသော အရပ်တွင် သူ့လိုဏ်ဂူ၏ ကျောက်တုံးကြီးက ဖုံးကာထားသော်ငြား ထိုကျောက်တုံးကြီးသာ မရှိလျှင် သူကြည့်နေသော နေရာ၌ စင်မြင့်ပေါ်တွင် ထိုင်နေသော စုမင်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
“ငါ့ဘဝကြီးက အရမ်းခက်ခဲတာပဲ ... ဘာအကူအညီမှလည်း မရှိဘူး။ သူက ငါ့ရဲ့ အငယ်ဆုံး ဂျူနီယာညီလေး ဖြစ်လာပြီ ... အနည်းဆုံးတော့ ငါနောက်တစ်ခါ အပြင်ထွက်ပြီး တိုက်ခိုက်ရင် ငါ့ကိုကူပေးမယ့် တစ်ယောက်ယောက် ရှိလာတော့မယ်။ မဆိုးဘူး၊ အဆိုးကြီးတော့ မဟုတ်ဘူး...” အစ်ကိုသုံးက တီးတိုးရေရွတ်ရင်း အလွန်အမင်း ကျေနပ်အားရနေသော အမူအရာဖြင့် အားရပါးရ ပြုံးလိုက်သည်။
“ဟမ့်၊ အနည်းဆုံးတော့ ငါက ဉာဏ်ကောင်းနေတာပဲ။ ငါ့ရဲ့ မရည်ရွယ်တဲ့ လမ်းညွှန်မှုကနေ အငယ်ဆုံး ဂျူနီယာညီလေးက နားလည် သဘောပေါက်မှု ရသွားတာ။ သူ ဘယ်လိုနည်းလမ်းမျိုး ရှာတွေ့မလဲဆိုတာ ကြည့်ရသေးတာပေါ့ ... မကောင်းဘူး။ အကယ်၍ သူသာ အစ်ကိုကြီးလို ထိုးထွင်းသိမြင်မှု ရသွားပြီး သူ့လိုသာ သီးခြားနေပြီး ကျင့်ကြံမယ်ဆိုရင်ရော ... အဲဒီလိုဆိုရင် ငါက နောက်တစ်ခေါက်ထပ်ပြီး တစ်ယောက်တည်း ပြန်ဖြစ်ဦးမယ်”
“သူ ထိုးထွင်းသိမြင် သွားတာက အစ်ကိုနှစ်နဲ့ တူညီတဲ့ အထူးအဆန်း အလေ့အကျင့်မျိုး ဖြစ်ပြီး စိုက်ရပျိုးရတာကို ကြိုက်သွားရင်ရော ... အဲဒီလို မဟုတ်ပဲနဲ့ ... အရက်သောက်တာ ဆိုရင်ရော ... အဲဒါက အကောင်းဆုံးပဲ။ သူသောက်ဖို့လိုတဲ့ အချိန်တိုင်း ငါနဲ့အတူ လာသောက်လို့ရပြီ”
ဟူကျီသည် သူ့ခေါင်းသူ ကုတ်လိုက်ရင်း သူ့မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာခဲ့သည်။
ထိုအချိန်တွင် နဝမမြောက် တောင်ထွတ်ပေါ်ရှိ ကျယ်ပြန့်သော အပင်စိုက်ခင်းကြားတွင် ငုတ်တုတ်ထိုင်နေသော လူတစ်ဦး ရှိနေခဲ့သည်။ သူသည် ရေခဲဖုံးမြေပြင်ကို တူးဆွကာ မြေကြီးထဲ၌ မျိုးစေ့အချို့ စိုက်ပျိုးလျက်ရှိသည်။
အဖြူရောင်ဝတ်ရုံနှင့် ထိုလူတွင် ခန့်ညားချောမောသော မျက်နှာရှိပြီး သူ့မျက်လုံးများက စူးရှတောက်ပ နေကြသည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခုလည်း ရှိနေခဲ့သည်။ သူသည် စုမင်ထိုင်နေရာဆီသို့ မကြာခဏ ခေါင်းမော့ကြည့်လေ့ ရှိသည်။ ထိုသို့မော့ကြည့် ပြီးချိန်တိုင်းတွင်လည်း သူ့အပြုံးက ပိုမိုကျယ်ပြန့်လာ ခဲ့လေသည်။
“ကံကောင်းပါစေ၊ အငယ်ဆုံး ဂျူနီယာညီလေး။ မင်း နဝမမြောက် တောင်ထွတ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမလားဆိုတာ မင်း နားလည်သဘော ပေါက်နိုင်မလား ဆိုတဲ့အပေါ် မူတည်နေတယ်...”
