အခန်း (၇၃၉-၇၄၁)
Vol. 50 Ch. 739-741
အခန်း (၇၃၉) - တပ်မတော်ကြီး ချီတက်လာပြီ
~နတ်ဘုရား ဘုရင် နန်းတော်၏ အထက် ကောင်းကင်ယံတွင် သောင်းနှင့်ချီသော တပ်မတော်ကြီးက အသင့်အနေအထားဖြင့် တည်ရှိနေသည်။
လိန်ဟွန်းသည် ဟင်းလင်းပြင်ထဲတွင် မာနတခွဲသားဖြင့် ရပ်တန့်နေ၏။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေကာ တစ်ခွင်တစ်ပြင်လုံးကို ဖုံးလွှမ်းထားတော့သည်။
“သခင်လေး... အင်အားစု အသီးသီးက စေလွှတ်လိုက်တဲ့ ပညာရှင်တွေ အားလုံး ရောက်ရှိနေကြပါပြီ ခင်ဗျာ”
ယန်ယင်းက ရိုသေကျိုးနွံစွာဖြင့် အစီရင်ခံလိုက်သည်။
“ကောင်းတယ်”
လိန်ဟွန်း၏ နှုတ်ခမ်းထောင့်က အေးစက်စက် အပြုံးတစ်ခုအဖြစ် ကွေးတက်သွား၏။ သူ၏ အကြည့်များက သောင်းနှင့်ချီသော တပ်မတော်ကြီးအပေါ်သို့ ဖြတ်ပြေးသွားသည်။ ရုတ်တရက် သူ၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားကာ ဟိန်းဟောက်လိုက်တော့သည်။
“ဒီနေ့ ငါတို့ တိုက်ပွဲဝင်ကြမယ်... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းပစ်ကြစမ်း”
“နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းမယ်... အမြစ်ပြတ် ချေမှုန်းမယ်”
တပ်မတော်ကြီး တစ်ခုလုံးက တခဲနက် ဟစ်အော်လိုက်ကြသည်။ သူတို့၏ အသံများက မိုးကြိုးပမာ ဟိန်းညံသွားကာ ကြားရသူတိုင်း၏ ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေ၏။
လွှမ်းမိုးခြင်းနယ်မြေ တစ်ခွင်တွင် အင်အားစု အငယ်စားနှင့် အကြီးစား မရေမတွက်နိုင်အောင် ရှိလေရာ ဤသောင်းနှင့်ချီသော တပ်မတော်ကြီးမှာ ရေခဲတောင်၏ ထိပ်စွန်းလေးသာ ဖြစ်ပေသေးသည်။
“နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့တဲ့လား... မင်းတို့ရဲ့ အဖွဲ့ကြီးက အလကား လူအုပ်စုသက်သက် ဟုတ်မဟုတ် ငါ မြင်ချင်သေးတယ်”
လိန်ဟွန်းက အထင်အမြင်သေးမှု အပြည့်ဖြင့် လှောင်ပြောင်လိုက်သည်။
တစ်လတည်းသော အချိန်တိုလေးအတွင်း ဖုန်းဝူချန် တစ်ယောက် ဘယ်လို ကြီးမားသော လှိုင်းတံပိုးမျိုးကိုမှ ဖန်တီးနိုင်မည် မဟုတ်ဟု လိန်ဟွန်းက အခိုင်အမာ ယုံကြည်ထား၏။ ထို့ပြင် လိန်ဟွန်းအနေဖြင့် ဖုန်းဝူချန်အား အသက်ရှူချောင်မည့် အခွင့်အရေး တစ်စက်ကလေးမျှပင် ပေးလိုစိတ် မရှိချေ။ ဖုန်းဝူချန်၏ တိုးတက်မှုနှုန်းက အရမ်းမြန်လွန်းနေလေရာ အမြန်ဆုံး ရှင်းလင်းပစ်ရန် လိုအပ်သည်ဟု သူ ခံစားနေရသည်။
ဖုန်းဝူချန်ကို မသတ်နိုင်ခဲ့လျှင်တောင်မှ ကျင့်ကြံဖို့ အချိန်မရအောင် ဆွဲထားဖို့ လိုအပ်သည်။
“နန်းတော်သခင်... သခင်လေးရဲ့ လုပ်ရပ်က နည်းနည်းများ အလျင်စလို နိုင်မနေဘူးလား”
ဒုတိယ အကြီးအကဲ ချန်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ လိန်ဟွန်း၏ လုပ်ရပ်ကို မဆင်မခြင်နိုင်လွန်းသည်ဟု သူ ခံစားနေရ၏။
“မဆင်မခြင် လုပ်တယ်ဆိုတာ မရှိပါဘူး... မိစ္ဆာအရှင်သခင်က ငါတို့ကို တစ်လပဲ အချိန်ပေးထားတာလေ... ယန်ယင်းက ဖုန်းဝူချန်ကို အရှင်မဖမ်းနိုင်ခဲ့တဲ့အပြင် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ ဆိုတာကြီးကိုတောင် ဖွဲ့စည်းခွင့် ပေးလိုက်သေးတယ်... ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး... မိစ္ဆာအရှင်သခင်သာ အပြစ်တင်လာရင် ငါတို့ထဲက ဘယ်သူမှ အဲဒီအကျိုးဆက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
အစောင့်အရှောက် လော့ဝူချန်က ဝင်ရောက် ပြောဆိုလိုက်သည်။ သဘောမတူသည့်ဟန် အပြည့်ပင်။
မိစ္ဆာမျိုးနွယ်စု၏ အင်အားက နတ်ဘုရား ဘုရင် နန်းတော် ယှဉ်ပြိုင်နိုင်စွမ်းမရှိလောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
စကားကို တစ်ချက်ရပ်ကာ လော့ဝူချန်က ဆက်ပြောလိုက်၏။
“နောက်ပြီး ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကလည်း သူတို့ရဲ့ အင်အားတွေ အပြည့်အဝ ပြန်မကောင်းသေးဘူး... မိစ္ဆာမျိုးနွယ်စုကလည်း မီးတောက်နဂါးနဲ့ ရှေးဟောင်း ရာ့ရှား မျိုးနွယ်စုကို ထိန်းချုပ်ထားပေးတယ်... ဒါက ငါတို့အတွက် တကယ့်ကို အခွင့်ကောင်းပဲ”
နန်းတော်သခင် လိန်ယွင်ခုန်းက ဘာမှ ဝင်မပြောဘဲ တိတ်ဆိတ်နေသည်။ တိတ်တဆိတ် သဘောတူခွင့်ပြုထားသည့်ဟန်ပင်။
“ချီတက်ကြ... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က ကောင်တွေကို တစ်ယောက်မကျန် သတ်ပစ်စမ်း”
လိန်ဟွန်းက ဒေါသတကြီး ဟစ်အော်လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။ မြေပြင်ကိုပင် တုန်လှုပ်သွားစေနိုင်သော အရှိန်အဝါကြီး တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
“ရွှီး... ရွှီး... ရွှီး...”
သောင်းနှင့် ချီသော တပ်မတော်ကြီးသည် ဝူကျိနယ်မြေရှိ နဂါးနတ်ဘုရား နန်းတော်ဆီသို့ ခမ်းနားကြီးကျယ်စွာ ပျံသန်းသွားကြတော့၏။ သူတို့ထံမှ ထွက်ပေါ်နေသော အဆုံးအစ မဲ့သည့် အရှိန်အဝါများက ဝိညာဉ်များကိုပင် တုန်လှုပ်သွားစေနိုင်စွမ်း ရှိသည်။
“သား... သတိထားနော်”
လိန်ယွင်ခုန်းက မှာကြားလိုက်သည်။
“နန်းတော်သခင်... စိတ်ချလက်ချသာ နေပါ... သခင်လေးကို ကျွန်တော် ကာကွယ်ပေးပါ့မယ်”ဟု
လော့ဝူချန်က ယုံကြည်မှု အပြည့်ဖြင့် ဖြေလိုက်၏။
ဤတိုက်ပွဲတွင် အစောင့်အရှောက် ကိုယ်တိုင် ဦးဆောင်ကာ လွှမ်းမိုးခြင်း နယ်မြေရှိ အင်အားကြီး ပုဂ္ဂိုလ်များကို ခေါ်ဆောင်၍ နဂါးနတ်ဘုရား နန်းတော်အား သွားရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။
နတ်ဘုရား ဘုရင် နန်းတော်သည် နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် အမြောက်အမြားကို စေလွှတ်ထား၏။ သူတို့၏ တပ်ဖွဲ့ပုံစံက အလွန် အားကြီးလှသည်။ သောင်းနှင့်ချီသော တပ်မတော်ကြီးနှင့် ပေါင်းစပ်လိုက်သောအခါ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းရန် နတ်ဘုရား ဘုရင် နန်းတော် မည်မျှ သံန္နိဋ္ဌာန် ချထားကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
“ဒီတိုက်ပွဲမှာ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို မဖြစ်မနေ ချေမှုန်းပစ်ရမယ်... ငါ မိစ္ဆာအရှင်သခင်ကို ဆင့်ခေါ်ပြီး မိစ္ဆာမျိုးနွယ်စုက ပညာရှင်တွေကို နောက်ကွယ်ကနေ ကူညီပေးဖို့ တောင်းဆိုလိုက်မယ်”
လိန်ယွင်ခုန်းက လေးနက်သော လေသံဖြင့် ကြေညာလိုက်သည်။
နတ်ဘုရား ဘုရင် နန်းတော်၏ တပ်မတော်ကြီးက ဝူကျိနယ်မြေဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်နေတော့၏။ တိုက်ပွဲကြီးက နှာခေါင်းဝသို့ ရောက်ရှိနေပြီ ဖြစ်သော်ငြား နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကမူ ဘာကိုမှ မသိရှိသေးပေ။
“ရွှီး... ရွှီး... ရွှီး...”
