အခန်း (၁၇၀၂-၁၇၀၄)
Vol. 114 Ch. 1702-1704
အခန်း (၁၇၀၂)
လျှို့ဝှက်လဝန်း ကျောင်းတော်၏ လျှို့ဝှက်ချက်
အစည်းအဝေးခန်းမသို့ ရှင်းရွှီ ရောက်ရှိလာကာ လုကျင်ကို ဦးညွှတ်၍
“ဂါရဝ ပြုပါတယ် သခင်”
“ကျုပ်ကို ဘာအမိန့်ပေးစရာရှိလို့လဲ သခင်”
လုကျင်က တည်ငြိမ်စွာဖြင့်
“ခင်ဗျား ကစဉ့်ကလျား နယ်မြေကို တစ်ခေါက် သွားရမယ်”
ထိုစကားကို ကြားလျှင် ရှင်းရွှီ အနည်းငယ် အံ့အားသင့်သွား၏။
သူက ကစဉ့်ကလျား နယ်မြေမှာ ဘာသွားလုပ်ရမှာလဲ။
ယခု လုချန်း သေဆုံးသွားပြီ ဖြစ်ရာ ကစဉ့်ကလျား နယ်မြေရှိ သာမန်လူများနှင့် ဆက်ဆံစရာ အကြောင်းမရှိတော့ဟု သူ ထင်နေခြင်း ဖြစ်၏။
ရှင်းရွှီ တွေးတောနေစဉ်မှာပင် လုကျင်က ဆက်ပြောလိုက်၏။
“ကစဉ့်ကလျား နယ်မြေမှာရှိတဲ့ လုချန်းနဲ့ ပတ်သက်သမျှ လူအားလုံးကို ရှင်းလင်းပစ်လိုက်ပါ။ တစ်ယောက်မှ လွတ်မသွားစေနဲ့။”
လုချန်း သေဆုံးသွားပြီ ဆိုသော်လည်း သူ လုချန်းကို ကျောထောက်နောက်ခံ ပေးခဲ့သည့် သတင်းကို အခြား အင်အားစုများ သိသွားမှာ လုကျင် စိုးရိမ်နေခြင်း ဖြစ်၏။ အကယ်၍ အခြား မင်းသားများသာ ဤအချက်ကို သိသွားပြီး ပြဿနာရှာလာပါက သူ့အတွက် မကောင်းလှပေ။
အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းဒေသရှိ အင်အားကြီး အဖွဲ့အစည်း အားလုံးက လုချန်းကို ဝိုင်းရံ တိုက်ခိုက်ခဲ့ကြခြင်းကြောင့် ဖြစ်၏။ ဤကဲ့သို့သော ကြီးမားသည့် ခြိမ်းခြောက်မှုကြီး တစ်ကျော့ပြန် ပေါ်ထွက်လာချိန်တွင် သူက အခြား အင်အားစုများကို အသိမပေးပဲ လုချန်း၏ စွမ်းအားများ ပြန်လည် ရရှိလာရန်နှင့် အင်အား ချဲ့ထွင်နိုင်ရန် တိတ်တဆိတ် ကူညီပေးခဲ့ကြောင်း သိသွားပါက သူတို့ ဧကန်မုချ မကျေမနပ် ဖြစ်ကြပေလိမ့်မည်။
ထို့ကြောင့် လုချန်း၏ လက်အောက်ငယ်သားဟောင်းများကို အကုန်အစင် သုတ်သင်ပစ်ရမည် ဖြစ်၏။
လုကျင်၏ ရည်ရွယ်ချက်ကို နားလည်သွားသည့် ရှင်းရွှီက
“ကောင်းပါပြီ သခင် ကျုပ် အခုချက်ချင်းပဲ ကစဉ့်ကလျား နယ်မြေကို သွားလိုက်ပါ့မယ်”
လုကျင်က
“ ကောင်းပြီ သွားတော့”
ရှင်းရွှီက နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြီး
“ကျုပ်ကို ခွင့်ပြုပါဦး”
ထိုသို့ပြောပြီးနောက် ရှင်းရွှီ လှည့်ထွက်သွားတော့၏။ ရှင်းရွှီ ထွက်ခွာသွားသည်ကို ကြည့်ရင်း လုကျင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားကာ
“လုချန်း... ခင်ဗျား တမလွန်မှာ မပျင်းရအောင် ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကို ခင်ဗျားဆီ ပို့ပေးလိုက်ပါ့မယ်”
ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
…….
အလယ်ပိုင်းဒေသ။
လျှို့ဝှက်လဝန်း ကျောင်းတော်။
ကောင်းကင်ယံ မြင့်မားသော နေရာတွင် အောက်ဘက် မြေကမ္ဘာထက် ငါးဆခန့် ပိုကြီးမားသော ဧရာမ ကျွန်းကြီးတစ်ကျွန်း လွင့်မျောနေ၏။ ဤနေရာသည် လျှို့ဝှက်လဝန်းကျောင်းတော်၏ နတ်ဂိုဏ်း တည်ရှိရာ နေရာပင် ဖြစ်၏။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ မီတာ ထောင်ပေါင်းများစွာ မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင် ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး တစ်ခု ထီးထီးမားမားတည်ရှိနေ၏။
ထိုနေရာသည် လျှို့ဝှက်လဝန်း ကျောင်းတော်မှ နတ်သခင် ကောင်းကင်၏ စံအိမ်ပင် ဖြစ်၏။
နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ဆံနွယ်များနှင့် ရိုးရှင်းသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီး တစ်ဦးသည် ခန်းမ၏ အမိုးပေါ်တွင် ရပ်နေရင်း အဆုံးမဲ့ မှောင်မိုက်နေသော ကစဉ့်ကလျား ပင်လယ်ကို ငေးကြည့်နေ၏။
ထိုအခိုက်အတန့်တွင် အစိမ်းရောင်ဝတ် အမျိုးသမီး တစ်ဦး ဆံဖြူအမျိုးသမီး၏ ရှေ့၌ ပေါ်လာပြီး
“ဂါရဝပြုပါတယ် သခင်”
ဟု ပြောလိုက်၏။
ထျန်းယွီ နတ်သခင်က
“ဘယ်လိုလဲ”
ဟု အေးစက်စွာ မေးလိုက်၏။
အစိမ်းရောင်ဝတ် နတ်သမီးက
“အခုထိ မအောင်မြင်သေးပါဘူး”
ဟု ပြန်လည် ဖြေကြားလိုက်၏။
ထိုစကားကို ကြားလျှင် နတ်သခင် ကောင်းကင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
ဤအခြေအနေသည် အကြိမ်ပေါင်း မည်မျှ ထပ်ခါတလဲလဲ ဖြစ်နေပြီးပြီမှန်းပင် မသိနိုင်တော့ပေ။ သို့သော်လည်း ယခုထိ မအောင်မြင်သေးပေ။
