အခန်း (၇၄၅-၇၄၇)
Vol. 50 Ch. 745-747
အခန်း (၇၄၅) - ကောင်းကင်မိစ္ဆာ ကျင့်စဉ်
~“မင်းပြောတာ မီးတောက်နဂါးကို ပြောတာလား”
အမျိုးသားက အေးစက်စက် အပြုံးဖြင့် မေးလိုက်သည်။ သူ၏ မျက်လုံးများက ဖုန်းဝူချန်ထံသို့ စူးစိုက်ကျရောက်နေ၏။
အမျိုးသား၏ စကားကြောင့် ဖုန်းဝူချန်တစ်ယောက် မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကုတ်ထားလိုက်မိတော့သည်။
“ဖုန်းဝူချန်... မင်းကို ငါ အမှန်တိုင်း ပြောလိုက်မယ်... မီးတောက်နဂါးက မင်းကို လာမကယ်နိုင်ဘူး... နဂါးမျိုးနွယ်စုကလည်း မင်းကို လာမကယ်နိုင်ဘူး... ရှေးဟောင်း ရာ့ရှား မျိုးနွယ်စုကလည်း မင်းကို လာမကယ်နိုင်ဘူး... ဘယ်သူမှ မင်းကို လာကယ်လိမ့်မယ်လို့ မမျှော်လင့်ထားနဲ့... မင်းရဲ့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ ဆိုတာကြီးကိုလည်း ငါက လူရာတောင် သွင်းမထားဘူး... အဲဒီ မျှော်လင့်ချက်တွေကို အခုကတည်းက စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ”
အမျိုးသားက ယုံကြည်မှု အပြည့်ဖြင့် လှောင်ပြောင်လိုက်သည်။ သူ လိမ်ပြောနေသည့်ဟန် လုံးဝ မပေါ်ချေ။
“ဘာ... ဆရာကြီး မီးတောက်နဂါး တစ်ခုခု ဖြစ်သွားလို့လား”
လျိုချင်းယန်၏ မျက်နှာက ရုတ်တရက် ဖြူရော်သွားတော့၏။
“မဖြစ်နိုင်တာ... ဆရာကြီး မီးတောက်နဂါးက အဲဒီလောက် အစွမ်းထက်တာ... မိစ္ဆာမျိုးနွယ်စုက သူ့ကို သွားမထိရဲလောက်ပါဘူး”
ယီထျန်းချင်းက ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။
အမျိုးသား၏ စကားက နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
မီးတောက်နဂါးက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးလဲ။ မိစ္ဆာမျိုးနွယ်စုရဲ့ တတိယ အကြီးအကဲတောင် သူ့ရှေ့ကနေ ထွက်ပြေးခဲ့ရတာ မဟုတ်ဘူးလား။ အဲဒါက ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲ။
မီးတောက်နဂါး၏ အစွမ်းက မိစ္ဆာမျိုးနွယ်စုမှ သွေးမိစ္ဆာထက်ပင် သာလွန်နေသေးရာ မိစ္ဆာမျိုးနွယ်စု အနေဖြင့် သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။
သို့ပါလျက်နှင့် ဤမိစ္ဆာအမျိုးသားက မီးတောက်နဂါးသည် ဖုန်းဝူချန်ကို လာမကယ်နိုင်ဟု ပြောနေခြင်းက ဘာသဘောလဲ။ သူ ဘာကို ဆိုလိုချင်တာလဲ။
ချီဟွမ်က ဖုန်းဝူချန်ကို စမ်းသပ်သည့် အကြည့်များဖြင့် ကြည့်ကာ မေးလိုက်၏။
“နန်းတော်သခင်... ရှေးဟောင်း ရာ့ရှား မျိုးနွယ်စု အကြောင်းကို သိထားတာများ ရှိလား”
“ကျွန်တော် တစ်ခါမှ မကြားဖူးဘူး... နန်းတော်သခင် ပြောတာလည်း မကြားဖူးဘူး”
ပိုင်မျဲ့က ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
ဖုန်းဝူချန်မှလွဲ၍ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ မည်သူမျှ ရှေးဟောင်း ရာ့ရှား မျိုးနွယ်စု၏ တည်ရှိမှုကို မသိကြချေ။
“နဂါးမျိုးနွယ်စု... ရှေးဟောင်း ရာ့ရှား မျိုးနွယ်စု ဟုတ်လား”
ချီဟွမ်၊ ကျန်းဝူဟန်နှင့် ကျန်းထျန်းရွှမ်တို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများက အပြည့်အနှက် နေရာယူလာတော့၏။ ဤမျိုးနွယ်စုများ အကြောင်းကို သူတို့ တစ်ခါမျှ မကြားဖူးခဲ့ကြချေ။ သူတို့ သိထားသည်က မီးတောက်နဂါး အကြောင်း သက်သက်သာ ဖြစ်သည်။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ အင်အားစု အသီးသီးမှာလည်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြ၏။ ထိုအင်အားစုများက မည်သို့သော အရာများ ဖြစ်သည်ကို သူတို့ လုံးဝ မသိရှိကြချေ။
“မိစ္ဆာမျိုးနွယ်စုက လှုပ်ရှားလိုက်ပြီလား... မဖြစ်နိုင်တာ... မိစ္ဆာအရှင်သခင်က ပိတ်လှောင်ခံထားရတုန်းပဲ ရှိသေးတာကို... မိစ္ဆာမျိုးနွယ်စုရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် နဂါးမျိုးနွယ်စု ဒါမှမဟုတ် ရာ့ရှား မျိုးနွယ်စုကို ရင်ဆိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်သည်။
မိစ္ဆာအရှင်သခင်သာ မရှိလျှင် မိစ္ဆာမျိုးနွယ်စုသည် နဂါးမျိုးနွယ်စုကို ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိချေ။ အခြားသော အင်အားကြီး မျိုးနွယ်စုများကို ဆိုလျှင် ပို၍ပင် မပြောလိုတော့ပေ။
“ဖုန်းဝူချန်... ဘယ်လိုလဲ... ဆုံးဖြတ်ပြီးပြီလား... မင်း လိမ္မာပါးနပ်စွာနဲ့ ပေးအပ်မလား... ဒါမှမဟုတ် ငါကိုယ်တိုင် အားသုံးပြီး ယူရမလား”
အမျိုးသားက ကောက်ကျစ်သော အပြုံးဖြင့် မေးလိုက်သည်။
ဖုန်းဝူချန်က မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကုတ်ထားရင်း အေးစက်စွာ တုံ့ပြန်လိုက်၏။
“မင်းမှာ အစွမ်းအစ ရှိတယ်ဆိုရင်... လာယူသွားလိုက်စမ်း”
သူ အသက်စွန့်ပြီးမှ ခက်ခက်ခဲခဲ ရယူထားရသော ရှေးဦး ကမ္ဘာဦး စွမ်းအားနှင့် ဝူမီးတောက်တို့ကို ဖုန်းဝူချန်က အလွယ်တကူ ပေးအပ်လိုက်ပါမည်လား။
ထို့ပြင် ဖုန်းဝူချန်ဆိုသည်မှာ သူတစ်ပါး၏ ခြိမ်းခြောက်မှုကို လုံးဝ အလျှော့ပေးတတ်သူ မဟုတ်ချေ။
“အားလုံးပဲ နောက်ဆုတ်နေကြ”
အမျိုးသား၏ အသံက ရုတ်တရက် အလွန်တရာ အေးစက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များက လေထုထဲတွင် စတင် ပျံ့နှံ့လာတော့၏။
လော့ဝူချန်က လွှမ်းမိုးခြင်း နယ်မြေမှ အင်အားကြီး ပညာရှင်များ အားလုံးကို ချက်ချင်း နောက်ဆုတ်ရန် အမိန့်ပေးလိုက်လေရာ မည်သူကမျှ မဖီဆန်ရဲကြချေ။
အမျိုးသားသည် နတ်ဘုရားအသွင်ပြောင်းဘုံ စတုတ္ထအလွှာမျှသာ ရှိသေးသော်ငြား သူ၏ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါက ပဉ္စမအလွှာရှိ ပညာရှင်တစ်ဦးထက် လုံးဝ မလျော့နည်းဘဲ အလွန်တရာ အစွမ်းထက်လှသည်။
တိုက်ပွဲကြီးက ချက်ချင်း ရပ်တန့်သွားကာ ဟင်းလင်းပြင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။ အားလုံး၏ အကြည့်များက မိစ္ဆာအမျိုးသားထံသို့သာ စူးစိုက်ကျရောက်နေသည်။
“အားလုံးပဲ... သတိထားကြနော်”
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ အလွန်တရာ လေးနက်သော အမူအရာဖြင့် သတိပေးလိုက်သည်။
“ဒီလူရဲ့ စွမ်းအားက လော့ဝူချန်ထက် လုံးဝ မလျော့ဘူး”
ချီဟွမ်ကလည်း လေးနက်သော လေသံဖြင့် ထောက်ခံလိုက်၏။
“သူ့ရဲ့ စွမ်းအားက ကျန်းမိသားစုကို လာတိုက်ဖူးတဲ့ မိစ္ဆာပညာရှင်နဲ့ သိပ်မကွာဘူး”
ကျန်းဝူဟန်ကလည်း အိုမင်းရင့်ရော်နေသော မျက်နှာထက်တွင် စိုးရိမ်မှုများ ပြည့်နှက်စွာဖြင့် ဝင်ပြောသည်။
“ဝုန်း...”