ထိုလူသည် စုမင်၏ အစ်ကိုနှစ်ဖြစ်ပြီး သူသည် မိုးလင်းနေသော်လည်း သွားမအိပ်သေးပါချေ။ အမှန်တကယ်တွင်တော့ သူသည် လွန်ခဲ့သည့်ရက် အနည်းငယ်တည်းကပင် အိပ်မပျော်ခဲ့ခြင်း ဖြစ်သည်။ ထိုအစား သူသည် အပင်များကို စောင့်ရှောက်ရင်းဖြင့် စုမင်အား မကြာခဏ လှမ်းကြည့်နေခဲ့ခြင်းပင်။ ထိုအရာသည် သူ့အတွက်တော့ ပုံမှန်မဟုတ်သော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။
နဝမမြောက်တောင်ထွတ် အောက်ခြေရှိ ရေခဲထဲတွင် အက်ကြောင်းတစ်ခု ရှိနေခဲ့သည်။ ထိုနေရာသည် စုမင် အစ်ကိုအကြီးဆုံး၏ သီးသန့်နယ်မြေပင် ဖြစ်သည်။ သူသည်လည်း စုမင်အား မြင်နေရဟန်ဖြင့် စုမင်ရှိရာသို့ ကြင်နာစွာ ငေးကြည့်နေပြီး သူ့အကြည့်များထဲတွင် စိတ်အား ထက်သန်မှုများလည်း ရှိနေခဲ့သည်။
စုမင် စင်မြင့်ပေါ်တွင် ထိုင်နေခဲ့ပြီး သူ့ကမ္ဘာထဲတွင်တော့ မြူခိုးအလွှာတစ်ခု ရှိနေဆဲပင်ဖြစ်သည်။ သူ ဘာမှမမြင်ရပဲ မြူခိုးများသည်သာ သူ့ကိုဝန်းရံထားကြပြီး ထိုသို့ဖြစ်နေသည်မှာ ဘယ်လောက် ကြာပြီမှန်း သူမသိတော့ပေ။ အသက်ရှူကြိမ် များစွာခန့် ဖြစ်နိုင်သလို၊ နေ့ရက်ပေါင်း များစွာလည်း ဖြစ်နိုင်သည့်အပြင် ထို့ထက်လည်း ပိုကြာရှည်နိုင်သည်...
သူထိုအကြောင်းကို နက်နဲစွာ စဉ်းစားမနေခဲ့မိပဲ မြူခိုးများပေါ်တွင်သာ သူ့အကြည့်ကို စူးစိုက်ထားမိသည်။
ထိုမြူခိုးထဲတွင် တင်ပျဉ်ခွေ ထိုင်နေဟန်တူသော လူတစ်ဦး၏ ဝေဝါးဝါးပုံရိပ်ကို သူမြင်နေရသည်။ ထိုလူ၏ဝန်းကျင်တွင် လေအေးများ ဖြည်းဖြည်းချင်း စုဝေးလာနေသည့်အပြင် ထိုလေအေးထဲတွင် ပူပြင်းသော အရှိန်အဝါ တစ်ခုလည်း ပါဝင်နေခဲ့သည်။
ဤအရာသည် သူ၏ အကြီးဆုံးစီနီယာ အစ်ကိုကြီးအပေါ် စုမင်စိတ်ထဲတွင် မည်သို့ခံစားနေမိသည် ဆိုတာပင် ဖြစ်သည်။
“သူက တစ်ကိုယ်တည်း နေတာကြောင့် တရားထိုင်ရင်း ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး စိတ်ကိုရှင်းလင်း ကြည်လင်အောင် သူ့စိတ်သူ အာရုံစိုက်ထားနိုင်တယ် ... သူရခဲ့တဲ့ပညာရပ်ကို နားလည်ရင်းနဲ့ သူ့ကိုယ်ပိုင် လမ်းကြောင်းကို ဖန်တီးတယ် ... အဲဒါက အစ်ကိုကြီးပဲ”
စုမင် တီးတိုးရေရွတ်မိသည်။ ဤသည်မှာ အစ်ကိုကြီးနှင့် ပတ်သက်၍ သူနားလည်သော အရာပင်...