သူတို့၏ ပါရမီ လုံလောက်စွာ ကောင်းမွန်နေပါက ထိုကျင့်စဉ်ကို လေ့ကျင့်နိုင်မည်ဟု အမြဲ ယုံကြည်ထားခဲ့သောကြောင့် ယွမ်ယုတိ ထွက်ခွာသွားသည်ကို လျစ်လျူရှုခဲ့ကြခြင်း ဖြစ်သော်လည်း ယခုကြည့်ရတာတော့ သူတို့ တွက်ကိန်းမှားခဲ့ပုံ ရ၏။
နတ်သခင် ကောင်းကင်က ဆက်လက်၍
“ယုတိ အခု ဘယ်မှာလဲဆိုတာ သိပြီလား။ အဆင်မပြေသေးရင် သူ့ကို ပြန်လာခိုင်းလိုက်ပါ။”
အစိမ်းရောင်ဝတ် နတ်သမီး ခဏခန့် တွေဝေသွားပြီးနောက်
“သခင်က သူ့ကို တကယ်ပဲ ပြန်လာခိုင်းဖို့ ရည်ရွယ်ထားတာလား”
ဟု ပြန်မေးလိုက်၏။
ထိုစဉ်က ယွမ်ယုတိ ထွက်ခွာသွားချင်သည်ဟု ကြားလျှင် နတ်သခင် ကောင်းကင်သည် ဆရာတပည့် အဆက်အသွယ်ကို ဖြတ်တောက်ခဲ့သော်လည်း နတ်သခင်၏ အနီးနားရှိ လူတိုင်းကတော့ ထိုသို့လုပ်ဆောင်ခြင်းမှာ သူမကို ကာကွယ်ရန် ဖြစ်နိုင်ကြောင်း သိထားကြ၏။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ သူတော်စင်မ ဆိုသည်မှာ တကယ်တော့ သဘောတရားအားဖြင့် သူတော်စင်မ အစစ်အမှန် မဟုတ်ပဲ ကိုယ်ထည်တစ်ခုမျှသာ ဖြစ်နေခြင်းကြောင့်ဖြစ်သည်။
နတ်သခင် ကောင်းကင်သည် သူမ၏ တပည့်ကို ကိုယ်ထည်အဖြစ် အသုံးမခံရစေလိုပေ။ ထို့ကြောင့် ယွမ်ချင်းရှု အပျိုစင်ဘဝ ဆုံးရှုံးမှုကို အကြောင်းပြကာ သူမအား လျှို့ဝှက်လဝန်း ကျောင်းတော်မှ နှင်ထုတ်ခဲ့ခြင်းမှာ ဤအကြောင်းအရင်းကြောင့် ဖြစ်လောက်၏။
လျှို့ဝှက်လဝန်း ကျောင်းတော်က ရွေးချယ်လိုက်သည့် သူတော်စင်မသည် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ဟု ခေါ်သော နတ်နိယာမ ကျင့်စဉ်တစ်ခုကို လေ့ကျင့်ရန် လိုအပ်၏။ ဤနတ်နိယာမက သူတို့၏ နတ်အာရုံနှင့် ခန္ဓာကိုယ်ကို အဆက်မပြတ် ပြောင်းလဲစေပြီး အရေးပါသော ပုဂ္ဂိုလ်တစ်ဦး၏ ဝိညာဉ်ကူးပြောင်းမှုအတွက် သင့်တော်သော ကိုယ်ထည်များ ဖြစ်လာစေရန် ပြုလုပ်ပေးခြင်း ဖြစ်၏။
သူတော်စင်မ ရွေးချယ်မှု စတင်စဉ်က နတ်သခင် ကောင်းကင်သည် နတ်သခင် အဆင့်သို့ မရောက်သေးပဲ နတ်ဘုရင် အဆင့်၌သာ ရှိသေးသဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်၏ အဓိက လျှို့ဝှက်ချက်များကို မသိခဲ့ပေ။ နတ်သခင် ဖြစ်လာပြီးနောက်မှသာ သူတော်စင်မ ရွေးချယ်ခြင်း၏ တကယ့် ရည်ရွယ်ချက်ကို သိခဲ့ရခြင်းဖြစ်သည်။
တကယ်တော့ သူတော်စင်မ ဆိုသည်မှာ နန်းတော်သခင် ရာထူးဆက်ခံရန်အတွက် မဟုတ်ပေ။ နတ်ဧကရာဇ် ဘဝကူးပြောင်းရန် ကိုယ်ထည်သာ ဖြစ်၏။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ အကြီးမားဆုံး လျှို့ဝှက်ချက်မှာ နတ်ဧကရာဇ် တစ်ပါး တည်ရှိခဲ့ဖူးခြင်း ဖြစ်၏။
သို့သော် ထိုနတ်ဧကရာဇ်သည် အိပ်စက်ခြင်း၌ သူကိုယ်သူ ချိပ်ပိတ်ထားခဲ့သည်။ ယခု သူ နိုးထလာရန်အတွက် ပြီးပြည့်စုံသော ကိုယ်ထည်တစ်ခု လိုအပ်နေခြင်း ဖြစ်၏။
ထို့ပြင် ထိုနတ်ဧကရာဇ်၏ ဘဝကူးပြောင်းခြင်းမှာ နတ်အာရုံက အခြားသူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်သည့် သာမန် ပူးကပ်သိမ်းပိုက်ခြင်းမျိုးနှင့် မတူပေ။ ထိုနတ်ဧကရာဇ်၏ ဘဝကူးပြောင်းခြင်းက နတ်အာရုံကို ပစ်မှတ်ထားခြင်း ဖြစ်၏။
ထိုနတ်ဧကရာဇ်၏ သက်တမ်းမှာ ကုန်ဆုံးနေပြီ ဖြစ်သဖြင့် သူမ၏ နတ်အာရုံလည်း အလွန် အားနည်းလာခဲ့၏။ နတ်ဧကရာဇ်ပင်လျှင် အချိန်၏ တိုက်စားမှုကို မလွန်ဆန်နိုင်ပေ။ နတ်တစ်ပါးအတွက် နတ်အာရုံ ပျက်စီးသွားခြင်းက အမှန်တကယ် သေဆုံးခြင်းဖြစ်၏။
သို့သော် ထိုနတ်ဧကရာဇ်ကတော့ ထူးခြားသော ပူးကပ်သိမ်းပိုက်ခြင်း အတတ်ပညာ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ သူမသည် နတ်အာရုံ၏ နက်ရှိုင်းသော နေရာရှိ သီးသန့် တည်ရှိနေသော ဝိညာဉ်မူလအစကို အာရုံခံနိုင်ခဲ့ပုံရ၏။ ထို့ကြောင့် သူမ၏ ဝိညာဉ်မူလအစက အခြားသူ၏ နတ်အာရုံကို သိမ်းပိုက်နိုင်ပါက သူမ၏ နတ်အာရုံ ပြန်လည် နုပျိုလာမည် ဖြစ်ပြီး ဒုတိယ ဘဝကို ဆက်လက် ရှင်သန်နိုင်မည် ဖြစ်၏။
သို့သော် သင့်တော်သော နတ်အာရုံကို ရှာဖွေရန်ကတော့အလွန် ခက်ခဲလှ၏။ အစပိုင်းတွင် ဤအချက်ကို နတ်သခင် ကောင်းကင်နှင့် အခြား နတ်သခင်များ သတိမပြုမိခဲ့ကြပေ။
သူတို့ ပထမဆုံး ရွေးချယ်ခဲ့သည့် သူတော်စင်မ ယွမ်ချင်းရှုသည် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို လေ့ကျင့်နိုင်ခဲ့သဖြင့် ပါရမီ မြင့်မားသူတိုင်းကို ပူးကပ်ကိုယ်ထည်အဖြစ် အသုံးချနိုင်မည်ဟု လျှို့ဝှက်လဝန်း ကျောင်းတော်က ယုံကြည်ခဲ့ကြ၏။
