အခန်း (၇၄၂-၇၄၄)
Vol. 50 Ch. 742-744
အခန်း (၇၄၂) - ဝူမီးတောက်ကို ကြောက်ရွံ့ခြင်း
~“လိန်ဟွန်းရဲ့ အရှိန်အဝါတွေ မြင့်တက်လာပြီဟေ့”
“ထျန်းကျီဘုံ နဝမအလွှာ အထွတ်အထိပ်ကိုတောင် ကျော်လွန်သွားပြီပဲ”
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးလဲ”
“...”
လိန်ဟွန်းက ဟင်းလင်းပြင် စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး ပေါက်ကွဲထွက်လာကာ လူတိုင်းကို တုန်လှုပ်သွားစေတော့၏။
“ဒုက္ခပဲ... လိန်ဟွန်းရဲ့ စွမ်းအားက အစ်ကိုဖုန်းကို ဖိနှိပ်ထားနိုင်နေပြီ... အခု ဒီလောက်တောင် ထပ်တက်သွားသေးတယ်... အစ်ကိုဖုန်း တောင့်ခံထားနိုင်မှာ မဟုတ်ဘူး”
လျိုချင်းယန်၏ မျက်နှာမှာ စိုးရိမ်မှုများ ပြည့်နှက်နေပြီး ကမန်းကတန်း ရေရွတ်လိုက်သည်။
“လိန်ဟွန်းရဲ့ ဟင်းလင်းပြင် စွမ်းအားက တကယ်ကို သာမန်မဟုတ်ဘူး... နန်းတော်သခင် အန္တရာယ်ရှိနေပြီ”
ယဲ့ထျန်းဝေကလည်း မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီး ဝင်ပြောလိုက်၏။
“ထျန်းကျီဘုံရဲ့ စွမ်းအားက ငါတို့ ဝင်ပါလို့ရတဲ့ အဆင့် မဟုတ်ဘူး... ရန်သူကို သတ်ဖို့ပဲ အာရုံစိုက်ကြစမ်း”
ချီဟွမ်က အသံကုန် ဟစ်အော်လိုက်သည်။
“ချီဟွမ် ပြောတာ မှန်တယ်... ဆရာ့ကို ငါတို့ ကူညီနိုင်မှာ မဟုတ်ဘူး... ကိုယ့်ရှေ့က ရန်သူတွေကို အရင် ရှင်းကြစို့”
ကျန်းကျွင့်လန်က မျက်နှာထား လေးနက်စွာဖြင့် ဝင်ရောက်လာရင်း ပြောလိုက်သည်။
“အစ်ကိုလျို... ရန်သူတွေထဲမှာ ထျန်းကျီဘုံ ပညာရှင် အတော်များများ ပါတယ်... အစ်ကို သွားပြီး ချီဟွမ်ကို ကူညီလိုက်ပါ... ဒီဘက်ကို ယန်ရန်နဲ့ ကျွန်မ တာဝန်ယူလိုက်မယ်”
မြောင်ချင်းချင်းက ပြတ်သားသော လေသံဖြင့် ဆိုလိုက်၏။
“ကောင်းပြီ... ကျန့်ထျန်း... သူတို့ကို သေချာ ကာကွယ်ပေးထားနော်”
ဟု လျိုချင်းယန်က အော်ဟစ်မှာကြားလိုက်သည်။
ထို့နောက် ဖုန်းဝူချန်ကို တစ်ချက် လှမ်းကြည့်ပြီး ကျန်းကျွင့်လန်နှင့်အတူ တိုက်ပွဲထဲသို့ ဝင်ရောက်သွားတော့၏။
“မမလေး ချင်းချင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက်တောင် သာနေပြီလေ... ပြီးတော့ သူက နတ်ဝိညာဉ်စွမ်းအားကိုတောင် ပိုင်ဆိုင်ထားသေးတာ... သူ့ကို ငါက ကာကွယ်ပေးရမှာလား... သူက ငါ့ကို ပြန်ကာကွယ်ပေးရမှာ ပိုဖြစ်နိုင်တယ်”
တုံးကျန့်ထျန်းက ပါးစပ်မှ ပွစိပွစိ ရေရွတ်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ကမူ မြောင်ချင်းချင်းတို့အနီးသို့ ချက်ချင်း ပြေးသွားသည်။
“ရွှီး... ရွှီး... ရွှီး...”
“ရွှမ်း... ရွှမ်း... ရွှမ်း...”
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များက ရန်သူများကို ရူးသွပ်မတတ် သတ်ဖြတ်နေကြသည်။ လှုပ်ရှားလိုက်တိုင်း ရန်သူတစ်ယောက် သေဆုံးသွားတတ်၏။ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ရန်သူတို့၏ သွေးများဖြင့် ရဲရဲနီနေတော့သည်။ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို အရူးအမူး အသုံးပြုနေကြသည်။ အသာစီး ရနေသော်ငြား သူတို့၏ ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုက အလွန် ကြီးမားလှသည်။
ကံကောင်းသည်က နဂါးနတ်ဘုရား နန်းတော်တွင် အစွမ်းထက် ဆေးလုံးများစွာ ရှိနေခြင်းပင်။ သို့ဖြစ်ရာ ဝိညာဉ်စွမ်းအင် ခန်းခြောက်သွားမည်ကို လုံးဝ ပူပန်နေစရာ မလိုချေ။
“ဝုန်း...”
အထက် ကောင်းကင်ယံ၌... ဖုန်းဝူချန်၏ အတွေးတစ်ချက်နှင့်အတူ သူ၏ လက်ဝါးပြင်ထက်တွင် အနက်ရောင် မီးတောက်များ ရုတ်တရက် တောက်လောင်လာသည်။
“ဝူမီးတောက်”
အနက်ရောင် မီးတောက်များကို မြင်လိုက်ရသောအခါ လိန်ဟွန်း၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားတော့၏။ သူ၏ ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများက ဒီရေအလား တဟုန်းဟုန်း မြင့်တက်လာသည်။
ဝူမီးတောက်၏ ကြောက်မက်ဖွယ် ကောင်းမှုက လိန်ဟွန်းကို အလွန်အမင်း သတိထားသွားစေသည်။
“ရှေးဦး ကမ္ဘာဦး ဝူမီးတောက်ပါလား”
လော့ဝူချန်ပင်လျှင် တုန်လှုပ်သွားကာ ကျောချမ်းသွားသည်။ ကျောပြင်တစ်ခုလုံး ချွေးစေးများပင် ပျံလာတော့၏။
“ဒါ ဆရာ့ဆီက ကြောက်စရာကောင်းတဲ့ မီးတောက်ကြီးပဲ”
ချီဟွမ်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
“အနက်ရောင် မီးတောက်တွေ”
ကျန်းဝူဖုန်းကလည်း ထိတ်လန့်တကြား ကြည့်နေမိ၏။
ထိုနေရာတွင် ရှိနေသူများအနက် ဝူမီးတောက်အကြောင်း သိသူ အလွန် နည်းပါးလှသည်။ သို့သော် ဝူမီးတောက်အကြောင်း သိထားသူတိုင်းမှာမူ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြတော့၏။
'ဘာတွေ ဖြစ်နေတာလဲ... ဝူမီးတောက်ရဲ့ အပူချိန်က ဘာလို့ ဒီလောက်တောင် အားနည်းသွားရတာလဲ'
ထိတ်လန့်မှုနှင့်အတူ လိန်ဟွန်း၏ ရင်ထဲတွင် သံသယများ ဝင်ရောက်လာသည်။