“ဝုန်း... ဝုန်း...”
ချီတက်လာသော တပ်မတော်ကြီး၏ လေထုကို ခွင်းကာ ပျံသန်းလာသော အသံများက အရပ်မျက်နှာ အနှံ့အပြားတွင် ဆူညံနေတော့၏။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်း၌ ဟင်းလင်းပြင်များပင် တုန်ခါသွားကာ ကောင်းကင်ကြီး ပြိုကျတော့မည့်အလား ထင်မှတ်ရသည်။
နတ်ဘုရား ဘုရင် နန်းတော်၏ တပ်မတော်ကြီးသည် ဝူကျိနယ်မြေ၏ နယ်နိမိတ်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲက စတင်သွားပြီဟုပင် ဆိုနိုင်သည်။ ကြက်သီးထဖွယ် သတ်ဖြတ်လိုစိတ်များက တပ်မတော်ကြီးအလယ်မှ လှိုင်းလုံးကြီးများအလား ရိုက်ခတ်ထွက်ပေါ်လာကာ တားဆီး၍ မရနိုင်လောက်အောင် ဖြစ်နေတော့၏။
“နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေရဲ့ အရှိန်အဝါတွေပဲ... အခုချက်ချင်း နဂါးနတ်ဘုရား နန်းတော်ကို သွားပြီး မဟာမိတ်ခေါင်းဆောင်ဆီ အစီရင်ခံချေ... နတ်ဘုရား ဘုရင် နန်းတော်ရဲ့ တပ်မတော်ကြီး ဝူကျိနယ်မြေထဲ ဝင်လာပြီလို့”
ဝူကျိနယ်မြေ နယ်နိမိတ်သို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းထားသော အင်အားစုတစ်ခုမှ ပညာရှင်တစ်ဦးက နန်းတော်သို့ သတင်းပို့ရန် လူတစ်ယောက်ကို အလျင်အမြန် စေလွှတ်လိုက်သည်။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်ပြီးကတည်းက ဖုန်းဝူချန်သည် ဝူကျိနယ်မြေ အနှံ့အပြားတွင် နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းများကို အမြောက်အမြား တပ်ဆင်ထားခဲ့၏။
“သံတစ္ဆေ... နဂါးနတ်ဘုရား နန်းတော်ကို အခုချက်ချင်း သွားပြီး မဟာမိတ်ခေါင်းဆောင်ဆီ အစီရင်ခံလိုက်... နတ်ဘုရား ဘုရင် နန်းတော်ရဲ့ တပ်မတော်ကြီး ယွီပြည်နယ်တောင်ကို ရောက်လာပြီလို့”
“နန်းတော်ကို လူလွှတ်ပြီး မဟာမိတ်ခေါင်းဆောင်ဆီ အစီရင်ခံခိုင်းလိုက်... ရန်သူ့တပ်တွေ လေးထပ်တံဆိပ်မြို့ကို ရောက်လာပြီ”
“...”
အမိန့်တစ်ခုပြီးတစ်ခု ဆင့်ကဲ ထွက်ပေါ်လာသည်။ နတ်ဘုရား ဘုရင် နန်းတော်၏ တပ်များ ဝူကျိနယ်မြေအတွင်းသို့ ခြေချလိုက်သည်နှင့် သူတို့၏ တည်နေရာကို နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က အပြည့်အဝ ထောက်လှမ်းမိသွားပြီ ဖြစ်သည်။
“မဟာမိတ်ခေါင်းဆောင်ကို အစီရင်ခံပါတယ်... နတ်ဘုရား ဘုရင် နန်းတော်ရဲ့ ပင်မတပ်ကြီး ဝူကျိနယ်မြေထဲ ဝင်လာပါပြီ ခင်ဗျာ”
“မဟာမိတ်ခေါင်းဆောင်ကို အစီရင်ခံပါတယ်... ရန်သူ့တပ်တွေ ယွီပြည်နယ်တောင်ကို ရောက်လာပါပြီ ခင်ဗျာ”
“မဟာမိတ်ခေါင်းဆောင်ကို အစီရင်ခံပါတယ်... ရန်သူ့တပ်တွေ လေးထပ်တံဆိပ်မြို့ကို ရောက်လာပါပြီ ခင်ဗျာ”
စစ်ရေး သတင်းအချက်အလက်များက နဂါးနတ်ဘုရား နန်းတော်ရှိ ဖုန်းဝူချန်၏ နားထဲသို့ ဆက်တိုက် ရောက်ရှိလာတော့၏။
“သူတို့ ဒီလောက်မြန်မြန် လှုပ်ရှားလာကြတာလား”
ဖုန်းဝူချန်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက အမိန့်ပေးလိုက်လေ၏။
“အမိန့်ပေးလိုက်... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က အင်အားစုတွေ အားလုံးကို စုစည်းပြီး နတ်ဘုရား ဘုရင် နန်းတော်နဲ့ အသေအလဲ တိုက်ပွဲဝင်ဖို့ ပြင်ကြ”
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က ကနဦး ရင့်ကျက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ရာ ဖုန်းဝူချန်အနေဖြင့် နတ်ဘုရား ဘုရင် နန်းတော်ကို ကြောက်ရွံ့နေခြင်း လုံးဝ မရှိတော့ချေ။ အဆိုးဆုံး အခြေအနေတွင်ပင် နှစ်ဖက်စလုံး အထိနာရုံ သက်သက်သာ ရှိမည်ဟု သူ တွက်ဆထားသည်။
အမိန့်များ ဆက်တိုက် ထွက်ပေါ်သွားပြီး မကြာမီမှာပင် မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းထားသော အင်အားစုကြီးများက သူတို့၏ ပညာရှင်များကို အလျင်အမြန် စုစည်းလိုက်ကြတော့သည်။
နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းများမှတစ်ဆင့် ပညာရှင် အုပ်စုများက နဂါးနတ်ဘုရား နန်းတော်သို့ အဆက်မပြတ် ရောက်ရှိလာကြသည်။
အင်မော်တယ် လက်နက် စံအိမ်၊ ကျန်းမိသားစု၊ ထျန်းတောက်ဂိုဏ်းနှင့် လေလံရုံ အစရှိသည့် အင်အားစုများမှ ထိပ်သီးခေါင်းဆောင်များနှင့် ပညာရှင်များ အားလုံး အမြန်ဆုံး အချိန်အတွင်း နန်းတော်သို့ ရောက်ရှိလာကြ၏။
အနောက်ပိုင်းဒေသမှ ရှန်ဝူဂိုဏ်း၊ ဝင်္ကပါပင်လယ်နယ်မြေမှ ကျန်းမိသားစု၊ ဝူကျိနယ်မြေမှ ကောင်းကင်ဓားဂိုဏ်း အပါအဝင် အခြားသော အင်အားကြီး ဂိုဏ်းများမှ ပညာရှင်များလည်း ဆက်တိုက်ဆိုသလို ရောက်ရှိလာကြသည်။
တပ်ဖွဲ့ဝင် အရေအတွက်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးပွားလာကာ နှစ်မိနစ်ပင် မပြည့်လိုက်သော အချိန်အတွင်း၌ နဂါးနတ်ဘုရား နန်းတော်သည် ဝူကျိနယ်မြေမှ အစွမ်းထက်သော အင်အားစု အားလုံးကို အပြည့်အဝ စုစည်းပြီးသွားခဲ့တော့၏။
ကောင်းကင်သို့ ထိုးတက်သွားသော ဧရာမ အရှိန်အဝါကြီးတစ်ခုက လှိုင်းလုံးကြီးများအလား ရိုက်ခတ်လာကာ ခံစားမိသူတိုင်းကို ကြောက်ရွံ့ထိတ်လန့်သွားစေ၏။
ဤသည်ကပင် နဂါးနတ်ဘုရား နန်းတော်၏ မျက်နှာစာသစ် ဖြစ်သည်။
ဤသည်ကပင် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့၏ အစစ်အမှန် အင်အား ဖြစ်သည်။
“ရွှီး... ရွှီး... ရွှီး...”
