အခန်း (၁၇၀၅-၁၇၀၇)
Vol. 114 Ch. 1705-1707
အခန်း (၁၇၀၅)
အသက်ရှင်နေဆဲ
လုချန်း၏ စကားများကို ကြားလျှင် လုကျန့်ကျီ ခဏခန့် တုံ့ဆိုင်းသွားသော်လည်း အဆုံး၌ သတိပေးစကား ဆိုလိုက်၏။
လုကျန့်ကျီက
“သခင်... လူနည်းနည်းလောက်ပဲ လျှို့ဝှက်လဝန်းနန်းတော်ထဲ ပြောင်းကြရင် လျှို့ဝှက်လဝန်း နတ်ဘုရင် သတိထားမိချင်မှ မိမှာပါ။ ဒါပေမဲ့ ကျုပ်တို့ အားလုံးသာ ပြောင်းရွှေ့မယ်ဆိုရင်တော့ သူ မုချ သိသွားပါလိမ့်မယ်။”
လုကျန့်ကျီက
“တကယ်လို့ ဒါက လျှို့ဝှက်လဝန်း နတ်ဘုရင်ကို ဒေါသထွက်စေမယ်ဆိုရင်...”
လုကျန့်ကျီ ဆက်ပြောရန် ဝေခွဲမရဖြစ်နေ၏။
လုချန်းက
“ဒါကို ခင်ဗျား စိုးရိမ်စရာမလိုပါဘူး။ အဲ့ဒီအချိန်ကျရင် ဒါဟာ ကျုပ် ထျန်းရှနတ်ဘုရား နိုင်ငံတော်ကို မသွားခင်ကတည်းက ချခဲ့တဲ့ ဆုံးဖြတ်ချက်လို့ပဲ သူကို ပြောလိုက်ပါ။ ခင်ဗျားတို့အားလုံးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ကျုပ်က သတင်းအချက်အလက်တချို့နဲ့ လဲလှယ်ခဲ့တယ်လို့ ပြောလိုက်ပါ။”
ထိုသို့ပြောပြီးနောက် ကျောက်စိမ်းလိပ်တစ်ခုကို လုချန်း ထုတ်ယူလိုက်ပြီး ကစဉ့်ကလျား ပင်လယ်အတွင်း၌ ယွမ်ချင်းရှုနှင့်အတူ ဖြတ်သန်းခဲ့သည့် သူ၏ မှတ်ဉာဏ်အချို့ကို ထိုကျောက်စိမ်းလိပ်ပေါ်သို့ ကူးပြောင်းထည့်သွင်းလိုက်သည်။
ဤကျောက်စိမ်းလိပ်ကို ယွမ်ယုတိ ဖွင့်ကြည့်လိုက်သည်နှင့် ယွမ်ချင်းရှု သေဆုံးခြင်းမရှိသေးပဲ ယခုအခါတွင် ရင်သွေးတစ်ဦးပင် ရှိနေပြီဖြစ်ကြောင်း သူမ သိသွားပေလိမ့်မည်။
ယွမ်ချင်းရှု၏ မျက်နှာကြောင့် လုကျန့်ကျီနှင့် သူ၏ နောက်လိုက်များကို ယွမ်ယုတိ သည်းခံလိမ့်မည်ဟု လုချန်း ယုံကြည်ထား၏။
အကြောင်းမှာ သူ သေဆုံးသွားပြီးနောက် ယွမ်ချင်းရှု၏ ရင်သွေးသည် လုကျန့်ကျီတို့အဖွဲ့၏ သခင်အသစ် ဖြစ်လာမည် ဖြစ်သောကြောင့်ဖြစ်သည်။
သူအစ်မအရင်း၏ ရင်သွေးပိုင်ဆိုင်သည့် အဖွဲ့အစည်းကို မကူညီပဲနေလောက်အောင် ယွမ်ယုတိ၏ စိတ်နှလုံးတွင် လူသားဆန်မှု ကင်းမဲ့လိမ့်မည် မဟုတ်ပေ။
လုချန်းထံမှ ကျောက်စိမ်းလိပ်ကို လက်ခံရရှိပြီးနောက် လုကျန့်ကျီ အနည်းငယ် စပ်စုချင်စိတ် ဖြစ်ပေါ်လာ၏။ လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် လူအမြောက်အမြားကို လက်ခံပေးစေနိုင်လောက်သည့် မည်သို့သော လျှို့ဝှက်ချက်များ ထိုအထဲ၌ ရှိနေမည်နည်းဟု သူ တွေးတောနေမိသည်။
သို့သော် လုချန်းက တိုက်ရိုက်ပြောပြခြင်း မရှိသကဲ့သို့ ၎င်းမှာ လျှို့ဝှက်လဝန်းနန်းတော်၏ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသောကြောင့် သူလည်း ထပ်မံ၍ မမေးမြန်းတော့ပေ။
ထို့နောက် လုကျန့်ကျီနှင့် ကျန်ရှိသူများ ပြင်ဆင်မှုများ စတင်ပြုလုပ်ကြ၏။
နောက်တစ်နှစ်အတွင်း၌ ကစဉ့်ကလျား နယ်မြေမှ လူများသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်းသို့ အဆက်မပြတ် ပြောင်းရွှေ့လာကြသည်။ ရှန်ရှမြို့တစ်မြို့တည်း၌ လူအမြောက်အမြားကို မဆံ့နိုင်သောကြောင့် အခြားမြို့အချို့သို့ပါ သူ့လူများကို ပြောင်းရွှေ့ရန် လုချန်း စီစဉ်ပေးလိုက်၏။
ကစဉ့်ကလျား နယ်မြေမှလူများ လျှို့ဝှက်လဝန်းနန်းတော်အတွင်းသို့ လူအစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာခြင်းက ယွမ်ယုတိ၏ အာရုံစိုက်မှုကို သဘာဝအတိုင်း ရရှိသွားစေသည်။ သွေးလင်းယုန်ခန်းမ၏ ကျူးကျော်မှုကို ခုခံနေရသည့် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် လူအမြောက်အမြား ရုတ်တရက် ရောက်ရှိလာသဖြင့် ၎င်းတို့သည် သွေးလင်းယုန်ခန်းမမှ စေလွှတ်လိုက်သူများလားဟု မည်သူမဆို သံသယဝင်စေနိုင်သည်။
ရန်သူ ရိပ်မိခြင်း မရှိစေရန်အတွက် ယွမ်ယုတိသည် ရှန်ရှမြို့သို့ တိုက်ရိုက်မသွားပဲ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအတွင်းသို့ ပြောင်းရွှေ့လာသူများကို ဦးစွာ စုံစမ်းစစ်ဆေးရန် လူလွှတ်လိုက်၏။
……
လျှို့ဝှက်လဝန်းနန်းတော်။
အစည်းအဝေးခန်းမ။
ရေခဲကျောက်သား ပလ္လင်ပေါ်၌ ထိုင်နေသည့် ယွမ်ယုတိသည် အပြာရောင် ဝတ်စုံဝတ် အမျိုးသမီးတပည့်ကို ကြည့်ကာ
“စုံစမ်းစစ်ဆေးမှုက ဘယ်လိုလဲ”
ဟု ခပ်အေးအေး မေးမြန်းလိုက်၏။
ခန်းမအတွင်းရှိ တပည့်ဖြစ်သူက
“ရှင်းလင်းသွားပါပြီ”
ဟု တုံ့ပြန်၏။
တပည့်က ဆက်လက်၍
“သူတို့တွေက ကစဉ့်ကလျား နယ်မြေက ဖြစ်ပြီး ချန်ဘုရင်ရဲ့ လက်အောက်ငယ်သားဟောင်းတွေလို့ ယူဆရပါတယ်။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ အနည်းငယ် မှင်တက်သွား၏။ ချန်ဘုရင်၏ လက်အောက်ငယ်သားဟောင်းများသည် လျှို့ဝှက်လဝန်းနန်းတော် နယ်မြေသို့ လာရောက်ကာ မည်သည့်အရာကို ပြုလုပ်နေကြသနည်း။
သူ့တို့ သတ္တိကောင်းလွန်း နေပါလား။
