အခန်း (၇၃၆-၇၃၈)
Vol. 50 Ch. 736-738
အခန်း (၇၃၆) - စိတ်ကြိုက်သာ ရွေးချယ်ကြပေတော့
~သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများ၏ စကားလုံးများက ရိုင်းစိုင်းကာ မောက်မာလွန်းလှသည်။ နဂါးနတ်ဘုရား နန်းတော်၏ အရှင်သခင် ဖုန်းဝူချန်နှင့် မျက်နှာချင်းဆိုင်နေရသော်ငြား ထိုလူငယ်များထံတွင် ကြောက်ရွံ့တုန်လှုပ်ဟန် အလျဉ်းမရှိချေ။ မိုချင်းယွင်၏ ကြိုတင်သတိပေးစကားများကို သူတို့ လုံးဝ ဂရုမစိုက်ခဲ့ကြပေ။
“ပါးစပ်ပိတ်ထားကြစမ်း.. မင်းတို့ အရမ်း မောက်မာမနေကြနဲ့နော်”
ချင်ဝူရွှမ်က ထိုကျောင်းသားများကို စူးစူးရဲရဲ စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်၏။
“ကျွန်တော်တို့က အမှန်တိုင်း ပြောနေတာပဲဟာကို”
ကျောင်းသား တစ်ယောက်က မကျေမနပ်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒီလို နဂါးနတ်ဘုရား နန်းတော်လောက်ကိုများ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကြောက်နေရမှာလား...”
နောက်ထပ် ကျောင်းသားတစ်ယောက်ကလည်း နှုတ်ခမ်းမဲ့ကာ ဝင်ရောက် ပွစိပွစိ လုပ်နေပြန်၏။
ချီဟွမ်နှင့် အခြားသော နန်းတော်သားများ၏ မျက်နှာများမှာ ရေခဲတမျှ အေးစက်သွားတော့သည်။ ဒီကျောင်းသားများ၏ မောက်မာမှုက အကန့်အသတ်ကို ကျော်လွန်နေ၏။ နန်းတော်သခင် ဖုန်းဝူချန်၏ ရှေ့မှောက်တွင်ပင် နဂါးနတ်ဘုရား နန်းတော်ကို ပေါ်တင် အထင်သေးစော်ကားနေကြခြင်းပင် ဖြစ်၏။
“တောင်းပန်ပါတယ် နန်းတော်သခင် ဖုန်း... ဒီကလေးတွေက နည်းနည်း ရိုင်းသွားတယ်”
ရှန်ကွမ်းယွင်ယွင်က သက်ပြင်းချကာ မတတ်နိုင်သည့်ဟန်ဖြင့် ဝင်ရောက် တောင်းပန်လိုက်သည်။
ထိုစကားကို ကြားသော်လည်း ဖုန်းဝူချန်၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင် တစ်စက်မျှ မပေါ်လာခဲ့ပေ။ သူက မောက်မာနေသော ကျောင်းသားများကို တစ်ချက် ဝေ့ကြည့်လိုက်ကာ ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ရပါတယ်လေ... သူတို့က ငယ်ပါသေးတယ်... ဘာမှ နားမလည်ကြသေးတာပါ... လောကဓံကို သေချာ မကြုံဖူးသေးတော့ ဘယ်လို စကားပြောရမလဲဆိုတာ မသိကြသေးတာ နေမှာပါ”
ဖုန်းဝူချန်၏ စကားများက အပေါ်ယံကြည့်လျှင် ရိုးရှင်းသယောင် ရှိသော်ငြား တကယ့်လက်တွေ့တွင်မူ ထိုကျောင်းသားများအား အတွေ့အကြုံမရှိသေးသော နို့နံ့မစင်သေးသည့် ကလေးပေါက်စများဟု သွယ်ဝိုက်၍ ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။
ပို၍ ဆိုးရွားသည်မှာ ထိုစကားကို ဖုန်းဝူချန်၏ နှုတ်ဖျားမှ ထွက်ကျလာခြင်းတည်း။
ဖုန်းဝူချန်၏ အသက်အရွယ်မှာ ထိုကျောင်းသားများထက်ပင် ငယ်ရွယ်နေသေးသည် မဟုတ်ပါလော။ သို့ပါလျက်နှင့် သူတို့ကို 'ငယ်ပါသေးတယ်' ဟု လှောင်ပြောင်လိုက်ခြင်းမှာ မျက်နှာကို ခပ်ပြင်းပြင်း ဖြတ်ရိုက်လိုက်သကဲ့သို့ အရှက်ခွဲလိုက်ခြင်းပင်တည်း။
ဧကန်မလွဲပင်။ ထိုကျောင်းသားများ၏ မျက်နှာများမှာ တစ်ခဏအတွင်း မည်းမှောင်သွားတော့၏။ သူတို့၏ မျက်ဝန်းများအတွင်း၌ ဒေါသမီးတောက်များ အဟုန်ပြင်းစွာ တောက်လောင်လာကာ လူတစ်ယောက်ကို အရှင်လတ်လတ် ဝါးမြိုတော့မည့်အလား စူးစူးရဲရဲ စိုက်ကြည့်လာကြသည်။
သို့ဖြစ်သော်ငြား ဆရာလေးယောက်၏ ရှေ့မှောက်တွင် ဖြစ်နေသောကြောင့်သာ မပေါက်ကွဲရဲဘဲ ရင်ထဲရှိ အမျက်ဒေါသများကို မြိုသိပ်ထားရသည်။ ထိုသို့ အောင့်အည်းထားရခြင်းက သူတို့အတွက် ငရဲပမာ ခံစားရခက်လွန်းလှ၏။
သူတို့ကို ပို၍ သွေးဆူသွားစေသည်မှာ ဖုန်းဝူချန်က သူတို့ကို ထပ်ပြီး တစ်ချက်မျှပင် လှည့်မကြည့်တော့ခြင်းပင် ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ဂုဏ်ယူရသော ပါရမီရှင်များ မဟုတ်ပါလော။ ထိုမျှ အဆင့်အတန်းမြင့်မားလှသော သူတို့ကို ဖုန်းဝူချန်က လူရာမသွင်းဘဲ လျစ်လျူရှုရဲသည်။ မာနခေါင်းထောင်နေသော ပါရမီရှင်များအနေဖြင့် ဤမျှ နှိမ့်ချဆက်ဆံခံရမှုကို မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။
'ဒီကောင်က ဘာမို့လို့ ငါတို့ကို ဒီလောက် အထင်သေးနေရတာလဲ'
“ဆရာတို့ ခင်ဗျာ... ဒီနှစ် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က တပည့်သစ်လက်ခံမယ့် အချိန်ကို ပြင်ပလောကကို အသိပေးကြေညာထားတာ မရှိပါဘူး... နောက်ပြီး ကျွန်တော်တို့ နဂါးနတ်ဘုရား နန်းတော်က မြောက်ပိုင်း နက်နဲခြင်း နယ်မြေနဲ့ဆိုရင် ခရီးအတော်လေး ကွာဝေးပါတယ်... ဒီတော့ ဆရာတို့ဆီက သတင်းကို ကျွန်တော်တို့ ကြိုသိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး... ဒါကြောင့် ဒီကိစ္စက နဂါးနတ်ဘုရား နန်းတော်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး”
ဖုန်းဝူချန်က ဆရာလေးယောက်ကို ခပ်ပြုံးပြုံးဖြင့် ရှင်းပြလိုက်သည်။
ဖုန်းဝူချန်၏ ရှင်းလင်းချက်ကို ကြားမှသာ ကျောင်းသားများလည်း အသိဝင်သွားကြတော့သည်။ တကယ်တမ်း စဉ်းစားကြည့်လျှင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သည် တပည့်သစ် လက်ခံမည့်သတင်းကို ကြိုတင် ကြေညာထားခဲ့ခြင်း မရှိပေ။
ယနေ့မှသာ သတင်းထွက်ပေါ်လာခြင်း ဖြစ်လေရာ နဂါးနတ်ဘုရား နန်းတော်အနေဖြင့် လုံးဝ ကြိုတင်သိရှိနိုင်စွမ်း မရှိချေ။ တနည်းအားဖြင့် ဆိုရသော် ဖုန်းဝူချန်သည် ကျောင်းတော်နှင့် တပည့်လုခဲ့ခြင်း လုံးဝ မရှိခဲ့ပေ။ အရာအားလုံးက သူတို့ဘာသာသူတို့ စိတ်ထင်ဖြင့် နဂါးနတ်ဘုရား နန်းတော်ကို အပုပ်ချ စွပ်စွဲနေခဲ့ကြခြင်းသာ ဖြစ်ပေတော့သည်။