“ဝုန်း... ဝုန်း...”
သိပ်မကြာမီမှာပင် နတ်ဘုရား ဘုရင် နန်းတော်၏ ဧရာမ တပ်မတော်ကြီး ရောက်ရှိလာတော့၏။ သူတို့၏ အရှိန်အဝါများက ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းခြုံထားသကဲ့သို့ ခံစားရသည်။
“လော့ဝူချန်”
ဦးဆောင်လာသူကို မြင်လိုက်ရသောအခါ ချီဟွမ်၏ မျက်နှာက လေးနက်သွားတော့၏။
“နတ်ဘုရား ဘုရင် နန်းတော်ရဲ့ အစောင့်အရှောက် ကိုယ်တိုင် တိုက်ပွဲဝင်လာတာလား”
ကျန်းဝူဟန်က မျက်မှောင်ကြုတ်လိုက်သည်။ လော့ဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို သူ ကောင်းကောင်းကြီး သိထားပုံရ၏။
ကျန်းဝူထျန်းကလည်း မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်။
“လိန်ဟွန်းက လွှမ်းမိုးခြင်း နယ်မြေက အင်အားကြီး ပညာရှင်တွေကို အကုန် စုဆောင်းလာတာပဲ... ကြည့်ရတာ သူက ငါတို့ကို အမြစ်ပြတ် သုတ်သင်ဖို့ ဆုံးဖြတ်ထားပုံရတယ်”
တပ်မတော်ကြီး နှစ်ခု မျက်နှာချင်းဆိုင်လိုက်ကြတော့၏။ ဧရာမ အတိုင်းအတာ ရှိသော တိုက်ပွဲကြီးတစ်ခုက ပေါက်ကွဲထွက်ရန် အဆင်သင့် ဖြစ်နေသည်။
“ဝူကျိနယ်မြေက အင်အားကြီး
ပညာရှင်တွေ အားလုံး ဒီလောက် မြန်မြန် စုစည်းမိသွားတာလား”
လော့ဝူချန်က အနည်းငယ် အံ့အားသင့်သွားသည့်ဟန်ဖြင့် ရေရွတ်လိုက်၏။ ထို့နောက် သူ၏ အကြည့်များက နန်းတော်ဆီသို့ ရွေ့လျားသွားကာ ချက်ချင်း သဘောပေါက်သွားသည်။
“အော်... နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းတွေကိုး”
“ဖုန်းဝူချန်... မင်းက နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဆိုတာကြီးကို တည်ထောင်လိုက်တယ်လို့ ကြားတယ်... ဒါပေမဲ့ အဲဒါက အလကား လူအုပ်စုသက်သက်ပါပဲကွာ”
အုပ်စုကို ဦးဆောင်လာသော လော့ဝူချန်က မောက်မာစွာ ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင် သရော်သည့် အေးစက်စက် အပြုံးတစ်ခုက ချိတ်ဆွဲလျက်ရှိ၏။
“လိန်ဟွန်း... မင်းက ဒီကိုလာရဲသေးတယ်ပေါ့... ကြည့်ရတာ မင်း အသက်ရှင်ရတာကို ငြီးငွေ့နေပြီ ထင်တယ်”
ဖုန်းဝူချန်က အေးစက်စက် ရယ်မောရင်း ပြန်လည် ချေပလိုက်သည်။ နတ်ဘုရား ဘုရင် နန်းတော်၏ ဧရာမ တပ်မတော်ကြီးနှင့် အစောင့်အရှောက် လော့ဝူချန်တို့ကို ရင်ဆိုင်နေရသော်ငြား သူ၏ မျက်နှာထက်တွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်စက်မျှ မရှိချေ။
“ဘာလို့ မလာရဲရမှာလဲ... ဒီသခင်လေး ပိုင်တဲ့ ပစ္စည်းတွေကို မင်းကများ အပိုင်သိမ်းနိုင်မယ်လို့ ထင်နေတာလား... ဒီနေ့ မင်းရဲ့ နဂါးနတ်ဘုရား နန်းတော်ကို ငါ အမြစ်ပြတ် ချေမှုန်းပစ်မယ်”
လိန်ဟွန်းက ရက်စက်စွာ ကြုံးဝါးလိုက်၏။ သူ၏ အကြည့်များက ဖုန်းဝူချန်နှင့် သူ၏ လူများအပေါ်သို့ ဒေါသတကြီး ရွေ့လျားသွားသည်။
“ကျန်းမိသားစု... အင်မော်တယ် လက်နက် စံအိမ်... မင်းတို့တွေက တကယ်ကို သေချင်နေကြတာပဲ... သေလမ်းကို ရှာနေမှတော့ ဒီသခင်လေးက ဒီနေ့.. ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
လိန်ဟွန်းက ပြင်းထန်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
ထိုအခါ၊ ချီဟွမ်က လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ ဩဇာပါသော အသံဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
“စမ်းကြည့်လိုက်လေ”
“နဂါးနတ်ဘုရား နန်းတော်ကို ချေမှုန်းပစ်ကြစမ်း”
လိန်ဟွန်းက ရုတ်တရက် ဒေါသတကြီး ဟစ်အော်လိုက်တော့သည်။
ဖုန်းဝူချန်က နဂါးနတ်ဘုရား ဓားကို ဆွဲထုတ်လိုက်ကာ ကြီးစိုးလွှမ်းမိုးနိုင်သော အရှိန်အဝါဖြင့် ဝှေ့ယမ်းလိုက်ရင်း အမိန့်ပေးလိုက်သည်။
“တစ်ယောက်မှ မချန်နဲ့... သတ်”
“သတ်...”
“ဝုန်း... ဝုန်း...”
တပ်မတော်ကြီး နှစ်ခုက ဟိန်းဟောက်သံကြီးများနှင့်အတူ ဝင်ရောက် တိုက်ခိုက်လိုက်ကြတော့၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးများက တစ်စက္ကန့်အတွင်း ပေါက်ကွဲထွက်လာကာ ဟင်းလင်းပြင် တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေတော့၏။
အခန်း (၇၄၀) - စစ်ပွဲ စတင်ခြင်း
~စစ်မီး တောက်လောင်သွားတော့၏။
ဝူကျိနယ်မြေနှင့် လွှမ်းမိုးခြင်း နယ်မြေတို့ကြားက အသေအလဲ တိုက်ပွဲကြီးပင်။
နဂါးနတ်ဘုရား နန်းတော်၏ အထက် ကောင်းကင်ယံ တစ်ခွင်လုံးသည် သွေးစွန်းသော စစ်မြေပြင်ကြီးအဖြစ် ပြောင်းလဲသွားတော့၏။ တပ်မတော်ကြီး နှစ်ရပ်သည် အသက်ကို ပဓာနမထားဘဲ အသေအလဲ ရင်ဆိုင် တိုက်ခိုက်နေကြရာ မြင်ကွင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေချေသည်။
“စစ်သည်တော်တို့ ငါ့အမိန့်ကို နားထောင်ကြ... ဖြန့်ခွဲလိုက်စမ်း”
ချီဟွမ်က ရုတ်တရက် အသံကုန် ဟစ်အော်လိုက်သည်။ ထိုအသံနှင့်အတူ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော် ရာပေါင်းများစွာသည် မျက်လှည့်ပြလိုက်သည့်အလား နေရာမှာတင် ပျောက်ကွယ်သွားကြတော့၏။
လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းပင်။
ဒါက အရင်တုန်းက သုံးခဲ့ဖူးသည့် နည်းဗျူဟာဟောင်းတစ်ခု ဖြစ်သည်။
ချီဟွမ်အနေဖြင့် ရန်သူ့အရေအတွက်ကို အမြန်ဆုံး လျှော့ချပစ်ရန် လိုအပ်နေသည်။ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို အသာစီးရစေရန် သူ ဖန်တီးပေးရမည် ဖြစ်၏။ သို့ဖြစ်ရာ ဤအခိုက်အတန့်တွင် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း ပညာရပ်က အသက်တမျှ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေတော့သည်။
“ရွှီး... ရွှီး... ရွှီး...”