သူမတွင် ချန်ဘုရင်အပေါ် နာကျည်းချက်အမြောက်အမြား ရှိနေသော်လည်း ဤလူများကတော့ သူမ၏ နတ်ဂိုဏ်းနယ်မြေအတွင်းသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်လာကြ၏။
ဤလူများ မည်သည့်အရာကို ပြုလုပ်ရန် ကြံစည်နေသည်ကို ယွမ်ယုတိ စူးစမ်းလိုသောကြောင့် ကိုယ်တိုင်သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်ခဏတွင် ယွမ်ယုတိ၏ ခန္ဓာကိုယ်သည် ရေခဲ လိပ်ပြာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခန်းမအတွင်းမှ ပျောက်ကွယ်သွားတာ့၏။
……
ထိုအချိန်တွင်။
ရှန်ရှမြို့၌။
လုကျန့်ကျီသည် ကစဉ့်ကလျား နယ်မြေမှ ရောက်ရှိလာသူများကို နေရာချထားပေးနေ၏။
ကစဉ့်ကလျား နယ်မြေမှ လူများအတွက်တော့ ရှန်ရှမြို့သည် ကြားစခန်းတစ်ခုသာ ဖြစ်သည်။ ကစဉ့်ကလျား နယ်မြေမှ ပြောင်းရွှေ့လာသူ အများစုကို နတ်လှေအား အသုံးပြု၍ အခြားမြို့များသို့ ပို့ဆောင်ပေးခဲ့ပြီး ယခု မြို့အချို့ကိုပင် သူတို့ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
အမှန်စင်စစ် ဤမြို့များသည် လူသားမြို့များသာဖြစ်ပြီး လူနတ် တစ်ပါးပင် မရှိပေ။ ထို့ကြောင့် စစ်မှန်သောနတ် အဆင့်ဖြစ်သည့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ် နှစ်ဦးတည်းဖြင့်ပင် ဤမြို့များကို ထိန်းချုပ်ရန် လုံလောက်လှသည်။
ထိုအခိုက်အတန့်တွင် လုကျန့်ကျီ၏ ဘေးနားရှိ လျောင်ရှောင်ရွှမ်က သူ့ကို စိုးရိမ်တကြီး ကြည့်ကာ
“မောင်တော်... ကျွန်မတို့ လုပ်နေတာတွေက အရမ်းများ လွန်ကျူးနေမလား။”
အိမ်ရှင်ကိုပင် အသိမပေးပဲ သူ၏နယ်မြေထဲ ဝင်ရောက်လာရုံသာမက မြို့အမြောက်အမြားကိုပါ သိမ်းပိုက်လိုက်ခြင်းက ရဲတင်းလွန်းရာ ကျလွန်းနေ၏။
လုကျန့်ကျီက ပြုံးကာ
“စိတ်မပူပါနဲ့။ သခင် ပေးခဲ့တဲ့ ကျောက်စိမ်းလိပ်သာ ရှိနေရင် လျှို့ဝှက်လဝန်း နတ်ဘုရင် ကိုယ်တိုင် ရောက်လာရင်တောင် ကျုပ်တို့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။”
လုကျန့်ကျီ စကားပြောပြီးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကျရောက်လာ၏။ ခဏချင်း အတွင်းပင် ရှန်ရှမြို့သူ မြို့သားများလည်း ထိုဖိအားကြောင့် မြေပြင်ပေါ်သို့ ပြားပြားဝပ် ကျသွားကြပြီး လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့လည်း ဒူးထောက်ရန် ဖိအားပေးခြင်း ခံလိုက်ရသည်။
ထို့ပြင် ၎င်းတို့အပေါ် ကျရောက်သည့် ဖိအားမှာ အခြားသူများထက် ပိုပြင်းထန်သဖြင့် သူတို့၏ မျက်နှာများ ချက်ချင်းပင် ဖြူဖျော့သွားကြ၏။
နောက်တစ်ခဏ၌ ကောင်းကင်ထက်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။
ယွမ်ယုတိက
“ရှင်တို့ကို ဒီလိုစကားမျိုးတွေ ပြောရဲတဲ့ သတ္တိ ဘယ်သူက ပေးထားတာလဲဆိုတာ ကျွန်မ တကယ် သိချင်မိတယ်။”
ရှန်ရှမြို့သို့ ယွမ်ယုတိ ရောက်ရှိလာစဉ် “လျှို့ဝှက်လဝန်း နတ်ဘုရင် ကိုယ်တိုင် ရောက်လာရင်တောင် သူတို့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး” ဟူသော လုကျန့်ကျီ၏ စကားကို သူမ ကြားလိုက်ရခြင်းဖြစ်၏။
မည်သည့် ပန်ကြားမှုမှ မရှိပဲ သူမ၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီး သူမကိုယ်တိုင်ကပင် ၎င်းတို့ကို ဘာမှလုပ်လိမ့်မည် မဟုတ်ဟုပင် ပြောဆိုနေကြသေးသည်။
ဒါက သူမကို လုံးဝ အရေးမစိုက်တာ မဟုတ်ပါလား။
အဓိက ပုဂ္ဂိုလ် ရောက်ရှိလာသည်ကို မြင်လျှင် လုကျန့်ကျီက အမြန်ပင် ဂါရဝပြုလိုက်၏။
လုကျန့်ကျီက
“စီနီယာကို ဂါရဝပြုပါတယ်”
“အမွေးဖြူမြို့မှာ ကျုပ်ကို တွေ့ခဲ့တာ မှတ်မိဦးမလား မသိဘူး။”
ဧကန်မုချ ယွမ်ယုတိ မှတ်မိပေသည်။
လုကျန့်ကျီတို့သည် သူမအတွက် အရေးမပါသော သူများဖြစ်သော်လည်း ကစဉ့်ကလျား နယ်မြေသို့ ရောက်ရှိခဲ့သည်မှာ နှစ်တစ်ထောင်ပင် မပြည့်သေးသောကြောင့် ထိုမှတ်ဉာဏ်များ ကျန်ရှိနေသေး၏။
တစ်ချက်ကြည့်ရုံဖြင့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ကို သူမ မှတ်မိသွားပြီး ချန်းလု သူမ၏ တပည့်ရင်း ဖြစ်လာကြောင်း လုကျန့်ကျီ သိသွားကာ အခွင့်အရေး လာတောင်းခြင်းလားဟု သူမ တွေးတောလိုက်၏။ ယခင် အမွေးဖြူမြို့၌ ရှိစဉ်က ချန်းလုသည် လုကျန့်ကျီ၏ ကျေးဇူးပြုမှု အမြောက်အမြားကို ရရှိခဲ့ဖူးသည်။
အားနည်းသော အဖွဲ့အစည်းများ အနေနှင့် ထူးချွန်သူများအပေါ် ရင်းနှီးမြှုပ်နှံခြင်းမှာ ထျန်းရန် နတ်ဘုရား နယ်မြေ၌ ထုံးစံကဲ့သို့ ဖြစ်နေသောကြောင့် ယွမ်ယုတိ အပြစ်မဆိုလိုပေ။ သို့သော် ဤအကြောင်းပြချက်ဖြင့်တစ်ခုတည်းဖြင့် လုကျန့်ကျီက သူမ၏ နတ်ဂိုဏ်းနယ်မြေအတွင်း ရမ်းကားရဲသည်ဆိုပါက သူသည် “သေခြင်းတရား” ကို မသိသေးခြင်းပင် ဖြစ်ပေလိမ့်မည်။
ယွမ်ယုတိက အေးစက်စက်နှင့် လုကျန့်ကျီကို
“ကျွန်မရဲ့ တပည့်ရင်းကို လက်ဆောင်တွေ ပေးခဲ့ဖူးရုံနဲ့ ကျွန်မရဲ့ နတ်ဂိုဏ်းထဲမှာ ဒီလောက်အထိ ရမ်းကားလို့ရမယ်လို့ ရှင်ထင်နေတာလား။”
