အခန်း (၁၇၀၈-၁၇၁၀)
Vol. 114 Ch. 1708-1710
အခန်း (၁၇၀၈)
ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်
ယခု နှစ်အနည်းငယ်အတွင်း တောင်ပိုင်းနယ်မြေအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်အမျိုးမျိုးကို လုကျင် အတန်အသင့် သိထား၏။ သူသည် သူ၏ နယ်မြေအတွင်း၌သာ အမြဲအောင်းနေပြီး အပြင်သို့ ထွက်ခဲလှသော်လည်း သတင်းများကိုတော့ နားစွင့်ထားဆဲပင်။
လျှို့ဝှက်လဝန်းနန်းတော်၏ ဂိုဏ်းကံစွမ်းအားများ ရုတ်တရက် အဆမတန် မြင့်တက်လာကြောင်းကို လွန်ခဲ့သည့် နှစ်အနည်းငယ်က လုကျင် ကြားသိခဲ့ရ၏။ လျှို့ဝှက်လဝန်း နန်းတော်၌ နတ်ဘုရင်ခံအဆင့်သစ်များစွာ ပေါ်ထွက်လာသည့်အပြင် များစွာသော နတ်ဘုရင်ခံတို့မှာလည်း နတ်ဘုရင်အဆင့်သို့ တက်လှမ်းရန် အားခဲနေကြသည်။ လျှို့ဝှက်လဝန်း နတ်ဘုရင်သည်လည်း နတ်သခင်အဆင့်သို့ တက်လှမ်းရန် တံခါးပိတ်ကျင့်စဉ်စခန်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ ထိုကဲ့သို့ ရုတ်တရက် တိုးတက်လာမှုကို အခြားအင်အားစုများ မသိပဲ နေလိမ့်မည် မဟုတ်ပေ။
သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားများ တောက်ပနေချိန်မှာ တိုက်ခိုက်ဖို့ ကြံစည်နေတာလား။
သူတို့ နန်းတော်သခင်က ရူးသွားပြီလား။
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံး၏ အမေးကို လုကျင် ချက်ချင်း ပြန်မဖြေပဲ မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။
အတန်ကြာမှ လုကျင်က နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးကို
“ကျုပ် ကြားတာတော့ လွန်ခဲ့တဲ့ နှစ်တွေမှာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအားတွေ တက်လာပြီး နတ်ဘုရင်ခံအသစ်တွေ အများကြီး ထွက်လာတယ်။နတ်ဘုရင်တစ်ပါးတောင် တိုးလာတယ်ဆိုပဲ။ လျှို့ဝှက်လဝန်း နတ်ဘုရင်လည်း နတ်သခင်အဆင့်ကို တက်ဖို့ တံခါးပိတ်ကျင့်စဉ် ဝင်နေတယ် မဟုတ်လား “
လုကျင်က ဆက်လက်၍
“အခုလိုအချိန်မှာ သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်မယ်ဆိုရင် နိုင်ခြေ သိပ်မရှိနိုင်ဘူး။”
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက လုကျင်ကို
“ဒါကြောင့်လည်း ကျုပ်တို့က ထျန်းရှ နတ်ဘုရား နိုင်ငံတော်နဲ့ ပူးပေါင်းချင်တာပေါ့။”
လုကျင်က
“နှမြောစရာပဲ။ ကျုပ်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ ဘုရင်တစ်ပါးပဲ ဖြစ်ပြီး နိုင်ငံတော်သခင် မဟုတ်ဘူး။ နိုင်ငံတော်က ကျုပ်စကားကို နားမထောင်ဘူး။ သွေးလင်းယုန်ခန်းမနဲ့ ပူးပေါင်းဖို့ ကျုပ်မှာ အစွမ်းမရှိဘူး။”
ထျန်းရှ နတ်ဘုရား နိုင်ငံတော်တွင် နတ်သခင်အဆင့် မရှိသော်လည်း တော်ဝင်မိသားစု၌ နတ်ဘုရင်အဆင့်များစွာ ရှိသည်။ သူ၏ ဖခင်သည် ဒဏ်ရာပြင်းထန်နေသော်လည်း ထိုတော်ဝင်နတ်ဘုရင်များ ရှိနေပါက သူတို့ကဲ့သို့ နယ်စားများ ရမ်းကားရဲကြမည် မဟုတ်ပေ။
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက လုကျင်ကို
“တကယ်လို့ သွေးလင်းယုန်ခန်းမက ခင်ဗျားကို ငါးနှစ်အတွင်း အဲဒီနေရာ ရအောင် ကူညီပေးမယ်ဆိုရင်ကော။”
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံး၏ စကားကို ကြားလျှင် လုကျင် မှင်တက်သွား၏။
သူ သတိပြန်ဝင်လာလျှင်
“ဒါမျိုးက ဖြစ်နိုင်မှာ မဟုတ်ဘူး”
သူ၏ ဖခင်သည် သေအံ့ဆဲဆဲ ဖြစ်နေသည် ဆိုသော်လည်း နတ်ဘုရင်အဆင့်ပင် ဖြစ်၏။ ထိုမျှ မြင့်မားသည့် အဆင့်ရှိသူသည် သေအချိန်တန်ပြီ ဆိုလျှင်ပင် နောက်ထပ် နှစ်သောင်းဂဏန်းလောက်တော့ ရှင်သန်နိုင်စွမ်း ရှိနေသေးသည်။ ထို့ကြောင့် ငါးနှစ်ဆိုသော အချိန်တိုအတွင်း ထိုနေရာကို သူ မည်သို့ ရရှိနိုင်ပါမည်နည်း။
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက ပြုံးလျက်
“မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး”
“ဘုရင်ကြီးသာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ဒီငါးနှစ်အတွင်း အဟန့်အတား အားလုံးကို ဖယ်ရှားပေးပါ့မယ်။ ခင်ဗျားကို နတ်ဘုရင်ခံအဆင့် ရောက်အောင်လည်း ကူညီပေးမယ်။ အဲ့ဒီအခါကျမှ ခင်ဗျား အဲ့ဒီနေရာမှာ ခိုင်ခိုင်မာမာ ထိုင်နိုင်မှာ။”
လုကျင် မျက်မှောင်ကြုတ်ကာ အတွေးထဲ နစ်မျောသွား၏။ သူ၏ ပါရမီက ထူးကဲလှသည် မဟုတ်ပေ။
ငါးနှစ်နေနေသာသာ နှစ်ပေါင်းသန်းချီ ကြိုးစားလျှင်ပင် နတ်ဘုရင်ခံအဆင့်သို့ ရောက်ရန် မလွယ်ကူပေ။
သို့သော် နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက ငါးနှစ်အတွင်း နတ်ဘုရင်ခံအဆင့် တက်နိုင်မည်ဟု ယုံကြည်ချက်ရှိရှိ ပြောဆိုနေခြင်းမှာ သူ့ကို မိစ္ဆာကျင့်စဉ်ကို ကျင့်ခိုင်းရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
သို့သော် သူ မိစ္ဆာကျင့်စဉ် ကျင့်သည်ကို သူတစ်ပါး သိသွားမှာ လုကျင် အလွန်စိုးရိမ်၏။ ယနေ့ခေတ်တွင် ခမ်းနားသော ကောင်းကင်ခန်းမက မိစ္ဆာနတ်များကို အလုံးအရင်းနှင့် နှိမ်နင်းခြင်း မရှိသေးသော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း၌ မိစ္ဆာနတ်များကို လူရာမသွင်းကြပေ။ ဖြောင့်မတ်သော နတ်များက မိစ္ဆာနတ်များကို ဝိုင်းပယ်ထားကြ၏။
တစ်နေ့တွင် သူ မိစ္ဆာကျင့်စဉ်ကျင့်ကြောင်း ပေါ်ပေါက်သွားပါက ထိုနေရာသို့ ရောက်ရှိနေသည့်တိုင် ပြန်လည် ဖြုတ်ချခံရပေလိမ့်မည်။
သို့သော်...