မိစ္ဆာအမျိုးသားထံမှ ကောင်းကင်ကိုပင် ထိုးဖောက်သွားမတတ် ဧရာမ မိစ္ဆာစွမ်းအားကြီး ရုတ်တရက် ပေါက်ကွဲထွက်လာကာ တိတ်ဆိတ်နေသော ဟင်းလင်းပြင် တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေတော့၏။
ကြောက်မက်ဖွယ် အနက်ရောင် မြူခိုးများက အရပ်မျက်နှာ အနှံ့အပြားသို့ အလွန် လျင်မြန်သော အရှိန်နှုန်းဖြင့် ပျံ့နှံ့သွားသည်။ မျက်တောင်အနည်းငယ် ခတ်စာ အချိန်အတွင်းမှာပင် ပေတစ်သောင်းခန့် အကွာအဝေးထိ လွှမ်းခြုံသွားကာ ဟင်းလင်းပြင် တစ်ခုလုံး မည်းမှောင်သွားတော့၏။
ဟင်းလင်းပြင် တစ်ခုလုံး ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများဖြင့် ပြည့်နှက်သွားတော့၏။
ကောင်းကင်ယံသို့ ထိုးတက်သွားသော း အရှိန်အဝါကြီးက ထိုနေရာတွင် ရှိနေသူ အားလုံးကို အကြောက်တရားဖြင့် ဖုံးလွှမ်းသွားစေတော့သည်။ ထိုစွမ်းအားက မျှော်လင့်ချက်မဲ့ခြင်းကို ကိုယ်စားပြုနေသည့်အလား မည်သူကမျှ အသက်ရှင်သန်နိုင်မည့် လမ်းစကို လုံးဝ မမြင်တွေ့ရတော့ချေ။
“ဂလု...”
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြကာ မျက်နှာများမှာ စက္ကူချပ်လို ဖြူရော်သွားကြတော့၏။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးကို ရင်ဆိုင်ရချိန်တွင် မည်သူကမျှ ပြန်လည် ခုခံလိုစိတ်ပင် မရှိတော့ချေ။
ထိုအခိုက်အတန့်၌ လူတိုင်း၏ မျက်ဝန်းများထဲတွင် ကံတရားကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း အထင်းသား မြင်တွေ့နေရသည်။
“ကောင်းကင်မိစ္ဆာ နတ်ဘုရား လက်ဝါး”
အမျိုးသား၏ ခပ်တိုးတိုး အသံက ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာ၏။
သူက လက်ဝါးကြီးကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ပေတစ်သောင်းခန့် လွှမ်းခြုံထားသော အနက်ရောင် မြူခိုးများက ချက်ချင်း စုစည်းသွားကာ ဧရာမ အနက်ရောင် လက်ဝါးပုံရိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ အမျိုးသားက လက်ကို အောက်သို့ ရမ်းချလိုက်ရာ အနက်ရောင် လက်ဝါးကြီးက ပေါက်ကွဲသံနှင့်အတူ အရှိန်အဟုန်ပြင်းစွာ ရိုက်ချလာလေတော့၏။
ပေတစ်သောင်းခန့် ကြီးမားလှသော အနက်ရောင် လက်ဝါးကြီးသည် အလွန်တရာ အားပြင်းသော စွမ်းအင်များကို သယ်ဆောင်လာကာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်မည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး အသက်ရှူကြပ်လုမတတ် ဖြစ်သွားကြတော့၏။
“ဒီစွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာကိုတောင် ရောက်နေပြီပဲ”
လော့ဝူချန်တစ်ယောက် ရင်ထဲတွင် ထိတ်လန့်တကြား တွေးလိုက်မိသည်။
“ဖုန်းဝူချန်... မင်း ဘယ်လို သေမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
အားနည်းနေသော လိန်ဟွန်းက ဖြူရော်နေသော မျက်နှာဖြင့် ဖုန်းဝူချန်၏ အဖြစ်ဆိုးကို ကျေနပ်စွာ ငေးကြည့်ရင်း ရက်စက်သော အပြုံးဖြင့် ရေရွတ်လိုက်သည်။
ဖုန်းဝူချန်နှင့် အခြားသူများအတွက် လွတ်မြောက်ရာလမ်း လုံးဝ မရှိတော့ချေ။ သူတို့ ထွက်ပြေးနိုင်လျှင်တောင်မှ မဟာမိတ်အဖွဲ့ဝင်များကို ထားခဲ့၍ မရနိုင်ပေ။
“ဆရာ... ဒီစွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာနဲ့ ယှဉ်နိုင်တယ်... ကျွန်တော်တို့ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး”
ချီဟွမ်က မျက်နှာထား လေးနက်စွာဖြင့် ပြောလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များက ဖြတ်ပြေးသွား၏။
“ဒါ ကောင်းကင်မိစ္ဆာ ကျင့်စဉ်ပဲ”
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ ရှင်းပြလိုက်သည်။
“မိစ္ဆာမျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး မှော်ကျင့်စဉ်ပဲ... သူ့ရဲ့ စွမ်းအားက အဆင့်မြင့် အင်မော်တယ် ကျင့်စဉ်တစ်ခုနဲ့ ယှဉ်လို့ရတယ်... နတ်ဘုရားအသွင်ပြောင်းဘုံကို ရောက်တဲ့သူတိုင်း ဒီကျင့်စဉ်ကို ကျင့်ကြံခွင့် ရှိတယ်... ဒီကျင့်စဉ်က စွမ်းအားကို သုံးဆ မြှင့်တင်ပေးနိုင်ပေမယ့် မိစ္ဆာစွမ်းအင် တစ်ဝက်လောက်ကိုတော့ စတေးရတယ်”
“အဆင့်မြင့် အင်မော်တယ် ကျင့်စဉ် ဟုတ်လား... စွမ်းအားကို သုံးဆ မြှင့်တင်ပေးတယ်”
ကျန်းဝူဟန်တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားကာ မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွားတော့၏။
ကျန်းထျန်းရွှမ်လည်း လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကာ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေတော့သည်။
“ချီဟွမ်... ညီအစ်ကိုတွေကို ခေါ်ပြီး နဂါးနတ်ဘုရား နန်းတော်ကို အခုချက်ချင်း ပြန်ဆုတ်ကြ... မဟာမိတ်အဖွဲ့က ကောင်းကင်ဘုံလူသား အဆင့်အောက်က လူတွေ အားလုံး နောက်ဆုတ်ကြစမ်း”
ဖုန်းဝူချန်က ရုတ်တရက် အသံကုန် ဟစ်အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက စွမ်းအား အားလုံးကို စုစည်းကာ တိုက်ခိုက်မှုကို အပြည့်အဝ ခံယူရန် ပြင်ဆင်လိုက်တော့၏။
ဖုန်းဝူချန်သည် မဟာမိတ်အဖွဲ့ဝင် အားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို သူ၏ ပခုံးပေါ်တွင် ထမ်းတင်ထားရသူ ဖြစ်လေရာ ဤတိုက်ခိုက်မှုကို သူ မဖြစ်မနေ ရင်ဆိုင်ရပေမည်။
“အစ်ကိုဖုန်း... ကျွန်တော် မသွားဘူး... လိုအပ်ရင် အတူတူ သေကြတာပေါ့”
လျိုချင်းယန်က အံကို တင်းတင်းကြိတ်ကာ အသေအလဲ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။
လော့ဝူချန်ကလည်း အသံကုန် ဟစ်အော်လိုက်၏။
“နန်းတော်သခင်... ကျွန်တော်လည်း မသွားဘူး”
“သေရင်လည်း အတူတူ သေကြတာပေါ့”
စစ်သည်တော်များကလည်း တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြသည်။ သေသည့်တိုင်အောင် နောက်ကလိုက်မည် ဆိုသော သူတို့၏ သံန္နိဋ္ဌာန်က လုံးဝ မတုန်လှုပ်သွားချေ။