“ငါလည်း အဲဒီလမ်းကြောင်းကို အောင်မြင်နိုင်တယ် ... ဒါပေမဲ့ အဲဒီလမ်းကြောင်းကို မြင်ခဲ့ဖူးလို့ ရွေးချယ်လိုက်မယ်ဆိုရင် အဲဒါ ဖန်တီးမှု မဟုတ်တော့ဘူး ... တခြားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်မှာ လိုက်လျှောက်လှမ်းတာ ဖြစ်သွားလိမ့်မယ်။ အဲလိုဆိုရင် ငါက အစ်ကိုကြီးရဲ့ အရိပ်ထဲမှာ လျှောက်လှမ်းနေသလို ဖြစ်သွားမှာ”
စုမင် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းမိသည်။
တဖြည်းဖြည်းနှင့် သူ့မျက်လုံးများရှေ့မှာပင် သူ့ကမ္ဘာအတွင်းရှိ မြူများထဲတွင် အခြား ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ သို့သော် ထိုပုံရိပ်ကို စုမင် တစ်ဦးတည်းသာ မြင်နိုင်ချေသည်။ အခြား တစ်ယောက်ယောက်သည် သူ့ကမ္ဘာထဲတွင် ရှိနေခဲ့ပြီး မြူများကို သေချာကြည့်ရှုမည် ဆိုလျှင်တောင် ထိုသူတို့သည် မြူများကိုသာ တွေ့မြင်ရပေလိမ့်မည်။ အခြားမည်သည့် အရာကိုမှ တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။
၎င်းတို့သည် မြူများနှင့်တူသော်လည်း အမှန်တကယ်တွင် ထိုအရာများသည် စုမင် အတွေးများသာ ဖြစ်သည်။
အသစ်ဖြစ်ပေါ်လာသော ပုံရိပ်ထဲတွင် သူ၏အစ်ကိုနှစ်ကို စုမင်တွေ့လိုက်ရသည်။ ထို့ပြင် နဝမမြောက် တောင်ထွတ်မှ အပင်များနှင့် အသက်ဖန်တီးမှု စွမ်းအား တစ်မျိုးကိုလည်း သူတွေ့ရချေသည်။
“ပန်းပွင့်တွေကို ပြီးပြည့်စုံတဲ့အထိ ကြီးထွားခွင့် ပြုလိုက်ခြင်းအားဖြင့် သူ့စိတ်ရဲ့ ပြီးပြည့်စုံဆုံး အခြေအနေကို သူရောက်သွားတယ်။ အဲဒီအပင်တွေရဲ့ အသက်တွေကို လောကကြီးကပေးတာ ဆိုပေမဲ့ အစ်ကိုနှစ်ရဲ့လက်တွေကို ဖြတ်သန်းပြီးမှ ဖြစ်ပေါ်လာတာကြောင့် အဲဒါကလည်း ဖန်တီးမှု အမျိုးအစားတစ်ခု ဖြစ်လာတာပဲ...”