“ရွှမ်း... ရွှမ်း... ရွှမ်း...”
နန်းတော်၏ စစ်သည်တော်များသည် မရဏတမန်တော်များအလား ရန်သူများ၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာကြသည်။ ထို့နောက် အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော နည်းလမ်းများဖြင့် အလစ်အငိုက် ဝင်ရောက် သတ်ဖြတ်ကြတော့၏။
“သတ်ကြစမ်း”
ဟွမ်ယန်နှင့် အခြားခေါင်းဆောင်များသည် ဒေါသတကြီး ဟစ်အော်ကာ စစ်သည်တော်များကို ဦးဆောင်ရင်း တိုက်ပွဲဝင်နေကြသည်။ သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် အလောင်းကောင်များ ပြန့်ကျဲကျန်ရစ်ခဲ့၏။ သေဆုံးသွားသူများမှာ မည်သို့ ဖြစ်ပျက်သွားမှန်းပင် နားလည်သွားချိန် မရလိုက်ကြချေ။
ဤအသက်လုတိုက်ပွဲကြီးတွင် မည်သူကမျှ အင်အားဖုံးကွယ်မထားရဲကြပေ။ လူတိုင်းက မိမိတို့၏ အစွမ်းအစ အားလုံးကို အစွမ်းကုန် ပေါက်ကွဲထုတ်နေကြသည်။
တိုက်ပွဲကြီးက အလွန်တရာ ရက်စက်ကြမ်းကြုတ်လှ၏။ သွေးချောင်းစီးနေပြီး ဖျက်ဆီးခြင်း စွမ်းအင်များက အရပ်မျက်နှာ အနှံ့အပြားတွင် ရမ်းကားနေတော့သည်။
စူးစူးဝါးဝါး အော်ဟစ်သံများက ဟင်းလင်းပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကောင်းကင်ယံမှ သွေးမိုးများ ရွာကျလာ၏။ အသက်မဲ့နေသော အလောင်းကောင်များနှင့် ပြင်းထန်စွာ ဒဏ်ရာရထားသော သိုင်းပညာရှင်များက မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကြသည်။
တိုက်ပွဲစတင်သည်မှာ နာရီဝက်ပင် မပြည့်သေးသော်ငြား ပျို့အန်ချင်စရာ သွေးညှီနံ့များက လေထုထဲတွင် ပျံ့နှံ့နေတော့၏။ နှစ်ဖက်စလုံးတွင် သေဆုံးဒဏ်ရာရသူ အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားနေတော့၏။
“ဝုန်း... ဝုန်း... ဝုန်း...”
“ရွှီး... ဝှီး...”
အစွမ်းထက်လှသော သိုင်းကွက်ပေါင်းစုံက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ နားကွဲမတတ် ပေါက်ကွဲသံကြီးများက စစ်မြေပြင် တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။ အားလှိုင်းကြီးများကလည်း ထိန်းချုပ်၍မရနိုင်လောက်အောင် ရိုက်ခတ်နေတော့သည်။
တပ်မတော်ကြီး နှစ်ရပ်၏ ထိပ်တိုက်ရင်ဆိုင်မှုတွင် ထျန်းကျီဘုံနှင့် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ အားလုံးက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်ပြသနေကြသည်။ မြင်ကွင်းက ခမ်းနားကြီးကျယ်လွန်းလှသလို အသည်းခိုက်မတတ် ထိတ်လန့်ဖွယ်လည်း ကောင်းလှသည်။ သွေးထွက်သံယို မြင်ကွင်းများက ကြည့်ရှုသူ၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်စွမ်း ရှိလေ၏။
“ချီဟွမ်... ကျန်းဝူဟန်... မင်းတို့က ဒဏ်ရာတွေတောင် မကျက်သေးဘဲနဲ့ လူစုပြီး တိုက်ရင် ငါ့ကို နိုင်မယ်လို့ ထင်နေတာလား”
လော့ဝူချန်က ချီဟွမ်နှင့် အခြားသူများအား အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်ကာ အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
ချီဟွမ်က ဘာမှ ပြန်မဖြေချေ။ သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေ၏။ ထို့နောက် သူက ခပ်အေးအေးပင် မေးခွန်းထုတ်လိုက်သည်။
“နတ်ဘုရား ဘုရင် နန်းတော်သခင် ကိုယ်တိုင် ဝင်မပါတော့ဘူးလား”
“လော့ဝူချန်... မင်းတို့လို နတ်ဘုရားအသွင်ပြောင်းဘုံ ခြောက်ယောက်လောက်နဲ့ ငါတို့ကို အမြစ်ပြတ် ချေမှုန်းနိုင်မယ် ထင်နေတာလား... မင်းတို့ ငါတို့ရဲ့ အင်အားကို အရမ်း အထင်သေးလွန်းနေပြီ”
ကျန်းဝူဟန်က ဩဇာပါသော လေသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေ၏။
“ဟွန့်... အရှက်မရှိတဲ့ ယုတ်မာတဲ့ ကောင်တွေ... မိစ္ဆာမျိုးနွယ်စုနဲ့ ပူးပေါင်းတာက နတ်ဘုရား ဘုရင် နန်းတော်အတွက် တကယ့်ကို အရှက်ရစရာပဲ”
ကျန်းထျန်းရွှမ်ကလည်း အေးစက်စွာဖြင့် လှောင်ပြောင်လိုက်သည်။
“ဝုန်း... ဝုန်း...”
လော့ဝူချန်ထံမှ နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကြီး ပေါက်ကွဲထွက်လာတော့၏။ တောက်ပလှသော အပြာရောင် အလင်းတန်းကြီးက ပေတစ်သောင်းခန့် အထိ ဖုံးလွှမ်းသွားကာ ကြည့်ရသူ၏ မျက်လုံးများကိုပင် ကန်းလုမတတ် စူးရှနေသည်။
ပြင်းထန်စွာ တုန်ခါနေသော ဟင်းလင်းပြင်ကြီးသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပတ်လည် ပေတစ်သောင်းခန့် အထိ မည်းမှောင်သွားတော့၏။
“လာခဲ့ကြစမ်း... မင်းတို့ သုံးယောက်စလုံး တစ်ပြိုင်နက် လာခဲ့ကြ”
လော့ဝူချန်က ရင်ဘတ်ပေါ် လက်ပိုက်ကာ မာနတခွဲသားဖြင့် ကြုံးဝါးလိုက်သည်။ သူက လူသုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရန် မောက်မာစွာ စိန်ခေါ်လိုက်ခြင်းပင်။
တကယ်တမ်းတွင် ချီဟွမ် ကိုယ်တိုင်ကလည်း နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာတွင် ရှိနေသူ ဖြစ်သည်။ ထို့ပြင် သူ၏ လက်ထဲတွင် အဆင့်မြင့် အင်မော်တယ် လက်နက် တစ်ခုကိုပါ ပိုင်ဆိုင်ထားသေးရာ သူ၏ စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။ မိစ္ဆာမျိုးနွယ်စုကြောင့် ရထားသော ဒဏ်ရာများ လုံးဝ မကျက်သေးလျှင်တောင်မှ သူ့ကို လွယ်လွယ်နှင့် အထင်သေး၍ မရနိုင်ချေ။
ထိုမျှမက စတုတ္ထအလွှာရှိ ကျန်းဝူဟန်နှင့် တတိယအလွှာရှိ ကျန်းထျန်းရွှမ်တို့ ပါဝင်လာပါက ပို၍ပင် လျစ်လျူရှု၍ မရနိုင်တော့ပေ။ သို့ပါလျက်နှင့် လော့ဝူချန်က သူတို့ သုံးယောက်စလုံးကို လူရာမသွင်းဘဲ မောက်မာနေခဲ့ခြင်း ဖြစ်သည်။
သေချာသည်ကတော့ ချီဟွမ်တို့သာ ဒဏ်ရာရမထားလျှင် သုံးယောက် ပေါင်းတိုက်ရန် မဆိုထားနှင့်၊ ချီဟွမ် တစ်ယောက်တည်းကိုပင် လော့ဝူချန်က ဤမျှ အထင်သေးရဲမည် မဟုတ်ပေ။
“မင်းက သေချင်နေတာပဲ”
ကျန်းထျန်းရွှမ်က အံကို ကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီးနောက် လော့ဝူချန်ထံသို့ ခပ်ကြမ်းကြမ်း ခုန်ဝင်သွားတော့၏။
ထိုအခိုက်၊ ချီဟွမ်နှင့် ကျန်းဝူဟန်တို့ကလည်း အဆင့်မြင့် အင်မော်တယ် လက်နက်များကို အသီးသီး ဆွဲထုတ်လိုက်ကြသည်။ သူတို့၏ အရှိန်အဝါများက ရူးသွပ်မတတ် မြင့်တက်လာကာ အားကုန်သုံး၍ ဝင်ရောက် တိုက်ခိုက်လိုက်ကြ၏။ ပြင်းထန်သည့် စွမ်းအားက ဝူကျိနယ်မြေ တစ်ခွင်လုံးကို ဖုံးလွှမ်းသွားကာ လှိုင်းလုံးကြီးများအလား တဝုန်းဝုန်း ရိုက်ခတ်နေတော့သည်။
“ရွှီး... ရွှီး... ရွှီး...”