ထိုအမှန်တရားကို သဘောပေါက်သွားချိန်တွင်တော့ ကျောင်းသားများ၏ မျက်နှာများမှာ ရှက်သွေးဖြာကာ နီရဲတက်သွားကြတော့၏။ မိမိကိုယ်ကိုယ် ပါးပြန်ရိုက်မိသကဲ့သို့ အရှက်ကွဲသွားကြခြင်းပင်။
ထိုသို့ အရှက်ရလေလေ သူတို့၏ ရင်တွင်းမှ အမုန်းမီးတောက်များက ပို၍ ကြီးမားလာလေလေ ဖြစ်သည်။ ဖုန်းဝူချန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်ငြား သူတို့၏ ရင်ထဲတွင် ရန်သူတစ်ဦးပမာ ခါးခါးသီးသီး မုန်းတီးသွားကြတော့၏။ ဖုန်းဝူချန်ကို ပညာမပေးရလျှင် အသက်ရှူ၍ပင် ဝဝလင်လင် ရှိမည်မထင်တော့ချေ။
“နန်းတော်သခင် ဖုန်း... အလကားနေရင်း စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့... ကျွန်တော်တို့က အဲဒီသဘောနဲ့ ပြောတာ မဟုတ်ရပါဘူး... ဒီနှစ် တပည့်သစ်လက်ခံတဲ့ နေရာမှာ ဆရာမ ရှန်ကွမ်း တစ်ယောက်ပဲ တပည့်အနည်းငယ် ရလိုက်တာပါ... ကျွန်တော်တို့က ဘယ်သူ့ကိုမှ မရခဲ့ပါဘူး... အခုလို မျိုးဆက်သစ်တွေက နဂါးနတ်ဘုရား နန်းတော်ကို ရွေးချယ်သွားကြတာ ဘာအကြောင်းကြောင့်များလဲ ဆိုတာကို သိချင်ရုံ သက်သက်ပါ”
ယန်ယီယွင်က ခပ်ပြုံးပြုံးဖြင့် ဝင်ရောက် ဖြေရှင်းလိုက်သည်။ သူ၏ မျက်နှာတွင်လည်း အနည်းငယ် အရှက်ရနေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။
“နဂါးနတ်ဘုရား နန်းတော်က လတ်တလောမှာ အင်အားချဲ့ထွင်နေတဲ့ အချိန်ပါ... ပြီးတော့ ကျင့်ကြံဖို့အတွက် ဆေးလုံးတွေ၊ သိပ်သည်းလှတဲ့ ဝိညာဉ်စွမ်းအင်တွေ ထောက်ပံ့ပေးထားတာ ဆိုတော့လည်း လူတွေကို ဆွဲဆောင်နိုင်သွားတာ နေမှာပါ... အခုဆို ပါရမီရှင်တွေနဲ့ သိုင်းပညာရှင် အတော်များများ ကျွန်တော်တို့ဆီ ရောက်လာကြပါတယ်... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က အခုလိုအချိန်မှာ တပည့်သစ် လက်ခံမယ်ဆိုတာ ကျွန်တော် တကယ် မသိခဲ့ပါဘူး”
ဖုန်းဝူချန်က လေသံအေးအေးဖြင့်သာ ရှင်းပြလိုက်သည်။
“အော်... ဒီလိုကိုး...”
ရှန်ကွမ်းယွင်ယွင်နှင့် အခြားဆရာများမှာ နားလည်သွားဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်လိုက်ကြသည်။
“နဂါးနတ်ဘုရား နန်းတော်ရဲ့ ဝိညာဉ်စုစည်း အခင်းအကျင်းကြီးက တကယ်ကို အစွမ်းထက်တာပဲ... ပြင်ပလောကထက်စာရင် ဝိညာဉ်စွမ်းအင်က ဆယ်ဆလောက် ပိုပြီး သိပ်သည်းနေတယ်”
ချင်ဝူရွှမ်က ရေရွတ်လိုက်၏။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စုစည်း အခင်းအကျင်းကြီးကို သူ ဘဝတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
အကြောင်းမူကား နဂါးနတ်ဘုရား နန်းတော်တွင် တပ်ဆင်ထားသော ဝိညာဉ်စုစည်း အခင်းအကျင်းကြီးမှာ ရှေးဟောင်း ကမ္ဘာဦး အခင်းအကျင်းတစ်ခု ဖြစ်သည်။ ၎င်း၏ ဝိညာဉ်စွမ်းအင် စုစည်းနိုင်စွမ်းမှာ သာမန် အခင်းအကျင်းများထက် ဆယ်ဆမက ပိုမို အစွမ်းထက်လှ၏။
ဤမျှ ခမ်းနားကြီးကျယ်သော ဝိညာဉ်စုစည်း အခင်းအကျင်းကြီးမျိုး သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်တွင်ပင် မရှိချေ။ ဤအချက်ကပင် ဆရာလေးယောက်အနေဖြင့် နဂါးနတ်ဘုရား နန်းတော်အပေါ် အထင်မသေးရဲသည့် အကြောင်းရင်းများထဲမှ တစ်ချက် ဖြစ်ပေတော့သည်။
“ဝိညာဉ်စုစည်း အခင်းအကျင်းကြီးက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... အစွမ်းထက်တဲ့ ကျင့်စဉ်တွေ၊ ပညာရှင်ကြီးတွေရဲ့ သေချာတဲ့ လမ်းညွှန်ပြသမှုတွေ မရှိဘူးဆိုရင် ကျင့်ကြံခြင်းအဆင့်က မြန်မြန်ဆန်ဆန် တိုးတက်လာမှာ မဟုတ်ပါဘူး... နောက်ပြီး ဝူကျိနယ်မြေက ပါရမီရှင်တွေဆိုတာ ငတုံးတွေမှ မဟုတ်တာ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က နှစ်တိုင်း တပည့်လက်ခံနေတာ ဘယ်သူမသိဘဲ နေမလဲ... ကျောင်းတော်ရဲ့ အင်အားကိုရော ဘယ်သူက မသိဘဲ နေမှာလဲ... နှိုင်းယှဉ်ကြည့်လိုက်ရင် နဂါးနတ်ဘုရား နန်းတော်က အများကြီး အားနည်းနေသေးတာပဲလေ”
ထိုအခိုက် ချုံယွင်က ကြားဖြတ်ကာ ဝင်ပြောလိုက်သည်။
ပြောပြောဆိုဆိုပင် ချုံယွင်က ဖုန်းဝူချန်အား စူးစူးရဲရဲ စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
“ကျွန်တော် တကယ်ကို သိချင်နေတာကဗျာ... တည်ထောင်တာ တစ်နှစ်တောင် မပြည့်သေးတဲ့ နဂါးနတ်ဘုရား နန်းတော်ကို သူတို့ ဘာကြောင့် ဝင်ချင်ရတာလဲ ဆိုတာပဲ... နဂါးနတ်ဘုရား နန်းတော်ရဲ့ ကျင့်စဉ်တွေက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထက် ပိုပြီး အစွမ်းထက်နေလို့လား... ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ သိုင်းကွက်တွေက ပိုပြီး ကြမ်းတမ်းနေလို့လား”
အမှန်တကယ်လည်း တည်ထောင်သည်မှာ တစ်နှစ်ပင် မပြည့်သေးသော နဂါးနတ်ဘုရား နန်းတော်က ဤမျှ ကြီးမားသည့် အင်အားကို ပိုင်ဆိုင်ထားခြင်းမှာ စဉ်းစား၍ပင် မရနိုင်လောက်အောင် ဆန်းကြယ်လွန်းလှသည်။
ပို၍ နားလည်ရခက်သည်မှာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထက် အဘက်ဘက်မှ နိမ့်ကျနေပါလျက်နှင့် ထိုပါရမီရှင်များကို နဂါးနတ်ဘုရား နန်းတော်သို့ ဝင်ရောက်လာစေရန် မည်သည့်အရာက ဆွဲဆောင်သွားသနည်း ဆိုသည်ပင်။
“ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဆန္ဒပါပဲ... ဘယ်နေရာမှာ ကျင့်ကြံမလဲဆိုတာ သူတို့ရဲ့ လွတ်လပ်ခွင့်လေ... ဒါပေမဲ့ သေချာတဲ့ တစ်ချက်ကတော့ နဂါးနတ်ဘုရား နန်းတော်ဆီမှာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထက် ပိုကောင်းတဲ့ အချက်တစ်ခုခုတော့ ရှိနေလို့ပေါ့”