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံး သို့မဟုတ် သွေးလင်းယုန်ခန်းမကို သူ ငြင်းဆိုလိုက်ပါက သူတို့သည် အခြားမင်းသားတစ်ပါးကို ကူညီသွားမည်ဖြစ်ရာ သူ၏ အခွင့်အရေး ဆုံးရှုံးသွားပေလိမ့်မည်။
ထို့ပြင် ဤမျှ အရေးကြီးသည့် ကိစ္စများကို လာဖွင့်ပြောပြီးမှ ငြင်းပယ်လိုက်လျှင် သွေးလင်းယုန်ခန်းမက သူ့ကို အသက်ချမ်းသာပေးမည် မဟုတ်နိုင်ဟုလည်း လုကျင်သံသယရှိမိ၏။
လုကျင် တွန့်ဆုတ်နေသည်ကို မြင်သောအခါ နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက
“ငါးနှစ်ပဲ စောင့်ရမှပါ ဘုရင်ကြီး။ ဒီ အခွင့်အရေးကို အရယူသင့်ပါတယ်။ တကယ်လို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နိုင်ငံတော်သခင် နေရာက တခြားလူဆီ ရောက်သွားပါလိမ့်မယ်။”
လုကျင် သတိပြန်ဝင်လာပြီး
“ခင်ဗျားက ငါးနှစ်အတွင်း နတ်ဘုရင်ခံအဆင့် တက်အောင် ကူညီမယ်ဆိုတာ ကျုပ်ကို မိစ္ဆာကျင့်စဉ် ကျင့်ခိုင်းမလို့လား။”
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက
“ဒီလောကမှာ မိစ္ဆာကျင့်စဉ်ဆိုတာ ဘယ်မှာ ရှိလို့လဲ။ စွမ်းအားမှာ အကောင်းအဆိုး ခွဲခြားထားရင် ဘာလို့ ကောင်းကင်ဘုံလမ်းစဉ်က လူတွေကို အဲဒီ မိစ္ဆာကျင့်စဉ်တွေ ကျင့်ခွင့်ပေးထားမှာလဲ။”
“နောက်ပြီး ကျုပ်တို့ ပေးတဲ့ နတ်ကျင့်စဉ်ကို ကျင့်ရင်လည်း ဘုရင်ကြီးသာ လူပုံအလယ်မှာ ထုတ်မသုံးဘူးဆိုရင် ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။”
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံး၏ စကားကို ကြားလျှင် လုကျင် နှာခေါင်းရှုံ့လိုက်ပြီးမှ
“အမှန်အတိုင်း ဝန်ခံရရင် ခင်ဗျားရဲ့ စကားတွေက ကျုပ်ကို တကယ် စိတ်လှုပ်ရှားစေတယ်။”
သူအနေနှင့် ကျင့်စဉ်အဆင့် တက်ရန်အတွက်သာ မိစ္ဆာကျင့်စဉ်ကို သုံးမည်ဖြစ်ပြီး အဆင့်တက်သွားပါက ဖြောင့်မတ်သော နတ်ကျင့်စဉ်များကို ပြောင်းလဲကျင့်ကြံမည်ဟု လုကျင် တွေးတောမိ၏။ လူအများရှေ့တွင် မိစ္ဆာကျင့်စဉ်ကို မသုံးပါက သူ၏ လုပ်ရပ်များကို သိနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
နတ်ဘုရင်ခံ မိစ္ဆာမျက်လုံးက
“အဲဒီလိုဆိုရင် ဘုရင်ကြီး ကျုပ်တို့နဲ့ ပူးပေါင်းဖို့ သဘောတူပြီလား။”
လုကျင်က
“ကျုပ်မှာ ရွေးချယ်စရာ မရှိဘူးထင်တယ်။ တကယ်လို့ ကျုပ် သဘောမတူရင် သွေးလင်းယုန်ခန်းမက တခြားမင်းသားတွေကို ကူညီပြီး ကျုပ်ကို အနှောင့်အယှက်အဖြစ် ဖယ်ရှားပစ်မှာပဲ မဟုတ်လား။”
လုကျင်၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ မိစ္ဆာမျက်လုံး ခပ်ဖွဖွ ပြုံးလိုက်၏။
လုကျင် ပြောတာ မှန်၏။ အကယ်၍ လုကျင် သဘောမတူပါက သူတို့သည် လုကျင်ကို တိုက်ရိုက် ရှင်းလင်းပစ်ပြီး အခြားမင်းသားတစ်ပါးကို နိုင်ငံတော်သခင်အဖြစ် တင်မြှောက်ရန် ကူညီကြမည်သာ ဖြစ်သည်။
လုကျင် နိုင်ငံတော်သခင် ဖြစ်လာစေရန် သွေးလင်းယုန်ခန်းမ သုံးမည့် နည်းလမ်းက အလွန်ရိုးရှင်းသည်။ လုကျင်၏ ပြိုင်ဘက်အားလုံးကို ရှင်းလင်းပြီးနောက် သေအံ့ဆဲဆဲ ဖြစ်နေသော လက်ရှိ နိုင်ငံတော်သခင်ကို အဆုံးသတ်လိုက်ခြင်းသာဖြစ်သည်။
ထိုအခါမှ လုကျင်နှင့် ယှဉ်ပြိုင်မည့်သူ မရှိတော့ပဲ နိုင်ငံတော်သခင် နေရာကို အလိုလို ရရှိလာလိမ့်မည်။
သွေးလင်းယုန်ခန်းမ၏ စွမ်းအားဖြင့် ဤအရာအားလုံးကို လုပ်ဆောင်ရန် မခက်ခဲလှပေ။
…….