“အစ်ကိုနှစ်က ညရောက်ရင် တခြားလူတစ်ဦးပုံစံ ပြောင်းသွားပြီးတော့ သူကိုယ်တိုင်ပဲ သူဖန်တီးခဲ့တဲ့ အပင်တွေကို အဝေးယူသွားတယ် ... သူကသာ ဒီအပင်တွေကို အသက်ရှင်အောင် လုပ်ပေးခဲ့တဲ့သူဖြစ်လို့ အဲဒါတွေကို သူ့လက်တွေနဲ့ ပြန်ဖျက်ဆီးပစ်နိုင်တယ် ဆိုတဲ့သဘောပဲ...”
စုမင် တုန်လှုပ်သွားရသည်။ သူ၏ တွေးတောဆင်ခြင်နေဆဲ အခြေအနေထဲတွင် သူ့အကိုနှစ်၏ အပြုအမူများထဲမှ အချို့အား ရုတ်တရက် ဆိုသလို နားလည်သွားမိသည်။
သူ့အတွေးတို့သည် မှားကောင်း မှားနိုင်သော်လည်း ၎င်းတို့သည် စုမင် နားလည်သွားမိသော အရာများလည်း ဖြစ်သည်။
“အစ်ကိုနှစ်ရဲ့ ... ဒီလိုဖန်တီးမှုမျိုးက မယုံနိုင်လောက်အောင် လေးနက်တဲ့ အခြေအနေကို ရောက်နေပြီပဲ...”
စုမင် ခပ်တိုးတိုး ရေရွတ်မိသည်။ သူ ခဏတာ တိတ်ဆိတ်သွား မိသော်လည်း ခေါင်းကိုသာ ခါယမ်းလိုက်မိဆဲ ဖြစ်သည်။
“ဖန်တီးမှုဆိုတာ ဘာလဲဆိုတဲ့ ဆရာ့မေးခွန်းကို ဖြေဖို့အတွက် ဒီလမ်းကြောင်းကလည်း ငါနဲ့သင့်တော်တဲ့အရာ မဟုတ်သေးဘူး..”
စုမင် မြူများကို ပြန်ကြည့်မိသည်။ အမှန်တော့ ထျန်းရှဲ့ကျီ၏ မေးခွန်းအတွက် သူ့မှာအဖြေရှိပြီးသား ဖြစ်သည်။ သို့သော် ထိုအဖြေကို သူ့နှလုံးသားထဲ၌ သိမ်းဆည်းထားရုံသာ တတ်နိုင်ပြီး အပြင်သို့ ပြောမထွက်ပေ။ သူသာ ထိုသို့လုပ်မိလျှင်၊ ၎င်းက မှားယွင်းသွားပေ လိမ့်မည်။
“အစ်ကိုကြီး ဖြေခဲ့တဲ့အဖြေက ... ‘ငါက ဖန်တီးမှုပဲ’ ဆိုတဲ့ဟာ ဖြစ်လိမ့်မယ်”
“အစ်ကိုနှစ်ရဲ့ အဖြေကလည်း အတူတူပဲ ဖြစ်ခဲ့လိမ့်မယ်”
“အစ်ကိုသုံးကတော့ သူ ပြန်ဖြေခဲ့တဲ့ စကားလုံးတွေက နည်းနည်း ကွဲပြားနေနိုင်ပေမဲ့ အဓိပ္ပာယ်က တူတူပဲဖြစ်လိမ့်မယ် ... သူတို့စိတ်ကို ရှင်းရှင်းလင်းလင်း ထားနိုင်မယ့် နည်းလမ်းနဲ့ သူတို့ကိုယ်ပိုင် ဖန်တီးမှုကို ရှာတွေ့ခဲ့လို့ သူတို့အဖြေတွေက အဲဒီလိုပုံစံမျိုးပဲ ဖြစ်နေမှာ”
“ငါကတော့ အဖြေကို ရှာမတွေ့သေးလို့ အဲဒီလိုပြောလို့မရဘူး ... ငါ့ကိုယ်ပိုင် လမ်းကြောင်းကို မရှာနိုင်ပဲ အစ်ကိုနှစ်ရဲ့ လမ်းကြောင်းကို တုပမယ်ဆိုရင် ငါဘယ်တော့မှ အဲဒီလိုအဖြေမျိုး ပြောနိုင်တော့မှာ မဟုတ်ဘူး”
စုမင် ခေါင်းခါလိုက်မိသည်။