“ငါ့အမိန့်ကို မကြားဘူးလား... နဂါးနတ်ဘုရား နန်းတော်ကို ပြန်ဆုတ်ကြလို့ ပြောနေတယ်လေ”
ဖုန်းဝူချန်က လျိုချင်းယန်နှင့် အခြားသူများကို ဒေါသတကြီး ဟောက်လိုက်တော့၏။
“နန်းတော်သခင်”
“မဟာမိတ်ခေါင်းဆောင်”
လူအုပ်ကြီးမှာ ဘာလုပ်ရမှန်း မသိဘဲ တုံ့ဆိုင်းနေကြသည်။
“နောက်ဆုတ်ကြ”
ဖုန်းဝူချန်က ထပ်မံ၍ အသံကုန် ဟစ်အော်လိုက်သည်။ ထိုအချိန်တွင် သူက နဂါးနတ်ဘုရား ဓားကိုပင် ဆင့်ခေါ်ထားပြီး ဖြစ်၏။
“ညီအစ်ကိုတို့... ငါ့အမိန့်ကို နားထောင်... အားလုံး နဂါးနတ်ဘုရား နန်းတော်ကို ပြန်ဆုတ်ကြ”
ချီဟွမ်က အံကို တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် မျက်ရည်များက ရစ်ဝဲနေတော့၏။
“ရှိသမျှ အားအကုန်သုံးပြီး တားထား”
ဖုန်းဝူချန်က အံကို ကြိတ်ကာ အမိန့်ပေးလိုက်သည်။
“အင်မော်တယ် ကျင့်စဉ်... ထိုက်ရီ ချန်ခွင်း ခေါင်းလောင်း”
ဟု ချီဟွမ်က လက်နှစ်ဖက်ကို ပူးကပ်လိုက်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ပေတစ်သောင်းခန့် ကြီးမားလှသော ဧရာမ စွမ်းအင် အကာအကွယ်ကြီး တစ်ခုကို ဖန်တီးလိုက်တော့၏။ ထိုအကာအကွယ်ကြီးထံမှ အလွန်တရာ အစွမ်းထက်လှသော ကာကွယ်ခြင်း စွမ်းအားများ ထွက်ပေါ်နေသည်။
“ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို ကျုပ်ဆီ ပို့ပေးကြ”
ချီဟွမ်က လေးနက်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။
ဖုန်းဝူချန်မှလွဲ၍ ကျန်းဝူဟန်နှင့် အခြားသော နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များ၊ ထျန်းရှန်းဇီနှင့် အခြားသော ထျန်းကျီဘုံ ပညာရှင်များ အားလုံးက သူတို့၏ စွမ်းအား အားလုံးကို ချီဟွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားစေလိုက်ကြတော့၏။
“အလကား အားယုတ်ရုံပဲ ရှိမှာပါကွာ”
မိစ္ဆာအမျိုးသားက အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။ ချီဟွမ်နှင့် အခြားသူများ၏ စွမ်းအားများကို သူ လုံးဝ အရေးမလုပ်ပေ။
“ဝုန်း... ဝုန်း... ဝုန်း...”
“ဝှီး...”
“ဖူး... ဖူး... ဖူး...”
အနက်ရောင် လက်ဝါးကြီးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။ ပေါက်ကွဲသံကြီးက ဟင်းလင်းပြင် တစ်ခုလုံး ပဲ့တင်ထပ်သွား၏။ ဖျက်ဆီးခြင်း အားလှိုင်းများက ချက်ချင်း ပျံ့နှံ့သွားကာ အားလုံးကို အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားစေတော့သည်။
လက်ဝါးကြီးနှင့် ထိတိုက်မိသည့် အခိုက်အတန့်မှာပင် ချီဟွမ်နှင့် အခြားသော ပညာရှင် ဒါဇင်ပေါင်းများစွာသည် တစ်ပြိုင်နက်တည်း သွေးများ အန်ချလိုက်ကြကာ ပြင်းထန်စွာ ဒဏ်ရာရသွားကြတော့၏။
တစ်ချက်တည်းသော တိုက်ခိုက်မှုကပင် သူတို့ကို လုံးဝ ပြန်လည် ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်သွားခဲ့လေပြီ။
ကောင်းကင်မိစ္ဆာ ကျင့်စဉ်၏ စွမ်းအားက မည်မျှတောင် ကြောက်စရာ ကောင်းကြောင်းကို ရှင်းလင်းစွာ သက်သေပြလိုက်ခြင်းပင်။
အခန်း (၇၄၆) - မျှော်လင့်ချက်မဲ့ခြင်းများ ကျရောက်လာပြီ
~“မဟာမိတ်ခေါင်းဆောင်”
“စံအိမ်သခင်ကြီး ချီဟွမ်”
“အဘိုး... အဖေ”
“ချန်အာ”
ကောင်းကင်ယံမှ ကြောက်မက်ဖွယ် မြင်ကွင်းကြီးကို မြင်လိုက်ရသောအခါ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး၏ မျက်နှာများမှာ သွေးဆုတ်သွားကာ ဖြူရော်သွားကြတော့၏။ သူတို့ ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် ကျော်လွန်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြသည်။
ချီဟွမ်နှင့် အခြားသော နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များ အားလုံး ပြင်းထန်စွာ တုန်လှုပ်သွားကြသလို ဖုန်းဝူချန် အပါအဝင် ထျန်းကျီဘုံ ပညာရှင်များ အားလုံးလည်း အပြင်းအထန် ဒဏ်ရာရသွားကြတော့သည်။
ဝူမီးတောက်က ထိုလက်ဝါးပုံရိပ်ကြီး၏ စွမ်းအားများကို အရူးအမူး ဝါးမြိုနေသည့်တိုင်အောင် လုံးဝ အရာမထင်ခဲ့ချေ။
ကောင်းကင်မိစ္ဆာ ကျင့်စဉ်၏ စွမ်းအားက ဤမျှတိုင်အောင် ကြောက်စရာကောင်းလွန်းလှသည်။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကြီးသည် လုံးဝ မျှော်လင့်ချက်မဲ့သွားသော အခြေအနေသို့ ရောက်ရှိသွားကာ အချိန်မရွေး အမြစ်ပြတ် ချေမှုန်းခံရတော့မည့် အနေအထား ဖြစ်နေ၏။
ဖုန်းဝူချန်၏ ဆုံးဖြတ်ချက်က လုံးဝ မှန်ကန်ခဲ့သည်။ အကယ်၍သာ ထိုသို့ မဟုတ်ခဲ့လျှင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးအောက်တွင် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ပြာကျသွားလောက်ပြီ ဖြစ်၏။
ချီဟွမ်နှင့် အခြားသူများမှာ ပြင်းထန်စွာ ဒဏ်ရာရနေသည့်တိုင်အောင် အံကို တင်းတင်းကြိတ်ကာ အသေအလဲ တောင့်ခံထားကြသည်။
ကြောက်မက်ဖွယ် အားလှိုင်းကြီးများက အထိန်းအကွပ်မဲ့စွာ ရမ်းကားနေပြီး ဝူကျိနယ်မြေ တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေတော့၏။ အောက်ဘက် မြေပြင်တွင် အကာအကွယ် အခင်းအကျင်းဖြင့် ကာကွယ်ထားသော ဆေးဧကရာဇ် တောင်ထွတ်မှလွဲ၍ ကျန်သည့် နေရာများ အားလုံး ပြိုကွဲပျက်စီးသွားကာ ဧရာမ ချောက်ကမ်းပါးကြီးများ အဖြစ် ပြောင်းလဲသွားသည်။
အဝေးသို့ ဆုတ်ခွာသွားကြသော လွှမ်းမိုးခြင်း နယ်မြေမှ အင်အားကြီး ပညာရှင်များပင်လျှင် ထိတ်လန့်တကြား ထွက်ပြေးနေကြရ၏။ မည်သူကမျှ ထိုအားလှိုင်းများကို အထိခံရဲခြင်း မရှိကြချေ။
“အဆင့်မြင့် အင်မော်တယ် ကျင့်စဉ်လောက်လေးနဲ့ ငါ့ရဲ့ ကောင်းကင်မိစ္ဆာ ကျင့်စဉ်ကို တားနိုင်မယ်လို့ ထင်နေတာလား”
မိစ္ဆာအမျိုးသားက အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။
“ရွှီး... ရွှီး...”
ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားကြီးက ပြင်းထန်စွာ ရိုက်ခတ်လာရာ နောက်ဆုံးတွင်တော့ ချီဟွမ် ဖန်တီးထားသော ထိုက်ရီ ချန်ခွင်း ခေါင်းလောင်း အကာအကွယ်ကြီးမှာ လုံးဝ တောင့်မခံနိုင်တော့ဘဲ အက်ကွဲကြောင်းကြီးများ စတင် ထွက်ပေါ်လာတော့၏။
“တောင့်ထားကြ”
ချီဟွမ်က အံကို ကြိတ်ကာ ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်နှာက သေလူတစ်ယောက်လို ဖြူရော်နေကာ ရှိသမျှ ခွန်အား အားလုံးကို ထုတ်သုံးထားရသည့်ဟန်ပင်။
“ဝိညာဉ်သိုင်းရဲ့ စွမ်းအားကို သုံးကြစမ်း”
ကျန်းဝူဟန်ကလည်း အသေအလဲ အော်ဟစ်လိုက်တော့၏။
ရှိသမျှ စွမ်းအား အားလုံးကို ထုတ်သုံးလိုက်သည့်တိုင်အောင် ဤဖျက်ဆီးခြင်း မိစ္ဆာစွမ်းအားကြီးကို သူတို့ မခုခံနိုင်ကြသေးချေ။ အခြေအနေက ထောင့်ကြပ်နေလေရာ ချီဟွမ်နှင့် အခြားသူများမှာ သူတို့၏ ဝိညာဉ်သိုင်း စွမ်းအားများကိုပါ ထုတ်သုံးကာ ခုခံရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
“ဝုန်း... ဝုန်း...”
ပညာရှင် ဒါဇင်ပေါင်းများစွာ၏ ဝိညာဉ်သိုင်း စွမ်းအားများက တစ်ပြိုင်နက်တည်း အသက်ဝင်လာကြကာ သူတို့၏ အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားတော့၏။ ဝိညာဉ်သိုင်း စွမ်းအားများ ပေါင်းစပ်ပါဝင်လာမှုကြောင့် စွမ်းအင် ခေါင်းလောင်းကြီးပေါ်ရှိ အက်ကွဲကြောင်းများမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဝါးမြိုစမ်း”
ဖုန်းဝူချန်ကလည်း ရွှေနဂါးတံဆိပ်တော်ကို အသက်သွင်းကာ အသံကုန် ဟစ်အော်လိုက်သည်။
“ဝိညာဉ်သိုင်းရဲ့ စွမ်းအားကလည်း တစ်ချိန်ချိန်ကျရင် ကုန်သွားမှာပါပဲ... မင်းတို့ ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
မိစ္ဆာအမျိုးသားက အေးစက်စက် လှောင်ပြောင်လိုက်၏။ ကောင်းကင်မိစ္ဆာ ကျင့်စဉ်ကို အသုံးပြုလိုက်ခြင်းကြောင့် သူ၏ မိစ္ဆာစွမ်းအင် အများစု ကုန်ခန်းသွားသော်ငြား သူ၏ စွမ်းအားက ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။
“အစ်ကိုဖုန်း... တောင့်ထားနိုင်ရမယ်နော်”
လျိုချင်းယန်တစ်ယောက် အလွန်အမင်း စိုးရိမ်နေကာ လက်ဝါးများပင် ချွေးပြန်လာတော့၏။
“အစ်ကိုဖုန်း...”
မြောင်ချင်းချင်း၏ လှပသော မျက်ဝန်းများတွင်လည်း မျက်ရည်များ ရစ်ဝဲနေကာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်းတင်းကျပ်ကျပ် ဆုပ်ထားမိသည်။
“နန်းတော်သခင်... တောင့်ထားနိုင်ရမယ်နော်”
ချီဟွမ်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ထိတ်လန့်မှုများက အပြည့်အနှက် နေရာယူထား၏။
ထိုအခိုက်အတန့်၌ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူတိုင်းသည် အသက်ကိုပင် ပြင်းပြင်း မရှူရဲကြတော့ချေ။ သူတို့၏ စိုးရိမ်ပူပန်နေသော အကြည့်များက ဖုန်းဝူချန်နှင့် အခြားသူများထံသို့သာ စူးစိုက်ကျရောက်နေကာ မိစ္ဆာပညာရှင်၏ စွမ်းအားကို တောင့်ခံနိုင်ပါစေရန် ရင်ထဲမှ တိတ်တဆိတ် ဆုတောင်းနေကြသည်။
သို့သော် ကံကြမ္မာက သူတို့၏ ဆုတောင်းများကို မဖြည့်ဆည်းပေးခဲ့ချေ။
“ရွှီး... ရွှီး...”
ပြန်လည် ကောင်းမွန်သွားသော အက်ကွဲကြောင်းများသည် ငါးမိနစ်ပင် မပြည့်လိုက်သော အချိန်အတွင်းမှာပင် စွမ်းအင် ခေါင်းလောင်းကြီးပေါ်တွင် နောက်တစ်ကြိမ် ထပ်မံ ပေါ်လာပြန်သည်။
“မရတော့ဘူး... ငါတို့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး”
ကျန်းဝူဟန်က ထိတ်လန့်တကြား အော်ဟစ်လိုက်တော့၏။
“အားလုံး ပြီးသွားပြီပဲ”
ကျန်းထျန်းရွှမ်၏ မျက်ဝန်းများထဲတွင်လည်း မျှော်လင့်ချက်မဲ့ခြင်းများသာ ပြည့်နှက်နေတော့သည်။
“ကြည့်ရတာ မင်းတို့မှာ အင်အား မရှိတော့ဘူးနဲ့ တူတယ်”
မိစ္ဆာအမျိုးသားက ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်သည်။ သို့သော် မိစ္ဆာစွမ်းအင် အများအပြား ကုန်ဆုံးသွားမှုကြောင့် သူ၏ မျက်နှာကလည်း အနည်းငယ် ဖြူရော်နေ၏။
“ဒိုင်း...”
“ဝုန်း...”
“ဖူး... ဖူး... ဖူး...”
အက်ကွဲကြောင်းများက စွမ်းအင် ခေါင်းလောင်းကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသောအခါ ဧရာမ ခေါင်းလောင်းကြီးမှာ သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားတော့၏။ ထို့နောက် ကွဲအက်သံကြီးနှင့်အတူ လုံးဝ ပေါက်ကွဲထွက်သွားတော့၏။
ရှေ့ဆုံးမှ ခုခံနေသော ဖုန်းဝူချန်၊ ချီဟွမ်နှင့် အခြားသော ပညာရှင် ဒါဇင်ပေါင်းများစွာသည် ကြောက်မက်ဖွယ် လက်ဝါးပုံရိပ်ကြီး၏ ရိုက်ခတ်မှုကို တိုက်ရိုက် ခံလိုက်ကြရသည်။ သူတို့ အားလုံး သွေးများ အန်ချလိုက်ကြကာ ကောင်းကင်ယံမှ လွင့်စင်ကျလာကြတော့၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ပညာရှင် ဒါဇင်ပေါင်းများစွာ၏ ခန္ဓာကိုယ်များက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကြသည်။ ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာကာ ဖုန်လုံးကြီးများလွင့်တက်သွားပြီး မြေကြီးပေါ်တွင် ဧရာမ တွင်းဟောင်းကြီးများ အမြောက်အမြား ဖြစ်ပေါ်လာတော့၏။
“ချွင်...”
နဂါးနတ်ဘုရား ဓားသည် ဖုန်းဝူချန်၏ လက်ထဲမှ လွတ်ထွက်သွားကာ မြေပြင်ပေါ်ရှိ ကျောက်တုံးကြီး တစ်ခုပေါ်သို့ ပြင်းထန်စွာ စိုက်ဝင်သွားသည်။ ၎င်းကပင် ဖုန်းဝူချန် အလွန် ပြင်းထန်စွာ ဒဏ်ရာရသွားပြီ ဖြစ်ကြောင်း သက်သေပြနေသည်။
“ဝုန်း... ဝုန်း...”