နောက်ခြောက်လအတွင်း လီချန်းဝမ်သည် စစ်သည်တစ်ထောင်ကို ဦးဆောင်ကာ ကစဉ့်ကလျား နယ်မြေအတွင်း ရှင်းရွှီ၏ ခြေရာကို အနှံ့အပြား ရှာဖွေခဲ့၏။ သို့သော် ရှင်းရွှီ ဖျက်ဆီးထားခဲ့သည့် မြို့အချို့ကိုသာ တွေ့ရှိရပြီး ရှင်းရွှီ၏ အရိပ်အယောင်ကိုတော့ ရှာမတွေ့ခဲ့ပေ။
လီချန်းဝမ်သည် ကစဉ့်ကလျား နယ်မြေရှိ သာမန်လူ အမြောက်အမြားကို ဖမ်းဆီးကာ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ခဲ့သော်လည်း ထိုလူအများစုသည် ရွှေနတ် တစ်ပါး၏ သတင်းကို ဝေးစွ နတ်တစ်ပါးကိုပင် မမြင်ဖူးကြပေ။
ရှင်းရွှီ တစ်ခုခု ဖြစ်နေပြီဟု လီချန်းဝမ်ပို၍ ခံစားလာရ၏။
ထိုစဉ် သူ တစ်ခုခုကို သတိရသွားသည်။ ရှင်းရွှီ၏ တာဝန်မှာ လူသတ်နှုတ်ပိတ်ရန် ဖြစ်ရာ သူသည် ချန်ဘုရင်၏ အင်အားစုဟောင်းများ စုဝေးရာနေရာသို့ သွားမည်မှာ ဧကန်မုချပင်။
ထိုသို့ တွေးမိသည်နှင့် လီချန်းဝမ်လည်း သူ၏ နတ်လှေများအား အမွေးဖြူမြို့သို့ ဦးတည်ရန် အမိန့်ပေးလိုက်၏။
မကြာမီ သူတို့သည် အမွေးဖြူမြို့၏ အထက်သို့ ရောက်ရှိလာကြသော်လည်း မြို့အောက်ရှိ မြင်ကွင်းကြောင့် အားလုံး မှင်တက်သွားကြရ၏။
အမွေးဖြူမြို့သည် ယခုအခါ လူသူကင်းမဲ့နေပြီး အဆောက်အဦးများစွာလည်း ကစဉ့်ကလျား စွမ်းအားကြောင့် ပျက်စီးနေပြီး အချို့မှာ ပြိုပင်ကျနေပြီဖြစ်၏။ မြို့တစ်မြို့လုံး တစ္တေမြို့ကဲ့သို့ အလွန် ခြောက်ကပ်နေသည်။
ထိုမြင်ကွင်းကို မြင်လျှင် လီချန်းဝမ် မျက်မှောင်ကြုတ်လိုက်၏။
ဘာတွေ ဖြစ်နေတာလဲ။
ချန်ဘုရင်၏ အင်အားစုဟောင်းများက တစ်စုံတစ်ယောက် လာသတ်မည်ကို ကြိုသိပြီး ကစဉ့်ကလျား နယ်မြေကနေ ထွက်သွားကြတာလား။
ချန်ဘုရင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို သွားနေချိန်မှာ သူတို့လည်း တခြားကို ရွှေ့သွားကြတာလား။
လီချန်းဝမ်က ဘေးရှိ စစ်သည်များကို
“အနီးနား မြို့တွေက လူတွေကို သွားဖမ်းပြီး ဝိညာဉ်ရှာဖွေကြည့်စမ်း။ အမွေးဖြူမြို့က လူတွေ ဘယ်ကို ထွက်ပြေးသွားကြလဲဆိုတာ ကြည့်ရမယ်။”
“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်”
စစ်သည်များက ချက်ချင်း အကောင်အထည်ဖော်သော်လည်း ဖမ်းမိလာသူများမှာ သာမန်လူများသာ ဖြစ်ပြီး ကျင့်ကြံသူ တစ်ဦးမှ မပါဝင်ပေ။ ထိုလူများ သိထားသည်မှာ လုကျန့်ကျီနှင့် အခြားသူများ ကစဉ့်ကလျား နယ်မြေမှ ပြောင်းရွှေ့သွားကြသည် ဟူ၍သာ ဖြစ်ပြီး ဘယ်ကို သွားကြသည်ကိုတော့ မသိကြပေ။
လီချန်းဝမ်သည် အမွေးဖြူမြို့ အထက်တွင် လဝက်ခန့် ကြာအောင် နေထိုင်ခဲ့သော်လည်း သူ၏ စစ်သည်များသည် အသုံးဝင်သည့် သတင်းအချက်အလက် တစ်ခုမှ မရရှိခဲ့ကြပေ။
ထို့ကြောင့် ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ ပြန်ကာ ကစဉ့်ကလျား နယ်မြေ၏ အခြေအနေကို အန်းယွမ်ဘုရင်ထံ တင်ပြရန် ပြင်ဆင်နေစဉ် စစ်သည်တစ်ဦးက အခြေခံအဆင့် ကျင့်ကြံသူတစ်ဦးကို လီချန်းဝမ်ထံ စိတ်လှုပ်ရှားစွာ ခေါ်ဆောင်လာ၏။
စစ်သည်က လီချန်းဝမ်ကို
“သခင်ကြီး... သတင်းကောင်းပါ။ အမွေးဖြူမြို့က လူတွေ ဘယ်ရောက်သွားလဲဆိုတာ သိတဲ့လူကို ကျုပ် ရှာတွေ့ခဲ့ပါပြီ။”
ထိုအခြေခံအဆင့် ကျင့်ကြံသူလည်း လီချန်းဝမ်ထံမှ ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရသဖြင့် ချက်ချင်း ဒူးထောက်ကာ
“ကျုပ်ကို အသက်ချမ်းသာပေးပါ သခင်ကြီး။သိချင်တာမှန်သမျှ ကျုပ် အကုန် ပြောပါ့မယ်။”
လီချန်းဝမ်က အေးစက်စွာ ရယ်မောလိုက်ရင်း
“ရှည်ရှည်ဝေးဝေးတွေ ပြောနေဖို့ မလိုတော့ဘူး”
ထိုသို့ပြောပြီးနောက် လီချန်းဝမ်က သူ၏ လက်ကို မြှောက်လိုက်ရာ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်လည်း ထိန်းချုပ်မရပဲ လီချန်းဝမ်၏ လက်ထဲသို့ ပါသွားလေတော့၏။ ထို့နောက် လီချန်းဝမ်က ကျင့်ကြံသူ၏ ဦးခေါင်းကို တိုက်ရိုက် ကိုင်ဆွဲကာ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်လိုက်၏။
ဝိညာဉ်ရှာဖွေခြင်း ပြီးဆုံးသွားသောအခါ လီချန်းဝမ် မျက်မှောင်ကြုတ်သွား၏။
လုကျန့်ကျီတို့ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအတွင်းသို့ ထွက်ပြေးသွားကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ရှင်းရွှီလည်း ထိုနေရာသို့ လိုက်သွားခဲ့တာလား။
ထိုသို့ တွေးမိသည်နှင့် လီချန်းဝမ်သည် သူ၏ စစ်သည်များကို ဦးဆောင်ကာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ ချက်ချင်း ပြန်လှည့်ခဲ့လေတော့၏။
……………
အခန်း (၁၇၀၉)
လျှို့ဝှက်လဝန်းကျောင်းတော်
ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ ပြန်ရောက်ပြီးနောက် လီချန်းဝမ်သည် လုကျင်၏ နန်းတော်သို့ တိုက်ရိုက်သွားကာ လုကျင်ထံ အစီရင်ခံ၏။