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ဟက်... လုံးဝ မဖြစ်နိုင်တာ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှာ ကျင့်ကြံဖို့အတွက် မြေကမ္ဘာအဆင့် ကျင့်စဉ်တွေ ရှိတယ်... မင်းတို့ နဂါးနတ်ဘုရား နန်းတော်မှာ အဲဒါတွေ ရှိလို့လား... မြေကမ္ဘာအဆင့် သိုင်းကွက်တွေရော ရှိလို့လား... ဒါမှမဟုတ် နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ကြီးတွေရဲ့ လမ်းညွှန်မှုကိုရော ပေးနိုင်လို့လား... ငါတော့ အဲဒီလို မထင်ပါဘူးကွာ”
နောက်ထပ် ကျောင်းသားတစ်ဦးကလည်း နဂါးနတ်ဘုရား နန်းတော်ကို အထင်အမြင်သေးသည့် လေသံအပြည့်ဖြင့် ဝင်ရောက် ဖဲ့လိုက်ပြန်၏။
သူတို့ စကားပြောလေလေ ဝူကျိနယ်မြေမှ ပါရမီရှင်များသည် ကျောင်းတော်ကို ကျော်ဖြတ်ကာ နဂါးနတ်ဘုရား နန်းတော်ကို ရွေးချယ်သွားကြသည် ဆိုသောအချက်ကို ပို၍ မယုံကြည်နိုင်လေလေ ဖြစ်လာကြတော့သည်။ ဖုန်းဝူချန်သည် တစ်စုံတစ်ရာသော မသမာသည့် နည်းလမ်းများကို အသုံးပြုထားခြင်း ဖြစ်ရမည်ဟု သူတို့ စိတ်ထဲတွင် အခိုင်အမာ ယုံကြည်နေကြသည်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က တကယ်ကို အစွမ်းထက်ပါတယ်... နတ်ဘုရား ဘုရင် နန်းတော်ကတောင် ခင်ဗျားတို့ကို မျက်နှာသာ ပေးထားရတာလေ... နဂါးနတ်ဘုရား နန်းတော်က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်နဲ့ လုံးဝကို ယှဉ်လို့ မရပါဘူး”
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။ ကျောင်းသားများ၏ ထိုးနှက်စကားများက သူ၏ တည်ငြိမ်နေသော စိတ်အစဉ်ကို လှိုင်းဂယက် အနည်းငယ်မျှပင် မထစေနိုင်ခဲ့ချေ။
ထိုအခိုက် ဖုန်းဝူချန်က ချီဟွမ်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။
“ချီဟွမ်... အသက် (၁၆) နှစ်ကနေ (၁၈) နှစ်အတွင်း၊ အနည်းဆုံး အဆင့် (၇) ဝိညာဉ်သိုင်း ပိုင်ဆိုင်ထားတဲ့ ထျန်းယွမ်ဘုံ ပါရမီရှင်တွေ အားလုံးကို ဧည့်ခန်းမဆောင်ဆီ အခု လာခဲ့ဖို့ ပြောလိုက်ပါ”
“နန်းတော်သခင်... အဲဒါ ဘာလုပ်ဖို့လဲ”
ချီဟွမ်တစ်ယောက် ဖုန်းဝူချန်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်သဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“သွားခေါ်လာခဲ့လိုက်ပါ”
ဖုန်းဝူချန်က အေးအေးလူလူပင် တုံ့ပြန်လိုက်သည်။
ဆရာလေးယောက်မှာလည်း ဇဝေဇဝါ ဖြစ်သွားကြတော့၏။
ဖုန်းဝူချန် ဘာတွေ အကြံအစည် ရှိနေသနည်း။
'ဒီကောင်လေး ဘာတွေ လုပ်ဖို့ စဉ်းစားနေတာလဲ'
မကြာမီမှာပင် ဝူကျိနယ်မြေ ဒေသကြီးလေးခုမှ ထိပ်သီး ပါရမီရှင် လူငယ်များ အားလုံး ဧည့်ခန်းမဆောင်အတွင်းသို့ စုရုံးရောက်ရှိလာကြလေတော့သည်။
“နန်းတော်သခင်ကို ဂါရဝပြုပါတယ် ခင်ဗျာ”
ပါရမီရှင် (၃၃) ယောက်တို့က ရိုသေကျိုးနွံစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ ဖုန်းဝူချန်က သူတို့ကို ဘာကြောင့် ရုတ်တရက် ခေါ်ယူလိုက်ရသနည်း ဆိုသည်ကို သူတို့အားလုံး သိချင်နေကြ၏။
“ရပါတယ်... အရမ်းကြီး တရားဝင် မဆန်ပါနဲ့”
ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ ထို့နောက် သူ၏ အကြည့်များက ဆရာလေးယောက်နှင့် ကျောင်းသားများထံသို့ ရွေ့လျားသွားသည်။ သူက ပြုံးကာ ဆိုလိုက်၏။
“ဒီမှာ ရှိနေတာတွေက ဝူကျိနယ်မြေ ဒေသကြီးလေးခုက ပါရမီရှင်တွေပဲ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က အဲဒီလောက်တောင် အစွမ်းထက်နေမှတော့ ဆရာတို့အနေနဲ့ သူတို့ကို ခေါ်သွားလို့ ရပါတယ်... သူတို့ဘက်က သဘောတူတယ်ဆိုရင်ပေါ့... ကျွန်တော် လုံးဝ တားဆီးမှာ မဟုတ်ပါဘူး... ခင်ဗျားတို့ စိတ်ကြိုက်သာ ရွေးချယ်ကြပေတော့”
“ဘာ”
ဖုန်းဝူချန်၏ စကားကြောင့် ဆရာလေးယောက်စလုံး အံ့အားသင့်ကာ ထိတ်လန့်သွားကြတော့၏။
“မင်း သေချာလို့လား”
ချုံယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဖုန်းဝူချန်၏ ဤမျှ ခိုင်မာနေသော ယုံကြည်မှုက ဘယ်ကနေများ ရောက်လာသနည်း ဆိုတာကို သူ နားမလည်နိုင်အောင် ဖြစ်နေရ၏။
“ဒါပေါ့... သူတို့သာ သဘောတူမယ်ဆိုရင် ရပါတယ်”
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် တစ်စက်မျှပင် မရှိချေ။
အခန်း (၇၃၇) - လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြခြင်း
~'ဖုန်းဝူချန်ဆီမှာ ဒီလောက် ယုံကြည်မှုတွေ ဘယ်ကနေ ရနေတာလဲ'
ဆရာလေးယောက်စလုံး အံ့သြထိတ်လန့်သွားကြသလို နားလည်း မလည်နိုင်အောင် ဖြစ်သွားကြ၏။ သူတို့က ဖုန်းဝူချန်ကို အကြောင်သား ငေးကြည့်နေမိကြသည်။
နဂါးနတ်ဘုရား နန်းတော်က အစွမ်းထက်ပြီး တိုးတက်မှုနှုန်း မြန်ဆန်လှသည်မှာ မှန်သော်ငြား သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်နှင့် နှိုင်းယှဉ်လျှင်မူ ကွာဟချက် ကြီးမားနေဆဲပင် ဖြစ်သည်။
ပါရမီရှင်များအနေဖြင့် လူမိုက် မဟုတ်သရွေ့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကိုသာ ပထမဆုံး ရွေးချယ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဤပါရမီရှင် (၃၃) ယောက်စလုံးမှာ ကျောင်းတော်သို့ ဝင်ခွင့်ရရန် အရည်အချင်း ပြည့်မီနေကြသူများ ဖြစ်သည်။ သို့ပါလျက် ဖုန်းဝူချန်က သူတို့ကို တကယ်ပဲ အလွယ်တကူ လက်လွှတ်ခံလိုက်မည်လား။
“မင်းတို့တွေ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို ဝင်ချင်ကြလား... ကျောင်းတော်က မင်းတို့ကို ကျင့်ကြံဖို့အတွက် မြေကမ္ဘာအဆင့် ကျင့်စဉ်တွေ၊ မြေကမ္ဘာအဆင့် သိုင်းကွက်တွေ ထောက်ပံ့ပေးနိုင်တယ်... ဒါ့အပြင် နတ်ဘုရားအသွင်ပြောင်းဘုံက အကြီးအကဲတွေကိုယ်တိုင် လမ်းညွှန်ပြသပေးဦးမှာ... မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က နဂါးနတ်ဘုရား နန်းတော်မှာ နေတာထက် ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာမှာ အသေအချာပဲ”