ကမ္ဘာပျက်တော့မည့်အလား အားလှိုင်းများက ဟင်းလင်းပြင် တစ်ခုလုံးကို ရက်စက်စွာ ရိုက်ခတ် ဖျက်ဆီးနေတော့၏။ ဧရာမ စွမ်းအင်လုံးကြီး တစ်ခု ဖြစ်ပေါ်လာကာ ဆက်တိုက် ကြီးထွားလာသည်။ နှလုံးရပ်မတတ် ထိတ်လန့်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း စွမ်းအားများက ကြက်သီးထလောက်အောင် ကျောချမ်းဖွယ် ကောင်းလှသည်။
မိစ္ဆာအမျိုးသားသည် သူတစ်ယောက်တည်းသော အင်အားဖြင့် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ တစ်ခုလုံးကို အလွယ်တကူ ဖိနှိပ်သွားခဲ့တော့၏။ သူ၏ စွမ်းအားက အလွန်တရာ လွှမ်းမိုးနိုင်စွမ်း ရှိလွန်းလှ၏။
“မဟာမိတ်ခေါင်းဆောင်”
“နန်းတော်သခင်”
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး လုံးဝ မျှော်လင့်ချက်မဲ့သွားကြတော့၏။ အဆုံးအစမဲ့သော အမှောင်ထုထဲသို့ ကျဆင်းသွားရသည့်အလား ခံစားနေကြရသည်။ မဟာမိတ်အဖွဲ့၏ အစွမ်းအထက်ဆုံး ပညာရှင်များ အားလုံး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကြပြီ မဟုတ်ပါလော။
ဖုန်းဝူချန် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသောအခါ ရှောင်ချင်းချင်းတစ်ယောက် ထိတ်လန့်မှုကြောင့် သတိလစ် မေ့မြောသွားတော့၏။
ဒဏ်ရာရသွားသူများအနက် ထျန်းကျီဘုံ ပညာရှင် ခြောက်ယောက်ခန့်မှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသည်။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ နိဂုံးချုပ်ဖို့ အချိန်ရောက်လာပြီလား။
ကောင်းကင်မိစ္ဆာ ကျင့်စဉ်၏ ကြောက်မက်ဖွယ် ကောင်းမှုက လူတိုင်း၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ပိုမို ကြီးမားနေခဲ့သည်။
“အဘိုး... အဖေ...”
ကျန်းကျွင့်လန်တစ်ယောက် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာကာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းနေတော့၏။
မိမိ၏ အဘိုးနှင့် အဖေတို့ ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်နေရလျက်နှင့် ဘာမှ မကူညီနိုင်ခြင်းက ကျန်းကျွင့်လန်အတွက် သေရတာထက် ပို၍ နာကျင်ရသည်။
“အစ်ကိုဖုန်း...”
ထိတ်လန့် တွေဝေနေသော လျိုချင်းယန်က ရုတ်တရက် အသံကုန် ဟစ်အော်လိုက်ကာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ကောင်းကင်ယံသို့ အရှိန်အဟုန်ပြင်းစွာ ပျံတက်သွားတော့၏။
“ချင်းယန်... ပြန်လာခဲ့စမ်း”
ချီဟွမ်က အထိတ်တလန့် အော်ဟစ် တားဆီးလိုက်သော်လည်း လုံးဝ အချိန်မမီတော့ချေ။
“အစ်ကိုလျို...”
မြောင်ချင်းချင်းကလည်း အလွန်အမင်း ထိတ်လန့်စိုးရိမ်စွာဖြင့် အော်ဟစ်လိုက်သည်။
“အစ်ကိုဖုန်း... အစ်ကို သေလို့ မဖြစ်ဘူးနော်”
လျိုချင်းယန်က မျက်ရည်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အသေအလဲ ရှေ့သို့ ပြေးထွက်သွားသည်။ ဖုန်းဝူချန်နှင့် အတူ ဖြတ်သန်းခဲ့ရသော အချိန်များကို သူ၏ ခေါင်းထဲတွင် တစ်ခန်းချင်းစီ ပြန်လည် မြင်ယောင်လာတော့၏။
လွမ်ထျန်း မြို့တော်တွင် ကံကြမ္မာအလျောက် မဆုံတွေ့ခင်က လျိုချင်းယန်နှင့် ဖုန်းဝူချန်တို့မှာ လုံးဝ ပတ်သက်မှု မရှိခဲ့ကြချေ။
ဖုန်းဝူချန်သာ မရှိခဲ့လျှင် လျိုချင်းယန် တစ်ယောက် ဒီနေ့ ဒီအချိန်ထိ ရောက်လာနိုင်စရာ အကြောင်းမရှိပေ။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူတို့ အတူတကွ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများက သူတို့ နှစ်ဦးကြားတွင် အသက်သေသည်အထိ ခိုင်မြဲသော ညီအစ်ကို သံယောဇဉ်ကို တည်ဆောက်ပေးခဲ့တော့၏။
ချီဟွမ်နှင့် အခြား ကျဆုံးသွားသော သူများမှာလည်း အလွန် စိုးရိမ်ရသော အခြေအနေသို့ ရောက်နေကြ၏။ သူတို့ ဖန်တီးခဲ့သော ဧရာမ တွင်းဟောင်းကြီးများထဲတွင် လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ သေမလုမျောပါး ဖြစ်နေကြသည်။
“အစ်ကိုဖုန်း...”
လျိုချင်းယန်က ထိတ်လန့်တကြားဖြင့် လျှပ်တပြက် နေရာရွှေ့ပြောင်းကာ ရောက်ရှိလာသည်။
ဖုန်းဝူချန်မှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး သွေးများ အဆက်မပြတ် စီးကျနေကာ မလှုပ်မယှက် လဲကျနေတော့၏။
ပြာယာခတ်နေသော လျိုချင်းယန်က ဆေးလုံးတစ်လုံးကို ကမန်းကတန်း ထုတ်ယူလိုက်ပြီး ဖုန်းဝူချန်ကို တိုက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ဖုန်းဝူချန်၏ ခန္ဓာကိုယ်က ရုတ်တရက် ကောင်းကင်ယံသို့ စုပ်ယူခံလိုက်ရတော့၏။
“အစ်ကိုဖုန်း...”
လျိုချင်းယန်၏ မျက်နှာက ပြင်းထန်စွာ ပျက်ယွင်းသွားကာ ကောင်းကင်ယံသို့ အထိတ်တလန့် မော့ကြည့်လိုက်သည်။
အထက် ကောင်းကင်ယံတွင် မိစ္ဆာအမျိုးသားက ဖုန်းဝူချန်ကို သူ၏ အနီးသို့ ဆွဲယူလိုက်ခြင်းပင်။
လျိုချင်းယန် ဒေါသပေါက်ကွဲသွားတော့၏။ အရူးတစ်ယောက်လို ကောင်းကင်ယံသို့ ပျံတက်သွားကာ အသံကုန် ဟိန်းဟောက်လိုက်သည်။
“ခွေးကောင်... ငါ့အစ်ကိုဖုန်းကို ခေါ်သွားဖို့ မစဉ်းစားနဲ့... လွှတ်ပေးလိုက်စမ်း”
“သေလမ်းလာရှာနေတာပဲ”
မိစ္ဆာအမျိုးသားက အထင်အမြင်သေးစွာဖြင့် ရေရွတ်လိုက်၏။
ထို့နောက် သူက လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းကြီး တစ်ခုက ကောင်းကင်ယံမှ နေ၍ အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာလေတော့သည်။
“ဝုန်း...”
“ဖူး...”
မျှော်လင့်ထားသည့်အတိုင်းပင် လျိုချင်းယန် တစ်ယောက် လုံးဝ တုံ့ပြန်ချိန် မရလိုက်ချေ။ အားလှိုင်းက သူ့ကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်က အနက်ရောင် လျှပ်စီးတန်းတစ်ခုအလား အောက်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျသွားတော့၏။
လျိုချင်းယန် ပြင်းထန်စွာ ဒဏ်ရာရသွားကာ သတိလစ် မေ့မြောသွားတော့၏။ အသက်ရှင်နေသေးသလား၊ သေသွားပြီလား ဆိုသည်ကိုပင် မည်သူမျှ မသိနိုင်ကြတော့ချေ။
“အစ်ကိုလျို...”