လီချန်းဝမ်၏ အစီရင်ခံမှုကို ကြားလျှင် မျက်နှာ ညိုမှောင်သွားသည့် လုကျင်က
“သူတို့က တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကနေ လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ရိုက် သွားလိုက်ကြတာလို့ ခင်ဗျားပြောချင်တာလား။”
ကစဉ့်ကလျား နယ်မြေမှ လျှို့ဝှက်လဝန်းနန်းတော်သို့ တိုက်ရိုက် သွားလာနိုင်ရန် အနည်းဆုံး ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတစ်ခု လိုအပ်ပြီး တည်ဆောက်ရန် နတ်ကျောက်များစွာ အသုံးပြုရလိမ့်မည်။ လုချန်း၏ အကြွင်းအကျန် အဖွဲ့များတွင် ထိုမျှများပြားသော နတ်ကျောက်များ ရှိလိမ့်မည် မဟုတ်နိုင်ဟု သူ သံသယဝင်မိ၏။
ထို့ပြင် ထိုမျှများပြားသော လူအုပ်ကြီး လျှို့ဝှက်လဝန်းနန်းတော်သို့ သွားသည်ကို နန်းတော်သခင် ယွမ်ယုတိ မသိပဲ နေမည် မဟုတ်ပေ။ ထိုတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို ယွမ်ယုတိ ကိုယ်တိုင်ပင် သူတို့အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်နိုင်၏။
ထိုလူများကို လျှို့ဝှက်လဝန်းနန်းတော်က ခိုလှုံခွင့် ပေးထားလိမ့်မည်ဟု လုကျင် မမျှော်လင့်ထားခဲ့ပေ။
ယွမ်ယုတိက ဘာကို လိုချင်တာလဲ။
ယွမ်ယုတိသည် လုချန်းကို သူ ယခင်က ကူညီခဲ့သည်ကို သိသွားပြီး ထိုလူများကို အသုံးချကာ သူ့ကို ခြိမ်းခြောက်နေခြင်းလား။
သို့သော် သူနှင့် လျှို့ဝှက်လဝန်းနန်းတော်ကြား မည်သည့်ပတ်သက်မှုမျှ မရှိရာ ယွမ်ယုတိအနေနှင့် ထိုသို့လုပ်ဆောင်ရန် အကြောင်းပြချက် မရှိသလိုပင်။
မည်သို့ပင်ဆိုစေ လုချန်း၏ အကြွင်းအကျန်များကို ယွမ်ယုတိ လက်ခံလိုက်ခြင်းက ရန်စမှုတစ်ခုပင် ဖြစ်၏။
အခွင့်ကောင်းမှာ သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် စစ်ပွဲဆင်နွှဲရန် ကြံစည်နေခြင်းပင်။
စစ်ပွဲစတင်သည်နှင့် လုချန်း၏ အကြွင်းအကျန်များကို ရှင်းလင်းရန် လူလွှတ်မည်ဟု လုကျင် ဆုံးဖြတ်လိုက်၏။
ထိုအခိုက်အတန့်တွင် လီချန်းဝမ်က
“ဘုရင်ကြီး... ဗိုလ်ချုပ် ရှင်းရွှီက သူတို့နဲ့အတူ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေထဲကို ပါသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း သူ့ဆီက ဘာသတင်းမှ မရတာပါ။ အဲဒီအကြွင်းအကျန်တွေကို ရှင်းလင်းဖို့နဲ့ ဗိုလ်ချုပ် ရှင်းရွှီကို ရှာဖို့ ကျုပ်ကို လျှို့ဝှက်လဝန်းနန်းတော် သွားခွင့်ပြုပါ။”
လုကျင်က
“မလိုဘူး.... လျှို့ဝှက်လဝန်းနန်းတော်က မကြာခင်မှာ ဒီလောကကနေ ပျောက်ကွယ်သွားတော့မှာ။ တကယ်လို့ ရှင်းရွှီက လျှို့ဝှက်လဝန်းနန်းတော်ထဲကို တကယ် ရောက်သွားတယ်ဆိုရင် အန္တရာယ်ကြီးကြီးမားမား ကြုံနေရတာ ဖြစ်လိမ့်မယ်။ မဟုတ်ရင် ကျုပ်တို့ဆီကို သတင်းရောက်လာတာ ကြာလှပြီ။ အခု ခင်ဗျား ထွက်သွားလို့ရပြီ။”
လုကျင်က ထိုသို့ ပြောလိုက်သဖြင့် လီချန်းဝမ် လည်း ဘာမှ ဆက်မပြောတော့ပဲ ဂါရဝပြုကာ
“ကျုပ် ဂါရဝပြုပါတယ်”
……
အလယ်ပိုင်း နယ်မြေ။
နတ်လှေတစ်စီးပေါ်၌ အမျိုးသမီးတစ်ဦး၏ ညည်းတွားသံများ ပျံ့လွင့်နေ၏။
နှစ်အတော်ကြာ ခရီးနှင်ပြီးနောက် အလယ်ပိုင်းနယ်မြေသို့ လုချန်းနှင့် ရှုကျင့်ရှူးတို့ နောက်ဆုံးတွင် ရောက်ရှိလာကြ၏။
ကုန်လွန်ခဲ့သော နှစ်များအတွင်း လုချန်းနှင့် ရှုကျင့်ရှူးတို့ အလွန်ပင် နီးစပ်ခဲ့ကြ၏။
ဆွဲဆောင်ခြင်း ကိုယ်ထည် ပိုင်ဆိုင်ထားသည့် ရှုကျင့်ရှူးသည် လုချန်း၏ အမျိုးမျိုးသော အရှက်ခွဲမှုများအောက်တွင် သာယာမှုတွင်းထဲသို့ လုံးလုံးလျားလျား ကျဆင်းသွားခဲ့ပေပြီ။
ယခုတော့ လုချန်းက စတင်စရာပင် မလိုတော့ပဲ သူမကပင် လုချန်းထံသို့ ကိုယ်တိုင်ကိုယ်ကျ ဆက်သလာတော့သည်။ မိစ္ဆာနတ် တစ်ဦးဖြစ်သဖြင့် ဤကဲ့သို့သော အရာမျိုးကို တစ်ကြိမ်တစ်ခါ စတင်မိပါက ရပ်တန့်ရန် မဖြစ်နိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် လုချန်းသည် နတ်လှေပေါ်ရှိ ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ရှုကျင့်ရှူးကို ကြည့်ကာ ပြုံး၍
“မိစ္ဆာနတ်တစ်ဦး ပီသပါပေတယ်။ ကျုပ်မှာသာ ထူးခြားတဲ့ ကိုယ်ထည်ဖွဲ့စည်းပုံ မရှိရင် ခင်ဗျားကြောင့် အသက်ကုန်သွားတာ ကြာလှပြီ။”
ရှုကျင့်ရှူး ကတော့ လုချန်း၏ စကားကို မကြားနိုင်တော့ပဲ သူမ၏ ကိစ္စများတွင်သာ အလုပ်ရှုပ်နေ၏။
ထိုစဉ် သူတို့၏ နတ်လှေ ရုတ်တရက် ရပ်တန့်သွား၏။
နောက်တစ်စက္ကန့်တွင် အပြင်ဘက်မှ အသံတစ်သံ နတ်လှေအတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာ၏။
“နတ်လှေထဲကလူတွေ စစ်ဆေးခံဖို့ အပြင်ထွက်ခဲ့ကြ။”