သူ့ရှေ့မှမြူများက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ ဤတစ်ကြိမ် ပုံရိပ်ထဲတွင်တော့ အစ်ကိုသုံးကို စုမင် တွေ့လိုက်ရသည်။ သူသည် မူးယစ်ရီဝေစွာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူ့နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခုရှိနေပြီး ပါးစပ်ထောင့်မှ သွားရည်များ စီးကျလျက်ရှိ၏။ ခပ်တိုးတိုး ဟောက်သံများကိုပင် စုမင် ကြားနေရချေသည်။
အစ်ကိုသုံးသည် သူ့ကိုပျာ်ရွှင်စေသည့် ကမ္ဘာလောက တစ်ခုအား အိပ်မက်မက်နေခြင်း ဖြစ်သည်။
ထိုကမ္ဘာထဲတွင် မရေမတွက်နိုင်သော လူများက သူနှင့်အတူ ဝိုင်သောက်နေကြပြီး သူ့ထံမှ အရိုက်ခံရန် စောင့်ဆိုင်းနေသည့် မရေမတွက်နိုင်သော လူများလည်းရှိကြသည်....
သူ၏ပျော်ရွှင်နေသော အမူအရာကြောင့် စုမင်မထိန်းနိုင်ပဲ ကျိတ်ရယ်လိုက် မိချေသည်။
အစ်ကိုသုံးသည် အလွယ်ကူဆုံး ထိုးထွင်းသိမြင်နိုင်ခဲ့ပြီး သူ့ထိုးထွင်း သိမြင်မှုသည်လည်း အရိုးရှင်းဆုံး ဖြစ်လိမ့်မည် ဆိုသည်ကို စုမင် တွေးထားပြီးသားပင်။ အမှန်တွင် သူ့အစ်ကိုသုံး၌ မည်သည့် ထိုးထွင်းသိမြင်မှုမှ မရှိတာတောင် ဖြစ်နိုင်သေးသည်။ သူအရက်မူးပြီး အိပ်ပျော်သွားချိန်တွင် အိပ်မက်မက်ပြီး သူ့စိတ်အား ရှင်းလင်းအောင် ထားနိုင်မည့် နည်းလမ်းအား အလိုအလျောက် ရှာတွေ့ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
“တစ်နေ့နေ့မှာ အစ်ကိုသုံးရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာရင် သူ့ရဲ့အောင်မြင်မှုတွေက အစ်ကိုနှစ်ရဲ့ အောင်မြင်မှုတွေထက် နည်းမှာမဟုတ်ဘူး ... အစ်ကိုကြီး အတွက်ကတော့ ... ငါ သူ့လမ်းကြောင်းကို တကယ် နားမလည်နိုင်သေးဘူး”
နောက်ဆုံးတွင် စုမင် နောက်တစ်ကြိမ် ခေါင်းခါလိုက် မိပြန်သည်။
သူ့အစ်ကိုသုံး၏ လမ်းကြောင်းပေါ်တွင်လည်း သူလျှောက်လှမ်းလိမ့်မည် မဟုတ်ပေ။
“ဆရာ့ရဲ့ ထိုးထွင်းနားလည်မှုက ဘာလဲဆိုတာ ငါ သိချင်လိုက်တာ...”
စုမင်၌ သဲလွန်စ မရှိသည့်အတွက် ထိုအကြောင်းကိုတော့ သူမစဉ်းစားတော့ချေ။ တဖြည်းဖြည်းဖြင့် သူ့ရှေ့မှမြူခိုးများသည် အပြင်းအထန် စတင် ပြောင်းလဲလာကြသည်။ ထိုပြောင်းလဲမှုများသည် စုမင်အတွေးများ၏ စိတ်အာရုံမြင်ကွင်းပင် ဖြစ်သည်။
သူ့ကိုယ်ပိုင် ထိုးထွင်းသိမြင်မှု အကြောင်းနှင့် သူ့စိတ်အား ရှင်းလင်းအောင် ထားနိုင်မည့် ကိုယ်ပိုင် နည်းလမ်းတို့ကို သူစဉ်းစား တွေးတောနေခြင်းပင်...