ယွမ်ချင်းရှု ထွက်ခွာသွားပြီးနောက် လျှို့ဝှက်လဝန်း ကျောင်းတော်က သူတော်စင်မ အမြောက်အမြားကို ရွေးချယ်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ သတ်မှတ်ချက်နှင့် မကိုက်ညီသလို နတ်ဧကရာဇ်၏ “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကျင့်စဉ်ကိုလည်း မကျင့်ကြံနိုင်ခဲ့ကြပေ။
ကံကောင်းထောက်မစွာဖြင့် သူတော်စင်မကို ရွေးချယ်ချိန်တွင် ယွမ်ယုတိ၏ ထူးခြားသော ပါရမီကြောင့် သူမအား “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို လေ့ကျင့်ရန် ခွင့်ပြုခဲ့ရာ သူမသည်လည်း ထိုနတ်နိယာမကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့၏။
အခြား သင့်တော်သူကို မရှာဖွေနိုင်တော့သဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်သည် တံခါးပိတ် ကျင့်စဉ်ဝင်နေသော ယွမ်ယုတိကို သူတော်စင်မသစ်အဖြစ် ခန့်အပ်ခဲ့၏။ သို့သော် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာချိန်တွင် သူမ၏ အစ်မ ကျောင်းတော်မှ နှင်ထုတ်ခံလိုက်ရသည်ကို သိသွားသဖြင့် ယွမ်ယုတိလည်း ဒေါသထွက်ကာ လျှို့ဝှက်လဝန်း ကျောင်းတော်မှ လူအချို့နှင့်အတူ ထွက်ခွာသွားခဲ့တော့၏။
ထိုစဉ် လျှို့ဝှက်လဝန်း ကျောင်းတော်မှ အဆင့်မြင့် အကြီးအကဲများလည်း “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သူ ရှားပါးကြောင်း နားမလည်ခဲ့ကြပေ။ ယွမ်ယုတိ ထွက်ခွာသွားပြီးနောက် အခြား သူတော်စင်မ တစ်ယောက်ကို အလွယ်တကူ ရွေးချယ်နိုင်မည်ဟု ထင်မှတ်ခဲ့ကြ၏။
လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ အချို့လူများ၏ အတွေးအခေါ်မှာ ဂိုဏ်းဂဏ စွဲလမ်းမှုမှ မြစ်ဖျားခံခြင်း ဖြစ်၏။
သူတော်စင်မ ဆိုသည်မှာ ကိုယ်ထည်တစ်ခုမျှသာ ဖြစ်သော်လည်း သူမ ရရှိသည့် အရင်းအမြစ်များကတော့ အလွန် များပြားလှသည်။
ထိုအချက်က နတ်သခင် ကောင်းကင်ကို ဥပမာထားကြည့်လျှင် သိနိုင်၏။ သူမ နတ်သခင် အဆင့်သို့ အလျင်အမြန် ရောက်ရှိခဲ့ခြင်းမှာ သူမ၏ တပည့်ရင်း ယွမ်ချင်းရှု သူတော်စင်မ ဖြစ်လာခဲ့ခြင်းကြောင့် ဖြစ်ပြီး နတ်ဂိုဏ်းမှ အရင်းအမြစ် အမြောက်အမြားကို သူမတို့၏ တောင်ထိပ်သို့ ရရှိခဲ့ခြင်းကြောင့် ဖြစ်၏။
ထို့ကြောင့် လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ အင်အားစု အမြောက်အမြားသည် နှစ်စဉ် အလျှံပယ် ရရှိမည့် ကျင့်စဉ်အရင်းအမြစ်များအတွက် သူတို့ ဂိုဏ်းထဲမှ တစ်ယောက် ယောက် သူတော်စင်မ ဖြစ်လာရန် မျှော်လင့်နေကြခြင်း ဖြစ်၏။
ထို့ကြောင့် ယွမ်ယုတိ ထွက်ခွာသွားချိန်တွင် မည်သူမှ တားဆီးခြင်း မပြုခဲ့ကြပေ။ နတ်သခင် ကောင်းကင် တစ်ဦးတည်းသာလျှင် လူအများရှေ့တွင် ယွမ်ယုတိနှင့် ဆရာတပည့် အဆက်အသွယ် ဖြတ်တောက်ကြောင်း ဟန်ပြအနေနှင့် ကြေညာခဲ့ခြင်းဖြစ်၏။
သို့သော် နှစ်ပေါင်း ကုဋေနှင့်ချီ ကြာမြင့်သွားသည့်တိုင်အောင် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သည့် တတိယမြောက် လူသားကို ရှာတွေ့နိုင်တော့မည် မဟုတ်ဟု ထိုစဉ်က မည်သူမှ ထင်မထားခဲ့ကြပေ။
အခန်း (၁၇၀၃)
ဆရာ့ကို အပြစ်မတင်စေချင်
နတ်သခင် ကောင်းကင် ဖြစ်လာပြီးနောက် ထျန်းရန် နတ်ဘုရားနယ်မြေ၏ လျှို့ဝှက်ချက် အမြောက်အမြားကို သူမ သိခဲ့ရ၏။
ထို့ကြောင့် သူမ၏စိတ်နှလုံးထဲ အတော်ပင် ဝိရောဓိဖြစ်နေခဲ့သည်။
ယွမ်ယုတိနှင့် သူမကြားရှိ ဆရာတပည့် သံယောဇဉ်မှာ အနည်းငယ် အေးစက်စက် နိုင်သော်လည်း ယွမ်ယုတိသည် သူမ၏ တပည့်ရင်း တစ်ဦးပင် ဖြစ်၏။
သို့သော် သူမ သိထားသော အချက်အလက်များအရ ထျန်းရန် နတ်ဘုရားနယ်မြေ၏ ကပ်ဘေးကြီးက နီးကပ်နေပြီ ဖြစ်သည်။ လျှို့ဝှက်လဝန်း ကျောင်းတော်၏ နတ်ဧကရာဇ် အချိန်မီ ပြန်လည် နိုးထမလာခဲ့လျှင် လျှို့ဝှက်လဝန်း ကျောင်းတော် တစ်ခုလုံး ပျက်စီးခြင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ကျောင်းတော်အတွင်းရှိ လူအားလုံးလည်း သေကြေပျက်စီးကြရလိမ့်မည်။
အားကြီးသူက အားနည်းသူကို အနိုင်ယူစတမ်းဖြစ်သော ဤလောကတွင် လူအများ၏ အသက်ကို ကယ်တင်ရန် လူတစ်ယောက်ကို အနစ်နာခံစေခြင်းက အကျိုးအမြတ်ရှိသော အပေးအယူတစ်ခုကဲ့သို့ပင်။
သူသည် ယွမ်ယုတိ၏ လေးစားထိုက်သော ဆရာတစ်ဦးသာမက လျှို့ဝှက်လဝန်း ကျောင်းတော်၏ အကြီးအကဲ တစ်ဦးလည်း ဖြစ်သည်ဟု နတ်သခင် ကောင်းကင် တွေးမိ၏။ ဆရာတပည့် သံယောဇဉ်ဟူသော ပုဂ္ဂိုလ်ရေး ခံစားချက်ကြောင့် ဂိုဏ်း၏ အကျိုးစီးပွားကို သူမ လျစ်လျူမရှုနိုင်ပေ။