ချုံယွင်က ပါရမီရှင် လူငယ်လေးများကို ကြည့်ကာ မေးလိုက်သည်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်လား... မနှစ်ကတော့ သွားချင်ခဲ့တာပေါ့ဗျာ... ကံမကောင်းစွာနဲ့ပဲ အရွေးမခံခဲ့ရဘူးလေ... အခုတော့လည်း စိတ်မဝင်စားတော့ပါဘူး”
လူငယ်တစ်ယောက်က ပခုံးတွန့်ကာ ဖြေလိုက်၏။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က သူ့အတွက် လုံးဝ ဆွဲဆောင်မှု မရှိတော့သည့်ဟန်ပင်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို သွားဖို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး... နဂါးနတ်ဘုရား နန်းတော်မှာ နေရတာ အရမ်း ကောင်းနေပြီပဲ”
“နန်းတော်သခင်နဲ့ အစ်ကိုလျိုက ကျွန်တော်တို့အပေါ် အရမ်း ကောင်းကြတယ်... ဒီမှာနေရတာ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ နွေးထွေးလုံခြုံမှု ရှိတယ်”
“ကျွန်တော် မသွားဘူးဗျာ... နန်းတော်သခင်ဆီကနေ ဆေးပညာကို သင်ယူချင်သေးတယ်”
ပါရမီရှင်များက တစ်ယောက်တစ်ပေါက် ငြင်းဆန်လိုက်ကြသည်။ ပို၍ ဆိုးသည်မှာ သူတို့သည် တစ်စက္ကန့်လေးမျှပင် တွေဝေစဉ်းစားခြင်း မရှိဘဲ တန်းငြင်းလိုက်ကြခြင်းပင်။ တိုက်ကြီး၏ နံပါတ်တစ် ကျောင်းတော်ကြီးမှာ သူတို့အတွက် လုံးဝ အဖိုးမတန်တော့သည့်အလား။
ပါရမီရှင်များ၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ ဆရာလေးယောက်မှာ ဆွံ့အသွားကြတော့၏။ ကျောင်းသား အယောက်သုံးဆယ်ကျော်မှာလည်း မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ကြသည်။
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ သွားချင်သူ တစ်ယောက်မျှ မရှိပါလား။
“ဒါက အရမ်း ထူးဆန်းနေပြီ”
ရွှီထျန်းဟုန်က အချိန်အတော်ကြာ အံ့သြမှင်သက်နေပြီးနောက် ရေရွတ်လိုက်သည်။ ဤမျှ ထူးဆန်းလှသော အခြေအနေမျိုးကို သူ ဘဝတွင် တစ်ခါမျှ မကြုံဖူးခဲ့ချေ။
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။
“သူတို့က မသွားချင်ဘူးဆိုမှတော့ ကျွန်တော်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးလေ... ကူညီချင်ပေမယ့်လည်း မတတ်နိုင်ပါဘူး”
“ကျောင်းတော်မှာ မြေကမ္ဘာအဆင့် ကျင့်စဉ်တွေ၊ သိုင်းကွက်တွေ ရှိတယ်လေ... မင်းတို့ မကျင့်ကြံချင်ကြဘူးလား... နောက်ပြီး ကျောင်းတော်မှာ ကျင့်ကြံရင် အနာဂတ်မှာ ထိပ်သီးပညာရှင်ကြီးတွေ သေချာပေါက် ဖြစ်လာမှာနော်”
ချုံယွင်က အရှုံးမပေးဘဲ ဆက်လက် မေးခွန်းထုတ်နေသေးသည်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတိုင်းက အစွမ်းထက်ကြတယ် ဆိုတာ မင်းတို့လည်း သိမှာပါ... မင်းတို့က ဆေးပညာ သင်ချင်လို့လား... ကျောင်းတော်က ပထမအကြီးအကဲဆိုရင် အဆင့် (၈) ဆေးပညာရှင်ကြီးနော်... သူ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် မင်းတို့ ကျင့်ကြံခြင်းအဆင့် မတက်မှာ ပူစရာမလိုတော့ဘူး”
အခြား ကျောင်းသားတစ်ဦးကလည်း ဝင်ရောက် ဖျောင်းဖျလိုက်သည်။
“ကျွန်တော်တို့ နဂါးနတ်ဘုရား နန်းတော်မှာလည်း မြေကမ္ဘာအဆင့် ကျင့်စဉ်တွေ၊ သိုင်းကွက်တွေ အများကြီး ရှိတာပဲ... ခင်ဗျားတို့ တွေးကြည့်လို့ ရတဲ့ အမျိုးအစားတိုင်း ရှိတယ်... ကိုယ်ကျင့်ကြံနိုင်သလောက် ယူကျင့်လို့ ရတယ်ဗျ... ကျောင်းတော်ကို သွားရင်တောင် အဲဒီလောက် အများကြီး ကျင့်ကြံခွင့်ရမှာ မဟုတ်ဘူး မလား... နောက်ပြီး ကျွန်တော်တို့ဆီမှာ အဆင့်မြင့် ဝိညာဉ်လက်နက်တွေလည်း ရှိသေးတယ်”
ပါရမီရှင် လူငယ်တစ်ဦးက ဝင်ပြောလိုက်၏။
လူငယ်လေး၏ စကားအဆုံးတွင် ချုံယွင်နှင့် ကျောင်းသားများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။ ဆရာလေးယောက်မှာလည်း လုံးဝကို အံ့အားသင့်သွားကြလေ၏။
'မြေကမ္ဘာအဆင့် ကျင့်စဉ်နဲ့ သိုင်းကွက် အမျိုးအစားတိုင်း ရှိတယ် ဟုတ်လား'
ဒီလောက် ကြောက်စရာကောင်းတဲ့ နောက်ခံအင်အားကို ပိုင်ဆိုင်ထားတဲ့ နဂါးနတ်ဘုရား နန်းတော်က တကယ်တော့ ဘယ်လို အင်အားစုကြီးမျိုးလဲ။
“ငါတို့ နန်းတော်သခင်က ဆေးဧကရာဇ် အဆင့်နော်... အဆင့် (၈) ဆေးပညာရှင်လောက်က ဘာများ အရေးလုပ်စရာ ရှိလို့လဲ... နောက်ပြီး ငါတို့ နဂါးနတ်ဘုရား နန်းတော်ရဲ့ ပထမအကြီးအကဲကလည်း အဆင့် (၈) ဆေးပညာရှင်ကြီးပဲ... ဝင်္ကပါ ပင်လယ်နယ်မြေက ဆရာကြီး ထျန်းရှန်းဇီလေ... ငါတို့တွေ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို သွားဖို့ မလိုပါဘူး”
အဆင့် (၃) ဆေးပညာရှင် ပါရမီရှင်လေးက ဝင်ရောက် ဖြည့်စွက်လိုက်သည်။
“ဘာ... ထျန်းရှန်းဇီက နဂါးနတ်ဘုရား နန်းတော်ရဲ့ ပထမအကြီးအကဲ ဟုတ်လား”
ဆရာလေးယောက်၏ မျက်နှာများမှာ နောက်တစ်ကြိမ် ထပ်မံ ပျက်ယွင်းသွားကြပြန်၏။ သူတို့ အားလုံး အံ့သြလွန်းသဖြင့် ကျောက်ရုပ်ပမာ တောင့်တင်းသွားကြတော့သည်။
“ဝူကျိနယ်မြေရဲ့ နံပါတ်တစ် ဆေးပညာရှင်ကြီး ထျန်းရှန်းဇီ”
ကျောင်းသား အယောက်သုံးဆယ်ကျော်မှာလည်း အလွန်အမင်း ထိတ်လန့်သွားကြကာ လေအေးများကို ရှိုက်သွင်းလိုက်မိကြသည်။
ချင်ဝူရွှမ်၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့၏။
“ဆရာကြီး ထျန်းရှန်းဇီက နဂါးနတ်ဘုရား နန်းတော်ရဲ့ ပထမအကြီးအကဲ တဲ့လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