ဝူမီးတောက်၏ ကြောက်မက်ဖွယ် အပူချိန်ကို ဖုန်းဝူချန်က သန့်စင်ပြီး သူ၏ ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ဖြစ်သည်။ အပူချိန်အတွက် တာဝန်ရှိသော စွမ်းအင်များ ပျောက်ကွယ်သွားသော်ငြား အရိုးထဲထိ စိမ့်ဝင်သွားစေနိုင်သော အအေးဓာတ်နှင့် ကြောက်မက်ဖွယ် ဝါးမြိုခြင်း စွမ်းအားများကမူ ကျန်ရှိနေဆဲပင်။
ရေခဲတမျှ အေးစက်သော အရှိန်အဝါက ပျံ့နှံ့သွား၏။ ဖြတ်သန်းသွားရာ ဟင်းလင်းပြင် တစ်ခုလုံးမှာ ချက်ချင်း ရေခဲအဖြစ် အေးခဲသွားတော့သည်။ အအေးဓာတ်က အလွန်တရာ ကြီးစိုးလွှမ်းမိုးနိုင်လွန်းလှသည်။
ဝူမီးတောက် ထွက်ပေါ်လာမှုကြောင့် လိန်ဟွန်း၏ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ တွဲခိုလာသည်။ သူ၏ စွမ်းအားများ အဆမတန် မြင့်တက်နေသည့်တိုင်အောင် မဆင်မခြင် မလှုပ်ရှားရဲတော့ချေ။
နဂါးနတ်ဘုရား နန်းတော်တွင် ဝူမီးတောက်၏ ပိတ်လှောင်ခြင်းကို ခံခဲ့ရသော ကြောက်မက်ဖွယ် မြင်ကွင်းများက လိန်ဟွန်း၏ ခေါင်းထဲတွင် ပြန်လည် ပေါ်လာတော့၏။ ပြန်တွေးမိလေလေ ပို၍ ကြောက်ရွံ့လာလေလေ ဖြစ်ကာ ဝူမီးတောက်အပေါ် နက်ရှိုင်းသော ကြောက်တရား တစ်ခုက ကိန်းအောင်းသွားတော့သည်။
“ဘာဖြစ်သွားတာလဲ... နတ်ဘုရားအသွင်ပြောင်းဘုံထဲ ခြေတစ်လှမ်း ချင်းနင်းဝင်ရောက်နေတဲ့ စွမ်းအားတွေ ရှိနေတာတောင် မလှုပ်ရှားရဲတော့ဘူးလား”
ဖုန်းဝူချန်က လှောင်ပြောင်သော အကြည့်များဖြင့် သရော်လိုက်သည်။
“ခွေးကောင်လေး”
လိန်ဟွန်း၏ မျက်နှာက မည်းမှောင်သွား၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အံကို တင်းတင်းကြိတ်ကာ ခပ်ကြမ်းကြမ်း ခေါ်လိုက်တော့သည်။
ကြောက်မက်ဖွယ် အပူချိန် စွမ်းအင်များ ပျောက်ကွယ်သွားပြီး ထူးဆန်းစွာဖြင့် ကြက်သီးထဖွယ် အအေးဓာတ်အဖြစ် ပြောင်းလဲသွားမှုက လိန်ဟွန်းကို ထောင်ချောက်တစ်ခုဟု ထင်မြင်သွားစေသည်။ အကယ်၍ သူသာ လှုပ်ရှားလိုက်ပါက ထိုကြောက်မက်ဖွယ် မီးတောက်၏ အပူချိန်က ချက်ချင်း ပျံ့နှံ့လာမည်ဟု ထင်နေ၏။
ထို့ကြောင့် အခြေအနေကို သေချာ မသိရဘဲနှင့် လိန်ဟွန်းတစ်ယောက် မဆင်မခြင် မလုပ်ရဲချေ။
“မင်းက မလှုပ်ရှားရဲဘူး ဆိုမှတော့ ငါလည်း အားနာမနေတော့ဘူးနော်”
ဖုန်းဝူချန်၏ မျက်ဝန်းများက ရက်စက်စွာ တောက်ပသွားပြီးနောက် အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။
“နတ်ဘုရား အရိပ်”
“ရွှီး... ရွှီး... ရွှီး...”
အော်ဟစ်သံ အဆုံးတွင် ဖုန်းဝူချန်၏ ပုံရိပ်က ဆက်တိုက်ဆိုသလို တဖျပ်ဖျပ် လှုပ်ရှားသွားတော့၏။ သူ၏ အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။ ဟင်းလင်းပြင်ထဲတွင် ထင်ရှားလှသော ပုံရိပ်ယောင် တစ်ထောင်ကျော်ကို ချက်ချင်း ဖန်တီးလိုက်သည်။
“သခင်လေး... သတိထား”
လော့ဝူချန်က အထိတ်တလန့် အော်ဟစ် သတိပေးလိုက်သည်။
“သခင်လေး”
အမြွှာတပ်မှူးများကလည်း လိန်ဟွန်းထံသို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြ၏။
ဖုန်းဝူချန်က အရင် စတင် တိုက်ခိုက်လိုက်သောအခါ လိန်ဟွန်းတစ်ယောက် ထိတ်လန့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ ဤအချက်ကပင် လိန်ဟွန်းအနေဖြင့် ဝူမီးတောက်ကို မည်မျှတောင် ကြောက်ရွံ့နေကြောင်း သက်သေပြနေသည်။
သို့သော်ငြား လိန်ဟွန်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးသည်နှင့် ချက်ချင်း ရပ်တန့်လိုက်၏။ နတ်ဘုရား ဘုရင် နန်းတော်၏ သခင်လေး၊ တိုက်ကြီး၏ နံပါတ်တစ် ပါရမီရှင် တစ်ယောက်အနေဖြင့် သူ၏ ဂုဏ်သိက္ခာနှင့် မာနက သူ့ကို ခြေတစ်လှမ်းမျှ နောက်ဆုတ်ခွင့် မပြုချေ။
ဒေါသမီးတောက်များက လိန်ဟွန်းကို လွှမ်းခြုံသွားတော့သည်။
“ရွှီး... ရွှီး... ရွှီး...”
ဖုန်းဝူချန်က အဆက်မပြတ် နေရာရွှေ့ပြောင်းနေရင်း လိန်ဟွန်း၏ ပတ်လည်တွင် ပုံရိပ်ယောင် အမြောက်အမြားကို ဖန်တီးလိုက်သည်။ သောင်းနှင့်ချီသော တပ်မတော်ကြီး တစ်ခုအလား တကယ့်ကို ခမ်းနားကြီးကျယ်လှသော မြင်ကွင်းပင် ဖြစ်၏။
“မင်း အရမ်း ကြောက်နေတာလား... မလှုပ်ရှားရဲလောက်အောင်ကို ကြောက်နေတာလား”
ဖုန်းဝူချန်၏ လှောင်ပြောင်သံများက အရပ်မျက်နှာ အနှံ့အပြားမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
လိန်ဟွန်းတစ်ယောက် ဒေါသအထွတ်အထိပ်သို့ ရောက်နေတော့၏။ သူ၏ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေကာ အံကို တင်းတင်းကြိတ်ထားရင်း အတွင်းစိတ်ထဲတွင် ရုန်းကန်နေရတော့၏။
ထိုအချိန်တွင် အနက်ရောင် မီးတောက်များ လွှမ်းခြုံထားသော ဖုန်းဝူချန်၏ လက်ဝါးက လိန်ဟွန်းထံသို့ ရက်စက်စွာ ဝင်ရောက်လာသည်။
“အင်မော်တယ် ကျင့်စဉ်... ဖျက်ဆီးခြင်း နဂါးနတ်ဘုရား လက်ဝါး”
လက်ဝါးရိုက်ချက် တစ်ချက်နှင့်အတူ ဖုန်းဝူချန်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ အရှိန်အဝါက မျက်စိတစ်မှိတ် အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာကာ လက်ဝါးပုံရိပ်မှ ထွက်ပေါ်လာသော စွမ်းအားက တစ်စက္ကန့်အတွင်း ဆယ်ဆမက ပေါက်ကွဲထွက်လာတော့၏။
“ဝှီး...”
“ဝုန်း... ဝုန်း...”