ထိုအသံကို ကြားလျှင် ရှုကျင့်ရှူး၏ စိတ်အာရုံများ ချက်ချင်း ပြန်လည် နိုးကြားလာ၏။ လုချန်းလည်း သူ၏ နတ်အာရုံကို လွှတ်၍ အပြင်ဘက် အခြေအနေကို စစ်ဆေးကြည့်ရာ သူတို့ နတ်မြို့တစ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၏။
နတ်မြို့သို့ ဝင်ရန်အတွက် နတ်လှေကို စစ်ဆေးခံရန် တကယ် လိုအပ်သည်။ ရှုကျင့်ရှူးလည်း စိတ်မပါစွာဖြင့် ကုတင်ပေါ်မှ ထလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းကာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်လိုက်၏။ လုချန်း ကလည်း လက်ဖျစ်တစ်ချက် တီးလိုက်ရာ ရွှေရောင်အနားသတ်ပါသော အဖြူရောင် ဝတ်စုံတစ်စုံအား ဝတ်ဆင်ပြီးဖြစ်သွား၏။
ဝတ်ဆင်ပြီးနောက် နှစ်ဦးသား နတ်လှေထဲမှ ထွက်လာကြ၏။
လှေဦးတွင် ရပ်လိုက်လျှင် တောင်တစ်လုံးကဲ့သို့ မြင့်မားလှသော မြို့ရိုးကြီးကို မြင်တွေ့လိုက်ရ၏။ ၎င်းသည် အနည်းဆုံး လေးငါးမိုင်ခန့် မြင့်မားသည်။
မြို့ရိုးအတွင်းတွင်တော့ ခမ်းနားထည်ဝါသော အဆောက်အဦးများစွာ ရှိနေ၏။
နတ်လှေထဲမှ လူများ ထွက်လာသည်ကို မြင်လျှင် စစ်ဆေးရေး တာဝန်ယူထားသည့် စစ်သည်များက
“ခင်ဗျားတို့က ဘယ်သူတွေလဲ။ ရွှမ်ယို နတ်မြို့ကို ဘာကိစ္စနဲ့ လာတာလဲ။”
လုချန်းက
“ကျုပ်တို့က တောင်ဘက်နယ်မြေက လေလွင့်နတ်တွေပါ။ နတ်ဆိုးဧကရာဇ်ရဲ့ တပ်ကို တိုက်ထုတ်ဖို့ မြောက်ဘက်နယ်မြေကို သွားမလို့ပါ”
ဟု ရိုးရိုးသားသား တုံ့ပြန်လိုက်၏။
ထိုအရာကို ကြားလျှင် စစ်သည်များ ရယ်မောလိုက်ကြ၏။ ခေါင်းဆောင်ဖြစ်သူ နတ်ဘုရင်ခံ လင်ကျန်းက လုချန်းနှင့် ရှုကျင့်ရှူးကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက်
“ကောင်းကင်နတ်တစ်ပါးနဲ့ စစ်မှန်သောနတ်တစ်ပါးက နတ်ဆိုးဧကရာဇ်ရဲ့ တပ်ကို တိုက်ထုတ်မယ်လို့ ပြောနေတာလား။”
လုချန်းက ပြုံးလျက်
“သခင်ကြီး... ကျုပ်တို့ စွမ်းအားက အားနည်းပေမယ့် ရိက္ခာသယ်ပို့မယ့်လူတော့ လိုအပ်မှာပဲ မဟုတ်လား။”
ထိုစကားကို ကြားလျှင် နတ်ဘုရင်ခံ လင်ကျန်းက
“ခင်ဗျားတို့မှာ ဒီလို စိတ်ဓာတ်မျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ခင်ဗျားတို့ လက်တွေကို ဒီကျောက်စိမ်းလုံးပေါ် တင်ပြီး စမ်းသပ်ကြည့်။ အောင်မြင်ရင် မြို့ထဲ ဝင်နိုင်ပြီ။”
နောက်တစ်ခဏတွင် နတ်ဘုရင်ခံ လင်ကျန်းထံမှ ခရမ်းရောင် ကျောက်စိမ်းလုံးတစ်လုံးကို လုချန်းနှင့် ရှုကျင့်ရှူးထံသို့ ပျံသန်းလာ၏။ လုချန်းက ဇဝေဇဝါဖြစ်စွာဖြင့်
“သခင်ကြီး... ဒီကျောက်စိမ်းလုံးက ဘာကို စမ်းသပ်တာလဲ”
နတ်ဘုရင်ခံ လင်ကျန်းက ခပ်အေးအေးပင်
“ခင်ဗျား သိဖို့ မလိုဘူး။ စမ်းသပ်ခံလိုက်ပါ။”
လုချန်းက သူ၏ လက်ကို ခရမ်းရောင် ကျောက်စိမ်းလုံးပေါ် တင်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ လုချန်း စကားပြောရန် ပြင်လိုက်စဉ် နတ်ဘုရင်ခံက ရှုကျင့်ရှူးကို ကြည့်ကာ
“ခင်ဗျား အလှည့်ပဲ”
ရှုကျင့်ရှူးကလည်း မတွန့်ဆုတ်ပဲ ကျောက်စိမ်းလုံးပေါ်သို့ လက်တင်လိုက်၏။ သို့သော် ဤတကြိမ်တွင်တော့ ကျောက်တုံးဆီမှ ပြင်းထန်သော ခရမ်းရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
ထိုမြင်ကွင်းကို မြင်လျှင် နတ်မြို့ရှိ စစ်သည်အားလုံး မှင်တက်သွားကြသည်။
ထိုစဉ်နတ်ဘုရင်ခံ လင်ကျန်းက သူ၏ လက်အောက်ငယ်သားကို ချက်ချင်းပင် ပါးရိုက်လိုက်ရာ ထိုသူလည်း မြေပြင်ပေါ်သို့ လွင့်စင်သွားပြီး ကျင်းကြီးတစ်ကျင်းပင် ဖြစ်သွား၏။ ကျင်းထဲမှ ပြန်တက်လာသည့် စစ်သည်က သူ၏ ခေါင်းဆောင်ကို ကြည့်ကာ
“ဗိုလ်ကြီး... ဘာလို့ ကျုပ်ကို ရိုက်တာလဲ”
နတ်ဘုရင်ခံ လင်ကျန်းက
“ခင်ဗျား မျက်နှာ နာနေလား”
စစ်သည်က
“အား... နာတယ်...”
ချက်ချင်းပင် နတ်ဘုရင်ခံ လင်ကျန်းက စိတ်လှုပ်ရှားစွာဖြင့် အားရပါးရ ရယ်မောလိုက်၏။
“ဒီလောက်ကြီးမားတဲ့ ကံကောင်းမှုကြီး ကျုပ်ဆီ တကယ် ကျလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ထိုအရာကို ကြားလျှင် လုချန်းလည်း ချက်ချင်းပင် သတိထားလိုက်ပြီး နတ်ဘုရင်ခံ လင်ကျန်းကို အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
ထိုအချိန်တွင် နတ်ဘုရင်ခံ လင်ကျန်း၏ ဘေးရှိ စစ်သည်များက
“ဂုဏ်ယူပါတယ် နတ်ဘုရင်ခံ လင်ကျန်း”
ဟု အရိုအသေပြု ဂုဏ်ပြုလိုက်ကြ၏။
ထိုမြင်ကွင်းက နဂိုက နားမလည်နိုင်ဖြစ်နေသည့် လုချန်းကို ပို၍ပင် ဇဝေဇဝါ ဖြစ်သွား စေ၏။ ဤခရမ်းရောင် ကျောက်စိမ်းလုံးသည် ကျင့်စဉ်ပါရမီကို စမ်းသပ်သည်နှင့် မတူပေ။
သူတို့ ဘာကြောင့် ဒီလောက် ပျော်နေကြတာလဲ။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ လင်ကျန်းက ရှုကျင့်ရှူးကို ဖော်ဖော်ရွေရွေ ပြုံးပြလျက်
“မိန်းကလေး... လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဝင်ဖို့ စိတ်ဝင်စားလားလို့ သိချင်မိတယ်။”
ဒါက...