သူမ စကားပြောလိုက်သည်နှင့် ရှန်ရှမြို့အထက်၌ ဆီးနှင်းများ စတင်ကျဆင်းလာပြီး အဆောက်အအုံများလည်း ချက်ချင်းပင် နှင်းခဲများ ဖုံးလွှမ်းသွား၏။
ယွမ်ယုတိ၏ သတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစားမိလျှင် လုကျန့်ကျီက ကျောက်စိမ်းလိပ်ကို အလျင်အမြန် ထုတ်ယူကာ သူမကို ပြသလိုက်ရင်း
“ဒါက... ကျုပ်တို့ ဘုရင်ကြီး... ထျန်းရှနတ်ဘုရား နိုင်ငံတော်ကို မသွားခင် ချန်ထားရစ်ခဲ့တဲ့ အရာပါ။”
လုကျန့်ကျီက
“တကယ်လို့ သူ တစ်ခုခုဖြစ်ခဲ့ရင် ဒီကျောက်စိမ်းလိပ်ကို လျှို့ဝှက်လဝန်းနန်းတော်ဆီ ယူသွားဖို့ သူ မှာခဲ့ပါတယ်။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ မျက်မှောင်ကြုတ်သွား၏။ ထိုပြဿနာရှာတတ်သူက မည်သည့်အရာကို ချန်ထားရစ်ခဲ့သနည်းဟု သူမ သိလိုစိတ် ပြင်းပြသွားသည်။
ထိုအရာက သူမအတွက် ချန်ထားခဲ့ခြင်းလား။
သူမနှင့် ယွမ်ချင်းရှုသည် ညီအစ်မများ ဖြစ်သော်လည်း လုချန်းနှင့် သူမအကြား တိုက်ရိုက်ပတ်သက်မှု မရှိခဲ့ပေ။ ထိုသို့ဆိုလျှင် လုချန်းက သူမအတွက် အဘယ်ကြောင့် တစ်စုံတစ်ခု ချန်ထားခဲ့ရသနည်း။
လက်ကို မြှောက်လိုက်သည်နှင့် လုကျန့်ကျီ၏ လက်ထဲမှ ကျောက်စိမ်းလိပ် ယွမ်ယုတိ၏ လက်ထဲသို့ ပျံဝင်လာ၏။ သိလိုစိတ်ဖြင့် သူမ၏ နတ်အငွေ့အသက်ကို အသုံးပြု၍ ကျောက်စိမ်းလိပ်ကို ယွမ်ယုတိ အမြန် အသက်သွင်းလိုက်၏။
နောက်တစ်ခဏ၌ ကျောက်စိမ်းလိပ်အတွင်းရှိ မှတ်ဉာဏ်များ ယွမ်ယုတိ၏ စိတ်အာရုံထဲသို့ စီးဝင်လာသည်။
ထိုမှတ်ဉာဏ်များကို တွေ့မြင်လျှင် ယွမ်ယုတိ လုံးဝ မှင်တက်သွား၏။
သူမ၏ အစ်မသည် တကယ်ပင် အသက်ရှင်နေဆဲ ဖြစ်သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
နေပါဦး...
အကယ်၍ လုချန်းပင် ကစဉ့်ကလျား ပင်လယ်မှ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့လျှင် သူမ၏ အစ်မ သေဆုံးရမည့် အကြောင်းရင်း မရှိပေ။ သို့သော် သူမ၏ အစ်မ အသက်ရှင်နေကြောင်း သိရသော်လည်း ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ကာ သူမကို ကယ်တင်ရန်ကတော့ မဖြစ်နိုင်ပေ။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရေခဲစွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လက်ထဲရှိ ကျောက်စိမ်းလိပ်လည်း ချက်ချင်းပင် အမှုန့်အဖြစ် ကြေမွကာ လေထဲသို့ လွင့်စင်သွား၏။
ထိုယုတ်မာလှသည့် လုချန်းသည် တစ်ဦးတည်းသာ ပြန်လာပြီး သူမ၏ အစ်မကို ပြန်မခေါ်ဆောင်လာခဲ့ပေ။ ယခုလည်း သူသည် ကလဲ့စားချေရန်အတွက် လုကျင့်ဖူနှင့်အတူ သေတွင်းထဲသို့ သက်ဆင်းရန် ရွေးချယ်ခဲ့ပြန်သည်။
သူသာ သေဆုံးသွားခဲ့လျှင် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ မည်ကဲ့သို့ ဝင်ရောက်ရမည်ကို သူမ မည်သို့ သိနိုင်တော့မည်နည်း။
ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို မည်သို့ ရှောင်ရှားရမည်နည်း။
သူမအစ်မ ရှိနေသည့် နေရာကိုကော မည်သို့ ရှာဖွေရမည်နည်း။
ဤအယုတ်တမာသည် ဤကျောက်စိမ်းလိပ်ကို ချန်မထားခဲ့တာကမှ ပိုကောင်းဦးမည်။
…………..
အခန်း (၁၇၀၆)
ဆယ်နှစ်ကြာလျှင် စစ်ခင်းမည်
ထိုအခိုက်အတန့်တွင် ယွမ်ယုတိ၏ စိတ်နှလုံးထဲ၌ ဒေါသမီးများ အပြည့်အဝ လွှမ်းမိုးထား၏။ သူမ၏ အစ်မဖြစ်သူ ကွယ်လွန်သွားပြီဟူသော အချက်ကို သူမ လက်ခံထားပြီးဖြစ်သော်လည်း ယခု လုချန်းက သူမ၏ အစ်မ အသက်ရှင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည့် ကျောက်စိမ်းလိပ်ကို ချန်ထားရစ်ခဲ့သည်။
အဓိက ပြဿနာမှာ သူသည် သူမ၏ အစ်မကို ကစဉ့်ကလျား ပင်လယ်အတွင်းမှ ပြန်လည်ခေါ်ဆောင်မလာခဲ့ခြင်းပင် ဖြစ်၏။
ကစဉ့်ကလျား ပင်လယ်အကြောင်းကို သူမ မသိ သကဲ့သို့ သူမ၏ အစ်မကို မည်ကဲ့သို့ ကယ်တင်ရမည်ဆိုသည်ကိုလည်း သူမ မသိပေ။
လုချန်းသည် ကစဉ့်ကလျား ပင်လယ်နှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမှ သူမအတွက် ချန်မထားခဲ့ပဲ လုကျင့်ဖူနှင့်အတူ သေတွင်းထဲသို့ တဇွတ်ထိုး သက်ဆင်းသွားခဲ့သည်။
ယခုတော့ သူမ၏ အစ်မ အသက်ရှင်နေကြောင်း သိရသော်လည်း ကစဉ့်ကလျား ပင်လယ်ရှိရာ အရပ်ဆီသို့သာ အကူအညီမဲ့စွာ ငေးမောကြည့်ရင်း မြည်တမ်းနေရုံသာ သူမ တတ်နိုင်တော့၏။
လုချန်း သူ့ကိုယ်သူ ဖောက်ခွဲသွားခြင်းအား နမြောမိသလို ယွမ်ယုတိ ချက်ချင်းပင် ခံစားလိုက်ရသည်။ အကယ်၍ လုချန်းသာ အသက်ရှင်နေသေးလျှင် သူ၏ ရဲတင်းလွန်းသော လုပ်ရပ်အတွက် သူ၏ ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲပစ်ချင်သည့် စိတ်များသာ သူမတွင် ရှိပေလိမ့်မည်။
လုချန်းက အဘယ်ကြောင့် သူ၏ လက်အောက်ငယ်သားဟောင်းများကို သူမ၏ နယ်မြေအတွင်းသို့ စေလွှတ်ခဲ့သနည်းဆိုတာကိုလည်း ယခု သူမ နားလည်သွားပြီဖြစ်၏။ လုချန်း၏ မှတ်ဉာဏ်များမှတစ်ဆင့် သူမ၏ ညီမတွင် ကိုယ်ဝန်ရှိနေကြောင်း ယွမ်ယုတ် သိလိုက်ရသည်။