နေ့ရက်တို့ ကုန်လွန်သွားသည် ... မကြာမီမှာပင် စုမင် စင်မြင့်ပေါ်တွင်ထိုင်နေသည်မှာ ၂၇ရက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဤ၂၇ရက် အတောအတွင်း တစ်ခါတစ်ရံတွင် ကောင်းကင်မှ နှင်းမှုန်ဖွဲဖွဲတို့ အနည်းငယ်ခန့် ကျဆင်းလေ့ရှိသည်။ သို့သော် ထိုသို့ဆိုလျှင်ပင် ၎င်းနှင်းမှုန်များကြောင့် စုမင် ခန္ဓာကိုယ်သည် သူ့နံဘေးမှ နှင်းမုန်တိုင်းနှင့် ရေနှော ပေါင်းစပ်နေဟန် ဖြစ်ပေါ်နေဆဲဖြစ်၏။
၂၇ရက် ကုန်လွန်သွားပြီး ၂၈ရက်မြောက်နေ့ နံနက်ခင်းသို့ ရောက်ရှိလာ ချိန်တွင်တော့ နံနက်ခင်းနေသည် နှင်းမုန်တိုင်းကြီး တစ်ခုနှင့်အတူ ယှဉ်တွဲထွက်ပေါ် လာခဲ့ချေသည်။
အေးခဲကောင်းကင် ကလန်တွင် နှင်းမုန်တိုင်းများသည် အဆန်းမဟုတ်ပဲ ရက်အနည်းငယ်လျှင် တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိသည်။ လေအေးများ ကောင်းကင်တစ်ခွင် ဖြတ်သန်း တိုက်ခတ်ကာ ကမ္ဘာလောက တစ်ခုလုံးအား နှင်းမှုန်တို့ လွင့်မျောဖုံးအုပ် နေစေသည်မှာ ထိုနှင်းမုန်တိုင်းသည် ကြီးမားရှေးကျသော သားရဲကြီး တစ်ကောင်က ၎င်း၏ လက်သည်းများကို ပင့်မြှောက်ကာ မြေပြင်သို့ ရိုက်ချလိုက် သကဲ့သို့ပင်...
နှင်းမုန်တိုင်း တိုက်ခတ်လာချိန်တွင် လူတစ်ဦးသည် နဝမမြောက် တောင်ခြေဆီသို့ အဝေးမှ လျှောက်လှမ်းလာခဲ့သည်။ ထိုလူသည် ထူထဲသော ဝါးဦးထုပ်နှင့် ကောက်ရိုး ဝတ်ရုံရှည်တို့ဖြင့် ခန္ဓာကိုယ် တစ်ခုလုံးအား ဖုံးကာထားသည်။ နှင်းမုန်တိုင်း အတွင်းမှ လျှောက်လှမ်း လာချိန်တွင် ထိုသူ့ခန္ဓာကိုယ် အတွင်းမှ တုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခု ပျံ့နှံ့ထွက်ပေါ်နေပြီး နှင်းမှုန်များ၊ လေအေးများသည်ပင် သူ့အနားသို့ ကပ်ရမည်ကို ကြောက်ရွံ့နေသကဲ့သို့ ... ၎င်းတို့သည် ထိုသူ့ခန္ဓာကိုယ် အဝေးသို့ ဆုတ်ခွာသွားကြသဖြင့် နဝမမြောက် တောင်ခြေဆီသို့ မြေနဂါးကြီး တစ်ကောင် နီးကပ်လာသကဲ့သို့ ဖြစ်ပေါ်နေစေသည်။
“စုမင်...”
ထိုသူ၏ အေးစက်စက်နှင့် ထိတ်လန့် ကြောက်မက်ဖွယ်ရာ အသံသည် နဝမမြောက် တောင်ထွတ်အောက်မှ ထွက်ပေါ်လာခဲ့သည်။
***