လက်ဝါးရိုက်ချက် ထွက်ပေါ်သွားသည်နှင့် တောင်များကို ဖြိုလှဲကာ ပင်လယ်များကို မှောက်လှန်ပစ်နိုင်မည့် ဧရာမ သွေးရောင် လက်ဝါးပုံရိပ်ကြီး တစ်ခု ပေါက်ကွဲထွက်လာသည်။ မှုန်မှိုင်းနေသော ဟင်းလင်းပြင် တစ်ခုလုံး သွေးရောင် အလင်းတန်းများဖြင့် လွှမ်းခြုံသွားကာ ဖြတ်သန်းသွားရာ နေရာတိုင်း ပြင်းထန်စွာ တုန်ခါသွားတော့၏။
ဖုန်းဝူချန်၏ လက်ဝါးရိုက်ချက်က လွှမ်းမိုးနိုင်သော အင်အားများကို သယ်ဆောင်လာကာ ဝိညာဉ်များကိုပင် ဖမ်းစားနိုင်လောက်သည်။
“အင်မော်တယ် ကျင့်စဉ်”
ဖုန်းဝူချန်၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ အသေအလဲ တိုက်ပွဲဝင်နေကြသူများ အားလုံး အံ့အားသင့်သွားကြတော့၏။
“ဒီအရှိန်အဝါက... ဒါက အလယ်အလတ်အဆင့် အင်မော်တယ် ကျင့်စဉ်ပဲ”
လော့ဝူချန်၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများက အထင်းသား ပေါ်လွင်နေသည်။
“ဆရာက ဒီလောက် ကြောက်စရာကောင်းတဲ့ အင်မော်တယ် ကျင့်စဉ်ကို ဖုံးကွယ်ထားခဲ့တာလား”
ချီဟွမ်နှင့် အခြားသူများလည်း လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြကာ ကြောက်ရွံ့သော အကြည့်များဖြင့် ဖုန်းဝူချန်ထံသို့ လှည့်ကြည့်လိုက်မိကြတော့၏။
“ဓားသိုင်းကလွဲရင် နန်းတော်သခင်က အင်မော်တယ် ကျင့်စဉ် သုံးတာ ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”
“ဖုန်းဝူချန်ဆီမှာ အင်မော်တယ် ကျင့်စဉ် တကယ်ကြီး ရှိနေတာလား”
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါလဲ... ဒါက အင်မော်တယ် ကျင့်စဉ်ရဲ့ စွမ်းအားလား”
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့နှင့် လွှမ်းမိုးခြင်း နယ်မြေမှ အင်အားကြီး ပညာရှင်များ အားလုံး လုံးဝကို တုန်လှုပ်သွားကြတော့၏။
'အင်မော်တယ် ကျင့်စဉ်'
တစ်ချိန်တည်းမှာပင် လိန်ဟွန်း၏ မည်းမှောင်နေသော မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။ သို့သော် သူ သေချာ စဉ်းစားရန် အချိန်မရတော့ချေ။
သူ၏ ဂုဏ်သိက္ခာနှင့် မာနက နောက်ဆုတ်ခွင့် မပြုလေရာ လိန်ဟွန်းအနေဖြင့် သူရှိသမျှ စွမ်းအား အားလုံးကို ထုတ်သုံးကာ ရင်ဆိုင်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
လိန်ဟွန်းက လက်နှစ်ဖက်ကို ပူးကပ်လိုက်ကာ ဟင်းလင်းပြင် စွမ်းအားများကို အမြင့်ဆုံး အတိုင်းအတာအထိ တွန်းတင်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်းသွားပြီးနောက် အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်တော့၏။
“လာခဲ့စမ်း... လိုအပ်ရင် အတူတူ သေကြတာပေါ့ကွာ”
“မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... ဝိညာဉ်ချိုးဖဲ့ ကောင်းကင်ဖျက်ဆီး လက်ဝါး”
ရူးသွပ်မတတ် ဟစ်အော်သံနှင့်အတူ လိန်ဟွန်းက နောက်ဆုံးအခြေအနေ ရောက်နေသည့်အလား အသေအလဲ လက်ဝါးရိုက်ချက် တစ်ချက်ကို ပစ်လွှတ်လိုက်သည်။
အင်မော်တယ် ကျင့်စဉ် မရှိသော်ငြား နတ်ဘုရားအသွင်ပြောင်းဘုံသို့ ခြေတစ်လှမ်း ချင်းနင်းဝင်ရောက်နေပြီ ဖြစ်သော လိန်ဟွန်း အသုံးပြုလိုက်သည့် သိုင်းကွက်က ဖုန်းဝူချန်၏ လက်ဝါးပုံရိပ်ထက် လုံးဝ မလျော့နည်းဘဲ ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။
“ဝုန်း...”
“ဖူး...”
မျက်စိတစ်မှိတ် အတွင်းမှာပင် လက်ဝါးနှစ်ခု ပြင်းထန်စွာ ထိတိုက်မိသွားပြီး ပေါက်ကွဲသွားတော့၏။ ကောင်းကင်ကိုပင် ဆုတ်ဖြဲပစ်နိုင်မည့် အသံကြီးနှင့် ဖျက်ဆီးခြင်း စွမ်းအင်များက လူအုပ်ကြီး၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ပျံ့နှံ့သွားသည်။ ဖုန်းဝူချန် တစ်ယောက် သွေးတစ်ပွက် အန်ချလိုက်ကာ နောက်သို့ လွင့်ထွက်သွားသည်ကို သူတို့ မြင်လိုက်ကြရသည်။
“နန်းတော်သခင်”
“အစ်ကိုဖုန်း”
ဖုန်းဝူချန် သွေးအန်သွားသည်ကို မြင်လိုက်ရသောအခါ နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး အလွန်အမင်း ထိတ်လန့်သွားကြကာ အသံကုန် ဟစ်အော်လိုက်ကြလေတော့၏။
အခန်း (၇၄၃) - ဖုန်းဝူချန်၏ ရည်ရွယ်ချက်
~ဖုန်းဝူချန်က ကြောက်မက်ဖွယ်ကောင်းလှသော အင်မော်တယ် ကျင့်စဉ်ကို ထုတ်သုံးခဲ့သော်ငြား လိန်ဟွန်းကို မကျော်လွှားနိုင်ခဲ့ချေ။
လိန်ဟွန်း၏ စွမ်းအားက ဖုန်းဝူချန်ထက် အများကြီး သာလွန်နေသည်။ သူတို့နှစ်ဦးကြားက ကျင့်ကြံခြင်းအဆင့် ကွာဟချက်ကို အင်မော်တယ် ကျင့်စဉ် တစ်ခုတည်းဖြင့် ပေါင်းကူးပေးရန် မဖြစ်နိုင်ချေ။
သို့သော်ငြား ဤအချက်ကပင် လိန်ဟွန်းနှင့် လော့ဝူချန်တို့ကို မယုံကြည်နိုင်အောင် ဖြစ်သွားစေသလို ချီဟွမ်နှင့် ကျန်းဝူဟန်တို့ကိုလည်း အံ့အားသင့်သွားစေခဲ့သည်။
ဖုန်းဝူချန်၏ စွမ်းအားက လိန်ဟွန်းကို မယှဉ်နိုင်သည်မှာ မှန်သော်လည်း သူတို့အားလုံးက ရှေးဦး ကမ္ဘာဦး ဝူမီးတောက်၏ ကြောက်မက်ဖွယ် ကောင်းပုံကို သေချာ သိထားကြသူများ ဖြစ်၏။
သို့ပါလျက် အသက်တမျှ အရေးကြီးသော အခိုက်အတန့်တွင် ထိုရှေးဦး ကမ္ဘာဦး ဝူမီးတောက်က ဘာကြောင့် အလုပ်မဖြစ်ခဲ့ရသနည်း။
“ချန်အာ...”
ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့ လင်မယားမှာ အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားကြကာ အသံကုန် ဟစ်အော်လိုက်ကြသည်။
“ဒုက္ခပဲ... နန်းတော်သခင် ဒဏ်ရာရသွားပြီ”
“မဟာမိတ်ခေါင်းဆောင်က အင်မော်တယ် ကျင့်စဉ်ရော ဝူမီးတောက်ကိုပါ သုံးတာတောင် လိန်ဟွန်းကို မနိုင်ဘူးလား”
“မြန်မြန်... မဟာမိတ်ခေါင်းဆောင်ကို သွားကူကြ”
နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး ပြာယာခတ်သွားကြသလို မဟာမိတ်အဖွဲ့ဝင်များမှာလည်း ရင်ထဲတွင် တိတ်တဆိတ် စိုးရိမ်ပူပန်နေကြတော့၏။
ဖုန်းဝူချန်ဆိုသည်မှာ သူတို့၏ ဝိညာဉ်ရေးရာ ခေါင်းဆောင်ကြီး ဖြစ်သည်။ အကယ်၍ သူသာ ယခု ကျဆုံးသွားပါက သူတို့အားလုံးအတွက် ဧရာမ ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
“ဘယ်သူမှ လာစရာမလိုဘူး... ကိုယ့်ရှေ့က ရန်သူကို သတ်ဖို့ပဲ အာရုံစိုက်ကြပါ”
ဖုန်းဝူချန်၏ ဩဇာပါသော ဟိန်းဟောက်သံကြီးက ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ပြင်းထန်လှသော ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဖုန်းဝူချန်၏ ဒဏ်ရာက အတော်လေး ပြင်းထန်ပုံရ၏။ သူ၏ မျက်နှာက ဖြူရော်နေကာ နှုတ်ခမ်းထောင့်မှ သွေးစိမ်းများက တစက်စက် ကျဆင်းနေတော့သည်။
တစ်ခဏမျှ ပြင်းထန်သော တိုက်ပွဲကြီးက နောက်တစ်ကြိမ် ရပ်တန့်သွားပြန်၏။
“နန်းတော်သခင်”
“မဟာမိတ်ခေါင်းဆောင်”
နဂါးနတ်ဘုရား နန်းတော်နှင့် မဟာမိတ်အဖွဲ့မှ လူများမှာ စိတ်မချနိုင်သေးသော်ငြား ဖုန်းဝူချန် ကိုယ်တိုင် အမိန့်ပေးလိုက်ပြီ ဖြစ်ရာ မည်သူကမျှ ဝင်မပါရဲကြတော့ချေ။
“စိတ်မပူကြနဲ့... လိန်ဟွန်းက ငါ့ကို မသတ်နိုင်ပါဘူး”
ဖုန်းဝူချန်က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပစ်လိုက်ရင်း အေးစက်စက် ရယ်မောလိုက်သည်။ ဒဏ်ရာက ပြင်းထန်သော်လည်း သူက လုံးဝ ဂရုမစိုက်သည့်ဟန်ပင်။
ဖုန်းဝူချန်၏ ယုံကြည်မှု အပြည့်ရှိပြီး အေးအေးဆေးဆေး ဖြစ်နေသော အမူအရာကို မြင်လိုက်ရမှသာ မဟာမိတ်အဖွဲ့ဝင်များလည်း ရင်ထဲက အလုံးကြီး ကျသွားကြတော့၏။
“ညီအစ်ကိုတို့... တိုက်ကြစမ်း... နတ်ဘုရား ဘုရင် နန်းတော်က ကောင်တွေကို ငါတို့က အလကား လူအုပ်စု မဟုတ်ဘူးဆိုတာ ပြလိုက်ကြစို့”
ချီဟွမ်က ဖုန်းဝူချန်ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရုတ်တရက် အသံကုန် ဟစ်အော်လိုက်သည်။
“သတ်...”
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များက တစ်သံတည်း ဟိန်းဟောက်ကာ တုံ့ပြန်လိုက်ကြ၏။ ထို့နောက် မဟာမိတ်အဖွဲ့မှ လူများ၏ ရူးသွပ်မတတ် အော်ဟစ်သံများပါ ထပ်မံ ထွက်ပေါ်လာရာ သူတို့၏ အရှိန်အဝါက ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့်အလား။
စစ်သည်တော်များနှင့် မဟာမိတ်အဖွဲ့မှ အင်အားကြီး ပညာရှင်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်များက မီးတောက် တစ်ခုအလား တောက်လောင်လာကာ သူတို့၏ သွေးများပင် ဆူပွက်လာတော့သည်။
နန်းတော်မှ စစ်သည်တော်များက ရှေ့ဆုံးမှ ဦးဆောင်ကာ ရန်သူများကို ရူးသွပ်စွာ သတ်ဖြတ်နေကြတော့၏။
“နဂါးနတ်ဘုရား နန်းတော်ကို အမြစ်ပြတ် ချေမှုန်းစမ်း... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို အစအန ဖျောက်ကြ... နန်းတော်သခင်က ကြီးမားတဲ့ ဆုလာဘ်တွေ ပေးလိမ့်မယ်”
နတ်ဘုရား ဘုရင် နန်းတော်၏ တပ်မှူးကလည်း ကြောက်မက်ဖွယ် အရှိန်အဝါများ၊ သတ်ဖြတ်လိုစိတ်များဖြင့် ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။
“သတ်ကြ...”
လွှမ်းမိုးခြင်း နယ်မြေမှ အင်အားစု အသီးသီးရှိ ပညာရှင်များကလည်း ဒေါသတကြီး ဟစ်အော်ကာ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက် တိုက်ခိုက်ကြတော့၏။
တပ်မတော်ကြီး နှစ်ရပ်၏ စိတ်ဓာတ်ခွန်အားများက အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေတော့၏။ သူတို့၏ မျက်လုံးများက သွေးရောင်လွှမ်းနေကာ အသေအလဲ တိုက်ပွဲဝင်နေကြသည်။
ရက်စက်ကြမ်းကြုတ်လှသော တိုက်ပွဲကြီးအတွင်း ကျဆုံးသူ အရေအတွက်မှာလည်း ကြောက်ခမန်းလိလိ မြင့်တက်နေတော့၏။
'ဝူမီးတောက်ရဲ့ စွမ်းအားက ဘာဖြစ်သွားတာလဲ'
ချီဟွမ်က မျက်မှောင်ကြုတ်ကာ အတွေးနယ်ချဲ့နေမိသည်။ ယုတ္တိအရ စဉ်းစားကြည့်မည် ဆိုလျှင် ရှေးဦး ကမ္ဘာဦးခေတ်၏ အစွမ်းအထက်ဆုံး မီးတောက်ကို ပိုင်ဆိုင်ထားသော ဖုန်းဝူချန်သည် ယခုလို ထိပ်တိုက်ရင်ဆိုင်မှုတွင် လုံးဝ အရေးနိမ့်သွားစရာ အကြောင်းမရှိချေ။ ပြင်းထန်သော ဒဏ်ရာရသွားရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ သို့သော် လက်တွေ့ ရလဒ်ကတော့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ချီဟွမ်၊ ကျန်းဝူဟန်နှင့် အခြားသူများ သာမက လော့ဝူချန် ကိုယ်တိုင်လည်း ဤအခြေအနေကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ၏။
အံ့အားသင့်နေသော လိန်ဟွန်း၏ မျက်နှာကလည်း တဖြည်းဖြည်း လေးနက်လာတော့သည်။
'ဝူမီးတောက်ရဲ့ စွမ်းအားက နည်းနည်းလေးမှ အားနည်းသွားတာ မဟုတ်ဘူး... ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ အပူချိန်က ပျောက်သွားတယ်... ငါ့ရဲ့ စွမ်းအားတွေကိုလည်း မဝါးမြိုဘူး... ဒါ ဘာတွေ ဖြစ်နေတာလဲ'
လိန်ဟွန်းက ဖုန်းဝူချန်ကို သံသယ မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း ဘာဖြစ်သွားမှန်း လုံးဝ စဉ်းစား၍ မရချေ။
“မင်း တော်တော်လေး ဇဝေဇဝါ ဖြစ်နေတယ် မလား”
ဖုန်းဝူချန်က လိန်ဟွန်း၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း အေးစက်စက် ရယ်မောလိုက်သည်။
ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသောအခါ လိန်ဟွန်းက မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကျုံ့ထားလိုက်သော်လည်း ဘာမှ ပြန်မပြောချေ။
“ဝူမီးတောက်ရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားက ရုတ်တရက်ကြီး လျော့ကျသွားတယ်လို့ မင်း ထင်နေတာလား”