လုချန်း သေဆုံးသွားခဲ့လျှင်ပင် သူမအစ်မ ရင်သွေးသည် ဤလူများ၏ သခင်လေး ဖြစ်လာမည် မဟုတ်ပါလား။
ထိုလူယုတ်မာ လုချန်းသည် သူမ၏ အစ်မနှင့် သူမအစ်မဝမ်းဗိုက်အတွင်းရှိ ရင်သွေးကို ထောက်ထား၍ သူ၏ လက်အောက်ငယ်သားများကို လက်ခံစေလိုခြင်း ဖြစ်သည်။
ယွမ်ယုတိ ထိုအကြောင်းကို တွေးလေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်နေတော့၏။ ပြဿနာမှာ သူမ၏ ဒေါသများကို မည်သည့်နေရာတွင်မှ ဖွင့်ထုတ်စရာ မရှိခြင်းပင်။
လုချန်း၏ လက်အောက်ငယ်သားဟောင်းများကိုလည်း သူမ မသတ်နိုင်တော့ပေ။
လုချန်းကို သူမ အလွန် မုန်းတီးသော်လည်း လုချန်း၏ သွေးသားပင် ဖြစ်ပါစေဦး သူမညီမ ဝမ်းဗိုက်အတွင်းရှိ ရင်သွေးကိုတော့ သူမ အသိအမှတ်ပြုရပေမည်။
ထို့ပြင် အချက်တစ်ချက်ကိုလည်း သူမ ဝန်ခံရမည်။ လုချန်း၏ စရိုက်သည် စက်ဆုပ်ဖွယ်ကောင်းသော်လည်း သူသည် ထျန်းရန် နတ်ဘုရား နယ်မြေ သမိုင်းတွင် အထူးချွန်ဆုံးသော နတ်တစ်ပါး ဖြစ်နေတာကတော့ ငြင်း၍မရနိုင်ပေ။
ယေဘုယျအားဖြင့် နတ်တစ်ပါး၏ ပါရမီ မြင့်မားသလောက် သူ၏ ရင်သွေးများမှာလည်း ပါရမီ ထူးချွန်ကြစမြဲဖြစ်သည်။
သူမ၏ အစ်မသည်လည်း ပါရမီ လွန်စွာ ထူးချွန်သူတစ်ဦး ဖြစ်နေတာ ပြောနေရန်ပင် မလိုပေ။ လုချန်းနှင့် သူမအစ်မတို့၏ ရင်သွေး မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပါရမီ ထူးချွန်မည်ကို မှန်းဆကြည့်ရုံဖြင့်ပင် သိနိုင်သည်။
ထို့ကြောင့် သူမ၏ တူလေးဖြစ်စေ၊ တူမလေးဖြစ်စေ ယွမ်ယုတိ အနေနှင့် အသိအမှတ်ပြုမည်မှာ သေချာလှသည်။ ဤလူများမှာ သူမ၏ တူ သို့မဟုတ် တူမ၏ လူများဟု သတ်မှတ်နိုင်သောကြောင့် သူမ ဧကန်မုချ မသတ်တော့ပေ။
သို့သော်လည်း သူမအနေနှင့် ဤလူများကို သတ်မည်မဟုတ်ကြောင်း လုချန်းက အပိုင်တွက်ဆထားခဲ့ပြီး ဤကျောက်စိမ်းလိပ်ကို ချန်ထားခဲ့သည်ဟု တွေးမိလျှင် သူမ အလွန် ဒေါသထွက်သွားပြန်သည်။
ယွမ်ယုတိသည် သူမ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပြီး သူမ၏ အငွေ့အသက်များကို ပြန်လည်ရုပ်သိမ်းလိုက်၏။ ဖိအားများ ပျောက်ကွယ်သွားသည်နှင့် ရှန်ရှမြို့ရှိ လူများလည်း အဆုံး၌ သက်ပြင်းချနိုင်တော့သည်။
မည်သို့ပင်ဖြစ်စေ ဤလူများသည် သူမ၏ အစ်မရင်သွေးအတွက် လုချန်း ချန်ထားရစ်ခဲ့သူများ ဖြစ်သည်။ ဤလူများက များစွာ အသုံးဝင်မည်ဟု သူမ မယူဆလျှင်တောင် သူတို့ကို ရှင်းလင်းပစ်၍ မရပေ။
ယွမ်ယုတိက
“အခုကစပြီး ရှင်တို့ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေမှာ စိတ်အေးလက်အေး နေထိုင်နိုင်ပါတယ်။”
လုကျန့်ကျီက
“စီနီယာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”
လုကျန့်ကျီ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း၌ အခြေချရခြင်းက ကစဉ့်ကလျား နယ်မြေထက် ပို၍ ကောင်းမွန်တာ ထင်ရှားလှသည်။ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေ၌ ဝိညာဉ် စွမ်းအားများ ကြွယ်ဝသည့်အပြင် နတ်အငွေ့အသက်များ ရှိသည့် နေရာများပင် ရှိသောကြောင့် ၎င်းတို့၏ ကျင့်စဉ်အတွက် များစွာ အထောက်အကူ ဖြစ်စေသည်။
ယွမ်ယုတိ စကားဆက်ပြောရန် ပြင်စဉ်မှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားများ ရုတ်တရက် အဆမတန် မြင့်တက်လာသည်ကို သူမ ခံစားလိုက်ရ၏။ ခဏအတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်ရှိ တပည့်အမြောက်အမြား၏ ကျင့်စဉ်အဆင့်များ တိုးတက်သွားကြပြီး အချို့သော အကြီးအကဲများ၏ အဆင့်တက် အတားအဆီးများပင် လျော့ပါးလာခဲ့သည်။
ယွမ်ယုတိကိုယ်တိုင်၏ ကျင့်စဉ် အတားအဆီးလည်း လျော့ရဲလာသည့် လက္ခဏာများ ပြသလာကာ အဆင့်တက်ရန် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ဤလူများကို နေထိုင်ခွင့်ပေးရုံမျှဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်ဂိုဏ်း ကံစွမ်းအားမှာ ဤမျှအထိ မြင့်တက်သွားနိုင်ခြင်းအား ယွမ်ယုတိ မယုံကြည်နိုင် ဖြစ်နေမိသည်။
အစပိုင်းတွင် ဤလူများ အသုံးမဝင်ဟု သူမ ယူဆခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့အထဲ၌ စစ်မှန်သောနတ် နှစ်ပါးသာ ပါဝင်သောကြောင့်ပင်။
အကယ်၍ နောင်တစ်ချိန်တွင် သူမ၏ ညီမ ရင်သွေးနှင့်အတူ ပြန်လာခဲ့လျှင် ထိုရင်သွေးကို နန်းတော်သခင်လေးအဖြစ် တိုက်ရိုက်ခန့်အပ်ရန် သူမ စဉ်းစားလိုက်သည်။ လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံး၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် လုချန်း ချန်ထားခဲ့သော လူများက မပြောပလောက်ပေ။
သို့သော် ဤလူများက လျှို့ဝှက်လဝန်းနန်းတော်အတွက် ဤမျှလောက် များပြားသော ကံစွမ်းအားကို ပေးစွမ်းနိုင်လိမ့်မည်ဟု သူမ တကယ် မမျှော်လင့်ထားခဲ့မိပေ။