မြောင်ချင်းချင်းက အလွန်အမင်း ထိတ်လန့်တကြားဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
မိစ္ဆာအမျိုးသားက အရမ်း အစွမ်းထက်လွန်းနေသည်။ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ မည်သူကမျှ သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။
အသစ်စက်စက် ဖွဲ့စည်းထားသော နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကြီးသည် ယခုအခါ လုံးဝ အမြစ်ပြတ် ချေမှုန်းခံရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေတော့၏။
“ဖုန်းဝူချန်... မင်း အခု နောင်တရနေပြီလား... ရှေးဦး ကမ္ဘာဦး စွမ်းအားနဲ့ ဝူမီးတောက်ကို လိမ္မာပါးနပ်စွာနဲ့ မပေးခဲ့မိတာကို နောင်တရနေပြီ မလား... နှမြောစရာကောင်းတာက ငါ့ဆီမှာ မင်းအတွက် နောင်တရဆေး မရှိဘူးကွ”
မိစ္ဆာအမျိုးသားက ဖုန်းဝူချန်၏ လည်ပင်းကို ညှစ်ထားရင်း ကောက်ကျစ်သော အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။
“ဝုန်း... ဝုန်း...”
အမျိုးသား၏ ဘယ်ဘက်လက်ထဲတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းလာကာ အနက်ရောင် အလင်းတန်းများ တလက်လက် တောက်ပနေတော့၏။
“ဖုန်းဝူချန်... မင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူတို့အားလုံး သေရတော့မယ်... နောက်ဆုံးမှာတော့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က အရမ်း အားနည်းလွန်းနေတယ်... မင်းက ပိုတောင် အားနည်းသေးတယ်ကွ”
မိစ္ဆာအမျိုးသားက ရက်စက်စွာ သရော်လိုက်သည်။
ထို့နောက် သူ၏ ဘယ်ဘက်လက်ထဲမှ ကြောက်မက်ဖွယ် စွမ်းအားများကို တစ်စက္ကန့်လေးမျှပင် မတွေဝေနေဘဲ ပျက်စီးယိုယွင်းနေသော နဂါးနတ်ဘုရား နန်းတော်ဆီသို့ အားကုန် ပစ်လွှတ်လိုက်တော့၏။
အခန်း (၇၄၇) - မဟာမိတ်အဖွဲ့ အမြစ်ပြတ် ချေမှုန်းခံရခြင်း
~“ရပ်စမ်း...”
ပြင်းထန်စွာ ဒဏ်ရာရထားသော ဖုန်းဝူချန်သည် မိစ္ဆာအမျိုးသား လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရသောအခါ အားပျော့နေသော အသံဖြင့် ကမန်းကတန်း အော်ဟစ် တားဆီးလိုက်သည်။
နှမြောစရာကောင်းသည်က... ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားကြီးမှာ နဂါးနတ်ဘုရား နန်းတော်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းသွားခဲ့တော့၏။
မိစ္ဆာအမျိုးသားသည် သူ၏ မိစ္ဆာစွမ်းအင် အများစုကို အသုံးပြုထားပြီး ဖြစ်သော်ငြား ကျန်ရှိနေသော ထိုစွမ်းအား သက်သက်ဖြင့်ပင် နဂါးနတ်ဘုရား နန်းတော်ကို ဖြိုခွဲကာ မဟာမိတ်အဖွဲ့ တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ရန် လုံလောက်နေသည်။
“မြန်မြန်... ပြေးကြတော့...”
ဖုန်းဝူချန်က မျက်လုံးများကို မနည်း ဖွင့်ထားရင်း ကြောက်မက်ဖွယ် စွမ်းအားကြီးကို ကြည့်ကာ နောက်တစ်ကြိမ် အသံကုန် ဟစ်အော်လိုက်ပြန်၏။
“ငါတို့တော့ သေရတော့မယ်... ဘယ်လိုမှ ထွက်ပြေးလို့ မလွတ်နိုင်တော့ဘူး”
“မဟာမိတ်ခေါင်းဆောင်လည်း သူ့လက်ထဲ ရောက်နေပြီ... စံအိမ်သခင်ကြီး ချီဟွမ်တို့လည်း သေလား ရှင်လား မသိတော့ဘူး... ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကြီးကို ခုခံဖို့ ငါတို့ဆီမှာ ဘာခွန်အားမှ မကျန်တော့ဘူး”
“ငါတို့... ငါတို့ သေချာပေါက် သေရတော့မှာပဲ...”
အထက် ကောင်းကင်ယံမှ ဧရာမ အနက်ရောင် အားလှိုင်းကြီးက နဂါးနတ်ဘုရား နန်းတော်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ချလာလေရာ အားလုံးမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားကြပြီး ထွက်ပြေးရန်ပင် ကြိုးစားလိုစိတ် မရှိကြတော့ချေ။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးကို ရင်ဆိုင်ရချိန်တွင် ထွက်ပြေးလျှင်လည်း အလကားပင် ဖြစ်ပေလိမ့်မည်။ ထိုအားလှိုင်းကြီး၏ ဖုံးလွှမ်းမှု အောက်မှ သူတို့ မည်သို့မျှ လွတ်မြောက်နိုင်စွမ်း မရှိကြချေ။
ဖုန်းကျိန့်ရှုံး၊ ရှောင်ချင်းချင်း၊ ချီဟွမ်၊ ကျန်းကျွင့်လန်၊ မြောင်ချင်းချင်း၊ ယဲ့ထျန်းဝေနှင့် အခြားသူများ အားလုံး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများ ရောယှက်နေကြ၏။ သို့သော် သူတို့ အားလုံး၏ အကြည့်များက ဖုန်းဝူချန်ထံသို့သာ စူးစိုက်ကျရောက်နေကြသည်။
“ပျောက်ကွယ်သွားလိုက်စမ်း”
မိစ္ဆာအမျိုးသားက နဂါးနတ်ဘုရား နန်းတော်ကို အပေါ်စီးမှ ကြည့်ကာ ရက်စက်သော အပြုံးဖြင့် ရေရွတ်လိုက်သည်။
နဂါးနတ်ဘုရား နန်းတော်မှာ လုံးဝ ပြိုကွဲပျက်စီးရတော့မည့် ကံကြမ္မာနှင့် ရင်ဆိုင်နေရ၏။
“မဟာမိတ်ခေါင်းဆောင်အတွက်... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့အတွက်... ငါတို့အားလုံး အင်အားတွေ ပေါင်းကြစမ်း... နန်းတော်ကို၊ မဟာမိတ်အဖွဲ့ကို အဖျက်ဆီးခံမယ့် အစား... သေရင်သေပါစေ... အသေအလဲ တိုက်ပွဲဝင်ကြမယ်”
ယီထျန်းချင်းက ရုတ်တရက် အသံကုန် ဟိန်းဟောက်လိုက်သည်။
“နဂါးနတ်ဘုရား နန်းတော်ကို ကာကွယ်ကြ...”
“နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို ကာကွယ်ကြ...”
စစ်သည်တော်များက တစ်ယောက်ပြီးတစ်ယောက် အသံကုန် ဟစ်အော်လိုက်ကြရာ သူတို့၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများက တဟုန်ထိုး မြင့်တက်လာတော့၏။
“မှန်တယ်... မဟာမိတ်ခေါင်းဆောင်နဲ့ အင်မော်တယ် လက်နက် စံအိမ်က စံအိမ်သခင်ကြီးတွေတောင် ငါတို့ကို ကာကွယ်ဖို့အတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြသေးတာပဲ... ငါတို့က ဒီအတိုင်း သေမယ့်ရက်ကို ထိုင်စောင့်မနေနိုင်ဘူး... သေရမယ်ဆိုရင်တောင် အဓိပ္ပာယ်ရှိရှိ သေကြတာပေါ့”
ပေတိုယန်က ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် အော်ဟစ်လိုက်သည်။
“ဒူးထောက်ပြီး အသက်ရှင်နေရမယ့် အစား... တိုက်ပွဲထဲမှာပဲ သေလိုက်မယ်”
ယဲ့ထျန်းဝေကလည်း အသံကုန် ဟစ်အော်လိုက်တော့၏။
“ဒူးထောက်ပြီး အသက်ရှင်နေရမယ့် အစား... တိုက်ပွဲထဲမှာပဲ သေလိုက်မယ်”
တစ်ယောက်ပြီးတစ်ယောက် ကူးစက်သွားသည့်အလား လူတိုင်းက အသံကုန် ဟိန်းဟောက်လိုက်ကြသည်။
“ဝုန်း... ဝုန်း...”