ထိုသို့ တွေးတောပြီးနောက် နတ်သခင် ကောင်းကင်က သူမ ရှေ့တွင်ရှိသော အစိမ်းရောင်ဝတ် နတ်သမီးကို
“အရင်ဆုံး သူ ဘယ်မှာလဲဆိုတာကို ရှာလိုက်ပါ။ နောက်ထပ် နှစ်ပေါင်း တစ်သန်းကြာတဲ့အထိ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို ကျင့်ကြံနိုင်မယ့်သူကို ထပ်မတွေ့သေးရင်တော့ သူ့ကို ပြန်ခေါ်လာခဲ့ပါ။”
အစိမ်းရောင်ဝတ် နတ်သမီးက ရိုသေစွာဖြင့်
“နားလည်ပါပြီ နတ်သခင်။”
ထိုသို့ ပြောဆိုပြီးနောက် အစိမ်းရောင်ဝတ် နတ်သမီး လှည့်ထွက်သွားလေတော့၏။
အစိမ်းရောင်ဝတ် နတ်သမီး ထွက်ခွာသွားပြီးနောက် ကောင်းကင်ယံရှိ အတိုင်းအဆမရှိသော မှောင်မိုက်မှုကြီးကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး
“နတ်ဆိုးဧကရာဇ်တောင် ပေါ်လာပြီဆိုတော့ နောက်ထပ် နှစ်ပေါင်း ဆယ်သန်းမပြည့်ခင်မှာပဲ ငါတို့ဆီကို ကပ်ဘေးကျရောက်လာတော့မှာကို စိုးရိမ်မိတယ်”
ဟု နတ်သခင် ကောင်းကင် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
“ယုတိ... မင်း ဆရာ့ကို အပြစ်မတင်ပါနဲ့”
နတ်လောကသည် ရက်စက်လှ၏။ သံယောဇဉ် ခံစားချက် ဆိုသည်မှာ ဇိမ်ခံပစ္စည်း တစ်ခုသာ ဖြစ်သည်။
အကြင်လင်မယားများ ကြားတွင်ပင် စစ်မှန်သော ခံစားချက်ဟူသည် ရှားပါးလှပြီး အများစုမှာ အကျိုးစီးပွားချင်း ဖလှယ်ကြခြင်းသာ ဖြစ်၏။ စုံတွဲအများစု၏ ရည်ရွယ်ချက်မှာလည်း သူတို့၏ စွမ်းအားများကို မြှင့်တင်ရန်အတွက် စုံတွဲကျင့်စဉ် ကျင့်ကြံရန်သာ ဖြစ်ကြသည်။
လင်မယားအချင်းချင်းပင် အကျိုးစီးပွားကို ကြည့်နေကြလျှင် အစကတည်းက သိပ်မရင်းနှီးလှသော ဆရာတပည့် ဆက်ဆံရေးထံမှ ဘာကို မျှော်လင့်နိုင်ဦးမည်နည်း။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ အကျိုးစီးပွားနှင့် အနာဂတ်အတွက် နောက်ဆုံးတွင် ယွမ်ယုတိကို စတေးရန် ရွေးချယ်လိမ့်မည်ဖြစ်၏။
ထိုကပ်ဘေး မကျရောက်မီ လျှို့ဝှက်လဝန်း ကျောင်းတော်တွင် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို ကျင့်ကြံနိုင်သည့် တတိယမြောက် လူတစ်ဦးကို ရှာတွေ့ခဲ့လျှင်တော့ ယွမ်ယုတိကို စတေးရန် မလိုအပ်တော့ပေ။
…….
ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့အား လက်ထပ်ပြီးကတည်းက လုချန်းသည် ထိုအမျိုးသမီးနှစ်ဦးနှင့်အတူ နေ့စဉ် ပျော်ပါးနေခဲ့ပြီး ကျင့်စဉ်ကိုလည်း ကျင့်ကြံခြင်း မရှိတော့ သလောက်ပင်။
သို့သော် ထိုအရာမှာ ယွမ်ယုတိ၏ ထင်မြင်ချက်သာ ဖြစ်၏။ လုချန်းသည် ကျင့်စဉ်ကျင့်ကြံခြင်း မရှိပဲ ရည်မှန်းချက် ကင်းမဲ့နေသူဟု သူမ မြင်လာသည်။
အမှန်တကယ်တွင်တော့ လုချန်းသည် အမျိုးသမီးနှစ်ဦးနှင့်အတူ နေ့စဉ် စုံတွဲကျင့်စဉ်ကို ကျင့်ကြံနေခြင်းဖြစ်ပြီး သူတို့၏ ကျင့်စဉ်အဆင့်များ တိုးတက်လာအောင် ကူညီပေးနေခြင်း ဖြစ်သည်။
လုချန်း လက်ထပ်ပြီးကတည်းက လုချန်းကို ယွမ်ယုတိ စောင့်ကြည့်နေခဲ့ရာ သူမ မြင်တွေ့ရသည်က ထိုတပည့်ယုတ်သည် ထိုအမျိုးသမီးများ၏ အလှတရားတွင် လုံးဝ နစ်မောနေပြီး ဘာမှမလုပ်ပဲ ပျော်ပါးနေခြင်းဖြစ်သည်။
လုချန်း ထိုအမျိုးသမီးနှစ်ဦးကို လက်ထပ်ပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားများ သိသိသာသာ တိုးတက်လာခြင်း မရှိခဲ့လျှင် ထိုရဲတင်းလှသော တပည့်ကို သူမ ရိုက်နှက်မိပေလိမ့်မည်။ ကျင့်စဉ်ကို မကျင့်ကြံပဲ နေ့တိုင်း ပျော်ပါးနေရုံနှင့် ဂိုဏ်း၏ ကံစွမ်းအားကို ဤမျှ တိုးတက်လာစေနိုင်ပါက သူသာ တကယ် အလေးအနက် ကျင့်ကြံခဲ့ပါက လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား ပို၍ပင် တိုးတက်လာမည် မဟုတ်ပါလားဟု ယွမ်ယုတိ တွေးတောနေမိ၏။
သို့သော်...
သူ၏ စိတ်ကို ကျင့်စဉ်ပေါ်တွင် အာရုံစိုက်လာအောင် မည်သို့ တိုက်တွန်းရမည်နည်း။
ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို သူနှင့် လက်ထပ်ပေးခဲ့သူမှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့သည် ထိုတပည့်ယုတ်၏ အမျိုးသမီးများ ဖြစ်သွားပြီ ဖြစ်ရာ သူတို့နှင့် ပျော်ပါးနေခြင်းကို သူမ တားဆီး၍ မရနိုင်တော့ပေ။
သို့သော် မတားဆီးလျှင်လည်း ပျော်ပါးခြင်း လမ်းကြောင်းတွင်သာ လုချန်း ဆက်၍ နစ်မောနေပေလိမ့်မည်။
ယွမ်ယုတိ အထပ်ထပ်အခါခါ စဉ်းစားတွေးတောခဲ့သော်လည်း သင့်လျော်သောနည်းလမ်းကို ရှာမတွေ့ခဲ့သဖြင့် လုချန်းကို ဒီအတိုင်း လွှတ်ထားရန်သာ ရှိတော့၏။
…….