ယခု လျှို့ဝှက်လဝန်းနန်းတော်၏ နတ်ဂိုဏ်း ကံစွမ်းအား နှစ်ဆခန့် တိုးလာနေပြီ ဖြစ်၏။
ယွမ်ယုတိ များစွာ မတွေးတောတော့ပေ။ သူမသည် အဆင့်တက်ရန် အနီးကပ်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ တံခါးပိတ် ကျင့်စဉ်စခန်း ချက်ချင်း ဝင်ရောက်ရန် လိုအပ်နေပြီဖြစ်သည်။
ယွမ်ယုတိလည်း လျှို့ဝှက်လဝန်းနန်းတော်သို့ အချိန်မဆွဲပဲ ပြန်လာခဲ့ပြီး နတ်ဘုရင်ခံ လင်ရင်ကို အချို့သော အမိန့်များ ပေးအပ်ကာ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်လိုက်တော့သည်။
ယွမ်ယုတိ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ရောက်သွားသည့် သတင်းသည် သွေးလင်းယုန်ခန်းမထံသို့ မကြာမီ ရောက်ရှိသွား၏။ လျှို့ဝှက်လဝန်းနန်းတော်အတွင်း ကံစွမ်းအားများ ရုတ်တရက် မြင့်တက်လာမှုကို အခြားသော နတ်ဂိုဏ်းများအား ဖုံးကွယ်ထား၍ မရနိုင်ပေ။
လျှို့ဝှက်လဝန်းနန်းတော်အတွင်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အခြား နတ်များက ဧကန်မုချ စပ်စုကြပေလိမ့်မည်။
ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်ရာတွင် ကျွမ်းကျင်သော နတ်သခင်များအတွက်ပင် ကံစွမ်းအားဆိုသည့် အရာက နားလည်ရ ခက်ခဲလှ၏။ ထို့ကြောင့် ကံစွမ်းအား မြင့်တက်လာရသည့် အကြောင်းအရင်းကို ၎င်းတို့ ချက်ချင်း သိနိုင်မည်မဟုတ်သော်လည်း အချို့သော အချက်အလက်များကိုတော့ စုဆောင်းနိုင် သေးသည်။
သတင်းအချက်အလက်များကို စုဆောင်းရင်း လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ တပည့်အမြောက်အမြား အဆင့်တက်သွားကြပြီး အချို့သော အကြီးအကဲများလည်း တံခါးပိတ် ကျင့်စဉ်စခန်းသို့ ဝင်ရောက်သွားကြသည်ကို သွေးလင်းယုန်ခန်းမက လျင်မြန်စွာ သိရှိသွားတော့သည်။
ယွမ်ယုတိ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ခြင်းကလည်း သူမ အဆင့်တက်တော့မည့် အခြေအနေကြောင့် ဖြစ်နိုင်ကြောင်း သွေးလင်းယုန်ခန်းမက ရိပ်မိသွား၏။
ဤအရာက သွေးလင်းယုန်ခန်းမအတွက်တော့ သတင်းကောင်း မဟုတ်ပေ။
……
သွေးလင်းယုန်ခန်းမ။
အစည်းအဝေးခန်းမ။
သွေးနီရောင် အငွေ့အသက်များ ဖုံးလွှမ်းနေသည့် ခမ်းနားသော ခန်းမအတွင်း၌ အရိုးများဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံ သုံးလုံးပေါ်တွင် နတ်ဘုရင် သုံးပါး ရှေ့ဆုံး၌ ထိုင်နေကြပြီး နတ်ဘုရင်ခံများကတော့ ခန်းမအတွင်း၌ မတ်တတ်ရပ်နေကြ၏။
ဤအစည်းအဝေးသည် သွေးလင်းယုန်ခန်းမ စတင်တည်ထောင်ချိန်ကတည်းက နန်းတော်သခင် သုံးပါးစလုံး တက်ရောက်ပြီး ဂိုဏ်းအကြီးအကဲအားလုံးနီးပါး ပါဝင်သည့် ပထမဆုံးအကြိမ် အစည်းအဝေးဖြစ်သည်။
ပုံမှန်အားဖြင့် သူတို့ အခြားနတ်ဂိုဏ်းများကို တိုက်ခိုက်ရန် စီစဉ်သည့်အခါ၌ပင် အနည်းဆုံး နန်းတော်သခင် တစ်ပါးကတော့ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေလေ့ရှိသည်။ ယခုအခါတွင်တော့ နန်းတော်သခင် သုံးပါးစလုံး တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာကြခြင်းဖြစ်ရာ ၎င်းတို့ ပစ်မှတ်ထားသည့် နတ်ဂိုဏ်းက အင်အားမနည်းကြောင်း ထင်ရှားသည်။
ရှေ့ဆုံးတွင် ထိုင်ခုံသုံးလုံး ရှိသော်လည်း ၎င်းတို့ကို ဘေးချင်းယှဉ်၍ ချထားခြင်း မဟုတ်ပေ။ ထိုင်ခုံတစ်ခုစီမှာ အဆင့်အလိုက် ရှိနေကြပြီး အလယ်ရှိ အရိုးထိုင်ခုံက အကြီးဆုံးဖြစ်ကာ အမြင့်ဆုံးအဆင့်တွင် တည်ရှိသည်။
ထိုနေရာတွင် ထိုင်နေသူမှာ နန်းတော်သခင်ကြီးဖြစ်သူ သွေးမိစ္တာ နတ်ဘုရင် ဖြစ်၏။ ဘေးတစ်ဖက်တစ်ချက်ရှိ အရိုးထိုင်ခုံများမှာ ဒုတိယအဆင့်တွင် ရှိကြပြီး ဒုတိယ နန်းတော်သခင်ဖြစ်သူ ဝိညာဉ်လောက နတ်ဘုရင် နှင့် တတိယ နန်းတော်သခင်ဖြစ်သူ ဝိညာဉ်ဆိုး နတ်ဘုရင် တို့က အသီးသီး နေရာယူထားကြသည်။
ထိုစဉ် ဝိညာဉ်ဆိုး နတ်ဘုရင်က စုဝေးနေသည့် နတ်ဘုရင်ခံများကို ကြည့်ကာ
“ဒီလောက်အထိ အချိန်အကြာကြီး ရှာဖွေခဲ့တာတောင် သူတော်စင်မကို ရှာမတွေ့သေးဘူးလား။ သူ အခုဆို ယွမ်ယုတိ၏ လက်ထဲကို ရောက်နေလောက်ပြီ။”
ထိုစကားများကို ကြားလျှင် ခန်းမအတွင်းရှိ နတ်ဘုရင်ခံများ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ နန်းတော်သခင်က သူတော်စင်မအကြောင်းကို ပြောကြားခဲ့ပြီး သူမကို လျှို့ဝှက်လဝန်းနန်းတော်က ဖမ်းဆီးထားသည်ဟု သံသယရှိနေခြင်းမှာ သွေးလင်းယုန်ခန်းမအနေနှင့် ၎င်းတို့ကို မကြာမီ တရားဝင် စစ်ကြေညာတော့မည်ဟု ဆိုလိုခြင်းပင် ဖြစ်လိမ့်မည်။
ဤနေ့ရက်ကို သူတို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်တွင် နတ်မိမယ်များဖြင့် ပြည့်နှက်နေပြီး မိစ္ဆာနတ် အုပ်စုဖြစ်သည့် ၎င်းတို့အတွက်တော့ လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးသည် လွန်စွာ သင့်လျော်သော ကျင့်စဉ်မီးဖိုများ ဖြစ်ကြသည်။