လူသုံးယောက်၏ ပုံရိပ်များသည် အမြင့်ဆုံး အရှိန်ဖြင့် လှုပ်ရှားသွားကြကာ ပြင်းထန်လှသော တိုက်ကွက်များဖြင့် ယှက်နွှယ် တိုက်ခိုက်နေကြတော့၏။
“အစောင့်အရှောက်ကြီး... ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်က အကြီးအကဲတွေကို ကျွန်တော်တို့ ညီအစ်ကိုကိုသာ လွှဲထားလိုက်ပါ”
ခံစားချက်ကင်းမဲ့နေသော မျက်နှာပိုင်ရှင် လူငယ်တစ်ဦးက ဝင်ပြောလိုက်သည်။ သူ၏ လေသံက ကြားရသူတိုင်း၏ ရင်ကို အေးခနဲ ဖြစ်သွားစေလောက်အောင် အေးစက်လွန်းလှ၏။
“လုံးဝ သက်ညှာမနေနဲ့... အကုန်သတ်ပစ်”
လော့ဝူချန်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
အမြွှာညီအစ်ကိုက ရိုသေကျိုးနွံစွာဖြင့် အမိန့်နာခံလိုက်ကြ၏။ သူတို့ နှစ်ဦးစလုံးသည် နတ်ဘုရား ဘုရင် နန်းတော်၏ တပ်မှူးများ ဖြစ်ကြသည်။
ထိုအမြွှာညီအစ်ကိုသည် နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာ၏ အစွမ်းထက် စွမ်းအားများကို မွေးရာပါ ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သူတို့ နှစ်ဦး ပေါင်းတိုက်လိုက်ပါက စတုတ္ထအလွှာရှိ ပညာရှင် တစ်ဦးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိကြ၏။
“နတ်ဘုရား ဘုရင် နန်းတော်က အဲဒီအမြွှာညီအစ်ကိုက စိတ်ချင်း ဆက်သွယ်နိုင်တယ်... သူတို့ ပေါင်းတိုက်ရင် အားနည်းချက် လုံးဝ မရှိသလောက်ပဲ... သတိထားကြ... သူတို့က တကယ့်ကို အစွမ်းထက်တယ်”
ပထမအကြီးအကဲ ကျန်းဝူဖုန်း၏ မျက်နှာမှာ အလွန်တရာ လေးနက်သွားကာ သတိပေးလိုက်သည်။
“ငါတို့ ခြောက်ယောက် ပေါင်းတိုက်တာတောင် ဒီကောင်နှစ်ကောင်ကို မနိုင်ဘူး ဆိုတာ လုံးဝ မယုံနိုင်ဘူးကွာ... တိုက်စမ်း”
ထိုသို့၊ အင်မော်တယ် လက်နက် စံအိမ်၏ ပထမအကြီးအကဲက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ဝုန်း... ဝုန်း...”
နတ်ဘုရားအသွင်ပြောင်းဘုံ၏ စွမ်းအားများက တစ်ခုပြီးတစ်ခု အသက်ဝင်လာကြတော့၏။ နှလုံးရပ်မတတ် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြီးများက ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ တောက်ပလှသော အလင်းတန်းများက ပေတစ်သိန်းခန့် အထိ ဖုံးလွှမ်းသွားကာ နယ်ပယ်တစ်ခုသဖွယ် ဖြစ်ပေါ်လာတော့သည်။ ဖျက်ဆီးခြင်း စွမ်းအားများက ဝူကျိနယ်မြေ၏ ဟင်းလင်းပြင် တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေ၏။
တစ်လတိတိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ဝူကျိနယ်မြေသည် နောက်ထပ် သွေးမုန်တိုင်းကြီး တစ်ခုကို ထပ်မံ ကြိုဆိုလိုက်ရတော့၏။
ကျန်းဝူဖုန်းနှင့် အခြားသော နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များ အားလုံးက အဆက်မပြတ် ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။
နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များ၏ တိုက်ပွဲကြီးက တုန်လှုပ်ချောက်ချားဖွယ်ရာ စတင်သွား၏။
“ဖုန်းဝူချန်... မင်း အလှည့်ရောက်ပြီ”
ပညာရှင်များ အားလုံး အသေအလဲ တိုက်ပွဲဝင်နေကြသည်ကို ကြည့်ရင်း လိန်ဟွန်းက ဖုန်းဝူချန်ဘက်သို့ လှည့်ကာ အေးစက်စက် လေသံဖြင့် ခေါ်လိုက်သည်။
“ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်
အခင်းအကျင်း... အသက်ဝင်မယ်”
ဖုန်းဝူချန်က လက်ဝါးနှစ်ဖက်ကို ရိုက်ပုတ်လိုက်ကာ ဖျက်ဆီးခြင်း စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် နဂါးနတ်ဘုရား နန်းတော်ကို ကာကွယ်ရန်အတွက် အခင်းအကျင်းကြီးကို ချက်ချင်း အသက်သွင်းလိုက်တော့၏။
ဖုန်းဝူချန် စွမ်းအားများကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် လိန်ဟွန်း၏ မျက်နှာထက်ရှိ လှောင်ပြောင်နေသော အပြုံးက ရုတ်တရက် တောင့်တင်းသွားတော့သည်။
“ထျန်းကျီဘုံ စတုတ္ထအလွှာ ဟုတ်လား... ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လိန်ဟွန်းက အထိတ်တလန့် ရေရွတ်လိုက်သည်။ ထိုရုတ်တရက် ဆန်လှသော အပြောင်းအလဲကို သူ လုံးဝ လက်မခံနိုင်အောင် ဖြစ်နေရ၏။
“ထျန်းကျီဘုံ စတုတ္ထအလွှာ”
ပြင်းထန်လှသော တိုက်ပွဲကြီးထဲတွင် နစ်မြုပ်နေသည့် အစောင့်အရှောက် လော့ဝူချန်ပင်လျှင် ဖုန်းဝူချန်အား မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်မိတော့သည်။
“နန်းတော်သခင်က ထျန်းကျီဘုံ စတုတ္ထအလွှာကို တကယ်ပဲ ရောက်သွားတာလား”
“မဟာမိတ်ခေါင်းဆောင်ရဲ့ ကျင့်ကြံမှုနှုန်းက တကယ်ကို ကြောက်စရာကောင်းတာပဲ... တစ်လတည်းနဲ့ သုံးအဆင့်တောင် ခုန်တက်သွားတယ်”
“အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်... ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ”
ထျန်းရှန်းဇီနှင့် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး အံ့သြမှင်တက်သွားကြတော့၏။ ဖုန်းဝူချန် ထျန်းကျီဘုံ စတုတ္ထအလွှာသို့ တက်လှမ်းသွားနိုင်သည် ဆိုသောအချက်ကို သူတို့အားလုံး ယုံပင် မယုံကြည်နိုင်ကြချေ။
တစ်လတည်းသော အချိန်တိုလေးအတွင်း ဖုန်းဝူချန်သည် ထျန်းကျီဘုံ ပထမအလွှာမှ စတုတ္ထအလွှာသို့ တိုက်ရိုက် ခုန်တက်သွားခဲ့တော့၏။ သူ၏ ကျင့်ကြံမှုနှုန်းက မည်မျှတောင် ကြောက်စရာ ကောင်းနေသနည်း။
“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် တက်လာပုံက တကယ်ကို မယုံနိုင်စရာပဲ”
လိန်ဟွန်းတစ်ယောက် လုံးဝကို မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ တိုက်ကြီး၏ အစွမ်းအထက်ဆုံး ပါရမီရှင်ဟု သတ်မှတ်ခံထားရသော သူပင်လျှင် တစ်လအတွင်း သုံးအဆင့် တက်ရန် မဆိုထားနှင့်... နှစ်အဆင့် တက်ရန်ကိုပင် မရဲတရဲ ကြုံးဝါးရမည်ပင်။