ကစဉ့်ကလျား နယ်မြေ။
မြို့တစ်မြို့၏ အထက်တွင် ရှင်းရွှီ ရပ်နေ၏။ ထိုအခိုက်အတန့်တွင် မြို့အတွင်းရှိ လူအားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ရှင်းရွှီကို မော့ကြည့်ရန်ပင် မရဲ ဖြစ်နေကြသည်။
မြို့တော်ဝန် စံအိမ်ဘက်ကို ရှင်းရွှီ တစ်ချက် ကြည့်လိုက်၏။ မြို့တော်ဝန် အပါအဝင် လူအားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် တုန်တုန်ယင်ယင် ဖြစ်နေကြပြီး စကားပြောဖို့ မဆိုထားနှင့် မော့ပင် မကြည့်ဝံ့ကြပေ။
ကစဉ့်ကလျား နယ်မြေအတွင်းရှိ မြို့များကို တစ်မြို့ပြီးတစ်မြို့ ဖျက်ဆီးပစ်ရန် ရှင်းရွှီ အစက ရည်ရွယ်ခဲ့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းက အချိန်ကုန်လွန်းသည်ဟု သူ ချက်ချင်း သတိထားမိသွား၏။
ကစဉ့်ကလျား နယ်မြေသာ် ကျယ်ပြောလှ၏။ သူသည် ရွှေနတ် တစ်ဦး ဖြစ်သဖြင့် မြို့တစ်မြို့ကို လက်တစ်ချက် ဝှေ့ယမ်းရုံနှင့် ဖျက်ဆီးနိုင်သော်လည်း တစ်မြို့ချင်းစီ လိုက်လံ သတ်ဖြတ်ရန်က အချိန် အလွန်ပေးရပေမည်။
ထို့ကြောင့် လုချန်း၏ လက်အောက်ငယ်သားဟောင်းများကိုသာ ရှာဖွေပြီး အဓိကကျသူများကို အရင် ရှင်းပစ်ရန် ရှင်းရွှီ ဆုံးဖြတ်လိုက်၏။ အန်းယွမ်ဘုရင်နှင့် လုချန်းတို့၏ ဆက်နွှယ်မှုကို ကစဉ့်ကလျား နယ်မြေရှိ လူတိုင်း မသိကြပေ။ ထိုအကြောင်းကို သိထားသူများကိုသာ အမြစ်ဖြတ်နိုင်လျှင် သူ၏ တာဝန် ပြီးမြောက်ပြီဟု ယူဆနိုင်သည်။
ကောင်းကင်ယံတွင် ရပ်နေသော ရှင်းရွှီ၏ ခရမ်းရောင် ဝတ်စုံရှည်သည် လေနှင့်အတူ လွင့်နေ၏။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ အောက်တွင် ဒူးထောက်နေသော မြို့တော်ဝန်လည်း ထိန်းချုပ်မရစွာ ကောင်းကင်ပေါ်သို့ ပျံတက်လာပြီး ရှင်းရွှီ၏ လက်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားသည်။
ထိုသူက ချက်ချင်းပင် အသနားခံရင်း
“ကျုပ်ကို အသက်ချမ်းသာပေးပါ... ကျုပ်ကို အသက်ချမ်းသာပေးပါ”
ရှင်းရွှီသည် တုံ့ဆိုင်းမနေသလို ထိုသူ ခံနိုင်ရည် ရှိမရှိကိုလည်း ဂရုမစိုက်ပေ။ သူသည် ဝိညာဉ်ရှာဖွေခြင်း ပညာကို ထိုသူ့အပေါ် တိုက်ရိုက် အသုံးပြုလိုက်ပြီး ထိုသူ၏ မှတ်ဉာဏ်ထဲမှ အမွေးဖြူမြို့၏ တည်နေရာကို လျင်မြန်စွာ ရှာတွေ့သွား၏။
ထို့နောက် လက်ဝှေ့ယမ်းကာ သူ၏ လက်ထဲရှိ မြို့တော်ဝန်နှင့် အောက်တွင် ရှိနေသော လူအားလုံးကို သွေးမြူများအဖြစ် ပြောင်းလဲပစ်လိုက်လေတော့သည်။
သူ့အတွက်တော့ နတ်ဖြစ်စေ၊ လူသားဖြစ်စေ ကစဉ့်ကလျား နယ်မြေရှိ သူများမှာ ပုရွက်ဆိတ်များကဲ့သို့ပင်။
သူတို့ကို သတ်ဖြတ်ခြင်းက အပြစ်မရှိဟု သူ ခံယူထား၏။ ထိုမြို့ရှိ လူများကို ရှင်းလင်းပြီးနောက် အမွေးဖြူမြို့ရှိရာ ဘက်သို့ ရှင်းရွှီ ဦးတည်သွား၏။ တစ်လခန့် ကြာပြီးနောက် အမွေးဖြူမြို့သို့ သူ ရောက်ရှိလာတော့သည်။
အမွေးဖြူမြို့၏ ကောင်းကင်ယံသို့ ရောက်သောအခါ စစ်မှန်သောနတ် အငွေ့အသက် နှစ်ခုကို ရှင်းရွှီ ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားရ၏။ ချန်ဘုရင် ပြန်ရောက်သည်နှင့် စစ်မှန်သောနတ် လက်အောက်ငယ်သား နှစ်ဦးကို ရရှိထားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ထိုစစ်မှန်သောနတ် နှစ်ဦးမှာ ချန်ဘုရင်၏ လူယုံများ ဖြစ်ရပေမည်။ သူတို့သည် လူယုံများ ဖြစ်နေသဖြင့် သူတို့ကို ချန်ဘုရင်ထံ ပို့ပေးရန် ရှင်းရွှီ ပို၍ပင် စိတ်အားထက်သန်သွား၏။ သူ၏ လူယုံများကို ပို့ပေးသည့်အတွက် ချန်ဘုရင်က သူ့ကို ကျေးဇူးတင်နေပေလိမ့်မည်။
ထိုသို့ တွေးတောရင်း ရှင်းရွှီ လက်ကို မြှောက်လိုက်ရာ ပြင်းထန်သော စွမ်းအားများ အမွေးဖြူမြို့၏ ကောင်းကင်ယံတွင် စုစည်းလာထဲ့သည်။ နောက်တစ်ခဏတွင် ကြီးမားလှသော ရွှေရောင် လှံကြီးတစ်စင်း အမွေးဖြူမြို့၏ အထက်တွင် ပေါ်လာ၏။
ရှင်းရွှီသည် မည့်သည့် စကားမှ မဆိုပဲ လက်ကို နှိမ့်ချလိုက်ရာ ပေတစ်ထောင်ခန့် ရှည်လျားသော ထိုရွှေရောင်လှံကြီးလည်း အမွေးဖြူမြို့ဆီသို့ တိုက်ရိုက် ကျဆင်းသွားတော့သည်။
ထိုလှံ မြေပြင်သို့ ထိမှန်သည်နှင့် တစ်မြို့လုံး အပျက်အစီးများ ဖြစ်သွားမည် ဖြစ်၏။
သို့သော် လှံကြီး ကျဆင်းခါနီးတွင် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ ကောင်းကင်ယံ၌ ပေါ်လာပြီး အမွေးဖြူမြို့၏ ကာကွယ်ရေး နည်းဗျူဟာကို အတူတကွ အသက်သွင်းလိုက်ကြ၏။ ချက်ချင်းပင် တစ်မြို့လုံးကို ကြီးမားသော အပြာရောင် အကာအကွယ် အလွှာကြီးတစ်ခုက လွှမ်းခြုံသွားခဲ့သည်။
ရှင်းရွှီ ပစ်လွှတ်လိုက်သော ရွှေရောင်လှံနှင့် အပြာရောင် အကာအကွယ်တို့ ထိတွေ့မိသောအခါ လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့၏ မျက်နှာများ ချက်ချင်းပင် ဖြူလျော့သွားကြ၏။ သူတို့သည် မကြာသေးမီကမှ အဆင့်တက်ထားသူများ ဖြစ်သဖြင့်
စွမ်းအား ကြီးမားသော စစ်မှန်သောနတ်များ မဟုတ်ကြသေးပေ။
ထို့ပြင် နတ်အငွေ့အသက် မရှိသော ကစဉ့်ကလျား နယ်မြေတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသဖြင့် သူတို့၏ စွမ်းအားက ပုံမှန်ထက် နည်းနေခဲ့သည်။ သူတို့၏ ပြိုင်ဘက်သည် ရွှေနတ်တစ်ဦး ဖြစ်သဖြင့် သူတို့၏ စွမ်းဆောင်ရည်ထက် များစွာ ကျော်လွန်နေကြောင်း ထင်ရှားလှ၏။
ချန်ဘုရင် သေဆုံးသွားပြီဟူသော ကောလာဟလများကြောင့် သူတို့ကို မည်သူမှ လာရောက် နှောင့်ယှက်တော့မည် မဟုတ်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
အစကတည်းက သူတို့၏ ပစ်မှတ်မှာ ချန်ဘုရင်ပဲ မဟုတ်ပါလား။
လွန်ခဲ့သော နှစ်ပေါင်း ကုဋေချီက ချန်ဘုရင်ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည်ကို ထိုလူများ မြင်တွေ့ခဲ့ကြပြီး သူ၏ လက်အောက်ငယ်သားဟောင်းများကို တစ်ချက်ကလေးမှ လှည့်မကြည့်ပဲ ထွက်ခွာသွားခဲ့ကြသည်။
သို့သော် ယခုတော့ အရေးမပါလှသော သူတို့ကို ရှင်းလင်းရန် လူတစ်ယောက် ရောက်ရှိလာခဲ့ပေပြီ။ လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့၏ ရင်ထဲ ပူလောင်မှုများ ချက်ချင်း ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် သူတို့နှစ်ဦးစလုံး သွေးတစ်လုပ်စီ အန်ထုတ်လိုက်ရတော့၏။
………….