နဂါးနတ်ဘုရား နန်းတော်တွင် ဤမျှ ကြီးကျယ်ခမ်းနားလှသော ပုဂ္ဂိုလ်ကြီး ရှိနေလိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ကြချေ။
သို့သော်ငြား သူတို့ အားလုံးသည် 'ဆေးဧကရာဇ်' ဟူသော စကားလုံးကိုမူ လုံးဝ လျစ်လျူရှုထားမိကြသည်။
သူတို့ သေချာ မကြားလိုက်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့မဟုတ် 'ဆေးဧကရာဇ်' ဟူသော ဂုဏ်ပုဒ်က မည်မျှ ကြီးကျယ်သည်ကို သူတို့ နားမလည်ကြခြင်းလည်း ဖြစ်နိုင်၏။
နဂါးနတ်ဘုရား နန်းတော်တွင် ဤမျှ ကောင်းမွန်လှသော အထောက်အပံ့များ ရှိနေလေရာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထက် လုံးဝ နိမ့်ကျမနေသည့်အပြင် အဘက်ဘက်မှပင် သာလွန်နေသေးသည်။ သို့ဖြစ်ရာ သူတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ သွားရန် အကြောင်းပြချက် မရှိတော့ချေ။
ထို့ပြင် လက်ရှိ နဂါးနတ်ဘုရား နန်းတော် ပိုင်ဆိုင်ထားသော ကြောက်မက်ဖွယ် အင်အားကိုလည်း သူတို့ အသိဆုံးပင် ဖြစ်သည်။
“ဖုန်းဝူချန်... မင်း သူတို့ကို ဘာတွေ လုပ်ထားတာလဲ”
ချုံယွင်၏ မျက်နှာမှာ မည်းမှောင်သွားကာ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ဖုန်းဝူချန်အား ကြိမ်းမောင်းလိုက်သည်။
နဂါးနတ်ဘုရား နန်းတော်၌ ထိုမျှ ကြီးမားသော စွမ်းဆောင်နိုင်ရည်များ ရှိသည်ကို ချုံယွင် လုံးဝ မယုံကြည်နိုင်ချေ။ ဖုန်းဝူချန်က ဤပါရမီရှင်များကို နောက်ကွယ်မှ ခြိမ်းခြောက်ထားခြင်း ဖြစ်ရမည်ဟုသာ သူ အခိုင်အမာ ယုံကြည်နေသည်။
ချုံယွင်၏ စော်ကားလိုက်သော စကားကြောင့် ချီဟွမ်နှင့် အခြားသူများ ဒေါသပေါက်ကွဲသွားကြတော့၏။
“ခွေးကောင်လေး... မင်းရဲ့ အဆင့်အတန်းနဲ့ မင်းရဲ့ အပြုအမူကို ဆင်ခြင်စမ်း... နန်းတော်သခင်ကို နောက်တစ်ခါ ထပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲရင် ငါ လုံးဝ ညှာနေမှာ မဟုတ်ဘူးနော်”
ချီဟွမ်က အေးစက်စက် လေသံဖြင့် သတိပေးလိုက်သည်။
ချီဟွမ်ထံမှ ထွက်ပေါ်လာသော ရေခဲတမျှ အေးစက်လှသည့် အရှိန်အဝါကို ခံစားလိုက်ရသောအခါ ချုံယွင် တစ်ယောက် ရုတ်တရက် အသံတိတ်သွားတော့၏။
“မင်းတို့ လိုချင်တဲ့လူ ရွေးခိုင်းလို့ ရွေးခိုင်းပြီးပြီပဲ... ဘာလိုချင်သေးတာလဲ... ဘာလဲ... နန်းတော်သခင်က သူတို့ကို ခြိမ်းခြောက်ထားတယ်လို့ မင်းက သံသယ ဝင်နေတုန်းပဲလား”
ဟွမ်ယန်ကလည်း ချုံယွင်အား အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်သည်။
ချုံယွင်က ပြန်လည် ချေပရန် ဟန်ပြင်လိုက်သော်လည်း ရှန်ကွမ်းယွင်ယွင်က ချက်ချင်း ဝင်ရောက် တားဆီးလိုက်၏။
“နန်းတော်သခင် ဖုန်း... စိတ်အနှောင့်အယှက် ဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်... သူတို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို မလိုက်ချင်ဘူး ဆိုမှတော့ ကျွန်မတို့လည်း အတင်းအကျပ် ခေါ်မသွားတော့ပါဘူး... နဂါးနတ်ဘုရား နန်းတော်မှာ ဆက်နေချင်တာက သူတို့ရဲ့ လွတ်လပ်ခွင့်ပါပဲ... ဘယ်နေရာမှာပဲ ကျင့်ကြံကျင့်ကြံ၊ ကျင့်ကြံခြင်းကတော့ အတူတူပါပဲလေ”
နဂါးနတ်ဘုရား နန်းတော်၏ လျှို့ဝှက်ဆန်းကြယ်မှုများက ရှန်ကွမ်းယွင်ယွင်၏ စူးစမ်းချင်စိတ်ကို နှိုးဆွပေးလိုက်သလို ဖြစ်သွားသည်။ ထို့ပြင် မိုချင်းယွင်၏ ကြိုတင်သတိပေးချက်များလည်း ရှိနေလေရာ ယခုအချိန်တွင် ဖုန်းဝူချန်ကို သူမ လုံးဝ ရန်မစရဲချေ။
ပို၍ အရေးကြီးသည်မှာ အစမှအဆုံးတိုင်အောင် ဖုန်းဝူချန်၏ မျက်နှာထက်တွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်စက်မျှ မပေါ်လာခဲ့ခြင်းပင်။ သူက အလွန် တည်ငြိမ်လွန်းနေသည်။ လူတစ်ယောက်က ခန့်မှန်းရ ခက်လေလေ၊ အခြားသူများအပေါ် သတိထားစရာ ပိုကောင်းလေလေ ဖြစ်သည်။
ဖုန်းဝူချန်သည် ရှန်ကွမ်းယွင်ယွင်အား အတိမ်အနက် ခန့်မှန်း၍မရနိုင်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
“ဆရာမ ရှန်ကွမ်း၊ ဆရာ ချင်ဝူရွှမ်... မတွေ့ရတာ ကြာပြီနော်”
ထိုအခိုက် ဧည့်ခန်းမဆောင် အပြင်ဘက်မှ ကျန်းကျွင့်လန်၏ ရယ်မောသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။
“သခင်လေး ကျန်း”
နဂါးနတ်ဘုရား နန်းတော်တွင် ကျန်းကျွင့်လန် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဆရာလေးယောက်နှင့် ကျောင်းသားများ အားလုံး နောက်တစ်ကြိမ် အံ့သြမှင်တက်သွားကြပြန်၏။ သူတို့က ကျန်းကျွင့်လန်အား မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိကြသည်။
“ဒါ တကယ့် သခင်လေး ကျန်းပဲ... တိုက်ကြီးရဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်ရေး ပါရမီရှင်ကြီးလေ”
ကျောင်းသားတစ်ယောက်က အာမေဋိတ်သံဖြင့် ဟစ်အော်လိုက်သည်။
“သခင်လေး ကျန်းက နဂါးနတ်ဘုရား နန်းတော်မှာ ရောက်နေတာလား... သူက ဖုန်းဝူချန်နဲ့ အရမ်း ရင်းနှီးတာလား”
နောက်ထပ် ကျောင်းသားတစ်ဦးကလည်း ထိတ်လန့်တကြား ရေရွတ်လိုက်၏။
ကျန်းကျွင့်လန်၏ ရုတ်တရက် ပေါ်ထွက်လာမှုက ဆရာလေးယောက်နှင့် ကျောင်းသားများကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ ကျန်းကျွင့်လန်လို ပုဂ္ဂိုလ်မျိုး နဂါးနတ်ဘုရား နန်းတော်တွင် ရှိနေလိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်ပင် မတွေးဖူးခဲ့ကြချေ။
“သခင်လေး ကျန်း... မင်းက ဆရာလေးယောက်နဲ့ သိနေတာလား”
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။