အရေးကြီးဆုံးမှာ ၎င်းတို့သည် သတ်ဖြတ်ခြင်း၏ အရသာကို နှစ်သက်ကြခြင်း ဖြစ်၏။ စစ်ပွဲစတင်သည်နှင့် ၎င်းတို့သည် မြို့များကို အတားအဆီးမဲ့ သတ်ဖြတ်နိုင်ပြီး သူတို့၏ စွမ်းအားကို မြှင့်တင်ရန်အတွက် သွေးအငွေ့အသက် အမြောက်အမြားကို စုပ်ယူနိုင်မည်ဖြစ်သည်။
ဝိညာဉ်ဆိုး နတ်ဘုရင်က ဆက်လက်၍
“အစကတော့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအားကို အရင် လျော့နည်းအောင် လုပ်ပြီးမှ တိုက်ခိုက်ဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ အခုတော့ သူတို့ရဲ့ ကံစွမ်းအားက လျော့မသွားတဲ့အပြင် အဆမတန် မြင့်တက်လာခဲ့တယ်။”
“သိပ်မကြာခင်ကပဲ လျှို့ဝှက်လဝန်းနန်းတော်မှာ နတ်ဘုရင် တစ်ပါး ပေါ်ထွက်လာခဲ့တယ်။ အခု လျှို့ဝှက်လဝန်း နန်းတော်ရဲ့ ကံစွမ်းအားတွေ မြင့်တက်လာပြီး ယွမ်ယုတိကလည်း ရုတ်တရက် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်သွားပြီ။ သူဟာ နတ်သခင် အဆင့်ကို တက်ရောက်ဖို့ နီးစပ်နေပြီလို့ ကျုပ် သံသယရှိတယ်။”
“တကယ် လို့ သူသာ အောင်မြင်သွားမယ်ဆိုရင် ကျုပ် တို့ရဲ့ အစီအစဉ်တွေ ပျက်စီးသွားမှာတင် မဟုတ်ဘူး။ အခု သူ့ လက်ထဲမှာ သူတော်စင်မ ရှိနေတာကြောင့် သွေးလင်းယုန်ခန်းမရဲ့ တည်နေရာကိုလည်း ယွမ်ယုတိ သိနေလောက်ပြီ။ အဲ့ဒီအချိန်ရောက်ရင် သူတို့ဘက်က ကျုပ် တို့ကို ပြန်ပြီး တိုက်ခိုက်လာနိုင်တယ်။ ဒါကြောင့် ယွမ်ယုတိ အဆင့်မတက်ခင်မှာ သူရဲ့ တိုးတက်မှုကို တားဆီးဖို့အတွက် လျှို့ဝှက်လဝန်းနန်းတော်ကို အရင်ဦးဆုံး တိုက်ခိုက်ဖို့ ကျုပ်တို့ ဆုံးဖြတ်လိုက်တယ်။”
“အခုကစပြီး လျှို့ဝှက်လဝန်းနန်းတော်နဲ့ စစ်ဖြစ်ဖို့ အပြည့်အဝ ပြင်ဆင်နိုင်အောင် အပြင်မှာ ကျင့်ကြံနေတဲ့ တပည့်အားလုံးကို ပြန်ခေါ်လိုက်ကြ။”
“နောက်ဆယ်နှစ်ကြာလျှင် လျှို့ဝှက်လဝန်းနန်းတော်နဲ့ အပြည့်အဝ စစ်ခင်းကြမယ်။”
…………
အခန်း (၁၇၀၇)
အန်းယွမ်ဘုရင်နှင့် အပေးအယူ
ယေဘုယျအားဖြင့် နတ်ဘုရင် တစ်ပါး ရှိသည့် နတ်ဂိုဏ်းတစ်ဂိုဏ်းသည် အခြားသော နတ်ဘုရင်ရှိသည့် ဂိုဏ်းတစ်ဂိုဖဏ်းကို စစ်မကြေညာမီ အနည်းဆုံး နှစ်ပေါင်းတစ်ရာခန့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။ သွေးလင်းယုန်ခန်းမသည် စစ်ပွဲအတွက် အချိန်အတော်ကြာ ပြင်ဆင်နေခဲ့သော်လည်း အပြည့်အဝ အဆင်သင့်ဖြစ်ရန် လိုအပ်ချက်များစွာ ရှိနေသေး၏။
သို့သော် ပြင်ဆင်မှုများ မပြည့်စုံသေးသော်လည်း ၎င်းတို့အနေနှင့် ယခုပင် စစ်ပွဲကို စတင်ရတော့မည်ဖြစ်သည်။ အကယ်၍ ၎င်းတို့၏ သူတော်စင်မ ယွမ်ယုတိ၏ လက်ထဲသို့ တကယ် ကျရောက်သွားခဲ့ပါက သွေးလင်းယုန်ခန်းမ၏ တိကျသော တည်နေရာကို ယွမ်ယုတိ သိသွားမှာ သေချာလှသည်။
မိစ္ဆာနတ်ဂိုဏ်း တစ်ခုဖြစ်သည့် သွေးလင်းယုန်ခန်းမ ဤမျှအထိ အချိန်အကြာကြီး တည်ရှိနိုင်ခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ ပြင်ပလူများသည် ဤကမ္ဘာငယ်လေးအတွင်းရှိ ၎င်းတို့၏ တည်နေရာကို လုံးဝနီးပါး မသိကြခြင်းကြောင့် ဖြစ်၏။ ခမ်းနားသော ကောင်းကင်ခန်းမပင်လျှင် ၎င်းတို့ မည်သည့်နေရာတွင် တည်ရှိကြောင်း မသိပေ။
နတ်ဘုရင် ချင်းယွမ်သည် လူများကို စေလွှတ်၍ ၎င်းတို့နှင့် ဆက်သွယ်ခဲ့စဉ်ကလည်း ၎င်းတို့၏ အပြင်ဘက် ကင်းစခန်းတစ်ခုတွင်သာ ဖြစ်၏။ ယေဘုယျအားဖြင့် ပြောရလျှင် မိစ္ဆာနတ်များပင်လျှင် ၎င်းတို့၏ ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်နိုင်ရန် သီးခြား အသိအမှတ်ပြု တံဆိပ်တစ်ခု လိုအပ်သည်။
ထို့ကြောင့် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ် အများစုသည် ထိုနေရာသို့ တည်နေရာရွှေ့ပြောင်း ရောက်ရှိခဲ့လျှင်ပင် သွေးလင်းယုန်ခန်းမ၏ တိကျသော တည်နေရာကို တကယ်တမ်း မသိကြချေ။
သို့သော် ရှုကျင့်ရှူးကဲ့သို့ သူတော်စင်မတစ် ယောက်ကတော့ မတုပေ။ သူမသည် သွေးလင်းယုန်ခန်းမ တည်ရှိသည့် ကမ္ဘာငယ်လေးကို သိထားသည့်အပြင် သူမ၏ ဝိညာဉ်တွင်လည်း မည်သည့် ကန့်သတ်ချက်မှ မရှိသောကြောင့် ဝိညာဉ်ရှာဖွေခြင်း ခံရနိုင်ခြေ ရှိသည်။
အကယ်၍ သူမသာ အခြားသူတစ်ဦး၏ လက်ထဲသို့ ကျရောက်သွားပါက သွေးလင်းယုန်ခန်းမ၏ တိကျသော တည်နေရာ ပေါက်ကြားသွားနိုင်သည့် အလားအလာ ရှိနေသည်။ ထို့ကြောင့် မည်သည့် အကြောင်းကြောင့်ဖြစ်စေ လျှို့ဝှက်လဝန်းနန်းတော်ကို အမြစ်ပြတ် ချေမှုန်းရန်အတွက် စစ်ပွဲကို အလျင်အမြန် စတင်ရန် လိုအပ်နေသည်။
……
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးနှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့၏။
ကစဉ့်ကလျား နယ်မြေမှ လူအများစုသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်းသို့ ပြောင်းရွှေ့ခဲ့ကြပြီး လျှို့ဝှက်လဝန်းနန်းတော်တွင်လည်း မြေနေရာ အခက်အခဲ မရှိသဖြင့် ကစဉ့်ကလျား နယ်မြေမှ လူများကို လက်ခံထားရန် မည်သည့် ပြဿနာမှ မရှိပေ။