သို့ပါလျက်နှင့် ဖုန်းဝူချန်က တစ်လတည်းဖြင့် သုံးအဆင့် တိတိ တက်လှမ်းသွားခဲ့သည်တဲ့လား။ ဒါက ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေလိုက်ပါသလဲ။
'ဒီကောင်က တကယ်တော့ ဘယ်လို နည်းလမ်းနဲ့ ကျင့်ကြံနေတာလဲ'
လိန်ဟွန်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုတို့က အပြည့်အနှက် နေရာယူထားသည်။ သူ လုံးဝ စဉ်းစား၍ပင် မရနိုင်တော့ချေ။ ဖုန်းဝူချန်၏ တိုးတက်မှုနှုန်းက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းနေ၏။
“လိန်ဟွန်း... မင်းရဲ့ သတ္တိကိုတော့ ငါ လေးစားပါတယ်... ဒါပေမဲ့ မင်းက နည်းနည်း နောက်ကျသွားပြီ”
ဖုန်းဝူချန်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ စကားပြောနေရင်းပင် သူက အမြင့်မြတ်ဆုံး ခန္ဓာကိုယ် ဒုတိယအဆင့်၏ စွမ်းအားများကို အသက်သွင်းလိုက်၏။ ကြီးစိုးလွှမ်းမိုးနိုင်သော စွမ်းအားက မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာကာ သူ၏ အရှိန်အဝါက မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ထိုးတက်သွားတော့သည်။
တောက်ပလှသော သွေးရောင် အလင်းတန်းကြီးက ကြက်သီးထဖွယ်ရာ စူးရှနေလေ၏။
ချီလင် ချပ်ဝတ်နှင့် နဂါးနတ်ဘုရား လက်အိတ်တို့ကိုပါ ဝတ်ဆင်လိုက်သောအခါ ဖုန်းဝူချန်၏ အရှိန်အဝါက နောက်တစ်ကြိမ် ရူးသွပ်မတတ် မြင့်တက်သွားပြန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်းဝူချန်၏ အရှိန်အဝါက ထျန်းကျီဘုံ စတုတ္ထအလွှာမှနေ၍ အဋ္ဌမအလွှာသို့ တိုက်ရိုက် ခုန်တက်သွားတော့၏။ ဒီရေအလား မြင့်တက်လာသော အရှိန်အဝါကြီးက အားလုံးကို အကြောက်တရားဖြင့် လွှမ်းခြုံသွားစေသည်။
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တိုးတက်လာမှုက လွှမ်းမိုးခြင်း နယ်မြေမှ အင်အားကြီး ပညာရှင်များ၏ လိပ်ပြာများကိုပင် လွင့်ထွက်သွားစေလုမတတ် ထိတ်လန့်သွားစေခဲ့၏။ သူတို့ အားလုံးက ဖုန်းဝူချန်အား မိစ္ဆာကောင်ကြီး တစ်ကောင်ကို ကြည့်နေရသည့်အလား မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေမိကြတော့သည်။
ဝူကျိနယ်မြေတွင် ဤမျှ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ကြချေ။
အခန်း (၇၄၁) - လိန်ဟွန်းနှင့် တစ်ယောက်ချင်း အသေအလဲ တိုက်ပွဲ
~ထျန်းကျီဘုံ အဋ္ဌမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားကြီးက မုန်တိုင်းတစ်ခုအလား ပေါက်ကွဲထွက်လာ၏။ မြင်တွေ့လိုက်ရသူတိုင်း၏ ဝိညာဉ်များပင် လွင့်ထွက်သွားမတတ်။
ကြက်သီးထဖွယ် အရှိန်အဝါက အသက်ရှူကြပ်စေလုမတတ် ဖုံးလွှမ်းသွားတော့သည်။
ဖုန်းဝူချန်သည် အနတ္တ စွမ်းအားကို သန့်စင်ပြီး ကမ္ဘာပျက် စွမ်းအားနှင့် ပေါင်းစပ်လိုက်ပြီးနောက် ထွက်ပေါ်လာသော စွမ်းအင်က ပို၍ပင် ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်း ရှိလာ၏။
ဒီရေအလား မြင့်တက်လာသော ဤအရှိန်အဝါကြီး သက်သက်ဖြင့်ပင် ရန်သူ့ပညာရှင် အုပ်စုကြီးကို နောက်ဆုတ်သွားစေရန် လုံလောက်နေသည်။ ကောင်းကင်သို့ ထိုးတက်သွားသော ဤဧရာမ စွမ်းအားကြီးကြောင့် ပြင်းထန်လှသော တိုက်ပွဲကြီးပင် တစ်ခဏတာ ရပ်တန့်သွားရလေ၏။
ထိုအခိုက်အတန့်၌ သွေးထွက်သံယို စစ်မြေပြင်ကြီးက အချိန်တွေ ရပ်တန့်သွားသကဲ့သို့ ငြိမ်သက်သွားသည်။ မျက်လုံးပေါင်းများစွာက ထိတ်လန့်တကြားဖြင့် ဖုန်းဝူချန်ထံသို့သာ စူးစိုက်ကျရောက်နေတော့၏။
“ဆရာက တကယ်ပဲ အနတ္တစွမ်းအားကို သန့်စင်နိုင်သွားတာလား...”
ကျန်းကျွင့်လန်၏ မျက်နှာမှာ အံ့သြမှုကြောင့် ဖြူရော်နေသည်။
“အရမ်း ကြောက်စရာကောင်းတာပဲ... နန်းတော်သခင်ရဲ့ စွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံနဲ့ သိပ်မကွာတော့ဘူးနော်”
ယဲ့ထျန်းဝေလည်း လိပ်ပြာလွင့်မတတ် ထိတ်လန့်နေတော့သည်။
လိန်ဟွန်းတစ်ယောက် လုံးဝ တုန်လှုပ်သွား၏။ သူက ဖုန်းဝူချန်ကို အကြောင်သား ငေးကြည့်နေမိသည်။ သူ၏ ရင်နက်ပိုင်း၌ ဖုန်းဝူချန်အပေါ် သတိထားရမည့် အသိတစ်ခုက ကြီးစိုးလာတော့၏။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကျင့်ကြံမှု အမြန်နှုန်းအရ ဆိုလျှင် သူ့ကို ကျော်တက်သွားရန် အချိန်သိပ်လိုတော့မည် မဟုတ်ချေ။
ဟင်းလင်းပြင်ထဲတွင် မာနတခွဲသားဖြင့် ရပ်တန့်နေသော ဖုန်းဝူချန်၏ ရက်စက်သော အကြည့်များက လိန်ဟွန်းထံသို့ ရွေ့လျားသွားသည်။
“မင်းရဲ့ စွမ်းအားလောက်နဲ့ ငါ့ကို သတ်ဖို့ဆိုတာ အဲဒီလောက် မလွယ်သေးဘူးကွ”
ဖုန်းဝူချန်က အေးစက်စက် လေသံဖြင့် ခနဲ့လိုက်၏။
“ဝုန်း...”
“ဝှီး... ဝှီး...”
စကားပြောနေရင်းပင် ဖုန်းဝူချန် ရုတ်တရက် တိုက်ခိုက်လိုက်သည်။ ပေါက်ကွဲသံကြီးနှင့်အတူ သူ၏ ကိုယ်က သွေးရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွား၏။ အနီရောင် လျှပ်စီးတန်းတစ်ခုအလား အရှိန်ဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။ သူ၏ ဧရာမ အရှိန်အဝါက ဝိညာဉ်များကို ဖမ်းစားလိုက်ပြီး ကြီးစိုးလွှမ်းမိုးနိုင်မှုကြောင့် ဟင်းလင်းပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ဖုန်းဝူချန်၏ အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။ ထူးခြားသော ကိုယ်ဖော့ပညာ တစ်ခုမျှ မသုံးဘဲနှင့်ပင် မျက်တောင်တစ်ခတ်စာ အတွင်း ရောက်ရှိလာသည်။
ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခုက ချိတ်ဆွဲလျက်ရှိ၏။ သွေးရောင် အလင်းတန်းများ တလက်လက် တောက်ပနေသော သူ၏ လက်သီးက ကမ္ဘာပျက် စွမ်းအားများကို သယ်ဆောင်လာသည်။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါ၊ ကောင်းကင်ကိုပင် ထိုးဖောက်နိုင်မည့် အဟုန်ဖြင့် လိန်ဟွန်းထံသို့ အားကုန် ထိုးချလိုက်တော့သည်။
“ဟွန့်...”