အခန်း (၁၇၀၄)
ရှင်းရွီ၏ ကံကြမ္မာ
သူ၏ တိုက်ကွက်ကို လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ တားဆီးထားသည်ကို တွေ့လျှင် ရှင်းရွှီက မထီမဲ့မြင် ပြုံးလိုက်ပြီး
“ပိတ်မိနေတဲ့ သတ္တဝါတွေပဲ”
ထိုသို့ပြောလိုက်ပြီးသည်နှင့် ရှင်းရွှီ၏ နောက်ကျောဘက်တွင် ကြီးမားလှသော ရွှေရောင်နိယာမပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ချက်ချင်းပင် အမွေးဖြူမြို့ပေါ်သို့ သူ၏ စွမ်းအားအပြည့်ကိုထုတ်ဖော်လိုက်၏။
စစ်မှန်သောနတ်နှင့် ရွှေနတ်အဆင့်ကြားတွင် အဆင့်နယ်ပယ် တစ်ခု ကွာခြားသော်လည်း စွမ်းအားကုန် အသုံးမပြုခဲ့လျှင် ထိုစစ်မှန်သောနတ် နှစ်ဦး လွတ်မြောက်သွားနိုင်တာကတော့ အမှန်ပင်။
ထို့ကြောင့် နှုတ်ပိတ်သတ်ဖြတ်ရန်အတွက် မညှာမတာ လုပ်ဆောင်ရန် ရှင်းရွှီ ဆုံးဖြတ်လိုက်သည်။
အသက်နှုတ်လှံ.....
ရှင်းရွှီ၏ အနောက်ရှိ ရွှေရောင်နိယာမပုံရိပ်သည် ကြီးမားသော ရွှေရောင်လှံကို ကိုင်စွဲလျက် အမွေးဖြူမြို့ဆီသို့ ပစ်လွှတ်လိုက်၏။ ထိုလှံကျဆင်းလာသည့် ဖိအားကြောင့် အမွေးဖြူမြို့ရှိ လူအားလုံးနီးပါး၏ ကိုယ်လက်အင်္ဂါများ ချက်ချင်းတောင့်တင်းသွားကြသည်။
လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ပင် အသက်ရှူရန် ခက်ခဲလာပြီး ၎င်းတို့၏ ရင်ဘတ်ပေါ်သို့ တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ မခံမရပ်နိုင်အောင် လေးလံနေလာခဲ့သည်။
လုကျန့်ကျီတို့၏ မျက်နှာများ ဖြူလျော်သွားကြ၏။ ယခု အမွေးဖြူမြို့၌ သူတို့၏သခင်၏ အားနည်းသော ကိုယ်ပွားတစ်ခုသာ ရှိနေသည်။
သခင် ကိုယ်တိုင် ဝင်ရောက်တားဆီးလျှင်ပင် ရွှေနတ်အဆင့်တစ်ဦးကို ယှဉ်နိုင်မည်မဟုတ်ပေ။
သူတို့နှစ်ဦး ယနေ့ ဤနေရာ၌ပင် သေရတော့မှာလား။
နှစ်ဦးသား ဧကန်မုချ သေရတော့မည်ဟု ထင်နေကြချိန်တွင် မြို့တော်ဝန်စံအိမ်အတွင်းမှ ပို၍ထိတ်လန့်ဖွယ်ကောင်းသော ဖိအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်မှကျဆင်းလာသော အသက်နှုတ်လှံ၏ ဖိအားကို ချက်ချင်းပင် ပယ်ဖျက်လိုက်၏။ တစ်ခဏချင်းမှာပင် အမွေးဖြူမြို့ရှိ လူတိုင်း၏ ခန္ဓာကိုယ်များ မယုံနိုင်လောက်အောင် ပေါ့ပါးသွားကြသည်။
ယခုတော့ ရှင်းရွှီ စိတ်မသက်မသာ ဖြစ်ရမည့်အလှည့်သို့ ရောက်လာပေပြီ။
နတ်ဘုရင်အဆင့်၏ ဖိအားကို အာရုံခံမိလျှင် ရှင်းရွှီ၏ မျက်နှာအမူအယာ ချက်ချင်း ပြောင်းလဲသွား၏။
ရှင်းရွှီက
“ဒါက...”
“ဒါက...”
“မဖြစ်နိုင်တာ...”
“ကစဉ့်ကလျားနယ်မြေမှာ နောက်ထပ် နတ်ဘုရင်တစ်ပါး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ...”
လုချန်းနှင့် လုကျင့်ဖူတို့ အတူတူ သေဆုံးသွားခဲ့ကြသည် မဟုတ်ပါလား။
ထိုသို့ဖြစ်ပါလျက် ကစဉ့်ကလျားနယ်မြေထဲမှ နောက်ထပ် နတ်ဘုရင်တစ်ပါး မည်သို့ ပေါ်ထွက်လာနိုင်ပါမည်နည်း။
နတ်အငွေ့အသက်များ ကင်းမဲ့ပြီး တစ်ခါတစ်ရံ ကစဉ့်ကလျားစွမ်းအားများ တိုက်စားခြင်း ခံရတတ်သော ဤနယ်မြေသည် အခြားသော နတ်ဘုရင်တစ်ပါးကို မည်သို့ ဆွဲဆောင်နိုင်မည်နည်း။
ရှင်းရွှီက ပျာပျာသလဲဖြင့်
“ဒီက အကြီးအကဲက ဘယ်သူပါလဲ... လူယုတ်မာကို နှိမ်နင်းနေတဲ့ ကျုပ်လို မျိုးဆက်သစ်တစ်ယောက်ကို ဘာကြောင့် တားဆီးရတာလဲ ခင်ဗျာ။”
မဆိုင်းမတွပင် ကောင်းကင်ထက်သို့ လုချန်း ပျံတက်လိုက်၏။ လုချန်းကို မြင်လိုက်ရသည့် ခဏ၌ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ရှင်းရွှီ ခံစားလိုက်ရပြီး ၎င်း၏ စိတ်အစဉ်များ ဗလာဖြစ်သွားခဲ့သည်။
လု... လုချန်း...