ရှုကျင့်ရှူး အလွန် အံ့အားသင့်သွား၏။
သူတို့က ဘာကြောင့် သူမကို လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ဝင်ခိုင်းချင်ရတာလဲ။
သူမသည် မိစ္ဆာနတ်တစ်ဦး ဖြစ်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ကဲ့သို့သော အင်အားကြီးဂိုဏ်းကြီးတွင် နတ်သခင်များစွာ ရှိ နေသည်။ သူမ၏ ပညာကို အသုံးမပြုပါက မိစ္ဆာနတ်မှန်း မသိနိုင်သော်လည်း နတ်သခင်များစွာထဲတွင် မိစ္ဆာနတ်ကို သိမြင်နိုင်သူ ရှိနေမည်မှာ ဧကန်မုချပင်။
ထို့ပြင် မိစ္ဆာနတ်၏ နတ်အငွေ့အသက်သည် သာမန်နတ်များနှင့် ဆန့်ကျင်ဘက် ဖြစ်၏။ သူမ လျှို့ဝှက်လဝန်း ကျောင်းတော်တွင် နေထိုင်ပါက တစ်နေ့တွင် မိစ္ဆာနတ်မှန်း သိသွားမည်မှာ သေချာလှသည်။
သူမ ထိုသို့ မဖြစ်လိုပေ။
နတ်ဘုရင်ခံ လင်ကျန်း၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လျှင် ရှုကျင့်ရှူး၌ လျှို့ဝှက်လဝန်းကျောင်းတော်အတွက် လိုအပ်သည့် ထူးခြားသော အရည်အချင်းတစ်ခုခု ရှိနေကြောင်း လုချန်း ရိပ်မိလိုက်၏။
လုချန်းက
“သခင်ကြီး... ဒီစမ်းသပ်မှုက ဘာအတွက်လဲဆိုတာ ပြောပြလို့ ရမလား။ တကယ်လို့ ကျုပ်ရဲ့ အမျိုးသမီးကို ပြောပြမယ်ဆိုရင် သူ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဝင်ဖို့ စဉ်းစားပါလိမ့်မယ်။”
လုချန်းက သူမကို သူ၏အမျိုးသမီးဟု ခေါ်လိုက်သဖြင့် လုချန်း ဘာတွေ ကြံစည်နေသလဲဟု နားမလည်နိုင်စွာဖြင့် ရှုကျင့်ရှူး သူ့ကို ကြည့်နေမိတော့သည်။
………….
အခန်း( ၁၇၁၀ )
ရှုကျင့်ရှူး၏ စိုးရိမ်မှု
နတ်ဘုရင်ခံ လင်ကျန်းတို့ကတော့ လုချန်း၏ ခေါ်ဝေါ်ပုံအား ထူးဆန်းသည်ဟု မယူဆကြပေ။ အဘယ်ကြောင့်ဆိုသော် လုချန်း၏ ကျင့်စဉ်မှာ ရှေ့မှ အမျိုးသမီးထက် နိမ့်ပါးသော ကောင်းကင်နတ် အဆင့်တွင်သာ ရှိနေသည်ဟု ထင်ရသောကြောင့် ဖြစ်၏။
ထို့ပြင် ထိုနတ်လှေ၏ အသွင်အပြင်ကို ကြည့်ခြင်းဖြင့်လည်း ထိုအမျိုးသမီးတွင် အဆင့်အတန်းတစ်ခုခု ရှိနေကြောင်း သိသာလှသည်။
သို့သော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်၏ ရှေ့မှောက်တွင်တော့ ထိုအမျိုးသမီး၏ အဆင့်အတန်းက အရာမရောက်ပေ။ ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ လင်ကျန်း ပြုံးလိုက်ရင်း လုချန်းကို
“ညီလေး... ဘာမှ လွဲချော်တာ မရှိဘူးဆိုရင် ခင်ဗျားရဲ့ မိန်းကလေးက မကြာခင်မှာ လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ သူတော်စင်မ ဖြစ်လာတော့မှာပါ။”
လျှို့ဝှက်လဝန်း ကျောင်းတော်၏ သူတော်စင်မတဲ့လား။
နတ်ဘုရင်ခံ လင်ကျန်း၏ စကားကို ကြားလျှင် လုချန်း မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာ၏။
သူအနီးနားရှိ အမျိုးသမီး အမြောက်အမြားသည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ သူတော်စင်မများ ဖြစ်နေရခြင်းက အဘယ်ကြောင့်နည်း။
ယွမ်ချင်းရှုသည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ သူတော်စင်မ တစ်ဦး ဖြစ်ခဲ့သလို ယွမ်ယုတိသည်လည်း သူ၏ အမျိုးသမီး ဖြစ်မလာသေးသော်လည်း စနစ်၏ သတ်မှတ်ချက်အရ အနာဂတ်တွင် သူမသည်လည်း သူတော်စင်မ ဖြစ်လာဦးမည် ဖြစ်၏။
ယခုတော့ ရှုကျင့်ရှူးသည်လည်း သူတော်စင်မ ဖြစ်လာပေဦးမည်။
သူ၏ အမျိုးသမီးများသည် ထူးခြားသူများ ဖြစ်နေ၍ လျှို့ဝှက်လဝန်းကျောင်းတော်၏ သူတော်စင်မ ရွေးချယ်မှု စံနှုန်းများနှင့် တိုက်ဆိုင်နေခြင်းလား။
ထိုစဉ် ရှုကျင့်ရှူး၏ အေးစက်သော မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
သူမသည် မိစ္ဆာနတ် တစ်ဦး ဖြစ်၏။ မိစ္ဆာနတ် တစ်ဦးအား လျှို့ဝှက်လဝန်းကျောင်းတော်က သူတော်စင်မ ဖြစ်ခွင့် ပေးပါ့မလား။
ဟာသတစ်ခုပင် ဖြစ်နေလိမ့်မည်။
လျှို့ဝှက်လဝန်းကျောင်းတော်ရှိ နတ်သခင်များသာ သူမမှာ မိစ္ဆာနတ် ဖြစ်ကြောင်း သိသွားပါက ချက်ချင်းပင် သုတ်သင်ရှင်းလက်းကြမည်မှာ ဧကန်မုချပင်။
ထိုခဏတွင် ရှုကျင့်ရှူး ထွက်ပြေးရန် စိတ်ကူးလိုက်မိပြီး လုချန်း မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို ကြည့်လိုက်၏။ သို့သော် သူမ လုံးဝ မထင်မှတ်ထားတာက လုချန်းက စိတ်လှုပ်ရှားစွာဖြင့်
“တကယ်လား... ဒါက တကယ့်ကို ဝမ်းသာစရာပဲ”
ဟု ဆိုလိုက်ခြင်းပင်။
လုချန်း ရှုကျင့်ရှူးကို
“ကြားတယ်မလား...ခင်ဗျားက လျှို့ဝှက်လဝန်းကျောင်းတော်ရဲ့ သူတော်စင်မ ဖြစ်လာတော့မှာတဲ့။”
ရှုကျင့်ရှူး လုချန်းကို ခပ်အေးအေးပင် ကြည့်လိုက်၏။
ဤလူ အဘယ်အရာကို တကယ် ကြံစည်နေသနည်း။