ကျန်းကျွင့်လန်က ရိုသေကျိုးနွံစွာဖြင့် ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ ဆရာ... ကျွန်တော် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို အလည်အပတ် သွားခဲ့ဖူးပါတယ်”
“ဆရာ”
ကျန်းကျွင့်လန်၏ ခေါ်ဝေါ်သုံးနှုန်းမှုကြောင့် ရှန်ကွမ်းယွင်ယွင်၊ ဆရာလေးယောက်နှင့် ကျောင်းသားများ အားလုံး ဆွံ့အသွားကြတော့၏။ သူတို့၏ မျက်နှာများမှာ ကျောက်ရုပ်ပမာ တောင့်တင်းသွားကြသည်။
ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို 'ဆရာ' ဟု ခေါ်လိုက်သည် မဟုတ်ပါလော။
“သခင်လေး ကျန်း... နဂါးနတ်ဘုရား နန်းတော်သခင်က သခင်လေးရဲ့ ဆရာ ဟုတ်လား”
ယန်ယီယွင်က သူကြားလိုက်ရသော စကားကို မယုံကြည်နိုင်စွာဖြင့် အထိတ်တလန့် မေးလိုက်သည်။
“မှန်ပါတယ်... ကျွန်တော့်ဆရာက အစွမ်းထက်တဲ့ လက်နက်သွန်းလုပ်ရေး ပညာရှင်ကြီးပါ... ကျွန်တော် တိုက်ကြီးရဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်ရေး ပါရမီရှင် ဖြစ်လာတာ ဆရာ့ရဲ့ ကူညီလမ်းညွှန်မှုတွေကြောင့်ချည်းပါပဲ... ဆရာ့ရဲ့ သွန်သင်မှုတွေသာ မရှိခဲ့ရင် ကျွန်တော် ဒီနေ့ ဒီအခြေအနေကို ရောက်လာမှာ မဟုတ်ပါဘူး”
ကျန်းကျွင့်လန်က ယဉ်ကျေးစွာ ပြုံး၍ ရှင်းပြလိုက်၏။
“အစွမ်းထက်တဲ့ လက်နက်သွန်းလုပ်ရေး ပညာရှင်ကြီး”
“သူက သခင်လေး ကျန်းကို နံပါတ်တစ် လက်နက်သွန်းလုပ်ရေး ပါရမီရှင် ဖြစ်လာအောင် လမ်းညွှန်ပေးခဲ့တာလား”
“သူက ဆေးပညာရှင် တစ်ယောက်လည်း ဖြစ်နေသေးတယ်... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဆရာလေးယောက်နှင့် ကျောင်းသားများမှာ ဧရာမ တုန်လှုပ်မှုကြီးကို ခံစားလိုက်ကြရသည်။ ဖုန်းဝူချန်သည် ငယ်ရွယ်ပြီး ထျန်းကျီဘုံသို့ တက်လှမ်းထားနိုင်ရုံသာမက၊ အစွမ်းထက်လှသော ဆေးပညာရှင်နှင့် လက်နက်သွန်းလုပ်ရေး ပညာရှင်ကြီးလည်း ဖြစ်နေသေးသည်တကား။
ပို၍ အံ့မခန်းဖြစ်စရာ ကောင်းသည်မှာ ကျန်းကျွင့်လန်အား တိုက်ကြီး၏ နံပါတ်တစ် လက်နက်သွန်းလုပ်ရေး ပါရမီရှင် ဂုဏ်ပုဒ်ကို ရရှိစေရန် ဖုန်းဝူချန်က လမ်းညွှန်ပေးခဲ့ခြင်းပင်။
ဒီလောက် ကြောက်စရာကောင်းတဲ့ ပါရမီရှင်က တကယ်ရော လူသားစစ်စစ် ဟုတ်ပါလေစ။
ကျန်းကျွင့်လန်၏ စကားများက သူတို့ တစ်ကိုယ်လုံးကို တုန်ယင်သွားစေခဲ့သည်မှာ သံသယဝင်စရာပင် မလိုချေ။ သူတို့၏ လိပ်ပြာများပင် လွင့်ထွက်သွားမတတ် ထိတ်လန့်သွားကြတော့၏။
ဤအခိုက်အတန့်ရောက်မှသာ နဂါးနတ်ဘုရား နန်းတော်သည် မည်မျှ အင်အားကြီးမားလှကြောင်းကို သူတို့ သဘောပေါက်သွားကြတော့သည်။
ကျန်းကျွင့်လန်၏ ရှေ့မှောက်တွင်ပင် သူတို့ အားလုံးက ရိုရိုသေသေ ဆက်ဆံနေကြရသည် မဟုတ်ပါလော။ ကျန်းကျွင့်လန်ကပင် ဖုန်းဝူချန်ကို ဆရာဟု ခေါ်နေမှတော့၊ သူတို့အနေဖြင့် ဖုန်းဝူချန်အား မည်သို့လျှင် ရန်စရဲပါတော့မည်နည်း။
အခန်း (၇၃၈) - တိုက်ပွဲကြီး နီးကပ်လာပြီ
~ဧည့်ခန်းမဆောင်ကြီးအတွင်း၌ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများမှာ အသက်ပင် ပြင်းပြင်း မရှူရဲလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။
'ဖုန်းဝူချန်က ဒီလောက်တောင် မောက်မာရဲတာ မဆန်းပါဘူး... သူ့နောက်ကွယ်မှာ ကျန်းမိသားစုက ကျောထောက်နောက်ခံ ပေးထားတာကိုး'
ချုံယွင် အံကို ကြိတ်ထားလိုက်မိ၏။ သူ၏ ရင်တွင်း၌ ဒေါသမီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသော်ငြား သခင်လေးကျန်း၏ ရှေ့မှောက်တွင်မူ အချိုးမပြရဲပေ။
အကယ်၍များ သူသာ သခင်လေးကျန်း၏ ဆရာကို စော်ကားမိသွားလျှင် ကျောင်းတော်က သူ့ဘက်တွင် ရပ်တည်ပေးမည် မဟုတ်ကြောင်းကို သူ ကောင်းကောင်းကြီး သိနေသည်။ သို့ဖြစ်ရာ မည်မျှပင် သွေးဆူနေပါစေ... ချုံယွင်တစ်ယောက် ဒေါသကို မြိုသိပ်ထားရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
ကျန်းကျွင့်လန် ရောက်ရှိလာမှုနှင့်အတူ ကျောင်းသားများ၏ မာနတံခွန်များမှာလည်း တစ်စစီ ကျိုးပဲ့ပျက်စီးသွားခဲ့တော့၏။ သူတို့က နဂါးနတ်ဘုရား နန်းတော်ကို နောက်ထပ် မေးခွန်းထုတ်ရဲခြင်း အလျဉ်းမရှိတော့ပေ။
“ဒီလောက်တောင် ဆူညံနေတာ ဘာတွေများ ဖြစ်နေကြတာလဲလို့ တွေးနေတာ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာလေးယောက် နဂါးနတ်ဘုရား နန်းတော်ဆီ ရောက်နေကြတာကိုး”
အိုမင်းရင့်ရော်နေသော်လည်း ဩဇာတိက္ကမ အပြည့်ပါသော ရယ်သံသဲ့သဲ့နှင့်အတူ ခန်းမပြင်ပမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ရောက်လာသူများမှာ အခြားသူများ မဟုတ်ပေ။ ထျန်းရှန်းဇီ၊ ရှားယွင်ရွှမ်နှင့် ဟန်ခွန်းတို့ အပါအဝင် အဆင့် (၇) ဆေးပညာရှင်ကြီး နှစ်ဦးလည်း ပါဝင်သည်။
“ဆရာကြီး ထျန်းရှန်းဇီ... ဆရာကြီး ရှားယွင်ရွှမ်... ဆရာကြီး ဟန်ခွန်း”
ပုဂ္ဂိုလ်ကြီး သုံးဦး ခန်းမအတွင်း ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဆရာလေးယောက်၏ မျက်နှာများမှာ နောက်တစ်ကြိမ် ထပ်မံ ပျက်ယွင်းသွားကြပြန်၏။
ဝူကျိနယ်မြေ တစ်ခွင်လုံးတွင် ထျန်းရှန်းဇီသာမက ရှားယွင်ရွှမ်နှင့် ဟန်ခွန်းတို့၏ ဂုဏ်သတင်းမှာလည်း လွန်စွာ ကြီးမားလှသည်။ သူတို့သည် ဝူကျိနယ်မြေ ဆေးပညာလောက၏ ထိပ်သီးပုဂ္ဂိုလ်ကြီးများ ဖြစ်ကြ၏။ အထူးသဖြင့် ထျန်းရှန်းဇီဆိုလျှင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ပထမအကြီးအကဲနှင့်ပင် ရင်ပေါင်တန်းနိုင်သူ ဖြစ်သည်။
ဤပုဂ္ဂိုလ်ကြီး ငါးဦးစလုံးမှာ တိုက်ကြီးပေါ်တွင် ပြိုင်ဘက်ကင်း အဆင့်အတန်းများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သို့ပါလျက်နှင့် ဤမျှ ဩဇာကြီးမားလှသော ဆေးပညာရှင်ကြီးများက နဂါးနတ်ဘုရား နန်းတော်သို့ သဘောဆန္ဒအလျောက် ဝင်ရောက်လာခဲ့ကြသည်တကား။