လုချန်းက သေသွားပြီ မဟုတ်လား။
သူက ဘယ်လိုလုပ် အသက်ရှင်နေနိုင်သေးတာလဲ။
ဘာတွေများ ဖြစ်ပျက်ကုန်တာလဲ။
လုချန်းနှင့် လုကျင့်ဖူတို့ အတူတူ သေဆုံးသွားသည်ဟု မည်သူက ပြောခဲ့သနည်း။
လုကျင်၏ ယုံကြည်ရသူတစ်ဦးဖြစ်သဖြင့်
လုချန်းကို ယခင်ကတည်းက ရှင်းရွှီ မြင်ဖူးထားသည်။ ထို့ကြောင့် လုချန်းကို မြင်မြင်ချင်းပင် ချက်ချင်း မှတ်မိသွားခြင်း ဖြစ်၏။
သို့သော် လုချန်း အသက်ရှင်နေသေးသည်ဟူသော အချက်ကိုတော့ သူ လုံးဝ မယုံကြည်နိုင်ပေ။ နတ်ဘုရင် အမြောက်အမြားက လုချန်း ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြပါလျက် ယခုတော့ လုချန်းက ဤနေရာ၌ ပေါ်လာပေပြီ။
သတိပြန်ဝင်လာသောအခါ သူတို့အားလုံး လုချန်း၏ လှည့်ကွက်ထဲတွင် အလိမ်ခံလိုက်ရပြီဖြစ်ကြောင်း ရှင်းရွှီ သဘောပေါက်သွား၏။
ဤအရာက လုချန်း၏ ရွှေပိုးကောင် အခွံလဲ ဗျူဟာပင် ဖြစ်သည်။
မဖြစ်ပေ။
သူ ဤသတင်းကို ပြန်လည်ယူဆောင်သွားရမည်။
ထိုသို့တွေးလိုက်ရင်း ရှင်းရွှီလည်း မတုံ့မဆိုင်းပဲ အဝေးသို့ ချက်ချင်းလှည့်၍ ထွက်ပြေးလေတော့သည်။
လုချန်းထံမှ နတ်ဘုရင်တစ်ပါး၏ ဖိအားများ ထွက်ပေါ်နေ၏။ လုချန်း၏ စွမ်းအားများ ကျဆင်းနေလျှင်ပင် ရွှေနတ်အဆင့်မျှသာရှိသော သူက ပြန်လည်တိုက်ခိုက်နိုင်မည်ဟု ရှင်းရွှီ မယုံကြည်ဝံ့ပေ။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းကုဋေ တစ်ဆယ်ကျော်ကတည်းက လုချန်းသည် နတ်သခင်တစ်ပါးနှင့်ပင် အဆင့်တူ ယှဉ်တိုက်နိုင်ခဲ့သောကြောင့် ဖြစ်၏။
ရှင်းရွှီ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်လျှင် လုချန်းက နှာခေါင်းရှုံ့လိုက်ပြီး
“ကျုပ်ရဲ့ နတ်ဘုရင်ရဲ့ ကျိန်စာ အသုံးပြုခွင့် တစ်ကြိမ် ထပ်ကုန်အောင် လုပ်ခဲ့ပြီးမှတော့ ခင်ဗျား ထွက်ပြေးနိုင်မယ် ထင်နေသလား။”
အစက သူ့တွင် နတ်ဘုရင်၏ ကျိန်စာ အသုံးပြုခွင့် နှစ်ကြိမ် ကျန်ရှိနေသေး၏။ ထိုအခွင့်အရေးကို သွေးလင်းယုန်ခန်းမကို ရင်ဆိုင်ဖို့အတွက် သိမ်းဆည်းထားရန် သူ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုလက်အောက်ငယ်သားဟောင်းများသည် ယခု သူ့အတွက် အသုံးမဝင်တော့သော်လည်း ၎င်းတို့ကို သတ်ရန် ရှင်းရွှီ ရောက်ရှိလာသည်ကိုတော့ သူ ဒီအတိုင်း ကြည့်မနေနိုင်ခဲ့ပေ။
သစ္စာတရားနှင့် ကိုယ်ကျင့်တရားကို အလေးထားသူတစ်ဦးဖြစ်သည့်အလျောက် သူ၏ သစ္စာခံများ သူတစ်ပါး၏ သတ်ဖြတ်ခြင်း ခံရသည်ကို လက်ပိုက်ကြည့် မနေနိုင်ပေ။ လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ အပါအဝင် ထိုလူများမှာ အမွေးဖြူမြို့၌ သူ့ကို နှစ်ပေါင်းကုဋေ တစ်ဆယ်ကျော်ကြာအောင် စောင့်ဆိုင်းခဲ့ကြသည်ကို မမေ့ရပေ။
၎င်းတို့၏ ဘုရင်တစ်ပါးအနေနှင့် သူတို့၏ သစ္စာတရားကို သူ မည်သို့ ဖောက်ဖျက်နိုင်ပါမည်နည်း။
လုချန်း ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် နောက်တစ်ခဏ၌ ရှင်းရွှီ၏ ဆုတ်ခွာလမ်းကို ပိတ်ဆို့လိုက်၏။
လွတ်မြောက်နိုင်မည့် လမ်းမမြင်လျှင် ရှင်းရွှီလည်း အံကို တင်းတင်းကြိတ်ကာ သူ၏နိယာမကိုယ်ထည်ကို ထပ်မံထုတ်ဖော်လျက် လုချန်းနှင့် အသေခံ တိုက်ခိုက်ရန် ပြင်လိုက်၏။
သူနှင့် လုချန်းကြားတွင် နယ်ပယ်အဆင့် နှစ်ဆင့် ကွာခြားနေပြီး သူသည် လုချန်း၏ ပြိုင်ဘက် မဟုတ်သော်လည်း နတ်အငွေ့အသက် ကင်းမဲ့သော ကစဉ့်ကလျားနယ်မြေတွင် လုချန်း ကြာရှည်စွာ နေထိုင်ခဲ့ရသဖြင့် သူ၏ စွမ်းအားများမှာ သိသိသာသာ လျော့နည်းနေလိမ့်မည်ဟု ရှင်းရွှီ တွေးတောနေ၏။ လုချန်းသည် နတ်ဘုရင်၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်တော့သဖြင့် သူ လွတ်မြောက်သွားနိုင်ဖို့က မဖြစ်နိုင်သည့် အရာမဟုတ်ဟု ယူဆလိုက်၏။
မည်သို့ပင်ဆိုစေ ရှင်းရွှီသည် နတ်ဘုရင်၏ ကျိန်စာမှ ရရှိလာသော လုချန်း၏ စွမ်းအားကို လျှော့တွက် နေခြင်းသာ ဖြစ်၏။
လုချန်းက နတ်သတ်ဓားကို ထုတ်ယူလိုက်ပြီး တစ်ချက်တည်း ဝှေ့ယမ်းလိုက်၏။
ပိလော့ နဂါးပြာဟိန်းသံ....