ထိုအခိုက်အတန့်၌ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဝင်များ အားလုံး၏ သေရဲသည့် သတ္တိများ နိုးကြားလာကြတော့၏။ အားကောင်းလှသော စွမ်းအားများ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာကာ သူတို့၏ အရှိန်အဝါက မျက်စိတစ်မှိတ် အတွင်းမှာပင် တဟုန်ထိုး မြင့်တက်သွားသည်။ သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်များက မီးတောက်တစ်ခုအလား တောက်လောင်လာကာ ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့်အလား။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့၏ သွေးများ ဆူပွက်လာ၏။
“ဘာမှ နားမလည်တဲ့ အရူးတွေ”
အဝေးမှ စောင့်ကြည့်နေသော လော့ဝူချန်က နဂါးနတ်ဘုရား နန်းတော်၏ အရှိန်အဝါကို မြင်လိုက်ရသောအခါ အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။
နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဦး၏ ရှေ့မှောက်တွင် လူအရေအတွက် မည်မျှပင် များပြားနေပါစေ... လုံးဝ အရာမထင်နိုင်ကြောင်းကို သူ အခိုင်အမာ ယုံကြည်ထား၏။
“နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပေးလိုက်တာ အကောင်းဆုံးပဲ... ဒါဆိုရင် နတ်ဘုရား ဘုရင် နန်းတော်က ဝူကျိနယ်မြေ တစ်ခုလုံးကို အပိုင်သိမ်းလို့ ရသွားပြီ... နှမြောစရာ ကောင်းတာက ဖုန်းဝူချန်ကို ကိုယ်တိုင်ကိုယ်ကျ မသတ်လိုက်ရတာပဲ”
ဒဏ်ရာပျောက်ဆေး သောက်ထားသဖြင့် အတော်လေး သက်သာနေပြီဖြစ်သော လိန်ဟွန်းက ရက်စက်စွာ ရေရွတ်လိုက်သည်။
သူ့ကိုယ်စား ဝင်ရောက် ရှင်းလင်းပေးမည့်သူ ရှိနေလေရာ လိန်ဟွန်းအနေဖြင့် နောက်ဆုတ်၍ ပွဲကြည့်နေရုံသာ ရှိတော့သည်။
“ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်ဖြတ်ခြင်း အခင်းအကျင်းထဲကို မင်းတို့ရဲ့ စွမ်းအားတွေ အကုန် ပို့ပေးကြစမ်း”
ချီဟွမ်က ရူးသွပ်မတတ် တိုက်ပွဲဝင်စိတ်ဓာတ်များဖြင့် အသံကုန် ဟစ်အော်လိုက်သည်။
“ဝုန်း... ဝုန်း...”
တစ်ယောက်ပြီးတစ်ယောက် သူတို့၏ အစွမ်းထက် စွမ်းအားများကို အခင်းအကျင်းကြီး အတွင်းသို့ အဆက်မပြတ် စီးဆင်းသွားစေလိုက်ကြ၏။ အခင်းအကျင်းကြီး၏ အရှိန်အဝါက မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ကောင်းကင်သို့ ထိုးတက်သွားကာ တောက်ပလှသော ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာတော့သည်။ ရူးသွပ်မတတ် ကြမ်းတမ်းလှသော အားလှိုင်းကြီးများက အခင်းအကျင်းကြီး အတွင်းမှ အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။
ဤအခင်းအကျင်းကြီးကို ဖုန်းဝူချန်၏ ဖျက်ဆီးခြင်း စွမ်းအားဖြင့် အသက်သွင်းထားခြင်း ဖြစ်သည်။ အလွန်တရာ ခိုင်မာသော ကာကွယ်ခြင်း စွမ်းအား ရှိရုံသာမက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ခြင်း စွမ်းအားကိုပါ ပိုင်ဆိုင်ထားသေး၏။
သောင်းနှင့်ချီသော လူများ၏ စွမ်းအားများကို ပေါင်းစပ်လိုက်သောအခါ ဤအခင်းအကျင်းကြီး၏ စွမ်းအားက မည်မျှတောင် ကြောက်စရာ ကောင်းသွားမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။ မြင်ကွင်းကြီးက အလွန်တရာ ခမ်းနားကြီးကျယ်လွန်းလှ၏။
နဂါးနတ်ဘုရား နန်းတော်ကို ကာကွယ်ရန်၊ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို ကာကွယ်ရန် သူတို့ အားလုံး အသေအလဲ တိုက်ပွဲဝင်နေကြခြင်းပင်။
“အိုး...”
နဂါးနတ်ဘုရား နန်းတော်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအားကို အာရုံခံမိလိုက်သောအခါ မိစ္ဆာအမျိုးသားက အနည်းငယ် အံ့အားသင့်သွားသည့်ဟန်ဖြင့် ရေရွတ်လိုက်သည်။
“သေခါနီး အချိန်ထိတောင် အရှုံးမပေးသေးဘူးပေါ့လေ... သေတော့မယ့် လူတွေအတွက် ဒါက တန်လို့လား”
မိစ္ဆာအမျိုးသား၏ အကြည့်က သေလုမျောပါး ဖြစ်နေသော ဖုန်းဝူချန်ထံသို့ ရွေ့လျားသွားကာ လှောင်ပြောင်လိုက်၏။
“ဖုန်းဝူချန်... မင်း မြင်လား... မင်းအတွက်ဆိုရင် သူတို့က သေရမှာကိုတောင် မကြောက်ကြဘူး... တကယ့်ကို အားကျစရာပဲ”
ဖုန်းဝူချန်က မပွင့်တပွင့် ဖြစ်နေသော မျက်လုံးများဖြင့် အောက်ဘက်ရှိ နဂါးနတ်ဘုရား နန်းတော်ကို စိုက်ကြည့်နေမိသည်။ သူ၏ ရင်ထဲတွင် သွေးများ စီးကျနေသလို ခံစားရကာ ဓားဖြင့် မွှန်းခံနေရသည့်အလား အလွန်အမင်း နာကျင်နေတော့၏။
နဂါးနတ်ဘုရား နန်းတော်ထဲတွင် သူ၏ အသက်ပေး ညီအစ်ကိုများ၊ သူ၏ နောက်လိုက်များ၊ ထို့ပြင် သူ၏ မိဘများပါ ရှိနေသည် မဟုတ်ပါလော။
သူတို့ကို အန္တရာယ် ကြုံနေရသည်ကို မြင်နေရလျက်နှင့် ဖုန်းဝူချန်တစ်ယောက် အောက်သို့ ပြေးဆင်းသွားကာ အသေအလဲ ကာကွယ်ပေးချင်စိတ်များ တဟုန်းဟုန်း တောက်လောင်နေသော်ငြား သူ လုံးဝ အင်အား မရှိတော့ချေ။
“နှမြောစရာ ကောင်းတာက... ဒီအရူးတွေက မိစ္ဆာမျိုးနွယ်စုရဲ့ အင်အားကို လုံးဝ နားမလည်ကြတာပဲ... သူတို့ ခုခံနေတာတွေက အလကား သက်သက်ပါပဲကွာ”
မိစ္ဆာအမျိုးသားက မာနတခွဲသားဖြင့် ပြောလိုက်သည်။ စကားပြောနေရင်းပင် သူက လက်ဝါးကြီးကို အောက်သို့ ရုတ်တရက် ဖိချလိုက်ရာ အရှိန်အဟုန်ပြင်းစွာ ကျဆင်းနေသော ကြောက်မက်ဖွယ် အားလှိုင်းကြီးက နောက်တစ်ကြိမ် ထပ်မံ မြင့်တက်သွားတော့၏။
“ဝုန်း...”
“ဝှီး...”
“ဖူး... ဖူး... ဖူး...”
ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားကြီးက နဂါးနတ်ဘုရား နန်းတော်၏ အခင်းအကျင်းကြီးကို ရက်စက်စွာ ရိုက်ချလိုက်တော့၏။ ကမ္ဘာမြေကြီးပင် ပြိုကွဲသွားမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ရူးသွပ်မတတ် အားလှိုင်းများက အရာအားလုံးကို မျက်စိတစ်မှိတ် အတွင်းမှာပင် လွှမ်းခြုံသွားတော့သည်။ မြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ ဆေးဧကရာဇ် တောင်ထွတ်ကြီးမှာ ပြိုကျလုမတတ် ဖြစ်သွားသည်။ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ အားလုံး တစ်ယောက်ပြီးတစ်ယောက် သွေးများ အန်ချလိုက်ကြတော့၏။
သောင်းနှင့်ချီသော လူများ၏ စွမ်းအားများ ပေါင်းစပ်ထားသော အခင်းအကျင်းကြီးက ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားကို တားဆီးပေးနိုင်ခဲ့သော်ငြား အလွန် ကြီးမားသော တန်ဖိုး တစ်ခုကိုတော့ ပေးဆပ်လိုက်ရသည်။
“အိုး... ဒီအခင်းအကျင်းက တော်တော်လေး အစွမ်းထက်တာပဲ... ဒါကတော့ တကယ်ကို မမျှော်လင့်ထားဘူး”
မိစ္ဆာအမျိုးသားက အနည်းငယ် အံ့အားသင့်သွားသည့်ဟန်ဖြင့် ရေရွတ်လိုက်ကာ နဂါးနတ်ဘုရား နန်းတော်၏ အခင်းအကျင်းကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။
လူအားလုံး ပေါင်းစပ်ကာ ဤစွမ်းအားကို မနည်း တောင့်ခံထားနိုင်ခဲ့သော်လည်း သူတို့အားလုံး အလွန်အမင်း အားနည်းသွားကြပြီ ဖြစ်ရာ အချိန်ကြာကြာ ဆက်လက် တောင့်ခံမထားနိုင်တော့ချေ။
“ရွှီး... ရွှီး...”
ဧရာမ အခင်းအကျင်းကြီးပေါ်တွင် အက်ကွဲကြောင်းများ စတင် ထွက်ပေါ်လာကာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။ မျှော်လင့်ချက်မဲ့ခြင်းများက နောက်တစ်ကြိမ် ထပ်မံ ကျရောက်လာပြန်၏။
“ငါတို့... ငါတို့ တောင့်မခံနိုင်တော့ဘူး”
ဟွမ်ယန်က ဖြူရော်နေသော မျက်နှာဖြင့် အံကို ကြိတ်ကာ ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အလွန်အမင်း တုန်ယင်နေကာ ရှိသမျှ ခွန်အား အားလုံးကို ထုတ်သုံးထားရကြောင်း ထင်ရှားနေ၏။
“အစ်ကိုချီဟွမ်... ကျွန်တော့်မှာ ဘာအားမှ မကျန်တော့ဘူး”
ခွမ်းကျန့် တစ်ယောက် ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေကာ လက်ကိုပင် မမြှောက်နိုင်တော့လောက်အောင် အားအင် ကုန်ခန်းနေတော့၏။
“ငါတို့... ဆက်ပြီး တောင့်မခံနိုင်တော့ဘူး”
ယဲ့ထျန်းဝေက အံကို တင်းတင်းကြိတ်ကာ လုံးဝ အရှုံးမပေးလိုသော လေသံဖြင့် အော်ဟစ်လိုက်တော့၏။
“ဒိုင်း...”
သောင်းနှင့်ချီသော သိုင်းပညာရှင်များ၏ စွမ်းအားများ ပေါင်းစပ်ထားသော ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်ဖြတ်ခြင်း အခင်းအကျင်းကြီးမှာ နောက်ဆုံးတွင်တော့ လုံးဝ ပြိုကွဲပျက်စီးသွားခဲ့တော့၏။ အကာအကွယ် အခင်းအကျင်းကြီး မရှိတော့သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားကြီးက ရက်စက်စွာ လိမ့်ဆင်းလာတော့၏။
“ဟင့်အင်း...”
ဖုန်းဝူချန်က ရုတ်တရက် အသံကုန် ဟစ်အော်လိုက်ကာ အသေအလဲ ရုန်းကန်လိုက်သည်။
“ဝုန်း... ဝုန်း...”
“ဝှီး...”
ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားကြီးက နဂါးနတ်ဘုရား နန်းတော်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။ ကောင်းကင်ယံသို့ ထိုးတက်သွားသော ဖျက်ဆီးခြင်း အားလှိုင်းကြီးက တိမ်တိုက်များကိုပင် ထိုးဖောက်သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆေးဧကရာဇ် တောင်ထွတ်ကြီး တစ်ခုလုံးကို လုံးဝ လွှမ်းခြုံသွားတော့၏။
ဤဖျက်ဆီးခြင်း အားလှိုင်းကြီး အောက်တွင် သောင်းနှင့်ချီသော နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဝင်များ လုံးဝ ခုခံနိုင်စွမ်း မရှိကြတော့ချေ။
“ဖေဖေ... မေမေ...”
ဖုန်းဝူချန်၏ ရင်ထဲတွင် အရူးတစ်ယောက်လို ဟိန်းဟောက်နေမိတော့သည်။
သူ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်နှက်နေကာ မြှားပေါင်း ထောင်သောင်းမက ရင်ဘတ်ကို ထိုးစိုက်ခံနေရသည့်အလား အလွန်အမင်း နာကျင်နေတော့သည်။
သေရသည်က ဤမျှ နာကျင်မည် မဟုတ်ပေ။
“ကောင်းတယ်... အရမ်းကောင်းတယ်... ဟားဟားဟား”
ဤမြင်ကွင်းကို ကြည့်ရင်း လိန်ဟွန်းတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် အသံကုန် ရယ်လိုက်သည်။
လော့ဝူချန်ကလည်း ရက်စက်စွာ သရော်လိုက်၏။
“နောက်ဆုံးတော့ ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို အမြစ်ပြတ် ချေမှုန်းပစ်နိုင်ခဲ့ပြီ... ဒါဆိုရင် ဝူကျိနယ်မြေ တစ်ခုလုံး နတ်ဘုရား ဘုရင် နန်းတော်ရဲ့ လက်အောက်ကို ရောက်ပြီပဲ”
နဂါးနတ်ဘုရား နန်းတော်က တကယ်ပဲ လုံးဝ ပြိုကွဲပျက်စီးသွားခဲ့ပြီပင်။
“ဖုန်းဝူချန်... မင်း မြင်လား... ဒါ မင်းတည်ထောင်ခဲ့တဲ့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့လေ... အရမ်း အားနည်းလွန်းတယ်... ဘာမှကို သုံးစားလို့ မရဘူး”
မိစ္ဆာအမျိုးသားက လူသတ်ရသည်ကို အလွန် ကျေနပ်နေသည့်အလား အေးစက်စက် ရယ်မောရင်း လှောင်ပြောင်လိုက်သည်။
“ခွေးကောင်... မင်းကို ငါ လုံးဝ ခွင့်မလွှတ်ဘူး”
ဖုန်းဝူချန်တစ်ယောက် ဒေါသအထွတ်အထိပ်သို့ ရောက်နေသော်ငြား ယခုအချိန်တွင် သူ လုံးဝ အကူအညီမဲ့နေ၏။
“နောက်ဘဝကျမှပဲ ခွင့်မလွှတ်တော့ပေါ့... အာ... နေဦး... မင်းမှာ နောက်ဘဝတောင် ရှိမှာ မဟုတ်ဘူး... မင်းကိုယ်ထဲက ရှေးဦး ကမ္ဘာဦး စွမ်းအားနဲ့ ဝူမီးတောက်ကို ငါ ယူပြီးသွားရင် မင်းကို ပြာဖြစ်အောင် လုပ်ပစ်မှာ... နောက်ပြီး မိုလင်းအာကလည်း မင်းကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူးနော်”
ထိုသို့၊ မိစ္ဆာအမျိုးသားက ကောက်ကျစ်စွာ သရော်လိုက်၏။
“ငါ ဖုန်းဝူချန် ရှိနေသရွေ့ မင်းတို့ မိစ္ဆာမျိုးနွယ်စုနဲ့ လုံးဝ အတူယှဉ်တွဲ မနေနိုင်ဘူး... ငါ အသက်ရှင်နေသရွေ့ အဆတစ်ရာ ပြန်ဆပ်ခိုင်းမယ်”
ဖုန်းဝူချန်က အရူးတစ်ယောက်လို ဟိန်းဟောက်လိုက်သည်။
“ဟုတ်လား... မင်း တစ်ယောက်တည်းနဲ့လား... သေခါနီး အချိန်ရောက်နေပြီကို နောက်ပြောင်မနေစမ်းပါနဲ့ကွာ... ကျန်နေတဲ့ အချိန်လေးကို သေချာ အသုံးချပြီး ခံစားလိုက်စမ်းပါ”
မိစ္ဆာအမျိုးသားက ဖုန်းဝူချန်၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ အေးစက်စွာ တုံ့ပြန်လိုက်သည်။