ဖုန်းဝူချန်က လှောင်ပြောင်သံဖြင့် ဆက်မေးလိုက်၏။
“မင်း ဘာပြောချင်တာလဲ”
လိန်ဟွန်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။
ဖုန်းဝူချန်က ညာဘက်လက်ဝါးကို လက်သည်းကုတ်ပုံစံ ကွေးလိုက်သည်နှင့် အနက်ရောင် မီးတောက်များက နောက်တစ်ကြိမ် တောက်လောင်လာသည်။ ထိုစဥ်၊ သူက ခနဲ့တဲ့တဲ့ ပြုံးရင်း ဆိုလိုက်၏။
“ငါ ခုနလေးတင် မင်းရဲ့ ခန္ဓာကိုယ်ထဲကို ဝူမီးတောက်ရဲ့ မူလမီးတောက် အမျှင်တန်းလေး တစ်ခု ထည့်ပေးလိုက်တယ်လေကွာ”
“ဘာ”
ထိုစကားကို ကြားလိုက်ရသောအခါ လိန်ဟွန်း၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားကာ ဝိညာဉ်များပင် လွင့်ထွက်သွားမတတ် ထိတ်လန့်သွားတော့၏။
“မဟုတ်လို့... မင်းနဲ့ ငါ ထိပ်တိုက် ရင်ဆိုင်ဖို့လောက် ငါက အရူးလို့ မင်း ထင်နေတာလား... မင်းကို ထောင့်ကြပ်အောင် မလုပ်ထားဘူး ဆိုရင် မင်းက အသေအလဲ ပြန်တိုက်ခိုက်ပါ့မလား... မင်း ပြန်ခုခံနေတဲ့ အချိန်လေးမှာပဲ ငါက အခွင့်အရေး ရသွားတာလေ”
ဖုန်းဝူချန်က အစကတည်းက အရာအားလုံးကို စနစ်တကျ အကွက်ချထားခဲ့သည့်အလား ခပ်ပြုံးပြုံးဖြင့် ရှင်းပြလိုက်သည်။
ခုနက ထိပ်တိုက် ရင်ဆိုင်မှုက တကယ်ကို ထူးဆန်းနေခဲ့သည် မဟုတ်ပါလော။
လိန်ဟွန်း၏ စွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ နယ်ပယ်ထဲသို့ ခြေတစ်လှမ်း ချင်းနင်းဝင်ရောက်နေတော့၏။ ဖုန်းဝူချန်ကမူ ထျန်းကျီဘုံ အဋ္ဌမအလွှာမျှသာ ရှိသေးသည်။
အဆင့်တူ နတ်ဘုရား လက်နက်၏ စွမ်းအား ပါနေလျှင်တောင်မှ လိန်ဟွန်းကို ယှဉ်နိုင်စွမ်း မရှိချေ။
လိန်ဟွန်းကို မယှဉ်နိုင်မှန်း သိလျက်နှင့် ဖုန်းဝူချန်က အရူးတစ်ယောက်လို ထိပ်တိုက် သွားရင်ဆိုင်ပါမည်လား။
ဖုန်းဝူချန်က အကြောင်းပြချက် တစ်ခုအတွက် သူ၏ အသက်ကို စွန့်စားခဲ့ခြင်း ဖြစ်၏။ သူ၏ ရည်ရွယ်ချက်က လိန်ဟွန်း၏ ခန္ဓာကိုယ်ထဲသို့ ဝူမီးတောက်များ ထည့်သွင်းရန် ဖြစ်ပြီး ထိပ်တိုက် ရင်ဆိုင်မှုက ထိုအတွက် အကောင်းဆုံး အခွင့်အရေးကို ဖန်တီးပေးခဲ့ခြင်းပင်။
ထိုအခိုက်အတန့်၌ လိန်ဟွန်း၏ ရင်ထဲတွင် ကြောက်တရားများ ကိန်းအောင်းသွားတော့၏။ သူက ဝူမီးတောက်ကို ခုခံရန်အတွက်သာ အာရုံစိုက်ပြီး အားကုန်ထုတ် တိုက်ခိုက်ခဲ့သဖြင့် ဖုန်းဝူချန်က ထိုအခွင့်အရေးကို အသုံးချကာ သူ၏ ခန္ဓာကိုယ်ထဲသို့ မီးတောက်များ ထည့်သွင်းသွားလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ချေ။
“မင်း... မင်း ဘာလုပ်ချင်တာလဲ”
လိန်ဟွန်းက အထိတ်တလန့် မေးလိုက်သည်။
“ဝုန်း...”
ဖုန်းဝူချန်က အေးစက်စက် ရယ်မောလိုက်၏။ သူ၏ လက်ဝါးပြင်ထက်ရှိ ဝူမီးတောက်က ရုတ်တရက် ပေါက်ကွဲသံသဲ့သဲ့နှင့်အတူ ရူးသွပ်မတတ် ကြမ်းတမ်းလာတော့သည်။
ထိုအခိုက် လိန်ဟွန်း၏ မျက်နှာက တစ်ခုခုကို သဘောပေါက်သွားသည့်အလား ပြင်းထန်စွာ ရှုံ့မဲ့သွားသည်။
“ဝူမီးတောက်က တကယ်ပဲ ငါ့ကိုယ်ထဲ ရောက်နေတာ... ငါ့ရဲ့ ချီပင်လယ်ထဲမှာ...”
လိန်ဟွန်းက ဖုန်းဝူချန်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့၏။
“ခွေးကောင်”
လိန်ဟွန်းက ဖုန်းဝူချန်အား ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“မင်းကောင်စုတ်လေး... မင်းက ဝူမီးတောက်ကို သုံးပြီး ငါ့ရဲ့ ဟင်းလင်းပြင် စွမ်းအားကို ဝါးမြိုပစ်ဖို့ စီစဉ်ထားတာပဲ”
ဖုန်းဝူချန်က ဤမျှ ကောက်ကျစ်စဉ်းလဲလိမ့်မည်ဟု လိန်ဟွန်း လုံးဝ မတွေးမိခဲ့ချေ။ ဝူမီးတောက်ကို သုံးပြီး ခြိမ်းခြောက်ကာ စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးဖြင့် သူ့ကို ထောင်ချောက်ထဲ ဆွဲသွင်းခဲ့ခြင်းပင်။
လိန်ဟွန်း၏ ဟိန်းဟောက်သံကြောင့် ထိုနေရာတွင် ရှိနေသူ အားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြတော့၏။
“နန်းတော်သခင်က လိန်ဟွန်းရဲ့ ဟင်းလင်းပြင် စွမ်းအားကို ဝါးမြိုပစ်ဖို့ ရည်ရွယ်ထားတာလား”
“အော်... အဲဒီလိုကိုး... အစ်ကိုဖုန်းက လိန်ဟွန်းရဲ့ စွမ်းအားကို ဝါးမြိုဖို့အတွက် သူ့အသက်ကိုတောင် စတေးပြီး စွန့်စားခဲ့တာပဲ”
“မဟာမိတ်ခေါင်းဆောင်နဲ့ တကယ်ကို ထိုက်တန်ပါတယ်... လိန်ဟွန်းရဲ့ ဟင်းလင်းပြင် စွမ်းအားကိုသာ ဝါးမြိုပြီးသွားရင် မဟာမိတ်ခေါင်းဆောင်က သူ့ကို သေချာပေါက် ရင်ဆိုင်နိုင်ပြီ”
ဖုန်းဝူချန်၏ အဓိက ပစ်မှတ်က ဟင်းလင်းပြင် စွမ်းအား ဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားကြတော့၏။
ဖုန်းဝူချန်က အရမ်း ရဲတင်းလွန်းနေသည် မဟုတ်ပါလော။ သူက လူအများကြီး ရှေ့မှာတင် လိန်ဟွန်း၏ ဟင်းလင်းပြင် စွမ်းအားကို .. လုယူရဲသည်။
“အစ်ကိုဖုန်း... သူ့စွမ်းအားတွေကို မြန်မြန် ဝါးမြိုလိုက်တော့”
လျိုချင်းယန်က အသံကုန် ဟစ်အော်လိုက်သည်။
“ဖုန်းဝူချန်... သေလမ်း ရှာနေတာပဲ”
လော့ဝူချန်က အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ဖုန်းဝူချန်အား ဒေါသတကြီး ဟိန်းဟောက်လိုက်တော့၏။
ဖုန်းဝူချန်က လော့ဝူချန်ကို အေးစက်စက် တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
“ မဆင်မခြင် လှုပ်ရှားတာ မလုပ်တာ အကောင်းဆုံးပဲ... မဟုတ်ရင် လိန်ဟွန်း သေသွားတဲ့အခါ မင်း ပြန်ရောက်ရင် ဘယ်လို ရှင်းပြမလဲဆိုတာ စဉ်းစားထားလိုက်”
“မင်း...”
လော့ဝူချန်တစ်ယောက် ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားကာ မျက်နှာကြွက်သားများပင် တဆတ်ဆတ် တုန်ယင်နေတော့၏။
“လိန်ဟွန်း... မင်းမှာ ဟင်းလင်းပြင် စွမ်းအား မရှိတော့ဘူးဆိုရင် မင်းရဲ့ စွမ်းအားက အလွန်ဆုံး ထျန်းကျီဘုံ နဝမအလွှာမှာပဲ ရှိတော့မှာပါ... မင်းရဲ့ ဟင်းလင်းပြင် စွမ်းအားကို အတင်းအကြပ် ဝါးမြိုပစ်လိုက်ရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ပါ
နောက်ပြန်ဆုတ်သွားနိုင်တယ်နော်”
ဖုန်းဝူချန်က ခနဲ့တဲ့တဲ့ ပြုံးရင်း လှောင်ပြောင်လိုက်သည်။ စကားပြောနေရင်းပင် သူက ဝူမီးတောက်ကို ထိန်းချုပ်ကာ လိန်ဟွန်း၏ ဟင်းလင်းပြင် စွမ်းအားကို စတင် ဝါးမြိုနေပြီ ဖြစ်၏။
“ရပ်... အခုချက်ချင်း ရပ်လိုက်စမ်း... အား...”