ဖုန်းဝူချန်ဆိုတာ တကယ်တော့ ဘယ်လိုလူမျိုးလဲ။ ဤမေးခွန်းက ဆရာလေးယောက်၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသော်လည်း နှုတ်မှမူ ဖွင့်မမေးရဲကြချေ။
ယနေ့ နဂါးနတ်ဘုရား နန်းတော်သို့ ရောက်လာခြင်းက ဆရာလေးယောက်နှင့် ကျောင်းသားများအတွက် ဧရာမ တုန်လှုပ်မှုကြီးကို ဖြစ်စေခဲ့သည်မှာ အသေအချာပင်။ တစ်နှစ်ပင် မပြည့်သေးသော အချိန်တိုလေးအတွင်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီး ဖြစ်လာလိမ့်မည်ဟု ဘယ်သူကများ ထင်မှတ်ထားခဲ့ပါမည်နည်း။
ဖုန်းဝူချန်၏ ငယ်ရွယ်သော အသက်အရွယ်နှင့် သူ တည်ဆောက်ထားသော ခမ်းနားလှသည့် အင်ပါယာကြီးကို ယှဉ်ကြည့်လိုက်ပါက သူတို့အားလုံး ရှက်သွေးဖြာကာ ခေါင်းမဖော်ရဲလောက်အောင်ပင် ဖြစ်ရတော့သည်။
ဆယ်မိနစ်ခန့် အကြာတွင်တော့ ရှန်ကွမ်းယွင်ယွင်နှင့် ဆရာလေးယောက်တို့က ကျောင်းသားများကို ဦးဆောင်ကာ နန်းတော်ထဲမှ ထွက်ခွာသွားကြသည်။ သူတို့၏ မျက်နှာထက်တွင် အိပ်မက်တစ်ခုမှ နိုးထလာသကဲ့သို့ တအံ့တဩ အရိပ်အယောင်များ စွဲထင်နေဆဲပင်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က အရမ်း အင်အားကြီးလွန်းတော့... သူတို့ကျောင်းသားတွေလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ မောက်မာနေကြတာပဲ”
ချီဟွမ်က ခေါင်းယမ်းရင်း ရေရွတ်လိုက်၏။
ထျန်းရှန်းဇီကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
“ကောင်းတာလည်း ရှိသလို ဆိုးတာလည်း ရှိတာပါပဲဗျာ...”
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်သည်။
“ကျွန်တော်တို့ နဂါးနတ်ဘုရား နန်းတော်သာ မပေါ်လာခဲ့ဘူးဆိုရင် ကျောင်းတော်က ပါရမီရှင်တွေအတွက် တကယ့်ကို အဖိုးတန်တဲ့ နေရာတစ်ခုပဲလေ... သူတို့ရဲ့ အင်အားကြီးမားမှုကြောင့်ပဲ တခြားဂိုဏ်းတွေက ကြောက်ရွံ့ကြတယ်... ဘယ်သူမှ မော်မကြည့်ရဲတော့ ကျောင်းသားတွေကလည်း အကြောက်အလန့် မရှိတော့ဘဲ မောက်မာလာကြတာပေါ့”
စကားကို တစ်ချက်ရပ်ကာ ဖုန်းဝူချန်က ဆက်ပြောလိုက်၏။
“ဒါကလည်း လူနည်းစုလောက်ပါ... ကျောင်းသား အများစုကတော့ ကောင်းကြပါတယ်... တစ်နေ့နေ့တော့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ဆီ သွားလည်ရဦးမယ်”
“မနှစ်က ကျွန်တော် နည်းနည်းလေး လိုသွားလို့ အရွေးမခံခဲ့ရဘူး... ကျောင်းတော်ကို မဝင်ရပေမယ့် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က သူတို့ကျောင်းသားတွေထက် သာနိုင်တယ် ဆိုတာကို သက်သေပြရမယ်”
ပါရမီရှင် လူငယ်လေးတစ်ဦးက အံကို ကြိတ်ကာ ရေရွတ်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌ ခိုင်မာသော ဆုံးဖြတ်ချက်များက တောက်လောင်နေ၏။
ဖုန်းဝူချန်က လက်ကို ဝှေ့ယမ်းကာ ပြုံးလိုက်သည်။
“ကောင်းပြီ... အားလုံးပဲ သွားကျင့်ကြံကြတော့... မင်းတို့ရဲ့ ပါရမီတွေနဲ့ဆိုရင် နန်းတော်ထဲမှာ ကျင့်ကြံတာက ကျောင်းတော်ထက် လုံးဝ နောက်မကျဘူး... ပိုတောင် မြန်ဦးမှာ”
ထိုသို့ပြောပြီးနောက် ဖုန်းဝူချန်သည် ရှေးဦး စက်ကွင်းလက်နက်နှင့် ပတ်သက်သော မြေပုံကို ဆက်လက် လေ့လာနေလေတော့သည်။
သူသည် ရှေးဦး စက်ကွင်းလက်နက်ကို ရရှိထားပြီး ဖြစ်သော်ငြား အချိန်စွမ်းအား၏ တည်နေရာကိုမူ လုံးဝ အစအန ရှာမရသေးချေ။ သို့ဖြစ်ရာ တည်နေရာကို အတိအကျ သိနိုင်ရန် သူ အချိန်ယူ လေ့လာရန် လိုအပ်နေသည်။
“ဆရာမ ရှန်ကွမ်း... ဖုန်းဝူချန်က တကယ်ပဲ အဲဒီလောက်တောင် ကြောက်စရာ ကောင်းနေလို့လား”
အပြန်လမ်းတွင် ကျောင်းသားတစ်ဦးက ဖြူရော်နေသော မျက်နှာဖြင့် ထိတ်လန့်တကြား မေးလိုက်သည်။
ရှန်ကွမ်းယွင်ယွင်၏ ရင်ထဲတွင် တုန်လှုပ်မှုများက ကျန်ရစ်နေဆဲပင်။ သူမက ခေါင်းကို ယမ်းရင်း ဖြေလိုက်၏။
“ဖုန်းဝူချန်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... သူ့ကို လုံးဝ ခန့်မှန်းလို့ မရဘူး”
“သခင်လေးကျန်းရဲ့ ဆရာ ဖြစ်နေရုံလေးနဲ့ ဆရာကြီး ထျန်းရှန်းဇီတို့ ရှားယွင်ရွှမ်တို့က နန်းတော်ထဲ ဝင်သွားကြတယ် ဆိုတာက ယုံရခက်ကြီးပါပဲဗျာ... ဒါက အကြောင်းပြချက် မခိုင်လုံဘူး”
ဟု ချင်ဝူရွှမ်ကလည်း နားမလည်နိုင်သည့်ဟန်ဖြင့် ဝင်ပြောသည်။
ထိုအခါ၊ ရွှီထျန်းဟုန်က အတည်ပေါက်ဖြင့် ဆက်ပြောလိုက်၏။
“ဒီဖုန်းဝူချန်ဆိုတဲ့ ကောင်လေးဆီမှာ အဲဒီထက် ပိုပြီး ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု သေချာပေါက် ရှိနေရမယ်”
ကြယ်တာရာ မြို့တော်အပြင်ဘက်တွင် မိုချင်းယွင်က အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့သည်။ ရှန်ကွမ်းယွင်ယွင်တို့အဖွဲ့ မျက်နှာမကောင်းစွာဖြင့် ပြန်လာကြသည်ကို မြင်လိုက်ရသောအခါ သူက ပြုံးကာ ဆိုလိုက်၏။
“ဆရာတို့ နဂါးနတ်ဘုရား နန်းတော်ရဲ့ အကြောင်းကို နားလည်သွားကြပြီ ထင်တယ်”
ထိုအခါ၊ ချုံယွင်က မကျေမနပ်ဖြင့် ဒေါသတကြီး ဝင်ပြောလိုက်သည်။
“ဘာတွေများ ကြီးကျယ်နေလို့လဲ... ကျန်းမိသားစုက ကျောထောက်နောက်ခံ ပေးထားလို့သာပေါ့... မဟုတ်ရင် ဆရာကြီး ထျန်းရှန်းဇီလို ပုဂ္ဂိုလ်ကြီးက နဂါးနတ်ဘုရား နန်းတော်ထဲကို ဝင်ပါ့မလား”
မိုချင်းယွင်က ချုံယွင်ကို တစ်ချက်ကြည့်ကာ ခေါင်းကိုသာ ခပ်ဖွဖွ ယမ်းလိုက်သည်။ သူ ဘာမှ ထုတ်မပြောသော်ငြား ရင်ထဲတွင်မူ တွေးလိုက်မိ၏။
'သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေက တကယ့်ကို ငတုံးတွေပဲ...'