ချက်ချင်းပင် သွေးရောင်လွှမ်းသော နဂါးကြီးတစ်ကောင်သည် ရှင်းရွှီ၏ ရွှေရောင်နိယာမကိုယ်ထည်ကို ထိုးဖောက်သွားပြီး ရှင်းရွှီကို ချက်ချင်းပင် ချေမှုန်းလိုက်ရာ ၎င်း၏ ရွှေရောင်ကိုယ်ထည်လည်း ချက်ချင်းပင် လေထဲတွင် ကြယ်မှုန်များအဖြစ် ပျော်ဝင်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့လည်း များစွာ မှင်တက်သွားကြရသည်။ တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း ဇဝေဇဝါ ဖြစ်သွားကြ၏။
သူတို့ရှေ့မှ ချန်ဘုရင်သည် ကိုယ်ပွားတစ်ခုမျှသာ မဟုတ်ပါလား။ သူက ဘယ်လိုလုပ် နတ်ဘုရင် စွမ်းအားကို အသုံးပြုနိုင်ရသနည်း။
ရှင်းရွှီကို ရှင်းလင်းပြီးနောက် နတ်ဘုရင်၏ ကျိန်စာ အသုံးပြုနိုင်သည့် အကြိမ်အရေအတွက်အတွက်ကို စစ်ဆေးရန် စနစ်မျက်နှာပြင်ကို လုချန်းက တစ်ချက် ကြည့်လိုက်သည်။ အသုံးပြုခွင့်က တစ်ကြိမ်သာ ကျန်ရှိတော့ပြီး စွမ်းအားပြန်ဖြည့်နေသည့် အမှတ်အသားပင် ပေါ်နေ၏။
ထိုစွမ်းအား ပြည့်သွားလျှင် နတ်ဘုရင်၏ ကျိန်စာကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုနိုင်မည် ဖြစ်၏။ စွမ်းအားပြန်ဖြည့်နှုန်းက အလွန် နှေးကွေးခြင်း မရှိသော်လည်း သူ၏ ကိုယ်ပွားသည် အလယ်ပိုင်းဒေသသို့ နီးကပ်နေပြီဖြစ်ပြီး သွေးလင်းယုန်ခန်းမကလည်း လျှို့ဝှက်လဝန်းနန်းတော်ကို ချောင်းမြောင်းနေပြီသဖြင့် မသေချာမှုများတော့ ရှိနေသည်။
ထို့ကြောင့် နတ်ဘုရင်၏ ကျိန်စာကို အကြိမ်အနည်းငယ် ထပ်မံ အသုံးပြုရန် လိုအပ်လာပေလိမ့်မည်။
ဤအတိုင်း ဆက်သွား၍မဖြစ်ဟု လုချန်း ထပ်မံတွေးတောလိုက်၏။ ရှောင်ရွှီရင် မြန်မြန် ကိုယ်ဝန်ဆောင်နိုင်ရန် လိုအပ်နေပြီဖြစ်သည်။
နတ်များအတွက် ရင်သွေးရရှိရန် အလွန် နှေးကွေးလှသည်။ ကောက်ရှီယွမ်တို့ ကိုယ်ဝန်ဆောင်ထားသော ကလေးများ၏ ကြီးထွားမှုကို အရှိန်မြှင့်ရန်ကလည်း ခက်ခဲလှ၏။ ထို့ကြောင့် ကျန်လူများကို ကိုယ်ဝန်ရရှိအောင် ကူညီပေးခြင်းက ပို၍ လွယ်ကူပေလိမ့်မည်။
ကောက်ရှီယွမ်နှင့် ရှုကျင့်ရှူးတို့က ကိုယ်ဝန်ရှိနေကြပြီ ဖြစ်သည်။ ယခုအခါ သူ၏ စွမ်းအားများကို ပြန်လည်ရရှိရန်အတွက် ကိုယ်ဝန်ဆောင်ဆုလာဘ်များမှ တစ်ခုခု ရနိုင်မလားဟူသော အတွေးဖြင့် ရှောင်ရွှီရင် ကိုယ်ဝန်ရဖို့ အာရုံစိုက်ရန် လုချန်း ဆုံးဖြတ်လိုက်၏။
နတ်ဘုရင်၏ ကျိန်စာတွင် ကန့်သတ်ချက်များ များပြားလွန်းသဖြင့် စိတ်မချရပေ။ ထို့ကြောင့် သူ၏ စွမ်းအားများကို လျင်မြန်စွာ ပြန်လည်ရရှိရန် အလွန် အရေးကြီးလှသည်။
အတွေး ကမ္ဘာထဲ နစ်မျောနေရင်းမှ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာပြီးနောက် လုချန်း မြို့တော်ဝန်စံအိမ်သို့ ပြန်သွားလိုက်၏။ သူ ရောက်ရှိသွားသည်နှင့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ ချက်ချင်းပင် သူ၏အနားသို့ ရောက်လာကြသည်။
လုချန်း၏ လက်ရှိအငွေ့အသက် ဝိညာဉ်နတ်အဆင့်မျှသာ ရှိနေသည်ကို မြင်လျှင် သူတို့နှစ်ဦး ထပ်မံ ဆွံ့အသွားကြပြန်၏။ သူတို့၏သခင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ဝိညာဉ်နတ်အဆင့်ပုံစံ နေနေတာလားဟုပင် သူတို့ တွေးတောနေမိကြသည်။
လုကျန့်ကျီက လုချန်းကို ကြည့်လျက်
“သခင်... ကျုပ် အထင်မမှားဘူးဆိုရင် စောစောကလူဟာ အန်းယွမ်လုကျင်ရဲ့ လူယုံပါ။”
တကယ်တော့ ရှင်းရွှီ၏ အမည်ကို လုကျန့်ကျီ မသိပေ။ သို့သော် ရှင်းရွှီသည် အန်းယွမ်လုကျင်၏ ယုံကြည်ရသူတစ်ဦးဖြစ်သဖြင့် အန်းယွမ်လုကျင်၏ ဘေး၌ သူ အမြဲတမ်း ရှိနေတတ်၏။
လွန်ခဲ့သော နှစ်ပေါင်းကုဋေ တစ်ဆယ်ကျော်က ထျန်းရှ နတ်ဘုရားနိုင်ငံတော်၏ မြို့တော်တွင် သူ့ကို တွေ့ဖူးခဲ့သဖြင့် လုကျန့်ကျီ၏ စိတ်ထဲတွင် ရှင်းရွှီနှင့် ပတ်သက်၍ မှတ်ဉာဏ် အနည်းငယ် ကျန်ရှိနေခဲ့ခြင်း ဖြစ်၏။
လုချန်းက နှာခေါင်းရှုံ့လိုက်ပြီး
“လုကျင်က နှုတ်ပိတ်သတ်ဖြတ်ဖို့ ရည်ရွယ်နေတာပဲ... အမွေးဖြူမြို့မှာ ဆက်နေဖို့ မသင့်တော့ဘူး။”
ထိုစကားကို ကြားလျှင် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ အနည်းငယ် အားနာသွားကြရသည်။ သူတို့သည် ချန်ဘုရင်၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်သော်လည်း လက်ရှိတွင် သူတို့ အနေနှင့် သခင့်အတွက် အကျိုးအမြတ် တစ်စုံတစ်ရာ မပေးနိုင်သည်ကို သူတို့ နားလည်ထားကြ၏။ ယခု သူတို့သည် သခင်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာ ဖြစ်နေသည်။
ထိုအခိုက်တွင် လုကျန့်ကျီက
“သခင်... နောက်ထပ် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိပါသလဲ”
လုချန်းက
“အမွေးဖြူမြို့ကနေ ရှန်ရှမြို့ကို သွားနိုင်တဲ့ တည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံက အခု သုံးလို့ရနေပြီ... အားလုံးပဲ လျှို့ဝှက်လဝန်းနန်းတော် ပိုင်နက်ထဲကို ပြောင်းရွှေ့ရမယ်။”
……….