လိန်ဟွန်း၏ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့သွားသည်။ သူ လုံးဝ အလျော့မပေးချေ။ ရက်စက်မှု အပြည့်ဖြင့် လက်သီးတစ်လုံး ပြန်လည် ထိုးသွင်းလိုက်၏။
“ဝုန်း...”
“ဝှီး... ဝှီး...”
လက်သီးနှစ်လုံး ပြင်းထန်စွာ ထိတိုက်မိသွားကြသည်။ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ရူးသွပ်မတတ် ကြမ်းတမ်းလှသော အားလှိုင်းများက အရပ်မျက်နှာ အနှံ့အပြားသို့ လှိုင်းလုံးကြီးများအလား ရိုက်ခတ်သွားတော့သည်။ ဟင်းလင်းပြင်ကြီးက ပင်လယ်ပြင်ပေါ်က လှိုင်းတံပိုးများလို လူးလွန့်သွားကာ အထက်ကောင်းကင်ယံမှ ပညာရှင်များကိုပင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားစေသည်။
ဤပြင်းထန်လှသော ထိပ်တိုက်ရင်ဆိုင်မှုတွင် ဖုန်းဝူချန်က လုံးဝ အရေးနိမ့်သွားခြင်း မရှိချေ။ သူ၏ ရက်စက်ပြီး လွှမ်းမိုးနိုင်သော စွမ်းအားက လိန်ဟွန်းကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။
'သူ့စွမ်းအားက ထျန်းကျီဘုံ အဋ္ဌမအလွှာမှာတင် ရပ်နေတာ မဟုတ်ဘူး... အဆင့်မြင့် အင်မော်တယ် လက်နက်ရဲ့ စွမ်းအားလည်း ပါနေသေးတယ်... နေဦး... သူ့လက်နက်က... အဆင့်တူ နတ်ဘုရား လက်နက်ပဲ'
လိန်ဟွန်း၏ ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားတော့သည်။
ဖုန်းဝူချန်က မေးစေ့ကို အနည်းငယ် မော့လိုက်သည်။ အေးစက်သော အကြည့်များဖြင့် လိန်ဟွန်းကို စူးစိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“ဘာလဲ... မင်း ကြောက်သွားပြီလား”
ထိုစကားကို ကြားလိုက်ရသောအခါ တုန်လှုပ်နေသော လိန်ဟွန်း၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွား၏။ မျက်နှာကြွက်သားများပင် တဆတ်ဆတ် တုန်ယင်လာသည်။ အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ပြန်အော်လိုက်တော့သည်။
“ခွေးကောင်လေး... ငါ့ကို အထင်မသေးနဲ့... မင်းဆီမှာ ဝူမီးတောက် ရှိရုံလေးနဲ့ အရမ်းကြီးကျယ်နေတယ် မထင်နဲ့ကွ... ငါ့ကို ဒေါသထွက်အောင် လုပ်မိရင် ဘာအကျိုးဆက်တွေ ရလာမလဲ ဆိုတာ မင်း ကောင်းကောင်းကြီး သိသွားစေရမယ်”
“အိုး... ဟုတ်လား...”
ဖုန်းဝူချန်က မျက်နှာအမူအရာ တစ်စက်မျှ မပြောင်းလဲဘဲ အေးစက်စက် သရော်လိုက်သည်။
“မင်းရဲ့ ထျန်းကျီဘုံ အဋ္ဌမအလွှာ ကျင့်ကြံခြင်းနဲ့ဆိုရင် မင်းရဲ့စွမ်းအားက အလွန်ဆုံး ထျန်းကျီဘုံ နဝမအလွှာ အထွတ်အထိပ်ပဲ ရှိမှာပါ... မင်းရဲ့ စွမ်းအားက ငါ့ထက် သာနေနိုင်ပေမယ့် ငါ့ကို သတ်နိုင်ဖို့က သေချာမနေသေးဘူးကွ”
“ဖုန်းဝူချန်...”
လိန်ဟွန်းတစ်ယောက် တစ်ခါမျှ မဖြစ်ဖူးလောက်အောင် ဒေါသပေါက်ကွဲသွားတော့၏။ တားဆီး၍ မရနိုင်သော အမျက်ဒေါသနှင့်အတူ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များက လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်ပင် ထွက်ပေါ်လာသည်။
ဒေါသထွက်နေသော လိန်ဟွန်းက သူ၏ စွမ်းအား အားလုံးကို ထုတ်ဖော်လိုက်သည်။ သူ၏ အရှိန်အဝါက ထျန်းကျီဘုံ နဝမအလွှာ အထွတ်အထိပ်သို့ တဟုန်ထိုး တက်သွား၏။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှကာ မြင်ရသူတိုင်းကို အကြောက်တရားဖြင့် ဖုံးလွှမ်းသွားစေတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
“ဝှီး... ဝှီး...”
လိန်ဟွန်း၏ မျက်နှာက ရုပ်ပျက်ဆင်းပျက် ရှုံ့မဲ့နေ၏။ ဖုန်းဝူချန်ထံသို့ ရူးသွပ်မတတ် ဝင်ရောက် တိုက်ခိုက်တော့သည်။ ပြင်းထန်သော ထိတိုက်မှုများကြောင့် မြေကြီးပင် တုန်လှုပ်သွားမတတ် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ သူတို့၏ အသေအလဲ တိုက်ပွဲက နတ်ဘုရားအသွင်ပြောင်းဘုံ ထိပ်သီးပညာရှင်များ၏ တိုက်ပွဲနှင့်ပင် ယှဉ်နိုင်စွမ်း ရှိနေပေပြီ။
သူတို့၏ လက်သီးနှင့် ခြေကန်ချက်များက အလွန်တရာ မြန်ဆန်လှ၏။ အဆင့်နိမ့် သိုင်းပညာရှင်များဆိုလျှင် သူတို့၏ လှုပ်ရှားမှုများကို မျက်စိဖြင့်ပင် လိုက်မကြည့်နိုင်ကြချေ။
လိန်ဟွန်း၏ အားကုန်ထုတ် တိုက်ခိုက်မှုများအောက်တွင် ဖုန်းဝူချန်၏ ခန္ဓာကိုယ်က မည်မျှပင် သန်မာနေပါစေ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာနေရသည်။ ယခင်ဘဝ နတ်ဆိုးနဂါး၏ အလွန် ကြွယ်ဝလှသော တိုက်ခိုက်ရေး အတွေ့အကြုံများသာ မရှိခဲ့လျှင် သူ အစောကြီးကတည်းက ရှုံးနိမ့်သွားလောက်ပြီ ဖြစ်သည်။
သူတို့နှစ်ဦး အသေအလဲ တိုက်ခိုက်နေချိန်တွင် တစ်ခဏတာ ရပ်တန့်နေသော တပ်မတော်ကြီး နှစ်ရပ်လည်း ထပ်မံ၍ တိုက်ပွဲ စတင်ကြပြန်သည်။ သွေးချောင်းစီးသော သတ်ဖြတ်မှုများက စစ်မြေပြင် တစ်ခုလုံးကို နောက်တစ်ကြိမ် လွှမ်းခြုံသွားတော့၏။
နတ်ဘုရားအသွင်ပြောင်းဘုံနှင့် ထျန်းကျီဘုံ ပညာရှင်များသည်လည်း ကိုယ့်ပြိုင်ဘက်နှင့်ကိုယ် တိုက်ပွဲဝင်နေကြသည်။
ချီဟွမ်နှင့် အခြားနှစ်ဦးက ပူးပေါင်းလိုက်ကြ၏။ သူတို့က လော့ဝူချန်ကို သွေးအေးရက်စက်စွာဖြင့် ဝင်ရောက် တိုက်ခိုက်ကြသည်။ သို့သော် ဒဏ်ရာများ ရှိနေသေးသောကြောင့် လူသုံးယောက် ပေါင်းတိုက်နေသော်ငြား လော့ဝူချန်ကို အနိုင်မယူနိုင်သေးချေ။
ကျန်းဝူဖုန်းနှင့် အကြီးအကဲ ခြောက်ဦးဘက်သို့ လှည့်ကြည့်ရလျှင်... သူတို့က အမြွှာညီအစ်ကို၏ ကြောက်မက်ဖွယ် စွမ်းအားကို ရင်ဆိုင်နေရ၏။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ခြောက်ဦး ပေါင်းတိုက်နေသည့်တိုင်အောင် တိုက်ပွဲက ကြာလာသည်နှင့်အမျှ သူတို့ အရေးနိမ့်လာကြသည်။
တကယ်တမ်းတွင် ကျန်းဝူဖုန်းနှင့် အင်မော်တယ် လက်နက် စံအိမ်၏ ပထမအကြီးအကဲတို့သာ နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ ထို့ပြင် သူတို့မှာ ဒဏ်ရာကိုယ်စီနှင့် တိုက်ခိုက်နေရလေရာ ထိုအမြွှာညီအစ်ကိုကို မလွှမ်းမိုးနိုင်ကြပေ။