“ကျောင်းတော်ကို ပြန်ကြတာပေါ့... တပည့်သစ် လက်မခံနိုင်ခဲ့တာကတော့ သတင်းကောင်း မဟုတ်ဘူး”
ချင်ဝူရွှမ်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ဒီနှစ်တွင် တပည့်သစ် တစ်ယောက်မျှ မရခဲ့ခြင်းကို မည်သို့ ရှင်းပြရမည်နည်း။ အကယ်၍များ ဒီသတင်းသာ ပြင်ပလောကသို့ ပေါက်ကြားသွားပါက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ဂုဏ်သိက္ခာအတွက် ဧရာမ ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က နဂါးနတ်ဘုရား နန်းတော်လောက်တောင် အဆင့်မမီတော့ဘူးလား။ ထိုသတင်းသာ ပျံ့နှံ့သွားပါက ကျောင်းတော်၏ ဩဇာတိက္ကမမှာ မည်သည့်နေရာတွင် သွားထားရမည်နည်း။
ထိုစဉ်... နတ်ဘုရား ဘုရင် နန်းတော် ၏ ခန်းမဆောင်ကြီးအတွင်း၌ လိန်ဟွန်းက သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အကြည့်များက ယန်ယင်းထံသို့ စူးစိုက်ကျရောက်သွား၏။
“အခြေအနေ ဘယ်လိုလဲ”
လိန်ဟွန်း၏ ကြောက်စရာ အကြည့်များကြောင့် ယန်ယင်းတစ်ယောက် ကျောချမ်းသွားကာ အမြန်ဆုံး ရိုသေကျိုးနွံစွာ အသိပေးလိုက်သည်။
“သခင်လေးကို အစီရင်ခံပါတယ်... ကျွန်တော် အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါဘူး... ဖုန်းဝူချန်က နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါပြီ... အဲဒီမှာ အစွမ်းထက်တဲ့ ပညာရှင်တွေ အများကြီး ရှိနေတော့ ကျွန်တော်လည်း မဆင်မခြင် မလှုပ်ရှားရဲခဲ့ပါဘူး”
“အသုံးမကျတဲ့ ကောင်”
လိန်ဟွန်းက ဒေါသတကြီး ဟစ်အော်လိုက်ကာ ယန်ယင်းအား ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည်။
“နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ ဟုတ်လား...”
လိန်ဟွန်းက မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကျုံ့ထားလိုက်၏။
“ဖုန်းဝူချန်က ဝူကျိနယ်မြေက အင်အားစု အားလုံးကို စုစည်းပြီး မဟာမိတ်အဖွဲ့ ဖွဲ့လိုက်တာပါ... တခြား သိုင်းပညာရှင် အများကြီးလည်း ဝင်သွားကြတယ်... ဖုန်းဝူချန်က အပြင်ကို ထွက်မလာတော့ ကျွန်တော့်မှာလည်း အခွင့်အရေး မရခဲ့ဘူးလေ”
ယန်ယင်းက ခေါင်းငုံ့ကာ ရှင်းပြလိုက်သည်။
“ဝူကျိနယ်မြေ တစ်ခုလုံးကို စုစည်းလိုက်တယ် ဟုတ်လား... ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကရော ပါဝင်သွားကြလား”
လိန်ဟွန်းက မျက်လုံးမှေးကာ မေးလိုက်သည်။
“ဟုတ်ကဲ့... ပါဝင်သွားကြပါတယ် ခင်ဗျာ”
“ကြည့်ရတာ ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်က အသက်ရှင်ရတာ ငြီးငွေ့နေကြပြီ ထင်တယ်”
လိန်ဟွန်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားကာ သတ်ဖြတ်လိုစိတ်များက ဒီရေအလား တဟုန်းဟုန်း မြင့်တက်လာသည်။ သူက အေးစက်စက် ရယ်မောလိုက်၏။
“ဝူကျိနယ်မြေက လွှမ်းမိုးခြင်း နယ်မြေကို စိန်ခေါ်ချင်နေတာလား... စိတ်ဝင်စားစရာပဲ”
“ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်က အရင်တိုက်ပွဲက ရထားတဲ့ ဒဏ်ရာတွေတောင် မကျက်သေးဘူး... မီးတောက်နဂါးက မိစ္ဆာလေရူး အရှင်သခင်ရဲ့ ထိန်းချုပ်မှုအောက်မှာ... ရှေးဟောင်း ရာ့ရှား မျိုးနွယ်စုကလည်း မိစ္ဆာမျိုးနွယ်စုရဲ့ ပိတ်ဆို့တာကို ခံထားရတယ်... ဒီလို အစွမ်းထက်တဲ့ မဟာမိတ်တွေ မပါဘဲနဲ့ ဒီ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ ဆိုတာက ဘယ်လောက်တောင် စွမ်းနိုင်မလဲ ဆိုတာကို ငါ မြင်ချင်သေးတယ်”
လိန်ဟွန်းက သူ၏ နှုတ်ခမ်းထောင့်ကို ကွေးကာ ရက်စက်သော အပြုံးတစ်ခုဖြင့် ရေရွတ်လိုက်သည်။
“အချိန်လည်း တန်နေပြီပဲ... အမိန့်ပေးလိုက်... လွှမ်းမိုးခြင်း နယ်မြေက အင်အားစုတွေ အားလုံးကို စုစည်းပြီး နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို ချေမှုန်းဖို့ ပြင်ကြစမ်း”
လိန်ဟွန်းထံမှ ဧရာမ အရှိန်အဝါကြီး တစ်ခု ပေါက်ကွဲထွက်လာရင်း ဟစ်အော်လိုက်လေ၏။
“ချေမှုန်းမယ် ဟုတ်လား... သခင်လေး... ဒါက အရမ်း အလျင်စလို နိုင်မနေဘူးလား... တစ်ချက်လောက် တိုင်ပင်...”
ယန်ယင်း၏ မျက်နှာမှာ ဖြူရော်သွားကာ ကမန်းကတန်း ဝင်တားရန် ဟန်ပြင်လိုက်သော်လည်း လိန်ဟွန်း၏ အကြည့်ကြောင့် စကားကို ဆက်မပြောရဲတော့ချေ။
“မင်းမှာ မေးစရာ မေးခွန်း ရှိနေသေးလို့လား”
လိန်ဟွန်းက အေးစက်စွာဖြင့် စိုက်ကြည့်လိုက်၏။
“မ... မရှိပါဘူး ခင်ဗျာ”
ယန်ယင်းက ထိတ်လန့်တကြား ခေါင်းကို အမြန်ယမ်းလိုက်သည်။
မိစ္ဆာမျိုးနွယ်စုက နတ်ဘုရား ဘုရင် နန်းတော်ကို ကျောထောက်နောက်ခံ ပေးထားလေရာ လိန်ဟွန်းအနေဖြင့် မည်သူ့ကိုမျှ ဂရုစိုက်စရာ မလိုတော့လောက်အောင် ရဲတင်းနေခြင်းပင်။
“ဖုန်းဝူချန်... သိပ်မကြာခင်မှာပဲ ငါတို့ ပြန်တွေ့ကြတာပေါ့ကွာ”
လိန်ဟွန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ရက်စက်စွာ ကြုံးဝါးလိုက်သည်။ ကျောချမ်းဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ် အရှိန်အဝါကြီးက ခန်းမဆောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
လိန်ဟွန်း၏ အမိန့်တော် ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် လွှမ်းမိုးခြင်း နယ်မြေမှ အင်အားကြီး ပညာရှင်များ အားလုံးသည် ဧရာမ တပ်မတော်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းကာ နတ်ဘုရား ဘုရင် နန်းတော်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ချီတက်လာကြလေတော့သည်။
နောက်ထပ် သွေးချောင်းစီးမည့် တိုက်ပွဲကြီးတစ်ခုက ပေါက်ကွဲထွက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီပင်။