သို့သော်လည်း ကစဉ့်ကလျား နယ်မြေမှ လူအမြောက်အမြားကတော့ ထိုနေရာ၌ပင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ကြ၏။ အထူးသဖြင့် သာမန် လူသားများ ဖြစ်ကြ၏။
ကစဉ့်ကလျား နယ်မြေတွင် ဝိညာဉ် စွမ်းအား နည်းပါးသော်လည်း ဤနေရာသည် သူတို့ ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့သည့် နေရာဖြစ်သည့်အပြင် ကျင့်စဉ် ပါရမီ မရှိသည့် လူသားများ ဖြစ်သောကြောင့် သိပ်သည်းသော ဝိညာဉ် စွမ်းအား သို့မဟုတ် နတ်အငွေ့အသက်များကို မလိုအပ်ကြချေ။
လုကျန့်ကျီသည်ကစဉ့်ကလျား နယ်မြေတွင် ဆက်လက်နေထိုင်လိုသူများအား အတင်းအကျပ် ပြောင်းရွှေ့ခြင်း မပြုခဲ့သည့်အပြင် ၎င်းတို့အတွက် ကျင့်စဉ် အထောက်အကူပြု ပစ္စည်းအချို့ကိုပင် ချန်ထားပေးခဲ့သေးသည်။
……
တစ်ချိန်တည်းမှာပင်။
အန်းယွမ်ဘုရင်၏ နန်းတော်။
ခမ်းနားလှသော ခန်းမအတွင်း။
လုကျင်သည် သူ၏ ပလ္လင်ပေါ်တွင် မျက်မှောင်ကြုတ်လျက် ထိုင်နေ၏။ သူသည် ရန်သူများကို သုတ်သင်ရန် ရှင်းရွှီကို စေလွှတ်ခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာသည်အထိ ရှင်းရွှီ ပြန်လည် ရောက်ရှိမလာသေးပေ။
ကစဉ့်ကလျား နယ်မြေက ကျယ်ဝန်းသည်ဆိုသော်လည်း ရှင်းရွှီကဲ့သို့ ရွှေနတ်အဆင့်ရှိသူ တစ်ဦးအတွက် ပြဿနာများကို ဖြေရှင်းရန် အချိန်များစွာ မကြာသင့်ပေ။
တစ်ခုခုများ ဖြစ်ပွားခဲ့လေသလား။
လုချန်း သေဆုံးသွားပြီ ဖြစ်သလို ကစဉ့်ကလျား နယ်မြေတွင်လည်း ရွှေနတ် အဆင့်ထက် မြင့်မားသည့် နတ်များ မရှိသင့်ချေ။ ရှင်းရွှီအနေနှင့် မည်သည့် အန္တရာယ်မျိုးနှင့်မှ မတွေ့ကြုံသင့်ပေ။
ထိုစဉ် ရွှေနတ် အဆင့်ရှိသူ တစ်ဦးကို လုကျင် ချက်ချင်းပင် ဆင့်ခေါ်လိုက်၏။ မကြာမီမှာပင် အဝါရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် စစ်သူကြီး တစ်ဦး ခန်းမအတွင်းသို့ ဝင်ရောက်လာကာ
“ဘုရင်ကြီးကို ဂါရဝပြုပါတယ်”
လုကျင်က တိုက်ရိုက်ပင်
“စစ်သူကြီး လီ... အင်အားအချို့နဲ့ ကစဉ့်ကလျား နယ်မြေကို သွားပြီး ရှင်းရွှီကို ရှာပါ။ အဲဒီကို ရောက်တုန်းမှာ ချန်ဘုရင်ရဲ့ လက်ကျန် အင်အားစုတွေကိုလည်း သုတ်သင်ပစ်ခဲ့။”
ထိုအရာကို ကြားလျှင် လီချန်းဝမ် ခဏခန့် တုံ့ဆိုင်းသွား၏။
ရှင်းရွှီကို ရှာရမှာလား။
ထိုအခါမှ သူ ရှင်းရွှီကို မမြင်မိတာ နှစ်အတော်ကြာပြီဖြစ်ကြောင်း သတိရသွားပြီး ရှင်းရွှီ နန်းတော်မှ ထွက်ခွာသွားတာ ကြာပြီဖြစ်ကြောင်းလည်း သတိပြုမိလိုက်သည်။
သို့သော် ရှင်းရွှီက ကစဉ့်ကလျား နယ်မြေတွင် ဘာလုပ်နေသနည်း။
သူသည်လည်း ချန်ဘုရင်၏ လက်ကျန် အင်အားစုများကို သုတ်သင်ရန် ရောက်ရှိနေခြင်း ဖြစ်နိုင်သလား။
အကယ်၍ ရှင်းရွှီက ထိုနေရာသို့ ရောက်နှင့်နေပြီဆိုလျှင် သူက အဘယ်ကြောင့် သွားရန် လိုအပ်သေးသနည်း။
ရှင်းရွှီသည် ရွှေနတ် အဆင့်ရှိသူ တစ်ဦး ဖြစ်သည့်အပြင် ချန်ဘုရင်၏ လက်ကျန် အင်အားစုများထဲတွင် ရွှေနတ် အဆင့်ရှိသူ မဆိုထားနှင့် စစ်မှန်သောနတ်များပင် ရှိလိမ့်မည် မဟုတ်ပေ။
ထိုသို့ တွေးမိကာ လီချန်းဝမ်က
“ဘုရင်ကြီး... တပ်မှူး ရှင်းရွှီနဲ့ ကျုပ်ရဲ့ တာဝန်က အတူတူပဲလား”
လုကျင်က
“မှန်တယ်”
လီချန်းဝမ်က
“ဘုရင်ကြီးက ရှင်းရွှီကို စေလွှတ်ထားပြီးသားဆိုရင် ရှင်းရွှီရဲ့ အစွမ်းနဲ့တင် လုံလောက်နေပြီဖြစ်လို့ ကျုပ်တို့ သွားရောက် ကူညီဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်”
ရှင်းရွှီသည် ရွှေနတ် တစ်ပါးဖြစ်သည့်အပြင် ၎င်းတို့ ဘုရင်ကြီး၏ ယုံကြည်ရသော လူယုံတော် တစ်ဦးလည်း ဖြစ်သည်။ ဘုရင်ကြီးက ရှင်းရွှီကို ဤတာဝန်အတွက် စေလွှတ်ထားပြီးဖြစ်သည်။
ဤအချိန်တွင် အခြားတစ်ဦးကို ထပ်မံ စေလွှတ်လိုက်ပါက နောက်ပိုင်းတွင် ရှင်းရွှီ သိသွားလျှင် ဘုရင်ကြီးက သူ့ကို တကယ် မယုံကြည်ဟု ရှင်းရွှီ ခံစားရမည် မဟုတ်ပါလား။
လီချန်းဝမ်သည် မည်သူ့ကိုမှ စိတ်အနှောင့်အယှက် မဖြစ်စေလိုပေ။
လုကျင်က
“သူ ကစဉ့်ကလျား နယ်မြေကို သွားတာ နှစ်အတော်ကြာပြီ။ ဒါပေမဲ့ ဘာသတင်းမှ ပြန်မလာဘူး။ သူ အခက်အခဲ တစ်ခုခုနဲ့ တွေ့နေပြီလို့ ကျုပ် သံသယရှိတယ်။”
လီချန်းဝမ်က
“နားလည်ပါပြီ”
ရှင်းရွှီ၏ သတင်းအစအနပင် မရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ရှင်းရွှီကဲ့သို့သော သူတစ်ဦးအတွက် ရိုးရှင်းသည့် တာဝန်တစ်ခုကို နှစ်ပေါင်းများစွာ ကြာအောင် လုပ်ဆောင်နေလိမ့်မည် မဟုတ်သောကြောင့် တစ်ခုခု တကယ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
တစ်ခုခု မတော်တဆ ဖြစ်ပွားခြင်းထက် ကြိုတင် ကာကွယ်ခြင်းက ပိုကောင်းသောကြောင့် လူလွှတ်၍ စစ်ဆေးခိုင်းခြင်းက ပညာရှိရာ ကျပေသည်။
လုကျင်က
“ကောင်းပြီ... ထွက်ခွာဖို့ ပြင်ဆင်တော့”
လီချန်းဝမ်က ထပ်မံ ဦးညွှတ်လိုက်ကာ