သူ၏ ဟင်းလင်းပြင် စွမ်းအားများ အတင်းအကြပ် ဝါးမြိုခံနေရသည်ကို ခံစားလိုက်ရသောအခါ လိန်ဟွန်းတစ်ယောက် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ဆွဲထုတ်ခံနေရသည့်အလား နာကျင်စွာ အော်ဟစ်လိုက်တော့၏။ ထိတ်လန့်နေသော အသံက စူးစူးဝါးဝါး အော်သံကြီးအဖြစ် ပြောင်းလဲသွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော လွှမ်းမိုးခြင်း နယ်မြေမှ အင်အားစု အသီးသီးရှိ ပညာရှင်များ အားလုံး အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားကြတော့၏။
“သခင်လေး”
လော့ဝူချန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ကာ ရှေ့သို့ မဆင်မခြင် ပြေးထွက်သွားသည်။
ချီဟွမ်၊ ကျန်းဝူဟန်နှင့် အခြားတစ်ဦးက ချက်ချင်း ဝင်ရောက် တားဆီးလိုက်ကြ၏။ တစ်ချိန်တည်းမှာပင် ကျန်းဝူဖုန်းနှင့် အခြားသူများကလည်း နတ်ဘုရား ဘုရင် နန်းတော်၏ တပ်မှူးနှင့် အခြားသော နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များကို ပိတ်ဆို့လိုက်ကြသည်။
“ဖယ်စမ်း”
လော့ဝူချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“မင်းမှာ ဘာအစွမ်းရှိလဲ ပြစမ်းပါဦး”
ချီဟွမ်နှင့် အခြားနှစ်ဦးက လုံးဝ နောက်မဆုတ်ဘဲ နေရာမှာတင် ခိုင်ခိုင်မာမာ ရပ်တန့်နေကြသည်။
“အစောင့်အရှောက်ကြီး... နန်းတော်သခင်ကို မြန်မြန် ဆင့်ခေါ်လိုက်ပါ”
တပ်မှူးက ကမန်းကတန်း အော်ဟစ်လိုက်တော့၏။
အခန်း (၇၄၄) - မမျှော်လင့်ထားသော အဖြစ်အပျက်
~“ဒုတိယ နန်းတော်သခင်”
နတ်ဘုရား ဘုရင် နန်းတော်၏ အစောင့်အရှောက်၊ တပ်မှူးနှင့် အင်အားကြီး ပညာရှင်များ အားလုံး ပြာယာခတ်သွားကြတော့၏။ ဘာလုပ်ရမှန်း မသိလောက်အောင်ကို ထိတ်လန့်နေကြသည်။
“အစောင့်အရှောက်ကြီး... နန်းတော်သခင်ကို မြန်မြန် ဆင့်ခေါ်လိုက်ပါ... ဒီကောင်တွေကို ကျွန်တော်တို့ ညီအစ်ကို တားထားပေးမယ်”
အမြွှာညီအစ်ကိုက တစ်ပြိုင်နက်တည်း အသံကုန် ဟစ်အော်လိုက်ကြသည်။
“ဖျက်...”
လော့ဝူချန်က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ကာ လက်ဝါးနှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ပုတ်လိုက်၏။ နတ်ဘုရား ဘုရင် နန်းတော်သခင်ကို ဆင့်ခေါ်ရန် အခင်းအကျင်း စတင်လိုက်ခြင်းပင်။
“အလကား အိပ်မက်မက်နေလိုက်”
ကျန်းထျန်းရွှမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက လက်ဝါးရိုက်ချက်များကို အဆက်မပြတ် ပစ်လွှတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းကြီးများက လော့ဝူချန်ထံသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်သွားတော့၏။
တစ်ချိန်တည်းမှာပင် ချီဟွမ်နှင့် ကျန်းဝူဟန်တို့ကလည်း ပြင်းထန်သော တိုက်ကွက်များကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။ သူတို့က လော့ဝူချန်ကို ဆင့်ခေါ်ခွင့် လုံးဝ မပေးချေ။
“ဒုတိယ နန်းတော်သခင်”
လော့ဝူချန်တစ်ယောက် ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်မတတ် ဖြစ်နေသလို အလွန်အမင်းလည်း စိုးရိမ်နေတော့၏။ သို့သော် သူ ဘာမှ မတတ်နိုင်ချေ။ အသေအလဲ ဝင်ရောက် တိုက်ခိုက်နေသော ချီဟွမ်နှင့် ကျန်းဝူဟန်တို့ကို ချက်ချင်း ဖယ်ရှားပစ်ရန် သူ စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။
“မင်းတို့ကောင်တွေ ဘာရပ်ကြည့်နေကြတာလဲ... ဖုန်းဝူချန်ကို သွားသတ်ကြစမ်း”
ပိတ်ဆို့ခံထားရသော လော့ဝူချန်က လွှမ်းမိုးခြင်း နယ်မြေမှ အင်အားကြီး ပညာရှင်များဘက်သို့ လှည့်ကာ အရူးတစ်ယောက်လို ဟိန်းဟောက်လိုက်သည်။
လော့ဝူချန်၏ ဟိန်းဟောက်သံကြောင့် လွှမ်းမိုးခြင်း နယ်မြေမှ ထျန်းကျီဘုံ ပညာရှင်များ အားလုံး အလန့်တကြား အသိဝင်သွားကြတော့၏။
သူတို့ အားလုံးကလည်း ထိတ်လန့်စိုးရိမ်နေကြသည်။ အကယ်၍များ လိန်ဟွန်း တစ်ခုခု ဖြစ်သွားပါက သူတို့ထဲမှ တစ်ယောက်မျှ အသက်ရှင်လျက် ပြန်ရမည် မဟုတ်ကြောင်းကို သူတို့ ကောင်းကောင်းကြီး သိထားကြ၏။
“သူတို့ကို တားထားကြစမ်း”
ထျန်းရှန်းဇီက အသံကုန် ဟစ်အော်လိုက်သည်။ ထိုအခါ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ ထျန်းကျီဘုံ ပညာရှင်များ အားလုံးက ချက်ချင်း ဝင်ရောက် တားဆီးလိုက်ကြ၏။
ရှန်ဝူဂိုဏ်းချုပ်၊ ထျန်းတောက်ဂိုဏ်းချုပ်နှင့် အကြီးအကဲများက ရှေ့ဆုံးမှ ပြေးထွက်သွားကာ ရန်သူများကို ပိတ်ဆို့လိုက်ကြသည်။
လတ်တလော အခြေအနေအရ နတ်ဘုရား ဘုရင် နန်းတော်မှ ပညာရှင်များ သာမက လွှမ်းမိုးခြင်း နယ်မြေမှ အင်အားကြီး ပညာရှင်များပါ လိန်ဟွန်းကို သွားရောက် ကယ်တင်နိုင်စွမ်း မရှိကြတော့ချေ။ လိန်ဟွန်းအနားသို့ ချဉ်းကပ်ရန်ပင် မဖြစ်နိုင်လောက်အောင် ပိတ်ဆို့ခံထားရသည်။
အခြေအနေက အလွန်တရာ အရေးပေါ်နေပြီ ဖြစ်၏။ လိန်ဟွန်း၏ ဟင်းလင်းပြင် စွမ်းအားများကို ဖုန်းဝူချန်က အချိန်မရွေး အပြည့်အဝ ဝါးမြိုသွားနိုင်သည်။
ဝူမီးတောက်က လိန်ဟွန်း၏ ခန္ဓာကိုယ် အတွင်းပိုင်းမှနေ၍ အရူးအမူး ဝါးမြိုနေလေရာ လိန်ဟွန်းတစ်ယောက် လုံးဝ ခုခံနိုင်စွမ်း မရှိတော့ချေ။
ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာမှုနှင့်အတူ ဝူမီးတောက်၏ ကြောက်မက်ဖွယ် ဝါးမြိုခြင်း စွမ်းအားကလည်း ပို၍ပင် အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
“အား...”