သူမကဲ့သို့ မိစ္ဆာနတ် တစ်ဦးကို လျှို့ဝှက်လဝန်းကျောင်းတော်ထဲ ဝင်ခိုင်းပြီး သူတော်စင်မ အလုပ်ခိုင်းရန် တကယ်ပင် ရည်ရွယ်နေခြင်းလား။
ထို့နောက် ရှုကျင့်ရှူးက နတ်ဘုရင်ခံ လင်ကျန်းကို
“လူကြီးမင်း... စစ်ဆေးမှုမှာ တစ်ခုခု မှားယွင်းနေတာများလား။ ကျွန်မရဲ့ ပါရမီက အဲ့ဒီလောက် မထူးချွန်ပါဘူး။ လျှို့ဝှက်လဝန်းကျောင်းတော်ရဲ့ သူတော်စင်မ ဖြစ်ဖို့ ဘယ်လိုမှ အဆင့်မမီနိုင်ပါဘူး။”
နတ်ဘုရင်ခံ လင်ကျန်းက ချက်ချင်းပင်
“ဟာ... နတ်သမီးလေး...ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။ ဒီခရမ်းရောင် ကျောက်စိမ်းရဲ့ စမ်းသပ်မှုကို အောင်မြင်တယ်ဆိုကတည်းက အရည်အချင်း ပြည့်မီတယ်ဆိုတာ သက်သေပြနေတာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းတစ်ထောင်အတွင်းမှာ နတ်သမီးအပြင် နောက်ထပ် နှစ်ယောက်ပဲ ဒီစမ်းသပ်မှု ကျောက်တုံးကို လင်းထိန်စေနိုင်ခဲ့တာ။ ဒါပေမဲ့ သူတို့ နှစ်ယောက်လုံးက လျှို့ဝှက်လဝန်းကျောင်းတော်ကနေ ထွက်သွားခဲ့ကြပြီ။”
စောစောက ထိုစမ်းသပ် ကျောက်တုံး အကြောင်းကို နတ်ဘုရင်ခံ လင်ကျန်းက လုချန်းတို့အား ရှင်းမပြခဲ့ခြင်းမှာ အဖြေတစ်ခုခု ထွက်လာလိမ့်မည်ဟု မမျှော်လင့်သောကြောင့် ဖြစ်၏။ သူတော်စင်မ ဖြစ်ရန် အရည်အချင်းရှိသူကို ရှာဖွေရခြင်းက ပင်လယ်ထဲတွင် အပ်ရှာရသကဲ့သို့ ခက်ခဲလှသည် မဟုတ်ပါလား။
နတ်မြို့ထဲ ဝင်ရောက်သူတိုင်း စစ်ဆေးရမည်ဟူသော တင်းကျပ်သည့် စည်းမျဉ်းများသာ မရှိပါက သူ စစ်ဆေးနေမည် မဟုတ်ပေ။
သို့သော် မမျှော်လင့်ပဲ သူတော်စင်မ ဖြစ်ရန် အရည်အချင်းရှိသူ တစ်ဦးကို သူ ရှာတွေ့ခဲ့ပေပြီ။
သူတော်စင်မ တစ်ဦးကို ရှာတွေ့ခြင်းက လျှို့ဝှက်လဝန်းကျောင်းတော်အတွက် ကြီးမားသော အောင်မြင်မှုတစ်ခုပင် ဖြစ်၏။ နတ်ဘုရင်ခံ လင်ကျန်းလည်း သူ၏ အရှေ့တွင် နတ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်မည့် လမ်းစကြီးကို မြင်တွေ့နေရသကဲ့သို့ ခံစားနေရပြီဖြစ်၏။
ရှုကျင့်ရှူး တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း လုချန်းက ရှုကျင့်ရှူးကို
“မိန်းကလေး... ဒါက တကယ့်ကို ကောင်းတဲ့ကိစ္စပဲ။ ခင်ဗျားသာ လျှို့ဝှက်လဝန်းကျောင်းတော်ရဲ့ သူတော်စင်မ ဖြစ်သွားရင် ကျင့်စဉ် အရင်းအမြစ်တွေ မလုံလောက်မှာကို စိတ်ပူနေစရာ မလိုတော့ဘူးပေါ့။”
လုချန်း၏ စကားကို ကြားလျှင် သူမကို လျှို့ဝှက်လဝန်းကျောင်းတော်သို့ ဝင်စေချင်နေကြောင်း ရှုကျင့်ရှူး လုံးဝသဘောပေါက်လိုက်သည်။
ရှုကျင့်ရှူးလည်း သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး
“ဒီမိစ္ဆာကောင်ကတော့... သူကိုယ်တိုင်ပဲ သူတော်စင်မ သွားလုပ်ပါလား”
ဟု တွေးနေမိတော့၏။
သူမကဲ့သို့ မိစ္ဆာနတ် တစ်ဦးကို ဖြောင့်မတ်သောနတ်ဂိုဏ်းကြီးတွင် သူတော်စင်မ လုပ်ခိုင်းခြင်းက မီးပုံထဲသို့ တွန်းပို့နေခြင်း မဟုတ်ပါလား။
ဒေါသထွက်နေသော်လည်း လုချန်းနှင့် ရထားသော သူမ၏ ဝမ်းဗိုက်ထဲမှ ရင်သွေးကို သတိရလိုက်၏။ လုချန်းသည် သူမ၏ ဘေးကင်းမှုကို ဂရုမစိုက်လျှင်ပင် သူ၏ ရင်သွေးကိုတော့ အန္တရာယ်ပြုမည် မဟုတ်ဟု သူမ ယုံကြည်နေသည်။
ထို့ပြင် ယခု သူတို့ နတ်မြို့၏ ရှေ့မှောက်သို့ ရောက်နေပြီ ဖြစ်၏။ လျှို့ဝှက်လဝန်းကျောင်းတော်ကဲ့သို့ အင်အားကြီးအဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသော နတ်မြို့သို့ ရောက်နေပြီး ဖြစ်သည့်အပြင် ထိုမြို့ကို နတ်ဘုရင် တစ်ပါးက အုပ်ချုပ်နေခြင်း ဖြစ်သဖြင့် ယခုကျမှ ထွက်ပြေးရန်က လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။
ထို့ကြောင့် အခြေအနေကို ကြည့်၍ မီးစင်ကြည့်ကရန် သူမ ဆုံးဖြတ်လိုက်တော့သည်။
ထိုအတွေးနှင့်အတူ ရှုကျင့်ရှူးက စိတ်မပါစွာဖြင့်
“ကျွန်မ လျှို့ဝှက်လဝန်းကျောင်းတော်ကို ဝင်ပါ့မယ်။ နောက်ထပ် ဘာတွေ ဆက်လုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဦး။”
နတ်ဘုရင်ခံ လင်ကျန်းက ယဉ်ကျေးစွာဖြင့်
“နတ်သမီးအနေနှင့် ရွှမ်ယိုနတ်မြို့တော်မှာ ခဏလောက် နေပေးဖို့ လိုပါတယ်။ မကြာခင်မှာ လျှို့ဝှက်လဝန်းကျောင်းတော်က အကြီးအကဲတွေ ကိုယ်တိုင်လာပြီး လာရောက် ခေါ်ဆောင်သွားပါလိမ့်မယ်။”
လျှို့ဝှက်လဝန်းကျောင်းတော်၏ သူတော်စင်မသည် အလွန်ပင် အရေးပါလှ၏။ သူတော်စင်မ ဖြစ်ရန် အရည်အချင်းရှိသူကို တွေ့ရှိပါက ဦးစွာ အကာအကွယ်ပေးထားရမည် ဖြစ်ပြီး မထင်မှတ်သော ဖြစ်ရပ်များ မဖြစ်ပွားစေရန် နတ်သခင် အဆင့်ရှိ အကြီးအကဲများ ကိုယ်တိုင် လာရောက် ခေါ်ဆောင်ရပေမည်။