“ကျုပ်ကို ခွင့်ပြုပါဦး”
စကားအဆုံးတွင် လီချန်းဝမ် ခန်းမအတွင်းမှ ထွက်ခွာသွားပြီး စစ်သည် တစ်ထောင်ကို ခေါ်ဆောင်ကာ ကစဉ့်ကလျား နယ်မြေသို့ သွားရန် တည်နေရာရွှေ့ပြောင်း နည်ဗျူဟာ ပုံစံ ကို အသုံးပြုလိုက်တော့သည်။
လီချန်းဝမ် ထွက်ခွာသွားပြီးနောက် လုကျင်လည်း သူ၏ နားထင်ကို ပွတ်သပ်နေမိသည်။ လုကျင့်ဖူ သေဆုံးသွားခြင်းက သူ၏ အကြီးမားဆုံး ပြိုင်ဘက်ကို ဖယ်ရှားနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်သင့်သည့်အပြင် နတ်ဘုရား နိုင်ငံတော်၏ အရှင်သခင် နေရာမှာလည်း သူ၏ နေရာ ဖြစ်လာနိုင်ခြေ ရှိသော်လည်း မကြာသေးမီက မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ စိတ်မသက်မသာ ဖြစ်နေမိသည်။
ထိုအခိုက်အတန့်တွင် စစ်သည်တစ်ဦး ခန်းမအတွင်းသို့ ဝင်လာကာ
“ဘုရင်ကြီး... သွေးလင်းယုန်ခန်းမက သံတမန် တစ်ဦးက အတွေ့ခံဖို့ တောင်းဆိုနေပါတယ်”
ထိုအရာကို ကြားလျှင် လုကျင်၏ မျက်မှောင်ကြုတ်နေမှု အနည်းငယ် လျော့ပါးသွား၏။
သွေးလင်းယုန်ခန်းမက နောက်ဆုံးတော့ သူ့ထံသို့ ရောက်ရှိလာခဲ့လေပြီ။
သူ အကြောက်ရွံ့ဆုံးက လုကျင့်ဖူ သေဆုံးပြီးနောက် သွေးလင်းယုန်ခန်းမက အခြားသော မင်းသားတစ်ပါးကို ထောက်ခံသွားမည်ကိုပင်။
သွေးလင်းယုန်ခန်းမကို သူ့ဘက်က စတင် ဆက်သွယ်ရန် စဉ်းစားခဲ့သော်လည်း ၎င်းသည် မိစ္ဆာနတ်ဂိုဏ်း တစ်ခု ဖြစ်သည့်အပြင် ၎င်းတို့၏ တည်နေရာကိုလည်း သူ မသိသောကြောင့် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်၏။
သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် လုကျင်က
“သံတမန်ကို အထဲကို ခေါ်ခဲ့ပါ”
ခဏအကြာတွင် သွေးလင်းယုန်ခန်းမမှ သံတမန် ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရောက်ရှိလာသူသည် သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးတစ်ဖက်မှာ ပုံမှန်ဖြစ်သော်လည်း အခြားမျက်လုံး တစ်ဖက်မှာမူ နည်းဗျူဟာ ပုံစံ တစ်ခုကဲ့သို့သော ရွှေရောင် မျက်လုံး ဖြစ်နေ၏။
ရောက်ရှိလာသူက လုကျင်ကို ဦးမညွှတ်ပဲ ပြုံးလျက်
“ချန်ဘုရင်နဲ့ ကွမ်းရန်ဘုရင်တို့ အတူတူ ပျက်စီးသွားကြပြီးကတည်းက ခင်ဗျားဟာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အရှင်သခင် နေရာအတွက် အလားအလာ အရှိဆုံးသူ ဖြစ်လာခဲ့တာပဲ။ အန်းယွမ်ဘုရင်ကို ကြိုတင်ပြီး ဂုဏ်ပြုချင်လို့ ကျုပ် ရောက်လာတာပါ။”
လုကျင်က ပြုံးလျက်
“မိတ်ဆွေကလည်း နောက်နေပြန်ပြီ။ ကျုပ်အဲ့ဒီနေရာကို တက်နိုင် မတက်နိုင်ဆိုတာ သွေးလင်းယုန်ခန်းမရဲ့ အကူအညီ ရမရ အပေါ်မှာလည်း မူတည်နေတာပဲ။ ခင်ဗျားတို့က ကျုပ်ဆီကို ရောက်မလာခဲ့တော့ ကျုပ်လည်း တော်တော်လေး စိတ်မအေး ဖြစ်နေခဲ့ရတာပါ။”
လုကျင်အတွက် သွေးလင်းယုန်ခန်းမ၏ ထောက်ခံမှုက အလွန် အရေးကြီးသည် မဟုတ်သော်လည်း ၎င်းတို့က အခြား မင်းသားတစ်ပါးကို ထောက်ခံပေးပြီး ထိုမင်းသားအား အင်အားတောင့်တင်းသွားစေမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
လုကျင်က ဆက်လက်၍
“ခင်ဗျားကို ဘယ်လို ခေါ်ရမလဲဆိုတာ သိပါရစေ။”
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက
“ကျုပ်ကို နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးလို့ ခေါ်နိုင်ပါတယ်။”
လုကျင်က သတိထားလျက်
“ နတ်ဘုရင်ခံ မိစ္ဆာမျက်လုံး ရောက်လာရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။”
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက
“ကျုပ် အန်းယွမ်ဘုရင်နဲ့ အပေးအယူ တစ်ခုအကြောင်း ဆွေးနွေးချင်လို့ပါ။”
လုကျင်က
“ပြောပါဦး... နတ်ဘုရင်ခံ မိစ္ဆာမျက်လုံး”
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက ပွင့်ပွင့်လင်းလင်းပင်
“နောက်ငါးနှစ်နေရင် သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်။ ဒီအတွက် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ဘက်ကလည်း ကျုပ်တို့က်ို ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဒါက...
လုကျင် အံ့အားသင့်သွား၏။
ငါးနှစ်အတွင်းမှာ လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်မှာလား။
သူတို့က နတ်ဘုရင် အဆင့်ရှိတဲ့ အင်အားစု တစ်စု မဟုတ်ပါလား။
နတ်ဘုရင် အဆင့်ရှိသည့် အင်အားစုတစ်ခုကို တိုက်ခိုက်ရန်က များသောအားဖြင့် ထိုဂိုဏ်း၏ ကံစွမ်းအားကို အရင်ဦးဆုံး အားနည်းသွားအောင် လုပ်ရန် လိုအပ်သည်။ ထို့ပြင် ထိုသို့သော စစ်ပွဲတစ်ပွဲကို စတင်ရန် ပုံမှန်အားဖြင့် အနည်းဆုံး နှစ်ပေါင်းတစ်ရာခန့် ပြင်ဆင်ရန် လိုအပ်၏။
ထို့ပြင် လက်ရှိ၌ လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား အားနည်းသွားမည့် အရိပ်အယောင် လုံးဝ မတွေ့ရသေးပေ။
…………