ဟင်းလင်းပြင် စွမ်းအားများ အရူးအမူး စုပ်ယူခံနေရသလို ခန္ဓာကိုယ် အတွင်းအင်္ဂါများ အားလုံး မီးလောင်ကျွမ်းနေသည့်အလား ခံစားနေရသောကြောင့် လိန်ဟွန်းတစ်ယောက် နာကျင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်နေတော့၏။ အသည်းခိုက်မတတ် နာကျင်မှုကြီးက သူ၏ အသံကိုပင် ပြောင်းလဲသွားစေသည်။
“အလကား အင်အားတွေ ဖြုန်းတီးမနေနဲ့... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်လေးနဲ့ ဝူမီးတောက်ရဲ့ ဝါးမြိုတာကို ခုခံနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား”
ဖုန်းဝူချန်က အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။ ဝူမီးတောက်၏ ကြောက်မက်ဖွယ် ကောင်းမှုက နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များပင် ကြောက်ရွံ့ရသည်ကို သူ အသိဆုံး ဖြစ်သည်။ ထျန်းကျီဘုံလောက်ကတော့ ပြောနေစရာပင် မလိုတော့ချေ။
“ဖုန်းဝူချန်... ရပ်... အခုချက်ချင်း ရပ်လိုက်စမ်း”
လိန်ဟွန်းက အထိတ်တလန့် အော်ဟစ် တောင်းပန်လိုက်တော့၏။
“အခုမှ ကြောက်နေပြီလား... မင်းက ငါ့ရဲ့ နဂါးနတ်ဘုရား နန်းတော်ကိုတောင် ကျူးကျော်လာရဲသေးတာပဲ... ဒီလို အဖြစ်မျိုး ကြုံရမယ်လို့ မင်း မတွေးထားခဲ့ဘူးလား”
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် အေးစက်စွာ မေးလိုက်သည်။
ဖုန်းဝူချန်က လိန်ဟွန်း၏ အော်ဟစ်သံကို ဂရုမစိုက်ချေ။ သူ လုံးဝ ရပ်တန့်မသွားဘဲ ဝူမီးတောက်ကို ပို၍ပင် အရူးအမူး ဝါးမြိုစေလိုက်တော့၏။
လိန်ဟွန်းသည် သူ၏ ကိုယ်ပိုင် စွမ်းအား သက်သက်ဖြင့်ပင် အလွန်တရာ ပြင်းထန်နေပြီ ဖြစ်သည်။ ဟင်းလင်းပြင် စွမ်းအားကိုပါ ပိုင်ဆိုင်ထားခြင်းက ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်နေလေရာ ဖုန်းဝူချန် အနေဖြင့် သူ၏ အားသာချက်များကို မဖြစ်မနေ ဖယ်ရှားပစ်ရန် လိုအပ်သည်။
ဟင်းလင်းပြင် စွမ်းအား အမြောက်အမြား ဝါးမြိုခံလိုက်ရပြီးနောက် လော့ဝူချန် အပါအဝင် မည်သူကမျှ သူ့ကို လာရောက် မကယ်တင်နိုင်သည်ကို မြင်လိုက်ရသောအခါ လိန်ဟွန်း တစ်ယောက် မျှော်လင့်ချက်မဲ့သွားတော့၏။
လိန်ဟွန်း၏ သက်စောင့်အင်အားများက တဖြည်းဖြည်း အားနည်းလာကာ သူ၏ စူးစူးဝါးဝါး အော်ဟစ်သံများကလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
“ဒုတိယ နန်းတော်သခင်”
လော့ဝူချန်က ယူကျုံးမရစွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများက အပြည့်အနှက် နေရာယူထား၏။
“ဖုန်း... ဖုန်း... ဝူချန်... ငါ သရဲဖြစ်သွားရင်တောင်မှ... မင်းကို... လုံးဝ ခွင့်မလွှတ်ဘူး”
လိန်ဟွန်းက အားပျော့နေသော အသံဖြင့် ရေရွတ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် သွေးအေးရက်စက်သော အမုန်းတရားများက ပြည့်နှက်နေတော့၏။
“ဒါဆိုလည်း မင်း သရဲတောင် ဖြစ်ခွင့်မရအောင်... မင်းကို ပြာဖြစ်တဲ့အထိ ငါ သတ်ပစ်ရမှာပေါ့”
ဖုန်းဝူချန်က ရက်စက်စွာ တုံ့ပြန်လိုက်သည်။
“သရဲတောင် ဖြစ်ခွင့်မရအောင် သတ်မယ်ဆိုတာက... တကယ်ကို ရက်စက်လွန်းတယ်နော်”
ဖုန်းဝူချန်၏ စကားမဆုံးမီမှာပင် ဟင်းလင်းပြင်ထဲမှ အလွန်တရာ အေးစက်ပြီး ကျောချမ်းဖွယ်ကောင်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုမမျှော်လင့်ထားသော အသံကြောင့် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး၏ မျက်နှာများက ချက်ချင်း ပျက်ယွင်းသွားကြတော့၏။
“ရွှီး...”
“ဝုန်း...”
အနက်ရောင် အလင်းတန်းကြီး တစ်ခုက ကောင်းကင်ယံမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်လာကာ ဖုန်းဝူချန်ထံသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာလေတော့သည်။
“နတ်ဘုရားအသွင်ပြောင်းဘုံ”
ဖုန်းဝူချန်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားကာ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် လျှပ်တပြက် ရှောင်တိမ်းလိုက်တော့၏။
“ဝုန်း...”
“ဝှီး...”
လျှပ်စီးတမျှ မြန်ဆန်လှသော ကြောက်မက်ဖွယ် အနက်ရောင် အလင်းတန်းကြီးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ပေါက်ကွဲသွားသည်။ မြေကြီး တစ်ခုလုံး တုန်လှုပ်သွားကာ ဧရာမ တွင်းဟောင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများက အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားကာ ဆေးဧကရာဇ် တောင်ထွတ်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။
အကယ်၍ အကာအကွယ် အခင်းအကျင်းကြီးသာ မရှိခဲ့ပါက ဤမျှ အကွာအဝေးမှပင် ဆေးဧကရာဇ် တောင်ထွတ်ကြီးသည် ဤပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
“မိစ္ဆာမျိုးနွယ်စု”
ဖုန်းဝူချန်က မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကုတ်လိုက်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
လိန်ဟွန်း၏ အနီးတွင် ပုံရိပ်တစ်ခုက ရုတ်တရက် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာ၏။ သူက မိစ္ဆာမျိုးနွယ်စုမှ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဦး ဖြစ်ပြီး အသက် သုံးဆယ့်လေးနှစ်ခန့် အရွယ်ရှိသော အမျိုးသား တစ်ဦး ဖြစ်သည်။
ထိုအမျိုးသားသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏ ခန္ဓာကိုယ်မှ ကျောချမ်းဖွယ် အနက်ရောင် မြူခိုးများ ထွက်ပေါ်နေသည်။ မြင်တွေ့လိုက်ရသူတိုင်းကို အကြောက်တရားဖြင့် ဖုံးလွှမ်းသွားစေတော့၏။
ထိုအမျိုးသားထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါကို ကြည့်ရုံဖြင့် သူသည် မိစ္ဆာမျိုးနွယ်စုမှ ဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။
“ဒုက္ခပဲ... မိစ္ဆာမျိုးနွယ်စုက ကောင်တွေ ရောက်လာပြီ”
လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာများမှာ ဖြူရော်သွားကြကာ ရင်ထဲတွင် အထိတ်တလန့် ဖြစ်သွားကြတော့၏။
မိစ္ဆာပညာရှင်ကို ထိတ်လန့်တကြား ကြည့်ရင်း ကျန်းကျွင့်လန်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“နတ်ဘုရားအသွင်ပြောင်းဘုံ စတုတ္ထအလွှာပဲ... ပြဿနာတော့ တက်ပြီ”
“မိစ္ဆာမျိုးနွယ်စုက ပညာရှင် ရောက်လာပြီ... ကောင်းလိုက်တာ... သခင်လေး အသက်လွတ်ပြီဟေ့”
မိစ္ဆာပညာရှင် ရောက်လာသည်ကို မြင်လိုက်ရသောအခါ လော့ဝူချန်တစ်ယောက် အလွန်အမင်း ဝမ်းသာသွားကာ နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားတော့၏။
“နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တဲ့လား... ဒီအရှိန်အဝါက ဘာလဲ... ဘာလို့ ဒီလောက်တောင် အေးစက်ပြီး ကြောက်စရာ ကောင်းနေရတာလဲ”
“သူက ဘယ်သူလဲ... ဒီ မိစ္ဆာအရှိန်အဝါကြီးက ဘာကြီးလဲ”
တိုက်ကြီးရှိ အင်အားစု အသီးသီးမှ ပညာရှင်များ အားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြတော့၏။ ဤမျှ ကျောချမ်းဖွယ်ကောင်းသော မိစ္ဆာစွမ်းအားမျိုးကို သူတို့ တစ်ခါမျှ မခံစားဖူးသလို ဤကဲ့သို့သော လူမျိုးကိုလည်း တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
“မိစ္ဆာမျိုးနွယ်စု... နတ်ဘုရားအသွင်ပြောင်းဘုံ စတုတ္ထအလွှာ”
ချီဟွမ်၊ ကျန်းဝူဟန်နှင့် အခြားသူများ၏ မျက်နှာများမှာ လုံးဝကို မည်းမှောင်သွားကြတော့သည်။
ကျန်းထျန်းရွှမ်က အေးစက်စက် လေသံဖြင့် ရေရွတ်လိုက်၏။
“မိစ္ဆာမျိုးနွယ်စုက ဝင်ပါလာမယ် ဆိုတာ ငါ ခန့်မှန်းထားပြီးသားပါ”
“မဟာမိတ်ခေါင်းဆောင်... အရမ်း သတိထားနော်”
ဟု ပထမအကြီးအကဲ ကျန်းဝူဖုန်းက စိုးရိမ်တကြီး အော်ဟစ် သတိပေးလိုက်သည်။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ကို ရင်ဆိုင်ရမည် ဖြစ်ရာ ဖုန်းဝူချန် မည်မျှပင် အစွမ်းထက်ပါစေ ယှဉ်နိုင်မည် မဟုတ်ကြောင်းကို သူ ကောင်းကောင်းကြီး သိနေသည်။
ယခုအချိန်တွင် သူတို့အားလုံးမှာ ကိုယ့်ပြိုင်ဘက်များနှင့် အသေအလဲ တိုက်ပွဲဝင်နေရလေရာ ဖုန်းဝူချန်ကို သွားရောက် ကူညီရန် မည်သူမျှ အားလပ်ခြင်း မရှိကြချေ။
“မင်းတို့ အားလုံး သေဖို့သာ ပြင်ထားကြ”
လော့ဝူချန်က ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။ ချီဟွမ်နှင့် အခြားသူများကို မျက်လုံးမှေးကာ စူးစိုက်ကြည့်ရင်း ပြင်းထန်သော တိုက်ကွက်များကို ဆက်တိုက် ပစ်လွှတ်လိုက်တော့၏။
မိစ္ဆာပညာရှင်က လိန်ဟွန်း၏ ဦးခေါင်းပေါ်သို့ လက်ကို ဖြည်းညှင်းစွာ တင်လိုက်ကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို လိန်ဟွန်း၏ ခန္ဓာကိုယ်ထဲသို့ ရိုက်သွင်းလိုက်သည်။
“လိန်ဟွန်းရဲ့ ကိုယ်ထဲကို ဝူမီးတောက်တွေ ထည့်ပြီး ဟင်းလင်းပြင် စွမ်းအားကို ဝါးမြိုဖို့ ကြိုးစားတာ... မင်းကောင်လေး တော်တော်လေး အစွမ်းအစ ရှိတာပဲ”
မိစ္ဆာအမျိုးသားက ဖုန်းဝူချန်ကို ချီးကျူးသည့်ဟန်ဖြင့် ပြောလိုက်၏။
မိစ္ဆာမျိုးနွယ်စု၏ အလွန်တရာ ပြင်းထန်သော စွမ်းအားက လိန်ဟွန်း၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော ဝူမီးတောက်များကို အတင်းအဓမ္မ ဖယ်ရှားပစ်လိုက်သည်။
ဝူမီးတောက်က ကြောက်မက်ဖွယ် ကောင်းသည်မှာ မှန်သော်ငြား ဖုန်းဝူချန် သန့်စင်ပြီးနောက်တွင် ယခင်ကလောက် အစွမ်းမထက်တော့ချေ။ အထူးသဖြင့် အပူချိန်ကို ဖုန်းဝူချန်က သန့်စင်ပစ်လိုက်ပြီ ဖြစ်သည်။ ယခုအခါ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ကို ရင်ဆိုင်ရချိန်တွင် ဝူမီးတောက်မှာ လုံးဝ ခုခံနိုင်စွမ်း မရှိတော့ချေ။
ဖုန်းဝူချန်၏ မျက်နှာက မည်းမှောင်သွားတော့၏။ လိန်ဟွန်း၏ ဟင်းလင်းပြင် စွမ်းအား မူလအမြစ်ကို အပြည့်အဝ ဝါးမြိုနိုင်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ တကယ့်ကို လက်တစ်ကမ်းလေးသာ လိုတော့သည်။ သို့သော် ယခုတော့ သူ့ရှေ့မှ မိစ္ဆာပညာရှင်ကြောင့် အရာအားလုံး ဖျက်ဆီးခံလိုက်ရတော့၏။
ဖုန်းဝူချန်၏ ဒေါသက ကောင်းကင်ကိုပင် ထိုးဖောက်သွားမတတ် ဖြစ်နေသော်ငြား သူ ဘာမှ မတတ်နိုင်ချေ။
မိစ္ဆာပညာရှင် ရောက်လာခြင်းက လိန်ဟွန်း၏ အသက်ကို ကယ်တင်လိုက်ခြင်းပင် ဖြစ်သည်။ ဟင်းလင်းပြင် စွမ်းအားများ ပြန်လည် ရရှိသွားသော်ငြား လိန်ဟွန်းတစ်ယောက် အလွန်အမင်း အားနည်းနေသေး၏။
“သတ်... ဖုန်းဝူချန်ကို... သတ်ပစ်”
လိန်ဟွန်းက အားပျော့နေသော အသံဖြင့် ရေရွတ်လိုက်သည်။ သူ၏ မျက်နှာက သေလူတစ်ယောက်လို ဖြူရော်နေကာ ဟင်းလင်းပြင်ထဲတွင်ပင် မနည်း ဟန်ချက်ထိန်းကာ ရပ်နေရတော့၏။
မျှော်လင့်ချက်မဲ့နေခဲ့သော လိန်ဟွန်းသည် ဤကဲ့သို့ အသက်တမျှ အရေးကြီးသော အခိုက်အတန့်တွင် သူ့ကို လာကယ်မည့်သူ ရှိလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ချေ။ ဖုန်းဝူချန်၏ လက်ထဲသို့ သူ၏ ဟင်းလင်းပြင် စွမ်းအားများ ပါသွားရန် သီသီလေးသာ လိုတော့သည် မဟုတ်ပါလော။
လိန်ဟွန်း၏ ရင်ထဲတွင် ဖုန်းဝူချန်အပေါ် အရိုးထဲထိ စိမ့်ဝင်နေသော အမုန်းတရားများက ကိန်းအောင်းသွားတော့၏။
“ဖုန်းဝူချန်... ပစ္စည်းကို လိမ္မာပါးနပ်စွာနဲ့ ပေးအပ်မလား... ဒါမှမဟုတ် ငါကိုယ်တိုင် ယူရမလား”
အမျိုးသားက ကောက်ကျစ်သော အပြုံးဖြင့် မေးလိုက်သည်။ သူ၏ လေသံက အလွန်တရာ လွှမ်းမိုးနိုင်စွမ်း ရှိကာ ဖုန်းဝူချန်သာ ငြင်းဆန်လိုက်သည်နှင့် တစ်ပြိုင်နက် သွေးအေးရက်စက်စွာ တိုက်ခိုက်တော့မည့်ဟန်ပင်။
ဖုန်းဝူချန်က ထိုအမျိုးသားကို ရက်စက်သော အကြည့်များဖြင့် စူးစိုက်ကြည့်ကာ အေးစက်စွာ တုံ့ပြန်လိုက်၏။
“မိစ္ဆာအရှင်သခင်က ပိတ်လှောင်ခံထားရတုန်းပဲ ရှိသေးတာကို မင်းတို့ မိစ္ဆာမျိုးနွယ်စုက တိုက်ကြီးပေါ်မှာ ဒီလောက်တောင် မောက်မာရဲနေပြီလား... တိုက်ကြီးပေါ်မှာ မင်းတို့ကို တားနိုင်မယ့်သူ မရှိတော့ဘူးလို့များ ထင်နေတာလား”