ကံကောင်းသည်က နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော် ရာပေါင်းများစွာက အသေအလဲ တိုက်ပွဲဝင်နေကြခြင်းပင်။ လူအင်အား အသာစီးရမှုက သူတို့ကို အခွင့်အရေး ဖြစ်စေခဲ့သည်။
ချီဟွမ်၊ ဟွမ်ယန်နှင့် အခြားခေါင်းဆောင်များက စစ်သည်တော်များကို ဦးဆောင်ကာ တိုက်ခိုက်လိုက်ရာ လွှမ်းမိုးခြင်း နယ်မြေမှ အင်အားစုများ နောက်ဆုတ်သွားကြရသည်။ ထိုရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများက တခြားနယ်မြေများမှ ပညာရှင်များကိုပင် ကျောချမ်းသွားစေခဲ့၏။
'လိန်ဟွန်းရဲ့ စွမ်းအားက တကယ်ကို အစွမ်းထက်တာပဲ... သူသာ ဟင်းလင်းပြင် စွမ်းအားကို သုံးလိုက်မယ်ဆိုရင် နတ်ဘုရားအသွင်ပြောင်းဘုံအောက်မှာ သူ့ကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ ရှိမယ်မထင်ဘူး'
ဖုန်းဝူချန် စိတ်ထဲမှ တွေးလိုက်မိသည်။
ထျန်းကျီဘုံ နဝမအလွှာ အထွတ်အထိပ်ဆိုသည်မှာ လိန်ဟွန်း၏ အကြောက်ဆုံး စွမ်းအား မဟုတ်သေးပေ။ လိန်ဟွန်းသည် ဟင်းလင်းပြင် စွမ်းအားများကို လုံးဝ အသုံးမပြုရသေးချေ။
ဤအချက်ကပင် တိုက်ကြီး၏ နံပါတ်တစ် ပါရမီရှင်ဆိုသည့် ဂုဏ်ပုဒ်နှင့် သူ မည်မျှ ထိုက်တန်ကြောင်း သက်သေပြနေသည်။
“ခွေးကောင်လေး... မင်းမှာ ဒီလောက်ပဲ အစွမ်းရှိတာလား... သေလိုက်စမ်း”
လိန်ဟွန်းက ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။ တိုက်ကွက်များကို အရှိန်တင်လိုက်ရာ ဖုန်းဝူချန်တစ်ယောက် ခြေတစ်လှမ်းပြီး တစ်လှမ်း နောက်ဆုတ်သွားရတော့၏။
ရက်စက်သော လက်ဝါးရိုက်ချက် တစ်ချက်နှင့်အတူ လိန်ဟွန်းက သူ၏ စွမ်းအားများကို ဆတိုး မြှင့်တင်လိုက်သည်။ ဖုန်းဝူချန်၏ ခုခံမှုကို ဖျက်ဆီးပြီး ပြင်းထန်သော ဒဏ်ရာရစေရန် ရည်ရွယ်ထား၏။
“ဟင်းလင်းပြင် စွမ်းအားကို မသုံးဘဲနဲ့ ငါ့ကို နိုင်မယ်လို့ မင်း ထင်နေတာလား”
ဖုန်းဝူချန်က အေးစက်စက် ရယ်မောလိုက်သည်။ အတွေးတစ်ချက်နှင့်အတူ သူက လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို သုံးကာ တစ္ဆေပမာ လှုပ်ရှားသွားတော့သည်။
“ဝုန်း...”
“ဝှီး...”
လိန်ဟွန်း၏ ရိုက်ချက်က မိုးကြိုးပမာ ဟိန်းညံသွားကာ ဟင်းလင်းပြင် တစ်ခုလုံးကို ဆုတ်ဖြဲသွား၏။ သို့သော် ဟာလာဟင်းလင်း ဟင်းလင်းပြင်ကိုသာ ထိမှန်ပြီး ပေါက်ကွဲသွားကာ ရူးသွပ်မတတ် အားလှိုင်းများ အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားတော့သည်။
သူ စက္ကန့်ဝက်မျှ နောက်ကျသွားခဲ့၏။
လိန်ဟွန်း၏ တိုက်ကွက်က လေကိုသာ ထိမှန်သွားခဲ့ခြင်းပင်။
“ကောင်းကင် ဒေါသ လက်ဝါး တတိယအလွှာ”
လိန်ဟွန်း၏ နောက်ကျောဘက်မှ ဖုန်းဝူချန်၏ အေးစက်သော အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ မည်သည့် သက်ညှာမှုမျှ မရှိဘဲ အစွမ်းထက်လှသော လက်ဝါးရိုက်ချက် တစ်ချက်ကို ပစ်သွင်းလိုက်၏။
'သွားပြီ'
ဖုန်းဝူချန်၏ အသံကို ကြားလိုက်ရသောအခါ လိန်ဟွန်း၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားတော့သည်။
“ဝုန်း...”
“ဝှီး...”
ဖုန်းဝူချန်၏ လက်ဝါးက လိန်ဟွန်း၏ နောက်ကျောကို အတိအကျ ထိမှန်သွားတော့၏။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ သူ၏ ကြမ်းတမ်းလှသော စွမ်းအားက လိန်ဟွန်းကို လွင့်ထွက်သွားစေ၏။ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။
လိန်ဟွန်းတစ်ယောက် ဖုန်းဝူချန်၏ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို လုံးဝ မရိပ်မိလိုက်ခြင်းပင်။
နှမြောစရာကောင်းသည်က ဖုန်းဝူချန်၏ စွမ်းအား မည်မျှပင် ပြင်းထန်ပါစေ လိန်ဟွန်းကို ဒဏ်ရာရစေရန် လုံလောက်မှု မရှိခဲ့ချေ။ စွမ်းအား ကွာဟချက်က အရမ်း ကြီးမားလွန်းနေသည်။
'ဖုန်းဝူချန်က ဒီလောက် ထူးဆန်းတဲ့ ကိုယ်ဖော့ပညာကို ဘယ်ကနေ သင်လာတာလဲ... ဘာလို့ သူ့ကို လုံးဝ အာရုံခံလို့ မရတာလဲ... ပြီးတော့ နဂါးနတ်ဘုရား နန်းတော်က လူတွေ အားလုံးနီးပါး ဒီအံ့မခန်း ပညာရပ်ကို တတ်မြောက်ထားကြတယ်နဲ့ တူတယ်'
လိန်ဟွန်း မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။
ဖုန်းဝူချန်၏ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို လိန်ဟွန်း အကြိမ်များစွာ မြင်ဖူးခဲ့သော်လည်း သူ လုံးဝ နားမလည်နိုင်ခဲ့ချေ။
လွင့်ထွက်သွားသော ခန္ဓာကိုယ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ရင်း လိန်ဟွန်းက မျက်လုံးမှေးကာ ဖုန်းဝူချန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ဖုန်းဝူချန်... မင်းရဲ့ စွမ်းအားလောက်နဲ့ ငါ့ကို လုံးဝ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး... အဲဒီ လက်ဝါးရိုက်ချက်က ဘာအဓိပ္ပာယ်မှ မရှိဘူးကွ”
လိန်ဟွန်းက ရက်စက်စွာ ပြောလိုက်၏။
“မင်း အားကုန်သုံးလိုက်ရင်တောင်မှ ငါ့ကို နိုင်ချင်မှ နိုင်မှာပါကွာ”
ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် အေးစက်စက် ရယ်မောလိုက်သည်။
“ဝှီး...”
လိန်ဟွန်း၏ မျက်နှာက ပြင်းထန်စွာ ရှုံ့မဲ့သွားတော့၏။ နောက်ဆုံးတွင် သူ ဒေါသကို မထိန်းနိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်ထဲရှိ ဟင်းလင်းပြင် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်လေတော့သည်။ သူ၏ အရှိန်အဝါက အဟုန်ပြင်းစွာ တိုးတက်လာ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် လိန်ဟွန်း၏ အရှိန်အဝါက ထျန်းကျီဘုံ နဝမအလွှာ အထွတ်အထိပ်၏ အတားအဆီးကို ရိုက်ချိုးသွားကာ နတ်ဘုရားအသွင်ပြောင်းဘုံ၏ နယ်ပယ်ထဲသို့ ခြေတစ်လှမ်း ချင်းနင်းဝင်ရောက်သွားလေတော့သည်။