ထို့ပြင် လျှို့ဝှက်လဝန်းကျောင်းတော်အတွင်း ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိနေခြင်းကြောင့် အချို့သော အုပ်စုများက အခြားအုပ်စုမှ သူတော်စင်မ ပေါ်ထွက်လာခြင်းကို မလိုလားကြသဖြင့် သုတ်သင်ရန် ကြိုးစားကောင်း ကြိုးစားကြပေလိမ့်မည်။
ယခင်က အသတ်ခံရသူများမှာ အလားအလာရှိသူများသာ ဖြစ်သော်လည်း စမ်းသပ် ကျောက်တုံးကို မလင်းစေနိုင်ခဲ့ကြပေ။ ယနေ့တွင်တော့ နတ်ဘုရင်ခံ လင်ကျန်းတို့၏ စမ်းသပ် ကျောက်တုံးကို တိုက်ရိုက် လင်းထိန်စေနိုင်သူကို ရှာတွေ့ခဲ့ခြင်း ဖြစ်၏။
စမ်းသပ် ကျောက်တုံးကို လင်းထိန်စေနိုင်ခြင်းက ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို တိုက်ရိုက် ကျင့်ကြံနိုင်သူဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်ပြီး ရွေးချယ်မှုများ ပြုလုပ်စရာမလိုပဲ သူတော်စင်မ ဖြစ်လာနိုင်သူပင် ဖြစ်သည်။
ဤသတင်းသာ ပေါက်ကြားသွားပါက သူမကို သေစေချင်သူများစွာ ရှိနေမည်ဖြစ်ရာ သူမကို ကောင်းစွာ အကာအကွယ် ပေးထားရမည် ဖြစ်၏။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ လင်ကျန်းက
“ကျုပ် နတ်သမီးအကြောင်းကို နတ်ဘုရင် ရွှမ်ယို ဆီကို အသံလွှင့်ပြီး အကြောင်းကြားထားပြီးပါပြီ။ နတ်သမီး... ကျုပ်နောက်ကို လိုက်ခဲ့ပါ။”
စကားပင် မဆုံးသေးမီ နတ်ဘုရင်ခံ လင်ကျန်းလည်း ရှုကျင့်ရှူးကို မြို့တော်ဝန် စံအိမ်သို့ ခေါ်ဆောင်သွားရန် ပြင်လိုက်၏။
ထိုစဉ် အစိမ်းနုရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး သူတို့၏ အရှေ့တွင် ရုတ်တရက် ပေါ်လာ၏။ ထိုအမျိုးသား၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး နတ်ဘုရင်ခံ လင်ကျန်းကို ကြည့်ကာ
“လင်ကျန်း... ခုနက ခင်ဗျားပို့တဲ့ အသံလွှင့်ချက်က တကယ်ပဲလား။”
စကားပြောနေစဉ်တွင်လည်း နတ်ဘုရင် ရွှမ်ယို၏ အကြည့်များက ရှုကျင့်ရှူးထံသို့ ကျရောက်နေ၏။
နတ်ဘုရင် ရွှမ်ယို ရောက်လာသည်ကို မြင်လျှင် နတ်ဘုရင်ခံ လင်ကျန်းက ချက်ချင်းပင်
“မြို့တော်ဝန်... ဒါ ကျုပ် ပြောခဲ့တဲ့ စမ်းသပ် ကျောက်တုံးကို လင်းစေခဲ့တဲ့ နတ်သမီးလေးပါပဲ။”
နတ်ဘုရင် ရွှမ်ယိုလည်း မဆိုင်းမတွပင် သူ၏ အာကာသ လက်စွပ်ထဲမှ အလားတူ ခရမ်းရောင် ကျောက်တုံး တစ်တုံးကို ထုတ်လိုက်၏။
ထို့နောက် ရှုကျင့်ရှူး၏ ရှေ့သို့ တိုးလာပြီး မျှော်လင့်ချက်အပြည့်ဖြင့်
“နတ်သမီးလေး... နောက်တစ်ခေါက်လောက် ထပ်ပြီး စမ်းသပ်ပေးလို့ ရမလား။”
ရှုကျင့်ရှူးလည်း တွေဝေမနေပဲ သူမ၏ လက်ကို စမ်းသပ် ကျောက်တုံးပေါ်သို့ တင်လိုက်ရာ ခဏချင်းမှာပင် တောက်ပသော ခရမ်းရောင် အလင်းတန်းများ လင်းထိန်သွား၏။
ထိုမြင်ကွင်းကို မြင်လျှင် နတ်ဘုရင် ရွှမ်ယို ခဏခန့် မှင်တက်သွားပြီးမှ သတိပြန်ဝင်လာကာ စိတ်လှုပ်ရှားစွာဖြင့်
“ကောင်းတယ်... အရမ်းကောင်းတယ်။ နတ်သမီးလေး... ကျုပ်နောက်ကို လိုက်ခဲ့ပါ။”
“နောက်ရက်တွေမှာ မြို့တော်ဝန် စံအိမ်မှာပဲ ခဏလောက် နေပေးပါ။ လျှို့ဝှက်လဝန်းကျောင်းတော်ရဲ့ အတွင်းစည်း အကြီးအကဲတွေ မရောက်လာခင်အထိ နတ်သမီးရဲ့ ဘေးကင်းလုံခြုံမှုကို ကျုပ် အာမခံပါတယ်။”
ရှုကျင့်ရှူးက
“ကောင်းပါပြီ... စီနီယာကို ဒုက္ခပေးမိသလို ဖြစ်သွားပါပြီ။”
နတ်ဘုရင် ရွှမ်ယိုက ချက်ချင်းပင်
“နတ်သမီး အဲ့ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ လူတွေက ကျုပ်ကို နတ်ဘုရင် ရွှမ်ယို လို့ ခေါ်ကြတယ်။ နတ်သမီးကတော့ ရွှမ်ယို လို့ပဲ ခေါ်လို့ ရပါတယ်။”
အကယ်၍ အပြောင်းအလဲ မရှိခဲ့ပါက သူမသည် လျှို့ဝှက်လဝန်းကျောင်းတော်၏ သူတော်စင်မ ဖြစ်လာမည် မဟုတ်ပါလား။
နတ်ဘုရင် ရွှမ်ယို အနေနှင့် သူမနှင့် ကောင်းမွန်သော ဆက်ဆံရေး တစ်ခုကို ကြိုတင် တည်ဆောက်ထားလိုခြင်းက ဓမ္မတာပင်။
ထိုစဉ် နတ်ဘုရင် ရွှမ်ယို တစ်ခုခုကို သတိရသွားပြီး နတ်ဘုရင်ခံ လင်ကျန်းနှင့် အခြားသူများကို လေးနက်တည်ကြည်စွာဖြင့်
“လျှို့ဝှက်လဝန်းကျောင်းတော်ရဲ့ အတွင်းစည်း အကြီးအကဲတွေ မရောက်ခင်အထိ ခင်ဗျားတို့ အားလုံး မြို့တော်ဝန်ရဲ့ ကိုယ်တွင်းကမ္ဘာထဲမှာပဲ နေကြရမယ်”
ဟု အမိန့်ပေးလိုက်၏။
နတ်ဘုရင်ခံ လင်ကျန်းတို့လည်း နတ်ဘုရင် ရွှမ်ယို အဘယ်ကြောင့် ဤသို့ ပြုလုပ်ခိုင်းသည်ကို နားလည်ကြသဖြင့် ကန့်ကွက်ခြင်းမရှိပဲ
“ဟုတ်ကဲ့ပါ အရှင်”
ဟု တစ်ညီတစ်ညွတ်တည်း ပြန်လည် တုံ့ပြန်လိုက်ကြသည်။